တွာလ်ခဲင်းမာန်
သူက အပြင်ဘက်တွင် မိုးစင်စင်လင်းနေမှန်းကို သိသော်လည်း အိပ်ရာမှမထချင်သေးသဖြင့် အိပ်ရာပေါ်တွင်ပင် မှိန်းနေလိုက်သည်။
သူ၏ တစ်ကိုယ်လုံး
ညောင်းညာကိုက်ခဲနေသည်။ လွန်ခဲ့သော တစ်နေ့က လူအပြည့် ကျပ်ညပ်၍ တင်ထားသော
ဂျစ်ကားကလေးဖြင့် သူသည် တွန်းဇန်မှ ကျီခါးသို့ လာခဲ့သည်။ မိုးရာသီ ဖြစ်သဖြင့်
လမ်းက သိပ်မကောင်း၊ အန္တရာယ်ရှိလောက်မည့် နေရာမျိုးတွင် ခရီးသည်အားလုံး ကားပေါ်က
ဆင်း၍
လမ်းလျှောက်လိုက်၊
လမ်းကောင်းရောက်လျှင် ကားပေါ် ပြန်တက်လိုက်နှင့် ထိုနေ့က ကျီခါးသို့ ပုံမှန်
စောစောဝင်ရမည့် ကားသည် ညမှောင်မှ ကျီခါးသို့ ဝင်သည်။ ထိုညကတည်းက သူ့တစ်ကိုယ်လုံး
ညောင်းညာကိုက်ခဲနေခြင်း ဖြစ်သည်။ မနက်လင်းတော့ ကျီခါးတွင် မနေတော့ဘဲ ကျီခါးနှင့်
ဆယ့်နှစ်မိုင်ခရီး ဝေးသော သူတို့ရွာဖြစ်သည့် တွီးမွီသို့ ခြေလျင်လျှောက်ခဲ့သည်။
ကျီခါးနှင့် သူတို့ရွာက ကားလမ်းမပေါ် ခြေကျင်လမ်းသာ ရှိသည်။
သာမန်လူတစ်ယောက်အဖို့ ကျီခါးနှင့်
သူတို့ရွာခရီးသည် နေ့ဝက်မျှသာ လျှောက်ရသော ခရီးဖြစ်သော်လည်း သူက ဤသို့
တောင်တက်တောင်ဆင်း ခရီးရှည် မသွားဖြစ်သည်မှာ ကြာပြီမို့ နားလိုက်သွားလိုက်နှင့်
တစ်နေကုန်နီးပါး သွားခဲ့ရသည်။ မနေ့က ညနေစောင်းတွင်မှ သူ ရွာကို ရောက်သည်။ ရွာရှိ
သူ့ဦးလေးတို့ အိမ်ရောက်တော့ ဦးလေးကျန်းမာရေး အခြေအနေ မေးမြန်းပြီး အဒေါ်ပေးသော
နွားနို့တစ်ခွက် သောက်၍ သူ အိပ်ရာဝင်သည်။ ညစာ စားဖို့ လာနှိုးတော့ သူက
မစားချင်ကြောင်းပြော၍ ဆက်အိပ်သည်။ ယခု မိုးစင်စင်လင်းမှ သူ နိုးသည်။
ခေါင်းရင်း ခြံစည်းရိုးစပ်မှ
လမ်းကလေးအတိုင်း လျှောက်သွားကြသော တောင်ယာသွားသူတို့၏ စကားပြောသံတို့ကို ကြားရသည်။
အိမ်ရှေ့
ကပြင်ကြမ်းခင်းပျဉ်များကိုဖြတ်၍ အိမ်ထဲဝင်လာသော ခြေသံကို ကြားရသည်။
'အဒေါ်... ဒီမှာရော့၊
ဦးလေးဖို့' ဆိုသော မိန်းမတစ်ဦး၏ အသံကို ကြားရသည်။
'အို... ဒါတွေ ဘာဖြစ်လို့
ယူခဲ့တာလဲ၊ ဟိုတလောကတင် ကြက်ဥတွေလည်း လာပေးတာ မနည်းပဲနဲ့'
အဒေါ်၏ အသံကို ကြားရသည်။
'ရပါတယ် အဒေါ်ရယ်... အိမ်မှာက
ဒီနှစ်ကြက်တွေ အရမ်းပွားတာ၊ ဒါပြီး ဟိုတစ်ပတ်က အိမ်က ဆိတ်မ သားပေါက်တယ်လေ...
နှစ်ကောင်တောင် လှမှလှ၊ ဆိတ်မကြီးကလည်း နို့အရမ်းထွက်တာ၊ ဒါကြောင့် ဦးလေးဖို့
ဆိတ်နို့ပါ ယူခဲ့တယ်'
'အားနာစရာကြီးကွယ် ...၊
နင့်ဦးလေးလည်း တော်တော် သက်သာပါပြီဟဲ့၊ အင်း...ရွာက လူတွေကလည်း ဟိုအိမ်က ကြက်၊ ကြက်ဥလာပေးလိုက်၊
နွားနို့ လာပေးလိုက်၊ သားငါးလေး ရရင်လည်း လာပေးလိုက်နဲ့၊ အိမ်က ဟာတောင် စားရတယ်
မရှိပါဘူး... လာ... လာ ထိုင်ဦး ဟဲ့...'
ထိုင်ခုံရွှေ့သံများကို ကြားရသည်။
အဒေါ်၏အသံကို ကြားရပြန်သည်။
'ဒါနဲ့ နင့်တောင်ယာ
အခြေအနေဘယ်လိုလဲ၊ ကောင်းရဲ့လား'
'ကောင်းပါတယ် ဒေါ်လေး...
စပါးပင်တွေလည်း စိမ်းစိမ်းစိုနေတာပဲ၊ ပြောင်းပင်လေးတွေလည်း တချို့ပွင့်နေကြပြီ'
သူက ထိုမိန်းမအသံကို ခေါင်းထောင်၍
နားစိုက်ထောင်လိုက်သည်။ သူ နားစွင့်ထောင်လိုက်မှ စကားပြောသံတို့ တိတ်ဆိတ်၍
သွားသည်။ ခဏနေတော့ အဒေါ့်အသံကို ပြန်ကြားရသည်။
'နင့်ယောကျ်ားဆီက စာလေးဘာလေး
မလာဘူးလား'
'မလာပါဘူး ဒေါ်လေးရယ်...
ဘာသတင်းမှလည်း မကြားရဘူး'
သူက ထိုမိန်းမ၏ အသံကို သေသေချာချာ
ကြားလိုက်ရတော့ ထောင်ထားသော ခေါင်းကို ပြန်ချ လိုက်သည်။ ထိုအသံကို
သူကြားဖူးရုံမျှမက ဘယ်တော့မှ မေ့၍ရတော့မည် မဟုတ်သော အသံဖြစ်သည်။ သြော်...
ငယ်ချစ်ဦး လွန်းရယ်... သူက တိုးတိုးလေး ညည်းလိုက်သည်။
'နင့်ဦးလေးကို
ဝင်ကြည့်ဦးမလား၊ ခုနထိတော့ အိပ်နေတုန်းပဲ'
'အိပ်နေရင် ကိစ္စမရှိပါဘူး၊
မကြည့်တော့ပါဘူး'
စကားပြောသံများကို ကြားနေရရာမှ စကားသံ
ပြတ်သွားပြန်သည်။ ခဏနေတော့ လွန်း၏အသံကို ကြားရသည်။ '
'ဟို...အဒေါ်... ဟိုလေ ...ကပ်ပူ
မနေ့က ရွာကို ရောက်လာတယ်ဆို...'
'အေးဟဲ့... နင့်ဦးလေး
နေမကောင်းဘူးကြားလို့ လာကြည့်တာတဲ့၊ နင့်ဦးလေးကဖြင့် သက်တောင် သက်သာနေပြီ'
'သူအခု ဘယ်သွားလဲ'
'သူလည်း အိပ်နေတုန်းပဲ...
နှိုးလိုက်ရမလား'
'မနှိုးပါနဲ့ ရပါတယ်၊ သူလည်း
ခရီးပန်းလာလို့ နေမှာပေါ့'
'ဟုတ်မှာပေါ့၊ မနေ့က
ညစာတောင်မစားဘူး၊ အိပ်ရာ တန်းဝင်တာပဲ၊ သူလည်း ခရီးမသွားတာ ကြာရောပေါ့၊ အခုတို့ဆီ
လာတာတောင် နင့်ဦးလေး အသည်းအသန်ဖြစ်နေတယ် ကြားလို့တဲ့'
'ဒါနဲ့... သူဘယ်တော့
ပြန်မှာလဲဟင်' ချက်ချင်းကြီးတော့ မပြန်လောက်သေးပါဘူးနော်'
'ချက်ချင်းတော့ ဘယ်ပြန်ပါ့မလဲ၊
တွန်းဇန်နဲ့တွီးမွီ ခရီးက နီးတာမှမဟုတ်တာ၊ မနေဘူးဆိုရင်တောင် လေးငါးရက်တော့
ကြာဦးမှာပါ'
'ဒါဆို ကျွန်မ ပြန်ဦးမယ်၊
တောင်ယာသွားဖို့ နောက်ကျနေဦးမယ်'
'အေးအေး...ကျေးဇူးပဲနော်၊
နင့်ဦးလေးလည်း မကြာခင် နေကောင်းသွားမှာပါ'
'ဟုတ်ကဲ့၊ ဟုတ်ကဲ့' ဆိုပြီး လွန်း၏ အိမ်ရှေ့ကပြင်ကို နင်းသွားသောခြေသံကို ကြားရသည်။
လွန်း၏ အိမ်ရှေ့ကပြင် ကြမ်းကို
နင်းသွားသော ခြေသံနှင့်အတူ သူ၏ ရင်သည် လိုက်၍ ခုန်သင့်ပါသည်။ သို့သော် ယခု ထိုသို့
မဟုတ်၊ သူ၏ ရင်သည် မခုန်တော့၊ နှစ်တွေ ကြာသွား၍ မဟုတ်မှန်းကိုတော့ သူ သိသည်။
သူ အိပ်ရာမှထ၊ နောက်ဖေး
ရေတချောင်သို့သွား၊ မျက်နှာသစ်ပြီး မီးဖိုချောင်သို့ ပြန်ဝင်တော့ ဦးလေးဖြစ်သူက
မီးဖိုထိပ်တွင် ထိုင်နေသည်။ ဦးလေးက တွန်းဇန်မှ ညီမဖြစ်သူ သူ၏ အမေ ကျန်းမာရေးနှင့်
သူတို့ မိသားစုအကြောင်းတို့ကို မေးသည်။
'ငါလည်း ဒီတစ်ခါတော့
သွားပြီထင်တာကွ၊ လွန်ခဲ့တဲ့ ဆယ်ရက်ကျော်ကျော်လောက်ကပေါ့၊ တစ်ရက်လောက်က လုံးဝကို
သတိလစ်သွားတာ၊ သတိပြန်ရတော့ ငါ မင်းအဒေါ်ကို မှာတာက ငါသေရင် မင်းအဖေ နေရာနားမှာ သင်္ဂြိုဟ်ဖို့ပဲ'
အဖေနှင့် ဦးလေးသည် တစ်ဦးနှင့်တစ်ဦး
အလွန်ချစ်ကြသူများဖြစ်သည်။ အဖေ ကွယ်လွန်တော့ အဖေ့ဆန္ဒအရ တွန်းဇန်မှ ရွာသို့ပြန်သယ်၍
ရွာတွင် သင်္ဂြိုဟ်သည်။
'ကဲ...ကပ်ပူ၊ မင်း ဦးလေးနဲ့
အိမ်စောင့်နေရစ် ကြဦးနော်၊ ငါ တောင်ယာ သွားဦးမယ်၊ စောစောတော့ ပြန်ခဲ့မယ်'
အဒေါ်က ပလိုင်းကြားလေးကို ကျောတွင်
ပိုးထားရင်း တံခါးဝမှ လှမ်းပြောပြီး ထွက်သွားသည်။
□
'ကပ်ပူ... နင့်ကိုလွန်းက
မနက်ဖြန် မနက်ကျရင် သူ့အိမ်မှာ ထမင်းလာစားဖို့ မှာသွားတယ်။ သူ မနက်ကလည်း
လာသွားသေးတယ်၊ နင့်ဦးလေးဖို့ဆိုပြီး ကြက်မတစ်ကောင်နဲ့ ဆိတ်နို့ လာပေးသွားတာ၊ နင်
ရောက်နေမှန်း သူသိတယ်၊ အဲဒါ ညနေ သူနဲ့ ငါ တောင်ယာအတူ ပြန်ရင်း ပြောသွားတာ။
သူ့တောင်ယာခင်းနဲ့ ငါတို့ တောင်ယာခင်းက ဆက်နေ တာ'
အဒေါ်က ထင်းမီးထိုး ရင်းမှ သူ့ကို
ပြောလိုက်သည်။
သူ တစ်နေကုန် အိမ်စောင့်ရင်း
ပျင်းနေမိသည်။ ရွာထဲသို့ အလည်လျှောက် သွားရအောင်ကလည်း ရွာထဲတွင် တောင်ယာ
မသွားနိုင်တော့သော အဘိုးကြီး၊ အဘွားကြီးများနှင့် ကလေးငယ်များသာ ရှိသည်။
အဘိုးကြီးများက တောင်းတို့ ပုလိုင်းတို့ရက်ရင်း၊ ကြိုးကျစ်ရင်း၊ ဓားသွေးရင်း
အချိန်တွေ ဖြုန်းကြသလို အဘွားကြီးများကလည်း စပါးလှန်းရင်း၊ ကလေးထိန်းရင်း၊
မအားလပ်ကြ၊ အလုပ်လုပ်နိုင်သူ မှန်သမျှ တောင်ယာသို့ သွားကုန်ကြပြီ ဖြစ်သဖြင့်
ရွာသည် တိတ်ဆိတ်၍ ပျင်းရိဖွယ် အလွန်ကောင်းနေသည်။
နေဝင်ရီတရိုး တောင်ယာမှ
အိမ်ပြန်ချိန်သို့ ရောက်သောအခါ ရွာသည် အသက် ပြန်ဝင်လာသည်။ ရွာသည် ရွာနှင့်
တူလာသည်။ ထိုအချိန်မှ ညကိုးနာရီ ဆယ်နာရီအထိ အသံမျိုးစုံဖြင့် ရွာသည်
သက်ဝင်လှုပ်ရှားနေမည်။ ထို့ထက် ညနက်လာလျှင် အပျိုရှိသောအိမ်သို့ လူပျိုလှည့်သော
လူပျိုတို့၏ တီးတိုးစကားသံနှင့် အပျိုမလေးများ၏ ခိုးခိုးခစ်ခစ် ကျိတ်ရယ်သံများကို
ကြားရမည် ဖြစ်သည်။
□
'ငါက နင်မလာတော့ဘူးလို့
ထင်နေတာ၊ ကလေးနှစ်ယောက်ကို ထမင်းကျွေးထားလိုက်တယ်၊ အကြီးကောင်က
ကျောင်းတောင်သွားပြီ၊ အငယ်မလေးကိုတော့ သူ့အဘွားဆီသွားပို့ ထားလိုက်ပြီးပြီ'
လွန်းက ဖျင်ထားသော ကြက်သားပြုတ်များကို
သူ့ပန်းကန်ထဲ ထည့်ပေးရင်း ပြောသည်။ ကြက်ပြုတ်ရည် ပန်းကန်မှ အငွေ့တထောင်းထောင်း
ထနေသည်။ ဆားပုံထည့်ထားသော ပန်းကန်နားတွင် ငရုတ်သီးစိမ်းကို ဆားနှင့် ထောင်းထားသော
ငရုတ်သီးပန်းကန်။
'နည်းနည်းများ စောနေလားလို့၊
ဒါ့ကြောင့်ပါ'
သူက ပြန်ပြောတော့ လွန်းက...
'မစောတော့ပါဘူးဟာ၊ တချို့ဆို
တောင်ယာကို တောင်သွားကုန်ကြပြီ' ထည့်စားနော် ကပ်ပူ၊ ဘာမှ
အားမနာနဲ့'
ဟင်းဖတ်များကို ပန်းကန်သို့
ထပ်ထည့်ပေးရင်း လွန်းက ပြောသည်။
ထမင်းစားပြီးတော့ နို့တစ်ခွက်ကို
သူ့ရှေ့သို့ လာချပေးရင်း လွန်းက သူ့ကို ပြောလိုက်သည်။
'ငါက နင်
အိမ်ထောင်ကျပြီးလောက်ပြီလို့ ထင်နေတာ'
'ငါ့ကို ကြိုက်မယ့်သူ
မရှိပါဘူးဟာ' သူက နို့ကို တစ်ကျိုက်သောက်ရင်း
ပြန်ပြောလိုက်သည်။
'နင်က မကြိုက်လို့နေမှာပါ'
'အဲဒီလိုတော့ မဟုတ်ပါဘူး၊
ကြိုက်တာတော့ ရှိပါတယ်။ ဒါပေမယ့် ငါအရင် ငယ်ငယ်တုန်းကလို ရင်တွေ ဘာတွေ ခုန်ပြီး
မိန်းမတွေကို ချစ်လို့ မရတော့ဘူး'
'အသက်အရွယ် ကြောင့်နေမှာပါ'
'အသက်ကြောင့်လို့တော့
ငါမထင်ဘူး'
သူ့စကားအဆုံးတွင် လွန်းက ခေါင်းကို
ငုံ့သွားသည်။ လွန်း ဘာတွေများ စဉ်းစားနေမည်လဲဟု သူက တွေးလိုက်သည်။
'နင်က အချစ်တွေ
ပျောက်ဆုံးသွားတဲ့အချိန်မှာ ငါက အချစ်ဆိုတာကို တဖြည်းဖြည်း တွေ့ရှိလာ တယ်'
လွန်းက ခေါင်းငုံ့နေရာမှ
ပြန်မော့လာရင်း သူ့ကို စေ့စေ့ကြည့်၍ ပြောသည်။ သူက လွန်း၏ မျက်လုံးများကို ပြန်၍
ကြည့်လိုက်မိသည်။ ရီဝေနေသော မျက်ဝန်းတစ်စုံကို တွေ့ရသည်။ ဒါဟာ...အချစ်ကို
ပြန်လည်တွေ့ရှိလာတဲ့ မျက်ဝန်းတွေပဲလား၊ ထိုရီဝေနေသော မျက်ဝန်းတို့တွင် အချစ်၏
သိမ်မွေ့ နက်နဲသော သဘောကို ရင့်ကျက်စွာ နားလည်လာခြင်းနှင့်အတူ သူ့ကို
လေးစားသည့်သဏ္ဌာန်ကိုပါ မြင်တွေ့ရ၏။
'ငါ့ယောကျ်ား ခရီးသွားတာ
ခဏလေးဆိုပြီး အခု နှစ်နှစ်ကျော်သွားပြီ၊ စာလည်းမလာဘူး၊ ဘာ သတင်းမှ မကြားရဘူး၊ ...
ငါစဉ်းစားမိတယ်၊ သူ ငါ့ကို တကယ်ချစ်တာရော ဟုတ်ရဲ့လားလို့'
လွန်း၏ စကားသံတွင် ဝမ်းနည်းသံတို့
ရောနေ၏။
'တကယ်ချစ်လို့ပေါ့ဟာ...
နင်တို့ ကလေးနှစ်ယောက်တောင် ရနေပြီပဲ'
သူက နို့ခွက်ကို လက်စသတ်ရင်း ပြောလိုက်သည်။
'ကလေးရတာ ရတာပေါ့။ နင်
မသိပါဘူးဟာ... သူငါ့ကို တကယ်ချစ်တာ ဟုတ်ရဲ့လားလို့ စဉ်းစားမိတဲ့ အခါ.... ငါလည်း
သူ့ကို တကယ်ချစ်ခဲ့တာ ဟုတ်ရဲ့လားလို့ ငါ့ကိုယ်ငါ ပြန်မေးမိတယ်'
လွန်းနှင့် သူ့ယောကျ်ားတို့ တစ်ဦးကို
တစ်ဦး အမှန်တကယ် ချစ်မချစ်ကို သူ မသိ၊ သူကတော့ လွန်းကို တကယ်ချစ်ခဲ့ပါသည်။
ဟိုတစ်ချိန်တုန်းကပေါ့၊ သို့ဆိုလျှင် ထိုအချိန်တုန်းက လွန်း သူ့ကို
တကယ်ချစ်ခဲ့တာရော ဟုတ်ရဲ့လား၊ တကယ် မချစ်ခဲ့လို့ သူသစ္စာမဲ့ခဲ့တာပဲဟု သူတွေးသည်။
'နင် ဒီနေ့ တောင်ယာ
သွားမှာလား'
လွန်းက စကားလွဲ၍ ပြော၏။
'အေး...ငါအဒေါ်တို့
တောင်ယာကို သွားကြည့်ဦးမယ်၊ ကြည့်ရုံပါပဲ၊ ဘာမှ ကူလုပ်ပေးနိုင်မှာ မဟုတ်ပါဘူး၊
ဟင်းသီး ဟင်းရွက်လေး ခူးပေး၊ ရေလေး ဘာလေး ခပ်ပေးပေါ့လေ'
'ဒါဆို နင် အိမ်က စောင့်နေလေ၊
ငါ လာခေါ်မယ် အတူတူ သွားကြတာပေါ့'
လွန်းက အခုကျတော့ တောင်ယာကို
အတူတူသွား ချင်ပြန်ပြီတဲ့၊ ထားပါတော့လေဟု သူက ဖော့တွေးတွေးရင်း 'ကောင်းသားပဲ...'ဟု ပြန်ပြောလိုက်သည်။
သူတို့ တောင်ယာ သွားသောအချိန်သည်
နေတော်တော်လေး မြင့်နေပြီ ဖြစ်သဖြင့် တောင်ယာသွားသောသူ တစ်ယောက်စ၊
နှစ်ယောက်စလောက်ကို ရှေ့ခပ်လှမ်းလှမ်းတွင်သာ တွေ့ရတော့သည်။
တဖြည်းဖြည်းနှင့်
တောင်ယာခင်းထဲဝင်လာတော့ လမ်းဘေးဝဲယာနှင့် ခပ်လှမ်းလှမ်း ကြည့်မြင်လေရာ
တောင်ယာတစ်ကြောတွင် စပါးပင်နှင့် ပြောင်းပင်များကို စိမ်းစိမ်းညို့ညို့
မြင်နေရသည်။
'ကပ်ပူ... နင် ပြောင်းပင်လေးတွေမြင်တော့
ငါတို့ တောင်ယာသွားကြရင်း မိုးတွေ ရွာတော့ တဲမှာဝင်ခိုရင်း ပြောင်းဖူးဖုတ်စားကြတာ
သတိမရဘူးလား'
လွန်းက ရှုခင်းများကို
ကြည့်ရင်းပြောသည်။
'ရပါတယ်'ဟု သူက ပြန်ဖြေသည်။
'ဒါပြီး ယာခင်းထဲမှာ
သခွားသီးတွေ ရှာပြီး စားကြတာရော'
'သတိရပါတယ်'
သူက သိပ်ပြီး စိတ်လို လက်ရမရှိလှ၊
သတိမရတာ မဟုတ်မှန်းကိုတော့ ကိုယ့်ကိုယ်ကိုယ်
သတိရလိုက်မိသည်။
'အဲဒီတုန်းက
သိပ်ပျော်စရာကောင်းတာပဲနော်... ဟင်း... ဟင်း... ဟင်း...'
လွန်းက ကလေးလေးတစ်ယောက်လို၊
အပျိုဖြန်းလေးတစ်ယောက်လို ရယ်၏။ လွန်း၏ ရယ်သံက ဟိုအရင်က အတိုင်းပင် အပြောင်းအလဲ
မရှိ။
တောင်ယာခင်းတွေ တွေ့မြင်ရလျှင်၊
လွန်းနှင့် ပတ်သက်လာလျှင် သူ မည်သည့်အရာကိုမျှ မမေ့၊ အရာ အားလုံးကို အမှတ်တရ
ရှိနေဆဲ။
အခုလို အချိန်မျိုးမှာ အခုလို
ရှေးကအပျော်တွေ ပြောပြဖို့ အဲဒီတုန်းက ငါ မင်းကို ချစ်ခဲ့တာမှ မဟုတ်ဘဲဟု သူက
စိတ်ထဲက ပြောနေမိ၏။
တောင်ယာတွေ တစ်ခုပြီး တစ်ခု၊
တစ်ကွက်ပြီး တစ်ကွက်ကျော်လာကြရင်း သူတို့သွားသော လမ်းကလေးမှ အောက်ဘက်သို့
ခွဲထွက်သွားသော လမ်းသွယ်လေးတစ်ခုအရောက်တွင် လွန်းက ရပ်လိုက်ပြီး...
'ကဲ... ကပ်ပူ၊ ငါတို့
တောင်ယာကို ငါ ဒီလမ်းခွဲ လေးအတိုင်း သွားတော့မယ်၊ နင်က အခုလမ်းအတိုင်း ဆက်သွား၊
တော်တော်လေး လျှောက်မိရင် အပေါ်ဘက်ကို ခွဲတက်သွားတဲ့ လမ်းခွဲ တွေ့လိမ့်မယ်၊
အဲဒီအတိုင်းသာ တက်သွား နင့်အဒေါ်တို့ တဲကို တွေ့လိမ့်မယ်...၊ ဟိုက တဲက ငါတို့တဲပဲ'
လွန်းက အောက်ဘက်ရှိ တဲကို ညွှန်ပြရင်း
ပြောသည်။ ထို့နောက် တစ်စုံတစ်ရာကို တွေးဆရင်းမှ...
'နင်...တောင်ယာကအပြန်
ငါ့တဲကို ဝင်ခဲ့ပါလား၊ ငါတစ်ယောက်တည်း ရှိမှာ၊ ငါ ဒီည တောင်ယာမှာ အိပ်မလို့၊
နင်လာခဲ့လေ... ငါတို့ စကားတွေ ပြောကြတာပေါ့'
လွန်းက ချိန်ချိန်ဆဆနှင့် ပြောသည်။
သူက ဘာမျှ ပြန်မပြောနိုင်ခင်
လွန်းက...
'ငါသွားမယ်....
အပြန်ဝင်ခဲ့နော်၊ ညစာပါ ငါချက်ထားမယ်'ဟု ပြောပြီး
လမ်းခွဲလေးအတိုင်း ဆင်းသွားသည်။
သူက မြေပုံထဲမှ
မြစ်ဝကျွန်းပေါ်နှင့်တူသော လွန်း၏ ခြေဖနောင့်လေးများကို ငေးရင်း ကျန်ခဲ့သည်။
လွန်း ခပ်ဝေးဝေး ရောက်သောအခါ သူက
လမ်းကလေးအတိုင်း ဆက်လျှောက်သည်။ တောင်ယာ တစ်ကြောတွင် တောင်ယာတဲလေးများက ဟိုတစ်လုံး
ဒီတစ်လုံး ပြန့်ကျဲလျက်၊ သူ၏ စိတ်တို့သည် အတိတ်ဆီသို့ ရောက်သွားပြန်သည်။
ထိုစဉ်က သူတို့သည် ငယ်ရွယ်နုပျို၍
အချစ်ကြီး ချစ်နေကြချိန်ဖြစ်သည်။ လွန်းတို့၏ တောင်ယာတဲတွင် ဖြစ်သည်။ လွန်း၏
အမေနှင့် ညီမလေးများက အိပ်နေကြပြီ။ လက ထိန်ထိန်သာ နေ၏။ စပါးရိတ်ချိန်
ဆောင်းတွင်းဖြစ်၍ ချမ်းအေးလှသည်။ သူတို့နှစ်ဦးက တဲရှေ့ကွက်လပ် မီးဖိုထားသော
နေရာနှင့် ခပ်လှမ်းလှမ်းတွင် ထိုင်နေကြသည်။
လွန်း၏ တစ်ကိုယ်လုံးက သူ၏ ရင်ခွင်တွင်
ပျော့ခွေလျက် ရှိ၏။ လွန်းကို သူက တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထား၏။ သူက လွန်း၏
ဆံပင်ကို နမ်းသည်။ နဖူးကို နမ်းသည်။ ပါးပြင်ကို နမ်းသည်။
နူးညံ့သော ဆန့်ကျင်ဘက် အထိတွေ့နှင့်
အချစ်စိတ်တို့တွင် သူတို့နှစ်ဦးစလုံး စကားမပြောနိုင်ကြ။ ထိုအချိန်တွင် လွန်းသည် သူ
ပြုသမျှ နုရပေတော့မည်။ သို့သော် သူက ထရပ်လိုက် ပြီး 'လွန်း...
ငါ ပြန်ဦးမယ်၊ ပြန်မှဖြစ်မယ်'ဆိုပြီး ရုတ်တရက် ထပြန်ခဲ့သည်။
လက်မထပ်ခင် သူတို့ စည်းမကျော်သင့်ဟု ယူဆပြီး သူတဲ့သို့ ပြန်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အလွန် အလုပ်များလှသော
စပါးရိတ်ချိန်နှင့် တောင်ယာစပါးများကို အိမ်ရှိ စပါးကျီထဲသို့ သယ်ပို့ရသော
အချိန်မို့ သူတို့ မဆုံဖြစ်ကြ။
ဘာမျှ မကြာလိုက်သောအချိန်တွင်
လွန်းနှင့်လျန်းပေါင် ဖြစ်နေကြပြီဆိုသော သတင်းကို သူ ကြားရသည်။ လျန်းပေါင်ဆိုသည်က
ယခု လွန်း၏ ယောကျ်ား၊ ထိုစဉ်ကတည်းက လျန်းပေါင်က ကလေးတစ်ယောက် ရဖူးသော တစ်ခုလပ်
ဖြစ်သည်။ သူ၏ မိန်းမက အခြားရွာမှဖြစ်သည်။ မိန်းမက ကလေးကို ခေါ်ထားသဖြင့်
လျန်းပေါင်က သူတို့ရွာတွင် လူပျို ပြန်ဖြစ်နေသူ၊ မိန်းမနှင့် ပတ်သက်လျှင်
သွက်သွက်လက်လက် ရှိသူဟု နာမည်ကြီးနေသူ ဖြစ်သည်။
ထိုစဉ်က သူ ကြေကြေကွဲကွဲ ခံစားရသည်။
ထို့နောက် သူတို့မိသားစု တွန်းဇန်သို့ ပြောင်းသည်။ မကြာပါ လွန်းနှင့်
လျန်းပေါင်တို့ ယူလိုက်ကြပြီဆိုသော သတင်းက သူရှိရာ တွန်းဇန်သို့ ရောက်လာ သည်။
သူက အတိတ်ကို ပြန်တွေးရင်း 'ဟူး'ခနဲ လေပူများကို မှုတ်ထုတ်လိုက်သည်။ ရင်ထဲတွင် နာနာ ကျင်ကျင် ခံစားရဆဲဟု
သူသိသည်။
□
ညနေ တောင်ယာသိမ်းချိန် မတိုင်မီ သူ
စောစောပြန်ခဲ့သည်။ ဖြတ်သန်းလာခဲ့သော တောင်ယာကွက်များတွင် ပေါင်းရှင်းနေကြသော
သူများမှာ အချို့က သုံးလေးယောက်၊ အချို့က နှစ်ယောက်၊ အချို့က တစ်ယောက်တည်း
ဖြစ်သည်။
တောင်ယာလမ်း ကလေး၏ ဘေးတစ်ဘက်
တစ်ချက်တို့တွင် စပါးပင်များက ဒူးလောက်ပင် ရှိနေကြပြီ။ ပြောင်းပင်များကမူ
သူ့အရပ်နီးနီးမျှပင် ရှိနေကြပြီ ဖြစ်၏။
လွန်းတို့ တောင်ယာခင်းသို့
ခွဲဆင်းသွားသော လမ်းခွဲအရောက်တွင် သူက အောက်ဘက်ရှိ လွန်းတို့တဲကို ကြည့်လိုက်သည်။
လွန်းကို မမြင်ရဘဲ ဝန်းကျင်တွင်လည်း လွန်းကို မတွေ့၊ အနိမ့်ပိုင်းတွင်
ပေါင်းရှင်းနေသောကြောင့် ဖြစ်မည်ထင်၏။
သူက လမ်းခွဲလေးကို ဖြတ်ကျော်၍
သွားလိုက်သည်။ နင် တောင်ယာကအပြန် ငါ့တဲကို ဝင်ခဲ့ပါလား၊ ငါ တစ်ယောက်တည်းရှိမှာ၊
ငါဒီည တောင်ယာမှာ အိပ်မလို့၊ နင် လာခဲ့လေ... စကားတွေ ပြောကြတာပေါ့ ... ဆိုသော
လွန်း၏ ဖိတ်ခေါ်သံကို သူ ကြားယောင်မိ၏။
သူ့အပေါ် လွန်း၏ တလေးတစား ဆက်ဆံမှု၊
အရေးတယူနှင့် ထမင်းဖိတ် ကျွေးမွေးမှုတို့သည် ဧည့်ဝတ် ပြုရုံမျှ မဟုတ်၊
ချစ်ခဲ့ဖူးသူ တစ်ယောက်ကို သံယောဇဉ်ဖြင့် တခုတ်တရ အရေးပေးခြင်း
သက်သက်မျှပင်မကကြောင်းကို သူသိ၏။
တစ်ချိန်တစ်ခါက တောင်ယာတဲလေးတွင်
သူတို့နှစ်ဦးသည် ရရှိသည့် ချစ်သူဘာသာဘာဝထက် ပို၍ အခွင့်အရေးယူခဲ့ပြီး
ယခုပြန်တွေ့ကြပြီဆိုလျှင် လွန်းက သူ့ကို ယခုကဲ့သို့ ဆက်ဆံပါမည်လား။
ယခု လွန်း၏တဲသို့ သွားလိုက်ပါက
ငါအချစ်ကို အခုမှ တွေ့ရှိလာတယ်ဆိုသည့် လွန်း၏ အချစ်အပေါ် တွေးထင်ထားသည်တို့သည်
တစ်မျိုးတစ်ဖုံ ပြန်ဖြစ်သွားပေဦးမည်။ လွန်းအပေါ် သူထားခဲ့သည့် အချစ်ကိုလည်း
ပေါ့သွားစေလိမ့်မည်ဟု သူထင်၏။ လွန်း၏ ရင်ထဲတွင်ရှိသော သူနှင့် ယှဉ်၍ ရှုမြင်ထားသော
အချစ်၏ တန်ဖိုးကို လွန်း၏ ရင်ထဲတွင် အမြစ်တွယ်စ ပြုလာသည်အတိုင်း မပျက်မယွင်း
ဆက်လက်၍ ရှင်သန်ရှိနေစေချင်ပါသည်။
တောင်ပေါ်လေသည် သူ့ကိုဖြတ်၍
တိုက်ခတ်နေ၏။ သူက ထိုလေကို အားပါးတရ ရှုလိုက်သည်။ ထိုလေသည် လူတို့ဖန်တီးရယူထားသော
ပန်ကာလေ၊ ယပ်တောင်လေ၊ လေအေးစက်မှလေ၊ လူတို့ ပြုပြင်ယူထားသော လူနှင့် ယဉ်ပါးနေသည့်
လေမဟုတ်၊ လေ၏ သဘောသဘာဝအတိုင်း မူလ ဖြစ်တည်သည့်အတိုင်း ဖြစ်တည်သော လေ၏
ကိုယ်ရည်ကိုယ်သွေးဖြစ်သည့် လေ၏ ပကတိတန်ဖိုး ဖြစ်သည့် အရိုင်းသက်သက်လေပင်
ဖြစ်လေသည်။
▀
တွာလ်ခဲင်းမာန်
(အမှတ် ၁၉၆၊ မတ်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်