ရွှေဝတ္ထု

ပိုးဟပ်

မနှင်းဖွေး

01 December 2025
ပိုးဟပ်
Share to

အပိုင်း (၁)

မျက်နှာပေါ် တစ်စုံတစ်ခု ပြုတ်ကျလာသည်ဟူသော အသိစိတ်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်ကြီး

အိပ်မောကျနေရာမှ ဥက္ကာ ဖျတ်ခနဲ လန့်နိုးလာသည်။ တစ်ဆက်တည်းမှာပင် လက်ကလည်း မျက်နှာပေါ်ရှိ ထိုတစ်စုံတစ်ခုကို အမြန်ဆုံး ပုတ်ထုတ်ဖယ်ရှားပစ်လိုက်သည်။

ယင်းတစ်စုံတစ်ခု လွင့်စဉ်သွားရာဘက်သို့ စောင်းငဲ့၍ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ပိုးဟပ်တစ်ကောင် ပက်လက်လန်၍ ယက်ကန်ယက်ကန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

'ဝှူး'

ဥက္ကာ သက်ပြင်းကို စိတ်ပျက်လက်ပျက် ချလိုက်သည်။ ဒီပိုးဟပ်တွေ များလာပြန်ပြီ။ ဘယ်တော့မှ မျိုးပြုတ်ပါတော့မလဲ။ ဒီလောက် ရှင်းနေသည်ကြားမှ လျှော့သွားလိုက်၊ ပြန်ပွားလာလိုက်၊ ပျောက်သွားသလိုရှိလိုက်၊ ပြန်ပေါ်လာလိုက်နှင့် သည်သတ္တဝါလေးတွေ အသက်ပြင်းလိုက်ပုံများ။ ယခုလည်း ကြည့်။

အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ၊ လူကို အနှောင့်အယှက်ပေးနေပြန်ပြီ။

နံရံမှ နာရီကို လှမ်းကြည့်လိုက်တော့ ၇ နာရီခွဲ။ နောက်ထပ် ၁ နာရီလောက် အိပ်ဖို့ အချိန်ရသေးသဖြင့်

ဥက္ကာ ပြန်အိပ်ဖို့ ကြိုးစားသေးသည်။ သို့သော် အိပ်မရတော့။ ပြီးတော့ ပိုးဟပ်အကြောင်းက ခေါင်းထဲ ရောက်လာသည်။ ဒီနိုင်ငံမှာက ခြင်လည်း မတွေ့ရ၊ ယင်လည်း မတွေ့ရ၊ ပုရွတ်ဆိတ်လည်း မရှိ၊ သို့ပေမယ့် ပိုးဟပ်ကျတော့ ဘာကြောင့်များ အလွန်အမင်း များပြားနေသည်ကိုမူ

သူ စဉ်းစားမရ။          

'ညစ်ပတ်တဲ့ အိမ်တွေမှာပဲ ပိုးဟပ်က ရှိတာရှင့်၊ သန့်ရှင်းတဲ့ အိမ်တွေမှာ မရှိပါဘူး' တဲ့။

မိမိထက် ဒီနိုင်ငံကို သုံးလစောရောက်သည့် စားပွဲထိုး အလုပ်လုပ်သော ခင်ဆွေသန်းက အသားလွတ် ဆော်ဖူးသည်။ မိန်းမတစ်ယောက်နှင့် ဖက်ပြိုင်ပြီး ရန်မဖြစ်လိုသဖြင့် ခင်ဆွေသန်းကို ဘာမျှပြန်မပြောခဲ့။ တကယ်တော့ သူ့အိမ်က ညစ်ပတ်သော အိမ်စာရင်းထဲမှာ မပါနိုင်ပါ။

နေ့စဉ် မဟုတ်သည့်တိုင် အားရက်နားရက်ရတိုင်း အခန်းသန့်ရှင်းရေးကို ဥက္ကာအမြဲ လုပ်ခဲ့သည်ပဲ။ ရေချိုးခန်း၊ လက်ဆေးကန်၊ ရေနွေးစိမ်ကန်တို့ကိုလည်း

မကြာခဏ တိုက်ချွတ်ဆေးကြောနေသည်ပဲ။ စားကြွင်းစားကျန် အမှိုက်သရိုက်များကိုလည်း ဤနိုင်ငံက ချမှတ်ထားသောစည်းမျဉ်းစည်းကမ်းအတိုင်း စနစ်တကျ စွန့်ပစ်ခဲ့သည်ပဲ။ ခင်ဆွေသန်းတို့ မိန်းကလေးတွေ စုနေသည့် အခန်းနှင့် ယှဉ်ကြည့်လျှင် သူတို့ထက် မသာချင်နေမည်။ ညံ့တော့ မညံ့။

            သူ့အမှားတစ်ခုကတော့ အခန်းထဲကို ပိုးဟပ်တစ်ကောင်စ နှစ်ကောင်စ ရောက်လာခါစက သူမရှင်း ပစ်ခဲ့ခြင်းဘဲ ဖြစ်သည်။ ဘာသာတရား ကိုင်းရှိုင်းသော အဘိုးအဘွားများလက်ပေါ် ကြီးပြင်းလာခဲ့သော သူလိုလူတစ်ယောက်အဖို့ ပိုးမွှားလေးပင် ဖြစ်လင့်ကစား သတ်ဖြတ်ပစ်ဖို့ သူဝန်လေးခဲ့သည်။

            ထို့ကြောင့် ယင်းပိုး ဟပ်လေး တစ်ကောင်နှစ်ကောင်ကို မမြင်ယောင်ဆောင်ပြီး ဒီအတိုင်းဘေးမဲ့ လွှတ်ထားခဲ့သည်။

            သို့သော် ပုဂ္ဂိုလ်လေးတွေက ငြိမ်ငြိမ်မနေ။ အရှိန် နှုန်းကောင်းကောင်းနှင့် သားသမီးတွေ ပွားစီးလိုက်ကြသည်မှာ အလိုလေး... နောက်တော့ အခန်းဟိုဘက် ကြည့်တော့လည်း သူတို့၊ ဒီဘက်ထောင့်ကြည့်တော့လည်း သူတို့၊ မီးဖိုပေါ် ကြည့်တော့လည်း သူတို့၊ အဝတ်ဘီရိုထဲ ကြည့်တော့လည်း သူတို့၊ နောက်ဆုံးတော့ အခန်းထဲမှာ ကိုယ်ကပင် သူတို့ကို ကြည့်ရှောင် ရသောအခြေအနေ ရောက်လာပါတော့သည်။ သူတို့ ပွားနှုန်းကလည်း တစ်ပတ်လျှင် အကောင် ၂ဝ နှုန်း ဆိုသကိုး။

            ပို၍ ဆိုးသည်က မိန်းကလေး ဧည့်သည်များလာလျှင် ကိုယ်ကမျက်နှာ ဘယ်ထားရမှန်း မသိရလောက်အောင် သူတို့က နံရံတွေပေါ်တက်ကာ တရွရွဟန်ရေးပြ ကြလေတော့။ ဒင်းတို့ကိုတော့ ရှင်းကိုရှင်းမှ ဖြစ်တော့မည်ဟု သဘောရပြီး ပိုးဟပ်နှိမ်နင်းရေး စတင်လုပ်ရပါတော့သည်။

            ပိုးဟပ်ပေါသောနိုင်ငံ မို့လားမသိ၊ စူပါမားကက်လို ဆိုင်ကြီးတွေမှာရော၊ မီနီ မားကတ်လို ဆိုင်လေးတွေ မှာရော စတိုးဆိုင်တိုင်းမှာလိုလို ပိုးဟပ်ဆေးက ရှိသည်။ ဆေးကလည်း တံဆိပ်အမျိုး မျိုး၊ နည်းလမ်းအမျိုးမျိုး။ ပိုးဟပ်ဖျန်းဆေးတဲ့၊ ပိုးဟပ် ပြေးဆေးတဲ့၊ ပိုးဟပ် ထောင်ချောက်တဲ့၊ ပိုးဟပ်ဗုံးတဲ့။

            ပထမဦးဆုံး ပိုးဟပ်ပြေးဆေးကို ဝယ်သုံးခဲ့သည်။ ပိုးဟပ်ပြေးဆေးက သစ်သား မီးခြစ်အရွယ် မရှိတရှိ ဆေးထည့်ထားသော ကော်ဘူး ကလေးများဖြစ်သည်။ ယင်းဘူးငယ်လေးများကို အခန်းထောင့်၊ စားပွဲအောက် စသည့် ပိုးဟပ်ခိုအောင်းတတ်သော နေရာအနှံ့တွင် လိုက်ချထားရသည်။

            ဆိုးတော့ မဆိုး။ ဆေးတန်ခိုးကြောင့် ပိုးဟပ် နည်းနည်းတော့ လျှော့သွားသည်။ သို့ပေမယ့် ထင်သလောက်တော့ မထိရောက်။ ပြေးတာလည်းပြေး၊ ကျန်တာလည်းကျန်၊ ပွားတာလည်းပွားဆိုတော့ ပိုးဟပ်ကတော့ ရှိမြဲပင်။

            နောက်တော့ ပိုးဟပ်ထောင်ချောက်ကို သုံးကြည့်ပြန်သည်။ ပြထားသော ခေါက်ရိုးအရာကလေးအတိုင်း ခေါက်ရိုးချိုးလိုက်လျှင် တံခါးပေါက်နှင့် ပြတင်းပေါက်နှင့် ချစ်စရာ အိမ်ကလေး ဖြစ်သွားသော စက္ကူဂျပ်ပြား ထောင်ချောက်လေးများ ဖြစ်သည်။ ထောင်ချောက်အိမ်လေး၏ အခင်းနေရာမှာတော့ ကပ်အားကောင်းသော ကော်တစ်မျိုးကိုသုတ်ထားသည်။ ထောင်ချောက်အိမ်နှင့် တွဲလျက်ပါလာသည်က ပိုးဟပ်ကြိုက်အစာ ဆေးပြား တစ်ပြား၊ ယင်းအစာ ဆေးပြားကို အခင်း၏ အလယ်လောက်တွင် တင်ထားပြီး ယင်းထောင်ချောက် အိမ်လေးများကို ပိုးဟပ်ရှိတတ်သည့် နေရာများတွင် ညကတည်းက ချထားရသည်။

            မနက်လင်း၍ အိမ်လေးထဲ ချောင်းကြည့်လိုက်လျှင်တော့ အစာမက်သည့် ကြီးငယ်ရွယ်လတ် ပိုးဟပ်တွေ အခင်းမှာ ကပ်ငြိနေသည်ကို တွေ့ရသည်။ သေလည်း မသေ၊ ရွှေ့လို့ကလည်း မရ၊ သို့သော် နှုတ်ခမ်းမွေးလေးတွေ တလှုပ်လှုပ်နှင့် မသေမရှင် ဝဋ်ခံနေရသော သူတို့လေး တွေကိုမြင်တော့ ဥက္ကာ စိတ်မကောင်းဖြစ်လာသည်။ နောက်တော့ 'အကုသိုလ်ကြီး ပါတယ်လေ' ဟု သဘောပိုက်ပြီး ယင်း ပိုးဟပ်စစ်ဆင်ရေး နည်းဗျူဟာကို စွန့်လွှတ်လိုက်ပြန်သည်။ ဝဋ်လည်မှာလည်း စိုးသည်လေ။

            နောက်တော့ ပိုးဟပ် ဖျန်းဆေးဝယ်ပြန်သည်။ ဆေးကတော့ စွမ်းသလား မမေးနှင့်။ ဆေးဖျန်းလိုက်သည်နှင့် တစ်ပြိုင်နက် ပိုးဟပ်တွေ ချာချာသာလည်နိုင်ပြီး စက္ကန့်ပိုင်းအတွင်း ချက်ချင်းသေကုန်သည်။ မသေမရှင်နှင့် အကြာကြီး ဝဋ်ခံနေရသည်နှင့်စာလျှင် ချက်ချင်း သေသည်က ပိုကောင်းသေးသည် မဟုတ်လား။ ဥက္ကာ တစ်နေ့တည်း ဆေးတစ်ဘူး ကုန်သည်အထိ တစ်အိမ်လုံး အကြိုအကြားပါမကျန် အားရပါးရ ဖျန်းပစ်လိုက်သည်။ သေလိုက်သည့် ပိုးဟပ်တွေ။ ပိုးဟပ်သေများကို တော်တော် လှည်းကျင်းယူရသည်။ ထိုတလောကတော့ ပိုးဟပ်ကို မမြင်ရသလောက် ပျောက်သွားခဲ့သည်။

            သို့သော် သိပ်မကြာပါ။ ဟိုနားတစ်ကောင်၊ ဒီနား တစ်ကောင် ပြန်ပေါ်လာပြန်သည်။ ဆေးဖျန်းစဉ်က အရှောင်ကောင်းသဖြင့် လွတ်ထွက်သွားသော ဖိုးကံကောင်း၊ မယ်ကံကောင်းများ ဖြစ်ပေလိမ့်မည်။ ဆေးဘူး ချက်ချင်း မဝယ်ဖြစ်ဘဲ ဆေးမဖျန်းမိတော့ ထပ်ထပ် ပွားလာပြန်သည်။ ဆေးဘူး အပြေးအလွှားဝယ်ပြီး ရှင်းလိုက်တော့ ပျောက်သွားပြီး မေ့လောက်ရှိတော့ ပြန်တွေ့ ရပြန်သည်။

            ဥက္ကာ ဤအခန်းကို ပြောင်းလာသည့် တစ်နှစ်ကျော်ကာလအတွင်း ပိုးဟပ်နှင့် သူနပန်းလုံးခဲ့ရသည့် အကြိမ်ပေါင်းမှာ မရေနိုင်တော့။

            'ရှင့်အခန်းက ဗုံးခွဲမှဖြစ်မှာ ကိုဥက္ကာရဲ့။ ဆေးလေး ဖျန်းရုံ၊ ထောင်ချောက်လေး ထောင်ရုံ လုပ်နေလို့ကတော့ ဘယ်တော့မှ မျိုးပြုတ်မှာ မဟုတ်ဘူး' တဲ့။

            ထုံးစံအတိုင်း ခင်ဆွေသန်းက ဆရာလုပ်ပြန်သည်။

            ပိုးဟပ်ဗုံးက အငွေ့ဖြင့် ပိုးဟပ်များကို သေစေသော နည်းဖြစ်သည်။ သူ့ကို အသုံးပြုသည့်အခါ အိမ်ထဲတွင် လူရှိနေ၍မဖြစ်။ အငွေ့က အဆိပ်ပြင်းလွန်းသဖြင့် လူရှိမနေသောအခါမှ အသုံးပြုလို့ ရသည်။ အိမ်မှ ထွက်ခါနီး တံခါးများကို လုံအောင်ပိတ်၍ ဗုံးကို ခွဲခဲ့ရသည်။ ဗုံးပေါက်ပြီး အငွေ့တွေက အခန်းအနှံ့အပြား အကြိုအကြားမကျန် ရောက်ကုန်တော့ ပိုးဟပ် အကောင်သာမက၊ ပိုးဟပ်ဥတွေပါသေပြီး တကယ့်ကို မျိုးပြုတ်သည်တဲ့။

            ခင်ဆွေသန်း မပြောခင်ကတည်းက ဥက္ကာသိပြီးသားပါ။ အခန်းမှာ လူ (၃) ယောက် စုနေကြသည်ဖြစ်ရာ နားရက်ရော၊ အလုပ်ချိန်ပါ တစ်ယောက်နှင့် တစ်ယောက် မတူ။ ဥက္ကာ၏ အလုပ်ချိန်က မနက် ၁ဝ နာရီမှ ည ၁ဝ နာရီအထိ။ ခေါက်ဆွဲဆိုင်မှာ။ ဇော်ဇော်က ယာကိနိခု (အသားကင်) ဆိုင်မှာ ညဆိုင်းသမား။ ညနေ ၅ နာရီမှ နောက်တစ်နေ့ မနက် ၅နာရီအထိ။ ခင်မောင်တိုးက ထမင်းဘူး စက်ရုံမှာ မနက် ၈ နာရီမှ ညနေ ၅ နာရီ အထိဖြစ်သည်။ အလုပ်သွား သည့်လူသွား၊ အိမ်မှာနား သည့်လူနားမို့ နေ့ရောညပါ အိမ်မှာ လူရှိနေသည်။ ဘယ်အချိန် ဗုံးသွားခွဲမည်နည်း။

            ဥက္ကာတစ်ယောက် အိပ်ရာထဲ ဘယ်စောင်းလိုက်၊ ညစောင်းလိုက်နှင့် အိပ်မပျော်နိုင်ဘဲ နာရီကြည့်လိုက်တော့ မနက် ၈ နာရီခွဲသွားပြီမို့ အိပ်ရေး မဝတဝနှင့်ပင် အိပ်ရာမှထခဲ့ ရတော့သည်။

            'အင်း...အသံလှိုင်းနဲ့ ပိုးဟပ်နှင်တဲ့စက်ဆိုတာ ဘယ်ဈေးလောက်ရှိမလဲ မေးကြည့်ပါဦးမယ်လေ'

            တစ်ယောက်တည်း ရေရွတ်နေမိသည်။

အပိုင်း (၂)

            ရေမိုးချိုး ကိုယ်လက် သန့်စင်ပြီး အလုပ်သွားရန် အဝတ်အစားလဲရတိုင်း ဥက္ကာအလွန် စိတ်ညစ်သည်။

            အပြင်ထွက်လျှင် ယခင်များတုန်းကလို ဂျင်းဘောင်းဘီ၊ ဂျင်းဂျက်ကက်၊ ဝပ်ကင်း ရှူးနှင့် လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးပဲ သွားချင်သည်။ ကိုယ်လုပ်နေရသည့် အလုပ်က ပန်းကန်ဆေးလေ။

            သို့သော် လွန်ခဲ့သော ၂ နှစ်ကျော်ကာလလောက်ကစပြီး ဗီဇာရက်ကျော် နေထိုင်သည့် အိုဗာစတေ၊ ဝလုံးသမား နိုင်ငံခြားသားများကို အိမ်ရှင်နိုင်ငံ၏ မြို့တော်ဝန်က ကြည့်ချင်တော် မမူသည့် အတွက် စီမံချက်တွေချပြီး အကြီးအကျယ် ဖမ်းပွဲကြီး ကျင်းပနေသဖြင့် ဥက္ကာတို့မှာ စားသတိ၊ သွားသတိ၊ နေသတိ၊ ထိုင်သတိ၊ ပြောသတိအပြင် ဝတ်သတိနှင့်ပါ သတိထားနေရသည်။

            ဝတ်သတိကတော့ အခြားမဟုတ်ပါ။ အလုပ်သွားတိုင်း၊ အပြင်ထွက်တိုင်း ဖြစ်သလိုဝတ်ဆင် မသွားဘဲ လည်စည်း နက်တိုင်၊ ဆု(တ်)နှင့် ရှူးဖိနပ်တို့ကို စမတ်ကျကျဝတ်၊ အတက်ချီကေ့စ်ကို ဟန်ပါပါဆွဲပြီး အစိုးရဝန်ထမ်းလိုလို၊ ကုမ္ပဏီဝန်ထမ်းလိုလို ရဲနှင့်လဝကမှ ပုဂ္ဂိုလ်များ မျက်စိ လည်အောင် ဝတ်စားသွားလာခြင်းကို ဆိုလိုပါသည်။

            ဒီနိုင်ငံကလည်း ကမ္ဘာတွင် လုပ်အားခ အမြင့်ဆုံးရရှိသည့်နိုင်ငံမို့ ကမ္ဘာအရပ်ရပ်မှ လာရောက်ပြီး အလုပ်လုပ်သည့် လူတွေက ဒုနှင့်ဒေး။ မဖွံ့ဖြိုးသေးသော အာရှနှင့် တောင်အမေရိက နိုင်ငံများမှ နိုင်ငံသားများသာမက ဖွံ့ဖြိုးပြီး နိုင်ငံကြီးများက နိုင်ငံသားများပါ ဤနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေကြသည်မှာ အံ့တော့ အံ့သြစရာပါ။

            တစ်ခုခက်သည်က အချို့သောနိုင်ငံမှ နိုင်ငံသားများသည် ရိုးရိုးသားသား လုပ်ကိုင်စားသောက်လျှင်ပင် လစာဝင်ငွေကောင်းပါလျက်နှင့် လောဘတက်ပြီး ပစ္စည်းယူ လူသတ်ခြင်း၊ လုယက်ခြင်း၊ ဘဏ်ဖောက်ခြင်းစသည့် ပြစ်မှုကြီးများကို မကြာခဏ ကျူးလွန်လာတော့ မြို့တော်ဝန်က မျက်မာန်တော် ရှမည်ဆိုလျှင်လည်း ရှစရာပင်။

            ထို့ကြောင့် ယခုတော့နိုင်ငံခြားသားမှန်သမျှ စစ်ဆေး၊ တရားမဝင်နေထိုင်လို့တော့ ပြန်ပေတော့ ကိုယ်ဌာနေ။ ဘူတာတွေမှာ၊ လမ်းတွေမှာ၊ ကုန်တိုက်တွေမှာ၊ ယူနီဖောင်းနှင့် အရပ်ဝတ်နှင့် ရဲတွေ၊ လဝကမှ ပုဂ္ဂိုလ်တွေ ခြေချင်းလိမ်နေသည်။

            မြန်မာလူမျိုးထဲက ဆိုလျှင် ဘူတာတွေမှာအဖမ်းခံရပြီး ပြည်တော်ပြန်ရသည့် သူတွေ ရေပင်မရေနိုင်တော့။ တချို့ကျတော့လည်း မနက်မိုးမလင်းခင် လူနေအဆောက်အအုံတစ်ခုကို ဝင်စီးသဖြင့် ပါသွားသည်ကလည်း မနည်း။ တချို့က အလုပ်ထဲမှာ၊ တချို့က လမ်းပေါ်မှာ၊ တချို့က ကုန်တိုက်တွေမှာ။ ဤမျှလောက် ဖမ်းနေသည့်ကြားမှ လွတ်သွားလွတ်လာနှင့် ဥက္ကာလို ကံကောင်း နေသူလည်း အများအပြား ရှိနေသေးသည်။

            အဝတ်အစားလဲပြီးသည်နှင့် အသင့်ဖျော်ပြီးသား ကော်ဖီတစ်ခွက်ကို မော့ချလိုက်ပြီး 'ဒီနေ့လည်း ကံကောင်းပါစေ' ဟု ဆုတောင်းရင်း ဥက္ကာအိမ်မှ ထွက်ခဲ့သည်။ အိမ်နှင့်ဘူတာက မဝေးလှ။ ၅ မိနစ်ခန့် လမ်းလျှောက်လိုက်သည်နှင့် ရောက်လာသည်။

            ဘူတာထဲ ဝင်လိုက်သည်နှင့် သတိရှိသော ဥက္ကာ တစ်ယောက် ရင်ထဲဒိန်းခနဲ ဖြစ်သွားသည်။ ယူနီဖောင်းနှင့် ရဲနှစ်ယောက် ဘူတာ အဝင်အထွက်လက်မှတ် ဖြတ်သည့် ဂိတ်အနီးတွင် ရပ်လျက် စွန်ရဲမျက်လုံးများနှင့် လူတကာကို လိုက်ကြည့်နေသည်။

            ဥက္ကာနှင့် ရဲတစ်ဦး မျက်လုံးချင်း ဆုံသွားသည်။ ဥက္ကာက ဟန်မပျက်ပင် အင်္ကျီ အိတ်ကပ်ထဲမှ လပေး ရထားလက်မှတ်ကို ထုတ်ယူကာ အဝင်ဂိတ်တွင် လက်မှတ်ကို ထိုးသွင်းလိုက်သည်။

            ထိုရဲက ဥက္ကာကို အကဲခတ်နေစဉ် အထွက်ဂိတ်မှ မဟူရာ အသားရောင်နှင့် အိန္ဒိယ နွယ်ဖွားလိုလို၊ အီရန်လူမျိုးလိုလို လူနှစ်ယောက်က ထွက်လာသဖြင့် ရဲ၏ အာရုံက ဥက္ကာထံမှ ထိုလူနှစ် ယောက်ထံ ရောက်သွားလေသည်။

            ဥက္ကာဖြတ်ဂိတ်ထဲ ဝင်ပြီးထွက်လာသော လက်မှတ်ကို ပြန်ယူနေစဉ် ရဲနှစ်ယောက်လုံး ထိုပုဂ္ဂိုလ်နှစ်ဦးအနီး လျင်မြန်စွာ ချဉ်းကပ်သွားသည်ကို တစောင်းအနေအထားဖြင့် ဥက္ကာ မြင်လိုက် ရသည်။

            ဥက္ကာက ဘူတာတွင်းရှိ လူအုပ်ကြားထဲ ခပ်သွက်သွက် တိုးဝင်ပြီးကိုယ်ယောင် ဖျောက်လိုက်သည်။

            အင်း... အန္တရာယ်မှ လွတ်သွားပြန်ပြီ တစ်ခါ။

            စိတ်ထဲမှာတော့ အသားဖြူအောင် မွေးပေးထားသော အမေ့ကို ဥက္ကာကျိတ်၍ ကျေးဇူးတင်နေမိသည်။

            အလုပ်ထဲရောက်တော့ မနက် ၁ဝ နာရီ ထိုးဖို့ ၁ဝ မိနစ်အလို။ ရောက်ရောက်ချင်း ချိန်မှတ်ကတ်ပြားကို စက်ထဲမှာထိုး။ ပြီးသည်နှင့် ဝတ်လာသော နက်တိုင်နှင့် ဆု(တ)ကို ချွတ်၊ ပန်းကန် ဆေး၊ ယူနီဖောင်းကိုလဲ။ မီးဖိုတွင်း သန့်ရှင်းရေးလုပ်ခြင်းဖြင့် တစ်နေ့တာ လုပ်ငန်းကို စတင်ပါတော့သည်။

            ပြီးသည်နှင့် ဧည့်သည် မလာမီ (သို့မဟုတ်) ဆေးစရာ ပန်းကန်မရှိသေးခင် ဖိုခေါင်း (စားဖိုမှူး)၏ အလုပ်ကို ကူညီရသည်။

            ဥက္ကာ မုန်လာဥဝါတွေကို အကွင်းလိုက် လှီးဖြတ်နေစဉ် အိမ်သာသန့်ရှင်းရေး လုပ်ပြီး လက်ဆေး၍ ထွက်လာသော ခင်ဆွေသန်းက စကားစသည်။

            'ကိုဥက္ကာ...သန့်စင်မောင်ကို သိတယ် မဟုတ်လား'

            'အင်း...မအေး၊ မထွေးတို့ရဲ့ မောင်ကို ပြောတာလား'

            'ဟုတ်တယ်'

            'ဘာဖြစ်လို့လဲ'

            'မနေ့က ကြွက်ဆွဲ သွားလို့'

            'ဟုတ်လား၊ ဘူတာမှာပဲလား'

            'မဟုတ်ဘူး၊ တိုးခယူး ကုန်တိုက်အောက်မှာ'

            'ဘယ်လိုဖြစ်တာလဲ ပြောပါဦး'

            'မနေ့က သန့်စင်မောင်က မုန့်ဟင်းခါး စားချင်တယ်ဆိုလို့ သူ့အစ်မတွေက ချက်ပေးသတဲ့။ ချက်ပြီးတော့ သူ့ကို မုန့်ဖတ်သွားဝယ်ခိုင်းတာ၊ ဟင်းအိုးက ပွက်လှပြီး မုန့်ဖတ်က ပေါ်မလာ၊ ပေါ်မလာနဲ့ နောက်ဆုံးမှာတော့ ပါသွားမှန်း သိတော့တာတဲ့။ ကုန်တိုက်ရှေ့တင် ဆွဲသွားတာဆိုပဲ'

            'သြော်...'

            'သန့်စင်မောင် ကတော့ မုန့်ဟင်းခါးကို တော်တော် စိတ်နာတော့မှာပဲ၊ သူ့ခမျာ အရင်းတောင် ကျေရှာသေးတာ မဟုတ်ဘူး။ သနားပါတယ်'

            ဖိုခေါင်း၏ ချောင်းဟပ်သံနှင့်အတူ မျက်နှာကြော တင်းတင်းကို တွေ့လိုက်ရတော့ ခင်ဆွေသန်း စကားစကို ဖြတ်ပြီး ဆိုင်ရှေ့ပိုင်းကို ထွက်သွားသည်။

            ဒီမှာက အလုပ်ချိန်တွင် အလုပ်ကို ခေါင်းမဖော်တမ်း လုပ်ရသည်။ ရပ်၍စကား ပြောနေလျှင် မကြိုက်။ ပြောလျှင်လည်း အလုပ်ကိစ္စနှင့် ပတ်သက်တာပဲပြော။ ပြီးတော့ သူတို့နားလည်မည့် သူတို့ ဘာသာစကားဖြင့်သာပြော။ မြန်မာစကားပြောလျှင် 'ဒါမဲ့' ။ (မပြောရဘူး)။

            ၁ဝ နာရီခွဲကျော်ကျော် လောက်မှစ၍ ဧည့်သည်တွေ တဖွဲဖွဲ ကျလာသည်။ ဥက္ကာ ဆေးရမည့် ပန်းကန်တွေကလည်း တစ်နိုင်တစ်ပိုင် အနေအထားမှ မနိုင်မပိုင် အနေအထားသို့ ရောက်လာသည်။ ပန်းကန်ပုံကြီးက ကြီးသထက် ကြီးလာသည်။

            လက်တစ်ဖက်က စားပွဲထိုး သိမ်းလာသော ဆေးစရာ ပန်းကန်များထဲမှာ သုံးပြီးသား တူများကို အမြန်ဆွဲယူကာ ပုံးအလွတ်တစ်ခုထဲ ပစ်ထည့်နေစဉ် ကျန်လက်တစ်ဖက်ကလည်း ပန်းကန်တွေကို ဆပ်ပြာရည်ဖျော်ထားသော ကန်ထဲကို့ မရပ်မနား ပြောင်းထည့်နေရသည်။ ဆပ်ပြာရည်ဖြင့် ပန်းကန် များကို မြန်မြန်ပွတ်တိုက် ဆေးကြောပြီး အခြားရေအသန့်ကန်ထဲပြောင်းထည့်ရင်း အပြားဆိုအပြား၊ အလုံးဆို အလုံး၊ အကြီးဆို အကြီး၊ အသေးဆို အသေးပန်းကန် အရွယ်အစားကိုလည်း တရစပ်ရွေးချယ်ရသေးသည်။ ရေသန့်ကန်ထဲတွင် သန့်အောင် ဆေးပြီးလျှင် ပန်းကန်စင်ပေါ်တွင် အမျိုးအစား အလိုက်စနစ်တကျ တင်ပေး ရပြန်သည်။ တင်လို့ မပြီးခင် နောက်ထပ် ရောက်လာသည့် ပန်းကန်ပုံက ပိုကြီးနေသည်ကို တွေ့ရသည်။

            နောက်တစ်သုတ်ဆေး။ ဆေးလို့ မပြီးခင် နောက်တစ် သုတ်ရောက်လာ။ ထပ်ဆေး။ နောက်တစ်သုတ်၊ နောက်တစ်သုတ်၊ နောက်တစ်သုတ်၊ ဆေးလိုက်ရသည့် ပန်းကန်တွေ။

            လက်က ဆေးနေစဉ် ပါးစပ်ကလည်း အအားမနေရ။ ဧည့်သည်တစ်ဦး ဝင်လာတိုင်း 'အီရရှိုင်းမတ်ဆဲ' (ကြိုဆိုပါတယ်)ကို အော်ရသေးတယ်။

            သံပတ် မရပ်မနား ပေးထားသော စက်ရုပ်လို လက်က မရပ်မနားဆေး၊ ပါးစပ်က အမြှုပ် ထွက်မတတ်အော်။

            အလုပ်နည်းနည်းပါးသွား၍ သူ့ထမင်းစားချိန်ရောက်တော့ နေ့ ၂ နာရီ ထိုးနေပေပြီ။ ဖိုခေါင်းကြော် ပေးသည့် ချဟန် (ထမင်းကြော်) ကိုစားရင်း သူ ငယ်ငယ်က အစ်မတွေအပေါ် ဆိုးခဲ့သည်များကို တွေးမိပြီး စိတ်မကောင်း။ သူ လူမှန်း သိတတ်သည့် အရွယ်မှစ၍  ဒီနိုင်ငံရောက်သည်အထိ သူ စားပြီးသား ထမင်းပန်းကန်ကို သူတစ်ကြိမ် တစ်ခါမျှ မဆေးဖူးခဲ့၊ အစ်မတွေက မအားသဖြင့် 'မောင်လေးရယ်၊ ဒီနေ့တော့ ကိုယ့်ပန်းကန်ကိုယ်ဆေး လိုက်ပါဟယ်'ဟု တောင်းတောင်းပန်ပန် ပြောသည်ကိုပင် သူ ခေါင်းခါခဲ့သည်။

            ယခုလို လူတကာစား  ပြီးသားပန်းကန်တွေကို ဇယ်ဆက်သလို ဆေးကြောနေရသည့် သူ့ဖြစ်အင်ကို အစ်မတို့များမြင်လျှင် ဘာပြောကြလေမလဲ မသိ။

            ထမင်းစားပြီတော့ သူ ခေတ္တအနားရသည်။ ဆေးလိပ်ဖွာရင်း ကုလားထိုင်မှာ အမောဖြေသည်။             ညနေပိုင်း အလုပ်ပြန်စသည်။

            ပန်းကန်တွေ တစ်သုတ်ပြီး တစ်သုတ် ဆေးရပြန်သည်။ ဆေးပြီးသား ပန်းကန်တွေ စပ်ပေါ်မှာ မနည်း။ ဖန်ခွက်တွေ တစ်လှည့်ဆေးဖို့ လုပ်နေစဉ် ညနေပိုင်းဝင်သည့် စားပွဲထိုးက ဖန်ခွက်လာယူသည်။

            အဆင်သင့် မရှိသေး၍ ခဏစောင့်ပါရန် ဟန်အမူအရာဖြင့် ပြလိုက်ပြီး ဖန်ခွက်ကို အမြန်ဆေးသည်။ ယင်းကို ဖိုခေါင်းက မြင်တော့ မဆီမဆိုင် ဝင်ကောသည်။

            'အုတ်...ပန်းကန်တွေ ဖန်ခွက်တွေလိုတဲ့အခါ အဆင်သင့်ဖြစ်အောင် အားလုံးကို မျှဆေးရတယ်ဆိုတာ မင်းမသိဘူးလား၊ အလုပ်လုပ်တာ ခေါင်းသုံးပါလား'

            ဥက္ကာ ထောင်းခနဲ ဒေါသထွက်သွားသည်။ 'အလုပ်လုပ်တာ ခေါင်းသုံးပါလား။ ခေါင်းသုံးပါလား' ဆိုသည့် စကားသည် သူတို့ လူမျိုး၏ တစ်ဖက်သားအပေါ် ချိုးနှိမ်လိုသည့်အခါ ပြောလေ့ရှိသော လက်သုံးစကား။ ထိုသို့ အပြောခံရတိုင်း ဥက္ကာ အလွန်ခံပြင်းသည်။ ယခုလည်း ပြောပြန်ပြီ ဒီစကား။

            'ဒီမယ် ဖိုခေါင်း၊ အခုလုပ်နေတဲ့ အလုပ်က ဘာခေါင်းမှ သုံးစရာမလိုတဲ့ အလုပ်။ ဘာပညာသားမှလည်း မပါဘူး။ ဒါကို ရေကြီးခွင်ကျယ်ပြောမနေနဲ့၊ နောက်ပြီး ငါက မင်းထက် ခေါင်းကောင်းတယ်ဆိုတာ မြဲမြဲမှတ်ထား။ မင်းလို အလယ်တန်းလောက်အထိပဲ ပညာသင်ဖူးတဲ့ လူမဟုတ်ဘူး၊ တက္ကသိုလ်က ဘွဲ့ရထားတဲ့ လူ သိပြီလား'

            ဖိုခေါင်း ရှေ့တစ်လှမ်း တိုးလာသည်။

            'ဒါဆို မင်းဘာဖြစ်လို့ ဒီမှာ ပန်းကန်လာဆေးနေသလဲ'

            'ဘာကြောင့် ပန်းကန် လာဆေးသလဲဆိုတော့ မင်းတို့ဆီက ငါ့တို့ဆီမှာထက် ပိုက်ဆံနည်းနည်း ပိုရလို့ပဲ။ မင်းတို့ နိုင်ငံကြိုက်လွန်းလို့ လာနေတယ် ထင်လား၊ ဝေးသေးတယ်။ ငါတို့ ပိုက်ဆံ နည်းနည်းစုပြီးရင် ပြန်မယ့်လူချည်းပဲ'

            ဆိုင်ခေါင်းရောက်လာသည်။   

            'အူးရစိုင်း ဒါမဲ့ရော၊ ရှီငိုတို၊ ရှီငို့တို'

            ဘာတွေ ဆူဆူညံညံ ဖြစ်နေတာလဲ၊ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ ဆိုင်ခေါင်းက ဝင်ငေါက်မှ ဖိုခေါင်း နောက်ဆုတ်သွားသည်။

            ပြီးတော့ တစ်ညနေလုံး ဘာကြော်ကြော် အသားငါးတွေကို ဆီအိုးထဲ ပစ်ပစ်ထည့်နေသဖြင့် မီးဖိုပေါ်ရှိ ဆီအိုးနှင့် မလှမ်းမကမ်းမှာ ပန်းကန်ဆေးနေသော ဥက္ကာ၏ လက်ဖျံပေါ် ဆီပူတွေ လာလာစဉ် နေတော့သည်။

            ဖိုခေါင်းကလည်း တင်းနေသည်။ သူကလည်း တင်းနေသည်။ နှစ်ယောက်လုံး တင်းနေသည်။ ဒီတစ်ခါ ထပ်ပေါက်ကွဲလျှင်တော့ သူ့ထက် အလုံးအဖန် သေးသော ဖိုခေါင်းလည်း ဆေးရုံရောက်မည်။ သူလည်း ရဲစခန်းရောက်ပြီး သိပ်မကြာခင် အများနည်းတူ အိမ်ပြန်ရမည်။

            ဥက္ကာနေရာနည်းနည်း ရွှေ့လိုက်ပြီး ပင့်သက်ရှည်ကြီးနှင့်အတူ စိတ်ကိုလျှော့လိုက်သည်။

            စိတ်ထဲမှာလည်း သူ့ကိုယ်သူ ဆုံးမသည်။

            'သည်းခံလိုက် ဥက္ကာ၊ ဒီအသေးအဖွဲ့ကိစ္စလေးကို သည်းခံလိုက်'

            အလုပ်ပြီး၍ အိမ်ပြန်ရောက်တော့ ဥက္ကာတစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေသည်။ လက်ကလည်းညောင်း၊ ဇက်ကလည်း ညောင်း၊ ခါးကလည်း ညောင်း၊ ခြေထောက်ကလည်း ညောင်း။

            နာရီကြည့်တော့ ည ၁၁ နာရီတွင် ၁၅ မိနစ်စွန်းနေပြီ။

            အတက်ချီကေ့စ်ကို ခုံပုလေးပေါ် တင်လိုက်သည်။ နက်တိုင်လည်စည်းကို လည်ပင်းမှ ဖြေ၍ ကုတ်အင်္ကျီနှင့်အတူ ချိတ်တွင် ချိတ်ထားလိုက်သည်။

            ပြီးအိပ်ရာပေါ်တွင် ခန္ဓာကိုယ်ကို လှဲချလိုက်သည်။

            ခင်မောင်တိုးက မနက် အလုပ်စောစော ဝင်ရသူမို့ ည ၁၁ နာရီဆိုလျှင် သူက အိပ်ပြီ။ ဇော်ဇော်ကတော့ ညဆိုင်းသမားမို့ အိမ်မှာ မရှိ။ ယခုလောက်ဆို အလုပ်ထဲမှာ ပျာနေလောက်ပြီ။

            အိပ်ရာဘေးတွင် မြန်မာနိုင်ငံ အခွန်တော် တံဆိပ်ခေါင်းနှင့် စာလေးတစ်စောင်ကို တွေ့ရသည်။ ခင်မောင်တိုး အလုပ်မှ ပြန်လာစဉ် စာတိုက်ဗုံးထဲမှ ယူလာပြီး သူ အသင့်ဖတ်ရန် ထားပေးထားခြင်း ဖြစ်မည်။

            စာအိတ်ပေါ်မှ လက်ရေးကို ကြည့်လိုက်တော့ အစ်မကြီး မမထိုက်ထံမှ စာဖြစ်ကြောင်း သိလိုက်ရသည်။ ဥက္ကာစာကို ဖောက်ဖတ်လိုက်သည်။

မောင်လေး ဥက္ကာ...

            မမထိုက် စာရေးလိုက်ပါတယ်။ မောင်လေး နေကောင်းရဲ့လား။ မမထိုက်တို့လည်း နေကောင်းပါ တယ်။ မေမေ တစ်ယောက်ပဲ ဆေးခန်းကို တစ်ပတ်တစ်ခါ သွားသွား ပြနေရတယ်။ ဒါပေမယ့် အရင်က ထက်စာရင်တော့ အများကြီး ကောင်းလာပါတယ်။ အထူး ကုဆေးခန်းဆိုတော့ တစ်ခါပြရင် သုံးသောင်းပဲ မောင်လေး။ မေမေကတော့ မောင်လေး ငွေမှန်မှန် ပို့ပေးနေတာကြောင့် သူ အခုလို သမားကောင်း၊ ဆေးကောင်း၊ ဝါးကောင်းတွေနဲ့ ကုသခွင့် ရတယ်။ မြန်မြန်ထူထူထောင်ထောင် ဖြစ်လာတယ်ဆိုတာတွေကို ပြောမဆုံးဘူး မောင်လေးရေ။ ဧည့်သည်လာတိုင်းပဲ ဆိုပါတော့။

            အရင်အပတ်ကပဲ ဘိုးဘိုးဘွားဘွားတို့ကို ရည်စူးပြီး ဇီဝိတဒါနဆေးရုံမှာ ဆွမ်းတစ်နပ် ကျွေးဖြစ်ခဲ့တယ်။ ဘိုးဘိုးဘွားဘွားတို့ ဆုံးတာနှစ်နှစ်ပြည့်ပြီလေ။ မင်းရဲ့ ချွေးနှဲစာမို့ သာဓုခေါ်နော် မောင်လေး။

            နောက်ပြီး မင်းအရစ်ကျဝယ်ထားတဲ့ တိုက်ခန်းဖိုးလည်း ကျေလုပြီ။ တစ်ရစ်ပဲ ကျန်တော့တယ်။ အိမ်ပြီးတဲ့အခါ အထဲကိုတော့ နောက်ထပ် ၂ဝ၊ အစိတ်လောက်တော့ ထပ်ထည့်ရလိမ့်မယ်။ ပြီးရင်တော့ အရမ်းကောင်းသွားမှာပဲ။

            အဖေကတော့ ခုတလော ကားလဲချင်တယ်ချည်း တဖွဖွ ပြောနေတယ် မောင်လေးရဲ့။ အိမ်ကကားက မော်ဒယ်လ်လည်း အရမ်းနိမ့်နေပြီလေ။ ဝပ်ရှော့လည်း ခဏခဏပို့ရတော့ အဖေလည်း စိတ်မရှည်တော့ဘူးနဲ့ တူတယ်။ အဖေကတော့ ပြောမရဘူး။ ခုထိ ကားမောင်းတုန်း။

            ခုတလော မင်းသူငယ်ချင်းတွေ တော်တော်များများ ပြန်လာကြတာကို တွေ့ရတယ်။ အဲဒါကြောင့် မေမေက မင်းအတွက် မောရသုတ်ကို နေ့ရောညပါ တစ်ချိန်လုံး ရွတ်ပေးနေတယ်မောင်လေး။ မမထိုက်လည်း ဆရာကြီး မင်းသိင်္ခတို့၊ ဆရာ စံဇာဏီဘိုတို့ဆီသွား၊ မေးမြန်းပြီး သူတို့ ညွှန်ကြားတဲ့ အတိုင်း ယတြာတွေ လုပ်ပေးထားတယ် သိလား၊ ငါ့မောင်လေး အဖမ်းအဆီး အချုပ်အနှောင် ကင်းဝေးအောင်လို့။

            မိဘ ညီအစ်ကို မောင်နှမတွေကို လုပ်ကြွေးတဲ့ သားလေး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာလို့ အဖမ်းအဆီး အချုပ်အနှောင်ဘေးမှ ကင်းဝေးပါစေ။

            ဥက္ကာ ချလိုက်သော သက်ပြင်းမှာ မောလျသံတွေ ပါနေသည်။ သြော်... ဒီမှာ ရသမျှ ကုပ်ကပ်၍ နေရဦးမှာပါလား။

အပိုင်း (၃)

            ဂျပန်လူမျိုးများ ပြောလေ့ရှိသည့် ဟာသတစ်ခုရှိသည်။ မဟာမိတ်တပ်များက ဟီရိုးရှီးမားနှင့် နာဂါးဆားကီးပေါ် အနုမြူဗုံးကြဲချတော့ မြေပြင်ပေါ်ရှိ သက်ရှိသက်မဲ့ အရာအားလုံး အစအန ရှာမရအောင် ပပျောက်ကြေပျက်ကြကုန်သည်။ ပိုးဟပ်နှင့် အိုဗာစတေးက လွဲ၍....တဲ့။

မနှင်းဖွေး

(အမှတ် ၁၉၆၊ မတ်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်