ရွှေဝတ္ထု

မီးရှို့ကောင်းတဲ့ ကလေးတွေ

နေ၊ပင်လယ်ပြာ၊

26 August 2024
မီးရှို့ကောင်းတဲ့ ကလေးတွေ
Share to

            အနေတော်အရွယ်လောက်ရှိတဲ့ မီးလုံးတစ်လုံး လေထဲ မြောက်တက်သွားအောင် လုပ်နိုင်ဖို့ဆိုရင် မီးကစားနည်းကို အခြေခံကစ တတ်မြောက်ထားဖို့ လိုမယ်။ မီးကစားတဲ့အဖွဲ့ထဲမှာ ငါက အားအနည်းဆုံး အဖွဲ့ဝင်တစ်ယောက်ပါ။ ငါ့အတွက်တော့ မီးကစားတတ်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး။ ငါ့ရွယ်တူ တွေတောင် မီးလုံးကြီးတွေကို အဆင်ပြေပြေ လုပ်တတ်နေပြီ။ တခြားလူတွေ မီးလုံး လေထဲတက် သွားဖို့ လုပ်နိုင်ရင် ဟေးခနဲ အော်ဖို့ပဲ စောင့်ရပြီး ကိုယ်တိုင်ကျ မီးလုံးအသေးလေး တစ်လုံးတောင် အဆင်ပြေအောင် မလုပ်နိုင်သေးတဲ့အတွက် ငါ့ကို ဉာဏ်တိမ်တယ်လို့ သူတို့သတ်မှတ်ကြတယ်။ ငါ့ထက်အသက်ကြီးတဲ့ကောင် တွေဟာ မီးကစားတဲ့နေရာမှာ အတော်ကြီး ကျွမ်းကျင်နေတာကို ငါ အားကျပြီး ကြည့်နေရတယ်။ ငါက သင်ယူတတ်မြောက်ဖို့ နှေးကွေးတယ်။ ဒါပေမဲ့ ပညာတစ်ခုကို တတ်သွားပြီဆိုရင်တော့ သူများထက်သာအောင် လုပ်နိုင်စွမ်းရှိတယ်လို့ ယုံတယ်။ အဲဒီအတွက် ကြိုးစားပြီး သင်ယူရတယ်။ မီးကစားတတ်သူတွေဟာ ဓနိ ချုံထဲမှာ၊ ကန်ပေါင်ပေါ်မှာ၊ အိမ်အိုတွေရဲ့ အဖီဘေးမှာ၊ ဘုန်းကြီးကျောင်းမှာ၊ သချိုင်းကုန်းတွေပါမှာမကျန် ကစားကြတယ်။ မီးကစားတတ်ချင်လွန်းလို့ သူတို့နောက်ကို ငါ ထက်ကြပ်မကွာလိုက်ခဲ့ရတယ်။ တစ်ခါတလေ သူတို့ ငါ့ကိုဆဲတယ်။ 'မိမဆုံးမကောင်'လို့ ဆဲတယ်။ နောက်ပြီး သူတို့ ကိုယ်သူတို့လည်း 'ငါတို့လည်း မိမဆုံးမ ဖမဆုံးမ ကောင်တွေပဲ'လို့ ပြန်ပြောတယ်။

            မီးကစားတတ်တဲ့ ကောင်တွေ အများစုဟာ တကယ်ပဲ မိမရှိ ဖမရှိကောင်တွေ။ အဲဒါကြောင့် 'မိမဆုံးမ၊ ဖမဆုံးမ ကောင်တွေ' ဆိုတဲ့ စကားဟာ သူတို့နဲ့ လိုက်ဖက်တယ်။ အဲဒီလိုပြောရင် သူတို့ ဘယ်တော့မှ မနာဘူး။ 'ဟုတ်တယ် ငါတို့ လည်း မိမရှိ ဖမရှိကောင်တွေပဲလေ'လို့တောင် ပြန်ပြော သေးတယ်။ တကယ်တမ်းက ဆုံးမတဲ့ အမိအဖတွေ မရှိလို့လည်း သူတို့တွေ မီးကစား တတ်ကြတာပေါ့။ တချို့ကောင်တွေကျ မိဘတွေ ရှိပေမဲ့ သူတို့မှာ မရှိကြသလိုပဲ။ မိမရှိ၊ ဖမရှိ ကောင်တွေကိုတောင် သူတို့ အားကျနေကြတယ်။ ငါ့အဖြစ်ကတော့ ဆန်းတယ်။ ငါ့မှာ အမေ မရှိတော့ပေမဲ့ ဆုံးမမယ့် အဖေရှိတယ်။ အဲဒါကြောင့် ငါ့ကို သူတို့က 'မိမဆုံးမကောင်'လို့ပဲ ခေါ်ကြတယ်။ ငါလည်း မိမဆုံးမ၊ ဖမဆုံးမကောင်တွေလို့ အခေါ်ခံရတဲ့ ကောင်တွေကို ကျိတ်ပြီး အားကျနေ တာပဲ။

            ငါ့အဖေကတော့ ငါ့ကို တွေ့တဲ့နေရာတိုင်း ဆုံးမတယ်။ ငါးလိပ်ကျောက်မြီးကို ကိုင်ပြီးတော့ပေါ့။ ငါက အရိုးနုနုနဲ့ ငါးလိပ်ကျောက်သားကို မကြိုက်သလိုပဲ အဲဒီ ငါးလိပ်ကျောက် မြီးကို မကြိုက်တာ ငါ့အဖေသိတယ်။ အဲဒါကြောင့် ငါးလိပ်ကျောက်မြီးကို လေထဲမှာ မြွေတွန်အောင် ယမ်းပြီး ငါ့ကိုခေါ်တယ်။ အစကတော့ ငါကြောက်လွန်းလို့ အဲဒီအချိန်မှာ ခွေးတစ်ကောင် ဖြစ်သွားတာပဲ။ ငါ့ အဖေအနားကို လေးဖက် ထောက်ပြီး အမြီးတယမ်းယမ်းနဲ့ သွားတယ်။ ဒါပေမဲ့ အဲဒီလိုသွားတာ ငါ့ကျောကို သူအားကုန်ရိုက်ချဖို့ အခွင့် အရေးပေးသလို ဖြစ်သွားတော့တာ။ ငါ့အဖေဟာ လူတွေကြားမှာ ရိုက်ရတာကို ပိုပြီး အရသာတွေ့တယ်။ ငါကတော့ ခွေး တစ်ကောင် နာရင် အော်တဲ့အသံမျိုးနဲ့ပေါ့။

            မိမဆုံးမ ဖမဆုံးမ ကောင်တွေကို ငါ့ကျောကို ဖွင့်ပြလိုက်တော့ သူတို့ အံ့သြ နေကြတယ်။ သွေးစတွေကို သူတို့လက်နဲ့ ပွတ်သပ်ကြည့် ကြတယ်။ 'မင်း အဖေအရင်းဆို အဲလိုလုပ်မှာ မဟုတ်ဘူး' လို့ ကုန်းချောကြတယ်။ သူတို့က လူအားလုံးကို မိမရှိ ဖမရှိတွေ ဖြစ်စေချင်တာ။ နောက်တော့ 'ငါတို့မှာ မိမရှိ ဖမရှိတာ ကံကောင်းတာပဲ' လို့ ရေရွတ်ကြတယ်။ သူတို့ ငါ့ကိုသနားပြီး 'မင်းကို ငါတို့ မီးကစားတာ သင်ပေး မယ်၊ မီးလုံးတွေ ငါတို့ထက် ပိုပြီး မင်းလုပ်တတ်သင့်တာ' လို့ ပြောတယ်။ သူတို့ပြတာတွေကို သေသေချာချာ မှတ်ထားရတယ်။ နောက်ဆုံး ငါ ကြိုးစားလွန်းလို့ မီးလုံး အသေးလေးတစ်လုံးကို လေထဲ တက်သွားအောင် လုပ်နိုင်တယ်။ မီးလုံးက လေထဲ ရောက်ပြီး အချိန်ခဏလောက်မှာပဲ ပျောက်သွားတယ်။ ခဏမှ ခဏလေးပါပဲ။

            မီးကစားဖို့ လိုအပ်တာတွေက သိပ်များများစားစား မရှိဘူး။ လူပြိန်းလိုတွေး ကြည့်ရင်တောင် မီးဖြစ်ဖို့ အပူလိုမယ်၊ လောင်စာလိုမယ်ပေါ့။ ငါတို့က မီးကစားဖို့ ဖယောင်းတွေကို သုံးတယ်။ အိမ်တွေမှာ နှစ်တွေနဲ့ချီအောင် ဖယောင်းတိုင်တွေ ထွန်းဖို့ သုံးထားတဲ့ နို့ဆီဘူးခွံတွေကို ငါတို့စိတ်ဝင်စားတယ်။ ဘူးခွံ တွေပေါ်မှာ မီးစာ အကြွင်းအကျန်တွေ နစ်ဝင်နေတဲ့ ဖယောင်းချေး မည်းမည်းတွေ။ သိပ်ပြီး ကြေမွ မသွားအောင် ဖယောင်းချေးတွေကို ဓားပါးတွေနဲ့ ငါတို့ ကလော်ထုတ်ကြတယ်။ ကြေရင်လည်း သိပ်တော့ ကိစ္စမရှိဘူး။

            မိမဆုံးမ ဖမဆုံးမ ကောင်တွေများ အဲဒီ ဖယောင်းချေးပြားတွေကို မြင်ရင် အသားတွေ တဆတ်ဆတ် တုန်နေတဲ့အထိ လိုချင်စိတ် ဖြစ်ကြတယ်။ သူတို့ကို ဖယောင်းပြားတွေသာ ပေးပြီးခိုင်းရင် ဘာမဆိုလုပ်ကြတယ်။ တချို့လူကြီးတွေက သူတို့ကို အဲဒီဖယောင်းပြားတွေနဲ့ ဆွဲဆောင်ပြီး မိုက်မိုက် ကန်းကန်းအလုပ်တွေ ခိုင်းကြတယ်။ 'မင်းကို ဒါပေးမယ် ငါ့ခြေထောက်ကို လာနမ်းစမ်း'ဆိုတာမျိုးက အသက်သာဆုံးပဲ။ မိမဆုံးမ ဖမဆုံးမ ကောင်တွေက ဘယ်သူ့ကိုမှလည်း အထင်မကြီးဘူး၊ မလေးစားဘူး။ သူတို့လောက် လူတွေ အကြောင်းကို သိတာလည်း ဘယ်သူမှ မရှိတော့ဘူး။ သူတို့မှာ ကမ္ဘာကြီးကို ဖျက်ဆီးချင်တဲ့စိတ်တွေ ဖြစ်လာရင် မအံ့သြကြနဲ့။ သူတို့မှာ ဒဏ်ရာဒဏ်ချက်တွေ ရှိတယ်။

            ဖယောင်းပြားတွေသာ ပေးမယ့်လူ မရှိရင် သူတို့ ခိုးတယ်။ ဖယောင်းချေးတွေ ကပ်နေသေးတဲ့ နို့ဆီဘူးခွံ တွေဟာ အိမ်တွေမှာ မရှိတော့ သလောက်ပဲ။ လူတွေက ဖယောင်းချေးတွေ မရှိတော့တဲ့ နို့ဆီဘူးခွံတွေကို မြင်မှ အိမ်ထဲကို မိမဆုံးမ ဖမဆုံးမ ကောင်တွေ မွှေနှောက်သွား တာကို သိရတယ်။ ဖယောင်းချေးတွေသာ ရပြီးရင် မီးကစားမယ့်နေရာကို သူတို့ ပြေးသွားကြတာပဲ။ သူတို့မှာ မီးခြစ်ဆံဘူးတွေ ပါတယ်။ ဆီပီပါပုံးတွေထဲက သံအဖုံးဝိုင်းလိုဟာမျိုးပါတယ်။ ပထမတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ သူတို့လုပ်တယ်။ မီးလုံးတွေကို မြင်ရဖို့ စိတ်လှုပ်ရှားနေကြလို့လည်း ဖြစ်မယ်။ အနေတော် ကျောက်ခဲကလေး သုံးလုံးလောက်ကို ဖိုခုံလောက် ဆိုင်ထားလိုက်ကြတယ်။ အဲဒါက မီးဖိုပဲ။ အဲဒီ အောက်မှာ မီးလောင်ဖို့အတွက် သစ်ရွက်၊ သစ်ကိုင်းခြောက် လေးတွေ ရှိမယ်။ ဗာဒံရွက်ခြောက်တွေဆို သိပ်ပြီးကောင်းတယ်။ ကျောက်ခဲ မီးဖိုပေါ်မှာ ဆီပီပါပုံးက သံအဖုံးဝိုင်းကို တင်တယ်။ မီးစာအအကြွင်းအကျန်တွေ နစ်ဝင်နေတဲ့ ဖယောင်းချေးတွေကို လိုသလိုလေးချေပြီး အဲဒီ သံအဖုံးဝိုင်းပေါ် ထည့်တယ်။ အဲဒီပြီးရင် မီးဖိုအောက်က သစ်ရွက် သစ်ကိုင်းခြောက်တွေကို မီးစရှို့ကြတာပဲ။

            ဖယောင်းချေးတွေ အရည်ပျော်ဖို့က အချိန်သိပ် မလိုပါဘူး။ ပျော်သွားတဲ့ ဖယောင်းရည်တွေ ထဲမှာ အရင်က နစ်ဝင်နေတဲ့ မီးစာ အကြွင်းအကျန်မည်းမည်းတွေက မျောနေတယ်။ အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် မီးလောင်နေတဲ့ သစ်ကိုင်းခြောက် ကလေးတစ်ခုကို ဆွဲထုတ်ပြီး အပေါ်မှာ မျောနေတဲ့ မီးစာကို တို့လိုက်ရုံပဲ။ အဲဒါပြီးရင် ဖယောင်းရည်တွေပေါ် တံတွေးကို ထွီခနဲ ထွေးလိုက်။ ရုတ်တရက် အသံမြည်ပြီး မီးလုံးကြီးတစ်လုံး လေထဲ တက်သွားတာကို မြင်ရမှာပဲ။

            တံတွေးကို ဆက်တိုက် ထွေးနိုင်လေ မီးလုံးတွေ တစ်လုံးပြီးတစ်လုံး လေထဲတက် သွားတာကို မြင်ရ လေပဲ။ မီးလုံးတွေသာ တက်လာပြီဆိုရင် အရင်က အသံတိတ်နေတဲ့ မိမဆုံးမ ဖမဆုံးမကောင်တွေ ဟေးခနဲ့ အော်လိုက်ပုံများ ဒီကမ္ဘာပေါ်မှာ သူတို့သာ အပျော်ဆုံးပဲ။ ငါလည်း အကျယ်ဆုံး အော်တာပဲ။ အဲဒီ မီးလုံးတွေက ခဏလေးပဲ မြင်ရတယ်ဆိုပေမဲ့ သိပ်ကိုလှတာ။ 'မင်းတို့ သောက်ရူးတွေပဲ'၊ ငါတို့ကို တွေ့သွားတဲ့ လူတွေက ပြောကြတယ်။ ငါ တို့ကတော့ ငါတို့လက်တွေနဲ့ သိပ်ပြီးလှတဲ့ မီးလုံးတွေ လုပ်နိုင်တဲ့အတွက် ဂုဏ်ယူတယ်။ ငါတို့ ဒီထက်ပိုပြီး လုပ်နိုင်တယ်လို့လည်း ယုံတယ်။

            သိပ်မကြာခင်ပဲ မိမဆုံးမ ဖမဆုံးမကောင်တွေ သူတို့ ဒီထက်ပိုလုပ်နိုင်တာကို သက်သေပြကြတယ်။ မီးကစားသလိုနဲ့ သူတို့ မီးရှို့ပစ် လာကြတယ်။ အစကတော့ မီးကစားရင်းနဲ့ တကယ်ပဲ မီးလောင် သွားတာမျိုးပေါ့။ မီး ကစားရုံသက်သက်က သိပ်ပြီး ပျင်းစရာကောင်းတယ်လို့ ထင်လာကြလို့လည်း ပါမယ်။ တန်ဆောင်း အဟောင်းတွေ၊ ဇရပ်အပျက်တွေ၊ လူမနေတော့တဲ့ တဲအိမ်တွေကို အရင်ရှို့ကြတယ်။ မီးရှို့ပြီးရင်တော့ သူတို့လုပ်တာ မဟုတ်သလိုပဲ။ တောထဲ ဝင်ပုန်းကြတယ်။ နောက်တော့ ပြန်ထွက်လာတာပဲ။ 'ဆုံးမမယ့် မိဘတွေ မရှိလို့ ခွင့်လွှတ်ပေး လိုက်ကြတာကွာ' ဆိုပြီး ပျော့ညံ့တဲ့လူတွေ ရှိနေလို့လည်း မိမဆုံးမ ဖမဆုံးမကောင်တွေ အတင့်ရဲလာတာပဲ။

            မီးလောင်ကောက်စားတွေဟာ ငါတို့ရဲ့ မိတ်ဆွေတွေဖြစ်လာတယ်။ သူတို့တွေဟာ ငါတို့ တစ်ယောက်ချင်း စီကို သိကြတယ်။ ဟိုနေရာကို သွားရှို့လိုက်ပါလား၊ ဒီနေရာကို ရှို့လိုက်ပါလားဆိုပြီး အကြံပေးတတ်ကြတယ်။ ညဘက်တွေ မီးရှို့ရင်တော့ သူတို့အပျော်ဆုံးပဲ။ သူတို့ နှာခေါင်းတွေက မီးခိုးကို အနံ့ခံရာမှာ တကယ် ကောင်းတယ်။ တစ်နေရာမှာ မိမဆုံးမ ဖမဆုံး မကောင်တွေ မီးခိုးရှို့ရင် သူတို့ ချက်ချင်းရောက်လာတာပဲ။

            'မီးလောင်နေပြီ ပြေးကြတော့... ပြေးကြတော့ ဟေ့'လို့ သူတို့အော်ကြတယ်။ သံချောင်းတွေ အဆက်မပြတ် ခေါက်တယ်။ လူတွေ ကြောက်လန့်ပြီး ထွက်ပြေး ကြလေ သူတို့ပျော်လေပဲ။ သူတို့ကတော့ မီးလောင်နေတဲ့ အိမ်တွေထဲကို ပြေးဝင်ပြီး သယ်နိုင်သမျှ ပစ္စည်းတွေ သယ်ကြတယ်။ မီးလောင်ပြီး သေသွားမှာလည်း မကြောက်ကြဘူး။ သူတို့ထဲက တစ်ယောက်တလေတော့ မီးလောင်ဒဏ်ရာတွေ ရကြတယ်။ မီးလောင်ပြီး သေသွားတဲ့လူလည်း ရှိတယ်။ အဲဒီလိုဆိုလည်း 'သေသွားတာ ပိုကောင်းသားပဲလို့ တခြား မီးလောင် ကောက်စား တွေက တွေးကြတာပဲ။

            တချို့အိမ်တွေမှာ မပြေးနိုင်တဲ့ အိုမင်းမစွမ်းတွေ ရှိနေသေးတာကို မြင်ရင် သူတို့ ဒီအတိုင်း ထားလိုက် တာပဲ။ မီးလောင်နေတဲ့ နံရံဘေးမှာ မပြေးနိုင်တဲ့ အဘွားကြီး တစ်ယောက်က 'သူခိုးတွေ... ငါ့ ပစ္စည်းတွေ မယူကြနဲ့'လို့ အော်တာကို သူတို့ ရယ်မောပြီး ပစ္စည်းတွေ သယ်တာပဲ။ 'ဒီအဘွားကြီးကလည်း မီးလောင်ပြီး သေတော့မှာပဲ ကို' လို့လည်း အော်တယ်။ သူတို့မှာ လူတွေကို သနားကြင်နာစိတ်လည်း မရှိတော့ဘူး။ 'များများလောင်လေ ကောင်းလေပဲ'ဆိုတဲ့ စိတ်ပဲရှိတော့တယ်။ အရင်ကတော့ သူတို့ စိတ်ထားကောင်းခဲ့ဖူးမှာပဲ။ အခုတော့ 'ကောက်စားလို့ ဘာမှမရရင်နေပါစေ အားလုံး ပြာဖြစ်သွား အေးတာပဲ။ ငါတို့ကျ ဒီမှာငတ်လို့ သေတော့မယ်။ သူတို့လည်း ငါတို့လို ဝါးအိမ်စုတ်နဲ့ နေပေါ့၊ နေပူပူမှာ အလုပ်လုပ်ပေါ့၊ ထမင်းတစ်နပ်ပဲ စားပေါ့'လို့ ပြောကြတယ်။ မီးလောင် ကောက်စားတွေမှာ အာဃာတတွေ၊ အငြှိုးတွေနဲ့။ အချင်းချင်းလည်း မတည့်ဘူး။ တစ်ယောက်ယောက်က ကောက်စားလို့ များများ ရသွားရင်လည်း မကျေနပ်ကြဘူး။ ရအောင် လိုက်ပြီး ဖျက်ဆီးကြတယ်။

            'များများ ရှို့ပစ်စမ်းပါကွာ မင်းတို့ကလဲ၊ ဟိုမှာတွေ့လား၊ ငါတို့ပစ္စည်းတွေနဲ့ ချမ်းသာနေတဲ့ နွားလို ကောင်တွေ၊ သူတို့အိမ်တွေ ရှို့ပစ်။ မင်းတို့လို မိမဆုံးမ ဖမဆုံးမကောင်တွေကို ဘယ်သူမှ အပြစ် မပေးဘူးကွ၊ ရှို့သာရှို့ ကြ'

            မီးလောက်ကောက်  စားတွေအပြင် တခြားလူတွေလည်း မကျေနပ်စရာရှိလာရင် မိမဆုံးမ ဖမဆုံးမ ကောင်တွေကို မီးရှို့ခိုင်းတာတွေ ရှိလာတယ်။

            'မင်းတို့က မြွေတွေ... မြွေဆိုတာ အမောက်ထောင် ပြရတယ်ကွ၊ မင်းတို့ မီးရှို့နိုင်လေ မင်းတို့ကို လူတွေက ကြောက်ကြလေပဲ'

           မိမဆုံးမ ဖမဆုံးမကောင်တွေများ သူတို့ကို အရေးတယူ ခိုင်းတာကိုပဲ ဂုဏ်ယူနေကြတယ်။ သူတို့မှာ ဘာသာတရားဆိုတာလည်း မရှိတော့ဘူး။ ခိုင်းတဲ့လူသာရှိရင် ဘာကိုမှ မီးရှို့ပစ်လိုက်ဖို့ ဝန်မလေးဘူး။ လူတွေကတော့ သူတို့မီးရှို့နေတာတွေနဲ့ ပတ်သက်ပြီး တွေးကြတာ အမျိုးမျိုးပဲ။ တချို့လူတွေက မီးရှို့နေတာ တွေကို အားမပေးဘူးဆိုရင်တောင် သူတို့အိမ်တွေကို တိုက်ရိုက်မလောင်တဲ့ အတွက် ဘာရယ်လို့ ဝင်မပြောဘူး။ မီးလောင်နေတယ်ဆိုရင် သူတို့က ရပ်ကြည့်နေလိုက်တာပဲ။ တချို့ကျတော့ 'မလုပ်ပါနဲ့''မရှို့ပါနဲ့'လို့ တားရင်းနဲ့ပဲ လောင်စေချင်ပြန်တယ်။ တစ်ယောက်ယောက်များ မီးလောင်တဲ့ အထဲပါသွားတာသိရင် သူတို့မှာ အဲဒီနားက မခွာတော့ဘူး။ တကယ်တမ်းတော့ အဲဒီလူတွေက တခြားလူရဲ့ မီးလောင်ဒဏ်ရာတွေကို မြင်ချင်ကြတာ။ မီးလောင်သွားမှန်း သိပါလျက် မီးလောင်ဒဏ်ရာတွေမှ မမြင်ရရင် သူတို့မှာ သေမတတ်ပဲ။ မျက်နှာနဲ့ ဆံပင်တွေပဲ ကွက်ပြီး လောင်မှာလား၊ တစ်ခါတည်းသေသွားမှာလား၊ အရိုးစုပဲ ကျန်မှာလားလို့ သူတို့ စိတ်ဝင်စားကြတယ်။ 'အလောင်းကို ခဏဖြစ်ဖြစ် ကြည့်ပါရစေ'လို့ အော်ကြတယ်။ လွယ်လွယ်နဲ့ မကြည့်ရ ရင်တော့ 'ဘာလဲ၊ ဘာတွေ လျှို့ဝှက်ထားချင်လို့ အလောင်းကို မပြဘဲ ထားရတာလဲ၊ ဘာတွေ မရိုးမသား လုပ်နေလဲ' လို့လည်း ပြောတတ်တယ်။ သူတို့လည်း မီးရှို့ချင်တဲ့ ငါတို့လိုကောင်တွေ၊ မီးလောင် ကောက်စား တွေနဲ့ ဘာမှမထူးဘူး။ တစ်ချိန်လုံး မီးလောင်စေချင်ကြတာ။

            ငါလည်း မိမဆုံးမ တစ်ယောက်ပဲ။ အဲဒါကြောင့် မီးရှို့ပြရမှာပဲ ဆိုတဲ့စိတ်က ငါ့ မှာ အပြည့်ရှိတယ်။ ခုချိန်ထိတော့ ငါ့လက်တွေနဲ့ တစ်ယောက်တည်း မီးရှို့ပစ်လိုက် တာမျိုး မရှိသေးဘူး။ အဲဒီ အတွက် မိမဆုံးမ ဖမဆုံးမ ကောင်တွေက ငါ့ကို အထင် သေးကြတယ်။ 'မင်းသောက်ခြောက်ပဲ'လို့ ပြောကြတယ်။ တကယ်တမ်းက ငါ အရမ်းရှို့ချင်နေပြီ။ မီးရှို့ ကောင်းတဲ့ကောင်လည်း ဖြစ်ချင်တယ်။ တစ်ခါတည်းနဲ့ အများကြီးကို လောင်သွား စေချင်တာ။ မီးတောက် မီးစွယ်တွေ အများကြီးကို အရသာရှိရှိ ရပ်ကြည့်နေရတာမျိုးပေါ့။ လောင်ပြီးသွား ရင်လည်း ပြာခဲ ပြာမှုန်တွေ အများကြီး။

            မီးလောင်ကောက်စားတွေက ငါရှို့ဖြစ်အောင် အမျိုးမျိုး ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး ပြောကြတယ်။ 'မင်းအဖေကို ကြောက်နေတာလား'လို့ ပြောပြီး ငါ့စိတ်ကိုဆွတယ်။ အဲဒါကို ငါ အနာဆုံးပဲ။ ငါက ငါ့အဖေရှေ့မှာ ခွေးတစ်ကောင်လည်း ဖြစ်ခဲ့ပြီးပြီ။ ငါကျောမှာလည်း ဒီထက် အက်ကွဲစရာ နေရာမရှိ တော့ဘူး။ ဒီတစ်ခါ သူ ငါးလိပ်ကျောက်မြီးနဲ့ ရိုက်ရင် ငါ့မျက်နှာကို ထိုးပေးလိုက်ဖို့တောင် စဉ်းစားထားတယ်။ ရိုက်စမ်း မျက်နှာကို၊ တစ်ချက်ပြီးတစ်ချက်။ သူရိုက်လို့ သေရာပါဒဏ်ရာတွေကို မျက်နှာပေါ်မှာ ငါလိုချင်တယ်။ ကျောက အမာရွတ်တွေကို ဘယ်သူမှ လွယ်လွယ်ကူကူနဲ့ မြင်မှာမဟုတ် ဘူး။ ရယ်ရတာက 'ငါသာ မရှိရင် မင်းအခု လောက်ဆို ခွေးဖြစ်နေပြီ'လို့ ပြောတာပဲ။ အခုလည်း ငါ ခွေးဖြစ်နေတာပဲ။

            ငါ ပထမဆုံး ရှို့မယ့်နေရာကို ထူးထူးဆန်းဆန်းလေး ဖြစ်ချင်တာတော့ အမှန်ပဲ။ မိမဆုံးမ ဖမဆုံးမကောင် တွေက နေရာတော်တော်များများကို ရှို့ပြီးသွားပြီ။

            'ရှို့ချင်တဲ့နေရာသာ ရှို့ တော့ကွာ၊ မြန်မြန်သာရှို့၊ မီးခိုးတွေ စ,ထွက်လာရင်တော့ ငါတို့ ရောက်ပြီးသားပဲ'

            မီးလောင်ကောက်စားတွေက သူတို့ရဲ့ အနံ့ခံနိုင် စွမ်းကို ကြွားဝါပြီး ပြောတယ်။ သူတို့ ငါ့ကိုစောင့်နေကြပြီ။ များများလောင်လေ အရသာရှိလေဆိုတဲ့ စကားကို ငါလည်းလက်ခံတယ်။

          ညကိုစောင့်ပြီး အမှောင်ထဲမှာ ရေနံဆီတွေ လောင်းလိုက်တယ်။ ငါ့အဖေဟာ အသံကျယ်အောင် ဟောက်ပြီး အိပ်ပျော်နေတုန်း။ မီးတစ်ခြစ်စာပါပဲ။ အိမ်အပြင်ဘက်ကနေ မီးတောက်တွေကို ငါရပ်ကြည့်နေတယ်။

            'တကယ့်သောက်ရူးပဲ၊ ကိုယ့်အိမ်ကိုယ် ရှို့ရတယ် လို့'

        ငါ့နောက်ဘက်က အသံကြားရတယ်။ မိမဆုံးမ ဖမဆုံးမကောင်တွေများ ငါ့ကို တအံ့တသြဖြစ်လို့။ မီးလောင် ကောက်စားတွေကတော့ 'ပြေးကြတော့ဟေ့၊ မီး... မီး... ပြေးကြတော့ဟေ့'လို့ အော်ပြီး ရောက်လာကြတယ်။ မီးလောင်ဒဏ်ရာတွေကို မြင်ချင်ကြတဲ့ လူတွေရဲ့ ဆန္ဒကတော့ မပြည့်ဘူး။ ငါ့အဖေဟာ အိမ်ထဲ ပြေးဝင်လာတဲ့ မီးလောင်ကောက်စားတွေကို သတ်ပုတ်လို့ ကောင်းတုန်းပဲ။နောက်ဆုံး သူပဲ အရှုံးပေးရတယ်။ မီးတောက်တွေကြားထဲက သူထွက်လာတော့ ငါး လိပ်ကျောက်မီးကို ရအောင် ပြန်ယူလာတယ်။

            ငါ့အတွက်တော့ ဒီ့ ထက်ပိုပြီး မခက်ခဲတော့ပါ ဘူး။ မီးရှို့ပြီးရင် မိမဆုံးမ ဖမဆုံးမကောင်တွေ လုပ်သလို တောထဲကို ပြေးဝင်ပြီး ခဏ ပုန်းလိုက်တာပဲ။ လူတွေက ဒီလိုကိစ္စမျိုးကို မေ့ပျောက် သွားဖို့ လွယ်လွယ်လေး။ သိပ်မကြာခင် 'မိမဆုံးမလေး တစ်ယောက် တောထဲမှာ တစ်ယောက်တည်း ပုန်းနေရတာ သနားပါတယ်'ဆိုပြီး ပြောကြဦးမှာ။ 'တမင် ရှို့တာ မဟုတ်လောက်ပါဘူးကွယ်၊ မတော်တဆ လောင်တာမျိုးပဲ ဖြစ်မှာပါ'ဆိုပြီး ဇာတ်လမ်း ပြောင်းဦးမှာ။

            ငါကလည်း ထွက်လာရင် နောက်တစ်ခေါက် ထပ်ရှို့ဦးမှာပဲ။ မီးရှို့ကောင်းတဲ့ ကောင်ဖြစ်ဖို့ ငါ ထပ်ထပ်ပြီး ရှို့နေရဦးမှာ။

နေ၊ပင်လယ်ပြာ၊

(အမှတ် ၃၅၈၊ စက်တင်ဘာ၊၂၀၁၉ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်