မြင့်သန်း
ငါသိခဲ့ဖူးသမျှ
လူတွေအထဲမှာတော့ သူဟာ အတော်ဆုံးနဲ့ ကိုယ်ကျိုး မကြည့်ဆုံး လူတစ်ယောက်ပဲ
လော့(ဒ)ဘိုင်ရွန်
ရိုမဲင်တစ်ကဗျာခေတ်တွင် ပရိုမီးသီယာ့(စ) (ဒေသဆိုင်ရာ အသံထွက် မူကွဲ-ပရိုမီးသက်(ဖ)) Prometheus အကြောင်းကို ပြန်လည်ရေးဖွဲ့ခြင်းမှာ ခေတ်စားခဲ့သည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ရေးသားတင်ပြခဲ့ပုံတို့မှာ မတူကြ။ ကဗျာဆရာတို့ရင်၌ တည်နေသော အရင်းခံအကြောင်းများပေါ်တွင် တည်ကာ ဝေဒနာကို တည်ဆောက်ပြပုံများ ကွဲသည်ဟု ဆိုရမည်။ ထိုကြောင့် ကဗျာက ဖော်ထုတ်တင်ပြသော အဓိကအကြောင်းအရာ သို့မဟုတ် ကဗျာ၏အတွင်းသားတို့မှာ တစ်သားတည်း မဟုတ်ကြတော့ချေ။ ရှေးသို့မဆက်မီ ပရိုမီးသီယာ့(စ)အကြောင်းကို စဉ်းငယ်မျှ ရှင်းပြလိုသည်။ ပရိုမီးသီယာ့(စ)မှာ ဂရိတို့၏ ရှေးဟောင်းဒဏ္ဍာရီမှ လူသားတို့၏ အကျိုးစီးပွားကို လိုလားသော၊ သို့မဟုတ် စောင့်ရှောက်သော သူတစ်ဦးဖြစ်သည်။ (ဂရိတို့၏ ရှေးဟောင်းဒဏ္ဍာရီ' ဟုဆိုရာတွင် 'ဒဏ္ဍာရီ'ဟူသော စာလုံးကို ရွှေယုန်နှင့် ရွှေကျား သက်ငယ်ရိတ်သွားသော ဒဏ္ဍာရီမျိုးနှင့် ရောထွေး နားလည်မထားကြစေလိုပါ။ မြန်မာတို့၏ သိမှုအတွင်းမှ လက်ခံထားသော သက်ဝင်ယုံကြည်မှု အခြေခံဒဏ္ဍာရီမျိုးကို ဆိုလိုသည်။ (ဥပမာ-ပန်းပဲ မောင်တင့်တယ်၊ တောင်ပြုန်း မင်းနှစ်ပါး ... စသည့် ဇာတ်လမ်းမျိုး)။
ပရိုမီးသီယာ့(စ)မှာ လူသားတို့၏
အကျိုးစီးပွားကို မလိုလားသော ဇု(စ) (ဇက်(ဖ)) Zeus ၏
လက်အောက်သို့ လူသားများ ကျရောက်ရမည့် ဘေးမှကာကွယ်ခဲ့သူဖြစ်သည်။ ဂရိဒဏ္ဍာရီ အရသော်
ဇု(စ) မှာ ကမ္ဘာကြီးကို စိုးမိုးအုပ်ချုပ်ထားသော အိုလံပီယာ Olympians နတ်ဘုရားတို့၏ အကြီးအကဲ၊ အရှင်သခင်ဖြစ်ပြီး
စေလိုရာ စေနိုင်သူ ဖြစ်သည်။ ဇု(စ) ၏ ဖခင်ဖြစ်သူမှာ အိုလံပီယာ နတ်ဘုရားများက
ကမ္ဘာကြီးကို အုပ်စိုးခြင်း မရှိသေးမီက ကမ္ဘာကြီးကို အုပ်စိုးထားကြသော တိုက်တန် Titans အမည်ရှိ နတ်ဘုရားတို့၏ အကြီးအကဲ ကရိုးနပ်(စ)
Cronus ဖြစ်သည်။ ဇု(စ)က
သူ့ဖခင်ကို နန်းချကာ ကမ္ဘာကြီးကို စိုးမိုးခဲ့သူ။ ပရိုမီးသီယာ့(စ)မှာ
တိုက်တန်တစ်ဦးဖြစ်သော အိုင်အေပိတာ့(စ) Iapetus နှင့်
ရေသူမတစ်ဦးတို့ ဆက်ဆံရာမှ ပေါက်ပွားလာသူဖြစ်ပြီး ပရိုမီးသီယာ့(စ) ဟူသောအမည်မှာ 'တင်ကြိုသိသူ'
ဟု အနက်ရသည်။ ဇု(စ)က ဖခင် ကရိုးနပ်(စ)ကို တော်လှန်သောအခါ
ပရိုမီးသီယာ့ (စ)က ဇု(စ)ဘက်မှ ဝင်ရောက် တိုက်ခိုက်(စစ်ကူ) ပေးခဲ့သည်။ ဇု(စ)က
လူသားများကို ဖျက်ဆီးပစ်လိုသည်။ ပရိုမီးသီယာ့(စ)က ဝင်၍ ကန့်ကွက်ကာ လူသားများ၏
အကျိုးစီးပွားကို ကြည့်ရန်၊ လူသားတို့ကို ဘဝ၏ တန်ဖိုး... စသည့် အကြောင်းများ
ရှင်းပြခဲ့သည်။ လူသားတို့အတွက် ကောင်းကင်ဘုံမှ မီးကိုခိုးယူလာကာ ဝှက်၍ ထားသည်။
ထိုမျှသာ မဟုတ်သေး။ လူသားတို့က နတ်ဘုရားတို့ကို ပူဇော်ပသရာတွင် အသားကောင်းကို
လူသားတို့ စားခွင့်ရရန်နှင့် ညံ့သောအသားကိုသာ ပူဇော်ပသရန်
ကြံဆောင်ခဲ့သူဖြစ်သည်။ ထိုအကြောင်းများကို
သိသွားသောအခါ ဇု(စ)က သူ့ဘက်မှ စစ်ကူခဲ့သည့် မျက် နှာကိုမျှ မထောက်ဘဲ
ပရိုမီးသီယာ့(စ) ကို အပြစ်ပေးတော့သည်။ အပြစ်ပေးပုံမှာ တောင်နံရံတွင် သံကြိုးဖြင့်
တုပ်နှောင်ထားပြီး ပရိုမီးသီယာ့(စ)၏ အသည်းနှလုံးကို စွန်ရဲတစ်ကောင်က နေ့စဉ်
လာရောက်စားစေသည်။ ပြစ်ဒဏ်ကာလမှာ အတိုင်းအတာမရှိ (ရှေးဂရိ ပြဇာတ်ဆရာ အစ်ခီလာ့(စ) Aeschylus ၏ မူတွင်သော် နှစ်ပေါင်း
သုံးထောင်ကြာပြီးနောက် လွတ်မြောက်သွားသည်ဟု ဆို၏။) သို့ရာတွင် ညဘက်သို့ ရောက်သောအခါ
ပရိုမီးသီယာ့(စ)၏ အသည်းနှလုံးမှာ ပြန်လည်ရှင်သန်ကြီးထွားလာသည်။ သို့ဖြင့်
ပရိုမီးသီယာ့(စ)မှာ မသေတော့ (တိုက်တန်များမှာ မသေဆုံးနိုင်ဟူသော
ဂရိယုံကြည်ချက်လည်း ရှိသည်။ ပရိုမီးသီယာ့(စ)မှာ တိုက်တန်တစ်ဦး ဖြစ်သည်) အဆုံး၌
ဟကူလာ့ (မြန်မာတို့က ဟာကျူလီဟု သိထားနှင့်သူ) Hercules/
Herakles က လာရောက်
ကယ်တင်မှ လွတ်မြောက်ခဲ့ရသည်။
ဂရိပြဇာတ်ဆရာ အစ်ခီလာ့(စ) (ဘီစီ
၅၂၅-၄၅၆) ရေးဖွဲ့ခဲ့သော ပရိုမီးသီယာ့(စ)၏ နှောင်တည်း ခံရမှု Prometheus Bound မှာ ဟေစွိုဒ် Hesoid (ဘီစီ ရှစ်ရာစုခန့်) ၏ အရေး အသားများ
(အထူးသဖြင့် သီယိုဂနီ Theogony) မှ
ထုတ်နုတ်ယူထားခြင်း ဖြစ်သည်။ သို့ရာတွင် အစ်ခီလာ့(စ) ရေးသားသော Prometheus Bound မှာ ပရိုမီးသီယာ့(စ)အကြောင်း ရေးသား
ထားခဲ့သော သူ၏ အရေးအသား သုံးခုအနက်မှ တစ်ခုဖြစ်သည်။ (အခြား နှစ်ခုမှာ Prometheus Unbound နှင့် Prometheues Pyrphoros တို့ဖြစ်ပြီး
မူရင်းများကို အပြည့်အစုံ မတွေ့ရှိကြဟု သိရသည်)။ ဟေစွိုဒ်၏ အရေးအသားတွင် ဇု(စ)ကို
အသားပေးထားခဲ့သည်။ ဇု(စ)ကို ကြည်ညိုစရာ ဖန်တီးပြထားခဲ့ပြီး၊ ပရိုမီးသီယာ့(စ)ကို
ထောင်ထခြားနားသူ၊ အံတုသူအဖြစ် ပုံဖော်ထားခဲ့သည်။ ဂရိဒဏ္ဍာရီအရသော်
ပရိုးမီးသီယာ့(စ)မှာ လူသားတို့ဘက်မှ ရပ်တည်သူ (မာ့က်ဝါဒီတို့ အလိုအရသော်
ပြည်သူ့ဘက်တော်သား)သာ ဖြစ်သည်။ ဤတွင် ဇု(စ)ကို လူကြမ်း သဘောထား၍ ကြည့်ရန်လိုသည်ဟု
ဆိုလိုသည်မဟုတ်။ ဇု(စ) ကိုယ်တိုင်မှာ ဂရိတို့ အတွေးအခေါ် ပြောင်းလဲလာရေးတွင်
ဦးဆောင်ခဲ့သော ခေတ်ပြောင်းတော်လှန်ရေးသမားတစ်ဦးဟု ဆိုနိုင်သည်။ သူ့ဖခင်
ကရိုးနပ်(စ) ဦးဆောင်သော တိုက်တန်များက ကမ္ဘာမြေကြီးကို အုပ်စိုးထားစဉ်က
လက်ခံထားသောအမြင် (သဘောတရားဟု ဆိုလိုသော်ဆိုပါ)နှင့် ဇု(စ) လက်ခံသော အမြင်များကို
အထိုက်အလျောက် ယှဉ်ကြည့်စေချင်သည်။ ကရိုးနပ်(စ)က လူနှင့် နတ်ဘုရားတို့အတူတကွ
ဒိုးတူပေါင်ဖက် နေကြသည်ဟူသော အယူအဆကို ဇု(စ)က လက်မခံ။ နတ်ဘုရားများက
ကောင်းကင်ဘုံတွင်နေပြီး မြေပြင်ကို လူတို့အတွက် ထားရမည်ဟု ဆိုသည်။ သာယာသော
နွေဦးကာလမှာ မပြီးဆုံးစေရဟု ကရိုးနပ်(စ)က ဆိုသော်လည်း ဇု(စ)က ဥတုရာသီများ
ပြောင်းလဲဖြစ်ပေါ်ရမည်ဟု ဆိုသည်။ ကရိုးနပ်(စ)က ကမ္ဘာမြေပြင်တွင် မိန်းမတို့သာ
မရှိစေရ၊ ယောကျ်ားများသာ ရှိရမည်။ ယောကျ်ားသားများမှာ မြေပြင်ပေါ်၌
သစ်ပင်များကဲ့သို့ ပေါက်လာကြရမည်ဟုဆိုသည်။ ဇု(စ) ထိုအချက်ကို လက်မခံ။
ကမ္ဘာမြေပြင်မှာ လူသားတို့ အတွက်ဖြစ်၍ လူ-မိန်းမများ လိုအပ်သည်။ လူသားများမှာ
လူ(အထီး)နှင့် လူ (အမ) တို့ ကိုယ်ကာယချင်း နှီးနှောကာ ကာမဂုဏ် ခံစားကြရာမှ
ပေါက်ပွားလာ ကြရမည်ဟု ဆိုသည်။ ထို-အချက်-အချို့ကို ကြည့်လျှင် ဇု(စ)၏ အမြင်များမှာ
ပိုမို သဘာဝတရားနှင့် နီးစပ်သော အမြင်များ ဖြစ်လာကြောင်း သတိထားမိကြပေမည်။ အဓိက
ဆိုလိုသည်မှာ ဂရိတို့၏ ဒဏ္ဍာရီအခြေခံယုံကြည်ခြင်းများတွင် ခေတ်ဦးကာလ၌ပင် သိသာစွာ
ဆင်ခြင်တုံတရားဘက်သို့ တိမ်းလာကြောင်းပင် ဖြစ်သည်။ ထိုသို့ တိမ်းလာခြင်းတွင်၊
ဇု(စ)၏ အခန်းကဏ္ဍမှာ ကြီးမားလှသည်ဟု ဆိုရပေတော့မည်။
အစ်ခီလာ့(စ)၏ ပြဇာတ်တွင်
ပရိုမီးသီယာ့(စ)အပြင် အခြားသော အဓိကသော ဇာတ်ကောင်များမှာ မီးကိုပိုင်စိုးသော
အိုလံပီယာနတ်ဘုရားတစ်ဦးလည်းဖြစ်၊ ပန်းပဲဆရာလည်း ဖြစ်သည်။ ဟက်ပါစတာ့(စ) Hepha estus အကြမ်းဖက်စေ့ဆော်မှုကို ကိုယ်စားပြုသည့်
ကရာတော့(စ) Kratos, အင်အားကို
ကိုယ်စားပြုသည့် ဘီယာ Bia, ပရိုမီးသီယာ့(စ)၏
ညီဖြစ်သူ အိုစီအင်နော့(စ) Oceanos, မြစ်ချောင်းများကို
အစိုးရသော နတ်သမီး အိုင်အို Io,
အိုလံပီယံနတ်ဘုရားတို့၏ တမန်တော်တို့အနက်မှ အကြီးအကဲဖြစ်သူ ဟာမ်(စ) Harmes တို့ ဖြစ်သည်။ ပြဇာတ်မှာ ဇာတ်လမ်းအစမှ
စ၍တည်ထားသော ဇာတ်မျိုးမဟုတ်။ ခါးလယ်တစ်နေရာမှ စတင်လိုက်ခြင်း (in medias res ဟု ခေါ်သည်)ဖြစ်သည်။ ဇု(စ)၏
ညွှန်ကြားချက်အတိုင်း ကရာတော့(စ) နှင့် ဘီယာက ပရိုမီးသီယာ့(စ)ကို အတင်းအဓမ္မ
ဖမ်းဆီးလာပြီး တောင်ပေါ်သို့ ခေါ်လာသည့်နေရာမှ စသည်။ ဟက်ပါရေတာ့(စ)နှင့်
ကရာတော့(စ)တို့ အပြန်အလှန် စကားပြောခြင်းဖြင့် စသည်။ ဤတွင် ဇာတ်လမ်းကို
ပဋိပက္ခအသွင်ဆောင်နေသော အနေအထားမှ စထားသည်ဟု ဆိုနိုင်သည်။ သူတို့ နှစ်ဦးစလုံးမှာ
ဇု(စ)၏ လက်အောက်မှ ဖြစ်ကြသော်လည်း၊ ကရာတော့(စ)က လုပ်ရန်ရှိသည်ကို
လုပ်ရန်သာဖြစ်သည်ဟု လက်ခံသော်လည်း ဟက်ပရေတပ်(စ)က ဝန်လေးနေသည်။
ပရိုမီးသီယာ့(စ)အပေါ် မလုပ်ရက်။ ထိုအပိုင်းမှာ ဇာတ်ဆရာက သူ့ခေတ်အခါက
ဖြစ်ပျက်နေပုံများကို ပုံဖော်လိုခြင်းသာဖြစ်သည်ဟု ပညာရှင်တို့က မြင်ကြသည်။
ထိုအခါကဂရိတို့မှာ ပါရှန်များအပေါ် အောင်နိုင်ခဲ့ပြီး အက်သင်မြို့ပြနိုင်ငံ
ထူထောင်ပြီး၊ မော်ြကွားနိုင်ချိန်ဖြစ်သည်။ ဇု(စ)ကို ထင်တိုင်းကြဲနေသူအဖြစ်
မြင်စေချင်သည်။ သို့ရာတွင် ဇာတ်ဆရာက ပရိုမီးသီယာ့(စ) အနှောင်အတည် ကင်းပမှု Promethues Unbound ရေးရာတွင်
ဇု(စ)နှင့် ပရိုမီးသီယာ့(စ)ကို သင့်တင့်အောင်လုပ်၍ ဇာတ်ပေါင်းပေးခဲ့သည်ဟု သိရသည်။
ဤဇာတ်ပေါင်းသည် အမြင်မှာ
အင်္ဂလိပ်ရိုမဲင်တစ် ကဗျာဆရာ ပါစီဘစ်ရှယ်လီ ရေးသော ပရိုမီးသီယာ့(စ)
အနှောင်အတည်းကင်းပမှု Promethues Unbound
ပြဇာတ်
ကဗျာရှည်ကြီးတွင် မပါ။ ၎င်းကဗျာရှည်ကြီးမှာ အခန်းလေးခန်းပါသော ပြဇာတ်ကဗျာတစ်ခုဟု
ဆိုရမည်။ သို့ရာတွင် ရှယ်လီ၏ ပရိုမီးသီယာ့(စ)မှာ ဂရိပြဇာတ်နှင့် အခြေခံအားဖြင့်
တူသည်ဆိုရုံမျှသာ ဖြစ်သည်။ သူကိုယ်တိုင်က ပြောခဲ့ဖူးသည်မှာ 'ကျွန်တော့်
သူငယ်ချင်းတွေက ကျွန်တော်ရေးတဲ့ ပရိုမီးသီယာ့(စ)ဟာ စိတ်ကူး ဆန်းဆန်းနဲ့မို့
နားလည်ရခက်တယ်။ နည်းနည်းကြမ်းတယ်။ စိတ်ကူးထည် သက်သက် ဆန်နေတယ်လို့ ပြောကြတယ်။
ဟုတ်တယ်။ ဂရိပြဇာတ်နဲ့ ဘာမျှကို မတူဘူး။ ကျွန်တော့်ရဲ့ မူရင်းပဲ။ အဲဒီလို
ဖန်တီးဖို့ ကျွန်တော် အများကြီး စိတ်ပင်ပန်းခံခဲ့ရတယ်။ စာရေးဆရာတွေ ဆိုတာကလည်း
အမေတွေလိုပဲ။ ကိုယ့်ကို ဒုက္ခအပေးဆုံး ကလေးအပေါ် ပိုပြီးတွယ်တာကြတယ် မဟုတ်လား'။ မှန်၏။ ရှယ်လီ၏ ပရိုမီးသီယာ့(စ)မှာ စိတ်ပိုင်းဆိုင်ရာ အခြေခံ၍ ဝေဒနာ
ဖော်ထုတ်မှုအပိုင်းတွင် အလေးပေးခဲ့သည်။ ပြစ်မှုနှင့် ပြစ်ဒဏ်အကြောင်းက
ပေါ်လွင်စေသော စိတ်ပိုင်းဆိုင်ရာ အခြေခံ ရိုမဲင်တစ် (ကဗျာ) ပြဇာတ်တစ်ပုဒ်ဖြစ်သည်။
ပညာရှင်အများစု၏ အကဲဖြတ်ချက်အရသော်၊ ကဗျာ၏ အဓိကဇာတ်ကောင် ပရိုမီးသီယာ့(စ)သည်
လူသားတို့၏ စိတ်(စိတ်ဓာတ်)ကို ကိုယ်စားပြုကာ ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုရမည်။
ဇု(စ)၏ ကြီးမားလှသော ဒေါသများမှာ လူတို့၏ မိမိတို့ဘာသာ ဖြစ်ပေါ်နေပြီး
မိမိတို့အပေါ် ပြန်လည်ဒုက္ခပေးနေတတ်မှုကို ဖော်ပြလိုခြင်းဟု ဆိုကြသည်။ ရှယ်လီ၏
ပရိုမီးသီယာ့(စ)မှာ လွတ်မြောက်ခြင်း အကြောင်းမဟုတ်။ ပရိုမီးသီယာ့(စ)၏
နှောင်တည်းခံနေရခြင်း၊ ပြစ်ဒဏ်ခံနေရခြင်း၊ အတွင်းမှ အနှောင်အတည်း ကင်းပမှုဖြစ်သည်။
အစ်ခီလာ့(စ)က ပရိုမီးသီယာ့(စ)ကို ထောင်ထခြားနား သူ၊ အံ့တုသူအဖြစ်
ပုံဖော်ထားခဲ့ခြင်းသည် ရှယ်လီအဖို့ သဘောတွေ့စရာ ဖြစ်နေသည်။ သူက ပရိုမီးသီ
ယာ့(စ)ကို ထိုရှုထောင့်မှ ပြန်လည်တင်ပြရုံ သာမက၊ အစ်ခီလာ့(စ)အား စိန်ခေါ်သလို
ပြုခဲ့သည်။ ထိုအချက်မှာ သူ၏ ပရိုမီးသီယာ့(စ) အနှောင်အတည်း ကင်းပမှု ကဗျာပြဇာတ်၏ အစတွင်
ဖော်ပြထားသော Audisne haec Amphiarae
sub terram abdite? စာကြောင်းဖြင့် ဖော်ထုတ်ထားခဲ့သည်။ ထို -စာ ကြောင်း-၏
ဆိုလိုရင်းမှာ မင်းကြားရဲ့လား အမ်ဖီယာရာယု(စ) ဟူ၍ အနက်ရသည်။ ထိုစာကြောင်းကို
ရှယ်လီက သူ၏ ကဗျာရှည်ကြီး (လက်ရေးမူ) တတိယပိုင်း မဆုံးမီတွင် 'အစ်ခီ
လာ့(စ)ရဲ့ တစ္ဆေအတွက်' ဟု ရေးသားကာ ပါစီရှယ်လီဟု
လက်မှတ်ရေးထိုးထားကြောင်း တွေ့ရသည်ဟု ရှယ်လီ၏ လက်ရေးစာမူကို တွေ့ရှိသော
နယ်ဗလ်ရော်ဂျား (စ) Neville Rogers က
ဆိုခဲ့သည်။ ဆိုလိုသည်မှာ ကဗျာဆရာက အသစ်ရေးဖွဲ့လိုက်သော ပရိုမီးသီယာ့(စ)
အနှောင်အတည်း ကင်းပမှုကို အစ်ခီလာ့(စ) တစ်ယောက် ကြားပါရဲ့လားဟု ဆိုလိုခြင်း
ဖြစ်သည်။
ရှေ့သို့ မဆက်မီ ဤတွင်
မြန်မာပညာရှင်တို့ အထင် (အထောက်အထား မရှိဘဲလျက်) သက်သက်ဖြင့် ပုံရုပ်ဖော်ထားသော
ပရိုမီးသီယာ့(စ) အကြောင်းကို စိုးစဉ်းမျှ ဆွေးနွေးလိုသည်။ ပရိုမီးသီယာ့(စ)ကို
ကောက်ကျစ်သူ၊ ဉာဏ်နီဉာဏ်နက်ရှိသူကဲ့သို့ ပုံရုပ်ဖော်ထားသည်ကို တွေ့ခဲ့ရဖူးသည်။ 'ဂျူပီတာကိုတောင်
တစ်ပတ်ရိုက်သည်' ဟူ၍ပင် ရေးသားခဲ့သည်ကို တွေ့ရသည်။ စင်စစ် ဂျူပီတာသည် ရိုမဲင်ဒဏ္ဍာရီ Roman Mythology မှဖြစ်ပြီး ဒဏ္ဍာရီ အခြေခံ
ယုံကြည်မှု တစ်ခုဖြစ်သည်။ စင်စစ်၊
ပရိုမီးသီယာ့(စ) မှာ ဂရိဒဏ္ဍာရီ Greek Mythology မှဖြစ်သည်။ သို့ဖြစ်ရကား ဂရိနှင့်
ရိုမဲင်ဒဏ္ဍာရီကို စဉ်းငယ်မျှ ရှင်းပြလိုသည်။ စင်စစ် ဂျူပီတာမှာ ရိုမဲန်ဒဏ္ဍာရီ Roman Mythology အရ နတ်ဘုရားအလုံးစုံနှင့် လူသား တို့ကို
အစိုးရတော်မူသူ ဖြစ်သည်။ (အင်ဒိုအာရိယာန် စကားအရ 'ဒေဝပီတ' နတ်ဘုရားတို့၏ အဖဟု အနက်ရသည်ဟုလည်း ပညာရှင်အချို့က ဆိုသည်။ အချို့သော
မာ့က်ဝါဒီ ပညာရှင်တို့က (ခေတ်စကားဖြင့်ဆိုရသော်) အာဏာရှင်သာဖြစ်သည်ဟု မြင်ကြ သည်။)
ဂရိဒဏ္ဍာရီမှ ဇု(စ)နှင့် သဘော တူပင်ဖြစ်သည်ဟု ဆိုသော်လည်း၊ ဂျူပီတာနှင့် ဇု(စ)ကို
တစ်သားတည်းဟု မမြင်စေလိုပါ။ ဂျူပီတာမှာ စေတန် Saturn ၏သား ဖြစ်သည်။ ရှယ်လီက အစ်တလီနိုင်ငံတွင်
နေထိုင်စဉ် ပရိုမီးသီယာ့(စ) အနှောင်အတည်းကင်းပမှု Promethues Unbound ကို
ရေးခဲ့သည် ဖြစ်ရာ ရိုမဲင်ဒဏ္ဍာရီမှ ဂျူပီတာကို ဇု(စ) နှင့် သဘောတူထားကာ
ရေးသားခဲ့ခြင်းသာဖြစ်သည်။ ပရိုမီးသီယာ့(စ)သည် ဇု(စ) ကိုသော်လည်းကောင်း၊ ဂျူပီတာ
ကိုသော်လည်းကောင်း တစ်ပတ်ရိုက်ခဲ့သည်မဟုတ်။ လူသားတို့ အကျိုးစီးပွားကို
ဦးဆောင်ပေးခဲ့သူသာဖြစ်သည်။ ထိုသို့ လုပ်ဆောင်ပေးခဲ့ခြင်းကြောင့် ကျရောက်သော
ပြစ်ဒဏ်ကို သူခံသည်။ ရှယ်လီအနေဖြင့် အဓိကထား၍ ယူထားသော အချက်မှာ ထိုအချက်ဖြစ်သည်။
ထို့ပြင်၊ အစ်ခီလာ့(စ)၏ အရေးအသားတွင် ပရိုမီးသီယာ့(စ)နှင့် ဇု(စ)ကို အဆုံး၌
ပြန်ပေါင်းထုပ်ပေး ခဲ့သော်လည်း ရှယ်လီက
ထိုသို့ဇာတ်ကို ဖြေမချခဲ့။ ဟာကျူလီက စွန်ရဲကို သုတ်သင်လိုက်ခြင်းဖြင့်
ပရိုမီးသီယာ့(စ) လွတ်မြောက်စေခဲ့သည်။ သို့ဖြစ်ရကာ ရှယ်လီ၏ကဗျာမှာ အစ်ခီလာ့(စ)၏
မူရင်းမှ သွေဖည်သွားခဲ့သည်ဟု ဆိုရပေတော့မည်။ ထိုအချက်ကို ရှယ်လီကိုယ်တိုင်
မြင်ခဲ့သည်။ ထို့ကြောင့်လည်း ကဗျာ၏ အချီးတွင် 'အစ်ခီလာ့(စ)မူအရ
ရေးဖို့ကြိုးစားသင့်တယ်လို့ ကျွန်တော်သိပါတယ်။ တကယ်တော့ မရေးဖြစ်ဘူး။
လူသားတစ်ရပ်လုံးကို စော်ကားနေတဲ့ တစ်ဦးတစ်ယောက်ကို လူသားတွေဘက်က
ရပ်တည်သူနဲ့ပြန်ပြီး ပေါင်းစည်းမပေးနိုင်ဘူး။ ...ပရိုမီးသီယာ့(စ)ရဲ့ စံထားလောက်တဲ့
ကိုယ်ကျင့်တရားအပိုင်းနဲ့ အသိပညာအပိုင်းကို ဖော်ချင်တာ' ဟု
ရေးခဲ့သည်။ ထို့ကြောင့် ရှယ်လီ၏ ပရိုမီးသီယာ့(စ)မှာ ဂရိဒဏ္ဍာရီမှ အခြေခံကိုယူပြီး၊
သူ့အမြင်ကို အခြေခံကာ ဖန်တီးထားသော ကဗျာပြဇာတ်သာ ဖြစ်တော့သည်။ (ပြဇာတ်ဟု
ဆိုသော်လည်း အစ်ခီလာ့(စ)နှင့် ရှယ်လီတို့၏ ပြဇာတ်များမှာ ဖတ်ရှုရန်အတွက်
ဦးတည်ထားသော ပြဇာတ်မျိုးကို ဆိုလိုသည်။ စင်တင်ပြဇာတ်သဘောမျိုး မဟုတ်)။
ပရိုမီးသီယာ့(စ)ကို ရေးသားရာတွင်
ရှယ်လီမှာ သူ၏ ယုံကြည်ချက်ကို ဖော်ထုတ်နိုင်ရန် ကြိုးစားခဲ့သည်ဟု ဆိုရမည်။ သူ၏ဇနီးဖြစ်သူ
မေရီရှယ်လီ၏ အလိုအရ (၁၈၂၄ ခုနှစ်ထုတ် ရှယ်လီ၏ Prometheus Unbound တွင် ရေးသားခဲ့သော မေရီရှယ်လီ၏
မှတ်ချက်အရ)သော် (ထိုစဉ်က) ရှယ်လီ စပ်ဆိုရန် အားသန်နေခဲ့သော ကဗျာများမှာ တက်ဆို Tasso သီချင်းများကို အခြေခံ၍လည်းကောင်း၊ သမာကျမ်း
တွင်ပါသော Book of Job မှကို အခြေခံ၍လည်းကောင်းနှင့်
ပရိုမီးသီယာ့(စ) လွတ်မြောက်မှုအကြောင်းများ ဖြစ်သည်ဟု သိရသည်။ အထူးသဖြင့်
အက်ချီလပ်(စ)၏ မူကိုဖတ်မိရာမှ ပရိုမီးသီယာ့(စ)ကို ပြန်ရေးသားနေချင်စိတ်
ဖြစ်နေခဲ့သည်။ အက်ချီလာ(စ) အရေးအသားကို သဘောကျသည်ထက် သူဖော်ထုတ်ချင်သော
ပုံရုပ်နှင့် ဇာတ်ကောင်မျိုးကို တွေ့ရှိရသောကြောင့် ဖြစ်သည်။ သို့ဖြင့်
အီတလီနိုင်ငံအနှံ့ လှည့်ပတ်သွားလာနေရင်း ရှယ်လီသည် ပရိုမီးသီယာ့(စ)ကို ရေးသားရန်
ပုံကြမ်း လောင်းနေခဲ့သည်။ ထိုစဉ်ကသော် ပရိုမီးသီးယာ့(စ) ကဗျာပြဇာတ်ကို
အခန်းသုံးခန်းဖြင့် အပြီးရေးမည်ဟု စိတ်ကူးထားခဲ့သည်။ လအတန်ကြာပြီးနောက်
ဖလော်ရင်း(စ) မြို့တွင် နေထိုင်နေစဉ်မှ ကဗျာပြဇာတ်တွင် စတုတ္ထခန်းကို
ဆက်လက်ရေးသားကာ ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။ ပရိုမီးသီယာ့(စ)
လွတ်မြောက်လာမှုအတွက် ချီးပခန်းသဘောမျိုးဖြစ်သည်။ ရှယ်လီ၏ ပရိုမီးသီယာ့(စ)မှာ
ပြီးပြည့်စုံသော လူသားတစ်ဦး၏ ပုံရုပ်ကို ဖော်နိုင်ရန် အားထုတ်မှုဖြစ်သည်။
ထိုအမြင်မှာ ရှယ်လီ၏ သိမှုအတွင်း အရိုးစွဲနေသောအမြင် (ရည်မှန်းချက်)တစ်ခုဖြစ်သည်။
သူက လူတို့တွင် (သို့မဟုတ်၊ ဖန်ဆင်းခံရစဉ်အခါက) မကောင်းမှု ပါဝင်ခဲ့သည်မဟုတ်။
မကောင်းမှုမှာ တိုက်ဆိုင်မှု တစ်စုံတစ်ရာ၊ သို့မဟုတ် မတော်တဆ
ပေါ်ပေါက်လာခဲ့ခြင်းသာ ဖြစ်သည်ဟု မြင်သည်။ ထို့ကြောင့် လူတို့၏
အဓိကရည်မှန်းချက်မှာ မကောင်းမှု မရှိအောင် ကြိုးစားကြရန်သာ ဖြစ်သည်ဟူသောအမြင်ကို
ရှယ်လီက လက်ခံထားခဲ့သည်။ မကောင်းမှု၊ နာကျင်မှု၊ သေခြင်းတရားဆိုသည်မှာ လူတို့အတွက်
ယာယီ အခိုက်အတန့် ဖြစ်ပေါ်လာတတ်သော ဝေဒနာများသာဖြစ်သည်။ လူက အသိဉာဏ် ဖြင့်
(ဦးနှောက်ကိုသုံးကာ) ဘာသာရေးအရ လွှမ်းမိုးမှုများအပေါ် ကျော်လွှားနိုင်သည်ဟူသော
အမြင်များကို လက်ခံခဲ့သော ရှယ်လီက ထိုအမြင်များကို အခြေခံကာ ပရိုမီးသီယာ့(စ)ကို
ဖန်တီးတည်ဆောက်ပြလိုက်ခြင်း ဖြစ်သည်။
ရှယ်လီ၏ ပရိုမီးသီယာ့(စ)မှာ
မိခင်မြေကြီး၏ သားဖြစ်သည်။ သူ၏ ဇနီးလောင်းမှာ အေရှ Asia အမည်ရှိ
လောကအဝန်းကို လင်းလက်လာစေနိုင်သူ၊ မေတ္တာတရားကြီးမားသူ ဖြစ်သည်။
(ရိုမဲင်ဒဏ္ဍာရီများတွင်သော် ဗီနပ်(စ)ကဲ့သို့ သဘောဆောင်သူ ဖြစ်သည်။
ဟီရိုဒိုးတာ့(စ) အလိုအရသော်
အာရှတိုက်အမည်မှာ ၎င်းမှ ဆင်းသက်လာသည်ဟု ဆိုသည်။ သို့ရာတွင် ပညာရှင်အချို့တို့က
အဆီရီရန် Assyrian ဘာသာစကားမှ
ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အာရှဆိုသည်မှာ နေထွက်ရာ အရပ်ဟု အနက်ရပြီး
ယူရိုပဆိုသည်မှာ နေဝင်ရာဟု အနက်ရသောဟူ၏)။ ရှယ်လီ၏ ပရိုမီးသီယာ့(စ)မှာ
နတ်ဘုရားသက်သက် မဟုတ်တော့ဘဲ လူသားဆန်ပုံကို ကဗျာ၏ ပထမဆုံးအပိုဒ် တွင်ပင် ဖော်ထုတ်ပြခဲ့သည်။
ပထမ အပိုဒ် စာကြောင်း ၅၃ တွင် Disdain! Ah
no! I pity thee ဟု
ရေးသားထားခဲ့ သည်။ အနက်မှာ မနှစ်မြို့၊ မတူမတန် ဖြစ်ရမယ်တဲ့လား။ ဟာ၊ ဘယ်မှာ
ဖြစ်လိမ့်မှာလဲ။ ငါက သနားတောင် သနားမိသေးတယ်ဟု ဖြစ်ရာ ပရိုမီးသီယာ့(စ)က သူ၏
နာကြည်း မုန်းတီးမှုနှင့် ရင့်ကျက်မှု နှစ်ခုစလုံးကို ဒွန်တွဲပြခဲ့ခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ရှယ်လီသည် ပရိုမီးသီးယာ့(စ)၏ အပြင်ပန်းမှ အခက်အခဲများနည်းတူ
သူ၏အတွင်းမှ ပဋိပက္ခများကိုလည်း မြင်စေချင်သည့်သဘော ဖြစ်သည်။ ထို့ပြင်ကဗျာပြဇာတ်၏
ပထမပိုင်း တစ်ခုလုံးမှာ ပရိုမီးသီယာ့(စ)နှင့် အခြားသော ဇာတ်ကောင်တို့၏
အားပြိုင်မှုကို ဖော်ထုတ်ထားသည်။ ဥပမာ...ပရိုမီးသီယာ့(စ)က ဇု(စ) (ဂျူပီတာ)
အပေါ်သို့ အပြစ်ဆို ကျိန်ဆိုချက်များကို အခြားဇာတ်ကောင်များက ပြန်လည်ဖော်ထုတ်
ပြကြစေချင်သည်။ သို့ရာတွင် သူ့ဝန်းကျင်မှ ဇာတ်ကောင်များက ဆန္ဒမရှိကြချေ။
တစ်နည်းအားဖြင့်သော် ရှယ်လီသည် သူဖန်တီးထားသော ပရိုမီးသီယာ့(စ) ကို လူတို့၏
အဖြစ်အတွင်းမှ အခြေအနေများဖြင့်
ဖော်ထုတ်ခဲ့ခြင်း ဖြစ်လေသည်။ နတ်ဘုရားတစ်ပါး၊ တန်ခိုးရှင်တစ်ဦးအဖြစ် မမြင်စေလို။
လူသားစွမ်းအားရှင် တစ်ဦးအဖြစ်သာ ပုံဖော်လိုခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြစ်
ရသည်မှာလည်း အကြောင်းရှိသည်။
ရှယ်လီသည် ထာဝရဘုရားရှိခြင်းကို
လက်မခံလိုသူဖြစ်သည်။ (အောက်စဖို့မှာ ကျောင်းထုတ်ခံရသည်မှာ 'ထာဝရဘုရား
မရှိခြင်း၏ လိုအပ်မှု' ဟူသော စာတမ်းကို
ရေးသားဖြန့်ဝေခဲ့သောကြောင့် ဖြစ်သည်။) ထို့ပြင် ဘုရင်စနစ်ဖြင့်
အုပ်ချုပ်ခြင်းအပေါ်တွင်လည်း ဘဝင်မကျ။ အကယ်၍ ရှယ်လီ၏ ဘဝကို လေ့လာကြည့်လျှင်
ထိုအချက်များကို ပီပြင်စွာ တွေ့ရှိလာရမည်။ ဥပမာ-လော့(ဒ)ဘိုင်ရွန်နှင့် အတူ
ဥရောပတစ်ကြောတွင် ခရီးသွားစဉ်အခါက သူတို့ တည်းခိုသော ဟိုတယ်များမှ
မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည့်အခါ ရှယ်လီက သူ၏ လက်မှတ်အောက်တွင် 'ဒီမိုကရက်၊ လူသားတို့ကို ချစ်မြတ်နိုးသူ၊ ထာဝရဘုရားရှိခြင်းကို လက်မခံသူ'ဟု ဂရိဘာသာဖြင့် ရေးလေ့ရှိသည်။ ထို့ကြောင့်ပင် ဘိုင်ရွန်က 'ရှယ်လီကို ကျေးဇူးဆပ်တဲ့အနေနဲ့ သူလက်မှတ်အောက်မှာ ရေးထားတာတွေကို
ခြစ်ပစ်ရရင် ကောင်းမယ်'ဟု ပြောဖူးသည်။ ရှယ်လီမှာ ငယ်စဉ်ကပင်
တောမတ်(စ)ပိန်း Thomas Paine,
ဝေလျာမ်ဂွဒ်ဝင် William Goodwin တို့၏
အရေးအသားများကို ဖတ်ရှု၍ သဘောကျခဲ့သူဖြစ်သည်။ စာဖတ်ခြင်းမှာ ရှယ်လီ၏
ဘဝတစ်လျှောက်လုံး မရပ်မနားပြုမူခဲ့သော အပြုအမူတစ်ရပ်ဟု ဆိုရမည်။ အိပ်ရာထဲမှာ၊
ထမင်းစားပွဲမှာ စာဖတ်ရုံမျှ သာမက လမ်းသွားရင်းလည်း စာဖတ်နေလေ့ရှိသည်။ လန်ဒန်မြို့လယ်ခေါင်တွင်
လူအများကို တိုးဝှေ့သွားရချိန်မျိုးတွင်ပင် စာဖတ်နေလေ့ရှိတတ်သည်။
အင်္ဂလိပ်တွေးခေါ်ရှင် ဟယူး(မ) David Hume လော့(ခ) John
Locke တို့၏စာများကို
ဖတ်ပြီးသော် မိတ်ဆွေအပေါင်းအသင်းတို့နှင့် ဆွေးနွေး၍ မဆုံးနိုင်တော့။ အစားအစာကိုမူ
ဇီဇာမကြောင်လှ။ ပေါင်မုန့်မှာ သူအကြိုက်ဆုံး အစာတစ်ခုဖြစ်သည်။ ကြိုက်ရသည်မှာ
စား၍လွယ်သောကြောင့်ဟု ဆိုသည်။ ဘိုင်ရွန်ကဲ့သို့ ဝိုင်ကြိုက်သူ မဟုတ်။ ဝိုင်ကို
ရေရော၍ပင် သောက်လေ့ရှိသည်ဟု အမှတ်အသား ရှိခဲ့သည်။
၁၈၁၅ ခုနှစ်တွင် ရှယ်လီမှာ အမွေအဖြစ်
ငွေကြေးအမြောက်အမြား ရရှိခဲ့သည်။ ၁၈၁၆ ခုနှစ်အကုန် (ဒီဇင်ဘာ ၃ဝ ရက်) နေ့တွင်
တစ်ဆယ့်ခြောက်နှစ်သမီး အရွယ်ကတည်းက သူကြိုက်မိခဲ့သော မေရီနှင့်
လက်ထပ်ထိမ်းမြားခဲ့သည်။ (မေရီမှာ ပညာရှင်၊ ဝတ္ထုရေးဆရာမ မေရီဝူးလ်စတုန်ခရပ် Mary Wollstonecraft ၁၇၅၉-၉၇ ၏
သမီးဖြစ်သည်)။ ရှယ်လီမှာ ပထမအိမ်ထောင်ဖြစ်သူ ဟယ်ရီယက် Harriet သေဆုံးသွားပြီးနောက် မေရီနှင့်
ဒုတိယအိမ်ထောင် ထူထောင်လိုက်ခြင်းဖြစ်သည်။ ရှယ်လီကိုယ်တိုင်မှာ ကျန်းမာရေး
ကောင်းလှသည်မဟုတ်။ သို့ဖြင့် ၁၈၁၈ ခုနှစ် မတ်လတွင် အင်္ဂလန်နိုင်ငံမှ
အစ်တလီနိုင်ငံသို့ ထွက်ခွာသွားပြီး နေထိုင်ခဲ့သည်။ ရှေ့တွင် ဆိုခဲ့ပြီးသည့်အတိုင်း
အစ်တလီနိုင်ငံတွင် နေထိုင်စဉ်အတွင်း ပရိုမီးသီယာ့(စ) အနှောင်အတည်းကင်းပမှု
ရေးသားခဲ့ခြင်း ဖြစ်သည်။ အီတလီနိုင်ငံမှာပင် တိမ်းပါးသွားခဲ့သည်။ ရှယ်လီ၏အဖွင့်မှ
စာကြောင်းအချို့နှင့် အစ်ခီလာ့(စ)မှ စာကြောင်း အချို့ကို ဖော်ပြလိုက်ပါသည်။
ဖော်ပြလိုရသည့်အကြောင်းမှာ ဖန်တီးမှုအပိုင်းတွင် တင်ပြပုံသာမက
ဦးတည်သောအကြောင်းအရာပါ မတူညီကြသောကြောင့် ဖြစ်သည်။ ရှယ်လီ၏ ကဗျာပြဇာတ်အစမှာ
ဤသို့ဖြစ်သည်...
အခန်း တစ်
မြင်ကွင်း။ ။ ရေခဲတို့ဖြင့် ဖုံးလွှမ်းနေသော ကောကေဆပ်
တောင်တန်း။ ပရိုမီးသီယာ့(စ)မှာ တောင်စောင်းတွင် သံကြိုးတို့ဖြင့်
ချည်နှောင်ခံထားစေ။ ပန်သီယာ Panthea နှင့်
အိုင်အုံ Ione တို့မှာ
သူ၏ခြေရင်းတွင် ထိုင်နေစေ။ အချိန်မှာ ညဘက်။ တင်ဆက်ကပြနေစဉ် တဖြည်းဖြည်းခြင်း
မိုးလင်းပိုင်းရောက်လာပြီး အလင်းရောင် ရလာစေ။
ပရိုမီးသီယာ့(စ)။ ။ နတ်ဘုရားတွေ၊ နတ်ဆိုးတွေနဲ့ သက်ရှိတစ်ဦးက
လွဲလို့
သက်ရှိအားလုံးကို အစိုးရသူ၊ ငဲ့။ တောက်ပပြီး
လည်ပတ်နေတဲ့ အဲဒီကမ္ဘာတွေကို စုရုံးလိုက်ရင်း သက်ရှိအရာတွေ အထဲမတော့
မင်းနဲ့ငါပဲဆိုပြီး
အိပ်မရတဲ့ မျက်လုံးတွေနဲ့
ကြည့်နေပါပကော။
ဒီမြေကမ္ဘာဟာဖြင့်
မင်းရဲ့ကျေးကျွန်မျိုးစုံနဲ့ တည်ဆောက်ထားတာ
မင်းကို ဒူးတုပ်၊ ဦးချ၊
ချီးပနေရပေတဲ့
ကိုယ်ကာယကို
ညှင်းပန်းရုံမက၊ ကြောက်ရွံ့ပြီး
မျှော်လင့်ချက်မရှိလို့
ကိုယ့်ဘာသာ ဖြေသိမ့်နေရရှာတဲ့
ကွဲအက်နေတဲ့
နှလုံးသားတွေကိုတောင် စတေးနေသူ၊ ငဲ့။
ဒီအချိန်မှာ၊
မင်းရဲ့ရန်သူတော် ငါမှာကဖြင့် မုန်းတီးခြင်း အမြင်မရှိဘူး။
ငါ့ဒုက္ခနဲ့ငါ
ဖြစ်နေရတာကိုတောင် မင်းက မရှု့စိမ့်လို့
လက်စားချေရင်း အနိုင်ယူ
စီးပိုးနေခဲ့သပေါ့။
နှစ်ပေါင်း
သုံးထောင်ကျော် အိပ်စက်နားနေခြင်းမရှိ
ဒီကြားထဲ
ခံစားနာကျင်ခံနေရတဲ့အချိန်တွေလည်း ရှိသေးတယ်။
ဒီလိုနဲ့ပဲ နှစ်ကာလတွေ
ကြာခဲ့တယ်။ သီးခြားထားပြီး အနှိပ်စက်ခံ၊
သိက္ခာကိုချ
မျှော်လင့်ချက် ကင်းတဲ့ဘဝ။ အဲဒါတွေက ငါ့ပိုင်ဆိုင်မှုတွေပဲ။
အို-စွမ်းတော်မူနိုင်လှတဲ့
နတ်ဘုရားမင်း၊
တောင့်တသူမဲ့၊
ယှဉ်သူမဲ့တဲ့ မင်းရဲ့နန်းထက်က
မြင်နေရတာထက်တောင်
အများကြီး သာနေသေးသကော။
တန်းခိုးရှင်ကြီးရယ်။
မင်းလိုအကြမ်းဖက် စိုးမိုးချင်သူကို
ငါက သဘောတူ
ထောက်ခံခဲ့မိတာကိုး။ ဒီတော့
သတ်မပစ်ဘဲ စွန်ရဲပေါတဲ့
တောင်နံရံမှာ သံနဲ့တည်းပြီး ထားလိုက်သပေါ့။
တောင်ပေါ်မှာက
မည်းမှောင်၊ အေးစက်၊ ငြိမ်သက်၊ အတိုင်းအဆမဲ့၊
မြက်သစ်ရွက်မရှိ၊
ပိုးမွှား၊ တိရစ္ဆာန်၊ အသွင်သဏ္ဌာန်၊ အသံ နတ္တိ။
အား
ငါ တစ်ကိုယ်တည်း။ နာကျင်မှု၊ မဆုံးနိုင်တဲ့ နာကျင်မှုတွေနဲ့။
ပြောင်းလဲခြင်းမရှိ၊
ရပ်နားခြင်း မရှိ၊ မျှော်လင့်ချက် မရှိ။
ဒါပေတဲ့ ငါခံနိုင်တယ်။
မြေကမ္ဘာကို ငါမေးတယ်။
တောင်တွေကော မခံစားကြရဘူးလား။
ကောင်းကင်ဘုံ၊
မင်းကိုလည်း မေးမယ်။ အရာရာကို မြင်ရတဲ့
နေမင်းကကော၊ ဘာမျှ
မမြင်ဘူးလား။
အောက်ဘက်ဆီမှာ အမြဲလို
ရွေ့လားနေတဲ့
ကောင်းကင်ရဲ့
အရိပ်ကျရောက်ရာ ပင်လယ်ပြင်ကြီးရော။
နားပင်းနေတဲ့ လှိုင်းတွေက
ငါ့ဝေဒနာသံကို မကြားကြဘူးလား။
အား... ငါ့မှာဖြင့် နာကျင်မှု၊
မဆုံးနိုင်တဲ့ နာကျင်မှုတွေနဲ့။
လက လင်းလက်မာကျောစေခဲ့တဲ့
အရည်ပျော်
စီးဆင်းနေတဲ့
နှင်းရည်တွေက ငါ့ကို လှံများနဲ့ထိုးသလိုပဲ၊ လင်းလက်နေတဲ့
သံကြိုးတွေက သင်းတို့ရဲ့
တောက်လောင်အေးမြမှုနဲ့
ငါ့အရိုးတွေကို
စားသုံးနေကြတယ်။
.................
၎င်းတို့မှာ စာကြောင်း ၃၅
ကြောင်းခန့်သာ ဖြစ်သေးသည်။ ပရိုမီးသီယာ့(စ) ဖြင့် ဇာတ်ကို ဖွင့်ထားသည်။
ပထမအခန်းတွင် စာကြောင်းရေ ၈၃၄ ကြောင်းခန့်ရှိသည်။ အစ်ခီလာ့(စ)၏ ပရိုမီးသီယာ့(စ)၏
နှောင်တည်းခံရမှုအစမှာ ဤသို့ဖြစ်သည်။
ပြဇာတ်တွင်ပါဝင်သူများ။
ကရာတော့(စ)။ ဘီရ။ ဟက်ပါ စတော့(စ)။
အိုရှီယံနာ့(စ)။ အိုင်အို။ ဟာမ် (စ)။
ပြကွင်း။
တောင်ထူထပ်သော နေရာ။ အလယ်ဘက်တွင်
တောင်စွန်းအဖျား၌ ကျောက်ဆိုင်းကြီး တစ်လုံးရှိနေသည်။ ၎င်းကို ဦးတည်ပြီး ကရတော့(စ)
နှင့် ဘီရတို့က ပရိုမီးသီယာ့(စ)၏ ကိုယ် ခန္ဓာကြီးကို သယ်ဆောင်လာကြစေ။ နောက်ဘက်နားမှ၊
ဟက်ပါစတာ့(စ)က သံကြိုး။ တူ။ သံ စသည်များကို သယ်ဆောင်ရင်း လိုက်ပါလာစေ။
ကရတော့(စ)။
ကမ္ဘာမြေပြင်ပေါ်က လူသူလေးပါး
မရောက်နိုင်တဲ့ အရပ်ဆီ ငါတို့ လာခဲ့ကြရတယ်။ ကိုင်း-ဟက်ပါစတာ့ (စ) တို့များ
သခင်ကြီးက ခိုင်းလိုက်တဲ့ ကိစ္စကို လုပ်ကြစို့ရယ်။ သင်းကို ကျောက်ဆိုင်ပေါ်မှာ
တုပ်နှောင်လေကွာ။ သင်းက မီးကိုခိုးပြီး လူတွေကို ပေးတာ။ မလုပ်သင့်တာ လုပ်လေတော့
နတ်ဘုရားတို့က ဒဏ်ခတ်သပေါ့။ ဒီလို လုပ်မှလည်း သင်းက ဇု(စ) ရဲ့ အမိန့်ကို နာခံမှာ။
လူတွေကို မုန်းမှာ။
ဟက်ပါစတာ့(စ)။ ကရတော့(စ) နဲ့ ဘီရ။ ဇု(စ) ရဲ့ စွဲချက်တွေဟာ
ပြီးဆုံးလောက်ပြီ။ ဆက်ဖို့ မသင့်တော့ဘူး။ ငါတို့ ညီအစ်ကိုတော် တစ်ယောက်ကို ငါ
ဘယ်လိုလုပ်ပြီး ဒီတောင်စောင်းမှာ သံကြိုးနဲ့ တုပ်နှောင်ထားရက်ပါ့မလဲ။ ဘယ်သူ
ဘယ်ဝါမျှလည်း ရောက်လာကြမှာမဟုတ်ဘူး။ နေဒဏ်ကသာ မင်းဘဝကို
ချွတ်ခြုံကျစေခဲ့တော့မှာပဲ။ ... ဇု(စ)ကလည်း အရှိန်အဝါ တောက်ပစ ဖြစ်လေတော့
စိတ်ပြောင်းဖို့ မလွယ်ပေဘူး။
ကရတော့(စ)။ တော်တော့ကွာ...ဘာများ သနားနေရတာတုံး။
အဓိပ္ပာယ်မရှိဘဲ၊ မင်းက ဘာများသနား နေရတာတုံး။ နတ်ဘုရားတွေက မုန်း တီးတဲ့
နတ်ဘုရားတစ်ပါး မဟုတ်ဘူးလား၊ အချင်းချင်း သစ္စာမစောင့်ခဲ့တဲ့သူမဟုတ်ပေဘူးလား။
ဟက်ပါစတာ့(စ)။
တို့အချင်းချင်းကိုးကွ။ ဒီတော့ ခက်တာပေါ့။
ကရတော့(စ)။ ဘာမှ
စောဒက တက်နေစရာ မရှိဘူး။ သခင်ကြီးဘုရားက မိန့်ကြားတာအပေါ် မင်းက ဘာမှပြန်ပြောနေစရာ
မရှိဘူး။ မင်း ဒုက္ခရောက်မှာကိုမှ မင်း မကြောက်လေရော့သလား။
ဟက်ပါစတာ့(စ)။
မင်းကတော့ အသည်းမာတာကိုး။ ပြတ်တာကိုး။
ကရတော့(စ)။ မင်း
ယူကျုံးမရဖြစ်နေလို့ သူ့အဖို့ ဘာမျှဖြစ်မလာဘူး။ ဒုက္ခ ခံမနေစမ်းပါနဲ့၊ ကွာ။
ဟက်ပါစတာ့(စ)။
သောက်သုံးမကျတဲ့ ငါ့အလုပ်၊ ငါ့အတတ်ပညာ။
ကရတော့(စ)။ မင်းရဲ့
အတတ်ပညာကို မင်းဘာလို့ ဆဲနေရတာလဲ။ ဘာအဓိပ္ပာယ် ရှိမှာမို့လဲ။....
အစ်ခီလာ့(စ)၏ ပြဇာတ်မူရင်း၌
တင်ပြပုံကိုကြည့်သော် ရှယ်လီ၏ ကဗျာတွင် ဦးတည်ထားသော အချက်များနှင့် မတူတော့ကြောင်း
သိသာသည်။ ဇာတ်ကောင် ပရိုမီးသီယာ့(စ)မှာ စာကြောင်းရေ ၁၂ဝ ကျော်မှ ပေါ်လာသည်။
ကရတော့(စ)နှင့် ဟက်ပါစတာ့(စ)တို့ ထွက်ခွာသွားပြီးကာမှ (အရေး) ဇာတ်၏ 'ခွင်'
အတွင်းသို့ ဝင်လာသည်ဟု ဆိုရမည်။ သို့ဖြစ်ရကာ သမိုင်း၊ ဒဏ္ဍာရီ
စသည်များကို အခြေ ခံသော်လည်း ပြန်လည်ဖန်တီးထားသော ဖန်တီးမှုတိုင်းသည်
မူရင်းအတိုင်း မဖြစ်နိုင်တော့။ ရည်ရွယ်ရင်း အကြောင်းတရားနှင့် ဖန်တီးသူ
ပညာရှင်တို့၏ အမြင်၊ အသိနှင့် သိမှတ်ခံစားနိုင်မှု အတိုင်းအတာများတွင် တည်သည်ဟု
ဆိုရပေမည်။ အစ်ခီလာ့(စ)၏ မူရင်းပြဇာတ်သည်ပင် မူရင်းဒဏ္ဍာရီ၏ ဦးတည်ချက်မှ 'တိမ်း' သွားခဲ့သည်ဟု ဆိုရမည်။ အကြောင်းမှာ
အစ်ခီလာ့(စ)က ပရိုမီးသီယာ့(စ)ကို ရေးသားသောကာလတွင် ပရိုမီးသီယာ့(စ)က မီးကို
ခိုးယူ၍ လူသားတို့ကို ပေးခဲ့ခြင်းသည် အဓိက အပြစ်တစ်ခုဟု လက်ခံထားကြသောကာလဖြစ်သည်။
သို့ရာတွင် အစ်ခီလာ့(စ)၏ အရေးအသားတွင် မီးခိုးမှုသာမဟုတ်။ ပရိုမီးသီယာ့(စ)က
ဇု(စ)ကို အာခံခြင်း၊ လူသားများကို မေတ္တာထားတတ်ခြင်းတို့ကိုပါ နေရာပေးခဲ့သည် သာမက၊
ဇု(စ)၏ အရှိန်အဝါတောက်ပလာခြင်းကိုလည်း ဖော်ခဲ့သည်။ ထိုထိုသော အကြောင်းများက
ပရိုမီးသီယာ့(စ)တစ်ယောက် အနှောင်အတည်း ခံရမှုကို ဖြစ်နေခဲ့သည်ဟု ဆိုရမည်။
ရှယ်လီ၏ ပရိုမီးသီယာ့(စ)တွင် အစ၌ပင်
ပရိုမီးသီယာ့(စ)၏ အလုပ်ဖြင့် စခဲ့သည်။ ရှေ့တွင် ဆိုခဲ့သည့်အတိုင်း ရှယ်လီက
ပရိုမီးသီယာ့(စ) စာကြောင်းရေ ၅၃ ခန့်မှစ၍သော်၊ ပရိုမီးသီယာ့(စ)က သူ၏
အပြောနောက်သို့ အခြားဇာတ်ကောင်နှစ်ဦးက သံယောင်လိုက် စေချင်သည်။ သို့ရာတွင်
အခြားဇာတ်ကောင်တို့က သံယောင်မလိုက်။ ဤသို့ဖြင့် ဇာတ်ကို အားပြိုင်လာစေခဲ့သည်။
သို့သော် ပရိုမီးသီယာ့(စ)က လျှော့ပါးမပစ်။ ဆိုစေ၊ မြဲစေ၊ ခဲစေ သဘောဖြင့်
ဆက်ဆိုသည်။ ဤအချက်သည်ပင် ရှယ်လီ၏ ဖော်ထုတ်တင်ပြလိုသော အချက်တစ်ရပ် ဖြစ်သည်ဟု
ပညာရှင်အချို့က မြင်ကြသည်။ မကျေနပ်သည်များကို ရင်မှဖွင့်ချပြခြင်းသည် မိမိ၏
ဖြစ်နေခြင်း အနေအထားကို ကုစားလိုက်ခြင်းသဘောဟု ယူကြသည်။ လူ၏ လွတ်လပ်မှုမှာ
ရုပ်ပိုင်းဆိုင်ရာချည်းမဟုတ်။
စိတ်ပိုင်းဆိုင်ရာကိုလည်း ဆိုလိုသည့်သဘောပင်။ မိမိ၏ လွတ်လပ်မှုမှာ မိမိဘာသာ
တည်ဆောက်ယူသည့် သဘောဖြစ်သည်။ သို့ဖြစ်၍ ရှယ်လီ၏ ပရိုမီးသီယာ့(စ)မှာ လူအား
နှောင်တည်းထားမှု ကင်းပနေပုံကို ဖော်ကျူးခြင်း ဖြစ်သည်ဟု မြင်ကြသည်။
အကြောင်းသင့်သဖြင့်၊ ပရိုမီးသီယာ့(စ) ဒဏ္ဍာရီ အခြေခံဖော်ထုတ် တင်ပြမှုများ
အကြောင်းအကျဉ်းမျှ တင်ပြလိုပါသည်။ ပရိုမီးသီယာ့(စ) အကြောင်းကို အင်္ဂလိပ်ကဗျာဆရာ လော့(ဒ)ဘိုင်ရွန်၊
ဂျာမန်ကဗျာဆရာ ဂိုသာစသူများက ရေးဖွဲ့ခဲ့သည်သာမက ခေတ်သစ်စာပေ၊ ကဗျာပညာရှင်များနှင့်
ပန်ချီ၊ ပန်းပု ပညာရှင်များကလည်း ပြန်လည်၍ တင်ပြခဲ့ကြကြောင်းတွေ့ရသည်။
(ရှယ်လီ၏ဇနီး မေရီက ဖရင်တင်စတိန်း သို့မဟုတ် ခေတ်သစ် ပရိုမီးသီယာ့(စ) အမည်ရှိ
ဝတ္ထု ရေးသားခဲ့သေးသည်)။ စနေဂြိုဟ်ရှိ လများအနက် လတစ်ခုကို ပညာရှင်တို့က
ပရိုမီးသီယာ့(စ) ဟု ကင်ပွန်းတပ် ထားခဲ့ကြသေးသည်။
ကျွန်တော့်အနေဖြင့် အဓိက
ဆိုလိုချင်သည်မှာ အနုပညာဖန်တီးမှုတွင် ဖန်တီးသူ၏ သိမှတ်ခံစားနိုင်မှု စွမ်းအားသည်
ကာလတရား၏ တကယ်တမ်းတည်ရှိနေခြင်းထက် သာလွန်သွား တတ်ကြောင်းဖြစ်သည်။ ဝတ္ထု၊ ကဗျာ
အစရှိသည့် ဖန်တီးတည်ဆောက်မှုများသည် ဖန်တီးသူ၏ ဖန်တီးနိုင်စွမ်းတွင် အခြေခံ၍ ဖန်တီးခြင်းဖြစ်သည်။
တကယ့်အဖြစ်အပျက်နှင့် မတူ။ သမိုင်းတွင် ထိုသို့မဟုတ်... အစရှိသည့် မရောင်ရာ ဆီလူး
ပေတံများဖြင့် တိုင်းထွာ၍ မဖြစ်နိုင်ပါ။ သမိုင်းနှင့် ကဗျာ။ သမိုင်းနှင့် ဝတ္ထု
စသည်တို့ကို ရောထွေးနားလည်၍ မဖြစ်နိုင်သည်ကဲ့သို့၊ ရောထွေးလက်ခံရန် မဖြစ်နိုင်ပါ။
ထို့ကြောင့်လည်း 'ပြောရေးဆိုခွင့် မရှိသူ၏ သမိုင်းအရေးအသားထက် ပြောရေးဆိုခွင့် မရှိသူ၏
ကဗျာတစ်ပုဒ်က ပိုကောင်းသည်' ဟူသော စကားရှိခဲ့ခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ ထောက်ထောက်ထားထား ယောက်ယောက် ရားရား မရှိသော သမိုင်းတင်ပြချက်
တစ်ခုထက် ဝေဒနာကို အခြေခံကာ ဖော်ထုတ်သော ကဗျာတစ်ပုဒ် (ဤနေရာတွင်၊ ဝတ္ထုကိုလည်း
ထည့်သွင်းနိုင် သည်။)က ပို၍ ကောင်းသည်ဟူသော သဘောဖြစ်သည်။ ထို့ပြင် လိုအပ်မှု
မရှိဘဲလျက် အနက်ယူ မလွဲကြရန်သာ ဖြစ်သည်။
လူတို့၏ ဖြစ်-တည်-ရှိ နေခြင်းအတွင်း လူသည် လုပ်ရိုးလုပ်စဉ် များအတွင်း၌သာ ကျင်လည်တတ်ကြသည်။
ထို့ထက်ပို၍ လုပ်ဆောင်ကြ သည်မရှိ။ သို့ရာတွင်၊ လူတိုင်းတွင် တစ်သားတည်ကျသော အမြင်
ရှိကောင်းမှ ရှိပေမည်။ ပို့စ်မော်ဒန် ကာလကြီး ဖြစ်သဖြင့် ဟိုလို မရေးရဘူး။ ဒီလို
မရေးရဘူး။ ဂန္ထဝင်ကို ပြတိုက်ထဲမှာထားပါ... စသည်ဖြင့်လည်း အတိတ်ကို စော်ကားနေ၍
မဖြစ်ပါ။ ဖန်တီးသူတိုင်းသည် သူတို့၏ သိမှတ်ခံစားနိုင်မှု အတိုင်းအတာအတွင်းမှသာ
ဖန်တီးကြခြင်းဖြစ်သည်။
နိဂုံးအနေဖြင့် (အကြောင်းလည်း
သင့်နေသဖြင့်) ဂျာမန်ကဗျာဆရာ ဂိုသာ၏ ပရိုမီးသီယာ့(စ)ကို မြည်းစမ်းကြည့်
ကြနေချင်ပါသည်။
ဇု(စ)။ ဆူးပင် ထိပ်ဖျားကလေးတွေကို ချွေလိုက်တဲ့
ကောင်ကလေးလို သစ်ပင်ကြီးတွေနဲ့ တောင်ထွတ်တွေရဲ့ ထိပ်တွေက ကောင်းကင်ယံ တစ်ခုလုံးကို
မိုးသားတိမ်တိုက်တွေနဲ့ ကာရံပစ်လိုက်စမ်းပ။
ငါ့ရဲ့ မြေသားပြင်ကိုတော့ မထိလေနဲ့။
ဒီအတိုင်းထား။
မင်းတည်ဆောက်မပေးခဲ့တဲ့
ငါ့ရိပ်မြုံလည်း ဒီအတိုင်းထား။
ငါ့ဌာနေက နွေးထွေးသာယာနေလေတော့
မင်းကငါ့ကို အားကျနေပေမပေါ့။
နေရောင်ခြည်အောက်မှာတော့ဖြင့်
မင်းတို့ နတ်ဘုရားတွေလို
နွမ်းပါးနေကြတာကို ငါမတွေ့ဖူးပေါင်။
ရှိခိုးကော်ရော်သူတွေနဲ့
ပူဇော်ပသခံရတာကလေးတွေလောက်နဲ့
ဝမ်းဝ နေရရှာတဲ့ အရှင်သခင်ကြီး ငဲ့။
ကလေးသူငယ်တွေနဲ့ သူတောင်းစားတွေသာ
အသိဉာဏ် မခေါင်းပါးကြလို့ကတော့
မင်းတို့တောင် ငတ်လောက်တာပေါ့။
ဘာမှမသိသေးတဲ့ ဘဝအစ ကလေးဘဝကတည်းက
မရေရာတဲ့အကြည့်နဲ့ နေဆီကို ငေးခဲ့တယ်။
အဲဒီမှာများ
ငါစောဒက တက်တာတွေကို နားထောင်မယ့်နား၊
ဒုက္ခရောက်သူကို သနားမယ့်
နှလုံးသားများ ရှိလေမလားလို့။
ရိုင်းစိုင်းရက်စက်သူတွေရဲ့ ရန်က
ငါ့ကို ဘယ်သူကများ ကယ်ခဲ့တာလဲ။
ကျေးကျွန်ဘဝ မရောက်အောင်
သေဆုံးမသွားရအောင်
ငါ့ကို ဘယ်သူကများ ကယ်ခဲ့တာလဲ။
ငါ့ရဲ့ မြင့်မြတ်တဲ့၊
ကျေနပ်စရာကောင်းတဲ့ နှလုံးသားတစ်ခုတည်းက
ဒါတွေကို လုပ်ခဲ့တာပဲ မဟုတ်လား။
အထက်ဘက်ဆီမှ အိပ်ပျော်နေတဲ့သူကိုတော့
ပျိုရွယ်၊ ကောင်းမွန်၊ တက်ကြွနေသူက
ကြံဖန်ပြီး ကျေးဇူးတင်ရမှာပဲ၊
မဟုတ်လား။ မင်းကိုတော့ ကျေးဇူးတင်သပ။
ဘာကြောင့်တုံး။ လူသားရဲ့သောကကို မင်းက
သက်သာစေခဲ့လို့လား။
လူသားရဲ့ မျက်ရည်တွေကို မင်းက၊
ခြောက်ခန်းစေခဲ့လို့လား။
ငါ့ကို လူသားဖြစ်လာစေခဲ့အခါက
အဆုံးအစမဲ့ ကာလတရား၊
ကံအကြောင်းတရားတို့နဲ့ ဖြစ်စေခဲ့တာ မဟုတ်လို့။
မင်းရဲ့ အရှင်သခင်၊ ငါရဲ့ အရှင်သခင်
မဖြစ်စေခဲ့လို့လား။
ငါ့ရဲ့ ဖူးငုံနေတဲ့ အိပ်မက်တွေထဲက
တချို့
အကောင်အထည်ပေါ်မလာလေတော့ ဘဝဆိုတာဟာ
မုန်းတီးဖို့ရယ်လို့ မြင်ပြီး
လူသူလေးပါး မရှိရာဆီကို
ရှောင်ပြေးပုန်းရမယ်လို့များ မင်းကထင်ပြီး
သဘောကျနေရော့သလား။
ဒီမှာ ငါကတော့ ထိုင်ပြီး ငါ့လိုမျိုး
လူသားတွေ လုပ်နေလေရဲ့။
ငါနဲ့တူတဲ့ မျိုးနွယ်စဉ်ဆက်၊
ငါ့လိုခံစားတတ်တဲ့ ဝမ်းနည်းတတ်တဲ့၊
ကျေနပ်၊ ပျော်ရွှင်တတ်ပြီး မင်းကို
အရိုအသေတန်တဲ့ ငါ့လို...။
မှတ်ချက်။
ဘာသာပြန်များသည် မူရင်း၏ဆိုလိုရင်းကို အလေးထား၍ ပြန်ဆိုထားခြင်းမျှသာဖြစ်သည်။
စာကိုး။ Brigham, Linda C.
"The Postmodern Semiotics of Prometheus Unbound.' Studies in
Romanticism 33:1 (1994): 31-56. *Conacher, D.J. Aeschylus' Prometheus
Bound: a literary comm entry. Toronto: University of Toronto Press, 1980.
*Grabo, Carl. Prometheus Unbound: An Interpretation. Chapel Hill, NC:
The University of North Carolina Press, 1935. *Hoagwood, Terence Allan. Prophecy
and the Philosophy of Mind: Traditions of Blake and Shelley. The University
of Alabama Press, 1985. *Shelley, Mary W. 'Preface by Mrs. Shelley of First
Collected Edition, 1839". The Complete Poetical Works of Percy, B
Shelley, ed. Thomas Hutchinson. Oxford Edition. 1914. *'Postscript in
Second Edition of the 1839' The Complete Poetical Works of Percy B Shelley, ed.
Thomas Hutchinson. Oxford Edition. 1914. *'Preface by Mrs Shelley to The Volume
of Posthumous Poems Published in 1824' The Complete Poetical Works of Percy
B Shelley, ed. Thomas Hutchinson. Oxford Edition. 1914.
မြင့်သန်း
(အမှတ် ၁၉၅၊ ဖေဖော်ဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။