ရွှေဝတ္ထု

ရမ္မက်အစား တစ်ကွက်ကျားပမာ

ဝေမှူးတင် ၊သုတေသန၊

01 December 2025
ရမ္မက်အစား တစ်ကွက်ကျားပမာ
Share to

အချိန်ကာလမှာ ၁၉၈၄ ခုနှစ် ဧပြီလ ဖြစ်သည်။

            နေအပူရှိန်က နွေ၏သရုပ်ကို ပီပြင်စေ၏။ ရောက်တတ်ရာရာ အတွေးတို့က နွေဦး၏ လေရူးလို ဟိုရောက် သည်ရောက်ပင်။ သတ္တမတန်း ကျောင်းသားတစ်ယောက်ဖြစ်၍ ကလေးဘဝနှင့် လူကြီးစိတ်တို့ ဆက်သွယ်ရာ ပေါင်းကူးတံတား တည်ဆောက်ချိန်ဟု ဆိုနိုင်၏။

            'ဟေ့... မင်းဇော်မိုး၊ မင်းရဲ့ Report Card ငါ ယူလာတယ်၊ ရော့...'

            သူငယ်ချင်းဌေးဝင်း ပေးလာသော Report Card ကို ယူရင်း ကျွန်တော့်၏ အမှတ်စာရင်းနှင့် အဆင့်ကို အပြေးတစ်ပိုင်း ကြည့်ဖြစ်၏။

            ထိုအခါ ဌေးဝင်းက 'မင်းအဆင့် ၂ ရတယ်။ လူရည်ချွန် စာမေးပွဲဖြေဖို့ အဆင့်မီတယ်။ စာတွေ့၊ လက်တွေ့ လေ့ကျင့်ထားဖို့ ဆရာမ ဒေါ်ဆန်းညွန့်က မှာလိုက်တယ်'ဟု ပြောလာ၏။

            'ဟုတ်လား၊ ကျေးဇူးပဲ သူငယ်ချင်းရာ'ဟု ပြောရင်း မိမိ ပဉ္စမတန်းနှစ်က လမ်းထဲမှ ကိုလှငွေ လူရည်ချွန်ဖြစ်၍ ငပလီသို့ လေ့လာရေးခရီး သွားခဲ့ရသည်ကို ပြန်မြင်ယောင်မိ၏။ ထိုအချိန်က ကိုလှငွေကို အလွန်အားကျလေးစားခဲ့၏။ ထိုအတွေးက ကျွန်တော်၏ မျက်နှာပြင်၌ အားမာန်တက်ကြွ လုံ့လပွားလို စိတ်တို့လွှမ်းခြုံထား၏။ ငါ လူရည်ချွန် ဖြစ်ကိုဖြစ်ရမည်ဟု ရင်တွင်း၌ ကြုံးဝါးမိ၏။ စာတွေ့အနေဖြင့် နေ့စဉ် ည ၇ နာရီမှ ၁၂ နာရီအထိ ရေနံဆီမီးခွက်ဖြင့် နီးစပ်လက် လှမ်းမီရာ သတင်းစာ၊ မဂ္ဂဇင်း၊ သုတစာအုပ်များကို ဖတ်ရှုလေ့လာခဲ့၏။ နံနက် ၄ နာရီ ရွာဦးကျောင်းမှ အုန်းမောင်းသံ ကြားလျှင်ကြားချင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်မှုအနေဖြင့် အိမ်မှ ၂ မိုင်ခန့်ဝေးသော ပြည်တော်ပြန် ဘုရားကြီးဆီသို့ အသွားအပြန် နှစ်ခေါက် နေ့စဉ်ပြေး၏။

အိမ်ပြန်ရောက်ချိန်တွင် ကျောင်းသွားရန် ပြင်ဆင်ရပါတော့သည်။ ၃ မိုင်ခန့်ဝေးသော ကျောင်းသို့ နေ့စဉ်လမ်းလျှောက် တက်ရသည်။ ကျွန်တော်တို့ ကျောင်းသည် နယ်ကျောင်းဖြစ်၍ နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီအထိ တက်ရသည်။ ကျောင်းတွင်လည်း လူရည်ချွန်ဖြေခွင့်ရသော ကျောင်းသူ၊ ကျောင်းသားများနှင့် ဆွေးနွေးတိုင်ပင်မှုများကို အားတက်သရော မမောနိုင်၊ မပန်းနိုင် လုပ်ပါသည်။ ထို့ကြောင့် သူငယ်ချင်းများပင် ကျွန်တော့်အား အလွန်မျက်မုန်းကျိုးနေတော့သည်။ ကျောင်းဆင်း၍ အိမ်သို့ ရောက်လျှင်ရောက်ချင်း လူရည်ချွန် ဖြစ်လိုဇောဖြင့် ရာဝင်စဥ့်အိုး ၃ လုံးမှ ရေများကို သွန်၍ နှစ်လမ်းကျော် ရေတွင်းမှရေကို ထမ်းပုံးဖြင့် ၁၈ ခေါက် ထမ်း၏။

            အဘိုးနှင့် အဘွားက ကျွန်တော့်အား အထူးအဆန်းသဖွယ်ကြည့်၍ 'ဟဲ့... ကောင်လေး၊ ဘာတွေလုပ်နေတာလဲ။ ရူးနေတာလား'ဟု မေး၏။ ကျွန်တော်က 'ရူးတာမဟုတ်ဘူး အဘိုးနဲ့ အဘွားရေ၊ ထူးဖို့ ကျင့်နေတာ။ ကာယလေ့ကျင့်ခန်း လုပ်နေတာ'ဟု ပြန်ပြောခဲ့၏။

            ကျွန်တော့်ကိုယ် ကျွန်တော် ပင်ပန်းသည်ဟု မထင်ခဲ့။ နည်းစနစ်လည်းကျ၊ မကျ မသုံးသပ်မိခဲ့ပေ။ ရင်ထဲ၌ လူရည်ချွန်ဖြစ်လိုသော ဆန္ဒတစ်ခုသာ ကြီးစိုးမင်းမူနေ၏။ ထိုစဉ်က ကျွန်တော်လုပ်လိုသော ရေထမ်းခြင်း၊ အပြေးလေ့ကျင့်ခြင်း၊ စာအုပ်၊ စာပေများ ဖတ်ရှုလေ့လာခြင်း စသည်တို့ကို သိကြားမင်း ဆင်းတားလျှင်တောင် ရမည်မဟုတ်ပါ။ ထုထည်ကြီးမားသော အစိုင်အခဲပမာ လူရည်ချွန်ဖြစ်လိုသော ဆန္ဒက ရင်၌ ဆောက်တည်အမြစ်တွယ်နေခဲ့ပြီ ဖြစ်၏။

            ထိုသို့ စနစ်မကျသော လေ့ကျင့်၊ လေ့လာမှုနှင့် သွန်သင်လမ်းညွှန်မှု မရှိသော ကြိုးစားစိတ် လွန်ကဲခြင်းတို့ကြောင့် တစ်လခန့်ကြာသောအခါ ကျွန်တော်သည် အိပ်ရာထဲ၌ ဗုန်းဗုန်းလဲလေတော့ သည်။

            အဘိုးနှင့် အဘွားက ဒေါက်တာတင်မိုးထိုင်သည့် တစ်ခုတည်းသော ဆေးခန်းသို့ သွားရောက်ပြသရာ ထိုအချိန်ကမှ မြန်မာပြည်တွင် စတင်ခေတ်စားလျက်ရှိသော အသည်းရောင် အသားဝါ ရောဂါဟု ဆို၏။ ဝမ်းဗိုက်၏ ညာလက်သည် တစ်နေ့တခြား တဖြည်းဖြည်းယောင်လာ၏။ အောင့်လည်း အောင့်လာ၏။ တစ်ကိုယ်လုံး နနွင်းများ လိမ်းထားသကဲ့သို့ ဝါလာ၏။ ဆီးနှင့်မျက်လုံးများပါ ဝါလာတော့၏။ တစ်ပတ်ကြာလာသည့်တိုင် မသက်သာသောကြောင့် ကျွန်တော်၏ အဘိုးနှင့်အဘွားလည်း စိတ်ဓာတ်ကျစ ပြုလာ၏။ လူနာမေးလာသော လမ်းထဲမှ အိမ်နီးချင်းများက အင်္ဂလိပ် ဆေးနှင့်မရပါက မြန်မာဆေးနှင့် ပြောင်းကုရန် တိုက်တွန်းကြ၏။

            ထို့ကြောင့် မြေးအား ကျန်းမာစေလိုသော ဆန္ဒဖြင့် အဘိုးနှင့်အဘွားက ဗိန္ဓော ဆရာ ဦးမောင်ရှိန်နှင့်ပြ၍ ကုသရာ ထိုညတွင် ဦးမောင်ရှိန်မှ ဝမ်းဗိုက်တွင် အပူခဲနေသည်ဟုဆိုကာ အုတ်ပူဖြင့် ထိုးကုသသဖြင့် ကျွန်တော်သည် ထိုညတွင်ပင် သတိလစ်သွားတော့၏။ ကျွန်တော် သတိပြန်ရလာချိန်၌ အိမ်တွင် မဟုတ်တော့။ မြို့နယ်ဆေးရုံရှိ အရေးပေါ်ခန်းတွင် ရောက်ရှိနေပြီ ဖြစ်၏။

            ထူးခြားသည်မှာ ကျွန်တော်၏ ကိုယ်ပေါ်တွင် သင်္ကန်းတစ်ထည် ရောက်နေခြင်းပင် ဖြစ်၏။ သတိရလျှင်ရချင်း အဘွားအား လေသံဖြင့် မေးမြန်းကြည့်ရာ သတိလစ်နေသည်မှာ နှစ်ရက်ရှိပြီ ဖြစ်ကြောင်း၊ သတိလစ်နေတုန်း သင်္ကန်းတောင်း၍ သင်္ကန်းဝတ်ပေးထားရကြောင်း ရှင်းပြ၏။ ကျွန်တော်သည် ထိုအချိန်က ရှင်သာမဏေ ဘောင်သို့ မဝင်ရသေး၍ စိတ်စွဲသွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သတိလစ်သောအခါ ကယောင်ချောက်ချားဖြင့် သင်္ကန်းတောင်းမိခြင်း ဖြစ်ပေလိမ့်မည်။

            ခုတင် ဘေးပတ်လည်တွင် လူနာသတင်းမေးသူများနှင့် ပြည့်နှက်နေ၏။ ကျွန်တော်သည် သတိကောင်းကောင်း ရလာပြီဖြစ်သော်လည်း အားမရှိသေးသောကြောင့် ပင်ပန်းနွမ်းလျနေ၏။ ဝမ်းဗိုက်က အောင့်နေသောကြောင့် ဘေးဘယ်ညာသို့ အလွယ်တကူ စောင်း၍မရပါ။ နှစ်ရက်ခန့်ကြာသောအခါ အရေးပေါ်အခန်းမှ လူနာ ၆ ဦး နေထိုင်ရသော အမျိုးသားအဆောင်သို့ ပြောင်းရွှေ့စေ၏။ သို့သော် ကျွန်တော်သည် လမ်းမလျှောက်နိုင်သေးပေ။

            အဆောင် ပြောင်းရွှေ့ရသည့်နေ့မှာပင် ကျွန်တော်၏ ဦးလေးအရင်းကဲ့သို့ ရင်းနှီးလှသော ဦးမြင့်ဌေး ဆေးရုံသို့ ရောက်လာ၏။ သူ၏ ပုံသဏ္ဌာန်မှာ လူကောင်းတစ်ဦးကဲ့သို့ပင် ဖြစ်၏။ ရောက်လျှင်ရောက်ချင်း သူက 'ငါ့တူ မင်းဇော်မိုး ဘာမှ အားမငယ်နဲ့။ မင်း ဆေးရုံတက်ရတယ်ကြားလို့ အဖော်ရအောင် ငါ ဘာမှမဖြစ်ဘဲ လေးဖက်နာ အကြောင်းပြပြီး ဆေးရုံတက်လာတာ'ဟု ပြော၏။ ကျွန်တော် အတော်ပင် အံ့သြသွား၏။

            ကျွန်တော်သည် မည်သည့် ရောဂါမျှ မဖြစ်လိုပါ။ ဤသို့ သာမန်ကာလျှံကာ ရောဂါမျှဖြင့် ဆေးရုံလည်း မတက်လိုပါ။ ဦးမြင့်ဌေး၏ အမျိုးသမီးလည်း အထုပ်အပိုးများဖြင့် အစောင့်လိုက်လာဟန် ရှိ၏။ ကျွန်တော်တို့ လူနာ ၆ ယောက်အခန်းထဲတွင် ကျွန်တော်၏ ခုတင်မှာ ဆေးရုံမျက်နှာစာဘက် ဖြစ်၏။ ကျွန်တော့်ဘေးတွင် မူလတန်း ကျောင်းအုပ်ဆရာကြီး ဦးသိန်းဆောင်ရှိသည်။ ဆရာကြီးသည် အသက် ၅ဝ ကျော်ပြီး အဆုတ်ရောဂါဖြင့် ဆေးရုံ တက်ရောက်နေခြင်းဖြစ်သည်။ ဆရာကြီး၏ဘေးတွင် ဦးမြင့်ဌေး ဖြစ်သည်။ ကျွန်တော်၏ ခြေရင်းဘက်၌ အစာအဆိပ်ဖြစ်သော ကိုပုကြီး ဆိုသူဖြစ်၏။ ကိုပုကြီး၏ဘေးတွင် သိုင်းဆရာ ကိုထွန်းလူဖြစ်ပြီး ရန်ဖြစ်၍ တစ်ကိုယ်လုံးတွင် ဒဏ်ရာရကာ ဆေးရုံတက်ရခြင်း ဖြစ်သည်။ သူ၏ ဘေးခုတင်မှာ အလွတ်ဖြစ်၏။

            ဦးမြင့်ဌေးသည် ဆေးရုံသို့ ရောက်လျှင်ရောက်ချင်း သူ၏ ရောဂါအကြောင်းကို မပြောပါဘဲ ကျွန်တော့် အကြောင်းကိုသာ မေး၏။

            'ငါ့တူ မင်း လမ်းလျှောက်နိုင်ပြီလား'

            ကျွန်တော်က စကားကောင်းစွာ မပြောနိုင်သဖြင့် ခေါင်းယမ်းပြ၏။

            'အစာရော စားနိုင်ပြီလား'ဟု မေးပြန်၏။ ထပ်၍ ခေါင်းခါပြရပြန်၏။

            'ဒါဆိုရင် မင်း စားချင်စိတ် အမြန်ဆုံးဖြစ်ပေါ်လာအောင် မင်းရှေ့မှာ အစားအသောက်တွေ စားပြရမယ်' ဟု ဆို၏။

            ထို့နောက် သူ၏ အမျိုးသမီးကိုခေါ်၍ မုန့်လက်ကောက်ကြော် ၃ ခုပါသည့် ချိုင့်ကိုဖွင့်၍ စားပြ၏။ ရေနွေးကြမ်းကို မတ်ခွက်ဖြင့် အပြည့်ထည့်၍ သောက်လိုက် စားလိုက်လုပ်နေ၏။ မုန့်လက်ကောက်ကြော် ၃ ခု ကုန်သွားသောအခါ ပီလောပီနံဥပြုတ်ကို စားပြန်၏။ အစားအသောက်များကို ကျွန်တော်၏ရှေ့တွင် မျက်နှာအမူအရာမျိုးစုံလုပ်၍ စားပြနေလေ၏။ သူ စားပြနေသဖြင့် ကျွန်တော်လည်း စားချင်စိတ် ဖြစ်လာ၏။ ဒေါသလည်း ထွက်မိ၏။ အစား မစားရသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်၏။ ဦးမြင့်ဌေးအား စိတ်ထဲမှ မနာလို ဖြစ်နေမိ၏။ တစ်နေ့လုံး အစားအသောက်မျိုးစုံကို ကျွန်တော့်အား ပြောင်လှောင်စားပြနေ၏။ သူသည် နောက်ပြောင် ပျော်ရွှင်တတ်သူလည်း ဖြစ်၊ ဆွေမျိုးလည်း မကင်းသောကြောင့် ကျွန်တော့်အား ဤကဲ့သို့ နောက်ပြောင်စားသောက်ပြနေခြင်း ဖြစ်၏။

            ညနေစောင်း ၄ နာရီခန့်တွင် ဦးမြင့်ဌေးသည် ရေချိုးရန်အတွက် သဘက်ကို ပခုံးတွင် တင်၍ ထွက်သွားခဲ့၏။ သိပ်မကြာပါ။ သိုင်းဆရာကြီး ဦးထွန်းလူက ဦးမြင့်ဌေးကို တွဲလျက် ဆေးရုံအဆောင် တွင်းသို့ ပြန်ဝင်လာရင်း...

            'ဦးမြင့်ဌေး အိမ်သာဘေးမှာ သွေးတွေ အန်နေလို့ တွဲခေါ်လာတာ'ဟု ပြော၏။ တစ်ဆက်တည်းမှာပင် ဦးမြင့်ဌေးအား ယင်း၏ ခုတင်ပေါ်သို့ အသာမှေးချ၍ လှဲအိပ်စေလိုက်ပြီး သူ၏ဇနီးအား တာဝန်ကျ ဆရာဝန်ကို အမြန်သွားခေါ်ရန် ပြောလိုက်သည်။ ဆရာဝန်ကို သွားခေါ် နေတုန်း ဦးမြင့်ဌေးသည် သွေးများ အဆက်မပြတ် အန်နေတော့၏။ သိပ်မကြာလိုက်ပါ။ တာဝန်ကျ ဆရာဝန် ရောက်လာပြီး စမ်းသပ်မှုများ ပြုလုပ်၍ ဦးမြင့်ဌေးအား အရေးပေါ် သွေးသွင်းရမည်ဟု ပြော၏။ အစာအိမ် သွေးကြောပေါက်တာဟုလည်း ပြော၏။ ထို့နောက် အရေးပေါ် သွေးသွင်းခြင်းကို လုပ်၏။ ဦးမြင့်ဌေးကား သတိမရတစ်ချက်၊ ရတစ်ချက် ဖြစ်နေ၏။ ညနေ ၅ နာရီလောက်တွင်တော့ သတိ လုံးဝမရတော့ပါ။

            အချိန်တို့ တရွေ့ရွေ့ ကုန်လွန်သွားပြီး လူနာများအား လူနာစောင့် အသီးသီး စောင့်၍အိပ်ကြ၏။ ကျွန်တော့်ကိုလည်း ကျွန်တော်၏အဘိုးက စောင့်၍အိပ်၏။ အဘိုးသည် ည ၁ဝ နာရီလောက်တွင် ခြင်ထောင်ချကာ ဆေးတိုက်၏။ စိတ်ချလက်ချ အိပ်ရန်မှာ၍ အလေး၊ အပေါ့သွားလိုက နှိုးရန်မှာကြား၏။ ကျွန်တော်က စကားကို ကောင်းစွာ မပြောနိုင်သေးပါ။ ကျွန်တော်သည် တော်တော် နှင့် အိပ်မပျော်။ ဦးမြင့်ဌေး ဒီနေ့ဆေးရုံ စတက်လာပုံနှင့် ယခု သတိမေ့နေပုံတို့ကိုအစ အဆုံးပြန်၍ စဉ်းစားနေမိ၏။ ကျွန်တော် စဉ်းစားရင်းက အချိန်ကုန်မှန်းမသိ ကုန်ကာ တဖြည်းဖြည်း ညဥ့်နက်လာ ၏။

            ည ၁ နာရီကျော်ကျော်ခန့်တွင် ဖြစ်၏။ ဦးမြင့်ဌေးသည် ကျောင်းဆရာကြီး ဦးသိန်းဆောင်၏ ခုတင်ကို ကွေ့ရှောင်ကာ ကျွန်တော်၏ ခုတင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာ၏။ ကျွန်တော် အလွန်ကို ထိတ်လန့်နေတော့သည်။ ထို့နောက် ကျွန်တော်၏ ခြင်ထောင်ကိုလှန်၍ ကျွန်တော့်အား စိမ်းစိမ်းကြီး စိုက်ကြည့်နေသည်။ သူ၏ ပုံသဏ္ဌာန်က လူတစ်ဦး၏ ပုံစံမျိုး မဟုတ်။ အစိမ်းသရဲဝင်၍ ပူးကပ်နေသူကဲ့သို့ ဖြစ်နေ၏။ ကျွန်တော်လည်း အလွန်ပင် ထိတ်လန့် တုန်လှုပ်လွန်း၍ အားအင်များ ကုန်ခန်းသလို ဖြစ်လာ၏။ စိတ်က အော်ဟစ် အကူအညီတောင်းနေသော်လည်း နှုတ်မှ အသံက ထွက်ပေါ်လာခြင်း မရှိပါ။ ရင်၌ မောဟိုက်ပြီး မျက်လုံးများပင် ပြာဝေလာခဲ့၏။

            ထိုအချိန်မှာပင် ကျွန်တော်၏ အဘိုးအိပ်ရာမှ နိုးလာကာ ကျွန်တော်တို့၏ အခြေအနေကို မြင်တွေ့သွားပြီး...

            'ဟေ့... မြင့်ဌေး၊ ဘာလုပ်တာလဲ' ဟု ပြောရင်း ထလာကာ ဦးမြင့်ဌေးအား ဖက်လိုက်ရာ ဦးမြင့်ဌေးသည် အဘိုး၏ပခုံးပေါ်တွင် ခေါင်းမှေးတင်ရင်း သွေးများ ဒလဟော အန်ပါတော့သည်။ သိပ်မကြာလိုက်ပါ။ တာဝန်ကျ ဆရာဝန် ရောက်ရှိလာပြီး ဦးမြင့်ဌေးအား စမ်းသပ်မှု ပြုလုပ်ပါသည်။ ထိုအချိန်တွင် ဦးမြင့်ဌေး အသက်မရှိတော့။ ဘဝတစ်ပါးသို့ ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

            ဆရာဝန်သည် ကျွန်တော့်အား နားကြပ်ဖြင့် စမ်းသပ်ပြီး ဆေးတစ်လုံး ထိုးပေးသည်။ ကျွန်တော် လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။

            ဦးမြင့်ဌေး ကွယ်လွန်သွားပြီးနောက် ကျွန်တော်လည်း ဆေးရုံ၌ နှစ်လခန့် နေလိုက်၏။ ကျွန်တော် အလွန်ဖြစ်လိုသော လူရည်ချွန်လည်း မဖြစ်ခဲ့တော့ပါ။ လူ့ဘဝတွင် မတည်မြဲခြင်းဆိုသော သဘောတရားနှင့် ရုတ်ခြည်း ပြောင်းလဲဖောက်ပြန်တတ်သော ရောဂါဘယ၏ နှိပ်စက်ခြင်းတို့ကို ဘဝနှင့် ရင်း၍ သင်ခန်းစာ ရရှိခဲ့ပါသည်။ သေကောင်ပေါင်းလဲ ဖြစ်သောလူက ပြန်လည် ကောင်းမွန်လာခဲ့ပြီး လူကောင်းတစ်ဦးက ချက်ချင်း ဆိုသလို လောကကြီးကို စွန့်ခွာသွားရသည်ကိုလည်း ကျွန်တော် သံဝေဂတရား ရရှိ ခံစားမိခဲ့ပါသည်။

            မည်သို့ပင် ဖြစ်စေ၊ ဦးမြင့်ဌေးတစ်ယောက် ဘဝ တစ်ပါးသို့ မကူးပြောင်းမီ သတိလစ်လျက်ပင် (သို့မဟုတ်) သတိမရတစ်ချက်၊ ရတစ်ချက်နှင့် ကျွန်တော်၏ ခုတင်သို့ ရောက်လာခဲ့သည်မှာ ကျွန်တော့်အတွက် အသက်ရှင်သန်ရေးကို သူ့ အသက်ကိုပင် ဂရုမစိုက်နိုင်ဘဲ မှာကြားလိုခြင်းလောဟု ကျွန်တော်၏ရင်တွင်း၌ အနှစ် ၂ဝ ကျော်လာသည့် ယခု အချိန်အထိ ဝေခွဲနိုင်ခြင်း မရှိသေးကြောင်း မိမိဘာသာ ဝန်ခံရမည် ဖြစ်ပါသည်။

            ကျားထိုးသူများ ပြောလေ့ ပြောထရှိသော တစ်ကွက်မှားတော့ ကျားစား ဆိုသလို အစားရမ္မက်ကြောင့် တစ်ရက်တည်းနဲ့ ဘဝစွန့် သွားရသည့် ဦးမြင့်ဌေးဘဝက အလွန်ပင် သင်ခန်းစာယူ မှတ်သားဖွယ် ဖြစ်ပါတော့သည်။

ဝေမှူးတင် ၊သုတေသန၊

(အမှတ် ၁၉၆၊ မတ်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်