ရီတာအောင်(NY)
အနောက်တိုင်း ရုပ်ရှင်မင်းသား၊ မင်းသမီးတွေထဲမှာ ချမ်းသာကြွယ်ဝသူတွေ အများကြီးပါ။ သို့သော် ကိုယ်ပိုင်ခြံဝန်းထဲ လေယာဉ်ပျံ (၂) စီး ရပ်ထားနိုင်လောက်အောင် ထူးခြားသည့်သူဆို၍ မင်းသားကြီး ဂျွန်ထရာဗိုလ်တာပဲ ရှိပါလိမ့်မည်။ အမေရိကားမှာကားတွေ အလွန်ပေါပါသည်။ လူငယ်တွေက တစ်ပတ်ရစ်ကားလေးတွေ သိပ်ဈေးမကြီးတော့ ခပ်လွယ်လွယ် ဝယ်နိုင်ပါသည်။ သို့သော်ပြဿနာက ကားရပ်နားရန်နေရာ အခက်အခဲပါ။ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်တိုက်ခန်း ဆိုတာတောင် တချို့အိမ်တွေမှာ ကားဂိုဒေါင် မပါလေတော့ အိမ်ရှေ့လမ်းမမှာ ရပ်နားကြရသည်။ အားလုံးက အကြံတူတွေမို့ အပြင်က ပြန်လာပြီးလျှင် ကားရပ်နားရန်နေရာ ဒေါင်းတောက်အောင် ရှာရပါသည်။ ဒီတော့ လူအများစုက ဂိုဒေါင်ပါသော အိမ်ကလေး ပိုင်ဖို့ဆိုလျှင် အတော်ဝမ်းသာကြတာပါ။ မင်းသား ဂျွန်ထရာဗိုလ်တာကတော့ ခြံကျယ်ကျယ်ကြီး ပိုင်ဆိုင်ပြီး ကားဂိုဒေါင်တင်မက လေယာဉ်ပျံ (၂) စင်း ရပ်နားဖို့ နေရာတောင် လုံလောက်စွာ ရှိသည်ဟု ဆိုပါသည်။ သူ့အိမ်က ဖလော်ရီဒါပြည်နယ်၊ Ocala မြို့ကလေးမှာ ရှိပါသည်။
သူက
ရုပ်ရှင်မင်းသား၊ ထုတ်လုပ်သူအပြင် လေယာဉ်မောင်းနှင်ရတာကိုပါ အရူးအမူး
နှစ်သက်လေသည်။ သူ့အိမ်ကလေး၏ ထူးခြားမှုကို Hollywood at Home:
Architectural Digest စာအုပ်သစ်၌
မှတ်တမ်းတင်ထားသည်။ သူ့ခြံဝန်းထဲက လေယာဉ်ကွင်းမှာ ၁၉၅ဝ ပြည့်ဝန်းကျင်က Airport
များစတိုင်လ်
ဖန်တီးထားသည်။ ကွန်ကရိခင်းထားသည့် အကျယ်အဝန်းကပင် စတုရန်းပေ ၉ဝဝဝ ကျော်ဖြစ်သည်။
ယင်းခြံထဲက အိမ်၌ မှန်ချပ်များဖြင့်သာ ဆောက်လုပ်ထားသည့် အိပ်ခန်း ၆ ခန်း ပါဝင်သည်။
လေယာဉ်ဂိုဒေါင်များအတွက် စတုရန်းပေ ၆၅ဝဝ အသုံးပြုထားသည်။ ခြံထဲ၌ ရေကူးကန်၊ ဂေါက်ကွင်း၊
လေယာဉ်များ ရပ်နားနေရန် နေရာ၊ လေယာဉ် Control Tower နှင့် လေယာဉ်ပြေးလမ်းအတွက် လမ်းအရှည်
တစ်မိုင်ခွဲ တည်ဆောက်ထားသည်။ ဂျွန်၏ ဘိုအင်း ၇ဝ၇ လေယာဉ်နှင့် Gulfstream
II ဂျက်လေယာဉ် (၂) စီးကို ပေ ၁ဝဝ ပတ်လည်အတွင်း
ရပ်နားထားသည်ကို တွေ့မြင်နိုင်သည်။ ဂျွန်က လေယာဉ်ခရီးမှ ပြန်လာတိုင်း လေယာဉ်ပျံ
မောင်းရာမှ ထကာ မိမိအိမ်ဧည့်ခန်းထဲ လမ်းလျှောက်ဝင်နိုင်သည်အထိ အဆင်ပြေလှသည်။
သူ့ဇနီးချော ရုပ်ရှင်မင်းသမီး ကယ်လီပရက်စတန်က 'အိမ်ဘေးမှာ
လေယာဉ်ပျံတွေရပ်နား ထားနိုင်ခွင့်ဆိုတဲ့စိတ်ကူး ဂျွန်မှာ အမြဲတမ်းရှိတာလေ။
ညစာစားပွဲ သွားချင်ရင်တောင် အိမ်တံခါးကထွက်၊ လေယာဉ်မောင်းတဲ့ခုံမှာ
တက်ထိုင်လိုက်လို့ ရမယ့်ဟာမျိုးပေါ့'လို့ ပြောခဲ့သည်။
ဂျွန်နှင့် ကယ်လီတို့ လက်ထပ်ခဲ့သည်မှာ မင်္ဂလာသက် ၁၄ နှစ် ကျော်ခဲ့ပါပြီ။
Pulp Fiction နှင့်
Saturday Night Fever တို့၏ ငွေကြယ်ပွင့်မင်းသား
ဂျွန်အတွက် လေယာဉ်ပျံမောင်းတာ ဝါသနာပါတယ်ဟု ပြော၍ မရတော့ပေ။ သူ့ဘဝတစ်လျှောက်လုံး
ဒီကိစ္စက အရိပ်လို စိုးမိုးကာ စိတ်ရောကိုယ်ပါ ရာနှုန်းပြည့် စွဲမက်တွယ်တာနေခြင်း
ဖြစ်တော့သည်။ သူ့အသက် ၁ဝ နှစ် အရွယ်လောက်က နယူးယောက်မြို့မှ ဂျွန်အက်ဖ်ကနေဒီ လေယာဉ်ကွင်း၏
TWA Terminal အတွင်း
လေယာဉ်ကြီးဖြင့် ဝင်ရောက်လာခဲ့ရသောအဖြစ်အပျက်ကိုပင် တသသ သတိရခံစားနေရတုန်းဖြစ်သည်။
သူ့ဘဝတစ်လျှောက် ဒီလေယာဉ်ပျံ
ကိုယ်တိုင်မောင်းနှင်ဖို့ကိုသာ စိတ်ဝင်တစား ဖြစ်နေခဲ့သည်မို့ ယခုအခါ
နိုင်ငံတကာအဆင့်မီ Commercial Pilot လိုင်စင်ရအောင်
ယူခဲ့ပါပြီ။ မနှစ်ကဆို သူကလေယာဉ်မောင်းပြီးတောင် အလုပ်သွားခဲ့တာပါ။
ဖလော်ရီဒါပြည်နယ် Tampa
မြို့မှာ 'The Punisher' ဆိုတဲ့
ရုပ်ရှင်ရိုက်စဉ် ရိုက်ကွင်းသို့ နေ့စဉ်ကိုယ်တိုင် လေယာဉ်မောင်း သွားခဲ့သည်။
ဂျွန်က 'ကျွန်တော်ငယ်ငယ်က တစ်ချိန်ချိန်ကျရင် လူတိုင်းရဲ့ ခြံဝင်းထဲမှာ
ကိုယ်ပိုင်လေယာဉ်ပျံတွေ ရပ်နားထားတဲ့အထိ ဖြစ်လာမယ်လို့ စိတ်ကူးယဉ်ခဲ့မိတယ်။
ဒါပေမယ့် တကယ့် အပြင်မှာ အဲသလိုဖြစ်မလာဘူး။ ဒါကြောင့်
ကျွန်တော်မျှော်လင့်ထားခဲ့တာတွေကို ဖြည့်ဆည်းကြည့်တာပါ' တဲ့။
အိမ်ထဲမှာ ထိုင်နေရင်း အပြာရောင် မှန်ပြတင်းများကို ဖောက်၍ လေယာဉ် ပျံများကို
မြင်နေရသည်။ တစ်အိမ်လုံးမှာလည်း လေယာဉ်ပျံ အရုပ်ကလေးများ၊ လေကြောင်းဆိုင်ရာ
ဓာတ်ပုံများသာ တွေ့မြင်ကြရသည်။
ယင်းခြံမြေဝယ်စဉ်က
သဘာဝတောရိုင်းတိရစ္ဆာန်များ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုရန် လေယာဉ်ပြေးလမ်း
၇၅ဝဝ ပေ ရှိပြီးသားကို ဂျွန်က ထပ်မံချဲ့ထွင်ခဲ့ခြင်းပင်။ ယနေ့ အသက် ၅၁ နှစ်အရွယ်
ရောက်နေသည့် ဂျွန်က 'အိမ်တစ်လုံးဆောက်ရတဲ့ အလုပ်က
ဘယ်လောက်ရှုပ်တယ်ဆိုတာ သိတယ်မှုတ်လား။ ဒီအိမ်နဲ့ ခြံကို စိတ်တိုင်းကျ ဆောက်တာ
၈နှစ်ကြာခဲ့တယ်' ဟု ဆိုပါသည်။ ဆောက်လုပ်ရေးချည်းသက်သက် (၂)
နှစ်ကြာခဲ့ပြီး ဆောက်လုပ် နေဆဲကာလ၌ ဂျွန်နှင့် ကယ်လီမောင်နှံက
ဧည့်သည်စောင်သည်လာလျှင် နေရာပေးဖို့ထားသည့် အိပ်ခန်း၌ အိပ်ကာ တည်ဆောက်ရေး
လုပ်ငန်းများအား ကိုယ်တိုင် စောင့်ကြည့်ခဲ့သည်။
အိမ်တွင်း အပြင်အဆင်အတွက်လည်း ဂျွန်က
သူ့၏ ဒုတိယ စိတ်ပါဝင် စားဆုံးနေရာက စတင်သည်။ မီးဖိုချောင်ပါ။ သူက 'မီးဖိုချောင်က စလုပ်တယ်ဗျာ။ လူတိုင်းက နောက်ဆုံး အစားအသောက်နဲ့
ကင်းဝေးနေလို့မှ မရတာ'တဲ့။ သူတို့အိမ်မှာ မီးဖိုချောင် (၂)
နေရာ ရှိသည်။ တစ်နေရာကတော့ အိုးကြီးခွက်ကြီး အပီအပြင် ချက်စားဖို့ဖြစ်ကာ၊
ကျန်တစ်နေရာကတော့ ပေါ့ပေါ့ပါးပါး မုန့်လုပ်စားလောက်ရုံ ဖြစ်သည်။
ခင်ပွန်း၏ ဝါသနာနှင့် ဆန္ဒကို
ကြည်ဖြူတဲ့ဇနီးသည်ကြောင့် သူတို့ အိမ်ကလေးက လေယာဉ်ကွင်း သက်သက် ဖြစ်မနေခဲ့ပေ။
မိသားစုပျော်သည့်နေချင့်စဖွယ် အိမ်ဂေဟာလေး ဖြစ်လာခဲ့သည်။ ကယ်လီ၏ Jerry Maguire ရုပ်ရှင်နှင့် သူမက
လူသိများသူပါ။ အဲသည့်ရုပ်ရှင်တွင် မင်းသားချော တွမ်ခရု(စ်)နှင့် အတူတွဲ သရုပ်ဆောင်ခဲ့သည်။
'ကျွန်မတို့ အိမ်မှာက ဧည့်ခန်း တီဗီမှာ ဖျော်ဖြေရေးလည်း
ကြည့်တယ်။ အဲဒီ အခန်းထဲက ဆိုဖာတွေပေါ်မှာလည်း ကျွန်မကလေးတွေက စားကြတယ်။ ကျွန်မတို့
မိသားစုလိုက် ပျော်ပျော်နေတတ်တယ်' ဟု ရှင်းပြသည်။ သူတို့တွင်
သား Jett (၁၃ နှစ်)နှင့်
သမီးလေး Ella Beau (၅
နှစ်)တို့ ရှိသည်။
ရုပ်ရှင်မင်းသမီး၊ အဆိုတော် Barbara Streisand နှင့် သမီးလေး အဲလာတို့ တွေ့စဉ်က ကြီးလာရင် ဘာလုပ်မလဲမေးရာ ချာတိတ်မက 'A Pilot Like my Daddy' လို့ မဆိုင်းမငံ့ဘဲ ဖြေခဲ့သည်။ ဂျွန်က 'ကျွန် တော် Face/Off ရုပ်ရှင်ရိုက်တုန်းက ကျွန်တော်နဲ့အတူ သရုပ်ဆောင်တဲ့
နီကိုးလပ်စ် ကေ့ချ်ရယ်၊ Joan Allen ရယ်ကို ပြောဖူးတယ်။ ဒီရုပ်ရှင်ကပြီးရင်
အကောင်းဆုံး (သို့) အဆိုးဆုံး ဖြစ်လာလိမ့်မယ်။ ရုံတင်တော့ အကောင်းဆုံးဆိုတဲ့
အဖြေရခဲ့တယ်။ အိမ်ဆောက်ရတာလည်း ဒီလိုခပ်ဆင်ဆင်ပါပဲ။ ကိုယ်က ကြိုတင်တော့ မသိဘူး။
ဒီအလုပ် စလုပ်တော့မယ်ဆိုရင် စွန့်စားရမှာပဲ' တဲ့။
တလောလေးဆီက Qantas လေကြောင်းမှ လေယာဉ်ပျံ A 380 ကို သြစတြေးလျားကမ်းခြေသို့ ကိုယ်တိုင် မောင်းနှင်ခဲ့ဖူးပါပြီ။ 'ခရီးသည်များစွာ တင်ဆောင်ထားသည့် ကမ္ဘာ့အကြီးဆုံး လေယာဉ်ကြီးကို
မောင်းဖို့တော့ အဆင်သင့် မဖြစ်သေးပါဘူး'ဟု ဂျွန်က ပြောလေသည်။
▀
ရီတာအောင်(NY)
(အမှတ် ၁၉၅၊ ဖေဖော်ဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...
'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...
ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။