ရွှေဝတ္ထု

မုဆိုးမ သုံးယောက်၏ သားများ

ယဉ်ယဉ်နု ၊မန္တလေး၊

01 November 2025
မုဆိုးမ သုံးယောက်၏ သားများ
Share to

            ဖေ‌ဋ္ဌေး၊ အောင်တင့်နှင့် ဘခိုင်တို့ဟာ ရပ်ကွက်မူလတန်းကျောင်းမှာ တတိယတန်း ကျောင်းသားလေးတွေ ဖြစ်ကြပါတယ်။ အသက်ကလေးတွေကလည်း ဘာရှိကြမှာလဲ။ ကိုးနှစ်၊ ဆယ်နှစ်ဝန်းကျင်ပေါ့။ ဖေ‌ဋ္ဌေးတို့ ငှားနေတဲ့ အခန်းကျဉ်းကလေးထဲက လှမ်းကြည့်ရင် ဘခိုင်တို့ရဲ့ ရေနံချေးဝနေတဲ့ နှစ်ထပ်အိမ်မည်းမည်းကြီးကို တွေ့နေရတယ်။ အောင်တင့်တို့ကတော့ သူတို့သုံးယောက်ထဲမှာ အချမ်းသာဆုံးပဲလေ။ ဖေ‌ဋ္ဌေးတို့နဲ့ နှစ်အိမ်ခြားလောက် လမ်းထောင့်က တိုက်ကြီးက ဟီးနေတာပဲ။ သုံးယောက်သား ချမ်းသာဆင်းရဲသာ ကွဲပြားကြတယ်။ ကံကြမ္မာတွေကတော့ ကံတူအကျိုးပေးလို့ ပြောရမလားပဲ။ သူတို့သုံးယောက်လုံးရဲ့အမေတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ခင်ပွန်းတွေ ကွယ်လွန်ကုန်ကြပြီ။ စောစောစီးစီး မုဆိုးမတွေ ဖြစ်သွားကြတယ်။ ဒါကြောင့်မို့လား မသိဘူး။ သူတို့သုံးယောက်ဟာ ရပ်ကွက်ထဲက သူငယ်ချင်းတွေထက် အချင်းချင်း ပိုချစ်ကြတယ်။ မနက်ဆိုရင် အောင်တင့်တို့ တိုက်ကြီးရဲ့အရှေ့မှာရှိတဲ့ သရက်ပင်အောက်က ခုံတန်းကလေးပေါ်မှာ တစ်ယောက်ကိုတစ်ယောက် စောင့်ပြီးမှ ကျောင်းကို အတူတူ သွားကြလေ့ရှိတယ်။ ဘယ်တော့မှလည်း မခွဲကြဘူး။ တတွဲတွဲနဲ့ အမြဲနေကြတာ။

            ဖေ‌ဋ္ဌေးတို့အဖေက အရင်တုန်းက ကျောက်သမား၊ လမ်းပွဲစားလေး လုပ်နေတာ၊ အရင်းအနှီးလေး နည်းနည်းရလာတော့ မှော်ထဲတက်သွားလိုက်တာ တစ်ခါတည်း ငှက်ဖျားမိပြီး သေပါလေရော။ ဖေ‌ဋ္ဌေးတို့မှာ အလောင်းတောင် မမြင်လိုက်ရဘူး။ မလုပ်တတ် မကိုင်တတ်နဲ့ ကျန်ခဲ့တဲ့ ဖေ‌ဋ္ဌေးအမေ မုဆိုးမလေးခမျာ ရာသီပေါ်သီးနှံလေးတွေ ရောင်းလိုရောင်း၊ အိမ်တကာလှည့်ပြီး အဝတ်လျှော်လိုလျှော်နဲ့ ဖေ‌ဋ္ဌေးနဲ့ ဖေ‌ဋ္ဌေး ညီမလေးပေါက်စ မောင်နှမ နှစ်ယောက်ကို ရှာဖွေကျွေး ရတော့တာပေါ့။

            ဘခိုင်အဖေလည်း ကျောက်သမားပဲ။ ဒါပေမယ့် သူက ကုန်သည်၊ ဝယ်နိုင် ခြမ်းနိုင် ဖြတ်နိုင် တောက်နိုင်တယ်။ စီးပွားလည်း ပြေလည်တယ်။ ဘခိုင် အမေ နီနီကလည်း ကျောက်ဝိုင်း ဆင်းနိုင်တယ်။ အရက်ကြောင့် အသည်းခြောက်ပြီး ဘခိုင်အဖေ သေပေမယ့် ဘခိုင်တို့က သိပ်အခြေအနေ မပျက်ဘူး။ အဘိုးတွေ အဘွားတွေလည်း ရှိတယ်။ အသိုင်းအဝိုင်းလည်း တောင့်တယ်ဆိုတော့ ဘခိုင်မှာ မုန့်ဖိုးပေးမယ့်သူ မရှားဘူး။

            အောင်တင့်အဖေကတော့ ခေတ်ပေါ်ရောဂါနဲ့ ဆုံးရှာတာ။ အောင်တင့်အဖေ ဆုံးတော့ သူ့အဖေထက် တစ်ရပ်ကွက်လုံးက သနားစရာ ကျန်ခဲ့ရှာတဲ့ မုဆိုးမကလေး ချိုဝင်းကို စုတ်တ သပ်သပ်နဲ့၊ ချိုဝင်းကလည်း ချိုဝင်းပဲ။ အပျိုတုန်းက မှုန်နေအောင်လည်း လှ၊ ကွမ်းတောင်ကိုင် ဆိုတဲ့ရုပ်ကိုမှ မထောက်၊ အဖေတွေ အမေတွေ တစ်မျိုးလုံး ဝိုင်းဖျက်နေတဲ့ကြားက ဆေးသမားနောက် လိုက်ပြေးတာ။ ငယ်ငယ်ရွယ်ရွယ်၊ လှလှပပလေးနဲ့ မုဆိုးမပေမယ့် အပျိုရှုံးတယ်ဆိုပြီး နာမည်ကြီးနေ တယ်။ နီနီနဲ့ နှစ်ယောက်ပေါင်းမိကြပြီး ကျောက်ဝိုင်းထဲမှာ အခန်းတစ်ခန်းဝယ် လို့ စီဒီအိုကေဆိုင် ဖွင့်မယ်ဆိုပြီး သတင်းတွေ ထွက်နေတယ်။ သေသောသူ ကြာရင်မေ့မဟုတ်လား။ သူတို့ နှစ်ယောက်ကတော့ ပြုံးပြုံးရွှင်ရွှင်၊ ရယ်ရယ်မောမော အလှတွေပြင်ပြီး ဆိုင်ကယ်တစ်စီးနဲ့ ဝင်ထွက်သွားလာ နေကြတာပါပဲ။

            ဒီလိုနဲ့ ဝါလကင်းလွတ် သီတင်းကျွတ်အပြီး တန်ဆောင်မုန်းလဆန်းစမှာ သူတို့ အရပ်ဘုရားပွဲရက်ကို ရောက်လာတယ်။ ဒီနှစ်တော့ ခါတိုင်းလို ဇာတ်ပွဲခင်းကို အရပ်အလယ်မှာ မလုပ်တော့ဘဲ အသစ်ဖောက်လိုက်တဲ့ ကန်ပတ်လမ်းဘေး ကွင်းကျယ်ကြီးမှာ ထွက်ပြီး လုပ်ဖြစ်ကြတယ်။ ပွဲက ရွှေမန္တလာ ဇာတ်ပွဲတဲ့။ ပွဲဝင်တော့မယ် ဆိုပြီး ပွဲဈေးသည်တွေ ရောက်နေကတည်းက အရပ်ထဲက ကလေးတွေက ပျော်လှပြီ၊ မီးရောင် တထိန်ထိန် ဆိုင်းသံ တခြိမ့်ခြိမ့်နဲ့ ပွဲကြိုညက ဘယ်လိုရောက်လာမှန်း မသိဘူး။ ကတ္တီပါ ကားလိပ်တလွင့်လွင့်နဲ့ ဇာတ်စင်၊ မိုးထိအောင် မြင့်တယ်လို့ ထင်ရတဲ့ ရဟတ်ကြီးတွေက ဖေ‌ဋ္ဌေးတို့ ကလေးတွေကို ဖမ်းစားနေကြတယ်။ နေ့လယ်ကတည်းက အဝတ်အစားအသစ်တွေလဲပြီး တလှုပ်လှုပ်၊ တရွရွ သွားလိုက်ကြတာ၊ မိုးပျံပူဖောင်းတွေ ဆွဲပြီး တလွင့်လွင့်နဲ့ပေါ့။ ဖေ‌ဋ္ဌေးကတော့ အမေ ကျောင်းမုန့်ဖိုးပေးလိုက်တဲ့ နှစ်ဆယ်တန်ကလေးကို မုန့်မစားဘဲ အိတ်ထဲမှာ ကပ်ထားတယ်။ ဒါပေမယ့် ပွဲဈေးသုံးဖို့ လောက်မှာ မဟုတ်ဘူးလေဆိုပြီး ငိုင်တိုင်တိုင်ဖြစ်နေတုန်း အောင်တင့်နဲ့ ဘခိုင်က သူတို့အိတ်ထဲမှာပါတဲ့ ပိုက်ဆံအထပ်လိုက်ကို ပြပြီး ဆွဲခေါ်သွားကြတယ်။

            သူတို့ ညနေစာလည်း မစားကြဘူး။ ပွဲဈေးတန်းကို ခေါက်တုံ့ခေါက်ပြန် လျှောက်လိုက်၊ တဝါးဝါး ရယ်လိုက်၊ လေသေနတ်နဲ့ အချိုရည်ဘူး ရအောင်ပစ်လိုက်၊ မုန့်ဝယ်စားလိုက်နဲ့ ပျော်လိုက်ကြတာ။

            'ဟေ့ကောင်တွေ၊ ရဟတ် သွားစီးရအောင်ကွာ' လို့ အောင်တင့်က ပြောတော့ ဖေ‌ဋ္ဌေးက ငေးသွားတယ်။

            'ရဟတ်က တစ်ရာတောင်ကွ'

            'ကလေးဆို ငါးဆယ်ပါကွာ၊ ငါပေးပါ့မယ်'

            သူတို့ ရဟတ်နားရောက်တော့ ရဟတ်တစ်ပတ်နားပြီး လူတွေ အများကြီး ဆင်းလာကြတယ်။ လူအုပ်ထဲကနေ 'ဟင်... သားပါလား'ဆိုတဲ့ ဘခိုင်ရဲ့ အမေ နီနီ့အသံကို ကြားရတယ်။ သူတို့ ကြည့်လိုက် တော့ ပြုံးရွှင်နေတဲ့ နီနီကို ရှိုးကျကျ ဘောင်းဘီရှည်ဝတ်ထားတဲ့ အမျိုးသား တစ်ယောက်နဲ့အတူ တွေ့ရတယ်။ နီနီက ပါးစပ်အဟောင်းသား ဟအောင် အံ့သြနေတဲ့ ဘခိုင်ရဲ့လက်ကိုဆွဲပြီး 'အစ်ကိုကြီး ဒါ နီနီ့သားလေ၊ ဘခိုင်တဲ့' လို့ မိတ်ဆက်ပေးတယ်။ ဟိုလူက 'နီနီ့သားက ချောသားပဲ။ ဘယ်နှတန်း ရောက်ပြီလဲကွ'လို့ တရင်းတနှီး မေးတာကို မျက်နှာပျက်နေတဲ့ ဘခိုင်က ပြန်မဖြေဘူး။ နီနီက တခစ်ခစ်ရယ်ပြီး 'သုံးတန်းရောက်ပြီ အစ်ကိုကြီးရဲ့၊ ဒီလိုလုပ်ပါလား၊ သားလေးလာ၊ မေမေတို့နဲ့ လိုက်ခဲ့'ဆိုပြီး ဘခိုင် လက်ကို မလွှတ်ဘဲ ဆွဲခေါ်သွားတော့တယ်။ ဟိုလူက ရှေ့ကထွက်သွားတယ်။ ဘခိုင်ခမျာ ငိုမဲ့ငိုမဲ့နဲ့ သူငယ်ချင်းတွေကို လှည့်ကြည့် လှည့်ကြည့်၊ သူ့အမေကို ဘာမှမပြောရဲဘဲ တွန့်ဆုတ် တွန့်ဆုတ်နဲ့ ပါသွားရှာတယ်။

            အောင်တင့်နဲ့ ဖေ‌ဋ္ဌေးလည်း စိတ်မပါ လက်မပါနဲ့ ရဟတ်စီးကြတယ်။ ရဟတ်ပေါ်က ပြန်ဆင်းလာတဲ့အချိန်မှာ အရပ်ထဲက ငါးတန်းခြောက်တန်းသား ကလေးကြီးတွေ သီဟတို့၊ မြတ်မင်းတို့၊ ကျော်သူဆွေတို့၊ အားကွေ့တို့ တစ်အုပ်ကြီးနဲ့ အဆုံမှာ...

            'ဟာ...အောင်တင့်ပါလား၊ မင်းအမေကို တွေ့လိုက်တယ်ကွ'

            'အေးကွ၊ ဆိုင်ကယ်နဲ့၊ ယောကျ်ားတစ်ယောက်နဲ့'

            'ပွဲဈေးတန်းအစွန်မှာ ဆိုက်ကယ် ထွက်တော့မယ်ကွ'

            'ဟင်'ခနဲ ဖြစ်သွားတဲ့ အောင်တင့်ဟာ နောက်ကြောင်း ပြန်လှည့်ပြီး ပွဲဈေးတန်း အစွန် အိမ်သာတွေဘက် ကမူးရှူးထိုး ထွက်သွားတယ်။ အောင်တင့်၊ အောင်တင့်ဆိုပြီး ဖေ‌ဋ္ဌေးမှာ ခပ်သုတ်သုတ် နောက်ကလိုက်ရတယ်။ လူတွေကို အတင်းတွန်းထိုးပြီး လျှောက်လာတဲ့ အောင်တင့် ပွဲဈေးတန်းအစွန် မှောင်ရိပ်ကို ရောက်တော့ ဆိုင်ကယ်တစ်စီးဟာ ထွက်စပြုနေတာ တွေ့ရတယ်။ ဆိုင်ကယ် နောက်ထိုင်ခုံပေါ်မှာ မိန်းမ တစ်ယောက်ကို ခပ်မှောင်မှောင်၊ အလင်းရောင် ခပ်ဝါး ဝါးအောက်မှာ မသဲမကွဲ တွေ့ရတယ်။ အောင်တင့်ဟာ 'အမေ'လို့ အကျယ်ကြီး ငိုသံပါကြီးနဲ့ အော်ခေါ်လိုက်တယ်။ ဆိုင်ကယ်က တဖြည်းဖြည်း ထွက်ခွာစ ပြုနေပြီ။ အောင်တင့် ဆိုင်ကယ်နောက်ကို ပြေးလိုက်လို့ ဖေ‌ဋ္ဌေးလည်း သူ့နောက်က ပြေးလိုက်ရတယ်။ မြေမညီမညာလမ်းပေါ်မှာ ဆိုင်ကယ်က ခုန်ပေါက်သွားနေလို့ နောက်မီးနီနီလေးနဲ့ အောင်တင့် မီမလို မီမလိုနဲ့ ဝေးဝေးသွားတယ်။ အောင်တင့်ဟာ သူစီးထားတဲ့ ဖိနပ်ကလေးကို ကုန်းချွတ်လိုက်ပြီး လက်ကလေးနဲ့ကိုင်လို့ ဒုန်းပြေးပြန်တယ်။ သူ ဒုန်းပြေးတော့ ဖေ‌ဋ္ဌေးလည်း ဒုန်းပြေးရတော့တာပေါ့။ အောင်တင့်တော့ မသိဘူး။ ဖေ‌ဋ္ဌေးတော့ တအားမောနေပြီ။ အဲဒီလိုနေတုန်း ဆိုင်ကယ်ဟာ လမ်းကြမ်းကနေ လမ်းကောင်းပေါ် ရောက်သွားပြီး အရှိန်တင်မောင်းလို့ နောက်မီး နီနီလေးဟာ တဖြည်းဖြည်း ဝေးဝေးသွားတော့တယ်။ ဆိုင်ကယ်ပေါ်က မိန်းမကတော့ ထူးလည်းမထူး၊ လှည့်လည်း မကြည့်ဘူး။ ဆိုင်ကယ်လေး တဖြည်းဖြည်း ဝေးပြီး မီးနီလေး ပျောက်သလောက် ဖြစ်သွားတော့မှ အောင်တင့်ဟာ တဖြည်းဖြည်း အရှိန်သတ်ပြီး ရပ်လိုက်တယ်။ တဟောဟော၊ တဟဲဟဲ မောလို့ ရင်ဘတ်လေးလည်း နိမ့်မြင့်ခုန်လို့ ဖေ‌ဋ္ဌေးလည်း မောပြီး ချွေးတွေတောင် ပျံနေတယ်။ တွေတွေကြီး ရပ်နေတဲ့ အောင်တင့်ကို ဖေ‌ဋ္ဌေးက 'အောင်တင့်ရာ...ဆိုင်ကယ်ပေါ်က မိန်းမဟာ မင်းအမေ ဟုတ်ချင်မှ ဟုတ်မှာပေါ့ကွ၊ ဟိုကောင်တွေ မှားလားမသိ၊ ပွဲဈေးတန်းဘက်မှာများ ရှိမလား'လို့ မောမောနဲ့ ပြောမိကာရှိသေး အောင်တင့်က 'အေး'ဆိုပြီး ပွဲဈေးတန်းဘက်ကို ပြန်ပြေးသွားတယ်။ 'ဟောဗျာ'ဆိုပြီး ဖေ‌ဋ္ဌေးမှာ ပြန်ပြေးလိုက်ခဲ့ရပြန်ရော။

            ပွဲဈေးတန်းအစွန်ကနေ လူတွေစည်နေတဲ့ ပွဲခင်းထဲကို ဘယ်လို ပြန်ရောက်လာမှန်း မသိဘူး။ တပျော်တပါးသွားနေကြတဲ့ လူအုပ်ကြီးကို အတင်းတိုးပြီး အောင်တင့်ဟာ သူ့အမေကို ရှာတော့တယ်။ မျက်နှာကြီး နီရဲပြီး မျက်ရည်တွေလည်နေတဲ့ အောင်တင့်ကို ဖေ‌ဋ္ဌေးလည်း ဘယ်လိုပြောရမှန်း မသိဘူး။ အောင်တင့်ကတော့ ဇောနဲ့ ပွဲဈေးတန်းကို အပတ်ပေါင်းများစွာ ပတ်နေတယ်။ မုန့်ဆိုင်တွေဘက်၊ ဇာတ်ခုံဘက်တွေ လိုက်ရှာ၊ ရဟတ်ဘက်လည်း ခဏခဏ၊ သူ့အမေကလည်း ဘယ်မှာမှ ရှာမတွေ့ဘူး။

            တဖြည်းဖြည်းနဲ့ ညနက်လာတယ်။ ပွဲဈေးတန်းက လူတွေလည်း ပွဲခင်းထဲ ရောက်ကုန်ကြလို့ လူကျဲပါးလာတယ်။ ဖေ‌ဋ္ဌေးမှာ ညောင်းလည်း ညောင်းလှပြီ၊ ထမင်းလည်း ဆာလှပြီ။ မျက်နှာထား တင်းတင်း မျက်ရည်လည်လည်နဲ့ လျှောက်နေတဲ့ အောင်တင့်ကို သနားလွန်းလို့သာ အဖော် လိုက်ပေးနေရတာ။ ဆောင်းဦးည လေအေးအေးလေး တစ်ချက် သုတ်ခနဲ တိုက်လိုက်တော့ ဖေ‌ဋ္ဌေးမှာ စိမ့်ခနဲ ချမ်းသွားတယ်။ အောင်တင့်လက်ကို ဆွဲပြီး 'အောင်တင့် လာပါကွာ၊ ပြန်ကြပါစို့'လို့ ခေါ်တော့ အောင်တင့် ဒီတစ်ခါတော့ အင်တင်တင်နဲ့ ပြန်လိုက်လာတယ်။ ပွဲခင်းကနေ ရပ်ကွက်ထဲကို ဝင်ခဲ့ ကြတယ်။ လမ်းမှာ လူတော်တော် ပြတ်နေပြီ။ ညလည်း တော်တော် နက်နေပြီ။ အောင်တင့်တို့ တိုက်ရှေ့က ခုံကလေးပေါ်ရောက်တော့ နှစ်ယောက်သား ခြေပစ်လက်ပစ် ထိုင်ကျသွားလိုက်တာ၊ အမလေး...ခုမှ ဖေ‌ဋ္ဌေးတအား ညောင်းနေတာ သိရတော့တယ်။ တိုက်အပေါ်ထပ် ဝါးရံတာက 'ဘယ်သူ လဲ အောင်တင့်လား၊ အိမ်ထဲဝင်လေ'ဆိုတဲ့ အောင်တင့် ကြီးကြီးအသံ ကြားရတယ်။ အောင်တင့်က 'အမေ လာပြီလား'လို့ အော်မေးတယ်။ ပြန်ဖြေသံ မကြားရဘူး။ အောင်တင့်ဆီက တောက်ခေါက်သံ တစ်ချက် ကြားရတယ်။ ဖေ‌ဋ္ဌေးက မလှမ်းမကမ်းက သူတို့ အိမ်ခန်းလေးကို လှမ်းကြည့်ရင်း...

            'အောင်တင့်...ငါ ပြန်တော့မယ်၊ အိမ်ထဲ ဝင်လေကွာ'

            'မဝင်ဘူး'လို့ ခပ်ဆတ်ဆတ်ဖြေလိုက်တဲ့ အောင်တင့် အသံက အရမ်းကို တင်းမာနေတယ်။ ဖေ‌ဋ္ဌေးလည်း ဘာမှမတတ်နိုင်လို့ ကုပ်ကုပ်ကလေး အိမ်ဘက်ပြန်ခဲ့တယ်။ အောင်တင့်ကတော့ လေတိုက်တိုက်၊ ခြင်ကိုက်ကိုက် မှောင်မည်းမည်း သရက်ပင်အောက်က ခုံကလေးပေါ်မှာ ကျောက်ရုပ် လေးတစ်ရုပ်လို ကျန်ခဲ့ပြီ။

ဖေ‌ဋ္ဌေးအိမ်ပေါက်ဝရောက်တော့ တံခါးလေးက ခပ်ဟဟလေး စိထားတယ်။ အသံမမြည်အောင် ဆွဲဖွင့်ပြီး ကန့်လန့်ထိုးလိုက်တယ်။ အခန်းလေးထဲမှာ ဖယောင်းတိုင် မီးရောင်လေး ထင်းနေတယ်။ ဖေ‌ဋ္ဌေးတို့ သားအမိ သုံးယောက်အိပ်တဲ့ခြင်ထောင် ကလေးက ချထားပြီး ကွပ်ပျစ်လေးပေါ်မှာ ငြိမ်သက်နေတယ်။ ဖေ‌ဋ္ဌေး ခြေဖျားထောက် လျှောက်သွားပြီး ခြင်ထောင်ကို အသာလှန်လိုက်တယ်။ 'ဟယ်' အသံ ထွက်သွားအောင် ဖေ‌ဋ္ဌေးကိုယ့်မျက်စိကိုယ် မယုံနိုင်ဘူး။ တအံ့တသြ စိုက်ကြည့်နေတယ်။ ခြင်ထောင်ထဲမှာ ညီမလေးတစ်ယောက်တည်း ကွေးကွေးလေး အိပ်နေတယ်။ အမေ မရှိဘူး။ ဖေ‌ဋ္ဌေး ငိုမဲ့ငိုမဲ့နဲ့ တလှိုက်လှိုက် ဖြစ်လာတယ်။ ခြင်ထောင်ကို ကမန်းကတန်း လွှတ်ချပြီး အိမ်ပေါက်ဝကို ကမူးရှူးထိုး လျှောက်သွားပြီး တံခါးကို အတင်းဖွင့်တယ်။ အသည်းနှလုံးထဲမှာလည်း မွန်းကျပ် ပေါက်ကွဲထွက်တော့မလိုဘဲ။ တံခါးကို အတင်းတွန်းဖွင့်ပြီး ထွက်တော့မယ့်အချိန်မှာ သူ စဉ်းစားမိတာက 'အမေများ သူတို့လို...'

            'ဟဲ့ ကောင်လေး'လို့ ခေါ်လိုက်တဲ့ အမေ့အသံကို ရုတ်တရက် ကြားလိုက်ရတယ်။ ဖေ‌ဋ္ဌေး အလန့်တကြား လှည့်ကြည့်မိတော့ နောက်ဖေး အိမ်သာဘက် ထွက်တဲ့အပေါက်ဝမှာ အမေက ရပ်နေတယ်။ ဖေ‌ဋ္ဌေး ဟီးခနဲ အားရပါးရတစ်ချက်ရယ်ပြီး 'အမေ့'လို့ အကျယ်ကြီး အော်ခေါ်လိုက်မိတယ်။ အခန်းပေါက်ဝကနေ အမေ့ဆီကို နှစ်လှမ်းလောက်နဲ့ လွှားခနဲ ခုန်ပေါက်ပြေးသွားပြီး အမေ့ပေါ်ကို ခုန်တက်လိုက်တယ်။ 'ဟဲ့'ဆိုပြီး အမေက ဖေ‌ဋ္ဌေးကို ဖမ်းထိန်းလိုက်လို့သာပေါ့။ နို့မို့ရင် နှစ်ယောက်လုံး လဲကျသွားမှာ သေချာတယ်။ ဖေ‌ဋ္ဌေး အမေ့ကို လည်ပင်းအတင်းဖက်ပြီး တဟီးဟီးနဲ့ရယ်ပြီး အတင်းအူမြူးနေတယ်။ အမေက 'ညနက်ကြီးထိ ပွဲဈေးတန်းလည်နေလို့ အရိုက်မခံရအောင် ကပ်ချွဲနေတာ'လို့ ပြောရင်း ဖေ‌ဋ္ဌေးကို ကွပ်ပျစ်ပေါ်မှာ ချလိုက်တယ်။ အရှိန်မသေသေးတဲ့ ဖေ‌ဋ္ဌေးက တခစ်ခစ်ရယ်ရင်း 'မဟုတ်ပါဘူးဆိုဗျာ၊ အမေကလည်း' လို့ ပြောတယ်။ ဒီထက်လည်း ပိုပြီး သူ အမေ့ကို ရှင်းမပြတတ်ဘူးလေ။ အဲဒီလိုနေတုန်း ညီမလေးက တအင်းအင်း နိုးလာလို့ အမေက လှဲပြီး နို့တိုက်နေတယ်။ ဖေ‌ဋ္ဌေး ခြင်ထောင်ထဲကို ကုန်းဝင်လိုက်တယ်။ ခေါင်းအုံးပေါ်ကို လှဲမချမိသေးဘဲ ညီမလေးကို သိပ်နေတဲ့ အမေ့ကို နောက်ကျောကနေ ကြည့်ရင်း နွေးထွေးလုံခြုံမှုတွေက သူ့ရင်ထဲကို တစိမ့်စိမ့်တိုးဝင်လာတာ သူ ခံစားသိနေရတယ်။ ဘုရားကို ပေါက်ဆိန်ပေါက် ဦးသုံးကြိမ်ချရင်း သူ အလိုချင် အတောင့်တဆုံးဆု တစ်ခုကို တိတ်တိတ်ကလေး အသံမထွက်ဘဲ တောင်းနေမိပါတော့တယ်။

            'အမေ ဘယ်မှမသွားဘဲ ဒီခြင်ထောင်ကလေးထဲမှာပဲ သားသားတို့၊ ညီမလေးတို့နဲ့ အမြဲတမ်း အတူတူရှိနေပါစေ ဘုရား'

ယဉ်ယဉ်နု ၊မန္တလေး၊ 

(အမှတ် ၁၉၅၊ ဖေဖော်ဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်