နုနုရည်အင်းဝ
ညညီလာခံ ဝါခေါင်လဆန်း (၁၀)ရက်
နေ့လယ် နာရီပြန်နှစ်ချက်၊ ဝါခေါင်
နေပူပူအောက် တောင်ပြုန်းပွဲလာတွေ နန်းကြီးတစ်ဝိုက်မှာ ချွေးသံရွဲရွဲနှင့်
တိုးဝှေ့လို့နေကြတယ်။ နန်းကြီးမှာတော့ ညီလာခံစဖို့ အဆင်သင့် ဖြစ်နေပြီ။
တောင်ပြုန်းမင်းနှစ်ပါး ကိုယ်တော်ကြီး ကိုယ်တော်လေးတို့ရဲ့ ပုံတော်ရှေ့
အလယ်တည့်တည့်နေရာမှာ နတ်အုပ်မင်းက ထိုင်နေတယ်။ နတ်အုပ်မင်းရဲ့
နောက်နှစ်တန်းမှာတော့ ရှေ့တန်းမှာ တောင်လက် ဖိဖုရာကြီးနှစ်ပါး၊ မြောက်လက်
ဖိဖုရားကြီး နှစ်ပါး ထိုင်နေတော်မူတယ်။ မိဖုရားကြီးတွေက အိုလှရှာကြပြီ။
ရှစ်ဆယ်ကျော် ကိုးဆယ်အတွင်း ရောက်ကုန်ကြပြီ။ ဒါပေမဲ့ ဘယ်လောက်ပဲ အသက်အရွယ်ကြီးကြီး
တောင်ပြုန်းချိန်မှာတော့ မပျက်မကွက် လာရမြဲပဲ။ မိဖုရားကြီးတွေရဲ့ နောက်တန်းမှာ
ထိုင်ရတဲ့သူတွေကတော့ တောင်လက် ဗောင်းဆောင်းနဲ့ မြောက်လက်ဗောင်းဆောင်း။
သူတို့တွေရဲ့ ရှေ့တန်းမှာ ဒူးတုပ်ပြီး ညီလာခံ ခစားကြမယ့် သူတွေကတော့ အတွင်းတော်မှာ
အရေးကြီးတဲ့ နန်းထိန်းများ ဦးဆောင်ပြီး တစ်ပြည်လုံးက နတ်နေကြီး နတ်ဝါကြီးတွေနဲ့
နတ်သားသမီးတွေပေါ့။
ညီလာခံနေ့
ဆိုတာဟာ ကျေးဇူးရှင် အမှုတော်ထမ်း အမှုထမ်း၊ အရာထမ်းများ ဖြစ်ကြတဲ့ သိုးဆောင်းမိဖုရားကြီး
လေးပါးနဲ့ ဗောင်းများ၊ ရွှေဓားကိုင်၊ ရွှေဓားထမ်းများ၊ မောင်းတော်တီး စတဲ့
သိုင်းကိုင်၊ ကျိုင်းကိုင်များက မင်းနှစ်ပါးကို ကန်တော့တဲ့ပွဲ၊ ကန်တော့တဲ့နေ့ပဲ။
အဆောင်ကိုင်နေ့လို့လည်း ခေါ်တယ်။ အဆောင်ကိုင် တက်တယ်လို့လည်း ခေါ်တယ်။ အဲဒီနေ့ကို
အဆောင်ကိုင်နေ့လို့လည်းခေါ်တယ်။ ညီလာခံမှာ အရေးကြီးတဲ့ ဆုတောင်းတွေ၊ အဓိဋ္ဌာန်တွေ
ပြုကြမယ်။ နတ်အုပ်မင်း ဦးဆောင်ပြီးတော့ မိဖုရားကြီးတွေ၊ ဗောင်းဆောင်းတွေ
နတ်ကြီးကောက်ကြမယ်။ အစောဆုံး နတ်ဖြစ်တဘ်လို့ ယူဆတဲ့ အိမ်တွင်းခုနစ်ပါး
နတ်ကြီးတွေကို ပင့်ဖိတ်ကြတာပေါ့။ ပြီးတော့ တောင်ပြုန်းရွှေနန်းတော်ကြီး
ထုံးစံအတိုင်း ‘လှေဆေးခြင်း’ ၊ ယုန်ထိုးခြင်း’ တွေလုပ်ပြီး မင်းနှစ်ပါးကို
ချော့ကြမယ်။ ပခန်းမင်းကို ပင့်ကြမယ်။ သိုးဆောင်း၊ ဗောင်းဆောင်းတွေ၊
ကြက်လောင်းကြမယ်၊ ဒိုးဆွဲကြမယ်။ နန်းတော်ကြီးရဲ့ အစဉ်အလာအတိုင်း မျိုးရိုးအလိုက်
အတီးတော်ဆက်ခဲ့ရတဲ့ နန်းကြီးဆိုင်းကလည်း အဆင်သင့်ဖြစ်နေပြီ။ နန်းကြီးပေါ်က
နန်းကြီးဆိုင်း မတီးမချင်း ပွဲတော်တွင်းက ဘယ်ဝိုင်းမှ ဗုံလေးတစ်လုံး၊
မောင်းလေးတစ်လုံးတောင် အသံမမြည်ရဲဘူး။ နန်းကြီးဆိုင်း တီးပြီးမှ အားလုံးတီးကြရတယ်။
ဒါတောင် ဒီညီလာခံနေ့မှာ နန်းကြီးဆိုင်းတီးပေမယ့် ပွဲတော်တွင်းက ဆိုင်းတွေ
လိုက်မတီးရသေးဘူး။ နောက်တစ်နေ့ ဝါခေါင်လဆန်း ဆယ့်တစ်ရက်မင်းနှစ်ပါး
ချိုးရေတော်သုံးပြီး နန်းပေါ်ပြန်ရောက်မှ ပွဲတော်တွင်းဆိုင်းတွေ တီးကြရတယ်။
ပွဲတော်တွင်းက
ဆိုင်းတွေတင်မှ မဟုတ်ဘူး။ ပွဲတော်မှာ ကမယ့်ဇာတ်တွေက ဆိုင်းတွေလည်း ချိုးရေတော်သုံးပြီး
ညကျမှ စတီးပြီး စကကြရတယ်။ ဒါ အစဉ်အလာပဲ။
ဒီအစဉ်အလာကို
ဘယ်ဆိုင်းသမား ချိုးဖောက်ရဲသလဲ။
ဘယ်ဇာတ်သမား
ချိုးဖောက်ရဲသလဲ။
ချိုးဖောက်မိလို့
ဘဝပျက်သွားတဲ့ ဇာတ်သမား၊ ဆိုင်းသမားတွေရဲ့ ဇာတ်လမ်းတွေကို တောင်ပြုန်းတစ်ခွင်က
နယ်ခံတွေနှင့် နတ်ကတော်တွေက ပြောပြကြလိမ့်မယ်။
ညနေ
သုံးနာရီ ထိုးတော့မယ်။ ညီလာခံ စတော့မယ်။
နန်းကြီးဆိုင်းရဲ့
ရွာစားက ပထမဆုံး စတင်တီးရမယ့် ပတ်လုံးဗုံကလေးပေါ်ကို အသာအယာ လက်တင်လို့
အသင့်ပြင်တယ်။
သုံးနာရီတိတိ
ထိုးတဲ့အချိန်မှာတော့ နန်းကြီးဆိုင်းရဲ့ ရွာစားဟာ ပတ်လုံးဗုံကလေးပေါ်မှာ အသာအယာ
တင်ထားတဲ့ သူ့လက်ကို အဆက်မပြတ် လှုပ်ရှားလိုက်တော့တယ်။ အချက်ကျကျ
တီးခတ်ထွက်ပေါ်လာတဲ့ဗုံသံဟာ ကြည်နူးဖွယ်၊ လွမ်းဖွယ်၊
စိတ်လှုပ်ရှားဖွယ်ကောင်းစွာနဲ့ တောင်ပြုန်းပွဲတော် တစ်ခွင်လုံးကို ဖမ်းစားလွှမ်း
ခြုံလိုက်ပါပြီ။
ဗုံသံ
ထွက်ပေါ်လာတာနဲ့ ကြားကြားသမျှ ပရိသတ်နှင့် ကနားတဲတွေပေါ်က နတ်ကတော်တွေအားလုံးဟာ
လုပ်လက်စအလုပ်တွေကို ချက်ချင်းရပ်ပြီး တစ်ပြိုင်နက် လက်အုပ်ကလေးတွေ ချီလိုက်ကြတယ်။
နန်းကြီးပေါ်က
ညီလာခံကို ဦးတိုက်ရည်မှန်းပြီး လက်အုပ်ကလေးတွေ ကိုယ်စီချီလိုက်ကြပါတယ်။
ဘုရားရတနာ၊
တရားရတနာ၊ သံဃာရတနာ ရတနာ သုံးပါး အမြတ်ဆုံးထားလို့ ဘုန်းရှင် ကံရှင် သမ္ဘာရှင်
အရှင်သခင် ဘုရင်တောင်ပြုန်းမင်းနှစ်ပါးအား ကျေးတော်မျိုး ကျွန်တော်မျိုး ရိုသေစွာ
ရှိခိုးကန်တော့ပါတယ် ဘုရား၊ ဘိုးဘိုးကြီး၊ ဘိုးဘိုးလေးတို့ ခြေတော်ရင်းမှာ
ဦးခိုက်ပါတယ် ဘုရား။
ကျေးတော်မျိုး
ကျွန်တော်မျိုး မသိုမဝှက် မစုမဆောင်းနဲ့ ထားခဲ့သော လက်ဝတ်တန်ဆာ ရတနာများကိုလည်း
ဘိုးဘိုးကြီး၊ ဘိုးဘိုးလေးတို့ကို ရည်စူးပြီး မဟာမြတ်မုနိ ဘုရားကြီးကို လှူမလို့ပါ
ဘုရား၊ အမျှ အမျှ အမျှ အမျှပေး ဝေပါတယ်။ ဆယ်ဆ၊ ဆယ်ထမ်းပိုးတိုးတဲ့ ဘုရားဒါယကာ၊
ကျောင်းဒါယကာ၊ ရဟန်းဒါယကာ ဖြစ်ပါရစေ။ လောကီကမ်းခြေမှ လောကုတ္တရာကမ်းခြေသို့
မလွတ်မြောက်မီစပ်ကြား စကြဝတေးမင်း၊ သီရိဓမ္မာ သောကမင်းကြီးတို့လို ဘုန်းသမ္ဘာနှင့်
ပြည့်စုံသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်၊ တရားထူး၊ တရားမြတ်
ကျင့်ကြံအားထုတ်နိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်ပါရစေပါ ဘိုးဘိုး။
ဘိုးဘိုးတို့
ပါရမီလည်း မှန်လှပါ။ ဖြည့်နိုင်တဲ့ ကျေးတော်မျိုး ကျွန်တော်မျိုး ဖြစ်ပါရစေ။
ဘုန်းရိပ်ကံရိပ် ခိုလှုံသော တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊
သောကြာ၊ စနေ သားသမီးမှမကျန် ခုနစ်နေ့ ခုနစ်နံ ခုနစ်ရက် သားသမီး အပေါင်းလည်း
စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ရှေ့လာမည့် နှစ်တိုင်းနှစ်တိုင်းမှာ သာယာမှုနဲ့
သာသနာပြုပြီး ဘိုးဘိုးတို့ ပါရမီကို ဖြည့်နိုင်ပါရစေ။ ဘိုးဘိုးတို့
သိတော်မူတဲ့အတိုင်းပါ ဘုရာ့။ အရက်လည်း မသောက်ပါဘူး။ သူများ သား မယားလည်း
မဖျက်ဆီးပါဘူး။ မတရား အရက်တိုက်ပြီးတော့လည်း မတောင်းပါဘူး။
ပွင့်ပွင့်လင်းလင်း
ဘွင်းဘွင်းရှင်းရှင်း ရှိလှတဲ့ ရှိခိုးကန်တော့ ဆုတောင်းသံဟာ နန်းကြီးနဲ့ မနီးမဝေး
အိမ်ခြံဝင်း တစ်ခုထဲက နှစ်ထပ်အိမ်ပေါ်ကနေ ထွက်ပေါ်လာတယ်။ နှစ်ထပ်အိမ်ပေါ်ရဲ့
အိမ်ရှေ့ခန်းတစ်ခုလုံးကို ကတ္တီပါ အနားကွပ် သင်ဖြူးအသစ်ကြီးတွေ အပြည့်ခင်းထားတယ်။
အိမ်ဦး ခန်းမှာတော့ အနီရောင်ကော်ဇောတစ်ချပ်ကို ထပ်ခင်းထားတဲ့ ပြင်ကော်ဇောရှေ့က
စင်မြင့်လေး သုံးဆင့်ပေါ်မှာတော့ ယိုးဒယားမုန့်ပုံးမျိုးစုံ၊ နိုင်ငံခြား
မုန့်ထုပ်မျိုးစုံ၊ သစ်သီးမျိုးစုံနဲ့ ဗောင်းတော်ပဝါတွေ၊ အဖိုးတန်
ပုဆိုးအုပ်တွေကို စီစီရီရီ တင်ထားတယ်။
အပေါ်ဆုံးစင်မြင့်ရဲ့
အလယ်ကောင်မှာ ရွှေရောင်ကနုတ်ပန်းတွေ စီခြယ်မွမ်းမံထားတဲ့ ရွှေကလပ်ပေါ်က ကန်တော့ခံ
ဗောင်းကြီးက လွဲရင် နတ်ပုံတော်ဆိုလို့ တစ်ခုတလေမှ မရှိဘူး။
စင်မြင့်သုံးဆင့်ရဲ့
အပေါ်ဘက်မှာတော့ မီးရောင်စုံ ထွန်းညှိပူဇော်ထားပြီး သစ္စာပန်းတွေ ဝေဆာနေတဲ့
ဘုရားဆောင် ရှိတယ်။ အသက်ငါးဆယ်ကျော်၊ ခန္ဓာကိုယ် မပိန်မဝ သွယ်လျလျနဲ့ အသားဖြူဖြူ
မိတ်ကပ်လေးစစ လိမ်းကျံထားပြီးကော်ဇောနီပေါ်မှာ ချောမောလှပခံ့ညားစွာ
လက်အုပ်ချီထားသူဟာ တခြား ဟုတ်ပါရိုးလား။
နတ်နေကြီး၊
နတ်ဝါကြီး၊ နတ်လူကြီးဘွဲ့ဖြစ်တဲ့ ဗောင်းရထားတဲ့ ဗောင်းဆောင်းကြီး ဦးဘစီ (ခေါ်)
နာမည်ကျော် ဒေစီဂျိန်းပဲပေါ့။
လက်အုပ်ချီ
မျက်စိမှိတ်ထားရာကနေ မျက်လုံးဖွင့်လိုက်တာနဲ့ သင်ဖြူးတွေပေါ်မှာ ဒူးလေးတွေတုပ်ပြီး
ကျုံ့ကျုံ့လေးတွေ ရှိနေကြတဲ့ ဒေစီဂျိန်းရဲ့ နတ်တပည့်၊ နတ်သားသမီး နတ်ချစ်သူတွေကို
တွေ့လိုက်ရတော့တယ်။
ဒေစီဂျိန်းက
ဖော်ဖော်ရွေရွေ ပြုံးလိုက်တယ်။
'သြော်...
ရောက်ကြပလား၊ ရန်ကုန်က ဘယ်နေ့က ထွက်ခဲ့ကြလဲ။ ပြောစမ်း၊ ဘယ်တွေ သဝေထိုးခဲ့ကြသေးလဲ။
ညီလာခံအမီတော့ ရောက်တယ်ပေါ့။ ဟုတ်ကဲ့လား၊ အေး... ရောက်မှ ရောက်မှ။ ကိုယ်တော်တို့
ညီလာခံကန်တော့အမီ ရောက်မှပေါ့။ ကန်တော့ကြ၊ ဆုတောင်းကြပေါ့။ တောင်းကြရဲ့ မဟုတ်လား။
ဒီကလည်း အားလုံး ခုနစ်ရက်သားသမီးအတွက် တောင်းလိုက်ပါပြီ။ ခုနက ကြားလိုက်ကြသေးလား။
ကဲ... လာ... ရှေ့တိုး၊ ဒါက ဘာတုံး'
ဒေစီဂျိန်းက
ရှေ့တိုးလာတဲ့ အမျိုးသမီးကြီးလက်ထဲက စက္ကူအိတ်ကို လှမ်းယူလိုက်တယ်။
'သြော်...
ဗောင်းတော်ပေါ့။ အေး... ဗောင်းပဝါဆက်တဲ့ အကျိုးကြောင့် ကောင်းတာဘက်ကို ဒီနေ့ကစ
တိုးပြီး ရောက်ရစေ့မယ်ဟေ့။ ကဲ... ကျေနပ်ပလား'
'အင်္ဂါသမီးလေး
ဆယ်တန်းနှစ်ချင်းပေါက် ဂုဏ်ထူးတွေနဲ့ အောင်ဖို့ ဆုတောင်းပေးပါဦး'
'ကဲ...
အင်္ဂါသမီးလေး ဘုရား'
ဗောင်းပဝါကို
နဖူးထိပ်မှာကပ်ရင်း ဒေစီဂျိန်း တတွတ်တွတ် ရွတ်တာကို အမျိုးသမီးကြီးက
လက်အုပ်ချီရင်း မျက်လုံးတွေ မှိတ်ထားတယ်။ တစ်ကိုယ်လုံးက အရောင်တလက်လက် ထွက်နေတဲ့
အမျိုးသမီးကြီးလိုပဲ တောက်ပ ဝင်းလက်နေကြတဲ့ တခြား ရန်ကုန်သူအမျိုးသမီးကြီးတွေကလည်း
ဒေစီဂျိန်းကို ပိုက်ဆံအရွက်ကြီးတွေ ဆက်ကြတယ်။
'မှန်လှပါဘုရား၊
ကျွေးလိုက်ပါ၊ မွေးလိုက်ပါ ဘုရား။ ဆင်လိုက်ပါ၊ ပြင်လိုက်ပါ ဘုရား။ သားတွေ
သမီးတွေကို ဝအောင်လည်း ကျွေးလိုက်ပါ၊ လှအောင်လည်း ဆင်လိုက်ပါ ဘုရား။
စီးပွားလာဘ်လာဘများလည်း ဒီရေအလားတိုးလို့ နှစ်စဉ်နှစ်တိုင်းလည်း
အခစားဝင်နိုင်အောင် ခေါ်တော်မူပါ ဘုရာ့။ သွားလမ်းလာလမ်း ပြန်လမ်း ခလုတ်မထိ ဆူးမငြိ
ဘေးရန်ကင်းအောင် စောင့်ရှောက်တော်မူပါ ဘုရား'
ဆုတောင်းပြီးတာနဲ့
နဖူးမှာကပ်ထားတဲ့ ပိုက်ဆံတွေကို ဒေစီဂျိန်းက စင်မြင့်ပေါ်က ဗောင်းတော်မှာ
သွားညှပ်တယ်။
'ကဲ...ကဲ...
ဒီမှာကြည့်ကြဦး၊ သာဓုခေါ်ကြဦး၊ ဟောဒီဗောင်းတော်ထိပ်က ရွှေဖူးနဲ့ ဒီက
လက်ပတ်ကြိုးရယ်၊ လက်စွပ်ရယ်၊ ဆွဲကြိုးရယ် အားလုံး နှစ်ကျပ်သားကျော်တယ်။ ပွဲပြီးရင်
ကိုယ်တော်တို့ရည်စူးပြီး မဟာမြတ်မုနိမှာ လှူမယ်။ နတ်သားသမီးတွေအားလုံးရဲ့
ကုသိုလ်လည်း ပါတယ်။ သာဓု ခေါ်ကြ၊ အမျှ... အမျှ... အမျှ...'
'သာဓု...
သာဓု... သာဓု... သာဓု...'
'ကဲ...
ထမင်းစားပြီးခဲ့ကြပလား။ မစားရသေးရင် အားမနာနဲ့။ အောက်ထပ်မှာ သွားစားချည်ကြ။ ဒီနေ့
ဘာဟင်းပါလိမ့်။ ဟင်းကတော့ အများစားပေါ့။ ဟဲ့... အဖုံကြီးရေ၊ ဧည့်သည်တွေ
ထမင်းစားလိမ့်မယ်ဟေ့။ သွား...သွား၊ ဘာမှ အားနာမနေနဲ့ သွားစားကြ'
'နေပါဦး
ဒေစီဂျိန်းရဲ့။ သားတော်မောင် သင်္ဘောလိုက်ဖို့ ရမရ သိချင်သေးတယ်'
'ဟုတ်တယ်၊
အိမ်ကလူ အပြောင်းအရွှေ့လေးများလည်း ဟောချက်ချစမ်းပါဦး'
'ကဲ...ကဲ...ကဲ...
အားလုံးအောင်စေ၊ အားလုံးဖြစ်စေ၊ ဟုတ်ရဲ့လား။ အမယ်လေး ဒီက တစ်ခါတည်း
ဆုတောင်းပြီးသား။ မေတ္တာပို့ပြီးသား။ ဘာမှမပူနဲ့။ စိတ်ချ၊ သွား...သွား...
ထမင်းသွားစားချည်'
အရောင်လက်လက်
မိန်းမအုပ်စု အောက်ဆင်းသွားတာနဲ့ ဒေစီဂျိန်းက ရင်ဘတ်ကို လက်နဲ့ဖိပြီး
ဟင်းခနဲနေအောင် သက်ပြင်းကို ချတယ်။ ပြီးတော့ ရေနွေးပန်းထဲက ရေနွေးတစ်ခွက်ကို
မော့သောက်ချလိုက်ပြီး ကော်ဇောပေါ်က ကြိမ်ခေါင်းအုံးလေးပေါ်မှာ လှဲချလိုက်တယ်။
မောတယ်၊
မောတယ်။ အဟုတ်ပဲ။ သနပ်ခါး ပန်းမန်လိမ်း၊ အဝတ်အစား ကြော့ကြော့ဝတ် ထိုင်ပြီး
စကားပြောနေရတာများ မောသေးလားလို့ ဘေးက ထင်ကြမယ်။ အမယ်လေး... စကားပြောရတာများ
မမောဘူး မထင်နဲ့။ စဉ်းစားကြည့်။ မနက်လင်းပါပြီဆိုကတည်းက ပြောလိုက်ရတဲ့ စကားတွေ
အမြှုပ်တစီစီတောင် ထွက်လောက်တယ်။ ဟဲ့... အဲဒီတော့ ညည်းပိုက်ဆံမရဘူးလား။
အမြှုပ်ထွက်လေ ပိုက်ဆံရလေ မဟုတ်လားဟဲ့လို့ ပြောကြမယ်။ ရမှန်းသိသားပဲ။
ပိုက်ဆံရမှန်း သိသားပဲ။ ဒါပေမယ့် သိတယ်မဟုတ်လား။ ဒေစီဂျိန်းတဲ့၊
ကိုယ်မလုပ်ချင်ဘူးဆို လုံးဝ လုံးဝ မလုပ်ဘူး မှတ်။ အို... အဟုတ်ပြောတာ။
မလုပ်ချင်တော့ဘူးဆို ဒေစီဂျိန်းတို့က နတ်ပူးနေရင်တောင် ဝုန်းဆိုထွက်ပြီး
လှဲအိပ်ပစ်လိုက်တာ။ ဂျိန်းစဘွန်းမအကြောင်း သိတယ်မဟုတ်လား။
ဒါတောင်
အသက်ကြီးလာလို့။ ခုနက ဟာမတွေလိုမျိုး ကိုယ်မောနေပါတယ်ဆိုမှ ဟောပါဦး၊ ပြောပါဦးနဲ့
တညိညိ လုပ်နေတာမျိုး ငယ်ငယ်တုန်းက စိတ်ဆိုရင် ဟဲ့... မဟောဘူး။ ရော့၊
နင်တို့ပိုက်ဆံတွေ ပြန်ယူကြဟဲ့လို့ အော်လိုက်ပြီးပြီ။ ငါ တောင်ပြုန်းပွဲလာတာ
ပျော်ချင်လို့လာတာဟဲ့။ ဟိုဟာ ဖြစ်ချင်လို့ လာတာဟဲ့နဲ့ ကုန်းအော်ပစ်လိုက်တာပဲ။
အေးရော၊ ဒေစီဂျိန်းတို့က ရှင်းရှင်းပဲ၊ ဘွင်းဘွင်းပဲ။ စွာတယ်ပြော၊ ပြောရုံမကလို့
အာတယ်ပြောပြော၊ ပြောချင်ရာပြော၊ ခုနကလို နတ်မဟောချင်တာနဲ့ ထမင်းအတင်းစားခိုင်းရင်း
အချိုသတ်နှင်တာမျိုးတွေ ဘာတွေများ ဟိုတုန်းက လုပ်ပါလိမ့်မယ် ဝေးသေး။ အင်း... ခုတော့
အသက်လေးလည်း ရလာပြီလေ။ တရားလေး ဘာလေးလည်း ထိုင်ဖူးပြီ။ ဝိပဿနာအကြောင်းလည်း သိပြီ။
ကြော်ချင်လှော်ချင်တဲ့
စိတ်တွေလည်း သိပ်မရှိတော့ဘူး။ ကိုယ်တော်တို့ ပေးသမျှနဲ့ပဲ စားမယ်။ ကိုယ်ကသာ
စိတ်ထားမှန်ရင် ဘယ်သူ့ကိုမှ ကြော်နေစရာ လှော်နေစရာ မလိုပါဘူး။ အလိုလို ဝပါတယ်။
အလိုလို ရပါတယ်။ ကြော်တယ်၊ လှော်တယ်ဆိုတာ လိမ်တာပဲ။ သြော်... သိတာပေါ့။ နတ်ကတော်
ဆိုတာ ငရဲအိုး ပတ်ပြေးနေရတဲ့ဘဝ။ မဟုတ်တာရော၊ ဟုတ်တာရော ပြောဆို စားသောက်နေရတာ
မဟုတ်ဘူးလား။ မုသာ ဝါဒရော၊ ပါဏာတိ ပါတာရော ကိုယ်တိုင် မသတ်ပေမယ့် ဟဲ့... ငါးအရှင်က
ဘယ်နှကောင်ဟဲ့။ ကြက်ဖို ကြက်မက ဘယ်နှစုံဟဲ့နဲ့။ အဲဒါ ပါဏာတိပါတာပေါ့။ မှန်လှပါ၊
ကျေးတော်မျိုး ကျွန်တော်မျိုး ဘိုးဘိုးတို့ တိုင်တည်ပြီး ပြောဝံ့ပါတယ်။
ဘိုးဘိုးတို့ အရှင်နှစ်ပါးရဲ့ ဘုန်းရိပ်ကံရိပ်ကို အကာအကွယ်ယူပြီး ကျေးတော်မျိုး
ကျွန်တော်မျိုးတို့ လုပ်ကိုင်စားသောက်နေတယ်ဆိုတာ ဘိုးဘိုးတို့လည်း အသိပါဘုရား။
ဒါကိုပဲ
ကျေးတော်မျိုး ကျွန်တော်မျိုးကို နတ်နေကြီး နတ်ဝါကြီးဖြစ်ပြီး ကိုယ့်ပေါင်
ကိုယ်လှန်ထောင်းတဲ့ နတ်ကတော်မဆိုပြီး အချင်းချင်းက မဲ့ကြရွဲ့ကြတယ်။ မုန်းကြတယ်။
အမယ်လေး ဒေစီဂျိန်းတို့က မှန်ရာပြောတာ။ ပြောတယ်ဟဲ့ ပြောတယ်။ နတ်နေကြီး
နတ်ဝါကြီးဆိုတာ ပိုပြီး တော့တောင် မဟုတ်သောစကား၊ မမှန်သောစကား မပြောရဘူးဟဲ့လို့။
နားမလည်
ပါးမလည် ပြောကြတာက ရှိသေးတယ်။ အရှင်နှစ်ပါးကို ကိုယ်တော်ကြီး၊ ကိုယ်တော်လေး
အများခေါ်သလို မခေါ်ဘဲ ဘိုးဘိုးကြီး၊ ဘိုးဘိုးလေး၊ ဘိုးဘိုးကြီး၊ ဘိုးဘိုးလေးနဲ့
ဂျိန်းစဘွန်းမ ထွင်တယ်ပေါ့။ ကဲတယ်ပေါ့။
မပြောလိုက်ချင်ဘူး။
ဟဲ့... ပုဂံခေတ်၊ ပုဂံပြည် အနော်ရထာမင်းလက်ထက်မှာ (မှန်လှပါ ရွှေနားတင်တော်မူပါ)
နတ်ဖြစ်တာ ပုဂံခေတ်၊ အင်းဝခေတ်၊ ပင်းယခေတ်၊ ကုန်းဘောင်ခတ်၊ ရတနာပုံခေတ်တွေ၊
ခေတ်တွေကဲ... ဒီနေ့ခေတ်ထိဆို သက်တော် ဘယ်လောက်ကြီးနေပြီလဲ။ ဘိုးဘိုးကြီး၊
ဘိုးဘိုးလေး အရွယ်ရောက်ပြီပေါ့။ အသက်ကြီးလို့တောင် ဥပုသ် ဆောင်သွားပါပကော။
ခုအရှင်နှစ်ပါး ဟိုတုန်းကလို ထန်းရည်၊ အရက်မှ မသောက်တော့တာ။ ဘိလပ်ရည်ပဲ
ဆက်ရတော့တာ။
မှတ်ပြီလား၊
သိပြီလား။ ဂျိန်းစဘွန်းမ ကဲတာ မဟုတ်ဘူး။ ထွင်တာ မဟုတ်ဘူး။ မိန်းမလျာမချင်းတူတူ
တစ်မူး ပိုရှူတာ မဟုတ်ဘူး။ သမိုင်းအချက်အလက်၊ ရာဇဝင်အချက်အလက် လေ့လာထားတာ။
ကြော်စား လှော်စားတာတောင် ဒေစီဂျိန်းတို့က သမိုင်းနဲ့ရာဇဝင်နဲ့ ကြော်စား
လှော်စားတာ ဟေ့လို့...။
အမယ်လေး...
ပြီးတော့ လာသေးတယ်။ နတ်ကတော်ကြီးတဲ့။ ဗောင်းဆောင်းတဲ့တော်၊ နတ်ပုံဆိုလို့
တစ်ပုံမှမရှိဘူး။ ဒါ နတ်ရိုသေတာလား၊ ဒါ နတ်ကတော်ကြီးလား၊ ဒါ ဗောင်းဆောင်းလားနဲ့။
အို... စုံလို့ စုံလို့။ ပြောလိုက်တယ်။ 'ဟေ့... ပုံတော်မလိုဘူး။
ဂုဏ်တော်ပဲ လိုတယ်ဟေ့' လို့။
ရှိပေါင်၊
ထားပေါင်။ ပုံတော်တစ်ပုံမှ မရှိပေါင်။ စိတ်သာ ရှင်စော ဘုရားဟော၊
မင်းနှစ်ပါးရဲ့ဂုဏ်တော်၊ အရှင်နှစ်ပါးရဲ့ ဂုဏ်တော်၊ သုံးဆယ့်ခုနစ်မင်းနတ်ရဲ့
ဂုဏ်တော်သာ အဓိက၊ ကိုယ့်ရင်ထဲမှာ စိတ်ထဲမှာ ဂုဏ်တော်ရှိနေဖို့ အရေးကြီးတယ်။
ဟောဒီမှာ
ထားတယ်လေ။ မင်းမဟာဂီရိ အိမ်တွင်း ဗောင်းကြီး၊ ရှေးက ဗောင်း၊ မင်းတုန်းမင်း
ကိုယ်တော်တိုင် ချီးမြှင့်ခဲ့တဲ့ ဗောင်း၊ ရှားရှားပါးပါး ရထားတာ။ ရှေးက ယွန်းနဲ့
သစ်စေးသရိုးတွေ ဘာတွေ ကိုင်ပြီး ရွှေချ ကျောက်ရတနာတွေ စီခြယ်ထားတာ။
ကိုယ်နဲ့ထိုက်လို့ ရတာပေါ့။ အိမ်တွင်းဗောင်း၊ အိမ်တွင်းဗောင်းနဲ့သာ
ဗောင်းတွေပေးနေတာ။ အဆောင်အယောင်က ကိုယ့်ဘာသာ ကိုယ်လုပ်ပြီး ဆောင်းကြရတာ။ ခုခေတ်
ရွှေချည်ထိုး ငွေချည်ထိုးတွေမှာအပ်ပြီး ဆောင်းကြရတာ။
ဒီဗောင်းအစစ်ကြီးက
ဘယ်မှာ ရောက်နေတုံးဆိုတော့ လူမိုက်လမ်းမတော်ဖိုးတုတ်မိန်းမဆီမှာ ရောက်နေတာ။
သူကလည်း နတ်ဆက်ကိုး။ ဒါနဲ့ ကိုယ်နဲ့ထိုက်တော့ ကိုယ်ဗောင်းရပြီး မကြာခင်
အဲဒီဗောင်းကြီးကို ကိုယ့်လာရောင်းတယ်လေ။ ကိုယ်ကတော့ သိပ်နားမလည်ပါဘူး။ ဟဲ့...
ဘာကိစ္စ ဝယ် ရမှာလဲ။ ဒီမှာလည်း ရွှေချည်ထိုး ငွေချည်ထိုးတွေနဲ့ ဒစ္စကိုဗောင်းက
လုပ်ပြီးနေပြီ။ ပိုက်ဆံကုန်အောင် မဝယ်ပါဘူးပေါ့။ အဲဒါကို နားလည်တဲ့မိတ်ဆွေတွေက
ဝယ်လိုက်တဲ့၊ ရှေးဟောင်းပစ္စည်းတဲ့။ နောင်နှစ်ကြာလာလေ တန်ဖိုးရှိလေတဲ့။ ဒါကို
ဝယ်လိုက်တာ။ ကိုယ့်ဆီရောက်မှ ရွှေတွေပြန်ချ၊ ကျောက်ပြုတ်နေတဲ့နေရာတွေ
ကျောက်တွေပြန်ထည့်၊ (အစစ်တွေကို ပြန်ထည့်တာ) ပြီးတော့ သုံးချောင်းထောက်
ရွှေကလပ်တွေ ဘာတွေလုပ်ပြီး တင်ထားလိုက်တယ်။ ကန်တော့ခံဗောင်း အဖြစ် ထားလိုက်တယ်။
ဟို...
ဒစ္စကိုဗောင်းကတော့ က,ဗောင်းပေါ့။ ကတဲ့ အချိန်မှာ ဆောင်းပြီး က,လိုက်တယ်။
ဒါပဲ
အဲဒီဗောင်းပဲ။ ကိုယ့်နတ်စင်ပေါ်မှာ ရှိတယ်။ ပြီးပြီ၊ ဘာပုံတော်မှ မရှိဘူး။ ပုံတော်
မရှိသကိုးရယ်လို့လည်း ဒေစီဂျိန်းမှာ နတ်တပည့် နတ်သားသမီး နည်းမသွားပေါင်။
တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီးတော့တောင် တိုးလာသေး၊ သြော်... ကိုယ်က
ဂုဏ်တော်ရှိတာကိုး။
အေးရော၊
အဲဒီတော့ ဒေစီဂျိန်းတို့ ဘယ်သွားသွား၊ ဘယ်လာလာ၊ ပူတာအို သွားမလား။
အင်္ဂလန်သွားမလား။ တောင်ပြုန်းလာမလား။ ရတနာဂူလာမလား။ ဟော... လွတ်လွတ်လပ်လပ်
တောင်းတွေ၊ ပလုံးတွေနဲ့ ပုံတော်တွေ ထိုးထိုးထောင်ထောင် ကိုးရိုးကားရားနဲ့
သွားစရာမလိုတော့ဘူး။ ဗောင်းအတွက် နိုင်ငံခြား သေတ္တာတစ်လုံး ဝယ်ထားလိုက်တယ်။
ဒါ
သယ်ရုံနဲ့ပဲ ပြီးပြီ။ ကနားပွဲတွေ တစ်ပြည်လုံး လှည့်က,တော့လည်း
ကနားမှာ ပုံတော်မပါပေါင်။ နတ်စင်ပေါ်မှာ ကန်တော့ပွဲတွေပဲ တန်းစီပြီး သူ့နေရာနဲ့သူ
ထိုးလိုက်တာပဲ။
အဲ...
ကိုယ့်မယ် သွားရင်း လာရင်း သယ်ရတာများတာက အဝတ်အစားသေတ္တာလေ။ အမယ်လေး... အလှအပကတော့
ဒီက ကြိုက်တယ်။ လှချင်တယ်။ အဖိုးတန်ပေ့၊ ကောင်းပေ့ဆိုတာမှ ဒီက ဝတ်တာ။
ထိုင်မသိမ်းဝတ်စုံတွေများ အပျံစားတွေ။ နိုင်ငံကျော်ဆိုတဲ့
အငြိမ့်မင်းသမီးတွေမှာတောင် မရှိပါဘူး။ ဒေစီဂျိန်းတို့က ထဘီမှာ ပတ္တမြားတောင်
စီတာ၊ သိပြီလား။ မိုးကုတ်ပတ္တမြား အဖြုံးလေးတွေက ဟိုတုန်းက ဘာမှမပေးရဘူး။ ထဘီကို
ပတ္တမြားစီတယ်။ ပုလဲစီတယ်။ နီလာစီတယ်။
သြော်...
တောင်ပြုန်းပွဲစလာတာကိုက ဝတ်ချင်စားချင်လို့ လာတာပါဆိုမှ ကိုယ်က
ခြောက်သာခြောက်ပေမယ့် ကိုယ့်နယ်မှာဆိုတော့ မိန်းမလို ဖြီးလိမ်းဝတ်စားနေလို့
ဖြစ်မလား။ မိန်းမလျာပေမယ့် ယောက်ကျပုံ (ယောကျ်ားပုံ)နဲ့ နေရတာကို။ ဟဲ့...
တောင်ပြုန်းပွဲကျ မိန်းမလျာတွေ ဖြီးလိမ်းဝတ်စားပြီး ကြိုက်သလို နေကြတာတဲ့။
ပျော်စရာ သိပ်ကောင်းတာတဲ့ဆိုပြီး သတင်းကြားတော့ သွားချင်တာပေါ့။ မိန်းမပုံလို
ဝတ်စားပြီး လွတ်လွတ်လပ်လပ် ပျော်ချင်တာကိုး။ ဘာနတ်မှလည်း မသိဘူး။ နတ်ကတော်လည်း
မဖြစ်သေးဘူး။ မိန်းမသွေးတွေ ဝင်ပြီး အပျိုသွေးတွေကြွပြီး ဝတ်ချင် စားချင်၊ ဆိုချင်
ကချင်၊ ပျော်ချင် ပါးချင်နေတော့တာပဲ။ လင်ကလည်း လိုချင်သလား မမေးနဲ့။ ဟိုကောင်လေး
မြင်လည်း ကြိုက်၊ ဒီကောင်လေး မြင်လည်း ကြိုက်၊ တွေ့သမျှ အကုန်ကြိုက်ချည်းနေတာပဲ။
အမယ်လေး...
ပြောလို့ပြောတာ မဟုတ်ဘူး။ ကိုယ့်ကိုလည်း မြင်ရင် မကြိုက်တဲ့သူ မရှိပါဘူးနော်။
ငယ်ငယ်ကများ စန်းထသလား မမေးနဲ့။ မြင်တာနဲ့ မိတ်ဆက်တဲ့သူနဲ့၊ စကား
လိုက်ပြောတဲ့သူနဲ့။
တောင်ပြုန်းကို
ပထမဆုံးလိုက်လာတဲ့အခေါက် မှတ်မိသေးတယ်။ ရန်ကုန်ဘူတာကြီးထဲမှာ နတ်ကတော်မိန်းမလျာမ
အသိတွေနဲ့ လိုက်လာတာပေါ့။ နတ်ကတော်တွေက သူတို့ ပုံတော်တောင်းတွေ ဘာတွေနဲ့
ရှုပ်ယှက်ခတ်နေတုန်း။ ကိုယ်က အဝတ်အစားအိတ် လက်က ဆွဲပြီး ဘူတာထဲမှာ လမ်းသလားနေတာ။
ယောကျ်ားပုံတော့ ယောကျ်ားပုံနဲ့ပေါ့။ ကတ္တီပါ လောင်းကွပ်အစိမ်း အရှည်ကြီးနဲ့၊
အဲဒီတုန်းက ဆံပင်က အရှည်၊ သျှောင်ထုံးနဲ့၊ မိတ်ကပ်က လိမ်းထားသေးတယ်။
နှစ်ခေါက်လည်း
ဘူတာထဲ လမ်းသလားပြီးရော လူ တစ်ယောက် ကပ်လာတယ်။ 'ဘယ်ဇာတ်မှာကတဲ့
မင်းသားလဲ' တဲ့။ အလို... ဒုက္ခပေါ့။ ဇာတ်ထောင်ဆရာလားလည်း
မသိပါဘူး။ အဲဒီလူက တစ်ခါတည်းကပါပြီး မွန်ပြည်နယ်ကို လိုက်ခဲ့ပါတဲ့။ ဇာတ်မင်းသား၊
ခေါင်းဆောင်မင်းသား တင်မယ်တဲ့။ အမယ်လေး... ညကြေးတွေ ဘယ်ရွေ့ ဘယ်လောက် ပေးပါ့မယ်တွေ
ပြောကုန်ပြီ။ အမယ်... ကိုယ်ကလည်း ခပ်တည်တည်နဲ့ မင်းသားဟန်နဲ့ ဂိုက်ပေးလို့ ကောင်းနေတုန်း
ဗြုန်းဆို ဟိုမိန်းမလျာမတွေ ရောက်လာပြီး 'ဟဲ့...
ကောင်မလာဟဲ့။ ဘာလုပ်နေတာလဲ။ ရထားထွက်တော့မယ် ဟဲ့' နဲ့
အော်ကြ၊ ဖေကိုင်တုပ်ကြနဲ့ လုပ်ချလိုက်တော့ ဟိုလူမှာ ပါးစပ်အဟောင်းသား။
ကိုယ့်မှာလည်း ပေါ်ပဟဲ့ဆိုပြီး ပြေးလိုက်ရတာလေ။
အဲဒီတုန်းက
ရထားပေါ်မှာလည်း ပျော်လိုက်တာ။ အော်လိုက်၊ ဟစ်လိုက်၊ ကလိုက်၊ စားလိုက် သောက်လိုက်။
ဘူတာစဉ် တွေ့တာ အကုန်ဝယ်စား၊ ဈေးကလည်း ပေါလိုက်တာ။ ရန်ကုန်-မန္တလေး ရထားခကမှ ခုနစ်ကျပ်
တစ်မတ်ရယ်။
မန္တလေးက
တောင်ပြုန်းကူးကြတော့လည်း ဟိုတုန်းက ရွှေတစ်ချောင်းထဲကနေ လှေနဲ့လည်း
သွားလို့ရတာကိုး။
ရွှေတစ်ချောင်းထဲမှာ
လှေနဲ့သွားရတာ သိပ်ပျော်စရာကောင်းတာ။ လှေချင်း လှေချင်း လှမ်းပြီး နောက်ကြ၊
ပြောင်ကြ၊ နှုတ်ဆက်ကြ။ ယောက္ခမကြီးရေ၊ မိန်းမရေ၊ ယောက်ဖရေနဲ့။ တချို့လည်း စတာ
ကြမ်းတယ်။ အမူးသမားတွေလည်း ပါတာကိုး။ အို...ကိုယ်ကတော့ ကြမ်းလေ ကြိုက်လေ။
သူငယ်တွေက မိန်းမရေဆို မောင်ရေဆိုပြီး သဘောတွေကို ခွေ့လို့။ 'ဟဲ့...မ'
ဆိုလို့ကတော့ မအေ၊ နှမ မိုးမွှန်သွားပြီ သာမှတ်တော့။ တောင်ပြုန်း ရောက်ပြန်တော့လည်း
ပျော်တာ၊ ပျော်တာ ထိန်းမရဘူး။ အထက်အောက် အနီရဲဆင်တူနဲ့၊ စကပ်ပဝါကလည်း အနီရဲကြီး
ခေါင်းစည်းပြီး လက်ဖက်ရည်ဆိုင်မှာ ထိုင်၊ သူငယ်တွေက တရုန်းရုန်း။ ဟိုလူကဆွဲ၊
ဒီလူကဆွဲ၊ ဟိုမှာက မိန်းမလျာတွေ များတာကိုး။ တစ်ခါတည်း မိန်းမတွေလို ဝတ်စားပြီး
သွားလာနေကြတာ။ လွတ်လပ်ရေးတွေကို ရလို့။ အို... ဘာရမလဲ။ လင်းတာနဲ့
ဝတ်စားဖြီးလိမ်းပြီး ထွက်၊ နန်းကြီးပေါ်တက်၊ 'သံတံခါးရိုးရာ'
သွားခုန်တာပဲ။
နန်းကြီးရဲ့
ပိတ်ထားတဲ့ သံတံခါးရှေ့မှာ သွားက ကြတာကို သံတံခါးရိုးရာ ကတယ်လို့ ခေါ်ကြတာ။
ညီလာခံပြီးတာနဲ့ သံတံခါးဆွဲ ပိတ်ပြီး အရပ်က သံတံခါးရှေ့မှာ သံတံခါး ရိုးရာကကြရတဲ့
အစဉ်အလာက ရှေးကတည်းက ရှိခဲ့တာ။ နန်းကြီးဆိုင်းက တီးပေးတယ်။ ပိုက်ဆံပေးရတာပေါ့။
ဟိုတုန်းကတော့ တစ်မတ်ဖိုး တီးပါဦး။ ငါးမူးဖိုး တီးပါဦးပေါ့။ ရွှေဒင်္ဂါးတစ်ပြား
ဆယ့်နှစ်ကျပ်ခေတ်မှာ နှစ်ကျပ်ဖိုးလောက် တီးခိုင်းတဲ့လူဟာ အများဆုံး ငွေနှစ်ကျပ်က
ပဒုမ္မာ တစ်အုပ်၊ ဆီတစ်ပုံး ရတာကိုး။ ခုတော့ အနည်းဆုံးဟာ လေးဆယ့်ငါးကျပ်ဖိုး၊
ကိုးဆယ်ဖိုးပေါ့။
သံတံခါးရှေ့မှာ
ခုန်နေကြတဲ့ လူအုပ်ကြီးက နည်းတာ မဟုတ်ဘူး။ သံတံခါးရိုးရာကို သူငယ်တွေနဲ့
ရောနှောခုန်၊ ကိုယ့်ကို မဟုတ်တာပြောရင် ရန်ဖြစ်၊ ဆဲဆိုပြီး လက်ကလည်း ဂိုး၊ ဂွပ်ဆို
ပါပြီးသား။ လုပ်ချလိုက်တာပဲ။ ပြီးရင် ညကျ အင်္ကျီအဝတ်အစား တစ်ခါလဲ၊ တစ်ခါထွက်၊
သွားခုန်၊ ဟိုလိုက်သွား၊ ဒီလိုက်သွား၊ ပျော်နေတာပဲ တစ်ညလုံး။
နောက်နှစ်ကျတော့
မိန်းမလျာတွေ တောင်ပြုန်းပွဲမှာ ဖမ်းပါလေရော။ မိန်းမလျာတွေ့တာနဲ့ ဖမ်း။ ရဲတွေ
ခြေချင်းလိမ်လို့ပေါ့။ မိန်းမလျာဖြစ်ပေမယ့် ယောကျ်ားပုံဆိုရင်တော့ မဖမ်းဘူး။
ယောကျ်ားလို ကျားကျားလျားလျား ပုံဆောင်ထားရင်တော့ မဖမ်းဘူး။ ယောကျ်ားလို ဝတ်ပြီး
နွဲ့နေရင်ကတော့ လာခဲ့၊ သွား... အချုပ်ထဲ။
မိန်းမလျာတွေ
ဖမ်းကုန်ပြီ၊ ဖမ်းကုန်ပြီဆိုတော့ ကိုယ်နေတဲ့ ကနားက နတ်ကတော်မကြီးတွေက ဟဲ့...
အပြင်မထွက်နဲ့။ ကိုယ့်ကနားမှာ ကိုယ်နေ၊ ဖမ်းခံရလိမ့်မယ်။ နင်ကလည်း ဆတ်ဆလူး
ထနေတာနဲ့တော့ ဖမ်းခံရလိမ့်မယ်ဆိုတော့ မထွက်ရဘူး။ စိတ်က ညစ်ပြီ။ ထွက်က ထွက်ချင်။
လျှမ်းက လျှမ်းချင်နဲ့၊ ဘယ်နှယ့်လုပ်ရပါ့မတုံးပေါ့။ မနေနိုင်ဘူး။
ယောကျ်ားပုံနဲ့လည်း မထွက်ချင်ဘူး။ အဲသည်တော့ အဲ... မိတ်ကပ်တော့ ပါးပါးပဲ လိမ်းပြီး
ထွက်တာပေါ့။
တစ်ညကျတော့
မန်းသီတာဥယျာဉ်မှာ လူနှစ်ယောက်နဲ့ သွားထိုင်ကြတယ်။ ကိုယ်က တစ်နေရာ၊ သူက တစ်နေရာ။
မင်္ဂလာတံတားနားမှာပေါ့။ မှတ်မှတ်ရရ အဲဒီညက သူငယ်ချင်းမနှစ်ယောက်
ချိတ်ထဘီအဖြူလေးတွေနဲ့။ ဒေါက်ဖိနပ်နဲ့ ဒေလီယာပွင့်ကြီးတွေကလည်း တစ်ယောက်တစ်ပွင့်
ပန်လို့။
ဥယျာဉ်ထဲမှာ
စကားလေးမှ ပြောမလို့ ရှိသေးတော်။ ရဲက ရောက်လာပါလေရော။ လာခဲ့ဆိုပြီး ဖမ်းလည်း
ဖမ်းရော ကိုယ်က ဘယ်ခံမလဲ ရဲကို လက်သီးတွေနဲ့ထိုး။ ခြေထောက်တွေနဲ့ ကန်ပြီး
ထွက်ပြေးတာပေါ့။
ကိုယ်ကတော့
သူငယ်ချင်းမဆီ ပြေးရတာပေါ့။ ဟဲ့... ဒီလို ဒီလိုပဲ။ ငါတော့ ဒီလိုဖြစ်ခဲ့ပြီလို့
ပြောတုန်းရှိသေး သောက်ကျိုးနည်း ခုနရဲက နောက်ရောက်လာပါရော။ ဘာပြောကောင်းမတုံး
တစ်ခါတည်း ဒေါက်ဖိနပ် ကုန်းချွတ်ပြီး ရဲမျက်နှာကို စုံခုန်ရိုက်ပစ်လိုက်ပြီး
ကျုံးထဲ ဝုန်းဆို ခုန်ချ၊ ရေကူးပြေးတာ။ ဟိုဘက်ကမ်းပေါ်ရောက်တော့ ချိတ်ထဘီလည်း
မပါလာတော့ဘူး။ အတွင်းခံဘောင်းဘီလေးနဲ့ တုန်နေတာပဲ။ ဒေလီယာပွင့်လည်း ပြုတ်ကျ။
ကိုယ်က လွတ်သွားပေမယ့် သူငယ်ချင်းမကျတော့ ဖမ်းမိသွားတာပေါ့။ အဲဒီ သတင်းလည်း
မိန်းမလျာလောက သိသွားရော။ ဟဲ့... ဒီကောင်မ အစွမ်းအစမသေးဘူး။ သတ္တိခဲမ။
လူစွမ်းကောင်းမ၊ ဂျိန်းစဘွန်းမပဲဟဲ့ ဆိုပြီး ဂျိန်းစဘွန်းကလည်း ပေါ်ကာစ ဆိုတော့
နာမည်ပေးလိုက်ကြတာ 'ဒေစီဂျိန်း' လို့။
အဲဒီကစ
နဂိုနာမည် 'ဘစီ' ပျောက်ပြီး ဒေစီဂျိန်းပဲ တွင်တော့တာပဲ။
နတ်ဖြစ်တော့လည်း အဲ... နတ်ကတော် ဖြစ်တော့လည်း ဒီနာမည်ကိုပဲ သိကြတော့တာပဲ။
သြော်...
နတ်ကလည်း မဖြစ်ချင်လို့ ရမလား။ ဒါလောက် ကချင် ခုန်ချင် ဝတ်ချင် စားချင်နေတဲ့
မိန်းမလျာပဲ။ တောင်ပြုန်း ရောက်ကတည်းက နတ်သွေးနတ်စိတ်တွေ ဝင်နေပြီပေါ့။
နတ်ကတော်တွေ ကနေတာ၊ နတ်ဝင်နေတာ၊ နတ်ပူးနေတာလည်း မမြင်ချင်မှအဆုံး။
အတုခိုးတတ်တာပေါ့။ ဂျိန်းစဘွန်းမပဲ ဘာမဖြစ်စရာ ရှိသလဲ။
ဘိုးဘိုးကြီး၊
ဘိုးဘိုးလေးတို့က ချစ်ပြီး မြှောက်စားတာလည်း ပါတာပေါ့။ တကယ်၊ နတ်ကလည်း ကိုယ့်ကို
ဘာချစ်သလဲ မပြောနဲ့။ ဘာမြှောက်သလဲ မပြောနဲ့။ နတ်ကတော် ဒေစီဂျိန်းဆိုတာ
တောင်ပြုန်းမှာ အရမ်းနာမည်ကြီးသွားတာ။ ကိုယ့်ဆွေတွေမျိုးတွေ
မြှောက်စားတာလည်းပါတယ်။ ကိုယ့် ဆွေ ကိုယ့်မျိုးတွေက အောက်နယ်တစ်ခွင်မှာ နာမည်ကြီး
သူဌေးတွေ။ ဦးလေး၊ အဒေါ် သူဌေးတွေက ဘစီ နတ်ဖြစ် ပြီဆိုတာနဲ့ သူ့တူမှ နတ်၊
တခြားနတ်ကတော်တွေ မလာနဲ့။ မသိဘူး။ ဘစီမှ နတ်၊ ဘာမြှောက်သလဲ မမေးနဲ့။ လုပ်ဟဲ့၊
ကနားပွဲတွေ။ ရော့... ဝယ်ဟဲ့ နတ်ဝတ်စုံတွေ။ အဖိုးတန်တွေ ဝယ်။ လက်ဝတ်လက်စားတွေ
အစစ်တွေဝယ်၊ အတုမဝတ်နဲ့၊ ဂုဏ်ငယ်မယ်၊ ဒီလို။
တောင်ပြုန်းကိုလည်း
တစ်ဆွေလုံး တစ်မျိုးလုံး နှစ်တိုင်းလာကြ၊ သူတို့မွေးတဲ့ ကလေးတွေ
ကင်ပွန်းတပ်ပွဲတို့၊ မွေးနေ့ပွဲတို့ကို တောင်ပြုန်းကျမှ လုပ်ကြတာ။ တောင်ပြုန်းမှာ
ဘတ်ဒေးပွဲတွေ ဘာတွေကို လုပ်တာ။ ရေခဲမုန့်တွေကျွေး၊ ဆပ်တွန့်လိပ်တွေနဲ့။ အဲဒီတုန်းက
အဲလိုဟာတွေ ဘယ်သူမှ တောင် မမြင်ဖူးသေးဘူး။ ဝိုင်းကြည့်ကြတာ။ အဲဒီလို...။
ဆန်ဆို
အိတ်လိုက်၊ ဆီပုံးလိုက်၊ တောင်ပြုန်းခုနစ်ရက်မှာ လာသမျှ ကိုယ့်ဧည့်သည် အကုန်ကျွေး။
ပြီးတော့ ကနားတဲလေးတွေနဲ့ နေရတာ မျက်နှာငယ်တယ်၊ ကျဉ်းတယ်။ အိမ်သာ မရှိ၊ ဘာမရှိ။
အိပ်လို့ နေလို့မကောင်းဘူး။ ဝယ်လိုက် တောင်ပြုန်းမှာ မြေနဲ့အိမ်။ သူတို့က
လိုက်ဝယ်ပေးတယ်။ ရှိမှ ပြန်ပေး။ ခု ဒီအိမ်နဲ့မြေဝယ်တုန်းက ဘာပေးရလို့တုံး၊
ငါးထောင်ရယ်။ ရေလောင်းအိမ်သာတွေ၊ မီးဖိုတွေ၊ ရေချိုးခန်းတွေ ဆောက်တာနဲ့မှ
ရှစ်သောင်းလောက်ကျတာ။ ခုတန် နေပြီ။ ဂုဏ်ကလည်း ရှိသလား မမေးနဲ့။ တောင်ပြုန်းမှာ
ဒေစီဂျိန်းနန်းက နှစ်ထပ်အိမ်ကြီးပေါ်မှာဟေ့။ ခြံကြီးထဲမှာ၊ အဲဒီလို။
တက်ပွဲ၊
တက်ပွဲဆိုလည်း ဒေစီဂျိန်းတို့ တက်ပွဲက သူများတွေနဲ့ တူကို မတူရဘူးမှတ်။
တက်ပွဲဆိုတာ တောင်ပြုန်းမင်းနှစ်ပါးကို ချိုပွဲ၊ ချဉ်ပွဲ၊ ကန်တော့ပွဲနဲ့ တက်ပြီး
သိဒ္ဓိတင်တဲ့ပွဲ။ နန်းတက်တဲ့ပွဲ၊ နတ်ကတော်တစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးဆုံးပွဲ။
နတ်ကတော်ဖြစ်ပြီး တက်ပွဲမရသေးရင် မျက်နှာငယ်တယ်၊ ဂုဏ်ငယ်တယ်။
တက်ပွဲတက်ပြီးမှ
မင်းနှစ်ပါးရဲ့ နန်းတော်ကြီး ရွှေတိုက်စာရင်းဝင် ဖြစ်တာ။ ကိုယ့်ဆိုင်းဘုတ်မှာလည်း
တောင်ပြုန်း မင်းနှစ်ပါး နန်းတော်ကြီး ရွှေတိုက်စာရင်းဝင် ကနားစီး ဘယ်သူဆိုပြီး
ရေးလို့ရတာ။
တက်ပွဲဆိုတာ
ဟိုရှေးတုန်းက မရှိပါဘူး။ နတ်ကတော်တွေ တံခါးရှေ့မှာ သံတံခါးရှိရာ ဒီလိုပဲ ကနေတာပဲ။
အဲဒီမှာ နန်းထိန်းတွေက ပိုက်ဆံများများ ကိုင်ကနေတဲ့ နတ်ကတော်တွေကို 'လာခဲ့၊
နင်တို့ အဲဒီလို ကမနေနဲ့။ နန်းထဲမှာ တရားဝင်လာက' ဆိုပြီး ကခိုင်းရာက
ကန်တော့ပွဲတို့၊ ကန်တော့ကြေးတို့၊ စားတော်စာတို့ပါ ပါလာ။ ကိုယ်တော်တို့ကို
ကန်တော့တယ်။ ကိုယ်တော်တို့ရှေ့မှာ နန်းတက်တယ်ဆိုပြီး တက်ပွဲ၊ တက်ပွဲဖြစ်လာတာ။
ဟိုတုန်းက
တက်ပွဲတက်တဲ့ နတ်ကတော်လည်း မများပါဘူး။ တက်ပွဲတစ်ပွဲလည်း ဘာမှမကုန်ပါဘူး။
တက်ပွဲကြေးတွေ ဘာတွေလည်း မပေးရပါဘူး။
ကန်တော့ပွဲရယ်၊
စားတော်စာရယ်၊ မင်းနှစ်ပါး ဥပုသ်ဆောင် မဝင်ခင်တုန်းက ထန်းရည်အိုးလေးပါရတယ် ဒါပဲ။
ဘာကုန်မှာတုံး ရာဂဏန်းပဲ။ နှစ်ရာ သုံးရာ အရေးကုန်ပေါ့။ အဲဒီတုန်းက ဒေစီဂျိန်းတို့က
ထောင်ဂဏန်းကုန်အောင် ချဲ့ပစ်တာ။ စားတော်စာကို သူများလို ဆီထမင်းလေး၊ ငါးကြော်လေး၊
မာလကာသီးလေး၊ နာနတ်သီးလေးနဲ့တင် ဘယ်လုပ်မတုံး။ ပန်းသီးတွေဝယ်၊ ရန်ကုန်က
အော်ဒါကိတ်မုန့်အကြီး ကြီးတွေလုပ်၊ နိုင်ငံခြားကလာတဲ့ ဂိုဒင်းပတ်တို့ ဘာတို့တွေနဲ့
အဲလိုလုပ်ပစ်တာ။
တက်ပွဲမှာ
ဝတ်တဲ့အဝတ်အစားဆို အဖိုးတန်ပေ့ဆိုတဲ့ အစကို အော်ဒါမှာ အထူးချုပ်၊ လက်ဝတ်လက်စား
စိန်တွေ၊ ရွှေတွေကိုလည်း ဆွေတွေမျိုးတွေက ညွတ်နေအောင်ဆင်ပြီး တက်ပွဲသွားတော့
ဘယ်လိုသွားတယ်မှတ်လဲ။ ဘော်ဒီဂတ် နှစ်ယောက်ဘေးက ရံခိုင်းပြီး သွားတာ။ ဘော်ဒီဂတ်
နှစ်ယောက်နဲ့ ဒေစီဂျိန်းက ရှေ့က၊ နောက်က ဆွေတွေမျိုးတွေက စီတန်းပြီး လိုက်ကြ၊
ဒီလိုလုပ်တာ။
တက်ပွဲဈေးတွေ
တက်ပြီး သောင်းဂဏန်းထိ ရောက်ကုန်တော့လည်း ဒေစီဂျိန်းတို့ကတော့ တက်ပွဲဒကာ
မရှားပေါင်တော်။ တစ်နှစ်သုံးလေးပွဲကတော့ အေးလို့။ ဆွေတွေမျိုးတွေက နှစ်တိုင်း
တစ်ပွဲတက်ပေးတယ်။ ကျန်တာက ကိုယ့်နတ်သားသမီးဒကာပေါ့။ တချို့ဆို
တက်ပွဲတက်ချင်လွန်းလို့ ဒကာ ရှာရတာ။
အမယ်လေး...
ကြော်ရ၊ လှော်ရတာ ဖတ်ဖတ်ကို မောလို့။ တက်ပွဲတက်ရင်၊ တက်ပွဲဒကာဖြစ်ရင်
ဘယ်လိုစီးပွား တက်မှာ၊ ဘယ်လိုအဆင်ပြေမှာ၊ ဘယ်လိုဖြစ်မှာ၊ ဘယ်ညာ ဖြစ်မှာတွေ
စုံလို့... စုံလို့၊ ကြော်ရလှော်ရတာ။ သြော်... မကြော်မလှော်လို့လည်း ဖြစ်မလား။
ခုခေတ် တက်ပွဲတစ်ပွဲ ကုန်ကျစရိတ် နတ်ကတော်တစ်ယောက်အနေနဲ့ ကိုယ့်အိတ်ထဲက
ဘယ်စိုက်နိုင်မလဲ။ အနည်းဆုံး တစ်ပွဲတစ်သောင်းလောက် ကုန်တာ။ ကိုယ်ဝတ်မယ့် အဝတ်အစား၊
စားတော်စာဖိုး၊ ကန်တော့ပွဲဖိုး၊ ပြီးတော့ တက်ပွဲကြေးဆိုတာလည်း ပေးရတယ်။ အရင်လို
မဟုတ်ဘူး။ ပုဆိုးအုပ်သုံးအုပ်နဲ့ ပဝါခြောက် ပိုင်းလည်း ပါရသေးတယ်။
တက်ပွဲကြေးက
အဲ... ဒီနှစ်ဆို ထောင့်နှစ်ရာဆိုလား။ ပုဆိုးသုံးအုပ်ကိုက လေးငါးခြောက်ထောင်
အနည်းဆုံးကျပြီ။ အမျိုးအစားညံ့ညံ့သလို၊ ကောင်းကောင်းသလို ကုန်ပြီ။ ဒီခေတ်မှာ
စားတော်စာကလည်း ချဲ့ချဲ့သလို ကုန်လို့ရတယ်။နိုင်ငံခြားမုန့်ပုံးခေတ် မဟုတ်လား။
တစ်ပုံးကို လေးငါးရာ၊ နိုင်ငံခြားဖျော်ရည် သံဘူးတွေကလည်း လှသလောက် ဈေးကြီးက
ကြီးနဲ့။ နတ်ကတော်မှာ တစ်နှစ်လုံး ကနားပွဲတွေ ကရင်း တက်ပွဲဒကာကို လင်ပျောက်သလို
အရူးအမူး လိုက်ရှာရတာ။ ဒကာတွေ့ပြီ ဆိုတော့မှ ဒီနှစ်အတွက်တော့ စိတ်အေးရပဟဲ့ဆိုပြီး
ရင်ဝက အလုံးကြီးကျတာ။ ခုချိန်ထိ မတက်နိုင်သေးတဲ့ နတ်ကတော်တွေလည်း အပုံပေါ့။
ဒါပေမယ့် သူတို့ ရင်ထဲမှာတော့ ရှိတာပေါ့။ နတ်ကတော်တို့ရဲ့ ဘဝ ရည်မှန်းချက်ဟာ
အဲဒါပဲ။ တက်ပွဲတက်ရဖို့ပဲ။
ဒေစီဂျိန်းတို့တော့
လာမပြောနဲ့။ ရေကန်အသင့်၊ ကြာအသင့် ဘဝမို့လား မသိဘူး။ တက်ပွဲလည်း တက်ပွဲမို့
ဗောင်းလည်း ဗောင်းမို့ ပျာယာခတ်တော့ ဖြစ်ခဲ့ပါဘူး။ တောင်ပြုန်းလာတာ
ပျော်ချင်လို့ပါဆိုမှ။ နတ်ကတော်လုပ်တာ တောင်ပြုန်းလာရအောင်လို့ပါဆိုမှ။
သူများနတ်ကတော်တွေ ဗောင်း၊ ဗောင်းဆို လိုချင်ကြလွန်းလို့။ ဟော... ဒေစီဂျိန်းတို့က
ဗောင်းပေးတာကို နှစ်နှစ်၊ သုံးနှစ် ပတ်ပြေးနေတာ။ ကိုယ်မှ လူကြီး မလုပ်ချင်ဘဲ
လိုချင်ပေါင်ဘူး။ ကိုယ်က ဆိုလိုက်၊ ကလိုက် မဟုတ်က ဟုတ်ကတွေ ပြောလိုက်နဲ့
လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး နေချင်တာ။ ဒီဗောင်းကို နန်းကြီးက အတင်းကို
လိုက်ပေးယူရတာ။ ပြီးရော၊ ဂျိန်းစဘွန်းမကိုတော့ လက်ဖျားခါသလား မမေးနဲ့။
အမှန်မှာဆို
ဒီနေ့ ညီလာခံလည်း သွားရမှာ။ ကိုယ်က ဗောင်းကိုး။ တော်ပြီ၊ မသွားပါဘူး။ ကိုယ်က
ရောက်ရောက်ချင်း လဆန်းခုနစ်ရက်နေ့ ရောက်ရောက်ချင်း သွားကန်တော့ ပြီးပြီ။ အားရပါးရ
ကန်တော့ပြီးပြီ။ ညီလာခံထဲမှာက အကြာကြီး အဝတ်အစားကြီးတွေ တင်းတင်းကျပ်ကျပ်နဲ့
ထိုင်နေရတော့ ချွေးတွေသံတွေ လူတွေနဲ့ မွန်းကျပ်ပြီး ညီလာခံ မပြီးမချင်း နေရတာ။
အဲဒါမျိုး မနေတတ်ဘူး။ အော်ဟစ်ပစ်ချင် လာတာ၊ ကြာတော့။ အဲဒီတော့ ညီလာခံမတက်လို့
ဗောင်းပြန်ယူချင်လည်း ယူကြ၊ ကျုပ်ကတော့ မလာဘူးလို့။
ဆက်လက်ဖော်ပြပါမည်။
နုနုရည်အင်းဝ
(အမှတ် ၁၉၆၊ မတ်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
၁၉၉၄ ခုနှစ် အောက်တိုဘာလက ထုတ်ဝေခဲ့သည့် အားမာန်သစ်စာပေမှ နုနုရည်အင်းဝ ရေးသားခဲ့သည့် ‘ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ’ ဝတ္ထုကို ရွှေအမြုတေမဂ္ဂဇင်း၏ ‘ရွှေဝတ္ထုများကို ပြန်လည်တူးဖော်ခြင်းကဏ္ဍ’ မှာ ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။
ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။
ဟိုတုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ငယ်တော့ ပျော်တာနဲ့ ကိုယ့်တက်ပွဲနေရာကို ရောင်းတာ။ ကိုယ့်တက်ပွဲနေရာက ရှေ့ကျတာကိုး။ ရှေ့နေချင်တဲ့သူတွေ၊ နံပါတ်ကောင်းကောင်း လိုချင်တဲ့သူတွေက ဝယ်ကြတယ်။ ဟိုတုန်းက ဘာမှလည်း ကြေးမ...
နတ်ဒိုးသံဟာ လူတွေရဲ့ သွေးကြောတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိတယ်။ စိတ်ကို မြူးကြွသာယာ စေတယ်။ ပြီးတော့ အချစ်သွေးကိုလည်း ကြွစေနိုင်ပါလား။