စိန်မျိုးမြင့်
ဇန်နဝါရီလ ၁၆ ရက် နံနက်၌ အစောကြီး နိုးနေသည်။
အိပ်ရာနိုးသည်နှင့် အပေါ့အလေးသွား၊
အဆောင်ရှေ့ လမ်းဘေးရေပိုက်တွင် မျက်နှာသစ်၊ ညက မီးဖိုကို ပြန်မွှေးကာ
အနီးနားမှာပင် ထင်းရှာ၍ မီးဖို၍ ရေနွေးအိုး တည်လိုက်သည်။
ဇန်နဝါရီလလယ်၏ ပန်ဆောင်သည်
နှင်းမှုန်များဖြင့် ဝေဝါးနေသည်။ မနေ့ညက မှောင်မှောင်မည်းမည်းထဲတွင်
စခန်းချခဲ့ရသော အဆောက်အအုံနှင့် မျက်နှာချင်းဆိုင်၌ တောင်ကုန်းမြင့်မြင့်က
စီးမိုးထားသည်။ တောင်ကုန်းနှင့် အဆောက်အအုံကြား၌ လီဒိုလမ်းက တည်ရှိ၏။ မြောက်ဘက်သို့
သွယ်တန်းသွားသည့်လမ်းက ဖြောင့်ဖြောင့်တန်းတန်းလည်း မဟုတ်သလို မြေညီတွင်လည်း
တည်ရှိ၍မနေ။ ကုန်းမော့မော့လေးသို့ တက်သွားရင်းက ညာဘက်သို့ ကွေ့မလိုလိုမှ ဝဲဘက်သို့
ကွေ့ကောက်ကာ သစ်တောအုပ်များကြား၌ ပျောက်ကွယ်သွားသည်။ မျက်နှာချင်းဆိုင်
တောင်ကုန်းပေါ်၌ အုတ်ဖြင့် တည်ဆောက်ထားသော အဆောက်အအုံ သုံးလုံးကို
နှင်းမှုန်များကြားမှ မြင်လိုက်ရသည်။ အပေါ်တက်ကြည့်ပါက ကွယ်နေသော တစ်ဖက်ကုန်းတွင်
အဆောက်အအုံများ ရှိသည်။ တောင်ဘက်လမ်းတစ်လျှောက်တွင် အိမ်များက ကျိုးတို့ကျဲတဲ
ဖြင့် မြင်နေရ၏။ တောင်ဘက်လမ်းအတိုင်း လှမ်းမျှော်ကြည့်သော် ယာဘက်ခြမ်းသည်
နိမ့်ဆင်းသွားသည်။ ထိုအနိမ့်ပိုင်းကား တစ်မျှော်တစ်ခေါ် ဖြစ်၏။
ညောင်ယန်အင်းကြီးအထိ နိမ့်ဆင်းသွားခြင်း ဖြစ်သည်။ ဝဲဘက် ခြမ်းတွင်မူ
ကုန်းမြင့်မြင့်များ တည်ရှိနေပြီး ထိုကုန်းစောင်း၌ အိမ်အချို့ကို
နှင်းမှုန်များကြားမှ ဝိုးတဝါး တွေ့ကြရသည်။
မကြာမီ အဖွဲ့သားများ အစုံအညီ
နိုးလာကြပြီး မီးဖိုဘေးတွင် ဝိုင်းဖွဲ့ကြသည်။ ညက အပိုချက်ထားသော
ထမင်းကြမ်းကိုကြော်၍ ကော်ဖီဖြင့် နံနက်စောစောစာ စားလိုက်ကြသည်။ စားသောက်ပြီးချိန်၌
အိုးခွက်များ ဆေးကြောကာ ပစ္စည်းများ သိမ်းကြသည်။ အိပ်ရာက နိုးထခဲ့ကြစဉ်ကတည်းက
သိမ်းခဲ့သော အိပ်ရာလိပ်၊ အဝတ်အိတ်များ၊ ပစ္စည်းပစ္စယများ ကားပေါ်သို့ တစ်ခါတည်း
တင်ကြသည်။
ခဏကြာသောအခါ ကားကို ကြံ့ခိုင်ရေးအတွက်
လိုအပ်သည်များ လုပ်ထားရန် ထားခဲ့ကြပြီး မြန်မာ-အိန္ဒိယ နယ်စပ်မှတ်တိုင်သို့
တစ်ဖွဲ့လုံး လမ်းလျှောက်ထွက်ခဲ့ ကြသည်။ လမ်းက ဖြောင့်ဖြောင့်မဟုတ်သလို
အနိမ့်အမြင့်များဖြင့် တွေ့ကြရသည်။ ပန်ဆောင်မြို့စွန်မှလွန်သော် သစ်များ
ခွဲစိတ်ဖြတ်တောက်နေသော သစ်စခန်းလေး တစ်ခုကို တွေ့ရသည်။ ထိုစခန်း၌
သစ်ခွဲလုပ်ငန်းကို လုပ်နေသူက မြန်မာဖြစ်သော်လည်း ဆင်သမားကမူ အိန္ဒိယဘက်မှ
ငှားထားခြင်းဖြစ်ကြောင်း တွေ့ကြရသည်။ ခွဲပြီးသား သစ်များကို တွေ့ရသလို မခွဲရသေးသော
သစ်တုံးများလည်း တွေ့ရသည်။ ဆင်ပိုင်ရှင် အိန္ဒိယအမျိုးသားတစ်ဦးအား တွေ့ရပြီး
အင်္ဂလိပ်လို အတော်အတန် ပြောနိုင်သူဖြစ်၍ သစ်များသယ်ရန် မြန်မာလုပ်ငန်းရှင်က
ဆင်ငှားထား၍ ဆင်ဦးစီး၊ ဆင်လုပ်သားနှစ်ဦးနှင့်အတူ ထိုစခန်း၌ လာနေနေကြောင်းသိရသည်။ အနီးရှိ
မြန်မာလုပ်သားတချို့က သစ်ခွဲသူခွဲ၊ သစ်များကို စီ၍ စနစ်တကျ ထားသိုနေသူတို့က
ထားသိုနေသည်ကို တွေ့ကြရသည်။ ထိုနေရာ၌ ကော်ဖီ၊ လက်ဖက်ရည်နှင့် မုန့်ရောင်းသော
ဆိုင်သေးသေးလေး တစ်ဆိုင်ကိုလည်း တွေ့ရ၏။ လက်ဖက်ရည် ကော်ဖီ မုန့်ဈေးနှုန်းများကို
ဆိုင်နံရံ၌ ရူပီးဖြင့် ရေးသားချိတ်ဆွဲထားသည်ကိုလည်း တွေ့ရသည်။
မြန်မာလုပ်သားတို့ အဆိုအရ ဆင်မှာ
တောထဲတွင် လွှတ်ထား၍မရှိ။ ယခု မနက်တွင်မှ အိန္ဒိယဆင်ဦးစီး ဆင်ကောက်ထွက်သွားကြောင်း
သိရသည်။ ဆင်က အိန္ဒိယလိုထက် အင်္ဂလိပ်လို အမိန့်ပေးမှ နားလည်သည်ဟု ထူးဆန်းစွာ
ကြားခဲ့ရသေးသည်။ ဆင်ကိုမူ မတွေ့ခဲ့ရပေ။ နယ်စပ်မှတ်တိုင်သို့ ဦးတည်၍ ဆက်ထွက်ခဲ့
ကြသည်။ ခြောက်ဖာလုံခန့်သာ သွားလာသည်ဆိုသော်လည်း ကုန်းဆင်းကုန်းတက် လမ်းများဖြစ်၍
သက်သက်သာသာ မဟုတ်ပေ။ ဓာတ်ပုံရိုက် ပစ္စည်းများလည်း သယ်ယူလာခဲ့ရာ ပန်ဆောင်မှ
အထမ်းသမားနှစ်ဦး ခေါ်လာ၍သာ သက်သာတော့သည်။ ကိုယ့်ဘာသာကိုယ်သာ သယ်ရသော်
အတော်ပင်ပန်းမည် ဖြစ်ပေသည်။ လမ်းက ကွေ့ကောက်နေပြီး လက်ယာဘက်ခြမ်းမှာ
ကုန်းမြင့်မြင့်များ ဖြစ်သည်။ သစ်ပင်ဝါးပင်များကလည်း ထူထပ်လှ၏။ ဝဲဘက်ခြမ်းမှာမူ
ကုန်းနိမ့်ပိုင်းဖြစ်ပြီး ထူထပ်သော သစ်တောများ ဖုံးလွှမ်းနေသည့် တောင်အထပ်ထပ်ကို
မြင်တွေ့နေရသည်။ ဝဲယာကွေ့ကာ ဝိုက်ကာဖြင့် ကုန်းတက်များ ဆက်တိုက်တက်လိုက်ကြပြီး
နောက် ကုန်းမြင့်ကွေ့လေးတစ်ခုသို့ ရောက်ရှိခဲ့ကြသည်။ ထိုနေရာကား နယ်ခြား
မှတ်တိုင်ရှိသည့်နေရာ ဖြစ်ပေသည်။1
ကုန်းထိပ်မြေပြန့်လေးတစ်ခု၏
ယာဘက်ကုန်းစောင်းတွင် မြေညှိကာ မှတ်တိုင်များ စိုက်ထူထားသည်။
မှတ်တိုင်လွန်သည်နှင့် လမ်းက ညာဘက်သို့ ကိုက်ငါးဆယ်ခန့် ကွေ့ဆင်းသွားသည်။ ပြီးတော့
ဘယ်ဘက်သို့ ကွေ့ကာ မျက်ကွယ်သို့ နိမ့်ဆင်း သွားသော အဆင်းလမ်း ဖြစ်၏။
အိန္ဒိယဘက်နယ်သည် အနိမ့်ပိုင်း ဖြစ်ပေသည်။ နယ်ခံများ လက်ညှိုးညွှန်ပြသလောက်
နောက်မြောက်ယွန်းယွန်း၌ မီးခိုးပျပျဖြင့် မြင်နေရသော နေရာမှာ 'နန်ပေါင်'
ဟု ဆိုပေသည်။ တောတောင် ထူထပ်သော နေရာဖြစ်သည်။
ကုန်းထိပ်တွင် ရပ်နေသော
ကျွန်တော့်ယာဘက်ဘေး၌ ပန်ဆောင် ဖြတ်လမ်း (Panssau-Pass) ဟူသော
ကျောက်ဆိုင်းဘုတ်ရှိသည်။ ပင်လယ် ရေမျက်နှာပြင် အထက် ၃၇၂၇ ပေ။ အိန္ဒိယ-မြန်မာဟူသည့်
စာတန်းများကို အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားသည်။ ထိုကျောက်တိုင် ဆိုင်းဘုတ်
နောက်တွင် နယ်ခြားကျောက်မှတ်တိုင်လေး ရှိ၏။ အောက်ခြေဘက်တွင် ကြေးပြားဖြင့်
ထွင်းထုထားသော မှတ်တမ်းရှိသည်။ ကျောက်တိုင် စိုက်မြေ တိုင်းစဉ်ကာလက မှတ်တမ်းဖြစ်၏။
အိန္ဒိယ-မြန်မာ နှစ်ဘာသာဖြင့် ရေးထိုး ထားသော ကြေးပြားပေါ်တွင် ၁၉၇၁ ခုနှစ်
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့စွဲ ဖြင့် မြန်မာနိုင်ငံဘက်မှ မြေတိုင်းညွှန်
ကြားရေးဝန်ချုပ် ဗိုလ်မှူးကြီး စည်သူ လှအောင်နှင့် အိန္ဒိယဘက်မှ မြေတိုင်း
အရာရှိချုပ် ဗိုလ်မှူးချုပ် ဂျေ၊ အေ၊ အက်ဖ် ဒါလားလ် (J.A.F,
Dala)
တို့ လက်မှတ်ရေးထိုး စိုက်ထူကြောင်း ရေးထိုးထားသည်။
မှတ်တိုင်အမှတ် BP 173 (ဘီစီ ၁၇၃) ဖြစ်ပေသည်။
ဗိုလ်မှူးကြီး လှအောင်အား
အားကစားသမားဟောင်းကြီးအဖြစ် လူသိများကြသည်။ အလေးမချန်ပီယံ အဖြစ်၊
ရန်ကုန်တက္ကသိုလ်နှင့် မြန်မာ့လက်ရွေးစင်အဖြစ် ငယ်စဉ်က ကျော်ကြားသည်။
အသက်ရလာသောအခါ ခြေကျင်တောင်တက်သမားအဖြစ် ထင်ရှား၍ မြန်မာနိုင်ငံ၏
တောင်မြင့်ကြီးများ အတော်များများကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သူ ဖြစ်သည်။
မြန်မာနိုင်ငံ ခြေကျင်နှင့် တောင်တက်အသင်း ကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး
ခြေကျင်နှင့် တောင်တက်အဖွဲ့ချုပ်၏ ဥက္ကဋ္ဌတာဝန်ကိုလည်း နှစ်ရှည်လများ တာဝန်ယူခဲ့သူ
ဖြစ်ပေသည်။ လမ်းလျှောက် အားကစားကို နှစ်ကြာမြင့်စွာ ဦးဆောင် လှုပ်ရှားခဲ့ပြီး
မြန်မာ့လက်ရွေးစင် လမ်း လျှောက်သမားများ အများအပြား မွေးထုတ်ပေးခဲ့သူ ဖြစ်၏။
တစ်ဖက်နိုင်ငံ အိန္ဒိယမြေနှင့်
အမိမြန်မာ့မြေ၏အစပ်တွင် မတ်တတ်ရပ်နေသော ကျွန်တော့်စိတ်တွင် ကိုယ်မြေ
ကိုယ့်ရေပါလားဟူသည့် စိတ်ဖြင့် ကြည်နူးစိတ်တစ်ရပ်ကို ထိုနေရာ၌ ရပ်နေစဉ်
ခံစားမိပါသည်။ ကိုယ်မြေပေါ် ရပ်နေရသည်ကိုလည်း အားရှိသလို ခံစားရမိသေးသည်။ တကယ်တော့
ထိုဒေသသည် တစ်ချိန်က မြန်မာမင်းများလက်ထက်က ဆိုလျှင် မြန်မာတို့ပိုင်နက်သည်
တစ်ဖက်တွင် ရှိနေသည့် အိန္ဒိယနယ်များကို ပိုင်စိုးခဲ့ဖူးကြောင်းလည်း
တွေးတောနေမိသည်။ ထိုနေရာ၌ မြန်မာဘက်ခြမ်းသည် အမြင့်ပိုင်းတွင် တည်ရှိနေသည်ကလည်း
အားပိုရှိသလို ခံစားရပါသည်။
နယ်ခြားမှတ်တိုင်နှင့် မနီးမဝေးရှိ
သစ်ပင်ရိပ်အောက်တွင် ကျွန်တော်တို့ ခေတ္တထိုင်နားကြပါသည်။ ဓာတ်ပုံများလည်း
ရိုက်ကြပါသည်။
နောက်မှ လိုက်လာမည့်ကားကို စောင့်ရင်း
စကားဝိုင်းဖွဲ့ နေမိကြသည်။ မကြာပါ၊ ကျွန်တော်တို့ နောက်လိုက်လာသော
ကားရောက်လာပါသည်။ ကားဆရာများလည်း နယ်ခြားမှတ်တိုင်အနီး၌ အမှတ်တရ
ဓာတ်ပုံရိုက်ကြပါသည်။
□
နယ်ခြားမှတ်တိုင်မှအပြန်
ပန်ဆောင်မြို့တွင်း၌ ဓာတ်ပုံ ရိုက်ကြသည်။ ဈေးတန်းမှ လက်ဖက်ရည်၊ လက်ဖက်သုပ်ရောင်းသောဆိုင်ကို
ကျွန်တော် ဝင်ထိုင်ရင်း ထမင်း ချက် ကျွေးပါရန် စည်းရုံးကြည့်ပါသည်။
ဆိုင်ရှင်အမျိုးသမီးက သဘောကောင်း ပါသည်။ ငါးသေတ္တာဘူး၊ ကြက်သားဘူးများကို ဖောက်၍
ဟင်းချက်ပေးပါသည်။ စွန်တန် ဟင်းချိုတစ်ခွက် အရည်သောက် စီစဉ်ပေးပြီး ဒေသဆန်ဖြစ်သည့်
လယ်ဆန် ချက်ပေးကာ ကူညီပါသည်။
လယ်ဆန်မှာ ဆန်သစ်ဖြစ်ပြီး ဆန်အရောင်
နည်းနည်း ညစ်သော်လည်း စီးစီး ပိုင်ပိုင်ဖြင့် စား၍မြိန်ပါသည်။
ထမင်းချက်ခိုင်းထားချိန်တွင် မြို့တွင်းရှိ မြင်ကွင်းများကို လှည့်လည်ကြည့်ရှုပြီး
ဓာတ်ပုံဖြင့် မှတ်တမ်းတင်ကြပါသည်။ ကျွန်တော် ထမင်းချက် ခိုင်းသောဆိုင်မှာ
လက်ဖက်ရည်၊ လက်ဖက်သုပ် ရောင်းသည်သာမက တိုလီမိုလီ အပ်ချည်လုံး၊ အပ်မှစ၍ အခြား
ဆပ်ပြာ၊ ခေါက်ဆွဲခြောက်ထုပ်၊ ကြက်သွန်၊ ငရုတ်သီး စသည်ဖြင့် ပစ္စည်းစုံ
ရောင်းချသည်။ ဓာတ်ခဲ၊ သရေကွင်း၊ အိန္ဒိယဘက်မှလာ သော ကွမ်းယာခဲ၊ ဘောပင်၊
ခဲတံများလည်း ရောင်းနေသည် တွေ့ရသည်။ မုန့်၊ ချိုချဉ်၊ ယုဇန လက်ဖက်ထုပ်များလည်း
ရှိသည်။ အစုံရောင်းသော ဆိုင်ဖြစ်သည်။ မျက်နှာချင်းဆိုင်၌ ဆိုင်တန်းတစ်ခုရှိရာ
ဆိုင် (၆) ဆိုင်ခန့်ရှိသည်။ အဝတ်အထည်၊အိန္ဒိယဘက်မှလာသော စတီးပစ္စည်းအမျိုးမျိုး၊
လျှပ်စစ်ပစ္စည်းများဖြစ်သည့် ရေဒီယို၊ ကက်ဆက်အသေး၊ နာရီ စသည်ဖြင့် လူသုံးကုန်ပစ္စည်း
အမျိုးမျိုးရောင်းမည့် ဆိုင်များရှိသည်။ ကော်ဖီ၊ လက်ဖက်ရည် ရောင်းသောဆိုင်လည်း
တွေ့ရ၏။ ထူးခြား သည်က ဆိုင်ထိုင်နေသူများကို ရပ်ရွာခံများလားဟု မေးရာ အများစုမှာ
ပန်ဆောင်က မဟုတ်ကြဘဲ နန်းယွန်း၊ တနိုင်း၊ ရှင်ဘွေယန် စသည့်မြို့လေးများမှ ဖြစ်ကြ
သည်။ အရောင်းအဝယ် လာလုပ်နေကြသူများ ဖြစ်ကြ၏။ စတီးပစ္စည်းများကမူ အတော်စုံသည်။
ကုလားထိုင်၊ ပန်းကန်စင်၊ အဝတ်လှန်းစင်မှ အစ သောက်ရေစစ်အိုး၊ စားအိုး စားခွက်၊
ပန်းကန်၊ ဓား၊ ဇွန်းအစုံ ရသည်။ ဆိုင်အရေအတွက် နည်းနည်းလေးဖြင့်
ပစ္စည်းတော်တော်စုံစုံ ရောင်းချကြသော ဆိုင်များ ဖြစ်ကြသည်။
ထိုဈေးတန်းလေး ရှေ့တွင် ငါးလေးများကို
နှီးကြိုးဖြင့် သီချလာရောင်းသော ကလေးများ တွေ့ရသလို ထင်းခွေလာသူများ၊
အိမ်မိုးရာတွင် သုံးသည့် ရုံးရွက်စည်းများ ထမ်းပိုး၍ လာသူများ၊ ရေလာခပ်သူများ
စသည်ဖြင့် လှုပ်ရှားသွားလာနေကြသော ဒေသခံမြို့ခံလူများ သွားလာလှုပ်ရှားနေကြသည်။
မကြာမီ မြို့တွင်း၌ သွားလာဓာတ်ပုံ
ရိုက်နေကြသော ကျွန်တော်တို့အဖွဲ့ လူစုံသောအခါ ထမင်းစားကြသည်။ ရှိသည့်
အသားဘူးများဖြင့် အဆင်ပြေသလို ချက်ထားသော ထမင်းဝိုင်းမှာ စား၍ မြိန်ကြပါသည်။
မွန်းလွဲသောအခါ ကျွန်တော်တို့
ခရီးဆက်ရန် ပြင်ဆင်ကြပါသည်။ တကယ်တော့ ပန်ဆောင်တွင် လေ့လာစရာ များများစားစား
ဘာမျှမတွေ့ရပါ။ ရှုခင်းသာယာသော ဝန်းကျင်အနေအထားကို ဓာတ်ပုံရိုက်၊
ဗွီဒီယိုရိုက်ရန်သာ ရှိပါသည်။ ပန်ဆောင်သို့ အလာလမ်းတွင် တွေ့ခဲ့သော လောက်လိုင်ရွာတွင်
တစ်ညလောက် ရပ်နား၍ ရွာဝန်းကျင်၌ လှည့်လည်ကြရန် အားလုံးသဘောတူထားကြရာ ပန်ဆောင်မှ
နေ့ခင်းတွင်ပင် ပြန်လည် ထွက်ခွာခဲ့ကြပါသည်။ နန်းယွန်းမှ လိုက်ပါလာသည့်
တို့ဟူးသုပ်ဆိုင်မှ အမျိုးသားကြီးလည်း ပြန်လိုက်ပါသည်။ ကားရပ်ထားသည့်နေရာသို့
သူ့သမီးနှင့် မြေးများလာရောက်ပို့ဆောင် နှုတ်ဆက်ကြပါသည်။ ပန်ဆောင်မှ အပြန်တွင် ကျွန်တော်တို့
ကားကြုံဖြင့် လိုက်ပါလိုသူတို့မှာ ခလရ ၁၂၆ မှ ရဲဘော်များ အများစု ဖြစ်ပါသည်။
ရဲဘော်များမှာ လမ်းပြုပြင်ရေးနှင့် လမ်းလုံခြုံရေးအတွက် တဲလေးများထိုးကာ
စခန်းထိုင်ကြသောနေရာလေးများသို့ လိုက်ပါလာကြခြင်း ဖြစ်ပါသည်။ သူတို့တွင်
လူတိုင်းစေ့ ဆန်အိတ်တစ်နိုင်နှင့် ကုန်ခြောက်များ ပါကြပါသည်။ လောက်လိုင်နှင့်
ပန်ဆောင်ကြား (၁၁)မိုင်ခန့်ခရီးတွင် စခန်းလေးများ သုံးနေရာခန့် ရှိပါသည်။
တချို့ရဲဘော်များက လောက်လိုင်သို့ လိုက်ကြခြင်း ဖြစ်သည်။ နန်းယွန်းသို့ ခရီးကြုံ
လိုက်သည့် အခြားသုံးဦးမှာ ရဲတပ်ဖွဲ့မှ စခန်းမှူးနှင့်ရဲသားနှစ်ဦးဖြစ်ပါသည်။
□
ပန်ဆောင်နှင့်
လောက်လိုင်ကြားမှာ သာယာသောနေရာလေးများရှိရာ ကျွန်တော်တို့သည် ကားမကြာခဏ ရပ်ကြပြီး
ဓာတ်ပုံရိုက်ကြပါသည်။ လောက်လိုင်ရွာနှင့် နီးသောအခါ ကျွန်တော်တို့အားလုံး
လမ်းဆင်းလျှောက်ကြပါသည်။ ကားကို သွားနှင့်စေပြီး လောက်လိုင်ရွာ၌ သွားစောင့်စေပါသည်။
သစ်တော ဝါးတောနှင့် တောင်များ၊ ချောင်းများဖြင့် သာယာပါသည်။ လောက်လိုင် မရောက်မီ
တစ်မိုင်ကျော်ကျော်လောက် ကတည်းက လမ်းဘေး ဝဲယာ ရှုခင်းများကို ဓာတ်ပုံရိုက်ရင်း
သွားကြပါသည်။ လောက်လိုင်ရွာ မရောက်မီကတည်းက ရွာ၏ အရှေ့ဘက်ခြမ်းတွင် စီးဆင်းနေသော
တရွန်ချောင်းကို တွေ့ရသည်။ ချောင်းဘေး မြေပြန့်လေးတွင် တောင်ယာခင်းများ ရှိပြီး
အိမ်များကိုလည်း တွေ့ရသည်။ နာဂရွာလေးဖြစ်၍ အိမ်များမှာ ခြေတံရှည်ရှည်၊
အိမ်လုံးကလည်း ရှည်ရှည် ရေက ပြင်ကျယ်ကျယ်ဖြင့် ဖြစ်၍ ရွာကွက်ကလည်း သာယာလှပပါသည်။
ရွာထိပ်မရောက်မီမှာပင်
မှတ်တိုင်တစ်ခုတွေ့ရာ ပန်ဆောင်သို့ (၁၁) မိုင်၊ နန်းယွန်းသို့ (၂၃) ဆိုသည့်
အညွှန်းမှတ်တိုင်တစ်ခုအား လမ်း၏ အရှေ့ ဘက်တွင် စိုက်ထူထားသည်ကို တွေ့ရသည်။
ရွာထိပ်တွင် ရေပေါက်တစ်ခုရှိရာ ရွာမှ ရေလာခပ်သူများကို မပြတ်တွေ့နေရသည်။
ထိုရေပေါက်တွင် ဝါးဖြင့် သွယ်တန်းထားသော ရေထွက် နှစ်ခုရှိရာ တစ်ခုတွင် ရေမောင်းလက်
တပ်ဆင်ထားပြီး တဲကလေးတွင် မောင်းလက်တပ်ဆင်ထားကာ ဆန်၊ ပြောင်း စသည့်
မောင်းဆုံတစ်ခုကို ပြုလုပ်ထားပါသည်။ အများပိုင်ဆုံဖြစ်ပြီး ရေအားသုံး
မောင်းဆုံတစ်ခုမှာ လူရှိရှိ မရှိရှိ အချက်ကျကျ ရေပြည့်တိုင်း မောင်းလျက်ရှိ
နေပါတော့သည်။
ရေအားသုံး ထောင်းဆုံနှင့် ကပ်လျက်
စည်းရိုးမှာ တပ်ရင်းရှေ့တန်း စခန်းကုန်းဖြစ်သည်။ ပန်ဆောင်မှ လာသောလမ်း၏ ယာဘက်။
ရွာ၏ အနောက်ဘက်ခြမ်း ကုန်းမြင့်မြင့်၌ တပ်မှ စခန်းတဲများ တည်ရှိနေသည်။ စခန်းကုန်းကိုကျော်သော်
တောင်စောင်း၌ အိမ်များရှိသည်။ တပ်စခန်း ကုန်းနှင့် မျက်နှာချင်းဆိုင်လမ်း၏
အရှေ့ဘက်ခြမ်းတွင် ချောင်းအထိ ခပ်ပြေပြေ ဆင်ခြေလျော၌ အိမ်အများအပြား တည်ရှိနေသည်။
ရွာ၏ လူနေအများဆုံး နေရာဖြစ်ပေသည်။ တပ်ကုန်း၏ ရှေ့တည့်တည့် လမ်း၏ အရှေ့ဘက်ရှိ
အိမ်များထဲမှ လမ်းနှင့် အနီးဆုံးအိမ်မှာ အိမ်ဆိုင်ဖြစ်သည်။ ကော်ဖီမစ်၊ တီးမစ်၊
ခေါက်ဆွဲခြောက်ထုပ်များ ချိတ်ဆွဲထားပြီး ဝါးစားပွဲ သုံးလေးလုံးဖြင့်
ဆိုင်ခင်းထားသည်။ ဆိုင်ရှင်အမျိုးသမီးက ရေနွေးသောက်ပါဦးဟု ဖိတ်ခေါ်သည်။
ဆန်အရက်လည်း ရသည်ဟု ပြောပါသေးသည်။ ဘာမျှမစားလည်း ဝင်ထိုင်ပါ၊ ရေနွေးသောက်ပါဟု
ဖိတ်ခေါ်ပါသည်။
ကျွန်တော်တို့ကားဘေးတွင်
တပ်မှရဲဘော်များနှင့်အတူ အသွားတုန်းက တွေ့ရသည့် တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး
ကောင်းကျော်ကို တွေ့လိုက်ရပါသည်။ လောက်လိုင်တွင် တစ်ညအိပ်လိုကြောင်း ပြောရာ
ချက်ချင်းပင် တပ်ကုန်းနှင့် ကပ်လျက်မှ အိမ်ကြီးတစ်လုံးကို ညွှန်ပြကာ ထိုအိမ်တွင်
တည်းကြရန် ပြောပါသည်။ ထိုအိမ်မှာ ရွာလူကြီးအိမ်ဖြစ်ပြီး တောင်စောင်းတွင်
ဆောက်ထားသည့် အိမ်ကြီးတစ်ဆောင် ဖြစ်ကြောင်း ပြောပြပါသည်။ ဧည့်ဆောင်ကျယ်ကြောင်း၊
အားနာစရာမရှိ ကြောင်းလည်း ပြောပါသည်။ ကျွန်တော်တို့ အလာတုန်းက သူနှင့်
တက်တွေ့ခဲ့သော တပ်ရုံးလေးမှာ အမိုးများ ဖျက်ထားပြီး ပြန်ပြင်နေရာ မြင်ကွင်း
ပြောင်းနေပါသည်။ တပ်ရင်းမှူး ကိုယ်တိုင်လည်း တဲပြန်မိုးပြီး ပြင်ဆင်နေသည့်အတွက်
ရွာဘက်မှ အိမ်တစ်လုံးတွင် အိပ်နေကြောင်း ဆိုင်နှင့် အနီးဆုံး တဲတစ်လုံးအား
ညွှန်ပြ၍ ပြောပါသည်။
အသွားခရီး၌ ကမန်းကတန်း သတင်းပို့
နှုတ်ဆက်ပြီး ထွက်ခဲ့သဖြင့် စကားအေးအေးဆေးဆေး မပြောဖြစ်ခဲ့သော တပ်ရင်းမှူးနှင့် အတော်ကြာရပ်၍
စကားပြောဖြစ်ခဲ့ပါသည်။ ရွာလူကြီးအိမ်သို့ ရဲဘော်တစ်ဦး လွှတ်ကာ အိပ်ရန် နေရာလုပ်
ခိုင်းပါသည်။ လောက်လိုင်သို့ ရောက်သွားချိန်မှာ ညနေခင်းဖြစ်ရာ ဓာတ်ပုံရိုက်
ကောင်းသောအချိန်ဖြစ်၍ ကျွန်တော်တို့ အဖွဲ့သားများ ရွာတွင်းသို့ လှည့်လည်
သွားရောက်ပြီး ဓာတ်ပုံရိုက်နေကြပါသည်။
ရွာလူကြီးအိမ်ရှေ့ လမ်းဘေးတွင်
ကားကိုရပ်ပြီး မီးစက်ဆင်ပါသည်။ ညစာ အတွက် ချက်ပြုတ်ရန်လည်း မီးဖိုခြင်း၊ ဟင်းအိုး၊
ထမင်းအိုး ပြင်ဆင်ခြင်းများလည်း ပြုလုပ်ကြပါသည်။
တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး
ကောင်းကျော်နှင့် စကား လက်ဆုံကျမိသောအခါ သူ့အား ကျွန်တော် ငယ်စဉ်ကနေခဲ့သော
အင်းစိန်ဇာတိမှန်း သိရသည်။ အထက (၂) အင်းစိန်တွင် ကျောင်းတက်ခဲ့သူဖြစ်ရာ ကျွန်တော်၏
အစ်မဝမ်းကွဲတော်သူ ဆရာမ ဒေါ်ခင်ဝင်း၏ တပည့်ဖြစ်နေမှန်း သိရပါသည်။ ကျွန်တော်တို့ထက်
အတန်းအတော်ငယ်သူဖြစ်ပါသည်။ ဒေါ်ခင်ဝင်းမှာ ရန်ကုန်တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ်၊
တရားသူကြီးအဖွဲ့ဝင် ဒေါက်တာတင်အောင်အေး၏ဇနီး ဖြစ်ပါသည်။ တပ်ရင်းမှူးမှာ အင်းစိန်
ပိန္နဲကုန်းမှဖြစ်ပြီး ကျွန်တော်က လမ်းသစ်တွင်နေရာ လမ်းသစ်မှ ကျွန်တော်၏
ညီငယ်သဖွယ် လူငယ်အတော်များများနှင့် အတန်းတူကျောင်းတူ များဖြစ်နေကြရာ
အင်းစိန်အကြောင်း၊ ကျောင်းအကြောင်း၊ ရပ်ဆွေရပ်မျိုးများအကြောင်း ပြောဖြစ်ကြပါသည်။
□
လောက်လိုင်ရွာလေးမှာ
အိမ်ခြေတစ်ရာခန့်ရှိမည် ထင်ပါသည်။ အိမ်အားလုံးမှာ ခြေတံရှည် တဲရှည်ကြီးများ
ဖြစ်ကြသည်။ နာဂတဲများကား ပုံစံတူဖြစ်ပါသည်။ အိမ်အတက် လှေကားမှာ မတ်ပါသည်။
လှေကားထိပ်၌ အိမ်ရှေ့ကပြင် ရှိသည်။ အိမ်မကြီးသို့ ဝင်လိုက်ပါက မီးလင်းဖိုကြီးဖြင့်
ဧည့်ဆောင်ဖြစ်သည်။ ဧည့်ဆောင်နောက်တွင် အခန်းကန့်ထားပြီး အတွင်းခန်း ရှိသည်။
ထိုအခန်းတွင် အိမ်ရှင်တို့နေကြပြီး အခန်းတွင်း၌ မီးဖိုတစ်ဖို ရှိပြန်သည်။
ရိုးရာအစဉ်အလာအရ ဧည့်သည်အနေဖြင့် အတွင်းခန်းသို့ ဝင်ရောက်ခွင့်မရှိရာ အခန်း မည်သို့ဖွဲ့စည်းနေထိုင်ကြသည်
မသိပါ။ ပြောပြချက်များအရ အိမ်ခန်းကျယ်ကြီးဖြစ်ပြီး မီးဖိုကို နောက်ဘက်ကျကျ၌
ဖိုထားပြီး ချက်ပြုတ်စားကြသည်။ မီးဖိုအနီးမှာပင် အိပ်ကြသည်။ အိမ်နောက်ဘက်တွင်
ရေကပြင် အကျယ်တစ်ခုရှိပြီး ဆန်ပြာခြင်း၊ အဝတ်လှန်းခြင်း၊
အိမ်မှုကိစ္စလုပ်ခြင်းများကို ထိုကပြင်၌ လုပ်ကြသည် ဆိုပေသည်။
မှောင်ရီပျိုးလာသောအခါ ကျွန်တော်တို့
ပစ္စည်းများကို အိမ်ပေါ်သို့ တင်ကြသည်။ ကားဘေးတွင် မီးဖိုပြီး ချက်ပြုတ်ကြသည်။
ငါးခြောက်၊ ပဲ၊ အာလူးတို့ဖြင့် အရေသောက် တစ်ခွက်ချက်ပြီး ရန်ကုန်မှ သယ်လာသည့်
ငါးပိကြော်၊ ငရုတ်သီးကြော်၊ သံပရာသီးသနပ်တို့ဖြင့် စားမြိန်သော ထမင်းတစ်နပ်ကို
ဖန်တီးခဲ့ကြသည်။ လောက်လိုင်ရွာလေးမှာ အေးချမ်းလှပါသည်။ အများစုမှာ
တောင်ယာလုပ်ကြပြီး ကြိမ်ဝါးခုတ်သောအလုပ်၊ ငါးဖမ်း အမဲလိုက်သောအလုပ်ဖြင့်
အေးချမ်းစွာ နေထိုင်ကြသော နာဂရွာလေး ဖြစ်သည်။ မူလတန်းကျောင်းမှ စာအံသံမှအပ ဆူဆူ
ညံညံအသံ မရှိ။ ရိုးရာအဝတ်အစား ဝတ်သူမရှိသော်လည်း နာဂရိုးရာ ယဉ်ကျေးမှုအတိုင်း
နေထိုင်ကြသည်။ ဧည့်သည်ကိုလည်း ခင်တွယ်ကြ၍ ဧည့်ဝတ်ကျေပွန်ကြ၏။
ကျွန်တော်တို့အဖွဲ့သားများ ဓာတ်ပုံရိုက်ကြသောအခါ အိမ်ပေါ်သို့ ဖိတ်ခေါ်ကြသည်။
သူတို့နေထိုင်ပုံများကို မှတ်တမ်းဓာတ်ပုံရိုက်ကြသောအခါ လိုအပ်သမျှ ကူညီကြသည်။
ရွာလူကြီး၏ အိမ်မှာ အတော်ကျယ်ပါသည်။
ကျွန်တော်တို့အဖွဲ့ ဧည့်ဆောင်တွင် ချောင်ချောင်ချိချိ အိပ်နိုင်ကြပါသည်။ ညနက်လာလေ
အအေးပိုလာသည် ဖြစ်ရာ မီးဖိုကို ဝိုင်း၍ အိပ်ကြပါသည်။ အလင်းရောင်လည်းရ
အနွေးဓာတ်လည်းရအောင် ညလုံးပေါက် ထင်းမီးဖိုထားပြီး အိပ်ကြပါသည်။
□
၂ဝဝ၅
ဇန်နဝါရီလ ၁၇ ရက် နံနက်စောစောကား မြူနှင်းများ ဝေလျက် နိုးထလာပါသည်။
စောစောစီးစီးပင် ပစ္စည်းများသိမ်းပြီး ကားပေါ်တင်ကြသည်။ လမ်းဘေး မီးဖိုမှာပင်
နံနက်စာ ထမင်းကြော်၊ ကော်ဖီဖျော်၍ ဝိုင်းဖွဲ့စားသောက်ကြပြီး လောက်လိုင်ရွာလေး၏ နံနက်ခင်းအလှကို
ဓာတ်ပုံရိုက်ကြသည်။
တပ်ရင်းရှေ့တန်း စခန်းရုံးသို့
သွားရောက်ပြီး တပ်ရင်းမှူးနှင့် ရဲဘော်များကို နှုတ်ဆက်ပြီး ခရီးဆက်ကြသည်။ ကားကို
အေးအေးဆေးဆေး လိုက်လာစေပြီး ရွာ၏ တောင်ဘက်ပိုင်းသို့ လီဒိုလမ်းအတိုင်း
လမ်းလျှောက်ခဲ့ကြသည်။ လမ်းဘေးရှိ အိမ်များဝန်းကျင်၊ လောက်လိုင် မူလတန်းကျောင်း
ဝန်းကျင်တို့၌ ဓာတ်ပုံရိုက်ကြသည်။ အချို့အိမ်များ၌ ရွာခံတို့က ရိုးရာဝတ်စုံများ
ဝတ်ပြကြသဖြင့် မှတ်တမ်းဓာတ်ပုံများ အေးအေးဆေးဆေး ရိုက်ဖြစ်ကြသေးသည်။
ရွာလမ်းတစ်လျှောက် တောင်ယာဘက် ဆင်းကြသူများ၊ ထင်းသယ်သူများ၊ အိမ်မိုးရန်
ရုံးရွက်စီးကြီးများ ဖြင့် ထမ်းပိုးလာကြသော နာဂရွာသူ ရွာသားများကိုလည်း
တွေ့ကြရသည်။ မူလတန်း ကျောင်းလေးမှာလည်း စာအံသံ စာသင်သံများဖြင့်
သက်ဝင်လှုပ်ရှားနေသည်။ နံနက် ဆယ့်တစ်နာရီခန့်တွင် လောက်လိုင်ရွာလေးအား
နှုတ်ဆက်ထွက်ခွာခဲ့ကြသည်။
လောက်လိုင်မှ ဆယ့်တစ်မိုင်ခန့်အကွာရှိ
နမ္မလစ်ရွာသို့ အရောက်တွင် ရွာထိပ်မှဆင်း၍ လမ်းလျှောက်ကြပြီး လီဒိုလမ်း၏
အနောက်ဘက်ခြမ်းရှိ နမ္မလစ် မူလတန်းကျောင်းနှင့် မျက်စောင်းထိုးရှိ လက်ဖက်ရည်၊
ကော်ဖီရောင်းသော ကုန်စုံဆိုင်လေးတွင် ခေတ္တနားကြပါသည်။ နေ့လယ်
ကျောင်းဆင်းချိန်နှင့်ဆုံရာ ကျောင်းသားလေးများ ကျွန်တော်တို့ ကားအနီး
စုဝေးရောက်ရှိလာကြသည်။ ချစ်စရာ့ တိုင်းရင်းသား ကလေးငယ်လေးများ ဖြစ်ကြပြီး
နွမ်းနွမ်းပါးပါး ရိုးရိုးသားသားလေးများ ဖြစ်ကြသည်။ ကျွန်တော်က ပါလာသော
သကြားလုံးထုပ်များကို ဖောက်၍ ဝေပါသည်။ သကြားလုံး ရကြသော ကလေးများအားလုံး
ပြုံးပျော်နေကြပါသည်။
လက်ဖက်ရည်၊ ကော်ဖီမှာ သောက်နေကြချိန်၌
ဆယ်နှစ်နှစ် ဆယ့်သုံးနှစ်ခန့် ကလေးမလေးတစ်ယောက် ကျွန်တော့်အနီး ချဉ်းကပ်လာပါသည်။
'အဘ...သမီး ကားနဲ့
လိုက်ချင်လို့ ရမလား' ဟု မေးပါသည်။
'သမီးက ဘယ်အထိ လိုက်ချင်တာလဲ'
ဟု ပြန်မေးသောအခါ
'နန်းယွန်းကို လိုက်ချင်တာပါ
အဘ၊ သမီးက နန်းယွန်းမှာ ကျောင်းတက်ပါတယ်' ဟု ဆိုပါသည်။
'ဘယ်နှတန်းလဲ' ဟုမေးရာ 'ခြောက်တန်းပါအဘ' ဟု
ဖြေရှာပါသည်။ ထိုကလေးမလေးကို ခေါ်တင်ခဲ့ပါသည်။ လိုက်ခဲ့ဟု ခွင့်ပေးလိုက်သောအခါ
ဝမ်းသာအားရပင် သူ့အထုပ်လေးတစ်ထုပ်နှင့် ကားပေါ်တက် နေရာယူရှာပါသည်။ တကယ်တော့
ကားမကြုံလျှင် ၁၃ မိုင်ခန့် ခြေလျင်လျှောက်ရပေလိမ့်မည်။
နမ္မလစ်ရွာမှ နန်းယွန်းသို့ ၁၂
မိုင်ခရီးမှာ ဘာမျှမကြာပါ။ နန်းယွန်းမြို့ အဝင်မှာပင် လမ်းကြုံလိုက်လာသော
နမ္မလစ်မှ ကလေးမလေး ဆင်းသွားပါ သည်။ ကလေးမလေးမှာ ကားမူးနေရှာ ပါသည်။ ကားပေါ်တွင်
အဖွဲ့သားများ ပရုတ်ဆီလေး ရှူဆေးလေးဖြင့် ဖေးမခဲ့ကြပါသည်။ နန်းယွန်း၌
လမ်းကြုံလိုက်လာကြသောသူများ မြို့လယ်မှာပင် ဆင်းကြပါသည်။ နန်းယွန်းဈေး အနီးမှ
အသုပ်ဆိုင်တွင် ဆန်စီးခေါက်ဆွဲသုပ် ဝင်စားကြပါသည်။ အဖွဲ့သားများ
အားလုံးသဘောကိုမေးရာ ရှင်ဘွေယန်တွင် ညအိပ်ရန် သဘောတူကြပါသည်။
ကိုမင်းဝေအောင်၏ မိတ်ဆွေ အထွေထွေဦးစီးမှူး
ဦးမြတ်ကျော်ကို နှုတ်ဆက်ကြပြီး ခရီးဆက်ခဲ့ကြပါသည်။
လမ်းတစ်လျှောက် ဓာတ်ပုံဆင်း
ရိုက်ကြသဖြင့် အပြန်ခရီးမှာ ၁၈ မိုင် စခန်းသို့ ညနေ ၅ နာရီခန့်မှ ရောက်သွားပါသည်။
၁၈ မိုင်စခန်းမှ ဗိုလ်မှူး ကျော်ထွန်းတို့အဖွဲ့က ညအိပ် ရပ်နားကြရန်
ဖိတ်ခေါ်ပါသော်လည်း ကျွန်တော်တို့ မနားခဲ့ကြတော့ပေ။ အတော်လေးမှောင်မှ
ရှင်ဘွေယန်သို့ ပြန်ရောက်ခဲ့ကြပါသည်။
ရှင်ဘွေယန်၌ ယခုတစ်ကြိမ်တွင် 'လင်းတည်းခိုရိပ်သာ'၌ နေရာရကြပါသည်။ ညစာကို မြို့ထိပ်ဈေးတန်းမှ တရုတ်ဆိုင်မှာပင်
စားလိုက်ကြပြီး လင်းတွင် ပြန်လည်အနားယူခဲ့ကြပါသည်။ 'လင်း'တွင် ကြိမ်လေ့လာရေးအဖွဲ့ရှိ နေပါသေးသည်။ သူတို့အဖွဲ့မှာ မနက်ဖြန်မနက်
ရှေ့ခရီးဆက်ကြရန် ပြင်ဆင်နေပါသည်။ ဦးစောလွင်နှင့် စကားပြောဖြစ်ရာ
ရှင်ဘွေယန်တစ်ဝိုက်တွင် အတော်နေရာနှံ့နှံ့ တောတိုးလေ့လာခဲ့ကြပြီးပြီဟု ဆိုပါသည်။
မနက်ဖြန် ရှေ့ဆက်ထွက်ပြီး ၇ မိုင်၊ ၁၈ မိုင်၊ ၂၁ မိုင် တစ်ဝိုက်တွင် စခန်းချ
လေ့လာကြ ဦးမည်ဟု ဆိုပါသည်။
▀
ဆက်လက်ဖော်ပြပါမည်
စိန်မျိုးမြင့်
(အမှတ် ၁၉၄၊
ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။