အခန်းဆက်ဝတ္ထုရှည်

ရီရီမြ...ရီမြ (အပိုင်း၂)

မာန် ၊တောင်လုံးပြန်၊

01 October 2025
ရီရီမြ...ရီမြ (အပိုင်း၂)
Share to

ကျွန်တော်အံ့သြသည်မှာ ရီရီမြ၏ နှလုံးသားကိုပင် ဖြစ်သည်။ သူ့ကိုစွဲမက်လာသော ယောက်ျားတစ်ယောက်၏ နှလုံးသားအပေါ် ခြေစုံရပ်မိပြီးသည့်တိုင် နောက်နှလုံးသားတစ်ခု ပေါ်လာလျှင် သူ့မျက်ဝန်းများသည် ပီဘိအပျိုစင်လေးနှယ် အ‌ရောင်တွေ လက်လာသည်။ တစ်ခါမှ အချစ်မခံရသူတစ်ဦးနှယ် ရှက်သွေးတွေ ဖြာနေတတ်သည်။ ချစ်ရေးဆိုသူ၏ ဖိနပ်ကို ကောက်၍ ဗိုင်းကောင်းကျောက်ဖိ မိန်းမပျိုတို့လို ရိုကျိုးလိုက်နာစွာ နောက်ကပါမည့် ဟန်ပြတတ်သည်။ ဆိုဆုံးမသမျှ နာခံတော့မည့် မိန်းမချောလေးလို နူးညံ့ပျော့ပျောင်းနေတတ်သည်။ ထိုပုရိသစိတ် ငြိုငြင်စေမည့် အပြုအမူမျိုး ရီရီမြ၌ ရှာမရ။ အရင်ရီရီမြမှ ဟုတ်ပါလေစဟု ထင်ရမည်။ ထိုပုရိသအဖို့ ကျားဆိုးမလေးကို လိမ္မာယဉ်ကျေးအောင် ထိန်းချုပ်သွန်သင်နိုင်သူဟု ဘဝင်ဟပ်စေသည်။ ဤသည်မှာ ရီရီမြ၏ ထိုးကွက်ဖြစ်၏။ ထိုပုရိသ၏ နှလုံးသားအပေါ် ခြေစုံတက်မရပ်ရခင် မည်သည့်ယောက်ျားကိုမှ ရီရီမြ စိတ်မဝင်စား၊ မျက်စောင်းပင်မထိုး၊ ယုတ်စွအဆုံး မျက်လွှာလေးချ၍ ထိုလူ၏ လက်ကိုချိတ်ကာ ပွဲလမ်းသဘင်နှင့် ဧည့်ခံပွဲတက်သည်။ တကယ့်အစွယ်ကျိုးမြွေ။ သို့သော်အဆိပ်ကား ရှိမြဲမဟုတ်လော။ ထိုအဆိပ်ထိခဲ့သူမှာ ကိုကျော်ဇေဖြစ်သည်။ သို့သော် ကိုကျော်ဇေက လူပါး။ အဆိပ်ထိထိချင်း ထွက်ပြေးလွတ်မြောက်သွားသည်။ တော်တော်ကြောက်စရာကောင်းတဲ့ မိန်းမဟု မိန်းမများကြားတွင် ကျင်လည်ခဲ့သူကြီးက မှတ်ချက်ချသည်။ ရီရီမြက ပြုံးရင်းကျန်ရစ်ခဲ့သည်။ ရီရီမြသာ စပိုင်လုပ်လျှင် ကမ္ဘာတစ်ခြမ်းကိုပင် ပြောင်းပြန်လှန်နိုင်မည်ဟု ကျွန်တော်ယုံသည်။ ကျွန်တော်တို့ ပုရိသများအဖို့ ကိုယ်မခံရမချင်း တခြားလူများ၏ သတိပေးစကားကို ပြက်ရယ်ပြုတတ်ကြသည်။ ထိုသတိပေးသူများပင် ရီရီမြ ပြောင်းလဲသွားပုံကိုကြည့်၍ သည်တစ်ခါတော့ ဟုတ်လောက်ပါရဲ့ဟု တွေးမိလောက်အောင် ရီရီမြ ပရိယာယ်ကြွယ်သည်။

            စွဲမက်စရာကောင်းသော မိန်းမမှန်သမျှတို့သည် အလွန်သည်းခံနိုင်စွမ်းကြီးကြသည်ကို စာတွေ့အားဖြင့် မေ (ဒဂုန်တာရာ)၊ မီ (ကြည်အေး) စကားလက်အိုဟာရာ (လေရူးသုန်သုန်၊ မြသန်းတင့်) တို့တွင် ကျွန်တော် သိခဲ့ရပြီး ရီရီမြတွင် လက်တွေ့ မြင်ရကြားရသည်။ သူတို့နှင့်တွေ့သည့် ပုရိသတို့၏ နှလုံးသားအပေါ် ခြေစုံမရပ်နိုင်မချင်း သည်းခံကြသည်။ မာယာဟုလည်း သတ်မှတ်နိုင်ပါသည်။ ဘဝ တိုက်ပွဲဟုလည်း တင်စားနိုင်ပါသည်။ ရီရီမြအဖို့ ထိုတိုက်ပွဲကြီးများ ဆင်နွှဲနေချိန်မှာပင် သူ့နှလုံးသွေးအား ပြည့်စေရန် ကျွန်တော်က အချစ်ဖြင့် ခွန်အားပေးခဲ့ရသည်။ ကဗျာလေးများ ရွတ်ဆိုပြရပြန်သည်။ သူက ကျွန်တော့်ပခုံးကိုမှီ၍ ချော့သိပ်တေးကို နားသောတဆင်သည်။ သူ့လုပ်ရပ်များကို ကျွန်တော် မနှစ်သက်သော်ငြား ကျွန်တော် တိမ်းမူးရင်နင့်ချစ်ခဲ့သမျှကို အလဟဿ အဖြစ်မခံနိုင်၍ ကျွန်တော့် ချစ်တေးကို ကျွန်တော် ကျူးရင့်သည်။ ပြင်ပ ရီရီမြကို ကျွန်တော် မစဉ်းစား။ ကျွန်တော့် နှလုံးအိမ်မှ ရီရီမြကို ပူဇော်ခြင်းမျိုးဖြစ်သည်။ ထိုအခါ သူက ကျွန်တော့်ဘုရင်မ ဖြစ်ရပြန်၏။

            'ပုံပြင်နော်ဆိုတဲ့ ကဗျာလေးကို ရွတ်ပြပါလား ကိုထိုက်'

            'နင်ကြိုက်လို့လား'

            'ရွတ်ပါဟာ နင်ကလည်း'

            နှစ်ခါထက်ပို၍ ကျွန်တော် အညုမခံနိုင်ပါ။ သူ လာမညုမှာကိုပင် စိုးရိမ်နေမိသည်ကိုး။ တစ်ခုရှိသည်က ကျွန်တော်သည် သူ့ကို ခခယယ ချစ်ခွင့်ပန်နေသူ မဟုတ်ခြင်းပင်၊ သူကြားချင်သည်ဆိုမှ ဖွင့်ပြရသော ကက်ဆက်တစ်လုံးလို ကျွန်တော်နေနိုင်သည်။ သူ့တိုက်ပွဲတွေကို ကျွန်တော်မတွေး၊ မစွက်ဖက်၊ ကျွန်တော့်နှလုံးအိမ်မှ ရီရီမြသည် အပြင်မှ ရီရီမြနှင့် လုံးလုံးမတူ။ နူးညံ့သည်။ နာခံသည်။ ကျွန်တော် သိမ်းကျုံး၍ ချစ်နိုင်သော ရီရီမြဖြစ်သည်။ ထိုနှလုံးအိမ်မှ ရီရီမြကို ကျွန်တော် ချစ်တေး နှော့သောအခါ အပြင်မှ ရီရီမြ မခံနိုင်။ သူ့ကိုယ်သူ ကျွန်တော့်နှလုံးအိမ်မှ ရီရီမြလို ဟန်ဆောင်သည်။ ကျွန်တော့် ရင်ခွင်ထဲမှာ သူမှေးစက်နေသည့်အခါ ကျွန်တော်၏ သန့်ရှင်းသော တဏှာမဲ့အချစ်ကို လွှမ်းခြုံပေးထားလိုက်ပါသည်။ ဤကမ္ဘာမြေပေါ်တွင် သူဘယ်မှာ သွားရှာမည်နည်း။ ကဗျာက ဤသို့ ရွတ်ရသည်။

 

'ပုံပြင်နော်'

တို့များငယ်ငယ်

အသိမကြွယ်ခင်က

အချစ်ဆိုတာ တွယ်တာမဆုံး

ပျော်တပြုံးပြုံး

မုန်းမလွယ်နိုင်

တစ်သက်ပိုင်ပြီ ထင်ရာရူး

ချစ်ဖူးသူတိုင်း ကြုံရသည်။

တို့များရဲ့ ခုအရွယ်

အသိကြွယ်၊ အရွယ်ရင့်တော့

အချစ်ဆိုတာ

ငယ်ဘဝများရဲ့

ဟာသပုံပြင်ထင်ကာတွေး

သည်ကဗျာလေး

ရေးမိသည်။

တကယ်တော့လည်း

အချစ်ဆိုတာ

ငယ်ဘဝရဲ့၊ ဟာသပုံပြင်...

ဟာသပုံပြင်။

            'နင်ရူးနေလား ရီမြ၊ သူ့မှာ သားကြီး၊ မယားကြီးရှိတာ နင်မသိဘူးလား၊ ငါ လုံးဝခွင့်မပြုဘူး၊ သူ့ဟာသူ လဲသေရင်သေဟာ၊ ထားခဲ့လိုက်၊ ဘယ်....'

            'သေများသွားမလား မသိဘူးနော်၊ အဲဒါ နင့်ကြောင့်'

            'တော်ပါတော့ဟာ'

            ကျွန်တော်က အပြစ်ကို မလုံမလဲဖြင့် စကားလမ်းကြောင်း လွှဲသည်။ ဦးသူရ မရှူနိုင် မကယ်နိုင်ဖြစ်အောင် ရီရီမြနှင့် ကျွန်တော် မိတ်ဆက်ပေးခဲ့ခြင်းအပေါ် အပြစ်မကင်းသလို ခံစားရမိသည်။ လူကြီးလူကောင်းတစ်ဦးကို ဒုက္ခပေးမိလေပြီ။ ဦးသူရဘဝတွင် ရီရီမြကိုပင် မတွေ့ခဲ့ရပါလျှင် ရာနှုန်းပြည့် အပြစ်ကင်းစင်သူ ဖြစ်မည်အမှန်။ ကြင်နာတတ်သည်။ ရိုးသားသည်။ စိတ်နှလုံး ကောင်းမွန်သည်။ ခင်ပွန်းကောင်း စံပြဖြစ်သည်။ ဖခင်ကောင်း အမှတ်ပြည့်သည်။ ဆရာကောင်းအဖြစ် နှစ်ပေါင်းများစွာ လုပ်ငန်းကို ဦးစီးကွပ်ကဲလာခဲ့သည်။ ရီရီမြနှင့်သာ မတွေ့ရလျှင် မည်သည့် လောကဓံကိုမှ ပက်ပင်းတိုးမည် မထင်၊ ရီရီမြသည် သူ့အတွက် လောကဓံကြီးဖြစ်သည်။ မင်္ဂလာပွဲ တစ်ခုတွင် ရီရီမြကို ဦးသူရနှင့် မိတ်ဆက်ပေးခဲ့သည်။ ရိုးရိုးလေးပင် ကျွန်တော် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ ကျွန်တော့်သူငယ်ချင်း ရီရီမြ၊ ဗြူတီပါလာဖွင့်ထားတယ် ဟူ၍သာ ဖြစ်သည်။

            'လာအားပေးနော် ဦး၊ ဆံပင် ဆေးဆိုးပေးမယ်'

            'ဟေ၊ အလကားလား ဟ'

            'လာခဲ့ပါ၊ မိတ်ဖြစ် ဆွေဖြစ်ပေါ့'

            ကျွန်တော်က တံတောင်ဖြင့်တွတ်ရင်း ရီရီမြကို ပွဲဝင်ဖျက်သည်။ သို့သော် နောက်ကျသွားလေပြီ။ ကျွန်တော် တခြားမိတ်ဆွေများနှင့် စကားလက်ဆုံကျနေခိုက်လေးမှာ ဦးသူရနှင့် ရီရီမြ လိပ်စာကတ်များ လဲလှယ်လိုက်ကြပြီ။ ကျွန်တော် ဦးသူရအပေါ် ဒေါသထောင်းခနဲဖြစ်သွားသည်။ ကြောင်သူတော်ကြီးဟု ထင်မိသည်။ ဆရာသမားဟူသော ဂုဏ်ကျေးဇူးကို မေ့ပြီ။ ရီရီမြ ကျွန်တော့်ကို လှမ်းကြည့်ချိန်တွင် ကျွန်တော် မျက်စပစ်ပြလိုက်မိသည်။ ညုလိုက်စမ်းဟု အဓိပ္ပာယ်ရ၏။

            တစ်လအတွင်းမှာပင် ဦးသူရ ဖျပ်ဖျပ်လူးလေသည်။ ကျွန်တော့်မိဘများက လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်၊ အကြီးအကဲလည်း ဖြစ်သဖြင့် ထိုစနက်ကို မီးစရှို့ခဲ့သူ ကျွန်တော့်အား ရာဇသံပေးပြီး ရအောင် ခွဲခိုင်းသည်။ ကျွန်တော့်အနေဖြင့် ဤကိစ္စကို ထမင်းစားရေသောက်ဟု သဘောထားခဲ့သည်။ ဦးသူရအနေဖြင့် ရီရီမြကို လက်ထပ်ပေါင်းသင်းရဲမည် မဟုတ်၊ ရီရီမြကလည်း လက်ခံမည် မထင်၊ အပျော် အမြှောင်အဖြစ် ယုတ်ညံ့မည် မဟုတ်၊ နောက်တစ်ယောက်နှင့် တွေ့လျှင် ဦးသူရဘက် လှည့်ကြည့်တော့မည်မဟုတ်။ ထိုမဟုတ်များက ကျွန်တော့် မှားယွင်းမှုကြီး ဖြစ်လာခဲ့သည်။

            သူတို့ တကယ်ချစ်မိ သွားကြသည်။

            'ငါမယုံဘူး ရီမြ...'

            'နင် ဒီလိုပြောမယ်ဆိုတာ ငါသိသားပဲ၊ ကဲ... ငါ့ပါးစပ်က ဘယ်သူ့ကို ချစ်မိပါတယ်ဆိုတဲ့ စကားမျိုး နင် ကြားဖူးလား၊ ကဲ... ပြောလေ'

            ကျွန်တော့်ရင်ထဲ မုန်တိုင်း ထန်သွားသည်။

            'အေးလေ၊ နင်မယုံတာတော့ နင့်သဘောပါ၊ ဦးက ငါ့အပေါ် အရမ်းကောင်းတာဟ၊ ကြင်နာလွန်းတယ်၊ တဏှာကင်းတယ်၊ ပြီးတော့'

            ကျွန်တော် ဆွဲထိုးလိုက် ရကောင်းမလားဟု အခါခါ တွေးသည်။

            'သူ့အချစ်ကို ငါယုံတယ်... ပြီးတော့....'

            'သူကကော နင့်ကိုယုံလား'

            'ဘာလဲ၊ ဘာပြောတာလဲဟင်'

            သူ့နှလုံးသားက နှိုက်ယူ၍ တွေးတောပြောဆိုနေသဖြင့် ကျွန်တော်မေးတာကို သူမကြားလိုက်၊ ကျွန်တော့် ဒေါသကို အတော်ထိန်းထားရသည်။ သူ့ဆီမှ ကျွန်တော် ကြားချင်သည်မှာ ဦးသူရ၏ မကောင်းသတင်းများသာ။ ဥပမာ - တဏှာသမားကြီး၊ ငကြောင်ကြီး စသည်ဖြင့် ဖြစ်သည်။

            'နင် ဘာပြောတာလဲလို့...'

            'အလကားပါဟာ၊ ကဗျာရွတ်မလို့ပါ'

            'ကဗျာ ဟုတ်လား၊ ငါလည်း ကဗျာစပ်ထားတယ်'

            'သောက်...'

            'နင်ဆဲလည်းဆဲတော့ဟာ၊ ဟုတ်တယ်၊ ငါအချစ်ကို ကောင်းကောင်းနားလည်သွားပြီ၊ နင့်ဝဋ်ကြွေးတွေ ငါလည်ပြီ ထင်တယ်'

            'နင်...'

            'ဟုတ်တယ် ကိုထိုက်ရယ်၊ ငါလေ....'

            သူ့ကခေါင်းထဲကို လက်နှစ်ဖက်ထိုးထည့်ပြီး စိတ်ဓာတ်ကျနေသူလို ခေါင်းကို စိုက်ချလိုက်ပါတယ်။ ကျွန်တော့် ယမင်းပျိုကို ဤအချိုးမျိုးဖြင့် မြင်တွေ့ရသည့်အခါ ကျွန်တော် သနားသွားမိသည်။ ကျွန်တော့်နေရာမှာ ဦးသူရသာဆိုလျှင် သူ့လက်ကိုဆွဲကာ ကမ္ဘာတစ်ခြမ်းသို့ ပြေးထွက်သွားပေလိမ့်မည်။ ဦးသူရကို တွေးမိသောကြောင့် ရီရီမြကို ကျွန်တော် အထင်သေးသွားပြန်သည်။ ကျွန်တော့် နှလုံးအိမ်မှ ရီရီမြ သည်ပင် ရှိမှရှိသေးရဲ့လားဟု သံသယ ဖြစ်မိသည်။

            ရှိုက်သံသဲ့သဲ့ကို ကျွန်တော် ကြားရသည်။ ကျွန်တော်ဝမ်းသာမိသည်။ ရီရီမြ ဤသို့ငိုကြွေးပြီဆိုလျှင် ဇာတ်လမ်းတစ်ခုကို ကူးပြောင်းတော့မည်ဟု ကျွန်တော်သိထား၍ ဖြစ်သည်။ ကျွန်တော် သူ့ကို အားပေးရပေဦးမည်။

            'ဒီလိုပါပဲ ရီမြရယ်၊ လူ့ဘဝဆိုတာ တစ်ခါချစ်ဖူးမှ အချစ်ရဲ့အဓိပ္ပာယ်ကို သိတာ၊ ငါနင့်ကို ဂုဏ်ယူပါ တယ်။ ဦးသူရလို ဖြူစင်တဲ့လူတစ်ယောက်အပေါ် နင်ချစ်မိတာ မှန်တယ်၊ ငါဘာမှ မကန့်ကွက်ဘူး၊ ဒါပေမယ့် လောကကြီးမှာ ငါတို့ချည်း မှန်နေလို့ မရဘူး၊ ငါနင့်ကို လက်ထပ်မယ် ရီမြ'

            သူ ရှိုက်ကြီးတငင်ငိုသည်။ သိမ့်သိမ့်တုန်အောင် ရှိုက်သည်။ ခေါင်းပင် ပြန်မဖော်၊ ကျွန်တော့် ရင်ခွင်ထဲသို့ တိုးဝင်ချလိုက်သည်။ တကယ်တော့ ဦးသူရကို သူ မချစ်မိသေး။ ဦးသူရ အချစ်တွင် သာယာမိခါစ ရှိသေးသည်။ ကျွန်တော် ရင်မောခဲ့ရသောကာလကို လွန်မြောက်ခဲ့ပြီ။ တကယ်တမ်းကျတော့ သူ့ကို ရှုံးရမှာ ကျွန်တော် ကြောက်နေသည်။ ကျွန်တော် သူ့ကို ထွေးပွေ့ထားရင်း ကျွန်တော် နိုင်တော့မည်ဟု ဖျတ်ခနဲ တွေးလိုက်မိသေးသည်။

            ရီရီမြ ပြည်ပသို့ ခရီးထွက်သွားပြီး သုံးလအကြာတွင် ကျွန်တော်နှင့် ဦးသူရ၏ သမီးကြီး သိင်္ဂီမြင့်တို့ စေ့စပ်ကြောင်းလမ်းဖြစ်ကြသည်။ ဦးသူရနှင့် ရီရီမြကို ခွဲထုတ်ပေးနိုင်ခြင်းအတွက် ကျွန်တော်၏ ဆုလာဘ်မှာ အလွန်ကြီးမားလှပါသည်။ တကယ်တော့ ဦးသူရ၏ နှလုံးသားအပေါ်မှာ ခြေစုံရပ်နေသော ရီရီမြအား ကျွန်တော့်နှလုံးသားပေါ်သို့ ပြောင်းရွှေ့ခဲ့ရသော ကာလမှာ အတော်လေးကြာပါသည်။ ဦးသူရသည် ဇနီး၊ သားမယားကို ဒုက္ခပေးရဲသူ မဟုတ်၊ ရီရီမြကသာ မျက်ရည်ခံ မထိုးလျှင် ရှေ့ဆက် မတိုးဝံ့တော့၊ ကျွန်တော်ကသာ ရီရီမြကို ထိန်းရသည်။ ဦးသူရကို ဂုဏ်သိက္ခာများက ဝန်းရံ ထိန်းသည်။ နောက်တော့ ကျွန်တော်တို့ အောင်မြင်ခဲ့ကြပါသည်။ အစမှာတော့ ဦးသူရ အိပ်ရာထက်တွင် ဗုန်းဗုန်းလဲသည်။ အားလုံး ပူပင်သောက ရောက်ကြသည်။ ကျွန်တော်က ထိုဖြစ်ရပ်များကို ရီရီမြထံ ပို့သည်။ နောက်ဆုတ်ဖို့ ပြောသည်။

            ရီရီမြက နှမြောနေသည်။ တွန့်ဆုတ်နေသည်။ တွေဝေနေသည်။ ကလန်ကဆန် လုပ်ချင်သည်။ ကျွန်တော်က ချော့ရ၏။ လူ့လောက စည်းမျဉ်းဥပဒေများကို ရွတ်ဖတ်ပြရသည်။ ဦးသူရ၏ ဇနီးပါ ထပ်မံ၍ အိပ်ရာထဲ လဲလေသောအခါ ဦးသူရ နောင်တရသွားသည်။ မီးနီ ပြလိုက်ပြီ။

            'အလကား စကြောက်တွေ...ဟွန်း...'

            ရီရီမြ နာကြည်းလေပြီ။ ကျွန်တော်က ဝင်နှက်သည်။

            'နင်တွေ့တယ်မဟုတ်လား ရီမြ၊ လူကြီးလူကောင်းဆိုတာ ဂုဏ်သိက္ခာကို ကိုးကွယ်တယ်။ နင်တို့ ငါတို့ လဲသေသွားလည်း အရေးမကြီးဘူး။ အစက နင့်ကို ငါ ပြောသားပဲ၊ သူ့ဟာသူ ဘာဖြစ်ဖြစ် ပစ်ထားလိုက်ဆိုတာ၊ အခု နင့်အဖြစ်ကို သူမေးတောင် မမေးဘူး၊ မယုံရင် နင်ဖုန်းဆက်ကြည့်လေ'

            'တော်ပါတော့ဟာ၊ စကြောက်ကြီး၊ ယောကျ်ားတွေဟာ ဒီလိုချည်းပဲ'

            သူစိတ်မထင်လျှင် ထိုအသုံးအနှုန်းကို ခဏခဏ သုံးသည်။ ကျွန်တော် သူ့ကို လက်ထပ်မည်ဟု အရေးတော်ပုံ ကာလက ပြောခဲ့သည်ကို ယခု မေ့ချင်ယောင်ဆောင်နေ၍လည်း ဖြစ်နိုင်သည်။

            'အဲဒါတွေ မေ့ထားလိုက်တော့ ရီမြ၊ ငါတို့ ဘယ်တော့ လက်ထပ်မှာလဲ'

            မျက်မှောင်ကုတ်၍ သူ ကြည့်သည်။ အမျိုးသမီးများ မျက်မှောင်ကုတ်သည်ကို မြင်ရခဲသည့်အထဲ ရီရီမြ မျက်မှောင်ကုတ်ပုံမှာ တရားသူကြီးတစ်ဦးလို ဈာန်ပါသည်။ ကျွန်တော့် နှလုံးအိမ်ထဲမှာ ရီရီမြ ရှိနေသေးသလားဟု မေးခွန်းထုတ်သော မျက်မှောင်ကုတ်မှုမျိုး ဖြစ်သည်။ အတော်လေးကြာတော့မှ...

            'ငါခရီးထွက်ဦးမယ်၊ ခြောက်လလောက်ကြာမှာ၊ နင်လိုက်ခဲ့မလား၊ ပြန်လာတော့မှ နင့်သဘောပေါ့'

            'ရီမြ'

            '.....'

            'နင့်စကားကို နင်မမေ့နဲ့နော်၊ ငါ ဒီကပဲ စောင့်နေမယ်၊ ငါတို့ရဲ့ နောင်ရေးအတွက် နင်ဘယ်လို နေရတော့မယ်ဆိုတာ နင့်ဘာသာ သိဟာ၊ ငါဘာမှ မကြားချင်ဘူး'

   'လာပြီ နင်တို့ယောက်ျားတွေဟာ ဒီလိုချည်းပဲ၊ သူတို့ ယူမယ့်မယားဆို တော်လေးဝဝင်လို ဖြစ်ချင်နေကြတယ်။ သူတို့ကျတော့... ဟွန်း၊ ငါ မပြောလိုက်ချင်ဘူး'

            ဒါမျိုးတော့ ကျွန်တော် အကြောမခံ။ သူ့ကို အချစ်ဖြင့် နှံပစ်လိုက်သည်။

            'ဒီမှာရီမြ၊ ဟေ့၊ နင် ငါ့ကိုစေ့စေ့ကြည့်စမ်း၊ နင့်ငါ့ကို နင့်နှလုံးသွေး တစ်စက်လောက် ရောပြီးချစ်ဖူးလား၊ ငါချစ်တာကိုရော နင် နားလည်ရဲ့လား။ ငါ့ နှလုံးသားထက်မှာ၊ ငါ့ဂုဏ် သိက္ခာတွေထက်မှာ နင်တက်ရပ်နေတယ်။ ငါ့နှလုံးသားထဲမှာ သိမ်းထားတဲ့ ရီရီမြကိုတောင် နင်မောင်းထုတ်ပြီး အတင်းတိုးဝင်တယ်၊ ငါ့ဟာ ငါ နူးညံ့ကြည်နူးနေတာကို နင့်ကြောင့် ဖျက်ခဲ့ရပြီး လက်တွေ့ဘဝထဲကို ဆင်းခိုင်းတယ်။ ငါ့ရင်ထဲက ရီရီမြ အဖြစ်နဲ့၊ အပြင်က နင့်ကို ထပ်တူကျအောင် ငါလုပ်ပိုင်ခွင့် မရှိတော့ဘူးလား။ နင့်လို လုပ်ချင်တာလုပ်နေတဲ့ မိန်းကလေးကို ငါက ရင်ထဲက ရီရီမြလို ချစ်ပြရဦးမယ်၊ နင်တရားသလား ရီမြ၊ ပြော နင်တရားသလား'

            'ဒါတွေ ငါမသိဘူး၊ နင် ငါ့ကိုတကယ်ချစ်ရင် အခု လက်ထပ်ကြတော့မှာပဲ၊ ကျန်တာ မစဉ်းစားနဲ့ပေါ့'

            'ဟင့်အင်း ရီမြ၊ နင့်ကို ငါ့နှလုံးသားထဲက ရီရီမြလို မချစ်နိုင်သေးဘူး၊ လက်ထပ်တာတော့ လက်ထပ်တာပဲ၊ ဘာမှ မဆိုင်ဘူး'

            'နင် ဆိုလိုတာက ငါ့ကိုမရလည်း ဘာမှမဖြစ်ဘူးပေါ့ ဟုတ်လား၊ နင်က ငါ့ကို ကယ်တင်တာပေါ့လေ၊ ကျေးဇူးရှင်ကြီးပေါ့လေ၊ ဆရာကြီးပေါ့လေ၊ နင်သိထားဖို့က ငါ့ကို နင်ပြင်ခိုင်းသလို နင့်ကိုလည်း ငါပြင်ပိုင်ခွင့်ရှိတယ်။ နင့်ကို မယားအဖြစ် ရပ်တည်မယ့် မိန်းမဟာ ငါဟဲ့၊ နင့်ရင်ထဲက စိတ်ကူးယဉ် ရီရီမြ မဟုတ်ဘူး၊ နင့်ရင်ထဲမှာ နင် ဖန်တီးထားတဲ့ ရီရီမြရှိသလို အေး... ငါ့ရင်ထဲမှာလည်း ငါဖန်တီးထားတဲ့ ကိုထိုက် ဆိုတာရှိတယ်။ နင်ရော အဲဒီ ကိုထိုက်လို ဖြစ်နိုင်မလား'

            'ပြောစမ်းပါဦး၊ နင့် ရင်ထဲက ကိုထိုက်ကြီး အကြောင်း'

            'ကိုထိုက်ကြီး မဟုတ်ပါဘူး၊ ကိုထိုက်ပါ၊ ငယ်ငယ်လေးကတည်းက ငါ သိခဲ့တဲ့ ကိုထိုက်၊ ငါ့ကို နူးညံ့ကြင်နာတဲ့ ကိုထိုက်၊ အလိုလိုက်တဲ့ ကိုထိုက်၊ ကဗျာတွေနဲ့ ချစ်တင်းနှောတဲ့ ကိုထိုက်၊ ငါ့ကို သီချင်းတွေနဲ့ ချော့သိပ်တတ်တဲ့ ကိုထိုက်၊ အဲဒီကိုထိုက်မျိုး နင်လုပ်နိုင်လား၊ ကဲ... ပြောလေ'

            ငယ်ထိပ်ကိုမြွေပေါက်တာ ဒါမျိုးနေမယ်။ ကိုယ့်ရှူး ကိုယ်ပတ်ပြီ။ ဦးသူရနှင့် ပတ်သက်ချိန်မှစ၍ ကျွန်တော် သူ့ကို အရင်လို မဆက်ဆံတော့သည်ကို သူရည်စူးခြင်း ဖြစ်သည်။ ကျွန်တော် မခံရဖို့သာ အရေးကြီးနေသဖြင့် သူ့ကို ချစ်တေးနှော့ဖို့ ကဗျာတွေဆိုပြဖို့၊ ကျွန်တော် မေ့ချင်ယောင်ဆောင်နေဖြစ်သည်။

            'ဟွန်း၊ ငါသိပြီးသား၊ နင်ငါ့ကို ကြောက်နေတယ်၊ လက်တွေ့ဘဝထဲကို နင် မဝင်ရဲဘူး၊ ထားပါတော့လေ၊ နင် စိတ်ချမ်းသာမှ လုပ်ပါနော်'

            ကန်ရေပြင်၌ လေမတို့သဖြင့် ငြိမ်နေသည်။ တော်တော့ဟာဟု၊ ကျွန်တော့်ကို တားမြစ်လိုက်သည့်ကြားမှပင် မင်္ဂလာဆောင်ဖိတ်စာကို ထုတ်ပြဖို့ ကျွန်တော် အားခဲမိပြန်သည်။ သူက ကန်ရေပြင်ကိုကြည့်ပြီး လက်ပိုက်ရပ်လျက် ကျွန်တော့်ကို ခေါ်သည်။

            'ကိုထိုက်'

            '.........'

            'နင် ငါ့ကို လုပ်ရက်တယ်ဟာ၊ ငါ့မှာတော့ ...၊ နေပါဦး၊ ဒီမိန်းမနဲ့ နင်နဲ့ ဖြစ်နေကြတာ ကြာပြီလား'

            'နင် မရိုင်းပါနဲ့ ရီမြ၊ ပြောချင်ရင် ငါ့ကိုပြောပါ'

            သူက ဖျက်လိုဖျက်ဆီး အကြည့်ဖြင့် ကြည့်ပြန်သည်။ သူငိုတော့မည်မို့ မျက်ဝန်းတစ်ခုလုံး မျက်ရည်များပြည့် ဝိုင်းနေသည်။ သို့သော် သူ မငို၊ ပြုံးပင်ပြုံးလိုက်သေးသည်။

            'ရပါတယ် ကိုထိုက်ရယ်၊ ငါသိချင်တာက နင့်နှလုံးအိမ်ထဲမှာ ရီရီမြဆိုတဲ့ မိန်းကလေး ရှိပါသေးလား ဆိုတာ... ငါလေ၊ ငါ.... ငါ့မှာ ကိုထိုက်ရှိနေတယ်' ဟု ပြောရင်း မျက်ရည်များ ကျနေသည်။ ခေါင်းက မော့ထားဆဲ။

            'ငါမသွားခင်က နင့်ကို ငါမေးပါတယ်၊ အဲဒီ ကိုထိုက်မျိုး ဖြစ်နိုင်မှာလားဆိုတာ၊ နင် မဖြေဘူး၊ ငါက မိန်းမရိုင်းပဲ ထားပါတော့၊ ဒါပေမယ့် မှန်တာကိုတော့ ငါပြောတယ်၊ နင့်ကို ငါမလိမ်ခဲ့ပါဘူး၊ ငါဟာ နင့်ရင်ထဲက ရီရီမြကို အားကျလို့ တူအောင် တုတယ်၊ နင် ငါ့ကို ကြည့်ပါဦး၊ ငါဟာ နင့်ရင်ထဲက ရီရီမြနဲ့ မတူဘူးလား။ နင် ကြည့်လေ ကိုထိုက်၊ နင် ကြည့်စမ်းပါ။ ငါ့မှာ ဘာမာနမှ မရှိတော့ဘူး။ ဒါတောင် နင်လာပြီး ရက်စက်ပြသေးတယ်။ နင့်ကို ငါခေါ်တာက အရင်က ကိုထိုက်အဖြစ်နဲ့ လာခဲ့ဖို့ပါ။ ငါ့ကို... ငါ့ကို၊  ကဗျာတွေ ရွတ်ပြမယ့် ကိုထိုက်ဘယ်မှာလဲ၊ သီချင်းနဲ့ ချော့သိပ်မယ့် ကိုထိုက် ဘယ်မှာလဲ၊ ငါ့ကိုထိုက်က ငါ့ကို သိပ်ချစ်တာဟဲ့ နင်သိလား။ နင့်လို ငါ့ကို ရက်စက်တဲ့ စိတ်မျိုး မရှိဘူး၊ ငါ့ကို ပြန်ရှာပေး၊ ငါ့ကိုထိုက်ကို ခေါ်လာပေး... ဟင့်..ဟင့် ...ဟင့်ဟင့်'

            'ရီမြရယ်'

            'မဟုတ်ဘူး၊ နင် ငါ့ကိုထိုက် မဟုတ်ဘူး... မဟုတ်ဘူး၊ မဟုတ်ဘူး၊ နင် သွားတော့...'

            'ဟင့်အင်း ရီမြ ငါမသွားနိုင်ဘူး၊ ငါ နင့်ကို မထားခဲ့နိုင်ဘူး'

'သွားသေလိုက်ပါလား'

            သူ့မာနကို ထိသဖြင့် 'ငေါက်ခနဲ' ကျွန်တော့်ကို ပေါက်သည်။ ကျွန်တော် သူ့ကို နှစ်သိမ့်ရန် လက်ကမ်းသည်ကို နောက်ဆုတ်ရင်း၊ နာကြည်းသောဟန်ဖြင့် ရန်တွေ့သည်။ ထိုအခါမှပင်ကို ဒေဝါက ဝေါချရွာသွန်းလိုက်သည်။ ကျွန်တော့် ကံဆိုးမသည် ထိုမိုးကြီးကို နည်းနည်းမှ မမှု။ ကန်ရေပြင်ဘက်သို့ မျက်နှာမူလိုက်၏။ ကျွန်တော်လည်း ဆောင်းထားသော ထီးကိုပိတ်ရင်း မြေပြင်ပေါ် ပစ်ချလိုက်သည်။ သူက လှည့်မကြည့်သေး။ သစ်ပင်၊ သစ်ရွက်များကြားမှ ထိုးကျလာသော မိုးစက်များက တစ်ခဏအတွင်းမှာပင် ကျွန်တော်တို့ကို ရွှဲရွှဲစိုသွားသည်။ ကျွန်တော် သူ့ကို ဘေးတိုက်ကြည့်ရင်း စကားပြောဖို့ စဉ်းစားနေသည်။ မိုးထဲရေထဲမှာပင် ငယ်ကျွမ်းဆွေသည် ခပ်ရိုင်းရိုင်းလှနေသေး၏။ ငယ်ရုပ်သွင် ပြန်ပေါ်လာသည်။ ကျွန်တော့် နှလုံးအိမ်မှာ ရီရီမြကို တွေ့ရပြီ။

            'ရီမြ...'

            '.......'

            'ငါဟာ နင့်ရဲ့ ကိုထိုက်ပါဟ၊ နင်ကျေနပ်တော့နော်'

            ကျွန်တော့်စကားကို ကျွန်တော် ကြည်နူးသွားသည်။ သူ့ကို လက်ဆွဲပြီး ကမ္ဘာလောကထဲမှ ပြေးထွက် သွားချင်စိတ် ပေါ်လာသည်။ ကျွန်တော်လုံးဝ မမျှော်လင့်ထားသော အချစ်ကို၊ လုံးဝ မမျှော်လင့်သူဆီမှ ရလိုက်သဖြင့် ကျွန်တော် ကြည်နူးမိသည်။ ကျွန်တော့်ကိုယ် ကျွန်တော် မညာချင်တော့။

            နောက်တစ်ကြိမ် ကျွန်တော် သတိပြန်ဝင်လာချိန်မှာ သူက ကျွန်တော့် ပခုံးတစ်ဖက်ကို ကိုင်ကာ မတ်တတ်ရပ်နေသည်။ သူက စကားဆိုလာ၏။

            'မငိုပါနဲ့ ကိုထိုက်ရယ်၊ ငါကျေနပ်ပါတယ်' အလို...၊ကျွန်တော်ငိုနေမိပါလား၊ ကျွန်တော့် ပခုံးပေါ် တင်ထားသည့် သူ့လက်ကို ကျွန်တော် ပြန်ဆုတ်ကိုင်သည်။

            'ထပါ...ကိုထိုက်ရယ်၊ ဒီလိုကြီး မကောင်းပါဘူး'

            'နင် ငါ့နောက်လိုက်မှာလား'

            'ဘယ်ဖြစ်မလဲ'

            'အဲဒါဆို နင်ထွက်သွားဟာ၊ ငါ့ကို ဘာမှလာမပြောနဲ့'

            'ကိုထိုက်ရယ်...'

            သူက ကျွန်တော့်ကို နောက်ဘက်မှ သိမ်းဖက်ရင်း သီချင်းဆိုနေသည်။ မိုးက ပို၍ သည်းလာ၏။ သူ့လက်နှစ်ဖက်က ကျွန်တော့်ခါးကို သိုင်းဖက်ထားရင်း ကျွန်တော့်ကို တိုးတိုးလေး စကားပြောသည်။

            'အချစ်ထက် ပိုလေးနက်တဲ့အရာကို ငါပိုင်ဆိုင်သွားပြီကိုထိုက်၊ မေတ္တာတရားကို ငါမြင်လိုက်ပြီ၊ နင့်ကို ငါခွင့်လွှတ်တယ်။ အားလုံးကိုလည်း ငါခွင့်လွှတ်တယ်။ ငါ့မှာ မေတ္တာတရား မထားနိုင်ခင်က လောဘကြီးပြီး နင့်ကိုရအောင် ဆွဲထုတ်ချင်မိပေမယ့် အခု ငါ့မှာ မေတ္တာတရား ရှိသွားပြီ။ ငါ့ရင်ထဲက ကိုထိုက်အပေါ် ငါ့မေတ္တာတရားနဲ့ နွေးထွေးထားမယ်။ နင့်ကို ငါမပိုင်ချင်တော့ပါဘူး။ နင့် နှလုံးအိမ်ထဲမှာ ရီရီမြကို နှစ်ပေါင်းများစွာ နွေးထွေးပေးခဲ့သလို ငါလည်း ငါ့နှလုံးအိမ်ထဲက ကိုထိုက်ကို နွေးထွေးသွားမယ်။ ဒီလိုမှ မဟုတ်ရင် နင်နဲ့ငါဟာ လက်တွေ့ဘဝထဲက ကိုထိုက်နဲ့ ရီရီမြတို့လို ပြဿနာတွေ ကြုံရဆုံရဦးမှာလေ၊ ငါပြောတာ နင်နားလည်လားဟင်၊ ငါ နင့်ကို ကဗျာတစ်ပုဒ် ရွတ်ပြမယ်နော်'

            ကျွန်တော်မျက်လုံးကို မှိတ်ထားလိုက်ပါသည်။ သူက သံနေသံထားကျကျ ဖြင့် ကဗျာရွတ်သည်။ မိုးတို့လေတို့ကြားမှ သူ့ကဗျာက ကျွန်တော့်နှလုံးအိမ်ထဲမှ ရီရီမြ ထံသို့ ကူးစက်ကျက်မှတ်စေသည်။ ကဗျာအမည်မှာ ခရီးဟု တွင်သည်။

'ခရီး'

မပိုင်သွားကြတော့မယ့်

နောက်ဆုံးနေ့တွေကို

မျက်ရည်ဝေ့ရင်း

ကျွန်မတွေ့ရ။

 

ဘယ်သံသရာကွေ့တိုင်

ဝဋ်ထိရင်ဆိုင်ရင်း

တစ်ချိန်မှာ အဆုံးသတ်မယ့်

ကြေကွဲအစရဲ့ ကျွန်မခရီး၊

အခု မငြီးတော့ဘူးလေ။

မသိခဲ့မှုတွေ

မသိခဲ့မှုတွေ

တိတ်တဆိတ်လှစ်ခို

ရင်ထဲပြည့်ပြိုကျမှ

သတ္တိရှိခဲ့သော ပါးပြင်

ပျော့ညံ့ချက်သက်သေ

မျက်ရည်တွေလေ

ရှင်မြင်လား

ဝေမျှမပေးပါဘူး

ခြွေချရှိုက်သံတို့

ကြေမွဆန္ဒတို့

ရှင်မသိလေသော

မျှော်လင့်ခြင်းတို့

ထိထိမိမိ စိတ္တဇ

မပိုဘဲ ပြောရရင်

ကျွန်မ ညည အိပ်မရ။

သံယောဇဉ် ချိုခဲ့သမျှ

ပြန်အမှတ်ရ မျက်ရည်သင်း

သောကပူကွယ်ကာ

ငြင်းလေလည်း

ရင်အသဲမှာခို

အတွေးပိုမေ့မရကျွမ်း

မျက်ရည်ည စမ်းတဝါးဝါး

အချစ်ချောက်ထဲ

ကျွန်မကို ထားခဲ့သူ။

မိုးကုပ်စက်ဝိုင်းထဲမှာ

ဘယ်သူ ဘယ်လို

တွယ်နွယ်ဖူးသလဲ

အရှက်ဖြေသမျှ

သက်သေက နှုတ်အပြုံး

တစ်သက်သာ ပိုင်ပိုင်

မုန်းချင်ရဲ့

ဒါကိုပဲ

မဆုံးသေးသော

ကဗျာအဖြစ်

မဆုံးသေးသော

ကဗျာ စစ်စစ်။

 

            မည်သည့် ကန်နိမိတ်ဖြင့် ထိုကဗျာလေးကို စပ်ဆိုခဲ့သလဲဆိုတာ ကျွန်တော် မသိခဲ့ပါ။ သူနှင့် ကျွန်တော် လမ်းခွဲခဲ့ကြအပြီး သုံးနှစ်အကြာတွင် စိတ်ကျန်းမာရေး ဆေးရုံကြီးမှ ကျွန်တော့်ထံ ဆက်သွယ်သည်။ ရီရီမြဆိုသော စိတ်ရောဂါ ဝေဒနာရှင်တစ်ဦးထံမှ ကျွန်တော့် နာမည်ပါသော မင်္ဂလာ ဆောင်ဖိတ်စာရသဖြင့် ထိုလူနာအား လာရောက်တွေ့ဆုံနိုင်ပါမည်လားဟု ဆက်သွယ်လာခြင်းဖြစ်သည်။

            ရီရီမြ မိဘများထံ ကျွန်တော် သွားရောက်မေးမြန်းသောအခါ မည်သူမျှ မရှိကြတော့။ တိုင်းတစ်ပါးသို့ ပြောင်းရွှေ့သွားသည်ဟု သိရသည်။ ကျွန်တော် စိတ်ကျန်းမာရေး ဆေးရုံသို့ပင် လိုက်လာခဲ့တော့သည်။

            ကျွန်တော့်နာမည်ကို ပြောပြသောအခါ တာဝန်ခံ ဆရာဝန်က အတွင်းဆောင် တစ်ခုသို့ ခေါ်ဆောင်သွားသည်။ အနည်းငယ် မေးမြန်းသေးသည်။

            'ရီရီမြနဲ့ ဘာတော်သလဲ'

            'သူငယ်ချင်းတွေပါ'

            'သူ့အမျိုးသားကို သိသလား'

            'ဟင့်အင်း'

            'အေးဗျာ...သူ့ကလေးကတော့ သနားစရာပဲ၊ ချစ်စရာလေး'

            'သြော်... ကလေးက ဒီမှာလား'

            'မဟုတ်ပါဘူး၊ တစ်ခါတလေမှ သီလရှင်ကြီး ခေါ်ခေါ်လာတာ၊ ဟိုရှေ့က အမျိုးသမီးပဲ၊ ခင်ဗျား မှတ်မိလား'

            ခုတင်တစ်လုံးပေါ်တွင် ငုတ်တုတ်ထိုင်နေရင်း ဆေးရုံနံရံဘက်သို့ မျက်နှာမူထားသော အမျိုးသမီးသည် ကိုယ်ကို ယိမ်းယိုင်ထိုးလျက် စကားတတွတ်တွတ် ပြောနေသည်။ ကျွန်တော့် ငယ်ကျွမ်းဆွေကို ကျွန်တော် မမှတ်မိစရာ မရှိပါ။ ကျွန်တော်၏ တုန်လှုပ်ချောက်ချားနေမှုကို ရိပ်မိသော ဆရာဝန်က ပခုံးကို ညင်သာစွာ ပုတ်ရင်း

            'ရီရီမြ'

            ဟု လှမ်းခေါ်ပေး သည်။ လှည့်မကြည့်ပါ။

            'ရီမြ'

            ကျွန်တော့်အသံက လိုဏ်ခေါင်းထဲမှ အသံလို လှိုက်တုန်နေ၏။ သူ့ကိုယ် ယိမ်းထိုးနေရာမှ ရုတ်တရက် ရပ်သွားပြီး လှည့်ကြည့်သည်။ မျက်မှောင်ကုတ်သည်။ ပါးနှစ်ဖက်မှာ အရိုး ငေါငေါထွက်နေသည်။ ဆံပင်က အုံနှင့်ကျင်းနှင့် ပွယောင်းနေသည်။ သူပြန် လှည့်သွားပြန်သည်။

            ကံဇာတ်ဆရာ၏ ရိုင်းပျမှုကို ကျွန်တော် တောက်ခေါက်လိုက်မိသည်။ ဆရာဝန်က ကျွန်တော့် ပေါက်ကွဲမှုကို နှစ်သိမ့်ရန် လက်မောင်းကို အသာဆွဲ၍ အခန်းပြင်ပသို့ ခေါ်ဆောင်လာခဲ့သည်။ ကျွန်တော့်အား ခုံတန်းလျားတစ်ခုတွင် ဝင်ထိုင်စေပြီး စိတ်မသက်မသာဖြင့် မေးခွန်းတစ်ခုကို မေးလာသည်။  

            'စိတ်မရှိပါနဲ့ဗျာ... ဒါ ခင်ဗျားရဲ့...'

            ဇာတ်ရှုပ်ကို ဖန်တစ်ရာတေအောင် ကြားဖူးမြင်ဖူးနေသော ဆရာဝန်က သက်ပြင်းကို ချလိုက်ပြန်သည်။

            'ကျွန်တော်ပွင့်ပွင့်လင်းလင်း ပြောမယ်ဗျာ၊ ကလေးဟာ ခင်ဗျားနဲ့ တစ်ပုံစံတည်းပဲ၊ ကျန်တာတော့ ခင်ဗျားဘာသာခင်ဗျား စဉ်းစားပါ'

            'ဘာဗျ'

            'ကျွန်တော်ပြောတာ မယုံရင် သီလရှင်ကျောင်းကို လိုက်သွားပါ၊ နှစ်နှစ်သား အရွယ်ကလေးက ခင်ဗျားကို အဖြေပေးလိမ့်မယ်'

            မြတ်စွာဘုရား၊ နောက်ဆုံးတွေ့ခဲ့ကြသောနေ့တွင်...

            မိုးရေထဲမှ ကားပေါ်သို့ ရောက်ခဲ့ကြပြီး ကျွန်တော်နှင့် ရီရီမြ...၊ ဟာ သေလိုက်ပါတော့။ ကျွန်တော့်ကို မိုးကြိုးပစ်လေပြီ။

            'ကလေး...ဟာဗျာ... ဖြစ်မှဖြစ်ရလေ ရီမြရယ်... ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲဗျာ၊ သူ ရောက်နေတာ ကြာပြီလား ဆရာ'

            'ခြောက်လလောက် ရှိပြီ၊ သီလရှင်ကြီး လာပို့ထားတာ'

            'ကျောင်းက ဘယ်မှာလဲ'

            'မြောက်ဥက္ကလာမှာ၊ ကျွန်တော် လိပ်စာပေးလိုက်ပါမယ်'

            'သူ့အခြေအနေကရော ဆရာ'

            'အဆိုးကြီး မဟုတ်ပါဘူး၊ သူ့ဗာဟီရကိစ္စတွေကို သူ့ဘာသာလုပ်တယ်။ ကြပ်ကြပ်မတ်မတ် ကုရင်တော့ ခဏပါပဲ။ ဖြစ်နိုင်ရင် သူ့မိသားစုတွေနဲ့ အတူထားပြီး ကုရင်ပိုမြန်မယ်၊ စိတ်ကျရောဂါ သဘောမျိုးပါ'

            'ကျွန်တော် လာခေါ်မယ်ဗျာ'

            ဆရာဝန်က ခေါင်းတစ်ချက်ညိတ်ရင်း ရုံးခန်းဘက်သို့ ထွက်သွား၏။ ကျွန်တော် အခန်းထဲ ပြန်ဝင်လာပြီး ရီရီမြကို ငေးကြည့်နေမိသည်။ ကျွန်တော့် ယမင်းပျို ထိရှထားသော ဒဏ်ချက်က ပြင်းလှသည်။

            'ရီမြ... ငါ့ကိုကြည့်ပါဦး'

            သူကလှည့်ကြည့်ပြီး မျက်မှောင်ကြုတ်သည်။

            'ငါ... ကိုထိုက်လေ'

            သူ ဆတ်ခနဲတွန့်ပြီး ငေးကြည့်နေသည်။ ကျွန်တော် ဟန်မဆောင်နိုင်တော့ပါ။ ငယ်ကျွမ်းဆွေ သီချင်းကို ဆိုပြလိုက်သည်။ တုန်ယင်နေသော ကျွန်တော့်အသံသည် စည်းဝါးမမှန်သလို လေယူလေသိမ်းလည်း မမှန်ပါ။ ကျွန်တော့်သီချင်းသံကြောင့် တစ်ဖက်ခုတင်မှ လူနာအမျိုးသမီးတစ်ဦး ထ၍ ကပါတော့သည်။

            'ငယ်သူငယ်ချင်းရေ... ခုတော့ ငယ်ကျွမ်းဆွေ...၊ ငယ်သူငယ်ချင်းရေ... ခုတော့ ငယ်ကျွမ်းဆွေ... ခုလို ပြန်လည်ဆုံတွေ့ရတာ ဝမ်းသာမဆုံးနိုင်ပေ...ခုလို...'

            ကျွန်တော် ငိုမိပါလေပြီ။ သူက ပြုံးရင်း ခေါင်းကို ယိမ်းယိုင်နေ၏။ ကျွန်တော်ဆက်၍ ဆိုပြန်သည်။

            'မီးပုံးလှလှလေးတွေ ရောင်စုံထွန်း... အလှအပတွေစုံကာနေ...တို့ဘဝတွေ'

            မရတော့ပါ။ ကျွန်တော် အခန်းအပြင်သို့ လှည့်ထွက်ဖို့ ဟန်ပြင်လိုက်တော့သည်။

            'ဟေ့...'

            'သူ့ အသံကြောင့် ကျွန်တော်ပြန်ကြည့်လိုက်သည်'

            'နင်ကဗျာရွတ်မလား၊ လာ၊ ငါဆိုပြမယ်၊ လိုက်ဆို'

            '.........'

            'လာလေ ... ငါကောက်ပေါက်လိုက်လို့'

            သူက လက်ဟန်ဖြင့် လှမ်းပြသည်။ ကျွန်တော် သူ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်မိသည်။

            'အေး...ကောင်းတယ်၊ ငါဆိုသလို လိုက်ဆို၊ မှားလို့ကတော့ ဟွန်း...'

            ကျွန်တော် ငိုလျက်ကပင် ခေါင်းကို ညိတ်ပြလိုက်သည်။ သူက အဟမ်းဟု ချောင်းတစ်ချက် ဟန့်အပြီး...

            'တို့များငယ်ငယ်၊ လိုက်ဆို...လိုက်ဆို...'

            'တို့များငယ်ငယ်'

            'အသိမကြွယ်ခင်က'

            'အသိမကြွယ်ခင်က'

            'အချစ်ဆိုတွယ်တာ... ဟဲ့ ခေါင်းမော့စမ်း၊ ဘာလို့ ငိုနေတာလဲ၊ ဘာလဲ နင့်ရည်းစား ပျောက်လို့လားဟင်... ပြောလေ...'

            ကျွန်တော် ဆက်လက်နေနိုင်စွမ်း မရှိတော့သဖြင့် အခန်းအပြင်သို့ ပြေးထွက်လာပါတော့သည်။ အပြင်ရောက်မှ ကျွန်တော် အားရပါးရ ဆက်၍ ငိုချလိုက်ပါတော့သည်။

            တကယ်တမ်းကျတော့ ကျွန်တော် ရီရီမြကို မရက်စက်နိုင်ပါ။ ကျွန်တော် အိမ်ထောင်ပြုခဲ့ပြီးသည့်နောက်ပိုင်း သူရော ကျွန်တော်ပါ ရှောင်ကြသည်။ စိတ်ထဲမှာတော့ ရှိကျန်နေလျက်ပင်။ ယခုလို ကံကြမ္မာသားကောင် ဖြစ်နေရသည်ကို မြင်တော့ ကျွန်တော် ဘယ်မှာ ထိန်းချုပ်နိုင်မည်နည်း။ တစ်နေ့နေ့ နင်ဒုက္ခတွေ့လိမ့်မယ်ဟု ပြောခဲ့မိသော ကျွန်တော့်နိမိတ် စကားကိုပင် ကျွန်တော် ဒေါသဖြစ်မိသည်။ သူက ဝေဒနာသည်ပေမယ့် ကြေကွဲမှုကိုမသိ၊ ကျွန်တော်က သူ့ ဝေဒနာကို ကြေကွဲနေရသူ။ ငယ်ကျွမ်းဆွေဟူသော အသိက ကျွန်တော့်ကို ခြယ်လှယ်ခဲ့လေပြီ။

            ကျွန်တော့် ဆုံးဖြတ်ချက်ကို ဆရာဝန်မှလွဲ၍ ကြားသမျှလူတိုင်းက ကန့်ကွက်ကြပါသည်။ သို့ရာတွင် သူတို့ နောက်ကျသွားခဲ့လေပြီ။ ကျွန်တော့်ငယ်ကျွမ်းဆွေကိုခေါ်၍ တောနယ်လေးတစ်ခုတွင် သားနှင့်အတူ ကျွန်တော်သွားရောက် နေထိုင်ခဲ့သည်မှာ လေးလကျော်ခဲ့ပြီ။

            မနက်ပိုင်းတွင် ကျွန်တော်သည် လူကောင်းပကတိအဖြစ် ဝမ်းရေးအတွက် ဈေးတွင် အိမ်ဆောက်ပစ္စည်းများ ရောင်းချသည်။ မွန်းလွဲ နှစ်နာရီတွင် ဆိုင်သိမ်းကာ အိမ်ပြန်သည်။ ထိုအခါ ကျွန်တော်၏ သွင်ပြင်မှာ အရူးတစ်ယောက်ပမာ ပြုမူလျက် ရီရီမြနှင့် ရောထွေးနေလိုက်သည်။ အကြောင်းမသိသေးသူများက ဤခြံကြီးတွင် အရူးနှစ်ယောက် ရှိသည်ဆိုကြလိမ့်မည်။ မတတ်နိုင်ပါ။ ရူးသွပ် သူကို ချဉ်းကပ်ကုယူနိုင်ရန်အတွက် ကျွန်တော် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ရူးချင်ယောင်ဆောင်၍ ဆေးတိုက်ချိန် ဆေးအတူသောက်ရသည်။ စားချိန်တွင် အတူစားရသည်။ ဆော့ချိန်တွင် အတူဆော့ရသည်။ ကျွန်တော်တို့ ဆော့နည်းမှာ တခြားမဟုတ်။ သူကဗျာတိုင်၍ ကျွန်တော်က လိုက်ဆိုရခြင်းပင်။

            ကံကြမ္မာတရားကို ကျွန်တော် တော်တော်တွန်းလှန်ရသည့် အကျိုးကို လေးလလွန်မြောက်သောအခါ ခံစားရလေပြီ။ သူတစ်ယောက်တည်း စကားပြောနေတာမျိုး မရှိတော့။ သားကို ချော့မြူ ကျီစယ်တတ်လာသည်။ ကျွန်တော်က ပစ္စည်းတစ်ခု ရှာခိုင်းလျှင် ရှာပေးနိုင်လာသည်။ သားအတွက် အဖော်ခေါ်ထားသော အဒေါ်ကြီးသည်ပင် ရီရီမြ အခြေအနေကောင်းလာပြီဟု ကျွန်တော့်ကို မကြာမကြာ ပြောသည်။

            မိုးရွာသော တစ်ညနေတွင် ကျွန်တော် ပြတင်းပေါက်မှ အပြင်ဘက်သို့ ငေးကြည့်နေခိုက်၊ သူ ကျွန်တော့်ခါးကို လာဖက်သည်။ မေးသည်။

            'ကဗျာဆိုပြရမလား'

            'ဆိုလေ၊ ခရီးကဗျာ ရသေးလား'

            'ဟင့်အင်း၊ နင်ဆိုပြပါလား'

            'အင်း၊ မျက်လုံးမှိတ်ထားနော်'

            '.......'

            သူက ကျွန်တော့်ခါးကို တိုး၍ဖက်ရင်း၊ ကျောမှ မျက် နှာအပ်ထားသည်။ သူ့ အသက်ရှူလေငွေ့က ကျွန်တော့်ကျောပြင်မှာ ထိရှနေ၏။

'ကဗျာက ကောင်မလေးတစ်ဦးရဲ့ ကဗျာမို့လို့ ကျွန်မလို့ပဲ ငါဆိုသွားမယ်၊ နားထောင်နော်...'

            'မပိုင်သွားကြတော့မယ့်၊ နောက်ဆုံးနေ့တွေကို၊ မျက်ရည်ဝေ့ရင်း ကျွန်မတွေ့ရ။ ဘယ်သံသရာကွေ့တိုင် ဝဋ်ထိရင်ဆိုင်ရင်း၊ တစ်ချိန်မှာ အဆုံးသတ်မယ့်...ဟင်... နင်ဘာလို့ ငိုတာလဲ၊ သြော်ခက်တော့တာပဲ...လာ... လာ...လာ'

            'ဟင့်အင်း၊ အဲဒီကဗျာ ငါရတယ်၊ ငါဆက်ဆိုမယ်'

            'နောက်မှ ဆိုဟာ'

            'မရဘူး၊ မရဘူး၊ ငါဆိုမယ်၊ နင်ငြိမ်ငြိမ်လေးနေနော်'

            ကျွန်တော်ခေါင်းညိတ်ပြီး ကျောပေးထားလိုက်တယ်၊ သူက ရှိုက်သံကိုပင့်လိုက်ရင်း...

            'တစ်ချိန်မှာ အဆုံးသတ်မယ့်၊ ကြေကွဲအစရဲ့ ကျွန်မခရီး၊ အခု မငြီးတော့ဘူးလေ၊ ဟင့်...ဟင့်၊ မသိ ခဲ့မှုတွေ၊ မသိခဲ့မှုတွေ၊ တိတ်တဆိတ်လှစ်ခို...ဟင့်...ရင် ထဲပြည့်ပြိုကျမှ၊ သတ္တိရှိခဲ့သောပါးပြင်၊ ဟင့်... ဟင့် ဟင့်၊ ပျော့ညံ့ချက်သက်သေ...ဟင့်...ကိုထိုက်ရယ်၊ နင်ငါ့ကို တကယ်ချစ်တာပဲနော်၊ ငါလေ... ငါနင့်ကို မှတ်မိနေတာ ကြာပြီ၊ ငါ... ငါ... ငါလေ... နင့်ကိုခွဲရမှာ ကြောက်လို့၊ ဟင့်...ဟင့်...'

            'ငါသိပါတယ် ရီမြရယ်၊ ဟိုနေ့က ငါ နေမကောင်းတော့ နင်ဖြစ်နေတာကြည့်ပြီး ငါသိပြီးသားပါ။ တို့ဆက်ပြီး ဒီလိုပဲ နေကြရအောင်ဟာ'

            'ဘယ်ဖြစ်မလဲ'

            'နင်အရင်ကလည်း ဒီစကားနဲ့ ငါ့ကို ထားခဲ့တာနော်'

            'မတတ်နိုင်ဘူးဟာ၊ အဖေတို့နောက် ငါလိုက်သွားတော့မယ်၊ နင်လည်း နင့်မိန်းမနဲ့ ကလေးဆီပြန်တော့၊ ကြာရင် ငါသေလိမ့်မယ်'

            'နင်မသေခင် ငါရူးသွားလိမ့်မယ်၊ ငါတို့ မခွဲကြေးဟာ၊ နော်'

            'ငါ့ရင်ထဲမှာ နင်ရှိနေပြီပဲ ကိုထိုက်ရယ်၊ နင့်ရင်ထဲမှာလည်း ငါရှိနေပြီဟဲ့၊ ဟိုးတုန်းက ငါပြောခဲ့တာ နင်မှတ်မိလား၊ နင်နဲ့ ငါတို့ရင်ထဲက ကိုထိုက်နဲ့ ရီရီမြဟာ အေးချမ်းတယ်၊ အပြင်က ကိုထိုက်နဲ့ ရီရီမြဘဝက ကြည့်ဦးလေ၊ အရူးဘဝနဲ့ ချစ်ကြရတယ်၊ နင်တို့ငါတို့မှာ လောကဥပဒေသတွေ ရှိတာကိုး၊ ငါတို့ လိုက်နာ ရဦးမယ်လေ...'

            'ရီမြရယ်...၊ ငါရူးနေချင်တယ်'

            'မရူးပါနဲ့ ကိုထိုက်ရယ်၊ ငါမနေ့က ဟိုးတောင်ကြီးကို ကြည့်ပြီး ကဗျာတစ်ပုဒ် စပ်ထားတယ်၊ နင် နားထောင်ပေးနော်'

            သူက နောက်ကျောဘက်မှ ကျွန်တော့်ခါးကို တိုး၍ဖက်ရင်း ကဗျာကို ရွတ်သည်။ ကျွန်တော်က ဟိုးအဝေးမှ တောင်ကို ငေးနေမိသည်။

            'ကဗျာခေါင်းစဉ်က တိမ်မလွတ်တောင်မှာ မြူတွေသိုင်းတော့လို့ ငါပေးထားတယ်။ ချစ်သူပြေရာပြေ ကြောင်းလို့ မှတ်နော်'

            'ချစ်သူပြေရာပြေကြောင်း'

ဟိုးဝေးဝေးက

တိမ်မလွတ်တောင်မှာ

မြူတွေသိုင်းတော့...

 

လူနဲ့အချစ်

အတ္တနဲ့ နှလုံးသား

စကားထာ

ဝှက်တမ်းကစားလို့

တို့တစ်တွေ ပျော်ရွှင်ထူး

မှတ်မိဖူးတယ် ချစ်ဦးသခင်..

           

ရေခံရင် ရေဆန်တက်

လေခံရင် လေဆန်တက်

အချက်ပြ မီးအိမ်ရှင်

အမှောင်ဟင်းလင်းပြင်မှ

ကျွန်မဘဝကို တွဲခေါ်ယူ

ပေတေဆိုးမိုက်

ဘယ်သူ့မှ မကြိုက်သည့် ကျွန်မကို...

 

(လောကကြီးမှာ

တစ်ခုသော အဆိပ်သည်

အချစ်ဟုမည်ပါသည်) လို့

တွေဝေတွေးကာ

အံ့သြတတ်သော

ချစ်ဦးသခင်

အခုမယုံတာတွေမျိုသိပ်

တိတ်တိတ်တွယ်တာရင်း

ချစ်သူ့နယ်ပယ်မှာ ကျွန်မကို

အပြစ်ဖွဲ့မယူတာတွေ

ကျေးဇူးနော်....

 

ကျွန်မလေ.... အမြဲတမ်း

ချစ်ဦးသခင့်ကို လွမ်းမိတယ်

လျစ်ထွက်မဲ့ပြုံး

မျက်လုံးကို ဘာသာစဉ်းလို့

ပညာရှိစွာ

ခေါင်းတညိတ်ထိ

ကျွန်မပြောမှာတွေ

သိပြီးခဲ့ပြီလား....

 

(ဘာတွေလုပ်လုပ်

မင်းသာဟုတ်တယ်

ဘာတွေပြိုင်ပြိုင်

မင်းသာနိုင်တယ်

ဒါပေမယ့်

မပျော်ပြိုင်မလား)

ကျွန်မ ခေါင်းငုံ့ရှက်၊

အဖြေမရှိပါ ချစ်သူအမေး

တိမ်မလွတ်တောင်ကို

ငေးနေရင်း

ကျွန်မကို ကြည်ဖြူသူ

ကျွန်မကို ခွင့်လွှတ်သူ

ကျောခိုင်းခွင့်

တစ်ကြိမ်ယူတော့

ကြည်ဖြူမပျက်

ချစ်သူသွင်ပြင်...။

 

ကျောခိုင်းခဲ့သူ

အပူရင်ပြည့်ကျပ်

မေတ္တာရေစင်ငတ်ပြန်တော့

ကျောခိုင်းရာသာသာလှည့်ရပ်

ချစ်သူသခင်ရှိရာအရပ်ဆီ။ ။

           

ခွင့်ပြုလျက်သာပဲ

သခင့်အသည်းကွဲစကား

ရင်ထဲနင့်နင့်

ကျွန်မ ကြားမိခြင်း

(တစ်သက်မှာ

တစ်ခါ ချစ်မယ်

ဘာအပြစ်မှ မင့်မတင်ဘူး

ငါသာလျှင် အချစ်ရူးမို့

သိဖူးတာတွေ များလှပြီ) တဲ့။

ကွယ်...

တစ်ခုသောအဆိပ်

ကျိတ်၍မျိုထား

သောကစာ အသင့်စားလျက်

ချစ်တတ်သောသခင့်အလှ

ကျွန်မဘဝရဲ့ အလင်းရောင်

ဟိုးဝေးဝေးက

တိမ်မလွတ်တောင်ကို

ငေးနေဆဲလား

ကျွန်မ မငဲ့တာကို

တွေးနေဆဲလား။ ။

(ဝေဝေဆိုင်းဆိုင်း၊

မှိုင်းမှိုင်းပြာပြာ၊

တိမ်မဟာမြူတွေသိုင်းလို့

ဟိုတိမ်မလွတ်တောင်မှာ

လာရစ်ဝိုင်းရင်

ငါ့ရင်မှာ ပူဝေဝိုင်းပေမယ့်

ရိုင်းသည့်ချစ်သူ ပျော်ပါစေ) တဲ့

(ရိုင်းသည့်ချစ်သူ ပျော်ပါစေ)တဲ့။

            ကျွန်တော့်ရင်ကို သူ ထွင်းဖောက်မြင်သွားပြီမို့၊ သူ့ ကဗျာလေးအတွက် ကျေးဇူးတင်မိပါတယ်။

            ကန်ရေပြင်၌ ရေက လေမတို့သဖြင့် ငြိမ်နေသည်။

            ကျွန်တော်က သမီးလေးကို ထွေးပွေ့ထားရင်း ကန်ရေပြင်သို့ ငေးကြည့်နေဖြစ်သည်။

            ထက်ကောင်းကင်ယံမှ လေယာဉ်ပျံတစ်စင်း အရှိန်ပြင်းစွာ မောင်းနှင်သွားသည်။ ယခုဆို ရီရီမြနှင့် သားလေး ပြည်ပနိုင်ငံတွင် မိဘဘိုးဘွားများနှင့် နေနေကြပြီ။

            သမီးက ကျွန်တော့်လက်ကို ဆွဲရမ်းကာ မေးလာသည်။

            'ဖေဖေကြီး၊ သမီးကို ကဗျာရွတ်ပြမယ်ဆို'

            'ဟင်၊ ဘယ်တုန်းက ပြောလို့လဲ'

            'ပြောတယ်၊ ညက အိပ်မက်ထဲမှာ ပြောတာ၊ ရွတ်ပြပါနော်'

            ကျွန်တော်သမီးကို ဆွဲပွေ့ချီလိုက်ပြီး ကဗျာလေးတစ်ပုဒ် ရွတ်ပြလိုက်မိသည်။ ထိုကဗျာကိုတော့ ကျွန်တော် မဖော်ပြတော့ပါ။

            (ဆရာ ဒဂုန်တာရာ၊ ဆရာမကြည်အေး၊ ဆရာ မြသန်းတင့်နှင့် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) တို့အား ဂါရဝထားလျက်) 

မာန် ၊တောင်လုံးပြန်၊

၂၁-၁၁-ဝ၃(Y.G.N)

(အမှတ် ၁၉၄၊ ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
ပင်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၂)
ဆူးငှက်

'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ
ဆူးငှက်

'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၃)
ဝင်းငြိမ်း

နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။