ခိုင်နုလေး၊တောင်ကုတ်၊
အပိုင်း (၁)
'ရထားလက်မှတ်
နှစ်စောင်ပေးပါ'
ရဲဝင်း ရောက်မလာခင်မှာ
လက်မှတ်ကြိုဝယ်ထားရန် ဆုံးဖြတ်လိုက်ခြင်းပါ။ ထိုစဉ် မွှေးတာကိုပဲသိပြီး
အမျိုးအစားမသိသော ရေမွှေးနံ့လေးက သူ့နှာခေါင်းကို လာရောက် ကျီစယ်သည်။
'ဒီက အစ်ကို...လက်မှတ်
ဝယ်ပြီးသွားပြီလား'
လှည့်အကြည့်မှာ
သေသပ်လှပသော နီထွေးထွေး နှုတ်ခမ်းလေးတစ်စုံကို အရင်ဦးဆုံး မြင်သည်။ သူ
မမြင်ဖူးသလို နောက်ထပ်လည်း ရှိနိုင်မည် မထင်သော အသွင်လေးတစ်ခုအဖြစ် အရင်ဦးစွာ
အသိအမှတ်ပြုလိုက်ပြီး။
'ဝယ်နေတုန်းပါ...
ဘာဖြစ်လို့လဲ'
'အဟော်...ကျွန်မလေ...ဒီလက်မှတ်လေး
ပြန်ရောင်းချင်လို့ပါ'
ဝယ်ပြီးမှ
ပြန်ရောင်းမည်ဆိုတော့ အခက်အခဲတစ်ခုကြောင့် ထင်သည်။ သူ့အတွက် ကူညီဖို့
အခွင့်အလမ်းရတာမို့ 'ရောင်းလေ ကျွန်တော် ဝယ်ပါ့မယ်' လို့ သူမကို ပြန်ပြောလိုက်ပြီး လက်မှတ်ရောင်းတဲ့ပုဂ္ဂိုလ်ကိုလည်း
တစ်စောင်ပဲ ပေးတော့ဟု ပြောလိုက်သည်။ သူမဆီက လက်မှတ်ကို လှမ်းယူပြီး
ပိုက်ဆံထုတ်ပေးလိုက်တော့ သူမက ကျေးဇူးတင်စကား ပြောလာသည်။ 'ရပါတယ်
အရေးမကြီးပါဘူး' ဆိုတော့ ပြုံးပြပြီး သွားလိုက်ပါဦးမယ်တဲ့။
လှလိုက်တဲ့ အပြုံးဗျာ။ အိတ်ထဲ ထည့်လို့ရရင် ထည့်သွားလိုက်ချင်တဲ့ထိ။ သူမ
ထွက်သွားရာကို လိုက်ကြည့်မိသည်။ အဲဒီလမ်းထဲကပဲ ရဲဝင်းက ထွက်လာမှာဆိုတော့ အချိန်က
နာရီဝက်လောက်တော့ အားနေသေး၍ ရဲဝင်းလာလျှင် လှမ်းမြင်နိုင်မည့် 'အအေးဆိုင်'သို့ ထွက်လာခဲ့သည်။
□
အပိုင်း
(၂)
ဆိုင်ထဲသို့ ဝင်လိုက်တော့
တိုက်တိုက်ဆိုင်ဆိုင် သူမနှင့် တွေ့ရပြန်သည်။ သူ့ကို မြင်တော့ အပြုံးလေးနှင့်
နှုတ်ဆက်သည်။
'အအေး လာသောက်တာလား'
သူခေါင်းညိတ်ပြလိုက်ပြီး ဆိုင်ဝမှာ
နေရာလပ်ရှိလျက်နှင့် သူမခုံနှင့် မျက်နှာချင်းဆိုင် စားပွဲမှာ ဝင်ထိုင်သည်။ သူမက
အအေးကို တစ်မြုံ့မြုံ့သောက်ရင်းက သူ့ကိုကြည့်ရင်း ပြောသည်။
'ကျွန်မလည်းလေ... မမဆီ
မရောက်တာကြာပြီ၊ သိပ်ကိုသွားချင်လွန်းလို့ ဝယ်လိုက်မိတာပါ။ ခုမှ အရေးတကြီး
ကိစ္စတစ်ခုက ပေါ်လာလို့ နောက်ဆုတ်လိုက်ရတာ'
'ဟုတ်လား...ညီမက ဒီကပဲလား'
'ဟင့်အင်း...မန္တလေးကပါ၊
ဒီကိုပြောင်းလာတာ မကြာသေးပါဘူး၊ မမက မန္တလေးမှာလေ'
'သြော်...'
သူ သူမလို စကားများများ ပြောတတ်ပါသည်။
သို့ပေမယ့် သူမ ပြောနေပုံလေးကို ကြည့်နေချင်၊ နားထောင်နေချင်စိတ် အလိုလို
ဖြစ်ပေါ်နေမိတာမို့ စကားလေး နည်းနည်းစပေးလိုက်၊ သူမပြောတာကို နားထောင်လိုက်
လုပ်နေရခြင်းပါ။
'ဒါဖြင့်လည်း ညီမရဲ့အစ်မဆီကို
ဖုန်းဆက်ပြောလိုက်ပေါ့'
'ဆက်မှာပါ...ကျွန်မက မမနဲ့
မျက်နှာချင်းဆိုင် စကားတွေ တစ်ဝကြီး ပြောချင်လို့လေ၊ ဒါနဲ့ အစ်ကိုကရော ဘယ်ကလဲ'
'ကျွန်တော်က ဒီကပါ၊ ခု
မန္တလေး သွားမလို့'
'ဟင်ဟုတ်လား၊ ဒါဆို
တစ်ခုလောက် ကူညီပါဦး၊ မမ သတိရရင် ဖတ်နေလို့ရအောင် စာထည့်လိုက်ချင်လို့ပါ၊
ဖြစ်ပါ့မလား အစ်ကို'
'ရပါတယ်...လိပ်စာသာ
အပြည့်အစုံ ပေးလိုက်ပါ။ ပြီးတော့ ဟိုက စာပြန်ထည့်ရင်လည်း လာပေးလို့ရအောင် ညီမရဲ့
လိပ်စာလည်း ကျွန်တော့်ကို ပေးထားပါ' ဆိုတော့ သူမရဲ့
မျက်နှာလေး ဝင်းလက်သွားလိုက်တာ ဘဲဥလေး ရေဆေးထားတဲ့ အတိုင်းပဲ။
'ဟင်...အစ်ကိုက ဒီကို
ပြန်လာဦးမှာလား'
'ကျွန်တော့် ဇာတိက ဒီမှာပဲလေ၊
ပြန်လာမှာပေါ့'
'အဲ...ဟုတ်သားပဲ၊ ဒါဆို
ခဏနော်...အစ်ကို'
သူမက ချက်ချင်းပဲ
ဘောပင်တစ်ချောင်းဝယ်၍ ဆိုင်ထဲမှ စာရွက်တစ်ရွက်ကို တောင်းယူကာ ရေးနေပါသည်။ သူမ
ဘာစာရေးသည်ကို စိတ်မဝင်စားပါ။ သူမ၏ မျက်နှာလေးကိုသာ သူ ခိုးကြည့်နေရင်း သူမ၏
မျက်တောင်ကော့လေးပေါ် စိတ်ကူးနှင့် တက်အိပ်ကြည့်နေမိသည်။ စာရေးနေရင်း
တစ်ချက်တစ်ချက် စဉ်းစားဟန်နှင့် လက်ညှိုးလေး မေးပေါ် တတို့တို့ လုပ်နေပြန်သည်မို့
သူ့ရင်ထဲမှာ ဆယ့်နှစ်တွဲ ရဟတ်စီးသူလို့ အသည်းတယားယားဖြစ်နေမိသည်။ သူမက ရေးအပြီးမှာ
စာအိတ်နှင့် မပိတ်တော့ဘဲ စာခေါက်ပေါ်တွင် လိပ်စာရေး၍ သူ့ကို ပေးလာသဖြင့်။
'စာအိတ်နဲ့ မပိတ်တော့ဘူးလား'
သူမက အပြုံးတစ်ပွင့် ခြွေ၍
သူ့ကိုပြောလိုက်ပုံက
'ယုံလို့ပါ...ယုံလို့ အပ်တာ၊
ကဲ... ကျွန်မ သွားတော့မယ်နော်၊ အစ်ကို့ကို စိတ်ချပါတယ်...အဟင်း'
သူမက ပြောပြောဆိုဆို လှစ်ခနဲ
ထွက်သွားတော့ သူ့ရင်ထဲ စက်တစ်ခု လည်နေသလို ဖြစ်ကျန်ရစ်တော့သည်။ သူမရဲ့ စကားကလည်း
ရင်တုန်စရာကြီးမို့လား။ 'ယုံလို့ အပ်တာ'တဲ့။ တစ်သက်မှာ ဒီလောက်
ရင်ခုန်စရာကောင်းတဲ့ စကားမျိုး ဒီတစ်ခါပဲ ကြားဖူးတာပါ။ ဘယ်လိုလေးလဲ
မိန်းကလေးရာ...။ မင်းကတော့ ကိုယ့်ရင်ထဲကို ပထမဦးဆုံး နေရာဝင်ယူလိုက်သူ ထင်တာပဲ။
□
အပိုင်း
(၃)
ခဏနေတော့ ရဲဝင်းကို ဆိုင်ဝမှာ
ချွေးတဒီးဒီးကျ၍ တွေ့လိုက်ရသည်။
'သေပါတော့ ကိုလေးရာ၊
ရှာလိုက်ရတဲ့ ဆိုင်တွေ နှံနေပြီ၊ ဒီအဝနားက စားပွဲမှာ ထိုင်ရင် ငါမြင်သွားမှာ
ကြောက်လို့လား... ချီးတဲ့မှပဲ'
ရဲဝင်းက ပြောလည်းပြော၊
အအေးပုလင်းကိုလည်း အငမ်းမရ သောက်ရင်း ခြေပစ်လက်ပစ် ဝင်ထိုင်သည်။ အစက သူလည်း
အဝမှာပဲ ထိုင်မလို့ပါ။ နောက်မှ သူမကို တွေ့တာနဲ့ သူမအနားက ခုံကိုရောက်သွားတာ။
ဟုတ်ပါ့၊ ရဲဝင်းခမျာ ဟိုကိုသွားရ၊ ဟိုကလာ ဒီမှာရှာရနဲ့ ဒီကောင် မောနေပြီ။
'ဆောရီးကွာ...မိတ်ဆွေတစ်ယောက်နဲ့
တွေ့နေလို့ သူ့ခုံမှာ သွားထိုင်မိတာ။ မင်းအတွက် ဘာမှာပေးရမလဲ ဇီးလား'
'လုပ်မနေနဲ့၊ အချိန်ကို
ကြည့်ဦး၊ မင်းအဖေက မင်းကို ထိုင်စောင့်နေမှာ မဟုတ်ဘူး၊ ပုလင်းသာ ဝယ်ခဲ့ပေတော့'
သူ မပြောသာတော့၊ ရဲဝင်းအတွက်
ပုလင်းဝယ်ပြီး သူ့နောက်က လိုက်ရသည်။ ရထားပေါ်ရောက်တော့ ရဲဝင်းက အလုပ်ကိစ္စနှင့်
ပတ်သက်၍ သူဆွေးနွေးခဲ့သော အကြောင်းတွေ ပြောပြနေသည်။ သူ့စိတ်တွေက ရဲဝင်းပြောသည်ကို
ကြားပေမယ့် မလည်တစ်ချက် လည်တစ်ချက် အင်းခတ်ရင်း သူမဆီ ရောက်နေသည်။ အဓိကက သူမ
ပြောသောစကား။ ဒီစာကို အိတ်မပိတ်တာ သူမစာက ရိုးပါသည်ဆိုတဲ့အဓိပ္ပာယ်လား၊ အစ်ကိုက
ဖောက်ဖတ်မယ့်လူမျိုး မဟုတ်ဘူးဆိုတာ သိတယ်ဆိုတဲ့ အဓိပ္ပာယ်လား။ တော်တော်
ဝေခွဲရခက်တဲ့ စကားပဲ။ ဘာပဲဖြစ်ဖြစ် သူ့ရင်ခုန်သံ မငြိမ်သေးတာတော့ အမှန်ပင်။
စိတ်ကူးထဲမှာ သူ့အစ်မဆီ စာသွားပေးတော့ သူ့အစ်မဆီက ပြန်ပေး လိုက်သောစာကို သူမဆီသူက
သွားပေး၊ သူမနဲ့ ပိုရင်းနှီးသွားပြီး သူက ချစ်ရေးဆို၊ ချစ်သူတွေ ဖြစ်လို့
ပျော်ကြနဲ့ တကယ့်ကို လှပတဲ့ ကမ္ဘာလေးတစ်ခုကို ရောက်နေသည်။
'ဟိတ်ကောင်၊ ငါမပြောဘဲ ဘာတွေ
အင်းခတ်နေတာလဲ၊ ဒီကောင် ငါပြောတာ စိတ်မဝင်စားသလိုဘဲ'
ရဲဝင်း အော်လိုက်မှ စိတ်ကူးယဉ်
ကမ္ဘာလေး လွင့်ပြယ်ခဲ့ပြန်သည်။ သူကျန်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး
လျှို့ဝှက်သိမ်းဆည်းထားနိုင်စွမ်း ရှိပေမယ့် အချစ်နဲ့ ပတ်သက်လို့တော့ ချုပ်တည်း
ထားနိုင်စွမ်း မရှိ၊ အကြံကောင်း ဉာဏ်ကောင်းလည်း
ပေးတတ်သလို သူငယ်ချင်းကောင်းလည်း ပီသတဲ့ ရဲဝင်းကို အကြောင်းစုံ ပြောပြလိုက်မိသည်။
ရဲဝင်းက သူ့ကို စွေ့ခနဲ တစ်ချက်ကြည့်ရင်း။
'သူ့အစ်မက မန္တလေးမှာ
ကျန်ပြီး သူက ဒီကို ပြောင်းလာတာဆိုတော့ ဧကန္တ သူ့အစ်မက မန္တလေးမှာ
အိမ်ထောင်ကျကျန်ခဲ့တာ နေမှာပေါ့ကွ'
'ဖြစ်နိုင်တယ် ရဲဝင်း
တကယ်ပါကွာ၊ ငါတစ်ခါမှ ဒီလို စိတ်မလှုပ်ရှားဖူးဘူး၊ မန္တလေးကို မသွားဘဲ ဒီမှာပဲ
နေရစ်ခဲ့ချင်စိတ် ပေါက်နေတယ်'
'မလုပ်ပါနဲ့ ငါ့မောင်၊
ဇာတ်မကရသေးခင် မီးအရင် မပျက်ပြလိုက်ပါနဲ့၊ စိတ်ကိုထိန်း၊ ဟိုကိုသွားမှ ဟိုကစာနဲ့
မင်းသူ့အိမ်ကို သွားရမှာလေ၊ အချိတ်အဆက်မိမိလှုပ်ရှားစမ်းပါကွာ၊ မင်း တကယ်ချစ်ရင်
ငါကူညီမယ် သူငယ်ချင်း'
ရဲဝင်းစကားကြောင့် သူ
အားတက်သွားပါသည်။ မန္တလေးဘူတာတွင် ရထားရပ်တော့ သူ့အိတ်ထဲမှစာကို ထုတ်၍ လိပ်စာကို
ကြည့်လိုက်သည်။
'ဟ...မင်းစာက အိတ်လည်း
မပိတ်ပါလား၊ ဘာတွေရေးထားလဲ ဖတ်ကြည့်ပါလား'
'မလုပ်ပါနဲ့ကွာ၊ သူက
ငါ့ကိုယုံလို့ ပုံအပ်တာကွ'
သူ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တော့
ရဲဝင်းက ကဲလိုက်တာကွာဆိုတဲ့ အကြည့်နဲ့ ခပ်ရွဲ့ရွဲ့ တစ်ချက်ကြည့်ပြီး။
'ခုကတည်းက
သစ္စာရှိနေပြလိုက်တာ၊ ရိုးသားတယ်ဆိုတာလဲ နေရာတိုင်း ကောင်းတာမဟုတ်ဘူးနော်၊
ကိုလေး... လာသွားမယ်'
သူ ရဲဝင်းနှင့်အတူ လိပ်စာအတိုင်း
သူမ၏အစ်မ အိမ်ကို ရောက်သွားတော့ အိမ်က နှစ်ထပ်အိမ်ကြီး၊ ခြံထဲမှာလည်း ပန်းပင်တွေ
ဝေဝေဆာဆာဖြင့် သပ်ရပ်နေသည်။ သူမရဲ့ အမ လင်ကံကောင်းတယ် ဆိုရမလိုဘဲ၊ အတွင်းရေးတော့
သူလဲ မသိ။ အပြင်ပန်းကြည့်ရတာ အတော်ပိုက်ဆံ ရှိပုံရသည်။ သူမ၏ အစ်မနဲ့တွေ့တော့
သူမလိုပဲ သူမ၏ အစ်မက ချောမွတ်နေသည်။ အစ်မဖြစ်သူက စာကိုကြည့်ပြီး...
'ဟင်...ညီမလေးက ဒီအတိုင်း
ပေးလိုက်တာလား၊ ငါ့မောင်တို့နဲ့ သိပ်ရင်းနီးကြလို့လား'
'နည်းနည်းပါးပါးလောက်ပဲ
ခင်ဗျ၊ လမ်းကြုံလို့ပါ၊ ကျွန်တော်တို့ လုံးဝ မဖတ်ပါဘူး' ဆိုတော့
သူမ၏ အစ်မက စာကို ဖွင့်ဖတ်လိုက်သည်။ ပြီး သူ့ကို မော့၍ ပြုံးပြပြီး...
'အင်း၊ ယုံလိုနေမှာပေါ့လေ၊
သူ့အကြောင်းတော့ ဘာမှမပါဘူး၊ မမကို သတိရကြောင်းတွေပဲ ထပ်နေတာ၊ စာပြန်ရေးပြီး ဒီက
မောင်လေးတို့နဲ့ပဲ ပြန်ထည့်ပေးလိုက်ပါလို့ ရေးထားတယ်...ကဲ အထဲဝင်ကြပါဦး။ အအေးလေး
ဘာလေး သောက်ရင်း အနားယူကြပေါ့'
'ဟာ...နေပါစေတော့ မမ၊
ကျွန်တော်တို့ အလုပ်ကိစ္စ အချိန်မီ သွားရမှာမို့လို့ပါ'
'ကွယ်...လတ်တလောကြီး...ကဲကဲ
ဒါဆိုလည်း ပြန်မယ့်နေ့ စာလေး ယူသွားပေးပေါ့၊ ကျေးဇူး တင်ပါတယ်ကွယ်'
သူတို့ နှုတ်ဆက်ပြန်ခဲ့ကြတော့ ရဲဝင်းက
လမ်းမှာ သူ့ကို ငဲ့ကြည့်ရင်း ။
'မင်းစိတ်ကူးထဲမှာ
အလုပ်ကိစ္စတော့ ရှိသေးတယ် မဟုတ်လား ကိုလေး'
'သူ့နေရာနဲ့ သူပဲ၊ အလုပ်ကိစ္စ
ခေါင်းထဲမှာ၊ ဟိုကိစ္စက ဒီထဲမှာ ဘာမှမဆိုင်ဘူး'
သူက ဘယ်ဘက်ရင်အုံကို ပုတ်ပြလိုက်၍
ရဲဝင်းက 'ရောဂါ ရောဂါ' ဟု ထအော်သည်။ သူကျေနပ်နေသည်။
□
အပိုင်း (၄)
သူမရဲ့ အစ်မဆီ သူစာ သွားယူတော့
အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်ပြန်သည်။ သူ အချိန် မရတော့ဟုဆိုပြီး လှည့်ပြန်ခဲ့သည်။
သူမလိုပဲ စာကို အိတ်မပိတ်ဘဲ ပေးသောအခါ သူ နားလည်စွာ ပြုံးပြလိုက်မိ၏။ သူမသာ
ဒီအိမ်ထဲမှာ ရှိနေလျှင် သူဝင်ထိုင်ဦးမှာ သေချာသည်။ ဒါပေမယ့် ပေါ့....
ရထားလက်မှတ် ဝယ်ကြတော့ သူမကို
သွားသတိရသည်။ စိတ်ကိုထိန်းရင်း ရဲဝင်းနှင့်အတူ ရထားပေါ် တက်ခဲ့ကြတော့ ရဲဝင်းက
အအေးပုလင်းတွေချရင်းက။
'စာပေးလိုက်သေးလား'
'အင်းပေးလိုက်တယ်၊
အရင်အတိုင်းပဲ အိတ်ဖွင့်စာပဲကွ'
'မင်းဖတ်ကြည့်ဖို့
စိတ်ကူးမရှိဘူးလား'
'သူတို့က ယုံလို့ ပေးတဲ့စာပဲကွာ...ဖတ်စရာလား'
ဘာရယ်မဟုတ်၊ သူ အလိုလို
တိုထွာနေမိသလို အလကားနေရင်း သူတစ်ပါး စာကို ဖတ်ခိုင်းနေသော ရဲဝင်းကိုလည်း
အမြင်ကတ်ချင်လာသည်။ ရဲဝင်းကလည်း သူ့ကို မကျေမနပ် ကြည့်နေ သည်။ ပြီးမှ...
'အေး၊ ယုံတယ်ဆိုတာ ဖတ်ရင်
ဘာမှမဖြစ်တဲ့ စာမို့လို့ကွ၊ မင်းလို သူစိမ်းတစ်ယောက်ကို အရေးကြီးတဲ့စာဆိုရင် ဒီလို
ပေးပါ့မလား'
'အရေးမကြီးတာတော့ အမှန်ပဲကွာ။
သူ့ဆီက သူ့အစ်မကို ပေးလိုက်တဲ့စာမှာ သူ့အစ်မကို သတိရကြောင်းက လွဲလို့
ဘာမှမပါဘူးလို့ သူ့အစ်မက ပြောတာပဲကြည့်'
'အေးလေ...ဒါပေမယ့်
မင်းကောင်မလေးရဲ့ နာမည်ကို မင်းခုချိန်ထိ မသိရသေးတာတော့ မင်းအတာပဲ မဟုတ်လား၊
ဒါကြောင့် ဒီစာထဲမှာ သူ့နာမည် ပါလိုပါငြား ဖတ်ကြည့်ဖို့ ပြောနေတာလား'
'အေး ဟုတ်တယ်ကွ၊
ငါဖတ်ကြည့်တော့မယ်'
သူ အချိန်မဆွဲတော့ဘဲ စာကို
ဖွင့်ဖတ်လိုက်သည်။
သို့
ညီမလေး
မမ ညီမလေးကို တစ်နေ့မှ မေ့မရဘူးကွယ်၊
ခု မေမေ ရိပ်သာဝင်နေတယ်။ ညီမလေး ပျော်နေမယ်ဆိုတာ မမသိပါတယ်။ ထာဝရ
ပျော်နိုင်ပါစေလို့ မမအမြဲ ဆုတောင်းပေးနေတယ်။ ညီမ လေး ခုလို အိမ်ထောင်ကျသွားတာ
တစ်ဖက်က ဝမ်းသာပေမယ့် တစ်ဖက်က လွမ်းနေတယ်။ သျှောင်နောက်ဆံထုံးပါ ရတာဖြစ်မြဲ
ဓမ္မတာမို့လား၊ စောညီနဲ့ သင့်တင့်အောင်နေနော်၊ စောညီက ညီမလေးကို
တကယ်ချစ်နိုင်သူပါ။ ညီမလေးရဲ့ သတိရကြောင်း စာလေးကို ဖတ်ရလို့ မမ ကြည်နူးမိတယ်။
အားလည်း အလည်လာပါဦး။ မေမေကလည်း လွမ်းနေပြီ။
စာအပြီး သူ့မျက်လုံးတွေကို
ယောင်ယမ်းပွတ်သပ်လိုက်မိသည်။ မယုံနိုင်စရာကြီး၊ သူမက အိမ်ထောင်ရှင် ဖြစ်နေပြီတဲ့။
သူမရဲ့ အပြစ်ကင်းတဲ့ မျက်နှာလေးကို သူ အပျိုစင်လေးအဖြစ်ပဲ မြင်ခဲ့တာ အမှားလား။
ရဲဝင်း သူ့အမူအရာကြောင့် စာကို ဆွဲယူဖတ်သည်။ ဖတ်၍အပြီး
'ဒါကြောင့် ငါပြောတာပေါ့ကွ၊
သူ့အကြောင်း မပါတဲ့ သူ့ရဲ့စာကို သိပ်မသင်္ကာဘူးလို့၊ သူ့အကြောင်းကို ဖုန်းဆက်ပြောပြီး
သူ့ကို အပျိုအထင်နဲ့ အငေးကောင်းခဲ့တဲ့ မင်းကို တစ်ပတ်လှည့်လိုက် တာ ခုတော့လည်ပြီ
မဟုတ်လား'
သူ့မှာ အပြစ်ရှိသလားဟုသာ ရဲဝင်းကို
သူပြန်မေးဖြစ်သည်။
'ဟ...မင်းက အဖြစ်ကို မသိလို့
ချစ်ခဲ့မိသူပဲ၊ ဘယ်အပြစ်ရှိပါ့မလဲ။ ခုအဖြစ်ကို မင်းသိပြီ မဟုတ် လား။ အဲဒီတော့
မင်းစိတ်ထဲမှာ ဘာတွေဖြစ်နေလဲ အမှန်အတိုင်းပြော'
'ဘာဖြစ်နေလဲဆိုတော့ ငါ
အရမ်းအံ့သြသွားတယ်ကွာ... ပြီး ကံထိုက်မှာကို ငါကြောက်နေတယ်'
'ကြောက်စရာ မလိုဘူး ကိုလေး၊
မင်းသူ့ဆီသွားပြီး ဒီစာကို ပေးလိုက်ပြီးတော့ ...'
□
ရဲဝင်း၏ အကြံပေးမှုဖြင့် သူ သူမတို့
အိမ်လိပ်စာကို ရှာ၍ ထွက်လာခဲ့သည်။ သူမဟာ အိမ်ထောင်ရှင်ဖြစ်တာ ကြာသေးပုံ မပေါ်ဘူး။
ပြီးတော့ ယောကျ်ားရှိလျက်နဲ့
သူစိမ်းတစ်ယောက်ကို ကနွဲ့ကလျ ဆက်ဆံပုံက အိမ်ထောင်ရေး ဖောက်ပြန်ဖို့ကို
စိန်ခေါ်နေသလိုကြီးပဲ။ စိန်ခေါ်တိုင်း ဝင်ပြိုင်မယ့်သူတွေထဲမှာတော့ သူ
အပါမခံနိုင်ပေ။ လိပ်စာအရ တစ်ထပ်တိုက် ပုပုလေး ဆောက်လုပ် ထားသော ခြံတစ်ခြံရှေ့တွင်ရပ်ရင်း သူ အိမ်ထဲကို
အကဲခတ်လိုက်သည်။ ထိုစဉ် အိမ်ထဲမှ သူမ ကြော့ကြော့မော့မော့လေး အပြင်ထွက်ရပ်တာ မြင်၍
ဒီမှာ...ဒီမှာ ဟု အသံမြှင့်၍ လှမ်းခေါ်လိုက်သည်။ သူ့အသံကြောင့် မျက်ခုံးလေး
မြင့်တက်သွားပြီး ခြံနားလှမ်း လာနေသော သူမကို နောက်ဆုံးအကြိမ်အဖြစ် သူ
စူးစူးစိုက်စိုက်ကြည့်လိုက်ပါသည်။ အထင်တကြီး ကြင်နာမှုများဖြင့် ကြည့်ခြင်းမဟုတ်။
အံ့သြ ကြောက်လန့်စွာ ကြည့်ခြင်းပဲ ဖြစ်သည်။ သူမက နဂိုအလှကို အမှီပြု၍
သူ့ကိုမြင်တော့ ပြုံ့တုံ့တုံ့ချစ်စဖွယ်ဟန်လေး လုပ်၍...
'ဟင်...အစ်ကိုပါလား...မမဆီ
ရောက်ခဲ့လားဟင်... အိမ်ပေါ်ရော တက်ခဲ့သေးလား၊ မမက ဘာတွေ ပြောလိုက်သေးလဲဟင်'
'ညီမရဲ့ အစ်မကို ခြံပြင်ကပဲ
ပေးခဲ့တာပါ။ အချိန်မရလို့ ဘာစကားမှလည်း မပြောဖြစ်ခဲ့ပါဘူး။ စာကိုလည်း လာခါနီးမှ
ခြံပြင်က ယူခဲ့တာ'
'ဟင် အားနာစရာကြီး၊
မအားတဲ့ကြားက ခုလို ကူညီတာ ကျေးဇူးတင်တယ်နော် အစ်ကို၊ အိမ်မှာ ဘယ်သူ့မှ မရှိလို့
အိမ်ထဲ မခေါ်တော့ဘူး... သိလား'
'နေပါစေ... သြော် ဒါနဲ့
လမ်းမှာဆုံရင် ခေါ်လို့ရအောင် ညီမ နာမည်ပြောပါဦး'
သူ လမ်းမှာတွေ့လျှင်
ခေါ်ဖို့အတွက်မဟုတ်၊ ဘယ်ကိစ္စ၌မဆို ရှောင်ရန်အတွက် ဖြစ်သည်။
'ဟုတ်...ညီမနာမည်က
ခိုင်သီတာလို့ ခေါ်ပါတယ်။ အစ်ကိုနာမည်ကရော ဟင်'
'အစ်ကို့ နာမည်က
စောညီပါ...ပြီးတော့ ရှေ့လထဲမှာ မင်္ဂလာပွဲရှိတယ်။ အဲဒီ အခါလာဖိတ်ဦးမယ်နော်…
ကဲရော့...ညီမရဲ့ စာ'
ရဲဝင်း၏ အကြံအရ သူမ၏ ယောကျ်ားအမည်ကို
ပြောချလိုက်ပြီး စာအိတ်ဖြင့် အသေအချာ ပိတ်ထားသော စာကို သူမလက်ထဲသို့
ထည့်ပေးလိုက်သည်။ အပြင်မှာ မရှိသေးသည့် မင်္ဂလာပွဲကိုလည်း ညာပြောလိုက်ပြီး
အံ့သြစွာ ကြည့်နေသော သူမ၏ ရှေ့မှ ထွက်လာခဲ့သည်။ သူမ စိတ်ထဲမှာ အံ့သြနေမယ်
ဆိုတာကိုတော့ သူ အတတ်သိပါသည်။ ဒါပေမယ့် သူ့ရဲ့ နှလုံးသားသည် သူနဲ့အတူ
ပြန်ပါမပါကိုတော့ သူ အတတ် မပြောနိုင်သေးပါ။ ရင်ထဲက သံစဉ်သစ်ကလေးကိုလည်း
သူဘယ်တော့မှ စာသား ထည့်ပေးနိုင်တော့မည် မဟုတ်တော့။
ခိုင်နုလေး၊တောင်ကုတ်၊
(အမှတ် ၁၉၅၊ ဖေဖော်ဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...
ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။
လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်