နိုင်ငံတကာ ရုပ်ရှင်

ကေတီဟုမ်းစ် ပြောပြတဲ့ သူ့ဘဝ

ရီတာအောင်(NY)

01 October 2025
ကေတီဟုမ်းစ် ပြောပြတဲ့ သူ့ဘဝ
Share to

            မင်းသမီးချောလေး Katie Holmes က မင်းသားချော Tom Cruise ရဲ့ ချစ်သူဘဝကို ရောက်ခါမှ နေ့ချင်းညချင်း ထင်ပေါ်ကျော်ကြားလာတော့သည်။ ယခု သူမက တွမ်၏ ရင်သွေးလေးကို လွယ်ထားပြီမို့ သတင်းသမားများစွာ၏ စိတ်ဝင်စားခြင်းကို ခံနေရသည်။ မိခင်ဘဝ၊ အထူးသဖြင့် ကမ္ဘာကျော် မင်းသား တွမ်ခရုစ္စရဲ့ ရင်သွေးလေးကို မွေးဖွားပေးရမယ့် မိခင်တစ်ဦးအဖြစ် လွန်စွာကျေနပ် ပီတိဖြစ်၍ နေပေသည်။

            ပြီးခဲ့တဲ့ အပတ်က တွမ်နှင့် ဒုတိယ အိမ်ထောင် နီကိုးကစ်ဒ်မဲန်းတို့ မွေးစားခဲ့တဲ့ သမီး Isabella  တစ်ယောက် Football ကစားဖို့ Los Angeles ပန်းခြံအတွင်း တွမ်နှင့်ကေတီက လိုက်ပို့ပေးကြသည်။ ဝမ်းဗိုက်ကြီး ပူဖောင်းနေတဲ့ ကေတီက အဖြူရောင် ကိုယ်ဝန်ဆောင် အင်္ကျီ၊ ဂျင်းဘောင်းဘီနှင့် တွေ့ရသည်။ ကစားကွင်းထဲလာတဲ့ မိဘတစ်ဦးက 'တွမ်ရော၊ ကေတီပါ ကေတီရဲ့ ဗိုက်ကလေးကို ကိုင်ကြည့်နေကြတာပဲ။ နှစ်ယောက်စလုံး ပျော်ရွှင်နေတယ်။ စိတ်ချမ်းသာစဖွယ် မိသားစု ကလေးပါပဲ' တဲ့။

            မွေးစားသမီးလေး အစ္စဘဲလာကို ဒီလိုစိတ်ရှည်လက်ရှည် လိုက်ပို့ရင်း ကိုယ်တိုင်လည်း မိခင်ဘဝ ရောက်လာဖို့ လေ့ကျင့်နေတဲ့ ကေတီက တွမ်နှင့် မကြာခင် လက်ထပ်ဖို့ စီစဉ်ထားသည်။ ကေတီရဲ့ဘဝက များစွာ အပြောင်းအလဲ ဖြစ်သွားခဲ့ပေပြီ။ ကေတီ၏ ပထမချစ်သူ American Pie ရုပ်ရှင်မှ မင်းသား Chris Klein နှင့် ၅ နှစ်တာ တွဲခဲ့ပြီးကာမှ လမ်းခွဲခဲ့သည်။ ယင်းကဲ့သို့ လမ်းခွဲပြီး မကြာခင်၌ War of the Worlds စတား တွမ်နှင့် ဆုံစည်းခဲ့သည်။ စုံတွဲခုတ်ပြီး သိပ်မကြာလိုက်၊ ဇွန်လ၌ ၎င်းတို့ စေ့စပ်ပြီးပါပြီလို့ တစ်ကမ္ဘာလုံးသို့ အသိပေးခဲ့သည်။ တွမ်ရဲ့ ချစ်ပရိသတ်တွေ အံ့သြလို့မှ မဆုံးသေး၊ နောက်ထပ်အံ့သြစရာသတင်း ရင်သွေးလေးအကြောင်း ကြားသိရပြန်သည်။ အခြား ကမ္ဘာကျော် မင်းသားတွေက မင်းသမီးတစ်ယောက်ပြီး တစ်ယောက်နှင့် ယူကြ၊ ကလေးတွေ မွေးကြနှင့် မဆန်းပြားလှသော်ငြား တွမ်ကတော့ ပထမဇနီး Mimi Rogers ၊ ဒုတိယဇနီး နီကိုးလ်တို့နှင့် ရင်သွေး လုံးဝ မရခဲ့လေတော့ ၎င်းအား ယောကျ်ားမှ စစ်ရဲ့လားလို့ ဝေဖန်ပုတ်ခတ်ခြင်းပင် ခံခဲ့ရသည်။ အခုတော့ တွမ်ခရုစ္စရဲ့ ရင်သွေးစစ်စစ်လေး နှစ်သစ်ကူး ပတ်ဝန်းကျင်လောက်မှ မွေးဖွားလာ တော့မည်ဖြစ်သည်။

            မင်းသမီး ကေတီကို Ohio ပြည်နယ်၊ Toledo မြို့ကလေးတွင် မွေးဖွားခဲ့သည်။ ရုပ်သံစီးရီး Dawson' Creek ၌ ဆယ်ကျော်သက် သရုပ်ဆောင် တစ်ဦးအဖြစ် ထင်ရှားခဲ့သည်။ တွမ်နဲ့ ဆုံတွေ့ကာ ချစ်သူများ ဖြစ်စက သက်သက်မဲ့ စတန့်ထွင်ကာ နာမည်ကြီးအောင် လုပ်ယူနေတာပါလို့ စွပ်စွဲကြ သေးသည်။ ကေတီက 'ဒီကိစ္စတွေကတော့ ဖြေရှင်းလို့ ဆုံးမှာ မဟုတ်တော့ဘူး။ ဒါပေမယ့် ကျွန်မလည်း အဲဒါတွေကိုချည်း အာရုံထား စဉ်းစားနေဖို့ မကြိုးစားတော့ဘူး။ တွမ်နှင့် ရှိနေရတာပဲ ကျွန်မပျော်လှပါပြီ။ တကယ် ရိုးရိုးသားသား ဝန်ခံတာပါ။ ကျွန်မ တွေ့ဖူးသမျှ အမျိုးသားတွေထဲမှာ တွမ် လောက် အံ့သြဖို့ကောင်းတာ မရှိတော့ဘူး။ ကျွန်မ စိတ်ချမ်းသာအောင် လုပ်ပေးတတ်တာများ သိပ်ထူးဆန်းတဲ့ လူတစ်ယောက်ပဲ။ ကျွန်မ ဒီထက်ပိုပျော်စရာ ရှိတော့မယ်တောင် မထင်တော့တာ'တဲ့။

            Batman Begins ရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကေတီက သူမဟာ 'ကမ္ဘာပေါ်မှာ စိတ်ချမ်းသာ၊ အပျော်ရွှင်ဆုံး မိန်းမ' လို့ ကိုယ့်ကိုယ်ကိုယ် ကြေညာလေသည်။ သူမအား သတင်းထောက် Jan Janssen နဲ့ တွေ့ဆုံကာ အင်တာဗျူးလေး ဖော်ပြပေးပါရစေ။

            မင်းရဲ့ချစ်သူ တွမ်နဲ့ တွဲနေကြတဲ့ အခြေအနေကို သက်သက်မဲ့ ထင်ပေါ်ကျော်ကြားအောင် စတန့်ထွင်နေတာလို့ ဝေဖန်ကြတာအတွက် စိတ်အနှောင့်အယှက် ဖြစ်မိလား။

            နည်းနည်းတော့ ဖြစ်မိပါတယ်။ ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီး ကျွန်မ စိတ်ပူတာတွေ မဖြစ်တော့ပါဘူး။ တွမ်နဲ့ ရှိနေရတဲ့ အချိန်မှာ ကျွန်မ ပျော်ရွှင်နေတာဘဲ။ အခြားလူတွေကလည်း ကျွန်မအတွက် လိုက်ပျော်ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် ကျွန်မ မိတ်ဆွေတွေကတော့ ကျွန်မတို့ ဘယ်လောက် စိတ်ချမ်းသာနေတယ်ဆိုတာ သိကြတယ်။ ဒီတော့ စာနယ်ဇင်းတွေမှာ ဖောခြင်းသောခြင်းပါနေတဲ့ ကောလာဟလ သတင်းစကားတွေအတွက် ဘာကြောင့် ဂရုစိုက်နေရတော့ မလဲရှင်။

            တွမ်ကို ဘာကြောင့် ကြိုက်တာလဲ။ ဘာကိုကြိုက်တာလဲ။

            သူက သိပ်ရက်ရောတာ။ ပြီးတော့ ကျွန်မကိုလည်း ပံ့ပိုးကူညီတယ်။ ဉာဏ်ကလည်း ကောင်းသေးတယ်လေ။ သူ့ ပတ်ဝန်းကျင်မှာလည်း စိတ်ဝင်စားတယ်။ သူမှာရှိတာကို မျှဝေပေးဖို့ စိတ်အားထက်သန်တယ်။ ကျွန်မ သူ့ကိုချစ်တယ်။ သူနဲ့ တွေ့ဆုံခွင့်ရခဲ့ခြင်းဟာ အထူးအခွင့်အရေးကြီးလို့တောင် ကျွန်မ ခံစားရတယ်။ သူ့ကမ္ဘာရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ခွင့်ရခြင်း အပေါ်မှာကောပေါ့။

            တွမ်ကို ချစ်မိနေပြီလို့ ဘယ်အချိန်မှာ သတိထားမိလိုက်သလဲ။

            တွေ့တွေ့ချင်း ဆိုသလိုပါပဲ။ သူ့လောက် သွက်လက်ဖျတ်လတ်နေသူမျိုး တစ်ယောက်မှ မတွေ့သေးဘူး။ ကိုယ့်ကိုယ်ကိုယ် လုံခြုံစိတ်ချတဲ့စိတ်၊ ဘာလုပ်လုပ် တိကျသေချာပြီး ပျော်ရွှင် ကျေနပ်နေတာမျိုးပေါ့။ ဒီလိုလူမျိုးနဲ့ ချစ်ခွင့်ရတာ ကျွန်မ စိတ်ချမ်းသာလိုက်တာ။

            အင်တာဗျူးသမား Oprah Winfrey's Show မှာ မင်းနဲ့သူ့အကြောင်းဖြေရင်း စိတ်လွတ်ကိုယ်လွတ် ဆိုဖာတွေပေါ် ခုန်ပေါက်တဲ့အထိ ဖြစ်ခဲ့ခြင်းနဲ့ ပတ်သက်လို့ လူအများစုက တွမ့်အပေါ် ပိုလွန်းတယ်လို့ ဝေဖန်ကြတဲ့အပေါ် ဘယ်လိုများ ခံစားရသလဲ။

            သူ အရမ်းပျော်နေလို့ ဒီလိုဖြစ်သွားတာ။ ဒါကို လူတွေက ဘာဖြစ်လို့များ မယုံကြည်ပေးနိုင်တာလဲ။ ကျွန်မဖြင့် မစဉ်းစားတတ်တော့ဘူး။ သူ ခံစားချင်သလောက် ပေးခံစားခွင့် မရှိသင့်ဘူးလား။ သူ ပွင့်လင်းစွာ ထွက်ပေါက်ပေးလိုက်တာ ကျွန်မတော့ ဝမ်းသာဂုဏ်ယူတယ်။ သူ့ရင်ထဲ ရှိတဲ့အတိုင်း လုပ်ပြမိတာဘဲ။ သူ့ပျော်ရွှင်မှုကို သူက တစ်ကမ္ဘာလုံးနဲ့ မျှဝေခံစားချင်ခဲ့တာ။ သူပျော်နေလို့ လူတွေက အဲဒါကိုပဲ ဝေဖန်ချင်သတဲ့လား။ ဒါဆို မတရားတော့ဘူးနော်။ ကျွန်မလည်း အဲဒီ Oprah Show တုန်းက စင်ပေါ်ရောက်တော့ ကမ္ဘာပေါ်မှာ ကျွန်မ အပျော်ဆုံး အမျိုးသမီးလို့ ဖွင့်ပြောခဲ့မိတယ်။ အဲဒါကော အပြစ်ပဲလားရှင်။

            လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အင်တာဗျူးတစ်ခုမှာ မင်းပြောခဲ့ဖူးတယ်။ အောင်မြင်ကျော်ကြားတဲ့ ချစ်သူစုံတွဲတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကျုးကျော်နှောင့်ယှက်မှုတွေအတွက် မင်း စိတ်ပူတယ်တဲ့။ မင်း တွမ်နဲ့ ပတ်သက်တော့မယ် ဆိုတုန်းကကော ဒါကို တွေးမိသေးသလား။

            မတွေးမိဘူး။ လုံးဝကို မတွေးမိတာပါ။ လုံးဝ မေ့နေခဲ့တယ်။ အဲဒီ ခံစားချက်တွေက တစ်ကမ္ဘာလုံးမှာ အလှပဆုံးတွေ ဖြစ်ခဲ့တယ်။ ကျွန်မတို့နှစ်ယောက် အဲဒီကိစ္စတွေကို နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်မှာပါ။ ဒါတွေကိုသာ ကြောက်နေရင် ကျွန်မနဲ့ သူရဲ့ ပတ်သက်မှုကို ဘယ်ဖွင့်ပြောတော့မလဲ။

            မင်းတို့စုံတွဲရဲ့ ကွာခြားလွန်းတဲ့ အသက်အရွယ်အတွက်ကော စိတ်ပူသလား။

            အဲဒါနဲ့ ပတ်သက်လို့ လုံးဝ စိတ်ထဲမှာ မတွေးမိပါဘူး။

ရုပ်သံစီးရီး Dawson's Creek ရိုက်တုန်းက မင်း ၁၇ နှစ်ပဲ ရှိသေးတာနော်။ မိသားစုနဲ့ ခွဲခွာပြီး အချိန်ပြည့် အလုပ်လုပ်ဖို့ လုပ်ငန်းခွင်ထဲ ဒီလောက် ငယ်ငယ်လေးမှာ သွားရတာ ဘယ်လိုနေသလဲ။

            မိသားစုနဲ့ ခွဲသွားရတာ သိပ်ခံစားရတာပေါ့။ ပထမဆုံးအကြိမ် ကိုယ့်ဘာသာ တစ်ယောက်တည်း လှုပ်ရှားရတော့လေ။ လူတိုင်းလိုလို အဲဒီအတွေ့အကြုံတွေ ရှိကြမှာပါ။ ဒါပေမယ့် ကျွန်မ အဖြစ်ကတော့ ခက်ခဲပင်ပန်းမှု သိပ်မရှိလှပါဘူး။ ကျွန်မ Dawson's Creek ရိုက်ကွင်းသွားရတာ လုံခြုံတဲ့ မိသားစု ရင်ခွင်ကနေ နောက်ထပ် လုံခြုံစိတ်ချရတဲ့ တစ်နေရာဆီ သွားရသလိုပါပဲ။

            ဒီကနေ့ ရိုက်ကူးလာသမျှ ရုပ်ရှင်၊ ရုပ်သံစီးရီးတွေထဲမှာ Pieces of April ရုပ်ရှင်ထဲက ချစ်သူနဲ့ ချစ်ဇာတ်လမ်းခင်းတဲ့ အခန်းဟာ အခက်ခဲဆုံးလား။

            နည်းနည်း ပြင်းထန်သွားတယ်။ အမှန်က အဲဒီအခန်းက ရယ်စရာလေးလည်း စွက်ထားရမယ့် ဥစ္စာ။ ကျွန်မ အဲဒီအခန်း မရိုက်ခင် နည်းနည်းတော့ စိတ်လှုပ်ရှားမှု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဆင်ပြေခဲ့ပါတယ်။ ဒါကြောင့် ကျွန်မအဖို့ အတော်ကြီးမားတဲ့ စိတ်လွတ်လပ်မှု ဖြစ်သွားခဲ့ရတယ်။ ရုပ်ရှင်ရဲ့ ကျန်တဲ့ ဇာတ်ဝင်ခန်းအားလုံးတောင် လွယ်ကူသလို ဖြစ်သွားခဲ့ရတယ်။

            North Carolina ပြည်နယ်မှာ အတော်ကြာနေခဲ့ပြီးမှ Los Angeles ကို ပထမဆုံး ပြောင်းနေတော့ ဘယ်လို လေ့ကျင့်ယူရသလဲ။

            ကျွန်မအဖို့ ဒါ နည်းနည်းနောနော ဖွင့်လှစ်ရတာ မဟုတ်ဘူး။ L.A မှာ တစ်ယောက်တည်း သွားနေရတာ တကယ့်ကမ္ဘာခြားတစ်ခု ရောက်သွားသလိုပဲ။ ကျွန်မ သဘောကျပါတယ်။ နည်းနည်း ကြောက်စရာလည်း ကောင်းပေမယ့်လို့လေ။ ဇာတ်ဝင်ခန်းအတွက် သရုပ်ဆောင်နေရရင် ဇာတ်လမ်းထဲ စီးမျောနေပြီး ပြီးသွားရင် ကိုယ်ကဘာလဲ။  ရှေ့လျှောက် ဘာတွေလုပ်ရဦးမှာလဲနဲ့ စဉ်းစားမိတာပေါ့။ လူတွေအများကြီးနဲ့ တွေ့ကြုံရတယ်။ ကိုယ့်ဘဝရှေ့ရေးအတွက် ကိုယ်ပိုင်လွတ်လပ်စွာ ရွေးချယ်မှုတွေ လုပ်ရတယ်လေ။

            Dawson's Creek စီးရီးတွေ ပြီးသွားကတည်းက နှစ်အနည်းငယ်အတွင်း ကိုယ့်ကိုယ်ကိုယ် လူလားပို မြောက်လာပြီလို့ ထင်လား။

            မိမိကိုယ်ကိုယ် ရှာဖွေတွေ့ရှိလာတယ်လို့ ခံစားရတယ်။ ကျေနပ်ပျော်ရွှင်ဖို့ ကောင်းပါတယ်။ ကိုယ့်ဘဝရဲ့တာဝန် ကိုယ်ယူနေရလို့ တစ်ခါတစ်ရံ စိတ်အနှောင့်အယှက်ဖြစ်တာက လွဲလို့ပေါ့။ ရုပ်ရှင်လောကထဲ ရောက်လာတယ်ဆိုတဲ့ အဓိပ္ပါယ်မှာ ကိုယ့်အတွက် နောက်ထပ် ဘာအလုပ်ရှိတယ်ဆိုတာ အတိအကျ ကြိုသိမထားဘူး။ ဒီတော့ ရုပ်ရှင်သရုပ်ဆောင်တိုင်းလိုလို မိမိကိုယ်ကိုယ် စိတ်ချလုံခြုံတဲ့ အနေအထားမှာ မရှိတာတော့ သေချာတယ်။

            မင်းနောက်ထပ် သရုပ်ဆောင်မယ့် ရုပ်ရှင်က 'Wonder Woman' ဆိုတာ တကယ်လား။

            အဲဒီ ကောလာဟလ သတင်း ကျွန်မလည်း ကြားနေပါတယ်။ ကျွန်မကတော့ ဇာတ်ညွှန်းတောင် မဖတ်ဖူးသေးပါဘူး။ ကျွန်မ စိတ်တော့ဝင်စားသား။ ကျွန်မကလည်း ကာတွန်းဇာတ်ကောင် 'Wonder Woman' ကို အားကျနှစ်ခြိုက်တဲ့ ကလေးမလေးတစ်ဦး ဖြစ်ခဲ့ဖူးလို့ပါ။

            မင်းတို့ စေ့စပ်တဲ့သတင်းက မင်းနဲ့တွမ်ရဲ့ ရုပ်ရှင်တွေ ရုံတင်တာနဲ့ ရှေ့ဆင့်နောက်ဆင့်ဘဲ။ မင်းတို့ ချစ်ဇာတ်လမ်းကို လူတွေ သတိပိုထားမိတာ အဲဒီရုပ်ရှင်တွေနဲ့ ဆက်စပ် ပတ်သက်နေသလား။

            လုံးဝ မဟုတ်ပါဘူး။ ကျွန်မ အဲသလို မထင်ပါဘူး။ ပရိသတ်က Batman Begins သွားကြည့်ကြတယ်ဆိုတာ Christian Bale ရဲ့ သရုပ်ဆောင် ပြောင်မြောက်မှုကို အားပေးဖို့ပါ။ ပြီးတော့ မင်းသားကြီး Micheal Caine တို့၊ Morgan Freemanနဲ့ Liam Neeson တို့လို တကယ်တော်တဲ့ သရုပ်ဆောင်တွေမို့ သွားကြည့်ကြတာပါ။

            တစ်ကမ္ဘာလုံးက အခုမင်းကို စောင့်ကြည့်နေကြပြီ။ ဘယ်လိုပုံစံ ဖြစ်လာမလဲရယ်လို့လည်း ပိုတောင် အာရုံစူးစိုက်ကြည့်ကြတော့မှာအတွက် စိတ်ညစ်သလား။

            တွမ်နဲ့ ကျွန်မ ချစ်ခင်နေရခွင့်နဲ့ ကျွန်မပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်တွေ အတွက်ပဲ ကျွန်မ အာရုံဝင်စားနိုင်ဖို့ ကြိုးစားနေပါတယ်။ အခြားအရာတွေက ဒီလောက် အရေးမကြီးပါဘူး။

ရီတာအောင်(NY)

(အမှတ် ၁၉၄၊ ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
ဘီယွန်းစ်နိုးလ်စ်
ရီတာအောင် (NY)

'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...

နိုင်ငံတကာ ရုပ်ရှင်
...
ချစ်တော့ ချစ်တယ် ဒါပေမယ့်...
ဘို

'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...

နိုင်ငံတကာ ရုပ်ရှင်
...
ဂျပန်မှာလေးကြိမ်မြောက်လက်ထပ်တဲ့ လီဆာမာရီ ပရက်စလေ
ရီတာအောင်(NY)

ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။