ရွှေနှလုံးသား

အလိုက်သင့်ကမ်းစပ်

သွင်ဆန်းမောင်

01 October 2025
အလိုက်သင့်ကမ်းစပ်
Share to

တွန့်ကြေနေသော စိတ်ရဲ့ခြေရာတွေဟာ ဇွဲမြဲအောင် မျက်နှာပေါ် ဟိုတစ်ကွက် ဒီတစ်ကွက် စွန်းပေနေ၏။ ကျားကွက်တစ်ခုနှင့် ခွဲမရအောင် တူနေ၏။

            အချိန်နောက်ကျပြီး ရောက်လာသည့် မုတ်သုံမိုးကလည်း နေ့ပြန်တိုး အကြွေးပြန်ဆပ်သလို ဒရောသောပါး ရွာချ၏။

            တစ်ရက်ဆို ဆိုသလောက် ကြွေကျလောက်သော ညနေခင်းလေးကလည်း မုတ်သုံလူရမ်းကား လက်ထဲကနေ ဘယ်နည်းဘယ်ပုံ လွတ်မြောက်လာပါလိမ့်။ အပြာနုရောင် ကောင်းကင်ကြီးရဲ့ ရင်ခွင်ကျယ်ကြီးထဲ ဖြူလွလွ ငွေတိမ်စုလေးတွေ၊ လိုက်တမ်းပြေးတမ်း ကစားနေကြရဲ့။  အမြင့်ပျံငှက်တချို့ကလည်း အဖွဲ့လိုက်ကြော်ငြာ ဝင်ကြသေး၏။

            ကြိုးမဲ့ကြယ် လက်ဖက်ရည်ဆိုင်လေးကလည်း အရင့်အရင်က ဖွင့်ဖူးခဲ့သော သီချင်းကောင်းလေးများကို စိတ်ကူးဖြင့် ရစ်ပြီး ခံစားလို့ရအောင် အသံတိတ်နေပေး၏။

ဇွဲမြဲအောင်လည်း အစဉ်အလာကို လွန်ဆန်ကာ ရာသီဥတု အားကိုးနှင့် ကြိုးမဲ့ကြယ် လက်ဖက်ရည်ဆိုင်လေးတွင် သောင်တင်နေ၏။ ရှယ်ကျဆိမ့် လက်ဖက်ရည်ခွက်လေးက သူ့ရဲ့သက်ငြိမ်အဖော်။ မီးခိုးထွက်ပစ္စည်းတွေကို ရာသက်ပန် ဖြတ်စာပေးခဲ့သည်မှာ နှစ်နှစ်လောက် ရှိပါပြီ။ တစ်ကြိမ်တည်းနှင့်တော့ တိခနဲနေအောင် မဖြတ်နိုင်ခဲ့ပါ။ ခြောက်ကြိမ်လောက်တော့ ရှိမည်ထင်ရဲ့။       

'ဇွဲမြဲ အချိန်မဟုတ်၊ အခါမဟုတ် တစ်ယောက်တည်း လာယူနေတယ်။ ဒီနေ့ နေသာတာ မင်းသိလား။ အဲဒါ ငါအလုပ်လုပ်လို့ အိမ်ရှေ့က မြက်တွေ အခုပဲ ရှင်းလာခဲ့တာ ညီလေးရေ၊ လန်ဒန်တစ်ပွဲလောက် ယူခဲ့ပါဦးကွာ'

ဆေးလိပ်ဖြတ်တာ စိတ်ပါကွာဆိုပြီး ခရီးသွားစက်ရုံကြီးစိန်မြင့် မခေါ်ဘဲ ဇွဲမြဲအောင် အနီးရောက်လာ၏။ ရှောင်ပြေးမရတော့လည်း ဒီလိုပဲ သည်းခံရတော့မည်။

'ဇွဲမြဲ ငါလာထိုင်တာကို မင်းသိတော့ သိပါတယ်နော်။ ငိုင်လှချည်လားဟ၊ အား... ဆောရီးကွာ၊ ငါမေ့သွားလို့၊ မင်းအတွက် ငါစိတ်မကောင်းပါဘူး'

'ဒါတွေ ပြောမနေပါနဲ့ စိန်မြင့်ရာ'

စိန်မြင့် ခေါင်းကိုညိတ်ကာ ဆေးလိပ်ကိုဖိပြီး ဖွာနေပြန်၏။

'ငါနားလည်ပါတယ်ကွာ၊မင်းကို ကြည့်ပြီး စိတ်မချမ်းသာလို့ပါ။ မင်းနေရာမှာ ငါသာဆိုရင်

ပွဲကသိပ်ကို ကြည့်ကောင်းမှာ။ မနက်ကတောင် ငါနဲ့ဈေးမှာ တွေ့သေးတယ်။ ငါတွေ့တော့ မျက်စိမျက်နှာပျက်ပြီး ဟိုဘက်လှည့်သွားတယ်'

            အနည်ကျပြီးသား ဝေဒနာတစ်ချို့ကို တဖန်ပြန်ပြီး မပွတ်သပ်ချင်တော့ပါ။ ဇွဲမြဲအောင်၏ မျက်လုံးအိမ်တွင် မိုးရိပ်တွေ အလိုလို ဖြစ်တည်လာ၏။

            'စိန်မြင့် မင်းအဲဒီအကြောင်းတွေ ဆက်ဖွနေဦးမယ်ဆို ငါပြန်တော့မယ်၊ လှပတဲ့ ညနေခင်းလေးကို ဒေါသတွေနဲ့ အကျည်းမတန်စေချင်ဘူး'

            ဆည်းဆာ၏ ရွှေရောင် အလင်းတန်းတွေ တောင်လိုမောက်နေ၏။ လမ်းပေါ်ရှိ လူအားလုံးလိုလို၌ အပြုံးတွေ အသာစီးရနေ၏။

            ဇွဲမြဲအောင်နှင့် သဇင်ခိုင်တို့ ချစ်သူဖြစ်သွားပုံက စာဖွဲ့လောက်အောင် အဆန်းတကျယ် မရှိလှပါ။ သူတို့နှစ်ဦးဟာ တစ်လမ်းတည်းသားတွေဖြစ်ကြပြီး ပူပူနွေးနွေး ဆယ်တန်းအောင်လေးတွေ ဖြစ်ကြ၏။

            သဇင်ခိုင်ရဲ့ မိဘတွေက စနစ်ဇယားရှိတယ်လို့ ပြောရမည်။ နွေရာသီ ကျောင်းပိတ်ရက်တွေကို အလေအလွင့် မဖြစ်စေရန် သင့်တင့်သော အလုပ်လေးတွေ ရှာပေးထား၏။ သူတို့၏ စီးပွားရေးဟာ အပြေလည်ကြီး မဟုတ်ကြပါ။ ထိန်းသိမ်းတတ်လို့ ဟန်ချက်ညီနေခြင်းသာဖြစ်သည်။

            ဇွဲမြဲအောင်တို့ အိမ်အခြေအနေက သဇင်ခိုင်တို့ထက် အစစအရာရာ သာ၏။ ဟိုင်းလတ်ကားတစ်စီး ရှိ၏။ ယင်းကားကို သူ့ထက်အကြီး အစ်ကိုကြီး ဦးစီး၏။ အော်ဒါပါးသည့်အခါ ဆန်ပွဲစား ဖြစ်သွားတတ်သည်။

            ထမင်းချိုင့်လေးဆွဲပြီး အလုပ်လုပ်ချင်နေသော သဇင်ခိုင်ကိုမြင်တော့ ဇွဲမြဲအောင်တစ်ယောက် အလုပ်လုပ်မယ် ဖြစ်ပါလေရော။ သူ့အိမ်သားတွေ အမျိုးမျိုးတားကြပါသေးသည်။ မဖြစ်စလောက် လခလေးကို ရိုးမယ်ဖွဲ့ကြ၏။ အတွေ့အကြုံရတာပေါ့ဆိုတဲ့ အစ်ကိုကြီး စကားကြောင့် အလုပ်သမား ဘဝကို နေ့ချင်းညချင်း ရခဲ့၏။

            သဇင်ခိုင်၏ အလုပ်သည် စတိုးဆိုင်တစ်ခုတွင် ဖြစ်၏။ ဇွဲမြဲအောင်ကိုလည်း အလုပ်ရအောင် နှုတ်ဖြင့်စောင်မ၏။ ဇွဲမြဲအောင် ရရှိခဲ့သော အလုပ်က နာရီဆိုင်တွင် အရောင်းစာရေး ဖြစ်ပါသည်။ ဆိုင်ချင်းတော့ နီးကြ၏။ အလုပ်သွားချိန်သာ တူကြပြီး ပြန်ချိန်တူလေ့မရှိကြ။

            ဇွဲမြဲအောင် ကားမှတ်တိုင်မှ လူအုပ်ကြီးကို ကြည့်ပြီး သူတို့နောက်ကျနေလားလို့ သံသယ ဖြစ်နေ၏။ သူတို့ စီးရမည့် ၁ဝဝ လိုင်းကားတွေလည်း ကျပ်ညပ်နေ၏။ မှတ်တိုင်မှ လူများကို မသိကျိုးကျွန်ပြုကာ တဝူးဝူးပြေးနေကြသည်။

            'ဇွဲမြဲ ငါ့ကို အသေးလေး လိုက်နှောင့်ယှက်နေတယ်'

            သဇင်ခိုင်ရဲ့ စကားကို ချက်ခြင်း မတုံ့ပြန်နိုင်သေးပါ။ အဝေးက ပြေးလာနေသော ကားကို ၁ဝဝ ကားလားလို့ ဇွဲမြဲအောင် ခွဲခြားနေ၏။

            'တစ်လမ်းတည်းသားတွေပဲဟာ၊ ခွင့်လွှတ်လိုက်စမ်းပါ၊ သဇင် ခုနစ်နာရီ ခွဲပြီလား'

            'ဘယ်လို နှောင့်ယှက်တာလဲ ဇွဲမြဲ နင်မမေးတော့ဘူးလား၊ နင်ဟာလေ ဘော်ဒါစိတ်မရှိဘူး။ အခုဟာက ငါ့ကို ရည်းစားစကား လိုက်ပြောတာဟ၊ နင်ပြောသလို ခွင့်လွှတ်ထားလိုက်ရင်လည်း သူ့ကို မျှော်လင့်ချက်ပေးတယ် ဖြစ်ဦးမယ်'

            ၁ဝဝ လိုင်းကားတစ်စီး ခရီးသည်မပါဘဲ မှတ်တိုင် အနီးသို့ ပြေးဝင်လာ၏။ ဇွဲမြဲအောင် ပြေးတက်မလို့ ဟန်ပြင်လိုက်၏။

            'မသွားဘူး၊ မသွားဘူး၊ ဘီးပေါက်လို့ လာဖာတာ'

            တရှူးရှူး မြည်နေသော နောက်ဘီးကို စပယ်ရာက လက်ညှိုးထိုးပြလိုက်သည်။ ဇွဲမြဲအောင်လည်း သဇင်ခိုင်အနား ပြန်ကပ်လာ၏။

            'ခက်တာပဲ သဇင်ရယ်။ ငါက နင့်အစ်ကို မဟုတ်ဘူးလေ။ ငါသွားပြောရင် မင်းနဲ့ ဘာဆိုင်လဲ၊ မင်းကောင်မလေးလားဆိုရင် ဇယားရှုပ်ကုန်မယ်၊ ငါ့စိတ်နဲ့ မရဘူး'

            'ဒါဆိုလည်း ဟုတ်တယ်၊ ငါ့ကောင်မလေးလို့ ပြောလိုက်ပေါ့ဟာ'

            'သဇင် နင်...ဘာပြောလိုက်တယ်'

            ဇွဲမြဲအောင်၏ ဝေခွဲရခက်သည့် အကြည့်စူးစူးတွေ သဇင်ခိုင်မျက်နှာပေါ် ကျရောက်နေသည်။ ကျလုလု မျက်ရည်ဝဲတွေနှင့် သဇင်ခိုင်အချိန်မီ ခေါင်းငုံ့နိုင်ခဲ့၏။

            ဝေါကနဲ ရွာချသွားသည့် မိုးပြေးလေးနောက်တွင် သူရိယနေမင်းကြီး ထပ်ချပ်မကွာ ကပ်ပါလာ ၏။ ထို့ကြောင့် အစိမ်းရင့်ရောင် သစ်ရွက်တွေ၏ လှုပ်ရှားမှုပါဒတိုင်းတွင် ငွေရောင်အလင်းစက် လှိုင်းလေးတွေ ညီညာစွာ ကခုန်နေကြ၏။ ပန်းခြံလေးလည်း အသက်ဝင်လို့နေသည်။

            'သဇင် ကိုယ်ပြောတာကို အသေအချာ နားထောင်ပေးနော်၊ အများသုံး ဝေါဟာရတွေနဲ့ လွယ်လွယ်သုံးပြီး ချစ်တယ်လို့ မပြောချင်ဘူး။ သန့်စင်တဲ့ နားလည်မှုတွေနဲ့ သဇင့်ဘဝကို ထာဝရ စိတ်ချမ်းသာစေချင်တယ်။ ကိုယ်ပြောတာ နားလည်လား'

            ဇွဲမြဲအောင် စကားကို နားထောင်ပြီး ဘဝင်မကျ ဖြစ်မိ၏။ အကြွင်းမဲ့ ရင်ခုန်ပစ်ရအောင်ကလည်း ပြောတဲ့ သူတောင် သူ့စကားကို သူနားလည်ရဲ့လား မသိ။

            တကူးတကန့်ခေါ်လာပြီး တစ်ဘဝစာ ပန္နက်ရိုက်သည့် ဝါကျကလည်း ကဗျာ မဆန်လိုက်တာ၊ စိတ်တို၏။

            'ဇွဲမြဲ... နင့်စကား နားထောင်ရတာ မိန်းကလေး ဘဝကို စိတ်နာသွားပြီ တကယ်ပဲ'

            သဇင်ခိုင်၏ လက်ကလေးကို ပျာပျာသလဲ လှမ်းကိုင်ထားလိုက်၏။ နွေးထွေးမှုတို့သည် တစ်ဦးဆီမှ တစ်ဦးဆီသို့ လှည့်ပတ်သွားကြ၏။

            'ကိုယ်ပြောတဲ့ စကားကို အဓိပ္ပါယ်ကောက် မလွဲပါနဲ့၊ ထားပါကွာ၊ ကြာတယ် ကိုယ်သဇင့်ကို နှလုံးသားနဲ့အမျှ ချစ်ပါတယ်'

            ရှက်သွေးတွေဟာ ပန်းအဖြစ်နှင့် သဇင်ခိုင် မျက်နှာပေါ် ပင်လုံးကျွတ် ပွင့်ဝေသွားကြပါတော့၏။

            စကားလုံးတိုင်းမှာ လေးနက်သည့် အစွမ်းသတ္တိတွေ ကိန်းဝပ်နေတတ်ကြ၏။ ဇွဲမြဲအောင် ယခင်က အယုံအကြည် မရှိခဲ့။

            'ကိုယ့်ရဲ့ နားလည်မှုတွေက အနှိုင်းအဆမဲ့ပါ သဇင်၊ ကိုယ့်ထက် ချစ်ရမယ့်သူ သဇင် မြင်လာခဲ့ဦး၊ ဟေ့ဟေ့... စိတ်မဆိုးနဲ့ဦး၊ ပြောတာ ဆုံးအောင် နားထောင်၊ ကိုယ်က အလိုက်တသိနဲ့ နောက်ဆုတ်ရှောင် တိမ်းပေးမှာပါ။ သဇင် စိတ်ချမ်းသာဖို့က အဓိက၊ ကျန်တာတွေက တစ်နေ့ ကြုံရင် သဇင် သိမှာပါ'

            သေးသေးသွယ်သွယ် သဇင်လက်ချောင်းလေးတွေက ဇွဲမြဲအောင် ပါးစပ်ရှေ့မှာ ကာစီးကာစီး လုပ်နေ၏။

            'ဇွဲရယ် ဒါတွေ မပြောရဘူးလေ၊ နောက်ဘဝတွေ၊ နောက်ကမ္ဘာတွေသာ ရှိချင် ရှိမယ်။ နောက်တစ်ယောက်ဆိုတာ သဇင့်နှလုံးအိမ်မှာ မရှင်သန်နိုင်တော့ပါဘူး၊ ဇွဲဟာ ရူးအောင်ချစ်တဲ့ ဘိတ်နောက်လူမရှိ ချစ်ဦးပါ'

            အသိမဲ့သော မြက်ပင်လေးတွေတောင် သူတို့ အတွဲကိုကြည့်ပြီး လေတိုက်ခတ်သည်ကိုပင် လှုပ်ခါပြဖို့ မေ့နေကြ၏။ ကမ္ဘာဟိုဘက်ခြမ်းက လနှင့်ကြယ်များတို့ကလည်း သဘာဝ Email ဖြင့် အသိအမှတ်ပြု အရိုအသေ ပေးကြသည်။ ငှက်ကလေးများကလည်း ဆိုနေကျ သီချင်းကို အကောင်းတကာ အကောင်းဆုံး ကြူးရင့်ကြ၏။

            'ဇွဲ ဝမ်းသာစရာ ပြောရဦးမယ်။ နိုင်ငံခြားငွေ လဲလှယ်ရေးဌာနမှာ အလုပ် လျှောက်ထားတယ်ဆိုတာလေ။ သဇင် အခုရပြီ။ ပျော်လိုက်တာ ဇွဲရယ်။ ဗိုက်ဆာတာတွေ ဘယ်ရောက်ကုန်မှန်း မသိတော့ပါဘူး'

            သဇင်ခိုင်အတွက် ရွှေရောင် အနာဂတ်လမ်းမကြီးပေါ် ခြေချမိတာ ဟုတ်ချင်ဟုတ်ပါလိမ့်မည်။ ဇွဲမြဲအောင် စိတ်ထဲမှာ ဖျပ်ခနဲ တစ်ခုခု ကျပျောက်သွားသလို လှိုက်ဖိုသွား၏။      

            'ဇွဲ မပျော်ဘူးလား၊ ပျော်တဲ့ မျက်နှာကြီးကလည်း၊ ဇွဲကို တစ်ခုခု လိုက်ကျွေးမယ်၊ ဇွဲသိပ်ကြိုက်တဲ့ ကြေးအိုးဝယ်ကျွေးမယ်။ အရင်က မဝယ်ကျွေးနိုင်လို့ နောက်ဆိုအမြဲ သဇင်ဝယ်ကျွေးမယ်နော်'

            တစ်ချိန်လုံး သဇင့်ကို ကလေးလေးလို မြင်နေမိသည်။ သူ့ရဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ ရှိပြီးသား အလှတွေက တမေ့တမော ရုန်းကြွနေ၏။ ယုံကြည်မှုတွေကပါ အနားကွတ်ပေးလိုက်တော့ ဘေးနားက ဇွဲမြဲအောင်ဟာ ပျောက်ကွယ်လုလု ဖြစ်ခဲ့ရ၏။ ယင်းကဲ့သို့ ဇွဲမြဲအောင် စိတ်ထဲ တိတ်တဆိတ် စူးဝင်နေ၏။

            ဇွဲမြဲအောင်ကတော့ တက္ကသိုလ်ဝင်ခွင့်ကို Day လျှောက်ထား၏။ အချိန်ကို တန်ဖိုးရှိစွာ အသုံးချလေ့ရှိတဲ့ သဇင်ခိုင်က အဝေးသင် ယူထား၏။ ဇွဲမြဲအောင် ကျောင်းကို အကြောင်းပြပြီး အလုပ်ထွက်ခဲ့တာ ကြာပါပြီ။ 

            'စိန်မြင့် မင်းပြောတာ ဟုတ်လို့လားကွာ ငါမယုံချင်ဘူး'

            ဇွဲမြဲအောင် ပြူးကြောင်သော မျက်လုံးများဖြင့် စိန်မြင့်အား ကြည့်ကြည့်နေ၏။

            'ဇွဲမြဲ မင်းနဲ့ ငါနဲ့က မနေ့တစ်နေ့ကမှသိတဲ့ သူငယ်ချင်း မဟုတ်ဘူးလေ။ ဒီကိစ္စမျိုး ငါမညာရက်ပါဘူးကွာ၊ မပြောမဖြစ်လို့ ပြောရတာပါ'

            'ဆောရီး စိန်မြင့်ရာ၊ ငါ မယုံတာက ငါ့နားကို ငါမယုံတာပါကွာ'

            ပြောပြောဆိုဆိုနှင့် ဇွဲမြဲအောင် လက်ဖက်ရည်ဆိုင် အတွင်းက ထွက်မလို့ ဟန်ပြင်လိုက်၏။

            'ဇွဲမြဲ အေးအေးဆေးဆေး ရှင်းကြပါကွာ၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့။ ငါ လိုက်ခဲ့ရမလား'

            ကိုးနာရီထိုးတဲ့အထိ သဇင်ခိုင်လာမယ့် ကားမှတ်တိုင်ကနေ ဇွဲမြဲအောင် သွားစောင့်နေ၏။ သို့သော် တွေ့ခွင့်မရခဲ့ပါ။ သူ့ရင်ထဲ စွဲလောင်လာသည့် မီးတောက်ကြီးကို သတိရခြင်းနှင့် သတိ ရစရာတွေက ထပ်ပြီးလောင် စာဖြည့်ပေး၏။ အိပ်တော့လည်း တော်တော်နှင့် အိပ်မပျော်ပြန်။ အိပ်ပျော်ပြန်တော့လည်း သစ်ပင်မရှိသော လွင်ပြင်ကြီးထဲ၌ ငရဲခွေးကြီး အတင်းလိုက်ကိုက်သည့် အိပ်မက်ကို အကြိမ်ကြိမ် သေလုမျောပါး မက်ပြန်၏။

            'သားထစမ်း၊ ထစမ်း၊ ညက မင်းဘယ်လျှောက် သွားနေတာလဲ၊ မင်းအဖေ ညက သွေးအရမ်းတိုးလို့ ဆေးခန်းသွားပြသေးတယ်။ မင်းမရှိလို့ ဘေးအိမ်ကလူတွေကို အကူအညီတောင်းရ တယ်။ ဒီနေ့ သားကျောင်း မတက်နဲ့တော့။ မင်းအစ်ကို ကြီးဆီသွား၊ အဖေ့ကို မြို့ထဲက ဆေးခန်းသွားပြရမယ်၊ ကားပါယူလာခဲ့၊ မြန်မြန်ထစမ်းပါ'

            ဇွဲမြဲအောင်၏ အစ်ကိုကြီးဟာ မကြာသေးခင်ကမှ အိမ်ထောင်ကျသွားခဲ့သည်။ သူတို့နှင့်အတူ မနေပါ။ အဖေ သွေးတိုးရခြင်း၏ အဓိက အကြောင်းရင်းထဲမှာ သားကြီး အိမ်ခွဲနေခြင်းသည် အကြီးမားဆုံး ဖိအားဖြစ်သည်။

            ညက သောက်ထားသည့် အရက်တွေက ခုထိ အာနိသင် ရှိနေတုန်းဖြစ်၏။ ရင်ပူလို့ သောက်လိုက်တဲ့ ရေတွေဟာ အရက်ရဲ့အစေ အပါးတွေ ဖြစ်ကုန်၏။ တစ်ကြိမ်တည်းနှင့် အရက်၏ ဆိုးကျိုးကို တနင့်တပိုး သိခဲ့ရ၏။ ခေါင်းကလည်း ရုတ်တရက် ပေါက်ကွဲတော့မည့်အတိုင်း တစစ်စစ် ကိုက်ခဲ့နေ၏။

            ရေကို ခေါင်းလောင်း ချိုးလိုက်သဖြင့် နည်းနည်း သက်သာလာ၏။ အမေ မရိပ်မိအောင် အဝတ်အစား အမြန်လဲပြီး အိမ်မှထွက်လာခဲ့မိသည်။

            ဇွဲမြဲအောင် ပျော်သလို ဖြစ်သွားပြီး မကြာလိုက် ဝမ်းနည်းသွားရပြန်၏။

            'သဇင် ငါ့ကို စောင့်ဦး။ ငါပြောစရာ ရှိလို့'

            စကတ် တိုနှံနှံလေးနဲ့မို့ သဇင်ခိုင်ရဲ့ အလှဟာ ရဲရင့်သွက်လက်နေ၏။ သေချာပေါက် လွတ်တော့မည့် ရွှန်းမြမြငါးလေးကိုကြည့်ပြီး ဇွဲမြဲအောင်ရဲ့ သက်ပြင်းတွေ အလျားရှည်နေ၏။

            'သဇင် နင်အခု ကုမ္ပဏီတစ်ခုမှာ အတွင်းရေးမှူးမလေးဖြစ်နေပြီဆို၊ ငါတောင် ဘာမှ မသိလိုက်ရပါလား။ ဒီနေ့ နင့်ရဲ့ အထက်လူကြီးက လာမကြိုဘူးလား'

            ပျက်ယွင်းသွားသည့် အမူအရာကို ချက်ချင်း သဇင်ခိုင် ထိန်းလိုက်နိုင်၏။ ဒီပညာတွေက သူ့အတွက် မိုင်နာတွေ ဖြစ်ကုန်ပြီလေ။

            'ငါတို့က အလုပ်သဘောအရ ဆက်ဆံတာပါ။ ဇွဲ ငါ့ကို လာမနှောင့်ယှက်နဲ့၊ လူမြင်လို့ မကောင်းဘူး'

            ဇွဲမြဲအောင်အတွက် ဒေါသနှင့်လွတ်သော ဝေါဟာရတွေကို လက်လှမ်းမမီဘူး ဖြစ်နေသည်။ စကားလုံးတိုင်းဟာ အနီရောင်တွေ ဖြစ်နေ၏။

            'နင်ဒီနေ့ အလုပ် မဆင်းနဲ့တော့၊ ငါနဲ့ လိုက်ခဲ့၊ ပြီးရင် ငါနင့်ဆီ မရောက်ဖြစ်တဲ့ နှစ်ပတ်အတွင်းက အခြေအနေတွေကို ငါယုံအောင် ရှင်းပြရမယ်'

            'ဇွဲ...ငါမအားဘူး၊ ဒီနေ့ နိုင်ငံခြားသား ဧည့်သည့်တွေကို သွားကြိုရဦးမယ်'

            လမ်းသွားလမ်းလာ တွေကလည်း သူတို့အတွဲကို ကြည့်ကာ ရယ်ကုန်ကြ၏။ သဇင်ခိုင်၏ အသံလေးသည် မဆိုသလောက် ကျယ်သွားသည်ကို။

            'ငါ့ရင်ထဲမှာ နင်မရှိလို့ မဖြစ်ဘူးဆိုတာ နင်မေ့သွားပြီလား၊ ဒါတွေကို နင်က စနစ်တကျ သင်ပေးခဲ့တာလေ'

            အဖြူရောင် Mark II ကားလေးတစ်စီး သူတို့ရဲ့ ဘေးကို ထိုးဆိုက်လာ၏။ အနီးရောက်မှ သိခဲ့ရသည်။ သဇင်ခိုင်၏ကိုကို အထက်လူကြီး ဖြစ်ပါလိမ့်မည်။ အသက်အရွယ်က ၃၅ နှစ်လောက်ပဲ ရှိပါဦးမည်။ နှစ်လိုဖွယ်အချင်းနှင့် ဖြူဝင်းသည့် အသားအရေကို ပိုင်ဆိုင်ထား၏။ ဇွဲမြဲအောင် ကိုင်ထားသော သဇင်ခိုင်လက် မောင်းလေးကို လွှတ်ပေးလိုက်ပါသည်။

            'ကလေး ကိုယ် ဘာအကူအညီပေးရမလဲ'

            ဝှက်ဖဲကို အပိုင်နင်းထားသော အထက်စီးလေသံဖြင့် မထိတထိ ဆွပေးနေပါသည်။

            'ဟို ဟို ဘာမှ မဟုတ်ပါဘူး။ သူက သဇင် သူငယ်ချင်းလေ၊ ဇွဲမြဲ ငါတောင်းပန်တယ်၊ နောက်မှပဲ'

            ဒေါသတွေ အုံကြွလာမည့်အရေးကို သဇင်ခိုင် အလွန်အမင်း ပူပင်မိ၏။ ထင်ထားသလို ဖြစ်မလာပါ။

            'ငါကလည်း အဆင့်အတန်းရှိတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကောင်ပါ။ ဒီလောက်ဆို အားလုံးကို ငါ သဘောပေါက်လိုက်ပြီ၊ ရပြီ။ နင်သွားတော့၊ နင်သွားတော့၊ လိုတဲ့နေရာကို သွားလို့ရပြီ'

            ကားဖြူဖြူလေးက မကျေလည်တဲ့ ကိစ္စကို အောင်မြင်စွာ အဆုံးသတ်ပေးလိုက်ပါသည်။ အပြာရောင် မီးခိုးလေးတွေကိုတော့ သဇင်ခိုင်က ဇွဲမြဲအောင်ကို နောက်ဆုံးလက်ဆောင်ပေးခဲ့၏။

            ဇွဲမြဲအောင် သူ့ရဲ့ စိတ်နှင့် အပေါင်းအပါစေတသိက်များကို မိသားစုမျက်နှာဘက်သို့ ရွှေ့ယူလိုက်ပါသည်။ အစ်ကိုကြီး အိမ်ထောင်ကျလို့ အားငယ်နေသည့် အဖေ။ စီးပွားရေးအတွက် ရတက် မအေးတဲ့ အမေ၊ အဖေ့ ကျန်းမာရေးအတွက် တွေးပူနေကြသော ညီမလေးများ။

            ဒုတိယ အားထားရသည့် သားငယ်ကလည်း အယောင်ဆောင် အသည်းကွဲခြင်းတွေနှင့် လေလွင့်နေဦးမယ်ဆိုရင် မတွေးချင်တော့ဘူး။

            သဇင်ခိုင်အတွက် လက်စွပ်လေး လုပ်ပေးမယ်ဆိုပြီး စုထားတဲ့ ငွေလေးတွေကို ပြန်အမှတ်ရမိ၏။ ဒီငွေတွေက အဓိပ္ပာယ်ရှိဦးတော့မည်။ အဖေ့အတွက် ဆေးဖိုးဖြစ်ခွင့်ရတာကို ကျေနပ်လှပါပြီ။ ဘယ်သူတွေ ဘယ်လို အပြစ်ပြောကြ ပြောကြ ကျွန်တော့် ကိုယ်စောင့်နတ်ကတော့ ပြုံးနေ ပျော်နေမှာ သေချာလှ၏။

သွင်ဆန်းမောင်

(အမှတ် ၁၉၄၊ ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေနှလုံးသား
...
ချစ်၍ယုံကြည် ထာဝရဆီသို့...
အကြင်နာခင်၊ဆေးတက္ကသိုလ်၊

အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...

ရွှေနှလုံးသား
...
ထောင့်ဖြောင့်ဖြည့်ဖက်
မော်မော့်မောင်

ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။

ရွှေနှလုံးသား
...
နံရံတစ်ချပ်ခြား
အဖြူရောင်

လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်