နိုင်ငံတကာ ရုပ်ရှင်

ရောဘတ်ရက်ဖို့ဒ်

ရီတာအောင်(NY)

01 December 2025
ရောဘတ်ရက်ဖို့ဒ်
Share to

            မင်းသားကြီး (Robert Redford) ရောဘတ်ရက်ဖို့ဒ်နှင့် (Paul Newman) ပေါလ်နျူမန်းတို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ခန့်က Butch Cassidy and the Sundance Kid ရုပ်ရှင်မှာ အတူတွဲ၍ သရုပ်ဆောင်ခဲ့သည်။ ဝေဖန်သူတွေက ဟောလိဝုဒ်သမိုင်းကြောင်း၌ ယောကျ်ား ပီသခန့်ညားသော၊ ချောမောသော၊ မင်းသားကြီးနှစ်ဦးရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်များ အားပါးတရ ရှုစားခွင့်ရခဲ့ခြင်းပါလို့ ပြောဆိုရေးသားကြသည်။

            သူတို့နှစ်ဦး တွဲဖက်သရုပ်ဆောင်ခဲ့တာ ၁၉၇၃ ခုနှစ်က The Sting ရုပ်ရှင်က နောက်ဆုံးဖြစ်သည်။ ကာယကံရှင်နှစ်ဦးသားကလည်း အနုပညာလုပ်ငန်းဖြင့် တစ်ခါလောက် ပြန်လည် ဆုံတွေ့ခွင့် ရလိုချင်စိတ် ရှိနေခဲ့သည်။ ပေါလ်နျူမန်းက ယခု အသက် ၈ဝ နှစ်၊ ရောဘတ်ရက်ဖို့ဒ်က ၆၈ နှစ် အသီးသီးရှိကြပေပြီ။ Iconoclasts အမည်ရ မှတ်တမ်းတင် ရုပ်ရှင်ကားနှင့် အင်တာဗျူးများ ထုတ်လွှင့်ရာ The Sundance ချယ်နယ်၌ ရောဘတ်ရက်ဖို့(ဒ်)က အင်တာဗျူး မေးသူအဖြစ် တာဝန်ထမ်းဆောင်နေသည်။ သူက မင်းသားကြီး ပေါလ်နျူမန်း၏ ဘဝဇာတ်လမ်းနှင့် အနုပညာလုပ်ငန်းခွင်တို့အကြောင်း အင်တာဗျူးခဲ့သည်။

            ရောဘတ်ရက်ဖို့ဒ်က ဟောလိဝုဒ်မှာ ထင်ရှား၍ လူလေးစားခြင်း ခံရသူတစ်ဦး ဖြစ်သည်။ ၁၉၈၅ ခုနှစ်က ဇနီးသည်နှင့် ကွာရှင်းလမ်းခွဲခဲ့သည်။ ယခု အသက် ၃ဝ ကျော်၊ ၄ဝ ကျော်အရွယ် သားသမီး ၃ ဦးနှင့် တရင်းတနှီး ချစ်ခင်စွာနေသည်။ ချစ်သူ Sibylle Szaggars (ပန်းချီဆရာမ)နှင့် စုံတွဲ ခုတ်နေပေမယ့် ဟိုးလေးတကျော် အဖြစ်မခံပေ။ ၎င်းက 'ဟောလိဝုဒ်ရဲ့ လမ်းစဉ်က ဆန့်ကျင်နေခြင်း မဟုတ်ပါ။ ဒါပေမယ့် ဟောလိဝုဒ်ဆိုတာ အလုပ်လုပ်တဲ့နေရာတစ်ခုပဲ။ နောက်ထပ် ဘာမှ မဟုတ်ပါဘူး။ ဒီထက် မပိုဘူး။ ကျွန်တော့်ကိုလည်း မဆွဲဆောင်ထားဘူး'တဲ့။

            ရောဘတ်က ရုပ်ရှင်သရုပ်ဆောင် ချည်းသက်သက်မကဘဲ ဒါရိုက်တာ အဖြစ်လည်း လှုပ်ရှားခဲ့သည်။ သူ လုပ်ဆောင်ခဲ့သမျှအတွက် နာမည်ရကာ လေးစားခံခဲ့ရသည်။ များမကြာမီက ဝါရှင်တန်ဒီစီ Kennedy Center ၌ အိမ်ဖြူတော်မှ ဂုဏ်ပြုသည့် ဂုဏ်ထူးဆောင် ဆုချီးမြှင့်သည့် အခမ်းအနားကြောင့် သူ့ကို လုပ်ဖော်ကိုင်ဖက်များသာမက၊ ကမ္ဘာတစ်ဝန်းက အနုပညာချစ်သူများ ကပါ အရိုအသေ ပေးကြလေသည်။ ယခု အင်တာဗျူးတွင် သတင်းထောက် Pippa Smith နှင့် ရောဘတ် တွေ့ဆုံ စကားပြောထားပုံလေး တင်ပြလိုက်ပါရစေ။

            ရုပ်ရှင်တွေ မရိုက်တော့ဘဲ ဟောလိဝုဒ်မှာ ဘယ်လိုဆက်နေနိုင်သလဲ။

            အင်း...ပြောရရင်တော့ ကျွန်တော်က ဒီမှာ မွေးတယ်။ ဒီမှာပဲ ကြီးပြင်းတယ်။ Los Angelesမှာ ပြောတာပါ။ ဟောလိဝုဒ်နဲ့ မဆိုလိုပါဘူး။ ကျွန်တော် ငယ်ငယ်က ကြည့်ရတဲ့ ရုပ်ရှင်တွေက နည်းနည်းတော့ ကွဲပြားခြားနားတယ်။ နောက်ကွယ်က အကုန်မြင်ခဲ့ရတာလေ။ ကျွန်တော် ဆိုလိုတာက ရုပ်ရှင်ရယ်လို့ ဖန်တီးထားတဲ့ အတုအယောင်တွေကိုပါ တွေ့ရလို့ပါ။ အဲလိုမျိုးတွေ တွေ့ဖူးနေတော့ ရုပ်ရှင်ဆိုတာ ကျွန်တော့်အဖို့ အံ့သြဆန်းပြားလွန်းတဲ့ မျက်လှည့်လို့ မမြင်တော့ဘူး။

            ဒါဆို ဘယ်အရာတွေကမှ မျက်လှည့်လို ဆန်းကြယ်တာလဲ။

            ကျွန်တော့်အဖို့ကတော့ New York မြို့ကြီးကမှ မျက်လှည့်လို ဆန်းကြယ်တာပါ။ ဘာ တဆန်းတကျယ်မှ မရှိတဲ့ ဒီဟောလိဝုဒ်ကိုတော့ ကျွန်တော့်အမြင်မှာ အလွန်အန္တရာယ် ရှိတဲ့နေရာလို့တောင် မြင်မိတယ်။ မင်းသိလား၊ မင်းသာ တစ်စုံတစ်ရာကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်မထားနိုင်ခဲ့ရင် မင်းအတွက် ဘာမှမရှိတာ့ဘူး။

            ကျွန်တော် နယူးရော့ခ်မှာ နေချင်ခဲ့တယ်။ ချစ်ခြင်း အမျိုးအစားနှစ်ခု ကွဲနေတဲ့ ဘဝကို ကျွန်တော် လိုချင်ခဲ့တယ်။ ရင်ခုန်လှုပ်ရှားဖို့ ကောင်းတဲ့ ခတ်ကြမ်းကြမ်း မြို့တော်၊ ပြီးတော့ အရိုင်းအစိုင်းတွေ ရောြပွမ်းနေတဲ့ သဘာဝကျမှုတွေကို ကျွန်တော်က သဘောကျတာ။ ကျွန်တော့်ဘဝကို ဒါကြောင့်လည်း အဲလိုမျိုးနေဖြစ်အောင် ဆုံးဖြတ်ခဲ့တာပဲ။

            ဒါဆို အခုကော ခင်ဗျားရဲ့ အချိန်အများစုကို ဘယ်မှာ အကုန်ခံသလဲ။

            ကျွန်တော် ကယ်လီဖိုးနီးယား မြောက်ဘက်မှာ နေတယ်။ အဲဒီနေရာကို ကျွန်တော် ကြိုက်ပါတယ်။ ကျွန်တော့်အတွက်တော့ ကယ်လီဖိုးနီးယားက အခြေကျတဲ့အိမ် ဖြစ်နေပါပြီ။ ပြီးတော့ Utah (ယူတာ) ပြည်နယ်ကိုရောပဲ။ (ယင်းယူတာ ပြည်နယ်တွင် ရောဘတ်တည်ထောင်ထားသော Sundance Film Festival ရှိသည်) နယူးရော့ကိုတော့ အမြဲတမ်း ချစ်နေမှာ။ ဥရောပလည်း ကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ငယ်ငယ် ကျွန်တော့်ဘဝမှာ ခမ်းနားတဲ့ ရိုက်ခတ်မှုတွေနဲ့ ထိတွေ့ခွင့်ရခဲ့တာ ဥရောပမို့ပါပဲ။ 

            ကျွန်တော် ၁၈ နှစ်သားဘဲ ရှိသေးတာ။ အနုပညာကျောင်းကို ပြင်သစ်နဲ့ အီတလီမှာ တက်ခဲ့တယ်။ ခရီးတွေ အများကြီးသွားခဲ့တော့ လူပေါင်းစုံနဲ့လည်း တွေ့ရတယ်။ အဲဒါမှ ကျွန်တော့်ရဲ့ ဗဟုသုတတွေ စတင်ရှာမှီးခြင်း ခရီးအစ ဖြစ်ခဲ့တော့တာပဲ။

            ခင်ဗျား ဘာကိုများ ကြောက်တတ်သလဲ။

            ဟုတ်ပ၊ ကျွန်တော်က ခင်ဗျားတို့ ထင်ထားတာတွေကိုတော့ မကြောက်ဘူးဗျ။ စိတ်ဓာတ်မဖြောင့်တဲ့လူတွေကိုတော့ ကျွန်တော်လည်း ကြောက်သား။ ပြီး ကျွန်တော့် သားသမီးတွေလည်း တစ်ခါတလေ ကြောက်တယ်။ ကျွန်တော် သေမလောက် ကြောက်ရတာ၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်တော်ဖြစ်စေချင်သလို ဖြစ်လာကြပြီလေ။ သူတို့ဘဝတွေ တကယ်လွတ်လပ်စွာ လူလားမြောက်ကုန်တာ။ တစ်ခါတလေ ကျွန်တော် တကယ်ကြောက်တာပါ။

            ဘယ်လိုကြောက်တာလဲ။

            သူတို့က အရွယ်တွေ ရောက်လာတော့ ဘာမဆို စမ်းသပ်ချင်ကြတယ်။ မိဘတစ်ဦးအနေနဲ့ သူတို့အတွက် စိတ်ပူပင်၊ စိုးရိမ်ရတာပေါ့။

            ကလေးတွေကို ဘယ်လို အကြံဉာဏ်တွေ ပေးသလဲ။

သူတို့အပေါ် အာရုံထားခြင်းပဲ။ မင်းဘာပဲလုပ်နေနေ၊ သူတို့ကို အာရုံထားရတယ်။ အချိန်ပေးရတယ်။ ကမ္ဘာကြီးမှာ တိုးတက်ထွန်းကားလာတဲ့ ခေတ်သစ်နည်းပညာတွေကို မင်းက အချိန်ပေးခြင်းမရှိ၊ လက်ခံစဉ်းစားခြင်း မရှိရင်၊ မင်းရဲ့ ခံစားသင့်တဲ့အရာတွေလည်း ရောင်ပြန်ဟပ်မှာပဲ။ ကျွန်တော်အထင် အဲဒါ အန္တရာယ်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ လေးနက်မှု ကင်းတဲ့စိတ် ဖြစ်သွားနိုင်တယ်။ မြန်မြန်ဆန်ဆန် စဉ်းစားနိုင်တယ်။ လှလှပပ စဉ်းစားနိုင်တယ်။ ဒါပေမယ့် ပေါ့ပျက်ပျက်ပဲ ဖြစ်နေလိမ့်မယ်။

            မင်းသားကြီး Paul Newman က ပြောတယ်။ ဒီအလုပ်တွေကနေ သူ စွန့်ခွာသွားချင်ပြီတဲ့။ ခင်ဗျားကော။

            အဲဒီခံစားချက်ကို ကျွန်တော် နားလည်ပါတယ်။ ဒီထက်ကောင်းတဲ့ အလုပ်တစ်ခု၊ သူကလည်း ကြိုက်တယ်ဆိုရင် ဘာကြောင့် မစွန့်ခွာရမလဲ။

            ဒါပေမယ့် ပေါလ်က ခင်ဗျားနဲ့တွဲပြီး ရုပ်ရှင်တစ်ကား ရိုက်ချင်သေးတယ်တဲ့။ ခင်ဗျားတို့ ရိုက်တောင်ရိုက်နေပြီလား။

            အဲဒီအကြောင်း ပြောတုန်းပါ။ ကျွန်တော်နဲ့ သူက တူတယ်။ မသေချာသေးတာကို ဖွင့်မပြောလိုသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ တစ်စုံတစ်ခုတော့ စကားစပြောနေပါပြီ။

            အလုပ်အတူလုပ်ကြဖို့ ခင်ဗျားတို့ တစ်ခုခု ရှာနေပုံရတာ ကြာပြီပဲ။

            ဒီလောက်ကြာတာတောင်မှ ဘာမှ ရှာမတွေ့သေးတာ အံ့သြစရာလို့တောင် ထင်ရပြီ။ ဟောလိဝုဒ်က အတော်သဘောကျတဲ့ အရာတစ်ခုခုကို ပြန်စမ်းသစ်ဖို့တောင် စဉ်းစားရတော့မယ်။ အဲလိုစမ်းသစ်တာတွေကို သူတို့ ကြိုက်ကြတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံး ပါဝင်ခွင့်ရမယ့် ဇာတ်လမ်းမျိုး ဘယ်တော့မှ ရှာမတွေ့နိုင်ဘူး။ ကျွန်တော် ပြောချင်တာက The Sting လို အောင်မြင်တဲ့ ရုပ်ရှင်ကို ဒုတိယပိုင်းဆိုပြီး ရိုက်ကြစို့လို့ လာမေးရင် 'ဟင့်အင်း၊ အဲဒါလေး ဘေးဖယ်ထားပါ' လို့ ပြောရမှာပဲ။ ဒါဆို Butch Cassidy ဆိုရင်ကော မေးလာရင်လည်း 'ပထမပိုင်းမှာ မင်းသား ၂ ဦးလုံး သေသွားတယ်လေ' လို့ ဖြေရတော့မှာပဲ။

            ဒါပေမယ့် အခုလတ်တလော ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတစ်ခု ရှိတယ်။ မေးစရာပေါ့လေ။ အဲဒါကတော့ မင်းသားကြီးပေါလ်က ရုပ်ရှင်ထဲမှာ သူပြောရမယ့် စကားလုံးတွေ မှတ်မိနိုင်ပါတော့မလား ဆိုတာပဲ။ အဲဒါမှ တကယ့်မေးစရာတစ်ခု ဖြစ်နေပြီဗျ။

ရီတာအောင်(NY)

(အမှတ် ၁၉၆၊ မတ်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
ဘီယွန်းစ်နိုးလ်စ်
ရီတာအောင် (NY)

'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...

နိုင်ငံတကာ ရုပ်ရှင်
...
ချစ်တော့ ချစ်တယ် ဒါပေမယ့်...
ဘို

'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...

နိုင်ငံတကာ ရုပ်ရှင်
...
ဂျပန်မှာလေးကြိမ်မြောက်လက်ထပ်တဲ့ လီဆာမာရီ ပရက်စလေ
ရီတာအောင်(NY)

ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။