ရွှေသုတ‌

ထားကျွန်မလင်နှင့် မြသန်းတင့်နှင့် ကျွန်တော်

မောင်သန်းဆွေ ၊ထားဝယ်၊

01 November 2025
ထားကျွန်မလင်နှင့် မြသန်းတင့်နှင့် ကျွန်တော်
Share to

           ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလထုတ် ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း၊ ရွှေဝတ္ထုခန်းတွင် မြူမြူရေးသော 'အချစ်သက်သေ တည်ခဲ့ပြီ' ဝတ္ထုကို ဖတ်လိုက်ရသည်။ ဆရာမြ သမီးကလေး မြူက သူ့ဖခင်နှင့် မိခင်အကြောင်းကို စာဖွဲ့ထားခြင်း ဖြစ်၏။ ဖခင်နှင့် မိခင်တို့၏ ချစ်မေတ္တာကို လွမ်းလွမ်းဆွတ်ဆွတ် ဖွဲ့ဖွဲ့နွဲ့နွဲ့ ပါးပါးနပ်နပ် ရေးပြထားသည်။ သိင်္ဂါရ ရသမြောက်လှပါသည်။ မြူ စာရေးကောင်းသားပဲ။ သည်လိုသာ ဆက်ရေးသွားလျှင် နာမည်ရ စာရေးဆရာမတစ်ယောက် ဖြစ်လာနိုင်သည်။ သည်ဝတ္ထုကို ဖတ်ပြီး ဆရာမြကို ပို၍ သတိရလာသည်။ ၂ဝဝ၆ ခု၊ ဖေဖော်ဝါရီလ ဆိုလျှင် ဆရာမြဆုံးသည်မှာ ၈ နှစ်ပင် ပြည့်ပါပြီကော။

            ဆရာမြသည် နံနက်စောစော လမ်းလျှောက်တတ်သည်။ သူတို့ လမ်းလျှောက်ဖွဲ့များသည် ဇီဝကလမ်း (ယခင်- ဇက်ဖာရှားလမ်း) ရှိ လမ်းဘေးလက်ဖက်ရည်ဆိုင်တွင် ဆုံကြ၊ သောက်ကြ စကားပြောကြသည်။ ထိုနေရာမှ လူစုခွဲကြ၏။ သူ့လမ်းလျှောက်ဖက်များအကြောင်းကိုပင် ဆရာမြ ဆောင်းပါးရေးဖူးသည်။ နေ့တစ်နေ့ နံနက် ၉ နာရီလောက်တွင် ဆရာမြအိမ်သို့ ကျွန်တော် ရောက်သွားသည်။ ခါတိုင်းဆိုလျှင် သူ့အိမ်လမ်းထိပ်မှ လက်ဖက်ရည်ဆိုင်သို့ သွားပြီး စကားပြောကြ၏။ သည်တစ်ခေါက်တွင် 'ခင်ဗျား အေးအေးဆေးဆေးပဲ မဟုတ်လား'ဟု မေးပြီး ကျွန်တော့်ကားနှင့် ဇီဝကလမ်းမှ လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားပါသည်။

            'ဒီနေ့ ကျွန်တော် လမ်းမလျှောက်ဖြစ်ဘူး'

            'ဒါကြောင့် ဒီဆိုင်ကို မရောက်ရသေးလို့ ကျွန်တော့်ကို ဆရာခေါ်လာတာပေါ့လေ'

            ကျွန်တော်၏ စကားကြောင့် ဆရာက ပြုံးသည်။

            'မဟုတ်ရပါဘူးဗျ။ ကျွန်တော်တို့ လမ်းထိပ်ဆိုင်က လူရှုပ်တယ်။ လမ်းလည်း ရှုပ်တယ်။ ဒီဆိုင်မှာ အေးအေးဆေးဆေး ရှိတယ်'

            'ခုလို အေးအေးဆေးဆေး တွေ့ရတုန်း ဆရာ့ကို မေးချင်တာတစ်ခု ရှိတယ်'

            'မေးလေ'

            'ဆရာ ရေးခဲ့တဲ့ 'ထား ကျွန်မလင်' ဝတ္ထုဟာ မှီးတာဆိုတာ ဟုတ်လား ဆရာ'

            'မဟုတ်ရပါဘူး။ ပင်ကိုရေးပါ'

            'ထား ကျွန်မလင် ဝတ္ထုထွက်တော့ ကျွန်တော် ဝိဇ္ဇာအပိုင်း (က)ကို ရောက်နေပြီ။ ဝတ္ထုအမည်လေးကိုက ဆန်းလိုက်တာလို့ ထင်မိတယ်။ သီချင်းကြီး ဦးဌေးအောင်နဲ့ အဆိုသင်ရတော့မှ ပန်းတသင်းသင်းပတ်ပျိုးရဲ့ သဖြန်အချ စာသားထဲက ယူထားတာကို သိရတယ် ဆရာ'

            'ကိုသန်းဆွေက အဆိုတွေ ဘာတွေ သင်ဖူးလား'

            'သီချင်းကြီး မောင်ဌေးအောင် တူရိယာအဖွဲ့က ဆရာဦးဌေးအောင်နဲ့ အဆိုသင်ဖူးတယ်။ သူ့မိန်းမ ဒေါ်ခင်ထားမြင့်ဆီမှာတော့ စန္ဒရား သင်ခဲ့တယ်။ သုံးလေးနှစ်ပါပဲ'

            'ဝတ္ထုထဲမှာ ထားခင်အိ ဒီသီချင်း ဆိုတဲ့အခန်း ပါတယ်လေ'

            'အဲဒီတုန်းက ကျွန်တော်မှ ဦးဌေးအောင်ဆီမှာ ဒီသီချင်းမတက်သေးဘဲကိုး။ အမှတ်တမဲ့ပဲပေါ့'

            'သြော်... သြ'

            'ထား ကျွန်မလင်... မြင်ပါလှည့်လား၊ တညှိုးငယ်ငယ်နဲ့ လလယ်မှာ ရွှေယုန်ရုပ်ကို ပုံလုပ်လို့ထားလို့ ဆိုထားတဲ့ ဒီသဖြန်လေးကို ကျွန်တော် သိပ်ကြိုက်တာပဲ။ လမင်းကြီး အလယ်က ယုန်ရုပ်ကလေးဟာ ကမ္ဘာတည်သရွေ့ပျောက်ကွယ်သွားခြင်း မရှိသလို ညှိုးညှိုးငယ်ငယ် နေရရှာတဲ့ မိန်းကလေး အပေါ်မှာလည်း သစ္စာမပျက်ဖို့အကြောင်း ဖွဲ့ထားတဲ့ မယ်ဘွဲ့ပတ်ပျိုးကလေးက သစ္စာတိုင်သဖြန်လေးပဲ။ စစ်ကိုင်းမင်းသမီး မမင်း ရေးတာလို့ သိရတယ်။ မိန်းကလေးတစ်ယောက်ရဲ့ အားနွဲ့သံနဲ့ တောင်းပန်နေတဲ့ ဟန်ကလေး မျက်စိထဲမှာ အထင်းသား ပေါ်လာတယ် ဆရာ။ ဒါကြောင့်လည်း ဒီဝတ္ထုကို ကျွန်တော်စွဲတာ'

            'ဟုတ်လား'

            'ဇာတ်လမ်းက အမေ့ရည်းစားဟောင်းကို သမီးအကြီးနဲ့ ပြန်စီစဉ်ခဲ့တာဆိုတော့ မြန်မာဝတ္ထုတွေထဲမှာ သည်အတွေးအခေါ်မျိုး မရှိသလောက်ဘဲ။ မြန်မာ့စရိုက်နဲ့လည်း ဆန့်ကျင်နေတယ်။ ဒါကြောင့် ဆရာ့ဝတ္ထုကို မှီးတာလို့ ထင်ကြတာ'

            'ထင်စရာပေါ့လေ'

            ကျွန်တော်တို့နှစ်ဦးလုံး စကား ပြတ်သွားကြသည်။ ကျွန်တော်က 'ထား ကျွန်မလင်' ဝတ္ထုကြောင်းကို တွေးနေမိသည်။ ဆရာမြအတွေးသည်လည်း ထိုနည်းနှင်နှင်ပင် ဖြစ်မည်ဟု ထင်ပါသည်။

            ဝတ္ထုအဖွင့်တွင် အဓိက ဇာတ်ဆောင် ထားခင်အိကို ဒေါက်တာ အောင်မျိုးနှင့် တောင်ကြီး ဟိုပုန်းလမ်းမပေါ်မှာ တွေ့ပေးထားသည်။ ထားခင်အိနှင့် ထားခင်မူဟူသော ညီအစ်မ နှစ်ယောက်တွင် မိဘမရှိတော့ပါ။ မိခင် ဖြစ်သူ၏ အစ်မဝမ်းကွဲ ကြီးကြီးညွန့်ဆိုသူနှင့် အတူနေကြသည်။ ထားခင်အိက ဘီအေအီးဒီ နောက်ဆုံးနှစ် ဖြေပြီးထားပြီ။ ထားခင်မူက တက္ကသိုလ်တွင် ကျောင်းနေဆဲ ဖြစ်၏။ မိဘများ၏ ရွှေညောင်တစ်ဝိုက် သစ်တစ်ပင်ယာတောမှ ခြံလုပ်ငန်းကို မိဘနှစ်ပါး၏ မိတ်ဆွေဖြစ်သော ဦးဇင်မောင်ဆိုသူက ကြည့်ရှုစောင့်ရှောက် လုပ်ကိုင်ပေးနေသည်။ လူယုံတော် ဦးခွန်ထီးဆိုသူက ကြီးကြပ်ရ၏။ ဦးဇင်မောင်၏ ခြံနှင့်လည်း တစ်ဆက်တည်း ဖြစ်သည်။ ဦးဇင်မောင်နှင့် ထားခင်အိသည် အသက် ၁၅ နှစ်ခန့် ကွာကြသည်။ မိခင်ဖြစ်သူက ခရစ်ယာန်ဖြစ်၍ သေတမ်းစာ ရေးခဲ့သည်။ ထားခင်အိ အသက် ၂၅ နှစ်ပြည့် (သို့) ညီမ ထားခင်မူ အသက် ၂ဝ ပြည့်တွင် ထိုသေတမ်းစာကို ဖွင့်ဖတ်ရန် ဖြစ်သည်။ ဦးဇင်မောင်က ထားခင်အိအပေါ် မေတ္တာသက်ဝင်နေသည်။

            ထားခင်အိတွင် ကျောင်းနေဘက် အေးအေးဆိုသည့် သူငယ်ချင်းရှိသည်။ ဒေါက်တာအောင်မျိုးနှင့် အေးအေးတို့သည် အသိဖြစ်ကြသည်။ ကြားခံ အေးအေးကြောင့် ဒေါက်တာအောင်မျိုး ထားခင်အိအပေါ် မေတ္တာရှိနေသည်ကို သိရသည်။ ထားခင်အိနှင့် ဒေါက်တာ အောင်မျိုးတို့ မေတ္တာမျှသွားကြပါသည်။ မိခင်၏ သေတမ်းစာကို ထားခင်မူ အသက် ၂ဝ ပြည့်နေ့တွင် ဖွင့်ဖတ်လိုက်သောအခါ သမီးကြီး ထားခင်အိကို ဦးဇင်မောင်နှင့် လက်ဆက်ရန် မှာထားသည့်အချက် ပါနေသည်ကို တွေ့ရသည်။ စီးပွားရေး၊ ငွေကြေးမှန်သမျှသည်လည်း ဦးဇင်မောင်၏ လက်ထဲတွင် ဖြစ်နေသည်။ ဦးဇင်မောင်သည် အမွေထိန်းသာ မဟုတ်။ အုပ်ထိန်းသူပါ ဖြစ်နေ၏။ ထားခင်အိက ဦးဇင်မောင်သည် သူ့ကိုရရန် နည်းဗျူဟာမျိုးစုံ သုံးခဲ့သည်ဟု စိတ်ထဲစွဲသွားသည်။ ကြီးကြီးညွန့်ကလည်း ဦးဇင်မောင်နှင့်ပင် နားချလေသည်။ အခြေအနေအရ ဦးဇင်မောင်နှင့်ပင် လက်ထပ်လိုက်ရသည်။ ဦးဇင်မောင်၏ ယာတောအိမ်သို့ လိုက်နေစဉ်တွင် မိခင်ဖြစ်သူ၏ ဦးဇင်မောင်ထံ ပေးစာများကို ထားခင်အိ ဖတ်ရသဖြင့် မိခင်၏ ချစ်ဦးသူသည် ဦးဇင်မောင် ဖြစ်နေသည်ကို သိလိုက်ရသည်။ ထိုအချိန်တွင် ဦးဇင်မောင်၏ ကိုယ်ဝန်ကို လွယ်ထားရလေပြီ။ ဦးဇင်မောင်အပေါ်တွင်လည်း ပို၍ နာကြည်းသွားသည်။ ရန်ကုန်သို့ ထွက်ပြေးသွား၏။ နိဂုံးချုပ်တွင် ကြီးကြီးညွန့်နှင့် ဦးခွန်ထီးတို့ ပြန်ပြောပြ၍ အကြောင်းစုံ သိရသည်။ ဦးဇင်မောင် အဆုတ်ထဲတွင်ရှိသည့် ကျည်ဆံပင်လျှင် ထားခင်အိအဖေ ဦးဘမောင် အထင်လွဲပြီး သေနတ်နှင့်ပစ်ခဲ့၍ ရခဲ့သည်ကို သိလိုက်ရသည်။ ဦးဇင်မောင်၏ အဘက်ဘက်မှ အနစ်နာခံခဲ့မှုများကိုလည်း သိလိုက်ရသည်။ ဦးဇင်မောင် သူ့အပေါ် ထားခဲ့သည့်မေတ္တာကိုလည်း ထားခင်အိ သိသွားသည်။ အမြင်မှန်ရပြီး ဦးဇင်မောင်နှင့် ပြန်ပေါင်းသည်။ ဒေါက်တာ အောင်မျိုးနှင့် ညီမ ထားခင်မူတို့လည်း လက်ဆက်ရန် စီစဉ်နေသည်ဟု ဇာတ်ပေါင်းထား၏။

            'ဒါနဲ့ ဆရာ့ကို ပြောရဦးမယ်'

            'ဆို'

            'ဝတ္ထုထဲမှာ တောင်ကြီးမြူနီစီပယ် ဥက္ကဋ္ဌ ဦးသန်းဌေးဆိုတဲ့ ဇာတ်ရုပ်ပါနေတယ် ဆရာ။ တစ်ခန်းမှာက ဦးဇင်မောင်ရဲ့ မြင်းကို ဦးသန်းဌေးကို ရောင်းဖို့ ယူလာတဲ့အကြောင်း၊ နောက်တစ်ခါ ဦးဇင်မောင်နဲ့ ထားခင်အိတို့ လက်ထပ်ပွဲမှာ ဦးသန်းဌေးက မင်္ဂလာစကားပြောပေးတဲ့အကြောင်း၊ ဦးသန်းဌေးရဲ့ မင်္ဂလာစကားကိုလည်း သေသေချာချာ ရေးပြထားတယ်။ အဲဒီ ဦးသန်းဌေးဟာ အပြင်မှာ တကယ် ရှိတဲ့လူဆိုတော့ ဆရာနဲ့ ဦးသန်းဌေး ရင်းနှီးကြလား'

            'သိကြတာပါပဲ'

            'ဦးသန်းဌေးက ကျွန်တော့်ဦးလေးလေ'

            'ဟောဗျ၊ ဘယ်လိုတော်ကြတာလဲ'

            'ကျွန်တော့်အမေ မောင်တစ်ဝမ်းကွဲပေါ့။ အမေရဲ့ဖခင် လက်ပံတန်းက တန်ရှမ်းနန်းနဲ့ ဦးသန်းဌေးရဲ့ဖခင် တောင်ကြီးသူဌေး တန်ဖဲယားတို့က ညီအစ်ကို အရင်းလေ'

            'နို့... ဦးသန်းဌေးတို့က ခရစ်ယာန်တွေပဲ'

            'ဟုတ်ပါတယ်။ သူ့အမေ ဒေါ်မြရီက သာယာဝတီနားက သုံးဆယ်သူ။ အစကတော့ ဗုဒ္ဓဘာသာပါ။ တောင်ကြီး ရောက်သွားပြီး ခရစ်ယာန်အသိုင်းအဝိုင်းကြားမှာ ခရစ်ယာန် ဖြစ်သွားတာ'

            'ကျွန်တော်နဲ့ ဦးသန်းဌေးတို့ မတွေ့ကြတော့ဘူးဗျ'

            'ဘယ်တွေ့မလဲ၊ ဆုံးသွားပြီကိုး'

            'အို... ဆုံးသွားပြီလား။ ဦးလေး ပိုးဆိုတာက...'

            'ဦးလေး ပိုးဆိုတာက ကျွန်တော်တို့ တူ၊ တူမတွေ ဦးသန်းဌေးကို ခေါ်တဲ့ အမည်ပါ။ ဦးသန်းဌေးငယ်ငယ်က ဝဝလုံးလုံးနဲ့ လမ်းမလျှောက်တတ်ခင် ပိုးတုံးလုံး ကောင်လေးနဲ့တူလို့ သူ့ကို ပိုးကောင်လို့ ခေါ်ကြရင်း ငယ်နာမည် ပိုးကောင်ဖြစ် သွားတယ်။ ဒါကြောင့် ကျွန်တော်တို့တွေက ဦးလေးပိုးလို့ ခေါ်တာ။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ သူကလည်း အပြင်ဘက်မှာ မင်္ဂလာအခမ်းအနားတွေမှာ မင်္ဂလာစကား ပြောလေ့ရှိတယ်'

            'အဲဒါကြောင့် ကျွန်တော်က ဒါတွေသိလို့ ဝတ္ထုထဲက ဦးဇင်မောင်နဲ့ ထားခင်အိတို့ မင်္ဂလာဆောင်မှာ ဦးသန်းဌေး မင်္ဂလာစကားပြောတဲ့အခန်း ထည့်ထားတာပေါ့'

            'ကျွန်တော့်ကို ဆရာသော်တာဆွေနဲ့ အန်တီမေတို့နဲ့ ဆက်သွယ်ပေးတာလည်း ဦးလေးပိုးပဲ။ သူက မဗြဲလို့ ခေါ်တဲ့ အန်တီမေနဲ့ ငယ်သူငယ်ချင်းတွေလေ'

            'ဟုတ်လား'

            'ဝတ္ထုထဲက နောက်တစ်ခန်းမှာ မင်္ဂလာဧည့်ခံပွဲည၊ သောက်ကြစားကြတဲ့ အခန်းမှာလည်း ဦးသန်းဌေးတို့၊ ဦးစိန်တင်တို့ကို ဆရာက ထည့်ရေးထားတယ်။ ဦးစိန်တင်ဆိုတာကလည်း အပြင်မှာ တကယ်ရှိတာ။ ကျားပျံ မကောက်ရဲ့သား တောင်ကြီးက ကျားပျံမရွှေဝါ ဆေးလိပ်ခုံပိုင်ရှင်ဆိုတော့ ဒီလိုအပြင်မှာ တကယ်ရှိတဲ့ တောင်ကြီးက မြို့မျက်နှာဖုံးတွေကို ဇာတ်ဆောင်တွေအနေနဲ့ ရေးပြထားတော့ ဆရာ့ဝတ္ထုက သိပ်ပြီး ပီပီပြင်ပြင် ရှိလာတာပေါ့'

            ကျွန်တော့်စကားများကို ဆရာက ခေါင်းတညိတ်ညိတ်လုပ်၍ နားထောင်နေသည်။

            'ဆရာ့ဝတ္ထုထဲမှာ ထားခင်အိ အမေကို ခရစ်ယာန် လုပ်ထားတာ။ သေတမ်းစာရေးဖို့ မဟုတ်လား ဆရာ'

            'ဒါကတော့ ခင်ဗျားက ရှေ့နေဆိုတော့ ဒီလိုပဲ တွေးမှာပဲလေ'

            'ဆရာ့ဝတ္ထုထဲမှာပါတဲ့ ခရစ်ယာန်နဲ့ ပတ်သက်တဲ့ ရေးသားချက်တွေ၊ ဒိုင်ယာလော့ခ်တွေက သိပ်သဘာဝကျတာပဲ။ တောင်ကြီးက ခရစ်ယာန်အသိုင်းအဝိုင်း လေအတိုင်းပဲ'

            'ကျွန်တော်လည်း ခရစ်ယာန်အသိုင်းအဝိုင်းနဲ့ ပတ်သက်ခဲ့ဖူးလို့ ဒီလို ရေးနိုင်တာပါ'

            'ဒါပေမယ့် ဝတ္ထုထဲမှာ ဦးဇင်မောင်က ထားခင်အိရဲ့ ပါးပြင်ကို နမ်းလိုက်တဲ့အခန်းမှာ ဆေးပြင်းလိပ်နံ့ကြီး စူးစူးဝါးဝါးရှိလို့ ထားခင်အိ အသက်မရှူနိုင်ဘဲ အောင့်ပြီး တစ်ဖက်ကို လှည့်နေရတဲ့အကြောင်း၊ မချစ်သော်လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူဆိုတဲ့ ဆိုရိုးစကား ရှိပေမယ့် ထားခင်အိမှာတော့ ပင့်သက်ကလေးတောင် မရှူနိုင်ဘူးလို့ ဆရာ ရေးခဲ့တယ်။ အဲဒီအချက်ကိုတော့ ကျွန်တော် လက်မခံနိုင်ဘူး'

            'ခင်ဗျား သိပ်မှတ်မိတာပဲနော်'

            'မှတ်မိဆို၊ ကျွန်တော်က ဆရာ့စာတွေကို စွဲတော့ ခဏခဏ ပြန်ဖတ်တာကိုး'

            'လက်မခံနိုင်တဲ့အကြောင်း ဆက်ပြောပါဦး'

            'ဆရာ့ရေးသားချက်ကို ကျွန်တော် လက်မခံနိုင်တာက တကယ်ချစ်ရင် ဆေးပြင်းလိပ်နံ့ကို ခံနိုင်ရမှာပေါ့ ဆရာရယ်'

            'ကျွန်တော့်ဝတ္ထုထဲမှာ ဦးဇင်မောင်ကို ထားခင်အိက တကယ်မချစ်ဘူးလေ။ နို့... ခင်ဗျားက ဘာဖြစ်လို့ ဒီလိုပြောနိုင်တာလဲ'

            'ဒီလိုပါ ဆရာရယ်။ ကျွန်တော့် အဖေကလည်း ဆေးပြင်းလိပ်သမားပဲ။ အမေက အမွှေးအကြိုင် သိပ်ကြိုက်တဲ့သူ။ ကျွန်တော့်အဖေရဲ့ အသုံးအဆောင်တွေမှာတောင် ဆေးပြင်းလိပ်နံ့ စွဲနေတယ်။ ဒါပေမယ့် ကျွန်တော့်အမေက တစ်ချက်မှ နှာခေါင်းမရှုတ်ဘူး။ ကျွန်တော့်ယောက္ခမကလည်း ဆေးပြင်းလိပ် သောက်တယ်။ ယောက္ခထီးကြီးကတော့ အသန့်အပြန့်သမား။ ဒါပေမယ့် ဆေးပြင်းလိပ်နံ့ နံတယ်လို့ ညည်းသံ မကြားရဘူး'

            ကျွန်တော်၏ စကားကြောင့် ဆရာက တဟားဟားရယ်နေသည်။ ကျွန်တော်က ဆက်ပြော၏။

            'ဆရာ သူများဝတ္ထုတွေကို ဆက်ရေးချင်သလို ကျွန်တော်ကတော့ ဆရာ့ဝတ္ထု အဆုံးသတ်ကို ပြင်ရေးချင်တယ်'

            'ဆိုပါဦး၊ ဘယ်လိုပြင်မှာလဲ'

            'ထားခင်အိကို သူ့ချစ်သူ ဒေါက်တာအောင်မျိုးနဲ့ပဲ ပေါင်းပေးချင်တယ်။ ဒီတော့ ဦးဇင်မောင် ခံစားရချက်တွေကို ထားခင်မူက အသနားကြီး သနားပြီး ချစ်သွားရော။ ဦးဇင်မောင်ကို ထားခင်မူနဲ့ ပေါင်းပေးလိုက်မယ်လေ'

            'ကျွန်တော် မရှိတော့ရင် ကျွန်တော့်လိုပဲ ကျွန်တော် ဆက်၍ ရေးချင်သော ဝတ္ထုများလို့ ရေးပေါ့ဗျာ' ဟု ဆရာမြက ရယ်၍ ပြောပါသည်။

            ယခုတော့ ဆရာမြ တကယ်ပင် လောကကြီးတွင် မရှိတော့ပြီ။ ဆရာမြ၏ 'ထား ကျွန်မလင်' ဝတ္ထုကို ၂ဝဝ၂ ခုနှစ် နိုဝင်ဘာလတွင် ပြန်ရိုက်ခဲ့သည်မှာ စတုတ္ထအကြိမ်ပင် ရှိနေပါပြီ။ ကျွန်တော် ပြင်၍လည်း မရေးနိုင်ပါ။ ပြင်ခွင့်လည်း မရှိပါ။ ဆက်၍လည်း မရေးလိုပါ။ လမင်းကြီးအလယ်က ယုန်ရုပ်ကလေးသည် ကမ္ဘာတည်သရွေ့ ပျောက်ကွယ်သွားခြင်း မရှိသကဲ့သို့ ဆရာ့စာတွေကိုလည်း ပြင်မရေးဘဲ၊ ဆက်မရေးဘဲ ကမ္ဘာတည်သရွေ့ သည်အတိုင်းပင် တည်ရှိနေပါစေ။

            'လလယ်မှာ ရွှေယုန်ရုပ်လို ပုံလုပ်လို့ထား'

မောင်သန်းဆွေ ၊ထားဝယ်၊

၂ဝဝ၆ ခုနှစ် ဖေဖော်ဝါရီလတွင် ကျရောက်သော ဆရာမြသန်းတင့် ကွယ်လွန်ခြင်း ၈ နှစ်ပြည့် အထိမ်းအမှတ်...။


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။