ရွှေဝတ္ထု

ရောဂါရာဇဝင် စစ်ကြောခြင်း

ရဲရင့်လုံ၊ဆေး-မန်း၊

26 August 2024
ရောဂါရာဇဝင် စစ်ကြောခြင်း
Share to

            ရေပိုက်ခေါင်းကို ဖွင့်ချလိုက်ပြီး ပိုးသတ်ဆေးရည် ဆွတ်လိမ်းထားသောလက် အစုံကို ပွတ်သပ် ဆေးကြော လိုက်သည်။ စာရေးဆရာက ပါးစပ်တပြင်ပြင် ဖြစ်နေမှာကို သူသိသည်။ ဘေစင်ဘေးမှာ ချိတ်ဆွဲ ထားသော မွေးပွတဘက်စဖြင့် လက်တွေကို ခြောက်သွေ့အောင် သုတ်ရင်း စာရေးဆရာကို သူပြုံးပြလိုက်၏။ စာရေးဆရာက အနည်းငယ် ဂနာမငြိမ်သည့် ဟန်ဖြင့် သူ့ကို စောင့်ဆိုင်းနေသည်။ ထုံးစံအတိုင်း သည် စာရေးဆရာ လေကြောရှည်တော့မည်ကို သူကောင်းကောင်းသိနေသည်။

            စားပွဲပေါ်က လူနာကုသမှု မှတ်တမ်းစာအုပ်ကို ကောက်ကိုင်လိုက်သည်။ အကျႌအိတ်ထောင်မှာ ချိတ်ထားသော ဘောပင်ကိုဖြုတ်ယူ၏။ ပြီးတော့ စာရေးဆရာကို အလိုက်တသိ မေးရသည်။

            'ကိုင်း... ဆိုစမ်းပါဦး။ ဘယ်လိုများဖြစ်ရတာတုံး'

စာရေးဆရာ၏ မျက်နှာပေါ်မှာ အပြုံးတစ်ပွင့် ပေါ်လာ၏။ ပြီးမှအားတုံ့အားနာ ဟန်ဖြင့်'ပြောရရင် နည်းနည်းတော့ ရှည်မယ်ဆရာ'ဆိုပြီး စကားပလ္လင်ခံလိုက်သေးသည်။

            'ပြောမှာသာ ပြောစမ်းပါဗျာ'ဆိုပြီး ပြန်ပြောလိုက်တော့ စာရေးဆရာက ရှက်ရယ်ရယ်ပြန်သည်။ ပြီး တော့မှ သူ့အဖြစ်သနစ် ဇာတ်လမ်းအစုံကို စတင်ဖွင့်ဟ၏။

            'ပြီးခဲ့တဲ့ စနေညတုန်းက ကျုပ်သမီးလေး အပြင်း ဖျားတယ်ဆရာ'

            'ခင်ဗျားဟာက ဆိုင်ရော ဆိုင်လို့လားဗျာ'

သူ အတွန့်တက်လိုက်တော့ စာရေးဆရာက ပြုံး၏။ ပြီးတော့ သူ့စကားကို ပြန်ဆက်သည်။

            'ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်လို့ ဆရာ နည်းနည်း နားရှုပ်သွားတာပါ။ ကျုပ်ပြောပြတာတွေ အားလုံးကို နားထောင်ပြီးသွားရင် ဆရာလည်း ဇာတ်ရည်လည်သွားမယ်ဆိုတာ ကျုပ်ပြောရဲတယ်'

            'ခင်ဗျားပြောပုံအရ ဆိုရင် မပြီးခင် ဆရာမမြင်စေ နဲ့ပေါ့လေ။ ကောင်းပါပြီဗျာ။ ဒီလောက်တောင် ညွှန်းနေမှတော့ မိုးစုံးစုံးချုပ်ပါစေ။ စိတ်ရှည်လက်ရှည် နားသောတဆင်ပါတော့မယ်။ ဟုတ်ပြီလား'

            သူ အရွှန်းဖောက်လိုက်တော့ စာရေးဆရာက ရယ်ကျဲကျဲ လုပ်နေသည်။ တကယ်တော့ စာရေးဆရာက  စကားသာ ပြောရမည်ဆိုလျှင် အားနာသမှုရှိသူ မဟုတ်ဆိုတာ သူသိသည်ပဲလေ။ ကိစ္စမရှိ။ လောလောဆယ် စောင့်ဆိုင်းနေသည့် လူနာလည်းမရှိ။ သည်တော့ စာရေးဆရာ ပြောပြလိုသမျှ နားထောင်ပေးဖို့ သူဆုံးဖြတ်ချက် ခိုင်ခိုင်ချလိုက်၏။ စာရေးဆရာက ရောင်ကိုင်း တင်းမာနေသော သူ့ဝဲဘက် ပါးစောင်ကို မသိမသာ ပွတ်သပ်ရင်း သူ့ဇာတ်လမ်းကို ဆက်ပြောသည်။

            'ဒီလိုဆရာ'

            'ဆရာပဲ စဉ်းစားကြည့်၊ မီးခြူးက ကျုပ်ရဲ့ တစ်ဦးတည်းသော သမီး။ ကျုပ်ရဲ့ နှလုံးသည်းပွတ်။ အဲဒီတော့ မီးခြူးကို ကျုပ်က သည်းသည်းလှုပ် ချစ်တာ ကျုပ်မှားသလား'

            စာရေးဆရာနှင့် သူသိကျွမ်းခင်မင်ခဲ့တာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီး ဖြစ်သည်။ စာရေးဆရာ၏ အမည်ရင်းကို သူ ကောင်းကောင်းမမှတ်မိပါ။ သူက စာရေးဆရာဟုသာခေါ်ပြောဆက်ဆံသည်။ စာရေးဆရာ၏ သွင်ပြင်ကို မြင်သာ ထင်ရှားအောင် ပြောပြရလျှင် ခန္ဓာကိုယ်က ပိန်ပိန်ပါးပါး။ အသားညို၏။ အညာသားမို့ စကားပြောလျှင် 'ကျုပ်ကျုပ်'ဆိုပြီး အားရပါးရ ပြောဆိုတတ်သည်။ ထူးခြားသည့် လက္ခဏာတစ်ရပ်မှာ စကားအလွန်ပေါခြင်းဖြစ်၏။ သူက စာရေးဆရာကို 'ခင်ဗျား သောကြာသားလား'ဆိုပြီး မေးဖူးသည်။ စာရေး ဆရာက သူ့ ပင်ကိုဟန်အတိုင်း ရယ်ကျဲကျဲ ပြန်ဖြေ၏။

            'မွေးတာကတော့ စနေ မနက် ဝေလီဝေလင်းမှာ မွေးတာပဲ။ မွေးတဲ့အချိန်က သော ကြာနဲ့ ကပ်နေလို့ ထင်ပါရဲ့။ တွေ့တဲ့လူနဲ့ တွေ့တဲ့နေရာမှာ ကြုံရင်ကြုံသလို အာလူးဖုတ်နိုင်တာပဲ၊ ဟဲ...ဟဲ'

            စာရေးဆရာက သူ့ဆေးခန်းမှာ ပုံမှန်ကုသမှု ခံယူနေသည့် ဖောက်သည်လူနာ တစ်ဦးလည်းဖြစ်သည်။ ဆရာဝန်နှင့်လူနာ အချိန်တွေ ကြာလာတော့ မိတ်ဆွေရင်းချာတွေလို ခင်မင်သွားကြသည်။ စာရေးဆရာတို့ မိသားစု ချောင်ချောင်လည်လည်မရှိတာကိုလည်း သူသိသည်။ စာရေးဆရာ၏ ဝတ်စားဆင်ယင်ပုံက ရိုးရှင်းသည်။ စကားပြောဆိုပုံက ပွင့်လင်းသည်။ တစ်ခါတလေ ဆေးလိပ်မီးပေါက် ဗရပွနှင့် စွပ်ကျယ် အကျႌ စုတ် ဝတ်ပြီးလည်း ဆေးခန်းလာ ပြတတ်သည်။

            စာရေးဆရာ ဆေးခန်း လာပြတိုင်း သူက ကျသင့်ငွေကို လျှော့ပေါ့ယူသည်။ စာရေးဆရာကလည်း သိသည်။ တစ်ခါတလေ'လောလောဆယ် ဘိုင်ပြတ်နေလို့ ပိုက်ဆံပါမလာဘူး ဆရာ'ဟုပြောတတ်သေး၏။ ကိစ္စမရှိ။ သူမေ့လျော့နေလျှင်ပင် စာရေးဆရာက မမေ့မလျော့ လာပေးတတ်သူဖြစ်သည်။ ခင်မင်ရင်းစွဲ ရှိလာတော့ စာရေးဆရာက လူနာပါးရှား လှသည့် သူ့ဆေးခန်းကလေးကို ရည်ညွှန်းပြီး 'ဆရာ့ဆေးခန်း ဆိုင်းဘုတ်ကိုလည်း မကြာမကြာ ဖုန်သုတ်ပေးဦး' ဆိုပြီး အရွှန်းဖောက်တတ်သည်။

            ဆိုရလျှင် စာရေးဆရာက ခင်မင်ဖို့ကောင်းပါသည်။ စကားပေါခြင်းက သူ့ဗီဇမို့ နားလည်ပေးရသည်။ လူနာ ရှိနေသည့်အချိန်မှာ စာရေးဆရာက စကားပေါလေ့မရှိ။ သူ၏ ဝေဒနာကို တိုတိုနှင့် လိုရင်းသာ ပြောပြ တတ်၏။ အရိပ်အကဲကို သိနားလည်လွန်းသော စာရေးဆရာကို သူကလည်း ခင်မင်မိသည်။ 'ဆရာပဲ စဉ်းစား ကြည့်' ဆိုသည်က စာရေးဆရာ၏ လက်သုံးစကားဖြစ်သည်။

            'ဆရာပဲ စဉ်းစားကြည့်။ မီးခြူးကို ကျုပ်က တုန်နေအောင်ချစ်တာ။ မီးခြူး ဖျားပြီနာပြီဆိုရင် အဖေလုပ်တဲ့ ကျုပ်က ပျာယာခတ်ရတော့တာပဲ။ ပြီးတော့ ဆေးခန်းပြဖို့ ညကြီးမိုးချုပ် ပိုက်ဆံ ချေးရငှားရတဲ့ အလုပ်ကလည်း တကယ်မလွယ်ဘူး ဆရာ'

            'ကမ္ဘာပေါ်မှာ ရှိသမျှ ရောဂါအားလုံးရဲ့ ခုနစ်ဆယ် ရာခိုင်နှုန်းနီးနီးကို ရောဂါရာဇဝင် မေးကြည့်လိုက်ရုံနဲ့ အတိအကျ သိနိုင်တယ်'

            ရောဂါရာဇဝင် စစ်မေးခြင်းနှင့် ပတ်သက်ပြီး ဆေးတက္ကသိုလ်မှာ ပညာဆည်းပူးစဉ် သူ့ဆရာတစ်ဦး သင်ကြားခဲ့ဖူးသည်ကို အမှတ်ရမိသည်။ တချို့သော လူနာများသည် သူတို့၏ ဝေဒနာကို အလွန်အမင်း ပြောပြလိုကြသည်။အာပေါင်အာရင်းသန်သန်ပြောရင်း အရှိန်လွန်ကာ လိုရင်းမရောက်နိုင်ဘဲ ရောဂါ နှင့် မသက်ဆိုင်သည့် အခြားကိစ္စများကိုပါ အိတ်သွန်ဖာမှောက် ပြောပြတတ်ကြ၏။ သူတို့လေကြောမှာ နစ်မြော နေလျှင် 'တစ်ထောင့်တစ်ညပုံပြင်များထက်ပင် ရှည်လျားထွေပြား သွားပေလိမ့်မည်။ ရောဂါရာဇဝင် မေးမြန်းသော ဆရာဝန်က ပါးပါးနပ်နပ် စကားဖြတ်ပြီး ကိုယ်သိလိုသည့် မေးခွန်းတွေကို တစ်ခုချင်း ဖြတ်မေးရသည်။

         တချို့လူနာများကတော့ သူတို့ဝေဒနာကို သေချာစေ့ငုစွာ ပြောမပြတတ်ကြ။ သူတို့စိတ်ထဲမှာ ဆရာဝန်ကို မြင်လိုက်သည်နှင့် ကြောက်စိတ်ဝင်လာကြသည်လား မသိ။ စိုးရွံ့လန့်ထိတ်သော ဟန်ဖြင့် အိုးနင်းခွက်နင်း ဖြေဆိုတတ်ကြသည်။ သူတို့ကိုတော့ ဆရာဝန်များက ရှေ့ကနေ မသိမသာ လမ်းကြောင်း ပေးကာ မေးတတ်ကြသည်။ ဆရာကြီး တချို့ကမူ ဝေဒနာရှင်လူနာအား ဦးတည် မေးခွန်းများဖြင့် မေးခွန်း ထုတ်သည်ကို မကြိုက်တတ်ကြ။ စာရေးဆရာကား ထိုကဲ့သို့သော လူနာမျိုးမဟုတ်။ ခံစားရသမျှ ဝေဒနာ အစုစုကို အနုစိတ်ပြောပြလိုသော ပထမလူနာအမျိုးအစားထဲမှာ ပါဝင်သည်။

            'ဖြစ်ချင်တော့ ဆရာရယ်။ အဲဒီညက ထပ်ခိုးပေါ်မှာ ကျုပ်ကလည်း စာထိုင်ရေးနေမိတယ်။ ဝတ္ထုတစ်ပုဒ် လက်စသတ်ဖို့ကလည်း ရှိနေတော့ မရေးလို့လည်းမဖြစ်။ ပိုက်ဆံကလည်း အမြဲလိုနေတာ မဟုတ်လား။ အဲဒီအချိန် သူ့အမေကလည်း သူ့ကလင်ဒါ စာရွက်ကြီးနဲ့ အလုပ်ရှုပ်နေတာ။ ကလေးက ကိုယ်ပူလို့ ပူမှန်းမသိ။ သိပ်ကံဆိုးရှာတဲ့ သမီးလေးပါ ဆရာ။ ပြောရရင်လောကမှာ အဖေတွေ အများကြီးရှိတဲ့အထဲ ကျုပ်သမီး ဖြစ်လာတာကိုက ကံဆိုးဖို့ ဖြစ်လာတာပဲ။ ဆရာပဲစဉ်းစားကြည့်'

            ဟော...စာရေးဆရာက ကျိုးကြောင်းဆက်စပ်မှု ကင်းမဲ့စွာ စဉ်းစားခန်းဝင်ခိုင်းနေပြန်သည်။ သူပြုံး၍သာ နေလိုက်သည်။

            'ဆရာ့ကို ကျုပ် ပြောပြဖူးတယ်မဟုတ်လား။ အမေ့ရဲ့တစ်ဦးတည်းသော သားဆိုပေမဲ့ ကျုပ်က သားဦး စနေလေ။ တခြားသားဦး စနေတွေအတွက်တော့မသိဘူး။ 'သားဦးစနေ မီးလိုမွှေ'ဆိုတဲ့ စကားပုံက ကျုပ်အတွက် တော့ ကွက်တိဒက်ထိ မှန်တယ်ဗျ။ ကျုပ်ကို မွေးပြီး သိပ်မကြာခင် ကျုပ်အဖေက မြို့တက်စီးပွားရှာရင်း ကုန်ကားမှောက်တဲ့အထဲပါပြီး ပွဲချင်းပြီး သေပါလေရော။ အဖေ့ဘက်က ဆွေမျိုးတွေရော၊ အမေ့အမျိုးတွေကပါ လူမမည်ကလေးလေးကို လက်ညှိုး ဝိုင်းထိုးကြတာပေါ့။ ကျုပ်ကို သူများပေးပစ်ဖို့ကိုလည်း ဝိုင်းပြောကြတယ်။ ကျုပ်အမေလေ... ကျုပ် အမေက သိပ်သတ္တိရှိတယ် ဆရာ။ သူကိုယ်တိုင် ဝမ်းနဲ့လွယ်ပြီး မွေးထုတ်ထားတဲ့ ရင်သွေးကို ကြက်ကလေး ငှက်ကလေးလို ဘယ်သူ့မှ မပေးနိုင်ဘူးဆိုပြီး ခါးခါးသီးသီးငြင်းတယ်။ ခေါင်းမာတဲ့ အမေ့ကြောင့်သာ ကျုပ်က အမေ့သားဖြစ်ခွင့်ရခဲ့တာ။ အမေ့ကြောင့်ပဲ ကျုပ်လူဖြစ် လာရတယ်။ ဆွေတော် ရှစ်သောင်း မျိုးတော်အပေါင်းတို့ကတော့ ကျုပ်ကို သိပ်မကြည်ကြဘူးပေါ့ ဆရာရယ်'

            စာရေးဆရာက စကားကို ရပ်ပြီး နံရံပေါ်မှ တိုင်ကပ်နာရီကို ကြည့်ငေးနေသော သူ့ကို အကဲခတ်သလို လှမ်းကြည့်သည်။ 'အင်း ဆက်ပါဦး'ဆိုပြီး စာရေးဆရာကို စကားထောက်လိုက်သည်။ စက္ကန့်လက်တံသည် တချပ်ချပ် မြည်သံပေးကာ မရပ်မနား တရွေ့ရွေ့သွားနေသည်။ မိနစ်လက်တံက ရောမဂဏန်း နံပါတ်တစ်ဆယ် နေရာမှာ။ နာရီလက်တံ တိုက ငါးဂဏန်းနေရာမှာ။ ဆောင်းနှောင်းရာသီ၏ ကျနေကြောင့် အပြင်မှာ မှောင်စ ပျိုးလုပြီ။

            'အမျိုးတွေက ကျုပ်တို့ သားအမိကို ဝိုင်းကြဉ်ထားကြတယ်။ လူတွေက တကယ် မကောင်းဘူးဆိုတာ ကျုပ်လူမှန်းသိတတ်စ အရွယ်မှာပဲ သိလိုက်ရတယ်။ ကျုပ်တို့အိမ်မှာ မကောင်းတာ တစ်ခုခုဖြစ်ပြီဆိုရင် ကျုပ်ကြောင့်ပဲဆိုပြီး ဝိုင်းပြောကြတယ်။ တစ်နယ်လုံး ရေကြီးလို့ရှိစုမဲ့စု အမေ့ လယ်ကလေး ရေထဲ ပါသွားတော့လည်း ကျုပ်ကြောင့်လို့ ပြောကြတယ်။ ဟော... ဖက်စားပေးထားတဲ့ ခိုင်းနွား ဒါးစိန်ကြီး ပိုးထိပြီး သေတော့လည်း ကျုပ်ကြောင့်လို့ စွပ်စွဲကြပြန်တယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို အဖြေရှာဖို့ကျ ဘယ်သူမှ မစဉ်းစားကြဘူး။ ကိုယ်တိုင်ရွေးချယ်ခွင့် မရတဲ့ နေ့တစ်နေ့မှာ လူဖြစ် လာခဲ့ရတဲ့ ကျုပ်ကိုပဲ အားမနာ လျှာမကျိုး ဝိုင်းပြီး လက်ညှိုးထိုးကြတယ်။ ဘယ်လောက်ရယ်ဖို့ ကောင်းတဲ့ အဖြစ်လဲ၊ ဟား ဟား'

            စာရေးဆရာက သတိလက်လွတ် ရယ်လိုက်သည်။ ပြီးမှ သူ့ဝဲဘက်ပါးပြင်ကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ပြီး 'အား'ခနဲ စုတ်သပ်ညည်းညူလိုက်ပြန်၏။ 'နာလိုက်တာ လွန်ပါရောဗျာ'ဆိုပြီး မျက်နှာကြီးရှုံ့မဲ့လျက် ဆက်ပြောသည်။

            'ဆရာ ခဏနော်၊ ကျုပ် ရေသောက်လိုက်ဦးမယ်'

           သူ အသာအယာ ခေါင်းညိတ်ပြလိုက်၏။ စာရေးဆရာက ဆေးခန်းရှေ့မျက်နှာ စာက ရေအိုးစင်ဆီ ခပ်သုတ်သုတ်သွားပြီး ရေခပ်သောက်သည်။ ပြီးမှ ခုတင်ပေါ် ပြန်တက်ထိုင်ပြီး သူ့ဇာတ်လမ်းကို ပြန်ဆက်သည်။

            'တိုတိုပြောရရင်တော့ ဆရာရယ်၊ ကျုပ်အသက် ဆယ့်ခုနစ်နှစ်ပြည့်ခါနီးမှာ ကျုပ်တို့သားအမိနေတဲ့ အိမ်ကြီး မီးထ,လောင်ပါလေရော။ သူတကာလွှင့်ပစ်တဲ့ ဆေးလိပ်မီးပွားကြောင့်လား၊ တို့မီးလား ရှို့မီးလားဆိုတာ ဘယ်သူမှမသိကြဘူး။ ကျုပ် တို့အိမ်ကနေ စ,လောင်လိုက်တဲ့ မီးကြောင့် အိမ်ခုနစ်လုံး တိတိ ပြာပုံဖြစ်သွားတယ်။ ဘယ်နေကြမှာလဲဗျာ။ ပြောချင်နေကြတဲ့ ပါးစပ်ပေါက်တွေ ဘယ်လိုပိတ်လို့ရမှာလဲ။ ထုံးစံအတိုင်း စနေသား ဂြိုဟ်မွှေလို့ ဖြစ်ရတယ်ပေါ့လေ။ ကျုပ်အမေလည်း ဒီတစ်ခါတော့ လေသံမမာနိုင်တော့ဘူး။ ရှိသမျှစည်းစိမ် တက်တက်ပြောင်တာကိုး။ ဆွေမျိုးတွေကလည်း ပြတ်တယ်။ အမေ့ကိုတော့ လက်ခံမယ်၊ ကျုပ်ကိုတော့ အိမ်ပေါ် တင်မထားနိုင်ဘူးတဲ့။ ကျုပ်ကလည်း နည်းနည်းမှ စဉ်းစားမနေပါဘူးဗျာ။ အမေ့ကိုရွာမှာ ထားခဲ့ပြီး တစ်ယောက် တည်း မြို့တက်ခဲ့လိုက်တာပဲ'

            စာရေးဆရာ၏ ဇာတ်လမ်းကို နားဆင်ရင်း ခွဲစိတ်ခန်းသုံးကိရိယာများ ထည့်ထားသည့် နံရံကပ် စတီးဗီရိုလေးကို သူ လှမ်းကြည့်လိုက်၏။ ပြီးတော့ ပစ္စည်းတွေကို မနေ့ညက ပေါင်းဖြစ်လိုက်သလား ဆိုတာ သူ ပြန်စဉ်းစားသည်။ သူ့ညာဘက် လက်မမှာ ကပ်ထားဆဲဖြစ်သော ဟန်ဆာ ပလတ်စတာ ကိုမြင်မှ သူ တစ်ခုခုကို အသေအချာ မှတ်မိသွားသည်။ မနေ့ညက ပစ္စည်းပေါင်းအိုးအဖုံးကို အလောတကြီး လှည့်ဖွင့်ရင်း သူ့ လက်မကို ရှသွားခဲ့ပြီး သွေးစို့သွား၏။ သည်တော့ မနေ့ညနေက ခွဲခန်းသုံး ကိရိယာတွေကို ပေါင်းခဲ့တာ သေချာသည်။

            'ဘယ်လိုလဲ ဆရာ။ စိတ်ပျက်ဖို့ကောင်းတဲ့ ကျုပ်ဘဝ ဇာတ်လမ်းရှည်ကြီးကို နားထောင်ပြီး ဆရာ နားငြီး သွားပြီမဟုတ်လား။ ကျုပ်က စကားသာ ပြောနေရမယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့ဗျ။ ပြီးတော့ ဆရာလည်း အချိန်ရတယ်မဟုတ်လား။ တခြား လူနာလည်း မရှိဘူးဆိုတော့ ကာ'

            'ရပါတယ်ဗျာ။ ကျွန်တော်လည်း နားထောင် ကောင်းကောင်းနဲ့ နားထောင် နေမိတာပါ။ ဆက်ပြော စမ်းပါဦး၊ ကောင်းခန်းရောက်မှ ရပ်မပစ်လိုက်ပါနဲ့'စာရေးဆရာက ပြုံးသည်။

           'မြို့ရောက်တော့ ကားဝပ်ရှော့တစ်ခုမှာ အလုပ်သင် ဝင်လုပ်တယ်၊ မုန့်ဖိုးပေးတယ်၊ ထမင်းကျွေးတယ်။ ကျုပ်ဆိုတဲ့ကောင်ကလည်း လောကမှာ အိပ်စရာ အိပ်ရာရယ်၊ စားစရာထမင်းရယ် ရှိနေရင် ပြီးတာပဲလို့ အောက်မေ့ထားတဲ့သူပဲ။ ကံကောင်းချင်တော့ ကျုပ်တို့သူဌေးက စာတအားဖတ်တယ်။ ဝပ်ရှော့မှာ ထားပေးတဲ့ ဝတ္ထုစာအုပ်တွေ၊ မဂ္ဂဇင်းစာအုပ်တွေ ယူဖတ်ရင်း ကျုပ်လည်း စာကြမ်းပိုး ဖြစ်လာတယ်။ နောက်တော့ ကဗျာလေးတွေ၊ ဝတ္ထုတိုလေးတွေ စမ်းရေး စမ်းပို့ရင်း စာရေးတာ ဝါသနာပါလာတာပဲ။ မဂ္ဂဇင်းထဲ ကျုပ်ပို့လိုက်တဲ့ ကဗျာလေး ပါလာတဲ့နေ့က ကျုပ်ဖြင့် ဝမ်းသာလွန်းလို့ ထမင်းတောင် မစားနိုင်ဘူး။ ကျုပ်ဆရာက ကျုပ်အတွက်တော့ ကျေးဇူးရှင်ဗျ။ သူ့ကြောင့် စာရေးဆရာ ဖြစ်လာတာလို့ ပြောရမယ်။ အဲ... ကံများဆိုးချင်တော့ ဆရာ့အရိပ်မှာ နေထိုင်ရင်း ပညာမစုံခင်မှာ ကောက်ကာငင်ကာ မိန်းမရပါလေရော'

            စာရေးဆရာက သူ့ စကားကို သူ သဘောကျပြီး ခပ်ဟဟ ရယ်ပြန်၏။ သည် တစ်ခါတော့ စာရေးဆရာ၏ ပါးပြင်မှာ နာကျင်သည့် ဝေဒနာ ကပ်ငြိပုံမရ။

            'ကျုပ်မိန်းမက ကုန်စိမ်းရောင်းတယ်။ ကျုပ်နဲ့ရတော့ မရောင်းတော့ဘူး။ ကျုပ်က ခုနစ်တန်း အောင်တယ်။ သူက နှစ်တန်းအထိပဲ ကျောင်းနေဖူးတယ်။ အိမ်ထောင်ကျစတုန်းက ဘာမှ အခြေမကျသေးတော့ အတော်ရုန်းကန်ကြရတယ်။ အခုလည်း သိပ်တော့မကွာပါဘူး။ ထမင်းတစ်လုတ် စားရဖို့အရေး မဂ္ဂဇင်းတိုက် ပေါင်းစုံဆီ ခြေတိုအောင် လျှောက်ရတယ်။ နေ့ရှိသရွေ့ ခေါင်းပူအောင် တွေးရ ရေးရတယ်။ ကျုပ်လည်း စာပဲ ရေးတတ်တော့တာကိုး'

            သူက 'ဆက်ပြောပါဦး'ဆိုပြီး စကားထောက်ရင်း ဆေးပစ္စည်းများထားသည့် မှန်ကောင်တာဆီ လျှောက်လာခဲ့လိုက်၏။ ကောင်တာကို ဖွင့်ကာ သုံးလက်စ ထုံဆေးဘူးကို စစ်ဆေးသည်။ မစ်ဒီ ကိမ်းတံဆိပ် ထုံဆေးဘူးထဲမှာ ထုံဆေးပုလင်းလေးတွေကို မြင်လိုက်ရတော့ သူ စိတ်ချလက်ချ ဖြစ်သွားသည်။

            'အမေ့ဆီလည်း မပြန်ဖြစ်ပါဘူးဗျာ။ အမေ နေကောင်းမကောင်းကို ဖုန်းဆက်ပြီးပဲ မေးရတယ်။ ကျုပ်ကလည်း မွေးကတည်းက အိမ်ကို ဒုက္ခပေးလာတဲ့ စနေဂြိုဟ်ဆိုးကိုး ခင်ဗျ။ အမေ့အနား ကျုပ်ရှိမနေတာပဲ ခပ်ကောင်းကောင်း အောက်မေ့မိပါရဲ့။ အဲဒီလိုနဲ့ ဒုက္ခတောမှာ ဝဲချာလည်နေရင်း ကျုပ်ဘဝ ရဲ့ ဆည်းလည်းလေး မီးခြူး လူ့လောကကြီးထဲ ရောက်လာခဲ့တာပဲ။ မီးခြူးက အဖေကို သိပ်ချစ်တဲ့ ဖေချစ်သမီး။ မီးခြူးက ကျုပ်ဘဝပဲ။ ကျုပ် အနာဂတ်ပဲ။ အဲဒီလောက်တောင် ပြောထားလျက်နဲ့ ကျုပ်သမီးလေး မီးခြူးကို ဂရုမစိုက်ဘဲ ချဲထိုင်တွက်နေတဲ့ ကျုပ်မိန်းမကို အော်မိ ငေါက်မိတာ ကျုပ်မှား သလား၊ ဆရာပဲ စဉ်းစား ကြည့်'

            'အချိန်ကျပြီ'ဟု သူတွေးသည်။ ဘေစင်ဆီထ, သွားပြီး လက်နှစ်ဖက်ကို ဆပ်ပြာနှင့် ဆေးလိုက်၏။ တစ်ခါသုံး ရော်ဘာလက် အိတ်တစ်စုံကို ထုတ်ပြီး ဝတ်သည်။ နံကပ်ဗီရိုကို ဖွင့်ကာ စတီးလင်ပန်းငယ် တစ်ချပ်ကို ထုတ်ယူပြီး စားပွဲပေါ်တင်သည်။ ထုံဆေးထိုးသည့် ဆေးထိုးအပ် ပြွန်တစ်ချောင်းကို ခါးချိုးပြီး ထုံဆေးပုလင်းငယ် ကိုပြွန်ထဲ ထည့်လိုက်၏။ ဇယ်ဆက်သလို လုပ်နေရင်း စာရေးဆရာကို 'ဟုတ်... အင်း'လုပ်ကာ စကားထောက် ရသေးသည်။

            'အောင်မယ်၊ ကျုပ် မိန်းမကလည်း အိမ်မှာတော့ ဆရာမကြီးခင်ဗျ။ စားချိန်နဲ့ အိပ်ချိန်ကလွဲရင် တစ်နေကုန် ချဲထိုင်တွက်နေတဲ့ ဆရာမကြီး လေ။ သူက ကျုပ်ထက်တောင် ဘောပင်များသေးတယ်။ သူ့ဆီမှာ ဘောပင် အနီ၊ အပြာ၊ အစိမ်း ရောင်စုံရှိတယ်။ တစ်ခါတလေ ကျုပ် ဘောပင်တွေပါ ယူပြီး ချဲတွက်တတ်လို့ အော်ရငေါက် ရသေးတယ်။ ဒီတစ်ခေါက် ပေတံကျိုးတယ်ဆိုတာက ပါသေး။ ပါဝါက ဘယ်လောက်၊ နက္ခတ်က ဘယ်လောက်နဲ့ ပါးစပ်က ဆီမန်းမန်းသလို တတွတ်တွတ် ရွတ်တတ်သေးတယ်။ ကျုပ် ကတော့ သူ့ဟာတွေကို နည်းနည်းမှ နားမလည်ပါဘူး။ဘယ်လိုလုပ် စုမိမှာလဲ ဆရာရယ်၊ ကျုပ်က များများမရှာနိုင်ရတဲ့အထဲ မိန်းမက ချဲထိုင်ထိုး။ အဲဒီလိုအိမ်က ဘယ်လို လုပ်ပြီး စီးပွားတက်မှာလဲ။ အမြဲတကျက်ကျက် ရန်ဖြစ်နေရတာပဲ။ တားမရမဲ့အတူတူဆိုပြီး ကျုပ်လည်း မတားတော့ဘူး။ အဲဒီနေ့က နောက်ဖေးရေဇလုံထဲမှာ မီးခြူး ရေဆော့ နေတာကို ချဲတွက်နေတဲ့ သူ့အမေက မသိလိုက်ဘူး။ ရေဆော့တာကြာတော့ အအေးပတ်သွားတာ ဖြစ်မှာပေါ့။ ညဦးပိုင်းတုန်းကတော့ ကလေးက ဆော့သေးတယ်'

            စတီးဘူးငယ်အတွင်းမှ ပေါင်းခံပြီးသား ဂွမ်းလုံး တချို့ကိုထုတ်ယူပြီး လင်ပန်းငယ်ပေါ်တင်ရင်း စာရေး ဆရာကို သူ ပြုံးပြလိုက်၏။ တစ်လက်စတည်း လင်ပန်းပေါ်က လေးထောင့်ကွက် လေးတစ်ခုထဲမှာ ဘီတာဒိုင်း ဆေးရည်ကို သူ ညှစ်ချလိုက်သည်။

            'ကျုပ်မိတ်ဆွေ အယ်ဒီတာတစ်ယောက်က ဝတ္ထုရှည်တစ်ပုဒ် တောင်းထားတော့ ကျုပ်ကလည်း အရေး ကြီးနေတာ။ အဲဒီညက ထပ်ခိုးပေါ်မှာ စာထိုင်ရေးနေတာပေါ့။ နောက်ရက်မှာ စာမူအပ်ရမှာမို့ မီးခြူးကိုလည်း ဂရု မစိုက်အားဘူး။ ဘာအကြောင်းရှိရမှာလဲ ဆရာရယ်။ ပိုက်ဆံကောင်းကောင်း မရှာနိုင်တဲ့ စာရေးဆရာ တစ်ယောက်ရဲ့ မအောင်မြင်တဲ့ အိမ်ထောင်ရေးပေါ့။ ဖတ်ရတာ သိပ်အရသာရှိမယ့် ဘဝ သရုပ်ဖော် ဝတ္ထုစစ်စစ် ပေါ့ ဆရာရယ်။ ဟဲ ဟဲ'

            စာရေးဆရာက သူ့ စကားကိုသူ သဘောကျပြီး ရယ်ပြန်၏။ သူလည်း လိုက်ရယ်မိသည်။ လင်ပန်းငယ် ထဲက ကိရိယာတွေကို သူ ပြန်လည်စစ်ဆေးလိုက်သည်။ အပ်ခေါင်းတပ်ထားပြီးဖြစ်သော ထုံဆေးထိုးပြွန်၊ ညှပ်တို၊ ညှပ် အရှည်၊ ဂွမ်းလုံးများ၊ ဘီတာဒိုင်းဆေးရည်။ ပစ္စည်းတွေက စုံသလောက်ရှိပြီ။

            'အဲဒီညက ခန့်မှန်းခြေ ညကိုးနာရီခွဲလောက် ရှိမယ် ထင်တယ်ဆရာ။ ထပ်ခိုးပေါ်မှာ တကုပ်ကုပ်နဲ့ စာရေးနေတုန်း ဗြုန်းဆို ကျုပ်မိန်းမ ငယ်သံပါအောင် အော်လိုက်တဲ့ အသံနက်ကြီးကို ကြားလိုက်ရတယ်။ ကိုတင်ဖေ... တော့်သမီး မျက်ဖြူလန်ပြီး တက်နေပြီ...တဲ့။ အဲဒီအသံ ကြားလိုက်ရတော့ ကျုပ်လည်း ထူပူပြီး ဘာကိုမှ မမြင်တော့ဘူး။ သမီးဇောနဲ့ လှေကားကနေ အပြေးဆင်းလိုက်တာ အမှောင်ရိပ်ထဲမှာ ဝရုန်းသုန်းကား ခြေချော်ကျပါလေရော။ အဲဒီလိုနဲ့ ကျုပ်ရဲ့ သံယောဇဉ် လက်ကျန် သွားပိုးခေါင်း ကလေးက ထက်ပိုင်းကျိုးပြီး အငုတ်ပဲ ကျန်ခဲ့တော့တာပဲ။ သွားတစ်ချောင်းလုံး ကျွတ်သွားရင် အေးဆေးဖြစ်မယ့်ဟာ။ အငုတ်က ကျန်ခဲ့တော့ ဒုက္ခကို ရောက်ရောဗျာ။ သမီး နေမကောင်းတာက အရေးကြီးနေတော့ ချက်ချင်းလာမပြဖြစ်တာ ဆရာရေ။ အဲဒါ နဲ့ အခြေအနေက ပိုဆိုးလာတော့တာပဲ။ ပြောရင်းဆိုရင်း နာလာပြန်ပြီဗျာ၊ ကျွတ်... ကျွတ်'

            စာရေးဆရာက ပြောပြောဆိုဆို မျက်နှာရှုံ့မဲ့လျက် စုတ်သပ်ညည်းညူလိုက်၏။ စာရေးဆရာ၏ ဝဲဘက် ပါးပြင်သည် သိသိသာသာပင် ရောင်ကိုင်းနေ၏။ သွားပိုးခေါင်းကို တစ်ပတ်တစ်ကြိမ် ဆေးလာထည့်နေရသည့် စာရေးဆရာသည် သွားနုတ်ပစ်ဖို့ အကြံပြုသည့် အချိန်တိုင်းမှာ ခေါင်းမာစွာ ငြင်းဆန်ခဲ့သူ ဖြစ်သည်။ သူ စာရေးဆရာကို ပြုံးပြလိုက်၏။ ခုတော့ဖြင့် စာရေး ဆရာသည် ပြုံးနိုင် ရယ်နိုင်သည့် ပုံမပေါ်တော့။ ပစ္စည်း ကိရိယာတွေလည်း အဆင်သင့်ဖြစ်နေပြီမို့ စာရေးဆရာကို ခပ်လောလော ပြောလိုက်သည်။

          'ကိုင်းဗျာ၊ ခုချိန်မှတော့ ဒီသွားငုတ်တိုလေးကို သံယောဇဉ်တွယ် မနေပါနဲ့တော့။ ခင်ဗျားရဲ့ သံယောဇဉ် လက်ကျန်ကလေးကို တူးဖော်ရှင်း ထုတ်ပစ်ဖို့ ဟောဒီခုတင်ပေါ် ကိုကြွပေတော့ဗျာ'

            စာရေးဆရာ ပြန်သွားတော့ ပက်လက်ကုလားထိုင်ပေါ်မှာ ကျောဆန့်ရင်း ဆေးခန်းဆိုင်းဘုတ်လေးကို အမှတ်တမဲ့ ကြည့်ငေးမိသည်။ အပြာရင့်ရင့် အောက်ခံမှာ အဖြူရောင် စတေကာ စာလုံးများဖြင့် ပုံဖော်ထားသည့် 'ပုလဲဖြူ သွားနှင့်ခံတွင်း ဆေးခန်း'ဟု အမည်ရသော ဆေးခန်းကလေး။ စာရေးဆရာ ပြောသလို သူ့ဆေးခန်း ဆိုင်းဘုတ်ကလေးကို မကြာမကြာ ဖုန်သုတ်ရပေဦးမည်ဟုသူတွေးမိလိုက်လေသည်။

ရဲရင့်လုံ၊ဆေး-မန်း၊

(အမှတ် ၃၅၈၊ စက်တင်ဘာ၊၂၀၁၉ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်