ရွှေဝတ္ထု

ထပ်ကိန်းငင်ဝေဒနာ

ကံထွန်းသစ်

01 November 2025
ထပ်ကိန်းငင်ဝေဒနာ
Share to

            စိတ်၏ တုန်လှုပ်သံကို ကျယ်လောင်စွာ ကြားလိုက်ရသည်။ ကိုယ်ခန္ဓာသည်လည်း တည်ရာမရချင်။ ပဲ့တင်ထပ်ဆဲ သမားတော်ကြီး၏ စကားတို့ကား နားထဲမှ မောင်းနှင်ထုတ်၍ မရ။ အခန်းနံပါတ်...သို့ လှမ်းရန် ခြေလှမ်းတို့မှာလည်း ထူးခတ်ခံထားရသည်သို့ ဧည့်များနားနေရန် ခင်းထားသော ပလတ်စတစ်ခုံပြားများတွင် ထိုင်ချလိုက်ရင်း မိန်းမောနေမိသည်။

            ညိုလဲ့... ညိုလဲ့။

            ဟုတ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါ့မလား။

ခေါင်းကို အကြိမ်ကြိမ် ခါယမ်းနေမိသည်။

            ညိုလဲ့... ညိုလဲ့နဲ့ ဒီရောဂါ။ မဖြစ်နိုင်လောက်ပါဘူး။ တစ်ခုခုမှား၊ အင်း... အားမဲ့သော အငြင်းဝါကျတို့သည်လည်း သက်တမ်းမရှည်။ အထူးကုကြီးတွေပဲလေ။ မသေချာဘဲနဲ့တော့ ဟူး... ဘုရား...ဘုရား။ ဒါဆို... ဒါဆို သူ...သူတို့ကို ဘယ်လို... ပြောရပါ့...။

            ရန်ကုန် မြို့တော်ကြီးနှင့် မလှမ်းမကမ်း တွံတေးမြို့နယ်တွင်းက ရွာလေးတစ်ရွာ။ တောကြီးတန်းမှ စီးဆင်းလာသော မိုးရေနှင့် ရန်ကုန်မြစ်ဘက်မှ တက်လာတတ်သော ဒီရေတို့အကြားဝယ် တည်နေသောကြောင့် စိုက်ရေးပျိုးရေး ခက်ခဲလှသည့် ရေနက်ကွင်း ရွာကလေး။ မိုးရေနှင့် ဆားငံရည်တို့ တစ်လှည့်စီ ကလူနှိပ်စက်မှုကို အံတုရင်း လုပ်ကိုင်စားရသော ထိုရွာလေးတွင် ညိုလဲ့ ဘဝစခဲ့လေသည်။ အင်း... ကိုယ်တိုင်လည်း ဒီလိုပဲ စခဲ့ရတာပါပဲလေ။ အစ်ကိုခမျာသာ ကျောင်းဆက်မတက်နိုင်ဘဲ သြော်... ခု သူ့သမီးလေးကျတော့လည်း...။

            မူလတန်း အောင်ပြီးကတည်းက ရွာရှိရှေးရှေ့က အစ်မများလို ပင်လယ်ထဲ ဆင်းခဲ့ရသူ။ လယ်နားချိန်များတွင် ရွာ့ချောင်းရိုးလေး တစ်လျှောက်ဝယ် ငါးရှာ၊ ဖားရှာရင်း အပျိုဖော်ဝင်ခဲ့ရ သည်လေ။ လယ်သူရင်းငှား မိသားစုက ပေါက်ဖွားသည့် သားသမီး ငါးယောက်တွင် ညိုလဲ့က အကြီးဆုံး။

            ဆယ့်ကိုးနှစ်ပြည့်သည့် နှစ်မှာတော့ ညိုလဲ့ဘဝ တစ်ဆစ်ပြောင်းခဲ့သည်။ ရွာ့ဝန်းကျင်ရှိ ရေနက်ကွင်းလယ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာက ငါးပုစွန် မွေးမြူရေး စခန်းများအဖြစ် ပြောင်းလဲလိုက်သောအခါ ထိုပြောင်းလဲမှုနှင့်အတူ ညိုလဲ့ဘဝကို ပြောင်းလဲစေသည့် အကြောင်းလည်း ပါလာခဲ့လေသည်။ ယန္တရားအဖွဲ့မှ မြေတူးစက်မောင်းသမားလေး ဖိုးသော်။

            မိုးဆုတ်စနေ့တစ်နေ့တွင် သန်မာသော လုလင်နှင့် ပျိုရွယ်သော လုံမတို့၏ မင်္ဂလာပွဲတစ်ခုထက် ပိုသော အဓိပ္ပာယ်နှင့် ညိုလဲ့ရဲ့ လက်ထပ်ပွဲကို တက်ခဲ့ရသည်။ တစ်ရွာသား သတို့သားရဲ့ အသိုင်းအဝိုင်းဝယ် တူမငယ် မျက်နှာမငယ်ရေး ရန်ကုန်ဧည့်တစ်ဦးအနေဖြင့်၊ ငါ့လက်ပေါ်မှာ ကြီးခဲ့တာ ဆိုသည့် သံယောဇဉ်ကလည်း တွန်းအားတစ်ခုပါပဲလေ။

            ပကာသန သေးနုပ်ကလေးများဖြင့် မွမ်းမံထားသော ထိုမင်္ဂလာပွဲလေးသည် ရွှေရောင်၊ စိန်ရောင်တို့ဖြင့် မပြိုးပြက်သည့်တိုင် နှစ်ဖက်မျိုးဆွေတို့၏ အရယ်အပြုံးတို့ဖြင့် တောက်လက်ခဲ့သည်က တော့ အမှန်ပင်။ ထိုအရယ် အပြုံးတို့ နောက်ဝယ် ဘယ်လိုမှ မမျှော်မှန်းနိုင်သော အရာသည် ဟူး...။

ရုတ်ခြည်းထကာ ဆေးရုံရှေ့လမ်းမဆီ ထွက်လာလိုက်မိသည်။ ဟိုသည်ငေးရင်း ရပ်ကာ တွေဝေနေမိပြန် သည်။ 'မင့်တူမ ဆေးကုချင်လို့ လာကြတာ။ အဲဒါ...' တစ်နေ့က ရောက်မဆိုက် ပြောလာသော အစ်ကိုတို့ဇနီး မောင်နှံ၏ စကားများ သာမန်အဖျားတစ်ခုဟု ထင်ခဲ့မိသည်။ ခုတော့မူ...။

            'ခင်ဗျားနဲ့ ဘာတော်လဲ' စသည့် ဆရာဝန်ကြီး၏ စကားတို့သည် ပဲ့တင်ထပ် လာပြန်သည်။ လေးဖင့်စွာခြေဦးကို ပြန်လှည့်ခဲ့မိသည်။ ပုဂ္ဂလိက ဆေးရုံဟောင်းကြီးတစ်ခု၏ အနိမ့်ဆုံးကြေးနှုန်းဖြင့် တက်ရောက်ကုသနိုင်သည့် အခန်းငယ်လေးများရှိရာ နောက်ဘက်ဆီသို့...။

            ၂။

            အခန်းနံပါတ်...၏ ရှေ့ အရောက်တွင်တော့ တံခါးကို ကိုင်ကာ ငိုင်နေမိပြန်သည်။ ဆွေထဲမျိုးထဲတွင် နောက်ပြီး ခမျာလေးမှာ...မှ...ဟူး...။

            ဘာက ဘယ်လိုစပြောရပါ့ဟု အတန်ကြာအောင် တွေနေမိသည်။ အခန်းတွင်းမှ စကားပြောသံနှင့် ခွက်ယောက်ရွှေ့သံ တစ်ချက်ကြားလိုက်ရမှ သတိဝင်ကာ တံခါးကို အသာတွန်း၍ ဝင်လိုက်သည်။ ထမင်းစားဖို့ ပြင်နေကြသော အစ်ကိုတို့ လင်မယားနှင့် ဒေါ်လေးစောတို့၏ လှမ်းအကြည့်များနှင့် ဆုံရသည်။ ခုတင်ပေါ်မှာတော့ ပက်လက်ကလေး လဲလျောင်းနေသော အရိုးပေါ် အရေတင်၊ ဖြစ်ရလေ...။

            'အမေတို့ လိုက်ခဲ့ပါ။ သမီးဖျားနေတာ ကြာပြီ။ ကျောက်တန်းဆေးရုံမှာ တက်တာလည်း မသက်သာဘူး။ အဖျားက မကျဘူး။ ညနေဆို ပုံမှန်တက်တယ်လို့ လူကြုံမှာလို့ လိုက်သွားကြတာ။ ဟို လည်းရောက်ရော ခုလိုပုံတွေ့ရတာပါပဲတော်' ဆိုသည့် ညိုလဲ့အမေ၏ မချိတင်ကဲသံကို ပြန်ကြားယောင်သည်။ ဟုတ်ပေမည်။ ရှေးနှင့်အကွာ ကြီးခြားနေသော သမီး၏ အသွင်သည် မြင်ရသူမိဘတို့ ရင်အား...။

            တစ်ရာ့နှစ်က မကျသော အဖျားနှင့်ပင် ဆေးရုံက ဆင်းခဲ့ပြီး ကွင်းထဲက လယ်တဲလေးထဲမှာ နို့စို့ နို့ညှာသားနှစ်ယောက်နှင့် အဖျားတက်နေခဲ့သည်တဲ့။ သူ့ ခင်ပွန်း ဖိုးသော်က ယန္တရားတွေ ရွှေ့ရာလိုက်ပါနေရသည်တဲ့။ လစာထုတ်မှ ပြန်လာရသတဲ့။

            'ဟော... ငါ့ညီ၊ ဆရာဝန်ကြီးနဲ့ တွေ့ခဲ့လား'

            'တွေ့ခဲ့တယ် အစ်ကို'

            'ဘာရောဂါတဲ့လဲ'

            ဖြေရန် အသင့်မပြင်နိုင်ခဲ့တာကို နောင်တရသည်။ ကြားသူအတွက် အလင်္ကာမြောက်စေမည့် မုသားတို့ကို အပြေးအလွှား ရှာဖွေနေမိသည်။ ထွက်လုလု ပင့်သက်ကို ကျိတ်မျိုလိုက်ရင်း...

            'အစာအာဟာရ ကောင်းကောင်းစားပြီး နားနားနေနေ နေရမယ်တဲ့။ တဖြည်းဖြည်း ကောင်းသွား မှာပါတဲ့'

            အမေးနှင့် မစပ်သော အဖြေကြောင့် ရိပ်မိများသွားကြလေမလား။ မရိပ်မိကြပါစေနဲ့၊ မရိပ်မိကြပါစေနဲ့။ အထူးသဖြင့်...။

            'ဟုတ်တယ်၊ ဦးဦးရဲ့။ ညိုလဲ့ ထမင်းမစားနိုင်တာ ကြာပြီ။ ရွာပြန်ရောက်မှ ငါးပိရည်ကို ငရုတ်သီးမှုန့်များများနဲ့ စားလိုက်ဦးမယ်နော်... အမေ'

            ခုတင်ပေါ်မှ လှမ်းပြောလိုက်သော ညိုလဲ့၏အသံ ယဲ့ယဲ့ကြောင့် အာရုံပြောင်းသွားကြသည်ထင့်။ မေးခွန်းတွေ မဆင့်လာတော့။

            'စားရမှာပေါ့ သမီးရယ်။ ငါးပိရည်နဲ့ ကြာရိုး ဟင်းခါးပါ အမေ ချက်ကျွေးမယ် သိလား'

            သြော်... အားရှိတဲ့ အစားအစာ ငါးပိရည်နဲ့ ကြာရိုးဟင်းခါး၊ ငါးပိရည်နဲ့ ကြာရိုး... ဟင်း...။

            ၃။

            သူတို့နားနှင့် စိမ်းနေနိုင်သည့် အင်္ဂလိပ်အက္ခရာ လေးလုံးကိုရွတ်ကာ ညိုလဲ့၏ ရောဂါကို တီးတိုးပြောပြလိုက်တော့ အစ်ကိုမှလွဲ၍ ကျန်သူများက ဘာသိဘာသာပင်။ ထိုရောဂါသည် သူတို့နှင့် ရင်းနှီးနေသော အခြားဖျားနာများလိုပင် ဆေးရုံက ဆင်းသည်နှင့် ပျောက်ကင်းသွားမည့်ရောဂါဟု ထင်နေကြဟန်။ အစ်ကိုကမူ...

            'ဘာ...ဘယ်လို သမီးရောဂါက ဟို... အိပ်ရောဂါ ဆိုတာလား၊ ဟုတ်လား'

            '....'

            'မဖြစ်နိုင်တာကွာ။ မင်း အသိပဲ မောင်ဆွေ။ ငါ့သမီး မင်းတူမဟာ ဘယ်လောက် ရိုးသားတယ်ဆိုတာ။ ဒီလို လူမျိုးကို...'

            ပေါက်ကွဲသွားသော အစ်ကို၏ စောဒကသံကြောင့် ကျန်သူများပါ အလန့်တကြား ဖြစ်သွားကြသည်။ အထိတ်တလန့်နှင့် စူးစမ်းကြည့် ကြည့်လာကြသည်။ ရှင်းပြနိုင်ဖို့ ထိုရောဂါနှင့်စပ်သည့် ဗဟုသုတ အတိုအထွာလေးများကို ပြန်လည်စဉ်းစားစစ် ထုတ်နေမိသည်။

            'ကြံကြီးစည်ရာကွာ၊ မဟုတ်တရုတ် အသက်မွေးသူတွေမှာဖြစ်တဲ့ ဒီရောဂါက ရိုးရိုးအအ တောသူကို လာဖြစ်ရတယ်လို့ မဖြစ်နိုင်တာ'

            အဲဒီ ရိုးအမှုတံခါးကလည်း ဝင်လာနိုင်တာပဲ အစ်ကိုဟု ပြောမိအံ့ဆဲဆဲတွင် နှုတ်ကို ချုပ်တည်းရသည်။ ဆရာဝန်ကြီး ပြောလိုက်သလို ဒါမျိုးဆိုတာ ဆေးထိုးအပ်တို့၊ သွေးသွင်းတာတို့၊ နောက်ပြီး ဟို...ဟူး... ငါ...ငါ... ဘယ်လိုပြောရပါ့။

            'ဟဲ့ မိအေးရီ၊ နင့်သမီးက ဟိုရောဂါတဲ့။ ဆေးမရှိတဲ့ရောဂါတဲ့။ ဆေးမရှိတဲ့ ရောဂါ'တဲ့။

            အခန်းတွင်းက ညိုလဲ့ကြားမှာ စိုးရိမ်မိသည်။ ပျာပျာသလဲ အစ်ကို၏ပခုံးကို ဆုပ်ကာ သတိပေးမိသည်။ သူ့ဇနီးက မျက်တောင်ပုတ် ခတ်နှင့် ကြည့်နေသလို အဒေါ်လေး စောမှာလည်း ပါးစပ်အဟောင်းသားနှင့်ပင်၊ အစ်ကို၏ ကြေကွဲမှုသည် သူတို့ကို ကူးစက်ခဲ့ချေပြီ။ ဆိုးဝါးသော ရောဂါနှင့် သမီးငယ်၏ နွယ်ဆက်မှုကို နားမလည်နိုင်ကြဟန်၊ လက်မခံလိုကြဟန်ပင်။ ဟုတ်မှာပဲ။ သူတို့မပြောနှင့် ကြားစက ကိုယ်တောင်...။

            'ဒါမျိုးဆိုတာ အစ်ကို၊ မူးယစ်ဆေးသုံးတာတို့၊ ဟိုရောဂါရှိတဲ့သူနဲ့ ဟို...ဟို...' စကားသည် ဆုံးခွင့်မရလိုက်။ ဧည့်သည်တစ်သိုက် ရောက်လာကြသည်။

            'ဟော... မောင်သော်တို့ ရောက်လာကြပြီ'

            မအေးရီ ဆီးကြိုနှုတ်ဆက်လိုက်မှ ညိုလဲ့ဆီလာကြသူများဟု သိလိုက်ရသည်။ ဟုတ်တာပေါ့။ ဒါညိုလဲ့ ယောကျ်ားလေးပဲ။ အင်း... ဒီကောင်လေးကများ။ အို... မဟုတ်နိုင်ပါဘူး။ အင်း...မဟုတ်ပါစေနဲ့၊ မဟုတ်...ပါစေ..။

            'မနေ့ကတည်းက လာကြမလို့။ သမီးကို စောင့်နေရတာနဲ့။ ဒီနေ့မှ လာနိုင်တာ' သူက ညိုလဲ့ယောက္ခကြီးပဲ။ ဟိုကလေးမက သူ့သမီး ထင်ရဲ့။ မြို့ရည်မြို့သွေးနဲ့ ဆိုတော့...ကျောင်းသူ...။

            'ကျုပ်ချွေးမလေး ဘယ့်နှယ်နေသေးလဲ။ သက်သာရဲ့လားဟင်'

            စဉ်းငယ်ကြာသည့်တိုင် အဖြေက မထွက်လာ။ ညိုလဲ့ယောကျ်ားကတော့ သိလိုစောရှာထင့်။ အခန်းကိုမေးကာ ဇနီးထံ ထွက်သွားတော့သည်။ ဒေါ်လေးစောက ထလိုက်သွားသည်။ စကားဆိတ်နေရာမှ...

            'ဆရာဝန်က ဘာတဲ့လဲ။ ဘယ်နေ့ဆင်းရမတဲ့လဲဟင်'

            မည်သူ့ထံကမှ အဖြေမပေါ်ပြန်။ အဆင်ပြေဆုံး အဖြေကို စဉ်းစားနေစဉ်...

            'ဒီနေ့ပဲ ဆင်းရမယ်တဲ့။ ဆေးရုံမှာနေလည်း မထူးဘူးတဲ့။ ကျုပ်သမီးရောဂါက ဆေးမရှိတဲ့ ရောဂါတဲ့ဗျ'

            မချိတင်ကဲ ဝင်ပြောလိုက်သော အစ်ကို၏ အဖြေကြောင့် ကြက်သေသေသွားကာ...

            'ဟောတော်၊ ဒါဆို ဟိုဟို... ကူးစက်တတ်တဲ့ ရောဂါဆိုတာများလား၊ ဘုရား...ဘုရား...ဘယ်က များ... ကူး'

            'ဘယ်က ကူးရမှာလဲ၊ ခင်ဗျားသားကနေမှာပေါ့ ဟင်း...'

            'အလိုတော်၊ ကျုပ်တို့သားက လူကောင်း...'

            'သြ... ကျုပ်တို့သမီးကတော့ မကောင်းဘူးပေါ့လေ။ တောက်...ဒီမယ် ဒေါ်သန်း'

            သမီးဇောနှင့် ကျိတ်မနိုင်ခဲမရ ဖြစ်နေရှာသော အစ်ကို့ပခုံးအားဖျစ်ကာ သတိပေးရပြန်သည်။ ဒေါ်သန်းကိုလည်း သူ့သမီးက တီးတိုးပြောပြနေသည်။ ကြားဝင်၍...

            'ဒီရောဂါဆိုတာ မူးယစ်ဆေးတို့၊ ဆေးထိုးအပ်တို့၊ ရောဂါရှိသူရဲ့ သွေးကို သွင်းမိတာတို့ကနေ ကူးစက်တတ်သလို ဟို...လိင်... ကဲ...ဟို လင်မယားဆက်ဆံရာကလည်း တစ်ဦးမှာရှိရင် တစ်ဦးကို ကူးနိုင်တယ်တဲ့။ ဘာပဲဖြစ်ဖြစ်လေ ဒီအချိန်မှာ သူ့ကြောင့်၊ ငါ့ကြောင့် အငြင်းပွားနေရမယ့်အချိန် မဟုတ်တော့ပါဘူး။ ညိုလဲ့ကိုသာ...'

            ညိုလဲ့ ယောက်မလေးက မျက်လွှာချနေပြီး မအေဖြစ်သူကတော့ မျက်လုံးအဝိုင်းသားနှင့် လှမ်းကြည့်နေသည်။ စကားတစ်ခုကို အမှတ်ရလာ၍...

            'အဲ... အစ်မကြီးသားကိုလည်း ဆေးစစ်ကြည့်သင့်တယ်။ ဆရာဝန်ကြီးကလည်း ရောက်ရင် ဆေးလာစစ်ပါတဲ့'

            'ဆေးစစ်ဖို့ မလိုတော့ပါဘူး။ ဦး...မနှစ်နွေက အစ်ကို ရေယုန်တွေပေါက်ပြီး နေမကောင်းဖြစ်လို့ ကျွန်မလုပ်တဲ့ ဆေးခန်းကို လာပြတော့ ဆရာဝန်က အစ်ကို့မှာ ပိုး...'

            သူငယ်မ၏ စကားသည် တိုးတိမ်သွားပေမင့် ညိုလဲ့ထံ ရောဂါလာရောက်ရာ လမ်းကြောင်းကမူ...။

            ၄။

            ထိုညနေမှာတော့ ညိုလဲ့ကို ရွာသို့ပြန်ခေါ်သွားကြသည်။ ရွာကို အားမွေးရအောင် ခဏသွားအနားယူမှာဟု လီဆယ်ကြရသည်လေ။ သူ့ယောကျ်ား ဖိုးသော်ကတော့ ကျောက်တန်း ခဏပြန်မည်တဲ့။ တစ်နေ့သုံးထောင်ဆိုသည့် ဆေးရုံစရိတ်ကို လေးရက်စာရှင်းပေးလိုက်သည်။ လိုအပ်သောဆေးဝါးနှင့် စားစရာ သင့်နိုးရာရာ ဝယ်ပေးလိုက်နိုင်ပေမင့် ရင်ထဲမှာမူ အင်း...ခမျာလေး ဒါ...နောက်ဆုံး...ခရီး ဟူး...။

            အရောင်းအဝယ်တွေက တစ်ဖက်နှင့်မို့ ရွာသို့ ရောက်အောင်မူ လိုက်မပို့နိုင်ခဲ့။ အရေးရှိလျှင် မှာဖို့ အစ်ကို့ကို အားပေးလိုက်ရင်း ညိုလဲ့ သတင်းကို နားစွံနေမိသည်။

            မျှော်သော သတင်းသည် ထင်သည်ထက် စောစွာ ရောက်လာခဲ့လေသည်။ လေးရက်မြောက်နေ့တွင် ညိုလဲ့မသက်သာ။ နေ့လား၊ ညလား ရောဂါသည်းနေပြီ။ မင်းကိုလည်း မေးနေသည်ဆိုသော သတင်းစကားသည် အစ်ကို အခေါ်လွှတ်သူနှင့်အတူ ရောက်လာ၍ ရွာသို့ ဆင်းခဲ့ရလေသည်။

            အရက်လေး ထွေထွေနှင့် သမီးအကြောင်းကို တသသ ပြောနေသော အစ်ကို့ကို ရွာအဝင်ကြီးတော်ရီတို့အိမ်မှာပင် အသင့်တွေ့ရသည်။

            'ငါ့ညီ၊ မင်းရောက်လာပြီ။ မင်းလာတာ ကျေးဇူးတင်တယ်။ ဒါပေမယ့် မင်းလည်း မင်းတူမကို မကယ်နိုင်ဘူး...အေ့'

            စိတ်ကို ထိန်းဖို့ နှစ်သိမ့်စကားအချို့ပြောကာ နှုတ်ဆက်ရှာသူတွေကို တုံ့ပြန်နှုတ်ဆက်ပြီး ရွာလယ်ချောင်း နံဘေးလမ်းလေးအတိုင်း ဝင်ခဲ့သည်။ ချောင်းလေး တစ်ဖက်တစ်ချက် စီရီနေသော ဝါးနှင့်ပြီးသည့် အိမ်လေးများထဲမှ အိမ်လေးတစ်လုံးအတွင်း ဝင်လိုက်တော့ တွေ့ရသည်က ညိုလဲ့နှင့် နံဘေးတွင် အရင်းအဖျားဆွေမျိုး မိန်းမကြီးငယ်တချို့။ သူတို့ထဲမှ ညိုလဲ့အမေ မအေးရီက...

            'ဟော... မောင်ဆွေမြင့်'

            ထို နှုတ်ဆက်သံကြောင့် ပက်လက်ကလေး မှိန်းနေသော ညိုလဲ့မျက်လုံးလေးများ ပွင့်လက်လာသည်။

            'ဦး...ရောက်လာပြီလား။ သားကြီးနဲ့သူ့အဖေကော မပါလာဘူးလား'

            တိုးသဲ့မေးသံကို ဘာဖြေရမှန်းမသိ။ မျက်လုံးဝေ့ ကြည့်မိသောအခါ ဖြေသားရနေဟန်တူသော တစ်ယောက်က 'လာတော့မယ် တူမရဲ့၊ သွားခေါ်နေပြီ'ဟု ဝင်ဖြေလိုက်မှ 'သြော်'ဟု တိုးသဲ့သံပြုရင်း ပြန်မှိန်းသွား ပြန်သည်။

            လွန်ခဲ့သော သုံးလေးနှစ်ခန့်က ညိုလဲ့သည် ယခု ညိုလဲ့မဟုတ်တော့ပြီ။ ကြုံလှီ သေးကွေးသွားသော ကိုယ်နှင့် ပြာနှမ်းနှမ်း အသားအရေတို့သည်...။

            'သားကြီးရောက် မလာသေးဘူးလား အမေ'

            'ရောက်တော့မယ် သမီးရဲ့'

            မနေ့ကတည်းက ညိုလဲ့ ယောကျ်ားနှင့် နှစ်ခါလည်ရွယ် သူ့သားကြီးကို အခေါ် လွှတ်ထားသည်တဲ့။ ကျောက်တန်းပါဒကြီးနှင့် တွံတေးသည် ပြောပလောက်အောင် ခရီးမကွာလှမ်း။ သို့သော် ဖိုးသော်တို့ကို နှောင့်နှေးစေသော အကြောင်းများသည် တစ်ခုမဟုတ်၊ တစ်ခု...ဟူး... ဆေးရုံက ဆင်းတဲ့နေ့ကတည်းက တစ်ပါတည်း လိုက်ခဲ့ဖို့ကောင်းတာ။ ဒီကောင့်နှယ်...။

            'အမေ လာကြပြီလား'

            'လာနေပါပြီ သမီးရဲ့'

            ဝင်သက်ကို ခက်ခဲစွာ ရှူရင်း ဖွဖွမေးနေသူကို မျက်ရည်ရွှဲနေသူတွေက ဟန်မပျက် ဖြေနေလေသည်။ အင်း... သူ့သားကြီးကို စောင့်နေရှာတာများလား။

            'သား...သားလေးကော...'

            'ဟိုမှာလေ သမီးရဲ့။ သမီးအဖေ ထိန်းနေတယ်။ ကိုညိုရေ၊ ကလေးကို ခေါ်ခဲ့ပါဦး'

            အစ်ကိုက သူ့မြေးလေးကို ပိုက်ချီလာကာ ညိုလဲ့ကိုပြတော့ မျက်နှာလေး သွေးရောင်လွှမ်းလာကာ မျက်လုံးလေးတွေ တောက်လာပြန်သည်။ မျက်ရည်တို့ စိမ့်ထွက်လျက်က ညိုလဲ့ သားဆီ လက်ကမ်းသည်။ ကြည့်အား မရှိ၍ မြင်ကွင်းကို လွှဲရန် အသာထကာ ထွက်ခဲ့မိသည်။

            'အမေ...သားကြီးတို့မ...'

            သဲ့သဲ့ ကြားလိုက်ရသော ထိုအမေးသည် ညိုလဲ့၏ နောက်ဆုံးမေးခွန်းဖြစ်ကြောင်း အဖြေက...

            'သမီး...သမီး၊ အံမယ်လေး...ကယ်ကြပါဦးတော့်။ ကျွန်မသမီးလေး ရေတိမ်နစ် ပါပေါ့...အီး...ဟီး...'

            ဝါးအိမ်ကလေးသည် ငိုသံတို့ဖြင့် သိမ့်သိမ့်ခါသွား သလားပင်။

            ၅။

            နောက်နေ့နံနက် စောစောတွင်မှ ညိုလဲ့ယောကျ်ားနှင့် သားကြီးလေးတို့ ရောက်လာကြသည်။ ငွေလေးကြေးလေး ရှာဖွေနေရလို့ နောက်ကျရခြင်းတဲ့။ ထိုအကြောင်းပြသည် ဆွေမျိုးတို့အား နှလုံးကြေကွဲမှုသာ ပို၍ဖြစ်စေပြန်သည်။ ငိုသံတွေ တစ်ကျော့ ညံလာပြန်သည်။ သြော်... မပြည့်စုံခြင်းအနာဟာ တခြားဝေဒနာတွေကိုပါ ခံစားစေတဲ့ အရာပါလား။ ညိုလဲ့ကတော့ ဘာဝေဒနာမှ မခံစားရတော့ပြီ။

            မောင်သော်သည် ရောက်သည်နှင့် ဇနီးအနားသွားကာ ငိုရှိုက်နေသည်။ သားကြီးလေးကတော့ အဒေါ်များ၏ လက်ပေါ်မှာ သူ့မိခင်၏ ခရီးဆုံးကို သိရှာပုံမရ။ ဟူး...နှစ်ခါလည် ကျော်ကျော်ဆိုတော့လည်း သြော်... ညိုလဲ့၊ တူမလေး သူ့တဖွဖွမေးနေတဲ့ သားရောက်လာတော့လည်း ခမျာ...။

            ချောင်းစပ်ဆီ ထွက်လာမိသည်။ အုန်းပင်တန်းမှာ ရပ်ရင်း အကြောင်းမဲ့ ဟိုသည် ငေးနေမိသည်။ ဖမျက်ဒူးဝန်း မြုပ်ခန့်ရေသည် လေးတွဲစွာ စီးဆင်းနေသည်။ သြော်... လူတစ်ယောက်ရဲ့ ဘဝစီး ဆင်းသွားပုံကဖြင့် မြန်ဆန်လှချည့်။ လွန်ခဲ့သော သုံးလေးနှစ်ခန့်က ရယ်မြူးနေခဲ့သော သတို့သမီးလေးသည် ယခုမူ။ မနက်ဖြန်တွင် နိဂုံး တိုင်ပေတော့မည်။ နိဒါန်းနှင့် နိဂုံးသည် နီးကပ်လွန်းလှချည့်။ ထိုစဉ် အစ်ကိုသည် သူ့မြေးငယ်လေးကို ပိုက်ကာ တစ်ဖက်အိမ်မှ ကူးလာနေသည်ကို တွေ့ရတော့ သြော်... ဥမမယ်ကလေး နို့မှ စို့ရရှာပါလေစ။ နို့ဘူးတို့ ဘာတို့မှ ရှိပါလေစ။ ဟူး... ဟော...ငိုရှာပြီ။ အင်း... သူကလေးရဲ့ နိဒါန်းကလည်း အား...ဒီခမျာလေးမှာကော ဖွဟဲ့လွဲပါစေ၊ ဖယ်ပါစေ ဘုရားသိကြားမလို့ လွဲပါစေ။ ကြည့်စမ်း၊ အပြစ်မဲ့တဲ့ ရောက်သစ်စ ဘဝလေးကို စောင့်ကြိုနေတဲ့ အရာက... ဘုရား...ဘုရား...။

            မျက်စိကို မှိတ်ကာ အနားက အုန်းပင်ကို မှီလိုက်မိသည်။ ကိစ္စဝိစ္စတွေပြီးရင်တော့ ဆေးစစ်ပေး၊ ဟူး...။

            ၆။

            မနက်ဖြန်တွင် ညိုလဲ့ကို သင်္ဂြိုဟ်တော့မည်။ ရွာမှာတော့ အပြင်းဖျားလို့ဆုံးတာဟု သတင်းထွက်သည်။ ဆွေရင်းမျိုးချာတချို့သာ အမှန်ကို ရိပ်မိကြသည်။ ဒီရောဂါကို ရှက်စရာဟုထင်၍လား မသိ။ ဖုံးကွယ်ထားလိုကြသည်။ ညိုလဲ့အမေ မအေးရီကဆို ခုထိလက်မခံ။ ပြောလာသူကို တွင်တွင်ငြင်းဆန်မြဲ။

            မတတ်သာ။ တစ်ချိန်မှာတော့ ပြောပြရပေမည်။ အကူးစက်ရဲသော ထိုရောဂါသည် မသိနားမလည်ခြင်း တံခါးမှ အလွယ်တကူဝင် ရောက်လာတတ်ကြောင်း။ ဒါကြောင့်...။

            အင်း... အစ်ကိုတို့ မိသားစုကော ဆေးရုံက ဆင်းတဲ့နေ့က ဆရာဝန်ကြီးမှာလိုက်တဲ့ ဆေးထိုးအပ်တို့ ဘာတို့ သီးသန့်သုံးဆိုတာတွေ လိုက်နာကြရဲ့လား မသိဘူး။ သမီး သံယောဇဉ်နဲ့များ။ အို... အစ်ကို ဒါလောက် မအပါဘူးလေ။ ဟူး...။

            အိပ်လို့မရသည့်အဆုံး ထထိုင်လိုက်မိသည်။ သိပ်သည်းသော အမှောင်ထုက ဝန်းကျင်မှာ ဘက်ထရီ မီးရောင်ဖြင့် လူတချို့ ကနားဖျင်း အောက်မှာ ဝိုင်းဖွဲ့နေကြသည်။ ပိုကာဆွဲနေကြသည်လား မသိ။ ထိုအနားတွင် ဖိုးသော်ကိုလည်း လှမ်းတွေ့ရသည်။ သူပါ ဝင်ကစားနေတာတော့ ဟုတ်ဟန်မတူ။ ဒီအချိန်တွင် သူ့မှာလည်း...။

            အင်း... ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပျက်။ ခုရော မြေတူးစက်မောင်းသေးလား မသိ။ ကိုယ်ခန္ဓာကတော့ မကျသေးဘူး။ ဒါမျိုးဆိုတာ တဖြည်းဖြည်းမှ... ဖြစ်မှဖြစ်ရပလေ။ အို... သနားစရာ မလိုပါဘူး။ သူမိုက်မဲလို့ အပြစ်မဲ့တဲ့ ငါ့တူမလေး ဟွန်း...တကယ်ဆို ဒင်းသေရမှာ။

            အေးလေ၊ ပညာကလည်း ကောင်းကောင်း မတတ်။ ဗဟုသုတကလည်း မရှိရှာဆိုတော့ ပြုမိကြမှာပဲလေ။ မျက်ကန်းတစ္ဆေ မကြောက်ဆိုသလို မသိတော့ မကြောက်။ မကြောက်တော့ မဆင်ခြင်၊ မဆင်ခြင်တော့ ဟူး...။

            နောက်ပြီး အလုပ်ကြမ်းသမားတွေဆိုတော့ ပင်ပန်းတာကို အကြောင်းပြုပြီး အရက်ကလေး သောက်ရလွယ်တာကို အကြောင်းပြုပြီး အပျော်လိုက်၊ လုပ်ဖော်ကိုင်ဖက်တွေကလည်း အရွယ်တွေက မတိမ်းမယိမ်း။ အသိကလည်း မယိမ်းမတိမ်းဆိုတော့ တစ်ဦးကိုတစ်ဦး ထိန်းကွပ်ပေးနိုင်ကြမည် မဟုတ်။ အဲဒီအခါ ကာကွယ်ရကောင်းမှန်း၊ ဆင်ခြင်ရကောင်းမှန်း သိကြမည် မထင်။ အို... ကာကွယ်ဖို့ အသာထား 'ကွန်ဒုံး'ဆိုတာတောင် ကြားမှကြားဖူးကြရဲ့လား မသိ။

            သူများဆီမှာတော့ ငါ စာထဲမှာ ဖတ်ဖူးတယ်။ ဒီရောဂါသည်တွေ မတိုးပွားဖို့ စေတနာ့ဝန်ထမ်းကာကွယ်ဖို့ ပစ္စည်းတွေကို အခမဲ့လိုက်ဝေတဲ့ အမဲသားသည် တစ်ယောက်ဆို သူ့နာမည်ရင်း ပျောက်ပြီး အဟင်း 'ဦးကွန်ဒုံး'လို့တောင် အများက ချစ်စနိုး ခေါ်ကြဆိုပဲ။

            ကဲလေ..ဘာတတ်နိုင်မှာလဲ။ သတ္တဝါတစ်ခု ကံတစ်ခုပေါ့။ အိပ်မှ၊ အိပ်မှ။ မနက်ကျလည်း တရားနာရဦးမှာနဲ့ အိပ်ရာပေါ် ပြန်လှဲလိုက်သည်။ တဝီဝီကပ်လာသော ခြင်တို့ကို မောင်းရန်အနီးက ယပ်ဟောင်း တစ်တောင်ကို လှမ်းယူလိုက်သည်။ ဈာပနတစ်ခုတွင် ကမ်းခဲ့သော ယပ်တောင်လေး ဖြစ်ပေမည်။ သံဝေဂလင်္ကာလေးက မှုန်ဝါးဝါး။ သြော်... မနက်ကမ်းဖို့ ယပ်တောင်မပါပါလား။ အချိန် ကလည်း မရတော့။ ဒီယပ်တောင်ရှင်ကတော့ အသက်ဘယ်လောက်လဲ မသိဘူး။ ညိုလဲ့ကတော့ နှစ်ဆယ့်နှစ်နှစ်ပဲ။ သြော်... အကြွေစောလှချည့်။ အင်း... ညိုလဲ့က နှစ်ဆယ့်နှစ်နှစ်ဆိုတော့ ဖိုးသော်ကတော့ ကွာလှ နှစ်နှစ် သုံးနှစ်ပေါ့။ ဒါဆို နှစ်ဆယ့်လေးငါးနှစ်လောက်ပေါ့။ ဟူး... ဒီသူငယ် အရွယ်ရှိသေးတာပဲ။ တစ်ပင်လဲ တစ်ပင်ထူတဲ့။ တစ်နေ့နေ့မှာ တကယ်လို့များ သူ... သူ... တစ်ပင်ထူခဲ့ရင် ဘုရား ဘုရား...။

ကံထွန်းသစ်

(အမှတ် ၁၉၅၊ ဖေဖော်ဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်