ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း

ရထား

နေဝင်းမြင့်

26 August 2024
ရထား
Share to

            ၁။

            သည်ရွာကြီးကို မြို့ရယ်လို့၊ ဒါမှမဟုတ် မြို့ကလေးရယ်လို့ ခေါ်ဖို့ခက်ပေမဲ့ သည်ရွာကြီးက လူတွေက မြို့လို့ခေါ်မှ ကြိုက်ကြတယ်။ အလယ်တန်းကျောင်း ရှိသည်။ တိုက်နယ် ဆေးခန်းကလေး ရှိတယ်။ တော်တော်လေးစည်တဲ့ မနက်ဈေး ရှိတယ်။ တရုတ်အပေါင်ဆိုင် တစ်ဆိုင် ရှိတာနဲ့ပဲ မြို့လို့ ခေါ်ချင်နေကြတာပါ။ ဈေးကတော့ မြူနီစီပယ်ဈေးပေါ့လေ။ သည်ဈေးကို ဘေးပတ်လည် ရွာတွေက ကိုင်းတောင်သူ၊ ကျွန်းတောင်သူတွေ ဈေးလာရောင်းကြတယ်။ မီးသွေးလှည်း၊ ထင်းလှည်း၊ အိုးလှည်းတွေက ဘီးသံတအီအီနဲ့ ဝေလီဝေလင်းကတည်းက ရောက်လာတတ်ကြတယ်။ ဈေးဝအစိန့် လက်ဖက်ရည်ဆိုင်က ထင်းလှည်းသမားတွေရဲ့ ဘုံရိပ်သာပါပဲ။ ရေနွေးကြမ်းမော့၊ တစ်အိုးပြီးတစ်အိုး သောက်ရင်း လှည်းအစီးလိုက် ထင်းဝယ်မယ့်သူကို စောင့်ကြတဲ့ နေရာပေါ့။ အစိန်ကလည်း ကျေနပ်ပါတယ်။ မြို့ကလေးက လူတွေက လက်ဖက်ရည် သိပ်သောက်ကြတာ မဟုတ်ဘူး။ မနက်ခင်းကလေး ခဏဈေးစည်ပြီး ကျန်တဲ့အချိန်မှာတော့ မြို့ကလေးဟာ တိတ်ဆိတ် ခြောက်ကပ် နေတတ်တယ်။ အောင်ဘာလေသိန်းထီဆိုင်မှာ သိန်းထီထိုးနေသူလောက်၊ လှည်းကုန်သည် ဦးကြာယုံ့ဆိုင်မှာ လှည်းပစ္စည်း အနည်းအကျဉ်း ဝယ်ယူသူလောက်၊ အချောင့် ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲတစ်လုံးနှစ်လုံး ဝယ်သူလောက်၊ အဲဒီခေတ်က နာမည်ဖြစ်တဲ့ နိုင်ငံတော်အစိုးရ ဘုံဆိုင်မှာ တစ်ခွက်တစ်ဖလား သောက်နေကြသူတွေလောက်၊ ဒေါ်စောရင့် အကြော်တဲမှာ အကြော်ဝယ်သူ လောက်နဲ့  မြို့ကလေးဟာ သူ့ဂုဏ်သိက္ခာ သူ့ဟာသူ ရနိုင်သလောက် ဆွဲတင်နေရရှာတယ် ပြောပါတော့။

            ထားပါတော့။ သည်မြို့ကလေးရဲ့ အရှေ့ဖျားက အိမ်စုတွေမှာ ကိုတောကျော်နေတယ်။ သည်မြို့ကလေးက မြင်းတပ် ဆွဲရတဲ့လှည်းကို မြင်းလှည်းလို့ မခေါ်ကြဘဲ ရထားလို့ ခေါ်ကြတော့ ရထားပိုင်ရှင် ကိုတောကျော်ပေါ့လေ။ ရွာ့အနောက်ဘက် ဥယျာဉ်ကွင်း၊ လယ်ကွင်း၊ စိုက်ခင်းတွေရဲ့ အစပ်က တဲထဲမှာတော့ ကိုပန်းဖူးနေတယ်။ သူကတော့ မြို့ကလေးရဲ့ မရှိမဖြစ် တီးဝိုင်း ခေါင်းဆောင်ပဲ။ သူ့တဲ လက်ခံတိုင်မှာ ချိတ်ထားတဲ့ ဗုံရှည်ကြီးက ကိုပန်းဖူးရဲ့ အသက်ရှင် ဖြစ်တည်မှု ဘဝပဲ။

            ပြောချင်တာက ရွာအရှေ့ဖျားက ကိုတောကျော်ရဲ့ ရထား နဲ့ ရွာအနောက်ဖျားက ကိုပန်းဖူးရဲ့ ဗုံရှည်ဟာ အလုပ်ဘဝချင်း ဆက်စပ်နေတာကိုပါ။ မြို့ကလေးမှာ လူမှသေပြီဆိုရင် ကိုတောကျော်ရဲ့ ရထားက ရှေ့က လူသေတင်၊ ကိုပန်းဖူးရဲ့ ဗုံရှည်ဝိုင်း က နောက်ကလိုက်ရင်း လူ့ဘဝရဲ့ နောက်ဆုံးခရီးကို ပို့ဆောင် ကြရတာ။ မြို့ကလေးက လူတွေက ဒီလူနှစ်ယောက်ကို အပေါင်းအသင်း မလုပ်ကြဘူး။ ကျက်သရေမရှိတဲ့ လူရယ်လို့ လောကမှာ ရှိတယ်ဆိုရင် သူတို့နှစ်ယောက်ဟာ သည်အမျိုးအစားထဲကလို့ သတ်မှတ်ထားကြတာကလား။ မင်္ဂလာမရှိတဲ့ လူရယ်လို့ လောကမှာရှိတယ် ဆိုရင်လည်း သူတို့နှစ်ယောက်ပါပဲ။

            ဒါပေမဲ့ လူတွေက အရေးရယ် အကြောင်းရယ် ဖြစ်လာရင် သူတို့နဲ့ မပတ်သက်ချင်လို့တော့ မရဘူး။ မဆက်ဆံချင်လို့တော့လည်း မရဘူး။ စကားမပြောချင်ပါဘူး ဆိုရင်လည်း မဖြစ်ဘူး။ လူမှသေရင် ရွာ့အရှေ့ဖျားက ကိုတောကျော် ရထားဆီကို မသွားချင်ဘဲနဲ့လည်း သွားကြရတယ်။ ရွာအနောက်ဖျား က ကိုပန်းဖူး ဗုံရှည်ဝိုင်းကိုလည်း မဖြစ်မနေ စရန်သွားသတ် ကြရတယ်။ လူသေ မရှိသေးဘူး ဆိုရင်တော့ သူတို့နှစ်ယောက်ကို မြို့ကလေးက မေ့နေကြတာပါပဲ။

            သူတို့နှစ်ယောက်ကလည်း ဒါကို ဘယ်လိုမှ ခံစားနေကြတာတော့ မဟုတ်ဘူး။ မြို့ကလေးနဲ့ သူတို့ရဲ့ လူမှုဆက်ဆံရေး ဘဝကြားမှာ ကြီးမားတဲ့ ကွာဟမှုကြီးရှိတယ် ဆိုဦးတော့၊ ခြောက်ကပ်ကပ် ပျင်းတွဲ့တွဲ့နိုင်တယ် ဆိုဦးတော့ ဝမ်းနည်းနေကြတာ မဟုတ်ဘူး။ လူတွေက သူတို့ကို မသတီသလို သူတို့ကလည်း လူတွေကို မသတီပါဘူးဆိုတဲ့ ပုံနဲ့ နေ,နေကြတာပါပဲ။ လောကမှာ ရထားတစ်စီးရှိမှ လူ့ဘဝအဓိပ္ပာယ်ရှိတယ် ဆိုတဲ့ ကိုတောကျော်နဲ့ ဗုံရှည်တီးဝိုင်း ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဘာနဲ့မှ မလဲနိုင်ဘူးဆိုတဲ့ ကိုပန်းဖူးတို့ကတော့ အချင်းချင်း လေးစားမှုရှိတယ်။ လူချင်းလည်း ခင်တယ်။ အလုပ်ဘဝချင်းလည်း ဆက်စပ်တယ်။ လူသေတင်ရထားနောက်က ဗျိုင်းတောင်တီးဝိုင်းဟာ အတွဲအဖက်ပဲ။ ဝမ်းဆက်ပဲ။

            'လူတွေက တော်တော်ရယ်စရာကောင်းတယ် ကိုပန်းဖူးရေ၊ ကျုပ်တို့ကို ကျက်သရေမရှိဘူးချည်း ထင်နေကြတာကလား။ ဘယ်သူတွေကတော့ ကျက်သရေရှိနေတုံးဗျ။ လောဘ၊ မောဟ၊ ဒေါသတွေနဲ့ လူးကျံနေကြတာချည်းပါဗျာ။ သေရင်တော့လည်း ရောက်လာတတ်ကြသားဗျ။ ကျက်သရေ မရှိဘူးဆိုတဲ့ ကျုပ်လှည်းကြီးပေါ် စန့်စန့်ကြီးနဲ့။ အောင်မာ ကိုပန်းဖူးရေ၊ ခင်ဗျား တီးဝိုင်းကလည်း ပါ,ပါဦးမှ မသာ အထမြောက်သလိုလိုကိုးနော်'

            ထနောင်းခေါက်နဲ့ ချက်တဲ့ ချက်အရက်ကလေး မူးမူးလာရင် သည်စကားကို ကိုတောကျော် အမြဲပြောတတ်တယ်။ ကိုပန်းဖူးကလည်း ဒါဆိုရင် ပြုံးနေတော့တာပါ။ အကွက်အကွက် ထ,နေတဲ့ အနာပိန်းကြီးတွေကို လက်နဲ့ခွာရင်း ပါးပေါ်က သဖန်းသီးထ,နေတဲ့ အနာဖု ပြောင်တင်းတင်းကြီးတွေကို သူ့လက်တိုတိုကလေးတွေနဲ့ ပွတ်ရင်း တဟီးဟီး ရယ်နေတတ်တယ်။ ချွေးစေးတွေ ပြန်နေတဲ့ အရက်ဆီတက် မျက်နှာကြီးကို တဘက်ဟောင်းကလေးနဲ့ ပွတ်ရင်း သဘောကျနေတတ်တာလည်း ရှိရဲ့။

            'ဒါတင် ဟုတ်ပါ့မလား ကိုတောရဲ့၊ ဗုံရှည်ဝိုင်းက သီချင်းကလေးများ လုပ်ပါဦး ဆိုတာလည်း ပါရဲ့၊ ကောင်းကောင်း တီးပေးပါဦးဆိုတာလည်း ပါရဲ့။ ဗေ့ဗေ့ဗြိန်းထက် ဘာများထပ် ကျုပ်က တီးတတ်ရဦးမှာတုံး။ သင်္ချိုင်းဝရောက်ရင် ဗိန်းတိုက်ပါဦး ဆိုတာများတောင် ပါသေး၊ ဟေး ဟေး ဟေး'

            ရွာအနောက်က ကိုပန်းဖူး တဲကလေးထဲ မီးရောင် တလက်လက် တောက်နေတဲ့ ညတွေဆိုရင် သေချာတယ်၊ သူတို့နှစ်ယောက် ဆုံဖြစ်ကြတဲ့ ညတွေပဲ။ ကိုပန်းဖူးက ကိုတောကျော် လာလည်တော့မှ ဘယ်တော့မှ မထွန်းတဲ့ ရေနံတိုင် မီးခွက်ကို ထွန်းတယ်။ ကိုတောကျော် မလာတဲ့ ညတွေ ဆိုရင်တော့ ယောင်လို့တောင် မထွန်းလေဘူး။ မှောင်ကြီးထဲ နေလိုက်တာပါပဲ။ ညောင်ရွက်သံတရှဲရှဲ၊ မီးရောင်နီကြင်ကြင်၊ ချက်အရက်နံ့ တထောင်းထောင်းနဲ့ ညတွေဟာ ကျက်သရေမရှိတဲ့ လူနှစ်ယောက်ရဲ့ လွမ်းမောဖွယ် ညတွေပဲ ဆိုကြပါစို့။ တစ်ယောက်ဘဝကို တစ်ယောက်က သိတယ်။ တစ်ယောက် အခက်အခဲကို တစ်ယောက်သိတယ်။ တစ်ယောက်ပြဿနာကို တစ်ယောက်က နားလည်တယ်။ အင်မတန် ကျဉ်းမြောင်းတဲ့ လူမှုရေးဘဝ၊ ပေါင်းသင်းဆက်ဆံရေးဘဝ၊ ပူးပေါင်းနေထိုင်ခြင်း ဘဝထဲကချင်း ဖြစ်ပေမဲ့ သူတို့မှာ ပြောစရာတွေ မကုန်နိုင်အောင် ရှိတယ်။ ဆွေးနွေးစရာတွေ တစ်ထွေးကြီး ရှိနေတတ်တယ်။

            သည်လိုနဲ့ သည်မြို့ကလေးရဲ့ ကျက်သရေမရှိတဲ့ ရထားတစ်စီးနဲ့ မင်္ဂလာမရှိတဲ့ ဗုံရှည်ကြီး တစ်လုံးနဲ့ဟာ ထနောင်းခါးခါး အရက်ညတွေမှာ စကားတွေ ပြောဖြစ်ကြတာ၊ ဆုံဖြစ်ကြတာ၊ တွေ့ဖြစ်ကြတာ နှစ်ပေါင်းပဲ ကြာလှပေါ့။ ရှိရောပေါ့၊ အနှစ် နှစ်ဆယ်ပျော့ပျော့တော့။

            ၂။

            သည်မြို့ကလေးမှာ မြင်းလှည်းကို ရထားလို့ ခေါ်ကြတာ ပြောခဲ့ပြီ။ မြင်းနဲ့ဆွဲတဲ့ ရထားတွေပေမဲ့ ကျန်တဲ့မြင်းလှည်းတွေက မြင်နေကျ၊ တွေ့နေကျ၊ သူသူ ငါငါ ခရီးခတင်းသွားရင် စီးနေကျ မြင်းလှည်းတွေပါ။ မြို့ကလေးရဲ့ ဈေးဝ တမာပင်တွေအောက်မှာ စုရပ်အဖြစ် ရပ်ထားတတ်ကြတဲ့ မြင်းရထားတွေပေါ့။ မြင်းချေးနံ့ တသင်းသင်း၊ မြင်းနှာမှုတ်သံ တခွီးခွီး၊ မြင်းခွာရှပ်သံ တဖျပ်ဖျပ်နဲ့ မြင်းရထား တော်တော်များများ ရှိနေတတ်တယ်။

            ပြောချင်တာက သည်မြင်းရထားတွေကတော့ ဈေးရှိရာ၊ လူတွေနေထိုင်ရာ၊ လူတွေနဲ့ အင်မတန် နီးတဲ့နေရာမှာ နေခွင့် နားခွင့် ရကြပေမဲ့ ကိုတောကျော်ရဲ့ ရထားကတော့ မြင်းနဲ့ ဆွဲရတဲ့ ရထားမှန်ပေမဲ့ ဈေးဝသွားရပ်နေလို့ မရတဲ့ ရထား။ လူတွေကြားထဲ ခပ်တည်တည်နဲ့ သွားထားလို့ရတဲ့ ရထားမျိုး မဟုတ်တော့ ရှေးဟောင်းစေတီပျက်ကြီး တစ်ဆူနဲ့ သိမ်ဟောင်းကြီးတစ်ဆောင်သာရှိတဲ့ စေတီဟောင်း ပရိဝုဏ် တစ်ခုထဲ ထားရတာပါ။

            ဟိုခေတ်ကတော့ ခုခေတ်လို ကျောင်းနဲ့အိမ်၊ ဆရာနဲ့ ဒကာ သန့်သန့်ခြားခြား နေရတဲ့ခေတ် မဟုတ်တော့ ထွေးရော ယှက်တင်ပါပဲ။ ကျောင်းဝတ္တက မြေထဲ လူနေတဲတွေ ထိုးနေကြတာလည်း မနည်းဘူး။ သည်ဝတ္တက မြေထဲမှာ သီးပင်တောကြီးတစ်တော ရှိတယ်။ သီးသီးတွေ ညွတ်နေအောင် သီးတတ်တဲ့ သီးပင်တွေဆိုတာ မြင်မကောင်းအောင် ခပ်စိပ်စိပ် ပေါက်နေတာကလား။ နောက်ထန်းပင်လေး,ငါးပင် ရှိတယ်။ ကျန်တာက ဟိုက သည်က အိမ်ခြေရာခြေမရှိလို့ ရောက်လာ ကြတဲ့ တဲကလေးတွေ။

            ကိုတောကျော်က အဲသည် တဲတွေထဲက တစ်တဲမှာ နေတယ်။ သူ့ရထားကြီးကတော့ တဲရှေ့သီးတောကြီးထဲက မြေကွက်လပ်မှာ လက်တံနှစ်ချောင်း မိုးထောင်ပြီး ထားတတ်တယ်။

            သည်ရထား လက်တံနှစ်ချောင်းသည်လို မိုးပေါ်ထောင် ထားတာကလည်း တစ်ခါက ပြဿနာ ဖြစ်ဖူးတယ်။ မြို့ကလေးက လူကြီးတချို့ စေတီဟောင်းအနားက ဆရာတော့်ကျောင်း ရောက်လာပြီး လျှောက်တာပါ။

            'တောကျော်ရဲ့ မသာရထားက လက်တံတွေ မိုးပေါ်ထောင်ထားတာ မြို့မှာ ကျက်သရေမရှိဘူးလို့ တပည့်တော်တို့ကတော့ ထင်တာပါပဲ ဘုရား။ နာရေး ဒုမင်္ဂလာကို လက်တံ နှစ်ချောင်းထောင်ပြီး မျှော်နေတာမျိုးနဲ့ တူနေလို့ အရှင်ဘုရား ခေါ်ပြီး ဆုံးမတော်မူစေချင်ပါတယ်' ပေါ့လေ။ သည်တော့ ဆရာတော်ကြီးက ချက်ချင်းပဲ ကိုတောကျော်ကို ခေါ်ခိုင်းလိုက်တယ်။ အများရှေ့မှာပဲ သည်ကိစ္စကို မေးတယ်။ ဆရာတော်ကြီးကတော့ ဘယ်သူ့ဘက်က မှ မလိုက်ပါဘူး။ ဒါကိုလည်း အရေးတကြီး ကိစ္စရယ်လို့ တရားရှိသူပီပီ တွေးနေတာ မဟုတ်ပါဘူး။

            ဒါပေမဲ့ တစ်ဖက်က ပြောလာတော့ နှစ်ဖက်သင့်မြတ်တာ ကောင်းတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခေါ်တာပါ။ ကိုတောကျော် ရောက်လာတယ်။ ဘုရားကို ဝတ်ပြုတယ်။ ဆရာတော်ကို ဝတ်ပြုတယ်။ ဆရာတော် ရှင်းပြတာ နာယူ၊ ပြီးတော့မှ လူတွေကို တစ်ချက်မှ မကြည့်ဘဲ ပြန်လျှောက်တယ်။

            'တပည့်တော်ရဲ့ ရထားလက်တံတွေက မြို့ရဲ့ ပြဿနာ ဖြစ်နေတာ တပည့်တော် စိတ်မကောင်းပါဘူး ဘုရား။ တစ်လောက တပည့်တော့် ရထားလက်တံတွေ မြေပေါ်စိုက်ထားတော့ ဒါလည်း မင်္ဂလာမရှိဘူး၊ မသာရထား မြေကျင်းတူးတာနဲ့ တူနေတယ်လို့ လူတွေက ပြောကြတာပါပဲ။ တပည့်တော် ဘယ်လိုထားရမှာလဲ ဘုရား၊ အမိန့်ရှိတော်မူပါ'လို့ လျှောက်လိုက်တော့ လူကြီး တချို့လည်း ဘာမှ မပြောနိုင်တော့ဘူး။ ရထားလက်တံတွေ ထောင်ပြီး နာရေးမျှော်တာထက်စာရင် မြေကျင်းကို ရထားလက်တံတွေက တူးနေတာမျိုးနဲ့ တူနေတာက ပိုဆိုးတယ်ဆိုတာ သိသွားကြတယ်။

            ရထားလက်တံတွေကို မိုးပေါ်ထောင်တာကို ခွင့်ပြုလိုက် ကြရတယ်။ နှစ်ဦးနှစ်ဖက် အားလုံး သဘောတူကြတော့မှ ဆရာတော်ကြီးက ကမ္မဋ္ဌာန်း ဘာဝနာတရားကို ဟောတယ်။ မမြဲတဲ့ သင်္ခါရသဘောကို ဟောတယ်။ လူ့ခန္ဓာကို အပိုင်းပိုင်းဖျက်ပြီး ရှုကြည့်ဆင်ခြင်ရတဲ့ အသုဘကမ္မဋ္ဌာန်းကို ဟောတယ်။ အယူစွဲ၊ အမှတ်စွဲ၊ ဒိဋ္ဌိစွဲ၊ တဏှာသတ်ရာသတ်ကြောင်း တရားတော်ကို ဟောတယ်။ မြို့က လူကြီးတွေလည်း ရထားလက်တံ မိုးထောင်တဲ့ကိစ္စလာရင်းက တရားပါ နာသွားကြရတယ် ပြောပါတော့။

            လူတွေကတော့ အမျိုးမျိုး ပြောကြတာပေါ့လေ။ ကိုတောကျော်မှ ရထားမောင်းကို ဆေးသုတ်ရင်သုတ်လို့၊ စက္ကူပန်းတွေ ညှပ်ပြီး ကပ်ရင်ကပ်လို့၊ ရထားကို အလုပ်မရှိ အလုပ်ရှာ သ,နေရင် သ,နေလို့ ပြောကြတာပါပဲ။ ပြောလည်း ပြောစရာ ပေါ့လေ။ ကိုတောကျော်ကလည်း သူသာ တစ်ပတ်တစ်ခါ ရေမချိုးရင် ရှိရမယ်၊ သူ့ခေါင်းက သျှောင်ထုံးကို ဝါးဘီး တစ်ချောင်းနဲ့ ရှင်းဟယ်လင်းဟယ် မရှိရင်သာ နေရမယ်၊ အုန်းဆီကလေး ဆီမွှေးကလေး မလိမ်းချင် နေရမယ် ရထား ကြီးကိုတော့ မနက်တိုင်း သ,တယ်။ ဇရပ်ဟောင်း အရိပ်မှာ တစ်ခါတစ်ခါ နေကုန်နေခန်း မသာရထား မက္ကင်းနစ် လုပ်ချင်လုပ်နေတတ်တယ်။ ဘီးတွေဖြုတ်ပြီး စစ်ဆေးချင် စစ်ဆေး နေတတ်တယ်။ စုတ်တံဟောင်း တစ်ချောင်းနဲ့ ဆေးပြာဆေး ဝါ သုတ်ချင် သုတ်နေတတ်တယ်။ ရထားဝင်ရိုးထဲ လှည်းဆီဟောင်းတွေ ထိုးချင်ထိုးနေတတ်တယ်။ ဘာမှ လုပ်စရာမရှိရင် ရထားဆွဲတဲ့ မြင်းပိန်ကို ပွတ်သပ်ပေးချင်ရင် ပေးနေတတ်တယ်။

            ရထားကိုမှ ပြုစရာပြင်စရာ မရှိဘူးဆိုရင်တော့ သူ့နှမ ဒုက္ခိတကို ပြုစုနေတတ်တာလည်း ကိုတောကျော်ရဲ့ ရှားရှားပါးပါး နူးညံ့မှုတစ်ခုပေါ့လေ။ ထနောင်းခါး အရက်ကလေး တထွေထွေနဲ့ မူးနေတတ်တဲ့ သျှောင်တစောင်းနဲ့ လူကြမ်းကြီးက သူ့နှမလေးကိုတော့ ချစ်ရှာတယ်။ သူ့နှမကလည်း ဒုက္ခိတ ဆိုပေမဲ့ မီးယပ်ကျိုး၊ မီးယပ်ချည့် အိပ်ရာထဲ ပုံလဲနေတာမျိုး မဟုတ်ပါဘူး။ မျက်စိမမြင်တာ။ ငယ်ငယ်ကတည်းက ဘဝ ပေးအကျိုး မကောင်းတဲ့ နှမကလေးကို တယုတယ ရှိခဲ့တယ်။

            သည်မြို့ကလေးက လူတွေက ကိုတောကျော်ရဲ့ နှမလေး အပေါ် ချစ်ခင်ယုယတာကိုတော့ မလွှဲသာမရှောင်သာ စကားရောက်ရင် အသိအမှတ်ပြုတတ်ကြတယ်။ နှမကလေး အိမ်သာ သွားဖို့ ဝါးလုံးတန်းကလေး လုပ်ပေးတာ၊ ရေချိုးခုံကို သွားဖို့ ကြိုးတန်းပေးထားတတ်တာ၊ စားကောင်းသောက်ဖွယ်ရာ ရှားရှားပါးပါးရှိရင် သူ မစားဘဲ နှမလေးဖို့ ယူလာတတ်တာ၊ တစ်ခါတစ်ခါ စေတီဟောင်းရိပ်မှာ သူ့နှမလေးရဲ့ ခေါင်းကို အုန်းဆီလိမ်းပေး၊ ခေါင်းဖြီးပေး၊ သန်းရှာပေး လုပ်တတ်တာ တွေကအစ မြင်နေကြရတာကိုး။

            သည် မျက်မမြင် နှမလေးကို သူ့တစ်ဦးတည်းသော မိတ်ဆွေ ဗုံရှည်ဆရာ ကိုပန်းဖူးက တစ်ခါတစ်ခါ ထနောင်း ခါးရည် မူးပြီး လာရင် ရိသဲ့သဲ့ လုပ်တတ်တာကိုလည်း သူသိသားပဲ။ ဒါကတော့ သူ စိတ်မဆိုးဘူး။ သဘောတူလို့တော့လည်း မဟုတ်ဘူး။ လူယောကျ်ားတစ်ယောက်က လူမိန်းမ တစ်ယောက်ကို ချစ်ခင်နှစ်သက်ခွင့် ရှိတယ်ဆိုတာလောက်တော့ သူ သဘောပေါက်တယ်။ ဒါပေမဲ့ သူ တစ်ခါက သူ့ ဘက်က သဘောထားကိုတော့ ကိုပန်းဖူး သိအောင် ပြောဖူးတယ်။

            'ကျုပ် နှမလေးက ဒုက္ခိတဗျ ကိုပန်းဖူးရဲ့၊ သည် ဒုက္ခိတ မကို နောက်ထပ် ဒုက္ခိတထီး တစ်ယောက်နဲ့ ပေးစားဖို့ဆိုတာ ကလည်း ဘယ်လို သွားဖြစ်မှာတုံး။ ကျုပ်နှမလေး ရှိနေသရွေ့ ကျုပ်လည်း အိမ်ထောင်မပြုဘူး။ သူလည်း မပြုရဘူး'

            ဆိုတော့ ကိုပန်းဖူးက သိမ်ပြီး ကွေးကောက်နေတဲ့ သူ့ လက်ကလေးကို တဘက်နဲ့ ဖျတ်ခနဲ ကာရင်းက ပြုံးတယ်။ တိုနေတဲ့ လက်ချောင်းကလေးတွေကို တဘတ်နဲ့ ဖုံးရင်းက ပြန်ပြောတယ်။

            'သူ့နှမ ကိုယ့်နှမ ချစ်ခင်ဖို့ လိုသာပါဗျာ။ မဟာပဒုမ ပေါင်တိုကြီးတောင် ရှင်ဘုရင့်မိဖုရားနဲ့ ညားဖူးတာပဲဥစ္စာ။ ခင်ဗျားလည်း မသာရထား မောင်းနေသူပဲ၊ သေခြင်းတရားဆိုတာ ပြောလို့ရတာ မဟုတ်ဘူး။ ကိုင်း ခင်ဗျားက အရင် သေပါပြီတဲ့။ ခင်ဗျားနှမကို ဘယ်သူ စောင့်ရှောက်မှာတဲ့တုံး'

            ဗုံရှည်ဆရာ ကိုပန်းဖူးက ချက်နဲ့လက်နဲ့ စောဒက တက်လိုက်တော့ ကိုတောကျော် ရုတ်တရက် ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူးပေါ့လေ။ သူ ရယ်တယ်။ အားရပါးရကြီး ရယ်တယ်။ ထနောင်းခါးရည် တစ်ခွက် စွပ်ခနဲ သောက်လိုက်ပြီးတဲ့အထိ မရပ်မနား ရယ်တယ်။ သည်ရယ်သံကို အတွင်းခန်းက သူ့နှမကြားတော့ တော်တော် စိုးရိမ်သွားတယ်။ သူ့အစ်ကို ကိုတောကျော် အဲဒီလို အသံမျိုးနဲ့ ရယ်ရင် အင်မတန် ကြီးမားတဲ့ အန္တရာယ်တစ်ခုခု ကျရောက်လာတော့မယ် ဆိုတာ အတွေ့အကြုံတွေအရ သိနေတာကိုး။

            ဒါပေမဲ့ ဒီကိစ္စဟာ ဒီမှာတင် ပြီးသွားတယ်။ စကား အကြောင်းအရာဟာ တခြားတစ်ဖက်ကို ပြောင်းသွားတယ်။ ကိုတောကျော်ရဲ့ တဲကလေးဆီသို့ ရှားရှားပါးပါး လာတတ်တဲ့ ကိုပန်းဖူးဟာ သည်စကားမျိုးကို နောက်ထပ် ဘယ်တော့ မှ မပြောတော့ပါဘူး။ မလွှဲသာမရှောင်သာ ရောက်လာရင်လည်း ကိုတောကျော်ရဲ့ ဒုက္ခိတနှမကို ခိုးကြောင်ခိုးဝှက် မသိမသာ ကြည့်တာကလွဲရင် သည်အကြောင်း စကားအရောက် မခံတော့ဘူး။

            တစ်ခါတော့ ဘာစိတ်ကူးရတယ် မသိဘူး၊ ကိုတောကျော်က ကိုပန်းဖူးတဲထဲကို လာလည်ရင်း ပြောတယ်။ ကိုပန်းဖူးက ဗုံရှည်ကြီးက သားရေနန်းကြိုးတွေကို ရေလှည့်ရင်း သံချောင်းတစ်ချောင်းနဲ့ ဆွဲဆွဲတင်းနေချိန်ပါ။ လက်တိုကလေးတွေကို ဆုပ်ရင်း တဗိန်းဗိန်း တီးကြည့်လိုက်၊ ဆွဲတင်းလိုက် လုပ်ရင်းနဲ့ နားထောင်တယ်။ ပြီးတော့မှ မအုန်းမယ် ဆေးလိပ် မီးညှိရင်း ကိုတောကျော်ကို ကြည့်တယ်။ တစ်ဖွာ နှစ်ဖွာ ဖွာပြီးတော့ နန်းပြန်ဆွဲတယ်။

            'ကိုပန်းဖူး၊ ခင်ဗျား သေရင် သည်ဗုံကြီးကို ဘယ်သူ့ ပေးခဲ့မှာလဲ၊ စဉ်းစားဖူးလား။ ကျုပ်လည်း တစ်ခါတစ်ခါ စဉ်းစားတယ်၊ ငါသေရင် သည်ရထားကြီး ဘယ်သူ့ပေးခဲ့ရ မလဲလို့လေ။ ကျုပ်နှမလေးက အရင်သေရင် အကြောင်း မဟုတ်ဘူး။ ကျုပ်က အရင်သေရင် မျက်မမြင်နဲ့ ရထားတစ်စင်းဟာ ဘယ်လိုမှ အဓိပ္ပာယ် မရှိတော့ဘူးနော'

            'ကျုပ်က သေရင် ကျုပ်ဗုံရှည်ကြီးပါ မြေကျင်းထဲ ထည့်မြှုပ်ပေးဖို့ စာရေးခဲ့မှာဗျ။ ကိုတော၊ ခင်ဗျား ဘာတွေ သောက ပွားနေတာတုံး။ ကျုပ်တို့လည်း ဘုန်းကြီးကျောင်း နေခဲ့ကြတာပဲ။ လောကကပဲ ပြုပြင်စီမံသွားမယ့် အရာချည်းပါ မိတ်ဆွေရာ၊ နေရတုန်း ကောင်းကောင်း နေစမ်းပါ ကိုယ့်လူရဲ့'

            ကိုတောကျော် သူ့ခေါင်းသျှောင်တစောင်းကြား တရွရွ ထိုးနေတဲ့ သန်းတွေကို တဗျင်းဗျင်း ကုတ်ရင်းက ခပ်ဝေးဝေးက နေကြာခင်းတွေကို ငေးနေတယ်။ နေကြာပွင့် ဝါဝါတွေက တစ်မျှော်တစ်ခေါ်ကြီး ပွင့်ကြလို့။ မြစ်နားတန်းရေးရေးကိုလည်း မြင်နေရရဲ့။ နေဝင်ရီတရော အလင်းရောင်နဲ့ နေကြာပန်းတွေဟာ ခါတိုင်းထက် ဝါတောက်နေတယ်လို့ ထင်နေရတယ်။ စားကျက်ပြန် နွားအုပ်တွေကြောင့် ကျောင်းလမ်း ဟောင်းဆီက ဖုန်တွေ တထောင်းထောင်း။

            'ဟိုတစ်ခါ ခင်ဗျား ကျုပ်နှမလေးအကြောင်း ပြောတုန်းက ကျုပ် တော်တော် စိတ်ထိန်းလိုက်ရတယ်။ ခင်ဗျားကိုရော၊ ခင်ဗျား ဗုံရှည်ကြီးကိုပါလာပြီး ကျုပ်က ရိုက်ချိုးပစ်မိတော့ မလို့။ နောက်တော့ စဉ်းစားတယ်။ ခင်ဗျား ပြောတာ မှန်ပါတယ်၊ ကျုပ် အရင်သေရင် ဘယ်လိုလုပ်မလဲနော'

            ကိုပန်းဖူးကတော့ သူနဲ့ သူ့ဗုံရှည်ကြီးကို ရိုက်ချိုးမိတော့ မလို့ဆိုတာ ကြားလိုက်တော့ ကြက်သီး ထ,သွားတယ်။ ဗုံရှည်ကြီးကို ဆွဲရင်းက ယောင်ပြီး ဗြိန်းဗြိန်းနဲ့ မြည်အောင် တီးလိုက် မိသေးတာသာ ကြည့်တော့။ ကပျာကသီ တဘက်ဟောင်းနဲ့ မျက်နှာသုတ်လိုက်သေးတယ်။ ပြီးတော့မှ ကိုတောကျော်ရဲ့ မျက်နှာကို မော့ကြည့်တယ်။

            ကိုတောကျော်ကတော့ ဘာမှမဖြစ်သလို မျက်နှာမျိုးနဲ့ ပြောနေတာပါပဲ။ ငေးရင်းက ပြောနေတာ။ ကိုတောကျော် ပြောနေတယ်တောင် မထင်ရဘူး။ နာနာဘာဝတစ်ကောင်က ပြောနေတာမျိုး။ သည်တော့မှလည်း နှစ်ပေါင်းများစွာ ပေါင်းလာတဲ့ ကိုတောကျော်ကို ကိုပန်းဖူး သေသေချာချာ ကြည့်မိတော့တယ်။ လူက ရုပ်ကြမ်းကြမ်း၊ မျက်ခုံးကောင်းကောင်းရယ်။ သျှောင်တစောင်းကြီးက ဆံပင်တွေက သိပ်မကောင်းလှတော့ပါဘူး။ ပြီးတော့ ဆံနီကြောင်တွေနဲ့။ နှုတ်ခမ်းမွေးစစ၊ နှာခေါင်းလန်လန်နဲ့ အမြဲတမ်း သွားနှစ်ချောင်း ပေါ်နေတတ်တဲ့ နှုတ်ခမ်းတွေက ရယ်ကျဲကျဲဟန် ဖြစ်နေပေမဲ့ မျက်လုံးတွေကတော့ သွေးအေးအေးနဲ့ ရက်စက်တတ်တဲ့ မျက်လုံးတွေလို့ ကိုပန်းဖူး ထင်တယ်။

            ပြီးတော့ သူတို့ မောင်နှမနှစ်ယောက် ဘယ်ကဘယ်လို သည်မြို့ကလေးကို ရောက်လာတာလဲဆိုတာ မြို့ကလေးက မသိဘူး။ မြို့ကတောင် မဟုတ်ပါဘူး၊ ကာလတော်တော် ကြာကြာကတည်းက ပေါင်းသင်းနေတဲ့သူတောင် မသိဘူး။ သူနဲ့ ခင်မင်စအချိန်ကတည်းက ကိုတောကျော် ဒုမင်္ဂလာ လှည်းကြီးတစ်စီး ပိုင်နေခဲ့ပြီ။

            'ကျုပ်လည်း လူသားပဲ ကိုပန်းဖူးရယ်၊ အိမ်ထောင် သားမွေး မလုပ်ချင်ဘဲ နေပါ့မလား။ မိုးမကောင်း ချောင်းမစီး ဘဝမျိုးနဲ့ ဘယ်သူကကော နေချင်မှာလဲ။ တစ်ခါတစ်ခါ ကျုပ်ဘဝကို နားလည်တဲ့ မိန်းမတစ်ယောက်တော့ လောကထဲ ရှိမှာပဲလို့ ကျုပ် ထင်နေမိတယ်။ မသာရထားမောင်းတဲ့ လူတစ်ယောက်ကို လင်တော်မယ့် မိန်းမပေါ့နော'

            စကားပြောရင်'နော''နော'နဲ့ထည့်ပြောတတ်တဲ့ ကိုတောကျော်ကတော့ ချောက်ချောက်ချားချား ပြောနေတုန်းပါ။

            ကိုပန်းဖူးက နည်းနည်းလေး မှောင်လာတော့ ရေနံတိုင် မီးခွက်ကို ထွန်းတယ်။ မီးကျီးခဲ နည်းနည်း စလောင်းဖုံးပဲ့ထဲ ကော်ထည့်ပြီး နနွင်းတက် လေး,ငါးတက် ထည့်လိုက်တယ်။ ငွေ့ငွေ့အူနေတဲ့ နနွင်းမှိုင်းတွေကြောင့် ခြင်တွေ ပြေးထွက်သွားတယ်။ သည်တော့မှ ထနောင်း အရက်ပုလင်းကလေး ချပြီး ကိုတောကျော်ကို ဧည့်ခံတယ်။

            'နေပါဦး၊ ကိုယ့်လူက ဘာပြောချင်တာတုံး၊ ဘာဖြစ်ချင်တာတုံး၊ ဘာတွေ စိတ်ကူးထားလို့တုံး'

            'ဘာမှတော့ ထွေထွေထူးထူး မရှိသေးပါဘူး။ မသာရှိမှ လှည်းတစ်ခေါက် သုသာန်ပို့ရတဲ့ဘဝ၊ မသာမျှော်ရတဲ့ဘဝကို ကျုပ်တော့ ငြီးငွေ့စ ပြုနေပြီ ကိုပန်းဖူးရေ။ ခက်တာက ကျုပ်နှမကလေးက ရှိသေးတယ်။ ကျုပ်ယူမယ့် မိန်းမက မကြည်ဖြူရင် ဘယ့်နှယ်လုပ်မလဲ။ ဒါလည်း ကျုပ်စဉ်းစား နေရသေးတာလေနော'

            'ကိုင်းပါ ကိုယ့်လူရာ၊ မိန်းမက ဘယ်မှာနေမှန်း မသိသေးဘဲနဲ့။ ကိုင်း ချလိုက်စမ်းပါဦး။ ခင်ဗျားနဲ့ကျုပ်က ဘဝတူ တွေပါဗျာ။ ကျုပ်ကလည်း ဘာထူးလို့တုံး။ ရောဂါသည်ရယ်။ ဘယ်မိန်းမက ကျုပ်ကို စာနာပြီး ယူမှာတုံး။ လောက မိန်းမ မရှိဘဲ နေလာကြမင့်ဟာ ဘာအရေးတုံး ကိုယ့်လူရဲ့'

            အဲသည်ညက သူတို့နှစ်ယောက်စလုံး သူတို့ဘဝမှာ တစ်ခါမှ ထည့်မစဉ်းစားဖူးတဲ့ မိန်းမအကြောင်း ပြောဖြစ်ကြတယ်။ ကိုပန်းဖူးကတော့ သိပ်မပြောရဲဘူးပေါ့လေ။ တော်တော်ကြာ ကိုတောကျော်က သူ့နှမ မျက်မမြင်ကို ရည်ရွယ်ပြီး ပြောတယ်ထင်မှာလည်း စိုးရသေးတာကိုး။ ကိုတောကျော်ကတော့ ဘာစိတ်ကူးရတယ် မသိဘူး ပြောလိုက်တာ ထောင်း ထ,လို့။ မိန်းမများ ရခဲ့ဖူးသလား မှတ်ရအောင် မိန်းမကျမ်းများ ကျေလိုက်တာလည်း လွန်ရော။ အဲသည်ညက တစ်ခါမှ မိန်းမအကြောင်း မပြောဖူးတဲ့ ကိုတောကျော်ကို ကိုပန်းဖူး မျက်လုံးအပြူးသားနဲ့ ကြည့်နေလိုက်တာ အကြာကြီး။

            ၃။

            သည်မြို့ကလေးမှာ သည်တစ်ခါ ဆုံးပါးသွားရသူကတော့ တော်တော် ထူးခြားသူလို့ပဲ ဆိုရတော့မှာပါ။ ကိုတောကျော်ဟာ ဘယ်တုန်းကမှ သူ့ရထားကို ခုလောက် အလှမဆင် ဖူးဘူး။ ဘယ်သူ့နာရေးကိုမှ ရထားကြီးကို သည်လောက်  မခြယ်သခဲ့ဖူးဘူး။ မို့အစ်နေတဲ့ မျက်လုံးတွေဟာ နီရဲနေတယ်။ အသံမထွက်ဘဲ ကျိတ်ငိုထားသလို ကိုတောကျော်ရဲ့ မျက်နှာ ကြီးဟာ ဖူးရောင် ပွထ,နေတယ်။ မြူနီစီပယ် ဈေးကလေးထဲက အကောင်းဆုံး စက္ကူတွေ၊ ရွှေရောင်ငွေရောင် ပန်းစက္ကူတွေကို ဝယ်ပြီး အလှပဆုံး ခြယ်သထားတာကိုပဲ ကိုတောကျော် မကျေနပ်နိုင်သေးဘူး။ ဒါပေမဲ့ သည်မြို့ကလေးမှာ နောက်ထပ်သည့်ထက် ဘာပိုရှိဦးမှာလဲ။

            'ဘယ်လိုဖြစ်ရတာလဲ ကိုတော။ ကျုပ်လည်း ဘာမှ မသိရပါလား။ ခင်ဗျားနဲ့ကျုပ် ဆိုတာ ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပါဗျာ။ ကလေးမ နေမကောင်းတာ ကျုပ်တော့ သိသင့်ပါတယ်။ ကိုင်းပြော၊ ကျုပ် ဘာလုပ်ပေးရမလဲ'

            ကိုပန်းဖူး ရောက်လာတော့ ကိုတောကျော် ပိုဝမ်းနည်း သွားတယ်။ တကယ့်တကယ်ကျတော့ သည်မိတ်ဆွေပဲရှိတာ မဟုတ်လား။ ကိုတောကျော်၊ ကိုပန်းဖူးနဲ့ ကိုတောကျော်ရဲ့ နှမ။ သည်ပေါင်းစည်းမှုကို လူ့အဖွဲ့အစည်းလို့ ခေါ်နိုင်တယ် ဆိုရင် လူသုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ သည်လူ့အဖွဲ့အစည်းမှာ လူတစ်ယောက် ပဲ့သွားခဲ့ပြန်ပြီ။ ကိုတောကျော်ရဲ့နှမ မျက်မမြင်ကလေးဟာ ညက ရုတ်တရက် သေတယ်။ ဘာကြောင့်မှန်း မသိဘဲနဲ့ကို သေတာ။ မနက်မိုးလင်းတော့ ကိုတောကျော် ရေနွေးအိုး ထ,တည်တယ်။ ပြီးတော့ ညက ကျန်တဲ့ ထမင်း ကြမ်းခဲကလေး အိုးကင်းပူတိုက်ပြီး နှမလုပ်သူကို နှိုးတယ်။ မရတော့ပါဘူး၊ မရနိုင်တော့ပါဘူး။ ကိုတောကျော်ရဲ့ နှမ ကလေးဟာ သူမ အင်မတန်ချစ်တဲ့ အစ်ကိုကိုရော၊ သူမအစ်ကို ကိုင်တဲ့ ဒုမင်္ဂလာရထားကြီးကိုရော၊ သီးပင်တောနဲ့ သိမ်ပျက်ကြီး စတဲ့ ကျင်လည်ရာ ပတ်ဝန်းကျင်ကို ထားရစ်ခဲ့ပြီး လူ့လောကထဲက ထွက်ခွာခဲ့ပြီ။ ကိုတောကျော်ဟာ ရုတ်တရက် ကြောင်စီစီတောင် ဖြစ်သွားခဲ့တယ်။ ပြီးတော့မှ ရှိုက်ကြီးတငင် ငိုချလိုက်တယ်။ လူတကာရဲ့ သေခြင်းတရားကို ရထားငှားခလောက် စိတ်မဝင်စားခဲ့တဲ့ ကိုတောကျော်၊ သူ့ရထားနောက်က ငိုကြီးရှိုက်ငင် ရှိခဲ့ကြသူတွေကို သည်းလွန်းရန်ကောရယ်လို့ အမြဲတမ်း ပြက်ရယ်ပြုခဲ့တဲ့ ကိုတောကျော်၊ လူပေါင်းများစွာ နေထိုင်ကြတဲ့ သည်မြို့ကလေးမှာ လူတစ်ယောက် သေဆုံး သွားတာဟာ ဆုံးရှုံးမှုရယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးတဲ့ ကိုတောကျော်။ သည်တစ်ခါတော့ သူ့အလှည့်ရောက်လာခဲ့ပြီ။ အေးစက်တောင့်တင်းနေတဲ့ သူ့နှမလေးရဲ့ အလောင်းကို အချိန် တော်တော်ကြာကြာ ပိုက်ပွေ့ထားတယ်။

            ကိုပန်းဖူးကတော့ ကိုတောကျော်ရဲ့ တဲကလေးထဲက ဖြုတ်စရာလေးတွေကို ကူညီဖြုတ်သိမ်းပေးတယ်။ မြင်းပိန်ကို အစာကျွေးတယ်။ သေသူကလေးမရဲ့ ဗြုတ်စဗျင်းတောင်းတွေကို စုစည်း သိမ်းထုပ်ပေးတယ်။ ပါးစပ်ကလည်း ကိုတော ကိုတောနဲ့ အားပေးတယ်။ အနားက ဆရာတော်ကို သွားလျှောက်တာတို့၊ သေမှုသေခင်းနဲ့ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို သွေးရိုးသားရိုး သေဆုံးကြောင်း သတင်းပို့တာတွေမှာလည်း ကိုပန်းဖူးပါပဲ။

            ကိုတောကျော်ရဲ့ နှမကလေးရဲ့ အသုဘကို ချတော့ လူသိပ်မပါဘူး။ အနားတဲစုကလေးက လူသုံး,လေးယောက်ရယ်၊ ကိုတောကျော်ရယ်၊ ကိုပန်းဖူးရဲ့ ဗုံရှည်ဝိုင်းက လူနှစ်ယောက် သုံးယောက်ရယ်ပဲ ပါတယ်။ ကိုတောကျော်က အလှတွေ ဆင်ထားတဲ့ရထားကို တစ်လှိမ့်ချင်း မောင်းတယ်။ ကိုပန်းဖူးက သူ့ဗုံရှည်ကြီးကို ပခုံးချိတ် တီးရင်းက ဘယ်အသုဘတုန်းကမှ မဆိုခဲ့တဲ့ ဗျိုင်းတောင်သီချင်းကို ဆိုတယ်။ ဆွေးဆွေးမြည့်မြည့်ကြီးကို ဆိုတာပါ။ ဒါဟာ ကိုပန်းဖူး မဖြစ်စကောင်း ဖြစ်စကောင်း ရည်ရွယ်ခဲ့ဖူးတဲ့ မိန်းကလေးရဲ့ တမလွန်ခရီးအတွက် အကောင်းဆုံး ဝန်ဆောင်မှုလို့လည်း ပြောနိုင်တာပါပဲ။ ကိုပန်းဖူးရဲ့ လက်သီးဆုပ်တွေက ဗုံရှည်ကြီး ရဲ့ သားရေမျက်နှာပြင်နှစ်ဖက်ကို ရိုက်ခတ်မိတိုင်း ထွက်လာ တတ်တဲ့ တဗြိန်းဗြိန်းမြည်သံဟာ ခါတိုင်းထက် ကျယ်လောင် နေတယ်တောင် ထင်ရရဲ့။ ကိုတောကျော်ရဲ့ ရထားကလည်း ခါတိုင်းအခေါက်တွေလို ကသုတ်ကရက် မဟုတ်တော့ပါဘူး။ တစ်ဘီးချင်း၊ တစ်ဘီးချင်း။

            အဲသည်ညက ကိုပန်းဖူး၊ ကိုတောကျော် လှည်းနဲ့ပဲ သီးပင်တောကို လိုက်လာခဲ့တယ်။ ကိုတောကျော်ရဲ့ လှည်းကြီး သင်္ချိုင်းကပြန်တော့ လှည်းပေါ်မှာ လူနှစ်ယောက်နဲ့ ဗုံရှည် ကြီးတစ်လုံးပဲ ပါလာတာကို လူတွေက အထူးအဆန်းလို ကြည့်တယ်။

            ကိုတောကျော်က သူ့ရထားကြီးကို မြင်းဖြုတ်ပြီး လက်တံ နှစ်ချောင်း မိုးပေါ်ထောင် ထားလိုက်တယ်။ မြင်းပိန်ကို သီးပင်တွေအောက်က မြင်းစာခွက်နား သွားချည်တယ်။ ပြီးတော့ စေတီပျက်ကြီးဘေးက အရိပ်မှာ ငူငူကြီးထိုင်နေတော့ ကိုပန်းဖူးကလည်း ထန်းကုလားထိုင်ဟောင်း လေးပေါ်မှာ ခဏမှေးတယ်။ တော်တော်ကြီးကို ကြာတော့မှ လှမ်းပြောတယ်။

            'ကိုပန်းဖူး၊ ကျုပ်နှမလေးသေတာ ကျုပ်တော်တော် စိတ်ထိခိုက်တယ်ဗျာ။ ကျုပ်က အစ်ကိုဆိုပေမဲ့ ဖအေလို စောင့်ရှောက်ခဲ့တာပါ။ သည်ကလေးမဟာ ဘဝတစ်လျှောက်လုံး စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်၏ ဆင်းရဲခြင်းနဲ့ နေခဲ့ရတယ်။ အသက်ရှင်ပေမဲ့ လူသေတစ်ယောက်လို နေခဲ့ရရှာတယ်။ ကျုပ်တော့ဖြင့် ဖြေလို့ကို မပြေနိုင်တော့ပါဘူး'

            'သြော် ကိုတောရယ်၊ မသာရထားမောင်းရတဲ့ ခင်ဗျားကို  ကျုပ်က တရားမပြဝံ့ပါဘူးဗျာ။ လူရယ်လို့ သေမှ ပါးစပ်လှုပ်ရတဲ့ ကျုပ်တို့အဖို့ သေခြင်းဆိုတာ ဆန်းလှတာတော့ မဟုတ်ပါဘူး။ ဆရာတော်ကြီး မိန့်သလို သေခြင်းတရားက တံခါးခေါက်မယ့် အိမ်ချည်းပဲ ဆိုသမို့လား။ လာပါ။ ကျုပ် တဲဘက်လိုက်ခဲ့ပါ။ ကျုပ် ဧည့်ခံပါရစေဦး'

            'ကျုပ်တော့ မသောက်တော့ဘူးလို့ ပိုင်းဖြတ်လိုက်ပြီ ကိုပန်း။ ဟောသည် ရထားကိုလည်း မမောင်းချင်တော့ဘူး။ ကျုပ် ရထားပေါ်မှာ သေခြင်းတရားက စီးနေတာ သေချာသွားပြီဗျ။ သည်ရထားကို ကျုပ် ကနေ့ညပဲ မီးဆိုက်ပစ်မယ်'

            လေပူကြီးတစ်ချက်ဟာ သီးပင်တွေကြားက ဖြတ်တိုက်သွားတယ်။ စေတီဟောင်းဆီက ဆည်းလည်းသံတွေဟာ လေကြောင့်ပဲ တချွင်ချွင် မြည်ဟည်းသွားတာကို နှစ်ယောက်စလုံး ကြားလိုက်ရတယ်။ မြင်းပိန်ဆီက အစာနှိုက်သံ၊ နှာမှုတ်သံ၊ ဒေါသတကြီး ကန်ကျောက်ပစ်လိုက် သံတွေကိုလည်း ကြားနေရရဲ့။ ကိုပန်းဖူးကတော့ ကိုတောကျော်ကို မယုံနိုင်သလို ကြည့်တယ်။

            'အဓိပ္ပာယ် မရှိလိုက်တာ ကိုတောကျော်ရယ်။ ခင်ဗျားနဲ့ ကျုပ် မရှိရင် ဟောသည်မြို့ကလေးဟာ ဘယ်မှာကိစ္စပြီးပါ့မလဲ။ ရထားတစ်စီးနဲ့ ဗုံရှည်တစ်လုံးရဲ့ တန်ဖိုးကို သည်မြို့ ကလူတွေက အသိအမှတ် မပြုပေမဲ့ သိတော့ သိကြပါတယ် ကိုယ့်လူရဲ့'

            'ခင်ဗျား ထင်လို့ပါ။ ခင်ဗျားနဲ့ ကျုပ် မရှိရင်လည်း ဖြစ်တာပါပဲ။ ရထားတစ်စီးနဲ့ ဗုံတစ်လုံးမပါဘဲ လူတွေ သုသာန်ကို ရောက်ကြလှပါပြီ။ ကျုပ်တို့ ရှိတာကမှ သေခြင်းတရားကို ခမ်းနားအောင် လုပ်ရာတောင် ကျသေးတယ်'

            'အဲသာ ကျုပ်ပြောသာပေါ့ ကိုယ့်လူရာ။ သေခြင်းဟာ ခမ်းနားဖို့လိုတယ်။ ကျုပ်ကတော့ အဲသလိုကို ယုံကြည်တယ် ကိုတော။ ဘာမှပြောမနေနဲ့။ ခင်ဗျားနှမလေး အသုဘချမယ် ဆိုတော့ ခင်ဗျားရထားကို ခင်ဗျား ပြင်ထားလိုက်တာ ကျုပ် တစ်သက် အဲလောက်လှတဲ့ မသာရထား တွေ့ဖူးပေါင်ဗျာ။ ကျုပ်ကလည်း ကျုပ်တစ်သက် ဘယ်တုန်းကမှ မဆိုခဲ့တဲ့ သီချင်း ကျုပ်ဆိုသာပဲ။ အဲသာကကော ဘာတုံး။ သေသွားပြီ ဖြစ်တဲ့ အလောင်းကို ခမ်းနားအောင် လုပ်သာလား။ သေခြင်း တရားကို ခမ်းနားအောင် လုပ်နေသလား'

            ညနေစောင်းတော့ ကိုတောကျော် မနေနိုင်တော့ဘူး။ ကိုပန်းဖူးရဲ့ အနောက်ခင်း နေကြာခင်းတွေထိပ်က တဲကလေးဆီကို ထွက်လာခဲ့တာပါပဲ။ ဗုံရှည်ကြီး လွယ်ပြီး ပြန်သယ်ရမှာ မလွယ်တော့ ကိုတောကျော်က သူ့ရထားကြီးကို ပြန်ဆင်ရတယ်။ ရထားပေါ်မှာ ကိုပန်းဖူးရဲ့ ဗုံရှည်ကြီးကို တင်ပြီး ရွာ့အနောက်ဘက် ပြန်မောင်းလာတယ်။ ရွှေရောင်ငွေရောင် စက္ကူတွေ တလက်လက်နဲ့ ရထားပေါ်မှာ ကိုပန်းဖူးက စန့်စန့် ကြီး အိပ်ရင်း လိုက်လာတာပါ။ မြို့ကလေးက လူတွေကတော့ ကျက်သရေမရှိတဲ့ လူနှစ်ယောက်ကတော့ လုပ်ချင်တိုင်း လုပ်နေတာပဲလို့ တွက်ကြဟန်နဲ့တူတယ်။ အပြင်းမောင်းလာတဲ့ ရထားဆီက ဖုန်မှုန့်တောင် အလွင့်မခံဘူး။ ခပ်ဝေးဝေးကိုရှောင်ရင်း တံတွေးတွေ ပက်ခနဲ ထွေးကြတယ်။ နေဝင်ရီတရောမှာ ကိုတောကျော်ရဲ့ ရထားကြီး ရွာ့အနောက်ဘက်ကို ဒုန်းစိုင်း မောင်းသွားတာ ဘာပါလိမ့်လို့ စူးစမ်းသူက စူးစမ်းတယ်။ စန့်စန့်ကြီးလှဲရင်း လိုက်လာတဲ့ ကိုပန်းဖူးကို ဘယ်သူများ ကူးစက်ရောဂါနဲ့ ရုတ်တရက် သေပါလိမ့်လို့ စဉ်းစားသူက စဉ်းစားတယ်။

            ရထားက ကိုပန်းဖူး တဲကလေးကို ကျော်ပြီး ဆက်မောင်း သွားတော့ ကိုပန်းဖူး လှဲနေရာက ထ,တယ်။ ဗုံရှည်ကြီးကို လက်တစ်ဖက်က ထိန်းရင်း ဘယ်များသွားနေပါလိမ့်လို့ တွေးတယ်။ ပြီးတော့မှ သဘောပေါက်သွားပုံနဲ့-

            'ကိုတော သင်္ချိုင်းထဲကိုလား။ ဘာပြုလို့ အသစ်ပြန်လုပ် ချင်ရသာတုံး ကိုယ့်လူရဲ့၊ ခက်ပါမင့်ကိုး။ သည်လူတော့'

            ကိုတောကျော်ဟာ ကိုပန်းဖူးပြောတာ မကြားပါဘူး။ သင်္ချိုင်းထဲ စွတ်ရွတ်မောင်းချလာတယ်။ သူ့နှမ မြေပုံကလေးဆီ မရောက်ခင် ရထားကို ရပ်ပြီး လမ်းလျှောက်သွားတယ်။ ကိုပန်းဖူးကတော့ မဆင်းဘူး။ ရထားပေါ်က စောင့်တယ်။ တော်တော်ကြီး ကြာတော့မှ ကိုတောကျော် ပြန်လာတယ်။ ရထားကို ကွေ့လိုက်ပြီး မြင်းကို ကျာပွတ်နဲ့ ရွှမ်းခနဲ ရိုက်လိုက် တယ်။ မြင်းဟာ ကျာပွတ်ဒဏ်ကို ရုတ်တရက် ခံလိုက်ရတော့ ဝုန်းခနဲ ဆောင့်ထွက်လိုက်တယ်။ ကိုပန်းဖူးကတော့ သိမ်ပြီး ကွေးနေတဲ့ သူ့လက်တွေနဲ့ ရထားအိမ်ကို လှမ်းကိုင်လာရင်း တစ်စုံတစ်ရာ မကြားတကြား ကျိန်ဆဲလိုက်တယ်။ သည်နောက်တော့...။

            ၄။

            ကိုတောကျော်ရဲ့နှမ မျက်မမြင်ကလေး သေတာပဲ ရှိရောပေါ့ သုံးနှစ်တော့။ နှမလေး သေပြီးတော့ ကိုတောကျော်လည်း ပိုပြီးတော့တောင် စုတ်တီးစုတ်ဖတ် နိုင်သွားတယ်လို့ ပြောရမှာပဲ။ သေသွားတဲ့ နှမကလေး လွမ်းလို့တော့လည်း  ဟုတ်မယ် မထင်ပါဘူး။ ခါတိုင်း စိတ်ကူးရရင် ဆီတရွှဲရွှဲ ရှိတတ်တဲ့ သျှောင်ကြီးဗွေက ခြောက်သယောင်းလို့။ နှုတ်ခမ်း မွေးစစက နှုတ်ခမ်းမွေးထူထူ ကုပ်ကွေးကွေးကြီးတောင် ဖြစ်လို့။ နှုတ်ခမ်းအပြင်ကို ထွက်နေတဲ့ သွားနှစ်ချောင်းကလည်း အသားစား သတ္တဝါတစ်ကောင်ရဲ့ သွားတွေလို ဝါထိန်လို့။ ဖျင်ကြမ်းအကျႌဟောင်းကြီးကလည်း ဟောင်းနွမ်း စုတ်ပြတ်လို့။ ရထားပို့စရာ မရှိရင် သီးပင်တောထဲချထားတဲ့ ထန်းကုလားထိုင်မှာ နေကုန်နေခန်း ထိုင်ချင်နေတော့တာကလား။ ထမင်းဆိုတာများ စားချင်တဲ့အခါစားတယ၊ မစားချင်ရင်လည်း အနပ်ပေါင်းများစွာ မစားဘူး။ ထနောင်းခေါက်ထည့် ချက်တဲ့အရက်တော့ ဝတ်မပျက် သောက်တယ်။ မနက်လည်း သောက်တယ်၊ ညလည်း သောက်တယ်။ ကိုပန်းဖူးနဲ့ဆုံရင် ပိုလို့တောင် သောက်ဖြစ်တာများတယ်။

            ကိုတောကျော်ရဲ့ စီးပွားရေးဘဝ မထင်မှတ်ဘဲ ပြောင်းသွားတာလည်း ပါ,ပါတယ်။ သည်မြို့ကလေးမှာ ကိုတောကျော်ရဲ့ မသာရထားမျိုး သုံးစီးပေါ်လာတာက စ,တာပဲ။ လူတွေ နေ့စဉ်စားတဲ့ ဆန်ရောင်းဝယ်တဲ့ အလုပ်နဲ့ လူသေရင် ပို့တဲ့ ရထားထောင်တဲ့ အလုပ်ဟာ တိမ်ကောဖို့ သိပ်ရှိတာ မဟုတ်ဘူးလေ။ ပြီးတော့ သည်ရထားမျိုးထောင်လို့ အမျိုးပါ ယုတ်ညံ့သွားတာ မဟုတ်ဘူးလို့ နှောင်းလူတွေက ယုံကြည်လာတာလည်းပါတယ်။ ဒါပေမဲ့ မြို့ကလေးထဲ ပေါ်ပေါ်ထင်ထင်ကြီး ထောင်ထားကြတာတော့ မဟုတ်ပါဘူး။ သူတို့လည်း ရွာစွန်ရွာဖျား လူမနီးသူမနီးမှာ နေကြရင်းက ထောင်ကြတာပါ။ ခါတိုင်း လူမှသေရင် ကိုတောကျော်ဆီကို ရောက်ကြရတဲ့ လူတွေဟာ ခုတော့ ကိုတောကျော် ဟုတ်ချင်မှ ဟုတ်တော့တာ။ ဈေးသက်သာတဲ့ဆီ ဒါမှမဟုတ် အလျဉ်းသင့်တဲ့ဆီ သွားလိုက်ကြတာပဲ။ သည်တော့ ကိုတောကျော်လည်း မသာရ နည်းလာတယ်။ သည်လိုနည်းလာတာဟာ ငွေရနည်း လာတာနဲ့ ဆက်စပ်နေတာပဲ မဟုတ်လား။ သူ့ရထားကြီး ထောင်စက မင်္ဂလာစကား၊ ကျက်သရေစကား၊ မြို့ရွာနာတယ် ဆိုတဲ့စကား ပြောကြသူတွေလည်း ခုတော့ အပြောနည်းကုန်ကြပါပြီ။ ဘာပဲဖြစ်ဖြစ် ကိုတောကျော် ကျေနပ်ပါတယ်။ သည်လိုဖြစ်လာတာကိုပဲ ဝမ်းနည်းနေတာ မဟုတ်ပါဘူး။ သည်လိုပဲ ဖြစ်ရမှာပေါ့။ သည်မြို့ကလေးက လူတွေအားလုံး ကိုယ်ပိုင် ရထားတစ်စီးစီ ရှိတော့ကော ဘာဖြစ်သလဲ။ သည် မြို့ကလေးမှာ သူတစ်ယောက်တည်း ရထားတစ်စီးတည်း ရှိတုန်းက စုခဲ့ဆောင်းခဲ့တဲ့ ပိုက်ဆံကလေး သူ့မှာ တော်တော် ကျန်သေးတယ်။ သူ့နှမကလေးနဲ့သူ ခြစ်ခြုတ်ခြိုးခြံစားရင်း စုထားဆောင်းထားခဲ့တဲ့ ရွှေစကလေး အနည်းအကျဉ်းတောင် ရှိတယ်။

            ကိုပန်းဖူးကတော့ ကိုတောကျော်ထက် ကံကောင်းနေသေးတယ် ဆိုရမယ်။ ကိုတောကျော်မှာ စီးပွားပြိုင်ရထားတွေ ပေါ်လာပေမဲ့ ကိုပန်းဖူးလို ဗုံရှည်သမားက နောက်ထပ် ပေါ်မလာသေးဘူး။ ဗုံရှည်တီးဝိုင်းပါမှ မသာအထမြောက်တယ်လို့ ယူဆထားတဲ့ မြို့ကလေးမှာ ကိုပန်းဖူးကတော့ မရှိမဖြစ် နေရာက မခွာရသေးဘူး။ ကိုပန်းဖူးကလည်း မဆိုးပါဘူး။ သူငယ် ချင်းအတွက် စီစဉ်ထားတာ ရှိတယ်။ သူ့ ဗုံရှည်ဝိုင်းကို အရင် လာငှားသူများရှိရင် ကိုတောကျော့် ရထားပါ သူစီစဉ်ပေးပါ့မယ် လုပ်တတ်တယ်။ ကာယကံရှင်က တခြားလူ၊ တခြားရထား ငှားထားပြီးသား ဆိုရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ။ ဒါကို ကိုတောကျော် သိတယ်။ ကျေးဇူးလည်းတင်တယ်။ ကိုပန်းဖူးက တစ်ဆင့်ငှားလို့ လိုက်ရတာကလည်း ရှိတတ်တာကိုး။

            ကိုတောကျော်နဲ့ ကိုပန်းဖူး နှစ်ယောက်စလုံးမှာ နောက်ထပ် ပြောင်းလဲသွားတာ ရှိသေးတယ်။ တချို့ ညနေခင်းတွေမှာ သမန်းကုန်းထန်းရည် သွားသွားသောက်ကြတာပဲ။ ခါ တိုင်းသောက်နေကျ ထနောင်းရည် အရက်ကလည်း သောက်တာ သောက်တာပေါ့လေ။ သမန်းကုန်း ထန်းရည်ကိုလည်း တချို့ညနေတွေမှာ သောက်ဖြစ်တယ်။

            သမန်းကုန်းဆိုတာ သူတို့မြို့ကလေးက အနောက်ဘက်  တော်တော်သွားရတဲ့ မြစ်နားတန်းရွာကလေး။ ထန်းတောညို့ ညို့ကြီးတွေ ရှိတယ်။ ထန်းရည်ဆိုင်ကလေးတွေ လေး,ငါး ဆိုင်ရှိတယ်။ သည်နယ်တစ်ဝိုက်မှာ သမန်းကုန်းထန်းရည်က နာမည်ကြီးရယ်။ ခပ်နောက်နောက် ပျစ်ချွဲချွဲနဲ့ ညှီစော်အောင် နံနေတယ် ထင်ရအောင်ကို ကောင်းတဲ့ထန်းရည်။

            ကိုတောကျော်နဲ့ ကိုပန်းဖူးရဲ့ ဆွေးရိပ်မျိုးရိပ် မကင်းသူတွေနေကြတဲ့ ရွာဆိုတော့ သူတို့မြို့ကလေးနဲ့ မတူဘူး။ သည် ရွာကလေးမှာတော့ သူတို့ကို လူတွေက ခင်တယ်၊ မင်တယ်၊ ပေါင်းတယ်။ ထန်းရည် အတူတူ သောက်တယ်၊ စကား အတူတူပြောတယ်။ တစ်ယောက်ဆေးလိပ် တစ်ယောက်ဖွာတယ်။ တစ်ယောက်ပြောစကား တစ်ယောက်က လေးလေးစားစား နားထောင်တယ်။ သည်မှာတော့ ကိုတောကျော်ဟာ မသာ ရထားပိုင်ရှင် မဟုတ်ဘူး။ ကိုပန်းဖူးကလည်း မသာ ဗျိုင်းတောင် တီးဝိုင်းဆရာမဟုတ်ဘူး။ ဒါတွေက သမန်းကုန်းမှာ ဘာမှပြဿနာမရှိဘူး။ သည်လူတွေ မြို့ကလေးမှာ ဒါလုပ် စားနေတာ ရွာက သိသားပဲ။ ဘယ်သူကမှ စကားစပ်လို့တောင် ထည့်မပြောဘူး။ သည်တော့ သူတို့နှစ်ယောက်စလုံးက စိတ်ချမ်းသာ ကြတာလည်း ပါတယ်။ လူတွေနဲ့ ကင်းကင်း ကွာကွာ နေတတ်ကြတယ်ဆိုဦးတော့ လူတွေနဲ့ ရင်းရင်းနှီးနှီး ထွေးရောယှက်တင် ဘဝကိုတော့ ဘယ်သူမဆို တပ်မက်ကြ သူချည်း မဟုတ်လား။ ဒါကတော့ တစ်ချက်ပေါ့လေ။

            နောက်တစ်ချက် ရှိသေးတယ်။ ဘာလဲဆိုတော့ သည်ရွာမှာ ကိုပန်းဖူးဘက်က ဆွေရိပ်မျိုးရိပ်မကင်းတဲ့ မိန်းမတစ်ယောက်ရှိတယ်။ သည်မိန်းမက အသက်တော့ ရနေပါပြီ။ မည်းမည်းကိုင်းကိုင်း စုတ်တိစုတ်ချွန်းထဲကပါပဲ။ လင်နှစ်ဆက် ရှိခဲ့ဖူးတယ်။ လင်နှစ်ယောက်စလုံး သည်မိန်းမနဲ့ ပေါင်းခါမှ သေကြတော့ ဘယ်ယောကျ်ားသားကမှ ထပ်မယူရဲတော့တဲ့ မိန်းမ။ တစ်ဝမ်းတစ်ခါးအတွက် အသက်မွေးဝမ်းကျောင်းတော့ တတ်ရှာသူပါ။ ပဲနုတ်တယ်၊ ကောက်စိုက် ကောက်ရိတ် တတ်တယ်၊ ဈေးရောင်းတတ်တယ်။ စကားသနာ ခြေခြေမြစ်မြစ် နားဝင်အောင် ပြောတတ်တယ်။

            ကိုတောကျော် အကြိုက်ဆုံးကတော့ သည်မိန်းမရဲ့ မျက်လုံးတွေပဲ။ မိန်းမတော်တော်များများရဲ့ မျက်လုံးတွေကို ကိုတောကျော် မြင်ဖူးပါရဲ့၊ သည်မိန်းမ မျက်လုံးတွေလောက် တောက်ပတာမျိုး မတွေ့ဖူးဘူးလို့ ထင်တယ်။ ရုပ်ရည်နဲ့ အသားအရေက စွဲမက်စရာ မရှိလှပေမဲ့ သည်မိန်းမရဲ့ ရှင်နေတဲ့ မျက်လုံးတွေကို ကိုတောကျော် တော်တော် သဘောကျတယ်။

            'နာမည်က မမြကြုတ်တဲ့ ကိုတောကျော်ရဲ့၊ ကျုပ်တို့ကတော့ မည်းကြုတ်လို့ ခေါ်ကြတယ်။ လင်သေတာတော့ နှစ်ယောက်ရှိပြီ ကိုယ့်လူရေ၊ နောက်ထပ် ဘယ်သူ မဲကျဦးမလဲ မသိဘူး'

            ကိုတောကျော်က မမြကြုတ်အကြောင်းချည်း မေးနေတော့ ကိုပန်းဖူးက အမျိုးပေမဲ့ မနေသာဘူး။ ကိုတောကျော်က သူ့နှမ မျက်မမြင်မလေးကို ကိုပန်းဖူး စကားစ,တုန်းက ပြူးပြူးပျာပျာ ဖြစ်ခဲ့သလောက် ကိုပန်းဖူးဘက်က အမျိုးကျတော့ ဟန်တောင် မဆောင်နိုင်တော့ဘူး။ ကိုပန်းဖူးကလည်း သူ့အလှည့်တစ်ကျော့ ရောက်လာပြီဆိုတာ သိပေမဲ့ ဘာမှ မဖြစ်ပါဘူး။ ဒါမျိုးက ဆန်းတာမှတ်လို့ကိုး။

            မမြကြုတ်ကလည်း ကိုတောကျော်ရဲ့ သရိုးသရီ မျက်လုံးတွေကို သိတာပါပဲ။ လင်နှစ်ယောက် ဗြောင်းဗြောင်းပြေး ရခဲ့ဖူးတဲ့ မိန်းမပဲ။ ဘယ်ယောကျ်ားက ဘာစကားပြောတယ်၊ ဘယ်မျက်လုံးက ဘယ်ကိုကြည့်တယ်ဆိုတာနဲ့ သိလိုက်သမှ။ ဒါပေမဲ့ မသိချင်ယောင်ဆောင်တယ်။ ကိုပန်းဖူး ရှေ့မှာ မလေးမစား မနေရဲတာလည်း ပါတယ်၊ ကိုတောကျော် ရဲ့ ရှေ့မှာ တလွှားလွှား လုပ်မပြချင်တာလည်း ပါတယ်။ တဖျပ်ဖျပ်တောက်နေတဲ့ သူ့မျက်လုံးတွေက ကိုတောကျော်ရဲ့ ရင်ကို တဖြန်းဖြန်း သွားထိနေပြီဆိုတာလည်း သိတာပါပဲ။ ပြီးတော့ မမြကြုတ်က ကိုယ့်အိမ်ကိုယ့်ရာနဲ့ တသီးတခြားနေတာ မဟုတ်ဘူး။ ဒုတိယလင် ဆုံးပါးသွားပြီးကတည်းက မိနဲ့ဘနဲ့ မောင်နဲ့ဖွားနဲ့ ပြန်နေရတာဆိုတော့ ကလက်တက်တက် နေလို့ မရတာလည်း ပါတာပေါ့လေ။

            'ကိုတော၊ ကိုတော မိန်းမကျမ်းကျေလှ မှတ်တယ်၊ မည်းကြုတ်နဲ့ကျတော့မှ အစိမ်းကလေး ဖြစ်နေပါမင့်ကလား ကိုယ့်လူရဲ့။ ကျုပ်က ကျုပ်အမျိုးပေမဲ့ သဘောတူပါ့မောင်ရာ။ ကိုတော သေရဲလို့ကတော့ ယူရုံပေါ့'

            ကိုပန်းဖူးက နောက်ပိုင်း အခေါက်တွေမှာ ပြောင်ပြောင် နောက်နောက် လုပ်လာတော့ ကိုတောကျော် လူကြမ်းကြီးက ရှက်တယ်။ နောက်ပိုင်းအခေါက်တွေမှာတော့ တစ်စတစ်စ ရင်းနှီးလာတာရော၊ ပြောရဲဆိုရဲ ရှိလာတာရော၊ မမြကြုတ် မြင်အောင် သူ့နှမလေး ရှိတုန်းက ဆွဲခဲ့တဲ့ ရွှေဆွဲကြိုးကလေး တပြပြ လုပ်တာရောဆိုတော့ မမြကြုတ်ကလည်း ငါးခြောက် ကလေး မီးဖုတ်ပေးလို့၊ အမဲခြောက်ကလေး ဆီပူထိုးပေးလို့ ဆိုတာမျိုး ဖြစ်လာတယ်။ ဆွေမျိုးမိဘတွေကတော့ ဘယ်ယောကျ်ားကိုမဆို မေတ္တာရှိလို့ ယူဝံ့လို့ ဒါမှမဟုတ် သံယောဇဉ်ရှိကြလို့ တတိယမြောက်လင် ယူချင်သေးသပဆိုရင်လည်း မမြကြုတ်ကိစ္စလို့ သဘောထားနိုင်ပေမဲ့ ကိုတောကျော်ကိုတော့ သဘောမတူကြဘူး။ သည်ရွာမှာ လူလူချင်း ပေါင်းသင်းဆက်ဆံတာမှာ သည်လူ ဘာလုပ်စားသလဲဆိုတာ ကြည့်လေ့မရှိတာ မှန်ပေမဲ့ သူ့နှမ ကိုယ့်နှမ မသာရထားမောင်းသူနဲ့ ပေးစားဖို့ ဆိုတာကတော့ ခက်သားကလား။

            'မြကြုတ်ရေ ကြည့်လည်းလုပ်ဟ၊ သျှောင်ကြီးဗွေကတော့ သမန်းကုန်းထန်းရည် ကြိုက်လှထင်ပါ့။ မြို့ပြန်တယ်တောင် တယ်မရှိလှတော့ဘူး။ မသာရထားများတော့ မစီးချင်ပါနဲ့ ငါ့နှမရာ'

            မောင်တွေ၊ အစ်ကိုတွေကတောင် သတိပေးလာရတဲ့အထိ ကိုတောကျော်ကလည်း သမန်းကုန်းထန်းရည် အကြောင်းပြနေလိုက်တာ ရထားလိုက်ရတယ်တောင် မရှိတော့သလောက်ပဲ။ ကိုပန်းဖူးကတော့ ဗုံရှည်ဝိုင်းငှားတဲ့နေ့ဆိုရင် မလိုက်ဖြစ်တော့ဘူး။ နှစ်ယောက်စလုံး ဝမ်းဆက်ငှားတဲ့နေနဲ့ ကြုံလို့ကတော့ သင်္ချိုင်းကိစ္စပြီးရင် ကိုပန်းဖူးအိမ်ရှေ့ ရထားကြီး ပစ်ထားခဲ့ပြီး သမန်းကုန်းကို လာတော့တာလေ။ ထားပါတော့။

            သည်လိုနဲ့ တစ်စတစ်စ နေလာရင်းက တစ်နေ့တော့ မမြကြုတ်ကို ကိုတောကျော် စကားပြောတယ်။ မမြကြုတ်ကလည်း မြင်ပါများပေမဲ့ မပြယ်နိုင်ဘူး။ သျှောင်တစောင်းနဲ့ ရထားသမားကို သူတို့ရွာ တစ်နှစ်ကလာတဲ့ မင်းသား အောင်သန်းစိန် အောက်မေ့နေပြီကိုး။ မမြကြုတ် မျက်ဝန်းတောက်တောက်ကြီးတွေနဲ့ စိုက်ကြည့်ရင် ကိုတောကျော် မနေနိုင်ဘူး။ သီးပင်တောထဲ ထန်းကုလားထိုင်တစ်လုံးနဲ့ နေကုန်နေခန်း ပျင်းပျင်းရိရိကြီး ထိုင်ခဲ့တဲ့ ကိုတောကျော် မမြကြုတ်နဲ့ကျတော့ အိမ်ရှေ့ကွပ်ပျစ်မှာ ပျင်းဖို့တောင် အချိန်မရဘူး။ ကိုပန်း ဖူးကလည်း ကိုတောကျော်ကို မှီပြီး သမန်းကုန်းထန်းရည် သောက်နေရတော့ သဘောတူတယ်လည်း မဟုတ်ဘူး။ မတူဘူးလည်း မဟုတ်ဘူး။

            ထားပါတော့။ ကိုတောကျော်နဲ့ မမြကြုတ် တစ်စတစ်စ ပိုပြီး နားလည်လာကြတယ်။ ကိုတောကျော် သမန်းကုန်းမှာ အိပ်ဖြစ်တဲ့ညတွေမှာ တိတ်တခိုး တွေ့ဖြစ်ကြတယ်။ အသက် ငါးဆယ်ကျော်မှ မိန်းမတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို စ, တွေ့တဲ့ ကိုတောကျော်ဟာ မမြကြုတ်နဲ့ တွေ့တော့ ကျောင်းသားသစ်ဖြစ်သွားတာပါပဲ။ မိန်းမကျမ်းကျေတယ်လို့ ကိုပန်းဖူးက ချီးကျူးခံရတဲ့ ကိုတောကျော် တကယ့်မိန်းမဆိုတဲ့ ကျမ်းစာအုပ်အဟောင်းတစ်အုပ်နဲ့ တွေ့တော့ သူသိထားတာတွေဟာ ဘာမှ မဟုတ်တော့ဘူး။ သမန်းကုန်း ညတွေမှာ ကိုတောကျော်က အသုဘရထားမောင်းသူ မဟုတ်တော့ဘူး။ နတ်သမီးကလေးတစ်ပါးကို ဝေဟင်ခရီးက ဆောင်ကြဉ်းလာတဲ့ နတ်ပန်းရထားမှူး ဖြစ်နေတတ်တယ်။ စိမ်းရွက်ညို ကြိုးကြာ က လရောင်ပြောက်တောက်ကျားတား ရောင်ခြည်ဝင်တဲ့ည တွေဆိုရင် မမြကြုတ်ရဲ့ မျက်လုံးတွေဟာ ကျောက်သံပတ္တမြား ခဲတွေသားကျလို့။

            'ဘယ့်နှယ်တုံး ကိုတောရဲ့၊ ကျုပ်နှမဝမ်းကွဲ မမြကြုတ်ကို စွဲမက်နေမင့်ထင်ပါရဲ့။ ခင်ဗျားကို ကျုပ်ပြောခဲ့သာကလား၊ ချစ်ခင်ဖို့က အဓိကပါလို့။ အဲသည်တုန်းက ခင်ဗျား လက်မခံခဲ့ဘူးနော်။ ဟုတ်စ။ ဒါပါပဲ ကိုယ့်လူရာ၊ သည့်ထက် ဘာမှ ပိုမရှိပါဘူး'

            ကိုပန်းဖူးက မြို့ကလေးရဲ့ သီးပင်တောထဲမှာ စကားနာ ပြန်ထိုးတော့ ကိုတောကျော် စိတ်တောင် မကောင်းဘူး။ သူ့ နှမလေးကိုလည်း ဖျတ်ခနဲ သတိရရဲ့။ လောကမှာ သူ့အလှည့် ကိုယ့်အလှည့်ဆိုတာ ရှိတယ်ဆိုဦးတော့ သူ့နှမလေးကို ကိုပန်းဖူးလို ရောဂါသည်နဲ့တော့ သဘောမတူခဲ့တာ တရားတယ်လို့ ထင်တယ်။ ဒါမျိုးနဲ့ ဝဋ်လည်မယ်ဆိုရင်လည်း လည်ပစေတော့လို့ တွက်ခဲ့ဖူးတယ်။ ကိုပန်းဖူးကို စွဲကပ်နေတဲ့ ရောဂါဆိုးကြောင့် သူ့နှမနဲ့ သဘောမတူခဲ့တာ ဆိုပေမဲ့ လူကိုတော့ ကိုတောကျော် ချစ်ခင်ပါတယ်။ သူနဲ့ ဘဝတူဖြစ်တယ်၊ လူ့အသိုင်းအဝိုင်းက ဝေးနေရတာချင်း တူတယ်။ အသက်မွေး ဝမ်းကျောင်းချင်း တူတယ်။ သူ့ထက်စာရင် ကိုပန်းဖူးက ပိုလို့တောင် သူ့အပေါ်မှာ ညှာတာတယ်၊ စာနာတယ်၊ အနစ်နာခံတယ်၊ ချစ်ခင်တယ်။ လေးစားတယ်လို့တောင် ပြောနိုင်တာလည်း သူ သိတယ်။ အခုလည်း မမြကြုတ်ကို ခိုးဖို့ အစီအစဉ်ကို အရက်ကလေး တထွေထွေနဲ့ ကိုပန်းဖူးပဲ ဆွဲနေပါပကော။

            'လပြည့်ကျော် နှစ်ရက်နေ့၊ သမန်းကုန်းရဲ့ တောင်ဘက် ရွာမှာ ဘုရားပွဲရှိတယ်။ မည်းကြုတ်တို့လည်း သွားလိမ့်မယ်။ အဲသည်ည ဘုရားဝင်းထဲက တံခွန်တိုင်အခြေမှာ မည်းကြုတ် စောင့်လိမ့်မယ်။ ခင်ဗျား လှည်းတစ်စီးသာ ငှားတော့'

            ကိုတောကျော် ရင်တွေတဆတ်ဆတ် ခုန်နေတယ်။ ကုပ် ကွေးကွေး နှုတ်ခမ်းမွေးကြီးတွေ အောက်က သွားနှစ်ချောင်း ထွက်နေတဲ့ နှုတ်ခမ်းတွေဟာ တဆတ်ဆတ်တုန်နေတယ်။ လပြည့်ကျော် နှစ်ရက်နေ့၊ ရွာဘုရားပွဲ၊ တံခွန်တိုင်အခြေက မိန်းမ။ သူက လှည်းတစ်စီးငှားရမယ် ဆိုပါကောလား။ ဘယ် သူ့လှည်းငှားရင် ကောင်းမလဲ။ ရွာထဲက မြင်းရထားတွေက ကော လိုက်ပါ့မလား။ လိုက်ရင်ကော စိတ်ချရပါ့မလား။ ပြီးတော့ လွယ်လွယ်ကူကူကော ဖြစ်ပါ့မလား။ လူအရှင်တစ်ယောက်ကို ခိုးယူရတာဟာ လူသေတစ်ယောက်ကို လှည်းနဲ့ သင်္ချိုင်းပို့ရတာမျိုး မဟုတ်ဘူး။ သူ ကြိုတင်ငှားရတဲ့ လှည်းကကော နှုတ်လုံရင် ကောင်းရဲ့။

            'ကောင်းပါပြီ ကိုပန်းဖူး၊ ကျုပ် လှည်းတစ်စီးတော့ ရှာရမှာပေါ့'

            အဲသည် ညက သောက်တဲ့ အရက်တွေဟာ ချိုမြိန်နေတယ်လို့တောင် ကိုတောကျော် ထင်တယ်။

            ၅။

            ရှားရှားပါးပါး ကျင်းပတဲ့ တောဘုရားပွဲမှာ လူတွေ အုတ်အော်သောင်းသဲ စည်ကားနေပေမဲ့ ဘုရားဝင်း တံခွန်တိုင်ကြီးအောက်က မိန်းမတစ်ယောက်ကို ရှာရတာ တော်တော် လွယ်ပါတယ်။ ကိုတောကျော် သိပ်အားမစိုက်ရဘဲ တွေ့တော့တာပါပဲ။ ဘုရားဝင်းထဲကနေ ပွဲတော်ကွင်းကိုဖြတ်၊ လူတွေ ကြားထဲက ခေါ်ထုတ်လာခဲ့တဲ့ မမြကြုတ်ဟာ သျှောင်ကြီးဗွေ ကိုတောကျော်ရဲ့ လက်ထဲမှာ အရုပ်ကလေးတရုပ်လို ပါလာခဲ့တယ်။ အသက်ငါးဆယ်ကျော်မှ မိန်းမခိုးရတဲ့ ကိုတောကျော် ထက် လင်နှစ်လင် သေဖူးတဲ့ မုဆိုးမနှစ်ထပ်ကွမ်း မမြကြုတ် က ပိုလို့တောင် ရင်ခုန်နေသေးတယ် ဆိုပါတော့။ ရွာပြင် မှောင်ရိပ်မှာ ရပ်ထားတဲ့ ရထားပေါ်ကို လှမ်းတက်လိုက်တဲ့ ခြေလှမ်းတွေက တတိယမြောက် အိမ်ထောင်မှုဘဝပေါ်ကို လှမ်းတက် လိုက်တာပါပဲကလားလို့ မမြကြုတ် တွေးတယ်။

            ဒါပေမဲ့ သည်ရထားဟာ ခါတိုင်းမြင်နေကျ ရပ်ထဲရွာထဲက ရထားမျိုးမဟုတ်တာ မှောင်ကြီးမည်းကြီးထဲမှာပေမဲ့ သတိထားမိသွားတယ်။ သည်ရထားက လူစီးတဲ့ရထား မဟုတ်ဘူး ဆိုတာ ချက်ချင်း သိသွားခဲ့တယ်။ လေးဖက်လေးတန် ဘောင် ခတ်ထားပြီး နောက်ဘက်က ပွင့်နေတဲ့ ရထားအိမ်ကို မြင်တော့ မင်္ဂလာမရှိတဲ့ ရထားမှန်း သူမရဲ့ အာရုံတွေက သိသိချင်းပဲ ကြက်သီးတွေ ဖြန်းခနဲ ထ,သွားတယ်။

            'ကိုတောကျော်၊ ဒါ မြို့ကလေးမှာ ရှင် မောင်းနေကျ ရထားဆိုတာ မဟုတ်လား။ ဒါ မသာရထားမဟုတ်လား။ ရှင် ရက်စက်လှချေလား။ အို...'

            နောက်ကပွင့်နေတဲ့ လှည်းအိမ်ပေါ်ကို တစ်ဆင့်တက်တဲ့ သံခြေနင်းပြားပေါ်ကို တင်ထားတဲ့ မမြကြုတ်ရဲ့ ခြေထောက်ဟာ မြေပေါ်ကို ပြန်ကျလာတယ်။ ညမှောင်ကြီးမည်းကြီးထဲမှာ ကိုတောကျော်ကို နာနာဘာဝတစ်ကောင်လို မြင်နေတယ်။ လင်နှစ်ယောက် သေဖူးတဲ့ မိန်းမပေမဲ့ မသာရထားနဲ့ မိန်းမ ခိုးခံရတာကို တော်တော် ဝမ်းနည်းကြေကွဲသွားတယ်။ လုပ်ရက်လေခြင်း လို့လည်း တွေးနေမိတယ်။ ဘုရားပွဲကွင်းဆီက ဗေထီသံတွေ သဲ့သဲ့ကြားနေရတယ်။

            လရောင်မဲ့နေတဲ့ည။ သစ်ရိပ်ဝါးရိပ် ထိုးနေတဲ့ည။ အဝေးဆိုင်းသံတွေရှိတဲ့ည။ မသာရထား တစ်စီးနဲ့ည။ အဲသည်ညမှာပဲ မမြကြုတ် တတိယလင်ကို ထိတ်လန့်တကြား ရခဲ့တယ်။ စွေ့ခနဲ ရထားပေါ် ပွေ့တင်တာခံလိုက်ရပြီးတဲ့နောက် လူသေတင်တဲ့ လှည်းကြမ်းခင်းပေါ်မှာ မမြကြုတ် မေ့သွားလိုက်တာ သတိရတော့ သီးပင်တောထဲက တဲကလေး တစ်တဲထဲ ရောက်နေခဲ့ပြီ။

            အဲသည်နေ့ကစပြီး မမြကြုတ် ကိုတောကျော်ကို စကား မပြောတော့ဘူး။ စေတီဟောင်းကလေးရဲ့ဘေး၊ သီးပင်တွေရဲ့ ကြား၊ ထန်းပင်တွေရဲ့အောက်၊ ထန်းပလပ်ကုလားထိုင်ကလေး ပေါ်မှာ။ တော်တော်ကလေးလှမ်းတဲ့ သူ့ရွာဆီက ဘယ်သူမှ တမြတ်တနိုး တန်ဖိုးထားပြီး လိုက်မလာကြတော့တာကို ဝမ်းနည်းတာလည်း ပါ,ပါတယ်။

            'ကိုတောကျော်၊ ရှင့်သျှောင်ကြီးဗွေကို ဘိုကေရိတ်ပါ။ ရှင့်ရထားကြီးကို ရောင်းပစ်လိုက်ပါ။ ဒါမှမဟုတ် ဖျက်ဆီးပစ်လိုက်ပါ။ ရှင့်ကို ကျွန်မ လုပ်ကိုင်ကျွေးမယ်။ ကျွန်မပြောတာ ရှင်နားထောင်ပါ'

            ကိုတောကျော်ကို မမြကြုတ် ဒါပဲပြောတယ်။ ကိုတောကျော် မသာရထားကြီးနဲ့ ခိုးလာတဲ့ညကစပြီး မမြကြုတ်ရဲ့ တောင်းဆိုချက်ဟာ ဒါပဲ။ ညားခါစမို့ ကြင်ကြင်နာနာ၊ သာသာပျောင်းပျောင်း အကျိုးအကြောင်း၊ အဆိုးအကောင်း ဘာစကားမှ မပြောဘူး။ ဒါပဲပြောတယ်။ သည်သဘောမျိုးပါတဲ့ စကားပဲ ပြောတယ်။

            မရပါဘူး။ မမြကြုတ်ရဲ့ တောင်းပန်စကားတွေက ကိုတောကျော်ကို မတိုးပါဘူး။ ကိုတောကျော်က သူ့ရဲ့ အိမ်ထောင်မှုဘဝမှာ သူ့ဆံပင် သျှောင်တစောင်းကြီးက ပြဿနာ ဖြစ်လာလိမ့်မယ်လို့ မထင်ဘူး။ သူ့မသာရထားကြီးက အကျပ်အတည်း ဖြစ်လာလိမ့်မယ်လို့လည်း မထင်ဘူး။ သူနဲ့ မမြကြုတ် သံယောဇဉ်တွေ တွယ်နေတုန်းကလည်း သည်ကိစ္စကို မမြကြုတ်က တောင်းဆိုခဲ့ဖူးသားပဲ။ သည်တုန်းကတော့ ကတိပေးတယ်လို့ မဟုတ်ပေမဲ့ သူစဉ်းစားပါ့မယ် လို့တော့ ပြောခဲ့တယ်။ မမြကြုတ်ကလည်း ကိုတောကျော် မြို့ကလေးမှာ အသုဘရထားမောင်းတာ သိသားပဲ။ ဒါပေမဲ့ တကယ် အိမ်ထောင်ရက်သားကျတဲ့အခါ ပြင်လိမ့်မယ်လို့ ထင်ခဲ့တယ်။ သည်လို မင်္ဂလာမရှိတဲ့ အလုပ်ကို ချစ်တဲ့စိတ်နဲ့ပဲ စွန့်လွှတ် လိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ရွာဘုရားပွဲ မိန်းမလာခိုးတာတောင် အသုဘရထားကြီး မောင်းလာတဲ့ ကိုတောကျော် ရဲ့ ရိုင်းပျမှုကို မမြကြုတ် သည်းခံနိုင်ပုံ မရဘူး။ မင်္ဂလာဦးညမှာတောင် သည်လိုလုပ်ဝံ့တဲ့သူတစ်ယောက်ရဲ့ စိတ်နှလုံးကို တစ်သက်လုံး လွှမ်းမိုးနိုင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ မမြကြုတ်က သိတယ်။

            ကိုတောကျော်ကလည်း မမြကြုတ် သည်လောက် ဇွဲကောင်းနေလိမ့်မယ် မထင်ဘူး။ သည်သျှောင်ထုံးကို စွန့်လွှတ်ဖို့ ကိစ္စဟာ တဖြည်းဖြည်း မှေးမှိန်သွားလိမ့်မယ်လို့ ထင်ခဲ့တယ်။ အသုဘရထားကြီးက ရတဲ့ဝင်ငွေဟာလည်း ဘယ်ကပဲရရ ပိုက်ဆံဟာ ပိုက်ဆံပဲလို့ သဘောထားနိုင်မယ်လို့ ထင်ခဲ့တယ်။

            ဒါပေမဲ့ မမြကြုတ် မသိတာတွေ ရှိတယ်။ သည်သျှောင်ထုံးနဲ့ သည်ရထားမှာ အင်မတန် နက်ရှိုင်းတဲ့ နောက်ကြောင်းခံ ရှိတယ်ဆိုတာ မမြကြုတ် မသိဘူး။ အင်မတန် လေးနက်တဲ့ သစ္စာကတိတွေ ရှိတယ်ဆိုတာ မမြကြုတ်မသိဘူး။ သူကိုယ်တိုင်တောင် တစ်ခါတစ်ခါ စိတ်ပျက်လက်ပျက် ဖြစ်တဲ့အခါ သည်ရထားကြီး ဘယ်သူ့ပေးခဲ့ရမလဲ စဉ်းစားဖူးတာပဲ။ သည်ရထားကြီးနဲ့ လုပ်ကိုင်စားရနေရပေမဲ့ မသာမျှော်ရတဲ့ အလုပ်ကို သူငြီးငွေ့တယ်လို့ မကြာမကြာ သူပြောခဲ့ဖူးတာပဲ။ ဒါပေမဲ့ ကိုတောကျော် တကယ် မလုပ်ခဲ့ပါဘူး။ သည်သျှောင်ထုံးနဲ့ သည်ရထားကြီးကို တကယ်မစွန့်ဖြစ်ခဲ့ပါဘူး။ ဘယ်တော့မှလည်း စွန့်ပစ်မှာ မဟုတ်ပါဘူး။ ဒါကို မမြကြုတ် နားမလည်နိုင်ဘူး။

            ဘာပဲဖြစ်ဖြစ် ကိုတောကျော်နဲ့ မမြကြုတ်ကြားမှာ ချစ်ခြင်းမေတ္တာဟာ နေရထိုင်ရ ခက်နေတယ်လို့ပဲ ပြောရတော့မယ်။ အသုဘရထားမောင်းစားမှန်း သိလျက်နဲ့ ရဲရဲဝံ့ဝံ့ လိုက်လာတဲ့မိန်းမနဲ့ မျက်လုံးတွေ တဖျပ်ဖျပ် တောက်နေတာကို သဘောကျတယ်ဆိုတဲ့ ယောကျ်ားတို့ရဲ့ ချစ်ခြင်းတရားဟာ တစ်ဖဲ့စီ တစ်ဖဲ့စီ ကြွေကျကုန်ပြီလို့ပဲ ဆိုကြပါစို့ရဲ့။

            ကိုတောကျော်က မမြကြုတ် ရောက်လာကတည်းက သွားလေသူ နှမလေးကို ပိုလို့ သတိရလာပုံလည်း ရတယ်။ တစ်ညဆိုရင် သူ့နှမလေးကို အိပ်မက်တောင် မက်တယ်။ သူ့နှမလေးက ထန်းခြောက်ပင်ကြီး တစ်ပင်အောက်မှာ ဆံပင်ဖားလျားချပြီး ရပ်နေလို့တဲ့။ မျက်စိတွေလည်း မြင်လို့တဲ့။ သူ့ယောက်မသစ်ကို သဘောမကျတဲ့ပုံနဲ့ မျက်နှာကလည်း တင်းလို့တဲ့။ မမြကြုတ် ဆွဲထားတဲ့ ဆွဲကြိုးကို အတင်းဖြုတ် ခိုင်းနေသတဲ့။

            ကိုတောကျော် အိပ်ရာက နိုးတော့ ချွေးစေးတွေနဲ့စေး ထန်းထန်းကြီး။ တဲအပြင်ဘက်မှာ ကြယ်ရောင်တွေပဲ ရှိတယ်။ မမြကြုတ်က သူ့အနားမှာ အိပ်ပျော်လို့။ ကြယ်ရောင်ညထဲ မှာ လက်တံနှစ်ချောင်း ထောင်ထားတဲ့ ရထားကြီးကို မြင်နေရတယ်။ မနီးမဝေး ဘုန်းကြီးကျောင်းကြီးက ကျောင်းခွေးတွေ ကလည်း အူလိုက်တာ။ အသုဘရထားမောင်းလာတဲ့ ကိုတောကျော် မကြောက်ပေမဲ့ ကြက်သီးတွေ ဖြန်းခနဲ ထ,သွားတယ်။ ပါးစပ်က တိုးတိုးလေး အမျှဝေတယ်။

            ၆။

            ကိုတောကျော်ရဲ့ တဲကလေးထဲ မမြကြုတ် ရောက်လာပြီး ခုနစ်ရက်မြောက်တဲ့ မနက်စောစောမှာပဲ မမြကြုတ် ပျောက်ခြင်းမလှ ပျောက်သွားတယ်။ ပျောက်သွားတယ်ဆိုတာက ဟိုနားသည်နား သွားတာကို ဆိုလိုတာ မဟုတ်ဘူး။ စုပ်စမြုပ် စကို ပျောက်သွားတယ်။ ဘယ်ကဘယ်လို ဘယ်ကိုရောက် သွားမှန်းကို မသိတာ။ သူ့ရွာသူ ပြန်တာလည်း မဟုတ်ဘူး။ ကိုတောကျော်က-

            'မမြကြုတ်၊ ကျုပ် သဘောထား ကျုပ်ပြောမယ်။ ကျုပ် ဘိုကေလည်း မညှပ်နိုင်ဘူး၊ သျှောင်လည်း အဆုံးမခံနိုင်ဘူး။ ကျုပ် ရထားကြီးလည်း မစွန့်နိုင်ဘူး။ ရထားမောင်းတဲ့ အလုပ် ကိုလည်း မပစ်ပယ်နိုင်ဘူး။ ဘယ်လိုမှ အောက်မေ့လို့ ပြောတာ မဟုတ်ဘူး။ မမြကြုတ် သဘောအတိုင်း ရှိပါစေတော့'

            ညဦးပိုင်းလောက်က ပြောခဲ့တဲ့ စကားတွေပါ။ ဒါကို ကြားပြီး နောက်တစ်ရက် မနက်စောစော မမြကြုတ် ပျောက်သွားတာပဲ။ ကိုတောကျော်ကလည်း တတန်တက ရှာမနေပါဘူး။ မနက်ခင်း တစ်ခင်းလုံး သူ့ရထားကြီးကို ဆေးတွေတောင် ပိန်းနေအောင် သုတ်နေသေးတယ်။ မြင်းစာခွက်တောင် အသစ်ရိုက်နေလိုက်သေးတယ်။ သူ့နှမဆွဲကြိုးလေး မမြကြုတ် ယူသွားတာတောင် နှမြောမနေတော့ပါဘူး။

            ဒါပေမဲ့ သံယောဇဉ်ဆိုတာကလည်း ခက်သားကလား။ နေ့လယ်ဘက် ပေါ်များ လာလေမလား ကြည့်တော့ ကြည့်သေးတယ်။ မလာဘူး။ ညဘက်လည်း မလာဘူး။ သေချာသွားပြီ။ အဲသည်ညက တဲထဲမှာ ကိုတောကျော် တစ်ယောက်တည်း ရှိနေတယ်။ ကိုပန်းဖူးကလည်း ပြီးခဲ့တဲ့ နှစ်ရက် လောက်ကတည်းက သမန်းကုန်း သွားနေတာ သိနေတော့ ကိုပန်းဖူးကိုလည်း သည်ကိစ္စ မပြောဖြစ်တော့ဘူး။ အဲသည်ည က မိုးမှောင်ကျနေတဲ့ည။ ကြယ်ရောင်တောင် မရှိတဲ့ည။ မိုးသားတွေ တအိအိ နိမ့်ကျနေတဲ့ည။ အဲသည်ညမှာပဲ...။

            ၇။

            အဲသည်ညက ညဥ့်နက်သန်းခေါင်ကြီး ကိုတောကျော် တဲက မီးထ,လောင်တယ်။ ဘယ်က ဘယ်လိုလောင်တာလဲ ဘယ်သူမှလည်း ကနေ့အထိ မပြောနိုင်ဘူး။ တဲထဲက ရုပ်ပျက် ဆင်းပျက် မီးလောင်နေတဲ့ ကိုတောကျော်ရဲ့ အလောင်းနဲ့ မီးဟပ်လို့ သေတဲ့ မြင်းပိန်ကို မြို့ကလေးကလူတွေ လာကြည့်ကြတယ်။ ရထားကြီးကတော့ လက်တံနှစ်ဖက် မိုးပေါ်ထောင်ပြီး မီးမလောင်ဘဲ ကျန်ရစ်ခဲ့တယ်။ ကိုတောကျော် မီးလောင်သေတယ်ဆိုတော့ သမန်းကုန်းက ကိုပန်းဖူး အပြေးပြန်လာရှာတယ်။ တခြားရထားတစ်စီး ငှားပြီး အသုဘ ချပေးရှာတယ်။ သူ့ဗုံရှည်တီးဝိုင်းလည်း ပါတာပေါ့လေ။ ဗျိုင်းတောင်သီချင်းတောင် ဆိုပေးရှာပါသေးတယ်။ သေခြင်းတရားဆိုတာ ခမ်းနားဖို့ လိုတယ်လို့ ကိုပန်းဖူး ယုံကြည်တာလည်း တစ်ကြောင်းပေါ့လေ။

            အဲသည်နေ့မှာပဲ ဆရာတော်ကြီးက ကိုပန်းဖူးကို ခေါ်လိုက်တယ်။ ကိုတောကျော်ရဲ့ ရထားကြီးကို သီးပင်တောထဲက ယူသွားဖို့ ကိုပန်းဖူးကိုပဲ တာဝန်ပေးတယ်။

            ကိုပန်းဖူးကတော့ ကိုတောကျော်ရဲ့နှမ မျက်မမြင်ကလေး ဘာလို့ သေတယ်ဆိုတာ မသိခဲ့ဘူး။ မမြကြုတ် ဘယ်လို ပျောက်သွားတယ်ဆိုတာလဲ မသိဘူး။ အခု ကိုတောကျော် တဲကြီး မီးလောင်ပြီး သေရတာလည်း ဘာမှန်းမသိဘူး။ သေချာတာကတော့ ကိုတောကျော်ရဲ့ ရထားကြီး သူ ရလိုက်ပြန်ပြီ။

            အခုတော့ သည်မြို့ကလေးမှာ လူမှ သေပြီဆိုရင် ကိုပန်းဖူးဆီ သွားရုံပဲ။ သူ့မှာက ရထားလည်းရှိ၊ ဗုံရှည်ကြီးလည်း ရှိတာကိုး။ ဝမ်းဆက်ပေါ့။ ဟန်ကျလို့။

နေဝင်းမြင့်

၁၉၉၉ ခုနှစ်၊ မတ်လ၊

ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း။

(အမှတ် ၃၅၈၊ စက်တင်ဘာ၊၂၀၁၉ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၇)
နုနုရည်အင်းဝ

ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၆)
နုနုရည်အင်းဝ

ဟိုတုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ငယ်တော့ ပျော်တာနဲ့ ကိုယ့်တက်ပွဲနေရာကို ရောင်းတာ။ ကိုယ့်တက်ပွဲနေရာက ရှေ့ကျတာကိုး။ ရှေ့နေချင်တဲ့သူတွေ၊ နံပါတ်ကောင်းကောင်း လိုချင်တဲ့သူတွေက ဝယ်ကြတယ်။ ဟိုတုန်းက ဘာမှလည်း ကြေးမ...

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၅)
နုနုရည်အင်းဝ

နတ်ဒိုးသံဟာ လူတွေရဲ့ သွေးကြောတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိတယ်။ စိတ်ကို မြူးကြွသာယာ စေတယ်။ ပြီးတော့ အချစ်သွေးကိုလည်း ကြွစေနိုင်ပါလား။