လူထုဒေါ်အမာ
ရန်ကုန်မှာ အလုပ်သမား
ဦးလှ
သူကိုယ်တိုင်ရေးမယ့် သူ့အကြောင်း စာအုပ်မှာ 'ရန်ကုန်မှာ အလုပ်သမား'
ဆိုပြီး အခန်းတစ်ခန်းရေးဖို့ သူက ခေါင်းစဉ်တစ်ခုပေးပြီး
ရွေးပြီးသားပါ။ ဦးလှ ရန်ကုန်မှာ ၁၉၂၆ ခုနှစ်ကစပြီး ၁၉၃၉ ခုနှစ်အထိ ၁၃ နှစ်ကြာ
နေခဲ့ရာမှာ ကျောင်းသားအဖြစ်နဲ့ ၄ နှစ်၊ မြူနီစီပယ်မှာ ရုံးအလုပ်သမားအဖြစ်နဲ့
ရှစ်နှစ်နီးပါး လုပ်ခဲ့တယ်။ ဒီအလုပ်ကို မူလလက်ခံစဉ်က ကြာကြာမလုပ်ဘူး။
သူလုပ်ချင်တဲ့အလုပ် မဂ္ဂဇင်းထုတ်ဖို့အတွက် အရင်းအနှီးရရုံလို့ သဘောထားပြီး
အလုပ်ဝင်တာတဲ့။ တစ်ခါတော့ သူက သူ့အလုပ်အကြောင်း ကျွန်မဆီ ဘယ်လိုရေးဖူးသလဲ ဆိုတော့ 'ကျွန်တော့်ရုံးအလုပ်အတွက် ဝမ်းလည်း မသာနဲ့၊ ဝမ်းလည်း မနည်းနဲ့၊
ကျွန်သက်ရှည်မှာကို စိုးရိမ်ရတာကတော့ အမှန်ပဲ။ ဘာအလုပ်ကိုပဲ ရရ၊
စိတ်ချမ်းသာမှာတော့ မဟုတ်ဘူး။ (၃) နှစ်လောက်ပဲ လုပ်မယ်လို့ ဝင်တဲ့အလုပ်ကို ယခု (၆)
နှစ်နဲ့ (၄) လ ကြာပြီ။ မထွက်နိုင်သေး၊ ပိုက်ဆံလည်း မစုမိ၊ စိုင်သေကို မလွှတ်ရဲသလို
ဖြစ်နေလို့ ခက်တာပေါ့' လို့ ၁၈-၄-၃၇ က ရေးဖူးပါတယ်။
သူ ၁၉၃ဝ ခုနှစ်မှာ
၁ဝ တန်း အောင်တယ်။ ၁ဝ တန်းအောင်တော့ သူ့အဖေက ကောလိပ်ကျောင်းကို ဆက်တက်စေချင်တယ်။
သူ့မှာ သားသုံးယောက်ရှိတဲ့အနက် သားအကြီးဆုံး ကိုအောင်ဖေက လူပျိုပေါက်အရွယ်မှာ မအေဆုံးသွားတော့ ခပ်စောစော
အိမ်ထောင်ပြုသွားလို့ ၁ဝ တန်းတောင် မအောင်လိုက်ဘူး။ သားအလတ် ကိုချောကလည်း
ပညာမထွန်းကားဘူး။ အဲဒီတော့ သားအငယ်ဆုံး ကိုလှကို အဖေကြီးက ဘီအေတွေ ဘာတွေ
အောင်စေချင်တယ်။ ဒါကြောင့် ၁ဝ တန်းအောင်တယ်ဆိုတော့ ဝမ်းမြောက်ဝမ်းသာ
ကျောင်းဆက်ပြီးတက်ဖို့ ကျောင်းစရိတ် ဆက်ပို့ပေးပါတယ်။
ဒါကို
သားလုပ်တဲ့လူက သူ့စိတ်ကူးနဲ့သူ သူဖြစ်ချင်တာကို ဖြစ်အောင်လုပ်မယ့် ရည်ရွယ်ချက်နဲ့
ကျောင်းဆက်မနေဘူး။ အိမ်က မသိစေဘဲနဲ့ အလုပ်ထွက်လုပ်ပါတယ်။ ကောလိပ်ကျောင်းမှာ
မနေတော့ဘဲ အလုပ်ဝင်တာနဲ့ ပတ်သက်လို့ ကျွန်မ စဉ်းစားမိတာတစ်ခုကတော့ သူက
ဘောလုံးကန်ကောင်းတော့ အလုပ်ရနိုင်တဲ့ အကြောင်းလည်း တစ်ကြောင်းပါတယ် ထင်ပါတယ်။
ကိုယ်ချင်းစာကြည့်လို့ ဒီလိုထင်တာပါ။ ကျွန်မကျောင်းနေတုန်းက (၉) တန်း ရောက်တဲ့
အခါကျတော့ ကျွန်မတို့ အေဘီအမ်ကျောင်းက အချုပ်အလုပ် ဆရာမကြီး အစ်မကြီး
ဒေါ်ပိုးညွန့်က မန္တလေး မီးရထားဌာနမှာ စာရေးအလုပ် ၂ နေရာ ရှိတယ်။ လခ တစ်လ ၈ဝိ/-
ရမယ်။ လုပ်ချင်ကြသလားလို့ မေးသံ ကြားရဖူးပါတယ်။ ကျွန်မတို့က အသက် ၁၇ နှစ်လောက်
ရှိသေးတယ် ဟုတ်လား။ တစ်လ ၈ဝိ/- ဆိုရင် နည်းတာမဟုတ်ဘူး။ ဒီအလုပ်မျိုး ဝင်လုပ်ပြီး
မိဘကို ပေးရမယ်။ ရရင် တော်တော်ကောင်းမယ်လို့ အောက်မေ့ပြီး အလုပ်ဝင်လုပ်ဖို့ ဝမ်းသာနေပါတယ်။
ပြီးတော့ အမေ့ကို ပြောကြည့်တယ်။ ကျွန်မ အလုပ်လုပ်ချင်တယ်လို့။ ကျွန်မ အမေက 'အံမယ်...
အသက်ငယ်ငယ်လေး ရှိသေးတယ်။ ဘာလို့ အလုပ်လုပ်ရမှာလဲ။ တစ်လ ၈ဝိ/- ကော
ဘာလွမ်းစရာရှိသလဲ၊ စာသင်မှာသင်' လို့ ငေါက်ပါတယ်။ ဒါနဲ့
အလုပ်ရူးရူးတဲ့ရောဂါ ပျောက်သွားရပါတယ်။ တကယ်ကတော့ အဟုတ်လုပ်ချင်ပါတယ်ဆိုရင်လည်း
အဲဒီတုန်းက ရချင်မှရမှာပါ။ အေဘီအမ်ကျောင်းကြီး တစ်ကျောင်းလုံးမှာ မိဘမဲ့
ခရစ်ယာန်တွေ၊ ပညာတော်တွေ အများကြီးရှိတာပဲ။ ဒီအလုပ် ကျွန်မတို့ဆီ
ဝဲလာမယ်မထင်ပါဘူး။ ကျွန်မတို့ကသာ ဗျောသံကြားနဲ့ တရားနာခဲ့ကြတာပါ။ ဦးလှ
ဝင်လုပ်တဲ့အလုပ်က ရန်ကုန် မြူနီစီပယ်က ရာပြတ်ဌာနမှာ ဝင်ဝင်ချင်း စာရေး၊ နောက်
ရာပြတ်အင်စပက်တော်ဆိုတဲ့ အရာရှိငယ်ပါ။ လခက ဝင်တော့ ၈ဝိ/-၊ အရာရှိဖြစ်တော့ ၁၅ဝိ/-။
သူတို့ဌာနရဲ့အလုပ်က အိမ်တွေ၊ တိုက်တွေ၊ ဂိုဒေါင် တွေ မြူနီစီပယ် ဧရိယာအတွင်း
ဆောက်ထားသမျှကို မြူနီစီပယ်ဌာနက ဘယ်ရွေ့ဘယ်လောက် အခွန်ကောက်သင့်တယ်လို့
ပြဠာန်းပေးရတဲ့ ဌာန။ အိမ်ရှင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ရတဲ့ ဌာနပါပဲ။
အိမ်သစ်တစ်လုံးဆောက်တယ်ဆိုရင်
ဘယ်လိုရပ်ကွက် မျိုးမှာလဲ။ ပထမတန်းစားရပ်ကွက်၊ ဒုတိယတန်းစား ရပ်ကွက် စသဖြင့်
အတန်းအစား ခွဲသေးတာကိုး။ ပြီးတော့ ဘာပစ္စည်းနဲ့ ဘယ်လိုဆောက်ထားသလဲ၊ ဘယ်လောက်ကျယ်ဝန်းသလဲ။
အဲဒါအပေါ်မှာ မူတည်ပြီး အခွန်တော် ဘယ်ရွှေ့ဘယ်လောက် စည်းကြပ်သင့်တယ်လို့ သူတို့
ရာပြတ်ဌာနက ဖြတ်ပေးလိုက်တာပဲ။
အိမ်ဟောင်းတွေကိုတော့ စည်းကြပ်ထားတဲ့
အခွန်တော်နဲ့ ပတ်သက်ပြီး များတယ်ထင်ရင် အိမ်ရှင်များက ဘယ်နေ့ဘယ်ရက်အတွင်း
လျှော့ပေါ့ဖို့ ပြန်လည်ပြင်ဆင်စည်းကြပ်ဖို့ လျှောက်ထားနိုင်တယ်လို့
တစ်နှစ်တစ်ကြိမ်ရက် သတ်မှတ်ပေးထားလို့ အိမ်ရှင်တွေက အဲဒီခွင့်ပြုတဲ့ရက်မှာ လျှောက်လွှာတင်
တတ်ကြတယ်။ အဲဒီတော့လည်း ရာပြတ်အင်စပက်က လျှောက်လွှာအရ လိုက် ကြည့်ပေးပြီး
သူ့ထင်မြင် ချက်ကို ရုံးတင်ပြရတယ်။ အဲဒါ ဦးလှလုပ်ရတဲ့အလုပ် ပဲ။ သူ့အထက်မှာ
ဌာနမှူးတို့ ဝန်ထောက်တို့ အဆင့်ဆင့် ရှိသေးတယ်။ အကြီးဆုံး
ရာပြတ်မင်းကြီးဆိုတာကတော့ ဟိုခေတ်က ထုံးစံအတိုင်း မျက်နှာဖြူ တစ်လ ၂၅ဝဝိ/-စား။
ဦးလှ မြူနီစီပယ်မှာ အလုပ်ရတာနဲ့
ပတ်သက်လို့ ကျွန်မကို ဘာမှ ပြောမပြဖူးဘူး။ မီးရထားဘက်မှာ အလုပ်လုပ်နေကြတဲ့ မိတ်ဆွေ
သူငယ်ချင်းတွေနဲ့ ဆုံမိတဲ့ အခါတော့ သူတောင်မှ မီးရထားဘက်က အလုပ်သမား
တစ်ယောက်ဖြစ်ဖို့အကြောင်း ရှိခဲ့သေးတယ်ဆိုတဲ့အကြောင်း ပြောပြဖူးပါတယ်။ သူရယ်၊
သူ့သူငယ်ချင်း ဘောလုံးသမားရယ် (နာမည်ပြောတာ ကျွန်မ မေ့နေပြီ) သူတို့ နှစ်ယောက်ကို
မီးရထားမင်းကြီး မာတင်ဂျုံးစ် (နာမည်ကြီး ပန်းချီဆရာ)က မီးရထားဘက်မှာ တစ်လ လခ
၁၂ဝိ/- နဲ့ အလုပ်ပေးဖို့ ကတိပေးပြီးသား။ မာတင်ဂျုံး ဘိလပ်ခဏပြန်အသွား
ဟိုမှာရုတ်တရက် အနိစ္စရောက်ပြီး မြန်မာပြည် ပြန်မလာနိုင်တော့တာနဲ့ မီးရထားဌာနမှာ
သူအလုပ်မဝင် ရတော့တာလို့ ပြောဖူးပါတယ်။
မြူနီစီပယ်ကိုလည်း ရန်ကုန်ဟိုက်
စကူးကျောင်း အုပ်ကြီး မစ္စတာဖရင့်(ချ်)က ပြောပေးတာနဲ့ ကိုလှ မြူနီစီပယ်မှာ
အလုပ်ရတာ ထင်တယ်လို့ သူ့သူငယ်ချင်း မြန်မာ့လမ်းစဉ် ဦးစိန်ဝင်းက ပြောပြပါတယ်။
ကလောင်ပျံ ဦးဘကိုးကတော့ ကိုလှ အလုပ်ရတဲ့ ၁၉၃၁ ခုဆိုတာ မြန်မာနိုင်ငံမှာ
စီးပွားပျက် ကပ်ကြီးဆိုက်နေလို့ ဘလုပ် ဘရားသားလို လုပ်ငန်းကြီး
တွေပျက်စီးတဲ့အချိန်၊ ဆရာစံ ဦးဆောင်တဲ့ လယ်သမား သူပုန်ကြီးထတဲ့အချိန်၊
အလုပ်လက်မဲ့တွေ တင်းကျမ်းဖြစ်နေတဲ့ အချိန်မျိုးမို့ ကိုလှ မြူနီစီပယ်က
ရာပြတ်ဌာနနေရာမှာ အလုပ်ရတာ ကံကောင်းတယ်လို့ ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် မြူနီစီပယ်မှာ
အလုပ်ဝင်ပြီး ၂ နှစ် အကြာ ၁၉၃၃ ခုနှစ်မှာ သူပိုင် မဂ္ဂဇင်းကလေးတစ်စောင် 'ကြီးပွားရေး'ကို စပြီး တည်ထောင်ပါတယ်။ အဲဒီတော့ သူ့အသက် ၂၃ နှစ် ရှိသေးတာပါ။ သူ့မှာ
မြူအလုပ်တစ်ဖက်နဲ့မို့ သူပိုင်ဆိုတာကို လျှို့ဝှက်ထားရပါသေးသတဲ့။
မူလအစီအစဉ်ကတော့ လခစား ၃
နှစ်လုပ်ပြီးရင် အလုပ်ကထွက်ဖို့ပဲ။ နို့ပေမယ့် သူထုတ်နေတဲ့ ကြီးပွားရေးမဂ္ဂဇင်းက
စထွက်ကတည်းက တစ်လထက် တစ်လတော့ လူကြိုက်များ အလာသား။ လူငယ်လူရွယ်တွေရဲ့
လက်ကိုင်မဂ္ဂဇင်း ကလေးလည်းဖြစ် အလာသားပဲ။ နို့ပေမယ့် စီးပွားရေး လိုကတော့
မြတ်တဲ့စွန်းတဲ့ မဂ္ဂဇင်း ဖြစ်မလာပါဘူး။ အဲဒါကလည်း စောင်ရေဘယ်လောက်များများ
ကြော်ငြာဘယ်လောက်ရရ ဦးလှ လုပ်နေသမျှတော့ အမြတ်အစွန်းထွက်ဖို့ မမြင်ပါဘူး။ သူ့ဟာက
စီးပွားရေးဆန်ဆန် လုပ်တာမျိုးမှ မဟုတ်ဘဲ။ အပျော်တမ်း ဝါသနာပါလို့
သူများဖတ်စေချင်လို့ ထုတ်တဲ့မဂ္ဂဇင်းမျိုးကိုး။ သူ့မှာ ဒီမဂ္ဂဇင်းက သူ့ဘာသာ
မလည်ပတ်တော့ လခစား အလုပ်ကရတဲ့ လခနဲ့ စိုက်ထိုးပြီး လှည့်နေရလို့ လခစားအလုပ်က
မထွက်နိုင်ဘဲ ကျားမြီးဆွဲမိသလို ဖြစ်နေရှာတာကလား။
ကျွန်မ ကျောင်းထွက်တော့မယ်၊
ထပ်မနေတော့ဘူး၊ အလုပ်ကလေး ဘာလေးလုပ်ရမလား စိတ်ကူးတယ်လို့ သူ့ဆီကို စာရေးတော့ ဦးလှက
'အလုပ်ဆိုလို့ လခစားအလုပ်တွေ
ဘာတွေလုပ်ဖို့ အစကတည်းက စိတ်မကူး၊ စမလုပ်ရင် ကောင်းမယ်။ သူ့လိုစလုပ်မိရင်
နောင်ခါကျ ထွက်ဖို့ခက်၊ ပစ်ဖို့ခက်၊ အပြင်က အကြံဉာဏ်ကိုလည်း ဘာမှမစဉ်းစားနိုင်နဲ့
တော်တော်လူစွမ်းလူစ တုံးတယ်'လို့ ၉-၆-၃၇ နေ့က ရေးပြီး
သတိပေးဖူးပါတယ်။ ဒါက သူ့ကိုယ်တွေ့ပေကိုး။
(၃) နှစ်နဲ့ ထွက်မယ်ဆိုတဲ့
လခစားအလုပ်ကို (၅) နှစ်နဲ့လည်း မထွက်နိုင်သေး။ (၆) နှစ်ရောက်တော့လည်း
မထွက်ဖြစ်သေးဘဲ ရှိနေတော့ သူ့ကိုယ်သူလည်း မကျေနပ်တော့ဘူး။ သူ့မှာ
တစ်ဝမ်းတစ်ခါးကလည်း မဟုတ်၊ သူ့သားသမီးလို ဖြစ်နေတဲ့ ကြီးပွားရေးမဂ္ဂဇင်းက
လိုရင်စိုက်ရဖြည့်ရ လုပ်နေရသေးတော့ အချိန်တန်ရင် လခမှန်မှန်ရတဲ့ ဒီအလုပ်ကို
မစွန့်ရဲသမို့ သူ့မှာ ကြိတ်မနိုင်ခဲမရ ဖြစ်နေတယ်ထင်ပါတယ်။ အဲဒီလို ရှိရတဲ့အထဲ
သူ့ရုံးက ခရစ္စမတ် ရုံးပိတ်ရက်ကြီးမှာ အလုပ်ဆင်းခိုင်း လို့ ဆင်းနေရလို့တဲ့။
'ရုံးပိတ်ရက်မှပဲ အလုပ်တွေ
များတယ်ဆိုပြီး တက်ခိုင်းတာနဲ့ ကျွန်တော်တို့ ရာပြတ်ရုံးတစ်ရုံးလုံး
ရုံးတက်နေကြတယ်။ လခ ၂၅ဝဝိ/- လောက် ယူထားကြတဲ့ မျက်နှာဖြူများကတော့ ဘာအရေးကြီးသလဲ
တက်မှာပေါ့။ သူတို့ကတော့ ပင်လည်း မပင်ပန်းဘူး။ ကျွန်တော်တို့ လူစုတွေကဖြင့်
လုပ်လည်းလုပ်ရ၊ နားခွင့်လည်းမရ ဖြစ်နေတာပဲ။ မင်းကြီးက ဖွင့်ခိုင်းတယ်လို့ပြောတော့
အနည်းဆုံး လက်မှတ်တော့ သွားထိုးရတယ်။ လျှောက်လွှာတွေကလည်း အိမ်ခွန်လျှော့ဖို့
လျှောက်ရတဲ့အချိန်မို့ တစ်နေ့တစ်နေ့ကို ၂ဝဝ-၃ဝဝ လာနေတယ်။ အဲဒီအထဲက ကျွန်တော့်အတွက်
၄-၅ဝ ပါတာပဲ။ ဒါတွေကို ဖတ်ရ၊ အိမ်တိုင်ရာရောက် စစ်ဆေးရ၊ အခွန်တော်ဖြတ်ထားတာ
မများဘူး၊ များတယ် ယှဉ်ပြရတာတွေဟာ တော်တော် အလုပ်ပိုတယ် အမာရယ်။ သူတကာတွေကတော့
မော်တော်ကားတွေ ဘာတွေ ရှိကြလို့ အပြင်ထွက်တယ်ဆိုရင် အလုပ်တွင်တာပေါ့။
ကျွန်တော်ဖြင့် ဝန်ထောက်ကားကို တစ်ခါတစ်ရံယူ၊ ဆန်းကဖေး ကိုထွန်းရင်ကြီးဆီက
တစ်ခါတစ်ရံငှား၊ တစ်ခါတရံလည်း ခြေကျင်တပ်သား ပီပီ ကုန်းကြောင်း နှက်တာပဲ။
အလုပ်နည်းရင်တော့ ပျော်ပါရဲ့၊
အလုပ်များလွန်းတော့ သိပ်စိတ်ညစ်စရာ ကောင်းတာကလား။
ကျွန်တော်တို့ ရုံးတွေမှာ အခုအချိန်ဟာ
လာဘ်စားလို့ အရကြဆုံးအချိန်ပေါ့။ တချို့လည်း ဒါနဲ့ပဲ သားတွေ ရှင်ပြု၊ တချို့လည်း
အိမ်ဆောက်နဲ့ စီးပွားဖြစ်ကြတယ်။ မိရင်လည်း ပြုတ်ကြတာပေါ့လေ။ ကျွန်တော်ပင်
ကားစုတ်လေးတစ်စီးလောက် ကြံဖန်ဝယ်ရမလားလို့ တစ်နေ့က လျှောက်ရှာသေးတယ်။ တော်တော်ကြာ
လာဘ်စားတယ်ဖြစ်မှာစိုးတာနဲ့ အသာနေရတယ်။ ကျွန်တော် ဆိုတာက အငယ်ဆုံးဖြစ်နေတော့
လူဟောင်းကြီးတွေကို တုလို့ မဖြစ်ဘူး။ သူတို့လိုလည်း မစားဝံ့ဘူး'လို့
၂၆-၁၂-၃၇ နေ့က ကျွန်မဆီရေးတဲ့ သူ့စာမှာ ပါပါတယ်။
နောက် ၃ လလောက်ကြာတော့ သူ့စိတ်ထဲမှာ
ဒီအလုပ်က ထွက်တော့မယ်လို့ အပြတ်ပိုင်းဖြတ်လိုက်ပုံရပါပြီ။ ကျွန်မကို ပြောပြတယ်။
ကျွန်မက သဘောတူပါတဲ့။ ကျွန်မအနေနဲ့က ဘာပြောတတ်မှာလဲ သူ့အကြောင်းကို။ စာနဲ့ သူပြော
သလောက်သိတာ။ သူ့ကြီးပွားရေးမဂ္ဂဇင်းအလုပ်တိုက်ကိုလည်း တစ်ခေါက်ရောက်ဖူးတာ
မဟုတ်တော့ သူ့အလုပ်က ထွက်ပါလည်း မပြောတတ်၊ မထွက်ပါနဲ့လည်း မပြောတတ်ဘူးပေါ့။
၂၁-၃-၃၈ နေ့စွဲနဲ့ သူရေးတဲ့ စာထဲမှာ 'ကျွန်ဘဝက
ကျွတ်ချင်ပြီ၊ (၇) နှစ်ကျော်ကျော် လက်အောက်ခံဘဝနဲ့ နေလာတာ အကျိုးမများဘူး။ (၃)
နှစ်တည်း လုပ်မယ်၊ ပိုက်ဆံ စုမယ်၊ ကိုယ်ပိုင်အလုပ်လုပ်မယ်လို့ ကြံတာပဲ။ အလကားပဲ
ပိုက်ဆံလည်း စုလို့မရဘူး။ ကျေးဇူးလည်း မမြင်ဘူး။ လစဉ်လခကလေး မှန်မှန်ရတာ ရှိတာပဲ။
အစွမ်းအစလည်း တုံးတယ်။ အလုပ် ပင်ပန်းတာ ကို ဂရုမစိုက်ပါဘူး။ နို့ပေမယ့်
အဲဒီခွန်အားတွေကို ဉာဏ်ဦးနှောက်နဲ့ အလုပ်နဲ့တွဲပြီး လုပ်ရရင်သာ ကောင်းမယ်။
အကျိုးများမယ်လို့ ထင်တယ်။ ဒီလိုနေလို့တော့ ဘယ်တော့မှ လူမွေး လူတောင်ပြောင်လို့
ရည်မှန်းထားတဲ့ အခြေအနေကို ရောက်မယ်မထင်ဘူး။ ရုံးက လူကြီးတွေ စိတ်ထဲမှာလည်း
နိုင်ငံရေးနဲ့ ပတ်သက်တယ်၊ ဘာတယ်ညာတယ် စသဖြင့် အမြဲအယူရှိတယ်။ စီအိုင်ဒီ (စုံထောက်)
အစီရင်ခံစာတွေ ကလည်း ရောက်တယ်။ အစ်ကိုကြီးကတော့လည်း ကျွန်ပီပီကြီးတော့လည်း
မလုပ်ချင်ဘူး။ နေ့တိုင်း လည်း ရက်ဆားမထူးချင်ဘူး။ ကြာကြာနေ သတ္တိတွေ မာနတွေ
ကျကုန်မှာ ရှော်ကုန်မှာ။
ဒါကြောင့် လခအပြည့်နဲ့ ခွင့် (၆) လယူ၊
လခတစ်ဝက်နဲ့ ခွင့် (၆) လ ယူနိုင်သေးတယ်။ ခွင့်ရက်ရှည် အတွင်းအပြင်မှာ
လုပ်ချင်တာတွေ လျှောက်လုပ်၊ နောက်ပြီး အလုပ်က ထွက်ပစ်ချင်တယ်၊ အဲဒါ တိုင်ပင်တာပဲ
ခွင့်ပြုစေချင်တယ်'
တဲ့။
၂၇-၃-၃၈ နေ့က ရေးတဲ့
စာတစ်စောင်ထဲမှာတော့-
'... အလုပ်ကို ခွင့်ယူပြီး
ထွက်ပစ်တာ ကောင်းပါတယ်။ ဒီလောက် လခကလေး မက်နေရင် ဘယ်တော့မှ စွန့်စွန့်စားစား
လုပ်ရဲကြံရဲမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားထားတဲ့ စိတ်လည်း
အလွန်နည်းသွား လိမ့်မယ်။ ဖေဖေတို့ကို ပြောလို့တော့ မဖြစ်သေးဘူး။
စိတ်ဆိုးနေလိမ့်မယ်။ အရင်းအနှီး ထုတ်မပေးတဲ့အပြင် သိပ်စိတ်ဆိုးနေမှာ။ အစ
ပထမအလုပ်လုပ်တုန်းကလည်း သူတို့မသိဘူး။ တစ်နှစ်လောက်ဟာ သူတို့ပေးနေတဲ့
လစဉ်ကြေးကလေးကိုလည်းယူ၊ အစ်ကိုကြီးက လည်း အလုပ်လုပ်နဲ့ အင်မတန်
ငွေဝင်လမ်းဖြောင့်တာပေါ့။ သူငယ်ချင်း မြို့ပိုင်ကိုလှမောင်က အဲဒီတော့ B.Sc မှာ ၂ နှစ်ကျနေတာနဲ့ သူ့အိမ်က စိတ်ဆိုးလို့ ကျောင်းမထား၊ အစ်ကိုကြီးက
ကျောင်းထားရတာပေါ့။ သခင်ဘသောင်းတို့ ခြံနားမှာပဲ အိမ်ကလေးတစ်အိမ် ငှားနေကြတယ်။
ကိုလှမောင် ကျောင်းပိတ်မှ 'ကျွန်တော် အလုပ်လုပ်နေပြီ၊
ငွေမပို့ချင် မပို့နဲ့တော့' လို့ ဆိုတာနဲ့ ငွေမပို့တော့တာဘဲ'တဲ့။ အဲဒီ ကိုလှမောင်က ဖြူးသခင် သန်းဖေရဲ့ အစ်ကိုပေါ့။
ဦးလှနဲ့ သူ့အဖေနဲ့က ခေတ်ရဲ့
ကွာဟချက်နဲ့အညီ အမြင်ချင်းလည်း အများအားဖြင့် ကွာဟနေကြတာပေါ့။ အဖေက ယူနီဗာစီတီ
ဆက်တက်စေချင်တယ်။ ရာထူးရာခံနဲ့ ဖြစ်စေချင်တယ်။ ဦးလှက ကျောင်းထွက်တယ်၊ အလုပ်ဝင်လုပ်တယ်။
ကိုယ် ပိုင်လုပ်ငန်း တည်ထောင်တယ်။ သူ့ကိုယ်ပိုင်လုပ်ငန်းက
ပွဲစားကုန်သည်အလုပ်မျိုးဆိုရင်လည်း အဖေကြီးက အစက သဘောမတူနဲ့ဦး၊ ဒီကောင် ဒါဝါသနာပါလည်း မဆိုးပါဘူးလို့
အောက်မေ့ရှာမှာပေါ့။ သူကိုယ်တိုင်က ငယ်ငယ်က ပိုးထည်ရောင်းခဲ့တဲ့ ပိုးကုန်သည်ကိုး။
ခုတော့ အဖေကြီး မဝင်ဆံ့တဲ့ စာပေလုပ်ငန်းဆိုတော့ လက်ရှိလုပ်ငန်း၊ လခလေး တော်တော်
ကောင်းလာပြီဖြစ်တဲ့ အရာရှိငယ်ဘဝကို စွန့်ပြီး သူတို့ ဘာမှန်းမသိတဲ့၊ ဘာမှ
မသေချာတဲ့အလုပ်ကို တွယ်မယ်ဆိုတော့လည်း သဘောမတူမှာက များမှာပေါ့။
ဦးလှ အလုပ်ထွက်တော့မယ်လို့ ပိုင်းဖြတ်ပြီး ခွင့်ယူထားတုန်း သူ့အဖေဆီကို
ခေတ္တသွားတယ်။ သွားတဲ့ အခါ အဖေက 'မင်းအလုပ် ပြန်မဝင်သေးဘူးလား၊ မင်း ငွေ
ဘယ်လောက် စုမိသလဲ။ မင်းမှာ လက်စွပ်ရှိသလား၊ လက်ပတ်နာရီ ရှိသလား၊ မင်းရတဲ့ လခ
နည်းတာ မဟုတ်ဘူး။ ပိုက်ဆံဟာ ဘယ်လိုကုန်တာလဲ။ မင်းနဲ့ အတူ ဘယ်သူတွေ နေကြသလဲ။ အိမ်လခ
ဘယ်လောက်ပေးရသလဲ၊ ဘာလို့ နာမည်ကြီးပြီး ပိုက်ဆံမရတဲ့ အလုပ်တွေ လုပ်ချင်တာလဲ။
မလုပ်ပါနဲ့တော့လား။ မင်း ငါ့စကားကို နားမထောင်လို့ ကောလိပ်မှာ နေဖို့ဆိုတာ
မနေချင်ဘူး။ ဘောလုံးပဲ ကန်ချင်နေတာလား။ ကြည့်စမ်း ဘယ်သူဟာ ဘာဖြစ် သွားပြီ' စသဖြင့် ဖေဖေက ပြောချင်ရာ လျှောက်ပြောတာ မာရဲ့။ ဒီတော့ အစ်ကိုကြီးက
နားမထောင်ချင်ဘူး။ မကြိုက်လို့ ဘယ်လိုနေနေ အိမ်မှာတစ်ညပဲ အိပ်ခဲ့တယ်။
အစ်ကိုကြီးကို သူချစ်ပါတယ်။ ဒါပေမယ့် အစ်ကိုကြီး လုပ်တဲ့အလုပ်ဆိုရင် ဘယ်တော့မှ
စိတ်ပါလက်ပါ အားမပေးဘူး။ တစ်ညအိပ် တာတောင် ဖေဖေက သီတင်းနေ့အလွန် တစ်ရက်နေ့တိုင်း
သူ့ကျောင်းက ကိုယ်တော် ၉ ပါးကို ဆွမ်းကျွေး တယ်ဆိုတာနဲ့ ကြုံနေလို့ အိပ်ခဲ့တာပဲ။
ရောက်တယ်ဆို တွေ့ကရာတွေ လျှောက်လျှောက်ဆူတာပဲ'လို့
ကျွန်မဆီကို ၁၅-၉-၃၈ က စာရေးပါတယ်။
သူ ၁ဝ တန်းအောင်ပြီး ယူနီဗာစီတီကို
အိမ်က ငွေပို့နေရဲ့နဲ့ မသွားဘဲနေတာနဲ့ ပတ်သက်ပြီး ကျွန်မဆီကို သူက ဘယ်လိုစာရေးဖူး
သလဲဆိုတော့-
'ကျွန်တော်ဟာ ဘီအေတို့
အမ်အေတို့ မအောင်ဘူး။ ခုခေတ်မှာ အဲဒါတွေကိုပဲ အကြီးအကျယ် မှတ်ယူထား ကြတယ်လေ။ 'ဒီခေတ်ကြီးထဲမှာ လူလာဖြစ်တဲ့ ငနဲဟာ သူ့ကိုယ်သူ ဒါတွေ အောင်အောင်
လုပ်ဖို့ကောင်းပါသေးတယ်။ အဲဒီလိုဆိုရင်လည်း ဆိုစရာပဲနော်။
နို့ပေမယ့် ခက်တာက ကျွန်တော်က
ဒါတွေကို အရေးကြီးတာတွေလို့ တစ်ခါမှ ရှိခိုးကလူ မပြုခဲ့ဖူးဘူး။ ကျောင်းမှာလည်း
အကြာကြီး မနေချင်ဘူး။ ကျွန်တော် ကျောင်းသားသက်ဟာ (၈) နှစ်တည်း ကြာတယ်။
ကျောင်းနေတုန်းမှာ နင်းကန် စာကျက်၊ နင်းကန် ကစားတာပဲ။ နို့ပေမယ့် ပိုပြီး
လွတ်လွတ်လပ်လပ် နေချင်တယ်။ ဆရာတွေ မျက်နှာထားဆိုးတာ၊ မသင်ချင်တဲ့ စာတွေကို သင်ရတာ
မကြိုက်ဘူး။ ဒါ့ကြောင့် သူများလို မအောင်တာဘဲ။ ဘွဲ့တွေ ဘာတွေ မရတာဘဲ။ တစ်ခါမှလည်း
ဝမ်းမနည်းဖူးဘူး'
လို့ ၁၇-၂-၃၈ နေ့က ရေးတဲ့ စာထဲမှာ ပါတယ်။ သူက ကျောင်းမှာ
ဘာသာစကားနဲ့ ပတ်သက်လို့ တော်ပေမယ့် အတွက်အချက် သင်္ချာဘာသာကို မကြိုက်ဘူးတဲ့။
ဦးလှက ၁၉၃၈ ခုဇွန်လမှာ အလုပ်က ခွင့် ၆
လယူပြီး ၁၉၃၈ ခု နိုဝင်ဘာလ ၁ ရက်နေ့မှာ အလုပ်က တစ်ခါတည်း ထွက်လိုက်တယ်။
မြူအလုပ်သမားအဖြစ်နဲ့ ၇ နှစ်ကျော် ကြာတာပေါ့။
အလုပ်မထွက်ခင် ၃ လ ကြိုပြီးတော့
ခွင့်ရက်အတွင်း မှာ မဂ္ဂဇင်းအပြင် စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို စပြီး လုပ်ပါတယ်။
ပထမဦးဆုံး ကလေးတွေအတွက် ရုပ်ပြ စာအုပ်ဖြစ်တဲ့ ကိုပြူး မပြုံးကို စာအုပ်ကလေးအဖြစ် ၁၉၃၈ သြဂုတ်လမှာ စရိုက်ပါတယ်။
အဲဒီ ကိုပြူး မပြုံးဟာ သူ့ ကြီးပွားရေးစာအုပ်တိုက်က နံပါတ် ၁ ထွက်တဲ့
စာအုပ်ကလေးပါပဲ။ ထွက်ပြီး (၃) လအကြာမှာ ကျောင်းသုံးဖြစ်ပါတယ်။ ကာတွန်းစာအုပ် ရာဇဝင်မှာလည်း
ကိုပြူးနဲ့ မပြုံးဟာ ပထမဆုံး ကာတွန်းစာအုပ် ဖြစ်မလားဘဲ။ ကိုပြူးနဲ့
မပြုံးထက်စောပြီး ကလေးဖတ်ဖို့ ကာတွန်းစာအုပ် ထွက်ဖူး တယ်ရယ်လို့ ကျွန်မ
မမှတ်မိဘူး။
အလုပ်ခွင်ထဲမှာ ရှိတုန်းကတော့
မျက်နှာဖြူအရာရှိကြီးတွေအနေနဲ့ သူ့ကို နိုင်ငံရေးစော်နံတယ်ထင်လို့ ကြိုက်မှ
ကြိုက်ပါ့မလားမသိဘူး။ ကျန်လူတွေကတော့ သူ့ဌာနမှူး ဦးဘိုးမြိုင်ကစပြီး အောက်က
ကုလားအလုပ်သမား ဒရဝမ်ထိအောင် ဦးလှကို ခင်မင်ကြသတဲ့။ နို့ပေမယ့် တန်းတူထဲကပဲ
ကုလားတွေကတော့ မနာလိုလို့ တွန်းကြတိုက်ကြ ခဏခဏ လုပ်တာခံရတယ်လို့ သူပြောဖူးပါတယ်။
ဦးလှ မြူနီစီပယ်မှာ လုပ်တုန်းက
ခင်မင်ခဲ့တဲ့ ဦးအေးမောင် (စကော့ဈေးဈေးဝန်ထောက်) ကတော့ ညီအစ်ကိုလို တစ်သက်လုံး
ခင်မင်သွားပြီး ဦးအေးမောင်ရဲ့ သားသမီးတွေအထိ ဦးလှက သံယောဇဉ်ရှိနေ
ခင်မင်တွယ်တာနေပါတယ်။ ကျွန်မနဲ့ အိမ်ထောင်ကျတော့ ကျွန်မပါ
ဦးအေးမောင်တို့အိမ်ထောင်စုနဲ့ ဆွေမျိုးလို ခင်မင်ရင်းနှီးရပါတယ်။
မြူနီစီပယ်မှာ ဦးလှ အလုပ်ဝင်ကတည်းက
ဘောလုံး ကန်ရတယ်။ ဦးလှက မြူနီစီပယ်ရဲ့ ပထမတန်း ဘောလုံးအသင်းမှာ ကစားတာပါ။ ၁၉၃၆
ခုနှစ်မှာ ဒီအသင်းက ဝါးတာလော့ ဒိုင်းရပါတယ်။ ဦးလှက ဆင်တာဖောဝပ်လို့ခေါ်တဲ့ ၅
ယောက်တန်း အလယ်လူအဖြစ်နဲ့လည်း ကစားပါသတဲ့။ လက်ဝဲအတွင်းလူ နေရာကလည်း ကစားခဲ့သတဲ့။
၁၉၃၈ ခုနှစ်က မြူနီ စီပယ်က
ဝါတာလော့ဒိုင်းရလို့ ဓာတ်ပုံရိုက်ပြီး သတင်းစာမှာ ဖော်ပြတဲ့ပုံထဲမှာလည်း ဦးလှ
ဘောသမား အဖြစ်နဲ့ ပါသေးတာပါ။ အလုပ်ဝင်ကတည်းက ထွက်တဲ့အထိ ကစားပေးခဲ့ရတယ် ထင်ပါရဲ့။
ဦးလှ ရန်ကုန်မှာ ၁၉၂၆ ခုနှစ်က စပြီး
၁၉၃၉ ခုနှစ် အထိ ၁၃ နှစ်ကြာနေခဲ့တယ်။ ပထမ ၃ နှစ်ကတော့ ဟိုက်စကူးကျောင်းမှာ
ကျောင်းသားဘဝနဲ့ နေတာမို့ ဟိုက်စကူးဘော်ဒါမှာပဲ နေတာပေါ့။ ကျန် (၁ဝ) နှစ်ကတော့
အပြင်မှာ (၄) နေရာ ပြောင်းပြီး နေဖူးပါတယ်။
ကျောင်းက ထွက်တဲ့နှစ် ၁၉၂၉ ခုကစပြီး
၁၉၃၁ ခုနှစ်အထိက ဗဟန်းက ရေတာရှည်လမ်း အိမ်အမှတ် (၉၃) မှာ ငှားနေတာပါ။ သူ့
အိပ်ခန်းကလေးက သမိုင်းဝင် တို့မြန်မာသီချင်း တိုက်နေတဲ့ သခင်ဘသောင်းနေတဲ့
ခြံနဲ့အနီးကလေး။ ဝိုင်အမ်ဘီ သခင်တင်တို့၊ သခင် ဘသောင်းတို့ ဒီသီချင်းတိုက် နေသံကို
နေ့တိုင်းကြားရတဲ့ အိမ်ကလေး ဖြစ်သတဲ့။ ဗဟန်း ရေတာရှည်လမ်းမှာ (၃) နှစ်လောက်
နေပြီးတော့ လူငယ်များ ကြီးပွားရေးအသင်းတိုက်ကို ပြောင်းလာခဲ့တယ်။ အဲဒီ အသင်းတိုက်က
စကော့ဈေး အရှေ့ဘက်တန်းက ဆိုင်ခန်း နံပါတ် (၁၇၂) ဖြစ်ပါတယ်။ လူငယ်များ ကြီးပွားရေး
အသင်းက တည်ထောင်စမို့ တိုက်ခန်းကောင်းကောင်း မငှားနိုင်သေးတဲ့အချိန်မှာ
စကော့ဈေးထဲက ဆိုင်ခန်းတစ်ခန်းကို ငှားရမ်းဖွင့်လှစ် ထားရတဲ့ အချိန်မျိုးပေါ့။
ဆိုင်ခန်းငှားခဟာ တစ်လ ၃၅ိ/- ဖြစ်တယ်။ နို့ပေမယ့် အသင်းကိုတော့ လူငယ်များ
အသင်းမို့ မြူနီစီပယ်က ထက်ဝက်နှုန်းပဲယူလို့ တစ်လ ၁ရိ/-ပဲ ပေးရတယ်။ ဒီဆိုင်
ခန်းမှာပဲ အသင်းက စာကြည့်တိုက်ဖွင့်ထားတယ်။ အသင်းရှိတဲ့ စကော့ဈေးအရှေ့ဘက်တန်း မြောက်ဖျားဟာ
အဲဒီတုန်းကတော့ သစ်သီးသည်တွေ၊ မီးသွေးသည်တွေ၊ သံဖြူဆရာတွေ ရှိတယ်။ အများအားဖြင့်
ဆိုင်ခန်းမှာပဲ နေကြရတဲ့ လူဆင်းရဲတွေ။ ဦးလှက လူငယ်များ ကြီးပွားရေးအသင်း
ဆိုင်ခန်းရဲ့ ထပ်ခိုးပေါ်မှာ (၃)နှစ် လောက်နေခဲ့တာ ဖြစ်တယ်။ စားတော့ ထမင်းဆိုင်၊
အိပ်တော့ ထပ်ခိုးပေါ်၊ ရေချိုးတော့ ဈေးရေဘုံပိုင်၊ သွားတော့ ဈေးအိမ်သာ။
အဲဒီလို ဆင်းဆင်းရဲရဲ နေရတဲ့ဘဝမှာပဲ
သူ့အတွက် တစ်သက်တာ အသုံးချနိုင်တဲ့ အလေ့အကျင့်ကောင်းတွေကို ဒီအခန်းလေးထဲက
လေ့ကျင့်သွားခဲ့တယ်။ ကျန်းမာရေးအတွက် အလေးမတာ၊ အိန္ဒိယတင်းဘုတ်ကစားတာ
ဒီအခန်းကလေးထဲမှာပဲ။ အသံထွက်ပြီး စာဖတ်တာ၊ သီချင်းဆိုတာ၊ စကားပြော လေ့ကျင့်တာ
ဒီအခန်း ကလေးထဲမှာပဲ။ သူပါထားတဲ့ ဘောလုံးအသင်းအတွက် သွားသွားဘောလုံး ကစားတာလည်း
ဒီအခန်းကလေးထဲကပဲလို့ ၂၇-၉-၆၅ နေ့ ထုတ် လူထုသတင်းစာမှာ သူရေးနေကျ သောင်းပြောင်း
ထွေလာခန်းမှာ ရေးပြထားပါတယ်။
ဦးလှက ဒီဈေးထဲနေရင်း လူငယ်များ
ကြီးပွားရေး အသင်းကဖွင့်တဲ့ ညကျောင်းမှာ ဆရာဝင်လုပ်ပေးတယ်။ ဈေးအိပ်ဈေးစား ဈေးသည်
သားသမီးတွေထဲက ပညာ မသင်နိုင်တဲ့ကလေးတွေကို စာသင်ပေးဖို့ စေတနာ့ဝန်ထမ်း
ဖွင့်တဲ့ညကျောင်း။ ဒါကြောင့် အသင်းသားတွေ ဝိုင်းသင်တာ ဖြစ်ပေမယ့် မိုးရွာလို့
အကြောင်းကိစ္စရှိလို့ စာသင်မလာနိုင်တဲ့ အသင်းသားကိုယ်စားလည်း ဦးလှက
လူစားဝင်သင်တယ်။ သူက အသင်းတိုက် ဘော်ဒါဆိုတော့ ဒိုင်ခံသင်တဲ့ ဆရာတဲ့လေ။ သူ့မှာ
ဈေးမှာပဲ ပညာယူ၊ ဈေးမှာပဲ ပညာပေးနဲ့ (၂) နှစ်လောက် နေမိတော့ တော်တော် အရည်အချင်း
ရှိလာသတဲ့။ ဒီလို ရှိလာတဲ့အခါ ကြီးပွားရေးအသင်း အမှုဆောင်အဖွဲ့ရဲ့ ခွင့်ပြုချက်အရ
ကြီးပွားရေး မဂ္ဂဇင်းကို ဒီဈေးမှာနေရင်း စတင်ထုတ်ဝေ ဖြန့်ချိနိုင်ခဲ့သတဲ့။
ကြီးပွားရေး မဂ္ဂဇင်းမွေးဖွားရာ
နေရာဟာ ဆိုင်နံပါတ် ၁၇၂ စကော့ဈေး အရှေ့ဘက်တန်းပါပဲ။ မဂ္ဂဇင်း စထုတ်ဝေတော့
ဒါလောက်ကျဉ်းတဲ့ နေရာကလေးမှာ ကြာကြာဆက်ပြီး နေလို့မရတော့ဘူး ထင်ရဲ့။ ၁၉၃၄ ခု ဇွန်လ ထုတ်ကစပြီး မောင်ဂိုမာရီလမ်း
(ဗိုလ်ချုပ်လမ်း) တိုက်နံပါတ် (၃၁၅) ကို
ပြောင်းပါတယ်။ သူပြောင်းတဲ့ တိုက်ကြီးက အခန်း (၁ဝ) ခန်း၊ အထပ် (၄) ထပ်ရှိတဲ့ (၃၅)
လမ်းနဲ့ ဘားလမ်း (မဟာ ဗန္ဓုလပန်းခြံလမ်း) ကြားက မြေပေါ်အပြည့်ဆောက်ထားတဲ့
တိုက်ကြီး၊ ပလီတစ်လုံးက ပိုင်တာ။ တစ်လကို တိုက်လခ ပလီရန်ပုံငွေ တစ်ထောင်ကျော်
ရသတဲ့။ သူ့ အခန်းနံပါတ် (၂၆) က (၃) ထပ်မှာ ရှိပါတယ်။ အောက်ဆုံး မြေညီပထမထပ်မှာ
ပန်းသေးခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဟင်းနဲ့ ပလာတာဆိုင် (၂) ဆိုင်၊
စာအုပ်ဆိုင်၊ ကြိမ်ကုလားထိုင်နဲ့ ကလေးပုခက်ဆိုင်၊ တူရိယာဆိုင်တွေ ရှိသတဲ့။
ဒုတိယအထပ်မှာ မျိုးညွန့်ရုပ်ရှင်ကုမ္ပဏီ၊ ရွှေပြည်စိုး ရုပ်ရှင်ကုမ္ပဏီ၊ လှယဉ်ယဉ်
ဂျာနယ်တိုက်၊ ဖိုင်းအတ်စတူဒီယို၊ ဦးဘလုံ ပန်းချီကျောင်းနဲ့ အလုပ်ခန်း၊ မြန်မာပြည်
ကျောက်သံပတ္တမြား တူးဖော်ရေးကုမ္ပဏီ၊ ဒီဒုတ်ဘလောက်တိုက်၊ သခင်အဖွဲ့တို့ ရှိကြတယ်။
တတိယအထပ်မှာ စီးပွားရေးသမား နေတာဆိုလို့ ကြီးပွားရေးပဲရှိတယ်။ ကျန်အခန်းတွေက
လူနေရင်နေ၊ မနေရင် အခန်းလွတ်တွေ။ ကြီးပွားရေးကို ရောက်အောင် လှေကားထစ်ပေါင်း (၄ဝ)
တက်ရသတဲ့။ အဲဒီ တတိယထပ်အခန်းရဲ့ ဝရန်တာကနေပြီး ရွှေတိဂုံစေတီတော်ကြီးကို အပြည့်အဝ
ဖူးနိုင်တာမို့ ဘုရားစင် မထားဘဲနဲ့တောင် ဖြစ်သတဲ့။
အဲဒီ (၄) ထပ်တိုက်မှာ နေခဲ့တုန်းက
ရုပ်ရှင်ကုမ္ပဏီတွေသာ အခန်းနီးချင်း ဖြစ်ခဲ့သေးတာ မဟုတ်ဘူး။ ဒါရိုက်တာ ဦးဉာဏ၊
ဇာတ်လိုက် ကိုဘတင့်နဲ့ လူရွှင်တော် စံပတို့လည်း နေသေးတော့ မနက်ဆိုရင် ကုမ္ပဏီက
ကားတွေနဲ့ ဒီလူတွေကို လာလာခေါ်တယ်။ ဒါကြောင့် အိမ်နီးချင်း ရုပ်ရှင်သမားတွေအပြင်
ဒါရိုက်တာ ဆရာရွှေ၊ ကိုအေးကို၊ မှတ်ကြီးတို့နဲ့ပါ ခင်မင်ရင်းနှီးနေသတဲ့။
အဲဒီ (၄) ထပ်တိုက်ကြီးက (၃) ထပ်မှာ
(၂) နှ ကျော်ကျော်နေခဲ့ပြီး ၃ဝ-၉-၃၆ မှာ မောင်ဂိုဟာရီလမ်းကနေပြီး အခန်းနံပါတ်
(၂၂၇)၊ (၃၈) လမ်းကို ပြောင်းရွှေ့ပါတယ်။ အဲဒီ (၃၈)လမ်းမှာ အနေကြာပါတယ်။ ဦးလှ
မန္တလေးကို ပြောင်းတဲ့အထိပါပဲ။
သူ လေးထပ်တိုက်ကြီးမှာ
နေခဲ့တဲ့အကြောင်း ရေးထားခဲ့တာကလေးကို ဖတ်ကြည့်ကြပါဦး။
လေးထပ်တိုက်
လေးထပ်တိုက်ကား ကြီးလည်းကြီး၏။
မြင့်လည်း မြင့်၏။ လှလည်း လှ၏။ အခန်းတွေလည်း များ၏။ လူ့ပြည်ကို တစ်ကြိမ်တစ်ခါမျှ
မရောက်ဖူးသော ဗြဟ္မာမင်းကြီးသည် ဤခိုအိမ်အကြီးစားနှင့်တူသော လေးထပ်တိုက်ကြီးကို
မြင်ပြီး နောက်ဗြဟ္မာသတင်းထောက်တို့အား လူတို့၏အကြောင်းကို ပြောရမည်ဖြစ်ငြားအံ့။ 'လူဆိုသည်မှာ
အသိုက်အခေါင်းထဲတွင် နေသည့် အတောင်မရှိသတ္တဝါတစ်မျိုး ဖြစ်သည်' ဟုပင် ဆိုကောင်းဆိုပေလိမ့်မည်။
မောင်ကံကောင်းတို့ နေခဲ့သော ၄
ထပ်တိုက်ကြီးကား အခန်းပေါင်း ၄ဝ ရှိ၏။ တိုက်လခ တစ်လလျှင် တစ်ထောင်
ကျော်ရလေတော့သည်။ ထိုတိုက်ကြီးသည် လူတစ်ဦး တစ်ယောက်၏ ပစ္စည်းမဟုတ်။ ဗလီလူကြီးများ
အုပ်ချုပ်၍ ဗလီ ရန်ပုံငွေရရန်အတွက် 'ငွေပင်'ကြီး ဖြစ်လေသည်။ ၂ နှစ်တိုင်တိုင် ထိုတိုက်ကြီးပေါ်တွင် နေခဲ့သည်များကို
အသို့လျှင် မှတ်တမ်းမတင်ဘဲ ဖြစ်နိုင်ပါအံ့နည်း။ မှတ်တမ်းတင်ရချိမ့်မည်သာ။
မောင်ဂိုမာရီ (ဗိုလ်ချုပ်)လမ်းသို့
မျက်နှာမူကာ ဘားလမ်း (မဟာဗန္ဓုလပန်းခြံလမ်း)နှင့် (၃၅)လမ်း အကြားရှိ
မြေကွက်ကြီးတစ်ကွက်လုံးကို တစ်ပေသားမျှ အလျှော့မခံဘဲ ဆောက်လုပ်ထားသော
ဤတိုက်ကြီးကား ရန်ကုန်မြို့တွင် လူစည်ကားဆုံးနေရာ အကောင်းဆုံး၊
အကွက်အဆိုက်ဆုံးနေရာကြီး တစ်ခုဖြစ်လေသောကြောင့် အလုပ်ဆိုင်၊ တိုက်များနှင့်
ဈေးဆိုင်တို့၏ ပျော်မွေ့ရာအရပ်ကြီး ဖြစ်လေသည်။ မည်သို့သော အလုပ်တိုက်များ၊
မည်သို့သော ဈေးဆိုင်များ ရှိပေသနည်း။ စစ်ဆေးကြည့်ရအောင်။
ပန်းသေးခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်နှင့်
ထမင်းဟင်း၊ ပလာတာ၊ ကာကာဆိုင်ကြီး ၂ ဆိုင်၊ စာအုပ်ဆိုင် ၃ ဆိုင်၊
ကြိမ်ကုလားထိုင်များနှင့် ကလေးပုခက်ဆိုင်၊ တူရိယာဆိုင်တို့ကား အောက်ဆုံးထပ်တွင်
ရှိကြလေသည်။ ဒုတိယအထပ်တွင်ကား မျိုးညွန့်ရုပ်ရှင် ကုမ္ပဏီ၊ ရွှေပြည်စိုးရုပ်ရှင်
ကုမ္ပဏီ၊ လှယဉ်ယဉ်ဂျာနယ်တိုက်၊ ဖိုင်းအတ်စတူဒီယို၊ ဦးဘလုံ၏ ပန်းချီကျောင်းနှင့်
အလုပ်ခန်း၊ မြန်မာပြည် ကျောက်သံပတ္တမြား တူးဖော်ရေးကုမ္ပဏီ၊ ဒီဒုတ် ဘလောက်တိုက်၊
သခင်အဖွဲ့တို့ ဖြစ်ကြ၏။ တတိယထပ်နှင့် စတုတ္ထအထပ်များကိုကား ကုန်သည်များ မသုံးကြ။
ကျူးကျူးကျော်ကျော် ၃ထပ် ပေါ်သို့
ရောက်နေသောအလုပ်ဌာနတစ်ခုကား 'ကြီးပွားရေး' ပင်
ဖြစ်လေသည်။ နံပါတ် ၂၆၊ ၃၁၅ မောင်ဂိုမာရီလမ်းဟု လူတကာ သိကြသည်တည်း။
လှေကားအထစ်ပေါင်း ၄ဝ ခန့် တက်ရမှ
ရောက်နိုင်သောဌာနတွင် အလုပ်တိုက်ကို ထားရပါမည်လောဟု မိတ်ဆွေအပေါင်းတို့သည်
မောင်ကံကောင်းအား မကြာမကြာ ဆူကြပူကြလေသည်။ ဆူသူပူသူတို့သည် များသောအားဖြင့်
တက်လူများမဟုတ်ကြ။ တက်လူများ ဖြစ်ဘိမူ လှေကား အထစ် ၄ဝ လောက် တက်ရသည်ကို ညည်းတွားစရာ အကြောင်းမရှိ။ အမြဲနေထိုင်ကာ
အကြိမ်ပေါင်းများစွာ နေ့စဉ် ဆင်းတက်နေသူများ၊ ဘိုင်စကယ် ကြီးကိုထမ်း၍
တင်ချနေသူများပင် မညည်းလျှင် တစ်ခါတစ်ခါမျှ အလည်လာသော မိတ်ဆွေတို့သည် အဘယ်မှာလျှင်
ညည်းတွားသင့်ကြသနည်း။ နိဗ္ဗာန်ကို လှေကားနှင့်တက်မှ ရောက်မည်ဟု ဆိုချေသော် ကျွန်ုပ်တို့
မိတ်ဆွေများသည် ကျန်ခဲ့မည် မဟုတ်ပါလော၊ လူအိုများ ပျော့လှသကိုး။
နံနက်စောစော အိပ်ရာကထ၊ လောကီလောကုတ်
ပြုဖွယ်ဝတ္တရားတို့ကို ပြု။ အလုပ်ဆင်းရန် ဘောင်းဘီတိုကိုဝတ်၊ ရေလုံသော
ဖိနပ်ထူကြီးကို စီးပြီးလျှင် မှန်တွင် ကြည့်သည့်အခါ မောင်ကံကောင်းသည် မိမိကိုယ်ကို
တရုတ်လက်သမားနှင့် တူသည်ဟူ၍ ချီးမွမ်းမိလေသည်။ နံနက်ခင်း၏ သာယာခြင်း၊
နေမင်းထွက်ပြူလာပုံကို စောင့်၍ ကြည့်ရခြင်းတည်းဟူသော အရသာများကာ ဆီမပါ၊ ဆားမပါ၊
ချိုလည်းမချို၊ ချည်လည်း မချဉ်၊ စိတ်ရွှင်ကြည်လင်ခြင်း ဖြစ်လေသည်။ လေးထပ်တိုက်တွင်နေသော
ဗုဒ္ဓဘာသာတို့သည် ဘုရားစင်မထားဘဲ ပထမတန်း စေတီတော်ကြီးကို ကိုးကွယ်နိုင်၏။
ရွှေတိဂုံကိုယ်တော်ကြီးကို ဝရန်တာမှ နေကာ အားရပါးရ ဖူးမြော်နိုင်သည်ကို ဆိုလိုသည်။
နာရီမဝယ်လို သူတို့ကား မီးရထားဘူတာမှ နာရီစင်ကြီးကို အသုံးချ နိုင်လေသည်။
ညနေခင်း မောမောပန်းပန်းနှင့် အလုပ်က
ပြန်လာသောအခါ ဝရန်တာသို့ ထွက်ကာ ရှေ့တည့်တည့် ရှုမျော်ခင်းကို ကြည့်ရင်း
အသက်မှန်မှန်ရှုရှိုက်ရသော သုခကလေးကို မောင်ကံကောင်းသည် အသို့လျှင်
မေ့နိုင်ပါအံ့နည်း။ ညနေခင်း ရုပ်ရှင်ပွဲများသို့ သွားကြသော လန်ချားနှင့်စုံတွဲ၊ မော်တော်ကားနှင့်
စုံတွဲ၊ မြင်းရထားနှင့် စုံတွဲများကို ကြည့်ကာ သွားရည်ကျနေ ခြင်းသည်ပင်
ဆွေမျိုးများကို မေ့စရာဖြစ်လေတော့သည်။ စုံတွဲတို့အနက် အားကျစရာ 'ရွှေနှင့်မြနေနှင့်လ'
တွေလည်း ပါကြ၏။ ဝတုတ်ပြဲကြီးနှင့် ငါးဖောင်ရိုးခြောက်တို့ကိုလည်း
တွေ့ရ၏။ ပုပုကွကွ ယောကျ်ားနှင့် လန်ဘားမများကိုလည်း တွေ့ရ၏။ မည်သို့ပင်
အချိုးအစားမကျန ရှေ့သွားနောက်လိုက် မညီစေကာမူ သူတို့တစ်တွေမှာ
ပြုံးလားရွှင်လားနှင့်သာ ဖြစ်ကြလေသည်။
ရုပ်ရှင်ကုမ္ပဏီမှ အလုပ်သမားများကို
လိုက်၍ခေါ်သော မော်တော်ဘတ်ကြီးများသည် နံနက်စောစောသော် မောင်ကံကောင်းတို့၏
တိုက်ရှေ့သို့ ရောက်ကြ၏။ မောင်ကံကောင်းအား ဇာတ်လိုက်မင်းသား ဖြစ်သောကြောင့်
လာ၍ခေါ်သည် မဟုတ်။ ဒါရိုက်တာ ဦးဉာဏ၊ ဇာတ်လိုက်မင်းသားကြီး မောင်ဘတင့်နှင့်
စံပတို့ကို လာ၍ ခေါ်ကြခြင်း ဖြစ်လေသည်။ ဒါရိုက်တာ ဆရာရွှေ၊ ဦးဉာဏ၊ ကို ခင်အောင်၊
ကိုဧကိုနှင့် စံပ၊ မှတ်ကြီးတို့ကား ရုပ်ရှင် ဘက်ဆိုင်ရာ မောင်ကံ ကောင်း၏
ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြ၏။ ထိုပုဂ္ဂိုလ်များနှင့် ပေါင်းသင်းခြင်း၏
ရည်ရွယ်ချက်ကား တစ်နေ့သော် ဇာတ်လိုက်မင်းသား ဖြစ်လိုဖြစ်ငြား မျှော်လင့်သောကြောင့်
မဟုတ်။ (ဖြစ်ခါမှ ဖြစ်ကရော)
ဇာတ်လိုက်မင်းသမီး ကလေးများကို ပိုးပန်းလို၍လည်း မဟုတ်၊ (ကြိုက်ခါမှ
ကြိုက်ကြရော) အလိုလို ခင်မင်သောကြောင့်သာ ဖြစ်လေသည်။
မောင်ကံကောင်းတို့ သီတင်းသုံးရာ
အခန်းနံပါတ် ၂၆ ကား နဂါးပြည်နှင့် အလွန်တူ၏။ အရှေ့ ၂ခန်း၊ အနောက် ၂ ခန်းတွင် မည်သူ
မျှ မနေနိုင်။ ပူပြင်းလှသောကြောင့် ဖြစ်တန်ရာသည်။ အရှေ့ဘက်ခန်းကား အခ
လွတ်အိပ်ခန်း။ အနောက်ဘက်ခန်းကား မောင်ကံကောင်း၏ 'ကစားခန်း' ဖြစ် တော့၏။ ၃ ထပ်ပေါ်တွင် တိုက်ခန်းတစ်ခန်းကို ငှားရသော
အကျိုးကျေးဇူးတို့ အနက် ဘေးခန်း ၁ ခန်း ၂ ခန်းကို အချောင်သုံးရတတ်ကြောင်း
မောင်ကံကောင်းသည် ဘယ်သူ့အားမှ ဖွင့်မပြော၊ ဤကား လျှို့ဝှက်သော ကိစ္စကြီးတစ်ခု
ဖြစ်လေသည်။
တစ်နေ့သော် မောင်ကံကောင်းသည် သူရိယ
ဦးသိန်းမောင်၊ ဆရာ ဦးထွန်းသန်းနှင့် စာရေးဆရာ မဟာဆွေတို့အား လက်ဖက်ရည်သောက်နှင့် 'ခြင်းကစား'
ဖိတ်၏။ စိမ်းလန်းသာယာသော ပန်းခြံတစ်ခုကို မျက်စိထဲတွင်
မြင်၍လိုက်ခဲ့သော ခြင်းသမားကျော် မိတ်ဆွေတို့သည် ၃ ထပ်တိုက်ပေါ်တွင်
ခြင်းကစားရသောအခါ ရယ်လို့မဆုံး တပြုံးပြုံးဖြစ်လေတော့သည်။ မကွေးမြို့က ကိုအုံးဖေနှင့်
မိတ်ဆွေများကိုလည်း ဤ ၄ ထပ် တိုက်ပေါ်တွင် ခြင်းဝိုင်းနှင့် ဧည့်ခံလိုက်ဖူးသည်
မဟုတ်ပါလော။
လူဆိုးကြီးများပင် မိမိတို့
လူသတ်ခဲ့သောနေရာသို့ ပြန်ကြည့်လိုစိတ်ဖြစ်ပေါ် တတ်ရကား မောင်ကံကောင်းသည်
မိမိနေရာဟောင်းကလေးကို အသို့လျှင် မေ့နိုင်ပါအံ့နည်း။
မိမိအခန်းကလေး၌ 'ငှားရန်ဖြစ်သည်'
(Tolet) ဟူ၍ ဆိုင်းဘုတ်ကလေး ကပ်ထားသည်ကို မြင်ရခြင်းကပင်
မောင်ကံကောင်း၏ စိတ်တွင် မသက်သာ၊ လွမ်းသလိုလို၊ ဆွေးသယောင်ယောင် ဖြစ်တော့၏။ သြော်
... သံယောဇဉ် ကြီးပါတကား။
စံလှပေါ်-ဦးအရိယကျောင်းသား
ကြီးပွားရေးမဂ္ဂဇင်း
၁၉၃၆၊
အောက်တိုဘာ-နိုဝင်ဘာ၊
တွဲ (၅)၊ မှတ် (၁)
ဆက်လက်ဖော်ပြပါမည်။
လူထုဒေါ်အမာ
(အမှတ် ၁၉၅၊ ဖေဖော်ဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
သူ့မိတ်ဆွေသင်္ဂဟ၊ သူနဲ့ဆက်ဆံတဲ့လူ၊ သူ့ တပည့်သားမြေးတွေ၊ အားလုံးအပေါ်မှာကိုပဲ အလွန်ပြေပြစ်အောင် ဆက်ဆံပါတယ်။ သူက ကျွန်မကို တစ်ခါပြော ဖူးတယ်။ သူ ဘယ်သူနဲ့ မိတ်ဆွေဖြစ်ရဖြစ်ရ၊ အဲဒီလူနဲ့ သူ တစ်သက်လုံး မိတ်ဆွ...
ဦးလှက ဘယ်သားသမီးကိုမဆို သိပ်ချစ်၊ သိပ်အလိုလိုက်တာပါ။ သူ ဘယ်ကလေးမှ ရိုက်နှက်ဆုံးမတာမျိုး မရှိပါဘူး။ ကလေးတွေကလည်း သူ့ သန္ဓေပါတယ် ထင်ပါရဲ့။ မဆိုးကြပါဘူး။
၁၉၃၉ ခု နိုဝင်ဘာလ ၁၃ ရက်(၁၃၀၁ တန်ဆောင်မုန်းလဆန်း ၃ ရက်) နေ့ ညမှာ ကျွန်မမိဘတိုက်မှာပဲ အရပ်ထဲက လူတွေရယ်၊ ဆွေးမျိုးရယ်၊ အလွန်ရင်းနှီးတဲ့ မိတ်သင်္ဂဟရယ် အားလုံးမှ လူ (၁၅၀) လောက်ဖိတ်စာမပါ ပါးစပ်ဖိတ် ဖိတ်ပြီ...