ညိုရောင်
၁။
'ဟဲ့ ဘွားရှင် အိမ်ထဲက
အမြန်ထွက်လာခဲ့ဦးဟ။ တကတဲမှပဲ၊ အခန်းအောင်း နေလိုက်တာ။ သတင်း ပလင်းလည်း
နားစွင့်စမ်းပါဦး။ နင့်သား ပေသီး သရက်ပင်ပေါ်က ပြုတ်ကျလို့တဲ့ဟေ့။ အပင်အောက်က
ချောက်ထဲမှာဆိုလား၊ နွားကျောင်းသားတွေ တွေ့ခဲ့တယ်တဲ့။ သေမလား၊ ရှင်မလား မသိသေးဘူး။
အေးဟယ်၊ ငါ့လည်း ကြားကြားချင်း နင့်ကိုအပြေးလာခေါ် တာ။ ကဲ... ကဲ ပြောနေကြာပါတယ်ဟာ၊
အခုပဲ တို့အမြန် သွားလိုက်ကြရအောင်'
ဘေးအိမ်မှ အိမ်နီးချင်း
ဒေါ်မယ်နှစ်က မြို့အစွန်တောစပ်မှာ ထင်းခွေရင်း ကြားလာရတာမို့ အမောတကော ဖြင့် လာပြောခြင်းဖြစ်၏။
ဒေါ်ဘွားရှင်ခမျာ
ထမင်းရည်ငှဲ့ရင်းတန်းလန်းမှ
'အမယ်လေး မယ်နှစ်ရာ
လုပ်... လုပ်ကြပါဦးဟဲ့။ ကျုပ်... ကျုပ်သား အသက် မှရှိသေးရဲ့လားဟင်။ မယ်နှစ်ရယ်
ကျုပ်... ကျုပ်သားကို ကယ်ပါဦးတော့်။ ဟင်... ကံဆိုးလှချည့်လား သားရယ်'
ဒေါ်ဘွားရှင်တစ်ယောက်
ရင်ဘတ်စည်တီး ငိုကြီးချက်မဖြင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ အရူး တစ်ယောက်လို
လက်နှီးစုတ် တကိုင်ကိုင်နှင့် ဗျာပွေနေတော့၏။
'ဟဲ့ ဘွားရှင်
စိတ်ထိန်းထားပါဦး၊ နင်ငိုနေလို့ ပြီးမတဲ့လား။ လောလောဆယ် နင့်သားအခြေအနေ ဘယ်လို
ရှိမှန်းမှ မသိတာ။ လာ အမြန်သွားကြမယ်'
ဒေါ်မယ်နှစ်က
ပြောလည်းပြော၊ ဆွဲလည်းဆွဲဖြင့် ဒေါ်ဘွားရှင်အား အပါခေါ် ရင်း အပြေးတစ်ပိုင်းဖြင့်
အခင်းဖြစ်ရာသို့ အသော့နှင်လိုက်ကြ၏။
ပေသီး ပြုတ်ကျသည့်
ချောက်ကမ်းပါးထိပ် သရက်ပင်အောက် ရောက်တော့ မတ်တတ်ရပ်အနေမျိုးဖြင့် ကတုန်
ကယင်ဖြစ်နေရှာသည့် သမီးလတ်ဖြစ်သူ ညိုမအား မျက်ရည်တွေတွေစီးလျက် မြင်လိုက်ရသည်။
'ဘယ်... ဘယ်လိုဖြစ်တာလဲ
သမီးရယ်၊ အမေ့ကို အမြန်ပြောစမ်းပါဦး၊ ငါ့နှယ် ရင်တုန်ပန်းတုန်ဖြစ်လိုက်တာ'
ဒေါ်ဘွားရှင်ခမျာ ငိုသံ
ပါကြီးဖြင့် ကြောင်ငေးငေး ဖြစ်နေရှာသည့် သမီးဖြစ်သူအား ကိုင်လှုပ်ရင်း အလောတကြီး မေးလိုက်ရသည်။
ညိုမအဖို့ မျက်ဝါးထင်ထင်
မြင်လိုက်ရသည့် တုန်လှုပ်စဖွယ် မြင်ကွင်းကြောင့် အကြောက် မပြေသေးဟန်ဖြင့်
'ဟို... ဟိုအမေရယ်၊
သ... သမီး သရက်သီးမှည့် စားချင်တယ်ဆိုလို့ ကိုကိုကလေ... ဟင့်... ဟင့်...
ညီမလေးစားချင်ရင် ကိုကို တက်ခူးပေးမှာပေါ့ဆိုပြီး ပြောပြောဆိုဆိုနဲ့ သ...သရက်
ပင်ပေါ်တက်သွားပါရော၊ အဲ... အဲဒါ...'
ညိုမသည် ပြောရင်း
မတ်တတ် ရင်ထဲဆို့ကျပ်လာသည်နှင့် သူ့စကားကို မဆက်နိုင်ရှာတော့။ တရှိုက်ရှိုက်သာ
ငိုနေရှာပြီ။ မိခင်ကြီးကို အားကိုးတကြီး ဖက်ထားရင်း စကားမေးမရ ရှိုက်ကြီးတငင်
ငိုချလိုက်လေ၏။ သို့ဖြင့် ဒေါ်ဘွားရှင်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင်
မသိနိုင်ဘဲ
'ဟင်... ဒါဆိုရင် ငါ့
သား... သား ပေသီး အခု ဘယ်မှာလဲ။ ရှာ... ရှာပေး ကြစမ်းပါဦး။ သစ်ပင်အောက်က
ချောက်ထဲမှာလား။ ငါ... ငါ အခုပဲ ဆင်းရှာမယ်'
ဟစ်ငိုလျက်ဖြင့် ခုပင်
ချောက်ကြီးထဲ ခုန်ဆင်းတော့မယောင် စိတ်နှင့်ကိုယ် မကပ်ချေ၍ ဒေါ်မယ်နှစ်မှာလည်း
အားကုန် ဆွဲထားလိုက်ရသည်။
သည်သို့ဖြင့်
ဆောက်တည်ရာမရသည့်အဆုံး၊ ချောက်နက်နက်ထဲသို့ အတင်းပင် ငုံ့ကြည့်လိုက်မိ၏။
အပေါ်စီးမှ
မြင်လိုက်ရသည့် သရက်ပင်အောက်က ချောက်ထဲမှာတော့ အသက်ဝိညာဉ်ကင်းမဲ့စွာ သွေးသံရဲရဲ
နှင့် ခွေခွေကလေးလဲနေရှာသည့် ပေသီး၏ ရုပ်အလောင်း ခန္ဓာကိုယ်။
ရုပ်ပျက်ဆင်းပျက်
မမြင်ရက်စရာ ပေသီးအဖြစ်ဆိုးကို ကြည့်ပြီး ဒေါ်ဘွားရှင် တစ်ယောက်
'အောင်မယ်လေး
အဖြစ်ဆိုးလိုက်တဲ့ ငါ့သားရယ်'
ဟု တစ်ချက်မျှ
ဟစ်ငိုရင်း မေ့လဲကျသွားရရှာ၏။
မကြာမီအချိန်အတွင်းမှာပင်
အားချင်းရောက်လာကြသည့် နွားကျောင်းသားများ၊ ရပ်ကွက်နေ လူငယ်များ၏ အကူအညီဖြင့်
ပေသီး အလောင်းကို ချောက်ကမ်းပါးကြားမှ ပင်ပန်းခက်ခဲစွာ သယ်ယူလိုက်ကြ၏။
သားဇောဖြင့်
မေ့မြောနေသည့် ဒေါ်ဘွားရှင်အား ပွေ့ယူခြင်း၊ ပေသီးအလောင်းနှင့်အတူ လှည်းပေါ်တင်ပေး
ခြင်းဖြင့် မှောင်စပျိုးချိန်ဝယ် အိမ်အရောက် ပို့ပေးနိုင်ကြသည်။
သည်သို့ဖြင့်
ကျောမွဲလူတန်းစား ဆင်းရဲသား မိသားတစ်စု၏ မပီဝိုးတဝါး ပုံရိပ်တစ်လွှာသည်
ရပ်ကွက်အတွင်း ကြေကွဲခြင်းတို့ကို ဆောင်ယူကာ အရုပ်ဆိုး အကျည်းတန်စေခဲ့သည်။
ပေသီးဖခင် ဦးချစ်ရင်သည်
အိမ်ရှေ့သို့ အသုဘလှည်း ဆိုက်ဆိုက်ချင်းမှာပင် အိပ်နေရာမှ ကယောင်ကတမ်း ထ,လိုက်မိသည်။
သူသည် မရှိရှာတော့သည့်
လက်တစ်ဖက်ဖြင့် ဝါးကြမ်းခင်းကို သတိလက်လွတ် ထောက်လိုက်မိသလို ထိုလက်တစ်ဖက်လိုပင်
ငုံးတိ ပြတ်နေသည့် ခြေထောက်ဖြင့်လည်း ထောက်မိပြန်သဖြင့် တစ်ကိုယ်လုံး ချာချာလည်
သွားရရှာ၏။
အထောက်အမှီကင်းသည့်
အဖြစ်ကြောင့် လေထဲ တစ်ပတ်လည်ကာ ဗိုင်းခနဲ လဲကျတော့၏။
သူ့ခမျာ
ကုန်လွန်ခဲ့သည့် နှစ်က ကျောက်ထု၊ ကျောက်ခွဲ၊ ကျောက်မိုင်းဆွဲ သမားအဖြစ်
မြို့အပြင်ဘက် ရွာတောင်ခြေမှာ ကျောက်မိုင်းခွဲရင်း အခုလို ခြေတစ်ဖက်၊ လက်တစ်ဖက်
ဆုံးရှုံးသွားရခြင်းဖြစ်သည်။
ပေသီး သရက်ပင်ပေါ် က
ပြုတ်ကျသည့်သတင်း ကြားရသဖြင့် ဒုက္ခိတ ပျားတုပ်သည့်ပမာ သူ့ခမျာ ရင်နှင့်အမျှ
ဆို့နင့်ကြေကွဲလိုက်ရပြီ။
'သြော်... ငါ့သား
ပေသီးတစ်ယောက် ငါတို့မိသားစုကို ရှာဖွေကျွေးရင်း ရေတိမ်နစ်သွားရရှာပေါ့ သားရယ်'
ဦးချစ်ရင်သည် ထို အဖြစ်ဆိုးတို့နှင့်
ယှဉ်လျက် အတိတ်ဟောင်းကို တနုံ့နုံ့ တွေးရင်း မျက်ရည်တွေတွေ စီးသက်ရလေ၏။
□
၂။
ဤအဖြစ်တို့ ဖြစ်ပျက်သွားချိန်တွင်
ပေသီးမှာ အသက် ၁၅ နှစ်မျှသာ ရှိပါသေးသည်။ အထက်အောက် ဖြစ်သူ ညိုမကတော့
အလွန်ဆုံးရှိမှ ၁ဝ နှစ်၊ ၁၁ နှစ် လောက်သာ ရှိပါဦးမည်။
အငယ်ဆုံးဟု ဆိုရမည့်
ညိုမအောက် ပူစူးမကတော့ ၆ နှစ်ကျော် ၇ နှစ်သမီးမျှသာတည်း။
ကျောင်းနေလို့
ကောင်းတုန်းအချိန်မှာ ဖခင်ကြီး ဦးချစ်ရင် ကျောက်မိုင်းအခွဲကောင်း၍ မတော်တဆ
ထိခိုက်မှု ဖြစ်သွားရသည်။ မိသားစုအဖို့မူ မသေကောင်း မပျောက်ကောင်းဟု တရားနှင့်သာ
ဖြေသိမ့်လိုက်ကြသည်။
မိုင်းဒဏ်သင့်၍ ခြေ၊
လက်တစ်ဖက်စီ ဆုံးရှုံးလိုက်ရသည့် နောက်ဝယ် ဦးချစ်ရင် တစ်ယောက် ဒုက္ခိတဘဝ အဖြစ်သို့
လုံးလုံးခံယူလိုက်ရသည်။ သြော်... ပေသီးတို့ မိသားစု မြင်းမိုရ်တောင်ကြီး
လဲပြိုသွားရှာပါပကော။
'သံတိုသံစတွေ ဝယ်တယ်၊
ပလတ်စတစ်ဘူးခွံတွေ ဝယ်တယ်။ သံတွေ ပလတ်စတစ်တွေကို ပဲလှော်နဲ့ လဲပါတယ် ခင်ဗျ'
ထိုအသံတို့သည်ကား
ဖခင်ကြီး ဒုက္ခိတဘဝ ရောက်ပြီးသည်၏နောက် နိစ္စဓူဝ ရပ်ကွက်ထဲ ကြားနေရတတ်သည့် ပေသီး၏
အသံများပေတည်း။ ထိုသည့်နောက်ဝယ် ပေသီးသည် အရပ်တကာ၊ လမ်းတကာ လှည့်လည်ရင်း
ကြုံရာကျပန်းအလုပ်ဖြင့် မိသားစုတစ်ခုလုံး၏ စားဝတ်နေရေး ပြဿနာများအတွက်
ပခုံးပြောင်း တာဝန်ယူရရှာ၏။
မိခင်ဖြစ်သူ
ဒေါ်ဘွားရှင်မှာလည်း ပေသီးရှာသည့် ငွေဖြင့် မလောက်ငပေ၍ အဝတ်ငှားလျှော်ရင်း
တစ်ဖက်တစ်လမ်းမှ ဝမ်းမီးကို ငြှိမ်းပေးရှာလေ၏။ တစ်မိသားစုလုံးတွင် ပေသီးအချစ်ဆုံး၊
သံယောဇဉ်အဖြစ်ဆုံးက ညိုမသည်သာ။
အထက်နှင့်အောက်
မောင်နှမဖြစ်လေ၍ သွားအတူ၊ လာအတူ၊ မှိုနုတ်၊ မျှစ်ချိုးဖက်ဆိုတော့ ပိုပြီး
သံယောဇဉ်တို့ နွှယ်ယှက်ခဲ့ရသည်။
သူ့ရင်ထဲမှ ပေသီး ဒဿနက
ညိုမအတွက်ဆိုလျှင် အသက်ပင်သေသေ ပေးဆပ်ဖို့ ဝန်မလေးခဲ့ရှာ။
ဒါတွေကြောင့်လည်း
နေ့ရှိသရွေ့ သူ့အချစ်ဆုံး ညိုမအပေါ်
အရိပ်တကြည့်ကြည့် ရှိခဲ့ရသည်။
မနေ့တစ်နေ့က အဖြစ်တစ်ခုကို
ကြည့်လျှင် သိနိုင်ပါသည်။ ထိုနေ့က ညိုမနှင့် သူငယ်ချင်းတစ်စု မိမိအိမ်ဝိုင်း ထဲမှာ
ပုဆိုးစုတ်၊ ထဘီစုတ် တို့ကို ကာရံပြီး ကန့်လန့်ကာလုပ်ကာ ဇာတ်ကတမ်း ကစားနေကြစဉ်၊
ရွာရိုးကိုး ပေါက်လျှောက်ရင်း သံတို သံစ၊ ဘူးခွံပုလင်းခွံတို့ လိုက်ဝယ်ပြီး အပြန်၊
ခြေတိုမတတ် လမ်းတကာလျှောက်ပြီး မောပန်းလာသည်နှင့် မလှမ်းမကမ်းက ကွပ်ပျစ်ပေါ်
ခြေပစ်လက်ပစ် အနားယူနေစဉ်ဖြစ်၏။
ထိုစဉ် ညိုမက
'ဟဲ့ အေးမူ၊
နင့်ဆွဲကြိုး ငါ့ခဏငှားစမ်း၊ ဟိုအငြိမ့်ထဲက မင်းသမီးလို တစ်ချီတစ်မောင်းလောက် က,
လိုက်ချင်လို့ပါဟယ်။ နင့်ဆွဲ ကြိုးနဲ့ဆို ငါနဲ့လိုက်မှာ သေချာတယ်'
သို့ဆိုကာ
ဆွဲကြိုးတန်းလန်းချလျက် ဟန်တစ်လုံး ပန်တစ်လုံးဖြင့် က,နေသည့်
သက်တူရွယ်တူ အေးမူထံမှ ဘော်ဆွဲကြိုးကို ငှားဖို့ လက်ကမ်းမိလိုက်၏။
'အို...
ဘာကိစ္စငှားပေးရမှာလဲ၊ နင့်ရှိ နင်ဆွဲပေါ့။ ဒါ ငါ့အဖေ ပွဲဈေးက ငါးရာ ကြီးများတောင်
ပေးပြီးဝယ်ခဲ့ ပေးတာဟ။ ပြတ်သွားရင် ငါ့ကို ရိုက်မှာပေါ့'
'ခဏလေးပါဟာ။
မပြတ်စေရဘူး၊ တရိုတသေ ငါဆွဲပါ့မယ်နော်။ ငါလေ ဆွဲဖူးတယ်ရှိအောင် ခဏဖြစ်ဖြစ်
ဆွဲကြည့်ချင်လို့ပါဟယ်'
သူငယ်ချင်းမ အေးမူက
ဘယ်လိုမှပြောမရသည့်အဆုံး မပေးချင်ပေးချင်နှင့် မျက်နှာကြီးစူပုပ်ကာ ဆောင့်ကြီးအောင့်ကြီး
ချွတ်ပေး လိုက်တော့၏။
ဒါကိုပင်
အလိုက်ကန်းဆိုးမသိရှာသည့် ညိုမက ဆတ်ခနဲဆွဲယူပြီး လည်ပင်းတွင်စွပ်လျက် ကွေးနေအောင်
က,လိုက်ရှာသေး။
ရွှေကိုမဆိုထားဘိ
ဘော်ဆွဲကြိုးလေးတောင် တူတူ တန်တန် မဆွဲရရှာသည့် ညိုမ။
ဘယ်တုန်းကမှ အစ်ကို
ဖြစ်သူအပေါ် မပူဆာရက်သည့် ညီမလေး ညိုမဖြစ်အင်ကိုကြည့်ရင်း ပေသီးတစ်ယောက်
မျက်ရည်များကျ၊ ဆို့နင့်ခဲ့ရသည်။
သူ့ကိုယ်သူတောင်
သနားရကောင်းမှန်း မသိရှာဘဲ အပူအပင်ကင်းစွာ က,ကြိုး ဆင်နေသည့်
ညိုမကြောင့်ပေလားမသိ၊ အပယ်ခံ ကျောမွဲဘဝ၏ ဒဏ်ရာဒဏ်ချက်တို့အပေါ် ပေသီးသည်
နင့်သီးစွာ ခံစားမိခဲ့ပြီ။
နောက်တစ်နေ့မှာတော့
ပေသီးသည် သံတိုသံစနှင့် ပလတ်စတစ်ဘူးခွံများ ရောင်းရငွေထဲမှဖဲ့ပြီး ညိုမ
လိုချင်ရှာသည့် ဘော်ဆွဲကြိုးတစ်ကုံးကို ဝယ်ပေးဖြစ်လိုက်သည်။
ဖခင်ကြီး ဒုက္ခိတဘဝ
မရောက်ခင်ကဆိုလျှင် ပေသီးမှာ လူလူသူသူ ကျောင်းနေခဲ့ရပါသေးသည်။ ခုနစ်တန်း
နှစ်ရောက်တော့ ကျူရှင်တက်ဖို့ လိုလာချေပြီ။ သို့ဖြင့် အမိ ဖြစ်သူသည် သူ့သား
ကျူရှင်တက်ဖို့အရေး ကျူရှင်ဆရာမ ဒေါ်ထားထားထံ ခခယယဖြင့် ကျူရှင်အပ်လိုက်ရသည်။
'ဆရာမရယ်... ကျွန်မ
တို့က စီးပွားရေးမပြေလည်လွန်းလို့ ဆရာမတို့က လခ ငါးထောင်ယူတာ ကျွန်မသားကို
သုံးထောင်နဲ့ ထားပေးပါနော်'
တောင်းတောင်းပန်ပန်
မျက်နှာအောက်ကျခံပြီး မဝံ့မရဲ ဈေးဆစ်ခဲ့ရသည်။
တစ်နေ့မှာတော့ ပေသီးသည်
ကျူရှင်တက်နေရာမှ ဒေါနှင့်မောနှင့်
အိမ်သို့ ပေါက်ချလာသည်။
ဟင်းချိုချက်ရန်
ချဉ်ပေါင်ရွက်သင်နေသည့် မိခင်ကြီးရှေ့ ကျောင်းလွယ်အိတ်ကို ပစ်ချပြီး
'အမေ သား ကျူရှင်
မတက်ချင်တော့ဘူး'
ဆိုင်းမဆင့် ဗုံမဆင့်
အမေ့ကို ပြောချလိုက်၏။
'ဟင်... ဘာ...ဘာ
ဖြစ်လို့လဲ သားရယ်၊ ဆရာမကိုတောင် တောင်းတောင်းပန်ပန်နဲ့ အမေ အပ်ထားပြီးမှပဲ'
'အဲဒါကြောင့်
ပြောတာပေါ့ အမေရယ်။ သူများလို ထိုက်ထိုက်တန်တန် မပေးနိုင်တော့ ဆရာမက သားကို
အထင်တသေးနဲ့ နှိမ်ပြီပေါ့ဗျာ။ ဟင်း... အကြောင်းပြချက်တွေက စုံတကာစေ့နေတာပဲ။
ကျူရှင်တက်တာ အချိန်မမှန်ဘူး၊ နင့်အဝတ်အစားက စုတ်စုတ်ပြတ်ပြတ်နဲ့
ချေးစော်နံတယ်လေး၊ ညစ်ပတ်တယ်လေးဆိုပြီး တခြား ကျောင်းသားတွေနဲ့ ခွဲထိုင်ခိုင်းတယ်လေ။ ကျူရှင်တက်တဲ့
ကျောင်းသားကျောင်းသူတွေရှေ့မှာ ပြောတာဆိုတော့ ကျွန်တော် ရှက်တယ် အမေ။
သူငယ်ချင်းတွေက အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်တာ သား မခံစားနိုင်တော့ဘူး ဟီး...
ဟီး'
ပေသီးမှာ သူ့အမေကို
ရင်ဖွင့်ပြရင်း တဟီးဟီးဖြင့် ရှိုက်ကြီးတငင် ငိုလေ၏။
အမေ့ခမျာ ဘယ်လို
ချော့ချော့၊ ဘယ်သို့ ဖျောင်းဖျ ဖျောင်းဖျ မရတော့ချေ။ ထိုအချိန်မှစ၍ ပေသီးလည်း
ကျူရှင်ဆိုသည့် အသိုင်းအဝိုင်းနှင့် ဝေးခဲ့ရပြီ။
'သြော်... တို့တစ်တွေ
ဘဝက အနုပ်စုတ် ကုပ်စုတ် ဆိုတော့ မရှိခိုးနိုး မလှစုန်းယိုး ဆိုသလို ဖြစ်နေပါပကော
လား'
မချိတင်ကဲစိတ်ဖြင့်
ဒေါ်ဘွားရှင် ရင်နင့်တေးသီ လိုက်မိတော့၏။
ဦးချစ်ရင်
ဒုက္ခိတဘဝဖြင့် အိပ်ရာထဲ ဗုန်းဗုန်းလဲ ချိန်မှာတော့ ကျူရှင်မဆိုထားနှင့်၊
အတန်းကျောင်းနားသို့ ပင်ပေသီးခမျာ မသီနိုင်၊ မကပ်နိုင်ရှာတော့။
မိခင်ဖြစ်သူ
အဝတ်လျှော်သည်မ ဖြစ်နေပေ၍ ညိုမတစ်ယောက်မှာလည်း ဘဝ၏ အထုအထောင်းဒဏ် မှ
မလွတ်နိုင်ရှာချေ။
အစ်ကိုဖြစ်သူက
အမှိုက်ပုံကြားမှ သံတိုသံစကောက်ရောင်းသမား၊ မိခင်ဖြစ်သူက နိစ္စဓူဝ
ဖင်ဂျွတ်တက်လောက်အောင် အဝတ်လျှော်နေရသူ။
မသင်းထုံ မမွှေးပျံ့
သည့် အနှီသို့သော ဂုဏ်ပုဒ်တွေကြောင့် ညိုမခမျာ သူငယ်ချင်းမတွေကြားမှာ အထင်သေး
အမြင်သေးခံရပါသေးသည်။ နှာခေါင်းရှုံ့ချင် စရာဖြစ်ခဲ့ရသည်။
ညိုမတစ်ယောက် ထမင်းစား ကျောင်းဆင်းလာသည့်နေ့က
ဖြစ်၏။ ထိုစဉ်က တိုက်တိုက်ဆိုင်ဆိုင်လို့ ဆိုရ ပါမည်။ ပေသီလည်း သံတို
သံစတိုကောက်ပြီး ထမင်းပြန်စားချိန်နှင့် တန်းတန်းမတ်မတ်တိုးနေလေ၏။ ထိုအချိန်မှာမှ
ထမင်းပန်းကန်ရှေ့ချရင်း မစားနိုင်မသောက်နိုင် တရှုပ်ရှုပ်ငိုနေရှာသည့် ညိုမကို
စိတ်မသက်မသာ တွေ့ လိုက်ရသည်။
'ဟင်... ညိုမ ငိုနေတယ်၊
ဘာလို့ငိုနေတာလဲ ညီမလေးရယ်။ ဘယ်သူတွေ ငါ့ညီမကို စော်ကားလိုက်လဲ ပြောစမ်း၊
ကိုကို့ကို ပြောစမ်း'
ထိုင်၍မျှ ဖင်မနွေးခင်
ညိုမဖြစ်အင်ကိုကြည့်ပြီး ပူပန်စွာ မေးလိုက်မိသည်။ ပြီးတော့ ပါးပြင်ပေါ်
တလိမ့်လိမ့် စီးကျနေသည့် ညိုမ၏ မျက်ရည်တို့ကို သူ့လက်ဖမိုး နှစ်ဖက်ဖြင့်
ကြင်ကြင်နာနာ ဖယ်ရှားပြီး စေ့စေ့ကြည့်မိတော့၏။
'အဟင့်ဟင့်...
သူငယ်ချင်းတွေက ညိုမကို ဝိုင်းလှောင်ကြတယ် ကိုကို၊ ညီမလေးဝတ်လာခဲ့တဲ့ အင်္ကျီကိုကြည့်ပြီးတော့ပေါ့။
နင့်အမေ အငှားလျှော်ထားတဲ့ အဝတ်ပုံထဲက ယူဝတ်လာတာလား၊ ရေဘေးထည် လားတဲ့။
အဲလိုပြောပြီးတော့ ဝိုင်းဟားကြတယ်။ ညိုမ ရှက်တယ်ကိုကို။ ကိုကိုဝယ်ပေးတဲ့အင်္ကျီ ညီမလေး
ယူဝတ်သွားတာကို ခုလို စွပ်စွပ်စွဲစွဲ လှောင်ကြတယ်လေ။ ဟင်း... ဟင်း ညီမလေး
ကျောင်းတောင်တက်ချင်စိတ် မရှိတော့ဘူး ကိုကို'
ကြားလိုက်ရသည့်
စကားကြောင့် ပေသီးသည် ထောင်းခနဲ ဒေါသတို့ လောင်မြိုက်ပေါက်ကွဲရလေပြီတကား။
ငါ့ညီမလေး လှတပတ ဝတ်ပါစေတော့ဆိုပြီး မိမိချွေးနှဲစာဖြင့် ဝယ်လာသည့် ရေဘေးထည်အင်္ကျီလေးကို
ကြည့်ပြီး ပေသီး တက်ခေါက်မိပြန်ပြီ။
ကျောမွဲတို့ရဲ့
မျက်ရည်စက်နဲ့ တက်ခေါက်သံလား ပေသီးရယ်။
'တောက်...
ရိုင်းလိုက်တဲ့လောကဓံ... လူတွေဟာ စာနာငဲ့ညှာစိတ်ကို
မရှိကြဘူး။ ကိုယ်လည်း မကူညီနိုင်ဘဲနဲ့ မလှစုန်းယိုး ဆိုသလို ဆင်းရဲနုံချာလွန်းတဲ့
တို့မောင်နှမအပေါ် မြေနိမ့်ရာ လှံစိုက်ချင်လိုက်ကြတာ။ ဟင်း... အထင်သေးလိုက်ကြတာ။
ကဲ... ငါ့ညီမ ဘယ်သူတွေ ဘယ်လိုထင်ထင် သောက်ဂရု စိုက်မနေနဲ့။ ထမင်းကိုတော့ ဝင်အောင်စားသွား၊
ပြီးတာနဲ့ ကျောင်းသွားတော့'
'ဟုတ်... အဟင့်ဟင့်'
ပေသီးသည် ညီမဖြစ်သူကို
ချော့မော့ပြီး မိမိလက်ကျ လွယ်အိတ်တစ်ပတ်နွမ်းလေးကို လွယ်လျက် ကျောင်းသို့
ထွက်သွားသည့် ညိုမကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ပြီးတော့ ဘာကို ဘယ်လို၊
ဘယ်သူ့ကို စိတ်ဆိုးအပြစ်ပုံချရမှန်း မသိနိုင်သည့် ဒေါသစိတ်ဖြင့် အနီးရှိ
ဖလားခွက်စုတ်တစ်လုံးအား အဓိပ္ပာယ်မဲ့ ကန်ကျောက်ပစ်လိုက်သည်။ ထို့နောက် ဆာလာအိတ်(မြွေရေခွံအိတ်)ကို
ဆွဲလျက် ပလတ်စတစ်ဘူးခွံ နှင့် သံတိုသံစတို့ကိုကောက်ရန် မြို့ပြင်
အမှိုက်ပုံရှိရာသို့ ခြေလှမ်းကျဲကြီးဖြင့် ထွက်သွားလေ၏။
တစ်ခါကလည်း ရင်နင့်စရာ
အဖြစ်တစ်ခုနှင့် ကြုံလိုက်ရပါသေးသည်။
မုန့်ဖိုးအပြည့်ရမသွားရှာသည့်
ညိုမထံ သည်နေ့ရောင်းရငွေဖြင့် မုန့်ဖိုးပေးဖို့ အသွား
ကျောင်းမုန့်ဆိုင်တစ်ဆိုင်ရှေ့မှာ မယောင်မလည် မုန့်ရွေးနေသည့် ညိုမနှင့်
ပက်ပင်းတွေ့လိုက်ရ၏။
'ကဲ... အမိ ယူမှာဖြင့်
မြန်မြန်ယူ၊ ရွေးလိုက်ပြန်ချလိုက်နဲ့ ငါ့မုန့်တွေ ကြေကုန်တော့မှာပဲ၊ အံ့ပါရဲ့တော်၊
ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်း ကိုင်ရတယ်လို့။ ဒါ ငါးဆယ်တန်မဟုတ်ဘူး။ တစ်ရာတန်...
တစ်ရာတန်ဟဲ့။ နင့် ငွေငါးဆယ်နဲ့ ဘာသွားသုံးရမှာလဲ။ အမယ်လေး...လေး၊ ဒီလိုမုန့်မျိုး
မြင်တောင်မြင်ဖူးရဲ့လား မသိပါဘူးအေ'
ကျောင်းဈေးသည်မ ၏ စွာစေ့လန်အောင် ဖိပြောခံရ နေရသည့် စကားသံများ၊
မုန့်ဆိုင်ရှေ့တွင် သနားကမားရပ်ရင်း ငါးဆယ်တန်အနွမ်းလေးကို ဆုပ်ကိုင်ထားလျက်
မျက်ရည်ပေါက်ပေါက်ကျနေသည့် ညိုမ။ သည်အဖြစ်တို့ကို ဒက်ထိ မြင်မိလိုက်သည့် ပေသီး။
စူးနင့်ခါးသီးသည့်
ဝေဒနာတစ်ရပ်အား နင့်ခနဲ ခံစားသွားရသည်။
'လာ... ညီမလေး၊
ဒီလောက်အပေါက်ဆိုးတဲ့ဆိုင်မှာ ဝယ်မနေနဲ့တော့။ ကိုကို့မှာ ပိုက်ဆံအများကြီးပါတယ်။
ဘယ်ဆိုင်မဆို ပါးရိုက်ပြီး ဝယ်စားလို့ရတယ်။ လာ... သွားမယ်'
နာလိုခံခက်သည့်
ပေါက်ကွဲသံစဉ်နှင့်အတူ ကျောင်းဈေးသည်မကြီးရှေ့ ပိုက်ဆံပါသည့် အိတ်ထောင်ကို ပုတ်ပြရင်း
ညိုမလက်ကို ဆောင့်ဆွဲပြီး ခေါ်ထုတ်ခဲ့လေတော့၏။
ဤသို့ဖြင့် မိသားစု
ဒုက္ခသံသရာတွင် ကျင်လည် ရုန်းကန်ရင်းဖြင့် ၁၅ နှစ်သားအရွယ် မောင်ပေသီးသည်
ကျားနာတစ်ကောင်အလား ညိုမအတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့၏။
တစ်ဖက်ကလည်း စည်းတစ်ဖက်ခြား
လူတန်းစားတို့ အပယ်ခံဘဝတစ်ခုအတွက် ကြုံရကျပန်းအလုပ် မှန်သမျှ ဈာန်မရွေးလေခဲ့။
ကျောင်းသားဘဝတုန်းကနှင့် လားလားမျှမသက်ဆိုင်သည့် သစ်ထမ်းသမားဘဝ၊ သံတို သံစနှင့်
ဘူးခွံ၊ ပုလင်းခွံများ ကောက်ရင်း ရောင်းစားသည့်ဘဝ။
တစ်ခါတလေတော့လည်း
မြင်းလှည်းအငှားမောင်းသမားဘဝ စသည့် ဘဝအထွေထွေဖြင့် မိသားစု ဘဝ ဝမ်းစာရေးအတွက်
ကောင်းရောင်းကောင်းဝယ် ဖြည့်ဆည်းပေးနေရှာ၏။
ရာသီစာသီးနှံပေါ်ချိန်မှာတော့
မိန်းမသေ(ခေါ်) ဘေးမဲ့တောင်တစ်လျှောက်၊ ထိုမှလွန်သော် အမှတ် ၆ တောင်နှင့်
လွယ်ကြန့်တောင် (ဆင်တောင်)တို့တွင် အလေ့ကျ ပေါက်သည့် ပိန္နဲသီး၊ ထောပတ်သီး၊
သရက်သီး အစရှိသည်တို့ကို တောထဲ တောင်ထဲ ရှာခူးပြီး ဈေးထဲမှာ ဖောက်သည်ပေး၍
အပိုဝင်ငွေ ရှာတတ်ပြန်၏။
ဟော... မိုးဦးကျ
မှိုပေါက်ချိန် မှိုတွေဖွေးဖွေးလှုပ်ပြန်တော့ ပေသီးတစ်ယောက် ပလိုင်းတစ်လုံးနှင့်
တောသို့ ဝင်ပြီ။ မိုးကလေးတဖွဲဖွဲကျ ပြီဆိုသည်နှင့် ပြူတစ်ပြူတစ် ခေါင်းထောင်ထွက်လာတတ်
ကြသည့် ဖက်ဆွတ်မှို၊ မှိုနီစွတ်၊ ဝါဆိုမှို၊ မှိုမွှေးနှင့် ကြက်တူရွေးမှို၊
တောင်ပို့မှိုတို့ကို ရှာနုတ်ပြီး ထမ်းပိုးထမ်း လည်ရောင်းသည့်အလုပ်ကို လည်း
ပေသီးသည် မရှက်မကြောက်လုပ်တတ်နေပြီ။ ခုလို သရက်သီးပင်မှည့်ချိန် ရောက်တော့
မောင်နှမနှစ်ယောက် အတူတူတောလည်ရင်း ညိုမ ပူဆာတတ်လာသည်။
နမ့်လတ်(နမ့်စန်)
ချောင်းရိုးတစ်လျှောက် သစ်သီးဝလံတို့ ရှာခူးရင်း ရေငုပ် လိုဏ်ဂူအနီး
ရောက်လာပြန်တော့ တောင်စောင်းတစ် နေရာမှာ ကပ်ပေါက်နေသည့် သရက်ပင်ပေါ်မော့ကြည့်ရင်း
အစားတစ်လုတ်အတွက် ညိုမ တောင်းဆိုမိလေတော့၏။
'ကိုကို ညီမလေး
သရက်သီးမှည့်စားချင်တယ်။ ကိုကိုကြည့်လိုက်၊ ဟိုးတောင် စောင်းထိပ်က သရက်ပင် ပေါ်မှာ
သရက်သီးတွေရယ်။ အင်း... မှည့်ဝင်းနေတာပဲ။ ညိုမအတွက် တက်ခူးပေးနော်... နော် ကိုကို'
ညိုမ ပူဆာ၍အပြီး
ပေသီးလည်း ညိုမလက်ကို ကိုင်ဆွဲရင်း လက်ညှိုးထိုးပြသည့် သရက်ပင်ရှိရာသို့ နှစ်ယောက်သား
လျှောက်သွားလိုက်ကြသည်။
သရက်ပင်မှာ
အမြင့်ကြီးမဟုတ်လေငြား ချောက်ကမ်းပါးယံပေါ်တွင် တွယ်ကပ်ပေါက်နေသည်မို့
တက်ခူးဝံ့သူရှိဟန်မတူ။ ထို့ကြောင့် အသီးများကလည်း သွားရည်ကျလောက်အောင် မှည့်ဝင်းပြွတ်သိပ်လှပါဘိခြင်း။
ညိုမအတွက်
ခူးပေးချင်ဇောဖြင့် ပေသီးအား လက်ယပ်ခေါ် မြှူဆွယ်နေသည့်နှယ်။
ပေသီးသည်
သရက်ပင်ပေါ်သို့ မော့ကြည့်လျက် တက်ရနိုးနိုးစိတ်ဖြင့် ချီတုံချတုံ ဖြစ်နေသေးသည်။
'ဟယ်... ငါ့အချစ်ဆုံး
ညီမလေးအတွက်ပဲ၊ ဘယ်လို အန္တရာယ်ရှိရှိ မကြောက်ဘူး။ ငါ တက်ခူးပေးတော့မယ်'
အဆုံးတွင်တော့ မိညိုမ
ဆန္ဒပြည့်ရစေမဟဲ့ဟု စိတ်တုံးတုံးချ၊ ခါးတောင်းကို မြှောင်အောင်ကျိုက်၊
ဖုတ်လှိုက်ရင်အစုံဖြင့် ဘုရားလည်း တ၊ 'ဥုံဖွ' ဂါထာ တစ်ပိုဒ်ကို အားကိုးတကြီး ရွတ်ရင်း အနှီ သရက်ပင် ထက်သို့
ကုတ်ကတ်တက်လိုက်သည်။ ဟိုမှာသောင်ကမ်း ချောက်ကမ်းပါးတစ်ဖက်ခြမ်းမှာတော့ ဝင်းမှည့်
တောက်ရွှန်းပေသည့် သရက်သီးမှည့် သုံး၊ လေးလုံးက သူ့ခူးပါ၊ ငါ့ခူးပါဟု ညှို့ယူ
ဖိတ်ခေါ်နေသယောင် လေအသင့်မှာ တလွင့်လွင့်နှင့်ရယ်။
ပေသီးသည် ကြီးပေ့ လှပေ့
အမှည့်ဆုံးတစ်လုံးအား တရှိုက်မက်မက် ဆွတ်ချူရန် ကိုင်းဖျားတစ်ခုဆီသို့
တိုးလျှောက်လျက်၊ ရှေ့တစ်လှမ်းလှမ်းလိုက်သည်။ ဆက်လက်၍ မမီမကမ်းမှာ တွဲလွဲ
ခိုနေသည့် သရက်သီးမှည့် တစ်လုံးအား ခူးဆွတ်ဖို့ ဟန်ပြင်လိုက်၏။ ထိုစဉ် သတိမမူမိဘဲ
အကိုင်းခြောက်ဆွေး တစ်ခုအပေါ် အမှတ်မထင် တက်၍အနင်း ဗိုင်းခနဲ ကျိုးကျသွားသည့်
အကိုင်းခြောက်နှင့်အတူ ချောက်ကမ်းပါးအောက်သို့ ဇောက်ထိုးမိုးမျှော် ကျလေတော့၏။
'အား... အမယ်လေး'
ပေသီး၏
အော်သံနက်ကြီးသည် တောင်ကမ်းပါးယံ တစ်ခွင်လုံးသို့ ချောက်ချားမှု တို့ဖြင့်
တုန်ဟည်းသွားစေ၏။ အော်သံကြောင့် သရက်ပင်ကိုင်းထက် အခိုက်အတန့်မျှ နားခိုကြသည့်
ပျံလွှားငှက်တို့ အလန့်တကြား ထ,ပျံကြကုန်၏။
ချောက်ကမ်းပါး အခြေ၊
ကျောက်စိုင်ကျောက်သားကြားမှာတော့ ဦးခေါင်းဟက်တက် ကွဲကာ အစန့်သားလဲလျောင်း
နေရှာသည့် ပေသီး၏ မနုဿ ရုပ်ခန္ဓာတစ်ခုရယ်။ သို့သော် အသက်နှင့်ခန္ဓာမှာ ဘယ်လိုမှ
တွဲဆက်မရနိုင်တော့သည့် ဝိညာဉ်မဲ့ ရုပ်ကလာပ်မျှသာတည်း။
မည်သို့ဆိုဆို ပေသီး
လက်ထဲမှာတော့ ညီမလေးအတွက် သတိမလွတ်စေဘဲ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားသည့်
သရက်သီးတစ်လုံး။
သြော်... ပေသီးအဖို့
သူမသေမီ ညိုမအပေါ် တွယ်ငြိသည့် သံယောဇဉ်စိတ်ဖြင့် ထိုသရက်သီးတစ်လုံးကို
အဆုံးရှုံးမခံဘဲ လက်ထဲဆုပ် ကိုင်ထားပါလားဟု ကျန်ရစ်သူတို့ တွေးစရာဖြစ်အောင်
ချန်ထားရစ်ခဲ့သည်။
□
၃။
ကနားဖျင်း အရိပ်စင်တစ်ခုက
သေသူပေသီး၏ အိမ်ရှေ့မှာ ခနော်ခနဲ့ မခံ့မညား နေရာယူထားနှင့်ပြီ။
ပေသီးရုပ်အလောင်းကိုလည်း အိမ်ရှေ့ခန်းကျဉ်းထဲရှိ ဘုရားစင်အောက်မှာ
ချေးအထပ်ထပ်ဖြင့် ဘယ်တုန်းကမှ လျှော်ဖွပ်ထားပုံမပေါ်သည့်
ခေါင်းအုံးအဟောင်းတစ်လုံးနှင့် နွမ်းရိနေသည့် စောင်အစုတ် အခင်းတို့ဖြင့် ဖြစ်သလို
နုံချာလှစွာ ခင်းကျင်းထားလျက်။
အောက်တန်းစား ဆင်းရဲသား
လက်လုပ်လက်စားတို့ဘဝ ထုံးဓလေ့အရ တစ်ပတ်နွမ်း ပိတ်ဖြူတစ်ထည်က သွားလေသူ
ပေသီး၏ရုပ်ခန္ဓာပေါ် မလှမပ လွှမ်းခြုံ
ထားလျက်ရှိ၏။
'ငါချမ်းသာသမျှ ဤမျှသာ'
ဟု ဖော်ပြထားလေသည့်နှယ်။
အသုဘအိမ်တို့၏ ဖြစ်မြဲ
အစဉ်အလာအတိုင်း မောင်းကြေးနင်းမခတ်ရဘဲ နားစွင့်နေကြသည့် ဖဲသမား အပေါင်းတို့သည်လည်း
အလျှိုလျှို ရောက်ရှိကြပါပြီ။
'ကဲ... ကဲ ဖဲဝိုင်းစမယ်
အဟဲဟဲ။ အိမ်ရှင်အတွက် အစောင့်လည်းဖြစ်၊ အကောက်လည်းရတာပေါ့။ ဟင်း... ဟင်း၊
တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့ အသုဘနည်းပဲပေါ့ဗျာ'
ဝါရင့်ဖဲသမား မောင်နီက
စကားနှပ်ကြောင်း ပေးလိုက်တာနှင့် ဖဲဝိုင်းဆို အားတက်သရောရှိတတ်ကြသည့် ဖဲအဖွဲ့
ဝိုင်းတော်သားများက နီးရာစောင်စုတ်တစ်ထည်ကို ဆွဲခင်းပြီး
ဖဲဝိုင်းဖြစ်မြောက်ရေးအတွက် အစပျိုးလိုက်ကြ ၏။
ရပ်ရေးရွာရေး ရပ်ကွက်
အရေးတွေမှာ အခရာကျပေ ထသော ရပ်ကွက်လူကြီးကလည်း အားကြိုးမာန်တက် ချီတက်လာတတ်ကြစမြဲ (အထူးသဖြင့်
ခုလို ဖဲဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူးဝိုင်းတွေမှာပေါ့)။
သူကြီးဟု ရပ်ကွက်သူ
ရပ်ကွက်သားတစ်တွေ နှုတ်ကျိုးနေသည့် ရာအိမ်ခေါင်း (ရာအိမ်မှူး) လူကြီး ဦးရဲခေါင်
ကတော့ ဖဲဝိုင်းစ,ပြီး မကြာခင် နောက်တော်ပါ ခြွေရံ
သင်းပင်းများစွာနှင့် ပေါက်ချလာ၏။ မည်ကာမတ္တသူကြီး ဆိုရလောက်အောင် တောသူကြီးတွေလို
နှစ်လုံးပြူး သေနတ်တော့ မရှိရှာ။
သို့သော် ကပ်ပါးရပ်ပါး၊
အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား တပည့်တပန်းများစွာတော့ သူနှင့်မကွာ
ကပ်ပါလာကြသည်။
ဆိုရလျှင် တစ်ခေတ်
တစ်ခါကလို နှစ်လုံးပြူး သေနတ်ပင် မရှိလင့်ကစား ရပ်ကွက်ရန်ပုံငွေ၊ ဧည့်စာရင်း ကြေး၊
ကင်းကြေး၊ သွေးသောက်ကြေး (နာရေးကြေး)၊ အိမ်ခြံမြေအရောင်းအဝယ်
စာချုပ်ကြေးများကိုတော့ ပဉ္စလက်ဆန်ဆန် လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားပြီးဖြစ်၏။
အသုဘတဲကုပ်ရှေ့
ယာယီတဲနန်း (ကနားဖျင်း)ကို ဖြတ်လျက် ယိုင်နဲ့နဲ့ တဲအိမ် အတွင်းသို့ တစ်လှမ်းချင်း
ရာဇဣန္ဒြေဖြင့် တက်လာသည့် ဦးရဲခေါင်သည် မောင်နီတို့ ကစားလက်စ ပိုကာဝိုင်း ဘက်သို့
မှင်မောင်းကောင်း ကောင်းဖြင့် တစ်ချက်မျှ လှမ်းကြည့်ရင်း နှမ်းဖြူးစကား
ဆိုလိုက်သည်။
'အိမ်း...
မင်းတို့ဖဲဝိုင်း လုပ်တာတော့ ဟုတ်ပါပြီ။ အဲ... ဒါပေမဲ့ ဖဲဝိုင်းကရမယ့် မဆိုစလောက်
အကောက်ငွေ လေးနဲ့တော့ ဧည့်ခံကျွေးမွေးဖို့ မလုံလောက်သေးဘူးကွ။ ဒီတော့
ပိုက်ကျူးဝိုင်းဖြစ်မြောက်ဖို့ ငါ စီစဉ်ပေးမယ်'
ရောက်ရောက်ချင်း
ဆောက်နှင့်ထွင်းဆိုသလို ရပ်ကွက်လူကြီး ဦးရဲခေါင်သည် ဘေးဘီသို့ မလုံမလဲကြည့်ရင်း
နိဒါန်းပျိုးလိုက်၏။
အိမ်ထဲ ဘယ်သူတွေ
ရောက်နေသလဲလို့ မကြည့်၍လည်း မဖြစ်ချေ။
သူ့လုပ်ကွက်စားကွက်ကို
ထောက်ပြပြီး အားမနာ လျှာမကျိုး ဝေဖန်တတ်၊ ရှုတ်ချတတ်သည့် ဘွင်းဘွင်းသမား
ဆယ်အိမ်ခေါင်း ဦးလှခင်လိုလူမျိုး ရောက်နေလို့ကတော့ သေပြီဆရာ။ လူကြီးသိက္ခာ
ကျဖို့သာ ပြင်ပေတော့။
'အင်း... တော်ပါ
သေးရဲ့၊ ဒီလူ ရောက်မလာသေးလို့သာပေါ့' အဲဒီလို တွေးပြီး
သက်ပြင်းရှည်ကြီး တစ်ခုကို လူမသိ သူမသိ မျှဉ်းခနဲ ခိုးချလိုက်ရသည်။
သူ့မှာလည်း
လူကြီးသာလုပ်နေရငြား ပိုက်ကျူးသမားပေမို့ ခုလို အခွင့်အရေးရတုန်း ရေလာမြောင်းပေး
လုပ်လိုက်ရခြင်းအတွက် အထူးပင် ကျေနပ်ပီတိဖြစ်နေမိသည်။
တစ်လက်စတည်းမှာပင်...။
'ကဲ... ကဲ အိမ်ရှင်
လင်မယားတို့၊ ဒီဘက် ခဏကြွပါဦး။ အေးလေ... ဖြစ်သွားပြီးမှတော့ ဘာတတ်နိုင်
တော့မလဲဗျာ။ ခင်ဗျားတို့မှာလည်း ကုန်းကောက်စရာမရှိအောင် မွဲပြာကျလွန်းတော့ အဲ...
အကောက်လည်းရ၊ မသာစောင့် သဘောလည်းဖြစ်အောင် ဖဲဝိုင်းတစ်ဝိုင်း ကျုပ်အမိန့်နဲ့
စီစဉ်ပေးပြီးပြီ မဟုတ်လား။ ခု ကျုပ် ဒီလိုစဉ်းစား ထားသေးတယ်။ အသုဘ ဆွမ်းပြင် (ဆွမ်းသွတ်)ဖို့ကိစ္စက
ရှိနေသေးတော့... အင်း... အထင်သေးလို့တော့ မဟုတ် ဘူးနော်။ ခင်ဗျားတို့အနေအထားအရ
တတ်နိုင်မှာ မဟုတ်လောက်ဘူးဆိုတာ ကျုပ် ခန့်မှန်းလို့ရတယ်'
သူကြီး ဦးရဲခေါင်က
သည်သို့ အစချီပြီး ခဏမျှ နားကာ အိမ်ရှင်တို့ တည်ခင်း ဧည့်ခံထားသည့် လက်ဖက်
ရည်ကြမ်းဝိုင်းမှ ရေနွေးကြမ်း တစ်ခွက်ကို ပက်ခနဲ ကောက်မော့လိုက်သည်။
နောက်ဆက်တွဲ
ပစ်သွင်းတော့မည့်စကားတစ်ခွန်း အတွက် စဉ်းစားခန်းထုတ်ရင်း စကားအရှိန် ယူနေဟန်ရှိ၏။
'အဲ...ဒီတော့
ဆွမ်းသွတ်ဖို့အတွက် ကျုပ်... ကျုပ်ငွေစိုက်ထုတ်ပေးမယ်။ အကူငွေရတဲ့အပေါ် မူတည်ပြီး
ရှုံးရင် ကျုပ်ခံမယ်၊ ကုန်ကျငွေကို နုတ်ပြီး ငွေပိုငွေလျှံ ထွက်လာရင်တော့... အဲ...
ဘယ်လိုပြောရမလဲ။ အဲဒီငွေ ကျုပ်နဲ့ဆိုင်တယ် မဟုတ်လား။ ဟိုလေ... ရှင်းရှင်း ပြောရရင်
ပိုတဲ့ငွေ ကျုပ်ငွေပေါ့ဗျာ၊ ဟဲ... ဟဲ။ ခင်ဗျားတို့လည်း ခေါင်းမရှုပ်ရတော့ဘူးပေါ့။
ကဲ... ဘယ်လိုလဲ သဘောတူရဲ့နော်'
သူကြီးက
သူ့မဟာစီမံကိန်းကြီးကို အားတက်သရောပါပဲ။ ကွမ်းတမြုံ့မြုံ့ဖြင့် ထွေးခံထဲ
ကွမ်းသွေးတို့ကို တဗျစ်ဗျစ်ထွေးရင်း တာပေါင်ကျိုးသည့်အလား မနားတမ်းရှင်း
ပြနေတော့၏။ သူ့မျက်နှာထားကိုလည်း အိမ်ရှင်ဖြစ်သူတို့ကို လွန်စွာသနားငဲ့ညှာဟန်
အသွင်ကို သဏ္ဌာန်ယူလျက် ဣန္ဒြေဆောင်နေပေ၏။
'သြော်... မွဲလိုက်တဲ့
ဘဝ၊ ကိုယ့်သားအရင်း ခေါက်ခေါက်ကိုတောင် ကိုယ့်ငွေနဲ့ ကောင်းကောင်းသပိတ် ဆွမ်းသွတ်
လုပ်မပေးနိုင်ပါလား' ဟု ကိုချစ်ရင်မှာ ရင်တွင်းဗလောင်ဆူလျက်
ဆို့နင့် နာကြည်းစွာ တွေးနေမိမှာ အမှန်။
အမှန်တကယ်
ပြောဖြစ်လိုက်သည့် နှုတ်ထွက်စကား များကတော့
'သူကြီး ကောင်းသလို
စီစဉ်ပါ။ ကျွန်တော်တို့ လင်မယားမှာလည်း သားအတွက်နဲ့ ခေါင်းမီးတောက်နေကြလို့
ဘာဆိုဘာမှ မစီစဉ်တတ်တော့ပါဘူးဗျာ။ ဒီကိစ္စဖြစ်မြောက်သွားရင်ပဲ စိတ်အေးရပါပြီ။
သားတစ်ယောက်လုံး သေမှတော့ အကောက်ရတဲ့ ငွေတွေနဲ့ ဆွမ်းပြင်တဲ့နေ့မှာ
ရမယ့်အကူငွေတွေကိုလည်း မျှော်ကိုးမနေတော့ပါဘူး'
ဦးချစ်ရင်
ပြောလိုက်သည့် နောက်ဆုံးပိတ်စကားကြောင့် သူကြီး ဦးရဲခေါင် မျက်နှာ ကွက်ခနဲပျက်သွား
သည်။
'ကဲ... ဒီလိုဆိုလည်း
ပြီးတာပဲ၊ အားလုံးကြားကြတဲ့ အတိုင်းပဲနော်။ အဲ... အကောက်ရတဲ့ငွေကတော့
ခင်ဗျားတို့နဲ့ပဲ ဆိုင်တော့ ခင်ဗျားတို့ပဲ ယူပါ။ အဲဒီအထဲ က နာရေးသတင်း မေးလာကြတဲ့
ဧည့်သည်တွေ၊ ဖဲသမား၊ ပိုက်ကျူးသမားတွေကို ဧည့်ခံဖို့ လက်ဖက်၊ ပဲခြမ်း၊ ရေနွေးကြမ်း၊
ဆေးပေါ့လိပ်၊ ကွမ်းယာကအစ ဝယ်ဖို့ခြမ်းဖို့ ထုတ်သုံးပေါ့ဗျာ။ အဲ... ပြီးတော့
ရှိသေးတယ်။ ရပ်နီးရပ်ဝေးက လာတဲ့ ဆွေမျိုးသားချင်း ဧည့်သည်စောင်သည်တွေကို
ထမင်းတို့ဘာတို့ ကျွေးမွေးဖို့လည်း ပါမယ်နော်။ အင်း... ပြောရင်းဆိုရင်း
ကျုပ်သတိရလိုက်တာ တစ်ချက်ရှိတယ်။ ကျုပ်အိမ်မှာ ဝက်မွေးတော့ ဆွမ်းသွတ်တဲ့နေ့
ဝက်သားကျွေးရင် ကျုပ်ဝက်ကိုပဲ ဝယ်ယူအားပေးပေါ့ဗျာ'
'လူမမာ မျက်ဖြူဆိုက်လေ
ဆရာကြိုက်လေ' ဆိုသည့် သမားတော်တို့လို ဦးရဲခေါင်သည်
ချည်ပြီးတုပ်ပြီး စကားဖြင့် မသာပွဲစား (သို့ တည်းမဟုတ်) မသာကန်ထရိုက်
လုပ်လိုက်ခြင်းပါတကား။
မောင်နီတို့
ဖဲသမားအုပ်စုကလည်း မှိန်ပျပျဖယောင်းတိုင်မီးညွန့် တလူလူ တရဲရဲ အောက်ဝယ်
ဇွဲနပဲကြီးစွာဖြင့် ၁၃ ချပ်ပိုကာဖဲကို
နိုင်လိုမင်းထက် ပွတ်ဆွဲ ဆွဲနေကြသည်။
'ဟော... ဒေါင်းပြီဟေ့၊
ဟားဟား ခုမှပဲ ငါလိုနေတဲ့ ကိုးဖဲ ကို ကွက်တိရတော့တာကလား။ ဟဲ... ဟဲ ကျေးဇူး...
ကျေးဇူး'
ဖဲသမား သန်းအေးသည်
မောင်နီလက်အောက်မှ ထိုင်နေသူဖြစ်၍ မောင်နီပစ်ချလိုက်သည့် ဖဲချပ်ကိုရလိုက်
သည့်အတွက် မျောက်ရွှေတစ်ပဲသားရသည့်ပမာ ဝမ်းသာအားရသလိုလို ရိသလိုလိုဖြင့်
ဖဲ့လိုက်လေ၏။
အမှန်တော့ သန်းအေးသည်
သူတောင်းစားချင်း ခွက်စောင်းခုတ်သည့်နှယ် ဖဲသမားချင်းအတူတူ အမှတ်
ကပ်ယူလိုက်ခြင်းဖြစ်သည်။
မောင်နီကတော့
မှားပစ်မိသည့် မိမိဖဲချပ်ကို ကျိန်ဆဲရင်း တောက်တခေါက်ခေါက်ဖြင့် ရှိနေ၏။
'ဟဲ... ဟဲ ဒီည
ဖဲနိုင်မှ ကိုဖြစ်မယ်၊ အိမ်က မိန်းမက အတော်နေမကောင်းဖြစ်နေတာနဲ့ အံကိုက်ပဲ။
အိမ်အပြန် မျက်နှာလို မျက်နှာရပေါ့ ဓာတ်စာလေးတွေ ဝယ်သွားပေးဦးမှ... ဟင်း... ဟင်း'
ဖဲသမားအပေါင်း
သူတော်ကောင်းတွေကဖြင့် ပေသီးသေတာ ဘယ်နေမှန်းမသိ။ အတ္တနှင့် တစ်ကိုယ်
ကောင်းစိတ်တို့ကိုသာ ရှေ့တန်းတင်လျက် ဖဲသမား သူရဲကောင်းဆန်ဆန် ကိုယ်ရည်သွေးကြလေ၏။
အိမ်ရှင့် မျက်နှာအား ထောက်ထားဖို့ဆိုတာ ရေဘဝဲမျက်ရည်ပမာ ဝေလာဝေး။ ရှိတယ်လို့တောင်
မအောက်မေ့ကြချေတော့။ ဖဲရိုက်ချင်သည့် ဝါသနာအမိုက်တိုက်ဖြင့် လောဘမီးလျှံတို့သာ
လောင်မြိုက်နေကြပြီကော။
ပေသီးမိခင်
ဒေါ်ဘွားရှင်အဖို့ရာ မသာကို ဗန်းပြရင်း လူလူချင်း ကိုက်ဖဲ့စားနေကြပါလား။
အိမ်ရှင့်မျက်နှာကိုတောင် မထောက်ညှာ တော့ပါလားလို့ ချောက်ချား ကြေကွဲစွာ တွေးနေမိသည်။
အရပ်တကာ ဖဲလည်ရိုက်နေသည့် ဖဲသမားများကတော့ ခုလိုမသာပေါ်၊ မသာဝိုင်းဖြစ်တော့မှ
ပေါ်ပေါ်ထင်ထင် တရားဝင် ဖဲရိုက်ရတာမို့ နောင်ဘယ်တော့ မသာပေါ် ဦးမလဲ ဆိုသည့်
ဖဲသမားအိပ်မက်,မက်ရင်း အော်ကြီးဟစ်ကျယ် ဆူညံငြင်းခုံလျက် ရှိ
ကြ၏။
ဟေးလားဝါးလားဖြင့်
ကိုယ့်ဖဲသာချိန်၊ ပိုကာဒေါင်းချိန်မှာ အော်သူအော်၊ လျော်သူလျော်၊
ပျော်သူပျော်ဖြင့် အိမ်ရှင်တို့၏ သောကဗျာပါရကို လားလားမျှ စာနာစိတ်မထားနိုင်ဘဲ
ဥပေက္ခာပြု၊ လျစ်လျူရှုနေလိုက်ကြသည်။
'သြော်...
တို့လူမျိုးတွေရဲ့ အရိုးစွဲဟဲ့၊ မိရိုးဖလာ အစဉ်အလာပေမို့လည်းဟဲ့ မိဘွားရှင် နင်
ကြိတ်မှိတ် သည်းခံပေဦးပေါ့'
သည်သို့လျှင်
ဒေါ်ဘွားရှင်တစ်ယောက် ဖြေသိမ့်လိုက်မိတော့၏။
ဖဲသမားအပေါင်းတို့မှာလည်း
ဤမျှနှင့် မရောင့်ရဲနိုင်သေး။ တစ်ဆင့်ကဲ၍ပင် ရောင့်တက်လာပြန်၏။
'ဘယ်မလဲ
အိမ်ရှင်လင်မယားတွေ။ ဒီလောက် အကောက်ရအောင် ဖဲရိုက်ပေးနေတာ အလိုက်ကန်းဆိုးကို
မသိဘူး။ လက်ဖက်၊ ပဲခြမ်း၊ ဆေးပေါ့လိပ်တွေ ကုန်နေပြီ။ လာချပေးဦး။ ရေနွေးအိုးလည်း
မိကျောင်းပေါ်နေတာ လာကိုမကြည့်ဘူး'ဟု ဂျီတိုက်သူကတိုက်။
အရေးထဲ
'ကဲ့ဟေ့...
မောင်ပေသီးရေ၊ ပေတစ်သီး ကျီးတစ်သားတဲ့ကွ။ တစ်သက်မှာ တစ်ခါပဲသေလိုက်ရတဲ့
ပေသီးကလေးရေ့... ကိုယ့်ညီအစ်ကိုချင်း တစ်ချီတစ်မောင်းလောက်တော့ မ,စပါဦးကွ။ ဟိုမှာကြည့်စမ်း၊ စုတ်စုတ်ပဲ့ပဲ့ ကြောင်ချေးခွက် မျက်နှာနဲ့
ညီမနှစ်ယောက် မျက်နှာကို မြင်လား။ နှပ်ချေးတွဲလောင်း သနားကမား မျက်နှာငယ်လေးနဲ့
ငေးကြည့်နေတာများ သနားစရာကွယ်။ သူတို့ခမျာ ပိုက်ဆံတောင် ကောင်းကောင်းကန်းကန်း
ကိုင်ဖူးပုံမရဘူး မဟုတ်လား။ ဖဲဝိုင်းထဲက အနိုင်နဲ့ မင်းညီမတွေကို ဖောင်ဖောင်
ပေးချင်လို့ ကွာ ဟီး...ဟီး။ ဟာ... ပြောရင်းဆိုရင်း ဒေါင်းပြန်ပြီကွ။ ဟေ... ဟေ၊
ဒါဒါ ပေသီး စောင်မ,လိုက်တာပဲ ဖြစ်မယ်'
ဘယ်တုန်းက ဆွေမျိုး
ညီအစ်ကို တော်စပ်လိုက်မှန်း မသိသည့် ဖဲဒေါင်းသူ တင်အေးက စပ်ဖြီးဖြီးမျက်နှာ ဖြင့် 'ဟဲ့ မိညိုမနဲ့ ပူစူးမ ဆိုလား၊ အေး... နင်တို့နှစ်ယောက် ငါ့ဆီလာဦး။ ရော့...
ရော့ နင်တို့အတွက် ဖောင်ဖောင်' သို့ဆိုရင်း...
ငါးကြင်းဆီနှင့် ငါးကြင်းကြော်သလို အနိုင်ရသည့် ပိုက်ဆံပုံထဲမှ ငါးရာတန်တစ်ရွက်စီ
ကမ်းပေးလိုက်လေ၏။
ညိုမနှင့်
ပူစူးမတို့နှစ်ဦးမှာ တဒင်္ဂအချိန်အတွင်း အစ်ကိုဖြစ်သူ ပေသီး၏ အဖြစ်ဆိုးကိုတောင်
အခိုက်အတန့်မျှ သတိမရနိုင်ချေဘဲ ဖောင်ဖောင် ပေးလာသည့် ငွေအသပြာတို့အပေါ်
မျှော်လင့်တကြီး လက်ကမ်းရင်း ညဥ့်နက်သည့်တိုင် ဖဲဝိုင်းအနီးမှ မခွာရက်၊
ရုန်းမထွက်နိုင်ကြတော့ချေ။
ဖောင်ဖောင်ဆိုသည့်
မက်လုံးတစ်ခုက ညီအစ်မနှစ်ယောက်စလုံးအတွက် ထမင်းလုံး တစ္ဆေခြောက်သည့်ပမာ
ပေသီးဆိုသည့် အစ်ကိုသို့ မဟုတ် မိသားစုကယ်တင်ရှင်အပေါ် မေ့ဆေးတစ်ခုလို
မေ့လျော့ကြလေပြီလား။
ရှမ်းပြည်တောင်ပိုင်းမြို့
လေးတစ်မြို့တွင် ဤသို့ဤနှယ် လောင်းကစားသမားများက ဖောင်ဖောင် ဟု အမည်တပ်ကာ
မိမိတို့ထက်သန်သည့် စေတနာအလျောက် ဘောက်ဆူး၊ မုန့်ဖိုးပေးသည့် အစဉ်အလာရှိခဲ့ပေ၏။
ဖောင်ဖောင် ဆိုသည့်စကား
မည်သူများ ထွင်လိုက်သလဲဆိုတာ မည်သူမျှ ရေရေရာရာ မသိရှိ၊ မပြော နိုင်ကြချေ။
ပိုက်ကျူးဝိုင်းလို လောင်းကြေးများသည့် ကစားဝိုင်းမှာဆိုလျှင် ပိုက်ကျူးနိုင်သူအနီး
လူသေကောင်ပုပ် အနား လင်းတများ ဝဲသည့်ပမာ ဖောင်ဖောင် တောင်းသူများနှင့်
ပြည့်နေတတ်ပြန်၏။
'ဟဲ့ ငညို၊ ငနီ မောင်
ဘယ်သူဘယ်ဝါရေ၊ တို့လည်း ပေးပါဦးဟ'
ဖဲရှုံးသူ၊
ဖဲမီးလှုံသူများ၏ မရမချင်း ကျော်နင်းကျော်ခွ အလုအယက် တိုးဝှေ့
တောင်းနေကြသံများကြောင့် လည်း ပိုက်ကျူးဝိုင်းတစ်ခုလုံး လက်ပံပင် ဆက်ရက်ကျသည့်နှယ်
ဗလောင်ဆူ ပွက်လောရိုက်နေတော့၏။
အနှီ
ပိုက်ကျူးဝိုင်းတွင် အခရာကျသည့် 'လွန်ခုံ' ခေါ် အလျော်အစား လုပ်ပေးသူကလည်း တစ်ဝိုင်းလုံး သိမ်းသည့်
ဒိုင်ကိုင်သူထံမှရသည့် ဖောင်ဖောင်တစ်ဖြစ်လဲ ဘောက်ဆူးငွေ၊ ဆုချငွေတို့ကို လိမ်ကျစ်ပြီး
အိတ်ကပ်ပြဲလု မတတ် လောဘတကြီး ထိုးသိပ်ထည့်နေ၏။ သူ့တာဝန်မှာ မှောက်ပုံထားသည့်
ပိုက်ကျူး (ရှမ်းပြည်မှ အချို့အခေါ် ကက်ဆွဲ) ကြွေပြားရှည်မျောမျောလေးကို
အတွဲလိုက်လှန်ပြီးမှ အနိုင်အရှုံးပေါ် မူတည်ပြီး အလျော်အစားလုပ်ပေး နေရ၏။
၁၃ ချပ် ပိုကာဝိုင်းမှ
ဂျိုကာခိုးသူ၊ လိုဖဲဝှက်သူတွေကြောင့် ဖဲဝိုင်းအတွင်းမှာလည်း ငရဲပွက်သလို
ရုန်းရင်းဆန် ခတ်ဖြင့် ရုတ်ရုတ်သဲသဲ ရန်ဖြစ်နေကြ၏။
'ဟဲ့ကောင် ချစ်ထွား၊
ငါ့ ဘာများမှတ်နေလဲ။ မောင်နီတဲ့ကွ၊ ဒီဇမ္ဗူတစ်လွှား ရဲရဲနီတဲ့နေရာမှာ တစ်နီတည်း
ရှိတယ်မှတ်။ ဟား... ဖဲဝိုင်းတကာမှာ ဗိုလ်မထားဘဲ ရိုက်စားလာတဲ့ကောင်ကွ။ မင်းလို
မလောက်လေး မလောက်စားကောင်ကများ။ ထွီ... ဖဲခိုးရိုက်ရတယ်လို့ကွာ။ ဟောဒီမှာ တွေ့လား၊
ငါ့ဓားက ဥတုသုံးပါး မရွေးဘူးကွ။ မမြင်ဖူးရင် ကြည့်ထား၊ အူအခွေလိုက်
လက်နဲ့ပိုက်ပြီး ပြန်သွားရမယ်မှတ်'
အကောက်အတွက်နှင့်
အစောင့်အဖြစ် ဖဲရိုက်ပေးနေသည်ဟု ဘယ်လိုပင် ဆင်ခြေပေးပေး ဖဲဝိုင်းထုံးစံအတိုင်း
အငြင်းအခုံဖြစ်၊ ရန်ဖြစ်ကြပြီဆိုတော့ အိမ်ရှင့်မျက်နှာကိုတောင်
မထောက်ထားနိုင်တော့ပြီ။
တုတ်တပြက်
ဓားတပြက်ဖြင့် အိမ်ရှင်တို့ တည်ခင်းသည့် လက်ဖက်ပန်းကန်၊ ဆေးပေါ့လိပ်ပန်းကန်၊
အကြမ်းပန်းကန်လုံးနှင့် အကောက်ခွက်မှန်သမျှ ပလူပျံကြ၏။ ဖဲချပ်များ
ခုန်ပေါက်ဝဲပျံရင်း ရုန်းရင်းဆန်ခတ် ရန်ဖြစ်ကြလေကုန်၏။
ပစ်ပေါက်လိုက်သည့်
ပန်းကန်ကွဲ၊ ဖန်ခွက်ကွဲ အစအန တို့သည်လည်း သေမှအနားရရှာသည့် ပေသီး အလောင်းပေါ်
ကျလိုကျ၊ ဘုရားစင်ပေါ် လွင့်လိုလွင့်နှင့်
ဥပဒေမဲ့ ရပ်ဝန်းဒေသတစ်ခုလို အကျည်းတန်စွာ ကစဥ့်ကလျား ပြန့်ကျဲကြချေတော့၏။
ထိုစဉ်... ပေသီး
အလောင်းပေါ်သို့ ဘယ်နေရာ၊ ဘယ်ဒေသမှ ရောက်ချလာမှန်းမသိသည့်
ကြောင်နက်ကြီးတစ်ကောင်သည် သေမင်းငင်သည့်နှယ် 'ညောင်... ညောင်'
ဟူသော အသံနက်ကြီးဖြင့် အော်ရင်း ကျော်ခွပြေးလေ၏။ တိုက်ဆိုင်သည်ဟုပင်
ဆိုရမည်လား မသိ၊ ပေသီးအလောင်းအနီးတွင် ထွန်းညှိထားသည့် ဖယောင်းတိုင် မီးညွန့်တလူလူကလည်း
ဘာရယ်ကြောင့် မဆိုသာ ဖူးခနဲ ငြိမ်းသွားပါတော့၏။ ဘုရားကျောင်းဆောင်ပေါ် ချောက်ချီး
ချောက်ချက် ထွန်းညှိထားသည့် ဖယောင်းတိုင်၏
မှိန်ပျပျ အလင်းရောင်သည်သာ အခိုက်အတန့်မျှ လင်းပနေရရှာ၏။ ကြောင်နက်ကြီး
ဖြတ်ကျော်အပြီး ပေသီး၏ အတ္တဘောရုပ် အလောင်းကောင်ကြီးသည် ဆတ်ခနဲဆိုသလို
လက်နှစ်ဖက်စလုံး မြောက်တက် သွားလေ၏။
'ဟာ...၊ ဟင်...၊
အလိုလေး... ပေ... ပေသီး အလောင်းကောင်ကြီး ငုတ်တုတ်ထထိုင်တော့မယ်၊ ပြေးဟ... ပြေးဟ'
ဖဲဝိုင်းထဲမှ
တစ်စုံတစ်ယောက်၏ ကြောက်ကြီးတငင် အထိတ်ထိတ်အလန့်လန့် အော်သံကြောင့်
အုတ်အော်သောင်းတင်း ဖြစ်သွားကြသည့် ဖဲသမားတို့လည်း မိမိတို့ရှေ့ရှိ လောင်းကြေး
ပိုက်ဆံတို့ကိုတောင် ကောက်ယူနိုင်စွမ်း မရှိတော့ချေ။ ဝရုန်းသုန်းကား ခြေဦးတည့်ရာ
သုတ်ခြေတင် ပြေးကြလေ၏။
အမှန်တကယ်
မိစ္ဆာကြောင်နက်ကြီး အလောင်းပေါ်ဖြတ်ပြေးသွား၍လား သို့တည်းမဟုတ် ကြောင်နက်ကြီး၏
ကမူးရှူးထိုး ဖြတ်တိုက်မှုကြောင့် အလောင်းကောင်ကြီး အကြောစန့် မြောက်တက် သွားသလားဆိုတာ
လတ်တလောအချိန်အတွင်း မည်သူမျှ ဖဲရိုက်ပျက်ခံပြီး မစဉ်းစားအားကြချေ။
ပေသီးအလောင်းကောင်ကြီးမှာ
ခဏငယ်မျှ လှုပ်ရှားအပြီး သူမဟုတ် သလို နဂိုနေမြဲအတိုင်း ငြိမ်သက်နေပေတော့၏။
အလုံးစုံသော
အခြေအနေတို့ အတည်တကျဖြစ်လေမှ ဦးရဲခေါင်လည်း
'ကဲ... ကဲ ဖဲသမားတွေ
ကိုယ့်နေရာကိုယ် ပြန်ထိုင်ကြ။ ဘာမှမဟုတ်လောက်ဘူး၊ ကြောက်မနေ ကြနဲ့တော့။
ကြောင်ဝင်တိုးလို့ မောင်ပေသီးအလောင်း အကြောစန့်သွားတာပါ။ ဟဲ ဟဲ အခုလောက်ဆို ပေသီး
တစ်ယောက် ကမ္ဘာပတ်နေလောက်ရောပေါ့။ အင်း... သူ့ဝိညာဉ်က သူ့အလောင်းထဲမှာ
ဘယ်ရှိတော့မလဲဗျာ။ ကဲ... ဆက်ကစားကြ' ဆိုကာ
အခြေအနေကိုဝင်ထိန်းပြီး လူစုပေးလိုက်သည်။
ဤတွင်
အတွေ့အကြုံစုံလှသည့် ရပ်မိရပ်ဖလူကြီး ဦးညွန့်ရှိန်က ရှေးလူကြီးသူမတို့၏ ဆိုစကားအရ
ကြားဖူး နားဝဖြင့် လူတွင်ကျယ်လုပ်လိုက်သည်။
'အဲ... ခုလို မြေမချခင်
ပြင်ဆင်ထားတဲ့ မသာအလောင်းပေါ် ကြောင်မဖြတ်လျှောက်ကောင်းဘူး။ အဲ...
ကျော်ခွဖြတ်သန်းတာနဲ့ တစ်ခါတည်း အဲဒီအလောင်း ကောင်ကြီး ဖုတ်ဝင်သွားပြီလို့မှတ်။
အင်းပေါ့လေ၊ မောင်ရင်တို့ ဖဲဆက်ရိုက်လည်း သတိနဲ့ရိုက်ကြပေါ့'
အရေးထဲ ခေါင်းဖြူကြီး
ဦးညွန့်ရှိန်က တစ်မှောင့်။ ကြောက်ဒူးတဆတ်ဆတ် တုန်နေကြသည့် ဖဲသမားများကို
သတိပေးသယောင်နှင့် အတို့အထောင်ပင် လုပ်လိုက်ချေသေး။
ဖဲများမရိုက်ရလျှင်
စားမဝင် အိပ်မပျော်၊ နေသာထိုင်သာမရှိရှာသည့် ဖဲဒုက္ခသည်တို့လည်း ငိုချင်လျက်
လက်တို့ ဆိုသလို အကြောက်ပင်မပြေသေးလင့်ကစား ကုပ်ချောင်းချောင်းဖြင့် စုရုံးရောက်
ရှိလာကြပြန်၏။
သို့ပေသိ... ပေသီး
အလောင်းနားသို့မူ မသီဝံ့ကြတော့ဘဲ ခပ်လှမ်းလှမ်းနေရာသို့ ရွှေ့ကစားလိုက်ကြတော့၏။
'ဟဲ...ဟဲ
ရှိကြီးခိုးပါရဲ့ ပေသီးရယ်၊ ထပ်မနောက်နဲ့တော့နော်။ ငါနိုင်ရင် မင်းညီမတွေအတွက်
ဖောင်ဖောင် တွေအများကြီး ဆုချပါ့မယ်ကွာ၊ ပေသီးနော်.... နော် လို့'
အို...
ဖဲသမားတို့ဒုက္ခ။ ဝါသနာအလျောက်
အကြောက်တရားအပေါ် သက်မဲ့ ပေသီးအား
ဖားလိုက်ရတာ အမောပါတကား။
ပိုက်ကျူးဝိုင်းဘက်
ဆက်လက်လေ့လာစပ်စု ကြည့်ပါဦး...။
ဒိုင်ကိုင်သည့်
ကျောက်ဒိုးဆိုသည့်သူက တစ်ဝိုင်းလုံးက ငွေ ငါ့ငွေ။ ဒီငွေတွေ ငါ
အကုန်ကြိတ်လိုက်မယ်ဟဟု တွက်ဆကာ အပိုင်ကြံမည့်ပုံဖြင့်
'ဥုံ...ဂလုံ...၊
ဥုံဖွ... ခုန်ဆွ။ ပေသီးရ... ထ... ထ။ ငေါက်တောက်ကြီးကို ထ။ တစ်ဝိုင်းလုံးက
ငွေအားလုံး မောင်ရင့်လက်မည်းကြီး နဲ့ ကျုံး။ အိမ်း... ငါဆရာ အမိန့်'
ဤနှယ်... ဂါထာ မမည်သည့်
မန္တန်အူပေါက် ပေါက်တတ်ကရစာတစ်ပိုဒ်အား သူ့တစ်ကိုယ်ကြား ခြင်ဟောင်သံမျှဖြင့်
မန်းမှုတ်သလို တဖွဖွ ရေရွတ်နေလေ၏။
ဦးချစ်ရင်ခမျာ ပေသီး
အလောင်းအနီး အထီးကျန်စွာ စောင့်ပေးနေရင်း ကျောက်ဒိုး၏ ရူးကြောင်ကြောင် လုပ်ရပ်ကိုကြည့်ပြီး
တရားသံဝေဂ ရနေမိသည်။
'သြော်... လူတွေ...
လူတွေ၊ လူတွေဟာ တော်တော်ရယ်ဖို့ကောင်းပါလား။ အသုဘဝိုင်းရောက်လာမှပဲ
မသာတစ်ခုအရင်းပြုပြီး သူတို့ရဲ့အတွင်း အဇ္ဈတ္တစိတ် သန္တာန်တွေဟာ ဘယ်လိုမှ
ဖုံးဖိမရနိုင်ဘဲ ဘူးပေါ်သလို ပေါ်လာတော့တာကလား'
□
၄။
ပေသီးအလောင်းအား
အသုဘပို့၊ မြေချသည့်နေ့။ သင်္ချိုင်းကုန်းတစ်ခွင် ဖဲမှော်ဝင်နေကျ လောင်းကစားဘုရင်
ဘွဲ့ထူးခံ ကျောက်ဒိုးသည် သူပြုနေကျအတိုင်း ကလိမ်ကကျစ်အမှုတစ်ခုကို ပြုလိုက်ချေပြီ။
သူသည် မယောင်မလည်ဖြင့် ပေသီးအတွက် စီမံပေးထားသည့် စားမြိန်ထုပ်ထဲမှ ပေသီးအကြိုက်
ထန်းလျက်ခဲတစ်ခဲအား လူမသိ သူမသိ သုတ်ခဲ့ချေ၏။
'ဟီး... ဟီး
ဒီထန်းလျက်ခဲနဲ့အတူ ပေသီးဝိညာဉ်ကိုခေါ်ပြီး ဖဲ(ပိုက်ကျူး)နိုင်အောင်
ခိုင်းစားဦးမှ။ ကဲ... ပေသီး ငါနဲ့လိုက်ခဲ့၊ ဖောလိုး မီ... ဖောလိုးမီ... ဟီး ဟီး'
အောက်လမ်းဆရာတစ်ဦးထံမှ
ဖဲနိုင်ဝိညာဉ်ခေါ်နည်း သို့မဟုတ် ဖဲမှော်ကို မတောက် တခေါက် သင်ယူထားပေသည့် ကျောက်ဒိုးသည်
သင်္ချိုင်းကုန်းမှ ပေသီးဝိညာဉ်ကို ခိုင်းစားဖို့ ခေါ်ခဲ့လေပြီကော။ ထိုစဉ်က
ကျောက်ဒိုးပဲ စွမ်းသလား၊ ဝိညာဉ်သရဲဆိုသည် တကယ်ပဲ ခိုင်းစား၍ရသလားဆိုတာ
မည်သူတစ်ဦးတစ်ယောက်မျှ ဂဃနဏ မသိကြချေ။ အရိုးစွဲသည့် တလွဲယုံကြည်ချက်ဖြင့်
ကျောက်ဒိုးတစ်ယောက် အပိုင်တွက်ထားပုံရသည်။
ထိုညက ကျောက်ဒိုးသည်
သူ့အတွေး အကြံအစည်ကြောင့်လားမသိ ဣန္ဒြေပင် မဆည်နိုင်။
တစ်စုံတစ်ရာသော
လောဘရမ္မက်တစ်ခုကြောင့် တဟီးဟီး တဟားဟားဖြင့် လူစိတ်ပျောက်သလို၊ အပမှီ သလို
အူမြူးနေလေ၏။
တိုက်ဆိုင်မှုကြောင့်လား၊
ပေသီးပဲ မ,စ၍လားဟု မဆိုနိုင်ချေ။ ကျောက်ဒိုး ဖဲ(ပိုက်ကျူးဖဲချပ်)မှာ
စီးပြီး ရင်းစီးလျက် နောက်ဆုံးတော့ တစ်ဝိုင်းလုံး သိမ်းလိုက်နိုင်တော့၏။
သြော်... လောဘ
အမိုက်မှောင်ကြောင့် ကျောက်ဒိုးသည် ပေသီးဝိညာဉ်ကို ချုပ်ကာ မထောက်မညှာ
ခိုင်းစားရက်လေပြီ။
'ဟဲ ဟဲ ဟဲ... ဟီး ဟီး
ဟီး... မောင်ပေသီးရေ့ နောက်ညလည်း ဆက်ပြီး စောင်မ,ပါဦးကွ။
ဘယ့်နှယ်ကွာ၊ မင်းတို့ တဲစုတ်အိမ်အမိုးကို လှမ်းကြည့်လိုက်စမ်း။
သက်ကယ်(သက်ငယ်)အမိုး တစ်ခုလုံး ပေါက်ပြဲစုတ်ပြတ်ပြီး ကြယ်မြင်လမြင်
လက်ကြားယိုနေတာတွေ့ရဲ့နော်၊ အဟဲဟဲ...။
'ပေါက်ပြဲနေတဲ့
အမိုးတွေဖာဖို့၊ ဆွေးနေတဲ့ ဝါးထရံကာတွေ အသစ်လဲဖို့ ကြိုးစားလိုက်ပါဦး ငါ့ညီရ။ ဒီည
အနိုင်ပိုင်းပြီးရင် မင်းညီမတွေ အတွက် ထုံးစံအတိုင်း ဖောင်ဖောင်ပေါ့ကွာ။ အဲ...
နောက် ပြီးတော့ မင်းစားဖို့ အမဲသား တွဲတွေ၊ ခေါစာထုပ်တွေ မင်းမြေပုံပေါ် ညတိုင်း
ငါ လာချထားပေးမယ်လို့ ကတိပြုပါတယ်ကွာ။ ကဲ... အနိုင် ဖဲလေး...၊ ဝိုင်းသိမ်းဖဲလေး
ဆက်ပါဦး ညီဘွားရာ ဟီး ဟီး'
ကျောက်ဒိုးသည်
တစ်ဝိုင်းလုံးက ငွေတွေကို ဣန္ဒြေမရစွာ သိမ်းကျုံးအပြီး တဟီးဟီး တဟားဟားဖြင့်
ဝမ်းသာလုံးဆို့နေ၏။ ဘေးအိမ် (ပိုက်ကျူးသုံးအိမ်)ကိုမှ အားမနာ လျှာမကျိုး
အလိုက်ကန်းဆိုးမသိ ကြုံးဝါးနေဘိ၏။ ပိုက်ကျူးရှုံးရသည့်အထဲ
ပါးစပ်ဟောင်ဖွာဟောင်ဖွာနှင့် ကြွားလုံးထုတ်နေသည့်အား မြင်ပြင်းကတ်ကတ်ဖြင့်
ဘေးအိမ်များက သူ့ကို မျက်စောင်း တခဲခဲရှိကြလေ၏။
သည်မျှနှင့် မပြီးသေး။
ကျောက်ဒိုးက မဏ္ဍပ်တိုင် တက်ပြချင်သည့် ဒကာတော် ရေမြေ့ရှင်၏ အထက်စီးလေ
သံမျိုးဖြင့်
'ဟေ့ အိမ်ရှင်တွေ
ဘယ်မလဲ၊ အခွင့်အရေး ကောင်းတစ်ခု လက်လွတ် သွားမယ်နော်။ ရော့... ရော့ ဖောင်ဖောင် လာယူကြစမ်း။
ဦးချစ်ရင်၊ ဒေါ်ဘွားရှင်တို့ လာယူကြလေဗျာ။ အောင်မယ်... ဟဲ့ ညိုမတို့၊ ပူစူးမ တို့
ဘာလုပ်နေကြလဲ။ မြန်မြန်လာ။ နင်တို့ မုန့်ဝယ်စားဖို့၊ သုံးချင်ရာသုံးဖို့
စပါယ်ရှယ်ဖောင်ဖောင်ကို သီးသန့် ပေးဦးမှာ... ပေးမှာ'
ဤသို့ဆိုကာ
တစ်ထောင်တန်၊ ငါးထောင်တန် တို့ကို အဆုပ်လိုက်ကိုင်ပြီး တစ်ယောက်ချင်းစီ ထိုင်ရာမထ
ဝေငှစွန့်ကြဲပေးနေတော့၏။
ထိုညက ကျောက်ဒိုးသည်
ပိုက်ကျူးခုံအောက်မှ
ခွက်ပုန်းတန်ခိုးဖြင့် စေတနာ ရေစီးကမ်းပြို လိုက်နေပုံရသည်။
ဘေးထိုးသမားတို့မှာလည်း အမြင်ကတ်ချင်စရာ ကောင်းလောက်အောင် မိုင်ပို၊
အဖြစ်သည်းနေသည့် ကျောက်ဒိုးကိုကြည့်ပြီး နှာခေါင်းတရှုံ့ ရှုံ့ ဖြစ်မိကြ၏။
သို့ပင်ဖြစ်လင့်ကစား
အိမ်ရှင်လင်မယားနှင့် ညိုမတို့ ညီအစ်မအတွက်မူ ဖောင်ဖောင်ငွေတို့ကို ဝမ်းပန်း တသာ
လက်ဆင့်ကမ်းပေးလိုက်ကြသည်။
ဖွတ်ကျားအိုကတောင်
အဘိုးအဘွားခေါ်ရလောက်သည့် အိမ်ရှင်လင်မယားကိုမူ ဖဲသမားများက လေးစားရ ကောင်းမှန်း
မသိလေဘဲ ထင်တိုင်းကြဲနေကြချေ၏။
အကာလ ညဥ့်ကတော့မူ
စေးပျစ်နေသည့် ကျောက်မီးသွေးခဲပမာ တစ်စတစ်စဖြင့် အေးခဲသိပ်သည်း လာချေပြီ။
ရပ်ကွက်ကင်းတဲမှ သံချောင်းခေါက်သံ ၁၂ ချက်ပင် ခေါက်နေပြီ။
မူးမူးရူးရူးဖြင့်
ကျောက်ဒိုးပေးလိုက်သည့် ဖောင်ဖောင် ငွေများမှာလည်း မနည်းမနောရနေပြီမို့ ညိုမတို့ ညီအစ်မနှစ်ယောက် ဖောင်ဖောင် ငွေတို့ကို
ကျစ်ကျစ်လျစ်လျစ် ဆုပ်ကိုင်ရင်း အိပ်မောကျ ကုန်ကြပြီ။
□
၅။
ဖဲသမား၊
ပိုက်ကျူးသမားတို့၏ အခန်းကဏ္ဍ ကန့်လန့်ကာချအပြီးမှာတော့ မြန်မာ့ဓလေ့အရ ရက်လည်
ဆွမ်းသွတ်သည့်နေ့သို့ ရောက်လာချေတော့၏။ ထုံးတမ်း စဉ်လာနှင့်အညီ ဘုန်းကြီးဆွမ်းကပ်၊
တရားနာ၊ ရေစက် ချကြလေ၏။ ကျောင်းထိုင် ဆရာတော် ဦးဝိမလသည် အိမ်ရှင်မိသားစုနှင့်
တရားနာ ပရိသတ်တို့ကို တရားရေအေး တိုက်ကျွေးအပြီးမှာတော့ ကွယ်လွန်သူ ပေသီးအတွက်
ရည်စူးကာ သီးသန့်တရား စကားတို့ကို ချီးမြှင့်လေ၏။
'အိမ်း... နောင်
တမလွန်ဘဝသို့ သွားရှာသူ ဒကာလေး မောင်ပေသီးလည်း
ဘုန်းဘုန်းဟောတဲ့ တရားကို နာကြားပြီး ကျွတ်တမ်းဝင်နိုင်ပါစေကွယ်။ လူတကာ သူငါ
တို့အပေါ် အသံဖြင့်လည်းကောင်း၊ ရုပ်ခန္ဓာဖြင့်လည်းကောင်း မခြောက်လှန့်ပါနဲ့တော့။
ဒကာလေးရဲ့ မိဘ၊ ညီမတွေဆီ ဝိညာဉ်အဖြစ်နဲ့ တောင် ပြန်မလာပါနဲ့တော့။ ဒကာလေး
မောင်ပေသီးနဲ့ ဘဝချင်း ခြားသွားပြီပဲ။ ငါ သူတစ်ပါး ယောက်ျား မိန်းမ ဆိုတာ
မရှိတော့ဘူး။ ဒကာလေးရဲ့ ဝိညာဉ်လိပ်ပြာကိုခေါ်ပြီး တရားနာခိုင်းတာ သိမှာပေါ့။
ဘဘုန်းတို့ အမျှပေးဝေတာ အသာတကြည်ခံယူပါ၊ ဒကာလေး မောင်ပေသီး ကောင်းရာသုဂတိ လားပါစေကွယ်။
အမျှ... အမျှ... အမျှ'
ပေသီးအား ရည်စူးပြီး
ဆရာတော်မှ ကရုဏာစိတ် အပြည့်ဖြင့် ဆုတောင်း အမျှ ဝေပေးလိုက်ချေပြီ။
'အမျှ... အမျှ... အမျှ
သားရယ်'
'အမျှပါ အစ်ကို
ပေသီး... အဟင့်... ဟင့်'
မိဘနှစ်ဦးဖြစ်သည့်
ဦးချစ်ရင်နှင့် ဒေါ်ဘွားရှင် အပြင် ညိုမကပါ ရှိုက်သံသဲ့သဲ့ဖြင့်
အမျှပေးဝေလိုက်ကြ၏။
သေသည်ကို နားမလည်။
သေတာလား၊ အိပ်နေတာလားဟုတောင် မခွဲခြားနိုင်၊ ဉာဏ်မမီနိုင်သေးသည့် ၇နှစ် အရွယ်ခန့်
ပူစူးမမှာတော့ မိဘနှစ်ပါးနှင့် အစ်မဖြစ်သူ ညိုမထံသို့ မျက်လုံးအဝိုင်းသားဖြင့် တစ်လှည့်စီ
ကြည့်နေရှာသည်။
ပေသီးသေပြီး ကတည်းက စ၍
'အို... ဘာပြုလို့
အစ်ကိုပေသီး ခါတိုင်းခြုံနေကျ ဘာဘူစောင်ကို မခြုံဘဲ ပိတ်ဖြူကြီးခြုံပြီး အိပ်နေရ
တာပါလိမ့်'
နေ့နေ့ညည ပိတ်ဖြူစောင်ပါးကို
ခြုံလျက် အိပ်စက်နေသည့် အစ်ကိုဖြစ်သူကို ကြည့်ပြီး ပူးစူးမတစ်ယောက် အံ့သြတကြီး
အတွေးနယ်ထဲ ချာချာလည်ခဲ့ရသည်။
ပူစူးမရင်ထဲမှာတော့
ခုနေခါ အစ်ကိုပေသီးလည်း မမြင်၊ ဘုန်းကြီးတွေနှင့် လူတွေ... လူတွေ။ သွားဟယ် လာဟယ်၊
စားလိုက်သောက်လိုက်၊ တက်လိုက်ဆင်းလိုက် နှင့် ဘာလုပ်နေကြတာပါလိမ့်။
ပွဲတော်လုပ်နေကြတာ လား။
တစ်ခါက အိပ်မက်မက်သလို
မရောက်ဖူးတဲ့ အိပ်မက်နိုင်ငံတစ်ခုထဲ ရောက်နေတာလား။
တစ်ပတ်လုံးလုံး လူတွေ
တရုန်းရုန်းနှင့်မို့ ပျော်သလိုတော့ဖြစ်မိသား။
ပြီးတော့ ဖောင်ဖောင်
ဘက် စိတ်ကူးတို့ ဖြန့်ကြက်သွားပြန်၏။ ကိုကို အကြာကြီးအိပ်နေလို့ ဖောင်ဖောင်
ပေးလိုက်ကြတာလား။
တချို့က သေတယ်လို့
ပြောနေကြတယ်။ သေတယ် ဆိုတာ ဘယ်လိုဟာပါလိမ့်။
သည်သို့ဖြင့်
အချိန်တို့သည် တရွေ့ရွေ့နှင့် ခြစား ထားသည့် သစ်ငုတ်ဆွေးတွေလို
ကုန်ဆုံးသွားခဲ့ပြီကော။ ဟော... မိုးဦးကျပြီးလို့ သရက်သီးများပင် မှည့်ဝင်းစ ပြုပြန်ပြီ။
ညိုမသည် သွားလေသူ
ပေသီးကို တစ်နေ့မှ မေ့မရချေဘဲ နေ့များဆက်ဆက် ပေသီးအသက်ပေးလိုက်ရသည့်
သရက်ပင်အောက်သို့ အသိမဲ့ခန္ဓာဖြင့် ရောက်နေတတ်လေ၏။
ပရိယေသန ဝမ်းစာအတွက်မူ
မိခင်ကြီးနှင့်အတူ ကျောင်းအားရက်တွေမှာ အဝတ်ကူလျှော်ပေးခြင်း၊ ရာသီအလိုက်
တောင်ယာအငှားလိုက်ခြင်း၊ မှိုရှာမျှစ်ချိုးပြီး ရွာရိုးကိုးပေါက် လည်ရောင်းခြင်း
စသည်တို့ဖြင့် တစ်ချိန်က ပေသီးလုပ်ခဲ့သည့် ကြုံရာကျပန်းအလုပ်စုံတို့ကို
လုပ်သာလုပ်နေရပေမဲ့ ပေသီးအတွက် လွမ်းနာကျသည့် စိတ္တဇဝေဒနာမှာကား ယုတ်လျော့သွားသည်
မရှိ။ စားလည်းသည်စိတ်၊ အိပ်လည်း သည်စိတ်နှင့်မို့ ညိုမခမျာ တစ်နေ့တခြား လုံးပါးပါးသည့်အခြေသို့
ရောက်လာပေတော့၏။
အလွမ်းဝေဒနာအပေါ် အရွယ်နှင့်မမျှ မခံစားနိုင်တော့သည့်အဆုံး
ညှိုးချုန်းဖြေလျှော့ ဗုန်းဗုန်းလဲလေ တော့၏။
ညဥ့်နက်သန်းခေါင်
ကျော်ရောက်တိုင်း 'အမေရေ... ကိုကို အိမ်ရှေ့မှာ ရောက်နေပြီ၊
တံခါးဖွင့်ပေး လိုက်ပါဦး အမေရဲ့။ ဟော... ကိုကိုကလေ သရက်သီးမှည့်တစ်လုံးကိုတောင်
ကိုင်ထားလိုက်သေး။ တွေ့လား၊ သမီးကိုလေ သရက်သီးမှည့်ပေးမလို့ ထင်ပါရဲ့။
ပြုံးပြုံးလေး လက်ယပ် ခေါ်နေပြီ အမေရဲ့'
'...'
'ဟော...
ကိုကိုခေါ်နေပြန်ပြီ။ 'ညီမလေးရေ... ကိုကို ညိုမအတွက် ဟိုး...
ချောက်ကမ်းပါးထိပ်က သရက်သီးတွေ ခူးလာတယ်လေ။ အားပါးပါး ညိုမရယ်၊
ညိုမစားချင်လွန်းလို့သာ ချောက်ထဲက ခက်ခက်ခဲခဲ တက်လာရတာ။ ကိုကို့ခြေထောက်တွေ၊
လက်တွေနဲ့ ခေါင်းတစ်ခုလုံး ဒဏ်ရာဗရပွ နဲ့ သွေးခြင်းခြင်း နီနေတာပဲ ညိုမရယ်။ ညီမလေး
စားနော်၊ ကိုကို့သရက်သီးက အနွမ်းလေးဆိုပေမဲ့ မွှေးလည်းမွှေး၊ ချိုလည်းချိုမှာပါ။
လာယူပါလား'လို့ ကိုကို့ ခေါ်သံ သမီးနားထဲ ကြားနေရတယ် အမေရဲ့။
သမီး ဆင်းယူလိုက်မယ်နော်၊ နော... အမေနော်'
ညိုမသည် ကယောင်ကတမ်း
ငန်းဖမ်းနေသလို ငုတ်တုတ်ထထိုင်ပြီး အနီးတွင် စောင့်အိပ်ပေးနေရှာသည့်
အမေ့ကိုနှိုးကာ တစာစာ တတွတ်တွတ် ပြောနေရှာ၏။
အမေ့ခမျာ ညိုမ ထ... ထ၊
ထိုင်... ထိုင်၊ ခြေမကိုင်မိ၊ လက်မကိုင်မိဖြင့် ရင်တုန်ပန်းတုန် ဖြစ်နေရသည်။
'အို... သမီး... သမီး
ငါ့သမီးလေးရယ်၊ သတိထားပါဦး။ သမီး အိပ်မက်မက်နေတာပါ။ အဖျားကြီးလို့ မြင်မိမြင်ရာ
မြင်နေကြားနေ ရတာပေ့ါ။ ရော့... ရော့ ဒီမှာ ရွှေခြင်္သေ့အဖျားဖြတ်ဆေး။ ရေနွေးလေးနဲ့
ဖျော်ထားပေးတယ်။ မျှောချပြီး သောက်လိုက်၊ သမီး နေကောင်းသွားမှာပါ'
အမေ့မှာ သမီးဖြစ်သူကို
ကျောသပ်ရင်သပ်ကာ တတ်သမျှ မှတ်သမျှ ပြုစုရင်း ချော့မော့ပြီး အိပ်ခိုင်းရတာ လည်း
ညများ အသင်္ချေတိုင်။
ဆေးမြီးတိုနှင့်
ဘယ်လိုကုကု ညိုမဝေဒနာက အဆုံးတိုင် သက်သာလာသည် မရှိ။ စိတ်ဝေဒနာကြောင့်လေလား
တစ်နေ့တခြား ဆိုးရွားသထက် ဆိုး၍သာ လာချေပြီ။ နာတာရှည်နေ့ရက်များ
ကာလရှည်လျားလာသည်နှင့်အမျှ လူမမာ သတင်းမေးသူများကလည်း တသဲသဲ တဖွဲဖွဲ
ရောက်လာချေတော့၏။
'ညိုမရေ... သမီး
နေကောင်းအောင်နေနော်၊ ရော့... ဒီမှာ
သမီးစားဖို့ ခေါက်ဆွဲထုပ်နဲ့ ခနောဆန်ပြုတ်ထုပ်။ အဲ... ပြီးတော့ သမီးကြိုက်တဲ့
ဓားလှီးမုန့်တွေ ဒေါ်ဒေါ် ယူလာပေးတယ်လေ။ သမီး နေကောင်းမှ
အများကြီးစားနိုင်မှာပေါ့။ သြော်... သမီးငယ် ပူစူးမလည်း ရှိနေသေးတာပဲ၊ ရော့...
ရော့ သမီးလေး မုန့်ဝယ်စားဖို့ ပိုက်ဆံလေ။ ဒေါ်လေးလာတိုင်း မုန့်ဖိုးပေးမယ်နော်'
လူမမာ လာကြည့်သူများက
ညိုမအတွက် လူမမာစာ ဓာတ်စာများယူလာတိုင်း
အနီးတွင် ပုံ့ပုံ့ကလေးထိုင်နေသည့် ပူစူးမအတွက်ပါ မုန့်ဖိုး ပဲဖိုးများ
ပေးသွားတတ်ကြ စမြဲ။
တစ်ခါတလေတော့လည်း
အလိုက်တသိ ရှိသူများက လူမမာသတင်းမေးရင်း ပူစူးမအတွက်ပါ တကူးတက မုန့်ဝယ်လာပေးတတ်ကြ၏။
ပူစူးမမှာ ဘာဆိုဘာမှ
မသိရှာသေးသည့် မလည်မဝယ် သည်းနုငယ်အရွယ်ပေမို့လည်း ရောက်လာသမျှ သူသူငါငါ
စွန့်ကြဲသည့် မုန့်ဖိုးနှင့် မုန့်ထုပ်များ၊ အစ်မ ဖြစ်သူ ညိုမအတွက် သနားသဖြင့်
ပေးကမ်းသည့် မုန့်ပဲ သရေစာတို့ကို ဆင်ဖြူတော်မှီပြီး ကြံစုပ်နေရသည့်အပေါ် ကလေးပီပီ
ပျော်မွေ့မိခဲ့ချေ၏။
ညိုမခမျာမှာတော့
အိပ်မက်ထဲမှာသာ မြိန်ရေရှက်ရေ စားနိုင်စွမ်းရှိပေမဲ့ တကယ့် အပြင်လောကမှာတော့
တို့ကနန်း ဆိတ်ကနန်းလေးမျှတောင် စားချင်စိတ်မရှိလေတော့။
တစ်နေ့တွင် ညိုမသည်
အဖျားရှိန် အလွန်အမင်းတက်လာသဖြင့် တအင်းအင်းညည်းရင်း အမေ့ရင်ခွင်ထဲမှာပင် မေ့မြောသွားရှာတော့၏။
မိခင်ကြီးမှာ
ယောင်ခြောက်ဆယ်လိုက်ရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိနိုင်ချေတော့။
'သ... သ... သမီး၊
အို... သမီးရယ်'ဟုသာ လှုပ်နှိုး၍ မရလေတိုင်း မျက်ရည်ပေါက် ကြီးငယ်ကျနေရရှာ၏။
ဤတွင် အနီးအနားမှ
ယို့ယို့လေး ထိုင်နေသည့် ပူစူးမသည် မိခင်နှင့် အစ်မလုပ်သူ တို့ကို တစ်လှည့်၊
ညိုမအနီးရှိ လူမမာ မစားနိုင်ဘဲ စုပုံနေသည့် မုန့်ပဲသရေစာများကို
တစ်လှည့်စီကြည့်ရင်း နုနု ငယ်ငယ် ကလေးအတွေးဖြင့် ငိုင်တွေမိလေ၏။
သူ့မျက်လုံးထဲမှာတော့
ချိုချဉ်တွေ၊ အချိုရည်ဘူးတွေ၊ ကိတ်မုန့်တွေ၊ ကွတ်ကီးတွေ၊ ဘီစကွတ်မုန့်ထုပ်တွေ။
အို... သူ မမြင်ဖူးသည့် မုန့်တွေက လည်း အလျှံပယ်။ စုံလို့ပါလား။
ဘယ်တုန်းကမှ ဝဝ လင်လင်
မစားခဲ့ရ၊ မစားဖူးသည့် ဆိုင်ကြော် ကြက်သားကြော် ကြွပ်ကြွပ်ရွရွလေးတွေ။ ငါးကြော် မွှေးမွှေးလေးတွေ။
အို...
သွားရည်ယိုချင်စရာ ကောင်းလှပါဘိ။ ဟော... အစ်ကိုပေသီး သေတယ်ဆိုတဲ့ အသုဘညတွေကို
ပြန်တွေးကြည့်လိုက်ဦး။ ဖဲသမားတွေ၊ ပိုက်ကျူးသမားတွေ မုန့်ဖိုးပေးလိုက်ကြတဲ့
ဖောင်ဖောင်ဆိုလား၊ ငွေ... ငွေတွေ... ပိုက်ဆံတွေ။
'ပူစူးမရေ လာယူပါဦး ဟဲ့'
ဆိုပြီး ဒလဟောပေး လိုက်ကြတဲ့ ဖောင်ဖောင်တွေ ရယ်။ အို...မနည်းမနောပါ လား။ လက်သေးသေး နှစ်ဖက်စလုံးမှာ
ဆုပ်ကိုင်လို့တောင် မနိုင်ချင်တော့။ ဖောင်ဖောင်တဲ့။ ဖောင်ဖောင်ဆိုတော့
ငွေပေါ့နော်။
ကိုကိုပေသီးသေလို့
ဖောင်ဖောင်ပေးတာတဲ့လား။ ဖောင်ဖောင်ရှိရင် မုန့်ဝယ်စားလို့ရမှာပေါ့။ ဟယ်... အဲဒီ
တုန်းကငွေတွေ အများကြီးရယ်။
မျက်စိထဲမှာလည်း
ပြိုးပြိုးပြက်ပြက် တလက်လက်နဲ့ ပါကင်ထုပ်ထားတဲ့ မုန့်လှလှလေးတွေ။ ဖောင်ဖောင်လို့
ပြောနေကြတဲ့ငွေတွေ။ တဖျပ်ဖျပ် တလှပ်လှပ်နှင့် လက်ယပ်ခေါ်နေသလို ပြေးမြင်မိပြီကော။
'ပူစူးမရေ... ရော့ ရော့
သမီးအတွက် ဖောင်ဖောင် လေ'
ဟယ်... ဟိုနေရာမှာလည်း
ဖောင်ဖောင်၊ သည်နေရာမှာလည်း ဖောင်ဖောင်။ ကိုကို့အသုဘဆိုလား၊ အလောင်းရှိနေလို့
ဖောင်ဖောင်ရနေတာပဲလား။
မတွေးတတ်တွေးတတ်ဖြင့်
တတ်သမျှ မှတ်သမျှ ပူစူးမ တွေးရချေပြီ။
နောက်ဆုံးမှာတော့
ပူစူးမတစ်ယောက် ညိုမရှေ့ စုပုံအောတိုက်နေသည့်
မုန့်များကို အာသာငမ်းငမ်း လှမ်းကြည့်လိုက်မိ၏။ ပြီးတော့ အစ်မဖြစ်သူ ညိုမကို
ပွေ့ချီထားသည့် အမေ့ထံပါးသို့ ပွတ်သီးပွတ်သပ် လုပ်ရင်း တိုးတိုးကလေး
ကပ်မေးလိုက်မိတော့၏။
'အမေ... မမ... မမ
မသေသေးဘူးလားဟင်'
အမေ့ခမျာ
မျှော်လင့်မထားသည့် သမီးငယ်လေး အမေးစကားကြောင့် ရင်ထဲထိတ်ခနဲ စူးနစ်သွားရရှာပြီ။
'ဖွဟဲ့... ဖွဟဲ့၊ ဟယ်
နိမိတ်မရှိ နမာမရှိ။ လွဲပါစေ... ဖယ်ပါစေတော်။ သမီးလေးအမေးက နိမိတ်ဖတ် လိုက်သလိုများလား'
ဘာကြောင့် သမီးငယ်လေး
မေးလေ့မေးထမရှိသည့် သည်မေးခွန်းတစ်ခုကို မေးလိုက်ပါလိမ့်။ တွေးလည်းမတွေးရဲ။
ပြန်ပြီးတော့လည်း မမေးဝံ့။
ခုတော့... မထင်မှတ်သည့်
ချောက်ချားတုန်လှုပ်စဖွယ် မရဏမေးခွန်းတစ်ခုကို သမီးလေး မေးလိုက်ပြီကော။
'ဘုရား... ဘုရား အလတ်မ
သေတော့မှာလား' ဟူသည့် အတွေးက အသည်းလွှာကို မီးစနှင့် တတိတိ
ထိုးဆွခံလိုက်ရသလို ကျဉ်ခနဲ ပူခနဲ ဖြစ်သွားရတော့သည်။
သမီးငယ် အမေးပုစ္ဆာကို
မဖြေချင်၊ မဖြေရဲပေမဲ့ မဖြေလို့လည်း မဖြစ်တာကြောင့် မျက်ဝန်းအိမ် နှစ်ဖက်မှ
စီးဆင်းလာသည့် မျက်ရည်စတို့ကို အသာညှစ်ချရင်း သမီး၏ အမေးစကားကို မေးခွန်းဖြင့်
တုံ့ပြန်လိုက်မိသည်။
'ဘာ... ဘာဖြစ်လို့
ခုလို မေးလိုက်တာလဲ သမီးရယ်'
'ဟို... ဟိုလေ အမေရဲ့၊
မမသေရင် ဖောင်ဖောင် ရမယ်လေ'
■
ညိုရောင်
(အမှတ် ၃၅၈၊ စက်တင်ဘာ၊၂၀၁၉ ရွှေအမြုတေမဂ္ဂဇင်း။)
ဟေ့... တွေးမနေနဲ့...မင်း မှန်တယ်။ အဲဒါ တစ်ခါက တကယ်မရှိဘူး။ အိပ်မက်လားလို့ မေးမလို့လား။ စဉ်းစားပေါ့။ အခု တကယ်တွေ့နေရပြီပဲ။ ပုံပြင် မဟုတ်ဘူး။ မြင်တယ် မဟုတ်လား။ အမိုးကို ကြည့်လိုက်စမ်းပါ။ မော့ကြည့်လိုက်စ...
ကျွဲပွဲတဲ့ဘာလဲ ကျွဲပွဲ သူကြီးအိမ်မှာ ဖျတ်ခနဲ ကြားလိုက်ရတဲ့ သတင်း ရွာထဲပြေးပြောချင်ကြလှပြီ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ကျွဲပွဲဆိုတာ ဘာမှန်းမသိတော့ ခက်သားကလား ကလေးတွေမှ မသိတာ မဟုတ်ဘူး ရပ်မိရပ်ဖ လူကြီ...
ညည်းတို့များတော့အေ နှစ်ပါးသွားထဲ ငုတ်တုတ်ထိုင် လက်ခုပ်တီးရတာလောက် မင်းသမီး နာမည်ခံနေကြတာများ ငါပါးစပ်က မရယ်ချင်ဘူး မြစ်ထဲ ဆားလှေ မှောက်သလို ဂွမ်းတစ်ပိဿာ အကျွမ်းဖုတ်လို့မှ ပြာတစ်ဆုပ်မရချင် ရချင်ဟာတွေ ည...