ရွှေအသစ်

အသံမမြည်သော ခေါင်းလောင်းများ

ငွေဇင်ယော်ဦး ၊မိုးကုတ်၊

01 December 2025
အသံမမြည်သော ခေါင်းလောင်းများ
Share to

           ကျွန်မတို့နှစ်ယောက်က ဖက်စပ်ကျောက်တွင်းတစ်ခုတွင် ကျွန်မက ကျောက်ဝယ်သွားရင်း သူက ခနွှဲဆေးရင်း ခင်မင်ခဲ့ကြခြင်း ဖြစ်သည်။ ဆံပင် နီကျင်ကျင် ကြမ်းကြမ်းလေးတွေ ဖွာဆန်ကြဲနေကာ လွယ်အိတ်စုတ်လေး လွယ်ထားသော လီလီဟန်မှာ အခြားခနွှဲဆေးကလေးများနှင့် ပုံသဏ္ဌာန်ချင်း ထူးပြီး မကွာဟလှပါ။ သို့သော် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်ဟူသော အရွယ်လေးနှင့် မမျှအောင် စကားကြီးကြီးကျယ်ကျယ်တွေ ပြောဆိုလေ့ရှိသော သူ့ခနွှဲ ဆေးကျောက်လေးတွေကို ဈေးမရရအောင် လှည့်ပတ် ပြောရောင်းတတ်ပုံတွေကတော့ အခြားကလေးများနှင့် မတူတာ အမှန်ပင်။ 'တစ်ရာ့နှစ်ဆယ် မလုပ်ပါနဲ့ အစ်မရယ်၊ တစ်ရာ့ငါးဆယ် ယူပါ။ ဒီမှာ အစည်းပွင့်လေးနှစ်ပွင့်တောင် ပါတာပဲ။ တစ်ရာ့ငါးဆယ်မှ ညနေဟင်းဝယ်ပြန်ဖို့လောက်မှာ'

            ကျွန်မမှာ တစ်ရာတန်သည့် ကျောက်ကို နှစ်ရာပေး ဝယ်ချင်စိတ် ပေါက်သွားရအောင် သူက လေပြည်လေးနှင့် ပြောတတ်သည်။ အရှေ့ဆံယဉ်ကို နဖူးစပ်နီးနီးထိ မညီမညာ ခပ်ထူထူချထားကာ ပေါက်ပြားတိုလေး ပခုံးတွင် ထမ်း၊ ကျောက်ဆေး ဆန်ခါတစ်ချပ်နှင့် သွားကျဲလေးတွေပေါ်အောင် ပြုံးရယ်ပြတတ်သော လီလီ့ကို ကျွန်မရင်ထဲ အလိုလိုခင်မင် ရင်းနှီးကာ သနားကရုဏာ ပိုမိတာ အမှန်ပင်။

'ရောင်းပါတော့ လီလီရယ်။ ကျောက်ကဖြင့် ဈေးကုန်နေပြီ။ အစ်မက လီလီ့ကိုမို့ ပိုဝယ်ပေးတာပါ'

'သမီးကလည်း အစ်မကိုမို့ လျှော့ရောင်းပေးတာပါ။ ကြည့်ပါဦး အစ်မရယ်။ လက်တွေလည်း တွန့်လိပ်ပွယောင်းလို့ ခြေထောက်တွေလည်း နေ့တိုင်း တစ်နေကုန် ရေထဲစိမ်နေရတာ ဝဲစားကုန်ပြီ။ ဝယ်ပေးလိုက်ပါ အစ်မရယ်'

ကျွန်မကလည်း သူအမြဲ ထိုသို့ပြောရောင်းနေကျမှန်း သိလျက်နှင့် 'မရောင်းရင် နေပေါ့' ဟု တင်းမထားရက်နိုင်။ သာသာနာနာဝယ်ပေးရမြဲပင်။

            'ဒီအပြောလေးတွေနဲ့ပဲ ကျုပ် ကျောက်ထုပ်လည်း ဈေးတွေများကုန်ပြီ လီလီရေ'

            'အစ်မတို့က နည်းနည်းချင်းဝယ်ပြီး အထုပ်ကြီးဖြစ်အောင် စပ်ရောင်းတာပဲဟာ။ မရှုံးပါဘူး အစ်မရယ်'

            ကျွန်မက အဖော်မရှိသည်မို့ လီလီ ဆန်ခါတစ်ချပ်နှင့် ခနွှဲဆေးသော နေရာလေး နံဘေးတွင် ပလတ်စတစ်ခုံပုလေးချ၍ ထိုင်ငေးသည်။ လီလီနှင့် အပျင်းပြေ စကားပြောသည်။ သို့ရာတွင် ကျွန်မ ပြောသည်က နည်းနည်း၊ သူပြောတာ နားထောင်ရသည်က များများ ဖြစ်သည်။

            'အစ်မရယ်၊ မရှိလို့သာ လုပ်စားရတာ အရမ်းပင်ပန်းတာပဲ သိလား'

            'ဒါပေမယ့် လီလီတို့အလုပ်က တွက်ချေကိုက်ပါတယ်ဟယ်။ နေ့တိုင်း သုံးလေးငါးရာတော့ ရောင်းနေရတာပဲ မဟုတ်လား။ အစ်မတို့တောင် နေ့တိုင်း မမြတ်ဘူး။ ကျောက်ထုပ်ဖြစ်အောင် စိတ်ရှည်လက်ရှည် ဝယ်ပြီးမှ ရောင်းရတာ'

            'အစ်မကလည်း အဲဒီ ရောင်းတဲ့အချိန်ဆိုရင် သမီးတို့ထက် အများကြီး မြတ်တဲ့ဟာကို'

            'အစ်မကတော့ သိပ်မမြတ်ပါဘူး လီလီရယ်'

            'အင်း... ဒါဆို အစ်မကိုက်အောင် သမီး ကျောက်လှလှလေးတွေ ဆေးပြီးရောင်းပေးမယ်နော်'

            တစ်ခါတစ်ရံ ကျွန်မ အနည်းငယ် နေမကောင်း၍ပဲ ဖြစ်ဖြစ်၊ ကိစ္စဝိစ္စ ကြုံနေ၍ပဲ ဖြစ်ဖြစ် ထိုတွင်းတောဘက် မရောက်ဖြစ်လျှင် လီလီက သူ့ကျောက်တွေ မရောင်းဘဲ နောက်ရက် ကျွန်မ သွားချိန်မှ ပေါင်း၍ ရောင်းတတ်သည်။

            'လီလီရယ်၊ အစ်မကို စောင့်မနေပါနဲ့။ တွေ့တဲ့သူကို ရောင်းပေါ့။ ဒီမှာ ကျောက်ဝယ်တဲ့သူတွေ အများကြီးပဲ ဥစ္စာ။ တော်ကြာ အစ်မ လေးငါးဆယ်ရက် မလာဖြစ်ရင် လီလီ့အိမ်က ငွေလိုမှာပေါ့'

            'အစ်မကလည်း သမီးရတဲ့ ပိုက်ဆံတွေထဲက လေးပုံတစ်ပုံလောက်ဖဲ့စု ထားပါတယ်'

            'အံမယ်... တယ်ဟုတ်ပါလား။ ဘာဝယ်ချင်လို့လဲ၊ ပြောစမ်းပါဦး'

            'ဘာမှ မဝယ်ပါဘူး။ အစ်မလို လှလှလေးဝတ်ပြီး ခုံလေးနဲ့ ကျောက်ထိုင်ဝယ်ချင်လို့ပေါ့'

            ကျွန်မ သဘောကျစွာ ရယ်မောလျှင် လီလီက ဂုဏ်ယူကျေနပ်ဟန်ဖြင့် ပြုံးပြုံးကြီး လုပ်နေတတ်သည်။ ဒီလိုနှင့်ပင် သူ မလာသည့် ရက်တွေဆို ကျွန်မက လည်တဆန့်ဆန့်မျှော်၊ ကျွန်မ မလာသည့် နေ့မျိုးဆို သူက မျှော်နှင့် သံယောဇဉ်ကြိုးတွေ တစ်ရစ်ပြီးတစ်ရစ် တိုးလာမိသည်။ ရေစက်ဆိုတာ ဘာမှပတ်သက်ရန် အကြောင်းမရှိသော လူနှစ်ယောက်ကို ကြံဖန်ဆုံစည်း ဖြစ်စေတတ်တာ လက်တွေ့ပင်။ နောက်သုံးလအကြာတွင် ကျွန်မတု့ိ နှစ်ယောက် အမြဲဆုံနေကျ ဖက်စပ်ခွင်တွင် ခနွှဲဆေး သမားလေးတွေ ဆက်ဆေး ခွင့် မရတော့။ ကျွန်မ လီလီ့ အတွက် စိတ်ပူပန်စွာ မေး မြန်းရသည်။ ကျောက်က ဒီခွင်၌သာ များများကျသည် မို့ ခနွှဲဆေးတွေ အားထားကြ ခြင်း ဖြစ်သည်။

            'လီလီ၊ ခနွှဲမဆေးရ တော့ ဘာလုပ်မလဲဟင်'

            လီလီက ကြိုတင်တွက် ချက်ထားပြီး ဟန်ဖြင့် 'ရေခဲ ချောင်း ရောင်းမှာပေါ့ အစ်မ ရဲ့' ဟု အေးအေးဆေးဆေး ပင် ပြန်ပြောပါသည်။

            'အစ်မလည်း အားပေး ရမှာနော်။ အစ်မအိမ်က ဘယ် ရပ်ကွက်မှာလဲ'

            ကျွန်မက ရပ်ကွက် အမည်နှင့် ကျွန်မအိမ်ရှိရာ လမ်းညွှန်ပြောပြတော့ 'ဟာ.. အစ်မတို့ရပ်ကွက်က သူဌေးတွေပဲ နေတာပဲ'တဲ့။ ကျွန်မ ရယ်ချင်သွားသည်။ နှစ်ထပ်ပျဉ်ထောင်အိမ်တွေများသော ကျွန်မတို့လမ်းကို လီလီလေးက သူဌေးရပ်ကွက်တဲ့လား။ အဲဒီနောက်ပိုင်း နေ့လယ် ဆယ်တစ်နာရီလောက်ဆိုလျှင် ကျွန်မတို့ အိမ်ရှေ့တွင် လီလီရဲ့ ရေခဲချောင်း ကလိုင်သံလေးနှင့်အတူ 'ရေခဲချောင်းရမယ်' ဟူသော အသံစူးစူးလေးကို နေ့တိုင်းကြားရတတ်လာ သည်။ သူလာလျှင် ကျွန်မက စားစား မစားစား ရေခဲချောင်း နှစ်ချောင်းလောက်တော့ ပုံမှန်ဝယ်ကာ လီလီ့ကို ခြံထဲခေါ်ပြီး နေရိပ်ထဲ ခဏတစ်ဖြုတ် နားစေသည်။ စကားစမြည် ပြောသည်။ တစ်ခါတစ်ရံ ကျွန်မအိမ်မှ အဝတ်ဟောင်းတွေ ရှာပေးသည်။ လီလီ့အိမ်အတွက် အစားအသောက်တွေ ပေးဖြစ်သည်။ လီလီကလည်း စေတနာကို တုံ့ပြန်သည့်အနေနှင့် မကြာခဏ သူ့အိမ်မှရောင်းသော မုန်ညှင်းချဉ်များ၊ သူတို့ခြံထွက် လတ်လတ်ဆတ်ဆတ် မုန့်ညှင်းတွေ၊ ဂန္ဓာမာပန်းတွေ ယူလာပေးတတ်သည်။

            ကျွန်မအစ်ကိုကတော့ 'မမိုးတို့တော့ ရှားရှားပါးပါး ညီမ ဖြူဖြူသန့်သန့်လေး တစ်ယောက် ကောက်ရထားပြီဟေ့' ဟု စနောက်တတ်သည်။ အံ့သြစရာတော့ အကောင်းသားပင်။ ငယ်ငယ်ကတည်းက အလွန်သပ်ရပ်သန့်ရှင်းကြိုက်သော၊ ကလေးဆိုလျှင်ပင် ဖြူဖြူဖွေးဖွေး သန့်သန့်ရှင်းရှင်းလေးတွေမှ ချစ်တတ်သော ကျွန်မက အမြဲညစ်ပတ်ပေရေနေသော မဲမဲသဲသဲ ကလေးမ လေးတစ်ယောက်ကို ကြင်ကြင်နာနာနှင့် ခင်တွယ်နေမိသည်တဲ့လေ။

            'လီလီရယ်၊ ကိုက်ကောကိုက်ရဲ့လား'

            ရေခဲပုံးကို တနင့်တပိုးလွယ်ကာ ချွေးစက်တွေ သီးနေသော လီလီ့မျက်နှာလေးကို ကျွန်မ စိတ်မသက်သာစွာ ကြည့်ရင်းမေးဖြစ်သည်။

            'အစ်မရယ်၊ ကိုက်လို့ရောင်းတဲ့လူ များတာပေါ့လို့'

            'လီလီ့အစား အစ်မဖြင့် မောလိုက်တာ'

            ထိုအခါ လီလီက ပြုံးရယ်ရင်း 'ဒီမှာကြည့် အစ်မ၊ ခေါင်းလောင်းလေးကို ဟောဒီလို လှုပ်ခါလိုက်ရုံလေးနဲ့ ငွေမြတ်တာနော်။ ပေါ့သေးသေး မမှတ်နဲ့' ဟု စနောက်ရင်း ခေါင်းလောင်းကလေးကို ခပ်သွက်သွက် လှုပ်ခါပြတတ်သည်။ လီလီ့ခေါင်းလောင်းသံက နားထောင်၍မကောင်းလှပါ။

            'ဟင်... လီလီ့ခေါင်းလောင်းသံကလည်း အက်အက်ကြီး ခေါ်မလား၊ အသံ လုံနေတယ်ပဲ ပြောရမလား မသိဘူး။ တခြားခေါင်းလောင်းသံတွေလိုလည်း အသံရွှင်ရွှင်ပီပီ မရှိဘူးနော်'

            'မသိဘူး အစ်မရေ။ အင်း... နားထောင်လို့တော့ သိပ်မကောင်းသလိုပဲ။ သမီးမှ မလုပ်တတ်တာ။ သူများလုပ်ထားတဲ့ အတိုင်းပေါ့။ မတတ်နိုင်ဘူး'

            သူများလုပ်ထားတဲ့ ခေါင်းလောင်း။ အင်း... ကျွန်မတို့ လူသားတွေကော ကံတရားက ဖန်တီးပြုလုပ်ထားသည့် ခေါင်းလောင်းလေးတွေဟု ဆိုရမည်လား မသိချေ။ အထူးသဖြင့် ကံတရားကြောင့် အသံမမြည်သော ခေါင်းလောင်းလေးတွေ ဖြစ်နေကြရရှာသော လီလီတို့လို ကလေးငယ်တွေရဲ့ ဘဝတွေ။ အရွယ်နှင့်မမျှအောင် ပူပင်မှုတွေ ပြည့်သိပ်နေသော၊ ရုန်းဖယ်မရသော မတန်တဆ ဝန်ထုပ်ဝန်ပိုးများ။

            'လူတစ်ယောက်ရဲ့ဘဝဆိုတာ ကမှအ အထိ အပြည့်အစုံ ရေးထားပြီးသား စာအုပ်တစ်အုပ်နဲ့ တူတယ် သမီး။ ဘာပြီးရင် ဘာဆက် ဖြစ်မယ်ဆိုတာ ကံတရားက ရှိပြီးသား။ အဲဒီတော့ ဆင်းရဲတာပဲ ဖြစ်စေ၊ ချမ်းသာလို့ပဲဖြစ်စေ ရခဲလှတဲ့ လူ့ဘဝလေး ရှားရှားပါးပါး ရခိုက်မှာ တန်ဖိုးထားပါ။ လူဖြစ်ရကျိုး နပ်အောင် ကြိုးစားနေထိုင် ကျင့်ကြံပါ'

            အဲဒါ ကျွန်မကို ဖေဖေ ဆုံးမခဲ့ဖူးသော စကားတစ်ခွန်းပဲ ဖြစ်သည်။

            'လူတိုင်းမှာ ကံတရားဆိုတဲ့ မျှော်လင့်ချက်ရှိတယ် လီလီ။ အဲဒီကံတရားကို အသက်မထွက်မချင်း စောင့်စားမျှော်လင့်လို့ရတယ်။ လူသေမှ ကံကုန်တယ်ခေါ်တာကိုး။ အခုဆိုလည်း လီလီက ငယ်ငယ်လေးရှိသေးတယ်။ နောက်ထပ် ဘဝတက်လမ်းတွေ အများကြီးနော်။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မှုတွေ ရှိလာမှာပဲ။ နောက်တစ်နှစ်၊  ဒါမှမဟုတ် နောက်ဆယ်နှစ်အတွင်း လီလီဟာ သူဌေးမကြီး ဖြစ်မလာဘူးလို့ ပြောနိုင်မလား။ အဲဒီအခါကျမှ အစ်မကို မမြင်ဖူးဘူးဆိုပြီး မလုပ်ရဘူးနော်'

            ကျွန်မစကားကို လီလီက မျက်စိပေါက်များ ပိတ်အောင် ပြုံးရယ်ရင်း 'ထီပေါက်ရင်လား အစ်မ' တဲ့။

            'သြော်... လီလီက ကျောက်လည်းဆေးတတ်တာပဲ။ သိန်းရာချီ၊ ထောင်ချီ ကျောက်ရ၊ မရ အတပ်ပြော နိုင်လို့လား။ ထီပေါက်တာလည်း ဖြစ်နိုင်တာပဲ။ ကံတရားဆိုတာ ဖြစ်ချင်ရင် ခဏလေးပါ လီလီရယ်။ ကံအလှည့်မပေးခင်တော့ ဉာဏ်နဲ့ ဝီရိယကို စိုက်ထုတ်ပြီး ဘဝကို တတ်နိုင်သမျှ ရုန်းကန်ကြရမှာပဲ'

            ကျွန်မစကားကို သူ နားလည် မလည်တော့ မသိ။ ငြိမ်သက်စွာဖြင့် လေးလေးနက်နက် နားထောင်ဖော်ရတာကတော့ အမှန်ပင်။ ပြီးမှ ပြုံးမဲ့မဲ့နှင့် တိုးတိုးလေး ညည်းညူရှာသည်။

            'ထီပေါက်ဖို့ ဆိုတာကလည်း ထီထိုးဖို့ ပိုက်ဆံရှိမှပေါ့။ သမီးမှ ဖဲ့မထိုးနိုင်တာ မျှော်လင့်လို့ မရပါဘူး'

            ဘဝနာမှ အသိသာသတဲ့။ လီလီ့အသိတွေက အရွယ်နှင့် မလိုက်ဖက်အောင် ရင့်ကျက်လွန်းနေသည်။ ကျွန်မတို့ နှစ်ယောက်သည် ရှစ်နှစ်လောက် ကွာသော်လည်း လောကကြီး အကြောင်းကို တီးခေါက်မိရာ၌ ရှစ်ပုံတစ်ပုံမျှပင် မကွာ။ ကျွန်မက အသက်အရွယ်၏ အသိဉာဏ် ဗဟုသုတမှရသောအသိနှင့် စာဖတ်၍ရသော စာတွေ့အသိ။ လီလီက ဘဝကို လက်တွေ့ရုန်းကန်၍ ရင်ဝယ်ပိုက်ထားရသည့် အသိ။ ထိုအသိနှစ်ခုကို ချိန်ထိုးကြည့်လျှင် ကျွန်မ ကြီးပြင်းဖြတ်သန်းလာခဲ့ရသော ဘဝအနေအထားသည် သာယာ ဖြောင့်ဖြူးလှသလိုပင်။ ကျွန်မဘဝက ပြည့်စုံလွန်း၍ မဟုတ်ဘဲ လီလီရဲ့ အနုတ်လက္ခဏာ ဘဝကြမ်းနှင့် နှိုင်းဆ၍ ထိုသို့တွေးမြင်၍ ရသွားခြင်း ဖြစ်နိုင်သည်။ အသားလတ်သူနှင့် အသားမည်းလှသူကို ယှဉ်တွဲထိုင်စေသလိုမျိုးပေါ့။ အသားလတ်သူက ဖြူသွားသယောင် ဖြစ်ကာ အသားမည်းသူက ပို၍ အကျည်းတန်သွားသည်နှင့်တူမည်။

            'လီလီရေ၊ ဒီလကုန်ရင် အစ်မ မန္တလေးမှာ ကျောင်း သွားတက်ရတော့မယ်'

            'ကျောင်း၊ ဟယ်... အစ်မက ဘာကျောင်းသွား တက်မှာလဲ'

            'နောက်ဆုံးနှစ် တက္ကသိုလ် သွားတက်ရမှာလေ။ သိပ်မကြာပါဘူး။ တစ်လကျော်လောက်ပဲ'

            'သမီးတော့ လွမ်းနေတော့မှာပဲ။ ဒါနဲ့ အစ်မ တစ်ယောက်တည်းလားဟင်'

            'ဟင့်အင်း၊ ဟိုမှာ သူငယ်ချင်းတွေနဲ့ သွားဆုံကြမှာ။ သူတို့က အဆောင် ကြိုငှားထားပြီးသား။ အစ်မတို့ ငါးယောက်အဖွဲ့လေ။ အတူအိပ်၊ အတူစား၊ ကျောင်းအတူသွားပေါ့'

            'ဟင်... ပျော်စရာ ကောင်းမှာပေါ့နော်'

            'ဒါပေါ့၊ စာကျက်လိုက်၊ ကျောင်းတက်လိုက်၊ သူငယ်ချင်းတွေ အများကြီးနဲ့ တစ်နေရာပြီး တစ်နေရာ လည်ပတ်လိုက်၊ ခရီးတွေ ထွက်လိုက်နဲ့ တစ်လက ဖြုတ်ခနဲဆို ကုန်သွားကော'

            'အဲဒါက ပိုက်ဆံရှိမှ တက်ရမှာလားဟင်'

            'မဟုတ်ပါဘူး။ ဆယ်တန်းအောင်ရင် တက်လို့ရတယ်။ လီလီရော ဘယ်နှတန်းထိ နေခဲ့ဖူးလဲဟင်'

            'နှစ်တန်းအထိပဲ အစ်မ'

            'အင်း... အဆင်ပြေရင် နောက်နှစ်ကျောင်းပြန်တက်ပြီး ဆယ်တန်းအောင်အောင် ကြိုးစားပေါ့'

            ထိုအခါ လီလီက လူကြီးတစ်ယောက်သဖွယ် ခေါင်းကို ခပ်လေးလေး ယမ်းပြရှာသည်။

            'မဖြစ်ပါဘူး အစ်မရယ်။ အခုတောင် သမီး အသက်ဆယ့်သုံးနှစ်ရှိနေပြီ။ အခုမှ သုံးတန်း ပြန်တက်ရဦးမယ်ဆိုရင် ရှက်စရာကြီး။ ပြီးတော့ အမေက တစ်နှစ်ကို ကလေးတစ်ယောက်လောက် မွေးနေတာ။ သမီးအောက်မှာ အငယ်လေးယောက် ရှိသေးတယ်။ ကျောင်းသားချည်းပဲ သုံးယောက်'

            'အဖေကကောဟင်'

            'အဖေက ကောင်းကောင်း မကျန်းမာဘူးလေ။ ငှက်ဖျားကြောင့် ဒီနှစ်ထဲမှာကို အိပ်ရာထဲ ခဏခဏလဲနေတာ။ အဖေ့ဆေးကုသစရိတ်နဲ့ စားစရိတ်တောင် အမေနဲ့သမီး မနည်းရှာနေရတာ။ ကျောင်းပြန်တက်ဖို့ မဖြစ်ပါဘူး အစ်မ'

            ကျွန်မ ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားရပါသည်။ စိတ်ထဲမှာလည်း ကျွန်မကို မပူမပင်မကြောင့်မကြ ပညာသင်စေခဲ့သော၊ ရှာဖွေကျွေးမွေး ကြီးပြင်းစေခဲ့သော မိဘနှစ်ပါး၏ ကျေးဇူးတရားကို နက်နက်နဲနဲ အောက်မေ့မိသည်။ လီလီ့နေရာ၌ ကျွန်မသာဆိုလျှင် ဤမျှ သတ္တိရှိရှိနှင့် ဘဝကို ရုန်းကန်လှုပ်ရှား နိုင်ပါ့မလားဆိုတာ မသေချာ။

            'အင်းလေ၊ လီလီက မိဘကို ကူညီရှာဖွေပြီး အငယ်တွေ တက္ကသိုလ်တက်ရအောင် ကြိုးစားတာလည်း ကောင်းတာပါပဲ။ သူတို့ တက္ကသိုလ်ရောက်တော့လည်း လီလီ ဂုဏ်ယူပြီး ဝမ်းသာပီတိ ဖြစ်ရမှာပဲလေ'

            ဒီလိုနှင့်ပင် ကျွန်မတို့ နှစ်ယောက်ခွဲခွာ၍ မန္တလေးသို့ ကျွန်မ ကျောင်းသွားတက်ရသည်။ ထိုတစ်လလုံးလုံး တစ်ခါတစ်ရံ သတိရမိသည်ကလွဲ၍ ကျွန်မ လီလီ့ကို မေ့လျော့နေခဲ့တာတော့ ဝန်ခံရမည်။ ကျောင်းစာများ၊ ပျော်စရာများနှင့် လုံးထွေးလည်ပတ်ရင်း ကျွန်မအာရုံထဲ လီလီ့ကို နေရာမပေးနိုင်ခဲ့ချေ။ စာမေးပွဲ ဖြေပြီးတော့ ကျွန်မသူငယ်ချင်းတွေပါ မြို့အပြန် အလည်လိုက်လာကြ ပါသည်။ ကျွန်မ ပြန်ရောက်ပြီး နောက်ရက်မနက်ခင်းမှာ လီလီရောက်ချလာပါသည်။ ထိုအချိန်တွင် ကျွန်မတို့ သူငယ်ချင်းတွေ ဧည့်ခန်းထဲတွင် ထိုင်၍ ရယ်ရယ်မောမောနှင့် ဆူညံစွာ စကားပြော နေကြသည်မို့ လီလီ့ရေခဲချောင်း ခေါင်းလောင်းသံကို သတိမထားမိလိုက်ချေ။

            'အစ်မ'

            ခေါ်သံစူးစူးကြောင့် ကျွန်မတို့စကားဝိုင်း ရုတ်ခြည်း တိတ်ဆိတ်သွားကာ ပြိုင်တူလိုလိုပင် အကြည့်အားလုံးက တံခါးဝကို စုပြုံကျကုန်သည်။ ထိုတံခါးဝတွင် ရေခဲပုံးကို ပခုံးတစ်ဖက် စောင်းနေအောင် လွယ်ပိုးထားကာ ထုံးစံအတိုင်း နွမ်းညစ်နေသည့် ဖာရာဗရပွ ဝတ်စုံလေးနှင့် လီလီက ကျွန်မကို ဝမ်းသာစွာ လှမ်းရယ်ပြလျက် ရှိသည်။

            တဒင်္ဂအတွင်း ကျွန်မစိတ်ထဲ ဘာကို အလိုမကျမှန်း မသိစွာ နောက်ကျိရှုပ်ထွေးသွားသည်။

            'ဟဲ့... ဒီရေခဲချောင်းသည်လေးက ရဲတင်းလှချည်လား မိုးရဲ့။ အိမ်ထဲအထိတောင် ကျူးကျူးကျော်ကျော်။ ဘာလဲ နင်ဝယ်နေကျမို့လား'

            ကျွန်မတို့ အဖွဲ့ထဲတွင် အပြည့်စုံဆုံးဖြစ်သော အိ အသံ တိုးတိုးကျိတ်ကျိတ် စထွက်လာသည်။ ကျွန်မ ယောင်နနနှင့် ခေါင်းညိတ်ပြမိသည်။

            'ဟိတ်... ဒီနေ့ မဝယ်သေးဘူးနော်'

            လီလီက ကျွန်မစကားကို မကြားလိုက်သယောင်ဖြင့် မျက်လုံးလေးဝိုင်းကာ မေးဆတ်ပြသည်။ ကျွတ်... ကျွန်မ စိတ်ရှုပ်သွားသည်။

            'ဒီနေ့ မဝယ်သေးဘူးလို့ ပြောတာ'

            တကယ်ဆိုလျှင် ရေခဲချောင်း ရောင်းရန်သက်သက်နှင့် လီလီ ဒီကို ရောက်လာခြင်း မဟုတ်တာ ကျွန်မ သိသည်။ သို့သော် ကျွန်မစိတ်ထဲ ကျွန်မတို့နှစ်ယောက်၏ ရင်းနှီးပတ်သက်မှုကို သူငယ်ချင်းတွေ သိမှာကို စိုးရိမ်ရှက်ရွံ့နေမိတာ ဘာကြောင့်မှန်း မသိချေ။ လီလီ့မျက်နှာတွင် အပြုံးလျော့သွားပေမယ့် နေရာမှ မခွာသေးဘဲ ကျွန်မကို တစ်စုံတစ်ခု ပြောလိုသေးဟန်ဖြင့် လှမ်းကြည့်လျက်ရှိသည်။ ဒါကို ကျွန်မ သူငယ်ချင်းတွေက တစ်မျိုးမြင်ကြပုံရသည်။

            'အံမယ်... ယူ့ဘော်ဒါလေးက ဘာဒီဇိုင်းလဲဟ။ မဝယ်သေးဘူးဆိုလည်း မရဘူး။ ခပ်တင်းတင်းပဲ'

            ဖြူ့စကားက ကျွန်မကလွဲပြီး ကျန်သူတွေကို ရယ်မောစေပါသည်။ ကျွန်မစိတ်ထဲ တင်းခနဲ ဖြစ်သွားရသည်။

            'မယူသေးဘူးလို့ ပြောနေတယ်လေ။ ပြန်တော့လို့'

            လီလီ့အပြုံးတွေ ပျောက်သွားကာ မျက်နှာကွက်ခနဲ ပျက်သွားသည်။ ထို့နောက် ဖြည်းဖြည်းချင်းလှည့်ကာ ငိုက်စိုက်ငိုက်စိုက်နှင့် ထွက်သွားတော့ ကျွန်မရင်ထဲ ဟာခနဲ ဖြစ်သွားသည်။ သူငယ်ချင်းတွေကတော့ ဘာမှမသိကြသည်မို့ စောစောက အတိုင်းပင် စကားသံတွေ ပြန်ဆူညံလာသည်။ ကျွန်မက စိတ်မဝင်စားနိုင်တော့ဘဲ စိတ်ထဲတစ်မျိုးကြီး ဖြစ်သွားသည်။ ကျွန်မ သိပ်လွန်သွားပြီ ထင်သည်။ တစ်ဖက်သားအပေါ် မောက်မာရက်စက်ရာကျပြီ ထင်သည်။ ကျွန်မ ပြတင်းပေါက်မှတစ်ဆင့် လီလီထွက်သွားတာကို ငူငူကြီး ငေးကြည့်နေမိသည်။ လီလီ့ရင်ထဲ ဘာဖြစ်သွားမလဲဟု တွေးမိတော့ ငိုချင်လာကာ ကျွန်မ နောင်တရသလို ဖြစ်သွားရသည်။ ခြံထဲမှ ပြန်ထွက်သွားသည်ကအစ တစ်ဖက်လမ်းထိပ်သို့ ရောက်သည်အထိ လီလီ့ရဲ့ခေါင်းလောင်းသံလေး မကြားရသလို 'ရေခဲချောင်းရမယ်' ဟူသော အသံစူးစူးကလေးကိုလည်း မကြားရချေ။ တစ်စုံတစ်ခု၏ စေ့ဆော်မှုဖြင့် ကျွန်မ ကပျာကယာထကာ ခြံဝမှထွက်ကြည့်လိုက်ချိန်တွင် လီလီ၏ လည်ပြန်ငဲ့ ကြည့်လာသော မျက်ဝန်းလေးတွေနှင့် ဆုံသည်။ ထိုမျက်ဝန်းလေးများသည် ကျွန်မရင်တစ်ခုလုံးကို နွမ်းလျကြေကွဲသွားရလောက်အောင် အရှိန်ပြင်းလွန်းသော အစွမ်းသတ္တိတွေ ရှိနေကြသည်။ လီလီ့ကို ပြုံးပြဖို့ ကျွန်မ အားယူကြိုးစားလိုက်စဉ်မှာပဲ လီလီက ချာခနဲလှည့်ကာ လမ်းထောင့်ဘက် ချိုးဝင် ကျောခိုင်းသွားတော့သည်။

            အိုး... ကျွန်မရင်ထဲ လှိုက်ခနဲ လှစ်ဟာဝမ်နည်းသွားသည်။

            ထိုတစ်နေ့လုံး ကျွန်မ တမြည့်မြည့်နှင့် စိတ်မချမ်းမသာ ဖြစ်နေရသည်။ သူငယ်ချင်းတွေ ပြန်၍ ကျွန်မ အရောင်းအဝယ် ပြန်ထွက်ဖြစ်မှပဲ လီလီ့ကို ချော့မော့ တောင်းပန်ဖို့ တေးထားမိသည်။ သို့သော် တကယ် လက်တွေ့မှာ လီလီ့ကို တော်တော်နှင့် မတွေ့ရချေ။ တွင်းတောတွေဘက် လျှောက်၍ လီလီတစ်ယောက် ခနွှဲဆေး လေမည်လားဟု တွေ့လိုတွေ့ငြား ရှာမိသည်။ မတွေ့ရပါ။ လီလီလာလျှင် ကျွန်မကို လာတွေ့ရန် ပြောပေးဖို့ မေမေ့ကို မှာထားသော်လည်း ကျွန်မ အိမ်ဘက်သို့ လုံးဝမလာ ကြောင်း သိရပြန်သည်။ ကျွန်မ တစ်ရက်မှ စိတ်မပျော်တော့ပါ။ အချိန်နှင့်အမျှစိတ်က လီလီ့ထံ ရောက်နေကာ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်ချင်။ အိမ်သို့ လိုက်သွားတွေ့ ရအောင်ကလည်း ကျွန်မ လီလီ့အိမ်ကို မသိ။ ယုတ်စွအဆုံး လီလီနေသည်ဆိုသော တောင်ပေါ် ရွာကလေးသို့ ဘယ်လမ်းမှ တက်သွားရသည်ကိုပင် မသိချေ။ လီလီ လက်ညှိုးထိုးပြခဲ့ဖူးသော တောင်စောင်းထိပ်မှ တဲစုကလေးများကိုသာ ငေးမောကြည့်ရင်း သက်ပြင်းအကြိမ်ကြိမ် ချမိသည်။

            တစ်ခုသော တနင်္ဂနွေနေ့မှာတော့ ကျွန်မနှင့်လီလီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး တွေ့ရပါသည်။ မျက်နှာချင်းဆိုင် အနေအထားနှင့်မဟုတ်။ ရေခဲပုံးကို လေးပင်စွာလွယ်ရင်း ငိုက်စိုက်ငိုက်စိုက်သွား နေသော လီလီ့နောက်ကျောကို ကျွန်မ လှမ်းမြင်လိုက်ခြင်းပင်။ ကျွန်မ မျက်ရည်လည် မိမတတ် ဝမ်းသာသွားရတာ အမှန်ပင်။

            လီလီက အတော်လှမ်းလှမ်း ရောက်နေပြီမို့ ကျွန်မ အပြေးလိုက်ရသည်။

            'လီလီ'

            ကျွန်မအသံက လှိုက်လှဲမှုနှင့် တုန်ယင်လျက်ရှိသည်။ လှည့်ကြည့်လာသော လီလီ့ မျက်ဝန်းထဲတွင် ကျွန်မကိုမြင်၍ အံ့သြသွားဟန် ခေတ္တပေါ်လာပြီး ဖျတ်ခနဲ ပြန်လည် အေးစက် မှိုင်းမှုန်သွားသည်။ ကျွန်မကတော့ ပြေးလွှားခဲ့ရမှုနှင့် စိတ်လှုပ်ရှားမှုပေါင်းကာ မောဟိုက်နေသည်မို့ တော်တော်နှင့် စကားမစနိုင်။ လီလီက ကျွန်မကို အဓိပ္ပာယ်ဖော်ရခက်သော အကြည့်မျိုးနှင့် တစ်ချက်လှမ်းကြည့်ကာ အသက်မပါလှစွာဖြင့် 'ရေခဲချောင်းကုန်ပြီ အစ်မ' တဲ့။

            ကျွန်မရင်ထဲ လှပ်ခနဲ ဆို့တက်သွားသည်။ ကျွန်မ ပြောခဲ့စဉ်က လီလီ ဘယ်လိုခံစားရမှန်း ကိုယ်ချင်းစာမိပြီ ဖြစ်သည်။

            'ဟိုး... အရင်ရက်တွေတုန်းက ဘာလို့မလာတာလဲဟင်။ အစ်မ မင်းကို ရှာနေတာ'

            ကျွန်မစကားကို လီလီက မတုန်မလှုပ် နားထောင်နေသည်။ ပြီးမှ အေးတိအေးစက်နှင့် 'ဘာလို့ရှာတာလဲ။ အိမ်မှာ အမေ့ကို ပဲပုပ်တွေ ကူလုပ်ပေးနေတာ သမီး မအားဘူး'

            'သြော်... ဟိုတစ်ရက်က အစ်မသူငယ်ချင်းတွေရှေ့မှာ လီလီ့ကို ဧည့်ဝတ်မကျေ လိုက်မိတဲ့အတွက် တောင်းပန်မလို့ပါ လီလီရယ်။ အစ်မကို ခွင့်လွှတ်ရဲ့လားဟင်။ စိတ်မဆိုးဘူးလား ပြောပါဦး'

            ကျွန်မကို ကြည့်နေသော လီလီ့မျက်ဝန်းလေးတွေက မြေပြင်ဆီသို့ စင်းကျသွားသည်မို့ သူ့သဘောထားကို ကျွန်မ အကဲဖမ်း၍မရ လိုက်ချေ။

            'အဲဒီနေ့က အဖေဆုံးတာ ဆယ်ရက်ပြည့်တဲ့နေ့ပဲ။ အစ်မကိုလည်း ဘယ်နေ့ပြန်လာမလဲလို့ လကုန်ကတည်းက သွားသွားကြည့်နေမိတာ။ အဖေဆုံးတဲ့ရက်တွေမှာ သွားမကြည့်နိုင်လို့ အစ်မများ ပြန်ရောက်နေပြီလားဆိုပြီး ဝင်ကြည့်မိတာပါ။ အဖေ့ အကြောင်းလည်းပြောရင်း ပြီးတော့...'

            လီလီ့အသံ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။

            'ပြီးတော့... ဘာဖြစ်လဲဟင်'

            'အစ်မကို သတိရလို့၊ ဒါပေမယ့်...'

            ကျွန်မရင်နင့်သွားကာ လီလီ့ရဲ့ ခေါင်းလောင်းကိုင်ထားသည့် လက်ကြမ်းကြမ်းလေးကို ကြင်နာစွာ ဆုပ်ကိုင်လိုက်မိသည်။ မင်း ဆက်မပြောလည်း အစ်မ သိပါပြီ ကလေးရယ်။ လီလီက ကျွန်မကို နွမ်းလျစွာ ပြုံးပြရင်း လက်ပြန်ရုန်းထွက်သွားသည်မို့ ခေါင်းလောင်းသံ စီခနဲ ညံသွားသည်။ သြော်.. ကျွန်မက လီလီတို့လိုကလေးတွေကို အသံမမြည်သော ခေါင်းလောင်းတွေဟု တင်စားခဲ့သတဲ့။ အမှန်က သူတို့လေးတွေခမျာ ကံတရားကြောင့်သာ အသံမြည်ခွင့် မရသော ခေါင်းလောင်းလေးတွေ ဖြစ်ရရှာတာ။ ကျွန်မလို လူစားမျိုးတွေကသာ။

            'သမီး သွားတော့မယ် အစ်မ။ ရေခဲပုံး ပြန်အပ်ရဦးမယ်'

            'နေပါဦး၊ နေပါဦးလား လီလီရယ်။ နောက်ကို အစ်မဆီ လာဦးမှာလားဟင်'

            လီလီက ခေါင်းမညိတ်၊ ခေါင်းမခါဘဲ ကျွန်မကို ကြာမြင့်စွာ ငေးမောကြည့်နေပုံကလေးက အလွန်ဝမ်းနည်း ကြေကွဲဖွယ်ရာ ဖြစ်နေပါသည်။ သူ့မျက်ဝန်းထဲတွင် ကျွန်မနှင့် ပတ်သက်၍ ယခင်က မတွေ့ခဲ့ရဖူးသော ဝမ်းနည်း အားငယ်ရိပ်များ ယှက်သန်းလျက် ရှိသည်။ ကျွန်မ ဘာကြောင့်များ ဤမျှ မိုက်မဲခဲ့ရတာတဲ့လဲ။

            'ကြုံရင် လာခဲ့မှာပေါ့။ သွားမယ်နော်... အစ်မ'

   ပြောပြောဆိုဆိုနှင့် ကျွန်မကို ကျောခိုင်းလှည့်ထွက်သွားသော လီလီ့ကို ကြည့်ရင်း ကျွန်မ ရင်ဘတ်တစ်နေရာတွင် စူးခနဲ အောင့်လာသည်။ လီလီနှင့် ကျွန်မကြား အရင်လို ဆက်ဆံရေးမျိုးကို ပြန်လည် ပိုင်ဆိုင်ခွင့်ရဦးမှာလား။ သေချာရဲ့လား ကလေးရယ်။ မင်းလာမှာပါလို့ အစ်မ ယုံကြည်နေချင် သေးလို့ပါ...။

            ကျွန်မ မျက်ရည်တစ်စက် ပေါက်ခနဲ ကျသွားပါသည်။

ငွေဇင်ယော်ဦး ၊မိုးကုတ်၊

(အမှတ် ၁၉၆၊ မတ်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေအသစ်
...
အဆင့်ကျော်တွက်ရမည့် ပုစ္ဆာ
သွင်ဆန်းမောင်

ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။

ရွှေအသစ်
...
လက်ရှိပုံပြင်
ခိုင်နုလေး ၊တောင်ကုတ်၊

တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ

ရွှေအသစ်
...
ဘယ်သောအခါ
ငြိုသီစံ

အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...