ဝင်းငြိမ်း
ယခင်လမှအဆက် ...
အခန်း (၃) အပိုင်း
( ၃ )
ချစ်ကျွမ်းဝင်တဲ့
ရွှေမင်းသမီး
မင်္ဂလာဆောင်ပြီးတဲ့နောက်မှာ
အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ ဝေလမင်းသမီး ဒိုင်ယာနာတို့ဟာ
ဘရစ်တားနီးယားလို့ခေါ်တဲ့ ထီးသုံးနန်းသုံး ရွက်သင်္ဘောကြီးနဲ့ မြေထဲပင်လယ်ဒေသဆီကို
ပျားရည်ဆမ်းခရီး ထွက်ခဲ့ကြပါတယ်။ အဲဒီခရီးစဉ်မှာ ဒိုင်ယာနာ အတိုင်းထက်အလွန်
ပျော်ခဲ့ပါတယ်။ တချို့ဆောင်းပါးများမှာ ရေးသားဖော်ပြခဲ့ကြသလို
သူအင်မတန်ချစ်မြတ်နိုးပြီး 'ယောကျ်ား'လို့ခေါ်တဲ့
ခင်ပွန်းသည်ရဲ့ လျစ်လျူရှုခြင်းကို ခံခဲ့ရတယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီ ရွက်သင်္ဘောပေါ်ကနေ
သူနဲ့ ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်ဆီကို ရေးတဲ့စာပါ။ ဒီလို ဖော်ပြခဲ့ပါတယ်။
ကျွန်မ ဘယ်တုန်းကမှ
ဒီလောက် မပျော်ခဲ့ဖူးပါဘူး၊ ဘဝမှာ ကျေနပ်စရာတွေ အပြည့်ဖြစ်သလို ထူးထူးခြားခြား
ခံစားရပါတယ်။ ကျွန်မတို့နှစ်ယောက် ဘရစ်တားနီးယား ရွက်သင်္ဘောကြီးပေါ်မှာ
တစ်ယောက်နဲ့ တစ်ယောက် ယုယကြင်နာလိုက်၊ တခစ်ခစ် ရယ်လိုက်ကြနဲ့ အချိန်ကုန်ခဲ့ရတာပါ။
ကျွန်မတို့ ဇနီးမောင်နှံဟာ လိုက်ဖက်ညီလွန်းလို့ အားလုံးက အားကျနေကြပါတယ်။ ကျွန်မ
စိတ်ထဲမှာတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး မိန်းမသားတစ်ယောက် ဖြစ်တယ်လို့
ယူဆပါတယ်။
ရွက်သင်္ဘောပေါ်မှာ
သူတို့ မင်္ဂလာပွဲ ဆင်နွှဲစဉ်က ရိုက်ကူးထားတဲ့ ဗီဒီယိုခွေကိုလည်း ထပ်ပြန်တလဲလဲ
ကြည့်လို့ မဆုံးပါဘူး။ အဲဒီတော့မှပဲ သူတို့လည်း အေးအေးဆေးဆေး ကြည့်ခွင့်ရတာကိုး။
ဇနီးမောင်နှံအဖြစ် ဘုန်းတော်ကြီးက ကြေညာပေးလိုက်ချိန်မှာ တခစ်ခစ်ရယ် နေတဲ့
ဒိုင်ယာနာ အယောင်ယောင် အမှားမှားနဲ့ ချားလ်စ်မင်းသား နာမည်ကို ရွတ်ဆိုရမယ့်အစား
နာမည်မှားခဲ့တာကိုလည်း ဒီတော့မှ ရယ်မဆုံးဖြစ်ကြရပါတယ်။ တစ်ယောက်လက်ကို
တစ်ယောက်ကိုင်ရင်း ဒီဗီဒီယိုအခွေကို ကြည့်အပြီးမှာနှစ်ယောက်စလုံး ဝမ်းသာပီတိနဲ့
မျက်ရည်ကျခဲ့ကြပါသေးတယ်။ အဲဒီအကြောင်းကို ဒိုင်ယာနာက သူ့မိတ်ဆွေဆီ စာရေးခဲ့ပါတယ်။
ကျွန်မတို့ နှစ်ယောက်စလုံး
မင်္ဂလာဆောင်ခွေကို ပြန်ကြည့်တိုင်း ရင်ထဲမှာ အမျိုးအမည် မဖော်ပြတတ်တဲ့ ဝေဒနာကို
ခံစားရပါတယ်။ ကျွန်မအနေနဲ့ နောက်ဆယ်နှစ် ကာလအတွင်းမှာ ပေါက်ဖွားလာမယ့်
ဝေလမင်းသားငယ်များက 'ဒယ်ဒီကို ဘာဖြစ်လို့ ဖိလစ်လို့ ခေါ်တာလဲ'လို့ မေးကြလိမ့်မယ် ထင်တယ်။ ဒီအခါမှာ ကျွန်မကတော့ အနာဂတ်ကို
မျှော်တွေးပြီး အဲဒီလိုခေါ်ခဲ့တာပါကွယ်လို့ ဖြေမယ်လို့ စဉ်းစားထားပါတယ်။
အခြား
သတို့သမီးများလိုပဲ ဒိုင်ယာနာဟာလည်း ဝေလမင်းသားနဲ့ လက်ထပ်ပြီးချိန်မှာ
လန်ဒန်မြို့မှ မူကြိုဆရာမလေးဘဝကို ပြန်မသွားတော့ပါဘူး။ ဘာကင်ဟမ် နန်းတော်တွင်း
ရောက်ရှိလာတဲ့ ဒိုင်ယာနာဟာ အစားအသောက် မမှန်တဲ့ရောဂါ၊ စိတ်လှုပ်ရှားမှုများနဲ့
သူ့စိတ် ဓာတ်ဟာ တက်လိုက်ကျလိုက် ဖြစ်ခဲ့တာ အမှန်ပါပဲ။ မျှော်မှန်းမထားတဲ့ဘဝကို
ရုတ်ခြည်းရောက်လာတာ ဖြစ်တဲ့အတွက် ညားကာစ ဇနီးမောင်နှံတို့ရဲ့ ထုံးစံအတိုင်း တစ်ယောက်နဲ့
တစ်ယောက် ညှိနှိုင်းစရာတွေတော့ ရှိခဲ့တာပါပဲ။ အဲဒီလို ကိစ္စတွေကိုလည်း
ချားလ်စ်မင်းသားက သိနားလည်စွာနဲ့ လိုက်လျောခဲ့တယ်ဆိုတာကို ဒိုင်ယာနာရေးတဲ့
စာတစ်စောင်မှာ တွေ့ရပါတယ်။
ကျွန်မ စိတ်ဓာတ်ကျနေတာတွေကို
ချားလ်စ်က စိတ်ရှည်ရှည်နဲ့ ကြင်ကြင်နာနာ ဖေးမပြီး ကူညီခဲ့ပါတယ်။ သူက အဲဒီလို
ကူညီဖေးမလေလေ ကျွန်မဘက်က ဖြစ်နေတဲ့ စိတ်ဓာတ်ကျမှုတွေက သူ့အပေါ်မှာ မတရားသလို
ဖြစ်နေလေပါပဲ...တဲ့။
ရွက်သင်္ဘောပေါ်ကနေ သူတို့နှစ်ယောက်
ဘာလ်မိုရယ်လ်စံအိမ်ကို တန်းသွားကြပါတယ်။ စံအိမ်ဝန်ထမ်းများက သူတို့ကို
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပြီး ခရမ်းရောင် သားရေများနဲ့ ချုပ်ထားတဲ့ ထိုင်ခုံပါ
နှစ်ယောက်စီးကားနဲ့ ခရီးဦးကြိုခဲ့ကြတာပါ။ မင်းသားနဲ့ မင်းသမီးတို့ကလည်း
စံအိမ်ဝန်ထမ်းများရဲ့ ခရီးဦးကြိုမှုကို ဝမ်းမြောက်ကျေနပ်ကြပြီး စံအိမ်အဝမှာ
တန်းစီစောင့်ဆိုင်းနေကြတဲ့ ဝန်ထမ်းများကို တစ်ဦးချင်း နှုတ်ဆက်ခဲ့ကြပါတယ်။ ရွက်သင်္ဘောနဲ့
ခရီးထွက်စဉ်က အီဂျစ်နိုင်ငံ သမ္မတ ဆဒတ်က မင်းသမီးအတွက် လက်ဆောင်ပေးခဲ့တဲ့ သရက်သီး
အလုံး ၁၆ဝ ကို သယ်ဆောင်လာခဲ့ပါတယ်။
သူတို့ဇနီးမောင်နှံ နေထိုင်ကြမယ့်
ဘာလ်မိုရယ်လ် ရဲတိုက်ကိုလည်း ချစ်စခင်စ ဇနီးမောင်နှံတို့ နေချင်စဖွယ်ဖြစ်အောင်
လှလှပပ ပြင်ဆင်ပေးထားကြပါတယ်။ တစ်ခါတလေမှာ ချားလ်စ်မင်းသားက ဒိုင်ယာနာကို
နားထောင်စေချင်တဲ့စာအုပ် ဖတ်ပြလေ့ရှိပြီး တစ်ခါတရံမှာတော့ ဥယျာဉ်အတွင်းမှာ
နှစ်ယောက်သား လက်တွဲပြီး လမ်းလျှောက်နေခဲ့တဲ့အခါတွေလည်း ရှိပါတယ်။ အိမ်တော်မှာ
စားဖိုမှူးတွေ ရှိပေမယ့် တစ်ခါတလေ ဒိုင်ယာနာက ချားလ်စ်စားဖို့အတွက် အသားကင်ကို
ကိုယ်တိုင် ဝင်လုပ်ပေးတတ်ပါတယ်။ ဒိုင်ယာနာရဲ့ဘဝမှာ စာအုပ်တစ်အုပ်ကို တစ်နေ့တည်းနဲ့
ပြီးအောင်ဖတ်တယ်ဆိုတာ ချားလ်စ်နဲ့ ရတော့မှသာ ဖြစ်လာတာပါ။ ချားလ်စ်ကို ဖတ်ပြချင်တဲ့
စာအုပ်တစ်အုပ်ကို သူတစ်နေ့တည်းနဲ့ ပြီးအောင် ဖတ်ပြနိုင်ခဲ့တာ ချစ်လွန်းလို့ဆိုတာ
အထူးပြောဖွယ် မရှိပါဘူး။ သူတို့ စံအိမ်ကို ဒိုင်ယာနာရဲ့ အခန်းဖော်ဖြစ်ခဲ့ဖူးတဲ့
ကာရိုလင်းပရိုက် လာလည်တဲ့ အချိန်တုန်းက ဒိုင်ယာနာ အရမ်းပျော်သွားခဲ့ပါတယ်။
ဘာသိုလိုမြူးလ်ကလည်း အင်ဒရူးမင်းသားရဲ့ ဧည့်သည်အဖြစ် လာနေပေးခဲ့ပါသေးတယ်။
ဒိုင်ယာနာအနေနဲ့ သူနဲ့ သက်တူရွယ်တူ ကာရိုလင်း၊ အင်ဒရူးတို့နဲ့ စကားလက်ဆုံ
ကျရတာကိုလည်း အင်မတန် ကျေနပ်ပါတယ်။
အဲဒီအချိန်မှာပဲ ဒိုင်ယာနာက
ချားလ်စ်မင်းသားရဲ့ ရွှေလက်ကြယ်သီးမှာ C နှစ်လုံးထပ်ထားတဲ့
ဒီဇိုင်းနဲ့ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ကယ်မီလာက ပေးထားတဲ့လက်ဆောင်ပါတဲ့။
အဲဒီအခါမှာ ဒိုင်ယာနာက ချားလ်စ်နဲ့ ထိပ်တိုက် ရင်ဆိုင်ပါတော့တယ်။ ဒါပေမယ့်
သူ့အပျော်တွေ ပျက်စီးသွားလောက်အောင်တော့ မဟုတ်ပါဘူး။ သိလိုက်တဲ့ တစ်ရက်ပဲ
ဒေါသထွက်ခဲ့တာပါ။ ဟိုက်ဂရုဖ်နဲ့ ကင်စတန် စံအိမ်တို့မှာလည်း ပုံနှိပ်ထားတဲ့
စာရေးစက္ကူခေါင်းများက C နဲ့ D
အက္ခရာများ ပါဝင်ပြီး သရဖူရဲ့ အောက်မှာ ရေးထားတာပါ။ ဒိုင်ယာနာက ဒီအမှတ်အသားဟာ
ငြိမ်းချမ်းခိုင်မြဲတဲ့ အိမ်ထောင်ရေးကို ဦးတည်တဲ့ အထိမ်းအမှတ်လို့ ယူဆခဲ့ပါတယ်။ သူ
ကိုယ်တိုင်ကတော့ ချိုးငှက်နှစ်ကောင်ပုံပါတဲ့ အလှဆင်ပစ္စည်းတစ်ခုကို
ဝယ်ယူခဲ့ပါသေးတယ်။
တစ်ခါတုန်းက ဘာလ်မိုရယ်လ် စံအိမ်မှာ
ရှိနေကြခိုက် လက်ဖက်ရည်ချိန် ရောက်လာပါတယ်။ မင်းသမီးက သူ့ခေါင်းမှာ ပလတ်စတစ်
အစာအုပ်ထားပြီး မျက်နှာပေါ်မှာ သွေးတွေပေကျံလျက်သား ဖြတ်လျှောက်လာတာကို
တွေ့လိုက်ရပါတယ်။ ဒိုင်ယာနာက ချားလ်စ်မင်းသားနဲ့အတူ အမဲလိုက် ထွက်ရာကနေ
ပြန်လာခဲ့ခြင်းပါ။ မုဆိုးများနဲ့အတူ အမဲလိုက်ရာမှာ ဒိုင်ယာနာက ပထမဆုံးသားကောင်ကို
ပစ်ဖို့အတွက် မုဆိုးများက ဦးစားပေးကြပါတယ်။ သူပစ်လိုက်တဲ့ သားကောင်ရဲ့
ခေါင်းကိုဖြတ်ပြီး ဗိုက်ကိုခွဲတဲ့နေရာမှာ တော်ဝင်မိသားစုများရဲ့
ထုံးတမ်းစဉ်လာအတိုင်း အမဲပစ်သူကိုယ်တိုင်က သားကောင်ကို ရင်ဖွင့်ပေးရပါတယ်။ အဲဒီလို
ဗိုက်ခွဲလိုက်ရင်း သားကောင်မှ ထွက်လာတဲ့ သွေးများက ဒိုင်ယာနာ မျက်နှာပေါ်မှာ
ပေကျံသွားခြင်းပါပဲ။ အမှတ်တမဲ့ ကြည့်မယ်ဆိုရင်တော့ သုတ်ဆေး တစ်မျိုးမျိုး
ပေနေတယ်လို့ အောက်မေ့ရပါတယ်။ နန်းတွင်းထုံးတမ်းစဉ်လာအရ ပြောရမယ်ဆိုရင် ဒိုင်ယာနာဟာ
သွေးစွန်းခဲ့ပါပြီ။ သတ်ဖြတ်ပြီးတဲ့ သားကောင်ကို ခေါင်းဖြတ်ကာ အရင်ပစ်ထားတဲ့
ငှက်များနဲ့အတူ မီးကင်ဖို့ စီစဉ်ကြပါတယ်။
မင်းသမီးက စကော့တို့ရဲ့
ကုန်းမြင့်ဒေသများမှာ နေရတာကို သဘောကျပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာက
ဝင်ဆာနန်းတော်မှာလို အမဲလိုက်ရတဲ့ ကစားနည်း မရှိတာကိုတော့ မနှစ်သက်လှပါဘူး။ အမဲလိုက်ထွက်တိုင်း
ဒိုင်ယာနာက သူ့ခင်ပွန်းသည် ကျေနပ်လောက်အောင် လက်စွမ်းပြနိုင်တဲ့သူပါ။ ဒါကြောင့်လဲ
ဘာလ်မိုရယ်လ် စံအိမ်မှာ နေနေသမျှ ကာလပတ်လုံး အမဲလိုက်ခြင်း၊ ငါးမျှားခြင်းနဲ့
အချိန်ကုန်စေခဲ့ပါတယ်။ ဒါတွေက တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် ချားလ်စ်မင်းသားကို
ဆွဲဆောင်ထားခြင်းလည်း ဖြစ်ပါတယ်။ လက်ထပ်ပြီးကာစက မင်းသားကျေနပ်အောင် အမဲလိုက်ဖို့
တိုက်တွန်းခဲ့ပေမယ့် ဒိုင်ယာနာက လက်မခံခဲ့ပါဘူး။ နောက်ပိုင်းမှသာ သူကိုယ်တိုင်
စိတ်ပါလက်ပါ အမဲလိုက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
လက်ထပ်ပြီး နှစ်နှစ်လုံးလုံး သူ့
ခင်ပွန်းသည်အပါးမှာနေရင် ပျော်ရွှင်နေခဲ့တယ်ဆိုတာကို သူ့အမျိုးသမီး မိတ်ဆွေ
တစ်ဦးထံ ၁၉၈၃ ခုနှစ်က ရေးခဲ့တဲ့စာက သက်သေခံနေပါတယ်။
'သူကျေနပ်အောင် ကျွန်မ
ကြိုးစားအားထုတ်နေရတယ်။ ဒါကြောင့် ပိုလိုပွဲကိုလည်း ကြည့်ရတယ်။ ဒီနေ့ဆိုရင်
ဒုတိယနေ့ပေါ့။ တကယ်ဆိုရင် ပိုလိုပွဲကိုမလိုက်ဘဲ ကျွန်မ အိပ်ပဲအိပ်ချင်နေ တာပါ။
ဒါပေမယ့် ပွဲကို ကျွန်မလိုက်ရင် C က ပျော်တယ်ဆိုတာ
တွေ့ရတဲ့အတွက် သူပျော်အောင်လို့ ကျွန်မ လိုက်ပါတယ်'... လို့
ရေးခဲ့တာပါ။
အပြန်အလှန်အားဖြင့်
ချားလ်စ်မင်းသားကလည်း ဒိုင်ယာနာရဲ့ စိတ်နေသဘောထားကို နားလည်ထားပါတယ်။
ဒိုင်ယာနာအနေနဲ့ ကျေးလက်မှာ နေရတာထက် လန်ဒန်မြို့ကြီးပေါ်မှာ နေရတာ ပိုပြီး
ပျော်မှန်းသိလို့ တစ်လှည့်စီ နေပေးပါတယ်။
ချားလ်စ်မင်းသားအနေနဲ့
ဘာလ်မိုရယ်လ်မှာနေပြီး အမဲလိုက်နေရတာလောက် ပျော်တဲ့နေရာ မရှိပါဘူး။ မနက်စာ
စားပြီးတာနဲ့ တစ်ပြိုင်နက် လင့်ရိုဗာကားပေါ်မှာ သေနတ်တွေ၊ ကျည်ဆန်တွေ၊
အမဲလိုက်ခွေးတွေ တင်ပြီးတော့ အမဲလိုက် ထွက်တော့တာပဲ။ သူနဲ့အတူ အမဲလိုက်ရာမှာ
ပါဝင်တဲ့သူများက နေ့လယ်နေ့ခင်း စားဖို့သောက်ဖို့ အစားအသောက်များသာမက ဂျင်
သို့မဟုတ် ဝီစကီပါ သယ်ဆောင်လာကြပါတယ်။
တစ်ခါတုန်းက မင်းသားက
ခန်းမကျယ်ကြီးထဲမှာ တစ်ယောက်တည်းရပ်ပြီး အော်နေလေရဲ့။ 'ငါ့ကို
တစ်ယောက်ယောက် အကူအညီမပေးနိုင်ကြတော့ဘူးလား' တဲ့။
အဲဒီအော်သံကိုကြားလို့ ကျွန်တော် ကမန်းကတမ်း ပြေးကြည့်လိုက်တော့ သူ့ခြေရင်းမှာ
ဆယ်လ်မွန်ငါးကြီးနှစ်ကောင် ချထားတာကို တွေ့ရပါတယ်။ သူ မျှားလာတဲ့ ငါးတွေပေါ့။
ကျွန်တော့်ကို မြင်သွားတော့ 'ဒီငါးတွေကို စားဖိုမှူးဆီ
ပို့ပေးစမ်းပါ။ ဒီည ညစာအမီ ချက်ပေးဖို့လည်း ပြောလိုက်ပါ' တဲ့။
ကျွန်တော်က ငါးတွေကို ကုန်းကောက်လိုက်ပေမယ့် ငါးတွေက ချောထွက်နေလို့ ကိုင်ရတာ
တော်တော်ခက်ပါတယ်။ ငါးနှစ်ကောင်နဲ့ ကျွန်တော် ဘရုတ်သုတ်ခဖြစ်နေတာကို မင်းသားက
ရပ်ကြည့်နေပြီး စိတ်မရှည်နိုင်တော့တဲ့အဆုံး 'ခင်ဗျားလုပ်တာနဲ့
တစ်ခန်းလုံး ညစ်ပတ်ကုန်ပြီ၊ ဒီလိုကိုင်ရတယ်' လို့ ပြောကာ
ငါးကိုင်ပုံကိုင်နည်းကို သူကိုယ်တိုင် သင်ပြပေးခဲ့ပါတယ်။ ကျွန်တော့်ဘဝမှာ သူလောက်
ငါးမျှားတာ၊ အမဲလိုက်တာ ဝါသနာပါတဲ့သူ ကျွန်တော် မတွေ့ဖူးပါဘူး။
သူ့မယ်တော် ဘုရင်မကြီးကလည်း
သူ့နည်းနှင်နှင်ပါပဲ။ မနက်စာ စားပြီးတာနဲ့တစ်ပြိုင်နက် ဝင်ဆာနန်းတော်ကနေ
ခေါ်ဆောင်လာတဲ့ မြင်းကို တက်စီးတော့တာပဲ။ သူနဲ့တွေ့ဖို့ နေ့ခင်းကြောင် တောင်
ခေါင်းစည်းပုဝါတွေ စည်းပြီး ဧည့်ခန်းထဲမှာ စောင့်နေကြတဲ့ အမျိုးသမီးများကတော့
စောင့်ပေဦးတော့ပဲ။ သူမြင်းစီးလို့ အားရတော့မှ ပြန်လာတတ်တာပါ။ ဘုရင်မကြီးရဲ့ ကြင်ယာ
တော်ဖြစ်တဲ့ အီဒင်ဗာရာ မြို့စားကြီးကလည်း သူ့ဇနီးသည် စိတ်ပျော်ရွှင်နေတာကို
ကျေနပ်နေသူဖြစ်တဲ့အတွက် ဘုရင်မနဲ့တွေ့ဖို့ စောင့်နေသူများထဲမှာ မယ်တော်ဘုရင်မကြီး၊
ညီမတော် မာဂရက်မင်းသမီး၊ နန်းတွင်းအပျိုတော်များ၊ အခြားပြင်ပမှ အမျိုးသမီး
ဧည့်သည်များကို ဧည့်ခံထားပြီး တစ်ခါတလေမှာ အဲဒီအမျိုးသမီးအုပ်ကြီး
အပျင်းပြေစေဖို့အတွက် နေ့လယ်စာ ပျော်ပွဲစား ထွက်ပေးတတ်ပါတယ်။ အဲန်းမင်းသမီးကတော့
အမျိုးသားများချည်း ပါဝင်တဲ့ ပါတီပွဲများမှာသာ စိတ်ဝင်စားပါတယ်။
ဘုရင်မကြီးက အမဲလိုက်တာကို
ဝါသနာပါပါတယ်။ ဒါပေမယ့် သူ့နောက်က လိုက်လာတဲ့သူတွေ တိရစ္ဆာန်ကိုပစ်မယ်ဆိုရင်
တစ်ချက်တည်းနဲ့ သေအောင် ပစ်နိုင်မှသာ သဘောကျပါတယ်။ ဒဏ်ရာရရုံ ရသွားပြီး
ဖြည်းဖြည်းမှ သေစေမယ့် ဒဏ်ရာမျိုးဆိုရင် မကြိုက်ပါဘူး။ တစ်ခါတုန်းက ဧည့်သည်တစ်ဦးက
အမဲလိုက်ရင်း ဆာလာပြီဖြစ်လို့ ပြန်လာခဲ့ပါတယ်။ သူပစ်ခဲ့တဲ့ တိရစ္ဆာန်တစ်ကောင် ဟာ
ဒဏ်ရာရခဲ့ပါတယ်လို့ ဝန်ခံခဲ့တယ်။ ဒါပေမယ့် ဘုရင်မကြီးက မကျေနပ်တဲ့အတွက်
ပြန်သွားခိုင်းပြီး အဲဒီတိရစ္ဆာန်ကို တွေ့အောင်ရှာ မသေမရှင် မထားဘဲ
အသေသတ်ခဲ့ရမယ်လို့ အမိန့်ပေးခဲ့ဖူးပါတယ်။ အဲဒီလူဟာ ညစာစားချိန်အထိ
ပြန်ရောက်မလာတော့ပါဘူး။
အဲဒီညက ညစာစားပွဲအတွက် ကျွန်တော် ပြင်ဆင်နေတုန်း
ဘုရင်မကြီး ရောက်လာခဲ့ပါတယ်။
'ဟို အမျိုးသားကြီး
ရောက်မလာတော့ ညစာစားရမှာ တစ်မျိုးပဲကွယ်။ လွတ်နေတဲ့ သူ့နေရာအတွက်
အစောင့်တပ်ဖွဲ့ထဲက အရာရှိတစ်ယောက်ကိုခေါ်ပြီး အစားထိုးလိုက်ပါ' လို့ ခိုင်းဖူးပါ တယ်။
ညစာစားပွဲမှာ ပန်းကန်ချတာကအစ
ရှေးရိုးနည်းစံနစ်အတိုင်းပဲ ချရပါတယ်။ အမျိုးသားများကို ဦးစားပေးရပါတယ်။
ပြီးတော့မှ အမျိုးသမီး ထိုင်ရပါတယ်။ တစ်ယောက်ခြားပေါ့။ ဘုရင်မကြီးဟာ အမြဲတမ်း
ဧည့်သည်ကို ဂရုစိုက်တတ်တဲ့ ညာဉ်ရှိပါတယ်။ သူ့ဆန္ဒက သူဖိတ်ကြားတဲ့ ညစာစားပွဲကို
တက်ရောက်သူတိုင်းဟာ ကျေကျေနပ်နပ် ရှိစေရမယ်လို့ ခံယူပါတယ်။ အဲဒါအပြင် ဧည့်သည်များ
နေရာချထားပုံက တစ်ကြိမ်နဲ့ တစ်ကြိမ် မတူစေရပါဘူး။ ပထမတစ်ကြိမ်မှာ ဘေးချင်းကပ်
ထိုင်ခဲ့ရသူချင်း နောက်တစ်ကြိမ်မှာ ဘယ်တော့မှ ဘေးချင်းကပ်ချထား ခြင်း မပြုပါဘူး။
အမြဲတမ်း အဲဒီလို စီစဉ်တဲ့အတွက် ချားလ်စ်နဲ့ အမြဲတူတူ ထိုင်လိုတဲ့ ဒိုင်ယာနာအနေနဲ့
စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဘုရင်မကြီးကလည်း သူ့အစဉ်အလာကို ဘယ်တော့မှ
ပြောင်းမပေးပါဘူး။ ဘုရင်မကြီးမှာ ထူးခြားတဲ့ မှတ်ဉာဏ်လည်းရှိသူပါ။ ဘယ်နေ့က
ညစာစားပွဲမှာ ဘယ်သူနဲ့ ဘယ်သူ ကပ်လျက် ထိုင်တယ်ဆိုတာကိုလည်း သူမှတ်မိပါတယ်။
ညစာစားပွဲမှာ ဧည့်သည် ၁၃ ယောက် မဖြစ်စေဖို့ကိုလည်း အမြဲ သတိထားပါတယ်။ ဒါတွေကတော့
စာနဲ့ရေးပြီး ထုတ်ထားတဲ့ ဥပဒေတွေ မဟုတ်ပေမယ့် နန်းတွင်းသူ နန်းတွင်းသားများကတော့
ဒီအစဉ်အလာများကို ထာဝစဉ် စောင့်သိ ကျင့်သုံးရပါတယ်။ တကယ်လို့ မလွဲသာ မရှောင်သာဘဲ ဧည့်သည်က
၁၃ ယောက်ဖြစ်နေပြီဆို ရင် ၁၄ ယောက်စာ ခုံခင်းထားပြီး တစ်ခုံကို အလွတ်ရှိစေပါတယ်။
အဲဒီလို မလုပ်ချင်ရင် ဧည့်သည် ၇ ယောက်ကို စားပွဲတစ်လုံးနဲ့ခွဲပြီး ၆ ယောက်ကို
စားပွဲ သီးသန့် ခင်းစေပါတယ်။
ဒီအယူအဆနဲ့ ပတ်သက်ပြီး ဘုရင်မကြီးက
ပြောပြဖူးတာကတော့ ၁၃ ဂဏန်းဆိုတာ ခရစ်တော်နဲ့ သူ့တပည့်များအတွက်သာသုံးတဲ့
ဂဏန်းဖြစ်တယ်လို့ ဆိုပါတယ်။
ဘုရင်မကြီးဟာ အင်္ဂလန်နိုင်ငံကို
စိုးမိုးအုပ်ချုပ်သူဖြစ်သလို Church Of England ဆိုတဲ့
ခရစ်ယာန် ဂိုဏ်းတစ်ဂိုဏ်းရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။ အဲဒါအပြင် ယုံကြည်မှုကို
ဦးဆောင် ကာကွယ်သူလည်း ဖြစ်တဲ့အတွက် ဘာသာရေးကို အလွန်တရာ ကိုင်းရှိုင်းပါတယ်။
ကမ္ဘာ့ဘယ်နိုင်ငံ ဘယ်နေရာမှာပဲ ရောက်နေနေ တနင်္ဂနွေနေ့ နံနက် ဘုရားရှိခိုးဖို့တော့
မပျက်ကွက်ခဲ့ပါဘူး။ ဘာကင်ဟမ် နန်းတော်မှာတော့ တစ်နှစ်လုံးမှာ တနင်္ဂနွေတစ်ရက်သာ
နေဖူးပါတယ်။ အဲဒီ တနင်္ဂနွေကတော့ Remembrance Sunday ပါပဲ။ တခြား
တနင်္ဂနွေများမှာ ဘုရင်မကြီး ဘုရားရှိခိုးတတ်တဲ့ နေရာများကတော့ ဝင်ဆာဆင်ဒရင်ဟမ်၊
ဘာလ်မိုရယ်လ်တို့ပါပဲ။ ဘရစ်တာနီးယား
ရွက်သင်္ဘောမှာ ရောက်နေဦးတော့ တနင်္ဂနွေနေ့ မနက်နဲ့ ကြုံနေရင် သင်္ဘောပေါ်က
ထမင်းစားခန်းမှာ စားပွဲ၊ ကုလားထိုင်တွေကိုဖယ်ပြီး ယာယီ ဘုရားရှိခိုးခန်းအဖြစ်
ဖန်တီးပေးကြရတာပါ။ အဲဒီအခါမျိုးမှာ ထမင်းစား ကုလားထိုင်တွေကို နှစ်တန်းဖြစ်အောင်
တန်းလိုက်ကြရပါတယ်။ သင်္ဘောရဲ့ ကပ္ပတိန်ကအစ ဘုရားရှိခိုးတဲ့နေရာကို လာကြရပြီး
ဓမ္မတေးများ သီကြွေးကာ ဘုရားရှိခိုးကြ ရပါတယ်။ ကုန်းပေါ်မှာရှိလို့
ဘုရားရှိခိုးကျောင်းများမှာ ဘုရားရှိခိုးတဲ့အခါ
အပတ်စဉ် ဘုရင်မကြီးက စတာလင်ပေါင် ၅ ပေါင်တန် ငွေစက္ကူတစ်ရွက်ကို
ဘုရားရှိခိုးကျောင်းအတွက် လှူဒါန်းလေ့ ရှိပါတယ်။ သူ အဲဒီလို လှူဒါန်းနိုင်အောင်
သူ့အဝတ်အစားများ ပြင်ဆင်ပေးရတဲ့ ပုဂ္ဂိုလ်က ၅ ပေါင်တန် ငွေစက္ကူကို
လေးခေါက်ခေါက်ပြီး ပိပြားနေအောင် မီးပူနဲ့ ဖိထားပေးရပါတယ်။ အလှူခံပုံးထဲကို
အဲဒီပိုက်ဆံ သူထည့်လိုက်ရင်လည်း သူ့ပုံပါတဲ့ ဘက်က အမြဲတမ်း မြင်နေရအောင် ထည့်တတ်ပါတယ်။
ခရစ်ယာန်ဘာသာဝင်များရဲ့ နေ့ကြီးရက်ကြီးများဆိုရင်တော့ ဘုရင်မကြီးက သူ့ကိုယ်ပိုင်
ဘုရားရှိခိုးကျောင်းမှာ ရှိခိုးလေ့ရှိပါတယ်။ ဒီဘုရားရှိခိုးကျောင်းက သူ့စံ အိမ်နဲ့
မနီးမဝေးမှာ ဆောက်ထားတာပါ။
ကျွန်တော် တွေ့ခဲ့ဖူးသလောက်တော့
ဘုရင်မကြီး တစ်နေ့တာ တာဝန်များ ကုန်ဆုံးပြီဆိုရင် သူ့ကြင်ယာနဲ့ လက်တွဲပြီး
တပြုံးပြုံးရှိနေတတ်ပါတယ်။ သူတို့ ဇနီးမောင်နှံမှာ သီးခြားစီ ဧည့်ခန်းများ ရှိသလို
စာကြည့်ခန်း၊ ဧည့်သည် လက်ခံတွေ့ဆုံခန်းများကလည်း သီးခြားစီပါ။ တစ်ယောက်နဲ့
တစ်ယောက် အားနာစရာမလိုဘဲ လွတ်လွတ်လပ်လပ် ရှိစေဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။ သူတို့
အခန်းနှစ်ခန်းကို ဆက်သွယ်ထားတဲ့ အခန်းကတော့ နှစ်ယောက်အိပ် ကုတင်ရှိတဲ့ အိပ်ခန်း
ကျယ်ကြီးပါပဲ။ ဘုရင်မကြီးအပါးမှာ ကျွန်တော် အမှုထမ်းခဲ့တာ ၁၁ နှစ်ကြာပါတယ်။
အဲဒီကာလအတွင်းမှာ သူတို့နှစ်ယောက် စကားကျယ်ကျယ်ပြောပြီး အော်ဟစ်ငြင်းခုန်တာမျိုး တစ်ကြိမ်မှ
မကြုံခဲ့ဖူးပါဘူး။ ကြင်ယာတော် ဖိလစ်မင်းသားကြီးက ဘုရင်မကြီးအပေါ်မှာ
ယုယကြင်နာတတ်တဲ့ ခင်ပွန်းကောင်း တစ်ယောက်ဖြစ်သလို သားသမီးများအပေါ်မှာလည်း ဝတ္တရား
ကျေပြွန်တဲ့ ဖခင်တစ်ဦးပါ။
အဲလိဇဘက် မင်းသမီးကလေးက အသက် ၂၁
အရွယ်မှာ သူမနဲ့ သွေးသားမကင်းတဲ့ ဂရိနိုင်ငံဖွား အသက် ၃၆ နှစ်အရွယ်ရှိ
ဖိလစ်မင်းသားကို ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်နေ့မှာ လက်ထပ်ခဲ့ပါတယ်။ ၆
နှစ်အကြာမှာ ဘုရင်မအဖြစ် နန်းတက်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ဖိလစ်မင်းသားက
ရေတပ်အရာရှိ တစ်ဦးဖြစ်ပြီး ဘုရင်မ အပေါ်မှာ သစ္စာစောင့်သိ ရိုသေမှာဖြစ်ကြောင်း
ဘုရားသခင်ထံ တိုင်တည်ပြီး ဇနီးဖြစ်သူရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ရပါသေးတယ်။
လင်မယားဆိုပေမယ့် ထုံးတမ်းစဉ်လာကို
မဖောက်ဖျက်ကြသလို ဖိလစ်မင်းသားကလည်း ပြီးပြီးရောဆိုတဲ့ သဘောနဲ့ ကျမ်းသစ္စာ
ကျိန်ဆိုတာ မဟုတ်ဘဲ စိတ်ပါလက်ပါ ကျိန်ဆိုခဲ့တယ်ဆိုတာ အားလုံး သိကြပါတယ်။
ဇနီးဖြစ်သူက ဘုရင်မ ဖြစ်လာပြီး ၄ နှစ်အကြာမှာတော့ ဖိလစ်မင်းသားက ရေတပ်တာဝန်မှ
နုတ်ထွက်ခဲ့ပြီး ဇနီးသည်ရဲ့အပါးမှာ လိုအပ်တာ ဖြည့်ဆည်းပေးနေခဲ့ပါတယ်။
ပြည်သူအများရှေ့မှာ နှစ်ကိုယ်တူ ယှဉ်တွဲပြီး လမ်းလျှောက်ရမယ်ဆိုရင်လည်း
ဖိလစ်မင်းသားက ဘုရင်မကြီးရဲ့ နောက်မှာ ခြေတစ်လှမ်းခွာပြီး လျှောက်လေ့ရှိပါတယ်။
လင်မယား ဆိုပေမယ့် ဘုရင်မနဲ့ မင်းမှုထမ်းတစ်ဦး ဖြစ်နေခြင်းကြောင့် ဓလေ့ထုံးတမ်းကို
လေးစားလိုက်နာတဲ့အနေနဲ့ နောက်က လျှောက်ခြင်းပါ။ ပရိသတ်အများရှေ့မှာ ဘုရင်မက
အစစအရာရာကို ဦးဆောင်တာဖြစ်ပေမယ့် မိသားစု အရေးအခင်းမှာတော့ သာမန် မိသားစုများလိုပဲ
ဖခင်ဖြစ်သူကသာ ဦးဆောင်ဆုံးဖြတ်လေ့ ရှိပါတယ်။ ဒါကြောင့် ဝင်ဆာနန်းတော်ရဲ့
တံခါးနောက်ကွယ်မှာဆိုရင် ဖိလစ်မင်းသားက ဘော့စ်ပါ။
အဲဒီအချိန်ကျရင် အဲလိဇဘက်က သာမန် အိမ်ရှင်မတစ်ယောက်ဘဝကို ရောက်သွားပါတယ်။
ပုဂ္ဂလိက ကိစ္စများနဲ့ ပတ်သက်လာရင်လည်း ဘုရင်မကြီး ကိုယ်တိုင်က 'ငါမသိဘူး၊
မင်းတို့ အဖေကိုမေး' လို့ ပြောလေ့ရှိပါတယ်။ ဒါကြောင့်
မင်းမှူထမ်းများကလည်း ဖိလစ်မင်းသားကြီးကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ကြပါဘူး။
ဘုရင်မကြီးနဲ့ ထပ်တူ လေးစားကြရပါတယ်။
ဘုရင်မရဲ့ ဘဝဟာ နိုင်ငံတော်
တာဝန်များနဲ့သာ လုံးပမ်းနေရတဲ့အတွက် အထီးကျန် ဖြစ်တတ်ပါတယ်။ ဗစ်တိုးရီးယားဘုရင်မ
လက်ထက်တုန်းက အဲလ်ဘတ်မင်းသားကို အားထားခဲ့ရသလို အဲလိဇဘက်လက်ထက်မှာလည်း
ဖိလစ်မင်းသားဟာ ဘုရင်မကြီးရဲ့ ယုံကြည်ကိုးစားရာ ဖြစ်ပါတယ်။ သူတို့
နှစ်ယောက်ကြားမှာ တစ်ယောက်ကို တစ်ယောက် ယုံကြည်ကိုးစားစိတ်ရှိတာကိုလည်း
တွေ့ရပါတယ်။ မင်းသားကြီးက မနက် ၈ နာရီခွဲအချိန်မှာ မနက်စာ စားလေ့ရှိပါတယ်။
ဒါပေမယ့် ဘုရင်မကြီး ရောက်လာမယ့် မနက် ၉ နာရီ အချိန်အထိ စားပွဲမှာပဲ
ထိုင်စောင့်နေတတ်တယ်။ ရောက်လာပြီဆိုရင် ဘုရင်မကြီးရဲ့ပါးကို ညင်ညင်သာသာ နမ်းပြီး 'ဂွတ်မောနင်း
ဒါလင်' လို့ နှုတ်ဆက်လေ့ရှိပါတယ်။
မင်းမှုထမ်းများနဲ့ ပတ်သက်လာရင်တော့
မင်းသားကြီးက ခပ်တင်းတင်း နေလေ့ရှိပါတယ်။ သူ့သမိုင်းကြောင်းမှာ ဒေါသကြီးတဲ့
အစဉ်အလာတွေလည်း ရှိခဲ့ပါတယ်။ သူ့ကြောင့် မျက်ရည်ကျခဲ့ရတဲ့ မင်းမှုထမ်းတွေလည်း
ရှိခဲ့ဖူးပါတယ်။ သူကိုယ်တိုင်က ဘုရင်မဟုတ်ဘဲ ဘုရင်မ ယောကျ်ားသာ ဖြစ်နေခြင်းကြောင့်
စိတ်သိမ်ငယ်လို့လား မပြောတတ်။ သူ့ကို လေးစားစေချင်တဲ့စိတ် အပြည့်အဝ ရှိတာကို
တွေ့ရပါတယ်။ သူ့မျက်လုံးများကလည်း လူတစ်ဖက်သားအပေါ်မှာ အပြစ်ရှာတဲ့ အကြည့်မျိုးနဲ့
ကြည့်တတ်ပါတယ်။ အမှားတစ်စုံတစ်ခုကို တွေ့ပြီဆိုရင်တော့ သူ့ဒေါသ မီးတောင်ကြီး
ပေါက်ကွဲတော့တာပဲ။ အသံနက်ကြီးနဲ့ အော်လိုက်ဟစ်လိုက်ရင် မင်းမှုထမ်းများမှာ
လိပ်ပြာလွင့်သွားမတတ် ဖြစ်ရပါတယ်။ သူဒေါသဖြစ်ပြီဆိုရင် တံခါးတွေကို
ဆောင့်ပိတ်လိုက်တာများ အခန်းတွေ တုန်သွားတဲ့အထိ ဖြစ်တတ်ပြီး ပါးစပ်ကလည်း
ဆဲရေးကြိမ်းမောင်း တတ်ပါသေးတယ်။ ရေတပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့အတွက်
တပ်သားများအပေါ်မှာ ဆက်ဆံသလို ဆက်ဆံခြင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အိမ်တော်ရဲ့
ဝန်ထမ်းများနဲ့ ဆက်ဆံရင်တော့ မင်းသားကြီးဟာ နူးညံ့သိမ်မွေ့ပြီး
စာနာတတ်တဲ့သူတစ်ဦးပါ။
လက်ထပ်ပြီးစ ဘရစ်တားနီးယားရွက်သင်္ဘောကြီးနဲ့
ပျားရည်ဆမ်း ထွက်ခဲ့တဲ့ ချားလ်စ်တို့ ဇနီးမောင်နှံ ပြန်ရောက်တော့မယ်ဆိုတော့
ဘုရင်မကြီး ကိုယ်တိုင်က သားနဲ့ချွေးမ နေဖို့အတွက် စံအိမ်ကို တောင်အာဖရိကနိုင်ငံမှ
နာမည်ကြီး ဒီဇိုင်နာ ဒတ်တလီ ပေါ့ပ်လတ်ခ်ကို ခေါ်ယူပြီး အိမ်တွင်း အလှဆင်စေပါတယ်။
အိမ်ထောင်ကျကာစ ဒိုင်ယာနာကလည်း
ခင်ပွန်းသည် စိတ်ကြည်ရွှင်စေဖို့ သူ့အိမ်ကို သူတတ်စွမ်းသမျှ စီမံခန့်ခွဲပြီး
လှစေပါတယ်။ ကော်ဇောများ၊ ခန်းစီးများကို ခင်ပွန်းသည်ကြိုက်မယ့် အဆင်အသွေးများဖြစ်အောင်
ရွေးချယ်ထားလေ့ရှိပါတယ်။ စနေ တနင်္ဂနွေရက်တိုင်း ဟိုက်ဂရုဖ် စံအိမ်ကို သွားပြီး
ပြင်ဆင်မွမ်းမံမှုများ ပြီးစီးမှုအခြေအနေကို အကဲခတ်လေ့ ရှိပါတယ်။ အိမ်တော်
ဝန်ထမ်းများနဲ့လည်း ရင်းနှီးစေဖို့အတွက် ဒိုင်ယာနာက အပေါ်ထပ်မှာ သီးခြားစံမနေဘဲ
ဝန်ထမ်းများရှိရာ အောက်ထပ်ကို ဆင်းလာပြီး ရောရောနှောနှောနေလေ့ရှိပါတယ်။ အိမ်တော်
ဝန်ထမ်းများထဲက မာရီယာ ကော့စ်ဂရုဖ် ဆိုသူကို သဘောကျတဲ့အတွက် သူ့အဝတ်အစားများ
တာဝန်ခံအဖြစ် လျှောက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။ ၁၉၈၁ ခုနှစ် ဖေဖော်ဝါရီလမှာ
မာရီယာကို ဖိလစ်မင်းသားကြီးရဲ့ တာဝန်ထမ်းဆောင်စေဖို့ တိုးမြှင့်ခံထား လိုက်ပါတယ်။
မာရီယာကလည်း ဒိုင်ယာနာ မင်းသမီးအပါးမှာ တာဝန်ထမ်းဆောင်လိုတာ ဖြစ်ပေမယ့်
ဘုရင်မကြီးရဲ့ အပျိုတော် လေဒီဆူဆန်ဟတ်ဆေးရဲ့ လျှောက်ထားချက်အရ မာရီယာဟာ
ဒိုင်ယာနာဆီ မရောက်ဘဲ ဖိလစ်မင်းသားထံ ရောက်သွားခြင်းပါ။ အဲဒါအပြင်
ဖိလစ်မင်းသားအပါးမှာပဲ တာဝန်ယူရမယ်။ တခြားနေရာ မသွားရဘူးဆိုတဲ့ အမိန့်ကိုလည်း
ထုတ်ပြန်ခြင်း ခံရပါတယ်။
မာရီယာကို လက်လွတ်သွားတဲ့ ဒိုင်ယာနာက
ကင်စတန်နန်းတော်မှ မင်းမှုထမ်းထဲမှ နှစ်ဦးကို သူမအပါး ထားနိုင်ဖို့
ကြိုးစားပြန်ပါတယ်။ တစ်ဦးက အီဗလင် ဒါဂါလီဆိုသူဖြစ်ပြီး သူမကို အဝတ်အစား
တာဝန်ခံအဖြစ် ခန့်ထားကာ မာဗင်ဆိုသူကိုတော့ မီးဖိုဆောင်မှာ စားဖိုမှူးအဖြစ်
ခန့်ထားခဲ့ပါတယ်။
အဲဒီကာလများတုန်းကတော့ ချားလ်စ်နဲ့
ဒိုင်ယာနာတို့ဟာ ငြိမ်းချမ်းတဲ့ဘဝမှာ အေးအေးဆေးဆေး ရှိနေခဲ့ကြပါတယ်။
တစ်ချို့ညချမ်းတွေမှာ အော်ပရာ သွားကြည့်ကြ၊ ဘဲလေး သွားကြည့်ကြတာတွေ ရှိသလို
ချားလ်စ်ရဲ့ မိတ်ဆွေတွေရဲ့ အိမ်တွေမှာ ကျင်းပတဲ့ ပါတီပွဲတွေကိုလည်း
တက်ရောက်ခဲ့ကြပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ အိမ်ရှေ့မင်းသား ချားလ်စ်မင်းသားကို ကြင်ယာအဖြစ်
ရရှိခဲ့ပြီဖြစ်ပေမယ့် ဒိုင်ယာနာ စိတ်ထဲမှာ မယုံမရဲ ရှိနေခဲ့ပါသေးတယ်။ သိမ်ငယ်စိတ်
ရှိနေတဲ့ ဒိုင်ယာနာခမျာ တစ်နေ့မှာတော့ မင်းမှုထမ်းတစ်ယောက်ရဲ့ အပြုအမူကြောင့်
စံအိမ်မှာ သူ့ကို မလိုလားတဲ့သူတွေ ရှိနေပါလားဆိုတာ သိသွားခဲ့ရပါတယ်။
မင်းသမီးက အိမ်တော်ဝန်ထမ်းတစ်ဦးနဲ့
ဝန်ထမ်းများရဲ့ အလုပ်တာဝန်ဇယားကို ဆွေးနွေးနေခိုက်မှာ တချို့ဝန်ထမ်းတွေ ဝတ္တရား
လစ်ဟင်းကြောင်း ဒိုင်ယာနာက ဆိုလိုက်ပါတယ်။ အဲဒီလိုပြောလိုက်တဲ့အတွက်
အိမ်တော်ဝန်ထမ်းက မျက်နှာနီမြန်းသွားပြီး သူ့အနေနဲ့ တစ်သက်လုံး ဒီအလုပ်ကို
လုပ်ခဲ့တာဖြစ်လို့ မင်းသမီးအနေနဲ့ သူ့လောက် နားမလည်နိုင်ဘူးလို့
ပြန်ပြောလိုက်ပါတယ်။ သူ့ရင်ထဲမှာ မူကြိုဆရာမဘဝကနေ အိမ်ရှေ့မိဖုရား ဖြစ်လာတဲ့
ဒီမိန်းမအနေနဲ့ ဘာများတတ်မှာလဲလို့ တွေးလိုက်ပုံရပါတယ်။ ရုတ်တရက် ပြန်ပြောတာ
ခံလိုက်ရတဲ့အတွက် ဒိုင်ယာနာကလည်း တုန်လှုပ် သွားပြီး နံရံတစ်ခုကို မှီကာ ရပ်နေလိုက်မိပါတယ်။
အဲဒီဝန်ထမ်းက ဒိုင်ယာနာ့ မျက်နှာနံဘေးမှာ လက်ထောက်လိုက်ပြီး ကျုပ်တို့
ဒီလောက်လုပ်နေတာမှ ခင်ဗျားက မကျေနပ်သေးဘူးဆိုရင် ကျုပ်ထွက် မယ်လို့ ဆိုခဲ့ပါတယ်။
နောက်ရက်သတ္တပတ် အနည်းငယ်အကြာမှာတော့ အဲဒီဝန်ထမ်း အလုပ်ထွက်သွားခဲ့ပါတယ်။
လက်ထပ်ပြီး တစ်နှစ်အကြာ ၁၉၈၂ ခုနှစ်
စက်တင်ဘာလ ၁၃ ရက်နေ့မှာ ပေါ်ပေါက်ခဲ့တဲ့ မိုနာကိုနိုင်ငံ မင်းသမီး ဂရေ့စ် ရုတ်တရက်
ကားမှောက်ပြီး ကွယ်လွန်သွားခြင်းက ဒိုင်ယာနာကို အကြီးအကျယ်
တုန်လှုပ်ချောက်ချားစေခဲ့ပါတယ်။ မင်းသမီး ကွယ်လွန်သွားခြင်းက မော်တော်ကားရဲ့
ဘရိတ်နဲ့ လက်ဆွဲဘရိတ်များကို တစ်စုံတစ်ယောက်က ဖျက်ဆီးထားတယ်လို့လည်း သံသယ စကားတွေ
ထွက်လာခဲ့ပါတယ်။ အဲဒီစကားသံများကြောင့် ဒိုင်ယာနာက ပိုမိုချောက်ချားခြင်းပါ။
ဂရေ့စ်မင်းသမီးရဲ့ နာရေးသတင်းကို
ကြားသိရတဲ့အချိန်မှာ ဒိုင်ယာနာက ဘာလ်မိုရယ်လ်မှာ ရှိနေပါတယ်။ လုပ်စရာရှိတဲ့
အလုပ်တွေအားလုံးကို ရပ်ဆိုင်းထားပြီး ချားလ်စ်မင်းသား မပါဘဲ ဒိုင်ယာနာ
တစ်ယောက်တည်း အသုဘ သွားရောက်ပို့ဆောင်ခဲ့ပါတယ်။ ဒီခရီးဟာ အင်္ဂလန်နိုင်ငံ တော်ဝင်
မိသားစုကို ကိုယ်စားပြုပြီး သူ တစ်ယောက်တည်း သွားရတဲ့ ပထမဆုံး ခရီးစဉ်လည်း
ဖြစ်ခဲ့ပါတယ်။
ဂရေ့စ်ကွယ်လွန်သွားမှုကို ဒိုင်ယာနာက
ဘယ်တော့မှ မမေ့တော့ပါဘူး။ ဂရေ့စ်အကြောင်း၊ ဂရေ့စ်လှပုံ၊ ကျက်သရေရှိပုံများကိုလည်း
တဖွဖွ ပြောတတ်ပါတယ်။ ဂရေ့စ် ကွယ်လွန်သွားခြင်းဟာ တစ်ကမ္ဘာလုံးအတွက် ဆုံးရှုံးမှု
တစ်ရပ်လို့လည်း ဆိုပါတယ်။ ပခုံးသားဖော်ပြီး ချုပ်ထားတဲ့ ပါတီတက် ဝတ်စုံ
အဖြူရောင်ကို ဒိုင်ယာနာက ဂရေ့စ်ကယ်လီ ဝတ်စုံလို့ နာမည်ပေးထားပါတယ်။ သူ့အဆိုကတော့
ဖြူစင်သန့်ရှင်းပြီး လှလွန်းတဲ့အတွက် ဂရေ့စ်နဲ့ တူတယ်လို့ တင်စားခြင်းဖြစ်ပါသတဲ့။
▀
ဆက်လက်ဖော်ပြပါမည်
ဝင်းငြိမ်း
(အမှတ် ၁၉၄၊
ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'
'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...
နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။