စိန်မျိုးမြင့်
ဇန်နဝါရီ
၁၈ ရက်နေ့ နံနက်နိုးထလာပုံမှာ ယမန်နေ့က လောက်လိုင် နံနက်ခင်းနှင့်
အတော်ကွာြခားပါသည်။ လင်းတည်းခိုရိပ်သာ၏ ခြံဝင်းတစ်ခုတည်းအတွင်း ရိပ်သာ၏
မြောက်ဘက်ကပ်လျက်နေရာတွင် လက်ဖက်ရည်၊ ကော်ဖီဆိုင် ရှိပါသည်။ ထိုဆိုင်၌
မြို့လက်ဖက်ရည်ဆိုင် ပုံစံအတိုင်း အီကြာကွေး၊ မုန့်၊ ထမင်းကြော် စသည်ဖြင့်
နံနက်စာများ ရပါသည်။ ဆိုင်ကလည်း အတော်ကျယ်ပါသည်။ မနေ့ညက မိုးချုပ်ချိန်အထိ
ရုပ်ရှင်ဇာတ်လမ်းတွဲသံ ဆူညံခဲ့ပါသည်။ ယခုလည်း နံနက်စောစောတွင် ထွန်းအိန္ဒြာဗိုလ်၊
ဆုန်သင်းပါရ်၊ R
ဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်တို့၏ အသံများဖြင့် ဆူဆူညံညံ နိုးထလာပါသည်။
လင်းလက်ဖက်ရည်ဆိုင်မှ အသံကုန်ဖွင့်ထားသော သီချင်းသံများ ဖြစ်ပါသည်။ ကျွန်တော်
တည်းခိုသော အဆောင်၌ ကျွန်တော်ရသောအခန်းမှာ အပေါ်ထပ်ဖြစ်ပါသည်။ ဘေးဘက်
လှေကားဖြင့်လည်း နီးပါသည်။ အိပ်ရာ နိုးသည်နှင့် ခေါင်းရင်းပြတင်းတံခါးကို
ဖွင့်လိုက်ရာ ပြတင်းပေါက်အနီး၌ စိမ်းစိုနေသော သကြားပင်၏ အကိုင်းအခက်များကို
တွေ့ရပါသည်။ အပေါ်ထပ်မှ ဆင်းခဲ့ပြီး အိမ်သာတက်၊ မျက်နှာသစ်၊ အဝတ်အစား လဲပြီးနောက်
ပစ္စည်းများ သိမ်းပါသည်။ ပစ္စည်းများ ထုပ်ပိုးပြီး အခန်းတံခါးပိတ်ကာ လက်ဖက်ရည်
ဆိုင်ဘက် ကူးခဲ့ပါသည်။ ကျွန်တော်တို့ အဖွဲ့သားများရော၊ ကြိမ်လေ့လာရေး
အဖွဲ့သားများပါ လက်ဖက်ရည်ဆိုင်တွင် လူစုံနေကြပါပြီ။ လက်ဖက်ရည်ဖိုး ရှင်းရင်း
တည်းခိုခပါ ရှင်းခဲ့ပါသည်။ တည်းခိုခန်းခမှာ တစ်ခန်းမှ တစ်ထောင်ခန့်သာ ပေးရပါသည်။
နံနက်စာ လက်ဖက်ရည်သောက်ကြပြီး နောက် တည်းခိုရိပ်သာရှေ့တွင် ထိုးဆိုက်လာသော
ကားများပေါ်သို့ ပစ္စည်းများ တင်ကြပါသည်။ ကျွန် တော်တို့ အဖွဲ့နှစ်ဖွဲ့သည် ဦးတည်ရာ
အရပ်ချင်း မတူညီသည့် ခရီးစဉ်နှစ်ခုကို စတင်ကြပါသည်။ ကြိမ်အဖွဲ့က ရှေ့ဆက်ခရီး၊
ကျွန်တော်တို့က အပြန်ခရီးဖြစ်ပါသည်။ မကြာမီ နှုတ်ဆက်ပြီး တစ်လမ်းစီ
ခရီးဆက်ကြပါမည်။
အချိန်ရသရွေ့အတွင်း ရှင်ဘွေယန်တွင်
ကျွန်တော်တို့အဖွဲ့ လှည့်လည်ကြပါသည်။ ရှင်ဘွေယန်သည် ခရီးသွား သတင်းသမား၊ စာရေးဆရာ၊
သတင်းထောက် မောင်မဲဆိုခဲ့သလို ၁၉၅၅ ခု ဝန်းကျင်က ဆင်ဘိုရန်ဟု ခေါ်ကြသည်။
ဒုတိယကမ္ဘာစစ်အတွင်းက ဂျင်နရယ်စတီးဝဲလ်၏ လီဒိုလမ်း ဖောက်လုပ်ရေးနှင့်
မဟာမိတ်ထိုးစစ် စစ်ကြောင်းမှာ ရှင်ဘွေယန်တွင် မော်တော်ယာဉ်တပ်များ
အခြေစိုက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရပါသည်။ ရှင်ဘွေယန်မြို့တွင်း၌ ကားရေဆေး၊
ဆီထိုး၊ ပြုပြင်ရေးအတွက် တည်ဆောက်ထားခဲ့သော အင်္ဂတေခင်း ကားတင်ခုံကြီးကို ယခုတိုင်
မပျက်မစီး တွေ့ရသေးသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း သုံးခဲ့သော
မော်တော်ယာဉ်များ စွန့်ပစ်ခဲ့သော ဒေသခံတို့အခေါ် ကား သင်္ချိုင်းကြီးတစ်ခုကလည်း
ရှင်ဘွေယန်မြို့၏ တောင်ဘက်မြို့ အဝင်ထိပ်၊ လေယာဉ်ကွင်းဟောင်း၏ ပြေးလမ်းအနီး
လီဒိုလမ်း၏ အရှေ့ဘက်ခြမ်းတွင် ယခုတိုင် ရှိသည်။ ဆရာမောင်မဲက သူ့စာအုပ်တွင်
'ဆင်ဘိုရန်ရွာမှာ အိမ်ခြေ ၂ဝ
မျှရှိ၍ ရန်ကုန်ကြက်တန်းကဲ့သို့ပင် ကားပစ္စည်း အမျိုးမျိုး ရနိုင်သည့်ရွာ ဖြစ်သည်။
ပစ္စည်းများကား အိမ်တိုင်းတွင် စုပုံလျက်ရှိရာ ရန်ကုန်ကြက်တန်းထက် စုံပေလိမ့်မည်။
လေယာဉ်ဘီး အဟောင်းပင် ရနိုင်ပါသေးသည်။
ထိုနေရာမှာ အမေရိကန်စစ်တပ်
စခန်းချသွား၍ တပ်ရုပ်သိမ်းသွားသောအခါ ကျန်ရစ်သော ကားပစ္စည်း၊ စစ်ပစ္စည်းများ
ဖျက်ဆီးခဲ့ရာတွင် ကျန်သော ပစ္စည်းများ၏ ဗဟိုဌာနပင် ဖြစ်ပေသည်။
ထိုဌာနမှ နယ်ခြားအထိ ကားများကို
တောင်အောက်သို့ ထိုးချ ဖျက်ဆီးသွားကြသဖြင့် ထိုဒေသတွင်နေသည့် ကချင်လူမျိုးများက
တောင်အောက်သို့ ဆင်းကာ ကားပစ္စည်းများဖြုတ်ပြီး ယူငင်၍ စုပုံရောင်းသောနေရာလည်း ဖြစ်၏။
ကုလားကုန်သည်ကြီးများ
အပွကြီးပွသောနေရာလည်း ဖြစ်၏။ ကားဒိုင်နမို တစ်လုံးလျှင် ၁ိ/၊ ၁ိ/-၈ဲ၊ (တစ်ကျပ်၊
တစ်ကျပ်ရှစ်ပဲ) (ထိုစဉ်က ငွေသုံးဖြစ်သည့် တစ်ကျပ် တစ်ကျပ်ခွဲဟု ဆိုရပေမည်။)နှင့်
ရသော နေရာလည်းဖြစ်ရာ ထိုပစ္စည်းသည် မြစ်ကြီးနား၌ ၃-၄ဝိ/၊ တန်ဖိုးရှိမှန်းလည်း မသိကြ။
ဘိန်းတစ်မတ်သားခန့် ပေးလျှင် ကြိုက်ရာပစ္စည်းတစ်ခု ပေးသော နေရာလည်း ဖြစ်ပေ၏။
(မောင်မဲ၏ခရီးသွားဆောင်းပါးများ၊
စာ ၂၃၁-၂၃၂)
ဟူ၍ မှတ်တမ်းပြုခဲ့ပေသည်။
ကျွန်တော်တို့အဖွဲ့သည် ရှင်ဘွေယန်အထွက် လီဒိုလမ်း၏ အရှေ့ဘက်ခြမ်းအတွင်းသို့
တောလမ်းလေးအတိုင်း ကားမောင်းဝင်ခဲ့ကြသည်။ တစ်ဖာလုံမျှသာ ဝင်ရသည်။ ကားအပျက်
အဟောင်းများ၏ ကားဘော်ဒီများကို နေရာအနှံ့၌ တွေ့ကြရသည်။ ဘော်ဒီ အခင်းများကလည်း
အများအပြား ဟိုတစ်စသည်တစ်စ တောထနေသော သစ်ပင်များကြား ချုံနွှယ်ပိတ်ပေါင်းများကြား၌
မြင်တွေ့နေရသည်။ ဒေသခံတို့ အဆိုအရ လွန်ခဲ့သော ဆယ်နှစ်ခန့် အတွင်းကအထိ
အချို့ပစ္စည်းများကို ကားပစ္စည်း မုဆိုးများ လာရောက် ဖြုတ်ယူကြဆဲဟု ဆိုပါသည်။ ၂ဝဝဝ
ပြည့်နှစ်ဝန်းကျင်အထိ ယူ၍ ငင်၍ ရတုန်းဟု ဆိုပါသည်။ ဂျစ်ကား၊ ဒေါ့ဂျစ်ကားဟောင်းများ
ဖြစ်မှန်း ပုံမပျက် တွေ့ရပါသည်။ ယခုတော့ ဖြုတ်စရာ အပိုင်းအစများ ကုန်နေပါပြီ။
သံရည်ကျိုသမားတွေဆိုရင်တော့ မက်လောက်ပါသေးသည်။
ကားသင်္ချိုင်းအတွင်း
ကျွန်တော်တို့အဖွဲ့သားများ လှည့်ပတ် ဓာတ်ပုံရိုက်ကြပါသည်။ အချိန်နာရီဝက်ကျော်ခန့်
လှည့်လည်ကြည့်ကြပြီး ခရီးပြန်ဆက်ကြပါသည်။
အပြန်ခရီးတွင် ကားမှာ
လူချောင်လျက်ရှိပါသည်။
လမ်းကြုံလိုက်လာသူ နှစ်ဦးခန့်
ခေါ်တင်လာသော်လည်း ကားက ချောင်ဆဲဖြစ်သည်။ တဆိတ်ရွာတွင် လိုက်လိုသော ခရီးသည်တစ်ဦး၊
ခလုံတွင်တစ်ဦး၊ ပစ္စည်းပစ္စယ ဆန်အိတ်များဖြင့် တွေ့ရာတင်လာခဲ့ကြသည်။ ကားပေါ်သို့
လူနည်းနည်း ပစ္စည်းနည်းနည်း ထပ်တင်လိုက်တော့ ကားငြိမ် သွားတော့သည်။ ခလုံ၊
သခက်တို့ကို ကျော်ခဲ့ပြီးနောက် ထရုံသို့ ရောက်ခဲ့သည်။ တနိုင်းခရီး ထက်ဝက်ဖြစ်သည်။
နေ့လယ်စာ စားချိန်ဖြစ်၍ အလာခရီးတွင် ရပ်ခဲ့စားခဲ့သော 'ကျွန်းရိပ်'မှာပင် ကားရပ်လိုက်ကြသည်။ နေ့လယ်စာ စားကြပြီး ကိုမင်းဝေအောင်နှင့်
ကိုဇော်မင်းတို့က ထရုံငါးရံ့ခြောက် ဝယ်ကြသည်။ တစ်ပိသာ ၃ဝဝဝ ကျပ်ဈေးဖြစ်ပေသည်။
ဆိုင်များရှေ့တွင် ငါးခြောက်ရောင်းသော ဆိုင်လေးများ လမ်းဘေး၌ ခင်းထားကြသည်။
ထိုလမ်းဘေး ဆိုင်တန်း၌ အခြားဆိုင်လေးများလည်း ရှိသေး၏။ အိန္ဒိယဘက်မှ ထုတ်လုပ်သည့်
အိမ်ဆောင်ရေဒီယို၊ အိတ်ဆောင်ကက်ဆက်၊ ဓာတ်ခဲ၊ နာရီ၊ လက်နှိပ်ဓာတ်မီး စသည့်
တိုလီမိုလီ ပစ္စည်းလေးများ ရောင်းသည့်ဆိုင်လေးများ ဖြစ်ပါသည်။ နယ်စပ်နှင့် နီးသောဒေသများ၏
ထုံးစံအတိုင်း တစ်ဖက်နီးကပ်သော နိုင်ငံမှ ပစ္စည်း တိုလီမိုလီလေးများ ဈေးတန်း
ဖြစ်နေသည်။
ထရုံမှ ထမင်းစားပြီးပြီးချင်း
ခရီးဆက်ထွက်ကြသည်။
ထရုံချောင်း၏ ရေက အလာခရီးထက်
ရေအနည်းငယ် စစ်နေသည်။ တနိုင်းအထိ ကမ်းတစ်လျှောက် ဗွက်ထမနေတော့ လမ်းကခြောက်နေပြီ။
ကျွန်တော်တို့ ထားရစ်ခဲ့သောကားမှာ တည်းခိုခန်းရှေ့တွင် ရပ်ထားသည်။
ကိုပေါက်၏ကားပေါ်မှ ပစ္စည်းများကို ပြောင်းတင်ကြသည်။ ခရီးစဉ်အတွက် ငွေကျပ် ၅
သိန်းကို ရှင်းပေးလိုက်ပြီး နှုတ်ဆက်ကြသည်။ တနိုင်းတွင် ကြာကြာမနေ၊ လက်ဖက်ရည်သောက်၊
ကားလဲ၊ ဈေးအနည်းငယ် ဝယ်သည်။ တနိုင်း၌ မနက်ဈေး၊ ညနေဈေးရှိရာ ဈေးကြီး၏ တောင်ဘက်
တစ်လမ်းကျော်တွင် ညနေဈေးက စည်ကားသည်။ သားငါး၊ ဟင်းသီး ဟင်းရွက် ကုန်ခြောက်အစုံဝယ်၍
ရသည်။ ဆိုင်ခန်းများဖြင့်မဟုတ် လမ်းဘေးချရောင်းသော ဈေးဖြစ်သည်။ ယာယီဆိုင်ခင်းနှင့်
အမြဲတမ်း အခိုင်အမာ ဆိုင်ခင်းကသာ ကွာသည်။ ဆိုင်စုံသည်။
ညနေမစောင်းခင်မှာပင် တနိုင်းမှ
ခရီးဆက်ခဲ့ကြ၏။
တနိုင်းမှထွက်သော်
လမ်းတစ်လျှောက်လုံး လယ်ယာလုပ်ငန်းခွင်မှ ပြန်ကြသော ဒေသခံတို့ဖြင့်
လမ်းမကြီးပေါ်တွင် စည်ကားနေသည်။ စက်ဘီးဖြင့်တစ်မျိုး၊ ထိုလာဂျီဖြင့်တစ်ဖွယ်၊
လှည်းများဖြင့်တစ်မျိုး လုပ်ငန်းခွင်က ပြန်လာကြသည်များကို ဆုံရသည်။ တနိုင်းအထွက်
တနိုင်းဘက် ပြန်သူများများသလို နောင်လုံ၊ ကောင်ရာဘက် နီးလာသောအခါ နောင်လုံ၊
ကောင်ရာဘက် ဦးတည်ပြန်နေကြသူများ များသည်။ ထို့အတူ နန်ဖြတ်တွင်လည်း လုပ်ငန်းသိမ်း
အိမ်ပြန်များ ဆုံရ၏။
စာရေးသူတို့ကားမှာ ယခုလို ညနေချိန်၌
တနိုင်းကို ကျောပေးမောင်းနှင် နေကြရာ ဒေသခံတို့က အထူးအဆန်းအဖြစ် ကြည့်ကြသည်။
ကျွန်တော်တို့အဖွဲ့သည်
မိုးချုပ်သည့်နေရာတွင် စခန်းချကြရန် ရည်ရွယ်ပြီး မောင်းလာခဲ့ကြခြင်းဖြစ်ရာ
တောထူထပ်သော တိန်ကောက်ဝန်းကျင်သို့ ရောက်လာကြသည်။ ထိုဝန်းကျင်မှာ
တောရိုင်းတိရစ္ဆာန် ဖြတ်လမ်းရှိကြောင်းကိုရှေ့တွင် ကျွန်တော် ရေးခဲ့ပြီး
ဖြစ်ပါသည်။ ထိုနေရာမှ တောအနက်ဆုံးနေရာကို လီဒိုလမ်းက ဖြတ်သန်းနေသည် ဖြစ်၏။
တိန်ကောက်ဝင်ခါနီး၌ လီဒိုလမ်း၏
အနောက်ဘက်ခြမ်းတွင် တောရှင်းထားသော နေရာတစ်ခု တွေ့ရသည်။ ဝဲယာနှစ်ဖက်စလုံးလမ်း၏
အရှေ့အနောက်ခြမ်း နှစ်ဖက်လုံး၌ အိမ်လေးတစ်လုံးစီ တွေ့ရသည်။ အိမ်လေးအနီး၌
ချောင်းသေးလေးတစ်ခုကိုလည်း တွေ့ရသေးသည်။ ရေကြည်လင်လှသောချောင်း ဖြစ်၏။
တောရှင်းထားသော ခြံကျယ်ကြီးထဲ၌ လမ်းနှင့် ပေတစ်ရာခန့်တွင် သပ်သပ်ရပ်ရပ်ရှိသော
အိမ်တစ်လုံး တွေ့ရသည်။ အိမ်၏ အရှေ့ဘက်ကျကျ အိမ်၏ မြောက်ဘက်၌ ကပ်လျက် ထမင်းချက်
ဟင်းချက် မီးဖိုဆောင်လေး တစ်ဆောင်လည်း ရှိသည်။ လမ်းပေါ်မှ ခြံကျယ်ကြီးပေါ်သို့
ကုန်းနိမ့်နိမ့်လေး တက်ရသည်။ အတက်လမ်းလေးဘေး၌ စီပြီးသား ထင်းပုံကြီး တစ်ပုံကို
သပ်သပ်ရပ်ရပ် တွေ့ရသလို ပြန့်ကျဲနေသော ခွဲလက်စ ထင်းများကိုလည်း တွေ့ရသည်။
သေသေချာချာ ကြည့်သောအခါ အိမ်လေး၏ နောက်ဘက်ရှေ့ဘက် ဘေးနှစ်ဖက်တွင်
အပင်ပေါက်များဖြင့် တွေ့ရသလို အတော်မြင့်မြင့်မားမား ရှိနေပြီဖြစ်သော
အရွယ်ရောက်ပြီး တညင်းပင်ကြီးများကိုလည်း အကွက်ကျကျ တွေ့ရသည်။ အိမ်ဘေး၌ ရှောက်ပင်၊
ကျွဲကောပင်၊ သံပရာပင်၊ မက်မန်းပင်များကိုလည်း တွေ့ရသေးသည်။ သင်္ဘောပင်၊
သရက်ပင်များလည်း တွေ့ရသေး၏။
ထိုရှေ့တွင် ကျွန်တော်တို့
ကားခေတ္တရပ်လိုက်သည်။
ကားရပ်စဉ်က ထင်းဝယ်ရန်
စဉ်းစားမိသဖြင့် ရပ်လိုက်ခြင်း ဖြစ်သည်။ ထင်းနည်းနည်း ရောင်းပါဟု ဆိုသောအခါ
ယူသွားကြပါဟု အမျိုးသားတစ်ဦးက အိမ်ရှေ့မှ လှမ်း၍ ပြောပါသည်။ ပြောပြောဆိုဆိုဖြင့်
လူပါရောက်လာပြီး ထင်းခြောက်ခြောက်များ ရွေးပေးနေပါသေးသည်။
ကြီးနေသောထင်းတုံးများကို ပဲကွပ်ဖြင့်ပေါက်ကာ ခွဲခြမ်းပေးနေပါသေးသည်။ ဘယ်တော့
ထမင်းချက်ဖို့ ထင်းဝယ်တာလဲဟုလည်း မေးပါသည်။ အခုညစာအတွက်ဟု ဆိုသောအခါ တိန်ကောက်တွင်
ထမင်းဆိုင်ရှိကြောင်း၊ ရှေ့ဆက်သွားလျှင် ဘာမျှမလိုတော့ကြောင်း ပြောပါသည်။
ကျွန်တော်တို့က ဆိုင်မှာ မစားလိုကြောင်း ချက်စားလိုကြောင်းပြောရာ
အိမ်ရှင်ပုဂ္ဂိုလ်က 'ဒီမှာပဲ ချက်စားသွားကြပါလား'၊ 'မီးဖိုလည်း အဆင်သင့် ရှိတယ်' ဟု ဆိုပါသည်။ ထို့ထက်မက
အိပ်ချင်လည်း အိပ်သွားလို့ရကြောင်း၊ သူတို့အိမ်မှာ အကျယ်ကြီးဖြစ်ကြောင်း
ပြောပါသည်။
ကျွန်တော်တို့လည်း
အကြိုက်တွေ့သွားပါသည်။ ထိုနေရာမှာသာ စတည်းချကြရန် ဆုံးဖြတ်လိုက်ကြပါသည်။ နေရာက
အကွက်အကွင်း ကောင်းသည်။ရေနီးသည်။ မီးဖိုရန် ထင်းပေါသည်။ ချက်ကြပြုတ်ကြရန်
ပစ္စည်းများ ချကြပါသည်။ မီးစက်နှိုး၍ မီးထွန်းပါသည်။ ထမင်းချက်နေကြချိန်တွင်
ကားပေါ်၌ ပါလာသော တီဗီအသေးလေးဖြင့် ဒီဗီဒီဇာတ်ကားတစ်ခွေ ပြထားရာ အိမ်ရှင်မိသားစု
ကြည့်နေကြပါသည်။
ထမင်းဟင်းချက်ရင်း အိမ်ရှင်များနှင့်
ထွေရာလေးပါး စကားပြောကြစဉ် ကားကြီးနှစ်စီး ထိုးဆိုက်ရပ်ပါသည်။ အိမ်ရှင်နှင့်
သိနေသော ကားများဖြစ်ကြပြီး တနိုင်းသို့ သွားကြမည့် ကားများဟု ဆိုပါသည်။
ကားရေဖြည့်၊ ရေနွေးကြမ်းသောက်ပြီး ဆက်ထွက်သွားပါသည်။ ကားများထွက်သွားပြီး
မကြာမီမှာပင် မော်တော်ဆိုင်ကယ်တစ်စီး တနိုင်းဘက်မှ မောင်းဝင်လာပါသည်။ ထိုစဉ်အတွင်း
မိုးကလည်း တစ်ဖြောက်နှစ်ဖြောက် ကျလာသေးသည်။ သည်ဒေသ၏ ရာသီဥတုကား အစိုးမရ။
တော်သေးသည် မိုးက များများမရွာ၊ ခဏကြာတော့ လုံးဝ တိတ်သွားသည်။ ရောက်သော
ဆိုင်ကယ်မှာ တစ်ဦးတည်း စီးလာသောဆိုင်ကယ်ဖြစ်ပြီး ကျွန်တော်တို့ကားအနီး
ဝင်ရပ်ပါသည်။ အိမ်ရှင်နှင့် သိနေသော အမျိုးသား ခပ်ရွယ်ရွယ်တစ်ဦး ဖြစ်ပါသည်။
ထိုအိမ်တွင် ညအိပ်ရပ်နားမည့်သူ တစ်ဦးပင် ဖြစ်ပါသည်။ ရာသီဥတု
အနည်းငယ်အေးလာပြီဖြစ်ရာ ဆိုင်ကယ်စီးလာရင်း ချမ်းအေးလာသည် ထင်ပါသည်။ ကျွန်တော်တို့
မီးဖိုတွင် ဝင်ရောက် မီးလှုံပါသည်။ အိမ်ရှင်များနှင့် နှုတ်ဆက်ပြောဆိုသံအရ
ကချင်အမျိုးသားတစ်ဦး ဖြစ်နေကြောင်း သိလိုက်ရပါသည်။ ကချင်ဘာသာဖြင့် ပြောဆိုကြခြင်း
ဖြစ်ပါသည်။ စကားပြောဆိုပုံမှာ အေးဆေး၍ အမူအရာရော လေယူလေသိမ်းပါ သိမ်မွေ့သူတစ်ဦး
ဖြစ်ပါသည်။
မြန်မာ့ဓလေ့အတိုင်း မည်သူနှင့် မည်သူ
မိတ်ဆက်ပေးသူ မရှိသော်လည်း မီးလှုံရင်းက စကားများ ရင်းနှီးစွာ ပြောဖြစ်ကြပါသည်။
သူ့ကိုယ်သူ မည်သူဟု မိတ်ဆက်ခြင်း မပြုပါ။ ကချင်လူမျိုးတစ်ဦးဖြစ်ပြီး ကချင်ပြည်နယ်
ဒေသအနှံ့အပြား သွားလာနေသူမှန်း သူ့စကားများက သက်သေပြနေပါသည်။
ကျွန်တော်သည်လည်း ၁၉၇ဝ
ပြည့်ဝန်းကျင်ခန့်မှစ၍ ကချင်ပြည်နယ်သို့ အကြိမ်ကြိမ် အခေါက်ခေါက်
ရောက်ခဲ့ဖူးသူဖြစ်ပြီး နေရာအတော်နှံ့နှံ့သို့ ရောက်ဖူးပြီး ဖြစ်ပါသည်။ ကျွန်တော်
မရောက်ဖူးသောလမ်းဟူ၍ မချမ်းဘောနှင့် နောင်မွန်း ခေါ် ဘူဒဲလမ်း၊ မိုလာရှီဒီးနှင့်
မြစ်ဆုံ ဆွမ်ပရာ ဘွမ်လမ်းတို့သာ ရှိပါသည်။ ကချင်ပြည်နယ် အေးချမ်းစဉ်ကာလ၊ ဆူပူ
သောင်းကျန်းစဉ်ကာလ၊ ခုလို ငြိမ်းချမ်းရေးကာလအားလုံးတို့တွင် အကြိမ်ကြိမ်
ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ အားကစားသမား၊ အားကစားနည်းပြဘဝ၊ စာနယ်ဇင်းသမား၊ ခရီးသွား
ဆောင်းပါးရှင် ဘဝ၊ နောက်ပိုင်းတွင် ဓာတ်ပုံသမား တစ်ဦးဘဝဖြင့် ဘဝစုံဖြင့်
ကချင်ပြည်နယ်အနှံ့ သွားလာခဲ့ပါသည်။
ထိုပုဂ္ဂိုလ်နှင့် ကျွန်တော်
ပြောကြဆိုကြသောအခါ ကချင်ပြည်နယ်နေရာ အတော်များများသို့ သူလည်း ရောက်ဖူး၊
ကျွန်တော်လည်း ရောက်ဖူးသော နေရာများအကြောင်း ပြောဆိုဖြစ်ကြပါသည်။ ကချင်ပြည်နယ်၏
သာယာလှပသော ရှုမျှော်ခင်းများအကြောင်း ပြောဖြစ်ကြပါသည်။
ကချင်လူမျိုးတို့၏
ပွင့်လင်းရိုးသားမှု၊ နွေးနွေးထွေးထွေး ကြိုကြိုဆိုဆိုဖြင့် ခင်မင်ဧည့်ဝတ်
ကျေပွန်တတ်မှုများကို သူက ပြောပြသောအခါ ကျွန်တော်က ထောက်ခံပါသည်။ ကောက်သစ်စားပွဲ၊
နှစ်ကူးပွဲ၊ အိမ်တက်ပွဲတို့တွင် ဘာသာမရွေး မျိုးနွယ်စုမရွေး တပျော်တပါး
ဆင်နွှဲကြပုံများ ပြောဖြစ်ကြပါသည်။ သွားလေရာ အရပ်တွင် နေထိုင်တည်းခိုရေးအတွက်
အိမ်ရှင်များ ဖော်ရွေစွာ ကြိုဆိုကြပုံကိုလည်း ပြောဖြစ်ကြပါသည်။ ကျွန်တော်တို့လို
အနုပညာသမားများ ယခုလို ခရီးသွားပြီး မှတ်တမ်းတင်ကြပုံကို သူက ကချင်ပြည်နယ်သား
တစ်ဦးအဖြစ် ပြည်နယ်ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပါသည်။
ထိုနေ့ညက ညစာကို ငါးခြောက်နှင့်
ခရမ်းချဉ်သီး၊ အာလူးတို့ဖြင့် ဟင်းတစ်ခွက်သာ ချက်ဖြစ်ပါသည်။ ပါလာသော
ငရုတ်သီးကြော်၊ သံပရာ သီးသနပ် စသည်တို့ဖြင့် စားကြပါသည်။ အိမ်ရှင်တို့က
ယခုအချိန်မှာ တညင်းသီး တုံးသောအချိန်ဖြစ်သောကြောင့် အခြား ဘူးသီး၊ ပဲသီးများ
ပေးပါသည်။ ကျွန်တော်တို့ မယူတော့ပါ။ တညင်းသီး သီးချိန်တွင် တိန်ကောက် တညင်းသီးကား
တနိုင်း၊ လီဒိုလမ်း၌ နာမည်ကြီးပါသည်။
ထမင်းစားကြချိန်တွင်
ဆိုင်ကယ်ဧည့်သည်မှာ အိမ်ပေါ်တက်သွားပြီး ပြန်မတွေ့ရတော့ပါ။ ထိုပုဂ္ဂိုလ်၏
ပြောစကားအရ ဘာသာရေးအဖွဲ့အစည်းတစ်ခုမှ သာသနာ့ဝန်ထမ်းတစ်ဦး ဖြစ်ပုံရပါသည်။ စကားကို
သိမ်မွေ့စွာ ပြောတတ်၍ အလွန်ယဉ်ကျေးသော ကချင်ပြည်နယ်သား၊ ပြည်နယ်ကို သံယောဇဉ်ကြီး
ချစ်မြတ်နိုးသူတစ်ဦးဖြစ်ကြောင်း ခန့်မှန်းမိပါသည်။ ငြိမ်းချမ်းရေးရသွားသော
ကာလဖြစ်၍ ကချင်ပြည်နယ်အနှံ့ကို ယခုလို နေ့ညမရွေး သွားလာနိုင်ခဲ့သည်ကို
အားရကျေနပ်နေသူလည်း ဖြစ်ပါသည်။
အိမ်ရှင်ပုဂ္ဂိုလ်မှာ ဦးအောင်တူးဆိုသူ
ဖြစ်ပါသည်။ ခြံမြေအဖြစ် ဖော်ထုတ်နေသော ယခုနေရာတွင် လိမ္မော်ပင်များ
စိုက်ထားကြောင်း ပြောပြပါသည်။ သက်တမ်းနုသေးသော လိမ္မော်ခြံဖြစ်ရာ အသီးထွက်ရန်အတွက်
အချိန်စောင့်ရပါ ဦးမည်။ ယခုခြံမှာ နှစ်နှစ်သားခန့်သာ ရှိသေးရာ နောက်ငါးနှစ်လောက်မှ
လိမ္မော် လှိုင်လှိုင်သီးပေလိမ့်မည်။ တိန်ကောက်လိမ္မော်သီးမှာလည်း ဒေသအတွင်း
အရည်အသွေးကောင်းကြောင်း နာမည်ကြီးရာ လိမ္မော်ခြံလုပ်ငန်းသည် လုပ်ငန်းကောင်း တစ်ခု၊
အကျိုးများသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း ဆိုရပေလိမ့်မည်။
ထမင်းစားသောက်ပြီးနောက်
ဒီဗီဒီဇာတ်ကားလည်း ပြီးသွားပြီး အတော် ညနက်ပြီဖြစ်ရာ အိပ်စက်အနားယူရန်
ပြင်ဆင်ကြပါသည်။ ကိုမင်းဝေအောင်နှင့် ကိုကျော်ရှိန်တို့က အိမ်ပေါ်တက် အိပ်ကြပါသည်။
ကျွန်တော်၊ ကိုမောင်မောင်လှမြင့်နှင့် ကိုဇော်မင်းတို့ ကားပေါ်မှာ
အိပ်ကြပါသည်။
ဆက်လက်ဖော်ပြပါမည်။
စိန်မျိုးမြင့်
(အမှတ် ၁၉၅၊ ဖေဖော်ဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။