စိန်ဥမယ်
'ဟ... ဒါက ဘာကြီးလဲ'
အိမ်ထဲ ဝင်လိုက်သည်နှင့်
ပြတင်းတံခါးဘောင်တွင် ချိတ်ဆွဲထားသော လက်ဆွဲခြင်းပေါက်ကြီးကို မြင်လိုက်ရသဖြင့်
အံ့သြစွာ မေးမိသည်။ ခြင်းက ကျွန်မတို့ ရုံးသွားသည့်အခါ ဆွဲသည့်
ပလတ်စတစ်ခြင်းမျိုး။ ဘေးနားတွေလည်း စုတ်နေပြီ။ ဖင်ကိုတော့ တမင်ဖောက်ထားပုံရသည်။
ဒါကြီးကို လူမြင်ကွင်း မျက်နှာစာမှာ အလှချိတ်ထားတာတော့ မဖြစ်နိုင်ဟု တွေးသည်။
တစ်ခါတစ်ရံ နိုင်ငံခြား ရုပ်ရှင်ကားတွေထဲမှာ ကျွန်မတို့ဆီက ဆန်ကောကြီးတွေ
အလှချိတ်ထားတာ တွေ့ဖူးသည်။ သူတို့သဘောကတော့ မြန်မာ့လက်မှုပညာကို အမြတ်တနိုး
အလှချိတ်ထားဟန် တူသည်။
ခုအိမ်ကတော့ ဧည့်ခန်းရယ်လို့ သပ်သပ်မရှိပါ။
ခန်းဆီးလေးရှေ့က ကြမ်းပြင်ကို ဧည့်ခန်းလို့သာ ခေါ်ရမည်။ ဧည့်သည်လာရင် အဲဒီမှာ
ဖျာခင်းထိုင်ကြ။ ညဆိုရင်တော့ အိမ်သားတွေ ဖြန့်အိပ်။ အဲ... ညဥ့်အိပ်ညဥ့်နေ
ဧည့်သည်လာလျှင်လည်း ဒီနေရာမှာပဲ အိပ်ကြရသည်။ ဘယ်လို ပြောရမလဲ။ ဧည့်ခန်း တစ်လှည့်၊
အိပ်ခန်းတစ်လှည့် ဆိုရမည် ထင်သည်။ အချို့ဆို သည်နေရာအိပ်၊ သည်နေရာစားတောင်
ရှိသေးသည်။ ဘယ်တတ်နိုင်မလဲ။ သည်လိုပဲ ဖြစ်အောင်နေကြရသည်။ မြို့ထဲမှာကတော့
ဝါးလုံးခေါင်းထဲ နေရသလို မွန်းကျပ်နေသည်။ လေကောင်းလေသန့်ဆိုတာ ဘယ်မှာနေမှန်းတောင်
မသိ။ အချို့တိုက်ခန်းတွေဆို ဘေးတံခါးပေါက်ပင် မပါ။ ရှေ့နဲ့ နောက်ပဲ အပေါက်ပါသည်။
ဘေးကလည်း ကိုယ့်လို အထပ်မြင့်က ကပ်လျက်မို့ အလင်းရောင်က ဘယ်နေရာက ဝင်ရမှန်း မသိ။
နေ့ခင်းကြောင်တောင် မီးဖွင့်နေကြရသည်။ အဲ... မီးမလာတဲ့ အခါများမှာတော့ ဆိုဖွယ်ရာ
မရှိတော့။ စိတ်မညစ်ဘူးလား မမေးနှင့်။ ခပ်မြန်မြန် ခေါင်းခါပြကြလိမ့်မည်။ သူတို့ဘဝနှင့်
သူတို့နေသားကျ နေသည်။ ခု ကျွန်မရောက်နေသည့်နေရာမျိုးကို လာနေပါလားဟု ခေါ်ကြည့်။
ဝေလာဝေး၊ စိတ်ကူးထဲတောင် မထည့်ဘူးဟု ဖြေလိမ့်မည်။ ဒါလည်း ကောင်းပါသည်။ လူဆိုတာ
ကိုယ့်နေရာနဲ့ကိုယ် အံဝင်ခွင်ကျ နေတတ်ရမည် မဟုတ်လား။
ကျွန်မကတော့ မြို့လယ်မှာ
အသက်ရှူမဝလို့ ရုံးပိတ်ရက်ဆို ဒီအိမ်လေးကို ရောက်လာတတ်သည်။ ဒါ သူများအိမ်မှ
မဟုတ်ဘဲ။ ကျွန်မတူအိမ်။ ကျွန်မတူက
ဆိုက်ကားနင်းသည်။
သူ့ မိန်းမက ဈေးရောင်းသည်။ သူတို့ဟာနဲ့ သူတို့တော့ အဆင်ပြေပါသည်။ ကျွန်မကသာ
ဟိုတွေး၊ ဒီတွေးနှင့် ကြောင်နေသည်။ သူတို့က ဘာမျှမတွေးအားကြ။ မိုးလင်းတာနှင့် ယောကျ်ားက
ဆိုက်ကားထွက်နင်း၊ မိန်းမက ဈေးရောင်းဖို့ ပြင်ဆင်။ ကလေးတွေက သူတို့ဟာ သူတို့
ဖြစ်သလို စားသောက်ပြီး ကျောင်းသွားကြ။ မိုးချုပ်လျှင် ပြန်အိပ်။
အိပ်ပြီဆိုလျှင်လည်း ဘာအပူအပင်မျှ မရှိ။ နေ့ခင်းက ပင်ပန်းကြသဖြင့် ညဆို
တုံးထိုးထားသလို အိပ်ကြသည်။ သူခိုးသူဝှက်လည်း မကြောက်ရ။ သူတို့ ခိုးစရာဆိုလို့လည်း
ဘာမျှမရှိ။ ဘယ်လောက်အေးချမ်းသလဲ။ ဟန်ကျလိုက်လေ ခြင်းဟု တွေးသည်။ ကျွန်မကလည်း
ရုံးပိတ်ရက်ဆို ဒီမှာ လာပျော်သည်။ ပင်စင်ရရင်တော့ ဒီနေရာမှာ အိမ်လေး တစ်လုံးလောက်
ဝယ်နေမယ်ဟုတောင် ဆုံးဖြတ်ထားသေးသည်။ အဲဒီအချိန်ကျ ဈေးတွေတက်လို့ လိုက်မမီရင်တော့
မတတ်နိုင်။ ကိုယ့်ကံကိုပဲ ပုံချရပေတော့မည်။ ခုတော့ တွေးရုံသက်သက်ပဲ
တတ်နိုင်သေးသည်။
ကျွန်မထိုင်ဖို့ အနားစုတ်နေသည့်
သင်ဖြူးဖျာကလေးကို ဖြန့်ခင်းပေးရင်း မြေးအကြီးမလေးက ဖြေသည်။
'ဟိုကိုရီးယားကားထဲက
ဒါရိုက်တာရင် ကစားသလိုမျိုး မောင်လေးက ကစားချင်တယ် ပူဆာလို့ အဖေ လုပ်ပေးထားတာ
ဘွားလေးရဲ့'
'အောင်မလေး... ဖြစ်မှ
ဖြစ်ရလေဟဲ့'ဟု ပြောပြီး အားပါးတရ ရယ်မိသည်။ ရောဂါ။
ရောဂါဆိုတာ အမျိုးမျိုးရှိသည်။ အဖျားအနာကိုမှ ရောဂါဟု ပြောသည်မဟုတ်။ ကူးစက်သည့်
အလ့အထ တစ်ခုကိုလည်း ရောဂါဟုပင် ပြောရလိမ့်မည်။ သည်ကိုရီးယား ဇာတ်လမ်းတွဲတွေကလည်း
အတော်လွှမ်းမိုးသည်။ သူတို့အိမ်မှာ တီဗီမရှိ။ သူတို့ရပ်ကွက်မှာ တီဗီရှိသည့်အိမ်
နှစ်အိမ်ပဲရှိသည်။ အဲ... ဒီအိမ်တွေမှာ ပိုက်ဆံပေးပြီး သွားကြည့်ကြရသည်။ ဒါတောင်
ကျွန်မမြေးတွေက ညတိုင်း သွားမကြည့် ကြရ။ တစ်ခါတစ်ရံမှသာ ကြည့်ကြရသည်။ တူမလုပ် သူက
စေ့စပ်သည်။
'ပိုက်ဆံရှာရတာ လွယ်တာ
မဟုတ်ဘူး ဒေါ်လေးရဲ့။ ညတိုင်း ပေးမကြည့်နိုင်ဘူး'
'ကလေးတွေကို သိပ်အလိုမလိုက်တာ
ကောင်းပါတယ်အေ'
ကိုယ်က ဖြေပြော ပြောရသည်။ ညတိုင်း
မကြည့်ရတာတောင် ဒီရောဂါက စွဲသေးသည်။ ဒါရိုက်တာရင် ဘက်စကက်ဘော ကစားတာကို ကြည့်ပြီး
ကစားချင်သည်။ ရှင်းပါသည်။ ကစားဖို့ နေရာမရှိ။ ဝယ်လည်း မပေးနိုင်။ ဒီတော့ ခြင်းစုတ်ကို
ဖင်ဖောက်ပြီး အနံတစ်ထွာလောက်ရှိမည့် ပုဆိုးစုတ်ကလေးနှင့် ပတ်ချည်ထားပေးသည်။
အငယ်ကောင်က ကော်ဘောလုံးလေးကို ခြင်းထဲပစ်သွင်း လိုက်။ ပတ်ထားတဲ့ ပုဆိုးစုတ်ကြားထဲက
ဘောလုံးလေးက ပြန်ထွက်ကျလာလိုက်။ ဘောလုံးကို ကောက်ပြီး ပြန်ပစ်သွင်းလိုက်။
တစ်ခါတလေလည်း ဘေးချော်သွားလိုက်နှင့် သူ့ဟာသူ သဘောကျနေသည်။ ဘာပဲဖြစ်ဖြစ်
တူတော်မောင်၏ ဉာဏ်သွားပုံကို မချီးကျူးဘဲ မနေနိုင်။ ကလေးစိတ်ကျေနပ်ရန်အတွက်
အဆင်ပြေအောင် သူမို့ လုပ်ပေးတတ်သည်။
ဒါလည်း တီထွင်ဉာဏ် တစ်မျိုးပါပဲလားဟု
တွေးသည်။ ဖြတ်ထိုးဉာဏ်ကောင်းတဲ့ နေရာမှာတော့ ကျွန်မတို့လူမျိုးကို ဘယ်သူမှ
လိုက်မီမည် မထင်။ ပျော်ရွှင်စွာ ကစားနေသော မြေးတော်မောင်ကို ကြည့်လျက် အားကစား
ဝါသနာပါတာကိုတော့ သဘောကျမိသည်။
ကျွန်မတို့ ရွာမှာနေတုန်းက
ကိုယ့်ရွာအလိုက် ဘောလုံးသင်းတွေ ရှိသည်။ ကျွန်မတို့ဘကြီး (အမေ့ အစ်ကို) ဆိုလျှင်
ကျွန်မတို့နယ်မှာ အတော်နာမည်ကြီးသည့် ဘောလုံးသမားတစ်ဦး ဖြစ်သည်။ သူ့နာမည်က
မန်းဘတို။ ကျွန်မတို့က ဖထီးတိုဟု ခေါ်သည်။ လူက ဂင်တိုတိုနှင့်။ ကျွန်မတို့က
ခပ်ငယ်ငယ်မို့ သိပ်တော့မမှတ်မိ။ တစ်ရွာနှင့်တစ်ရွာ ချိန်းပွဲတွေဆို စည်သလား
မမေးနှင့်။ လောင်းကြေးတွေကလည်း ရက်စက်သည်။ ကျွန်မတို့ အရွယ်ရောက်တော့ အဲဒီလို
လောင်းတဲ့ ဘောလုံးပွဲတွေ မရှိတော့။ ဖထီးတိုလည်း အသက် ၈ဝ ကျော်နေပြီ။ ဒါပေမယ့်
သူနှင့်ဆုံလျှင် တစ်ချိန်က ဘောလုံးပွဲအကြောင်းကို ပြောမဆုံးတော့။ ကျွန်မတို့
အမေကတော့ တစ်မျိုး။ ဘောလုံးပွဲကို အကြောင်းပြုပြီး စီးပွားရှာသည်။ အမေ မကြာခဏ
ပြောဖူးသည်။
'အမေကတော့ ချိန်းပွဲတွေ
များများရှိပါစေလို့ ဆုတောင်းတာပဲ။ ဘောလုံးချိန်းပွဲဆို ဈေးရောင်းလို့တယ်
ကောင်းတာကိုး'
အမေက ဘောလုံးပွဲတိုင်းမှာ
ဆေးလိပ်တို့၊ ကွမ်းယာတို့၊ စားစရာမုန့်မျိုးစုံလုပ်ပြီး လိုက်ရောင်းသည်။ တစ်ပွဲ
တစ်ပွဲကို ထောင်ချီရသည် ဆိုပဲ။ အဲဒီခေတ်က ရွှေတစ်ကျပ်သားကို တစ်ရာ ကျော်သာ
ရှိသည့်ခေတ်။ တွက်သာကြည့်။ အမေက အဲဒီလို စီးပွားရေးသမား။ ရှာလည်း ရှာသည်။
စုလည်းစုသည်။ စနစ်လည်း ကြီးသည်။ အဖေကတော့ လူအေး။ ဒါတောင် ဘောလုံး အကန်ကောင်းတဲ့
ယောက်ဖကို အားကိုးပြီး တစ်ခါတလေတော့ ဘောလုံးလိုက်လောင်းသေးသည်တဲ့။
ဗြုန်းခနဲ အမေဆုံးတော့ အဖေ့လက်ထဲမှာ
ငွေတစ်ပြားမှ မရှိ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းပင် မသိ။ အမေဆုံးပုံကလည်းကြည့်။ မနက်က
အကောင်းချည်း။ ကောက်စိုက်မ အယောက်၂ဝ အတွက် သရေစာပင် ချက်သေးသည်။ ဗြုန်းစားကြီး
ဗိုက်အောင့်သည်ဟုဆိုကာ အစ်ကိုကြီးကို ခေါ်ပြောသည်။
'သား ဒီနေ့ကျောင်း
မသွားနဲ့တော့။ လယ်ထဲ သရေစာသွားပို့။ သားအဖေကို အမေ ဗိုက်အောင့်နေတယ်လို့ပြော'
အစ်ကိုကြီးကလည်း အမေမှာသည့်အတိုင်း
သွားပြောသည်။ အဖေတို့ရောက်တော့ အမေ အလူးအလဲ ဖြစ်နေပြီ။ တောကတော့ သိတဲ့အတိုင်းပဲ။
ဗိုက်အောင့်တယ်ဆိုတာနဲ့ နင်းကြ၊ နှိပ်ကြ၊ ဟိုဆေးလူး၊ ဒီဆေးသောက်နဲ့။ ညနေ ၄
နာရီလောက်မှာ အမေ ဆုံးသွားသည်။ ကျွန်မတို့ကလည်း ငယ်သေးတော့ ဘာမှမလုပ်နိုင်။
အမေ့အကြောင်းကို ပြန်တွေးတိုင်း ကျွန်မ စိတ်မကောင်း ဖြစ်ရသည်။
အတိတ်ကို ပြန်လှည့်ယူ၍ မရ။
တွေးမိတိုင်း စိတ်ထိခိုက်ရုံမှအပ ဘာမျှ မတတ်နိုင်တော့။ အမေ မရှိတော့ အဖေ
အတော်ဒုက္ခရောက်သွားသည်။ တော်သေးသည်။ အမေက အမြော်အမြင် ရှိသည်။ သူ လုပ်ထားတဲ့
စီးပွားရေးလုပ်ငန်းတွေ အားလုံး အစ်ကိုကြီးကို ပြောထားသည်။ စာရင်းဇယားတွေ ပြထားသည်။
ဘောလုံးပွဲကို အကြောင်းပြုပြီး စီးပွားဖြစ်အောင်လုပ်သော အမေသည်
ဘောလုံးအကြောင်းကိုတော့ ဘာမျှနားမလည်။ ကျွန်မကလည်း ဘမျိုးဘိုးတူမို့လား မသိ။
ဘောလုံးပွဲကိုတော့ ဝါသနာပါသည်။ သို့သော် အမေ့လိုပဲ ဘောလုံးအကြောင်းကို မသိ။
အမေ့လိုလည်း ဘောလုံးပွဲကို အသုံးချပြီး စီးပွားမရှာတတ်။ တစ်ခုတော့ ရှိသည်။
မြန်မာနဲ့ ဘယ်သူကန်ကန် မြန်မာနိုင်မှ ကျွန်မ ကြိုက်သည်။ မြန်မာရှုံးသံကို ကျွန်မ
မကြားနိုင်။ မြန်မာနဲ့ပွဲဆို အိမ်ကလူတွေကလည်း ထမကန်ရုံတစ်မယ်ပင်။
'ချလိုက်ပါလားကွ၊
သွင်းလိုက်ပါလားကွ'နဲ့ အားမလို အားမရဖြင့် ဖင်မငြိမ်ကြ။
မြန်မာနိုင်လို့ကတော့ အော်ဟစ်သံတွေဖြင့် တစ်အိမ်လုံး ဝက်ဝက်ကွဲပြီသာ မှတ်တော့။
လူတစ်ကိုယ် အကြိုက်တစ်မျိုးဟု ဆိုရမည်လား မသိ။ ကျွန်မ မကြိုက်ဆုံး အားကစားကတော့
လက်ဝှေ့။ ဘာကြောင့်ရယ် မသိ။ လက်ဝှေ့ထိုးသတ်နေတာကို ကျွန်မ မကြည့်ဝံ့။ နိုင်သူကို
လက်ခုပ်တီး အားပေးချင်စိတ်မရှိ။ ရှုံးသူကို သနားနေသည်။ နိုင်သူမှာလည်း
အဖူးအယောင်နှင့်။ ရှုံးသူမှာလည်း အကွဲအပြဲနှင့်။ ဘယ်သူမျှ မသက်သာ။ လက်ဝှေ့ပွဲကို
မြင်တိုင်း ကျွန်မ အတွေးက သမိုင်း နောက်ကြောင်းကို ပြန်သွားသည်။
ကြေးပိုင် ကျွန်ပိုင်ရှင် စနစ်။
ကျွန်အချင်းချင်း အသေအလဲ ခုတ်သတ်ခိုင်းပြီး အမြိန့်သား ထိုင်ကြည့်နေသည့်
ကျွန်ပိုင်ရှင်ကြီးတွေရဲ့ မျက်နှာကို မြင်ယောင်နေမိသည်။ မာကျောလှသည့်
အသည်းနှလုံးများ၊ တွေးရုံနှင့်ပင် တုန်လှုပ်မိသည်။ ကျွန်မလိုသာဆို ကမ္ဘာကျော်
လက်ဝှေ့သမားတွေ ပေါ်လာစရာ အကြောင်းမရှိတော့။
ထားပါတော့။ ဘောလုံးရောဂါ
ကျွန်မတို့ဆီမှာ မသေးလှ။ ကမ္ဘာ့တစ်ဖက်ခြမ်းက ဘောလုံးပွဲကို ဒီကနေပြီး
အနိုင်အရှုံးကို ခန့်မှန်းနေကြသည်။ မှန်းချက်နှင့်နှမ်းထွက် ကိုက်သည့် အခါလည်း
ရှိ၊ မကိုက်တဲ့ အခါလည်း ရှိလိမ့်မည်။ ဖထီးတိုတို့ ခေတ်ကတော့ လောင်းကြသည်တဲ့။
တစ်နေ့က ဈေးသွားတော့ ဟင်းရွက်သည် အချင်းချင်း ပြောသံကြားရသည်။
'ဟိုဟာ... အနီဝတ်တဲ့ ဟာဟယ်၊
အဲဒါ နိုင်မယ်ဆိုလို့ ငါဖြင့် မပြောချင်တော့ပါဘူးအေ'
ရယ်တော့ ရယ်ရသည်။ ဘောလုံးအသင်း နာမည်
သူမသိ။ သိစရာလည်း မလို။ သူ့အဖို့က နိုင်ဖို့သာ အဓိက။ အဲဒါလည်း ရောဂါတစ်မျိုးပဲဟု
တွေးသည်။ ခြင်းဖင်ပေါက်ထဲ ဘောလုံးလေး ပစ်သွင်းလိုက်၊ ပြန်ကောက်လိုက်နှင့်
ဆော့ကစားနေသော မြေးငယ်လေးကို ကျွန်မ ငေးကြည့်သည်။ သူက ဘယ်သူ့ကိုမှ ဂရုမစိုက်။
သူ့အာရုံနဲ့သူ ပျော်နေသည်။ ကျေနပ်နေသည်။ သူရောကြီးလာရင် ဘယ်လို အားကစားမျိုးကို
ဝါသနာပါမည်လဲ စဉ်းစားသည်။ ဘမျိုးဘိုးတူ ဆိုသလို ဖထီးတိုလို ဘောလုံး သမားကောင်း
တစ်ယောက် ဖြစ်လာမည်လား၊ ဒါရိုက်တာရင်လို ဘက်စကက်ဘော ကစားသမား တစ်ယောက်
ဖြစ်လာမည်လား မျှော်တွေး ကြည့်သည်။
သည်အခါ သူငယ်စဉ်က ခြင်းစုတ်ကို
ဖင်ဖောက်ပြီး ကစားခဲ့တာကို ပြန်တွေးရင် ဘယ်လိုနေမလဲ။ တကယ်လို့ အောင်မြင်တဲ့
အားကစားသမားတစ်ယောက် ဖြစ်သွားလို့ သည်အကြောင်းကို သူ ပြန်ပြောရင် (မဂ္ဂဇင်းတွေ၊
ဂျာနယ်တွေက အင်တာဗျူးရင်ပေါ့လေ) သူ့ရဲ့ ဝါသနာနဲ့ ကြိုးစားမှုကို ဝိုင်းပြီး
ချီးကျူးကြလိမ့်မည်။ သည်အခါ တီထွင်ကြံဆတတ်သော သူ့အဖေ ဆိုက်ကားဆရာ၏ ဂုဏ်ပုဒ်ကိုလည်း
မြှုပ်ထား၍ သင့်တော်မည် မထင်။
အဲဒီအချိန်ထိ ကျွန်မ
ရှိနေဦးမည်ဆိုလျှင်လည်း မြေးအတွက် ဂုဏ်ယူမဆုံး ဖြစ်မှာ သေချာသည်။
အခုအချိန်မှာတော့..။
▀
စိန်ဥမယ်
(အမှတ် ၁၉၆၊ မတ်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်