အတ္ထုပ္ပတ္တိအခန်းဆက်

ကျမရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၂)

လုထူဒေါ်အမာ

01 October 2025
ကျမရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၂)
Share to

ရန်ကုန်မှာ ကျောင်းသား

ဦးလှက သူ့အကြောင်းကို ရေးတဲ့အခါ ရန်ကုန်မှာ သူ ၁၃ နှစ်ကြာနေခဲ့တဲ့ကာလအတွင်း ရန်ကုန်မှာ ကျောင်းသား၊ ရန်ကုန်မှာအလုပ်သမားဆိုပြီး နှစ်ပိုင်းခွဲရေးဖို့ လျာထားပြီးသာလေး တွေ့ရတယ်။ ဒါကြောင့် သူလျာခဲ့တဲ့အတိုင်း ကျွန်မကလည်း ကျွန်မသိသလောက် ရေးဖို့ကြိုးစားထားပါတယ်။ သူ့ကျောင်းနေဖက် သူငယ်ချင်းတွေထဲက သူနဲ့ရင်းနှီးသူတွေ ရှိသင့်သ‌လောက် ရှိကြသေးတော့ ဒီကျောင်းနေဖက်တွေက ဒီအခန်းရေးဖို့အတွက် အကူအညီပေးရှာကြတယ်။ ဦးလှ ညောင်လေးပင်က အာစီအမ် ခေါ်တဲ့ ရိုမင်ကက်သလစ် သာသနာပြုကျောင်းက ၇ တန်းအောင်တော့ ရန်ကုန်အစိုးရ ဟိုက်စကူးကျောင်းကို ကျောင်းအိပ်ကျောင်းစားနေဖို့ ပြောင်းလာခဲ့တယ်။ ရန်ကုန်အစိုးရ ဟိုက်စကူးကျောင်းဆိုတာ ဘုရားလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်မှာ ရှိတဲ့ လသာအမှတ် (၁) အထကကျောင်းနေရာမှာ ရှိတဲ့ကျောင်းပါ။

စစ်ကြီးမဖြစ်ခင်ကရှိတဲ့ ဟိုက်စကူးကျောင်း အဆောက်အဦတွေကတော့ မီးလောင်သွားပြီမို့ ခု လသာ အထက (၁)က အဆောက်အဦတွေက အသစ်တွေပါ။ ဒီကျောင်းဟာ ဟိုခေတ်တုန်းက စာမေးပွဲအောင်ချက်ကောင်း၊ စည်းကမ်းကောင်းတဲ့ နာမည်ကြီးကျောင်းကြီးပဲ။ ရန်ကုန်က ဒီကျောင်းကို ‘ဟိုက်စကူး’ လို့ပဲ တိုတိုခေါ်ပါတယ်။

ဦးလှက ဒီကျောင်းကို ၁၉၂၆ ခုနှစ်က ၁၉၂၉ ခုနှစ်အထိ နေခဲ့ပြီး ဒီကျောင်းကပဲ ၁၀ တန်းအောင်ခဲ့တယ်။ ဦးလှနဲ့ တစ်တန်းတည် နေခဲ့ကြတဲ့ ကျောင်းနေဖက် မြန်မာ့လမ်းစဉ် ဦးစိန်ဝင်းနဲ့ ဖြူး ကိုကြံဟုန်လို့ခေါ်တဲ့ ဗျိုင်းလက်ဖက်ခြောက် ဦးမောင်မောင်တို့က သူတို့ကျောင်းသားဘဝကို ပြန်ပြောပြတဲ့အခါ ဦးလှ အားကစား လိုက်စားတာ၊ ကျောင်းမှာ လူသိများတဲ့ ကျောင်းသားတစ်ယောက် ဖြစ်တာမျိုးတွေကို ပြောကြတာပဲ။ ဟိုက်စကူးကျောင်းမှာ ကျောင်းသားတွေ ကစားစရာက ဘောလုံးနဲ့ ဘတ်စကက်‌ဘောအပြင် ဘေ့စ်ဘောနဲ့ ခရစ်ကတ်လည်း ကစားစရာရှိတယ်။ ပြေးခုန်ပစ် ကစားစရာတွေလည်း ရှိတယ်။ ကျောင်းကအားကစားနည်းပြ၊ ဘောလုံးနည်းပြဆရာ စသဖြင့် ခုခေတ်မှာလို သီးသန့်တော့မရှိဘူး။ ဒရိမ်းဆရာ ဘိုကပြား မစ္စတာ လူးတာစ်က ၂ တန်းဘား၊ ကွင်းဘားကစားနည်း သင်ပေးတယ်။ ဘောလုံးကို ဒုကျောင်းအုပ်ကြီး မစ္စတာ ကလု(စ်)မင်းခေါ်တဲ့ ဦးလှမောင်နဲ့ ဘော်ဒါအုပ်လေ့ကျင်းရေးမှူး ဆရာဘသန်းတင်တို့က သင်ပြပေးတယ် ဦးလှက အားကစားဆိုရင် ဘာအားကစားမှ မလွှတ်ဘူး၊ အားလုံးကစားတယ်။ သိပ်အားကစား ဝါသနာပါတာ။ ဒါကြောင့် ယူနီဘာစီတီရောက်တဲ့အထိ ပြေးခုန်ပစ် မြန်မာနိုင်ငံ ချန်ပီယံ ဖြစ်နေတဲ့ ကိုကြံဟုန် ‌ခေါ် ဖြူး ဦးမောင်မောင်နဲ့လည်းတွဲမိတယ်။ ကိုက် ၁၀၀ အပြေးချန်ပီယံ ကိုငွေကိုင်တို့နဲ့လည်း ဘောလုံးကစားရာမှာ တွဲမိတယ်။ ဖြူး ဦးမောင်မောင်က ‘ကျွန်တော်တို့နယ်တွေကလာတဲ့ ဘော်ဒါကျောင်းသားဆိုတာ အားရင် ကစားကွင်းထဲမှာ အမြဲတမ်း တစ်ခုမဟုတ်တစ်ခု ကစားနေကြတာပဲ။ စနေ၊ တနင်္ဂနွေဆိုရင်လည်း ဘယ်မှ မထွက်ဘူး။ အထူးသဖြင့် လကုန်ရက် ပိုက်ဆံခန်းနေတဲ့ ရက်မျိုးတွေမှာ ဘော်ဒါရေချိုးခန်း နံရံကြီးရှေ့မှာရှိတဲ့ ဂိုးတိုင်မှာ တစ်နေ့လုံး တဒိုင်းဒိုင်း ဂိုးသွင်းကျင့်နေကြတာပဲ။ အဲဒီတော့ အားကစားက မတော်ဘဲ နေမလားတဲ့။

'ကိုလှကတော့ ကစားရုံတွင်မက အမေရိကန်ကလာတဲ့ အားကစား မဂ္ဂဇင်းတွေကို ဖတ်ပြီး ကိုယ်ကာယအလှပါ လုပ်သေးတယ်။ ဝိတ် မ တာတို့ ဘာတို့ပေါ့' လို့ ပြောပြပါတယ်။ မြန်မာလမ်းစဉ် ဦးစိန်ဝင်းကတော့ 'ကိုလှက အားကစားကို သူချည်းလုပ်တာမဟုတ်ဘူး၊ ကျောင်းသားတွေကိုလည်း စည်းရုံးသေးတယ်။ ကျွန်တော်ဆိုရင် သူစည်းရုံးလို့ အားကစားသမားတစ်ယောက်ဖြစ်ရတာ။ ကိုလှက အမေရိကန်က Health & Strength League ဆိုတဲ့ အသင်းထဲ ဝင်ခိုင်းလို့ ကျွန်တော်တို့လည်း ဝင်ကြတယ်။ အဲဒီက အသင်းဝင်တွေကို တံဆိပ်ကလေးတစ်ခုစီ အဖွဲ့ဝင် အဖြစ် ပို့ပေးပါတယ်။ မှတ်မိသေးတယ်။ ဒီအဖွဲ့ရဲ့ ဆောင်ပုဒ်က 'Sacred Thy Body even as Thy Soul' တဲ့။ ကိုလှက ရုပ်ရှင်လည်း သိပ်ကြိုက်တယ်။ ကျွန်တော်တို့ ခေတ်တုန်းက ဂရီတာဂါးဘိုးတို့ ခေတ်ပေါ့'လို့ ပြောပါတယ်။

ဦးစိန်ဝင်းက ကိုလှက လက်ဝှေ့လည်း ဝါသနာပါသေးတယ်။ ဘော်ဒါမှာ သူရေချိုးတော့မယ်ဆိုရင် လက်ခမောင်း ၃ ချက်လောက် ခတ်ပြီးမှ ရေချိုးတာတဲ့။ အဲဒါတော့ ဟုတ်မယ်။ ကျွန်မနဲ့ အကြောင်းပါတဲ့အထိ အဲဒီအကျင့် မပျောက်သေးဘူး။ ဦးလှကိုယ်တိုင် ကျွန်မကို ဘာပြောဖူးသလဲဆိုတော့ 'ကျောင်းမှာတုန်းက ဖေဖေပို့တဲ့ ပိုက်ဆံဟာ တစ်လတစ်လ ရှာလပတ် ရေသည်ကုလားကြီး ကြွေးဆပ်ရတာနဲ့ ကုန်တာပဲ။ ငယ်ငယ်တုန်းက အဲဒီ အချိုရည်တွေ သောက်လွန်းလို့ ငါ့သွားတွေ အစောကြီးကတည်းက မကောင်းဘဲ ဖြစ်ကုန်တာ'လို့ ပြောဖူးပါတယ်။

သူတို့ ဟိုက်စကူးက ဆရာတွေက ညနေကျောင်းဆင်းရင် ဘော်ဒါတွေမှန်သမျှ ကစားကွင်းထဲရောက်လာမှ ကြိုက်တယ်။ ကျားထိုးနေတာတို့ ဘာတို့ဆိုရင် ဆရာကလု(စ်)မင်းက မကြိုက်ဘူး။ ဦးလှတို့က ကျောင်းမဆင်းခင်ကတည်းက ကစားဖို့ စိတ်ကူးနေတဲ့ ကျောင်းသားတွေဆိုတော့ ဆင်းတာနဲ့ တစ်ပြိုက်နက် ကွင်းထဲကို ရောက်တာပဲ။ ညနေ ၅ နာရီထိုးတော့ ထမင်းကျွေးရော။ ထမင်းစားပြီးရင် ဘုရားလမ်းကိုကျော်ခဲ့ပြီး ခု ဗိုလ်ချုပ်အောင်ဆန်း ဈေးကြီးနေရာမှာရှိတဲ့ စီနီမာ ဒီပဲရစ်နဲ့ အယ်လီဖင်စတုန်း ရုပ်ရှင်ရုံတွေဘက်ကို ကူးလာခဲ့ပြီး ရုပ်ရှင် ပိုစတာတွေကို ငေးကြ၊ ဘယ်တော့ ဘယ်ကားပြမယ်ဆိုတဲ့ ကြော်ငြာကို ရှာကြ၊ ကုလားပဲလှော်သည်ဆီက ပါတာနီလှော် တစ်ပြားဖိုး တချွတ်ချွတ် ဝါးရင်းနဲ့ ပိုစတာကြည့်နေကြတာပဲ။

ဘော်ဒါက ၇ နာရီဆိုရင်ပိတ်ပြီ။ အဲဒီအမီ ကျောင်းပြန်ပြေးခဲ့ကြရတယ်။ ညစာကျက်ချိန်က ၇ နာရီက ရှစ်နာရီခွဲအထိပါ။ စာကျက်ခန်းကြီး ၄ ခန်းက စာသင်ခန်းတွေရဲ့ အထက်ထပ်မှာရှိတယ်။ အဲဒီအခန်းတွေမှာ ဘော်ဒါဆရာတွေက တစ်ခန်းတစ်ယောက် ခုံအမြင့်ပေါ်က စားပွဲမှာထိုင်ပြီး ကျောင်းသားတွေ စာကျက် မကျက် ကြည့်နေတာပဲ။

ရှစ်နာရီခွဲတော့ စာကျက်ဆင်းရော။ ကိုးနာရီထိုးရင် အိပ်ဆောင်တွေက မီးမှိန်ပြီး ကျောင်းသားအားလုံး အိပ်ရပါတယ်။ ကော်ရစ်ဒါမှာ တစ်ယောက်မှ ကျန်မနေရပါဘူး။ အိပ်ချိန်တန်ရဲ့နဲ့ စကားပြောနေတဲ့ ကျောင်းသား၊ ဆေးလိပ်ခိုးသောက်တဲ့ ကျောင်းသားတွေ့ရင် တခြားဆရာတွေက သတိပေးရုံပေးတယ်။ ဆရာကြီး ကလု(စ်)မင်းကတော့ ခါးပတ်နဲ့ချွတ်ရိုက်တယ်။ သူက မော်လမြိုင် ရှေ့ထိုးဖိနပ်ကလေးကို အသံမမြည်အောင် ခြွစီးလာပြီး ၄ ခန်းစလုံးကို လိုက်ချောင်းပါတယ်။

ဟိုခေတ်က ကျောင်းသားကို ကျောင်းသားချင်းကပဲ ပြန်ပြီး အုပ်ချုပ်စေတဲ့ သဘောနဲ့ ပရီးဖက်ခေါ်တဲ့ ကျောင်းသားအုပ်ချုပ်ရေးမှူး ခေါင်းဆောင် ၄ ယောက်ကိုမဲနဲ့ရွေးတင်ရတယ်။ ဒီလေးယောက်ရဲ့အပေါ်က ကပ္ပတိန်ဆိုတဲ့ ကျောင်းသား တစ်ယောက် အုပ်ချုပ်တယ်။ ပရီးဖက်နဲ့ ကပ္ပတိန်ကို တော်တဲ့အားကစားသမား တွေထဲကပဲ ရွေးရတယ်။ ဦးလှကိုတော့ အဲဒီအရွေးခံတဲ့အထဲ မပါစေဘဲ တမင်ဖယ်ထားပြီး စပါယ်ရှယ် ပရီးဖက်ခန့်ပါတယ်။ စပါယ်ရှယ်ပရီးဖက်ရဲ့ တာဝန်က ပထမတန်းက ၇ တန်းအထိ ကျောင်းသားငယ် ဘော်ဒါတွေကို အုပ်ချုပ်ထိန်းကျောင်းရသူဖြစ်ပါတယ်။ အဲဒီ ကျောင်းသားငယ်တွေရဲ့ ဘော်ဒါဆောင်က ဟိုက်စကူး ကျောင်းဝင်းထဲမှာ မဟုတ်ဘဲ ဝင်းထရံခြားတဲ့ သစ်တောကောလိပ်အဆောက်အဦရဲ့ အပေါ်ထပ်မှာ ဖြစ်ပါတယ်တဲ့။

တစ်ခါတုန်းက နယ်ပိုင်ဝန်ထောက် ကိုမောင်မောင်ဆိုတာ မန္တလေးကို အလုပ်နဲ့ ပြောင်းလာတာ။ အိမ်အလည်လာပြီး ဦးလှကို ထိုင်ကန်တော့ နှုတ်ဆက်တယ်။ ပြန်တော့လည်း ကိုမောင်မောင်က ကန်တော့ပြီးမှ ပြန်တယ်။ ဒါနဲ့ ကျွန်မက ဘာလို့ ကန်တော့တာလဲလို့ ဦးလှကို မေးကြည့်တော့ ကျောင်းမှာတုန်းက ညီကလေးလို စောင့်ရှောက်ခဲ့တဲ့ ကျောင်းသားငယ်တစ်ယောက်မို့ပါ။ သူ ဒီလို စောင့်ရှောက်ခဲ့တဲ့ကလေးတွေ အများကြီးလို့ ဦးလှက ပြောပြပါတယ်။

ဖြူးဦးမောင်မောင်ကတော့ 'ကိုလှဟာ ကျောင်းသားအရွယ်ကစပြီး ဘာလုပ်လုပ် မဖြစ်မနေလုပ်တတ်တယ်။ ကျောင်းတုန်းက သူပညာတတ်ပြီးရင် စာရေးဆရာ လုပ်မယ်လို့ ကျွန်တော့်ကို ပြောဖူးတာ ကျွန်တော် မှတ်မိတယ်။ အဲဒီအတိုင်းလည်း ဖြစ်အောင် လုပ်သွားတာပဲ'လို့ ပြောပြပါတယ်။ မြန်မာ့လမ်းစဉ် ဦးစိန်ဝင်းကတော့ ဦးလှ ကျောင်းမဂ္ဂဇင်းမှာ ဆောင်းပါး အမြဲရေးတယ်။ အင်္ဂလိပ်လိုရော၊ မြန်မာလိုရော ရေးတယ်။ မဂ္ဂဇင်းက ဆောင်းပါးပါရင် မုန့်ဖိုးရတယ်။ ဦးလှက ကျွန်တော်တို့ ၁ဝ တန်းဘီက ထင်ရှားတဲ့ ကျောင်းသားများဆိုပြီး ဆောင်းပါးတစ်ပုဒ်ရေးတော့ ကျွန်တော့်အကြောင်းတောင် ထည့်ရေးသေးတယ်' လို့ ပြောပါတယ်။ ဦးလှ သိမ်းထားလို့ ၁ဝတန်းတုန်းက ကျောင်းမဂ္ဂဇင်းလေးတစ်အုပ် ဦးလှဆီမှာ တွေ့ဖူးပါတယ်။ သူ့အင်္ဂလိပ်စာ အရေးအသားက ကျွန်မထက် ကောင်းပါတယ်။ ဦးလှဟာ အင်္ဂလိပ်စာ၊ မြန်မာစာ စတဲ့ဘာသာတွေမှာ တော်တဲ့ကျောင်းသားနဲ့ တူပါတယ်။

ကျောင်းမဂ္ဂဇင်းတစ်အုပ်မှာ အင်္ဂလိပ်လို ဆောင်းပါးတစ်ပုဒ် Some Difficulties in My Life 'ကျွန်တော့် ဘဝမှာတွေ့ရတဲ့ အခက်အခဲကလေးများ' ဆိုတဲ့ ခေါင်းစဉ်နဲ့ သူရေးဖူးသတဲ့။ အဲဒီထဲမှာ 'စာတွေ မကျက်ချင်ပုံ၊ အက္ခရာ သင်္ချာကိုမုန်းပုံ၊ ကစားခုန်စား ပြေးခုန်ပွဲတွေမှာ ဝါသနာပါသလောက် စာကျက်ရတဲ့ အလုပ်ကို မလုပ်ချင်လို့ ခက်နေပုံ' တွေကို ရေးထားသတဲ့။

ရန်ကုန်ဟိုက်စကူးကျောင်းက ၁၈၇၁ ခုနှစ်မှာ တည်ထောင်တာတဲ့။ အဲဒီတော့ ၁၉၇၁ ခုနှစ်မှာ ကျောင်းသက် အနှစ် ၁ဝဝ ပြည့်တာမို့ ကျောင်းသားဟောင်းတွေက ရာပြည့်ထမင်းစား ပွဲကြီးတစ်ရပ် ကျင်းပခဲ့ကြတယ်။ ရန်ကုန်မှာ ရှိနေသူတွေသာမက နယ်တွေ ရောက်နေကြတဲ့ ကျောင်းသားဟောင်း တွေပါ တက်ဖို့စိုင်းပြင်းကြတယ်။ အဲဒီမှာ ကျောင်းသားဟောင်းတစ်ယောက် ဖြစ်တဲ့ ဦးလှက ကြေးမုံသတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးပါတယ်။ သူ့ဆောင်းပါးက သူ့ကျောင်းသားဘဝ တစ်စိတ်တစ်ဒေသကိုလည်း ဖော်ထားပါတယ်။

ရန်ကုန်ဟိုက်စကူး နှစ် ၁ဝဝ ပြည့်

ဒီကျောင်းက ကျွန်တော်ထွက်တာ နှစ်ပေါင်း ၄ဝ ကျော်ပါပြီ။ ဒါပေမယ့်ဒီကျောင်းနားကို ရောက်သွားရင် ပြန်ငယ်သွားတယ်လို့ ထင်မိတယ်။

ကျောင်းနား ကားဖြတ်စီးသွားတဲ့အခါ ကစားကွင်းထဲပြေးဆင်းပြီး ငယ်ငယ်ကလို ဟိုဘက်ဂိုး ဒီဘက်ဂိုးများကို တအားကျုံးပြီး ဘောလုံးကန်သွင်းလိုက်ချင်တယ်။ ခေါင်းနဲ့ တိုက်သွင်းလိုက်ချင်တယ်။ အဲဒီ အခိုက်အတန့်မှာ အဲဒီစိတ်ကြောင့် အလိုလို နုပျိုဖျတ်လတ်သွားတယ်လို့ ဆိုနိုင်လိမ့်မယ်။

၁၉၂၆ ခုက ၂၉ အထိ ဒီကျောင်းမှာ ကျွန်တော် ပညာသင်ခဲ့ရတယ်။ အဲဒီ အခါတုန်းက ဒုတိယကျောင်းအုပ်လည်းဖြစ်၊ ဘော်ဒါအုပ်လည်းဖြစ်တဲ့ ဆရာကြီး မစ္စတာကလု(စ်)မင်း ကိုယ်တိုင် ကစားကွင်းထဲမှာ ကျွန်တော်တို့နဲ့အတူ ဘောလုံးကစားတယ်။ ဘော်ဒါ ဆရာတစ်ဦးလည်းဖြစ်၊ ဆယ်တန်းအေ အတန်းကိုင်ဆရာလည်းဖြစ်၊ လေ့ကျင့်ရေးမှူးလည်းဖြစ်တဲ့ ဆရာဘသန်းတင် ကိုယ်တိုင် တစ်ခါတလေ လကျ်ာအပြင် လူအဖြစ် ဝင်ကစားတယ်။ ကော်နာဘက်ဆွဲသွားပြီး ဆရာအမြောက်ကန် ပေးလိုက်တာကို ကျွန်တော်တို့က ခေါင်းနဲ့ပြေးပြေးတိုက်ကြရတယ်။ ရသင့်တာများ မရရင်တော့ 'ခွေးမ သားတွေ'လို့ ဆဲရော။ ဆရာကန်လိုက်တာက ဂိုးနောက်ဘက်ရောက်သွားရင်တော့ ကျွန်တော်တို့က ဘာမှ မပြောရဲဘူး၊ ဆရာပေကိုး။

လေ့ကျင့်တဲ့သဘောနဲ့ အချင်းချင်း ခွဲကစားတဲ့အခါ ဆရာကလု(စ်)မင်းက 'ဟင်း ဟင်း ဒီလိုဝင်ရင် နာသွားမှာပေါ့' ဆိုပြီး အဝင်မှားတာကို ပြရင်း ဖက်ထားလိုက်တာကို ခံရတဲ့ အခါ အင်မတန် ကျေနပ်မိပါတယ်။ ဟိုတုန်းက ကျောင်းအသင်းချင်း ကစားတဲ့ပွဲတွေမှာ 'ချ' တာတွေက ပါတတ်တော့ ကိုယ့်တပည့်မနာရအောင် ဆရာက လက်တွေ့သင်ပြတာပဲ။

ရွှေတိဂုံဘုရားခြေရင်း၊ ဂေါ်ရာကုန်းက ဂေါ်ရာစစ်သားတွေနဲ့ ကျွန်တော်တို့ ခဏခဏချိန်းကစားကြတယ်။ အားမနာတမ်း နင်လားငါလား ကစားကြတဲ့ပွဲတွေပဲ။ ကျွန်တော်တို့ အသင်း ငါးယောက်တန်း အလယ်လူကိုငွေကိုင်က အင်မတန် အပြေးကောင်းတယ်။ ကျောင်းသားပေါင်းစုံပြိုင်ပွဲနဲ့ မြန်မာပြည်လုံးဆိုင်ရာ အပြေးပြိုင်ပွဲတွေမှာ ကိုက် ၁ဝဝ အပြေးချန်ပီယံရသူပဲ။ ကိုက် ၁ဝဝ ကို ၁ဝ ဒသမ ၅ ပိုင်း ၃ ပိုင်း စက္ကန့်ပြေးသူပေါ့။ ဂေါ်ရာစစ်သားတွေနဲ့ ချိန်းကစားတဲ့ ပွဲတစ်ပွဲမှာ ဘောလုံးကို ဂေါ်ရာနောက်တန်းလူ နှစ်ယောက်ကြားထဲက ထိုးထိုးပေးတဲ့အခါ ကိုငွေကိုင်က အတင်းပြေးယူပြီး သွင်းတာပဲ။ ဘောလုံးပွဲပြီးလို့ ဘိလပ်ရည်သောက်ကြတော့ ကိုငွေကိုင် ဘောကန်ဖိနပ်ကို ကြည့်ပြီး 'မင်းဖိနပ်ဆိုက် ဘယ်လောက်လဲ'လို့ ဂေါ်ရာတစ်ယောက်က မေးတယ်။ 'နှစ်ခွဲ'လို့ ပြန်ပြောတော့ 'မင်း ဖိနပ်ဆိုက်က ငါ့ဖိနပ်ဆိုက်ရဲ့ တစ်ဝက်ပဲ ရှိတယ်လို့ ပြန်ပြောပြီး ပြုံးနေတယ်။ ဖိနပ်ဆိုက်နဲ့ ပြန်အနိုင်ယူချင်တယ် ထင်ပါရဲ့။ ဒါပေမယ့် ကိုငွေကိုင်က အရှုံး မပေးဘူး၊ ကျွန်တော့်ခြေထောက်ကို လက်ညှိုးထိုးပြတယ်။ ကျွန်တော်က ဖိနပ်ခြေဖဝါး ဘက်လှန်ပြလိုက်တော့ ဆိုက် (၆) ဖြစ်နေတာ ဂေါ်ရာ မြင်သွားတာပေါ့။ သူ့ဖိနပ်ထက် တစ်နံပါတ် ကြီးနေတာတွေ့တော့ ဂေါ်ရာ ငြိမ်သွားရော။

ကျွန်တော်ပြောနေတဲ့ကျောင်းဟာ အခု ဗိုလ်ချုပ်အောင်ဆန်းလမ်း (ကော်မရှင်နာလမ်း) နဲ့ ဘုရားလမ်းထောင့်က လသာဒေသစိတ် အမှတ် (၁) အစိုးရ အထက်တန်းကျောင်းပါပဲ။ ဒီကျောင်းကို ဒုတိယကမ္ဘာစစ် မဖြစ်ခင်ခေတ်က အစိုးရဟိုက်စကူး ကျောင်းလို့ ခေါ်ပါတယ်။

ဒီကျောင်းတည်ထောင်တာ ၁၈၇၁ ခုနှစ်ကဖြစ်လို့ အခုလာမယ့် ဧပြီလ ၁ဝ ရက်နေ့မှာ ကျောင်းသားဟောင်းများ ရာပြည့်မိတ်ဆုံညစာစားပွဲ ကျင်းပမယ်လို့ သတင်းစာတွေထဲမှာ တွေ့ရတယ်။ ရေဒီယိုကလည်း ကြားလိုက်ရတယ်။

ဒီကျောင်းနားကိုရောက်ရင် ကစားကွင်းထဲမှာ ပြေးလွှားခုန်ပေါက်ချင်တာ သာမက ငယ်ငယ်ကလို အတန်းထဲမှာ ဝင်ထိုင်လိုက်ချင်တယ်။ ချစ်ခင်တဲ့ ဆရာ၊ ဆရာမတွေရှေ့မှာ စည်းကမ်းရှိတဲ့ ကျောင်းသားလေးတစ်ယောက်လို နေပြလိုက်ချင်တယ်။ အဲဒီလို နေပြဖို့ကလည်း ကျွန်တော်တို့ခေတ်က ကျောင်းအဆောက်အဦက မရှိတော့ဘူး။ ၁ဝ နှစ်ကျော်ကျော်လောက်က မီးလောင်သွားပြီ။

ပညာဘက်ကကြည့်ရင် ၇ တန်းရော ၁ဝ တန်းမှာပါ အအောင်များတယ်။ ဂုဏ်ထူးရသူလည်း မနည်းဘူး။ ပြေးခုန်ပစ် ကျောင်းပေါင်းစုံ ယှဉ်ပြိုင်ပွဲတွေမှာ ဒိုင်း (၅) ဒိုင်းရှိတဲ့အထဲက ကျွန်တော်တို့ကျောင်းက ဒိုင်း (၃) ဒိုင်းနဲ့ ချန်ပီယံဒိုင်းပါပေါင်း (၄) ဒိုင်း မကြာမကြာရတယ်။ ဘောလုံးဒိုင်းလည်း တစ်ခါတစ်ခါရတယ်။ ဘေ့စ်ဘောဒိုင်းကို သာသနာပြုကျောင်းတွေကသာ အရများပေမယ့် တစ်နှစ်မှာတော့ ဆရာဦးသက်ဝင်း ကြီးမှူးတဲ့ ကျွန်တော်တို့အသင်းက ကောင်းကောင်းကြီး အောင်ပွဲခံလိုက်တယ်။ ဆရာတွေရဲ့ကျေးဇူးကို ကျွန်တော် မမေ့နိုင်ဘူး။ ဦးလှစိန်ဆိုတာ ၁၉၂ဝ ခုနှစ် ကောလိပ်ကျောင်းသား ဘွိုင်းကော့ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ရှစ်တန်းနဲ့ ကိုးတန်းမှာ မြန်မာစာပြတယ်။ စာသင်ရင်း ကျောင်းသားတွေကို မျိုးချစ်စိတ် အများကြီး သွင်းပေးတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သမိုင်းဆရာ ဦးဘရင်၊ ပထဝီဝင်ဆရာ ဦးကံမြင့်တို့ကလည်း စာအုပ်တွေထဲက အကြောင်းအရာတွေ ရှင်းပြရင် ကိုယ့်တိုင်းပြည်ချစ်ဖို့၊ တိုင်းသူပြည်သားကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ အခွင့်သာတိုင်း လှုံ့ဆော်ပညာပေးကြပါတယ်။ ဆရာ ကလု(စ်)မင်း ဦးလှမောင်က အင်္ဂလိပ်စာ အပိုဘာသာသင်ရင်း ခေါမက စပါတန်လူမျိုးအကြောင်း ရှင်းပြတဲ့အခါ လူဦးရေ မများပေမယ့် မျိုးချစ်စိတ် ရှိကြမယ်၊ အရည်အချင်း အဖက်ဖက်က ပြည့်စုံကြမယ်၊ ကိုယ်ကျိုးစွန့်ကြမယ်ဆိုရင် ကိုယ့်မင်းကိုယ့်ချင်းနဲ့ ကြံ့ကြံ့ခိုင်ခိုင်နေနိုင်တဲ့သဘောကို ပြောပြလေ့ရှိပါတယ်။

နိုင်ငံကျော် ဂရိတ်ဦးဖိုးစိန်ကြီးဟာ မန္တလေးကိုရောက်လာတဲ့အခါ သူ့ကို 'မောင်စိန်' လို့ခေါ်တဲ့ သူ့ပရိသတ် အဒေါ်ကြီးများရဲ့အိမ်တွေကို သွားလေ့ရှိတယ်။ အသက်မကြီးသေးဘူး၊ ငယ်သေးတယ်လို့ ခံစားရပြီး စိတ်ချမ်းသာလို့တဲ့။ ဆရာ ကလု(စ်)မင်း ဦးလှမောင်၊ ဆရာဦးဘသန်းတင်၊ ဆရာဦးကံမြင့်၊ ဆရာဦးဟုတ်ထိန်၊ ဆရာဦးသက်ဝင်း စတဲ့ဆရာများက 'မောင်လှ ငါ့တပည့်' စသဖြင့် ခေါ်တာခံဖို့၊ သူငယ်ချင်း အချင်းချင်း မင်းနဲ့ငါနဲ့ ပြောနိုင်ဖို့ ဒီဟိုက်စကူးရာပြည့်ထမင်းစားပွဲကို ကျွန်တော်တို့ တက်ကြပါတယ်။ ဒီနှစ်ပေါင်း ၄ဝ ကျော်အတွင်းမှာ ဘယ်သူတွေ တိုင်းပြည်အတွက် ဘာလုပ်နိုင်ကြတယ်ဆိုတာလည်း အချင်းချင်းတွေ့ကြတော့ ပြောပြနိုင်ကြမှာပေါ့။ တိုင်းပြည်အတွက် လုပ်တယ်ဆိုတဲ့နေရာမှာတော့ အမြင်ချင်း တူကြကောင်းပါရဲ့လို့ ရေးထားပါတယ်။

(၃.၄.၇၁ ကြေးမုံ)

ဧပြီလ ၁ဝ ရက် ၁၉၇၁ နေ့မှာ  ဟိုက်စကူးကျောင်းရဲ့ ရာပြည့်ပွဲ ညစာစားပွဲကြီး ကျင်းပတော့ ကျွန်မတို့ နှစ်ယောက် ရန်ကုန်ရောက်နေကြပြီး ဦးလှ ထမင်းစားပွဲ သွားတက်ပါတယ်။ ပြန်လာတော့ 'မင်း မလိုက်လာလို့ကွာ၊ ထမင်းစားပွဲက လူသိပ်စုံတာပဲ။ ငါ စကားပြောရသေးတယ်။ လူတွေက တဝါးဝါးနဲ့၊ မင်းကြားစေချင်တယ်' တဲ့။

ဦးလှက သူဘယ်သွားသွား ကျွန်မ သူနဲ့အတူပါမသွားရင် ပြန်လာတော့ အမြဲတမ်းပြန်ပြီး သူပြောခဲ့တာကို ပြောပြနေကျအတိုင်း အဲဒီတုန်းကလည်း သူ့အတွေ့အကြုံတွေကို ပြောပြပါတယ်။  သူတို့ ဟိုက်စကူးရာပြည့် ညစာစားပွဲက ဆရာဟောင်း၊ ဆရာမဟောင်းတွေ၊ ကျောင်းနေဖက် သူငယ်ချင်း မိတ်ဆွေဟောင်းတွေချည်း ပြန်ဆုံကြတဲ့ပွဲဆိုတော့ ပျော်စရာကြီး နေမှာပေါ့။ တချို့ သူငယ်ချင်းက ကျောင်းက ထွက်ကတည်းက ကွဲသွားလိုက်တာ လူချင်း မတွေ့ရတော့ဘူး၊ သတင်းလောက်ပဲ ကြားရတော့မယ်။ တချို့သူငယ်ချင်းက သတင်းတောင် မကြားရ၊ ခုမှ ပြန်တွေ့  ရတယ်ဆိုတာမျိုးတွေလည်း ရှိမှာပေါ့။

ပြီးတော့ ဦးလှက လူထဲမှာစကားပြောတဲ့အခါ ကျွန်မအနေနဲ့ပြောရရင် အဲဒီလိုရင်းနှီးကျွမ်းဝင်တဲ့ ပရိသတ်ထဲမှာ ထမင်းစားအပြီး ပေါ့ပေါ့ပါးပါးပြောတဲ့ အပြောမျိုးမှာ အပြောအကောင်းဆုံး သူပြောတတ်တယ်လို့ ထင်ပါတယ်။

သူ့အကျင့်က ရင်းနှီးချစ်ခင်တဲ့ လူတွေနဲ့တွေ့ရင် သူက ပျော်ပါးပြီး သူ့ပင်ကို ဟာသက မဖုံးဖိနိုင်တော့ဘဲ အပြင်ထွက်ထွက်လာပြီး ရယ်စရာ မောစရာလေးတွေနဲ့ အာရွှင်လာတတ်တယ်။ ပြီးတော့ တရင်းတနှီးရှိကြလေလေ၊ အဲဒီရင်းနှီးသူတွေကို သူက စကားပြောရင်း သူ့စကားထဲမှာထည့်ပြီး တို့တာ၊ ဆိတ်တာ၊ ကလိတာ၊ ကျီစယ်တာကလေးတွေလည်း ပါလေလေပဲ။ ဟိုက်စကူး ရာပြည့်ဒင်နာညကတော့ သူတို့ ဆရာကြီးတွေပါတယ်။ အဲဒီဆရာကြီးတွေထဲက ဆရာကလု(စ်)မင်းတို့၊ ဆရာ မစ္စတာတိုင်ယာတို့တွေမှာ သမီးပျိုတွေ ရှိတယ်။ ဒီသမီးပျိုတွေကို သူတို့ခေတ် ကျောင်းသားတွေက ထုံးစံအတိုင်း နောက်ပိုးကြ၊ စာပေးကြတယ်။ ဒါမျိုးတွေကိုလည်း ဦးလှကထည့်ပြီး ကလိ ပြောပြောမှာကိုး။ ဒီကိစ္စမျိုးနဲ့ သူငယ်ချင်း ဘယ်နှယောက်လောက်ကို စခဲ့သလဲမှ မသိတာ။ သူ့ သူငယ်ချင်း ကိုသန်းနွဲ့လည်း အဲဒီညက ပါသတဲ့။ ကိုသန်းနွဲ့က သူရန်ကုန်ထောင်ကြီးထဲမှာ 'ဖဆပလအစိုးရရဲ့ ဧည့်သည်တော်အဖြစ် (၃)နှစ် (၃)လ (၇) ရက်' နေခဲ့ရစဉ်က IGP ခေါ်တဲ့ အကျဉ်းထောင် မင်းကြီးလေ။ အဲဒီတော့ 'ဟိုက်စကူးက ကျောင်းနေဖက်သူငယ်ချင်း ကိုသန်းနွဲ့ရဲ့ ရိက္ခာစားနေခဲ့တာ' တွေ ဘာတွေလည်း ထည့်ပြောခဲ့သတဲ့။ သူ့ မိန့်ခွန်းထဲမှာ ဘယ်သူတွေကို ဘယ်လို ကလိလို့ ဘယ်လိုပဲ ရိခဲ့ရိခဲ့ ဦးလှက လူတစ်ဖက်သား နစ်နာသွားစေမယ့် စကားလုံးမျိုးကို ဘယ်တော့မှ သုံးနှုန်းလေ့ မရှိဘူး။ ဒါကြောင့် အကလိခံရသူများကလည်း သူ့ကို စိတ်ဆိုးကြမယ် မထင်ပါဘူး။ ထမင်းစားပွဲအပြီး ပြောရတဲ့စကားဆိုတာ လွတ်လပ်တယ်။ ပေါ့ပါးတယ်။ ရင်းနှီးတယ် ဟုတ်လား။ အဲဒီတော့ သူက သူ့ထုံးစံအတိုင်း ပုံတိုပတ်စကလေးတွေ၊ ရယ်စရာ မောစရာလည်း ထည့်လို့ ညှပ်လို့ ပြောလိမ့်ဦးမယ်။ ပြန်လာတော့ မိုးချုပ်လှပါပြီ။ နို့ပေမယ့် ဝမ်းသာလို့၊ ပျော်လို့ 'မင်း လိုက်ခဲ့စေချင်တယ်ကွာ၊ ငါ မင်းခေါ်မသွားမိတာ ငါမှားသွားတယ်။ တို့မိတ်ဆွေတွေ အများကြီးနဲ့ ပြန်ဆုံမိတယ်။ ဘယ်သူတွေလာတယ်၊ ဘယ်ဝါတွေ လာတယ်'နဲ့ ပြောပြနေလိုက်တာ။ ပြီးတော့မှ သူစကား ပြောခဲ့တာလေးတွေရဲ့ အကျဉ်းချုပ်ကိုလည်း ပြန်ပြောပြပါသေးတယ်။ မိုးကိုချုပ်လို့။

ရာပြည့်ထမင်းစားပွဲကြီးမှာ ဆရာကြီးတွေထဲက ဆရာဦးဘသန်းတင်၊ ဆရာကြီး မစ္စတာ ကလု(စ်)မင်း၊ ဆရာမကြီး ဒေါ်လှနုတို့က စကားပြောကြသတဲ့။ ကျောင်းသားဟောင်းတွေထဲက ဝတ်လုံတော်ရ ပါမောက္ခဒေါက်တာ ဦးကျော်မြင့်၊ ယူပီအိုင် ဦးဘသန်း၊ I.C.S မြန်အောင်ဦးတင်၊ ဇမ္ဗူဝင်း ဦးစိန်ဝင်း၊ ဂါဒီယန် ဦးလှကြင်နဲ့ ဦးလှတို့က စကားပြောကြသတဲ့။

ဦးလှက သူငယ်ငယ်တုန်းက သူ့ကို သင်ကြားပြသပေးတဲ့ ဆရာတွေကိုလည်း သိပ်လေးစားပါတယ်။ သူ့ဆရာတစ်ယောက်ယောက် မန္တလေး ရောက်နေတယ်ကြားရင် ကြားရာကို လိုက်သွားပြီး အိမ်မှာ ထမင်းဖိတ်ကျွေးတယ်။ ဘုရားပုထိုး လိုက်ပို့တယ်။ စာအုပ်တွေ လက်ဆောင်ပေးတယ်။ ဆရာ ကလု(စ်)မင်းဆိုရင် ဆရာကြီးကလည်း အသက်ရှည်တယ်၊ ရှစ်ဆယ်ကျော်အထိ နေသွားတာ။ ဆရာကြီး မန္တလေးလာရင် ကျွန်မတို့အိမ်မှာပဲ တည်းခိုတယ်။ ဦးလှက တရိုတသေ ပြုစုကျွေးမွေးပါတယ်။

သူ့ဆရာသမား မဆိုထားနဲ့ ဒီဆရာတွေက မွေးထားတဲ့ သားသမီးတွေကိုတောင် ဦးလှက သံယောဇဉ်ကြီးကြီးနဲ့ ဆက်ဆံပါတယ်။ သူတတ်နိုင်တဲ့ကိစ္စရှိရင် ကူညီဆောင်ရွက်ပေးတယ်။ သူ့စာအုပ်တွေကို လက်ဆောင်ပေးတယ်။ ဘယ်သူတွေဟာဖြင့် ဘယ်ဆရာရဲ့ သားသမီးပဲဆိုပြီး မန္တလေး ရောက်လာကြရင် အလည်သွားတယ်။ စာအုပ်လက်ဆောင်ပေးတယ်။ ဒီဆရာ သားသမီးတွေကို ဖခင်ဆရာတွေ အပေါ်မှာလိုပဲ သံယောဇဉ်ကြီးကြီးနဲ့ ခင်မင်ပါတယ်။

ကျွန်မအထင်ပြောရရင် ရန်ကုန်ဟိုက်စကူးကျောင်းမှာနေရင်းက သူ့ တစ်သက်တာရဲ့ အနေအထိုင် အကျင့်အကြံ အပြုအမူတွေကို ပုံဖော်ပေးသွားမယ့် အလေ့အကျင့်တွေ တော်တော် ရရှိမွေးမြူခဲ့တယ်လို့ ထင်ပါတယ်။ ဦးလှက 'ကျွန်တော် ကိုယ်တိုင်ဘောလုံး၊ ဘတ်စကက်ဘော၊ ဘောလီဘော၊ ဘေ့စ်ဘော၊ ကြက်တောင်၊ တင်းနစ် စသည်များကို အများကြီး ကစားခဲ့ဖူးသည်။ အားကစားတိုင်းပင် အကျိုးသက်ရောက်မှုများစွာ ရှိကြပေသည်။ ဖျတ်လတ်ခြင်း၊ သန်စွမ်းခြင်း၊ တစ်ကိုယ်ကောင်းမဟုတ် အများနှင့်အတူ အပေးအယူ ကစားရခြင်း၊ တစ်ဖက်သား နာအောင် မလုပ်ရခြင်း၊ မညစ်ပတ်ရခြင်း စသည့် စာရိတ္တပြုပြင်ရေးအတွက် အကျိုးသက်ရောက်သည်ချည်း ဖြစ်ပေသည်' လို့ လူထုသတင်းစာက သူ့အခန်း သောင်းပြောင်းထွေလာမှာ ၁၂-၂-၆၄ နေ့က ရေးခဲ့တယ်။

စာရေးတဲ့ အကျင့်လည်း ဒီကျောင်းကပဲ စခဲ့တယ်။ စာဖတ်တဲ့အကျင့်လည်း ဒီကပဲ ရခဲ့မှာပဲ။ သူ့ဆရာတစ်ဦးဖြစ်တဲ့ ဆရာကြီး မစ္စတာကလု(စ်)မင်း သူ့ကို ငယ်ငယ်က ပြောပြလိုက်တဲ့ စပါတန် အလေ့အကျင့်ကောင်းဆိုတာကိုလည်း သူ့စိတ်ထဲ စွဲစွဲမြဲမြဲ ဝင်ပုံပေါက်ပါတယ်။ သူ့သားကြီး (၃) နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ်ရေးတဲ့ 'ဆုထူးပန်ယောကျ်ား' စာအုပ်ထဲမှာတောင် စပါတန် လူမျိုးတွေကို ငယ်ကတည်းက ဘယ်လို လေ့ကျင့်ခဲ့တယ်ဆိုတာ ထည့်ရေးပါသေးတယ်။

ဆက်လက်ဖော်ပြပါမည်။

လုထူဒေါ်အမာ

(အမှတ် ၁၉၄၊ ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၈)
လူထုဒေါ်အမာ

သူ့မိတ်ဆွေသင်္ဂဟ၊ သူနဲ့ဆက်ဆံတဲ့လူ၊ သူ့ တပည့်သားမြေးတွေ၊ အားလုံးအပေါ်မှာကိုပဲ အလွန်ပြေပြစ်အောင် ဆက်ဆံပါတယ်။ သူက ကျွန်မကို တစ်ခါပြော ဖူးတယ်။ သူ ဘယ်သူနဲ့ မိတ်ဆွေဖြစ်ရဖြစ်ရ၊ အဲဒီလူနဲ့ သူ တစ်သက်လုံး မိတ်ဆွ...

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၇)
လူထုဒေါ်အမာ

ဦးလှက ဘယ်သားသမီးကိုမဆို သိပ်ချစ်၊ သိပ်အလိုလိုက်တာပါ။ သူ ဘယ်ကလေးမှ ရိုက်နှက်ဆုံးမတာမျိုး မရှိပါဘူး။ ကလေးတွေကလည်း သူ့ သန္ဓေပါတယ် ထင်ပါရဲ့။ မဆိုးကြပါဘူး။

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျမရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၆)
လူထုဒေါ်အမာ

၁၉၃၉ ခု နိုဝင်ဘာလ ၁၃ ရက်(၁၃၀၁ တန်ဆောင်မုန်းလဆန်း ၃ ရက်) နေ့ ညမှာ ကျွန်မမိဘတိုက်မှာပဲ အရပ်ထဲက လူတွေရယ်၊ ဆွေးမျိုးရယ်၊ အလွန်ရင်းနှီးတဲ့ မိတ်သင်္ဂဟရယ် အားလုံးမှ လူ (၁၅၀) လောက်ဖိတ်စာမပါ ပါးစပ်ဖိတ် ဖိတ်ပြီ...