ရွှေဝတ္ထု

အဓိပ္ပာယ်

ဒေါင်းနေမင်း

01 November 2025
အဓိပ္ပာယ်
Share to
လူတစ်ယောက်အဖို့ သူ့ဘဝသက်တမ်းတစ်လျှောက် နောက်ဆုံး ထွက်သက်ထိ အဓိပ္ပာယ် ရှိတာလေးတစ်ခု ပြုခဲ့ဖူးတယ်ဆိုရင်တောင် မောဟဥခွံထဲမှာ ငြိမ်ငြိမ်သက်သက်လေး မေ့လျော့ပျော်ပိုက် နေသူထက်တော့ ပိုပြီး အဓိပ္ပာယ် ရှိနေမှာပါ။ □ သူ ကြားလိုက်ရတဲ့ ကြေးစည်သံမှာ ကြေကွဲဝမ်းနည်းမှုတွေ ဆွတ်ပျံ့နေတယ်လို့ ခံစားလိုက်ရတယ်။ ဟုတ်တယ်။ တကယ့်ကို ဆွေးဆွေးနင့်နင့်၊ လှိုက်လှိုက်မောမော။ အဲဒီ ကြေးစည်သံတွေရဲ့ အနားသတ်တွေမှာ ငိုညည်းရှိုက်သံတွေက လွင့်ချည်၊ ယိမ်းချည်၊ သိမ်းချည်။ တကယ်တော့ ပရိဒေဝမီးတောက်တွေထဲက လွင့်စဉ်ထွက်လာတဲ့ မချိတင်ကဲ သံစဉ်တွေပါပဲ။ တတောက်တောက် လှုပ်ရှားနေတဲ့ သူ့ကိုယ်ရံတော် တောင်ဝှေးလေးကို ခဏအနားပေးလိုက်တယ်။ ခြေသံတွေက သူ့အနီးအပါး ဝဲလွင့်လာပြီလေ။ လှမ်းကြပါစေ၊ လျှောက်ကြပါစေ၊ သွားကြပါစေ။ ချစ်သူမင်သူတို့ရဲ့ နောက်ဆုံးခရီးကို ပို့ကြပါစေ။ အလင်းမဲ့နေတဲ့ သူ့မျက်လုံးအိမ်အတွက်တော့ အသံတွေ၊ ရနံ့တွေ၊ အတွေ့အကြုံတွေနဲ့ပဲ စုစည်းပုံဖော်လိုက်တယ်။ ရှေ့ဆုံးမှာ စီတန်းကြွမြန်းနေတဲ့ ဘုန်းတော်ကြီးတချို့။ အဲဒီနောက်က ကြေးစည်ရိုက်သမား။ မကွာမလှမ်းမှာ လူတွေထမ်းထားတဲ့ အသုဘဈာပန။ ပြီးတော့ လိုက်ပါပို့ဆောင်သူတွေ။ ဒါတွေဟာ သူတို့မြို့လေးရဲ့ အလေ့အထတစ်ခုပါပဲ။ သူ လမ်းဘေး မြက်တောစပ်အထိ တိုးကပ်ပြီးရပ်လိုက်တယ်။ လူအုပ်ကြီးကတော့ သူ့ကို ဖြတ်သန်းသွားဆဲ။ သေဆုံးသူ ဘယ်သူလဲ၊ အသက်ဘယ်လောက်လဲဆိုတာတွေကို သူ သိခွင့်မရရှာဘူး။ ဒါလည်း ကိစ္စမရှိပါဘူး။ သူ့ ဘဝအတွက်တော့ ဒါမျိုးတွေ ရိုးစင်းနေပါပြီ။ ဆယ်နှစ်ကျော် ကာလတစ်ခုလုံး အသံတွေနဲ့သာ အရုပ်တွေ၊ အရောင်တွေ ခြယ်မှုန်းနေရသူမို့ တချို့အသံမဲ့ သင်္ကေတတွေ ဆုံးရှုံးလိုက်ရတာကို ထူးပြီး ဝမ်းနည်းမနေတော့ပါဘူး။ ဘဝပေး ကုသိုလ်ကံလို့ပဲ သဘောထားတတ်လာပါပြီ။ မှောက်မယ့်ကားကိုမှ ရွေးစီးမိတာ၊ မျက်လုံးကို ဒုက္ခပေးမယ့်နေရာမျိုး ထိုင်မိတာ၊ ဖိဖိစီးစီး ကုသခွင့်မရအောင် ဆင်းရဲနွမ်းပါးမှုက ဘဝကို ပြဋ္ဌာန်းပေးလိုက်တာ၊ ဒါတွေအားလုံးဟာအကုသိုလ် မာရ်နတ်ရဲ့ လက်တစ်လုံး ကြားစိန်ခေါ်မှုတွေမဟုတ်လို့ ဘာတွေဖြစ်ဦးမှာလဲ။ ပြောမယ်ဆို သူ့အသက် ၁၃၊ ၁၄ ဝန်းကျင်လောက်က အဖြစ်ပျက်တွေ။ အမိမဲ့၊ အဘမဲ့၊ ညီအစ်ကိုမောင်နှမမဲ့၊ ဆွေမျိုး သားချင်းမဲ့နဲ့ အဲသလို အမဲ့ပေါင်းများစွာ ချမ်းသာနေတဲ့ သူ့ရဲ့ ရှင်သန်နေထိုင်မှုတွေကို ကရုဏာတော်ကြီးမြတ်လှတဲ့ ဘုန်းတော်ကြီးတွေရဲ့ ကျေးဇူးတွေနဲ့ပဲ အားသစ်တွေ ထပ်ပြန်တလဲလဲ မွေးထုတ်နေရပေါ့။ သူ့မျက်လုံးထဲက အလင်းတွေ ဖောက်ထုတ်ခံလိုက်ရပေမယ့် အားငယ်စိတ်ကိုတော့ ဘယ်တော့မှ မစိုက်ပျိုးခဲ့ဘူး။ ကြုံခဲ့ရတုန်းက ရင့်ကျက်မှု အားနည်းခဲ့လို့ စိတ်ဓာတ်တွေ ယိမ်းယိုင် ပျက်ပြားခဲ့ပေမယ့် နောက်ပိုင်းမှာ တစ်ပါးသူ အကူအညီမပါဘဲ ကိုယ့်အားကိုယ်ကိုးနိုင်အောင် လေ့ကျင့်ခဲ့တယ်။ အတွေ့အထိ အချက်ပြ တောင်ဝှေးလေးတစ်ချောင်းနဲ့ လိုရာအရပ်ကိုရောက်အောင် သွားနိုင်ခဲ့တယ်။ အထူးသဖြင့် ကပ္ပိယကြီး ဦးမိုးညိုရဲ့ အားစိုက်ထိန်းကျောင်းမှုတွေက သူ့ဘဝ အလှည့်အပြောင်းကို အများကြီး အထောက်အကူ ပြုခဲ့တာ အမှန်ပါ။ ခုဆို မျက်မမြင်ဆရာတော်တစ်ပါး တည်ထောင်ထားတဲ့ သည်မြို့လေးက ပရဟိတ မျက်မမြင် ပညာသင်ကျောင်းမှာ ကျောင်းသားငယ်လေးတွေကို စာပြန်သင်ပေးနေတဲ့ လုပ်အားပေး ဆရာဖြစ်သလို သူကိုယ်တိုင်လည်း ဆယ်တန်းစာမေးပွဲကို ဖြေဆိုနေတဲ့ ကျောင်းသားတစ်ယောက် ဖြစ်နေပါပြီ။ အရှုံးတွေအောက်မှာ ထပ်ပြီးရှုံးလိုက်၊ ပြီးတော့ ရုန်းကန်လူးလဲထလိုက်၊ ထပ်ပြန်တလဲလဲ ရင်ဆိုင်လိုက်၊ ရလာတဲ့ အောင်မြင်မှု အသေးအမွှားလေးကို မက်မက်စက်စက် မြတ်နိုးလိုက်နဲ့ဟော... ခု သူ့အသက် သုံးဆယ်ဝန်းကျင် အရှိတရားကို ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ရပြီ။ 'ဗျို့... ဆရာလေး၊ ဘယ်တုံးဗျ' အတွေးက ဆတ်ခနဲ တွန့်သွားတယ်။ ရင်းနှီးကျွမ်းဝင်နေတဲ့ အသံတစ်သံ။ 'ဟာ... ကိုမြဆောင်ကြီး' အရက်ကို အလွန်ကြိုက်တတ်ပြီး အနုပညာတစ်ရပ်လို သောက်ပြနေတဲ့ လူတွေထဲမှာ ကိုမြဆောင်လည်းပါတယ်။ ဘယ်တော့မှ အလွန်အကျွံ မသောက်သလို ဘယ်သူ့ကိုမှလည်း ရိုင်းရိုင်းပျပျ မစော်ကားဘူး။ ပြီးတော့ စာကို မက်မက်စက်စက်ဖတ်သူ။ အရက်ကို မယားကြီးအရာ ထားတယ်ဆိုရင် စာအုပ်ကို တရားဝင်လက်ထပ်ထားတဲ့ အငယ်အနှောင်းလို သဘောပိုက်သူပါ။ 'ကျွန်တော် ကျူရှင်ဆရာ ကိုနိုင်ဝင်းဆွေဆီ သွားမလို့ဗျ' 'ဒါဆို အတော်ပဲ။ ကျွန်တော်လည်း အဲဒီဘက်ကို ကိစ္စလေးရှိလို့။ ကိုင်း...သွားကြရအောင်' ဒုက္ခိတဆိုပြီး တွဲခေါ်တွဲလာ မကြိုက်တဲ့ သူ့အမူအကျင့်ကို သိနေတဲ့ ကိုမြဆောင်က အသံပေးရင်းနဲ့ပဲ လမ်းအတူတူ လျှောက်ဖြစ်ခဲ့တယ်။ တစ်နေရာရောက်တော့ သူ တုံ့ခနဲ ရပ်လိုက်ပြီး... 'ကျွန်တော့် ခြေထောက်မှာ အနည်းဆုံး ကျွတ်နှစ်ကောင်လောက် ပါလာပြီ ထင်တယ်' စောစောက မြက်တောစပ်မှာ ရပ်ခဲ့တာ သတိရလိုက်ပြီး ကပ်ငြိမှု အသိတစ်ခု လှုံ့ဆော်လိုက်တာမို့ ပုဆိုးကို ရုတ်တရက် မ တင်လိုက်မိတယ်။ 'ဟုတ်တယ် ဆရာလေးရေ။ ဟောဒီမှာ နှစ်ကောင်တိတိ။ ခြေသလုံးမှာ တစ်ကောင်၊ ဒူးဆစ်ပေါ်မှာ တစ်ကောင်' ကိုမြဆောင်က သတ္တဝါနှစ်ကောင်ကို ဖယ်ရှားလိုက်ပြီးတာတောင် ငြိမ်သက်နေလို့... 'ဘာဖြစ်တာလဲ ကိုမြဆောင်' 'သြော်... ဆရာလေးရဲ့ လက်တွေ၊ ခြေထောက်တွေမှာ ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေတာ မြင်လို့' 'ကျွန်တော် ဆိုတဲ့ကောင်က ဆန္ဒရှိရာလမ်းတိုင်းကို ခရီးနှင်နေတဲ့ကောင်ပဲ။ လျှောက်ဖူးတဲ့လမ်းကိုပဲ ထပ်တလဲလဲ သွားနေတာမှ မဟုတ်တာ။ ဘယ်နေရာ ဘာရှိမှန်းမသိတဲ့ လမ်းအနေအထားကို သွေးတိုးစမ်းတော့ ချိုင့်ထဲပြုတ်ကျတာ၊ ကျင်းထဲချော်လဲတာ၊ ရွှံ့ဗွက်ထဲ ခြေကားရား၊ လက်ကားရား ဖြစ်တာ၊ မျက်လုံးတပ်ထားတဲ့ စက်ဘီးတွေ အတိုက်ခံရတာ ခဏခဏပဲ။ အထိနာချက်က ပြောမနေနဲ့။ ဒါပေမယ့် ကျွန်တော် မမှုပါဘူး။ ကျွန်တော် ရောက်ချင်တဲ့ခရီး ရောက်တဲ့အခါ နာကျင်စရာတွေဟာ ပျော်စရာကောင်းတဲ့ ရယ်မောစရာတွေ ဖြစ်သွားတော့တာပဲ' သူတို့နှစ်ယောက် ဆက်လျှောက်ခဲ့ကြတယ်။ နောက်က ကျော်တက်သွားတဲ့ ဖိနပ်ခတ်သံတစ်သံ ကြားလိုက်ရတယ်။ 'အခု ကျော်တက်သွားတဲ့လူက ဆရာလေးတို့ကျောင်း မျက်စောင်းထိုးက လူကြီးဗျ။ နှုတ်တောင် ဆက်ဖော်မရဘူး' သူက ခေါင်းလေးကို ခပ်ဆတ်ဆတ် ညိတ်တယ်။ အတော်လေး ဝေးသွားပြီထင်မှ လေသံအေးအေးလေးနဲ့ စကားဆိုတယ်။ 'မျက်မမြင် အများစုဟာ လောကအလယ်မှာ အပယ်ခံတွေလို ဖြစ်နေကြတာဗျ။ အယူသည်းတဲ့လူ တချို့ဆိုရင် အမင်္ဂလာလို့ သတ်မှတ်ပြီး လူရာ မသွင်းချင်ကြဘူး။ ဒါလည်း သူ့အယူအဆနဲ့ သူပေါ့လေ။ 'ကျွန်တော်က လောကအလယ်ကို တည့်တည့်တိုး ဝင်ချင်တဲ့ကောင်။ ဘေးထွက်ထိုင်ချင်တာ မဟုတ်ဘူး။ အဲဒီလောကထဲ ဘယ်လိုဝင်ရမလဲ စဉ်းစားတယ်။ ကိုယ့်မှာ အားနည်းချက်ရှိတော့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဆက်ဆံတာ၊ ဖော်ရွေပျူငှာတာ၊ စေတနာထားတာ၊ မေတ္တာထားတာတွေနဲ့ ဝင်မယ်။ ပညာနဲ့ ထိုးဖောက်ပြီး ဝင်မယ်။ အောင်မြင်မှုတွေနဲ့ ဝင်မယ်။ ဒါကြောင့်လည်း ကျွန်တော် ဆယ်တန်းကို ဖြေနေတာ ငါးနှစ်တောင်ရှိပြီပဲ' ကိုမြဆောင်ဆီက မီးခြစ် ခြစ်သံကြားလိုက်ရတယ်။ ဆေးလိပ်မီးညှိ သောက်တာ ဖြစ်လိမ့်မယ်။ ကိုမြဆောင် မချိတင်ကဲများ ဖြစ်သွားလေမလား။ သူ့အတွက် ကျက်စာပိုင်းမှာ အခက်အခဲ မရှိပေမယ့် သင်္ချာမှာ အားနည်းခဲ့လို့ သူ့ခေါင်းထဲကို ဝင်အောင် အချိန်ပေးပြီး ရှင်းပြနိုင်တဲ့ ဆရာ၊ ဆရာမ မတွေ့နိုင်ခဲ့တာပါ။ အမြင်ကျောင်းသားတွေနဲ့ စာသင်ခန်း တစ်ခန်းထဲမှာ အတူတူ တက်ရပြန်တော့လည်း ဆရာ၊ ဆရာမတွေက သင်ပုန်းပေါ်မှာ ရေးပြ၊ ရှင်းပြတာ ဘယ်လိုမှ လိုက်မမီ နိုင်ဘူး။ နားမလည်လို့ ထပ်ရှင်းပြပါ ဆိုပြန်တော့လည်း ပါးစပ်နဲ့ အလွယ်လေးရွတ်သွားကြတာမို့ ဘယ်ခါမှ လိုက်မမီနိုင်။ ဆရာ၊ ဆရာမ ထွက်သွားတော့ သူ့ခေါင်းထဲ သိပ်မကျန်ရစ်ခဲ့။ 'ကျွန်တော် တစ်ယောက်တည်းသင်ဖို့ ကျူရှင်ဆရာ ရှာတဲ့အကြိမ်ပေါင်း မနည်းတော့ဘူး။ ဘယ်လောက်ပဲ ပေးရပေးရဆိုပြီး ကျွန်တော့်အတွက် ပညာရေးမှာ သုံးဖို့ လှူထားတဲ့ငွေတချို့ ရှိတယ်။ ဒါပေမယ့် ဆရာတွေအားလုံးက ခေါင်းရှောင်ကြတယ်။ ကျွန်တော့်ဆီက ငွေယူသင်ဖို့ ခက်လို့လား၊ အချိန်မပေးနိုင်လို့လား မသိဘူး' သူ့ အပြောတွေမှာ အမောတွေက တစ်ဝက်လောက် ဖိစီးနေတယ်။ ဒီလိုပဲ ကိုမြဆောင်ရဲ့ သက်ပြင်းမှုတ်သံနဲ့အတူ ကိုယ်ပြင်းရနံ့ထဲမှာ ယမကာ အနံ့လေးစွက်လို့ သူ့နှာခေါင်းဝကို တိုးဖြတ်သွားတယ်။ မွန်းကျပ်မှုတွေကို ကိုယ်တိုင်ပြန်ပေးဆွဲလာကြတဲ့ လူတွေလိုပါပဲ။ နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ် လျှောက်လာကြရင်းက တစ်နေရာ ရောက်တော့... 'ဆရာလေးပြောတဲ့ ကျူရှင်ဆရာ အိမ်ရှေ့ရောက်ပြီ။ ခြံဝမှာတော့ သူ့မိန်းမ တွေ့တယ်။ ဘာတွေလုပ်နေမှန်း မသိဘူး' သူ ဘယ်လိုစကားလုံးမျိုး သုံးစွဲရမယ်ဆိုတာ စဉ်းစားနေတုန်း... 'သြော်... ဘယ်သူများလဲလို့၊ ဆရာ့ကို စာသင်ပေးဖို့ ပြောထားတဲ့ မျက်မမြင်ကျောင်းက လူထင်တယ်' 'ဟုတ်... ဟုတ်ပါ တယ်ခင်ဗျာ့' 'အခု ဆရာမရှိဘူး။ စာသွားသင်တယ်။ ဒါပေမယ့် ဆရာမှာသွားခဲ့တာတော့ ရှိတယ်' သူ့ရင်ထဲ တဖျပ်ဖျပ် လှုပ်ခတ်သွားတယ်။ အဆင်မပြေမှု ကြိုးတွေနဲ့ တုပ်နှောင်ခံထားရတဲ့ သူ့အတွက် ဖြတ်တောက်ပေးမယ့် ဓားမြောင်လေးတစ်ချောင်းရဲ့ ပုံရိပ် သမ်းသမ်းကို သူ့မျက်လုံးထဲ လှမ်းတွေ့နေရသလို။ 'ဆရာ့မှာ Section တွေကများ၊ ဝိုင်းတွေကလည်း များတယ်။ ဘယ်လောက်များလဲဆို တစ်ပတ်နှစ်ရက်လောက်တောင် နေ့လယ်ပိုင်းလေးနားဖို့ အနိုင်နိုင်လုနေတာ။ ညဆို ဆယ်နာရီ လောက်မှ အိမ်ပြန်ရောက်တာ။ ဆရာက ရှင့်အကြောင်း ကျွန်မကို ပြောပြပါတယ်။ ကျွန်မ အတော်စိတ်မကောင်း ဖြစ်မိတယ်။ ဒါပေမယ့် သူ ဘယ်လိုမှ ရှင့်ကို အချိန်ပေးနိုင်မှာ မဟုတ်ဘူး။ အားနာစရာလည်း ကောင်းပါတယ်။ ဆရာက မှာသွားတယ်။ ရှင့်ကို သေသေချာချာတောင်းပန် လိုက်ပါတဲ့' သူ့ မျှော်လင့်ချက်တွေ ကျိုးကြေကုန်ပြီ။ ရင်ထဲ ပူခနဲ။ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး... 'တစ်နည်းနည်းနဲ့ စီစဉ်ပေးလို့ မရဘူးလားဗျာ။ ကျွန်တော့်ဘက်က ဘယ်အချိန်မဆို ဖြစ်ပါတယ်' 'ခက်တာက သူ့ ကျန်းမာရေးကြောင့်။ သူက အားနာတတ်တယ်။ အဲဒါကြောင့် အလွယ်ပြောလိုက် တာနေမှာပါ။ ခုတောင် တချို့ Section တွေကို ဖြုတ်ဖို့ ကျွန်မက တိုက်တွန်းနေရတယ်။ လောဘကြီးပြီး ဗုန်းဗုန်းလဲသွားရင် ဘယ့်နှယ့်လုပ်မလဲ။ ဆရာ့ကို နားလည်ပေးပါနော်။ ကျွန်မ နောက်ဖေးမှာ ဟင်းအိုးလေးတည်ထားလို့ သွားလိုက်ဦးမယ်' ကျောက်ရုပ်တစ်ရုပ်လိုပါပဲ။ သူ့မှာ မတ်မတ်တောင့်တောင့်ကြီး။ သည်တစ်ခါလည်း သည်နည်းနဲ့ အဆုံးသတ်ပြန်ပြီ။ ကိုမြဆောင်က သူ့ပခုံးကို နှစ်သိမ့်တဲ့အနေနဲ့ ဆုပ်ကိုင်တယ်။ စိတ်ဓာတ်လည်း ကျမနေနဲ့ဆိုတဲ့ သဘော။ သူက စောစောကလိုပဲ ခပ်ယိုင်ယိုင် အပြုံးလေးတစ်ချက် ပွင့်ပြဖြစ်တယ်။ သည်လောက်တော့ ခံနိုင်ရည်ရှိပါသေးတယ်။ ကြိုးတွေကို ဖြတ်တောက်ပေးလိမ့်မယ်လို့ ထင်ထားမိတဲ့ ဓားမြောင် တစ်ချောင်းဟာ ခုတော့...။ □ သည်လိုနဲ့ နှစ်တစ်ဝက် ကျိုးလာခဲ့တယ်။ အခြား မျက်မမြင် ကျောင်းသားလေးတွေကို သူက အလင်းတွေ ထည့်ပေးလိုက်၊ သူကိုယ်တိုင်ကလည်း အလင်းတွေကို ရနိုင်သလောက် ဖမ်းဆုပ် သိုဝှက်ရင်းနဲ့ပေါ့။ ပညာရေး အစီစဉ်လာတဲ့အခါ ရေဒီယိုနဲ့ တီဗီနားထောင်တယ်။ ရပြီး သားစာတွေ ရနိုင်သလောက် ပြန်နွှေးတယ်။ မကြာခင် သူတို့ဖြေဆိုဖို့ လျှောက်လွှာတွေတောင် တင်ရတော့မှာ။ ဘာပဲဖြစ်ဖြစ် သူ့အတွက် အဆင်သင့်ပါပဲ။ 'ဘယ်တော့မှ ဦးမညွတ်' ဆိုတဲ့ အလံတစ်ချောင်းကို သူ့ခေါင်းမှာ ထိုးစိုက်ထားခဲ့တာ ကြာပြီ။ မိုးစက်တွေ အပြီးသတ် ခရီးထွက်သွားတဲ့ နေ့တစ်နေ့မှာ ပျောက်ချက်သားကောင်းနေတဲ့ ယမကာအနံ့လေး တစ်ချက် ဝေ့ဝိုက်လွင့်ဝဲလာတယ်။ 'ဆရာလေး ကံကောင်းပြီဗျို့၊ ကျွန်တော် ဆရာလေးအတွက် စာသင်ပေးမယ့် ဆရာမလေးတစ်ယောက် ရှာလာခဲ့တယ်' သူ ကြက်သီးတွေ ဖြန်းခနဲ ထသွားတယ်။ တကယ်လား၊ အိပ်မက်လားဆိုတဲ့ အဖြစ်ပျက်နှစ်ခုကို ချိန်ခွင်လေးနဲ့ လိပ်ပြာခွဲနေတုန်း...။ 'ဆရာမ ဒီဘက်ကြွပါ၊ ကျွန်တော်ပြောတဲ့ ကိုမင်းသော်ဆိုတဲ့ ဆရာလေးဟာ သူပါပဲ' သူ ကြောင်သွားတယ်။ သည်လောက် ဗြုန်းစားကြီး ထင်မထားဘူးလေ။ သူ့မှာ ထိုင်ရမလို ထရမလို။ ဧည့်ဝတ်တစ်ခုရဲ့ အစီစဉ်တွေ အားလုံးကမောက်ကမ ဖြစ်ကုန်တယ်။ 'ကိုမင်းသော် နေတတ်သလိုနေပါ။ ကျွန်မကို ဘာမှ အားနာစရာ မရှိပါဘူး။ ကျွန်မနာမည် မနော်လို့ သိထားရင် လုံလောက်ပါပြီ' 'ကိုမြဆောင် ကျောင်းပေါ်တက်ပြီး ရေနွေးကြမ်းလေး ဘာလေးလုပ်ဗျာ။ ကျွန်တော်ဖြင့် ဝမ်းသာလွန်းလို့ ဒူးတွေတောင် တုန်နေပြီ' ရယ်မောသံ ဆွတ်ဆွတ်လွင့်လွင့်လေးကို ကြားလိုက်ရတယ်။ 'နေပစေ ကိုမင်းသော်၊ ကျွန်မအတွက် အပိုတွေ ဘာမှ မလုပ်နဲ့။ ကိုမြဆောင် ပြောပြလို့ ကိုမင်းသော်အတွက် သင်ပေးမယ့်ဆရာ အခက်အခဲဖြစ်နေတာ သိပြီးပါပြီ။ ကိုယ်ချင်းစာမိပါတယ်။ အခုလို ကျားကုပ်ကျားခဲ ကြိုးစားနေသူ တစ်ယောက်အတွက် ကျွန်မ အကူအညီ ပေးဖို့ပိုပြီး ထက်သန်ခဲ့တယ်။ အဲဒါကြောင့် ဆုံးဖြတ်လိုက်တာ။ တစ်ခုတော့ ရှိတယ်နော်။ အခကြေးငွေ တစ်ပြားမှ ယူမှာမဟုတ်ဘူး။ ရှင်တောင် ပရဟိတလုပ်နေသေးတာပဲ။ သဘောပေါက်မှာပါ' 'ပြောမပြတတ်အောင် ဝမ်းသာလှပါပြီ ဆရာမလေးရယ်။ ကျေးဇူးလည်း တင်ပါတယ်။ ကျွန်တော် ကြိုးစားမှာပါ' အဲဒီနောက်မှာတော့ သင်မယ့်နေရာ၊ သင်မယ့်အချိန်တွေ ရွေးကြတယ်။ ဆရာမလေးက သူတို့ ကျောင်းထဲက အဆင်ပြေတဲ့ အဆောင်တစ်ဆောင်မှာပဲ သင်ရင်ကောင်းမယ်လို့ ဆိုတယ်။ ပြီးတော့ ဆရာမလေးက ဆရာတော်ကို ဖူးဖို့ဆိုပြီး ကျောင်းထဲဝင်သွားတယ်။ 'ဆရာမလေး မရှိတုန်း တစ်ခုတော့ သတိပေးရဦးမယ်' 'ဘာများလဲ ကိုမြဆောင်' 'ဆရာမလေးက သူ့အကြောင်း စပ်စုတာ သိပ်မကြိုက်ဘူး။ သူက ဘွဲ့ရပြီးသား။ ရုံးတစ်ရုံးကနေ အလုပ်ထွက်လိုက်တာ မကြာသေးဘူး။ ဘာကြောင့်မှန်းတော့ ကျွန်တော်လည်း မသိဘူး။ ဆေးရုံကို မကြာခဏ သွားနေရတာတော့ သိတယ်။ မြို့အစွန် သပြေကုန်းပိုင်းမှာ နေတယ်။ အမေရယ်၊ ညီမလေး တစ်ယောက်ရယ်နဲ့ အတူတူနေတာ။ ကျွန်တော်သိတာ ဒါပဲ' 'စိတ်ချပါ၊ ကျွန်တော် လုံးဝ မမေးပါဘူး။ အခုလို ရှာဖွေပေးတဲ့ ကိုမြဆောင်ကိုလည်း ကျေးဇူးတင်ပါတယ်' ကိုမြဆောင်က ဆရာမလေးကို ပြန်ပို့ပေးရဦးမယ် ဆိုပြီး ထွက်သွားတယ်။ ခုတော့ မျှော်လင့်မထားတဲ့ ဓားမြှောင်တစ်ချောင်းက လျှပ်တစ်ပြက် ရောက်လို့လာပါပြီကော။ □ သူ နားမလည်ခဲ့တာတွေဟာ အခြေခံမကောင်းလို့ဆိုတာ ဆရာမလေး ရှင်းပြမှ ဘွားခနဲ အသိလက်ခဲ့ရတာပါ။ အတော်လည်း စိတ်ရှည်လက်ရှည် သင်ပေးခဲ့ပါတယ်။ သင်ပြပုံ စနစ်ကလည်း သူ့ခေါင်းထဲကို စီစီရီရီ လှလှပပ ထည့်သွင်းနိုင်ခဲ့တယ်။ ကျောင်းစာကလွဲရင် အပိုစကား မပြောဘူး။ ခပ်ခွာခွာထိုင်ပြီး သင်ပေးနေပေမယ့် အီအီမွှေးမွှေး စပယ်ရနံ့လေးက သူ့နားမှာ ဝေ့ဝိုက်လို့။ တည်ခင်းဧည့်ခံကျွေးမွေးတဲ့ အစားအစာကျတော့လည်း အစာအိမ် အကြေမလွယ်လို့ ဆိုပြီး တို့ကနန်း ဆိတ်ကနန်း စားသွားတာကို ပြန်သွားမှ လက်နဲ့စမ်းကြည့်ရင်း သိတာပါ။ ဘာပဲပြောပြော ခက်ခဲနေတာကို နားလည်ခွင့်ရတော့ ပျော်တယ်။ အဲဒီအပျော်ကို ဘယ်လို အမျိုးအစားထဲ စာရင်းတို့ ရမှန်းမသိဘူး။ ဒီလိုနဲ့ ရက်တွေကြာလာတယ်။ လတွေ ကူးခဲ့တယ်။ သည်တော့ ရင်းနှီးမှုက တစ်စတစ်စ ပိုလာတယ်။ တစ်ခါတလေ သူ့အမေဖြစ်ဖြစ်၊ ညီမလေးဖြစ်ဖြစ် လိုက်လာတတ်တယ်။ အားလုံးက ရိုးသားမှုကို အရင်းခံတဲ့ ဖော်ရွေမှုတွေနဲ့ပါ။ နောက်ပိုင်းမှာ သင်္ချာဘာသာတင် မဟုတ်ဘူး။ အင်္ဂလိပ်လို အရေးကြီးတဲ့ ဘာသာရပ်ကအစ တခြားဘာသာတွေအဆုံး စစ်ဆေးပေးတယ်။ ဆရာမလေးဟာ မျက်မမြင်တွေကို သင်ပေးတဲ့ အတွေ့အကြုံလည်း ရှိပုံရတယ်။ သူ သိချင်ပေမယ့် မမေးရဲဘူး။ ကိုမြဆောင်က မှာထားတာ မဟုတ်လား။ ကျက်စာတွေကို သူရွတ်ပြတော့ ဆရာမလေး အံ့သြသွားတယ်။ 'ဟင်... တစ်အုပ်လုံး အကုန်ရနေပါလား' 'အသံသွင်းထားတဲ့ တိပ်ခွေကို အားတိုင်း ပြန်ပြန်နားထောင်နေတာ ဆရာမရဲ့' 'တချို့စာတွေကို ၏၊ သည်မလွဲ ကျက်ဖို့မလိုပါဘူး' 'နားလည်ပါတယ် ဆရာမ။ ခုဟာက ပြဋ္ဌာန်းစာတွေကို ဘယ်လောက်ထိ ကျေညက်တယ်ဆိုတာ ဆရာမလေးကို ကြွားချင်လို့' ဆရာမလေးက ရယ်ပါတော့တယ်။ ဒါဟာ ဆရာမလေးဆီက ကြားရခဲ့တဲ့ ခက်ရာခက်ဆစ် ရယ်သံပါ။ ဆရာမလေး တော်တော်လေး ငြိမ်သက်သွားတယ်။ တအောင့်ကြာမှ... 'ကြိုးစားပါ။ ကိုမင်းသော်အတွက် မအောင်ဘူးဆိုတာ မရှိစေရဘူး' အဲသလို အားပေးစကားကြားတော့ သူ့မေးရိုးလှိုင်းတွေ လှုပ်သွားတယ်။ 'ကျွန်တော် လုံးဝမျှော်လင့်ထားပါတယ် ဆရာမလေး။ သူများတွေလို ကိုယ့်နာမည်ပါတဲ့ အောင်စာရင်းစာရွက်ကို မြင်ခွင့်မရပေမယ့် လက်ကလေးနဲ့ မှန်းပြီး စမ်းကြည့်ချင်သေးတယ်' 'ကိုမင်းသော် ဘယ်နှတန်းရောက်မှ မျက်စိပျက်စီးတာလဲ' 'ကျွန်တော် ခြောက်တန်းနှစ်မှာ' 'ဆယ်တန်းအောင်ရင် ကိုမင်းသော် ဘာဆက်လုပ်မလဲ' 'လုပ်နိုင်သမျှ အကုန်လုပ်မယ် ဆရာမလေးရယ်။ ကိုယ်စွမ်းနိုင်သလောက်ပေါ့။ ဒါဟာ ကိုယ့်အတ္တချည်းအတွက် သက်သက်မဟုတ်ဘူး။ လူတွေအတွက် အဓိပ္ပာယ် ရှိတာလေးတွေ လုပ်ချင်တယ်။ အားလုံး မဟုတ်ရင်တောင် တစ်ခုနှစ်ခုပေါ့။ ဥပမာ အခု ဆရာမလေး ကျွန်တော့်ကို စာသင်ပေးသလိုမျိုးပေါ့' တကယ်လည်း ဆရာမလေးက အားစိုက်သင်ပါတယ်။ ပေးသူနဲ့ယူသူ သဟဇာတ ဖြစ်နေတော့ နှစ်ဦးနှစ်ဖက်စလုံးဟာ ခွန်အားသစ်တွေနဲ့ပါ။ ဒီလိုနဲ့ စာမေးပွဲ ဖြေဆိုမယ့်ရက်တွေ နီးလာပြီ။ နောက်ပိုင်း ထူးခြားလာတာက ဆရာမလေးဟာ တစ်ခါတလေ သူ့ကို ပုစ္ဆာတွေ တွက်ခိုင်းထားပြီး ငြိမ်သက်နေတတ်တာပါ။ ဒီအချိန်မှာ ဆရာမလေးရဲ့ ဥပဓိရုပ် ဘယ်လိုရှိမလဲ မြင်ချင်လိုက်တာ။ ပြီးတော့ ဆရာမလေးအသံကို သတိပြုဖြစ်တာ သိပ်အားမရဘူး။ မာန်တွေ ဘယ်လောက်ထည့်ထား ထည့်ထား လေယူလေသိမ်းတွေ ပျော့နေတယ်။ နွမ်းကြေနေတယ်။ ကျန်းမာရေး ချူချာနေတဲ့ ပုံမျိုး။ ကိုမြဆောင်ပြောတဲ့ ဆေးရုံ ခဏခဏ သွားနေရတယ်ဆိုတာ ဘာ့ကြောင့်လဲ။ သံယောဇဉ် ဖြစ်လာတော့လည်း ကိုယ်ချင်းစာစိတ်နဲ့ မျှဝေခံစားချင်တာပါ။ ဆရာမလေးမှာ ဘာရောဂါရှိနေလဲ။ မိန်းကလေး ဖြစ်နေပြန်တော့ ပြောမကောင်းတဲ့ ရောဂါမျိုး ဖြစ်နေမှာလည်း စိုးရသေးတာ။ 'ဆရာမလေး နေကောင်းရဲ့လား' မချုပ်တည်းနိုင်တော့လို့ အရဲစွန့်ပြီး မေးလိုက်တာ။ ဆရာမလေးက သူ့မေးခွန်းကို ပေါ့ပေါ့ပါးပါးလေးပဲ ဖြေတယ်။ 'ကျွန်မ အစာအိမ် သိပ်မကောင်းဘူး ကိုမင်းသော်။ အလုပ်တွေ အရမ်းလုပ်ခဲ့တုန်းက အစားအသောက် မမှန်ခဲ့တာ။ ခုတော့ ဆေးမှန်မှန် သောက်နေပါတယ်' 'ပေါ့တီး ပေါ့ဆတော့ မလုပ်ပါနဲ့ ဆရာမလေးရယ်။ လူမှာ အရေးကြီးဆုံးက ကျန်းမာရေးပဲ။ ငွေ ဘယ်လောက်ရှိရှိ ခန္ဓာကိုယ် ချို့ယွင်းရင် ဘာမှသုံးစားလို့ မရဘူး' 'ကိုမင်းသော် သေမှာ ကြောက်လား' 'ဟာ... ကြောက်တာပေါ့ ဆရာမလေးရဲ့။ ဘယ့်နှယ် ပြောပါလိမ့်' 'ဘာလို့ ကြောက်တာလဲ' 'အဲဒါတော့ မပြောတတ်ဘူး။ ကြောက်တာကတော့ ကြောက်တာပဲ' 'ကျွန်မလည်း ကြောက်တာပါပဲ' 'ဆရာမ ဘာမှမဖြစ်ပါဘူးဗျာ။ ခုခေတ်မှာ ဆေးကောင်းဝါးကောင်းတွေ အစွမ်းထက်နေပါပြီ။ ဘာမှကြောက်စရာ မလိုပါဘူး' သူ့စိတ်ထဲမှာ အလိုလို ဖြစ်နေတာက ဆရာမလေးရဲ့ မျက်နှာကို စိတ်ကူးနဲ့ပုံဖော်ရုံတင် အားမရတော့ဘဲ မျက်စိနဲ့ တပ်အပ်မြင်ချင်တာ။ တကယ်ဆို မိန်းမနဲ့ပတ်သက်လာရင် အတွေ့အကြုံမရှိခဲ့သူမို့ ဆရာမလေးအပေါ် တိမ်းညွတ်ခဲ့တဲ့ စိတ်ဟာလည်း ဘယ်လိုစိတ်မျိုးဆိုတာ သူ့ကိုယ်သူ အမေးရခက်စေပါတယ်။ ဆရာမလေး လာချိန်ကို မျှော်တတ်တာ၊ စာသင်ချိန် ကြည်နူးစိတ်ဝင်တာ၊ အားလပ်တဲ့အချိန် ဆရာမလေးကို သတိရတတ်တာ၊ ဆရာမလေးရဲ့ အားပေး စကားတွေကြားမှာ မီးကုန်ယမ်းကုန် ကြိုးစားဖြစ်တာ၊ ဒါတွေရဲ့ အကြောင်းပြချက်တွေဟာ ရှင်းလင်းတင်ပြလို့ မရနိုင်တဲ့ စိတ်ခံစားမှုတွေရဲ့ လုပ်ဆောင်ချက်တွေပါ။ စာမေးပွဲရက်တွေမှာ သူ တော်တော်ပန်းသွားခဲ့တယ်။ ဆရာမလေးက သူ့ ထက်တောင် ရင်မောနေမှာ သေချာပါတယ်။ နောက်ဆုံးနေ့ရောက်တော့ ဆရာမလေးက 'ကိုမင်းသော် အောင်မှာ၊ ကျွန်မ ပြောရဲတယ်'လို့ တိုတို ရှင်းရှင်းပဲ ဆိုပါတယ်။ ဒါပေမယ့် ခွဲရတော့မယ်ဆိုတဲ့အသိက ရင်ကို နွမ်းစေပြန်တယ်။ 'ဆရာမလေးတို့ အိမ်ကို ကျွန်တော်လာလည်လို့ ရမလား' 'ကျွန်မတို့နေတာ မြို့စွန်မှာ။ လမ်းတော်တော်ဆိုးတယ်။ ပြီးတော့ လမ်းသွယ်တွေက အများကြီး။ လူကောင်းတောင် မျက်စိလည်ချင်တာ။ ဒီကြားထဲတော့ မလာပါနဲ့။ သိပ်လာချင်ရင် အောင်စာရင်း ထွက်တဲ့နေ့လာပေါ့။ အိမ်နေရာကို မျက်လုံးထဲ မြင်အောင် ပြောပြခဲ့မယ်။ ကိုမင်းသော်ရဲ့ လမ်းရှာ ကျွမ်းကျင်ပုံကို ကြည့်ချင်သေးလို့' သူ ရုတ်တရက် ထိုင်ကန်တော့တော့ ဆရာမလေးက တားရှာတယ်။ ဒါ အာစရိယဂုဏ်ကို ရှိခိုးဦးခိုက်တာပဲ။ ဆရာမလေး ဆုတွေပေးတော့ လွမ်းဆွတ်မှုတွေ ပြည့်သိပ်လို့ပါ။ ရှိုက်သံလေးတောင် နည်းနည်းစွက်နေမလား။ □ သူ အိပ်ရာက ဝုန်းခနဲ ထလိုက်တယ်။ သူ အောင်တယ်ဆိုတဲ့ ပြောသံတွေက သူ့အိပ်စက်ခြင်းတွေကို လှုပ်နိုးလိုက်တာကိုး။ အဲဒီ သတင်းကို အတည်ပြုပေးလိုက်တာက သူတို့ရဲ့ဆရာ တော်ပဲ။ ကျောင်းထဲမှာ မျက်မမြင်လေးတွေရဲ့ အသံတွေ ဆူညံပွက်လော ရိုက်နေတယ်။ သူတို့ဆရာ အောင်တာလည်း သူတို့ရဲ့အပျော်တွေပဲလေ။ သူ့နှလုံးသည်း ပွတ်တစ်ခုလုံး ကျင်တက်သွားတယ်။ ပြီးတော့ အော်ငိုလိုက်တယ်။ ရှိုက်ကြီးတငင်ပါ။ ဝမ်းသာလွန်းလို့ကျတဲ့ မျက်ရည်တွေ။ ဆရာတော်တောင် အူကြောင်ကြောင်ဖြစ်လို့။ သူ့စိတ်ထဲကို ဒိုင်းခနဲ ဝင်လာတာက ဆရာမလေးဆီ သွားဖို့ပဲ။ သွားချင်နေတာ ကြာပါပြီ။ တလောက ကိုမြဆောင်ပြောလို့ ဆရာမလေး နေမကောင်းဘူးဆိုကတည်းက သိပ်ကို ပြင်းထန်နေခဲ့တာ။ ဒါပေမယ့် သူ ဆရာမလေးစကားကို နားထောင်ခဲ့တယ်။ အောင်စာရင်းကပ်တဲ့ ရုံးကိုသွား၊ ဘေးက တစ်ယောက်ကို ခုံနံပါတ်ရှာခိုင်းပြီး အဲဒီနေရာလေးကို လက်ကလေးနဲ့ ပွတ်သပ်တယ်။ ဘယ်လောက်များ အရသာရှိလိုက်ပါလဲ။ အနှစ် နှစ်အလလက မျှော်လင့်စောင့်စားခဲ့ရတဲ့ ရလဒ်တစ်ခု။ သူ အကြာကြီးငေးနေမိတယ်။ နောက်မှ သတိဝင်လာပြီး သူ့ရဲ့ ကိုယ်ရံတော် တောင်ဝှေး လေးကို စကားတစ်ခွန်း ဆိုတယ်။ 'တောင်ဝှေးလေးရေ၊ ဒီနေ့တော့ ငါတို့ ခရီးအသစ်တစ်ခုကို နှင်ရတော့မှာနော်။ တို့ရဲ့ အစွမ်းအစတွေကို ဆရာမလေးက ကြည့်ချင်လို့တဲ့။ ကဲ... စွန့်စားခန်းလေး စလိုက်ကြရအောင်' သူ့ မျက်လုံးထဲမှာ အကြိမ်ကြိမ် ပုံဖော်ထားတဲ့ လမ်းအတိုင်း လျှောက်လာခဲ့တယ်။ လမ်းဆုံတစ်နေရာ အရောက်မှာ တစ်ခါတစ်ရံ သူကြုံနေကျ ကြေးစည်သံကို ကြားလိုက်ရတယ်။ ထုံးစံ အတိုင်း သူကြားလိုက်ရတဲ့ ကြေးစည်သံမှာ ကြေကြေကွဲကွဲ ဝမ်းနည်းမှုတွေ ဆွတ်ပျံနေတယ်။ ပရိဒေဝမီးတောက်ထဲက လွင့်စဉ်ထွက်လာတဲ့ မချိတင်ကဲ အသံတွေလည်း ကြားနေရတယ်။ ဖြစ်နိုင်ရင် လမ်းကို အလျင်စလို ဖြတ်ကူးလိုက်ချင်ပေမယ့် မတတ်သာလို့ လမ်းတစ်ဖက်မှာ ခဏရပ်နေလိုက်တယ်။ □ အလောင်းထမ်းလာတဲ့ ကိုမြဆောင်က လမ်းဖြတ်ကူးဖို့ တာစူနေတဲ့ သူ့ကိုမြင်တယ်။ သည်မနက်ခင်း သူ စာမေးပွဲအောင်တဲ့ အကြောင်းလည်း သိတယ်။ နာရေးကိစ္စ အရေးကြီးနေတာမို့ ဝမ်းသာစကားတောင် သွားမဆိုနိုင်ခဲ့သေးတာပါ။ အခြေအနေအရ 'ဘယ်သွားမလို့လဲ' ဆိုတဲ့ မေးခွန်းကို ရင်ထဲပဲ ပြန်မျိုချလိုက်ရတယ်။ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့ ကာလတစ်ခုထိ သိုဝှက်ထားခဲ့ပြီး ခုတော့ အစာအိမ်ကင်ဆာကြောင့် သေနေ့ကို သတ္တိရှိရှိ စောင့်သွားခဲ့တဲ့ ဆရာမလေး မနော်ရဲ့ အလောင်းကို ကိုယ်တိုင်ထမ်းလာတာပါလို့ ဆရာလေး မင်းသော်သာ သိခဲ့ရင်...။ □ ခြေသံတွေ ဆုံးသွားတာနဲ့ တစ်ပြိုင်တည်း သူ လမ်းဖြတ်ကူးလာခဲ့တယ်။ တစ်ယောက်ယောက်က တစ်ခုခု လှမ်းပြောလိုက်သလို ထင်မိတယ်။ ဇောနဲ့ဆိုတော့ နားမလည်လိုက်ဘူး။ စိတ်တွေအားလုံး ဆရာမလေးရဲ့ အိမ်ကိုပဲ စုမြှုပ်ထားတာ မဟုတ်လား။ ဘယ်လို ကြမ်းတမ်းခက်ခဲတဲ့ လမ်းမျိုးမဆို သူလျှောက်ရဲပြီ။ သွားရဲပြီ။ ပိုပြီး သတ္တိတွေ ရှိလာခဲ့ပြီ။ ဆရာမလေးကိုတွေ့ရင် သူ့ ရင်ထဲက အပျော်တွေနဲ့ ကွေးနေအောင် ကပြပြီး ဘဝတစ်ခုလုံး စုစည်းထားခဲ့ရတဲ့ မျှော်လင့် ရည်မှန်းချက်တွေကို ဖောက်ခွဲပြလိုက်မယ်ပေါ့။ ဒါဆို ဆရာမလေး ဘယ်လောက် ဝမ်းသာပီတိတွေ ဖြစ်နေလိုက်မလဲ။ အဲဒါကြောင့် သူ့ခြေလှမ်းတွေကို ပိုသွက်လိုက်တယ်။ □ လူတစ်ယောက်အဖို့ သူ့ဘဝသက်တမ်းတစ်လျှောက် နောက်ဆုံးထွက်သက်ထိ အဓိပ္ပာယ်ရှိတာလေးတစ်ခု ပြုခဲ့ဖူးတယ်ဆိုရင်တောင် မောဟဥခွံထဲမှာ ငြိမ်ငြိမ်သက်သက်လေး မေ့လျော့ပျော် ပိုက်နေသူထက်တော့ ပိုပြီး အဓိပ္ပာယ်ရှိနေမှာပါ။ (ဆရာကျော်ရင်မြင့် ဆုံတွေ့ခဲ့တဲ့ မျက်မမြင်ကျောင်းသား ကိုဇော်ဇော်နိုင်သို့ အမှတ်တရ) ▀ ဒေါင်းနေမင်း (အမှတ် ၁၉၅၊ ဖေဖော်ဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်