ရွှေသုတ‌

ရွှေမင်ကြိုးဖြင့် နှောင်ဖွဲ့သော ကြယ်တစ်စုံ

ဝင်းဝင်းမြင့် ၊နန်းတော်ရှေ့၊

01 October 2025
ရွှေမင်ကြိုးဖြင့် နှောင်ဖွဲ့သော ကြယ်တစ်စုံ
Share to

            ရစ်ပတ်ဖွဲ့နှောင်ခြင်းနှင့် နှောင်တည်းထားသော လူတို့၏ ကမ္ဘာတွင် ပေးကမ်းစွန့်ကြဲခြင်းနှင့် ရယူခြင်း...။ လိုအပ်နေခြင်းနှင့် ကူညီခြင်းများသည် အပြန်အလှန် အကျိုးပြုသည် ဆိုပါစို့။ ထိုထက်ပို၍ အရေးကြီးသော အကြောင်းအရာတချို့သည် လူသားတို့၏စိတ်ကို လွှမ်းမိုးရဦးမည်ဖြစ်ကြောင်း ခံစားသိရှိရပြန်ပါသည်။

            (၆-၇-ဝ၅) နေ့က MICT Park, AAT ခန်းမတွင် တာဝန်ရှိပုဂ္ဂိုလ်ဆရာဝန်ကြီးများနှင့် စာပေသမားတို့ တွေ့ဆုံကြပြီး 'အနာကြီးရောဂါ ပပျောက်ပြီးသူများ၏ ဘဝကို ပြန်လည်ထူထောင်ရေး' အတွက် ဆွေးနွေးခဲ့ကြပါသည်။ ထိုအနာကြီးကိစ္စသည် ကျွန်မ ရင်ထဲမှာ 'ကြီးမားသောအနာ'အဖြစ်  အချိန်ကြာကြာ ခိုဝင်ခဲ့ပြီး ဖြစ်ပါသည်။

            ၂ဝဝ၁ ခုနှစ်က တက္ကသိုလ်ဝင် စာမေးပွဲဖြေမည့် ကလေးများအတွက် ပညာဒါန ပြုပေးပါဟု အကူအညီ တောင်းခံရသောကြောင့် 'နံ့သာမြိုင်'ဆိုသောနေရာကို ရောက်ဖူးခဲ့ပါသည်။ ကလေးများကို ပညာဒါနပြုရင်း ငြိတွယ်မိသော သံယောဇဉ်ကြောင့်'နံ့သာမြိုင်'ကို အာရုံဝင်စားမိခဲ့ပါသည်။ 'နံ့သာမြိုင်'ဆိုတာ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်မှာရှိသော အနာကြီးရောဂါသည် များဟု အများက အသိအမှတ်ပြုထားကြသည့် ရောဂါကင်းမဲ့ပြီးဖြစ်သော လူတစ်စု၏နေရာ ဖြစ်ပါသည်။ 'ရှင်သန်ခြင်းနှင့် သေဆုံးခြင်း'၏ အဓိပ္ပာယ်ကို ဝေခွဲရခက်စွာဖြင့် လူ့ဘဝခရီးကို ခက်ခဲစွာ ဖြတ်သန်းနေကြသူများဟုလည်း မှတ်ချက်ချခဲ့ဖူးပါသည်။ အနာကြီးရောဂါပိုးက သူတို့၏ အရေပြားနှင့် အရိုးများကိုသာမက ဘဝရှင်သန်မှု တစ်ပိုင်းတစ်စကိုပါ ဝါးမျိုစားသောက်သွားခဲ့သည်။

သေချာစွာ လေ့လာကြည့်မည်ဆိုလျှင်တော့ သူတို့၏ ခန္ဓာမှာ သူတစ်ပါးကို ကူးစက်စေနိုင်သော ရောဂါပိုး မရှိကြတော့ပေ။ အနာရောဂါပျောက်ပြီ ဖြစ်သော်လည်း ကြွင်းကျန်ရစ်သည့် အမာရွတ်ကြီးများ၏ ဒဏ်ကို လည်စင်း၍ ခံနေကြရသည်သာ ဖြစ်ပါသည်။ ထိုအကြောင်းအရာများကို ရွှေအမြုတေမဂ္ဂဇင်းမှာ 'ဆူးခြုံနွယ်အောက်က စိမ့်စမ်းရေ' ဟု ရေးဖွဲ့ဖြစ်ခဲ့ပါသည်။ 'ဆရာမရဲ့ ဆောင်းပါးကလေးကြောင့် ဆေးရုံအတွက်ရော၊ ရွာအတွက်ပါ အလှူရှင်တွေ အများကြီးရခဲ့တယ်။ မြန်မာနိုင်ငံထဲကရော၊ နိုင်ငံတကာရောပဲ၊ ဒါကြောင့် ရွှေအမြုတေမှာပါတဲ့ ဆောင်းပါးကို စာအုပ်ကလေးလုပ်ပြီး ဖြန့်ဝေဖြစ်သေးတယ်' ဟု သတင်းပေး ကြသောအခါ ကျွန်မရင်မှာ မုဒိတာ ပီတိပွားခဲ့ရသည်။ သနားဖွယ်ဘဝများအတွက် စာနာနားလည်စွာဖြင့် ကူညီခြင်းကိစ္စသည်သာ အရေးကြီးဆုံးဖြစ်သည်ဟုတောင် ထင်ခဲ့မိပါသေးရဲ့...။

            အချိန်ကာလ ယန္တရားသည် စည်းချက်မှန်စွာ လှုပ်ရှားလျက်ရှိနေခဲ့သော်လည်း သိပ္ပံပညာ၊ ဆေးပညာတို့၏ တိုးတက်မှုတို့ဖြင့် လူမှုရေး တိုးတက်ပြောင်းလဲမှု အရှိန်အဟုန် များကတော့ လျင်မြန်လှလေသည်။ ထိုပြောင်းလဲမှုများထဲမှ နံ့သာမြိုင်ကို ချန်ထား၍မဖြစ်။ နံ့သာမြိုင်တွင် ဘဝကိုယ်စီကို ပိုင်စိုးသော လူသားတို့ ရှင်သန်လျက် ရှိနေသောကြောင့် 'အနာကြီးရောဂါ ပပျောက်ပြီးသူများ၏ ဘဝပြန်လည်ထူထောင်ရေး' အစီအစဉ်တွင် သူတို့ ပါဝင်ရပေလိမ့်။

            အနာကြီးရောဂါသည် ၁၈၄ဝ ပြည့်နှစ် ပတ်ဝန်းကျင်ကတည်းက လူ့သမိုင်းကို အကျည်းတန်စေခဲ့တာ ဖြစ်သည်။ ရောဂါပိုးကို စတင်တွေ့ရှိပြီဟု ကြေညာသော (၁၈၇၃) မှစ၍ အသံတွေ အမျိုးမျိုးပေးပြီး ဝင်ရောက်လာခဲ့ခြင်းလည်း ဖြစ်ပါသည်။ စစဦးချင်းမှာတော့ ပျောက်ကင်းအောင် ကု၍မရဟူသော အားငယ်သံတွေ...။ 'ချီးသီး' 'ကလောသီး' တို့ဖြင့် ကုလျှင် သက်သာနိုင်ပြီဟု နှစ်သိမ့်သံတွေ။ 'ဒပ်ပဆုံး' ဆေးနှင့် ကုလျှင် သေချာစွာ ပျောက်ကင်းနိုင်ပြီဟု ဟစ်ကြွေးသံတွေသည် ၁၉၄၅ ခုနှစ်သို့တိုင် အသံအမျိုးမျိုး၏ အောက်မှာ လူးလာခေါက်ခါ ပြေးလွှားလျက် ရှိခဲ့ပါသည်။ ထိုအချိန်က ကုသရေးသမားတော်တို့က နည်းမျိုးစုံနှင့် ရောဂါပိုးကို ရှာဖွေခဲ့သည်။ ဆေးဝါးများကိုလည်း သုတေသနပြုကြ၊ ထုတ်ဖော်နေကြဆဲမှာပင် ရောဂါဝေဒနာကို ခံစားနေကြရသူတို့ကလည်း ရောဂါပျောက်သည့်တိုင်အောင် လူမှုရေးဒုက္ခများကို ပြင်းထန်စွာ ရင်ဆိုင်ခဲ့ကြရရှာသည်။ ပတ်ဝန်းကျင်ကတော့ လူသားပီသစွာပင် ခံစားနားလည်နိုင်ခဲ့ကြလေသည်။ သနားကရုဏာ သက်နိုင်။ လှူနိုင်ပေးနိုင် ကူညီနိုင်သောစိတ်များလည်း ရှိခဲ့ကြပြီး အသက်ရှင်လျက် ဘဝသေနိုင်သည့် ရောဂါဆိုးကြီး ကူးစက်ခံရမှာကိုလည်း လွန်စွာပင် ကြောက်ရွံ့ခဲ့ကြပါသည်။ ထို့ကြောင့်ပင် နိုင်ငံအသီးသီး၏ အုပ်ချုပ်ရေးစနစ်များတွင် လူနာဘက်က စာနာထောက်ထားရန် သတိမရနိုင်တော့ဘဲ အနာကြီးရောဂါနှင့် ပတ်သက်သော ဥပဒေအသီးသီးမှာလည်း ကြောက်ရွံ့တုန်လှုပ်ဖွယ်ကောင်းစွာပင် ကန့်သတ်မှုများ ပြင်းထန်ခဲ့ပါသည်။

            ဥပမာ ဆိုပါစို့။ ဥရောပ အလယ်ခေတ်လောက်တုန်းက လူကြားသူကြားသို့ သွားသော အနာကြီးရောဂါသည်များသည် ခြူကလေး (သို့မဟုတ်) ခေါင်းလောင်းကလေးကို တီးပြီး သွားရသည်။ အနာကြီးရောဂါသည်တွေ လာပါပြီ။ ရှောင်ကြ ရှားကြပါဟု ရောဂါသည်ကိုယ်တိုင်က သတိပေးပြီး သွားလာစေသည်။ ဂျပန်နိုင်ငံမှာတော့ အနာကြီးရောဂါသည်များကို ဥပဒေအရ ထောင်ချသည်။ အမျိုးသမီးများကိုလည်း ကိုယ်ဝန်ဆောင်ခွင့်မရှိ။ တရားဥပဒေအရ အတင်းအဓမ္မ ဖျက်ချခိုင်းသော ကြောင့် အမျိုးသမီးများမှာ မိသားစုမရှိ။ မျိုးဆက်လည်း မရှိနိုင်တော့ပေ။

            အိန္ဒိယနိုင်ငံမှာတော့ ရွာပြင်ထုတ်ခြင်း၊ မိသားစု အသိုင်းအဝိုင်း၊ လူမှုရေး အဖွဲ့အစည်းတို့မှ ဖယ်ရှားခြင်းတို့ ပြုလုပ်ပါသည်။ အသက်ညှာဆုံးအဖြစ် ညများတွင် သီးခြားအိပ်ဆောင်များမှာ သွားအိပ်စေခြင်းများ ရှိခဲ့သောကြောင့် အိန္ဒိယတောင်ပိုင်း မဒရတ်စ်ပြည်နယ် ပိုလန်ဘက်ကန်ဒေသတွင် အနာကြီးရောဂါသည်များ၏ ညအိပ်ဆောင်များကို ယခုတိုင် မြင်နိုင်ပါသေးသည်။

            မြန်မာနိုင်ငံတွင်လည်း အနာကြီးရောဂါသည်များအတွက် ဥပဒေများ ရှိခဲ့ပါသည်။ ကျေးရွာ အက်ဥပဒေ၊ ရွာပြင်ထုတ် ဥပဒေ၊ မီးရထား ဥပဒေ၊ မည်သည့်လုပ်ငန်းကို အနာကြီးရောဂါသည်များ မလုပ်ရဆိုသည်အထိ ကန့်သတ်တင်းကျပ်စွာ ထုတ်ပြန်ခဲ့သည့် ဥပဒေများလည်း ရှိနေခဲ့ပါသည်။

            ထိုဥပဒေများသည် တစ်စတစ်စနှင့်ကူးစက်ပြန့်ပွားသွားပါက တိုင်းပြည်နှင့် လူမျိုးအထိ ကျယ်ပြန့်စွာ ဒုက္ခရောက်စေနိုင်သောကြောင့် ဆေးခါးကြီးအဖြစ် တားမြစ်ခဲ့ရသည်ဖြစ်ကြောင်း သဘာဝကျစွာ လက်ခံနိုင်ခဲ့ပါသည်။

            ဒါပေမယ့် အခြေအနေနှင့် အချိန်အခါဟူသည် အစဉ်အမြဲ ရပ်တန့်နေလိမ့်မည် မဟုတ်။ ဖြစ်စဉ်များက တရိပ်ရိပ် ပြောင်းလဲလာခဲ့သည်။ ၁၉၈၂ ခုနှစ်ခန့်တွင်ဒပ်ပဆုံးဆေးအစား 'အမ်ဒီတီ' ဆေးကို ပြောင်း၍ သုံးစွဲရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရားဝင် တိုက် တွန်းခဲ့ပါသည်။ အမ်ဒီတီဆေးကို စနစ်တကျ သုံးမည်ဆိုလျှင် အနည်းဆုံး ခြောက်လ၊ အများဆုံး တစ်နှစ်အတွင်းမှာ လုံးဝပျောက်ကင်းသွားအောင် စွမ်းသော အနာကြီးရောဂါကုသရန် ဆေးကောင်းတစ်လက်ဖြစ်ကြောင်း အားလုံးက လက်ခံလာခဲ့ကြသည်။ ထို့ကြောင့်ပင် ၁၉၉၁ ခုနှစ်၌ ၁ဝ နှစ်ခန့် အသုံးပြုခဲ့သည်။ လေ့လာ စမ်းသပ်ခဲ့မှုတို့ကြောင့်ပင် အမှန်တကယ် ပျောက်ကင်းနိုင်စွမ်းသော ဆေးအဖြစ် အတည်ပြုခဲ့ကြပါသည်။

            ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဝင်နိုင်ငံ အသီးသီးသို့ နှစ်ထောင်းခုနှစ်တွင် ကျေနပ်အားရဖွယ် တိုက်တွန်းမှုများ ထပ်မံပေါ်လာခဲ့ပြန်သည်။ အနာကြီးရောဂါနှင့် ပတ်သက်သောပြဿနာ မည်မျှပင် ရှိစေကာမူ ၂ဝဝဝ ခုနှစ်တွင် အနာကြီးရောဂါ ကင်းဝေးအောင် အစွမ်းကုန် ကြိုးစားကြရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာတော့ အနာကြီးရောဂါ ကင်းဝေးရေးကို ၂ဝဝ၃ ခုနှစ်ဦးပိုင်းတွင် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာနိုင်ခဲ့သည်။ ၂ဝဝ၄ ခုနှစ် နိုဝင်ဘာလ စာရင်းအရ အနာကြီးရောဂါသည် ၃ဝဝဝ ခန့်ကိုတော့ ကုသပေးနေရဆဲ ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၏ အနေအထားအရ သိရှိရပါသည်။ နှစ်စဉ်နှစ်တိုင်း လူနာသစ် ၃ဝဝဝ ခန့် ရှိသေးသည့်သဘောဖြစ်ပါသည်။ ရောဂါကုသ ပျောက်ကင်းပြီးသူများကတော့ တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၅ဝဝဝဝ ကျော်ခန့် ရှိနေခဲ့ပါသည်။

            လူနာတိုင်းကတော့ ရောဂါကို ကုသ၍ ပျောက်ကင်းပြီဆိုပါက ရောဂါမဖြစ်မီက အတိုင်း မိမွေးတိုင်းဖမွေးတိုင်း အခြေအနေကို ပြန်လည်ရရှိရန်သာ မျှော်လင့်ခဲ့ကြ စမြဲပင်။ အနာကြီးရောဂါကတော့ ထိုသို့ မျှော်လင့်ခွင့် မရှိနိုင်ခဲ့။ ရောဂါပိုးက ဝါးမျိုစားသောက် သွားလေသောကြောင့် ရုပ်ခန္ဓာပျက်ယွင်း၍ ကျန်ရစ်သော အမာရွတ်သည် ထိုသူ၏ နောက်ဆုံးထွက်သက်အထိ သူနှင့်အတူ တည်မြဲကျန်ရစ်နေမည်သာ ဖြစ်ပါသည်။

            ထို...ထို...သော အကြောင်းများကြောင့်ပင် အနာကြီးရောဂါကို ကုသပြီးဆုံးသည့်တိုင် နောက်ဆက်တွဲလုပ်ငန်းဖြစ်သော ပြန်လည်ထူထောင်ရေးကို မဖြစ်မနေ လုပ်ကြရလိမ့်မည်ဟု ဆရာကြီးများက အလေးအနက် ပြောကြပါသည်။

            ပြန်လည်ထူထောင်ရေး ကိစ္စနှင့်ပတ်သက်၍ ပထမဦးစွာ မျှဝေခံစားနိုင်သော အကြောင်းအရာသည် 'မျိုးဆက်' ကိစ္စဖြစ်ပါသည်။ စာသင်ခန်းထဲမှ ကလေး ၁၆ ယောက်သည် ဘာရောဂါမှ မရှိ။ ရောဂါသည်မိဘများကို လုပ်ကျွေးပြုစုရင်း ကျောင်းပညာကို သင်ယူနေကြသော လူငယ်များသာဖြစ်သည်။ သူတို့သည် နှစ်ဘဝစာ တစ်ခါတည်း ရှင်သန်ရန် ကြိုးစားကြရရှာသည်။ ကျွန်မကတော့ သူတို့ကို ကလေးတစ်ဘဝ၊ လူကြီးတစ်ဘဝ ပေါင်းစပ်ထားသူများဟုသာ မြင်မိပါသည်။ စာသင်ခန်းထဲမှာတုန်းကတော့ တကယ့်ကလေးလေးတွေလို ရယ်ကြမောကြ၊ မသိ နားမလည်သော မျက်ဝန်းကလေးများနှင့် စူးစမ်းလေ့လာကြသည်။ သူတို့အိမ်မှာတော့ သူတို့က အိမ်ထောင်ဦးစီးတွေလည်း ဖြစ်နေပြန်သည်။ တချို့ဆို အဖေမရှိ။ တချို့ဆို အမေမရှိ။ ရှိပြန်တော့လည်း မျက်မမြင်။ ခြေလက်ငုံးတိ ရောဂါအနာကင်းမဲ့သော လူကောင်းစင်စစ်ဖြစ်ပါလျက် အမြင်မှာတော့ ဒုက္ခိတ။ ထိုမိဘများကို လုပ်ကျွေး ပြုစုပြီး မိသားစုတာဝန်ကို ထမ်းရွက်နေကြသော ကလေးတို့၏ အခြေအနေ...။

            ထိုအခြေအနေမျိုးနှင့်ပင် တက္ကသိုလ်ဝင် စာမေးပွဲကို ၁၅ ယောက် ဖြေဖြစ်ခဲ့ပြီး နှစ်ချင်းပေါက် ၁၁ ယောက် အောင်မြင်ခဲ့သည်။ (၂ဝဝ၁-၂ဝဝ၂) ပညာသင်နှစ်၏ တကယ့်မှတ်တမ်း စင်စစ်အရ သူတို့တွေအတွက် ပြန်လည်ထူထောင်ရေးသည် အမှန်တကယ်ပင် လိုအပ်ကြောင်း ကျွန်မ မျှဝေခံစားနိုင်ခဲ့ပါသည်။

             အများစုအနေနှင့်ကတော့ လူ့ဝန်းကျင် အသိုင်းအဝိုင်းထဲမှ အခြေအနေအရ ခွဲထုတ်ခံခဲ့ရပြီးမှ လူ့ဝန်းကျင်ထဲသို့ တစ်ဖန်ပြန်လည်ဝင်ရောက်ရန် အဟန့်အတားများ ရှိနေပုံရပါသည်။ ဆရာဝန် ကြီးများအနေနှင့်ကတော့ ကမ္ဘာ့အလျဉ်နှင့်အတူ ပါဝင်စီးမျောလျက် ကုသခြင်းလုပ်ငန်းနှင့်အတူ အနာကြီးရောဂါ ဖြစ် ဖူးသူများအားလုံး လူ့အသိုင်းအဝိုင်းမှာ သိက္ခာရှိရှိ၊ ဂုဏ်ရှိရှိ၊ စီးပွားရေး အမှီခို ကင်းကင်းနှင့် အောင်မြင်စွာ နေထိုင်နိုင်သည့်အထိ ပြန်လည်ထူထောင်မှု လုပ်ငန်းများကို ပြုလုပ်ပေးရန်  ဆန္ဒ ပြင်းပြနေကြသည်။ တစ်နေရာတွင် ရောက်ရှိနေသော ရောဂါပျောက်ကင်း ပြီးသူများကို ထောက်ပံ့ခြင်း၊ ကျွေးမွေးခြင်းသည် စေတနာအလျောက် ပြုနေသော လူမှုရေးလုပ်ငန်း၊ စေတနာ လုပ်ငန်းမျှသာဖြစ်သောကြောင့် ပြန်လည် ထူထောင်ရေးဟု မဆိုနိုင်။ သနားခြင်း အားဖြင့် အားငယ်စိတ်ကို မွေးမြူပေးသလို ဖြစ်သွားမှာ စိုးရိမ်နေကြသည်။

            ပြန်လည်ထူးထောင်ရေးနှင့် ပတ်သက်လျှင် အိန္ဒိယနိုင်ငံက ဒေါက်တာ ဂိုပေါလ် (Dr.P.K Gopal) ကို မေ့ထား၍ မဖြစ်နိုင်။ အနာကြီးရောဂါ ဖြစ်ခဲ့ဖူးသူ၊ ဆေးစားပြီး ရောဂါပျောက်ကင်းနေသူ၊ တက္ကသိုလ်ပညာကို အမ်အေပီအိပ်ချ်ဒီ ရပြီးသူ။ ထိုပုဂ္ဂိုလ်က ပြန်လည်ထူထောင်ရေးအတွက် အထူးကြိုး စားနေသူလည်း ဖြစ်ပါသည်။ သူက 'ကျွန်ုပ်ဟာ အနာကြီးရောဂါကြောင့် ခြေပြတ်တာ ခံနိုင်တယ်။ လက်ပြတ်တာ ခံနိုင်တယ်။ မျက်စိပျက်တာ ခံနိုင်တယ်။ လူတစ်လုံး သူတစ်လုံးလို မဆက်ဆံဘဲ အထင်သေး အမြင်သေး ဆက်ဆံတာကို မခံနိုင်ဘူး' ဟု ပြတ်ပြတ်သားသား ရင်ဖွင့်ခဲ့သူ ဖြစ်ပါသည်။

            ကျွန်မသည် ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်လျှင် အရေးကြီးဆုံး ဘယ်သူတွေလဲ...ဟု အဖန်ဖန်အခါခါ စဉ်းစားမိပါသည်။ ဒေါက်တာဂိုပေါလ်၏ ခံစားမှုနှင့်လည်း ထပ်တူထပ်မျှ ခံစားမိပါသည်။ လူ့ဘဝဆိုတာ ဘာလဲ။ ဘဝအဓိပ္ပာယ်ဆိုတာ ဘာလဲ...။ တစ်ယောက်နှင့်တစ်ယောက် တန်ဖိုးထားမှုကတော့ တူနိုင်မည် မဟုတ်ပါ။ ဒါပေမယ့် လူတိုင်းကတော့ လူသားပီသစွာ တန်ဖိုးထားမှုကို မြတ်နိုးကြမည်ပင် ဖြစ်ပါသည်။

            (၂၇-၄-ဝ၃) နေ့က တွေ့ခဲ့သော လူတစ်ယောက်ကို ကျွန်မ အထင်ကြီးခဲ့ဖူးပါသည်။ ထိုသူက အနာကြီးရောဂါ ဖြစ်ခဲ့ဖူးသူ။ ရောဂါကင်းကင်းရှင်းရှင်း ပျောက်ပြီးလေသူ။ ခြံကြီးတစ်ခြံထဲမှာ   အလုပ်သမားများစွာကို အလုပ်ပေး၍ ပန်းများကို ပွင့်စေသူ။ နှင်းဆီကိုင်းဆက် မျိုးပွားပြီး ပျိုးပင်များကို ရောင်းခဲ့ရာမှ အပင်ပေါင်းများစွာ ပျိုးထောင်နေသူကို လူသားစင်စစ်အဖြစ် ကျွန်မ မြင်ခဲ့တွေ့ခဲ့ရတော့ သူ့ကို ကျွန်မ အလိုလို လေးစားမိခဲ့ပြီး သူနှင့်လည်း စကားများ ပြောဖြစ်ခဲ့ပါသည်။

            'လူကတော့ ဘဝပေး အခြေအနေအရ လူရာမဝင်ဘူးဆိုပါတော့ဗျာ။ ဒါပေမယ့်လည်း ဒီအတိုင်းမှ ထိုင်မနေတတ်တာ။ ကိုယ်တတ်တာ ကိုယ်လုပ်ပြီး ကိုယ့်ဝမ်းစာ ကိုယ်ရှာစားတာပေါ့။   အင်း...လုပ်မယ်ဆိုရင်တော့ လုပ်စရာ အလုပ်မရှားပါဘူး။ ဒီလက်နဲ့ သူများကို ထမင်းခူးကျွေးလို့ကတော့ ဘယ်စားမလဲဗျာ။ ပန်းပျိုးရောင်းတော့ ဝယ်မယ့်သူ ရှိတာပေါ့' တဲ့။ ထိုသူက ဦးထွန်းရင် ဖြစ်ပါသည်။ သူ့ခြံထဲမှာ အလုပ်သမား ၂ဝ ကျော်ကို လုပ်အားခပေးသည့်အပြင် နံနက်စာပါကျွေးပြီး တင့်တယ်စွာ ထားနိုင်သူလည်း ဖြစ်ပါသည်။

            'အင်း...ခုတော့ သာရေးနာရေးတွေမှာ ဆွေတွေမျိုးတွေက ကျွန်တော့် နာမည်ကို ဖိတ်စာထဲမှာ တမင်တကာတောင် ထည့်ရေးနေကြလေရဲ့။ နာမည်ကတော့ လူရာဝင်ပြီ ဆိုပါတော့လေ'... တဲ့။

            ကျွန်မသည် ဦးထွန်းရင်ပြောသော 'နာမည်' ကို ယခုထိ မမေ့နိုင်သေးပေ။ 'နာမည်' တည်းဟူသော စကားနှစ်လုံးထဲတွင် သူရင်းနှီးမြှုပ်နှံခဲ့ရသော ခံစားမှုတွေ၊ အတွေးအခေါ်တွေ၊ လုပ်အားတွေ၊ အချိန်တွေ စသည့် အရင်းအနှီးများကိုလည်း တရိပ်ရိပ်မြင်နေမိပါသည်။ သူ့လိုပင် 'ဘရာဇီးလ်' နိုင်ငံမှ အနာကြီးရောဂါဖြစ်ခဲ့ဖူးသူ ခရစ်တီနိုတိုးရစ်ကလည်း ပြောခဲ့ဖူးပါသည်။

            'အနာကြီးရောဂါ ခံစားနေရသူများအဖို့ အလှူအတန်း ပေးကမ်းစွန့်ကြဲမှု မလိုပါဘူး။ အလှူအတန်း ပေးကမ်းစွန့်ကြဲမှုထက် ကျွန်တော်တို့ဟာ စွမ်းသူဖြစ်တယ်ဆိုတာ ပြသခွင့်ပဲ လိုပါတယ်။ ပြသခွင့်ရခြင်းအားဖြင့် ကမ္ဘာကြီးကို ပြောင်းလဲနိုင်လိမ့်မယ်'တဲ့။ သူကတော့ အရည်အချင်းကို ပြသခွင့်အတွက် ကြိုးစားခဲ့သည်။

            ပို၍ သဘာဝကျပြီး ပို၍ အားမာန်ပါသောစကားကို ပြောနိုင်သူကတော့ ဂျပန်နိုင်ငံသား မီယိုဂျီ မိုရီမိုတို ဖြစ်ပါသည်။

            'ပတ်ဝန်းကျင်က သဘောထားပြောင်းလျှင် ကျွန်ုပ်တို့ဘဝသည်လည်း ပြောင်းသွားမှာပါဟု လူတွေက ပြောလေ့ရှိပါသည်။ ဒီစကားကို ကျွန်ုပ်တို့ အားကိုးလို့ မဖြစ်ပါဘူး။ ဒီသဘောထားကို စွန့်ပစ်ပြီး ကျွန်ုပ်တို့ ခံယူချက် ပြောင်းလျှင် ပတ်ဝန်းကျင်လည်း ပြောင်းလာမည်ဆိုသည့် သဘောထားကို ပြောင်းလဲခံယူသင့်သည်။ ဤခံယူချက်အတိုင်း လိုက်နာကျင့်သုံးပြီး ကျွန်ုပ်တို့ဘဝကို သာယာလာအောင် ကြိုးစားပါစို့'... တဲ့။ ထိုသဘောထားမျိုးသာ အနာကြီးရောဂါ ဖြစ်ဖူးသူတိုင်းမှာ ရှိမည်ဆိုပါက ပြန်လည်ထူထောင်ရေးကို လွယ်ကူစွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ မစ္စတာ မီယိုဂျီလို သဘောထားနိုင်ရန် မလွယ်ကူသော အကြောင်းများလည်း ရောဂါပျောက်ပြီးသူများထံမှာ ရှိနေကြောင်းကိုတော့ မမေ့သင့်ပါ။ အနာကြီးရောဂါကို ခံစားနေခဲ့ရစဉ်က တစ်ဝမ်းတစ်ခါးအတွက် တောင်းရမ်းစားရသူများလည်း ရှိပါသည်။ တချို့ကတော့ သစ်ခုတ်၊ ဝါးခုတ်၊ မီးသွေးဖုတ်သူလည်း ရှိသည်။ တံမြက်စည်း လုပ်သူလည်း ရှိသည်။ အခြားအလုပ်များကိုလည်း တတ်စွမ်းသမျှ လုပ်ခဲ့ကြ သည်လည်း အမှန်ပင် ဖြစ်ပါသည်။

            အလုပ်လုပ်ရင်းလည်း သိမ်ငယ်ခဲ့ကြသည်။ ကိုယ့်ဘဝကိုယ် ဘယ်သောအခါမှ ကျေနပ်အားရဖွယ် ပြောင်းလဲပစ်နိုင်မည်မဟုတ်ဟုလည်း ထင်ခဲ့ကြရှာသည်။ အနည်းဆုံး နေရာတစ်နေရာမှာ စု၍ နေစေလိုက်ခြင်းကပင် ဘဝတူထဲမှာ ဖြစ်သလို နေပျော်အောင် ဖန်တီးပေးလိုက်သည်နှင့် တူနေခဲ့ပါသည်။ သူတို့လောက သူတို့ကမ္ဘာမှာတော့ သူတို့ သဘာဝနှင့် သူတို့ ပျော်မွေ့နေကြသည်ပင်။ မစဉ်းစားတော့ဘဲ ကြည့်လျှင် နေသားကျနေသော သူတို့၏ အနေအထားကို ပြောင်းလွဲပစ်ရန် မလိုအပ်နိုင်ပါဟု ပြောလိုက ပြောနိုင်ပါသည်။

            သို့ရာတွင်...။ ထိုသို့မဟုတ်။ သူတို့သက်တမ်းသည် ဒီအတိုင်း သွား၍ မဖြစ်နိုင်တာတွေ အများကြီး ရှိနေပါသည်။ ခဏတာမျှ တွေ့ခဲ့ရသော အမျိုးသမီး နှစ်ယောက်သည် ကျန်လူများအားလုံးကို ကိုယ်စားပြုသည်ဟု မဆိုလိုသော်လည်း သူတို့ရွာမှာ ထူးခြားသူ အမျိုးသမီးနှစ်ဦးနှင့် ကျွန်မ စကား လက်ဆုံ ကျခဲ့ပါသေးသည်။ သူတို့ နှစ်ယောက်စလုံး အလှကြိုက်သော မိန်းမများ ဖြစ်သည်။ စကားကို တီတီတာတာ ပြောတတ်သည်။ သူတို့မှာလည်း အသည်းနှလုံးကိုယ်စီ ရှိကြလေသောကြောင့် အိမ်ထောင်ကိုယ်စီ ရှိကြလေသည်။ နောက်ပြီး ကလေးများလည်း ရှိကြပါသည်။ အိမ်ထောင်မှာ တစ်ဆက်မက...။ အိမ်ထောင် နှစ်ဆက်၊ သုံးဆက်၊ ကလေးက နှစ်ယောက် သုံးယောက်။ ထိုမိသားစုတွင် အနာကြီးရောဂါနှင့် ပတ်သက်လျှင် အရိပ်အယောင်မျှပင် မရှိတော့...။ အမျိုးသမီးနှစ်ယောက်က အသက် နှစ်ဆယ်နှင့် သုံးဆယ်အကြား။ သူ့ကလေးလေးတွေက ငါးနှစ်နှင့် ဆယ့်ငါးနှစ်ကြား၊ သူတို့တွေ အားလုံးအတွက် မရှိတော့သော အနာကြီးရောဂါကို အကြောင်းပြု၍ လူတောမတိုးဘဲ မျိုးဆက်တို့၏ ဘဝရှင်သန်မှုကို အညွန့်တုံးစေသင့်သလား။ ကျွန်မ၏ အတွေးတွင် 'ပြန်လည်ထူထောင်ရေး' အလံသည် တလူလူ လွင့်၍ တဝင်းဝင်း မြူးလာပါတော့သည်။ လဲနေသောသူအတွက် ထရန်ကြိုးစားစဉ်မှာ ဝိုင်းကူ၍ ထူပေးခြင်းသည် အရေးကြီးဆုံးသော လိုအပ်ချက် ဖြစ်ပါသည်။

            တရုတ်နိုင်ငံမှ အနာကြီးရောဂါ ဖြစ်ခဲ့ဖူးသူ 'ချင်လီဝေါင်' ကတော့ 'အနာကြီး ရောဂါကြောင့် ဘဝအမည်း စက်ထင်ခြင်းကို ပျောက်စေချင်လျှင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် အရင်တည်ဆောက်ရမည်' ဟု လက်တွေ့ကျကျ ဆိုပါသည်။ အမေရိကန်နိုင်ငံသား အနာကြီးရောဂါ ဖြစ်ဖူးသူ ကြက်ခြံပိုင်ရှင်ကြီးတစ်ဦးကတော့ ပွင့်လင်းပြတ်သားစွာပင် ကြေညာချက် ထုတ်ရဲခဲ့သည်။

            'ကျွန်တော်ကြိုးစားခဲ့တယ်။ တစ်ချိန်တုန်းက လမ်းဘေးမှာ ကျွန်တော့်ကို အလှူငွေထည့်ခဲ့ဖူးတဲ့ ကျေးဇူးရှင်တချို့ကို အခုတော့ ကျွန်တော့်ရဲ့ ခြံတွေထဲမှာ အလုပ်သမားအဖြစ်နဲ့ ကျွန်တော်က အလုပ်ပြန်ပေးနိုင်ခဲ့ပြီ' တဲ့။

            ကျွန်မသည် စိတ်ကူးမဟုတ်သော၊ အိပ်မက်မဟုတ်သော အမှန်တကယ် ဖြစ်ပျက်သည့် အဖြစ်အပျက်များကို ပုံများနှင့်တကွ ဖတ်ရှုလေ့လာမိစဉ်မှာ ဆရာဝန်ကြီးများ၏ ပြန်လည်ထူထောင်ရေး စကားများကို ကြားရစဉ်မှာ မဆုံးနိုင်အောင် အခါခါ တွေးမိပါသည်။ ခံစားချက်၊ ဝမ်းနည်းမှု၊ သိမ်ငယ်မှုများနှင့် ဖုံးနေသောဘဝများစွာကို ပြန်လည်ထူထောင်မှု ပြုရန်အပြောလွယ်၊ အရေးလွယ်...။ လွယ်လွန်းလှပါသည်။ အမှန်တကယ်ဖြစ်နိုင်သော ပြုပြင်ပြောင်းလွဲမှုမျိုးအတွက် အဖက်ဖက်က ချင့်ချိန် စဉ်းစားကာ ထောက်သုံးခုသဖွယ် ဖြစ်နေသော လက်ခံမည့် လူ့အသိုင်းအဝိုင်းဝန်းကျင်၊ ရောဂါပျောက်ပြီးသူများ။ ပေါင်းကူးပေးမည့် ဆရာဝန်ကြီးများနှင့် ကူညီသူ မီဒီယာများသည် အချိုးညီမျှစွာ ပေါင်းစပ်နိုင်မှသာ အဆင်ပြေမည်ဟု ထင်မိပါသည်။

            အလှူဒါန ရက်ရောလေ့ရှိသော လောကဝန်းကျင်သားများသည် ဖေးမကူညီ လက်တွဲခေါ်ငင်လိုသော စိတ်စေတနာကို ဒါနပြုနိုင်ကြပါစေ။ အနာကြီးရောဂါ ကုသပျောက်ကင်းပြီး သူများသည်လည်း ခံစားမှုသံသရာမှာ လည်မနေတော့ဘဲ တိုးတက်အောင်မြင်ရန် ခံယူချက် အပြည့်ဖြင့် လောကဝန်းကျင်က အထင်ကြီး လေးစားသူဖြစ်အောင် ကြိုးစားထူထောင်နိုင်ကြပါစေ။ 'လိုအပ်နေခြင်း'နှင့် 'ကူညီနိုင်ခြင်း' တို့ကို ဆက်စပ်ပေးနိုင်ပါစေဟု ဆုတောင်းရမည်လား။ မဖြစ်နိုင်ပါ။ ဒါ... ကျွန်မ လုပ်ဆောင်ရမည့် ကျွန်မ၏ ကြိုးစားမှု ဖြစ်ပါသည်။ အရာရာသည် သိလျက်နှင့်သော်လည်း ကောင်း၊ မသိဘဲနှင့်သော်လည်းကောင်း နှောင်ဖွဲ့လေ့ရှိရာ...။ ထောက်ပံ့၊ ကူညီ၊ လှူဒါန်းခဲ့ဖူးသည့် စေတနာကို အခြေခံလျက် စာနာနားလည်စိတ်ဖြင့် လက်ကမ်းကြိုမည့် လူ့လောကဝန်းကျင်သည်လည်း  တစ်ချိန်ချိန်မှာ အဆင်သင့်ဖြစ်နေပါလိမ့်မည်။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ဂုဏ်သိက္ခာနှင့်ကိုယ် မားမားမတ်မတ် ရပ်တည်နိုင်အောင် ကြိုးစားမည့် မျိုးဆက်တို့လည်း တစ်ချိန်ချိန်မှာ ပေါ်ထွန်းလာပါလိမ့်မည်။

            ကျွန်မကတော့ ထိုလင်းလက်သော ကြယ်တစ်စုံကို ရွှေမင်ကြိုးဖြင့်ချည်နှောင် ပေါင်းကူးပေးရန် ကြိုးစားနေဆဲဖြစ်ပါသည်။

ဝင်းဝင်းမြင့် ၊နန်းတော်ရှေ့၊

(အမှတ် ၁၉၄၊ ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။