ရွှေအသစ်

နေရာ

ငြိုသီစံ

01 October 2025
နေရာ
Share to

            ဒေါ်ငြိမ်းတစ်ယောက် စိတ်ဆင်းရဲခဲ့ရတာ အတော်ကြာပြီ။ ကြာဆို နှစ်ပေါင်း သုံးဆယ်နီးပါးလို့ပဲ ပြောပါတော့။ ယောက္ခမကြီး ဒေါ်သိန်းကို ကိုယ့်အမေလိုပဲ သဘောထားခဲ့ပါတယ်လို့ဆိုရင် ဘယ်သောအခါမှ ရာဇဝင် မရှိခဲ့ဖူးတဲ့ ယောက္ခမ၊ ချွေးမ ဇာတ်လမ်းပိုင်ရှင်တွေက ရယ်ကြဦးမည်။ လှောင်ပြုံးမဲ့ပြုံး ပြုံးကြမှာလည်း အသေအချာပေါ့။ တကယ်ပါ။ ရွှေဘို သောင်ထွဋ်ကိုင်း ဇာတိရွာမှ ကြီးပြင်းခဲ့တဲ့ကိုယ်က ဆယ့်ခြောက်နှစ်သမီး အိမ်ထောင်ကျစကတည်းက ရွှေဘိုမြို့ပေါ်က ပျဉ်ဈေး(မ)ပိုင်းမှာ နေလာခဲ့တာ ကြာကြာလှပေါ့။ ကလေးတွေ တစ်သက်။

သားကြီးပဲ နှစ်ဆယ့်ခြောက်နှစ်ရှိပြီ။ အဲဒီကတည်းက နေလာလိုက်တာ။ ခု အဘွားကြီးအသက်တောင် ရှစ်ဆယ်လေ။ အိုပဲ အိုလှပြီ။

နေခဲ့တဲ့ အတောအတွင်း သူ ကိုယ့်အပေါ်ကောင်းတာတွေအများကြီးပါ။ မကောင်းတာတွေလည်း ရှိတာပေါ့။ အကောင်းအဆိုးဆိုတာ ဒွန်တွဲ နေစမြဲမဟုတ်လား။ ဟိုတုန်းကဆို ဒေါ်သိန်းဆိုတာ မသိသူ မရှိသလောက်။ ပိုက်ဆံချမ်းသာတာကိုး။ အတိုးပေး၊ အပေါင်ခံဆို ဒီရပ်ကွက်မှာ ဒေါ်သိန်း မရှိလို့မှ မရတာ။ ချမ်းသာသူတို့ ထုံးစံအတိုင်း အနည်းနဲ့အများ မောက်မာတယ်။ ပြောလိုက်ရင် အထက်စီးက။ သူ မရှိရင်ဘဲ တစ်ရပ်ကွက်လုံး ငတ်သေကြရမယ့်ပုံ။ တကယ်လည်း အဲဒီတုန်းက အခြေအနေနဲ့ဆို သူက မရှိမဖြစ်လေ။ ကိုယ်တောင် သူ့လုပ်စာကို သားကြီး သက်တမ်းတစ်ဝက်နီးပါး စားခဲ့ရသေးတာကိုး။ တစ်အိမ်လုံး သူ့သြဇာ၊ သူ့အာဏာမှာ ကိုယ်က ပြားပြားဝပ်လုခမန်း ကြောက်ရွံ့ခဲ့ရတာ။ သူ့အာဏာကို သူ့သားတောင် ခေါင်းမဖော်ဝံ့တာ ကိုယ်ကဆို ဝေလာဝေး။ တစ်သက်လုံး မအေကို ကြောက်ရွံ့ခဲ့ရတဲ့သားက မအေက 'သားရေ'ဆို ရေ အဆင်သင့်။ ငါးခြောက်ဆို ဖုတ်ပြီးသား။ လူပျိုဘဝက မအေရဲ့ အထွေးဆုံးသားပီပီ လူက ဘော်ကြော့။ သားနဲ့ မယားရတော့လည်း သူ့မှာ ဘော်ကြော့က တစ်ပြားမှ မလျှော့တဲ့အပြင် မအေက 'ငါ့သားလေး ပင်ပန်းမယ်။ အမေ့လုပ်စာ ထိုင်စား'ဆိုပြီး ထပ်ပင့်ပေးမှတော့ သူက ရေ တင်ခပ်ပေးရုံ။ ကိုယ်က ရေ ပါ ချိုးပေးရမလောက် ဦးကျိုးခဲ့ရတာ။

            'မနေချင် ဆင်းကြ၊ ငါ့ သြဇာမနာခံနိုင်ရင် မနေကြနဲ့'

            အဘွားကြီးရဲ့ လက်သုံး စကားလေ။ အိမ်မှာက ကိုယ့် မိသားစုတင်မဟုတ်ဘူး။ သမီးအပျိုကြီးကတစ်ယောက်။ အိမ်ထောင်သည် သမီးနဲ့ မွေးစားသမီးက နှစ်ယောက်။ သမီးသေ သမက်နဲ့ မြေးထီး လေးက နှစ်ယောက်။ အများ ကြီး ကျွေးထားပြီး စိတ် မထင် မထင်သလို နှင်ချ တတ်တာ။ ဒေါသကလည်း ကြီးမှကြီး။ ပြောရရင်တော့ အိမ်မှာနေသမျှ လူတွေ အားလုံးထဲမှာ ကိုယ်နဲ့သူ့ သမက်ဆိုတာသာ သူစိမ်း တွေလို ဖြစ်နေတာ။ ကျန်တာ က သူ့သွေးသား။ သူ့သား သမီး မြေးတွေချည်းပဲလေ။ ခိုင်းချင်တဲ့အခါမှာတော့ ကိုယ်က သူ့ရဲ့လက်သုံး တောင်ဝှေးဆိုပါတော့။

            'ညောင်းလိုက်တာ အေ၊ မငြိမ်းရေ... ရှောက် ပေါင်းဆီလေးနဲ့ ငါ့ကို နှိပ် ပေးစမ်းပါဦး' ဆိုတဲ့ ချိိုချို သာသာစကားကအစ၊ 'ဟဲ့.. ဒီဟင်းကို ဘယ်လိုချက်ထား တာတုံး၊ ဝက်သားကို ပဲငံပြာ ရည်နဲ့ နှပ်ပါဆိုတာ။ နေလာ တာ ကြာပြီ။ ခုထိ ငါ့အကြိုက် မသိသေးဘူး' ဆိုတာက အလယ်၊ 'တင်မောင်ထွန်း နှယ်ကွယ်၊ ဘယ်လိုတောကြို အုံကြားက မိန်းမ ရှာယူလာ တယ် မသိပါဘူး။ ဖျင်းလိုက် တာ လွန်ရော' ဆိုတာအဆုံး။ ကွယ်ရာမှာရော လူရှေ့သူရှေ့ မှာပါ ကဲ့ရဲ့ပြစ်တင်ခိုင်းတတ် တာ။ စရိုက်ကြမ်း မောက်မာ တာကလည်း တစ်အိမ်လုံးပဲ။ ဗေထိဆို ရင်ရင်၊ တင်တင်နဲ့ မွေးစားသမီး ခင်ခင် တစ်ယောက်ယောက်နဲ့ပဲ။ ရန် ဖြစ်လို့ သားသမီးကို မဆုံးမ တဲ့ မိဘတွေထဲမှာ အဘွား ကြီးက ထိပ်ဆုံးက။

            'ဟဲ့... ဘယ်သူနဲ့လဲ။ ရင်ရင်လား၊ ခင်ခင်လား၊ တင်တင်လား'

            'မမရင်တဲ့ အမေ။ ကွမ်းယာဆိုင်က မမွှေးနဲ့ ဖြစ် ကြတာ'

            'ဖြစ်ပြန်ပလား မိမွှေးနဲ့။ ဟိုတစ်ခါ ရင်ရင် သူ့ကို ပါး ရိုက်ထားတာ မမှတ်သေးဘူး နဲ့ တူတယ်။ သူ့ကို ပါးရိုက် လို့ ရုံးက လျော်ကြေး ငါးရာ ပေးခိုင်းတာ တစ်ချက်ငါးရာ တန်တာပေါ့။ ဆယ်ချက် လောက် ရိုက်ခဲ့ဖို့ကောင်းတာ' တဲ့။

            အဘွားကြီးရဲ့သမီး အိမ်ထောင်သည် မမတင်က လည်း အဲလိုပဲ။ ဖဲဝိုင်းမှာ သူ့ ယောကျ်ားရန်ဖြစ်နေတယ် ကြားတော့ တုတ်ဆွဲပြီး ပြေး တော့တာ။ တကယ်ဆို ဖဲဝိုင်း နဲ့ သူနဲ့ဘာဆိုင်လို့လဲ။ ဒါကို အမေလုပ်သူက တစ်ခွန်း မဟန့်ဘူး။

            'သွားပစေ၊ ဒါမှ ငါ့ သမီး။ မောင်ကြာညွန့်က လူအေးပဲ။ ပြဿနာဖြစ်ရင် တင်တင်ပါမှ။ နို့မို့ ဒင်းပဲ ထိပ်ပေါက်ခေါင်းကွဲ'တဲ့။

            မွေးစားသမီး ခင်ခင်ကလည်း မခေဘူး။ ရန်ဖြစ်ရင် ထဘီစွန်တောင်ဆွဲပြီး အယုတ္တ အနတ္တ၊ ဆွေခုနစ်ဆက်၊ မျိုး ခုနစ်ဆက် မကျန်အောင် ဆဲပြ ပါလိမ့်မယ်။

            'ဟဲ့ ကောင်မရဲ့၊ ရုပ်ကို က ...ရုပ် ...ရည်နဲ့'ဆဲတဲ့ အခါ အဘွားကြီးက 'ညည်း တို့က ဘာသောက်ဆင့်ရှိလို့ လာပြိုင်ဖြစ်နေရတာလဲ'ဆိုပြီး ဝင်ဆဲပါလေရော။ အဲလောက် ဆိုးတဲ့ အဘွားကြီး။

            ကိုယ့်သား သမီးတွေကို လည်း သူက သူ့ဇာတ်ထဲ သွင်းချင်သေးတာ။

            'ကျော်ကျော်၊ သားကို တစ်ချက်လုပ်ရင် နှစ်ချက်ပြန် ချ။ ခံမလာခဲ့နဲ့နော်။ ခံလာခဲ့ ရင် သားကို ပိုနာအောင် အမေကြီး ရိုက်မယ်' ဆိုပါ လား။ ဒါပေမယ့် ကိုယ့်သား က မအေတူသားပီပီ ခပ်အေး အေး။ ရန်လည်း မဖြစ်တတ်။ ရန်ဖြစ်လည်း သူကပဲ ငုံ့ခံခဲ့ ပြီး ရေငုံနှုတ်ပိတ်နေတတ် တာဆိုတော့ ပူစရာမလိုဘူး ပေါ့။ အဲ... သမီးကတော့ သူ့ဘွားအေစရိုက်တွေ ဝင်ပြီး ရိုင်းတယ်၊ စွာတယ်။ ထစ်ခနဲ ဆို လက်က ပါပြီ။ တော်ကြာ ထိပ်ပေါက်လို့ ခေါင်းကွဲလို့။ ဘွားအေက လိုက်ရှင်းတော့ ပြဿနာတော့ အေးတာပေါ့။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ ရွံ့ကြောက်ကြီးတွေ ဖြစ်နေ တာ မသိကြဘူး။ ထင်ရာလုပ် လို့ ကောင်းနေတုန်း။

            တစ်သက်လုံးက ကိုယ့် အိမ်နောက်နားမှာ ရှိတဲ့ဘုရား ကို သွားရှိခိုးဖို့ မပြောနဲ့၊ သတိ တောင်မရတဲ့ အဘွားကြီးက မော်စောမြင်သာ (မြို့ထောင့် စေတီ) ဘုရားပွဲရောက်ရင် တော့ ကြက်ပျံမကျစည်ကား တဲ့ ပွဲဈေးတန်းထဲမှာ မြေး တွေ တရုန်းရုန်းနဲ့ သူက ပွဲ ကြည့်ပါပြီ။ မြို့ထောင့်စေတီ နဲ့ ကိုယ်တို့နေတဲ့အိမ်က သိပ် မဝေးလှဘူး။ ဈေးကလေး လမ်းက ချိုးပြီး ရထားလမ်း ကျော်လိုက်ရင် မြို့ထောင့် စေတီတော်ကြီးကို လှမ်းမြင် နေရပြီ။ ထန်းပင်စုစုကို လွန် ရင်တော့ မြို့ထောင့်စေတီရဲ့ မြေလမ်းဝါဝါ၊ နောက် ကျောက်ခင်းလမ်းမကြီး။ လမ်းမကြီးဆုံးရင်တော့ မြို့ ထောင့်စေတီဘုရားခြေရင်းကို ရောက်ပြီပေါ့။ ကိုယ်တိုင်က တော့ ဘုရားပွဲမဟုတ်လည်း စိတ်ပင်ပန်းတိုင်း နောက်ဖေး က ထွက်ပြီး မြို့ထောင့်စေတီ သွား၊ ပုတီးစိပ်၊ ခရေပန်းတွေ သိမ်းကျုံးကောက်ပြီး လက် ထဲ အုပ်မွှေးနေကျလေ။ အဘွားကြီးကတော့ ယောင် လို့တောင် စေတီတော်ဘက် မသွားဘဲ ဘုရားပွဲချိန်ကျမှ ပွဲကြည့်သွားတတ်တာ နှစ် တိုင်းပဲ။

            ပြန်တွေးတိုင်း အဘွား ကြီးကို စိတ်နာစရာတွေက ပေါ်ပေါ်လာတယ်။ အိမ်မှာ အန္တရာယ်ကင်းဆွမ်းကပ်တော့ တိုက်တိုက်ဆိုင်ဆိုင် သောင် ထွဋ်ကိုင်းရွာက အမေ လာ တာနဲ့ ကြုံတယ်။ အမေက ရွှေဘိုမြို့ကို တစ်နှစ်နေလို့မှ တစ်ခေါက်မရောက်ဘူး။ သုံးလေးနှစ်နေမှ တစ်ခေါက် ရောက်တာ။ ဒါတောင် ခေါ် တဲ့လူက အတင်းခေါ်ပါမှ။ ရွှေဘိုမြို့မှာက ကိုယ်တင်မက ကိုယ့်အစ်မ၊ ညီမတွေကပါ အိမ်ထောင်ကျ၊ အခြေချနေကြ တာ။ အမေက ရွာမှာရှိတဲ့ အစ်ကိုတွေ သံယောဇဉ် ကြောင့် ရွှေဘိုကို လာနိုင်တာ မှ မဟုတ်တာ။ ကိုယ်က လည်း ရွာမရောက်၊ အမေက လည်း မလာဆိုတော့ ရှားရှား ပါးပါး အမေနဲ့ဆုံရတာလေ။ ဒါတောင် အောင်ဇေယျထဲက ညီမရဲ့ကလေး ကင်ပွန်းတပ် ပွဲအတွက် အမေ့ကို ခေါ်လာ ရင်း တွေ့ကြရတာ။

            တစ်ခါတလေ ကြုံ ကြိုက်တုန်း ကိုယ့်အမေဆို တော့ (မတွေ့တာလည်း ကြာပြီမို့) ပျာပျာသလဲပေါ့။ ပျာနေတဲ့ ကိုယ့်ကို အဘွား ကြီးက ဘယ်အချိန်ကတည်း က လေ့လာနေခဲ့သလဲမှ မသိ တာ။ အမေ့ကို ပန်းသီးလေး လည်း နွှာကျွေးပြီးရော အဘွားကြီးက ခုတင်ပေါ်က နေ ကျွမ်းထိုးချတော့တာ။ ပါးစပ်ကလည်း ပြောလိုက် သေး။

            'အဲဒါ ကျုပ်ချွေးမပါ တော့၊ ကြည့်ကြပါဦး'တဲ့။

            ဘယ်လောက်ဆိုးတဲ့ အဘွားကြီးလဲဆိုတာ။ ကိုယ် လည်း အဲဒီတုန်းက သူ့ကို တော်တော် စိတ်ကုန်သွား တယ်။ အဲဒီနောက် သူ့ကို ကိုယ်စကားမပြောဘဲ နေခဲ့ တာ အကြာကြီး။ အမေက တော့ အဲဒီကတည်းက ကိုယ့် ဆီ မလာတော့တာ။ သောင်ထွဋ်ကိုင်းကို အမေနဲ့ တွေ့ချင်လို့ လိုက်သွားတော့ အမေက ဆုံးမတယ်။

            'ယောက္ခမနဲ့ ချွေးမဆို တာ ဒီလိုပါပဲ။ သမီး နေ တတ်အောင်နေ။ မငြိုငြင်နဲ့' တဲ့။

            အဲဒီတုန်းက ကိုယ် ခေါင်းငုံ့ရင်း မျက်ရည်ကျခဲ့ ရသေးတာ။ ဘာကြောင့်ကျ တဲ့ မျက်ရည်မှန်း ကိုယ့်ကိုယ် ကိုယ်လည်း မသိဘူး။

            ခုတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။ အိမ်မှာ ကိုယ့်လက်၊ ကိုယ့်ခြေ၊ ကိုယ် စီမံခန့်ခွဲရပြီ။ အဘွားကြီးက သူ့လက်၊ သူ့ခြေတောင် မနိုင် တော့တဲ့ အိုမင်းမစွမ်း။ အိပ်ရာထဲ လဲနေတဲ့ကာလက တင် အကြာကြီး။ သူ့စီးပွား တစ်ဝက်နီးပါး ကုန်သွားတော့ မှ အိပ်ရာထဲက ထနိုင်တော့ တာ။ သူ့အမြင်အာရုံတွေက လည်း မစွမ်းနိုင်တော့။ ဖောင်းကားပြည့်မောက်နေတဲ့ သူ့လက်တွေကလည်း ဟို တုန်းကလို လက်ညှိုးငေါက် ငေါက်ထိုးနိုင်တဲ့ အင်အား မရှိတော့ဘူး။

            ခုနေရတဲ့ နှစ်ထပ်ပျဉ် ထောင်အိမ်မှာ ဟိုတုန်းကဆို အပေါ်ထပ်မှာ သူနေ။ အခွင့် မရှိရင်တောင် အဘွားကြီးက အိပ်ပေါ်တက်ခွင့် မပေးခဲ့ဘူး။ ခုတော့ အပေါ်ထပ်က အတက်အဆင်းနဲ့ ပင်ပန်းလို့ တဲ့။ အောက်ထပ်မှာပဲ နေ မယ်ဆိုပြီး အောက်ဆင်းလာ တယ်။ ကိုယ်တို့က အပေါ် ထပ်ကို အော်တိုမစ်တစ် ရောက်သွားတာပေါ့။

            ဒါဟာ ကိုယ်လိုချင်တဲ့ အခွင့်အရေးလား။ ဒီလို အခြေအနေနဲ့ ကိုယ် ရပ်တည် ချင်ခဲ့တာလား။ ကိုယ်ပျော် တဲ့၊ ကိုယ်ပိုင်ဆိုင်ချင်တဲ့ ဘဝ ဟာ ဒီလိုဘဝမျိုးလား။ အဲလို တော့ မဟုတ်ဘူး ထင်ပါ သည်။

            'ကြည့်စမ်း၊ ငါ မဝါး နိုင်မှန်းသိလျက်နဲ့ ကြက်သား ကို မနူးမနပ် ချက်ရသလား''ငါ မရှာမဖွေနိုင်တော့တာနဲ့ ငါ့ကို ဂရုမစိုက်ချင်တော့ဘူး' 'ဒီဆီးအိုးက ခုထိမသွန်ရ သေးဘူးလား။ ငါ ခုတင်ပေါ် ကနေ ကန်ချလိုက်ရ''ရေ ချိုးပေးဦး၊ အဝတ်လဲပေးဦး'

            အဘွားကြီးက ကိုယ့်ကို ကျွန်တစ်ယောက်လို သုံးနှုန်း ဆဲ။ အိမ်မှာ သားသမီး မြေး မြစ်တွေ တစ်လှေကြီးရှိရက် နဲ့ ဒီချွေးမကိုပဲ အမြင်မကြည် နိုင်အောင် ဖိခိုင်းတတ်တာ။

            'ညောင်းလိုက်တာအေ နှိပ်ပေးပါဦး'

            သူက 'တော်ပြီ' မပြော မချင်း ကိုယ့်မှာရပ်ခွင့်မရှိ။ တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ အပြစ်တင်သံတွေကို နား ထောင်ရင်း ကိုယ်က လုပ်ပေး ရဆဲ။ ဒါပေမယ့် ဘာမှလုပ် ပေးဖော်မရတဲ့ သားသမီး မြေးမြစ်တွေ ဝယ်လာတဲ့ သစ်သီးလေးတစ်လုံးအတွက် တောင် ကြံဖန်ကျေးဇူးတင် တတ်တဲ့သူ။

            သူ့ကို သင့်တော်တာ ချက်ကျွေးဖို့က တစ်သက်လုံး ကိုယ့်တာဝန်။ သူ့အဝတ်တွေ ဖွပ်လျှော်ဖို့က တစ်သက်လုံး ကိုယ့်အလုပ်။ ကိုယ်ဘာပဲ လုပ်လုပ် အပြစ်တင်နေမှာက တော့ အဘွားကြီးဖြစ်တဲ့ သူ့အလုပ်ပေါ့။

            'အမေ နေလို့မကောင်း ဘူးလား။ ပျင်းလို့လား။ တရားခွေ နားထောင်မလား'

            သူ ပုတီးစိပ်၊ တရား ထိုင်တာ ကိုယ့်တစ်သက် မတွေ့ဖူးခဲ့ပေမယ့် ကိုယ်က တော့ ပြောဖို့မမေ့လျော့ခဲ့။ ဟိုတုန်းကများ အဲလိုပြော ရင်... 'ဟဲ့... ဘုရားဖြစ် မယ့် အုတ်နီခဲမရဲ့။ ငါက ဘုရားမကြိုက်တာ မလုပ် ဘူး'တဲ့။

            ဘုရားမကြိုက်တာ မလုပ်တာနဲ့ဘဲ ဘုရားရဲ့ ဒေသနာတော်တွေကို ရွတ် ဖတ်ဖို့ မလိုတော့ဘူးတဲ့လား။ ဘုရားရှိခိုးဖို့ မလိုတော့ဘူးတဲ့ လား။

            ဒါပေမယ့် တစ်ခါ တလေ ကိုယ်က ညတိုင်း သူ့ကို နင်းနှိပ်ပေးဖို့ မေ့ခဲ့ သည် ဖြစ်စေ၊ ကိုရီးယား ဇာတ်လမ်းတွဲကို စိတ်ဝင် တစားကြည့်နေမိရင် ဖြစ်စေ၊ မီးပူတိုက်နေလို့ သူ့ဝေယျာ ဝစ္စ မေ့နေခဲ့ရင်ဖြစ်စေ သူက အောက်ထပ်ကနေ မေတ္တာပို့ တော့သည်။

            'ငါ့ကို ဒုက္ခပေးတဲ့လူ တွေ ကျန်းမာကြပါစေ၊ ချမ်း သာကြပါစေ''ငါ့ကို မကောင်းကြံတဲ့လူတွေ ကျန်းမာကြပါစေ၊ ချမ်းသာ ကြပါစေ''ငါ့ကို ဂရုမစိုက် တဲ့လူတွေ ငါ့လို ဒုက္ခမခံစား ရပါစေနဲ့'

            သူ့ဘုရားရှိခိုးသံဟာ 'သြကာသ'က မစ၊ 'အစိ န္တေယျ'က မစ၊ 'သာဓု သာဓု'မှာ မဆုံး။ မေတ္တာပို့က စပြီး မေတ္တာပို့မှာပဲ အဆုံး သတ်တတ်တာ။ သူ့ဘုရား ရှိခိုးနည်းစနစ်ပဲ။ အဲလို မေတ္တာပို့သံကြားရင် ကိုယ်က လည်း အရွဲ့တိုက်ပြီး ဘာမှ ပြန်မလှည့်ကြည့်ချင်တော့ဘူး။ အဲဒီညက သူ့အပေါ့သွားတာ တောင်ဝှေးလေးနဲ့ တစ် ယောက်တည်း။ ချော်လဲတော့ နောက်နေ့ ဆေးခန်းပို့ရရော။ အဲလိုဆိုတော့လည်း ကိုယ့်မှာ အပြစ်ရှိတဲ့လူလို ခံစားမိပြန် ရောပေါ့။

            သူ အိပ်ရာထဲလဲနေတုန်း သူ့မွေးစားသမီး အိမ်ထောင် ကျတယ်။ အဘိုးကြီး တစ်ယောက်နဲ့။ အဘိုးကြီးက အသက်ငါးဆယ်။ ခင်ခင်က လေးဆယ့်တစ်။ သဘောတူ၊ မတူတော့ ဘာမှမပြောဘဲ ညားပြီး သုံးရက်လောက်နေ တော့ ခင်ခင့်ကို ညတိုင်း သူနဲ့ ပဲ စောင့်အိပ်ရမတဲ့။ အမေ ဆိုတော့ မပြောသာဘူး။ ခင်ခင့်ခမျာ ညတိုင်း သူ့အမေ နဲ့ပဲ အိပ်ရတာ သုံးလေးနှစ် မကတော့ဘူး။ အဘွားကြီး က ဆိုးတာတော့ အတော့်ကို ဆိုးပါတယ်။

            ဒါပေမယ့် နောက်ဆုံး တော့ ခြောက်သွေ့ပိန်လှီစွာ လဲလျောင်းနေတဲ့ သူ့ရုပ်သွင် ဟာ ဇရာရဲ့ နောက်ဆုံးအချိန် လို့ ဖော်ညွှန်းနေတာ သိသာ လှပါတယ်။ နားထင်နားရင်း တွေ ပိန်လှီချိုင့်ခွက်နေတာ။ မျက်လုံးတွေ၊ သွားဖုံးတွေ ချိုင့်ဝင်နေတာ။ သက်မဲ့ရုပ် အတိုင်း။ အသက်ရှူနေလို့ သာ မသေသေးမှန်း သိနေရ တာ။ မီးစာကုန် ဆီခမ်းချိန် လို့ သူ့ကိုယ်သူလည်း သိနေ ပုံပဲ။

            ဒီလိုအခြေအနေမှာ ကိုယ်က သူ့ကို တစ်ဖန်ပြန် လှည့်နှိပ်စက်ဖို့ အခွင့်အရေး တွေက အပြည့်။ အရာရာ ကိုယ့်သဘော။ တစ်အိမ်လုံး ရဲ့ သြဇာက ကိုယ့်မှာအပြည့်။ သားလုပ်သူရဲ့ လုပ်စာနဲ့ အားလုံး စီမံခန့်ခွဲ သုံးစွဲနေရ တာက ကိုယ်လေ။ ကိုယ့် လက်ညှိုးညွှန်ရာသာ ရေ။ တစ်သက်လုံး သူ မစားလို့ မစားဘဲနေခဲ့ရတဲ့ အမဲသား ကို ပြန်စားနိုင်ပြီ။ တစ်သက် လုံး သူစားလို့ ကိုယ် အနံ့မခံ နိုင်ခဲ့တဲ့ ဝက်သားကို စွန့်ပစ် လို့ ရပြီ။ ကဲ... ဘာလိုသေး လဲ။ တစ်သက်လုံးနီးပါး သူ့ ကြောင့် ဝရန်တာမှာတောင် ရပ်ခွင့်မရှိတဲ့ကိုယ်က ဝရန် တာမှာ လေညှင်းခံရင်း နေနိုင် ပြီ။

            ဒါပေမယ့် ဒီလိုနေရလို့ ကိုယ်မပျော်နိုင်တာ ကိုယ် တိုင်သာ အသိဆုံးပဲလေ။ မိဘနဲ့တောင် ဆယ့်ခြောက် နှစ်အထိပဲ နေခဲ့ရတာ မဟုတ် လား။ အမေနဲ့တွေ့ချင်လို့ သောင်ထွဋ်ကိုင်းကို ပြန်တဲ့ တစ်ရက်၊ နှစ်ရက်က လွဲလို့ သူ ဆဲဆဲဆိုဆို ပြောချင်ရာ ပြော၊ အိမ်က တစ်ဖဝါးမှမခွာ ဘဲ သူနဲ့အတူနေလာတာ ကြာ ပဲ ကြာလှပြီ။

            'မငြိမ်း'

            'ရှင် အမေ၊ ဘာလုပ် ချင်လို့လဲ'

            'ကလေးတွေရော အသံမကြားပါလား။ ဘယ် သွားနေကြလဲ'

            'ရှိပါတယ် အမေရဲ့။ တီဗီကြည့်နေကြတယ်။ ခေါ် ပေးရမှာလား'

            'မတွေ့ချင်ပါဘူး ကွယ်။ မေးကြည့်တာပါ။ ငါ နေကောင်းချင်လှပြီ။ မြို့ ထောင့်စေတီ သွားချင်လိုက် တာအေ'

            'အမေ နေကောင်း တော့ သွားတာပေါ့။ ကျွန်မ လိုက်ပို့ပါ့မယ်'

            'ဟုတ်တယ်။ ညည်းပဲ လိုက်ပို့။ နောက်ဘဝဆိုတာ ရှိခဲ့ရင် ညည်းကို ငါ့သမီး တော်ချင်တယ်'တဲ့။

            အဘွားကြီးရဲ့ စကား ကြောင့် ကိုယ် အံ့သြသွား တယ်။ အဘွားကြီးမျက်ဝန်း တွေဟာ ဝေသီလို့ အဝေးကြီး ကို ငေးနေတယ်။ သူ ဘယ် တုန်းကမှ မသွားခဲ့တဲ့ မြို့ ထောင့်စေတီကို ဘယ်တော့ မှ သူ မသွားနိုင်တော့ဘူး။ သူ့ရင်ထဲမှာ ဝမ်းနည်းနေမှာ လား။ ငိုနေမှာလား။ ဒါပေ မယ့် သူ့မျက်နှာက ပြုံးနေပါ တယ်။ သူ့မျက်နှာကို အကြာကြီး စိုက်ကြည့်လိုက် တော့မှ တစ်သက်လုံး စိတ် ဆင်းရဲခဲ့ရတယ်လို့ ထင်ခဲ့ရ တဲ့ အထင်ဟာ လုံးဝမှားနေ မှန်း သိလိုက်ရတယ်။

            တကယ်တော့ လူတိုင်း လူတိုင်းအတွက် ဘယ်လို နေရာမှဆိုတာ အဓိက မကျ လှပါဘူး။ ကိုယ် လက်ခံရရှိ တဲ့ဘဝမှာ ကျေနပ်တယ်၊ ပျော်တယ်၊ စိတ်ချမ်းသာရ တယ်၊ လက်ခံနိုင်တယ်ဆိုရင် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အရာအားလုံး ပြီးပြည့်စုံနေမှာ ပဲ မဟုတ်လား။

ငြိုသီစံ

(အမှတ် ၁၉၄၊ ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေအသစ်
...
အဆင့်ကျော်တွက်ရမည့် ပုစ္ဆာ
သွင်ဆန်းမောင်

ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။

ရွှေအသစ်
...
လက်ရှိပုံပြင်
ခိုင်နုလေး ၊တောင်ကုတ်၊

တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ

ရွှေအသစ်
...
ဘယ်သောအခါ
ငြိုသီစံ

အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...