မြူမြူ
အပြင်မှာ မိုးမှုန်လေးတွေ
ခပ်ဖွဲဖွဲ ရွာနေတယ်။
မိုးနဲ့အတူ လေက တသုန်သုန် တိုက်နေတယ်။
မိုးစက်မိုးမှုန်လေးတွေက ခပ်ဖွဲဖွဲ ရွာနေရာကနေ ခပ်စိပ်စိပ်၊ ထိုမှ တဖြည်းဖြည်း သိပ်သည်းလာတော့တယ်။
ခုတင်ပေါင် (ဘောင်)စွန်းပေါ်မှာ ခေါင်းအုံးကို ခပ်လျော့လျော့ထား၍ ကိုယ်ကို မှီရင်းခြံထဲကို
ကျွန်မ ငေးနေမိတယ်။ အနောက်တောင် မုတ်သုံလေနှင့်အတူ ပါလာတဲ့ မိုးရေစက်တွေကြောင့် အနီရောင်
နှင်းဆီဖူးလေးတွေလည်း မကြာခင် ပွင့်အာလာတော့မယ်။ တစ်ခါတစ်ရံ လေအဝှေ့မှာ မိုးစက်တွေက
မြားသေးသေးကလေးလို ကျွန်မရှိရာဆီ တရစပ် ပြေးဝင်လာကြကာ စူးခနဲ ခပ်ကြမ်းကြမ်း နမ်းရှိုက်သွားကြသေးတယ်။
အဲဒီအချိန်မှာ ကျွန်မ မောင့်ကို အရမ်းသတိရနေတယ်။ ဒီလိုစိုစွတ်တဲ့ရာသီဟာ ကျွန်မကို အမြဲတမ်း
တည်ငြိမ်မှုမှ ဝေးရာဆီကို ခေါ်ဆောင်သွားစေတယ်။
ကျွန်မရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာလည်း
ဝိညာဉ်တစ်ခုလို လေထဲမှာ လွင့်မျောနေတယ်။ စွတ်စိုတဲ့ နေ့တစ်နေ့ရယ်၊ မောင်ရယ်၊ ကျွန်မရယ်...ပြီးတော့
အနီရောင်နှင်းဆီဖူးလေးတွေရယ်...
စဉ်းစားလိုက်တိုင်း ကျွန်မစိတ်တွေ ရှုပ်ထွေးပြီး
ခေါင်းနောက်ကျိလာတယ်။ ဘာကိုမှလည်း ရေရေရာရာ မသိတော့ပြန်ဘူး။ အဲဒီလို ဖြစ်လာရင် ကျွန်မလေ
အနီးအနားမှာရှိတဲ့ ခေါင်းအုံးတွေနဲ့ နံရံကို ပစ်ပေါက်တော့တာပါပဲ။ ခေါင်းအုံးနဲ့ အုတ်နံရံ
ရိုက်ခတ်သွားတဲ့အသံဟာ ကျွန်မနားစည်ထဲမှာ ပေါက်ကွဲသံတစ်ခုလို ဟိန်းထွက်နေတယ်။ စိတ်ထဲမှာ
မွန်းကျပ်လို့နေတယ်။ ကျွန်မရဲ့ အတွေးတွေကလည်း ပဟေဠိ ပုစ္ဆာတစ်ပုဒ်လို ရှုပ်ထွေးနေတယ်။
ကျွန်မ အခန်းထောင့်မှာ ဘောင်ကျပ်ထားတဲ့
ပန်းချီကားတစ်ချပ်ကို ဒေါက်စင်ပေါ်မှာ ထောင်ထားတယ်။ အဲဒီ ပန်းချီကားလေးက လက်စမသတ်ရသေးပါဘူး။
မပြီးဆုံးသေးတဲ့ ပန်းချီကားတစ်ချပ်လေ။ ပြီးတော့... မောင်ဆွဲထားတဲ့ ပန်းချီကားလေး တစ်ချပ်ပေါ့။
အနီရောင် အစွန်းအထင်းတွေက မောင့်ပန်းချီကားပေါ်မှာ ပေကျံလို့။ ဒေါက်စင်နံဘေးက ဘဲဥပုံ
ခုံပုလေးပေါ်မှာ ဆေးခြောက်နေပြီဖြစ်တဲ့ စုတ်တံလေးတွေက ပြန့်ကျဲလို့။ အညိုရောင် အမွေးလေးတွေက
ဖွာထွက်လို့။
အညိုရောင်ကိုကြည့်ရင်း ကျွန်မရဲ့ အာရုံခံစားမှုက
ပါးလျလာတယ်။ မောင့်ဆံပင်လေးတွေ အညိုရောင် အသွေးရှိတာကို ကျွန်မ ခပ်ရေးရေး မြင်လာတယ်။
မောင့်ဆံပင်တွေက ဖြောင့်စင်းပြီး အိကျနေတာကိုပါ တစ်ဆက်တည်း မှတ်မိလာတယ်။ ပန်းချီကား
တစ်ချပ်ကို မောင်ဆွဲပြီးသွားတဲ့အခါတိုင်း စိတ်လက်ပေါ့ပါးစွာဖြင့် အိပ်ရာပေါ် ပစ်လှဲပြီး
ထိုးအိပ်တော့တာပါပဲ။ အဲဒီ လိုအခါမျိုးမှာ ကျွန်မက မောင့်ပန်းချီကားကို တစ်ချက် စိုက်ကြည့်လိုက်ပြီး
မောင့်နံဘေးမှာ လှဲချလိုက်ရင်း စင်းကျနေတဲ့ မောင့်ဆံပင် ပျော့ပျော့လေးတွေနဲ့ မောင့်မျက်နှာကို
လက်ဖဝါးနဲ့ ခပ်ဖွဖွလေး ပွတ်ပေးနေကျလေ။ မောင်ကတော့ ကျွန်မနံဘေးမှာ နှစ်နှစ်ခြိုက်ခြိုက်
အိပ်မောကျနေတယ်။ ကျွန်မက မောင့်ပန်းချီကားကို တစ်လှည့်၊ မောင့်ကို တစ်လှည့်် ငေးကြည့်ရင်း
ပင့်သက်မျှဉ်းမျှဉ်းကို ထပ်ခါထပ်ခါ ချနေမိတော့တယ်။
ကျွန်မက မောင့်ပန်းချီကားတွေကို နည်းနည်းလေးမျှ
မခံစားတတ်တဲ့ ပန်းချီဆရာရဲ့ မိန်းမဖြစ်နေတာလည်း ထူးဆန်းသော ပေါင်းဆုံမှု တစ်ခုပင်။
တစ်ခါတော့ မောင့်ပန်းချီကားအပေါ် ကျွန်မရဲ့
ခံစားမဲ့မှုနှင့်နွယ်ပြီး မောင် ပြောပြခဲ့ဖူးတာကို ကျွန်မ ကြားယောင်လာတယ်။
မောင်က ညင်သာတိုး တိတ်သောလေသံဖြင့်
...
'မောင့်ပန်းချီကားတွေက စိတ်ကိုဖတ်ပြီး
ဆွဲထားတဲ့ ကားတွေလေ မိုးလေးရဲ့၊ လူတွေရဲ့ စိတ်ဟာ လျှို့ဝှက်နက်နဲသလို၊ မောင့်ပန်းချီကားတွေကလည်း
ကြည့်ရင်းနဲ့ကို ထူးဆန်းနက်ရှိုင်းတဲ့ နေရာဆီကို ဆွဲခေါ်သွားလိမ့်မယ်။ သတိဝင်လာတဲ့
အချိန်ကျမှ ပန်းချီကားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကို ဆွဲခေါ်ခံရမှန်း သိလိုက်တော့မှာလေ။
အဲဒီတော့မှ ကြည့်သူရဲ့ စိတ်ထဲမှာ တလှပ်လှပ်နဲ့ ခံစားမှုမျိုး ကျန်ရစ်ခဲ့တော့မှာ...မိုးလေး
ရဲ့'
'ဘာတွေမှန်းလဲ မသိဘူး၊ ဟင့်အင်း...ကျွန်မ
မခံစားတတ်ဘူးမောင်ရဲ့၊ မောင့်ပန်းချီကားတွေကို ခံစားနားလည်တတ်ဖို့ ကျွန်မ ဉာဏ်မမီဘူး
ထင်ပါရဲ့'
ကျွန်မက တွေးတွေးဆဆနှင့် ခပ်ညဉ်းညဉ်းပြောတော့
မောင်က ကျွန်မကို ကြည့်ပြီး ရယ်တယ်။ စဉ်းစားနေရင်းနဲ့ ကျွန်မခေါင်းက ဆစ်ဆစ်ကိုက်လာပြန်တယ်။
နောက်ထပ် ကျွန်မ ဘာကိုမျှ ဆက်စဉ်းစားလို့ မရတော့ပြန်ဘူး။ သေသေချာချာ စဉ်းစားလိုက်ရင်
မရေရာ ဝိုးတဝါးတွေပဲ ပေါ်နေတယ်။
မိုးကောင်းကင်ကြီးကိုပဲ ကျွန်မ အဓိပ္ပာယ်မဲ့
ငေးနေမိတယ်။ အဖြူရောင် ကောင်းကင်ပြင်ကြီးက ကျွန်မ မျက်နှာပေါ် အုပ်ကာမိုးလို့။
အနောက်တောင် လေညင်းညင်းသွဲ့သွဲ့ တိုက်နေတဲ့
နေ့ရက်တစ်ရက်မှာ မောင့်ကို ကျွန်မ ကလေးတစ်ယောက်လို ပူဆာမိတယ်။ အဲဒီနေ့က ကောင်းကင်ကြီး
တစ်ခုလုံး တိမ်တွေ ဖုံးနေလို့ အပြာစလေးတောင် စွန်းထင်မနေခဲ့တဲ့ နေ့တစ်နေ့ပေါ့ မောင်။
အဖြူရောင် ကောင်းကင်ကြီးကို ငေးမောရင်း ကျွန်မ စိတ်ကူးတစ်ခု ပေါ်လာခဲ့တဲ့ နေ့တစ်နေ့လေ။
'မောင်...ကျွန်မကို ရှုမျှော်ခင်း ပန်းချီကားတစ်ချပ်
ဆွဲပေးပါလားဟင်၊ အဲဒီကားကို ကျွန်မတို့ အိပ်ခန်းထဲမှာ ချိတ်ထားချင်လို့၊ ကျွန်မကို
ဆွဲပေးမယ် မဟုတ်လားဟင်'
မောင်က လိုလိုလားလားနှင့် ပြုံးပြီး ခေါင်းညိတ်တယ်။
'ကျွန်မကို ဆွဲပေးမယ့် ပန်းချီကားမှာ ကောင်းကင်ကြီး
မပြာရဘူးနော်'
'အလို...' မောင်က မျက်ခုံးပင့်ပြီး စိုက်ကြည့်တယ်။
'တိမ်တွေ ဖုံးနေတဲ့ ကောင်းကင်ဖြူကြီးကို
ကျွန်မက လိုချင်တာ၊ တိမ်တွေကို ကျွန်မ ချစ်တယ်။
'အင်း...ဆိုပါဦး'
'ပြီးတော့... ပင်လယ်ပြာကြီးကိုလည်း ကျွန်မက
လိုချင်သေးတယ်။ ကောင်းကင်ကပြာ၊ ပင်လယ်က ပြာနေရင် မောင့်ပန်းချီကားက အပြာရောင် လွင်ပြင်ကြီး
ဖြစ်သွားမှာပေါ့။ အရောင်တွေ ဘယ်စုံတော့မှာလဲနော်၊ အဲဒီတော့ ကောင်းကင်ကြီးကို ဖြူခိုင်းရမယ်'
'ဟုတ်ပြီ...မောင့်မိန်းမ ပီသလာပြီ' မောင်က
ကျွန်မခေါင်းကို ခပ်ဖွဖွလှမ်း ထုရင်း ပြုံး၍စသည်။
'ကျွန်မ သိပ်ဆွဲချင်နေတဲ့ ပန်းချီကားလေး
တစ်ချပ်ရှိတယ်၊ မောင်... ကျွန်မကို ဆွဲပေးရမှာနော်'
ကျွန်မက လက်ညှိုးဖြင့် မေးဖျားကိုထောက်ရင်း
ကောင်းကင်ဖြူကြီးကို မော့ကြည့်ရင်း တဒင်္ဂငေးနေမိတယ်။ ခဏနေမှ လက်နှစ်ဖက်ကို ခေါင်းနောက်ပစ်လျက်
ပက်လက်လှန်အိပ်ရင်း ကျွန်မမျက်နှာကို စိုက်ကြည့်နေတဲ့ မောင့်ဘက်ကို ကျွန်မ လှည့်ကြည့်လိုက်တယ်။
'ကျွန်မတို့ ဦးလေးရဲ့ ကျေးလက်စံအိမ်လေးကို
သွားကြရအောင်နော်။ အဲဒီ နေရာလေးကလေ သိပ်ကို သာယာတာပဲမောင်ရယ်... သိလား'
နို့... နေပါဦး...အဲဒီ နေရာက ဘယ်လိုနေရာမျိုးပါလိမ့်၊
ကျွန်မ တွေးရင်းနဲ့ မမှတ်မိတော့ပြန်ဘူး။ အမှတ်မထင် အခန်းထောင့်က ပန်းချီကားလေးကို ကျွန်မ
စူးစူးစိုက်စိုက် ကြည့်နေမိတယ်။ ဟိုးအဝေးမှာ... ရေပြင်ကျယ်ကြီးကို မြင်ရတယ်။
ဟုတ်သားပဲ၊ ကျွန်မ မှတ်ဉာဏ်က အများကြီး
စဉ်းစားလိုက်ရင် မမှတ်မိတော့ပြန်ဘူး။ မရေရာ ဝိုးတဝါးတွေပဲ အာရုံမှာ ထင်နေတယ်။ ဘာကြောင့်
ကျွန်မ ဒီလိုဖြစ်သွားရတယ်ဆိုတာလည်း ထင်ထင်ရှားရှား မပေါ်ပြန်ဘူး။
ပန်းချီကားထဲက အပြာရောင်လွင်ပြင်ကိုမြင်မှ
ဦးလေးရဲ့ နေရာလေးကို မှတ်မိလာတယ်။
'ဦးလေးရဲ့ ကျေးတော စံအိမ်လေးက ထွက်လာတဲ့
လမ်းမြောင်မြောင်လေးဟာ သဲသောင်စပ်မှာ ဆုံးသွားတယ် မောင်ရဲ့၊ လမ်းမြောင်လေးတစ်လျှောက်မှာ
မြေကပ်ချုံပုတ်လေးတွေ ခပ်ကျဲကျဲပေါက်နေတယ်။ အဝါရောင်၊ မရမ်းရောင်၊ အဖြူရောင် တောပန်းပွင့်တွေက
လှိုင်လှိုင်ပွင့်လို့လေ၊ ဒါပေမယ့် သူတို့ရနံ့က နည်းနည်းရိုင်းတယ် မောင်ရဲ့၊ ချိုအီအီ
စူးရှရှ အနံ့မျိုး၊ လူကို မူးဝေစေတတ်တဲ့ ရနံ့မျိုးလေ၊ အဝေးက လှိုင်းပုတ်သံတွေက တေးသွားတစ်ပုဒ်လို
တီးခတ်လို့၊ ညိုဖျော့ဖျော့ သဲမွမွတွေက အိညက်စူးရှတဲ့ အတွေ့ကို ပေးလို့၊ ဆားငံဓာတ်ပါတဲ့
လေက မွှေးပျံ့လတ်ဆတ်လို့၊ ကျွန်မလေ သဘာဝတရားကြီးကို အာရုံငါးပါးနဲ့ ခံစားမိလိုက်တဲ့ အခါတိုင်း ကျွန်မ ဝိညာဉ်ဟာ ခန္ဓာကိုယ်ထဲကနေ
တစ်နေရာကို ပြေးထွက်သွားကာ လွင့်မျောနေတယ်'
ကျွန်မရဲ့ ခံစားမှုကို မောင့်ကို ပြောပြတော့
မောင်က အညိုရောင် ဆံနွယ်လေးတွေ ဖွာခနဲနေအောင် တဟားဟား ရယ်မောတယ်။ အဲဒီအခါ ကျွန်မရဲ့
ခံစားမှုအတွေးတွေကို ကိုယ့်ဘာသာ ကိုယ်ကြိတ်ပြီး ရှက်နေတယ်။ ကျွန်မရဲ့ ဟန်မဆောင်နိုင်တဲ့
ရှက်ရွံရွံမျက်နှာကို မောင်က စိုက်ကြည့်ပြီး တွေးတွေး ဆဆဖြင့်...
'အဲဒါ သဘာဝရဲ့ လျှို့ဝှက်ချက်ပေါ့ မိုးလေးရဲ့၊
ကြည့်စမ်း...မိုးလေးက မောင်ဆွဲတဲ့ ပန်းချီကားတွေကိုတော့ နားမလည်ဘူးတဲ့လားဗျာ၊ မောင့်ပန်းချီကားထက်
ပိုနက်နဲ ကျယ်ဝန်းတဲ့ သဘာဝကြီးက ပေးတဲ့ လျှို့ဝှက်ချက်ကိုတော့ ပိုခံစားတတ်နေပါလား...ဟင်၊
အဲဒီ ခံစားမှုတွေကို မောင့်ကိုပြောပြ၊ မောင်ဆွဲမယ့် ရှုခင်းပန်းချီကားထဲမှာ ရအောင်ဆွဲယူမယ်ဗျာ။
ဒါမှ မောင်နဲ့ မိုးလေး တို့ရဲ့ ခံစားချက် ပန်းချီကားက ပိုပီသတော့မှာပေါ့၊ ဒါမှလည်း
မောင်တို့အခန်းထဲမှာ ချိတ်ဖို့ ပိုလိုက်ဖက်တော့ မပေါ့... မဟုတ်ဘူးလား၊ အင်း...ဒါပေမယ့်
တစ်ခုတော့ ရှိတယ်နော်'
မောင်က စကားကို မဆက်သေးဘဲ ကျွန်မကို ပြုံးကြည့်တယ်။
'ပန်းချီကား နာမည်ကို မိုးလေး ရွေးပေးရမှာနော်'
ကျွန်မက လိုလိုချင်ချင် ခေါင်းညိတ်ပြမိတယ်။
'ကဲ... ဒါဆို မောင်တို့ ဦးလေးရဲ့ စံအိမ်ဆီသွားဖို့
ပြင်ကြရအောင်'
□
အဲဒီ ပန်းချီကားလေးကို ကျွန်မတို့ အခန်းနံရံမှာ
ဘာကြောင့်များ ယခုထက်ထိတိုင် ချိတ်ဆွဲမထားနိုင်သေး တာပါလိမ့်။
ပန်းချီစုတ်တံကိုင်တဲ့ လက်ချောင်းညိုညိုတွေရဲ့
ပိုင်ရှင်က ဘာကြောင့် ကျွန်မ အနားကို အခုထက်ထိတိုင် ပြန်မရောက်သေးတာပါလိမ့်။
ဦးလေးကို ကျွန်မ သွားတွေ့ပြီး မေးချင်လိုက်တာ။
ဦးလေးကလည်း ဘာကြောင့်များ အိမ်ကို တစ်ခေါက်တလေမှတောင် ပေါ်မလာတော့တာပါလိမ့်။
အိမ်ကလူတွေကို မေးတိုင်း သနားကရုဏာ မျက်လုံးတွေနဲ့
ကျွန်မကို ငေးကြည့်ရုံမှတစ်ပါး ခပ်ဆိတ်ဆိတ် နေနေကြတယ်။
ကျွန်မ ဒါတွေကို သည်းမခံနိုင်တော့ဘူး။
ကျွန်မ အတွေးတွေကလည်း လျှို့ဝှက်ပုစ္ဆာတစ်ပုဒ်လို ရှုပ်ထွေးနေပြီး အဖြေမှန်ကို စဉ်းစားလို့ကို
မရနိုင်ဘူး။ အဲဒီအခါကျရင် ကျွန်မခေါင်းက တဆစ်ဆစ်နဲ့ ကိုက်လာတော့တယ်။
ကျွန်မ အပြင်ကို ငေးနေလိုက်တယ်။ အဆက်မပြတ်ရွာနေတဲ့
မိုးကြောင့် ရာသီဥတုက အေးစိမ့်လာတယ်။ မိုးရေစက်တွေက ကျွန်မ အခန်းထဲကို ပျော်ရွှင်စွာ
ခုန်ဝင်လာကြတယ်။ လေအဝိုက်မှာ အစိမ်းနုရောင် ခန်းဆီးစလေးက တဖျပ်ဖျပ်နဲ့ ခန်းဆီးစမှာ
လိပ်ပြာလေး တစ်ကောင် လာနားနေတယ်။ အဖြူနှင့် လိမ္မော်စင်းကြား လိပ်ပြာလေး။ ခန်းဆီစနဲ့
အပြိုင် တောင်ပံ တဖျပ်ဖျပ် ယှဉ်ခတ်လို့။ မိုးခိုစရာ နေရာမတွေ့လို့ ကျွန်မ အခန်းထဲ မျက်စိလည်ရောက်လာတဲ့
လိပ်ပြာလေးဟာ မောင်များလားကွယ်။
'လူတွေရဲ့ စိတ်ဟာ လိပ်ပြာလေးတွေလိုပဲ မိုးလေးရဲ့၊
ဟိုဒီ လွင့်ပျံ့နေကြတယ်။ ကိုယ်ထိတွေ့ ကျက်စားဖူးတဲ့ နေရာတွေ၊ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်ဖူးတဲ့
မျက်နှာတွေဆီရောက်ပြီး ပုံဖော်ကြည်နူးနေကြတယ်။ ဝမ်းနည်းကြေကွဲနေကြတယ်။ နာကြည်းဒေါသထွက်နေကြ
တယ်။ တစ်ခါတစ်ရံကျတော့လည်း နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတဲ့ မျက်နှာလေးကို
တစိမ့်စိမ့် မြင်ယောင်ရင်း ကိုယ်ရောက်ဖူးခဲ့တဲ့ နေရာတွေမှာ ကိုယ့်ချစ်သူနဲ့ ကြည်နူးနေရတဲ့
ရသမျိုးကို တသက်သက်တွေး တောရင်း လွမ်းဆွတ်ခံစားနေ မိပြန်ရော...'
လိပ်ပြာလေးဟာ ခန်းဆီးစမှာပဲ တွယ်နေတယ်။
နောက်ထပ် တောင်ပံလေး တစ်ချက်မျှတောင် မခတ်ရှာတော့ဘူး။ အေးစိမ့်နေတဲ့ ရာသီဥတုကြောင့်
တောင်ပံဖြန့်ပြီး ပျံရမှာ ပျင်းနေဟန် တူပါရဲ့လို့ ကျွန်မ အတွေးဝင်မိတယ်။
ဟိုတောအုပ်တစ်ခုထဲမှာလည်း လိပ်ပြာလေးတွေ
ပျံသန်းနေတာကို ကျွန်မ ခပ်ရေးရေး မှတ်မိလာတယ်။
အိုး...ကြည့်စမ်း၊ ကျွန်မ မေ့နေလိုက်တာလေ။
ဦးလေးရဲ့ ကျေးလက်စံအိမ် မြောက်ဘက်ယွန်းယွန်းမှာ
တောအုပ်ကလေးတစ်ခု ရှိတယ်။ တောအုပ်ထဲ ရောက်သွားရင် သစ်ရွက်နံ့တွေက လတ်ဆတ်လို့၊ တောပန်း
ရနံ့တွေက မွှေးထုံလို့၊ မြေကြီးနံ့က သင်းပျံ့လို့၊ လေက အေးမြလို့၊ ရောင်စုံလိပ်ပြာလေးတွေက
ဟိုမှသည် ကူးလူးပျံသန်းလို့၊ သစ်ရွက် ကြွက်တွေက ကျွန်မတို့နှစ်ယောက်
ဖြတ်သွားရင် ချိုးချိုးချွတ်ချွတ်အသံပေးပြီး နှုတ်ဆက်စကားဆိုကြလို့၊ ရွှေဝါရောင် နေခြည်တန်းက
စိမ်းမြမြ သစ်ရွက်ကြားမှ ယက်ဖောက်ကာ ညိုမှိုင်းမှိုင်း မြေပေါ်မှာ အကွက်ဆန်းများကို
ခပ်ကြွကြွလေး ဖော်ပေးလို့။
'ဒီရှုခင်းလည်း ပါရမယ်နော်'
သစ်ရွက်ကလေးတွေ အချင်းချင်း တီးတိုးပွတ်တိုက်နေတဲ့
တောအုပ်ကလေးက ထွက်လိုက်တဲ့အခါ လွင်ပြင်စိမ်းစိမ်းက မြင်ကွင်းထဲ ထင်းခနဲ ရောက်လာတယ်။
အစိမ်းရောင်လွင်ပြင် သန့်သန့်၊ ပုစဉ်းရင်ကွဲတွေက အရောင်စိမ်းစိမ်းပေါ်မှာ အသံတစီစီနှင့် ကစားနေကြတယ်။ လွင်ပြင်အစပ်က ကမ်းပါးစွန်းဆီကို
ကျွန်မတို့ နှစ်ယောက်သား လက်ချင်း ဆက်ပြေးသွားကြတယ်။ ကမ်းပါးထိပ်ကနေ ကြည့်လိုက်တဲ့အခါ
အဆုံးအစမရှိတဲ့ ရေပြင်ကျယ်ကြီးကို တွေ့ရတယ်။ ကျွန်မ မှတ်မိလာပြီ။ ဒါ...ပင်လယ်ပြင်ကြီးပဲ။
'ဟေး'
မောင်က လက်ဖဝါးနှစ်ဖက်ကို ပါးစပ်နားကပ်ကာ
အော်တယ်။
'ဟေး'
ကျွန်မလည်း အားကျမခံ မောင့်လို လိုက်အော်တော့တာပဲ။
ကျွန်မတို့နှစ်ယောက် အသံတွေဟာ အဝေးကို ရောက်သွားပြီး အတန်ကြာမှ ကျွန်မတို့ထံ ခပ်သဲ့သဲ့
ပြန်ရောက်လာတယ်။ ကျွန်မ စဉ်းစားရင်း ခေါင်းမူးလာ ပြန်တယ်။ အကြာကြီးတွေးပြီးရင် ကျွန်မခေါင်းတွေ
နောက်လာပြီး အဖြေထုတ်လို့ မရပြန်ဘူး။ ပဟေဠိပုစ္ဆာ တစ်ပုဒ်လိုပဲ၊ စဉ်းစားရင်းနဲ့ အဖြေထွက်ခါနီးမှ
ချာလည်လည်ဖြစ်နေတယ်။
ခန်းဆီးစမှာ ပျင်းတိ ပျင်းတွဲ တွယ်ကပ်နေတဲ့
လိပ်ပြာလေးက ဖျပ်ခနဲ တောင်ပံခတ်လိုက်တယ်။ လိမ္မော်တောက်တောက်နဲ့ အဖြူလွင်လွင်လေးက ကျွန်မအာရုံထဲ
တန်းခနဲ ဝင်လာတယ်။
လိမ္မော်ရောင်ဆေးတောက်တောက် သုတ်လိမ်းထားတဲ့
ချစ်စရာလှေလေးတွေကို ကမ်းပါးစွန်းကနေ ကျွန်မတို့ နှစ်ယောက်သား ဝမ်းလျားမှောက်ပြီး ငုံ့ကြည့်ကြတယ်။
ရေပြာပြာပေါ်မှာ စီစီရီရီတန်းနေတဲ့ လိမ္မော်လေးတွေက တငြိမ့်ငြိမ့် လူးလွန့်လို့၊ အနီရောင်
ရောင်ခြည်တန်းက အပြာရောင်ပေါ်မှာ ခပ်ပါးပါး စွေကျလို့။
'မောင်ရေ... နားထောင်ကြည့်စမ်း၊ လှိုင်းကြက်ခွပ်လေးတွေက
ဦးလေးရဲ့ ချောင်းဟန့်သံနဲ့ မတူဘူးလား'
'မောင့် မိုးလေးက ကြံကြံဖန်ဖန် ပြောတတ်ပ'
မောင်က ပြုံးပြီး ပြောတယ်။
'မောင့် ပန်းချီကားထဲမှာ အဲဒါလေးပါပါအောင်
ဆွဲရမှာနော်'
'ဆွဲရမှာပေါ့ဗျာ... မောင့်မိန်းမ အလိုကျ...ဟုတ်ပလား'
ကမ်းပါးစွန်း ထိပ်ကနေ မောင်က ဟေးခနဲ သံကုန်
ဟစ်အော်ပြန်တယ်။ မွဲခြောက်ခြောက် အညိုရောင် ကမ်းပါးစွန်းအောက်က အက်ကွဲကြောင်းလေးမှာ
အသိုက်ဖွဲ့နေကြတဲ့ စာကလေးတစ်အုပ် လန့်ဖျပ်ပြီး တိမ်တိုက်တွေထဲ တောင်ပံတဖျပ်ဖျပ်နဲ့
ပြေးဝင်သွားကြတယ်။
'ဒါလည်း ပါရမယ်နော်'
'အမိန့်တော်မြတ်အတိုင်းပါ ခင်ဗျာ'
ကောင်းကင်ကြီး တစ်ခုလုံး တိမ်ဖြူဖြူတွေ
ဖုံးသွားတယ်။
'ကောင်းကင်ဖြူကြီး မောင်ရေ၊ ကျွန်မတို့ကို
အဖြူရောင်တွေ မိုးထားတယ်၊ ပန်းချီဆရာ စကားနဲ့ဆိုရရင် ဆေးစက်မတင်ရသေးတဲ့ အဖြူရောင် ကင်းဘတ်စ်စ
ကြီးပေါ့နော်'
'ပန်းချီဆရာ့မိန်းမ ပီသလာပြီပဲ'
မောင်က ကျွန်မပခုံးကို ခပ်ဖွဖွဖက်ရင်း
စလိုက်တယ်။
'အဲဒီအရောင်က မပါမဖြစ်နော်...မောင်'
'ကောင်းပါ့ပြီဗျာ'
ကျွန်မတို့ တောအုပ်ထဲ ပြန်ဝင်လာတော့ အမှောင်ပျိုးနေပြီ။
လေက ပိုပြီး အေးမြနေတယ်။ တောအုပ်ရနံ့က ပိုမွှေးထုံနေတယ်။ ကျွန်မတို့နှစ်ယောက်လည်း တစ်ယောက်ကို
တစ်ယောက် ပိုချစ်နေမိတယ်။ ကျွန်မခါးကို ခပ်တင်းတင်းဖက်ထားတဲ့ မောင့်လက်တွေကို ဆုပ်ကိုင်ရင်း
နှစ်ဦးသား ဦးလေး စံအိမ်ဆီသို့ တရွေ့ရွေ့ လျှောက်လာခဲ့ကြတယ်။
ဟိုအဝေး ပင်လယ်ပြင်ရဲ့ ကောင်းကင်ယံထက်မှာ
အစိမ်းရောင် ခပ်လဲ့လဲ့သန်းနေတာ လှမ်းမြင်ရတယ်။
'ဟား...ဟိုမှာ မီးပြတိုက်မောင်ရဲ့၊ ကျောက်တုံးတွေနဲ့
ဆောက်ထားတဲ့ မီးပြတိုက်ကိုလည်း ဆွဲပေးရမှာနော်၊ ဒါမှ ကျွန်မတို့ အခန်းထဲက ပန်းချီကားလေးကို
ကြည့်လိုက်တဲ့အခါ ပင်လယ် ပြင်ကပေးတဲ့ ရသမျိုးကို အပြည့်အဝ ခံစားလို့ရမှာပေါ့နော်...မောင်ရဲ့'
ကျွန်မက မောင့်ကို မျက်လုံးထောင့်ကပ်ကြည့်ပြီး
ကျွန်မဆွဲချင်တဲ့ ပန်းချီကားကို ပူဆာနေမိတယ်။ မောင်က ကျွန်မ အလိုဆန္ဒကို ပြုံးပြီး
ခေါင်းညိတ်ခဲ့တာ ချည်းပါပဲလေ။ မောင်က ကျွန်မကိုချစ်တော့ ကျွန်မလိုချင်တဲ့ပုံကို ဆွဲပေးမှာပါပဲလေ။
ဒါကြောင့် ပန်းချီကား နာမည်လှလှလေးကို
ကျွန်မ အမြန်စဉ်းစားရဦးမယ်။
နို့ နေပါဦး၊ မောင်က အခု ဘယ်သွားနေတာပါလိမ့်၊
ကျွန်မရဲ့ အနီးဆုံးနေရာကနေ ဗြုန်းခနဲ ပျောက်သွားတာ ထူးဆန်းလိုက်ပါဘိနော်။ ဦးလေးကို
အမြန်ဆုံး တွေ့အောင်ရှာပြီး မေးချင်နေမိတယ်။ အိမ်သားတွေကို မေးတိုင်း ကျွန်မအဖြေကို
သနားစဖွယ်အကြည့်နဲ့ ခေါင်းယမ်းပြကြပြီး ကျွန်မအခန်းထဲကနေ တိတ်တဆိတ် တစ်ယောက်ပြီး တစ်ယောက်
ထွက်သွားကြတာလည်း ထူးဆန်းမှု တစ်ခုပင်။
ပဟေဠိ ပုစ္ဆာတစ်ပုဒ် ကျနေတာပဲ၊ ပုစ္ဆာအဖြေကို
စဉ်းစားလိုက်တိုင်း ကျွန်မ ခေါင်းက တဆစ်ဆစ်နဲ့ ကိုက်လာပြန်တယ်။
မိုးက ပိုသည်းလာတယ်။ လေက ခပ်ကြမ်းကြမ်း
ဝှေ့ယမ်းနေတယ်။ အနီရောင်နှင်းဆီဖူးလေးက ကျွန် မဘက်ကို ယိမ်းထိုးနေတယ်။
အနီရောင်ကို မြင်လိုက်ရတဲ့ အချိန်တဒင်္ဂမှာ
ကျွန်မ အာရုံ ပါးလျလို့လာတယ်။
ပန်းချီကားဆီကို ကျွန်မ အကြည့်လွှဲလိုက်တယ်။
အို...ကျွန်မ ပန်းချီကားမှာလည်း အနီရောင်တွေ
စီးကျနေတယ်။ အနီရောင် ပျစ်ပျစ်တွေက မောင် လက်စမသတ်ရသေးတဲ့ ပန်းချီကားပေါ်မှာ ပေကျံနေတယ်။
သစ်တောအုပ်က လေလည်း မစိမ်းတော့ဘူး။ ပင်လယ်ပြင်ကြီးလည်း မပြာတော့ဘူး။ ကောင်းကင်ကြီးလည်း
မဖြူတော့ဘူး။ အားလုံး နီနေတယ်။ ကျွန်မ အမြင်အာရုံမှာလည်း အနီရောင်တွေချည်းပဲ လွှမ်းနေတယ်။
'ဂျိမ်း'
ရုတ်တရက် ကြားလိုက်ရတဲ့ မိုးခြိမ်းသံကြောင့်
ကျွန်မ ခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်လိုက်မိတယ်။ ကျွန်မ တစ်ကိုယ်လုံး စိမ့်ခနဲအေးလာတယ်။
အေးစိမ့်စိုစွတ်တဲ့နေ့ တစ်နေ့ကို ခပ်ရေးရေး
မှတ်မိလာတယ်။ ကျွန်မတို့ မြင်ကွင်းရှေ့မှာ ကားမီးရောင်ကြောင့် သစ်ပင်ကြီးတစ်ပင် ထင်ထင်ရှားရှား မြင်လာရတယ်။ မရှေးမနှောင်းမှာ ဂျိမ်းဆိုတဲ့
အသံကြီး ဟိန်းထွက်လာတယ်။ ဦးလေးရဲ့ ခပ်လှမ်းလှမ်းမှာ မောင်က မှောက်လျက်အနေအထားနဲ့ လဲကျနေတယ်။
ခပ်လှမ်းလှမ်း ဆူးချုံပုတ်နားမှာ ကျွန်မ ခပ်ခွေခွေလေး လဲနေတယ်။ ကျွန်မ အားယူပြီး ခေါင်းထောင်ကြည့်မိတယ်။
နှင်းဆီဖူး သဏ္ဌာန် အနီရောင်တွေက ကောင်းကင်ဆီ
ထိုးတက်လျှက်။
ပြီးတော့လေ... ရာ ပေါင်းများစွာသော အနီရောင်
နှင်းဆီဖူးတွေ ထိုးစိုက်ထားတဲ့ ပန်းခြင်းတွေ၊ မောင်အနားမှာ ပတ်လည်ဝိုင်းရံနေတဲ့ နေ့တစ်နေ့က
အာရုံမှာ ပေါ်လာတယ်။
ကျွန်မရဲ့ အတွေးတွေကလည်း ကပေါက်တိ ကပေါက်ချာနဲ့...
အမြင်အာရုံတွေကလည်း ဝေဝေဝါးဝါးနဲ့...
တောင်စဉ်ရေမရ လွင့်ပျံ့နေတဲ့ ကျွန်မရဲ့စိတ်ကို
ကောင်းကောင်း ထိန်းချုပ်ရဦးမယ်၊ ဒါမှလည်း မောင့်ပန်းချီကားအတွက် နာမည်လှလှလေးတစ်ခု
ကျွန်မ အမြန်ပေးနိုင်တော့မှာပေါ့လေ။
'ဂျိမ်း'
နောက်ထပ် မိုးခြိမ်းသံ ကြားရတယ်။ ကျွန်မ
သည်း မခံနိုင်လောက်အောင် ခေါင်းက တဆစ်ဆစ်ကိုက်နေတယ်။
'အား...'
ကျွန်မ သံကုန်အော်ဟစ်လိုက်မိတယ်။ အိမ်သားတွေလည်း
ကျွန်မ အခန်းထဲ ပြေးဝင်လာကြ တယ်။ ခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ရင်း ကျွန်မ အမြင်တွေလည်း
ဝေဝါးလာကာ မှောင်အတိဖြစ်သွားတော့တယ်။
□
ကျွန်မလည်း မောင့်ပန်းချီကားကို နာမည်လှလှလေးပေးဖို့
ပို၍ပို၍ ဝေးသွားခဲ့ပါပြီ။
မြူမြူ
(အမှတ် ၁၉၅၊ ဖေဖော်ဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်