ရွှေဝတ္ထု

ခေါင်၊ ခေါင်ရေပွဲမှာပ

သင်းမြစန္ဒီ

01 December 2025
ခေါင်၊ ခေါင်ရေပွဲမှာပ
Share to

             ၁။

            ကျွန်မယောကျ်ားက ခပ်ပျော်ပျော်နှင့် ရယ်စရာ စကားလေးတွေကို လူတကာနှင့် ပြောတတ်သူ။ အပေါင်းအသင်းကလည်း များသလား မမေးနှင့်။ အဝေးပြေးကားသမားဆိုတော့ ခရီးသည်ရော၊ ကုန်တင်ကုန်ချ အလုပ်သမားရော၊ ထမင်းဆိုင်ရှင်တွေနှင့်ရော၊ ကုန်သည် ပွဲစားတွေနှင့်ပါ ပေါင်းတတ်သင်းတတ်။ လူချစ်လူခင်လည်း ပေါမှပေါ။ ဒါကြောင့် ကျွန်မက ကျွန်မ ယောကျ်ားဖြစ်သူကို အထင်ကြီး လေးစားရတာပေါ့လေ။ ကားလုပ်သက်ကလည်း များလာပြီ။ အုံနာ

တစ်လက်တည်းမှာ စွဲစွဲမြဲမြဲ လုပ်လာတာ။ အုံနာက ဟိုင်းလက် စဝယ်ကတည်းက မောင်းလာတာ။ ကျွန်မ ယောကျ်ားရဲ့ ရိုးသားကြိုးစားတဲ့ အလုပ်ဂုဏ်ကြောင့် ဒိုင်နာ၊ ဒိုင်နာကနေ ယခု ကုန်ကားကြီးအထိ ဖြစ်လာတာ။ သည်တော့ အုံနာ ကိုယ်တိုင်က ကျွန်မယောက်ျားမှ ယောကျ်ား။

            ကားကို သူ့ပစ္စည်းလိုကို တသသနှင့် ကြည့်ပြီး မောင်းလာတာ။ အုံနာကလည်း အလိုက်သိပါတယ်။ သူတို့ကားတွေ ပြောင်းလာရတာ ကျွန်မယောကျ်ား တော်လို့ဆိုပြီး ကွယ်ရာ မှာရော ရှေ့တင်မှာပါ ကျေးဇူးတင်ကြတာ။ သူတို့သားသမီးလို ဖြစ်နေတာ။ သူကလည်း အလိုက်သိပါတယ်။ အခုလို ဝိုင်းကွက်လေးနဲ့ အိမ်လေးရအောင် စိုက်ဝယ်ထားပေးတော့ အခါကြီး၊ ရက်ကြီးဆိုရင် ကျွန်မတို့မိသားစု အုံနာအိမ်ကိုပါ သွားကန်တော့နေကျ။

            ကျွန်မယောကျ်ား နာမည်က ကိုငယ်လေးတဲ့။ သူတို့က ချစ်လို့ 'အငဲ' 'အငဲ' ဆိုပြီး ခေါ်ကြတာ။ သူတို့က အငဲကို ဂရုတစိုက် သိပ်ရှိကြတာ။ အိမ်က ကိုငယ်လေးကလည်း နေမကောင်း နှာစေး၊ ချောင်းဆိုး ဖြစ်ရင်တောင် အနားရက်မယူဘဲ ဆေးသောက်ပြီး ကားမောင်းပေးတာလေ။

            'ဟေ့ကောင် အငဲ၊ မင်း နေမကောင်းဘူး။ နားဦးလေကွာ' လို့ အုံနာက ပြောရင်တောင် မနားဖြစ်ဘူး။

            ကုန်သည်တွေ၊ ခရီးသည်တွေကလည်း 'ကိုငယ်လေးက ကားနားတာတောင် သူ မနားဘူး။ လမ်းပေါ်မှာပဲ အိပ်တယ်လို့ပြောနေကြ။ သူက လူကလည်း ခပ်ဝဝ၊ သိပ်အဝကြီးတော့ မဟုတ်ဘူး။ လူကလည်း ၃ဝ နီးပါး ဆိုတော့ စားနိုင်၊ သောက်နိုင် လုပ်နိုင်တဲ့ အားအပြည့် ရှိတယ်။

            စပယ်ယာ ဘဝကနေ ဒရိုင်ဘာ ကားကြီးမောင်းတဲ့ အဆင့်အထိ ရောက်ပေမင့် ကုန်တင်စရာရှိရင် အလုပ်သမားတွေနဲ့ ဝင်ထမ်းချင် ထမ်းပစ်တာ။ ခရမ်းချဉ်သီး သေတ္တာကို အောင်ပန်းကနေ ပဲခူး သို့မဟုတ် ရန်ကုန်ရောက်တဲ့အထိ အချိန်မရွေး မနားတမ်း မောင်းတဲ့သူ။ သည်တော့ ပျက်တတ်တဲ့ကုန်စိမ်း ဖြစ်တဲ့ ဂေါ်ဖီတို့၊ ပန်းမုန်လာ ထုပ်တွေကို ပို့မယ်ဆို ကိုငယ်လေး မောင်းတဲ့ကားမှ ပို့ချင်ကြတာ။ ပစ္စည်းစိတ်ချရတယ်။ အလေအလွင့် မရှိလို့တဲ့လေ။

            ကိုငယ်လေးကလည်း အောင်ပန်းက ညနေထွက်ရင် နံနက်မိုးလင်းခါနီး ဘုရင့်နောင်ဈေး အရောက်ဆိုပြီး မောင်းတော့ ကုန်သည်တွေက သူ့ကို သဘောကျတာပေါ့။ ကုန်စိမ်းမြတ်တဲ့ ကုန်သည်တွေက ကိုငယ်လေးအတွက် ဘောက်ဆူးဆိုပြီး သီးသန့်ပေးကြ၊ ကျွေးကြပေါ့။

            ကိုယ်ငယ်လေးက အသောက်အစားကင်းတယ်လို့ ပြောရမယ်။ ကားသမား ဆိုပေမင့် အတော့်ကို ကင်းတဲ့ လူတွေထဲမှာ ပါပါတယ်။ တစ်ခါတလေ မလွှဲသာ မရှောင်သာ အပျော်သဘောလောက် သောက်တော့၊ သောက်ပြီးရင် ဘာကိုမှ မသိတော့။ အဲ... ကားသမားတွေ ချွေးနှဲစာနဲ့စုပြီး လှူတဲ့ မြို့လုံးကျွတ် ဘုံကထိန် လှည့်တဲ့ည ဆိုရင်တော့ အမူးသောက်တော့တာ။ တစ်နှစ်မှ တစ်ခါလောက်သာ သောက်တာ။ ဘုံကထိန်မှာ ချွေးနှဲစာ အကုန်စုထားပြီး ပုံအောလှူ ပစ်တော့ ကြည်နူးစရာ၊ သည်တော့ ပျော်စရာပွဲ ဖြစ်ရသည်။

            ရှမ်းမြို့ ဘုံကထိန်ပွဲဆိုရင် အငြိမ့်တို့၊ ဇာတ်တို့နှင့် အတူ ဆယ့်နှစ်ပွဲဈေးသည်တွေလည်း လာရောင်းကြတော့ စည်တာပေါ့။ တစ်နှစ်တလေ အခြေအနေကောင်းရင် ကစားပွဲလည်း ပါရဲ့။ ကစားပွဲဆိုတာ ဂုံဂင်းတို့၊ ရွေဘောလုံးပွဲ၊ လေးကောင် ဂျင်ဝိုင်းလေးတွေနဲ့ပေါ့။ ပျော်စရာလည်း ကောင်းပါရဲ့။ အဲသည့် ဝိုင်းတွေနောက်မှာ ခေါင်ရည်ဆိုင်ဆိုတဲ့ ခေါင်ရည်ပွဲဈေးသည်လည်း ရှိရဲ့။ ခေါင်ရည်သာ ဆိုတယ် အရက်မျိုးစုံ စားပွဲဝိုင်းတွေမှာ တင်ထားတာ။ နိုင်ငံခြား အရက်အထိ ပါတယ်။ အမြည်းကလည်း မျိုးစုံ။ ခေါင်ရည်ရောင်းတဲ့ ကောင်မလေးတွေကလည်း မျိုးစုံ။ ဖြူဖြူ၊ ညိုညို၊ ချောချော၊ တောင့်တောင့် စကားအပြော ကောင်းတာကလည်း ညက်နေတာ။ ပွဲဈေးရဲ့ အရှိန်အမြင့်ဆုံး ည ၁ နာရီ၊ ၂ နာရီ လောက်ဆိုရင် ဆိုင်ရှင် ကောင်မလေးတွေရဲ့ ဖျာစပေါ်မှာ မှောက်နေကြပြီ။ အရွယ်မျိုးစုံ၊ အလွှာမျိုးစုံ။ သောက်သူတို့ကသာ မှောက်နေပေမင့် ကောင်မလေးတွေက ဣန္ဒြေမပျက်။ ကောင်မလေးတွေရှေ့မှာ တိုးကျိတ်နေတဲ့ ကောင်လေးတွေကလည်း မျက်စောင်းတခဲခဲ။ ကောင်မလေးတချို့ရဲ့ မျက်လွှာဖွင့် အကြည့်မှာ ယစ်ရီနေတဲ့ ကောင်လေးတွေကလည်း တဖွဲဖွဲ။

            သည်လိုနှင့် ကထိန်ပွဲတွေကို ဖြတ်ကျော်လာခဲ့ရသည်မှာ ကုသိုလ်လည်းရ ပျော်ရတာပေါ့။

            ၂။

            ကျွန်မယောကျ်ား နည်းနည်း ပိန်လာတော့ ကျွန်မ အတွေးတွေ ခေါင်နေတော့တာပဲ။ ဒါကလည်း ကျွန်မတို့ ပတ်ဝန်းကျင်မှာ မြင်ရတွေ့ နေရဆိုတော့ နည်းနည်းတော့ သံသယဖြစ်သား။ သြော်... သူ့ခမျာ ညလုံးပေါက်ကား မောင်းရတာမို့လို့ ပင်ပန်းတာ ဖြစ်မှာပါ။ အားဆေးကို ကျွန်မက တီဗီထဲမှာ ကြော်ငြာတဲ့ အားဆေးအကုန်ကို ဝယ်တိုက်တာ။ သူ ကိုယ်တိုင်ကလည်း ဈေးဆိုင်တွေမှာ ဈေးအကြီးဆုံးဆိုတဲ့ အားဆေးတွေကို ဝယ်သောက်နေကျပါ။ သူ့အိတ်ကပ်ထဲမှာ အားဆေး မပြတ်ဘူး။

            ဟော... ဘာကြာလဲ။ ထမင်းစား ပျက်လာတယ်တဲ့။ သည်တော့ ကောင်းနိုးရာရာတွေ ဝယ်စားကြည့်တာ ဖြစ်မှာပေါ့။ ခံတွင်းမတွေ့ဘူးတဲ့။ ဖျော်ရည်ဆိုတာလည်း ကားသမားဆိုတော့ မျိုးစုံသောက်တာပေါ့။ ကားဂိတ်က ထမင်းစားနေကျ ဆိုင်တွေကဆို ကိုယ်ငယ်လေးကို သိနေတော့ အကောင်းစားတွေချည်းပဲ ချကျွေးကြတာ။ မစားနိုင်ဘူး။ ကျွန်မလည်း သူကြိုက်တတ်တဲ့ ဆန်နီ ထမင်းပူပူလေးချက်၊ စပ်သီးတောင့်လေးကြော်၊ ညောင်ရွှေ ပဲပုပ်ထောင်းနဲ့ ငါးကင်ချက်ဆို သူကြိုက်တတ်မှန်းသိလို့ လုပ်ပေးတယ်။ မစားနိုင်ဘူး။ အဲ... လူကတော့ မစားသာ မစားနိုင်တာ အလုပ်က မပျက်သေးဘူး။

            သူ့အုံနာကလည်း ကောင်းပါတယ်။ ကျွန်မကို 'ညည်းယောကျ်ား ပိန်တယ်နော်။ ကောင်းကောင်းချက်ကျွေး' ဆိုပြီး အစုံပို့ပါတယ်။ အုံနာကတော်ကတော့ 'ဟဲ့... အငဲကို နည်းနည်းမေးကြည့်ဦး။ သည်ကောင်ပိန်တာ ရိုးပါ့မလား' ဆိုပြီး မဝံ့မရဲနဲ့ ကျွန်မကို သတိပေးတာ။ သည်တော့ ကျွန်မကလည်း ကိုငယ်လေးကို အစ်အောက် မေးကြည့်ရတာပေါ့။ သူက 'ဘယ်မိန်းမနဲ့မှ ယုတ်ယုတ် မရှိပါဘူးတဲ့'။ သူ့သူငယ်ချင်းတွေကလည်း သည်ကောင် 'ကင်းပါတယ်ကွာ' တဲ့။

            ဒါပေမင့် ကျွန်မ သံသယတွေ ခိုင်မြဲလာခဲ့တာ အမှန်မဖြစ်ပါစေနဲ့လို့သာ ဆုတောင်းနေရတာပဲ။ သူလည်း မူတော့ နည်းနည်းပျက်လာတာလို့ သတိထားမိတယ်။ 'ငါ ကားမမောင်းချင်တော့ဘူးကွာ။ ခွင့်လေး ဘာလေးယူပြီး ဘုန်းကြီးဝတ်ဦးမယ်။ မင်း ပဉ္ဇင်းခံပေးဦး'

            သူ့စကားလည်း ကြားရော ကျွန်မက အုံနာသွား ပြောတာ။ အုံနာကလည်း ရှောရှောရှူရှူပါပဲ။ သူတို့ပဲ ပဉ္ဇင်းလေးပါး ဒကာခံပေးမယ်တဲ့။ ဒါနဲ့ ဒုလ္လာဘ ဝတ်ဖြစ်ပြန်တယ်။ အစကတော့ ပျော်သလောက်နေဖို့ပေါ့။ ညည အိပ်မပျော်ဘူး။ အိပ်မပျော်လို့ မျက်စိကြောင် ကြောင်နေတယ်။ တစ်ခါတလေ နိုးလာရင်လည်း တစ်ကိုယ်လုံး ချွေးသီးချွေး ပေါက်တွေ ထွက်ပြီး လန့်လန့်နေတာ။ သူ့ကိုယ်သူလည်း စဉ်းစားလို့ မရဘူးတဲ့။ ဒါနဲ့ လူထွက်လိုက်တယ်။ ပဉ္ဇင်းတက်တုန်း ဆံချတော့ ဆရာတော်ကို 'တပည့်တော်ကို သီးသန့် သင်တုန်းဓားနဲ့ ရိတ်ပေးပါ ဘုရား'လို့ လျှောက်မိတယ်။ ဆရာတော်ကလည်း သီးသန့် ဓားနဲ့ပဲ ဆံချပေးပါတယ်။ ဆံပင်တွေ အထွေးလိုက်ကျတာမြင်တော့ ဝမ်းနည်းလိုက်တာ။ မျက်ရည်တွေ စီးကျလာတာ ဘယ်သူမှ မမြင်အောင် ပုဆိုးစနဲ့ပဲ ဆွဲသုတ်နေရတယ်။

            သူ မျက်ရည်ကျတာ မြင်တော့ ကျွန်မ တော်တော် တုန်လှုပ်သွားတယ်။ ကျွန်မ အတွေးများ မှန်နေပြီလားပေါ့။ သူကတော့ သူ့ကိုယ်သူ သေချာသလိုလို၊ မသေချာ သလိုလိုနဲ့ကို အိပ်မပျော်ဖြစ် နေတာ။ အလုပ်ကလည်း အလျင်အမြန် မလုပ်နိုင်တော့ဘူး။ ကားနည်းနည်းမောင်းရင်တောင် မောလာသလိုပဲတဲ့။

            အုံနာကတော့ အလုပ်မတက်လည်း လစာပေးထားတော့ နည်းနည်း အသက်ရှူချောင်သေးတာပေါ့။ ကျွန်မကလည်း ဘာမှ မလုပ်တတ်၊ ယောကျ်ားကို မှီခိုစားနေရတာ ဆိုတော့ သူ့ပဲ ထိုင်ကြည့်နေရမလို ဖြစ်နေတာ။

            ကျွန်မအမေ၊ အစ်မတွေနဲ့ မိတ်ဆွေတွေကတော့ 'ညည်းလူကြည့်ရတာ မဟန်ဘူး။ မောင်ငယ်လေးက ရိုးတော့ ရိုးပါတယ်အေ။ ဒါနဲ့ တစ်ချက်များမှားခဲ့မလား ဟဲ့' ဆိုတော့ အစ်မတွေကို ကျွန်မ ဒေါသတွေ ထွက်မိပါသေးတယ်။ သူများတွေကလည်း သွေးစစ်ခိုင်းပါ လားပေါ့။ ကျွန်မက ကိုငယ်လေးကို ပြန်ပြောတော့ ဘာလို့ စစ်ရမှာလဲ။ ငါက ဘာမှ မဖြစ်ပါဘူး။ အလွန်ဆုံး ဖြစ်ရင် သွေးအားနည်းတဲ့ ရောဂါလောက်ပဲတဲ့။ ကဲ... ကြည့်ဦး။

            ၃။

            ကိုယ့်ကို ဘုန်းကြီးဝတ်တုန်းက ပြန်တွေးမိတာ တစ်ခုရှိတယ်။ ဆံချကတည်းက ကျတဲ့မျက်ရည်က ညဘက်ကျိန်းနေတဲ့အထိ မခြောက်နိုင်သေးဘူး။ တစ်ညကျိန်းနေတုန်း မထင်မှတ်တဲ့အချက် ကလေးတစ်ခု သွားစဉ်းစားမိတယ်။ ငါ ဘာများမှားပါလိမ့် ဆိုတာပေါ့လေ။ သြော်... ကထိန်လှည့်တဲ့ညက ငါ ခေါင်ရည်တန်းမှာ မူးခဲ့ဖူးတယ်။ သူငယ်ချင်းတွေနဲ့ မူးကြတာပဲ။ နောက် ငါ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ စဉ်းစားမရ။ ငါ ဒါကြောင့် ခံလိုက်ရတာလို့ မရေမရာ တွေးမိပြန်သည်။ ဟုတ်လည်း ဟုတ်နိုင်မှာပါ။ ငါက အရက်ဝင်ရင် ဘာမှထိန်းလို့ မရတဲ့စိတ် ရှိတယ်။ သိလည်း မသိလိုက်ဘူး။ သည်တစ်ချက်ပဲ မှားနိုင်တာပဲလို့ တွေးမိရင်း ခေါင်ရေတန်း ကစားပွဲပေါ်မှာ တင်ထားတဲ့ အရက်ပုလင်း အကြီးအသေးတွေက ရှည်မျောမျောဖြစ်ပြီး ငါ့ကိုယ်ပေါ် တက်ခုန်နေကြသလိုလို။ အမြည်းပန်းကန်တွေထဲက ကြက်သားကင်နဲ့ ဆိတ်သားခြောက် အစည်းတွေက ငါ့နားကို ပိုပြီး တိုးကပ်ကာ လာရိုက်နေသလိုလို။

            အမှောင်ထဲကို တစ်စုံတစ်ယောက်ကပဲ ဆွဲခေါ် သွားသလိုလို၊ ခေါင်ရည်ခွက်ကိုပဲ မနိုင်တာကြောင့် ကိုယ့်ပေါ်ကို လောင်းချလိုက်မိ သလိုလို။ အို... မတွေးတာ ကောင်းပါတယ်လေ။

            ဖြစ်နိုင်မှာပါ။ ငါ အမူးပြေတဲ့အချိန်မှာတော့ ပွဲခင်းစပ်နားက တောအုပ်ချုံပုတ်ထဲကို ဘာကြောင့်များ ရောက်နေပါလိမ့်။ ငါ ကစားပွဲရှုံးလို့လား။ ဒါမှမဟုတ် တစ်ယောက်ယောက်က ဆွဲခေါ်သွားလို့လား။ ငါ သေချာတစ်ခု ပြောနိုင်တာကတော့ ခေါင်ရည်ရောင်းတဲ့ ကောင်မလေးက သနပ်ခါးမပျက်၊ မိတ်ကပ်မပျက်၊ နှုတ်ခမ်းနီမပျက် ရောင်းနေတုန်းပဲ။

            ထူးဆန်းတာက အပေါစား ကလစ်လေး ငါ့ဘေးနားမှာ၊ နောက် ငါ့ပိုက်ဆံတွေ ဘယ်ရောက်သွားပါလိမ့်။ သူငယ်ချင်းတွေ နှိုက်ယူထားတာလား၊ ကလစ်က မိန်းမနဲ့ ရန်ဖြစ်အောင် စပြီး ထည့်လိုက်တာလား။ ဒါမျိုးက ကားသမားအချင်းချင်း စနေကျပဲလေလို့ ခပ်ဖော့ဖော့လေး တွေးလိုက်တော့ စိတ်အေးပေမင့် တစ်စုံတစ်ခု မှားခဲ့သလား ဆိုတာကို ဝေဝါးနေဆဲ။

            အို... ငါ ဒါကို ဖုံးကွယ်ထားရမှာပဲ။ ဘယ်သူ့ကိုမှ အမှန်တရားကို မပြောပြနိုင်ဘူး။ ငါ့ဘာသာငါပဲ ဆေးကုမယ်။ တစ်ခုတော့ ရှိတယ်။ ဆရာဝန်နဲ့ သွားပြရင် အကုန်ပေါ်မှာ။ ဆရာဝန်က သွေးဖောက်ခိုင်းဦးမယ်။ ဆေးစစ်ရင် ငါ့ရောဂါပေါ်မှာ။ ဘယ်သူမှ မပြဘူး။ ငါ့ရောဂါဖြစ်တော့ သူတို့အကုန် သိသွားမှာပေါ့။ သိသွားရင် ငါ့မျက်နှာ ဘယ်မှာသွားဝှက် ထားရမှာပါလိမ့်။ သူငယ်ချင်းတွေက အထင်သေးကြမယ်။ မိန်းမကလည်း အနားကပ်မှာ မဟုတ်ဘူး။ အလုပ်လည်း ပြုတ်ဦးမှာ။ ဖြစ်နိုင်သလောက် ငါ လျှို့ဝှက်ထားရမယ်။

            ဆရာဝန်နဲ့ မပြလည်း ဘာမှမဖြစ်ဘူး။ အပြင်မှာ အပ်ပုံးတွေ ရှိတာပဲ။ သူတို့ ဆီမှာ ဆေးသွားကုမယ်။ သူတို့ကို ပိုက်ဆံများများ ပေးလိုက်ရင် ဘာမှမပြောဘူး။ ကိုယ့်စိတ်ကြိုက် ဆေးလေးဘာလေး ထိုးခိုင်းလိုက်မှာပေါ့။ ပုလင်းကြီးချိတ်ရင် အားရှိသွားမှာ။ သူတို့က ငါ့ကို ဘာရောဂါဆိုတာ သေချာ မပြောနိုင်တော့ ခံသာတာပေါ့။ ငါ ဘယ်ဆရာဝန်၊ ဘယ်ဆေးခန်းကိုမှ မပြဘူး။ ကျိတ်မှိတ်ခံရမယ်။

            ဟိုတလောက ပြောသံကြားတယ်။ မန္တလေးဘက် မှာ ရွှေဆေးသွင်းပြီး ကုတာ ပျောက်တယ်လို့ ပြောသံကြားတယ်။ ပိုက်ဆံဘယ်လောက် ကုန်ကုန်ကုရမှာပဲ။ ငါ ရှာထားတဲ့ ရွှေငွေတွေ ကုန်သွားစမ်းပါစေ။ ပုံအောကုပစ်မယ်။ ပြီးရင် ပြန်ရှာလို့ရတာပဲ။ ငါ အတတ်နိုင်ဆုံးတော့ သည်ရောဂါဆိုတာ လူများမသိရအောင် တတ်နိုင်သမျှ ဖုံးထားရမယ်။

            အို... ငါ့ကို လူတွေ မမြင်အောင် ဘယ်မှမထွက်တော့ဘူး။ အိမ်ထဲမှာ ပုန်းနေမယ်။ ဘယ်ဆိုဘယ်မှ မထွက်တော့ဘူး။ ငါ့ကို လူမြင်ခံလို့ မဖြစ်ဘူး။ သူများတွေ ငါ့ကို အထင်သေးတဲ့၊ ကဲ့ရဲ့တဲ့ မျက်လုံးဒဏ်ကို ငါ ရင်မဆိုင်နိုင်ဘူး။ အခုတောင် မိန်းမမျက်နှာနဲ့အမေ၊ အဖေကို ရဲရဲမကြည့်ရဲဘူး။

            သြော်... ငါ အရက် လေးတစ်ခွက် ဝင်တာနဲ့ နောက်ဆက်တွဲ အဖြစ်ဆိုးနဲ့ ရင်ဆိုင်လိုက်ရတာ ရင်နာစရာပါလား။ တွေးရင်း တွေးရင်း မောလာသလိုလို၊ အသက်ရှူ မဝသလိုလို။ စိတ်ပျက်လက် ပျက်နဲ့ မှန်တင်ခုံပေါ်က မှန်လေးကို ကြည့်လိုက်မိတယ်။

            ဘုရား... ဘုရား။ အရင်တုန်းက ကြည့်လို့ကောင်းတဲ့ ငါ့အသားအရေတွေ ဘယ်ရောက်ကုန်ပါလိမ့်။ ချိုင့်ခွက်ဝင်သွားတဲ့ မျက်ကွင်းထဲက အရောင်ထွက်နေတဲ့ ငါ့မျက်လုံးအစုံ၊ အို... ငါဘာမှမမြင်ချင်တော့ဘူး။

            ချွင်... ချွင်... မှန်စများက အိပ်ခန်းကြမ်းပြင်ပေါ်မှာ ကြေမွကျဲပြန့် ကျနေတော့သည်။ လူတစ်ယောက်၏ ငိုရှိုက်သံ နက်နက်ရှိုင်းရှိုင်းကြီးနှင့် ကြေကွဲနေသော အသံမှာ တုန်လှုပ်ချောက်ချားစရာသာ ဖြစ်နေတော့ပေသည်။

သင်းမြစန္ဒီ

(အမှတ် ၁၉၆၊ မတ်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်