ရွှေသုတ‌

‘အောင်စိုး’ ‘မှဲ့’ ‘လိုင်း’ နှင့် ‘ဗဂျီ’

သုမောင်

01 October 2025
‘အောင်စိုး’ ‘မှဲ့’ ‘လိုင်း’ နှင့် ‘ဗဂျီ’
Share to

            မနေ့က စင်ကာပူသူ ပြင်သစ်နိုင်ငံသား ကောင်မလေးတစ်ယောက် အိမ်လာလည်ပါသည်။ မူလ သူ ရောက်လာခဲ့ခြင်းမှာ အင်တာဗျူးလုပ်ဖို့ ဖြစ်သောကြောင့် ဖြစ်သည်။ သူက ကျွန်တော့်အကြောင်း အင်တာဗျူးဖို့တော့ကား မဟုတ်ပါပေ။ သူက ဗဂျီ အောင်စိုး အသည်းစွဲမို့ ဦးလေးအောင်စိုး အကြောင်းတွေ ကျွန်တော့်အားမေးရန် ဖြစ်သည်။ ကျွန်တော် ငယ်စဉ်၊ အနုပညာနယ်ဝင်စဉ် ဗဂျီဆရာကြီး ဦးအောင်စိုးနှင့် အနီးကပ်နေခဲ့တာကို သူက သိထားပြီး ဖြစ်သည်။ ဆရာ့ အကြောင်းတွေ စုံတကာစေ့ ရေဆုံးရေဖျား လိုက်ထားသူ ဖြစ်လေရာ ဆရာ့ သားတပည့်များ အကြောင်းကိုလည်း သူက သိထားပြီး ဖြစ်နေသည်။ အနီးကပ်နေခဲ့သူများဖြစ်သော ပန်းပုဆန်နီညိမ်းတို့၊ သုမောင်တို့ကို သူက တွေ့ချင်ခြင်း ဖြစ်သည်။

            ကျွန်တော့်ဆီ ရောက်တော့ ဆန်နီဆီ ဝင်ရောက်ဗျူးခဲ့ပြီး ဖြစ်ကြောင်း ပြောပါသည်။ ဆရာ့ပန်းချီ အယူအဆ စသည့် အနုပညာရေးရာများရော၊ လူမှုရေးများရော သူ အတော်ကြီး သိပြီးနေပါသည်။ ထို့ကြောင့် ထင်ပါသည်။ သူ ကျွန်တော့်အိမ် ရောက်ရောက်ချင်း မိတ်ဆက်ပြီးသည်နှင့် ဗဂျီအောင်စိုး၏ ပန်းချီကား (ဆီဆေး၊ ရှားရှားပါးပါး) ကို ပြသရာ စိတ်ဝင်စားဟန် မပြချေ။

            'ဒီပုံကို စင်ကာပူမှာ အောင်စိုး ပြပွဲလာလုပ်တော့ သေသေချာချာကြည့် ပြီးပြီ။ အရမ်းလှတဲ့ပုံပါပဲ'ဟု သိပ်စိတ်မပါသလို ပြောပါသည်။ တကယ်တော့ ထိုပန်းချီကားမှာ ဆရာ၏လက်ရာများထဲမှ ဆီဆေးဖြင့် တစ်ချက်တည်း ရေးထားသော မျဉ်းတစ်ကြောင်းဆွဲ မိန်းမပုံ ဖြစ်ပါသည်။ တွေ့ဖူးသူတိုင်းကလည်း လက်ဖျားခါရသော ကားဖြစ်သည်။ အမေရိကန်မတစ်ယောက်နှင့် ကျွန်တော် အပြိုင်ဝယ်ကြရာ 'ကိုဗလကြီးနဲ့ ပိုလိုက်တယ်' ဟုပြောပြီး ကျွန်တော့်ကို ဦးစားပေးရောင်းခဲ့သော ကားလည်း ဖြစ်ပါသည်။

            ထိုပန်းချီကားကို သူက ခပ်ပေါ့ပေါ့ပြောသောအခါ ကျွန်တော် မကျေနပ်ပေ။ ထို့ကြောင့် 'ဒီပန်းချီကားနာမည် မင်းသိသလား'

            'မသိဘူး'

            'လိုင်း (Line) တဲ့'

            'ဒါပေါ့၊ မျဉ်းတစ်ကြောင်းတည်းနဲ့ လက်စွမ်းပြထားတာကိုး'

            'ဒါပေမယ့် အောင်စိုးက စကားတစ်ခွန်းကို ဘယ်တော့ဖြစ်ဖြစ် နှစ်ခွ ပြောတတ်တယ်။ ဆန့်ကျင်ဘက် အဓိပ္ပာယ်တွေ ပြောတတ်တယ်ဆိုတာကို မင်း မသိဘူးလား'

            'သိတာပေါ့။ ဒါဖြင့် ဒီ Line ရဲ့ အခြားအဓိပ္ပာယ်က ဘာလဲ'

            'တိတိကျကျတော့ ငါ မသိဘူး။ ဒါပေမယ့် ဒို့ဗမာစကားမှာ လိုင်းဆိုတာ လမ်းကြောင်းလို့လည်း အဓိပ္ပာယ်ရတယ်'

            ကျွန်တော့်စကား ဆုံးဆုံးချင်း သူငယ်မက အိုးဟု အာမေဋိတ်ပြုရင်း မှတ်စုစာအုပ်ထုတ်ပြီး ရေးမှတ်ပါတော့သည်။

            'ငါ သိချင်တာ ဒါပဲ'ဟူ၍လည်း နှုတ်မှ တတွတ်တွတ်ပြောရှာပါသည်။ ပြီးတော့မှ ထိုပန်းချီကားကို အနီးကပ် ဓာတ်ပုံတွေ ရိုက်ပါတော့သည်။ ပန်းချီကားမှာ မိန်းမတစ်ယောက် ဟိုဘက် လှည့်ပြီး ထိုင်နေပုံ လုံးတီးဖြစ်ပါသည်။ သူ သဘောပေါက်သွားသည်မှာ Line ဟူသော အင်္ဂလိပ်စကားအသံထွက်ကို မြန်မာလို ဘန်းစကား ဘယ်သို့ရှိသည် ဟူ၍ ဖြစ်ပုံရပါသည်။

            'အောင်စိုးဆီမှာ ပန်းချီသင်ဖူးတယ်ဆို' သူက မေးပါသည်။

            'သင်တယ်ရယ်တော့ မပြောရဲပါဘူး။ ငါက ပန်းချီဝါသနာပါတာပါ။ ပန်းချီဆရာလည်း မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ငါ ပုံကလေးတွေတော့ ရေးဖြစ်တယ်'

            'ဒါဖြင့် သူ့ဆီက ဘာပညာရသလဲ'

            'သူက တစ်ခါသား ငါ့ကို ပြောပြဖူးတယ်။ အစက်ကလေးတစ်စက်ဟာ စာမျက်နှာပေါ်မှာ အသေးဆုံးပေမယ့် နေရာအများကြီး ယူတယ်။ ဝလုံး တစ်လုံးကတော့ နေရာသိပ်မယူနိုင်တော့ဘူး။ ဒါကို သူက ပန်းချီသဘောနဲ့ ရှင်းပြပေမယ့် ငါ စာရေးတဲ့အခါ လောကကြီးမှာ အလွန်ရိုးတဲ့အကြောင်း အရာတွေဟာ ပိုပြီး နေရာယူတယ်ဆိုတဲ့ သီအိုရီကို ငါ ရယူနိုင်ခဲ့တယ်'

            'ရှင့်ပန်းချီကားတွေ ကြည့်ချင်တယ်'ဆိုတာနှင့် ပန်းချီကားသုံးကား ထုတ်ပြရပါသည်။ သူက ကျွန်တော့် ပန်းချီကားများကို ဓာတ်ပုံရိုက်ယူရင်း နှုတ်က 'ဒါ အောင်စိုးရဲ့ အရိပ်အငွေ့ပဲ' ဟု မှတ်ချက်ပေးပါသည်။ ကျွန်တော်ကမူ စိတ်ထဲရှိတာ ဆွဲခြင်းဖြစ်ကြောင်း၊ အောင်စိုး အငွေ့အသက်ဆိုလို့ မျဉ်းကြောင်းလေးတွေကို တစ်ချက်စီဆွဲချခြင်းသာ ဖြစ်ကြောင်းပြောပြရာ သူက ခေါင်းတွင်တွင်ခါရင်း 'ဒီမှာ...ဒီမှာ ဒီမှာ' ဟူ၍ ကျွန်တော့်ပန်းချီကား သုံးချပ်၏ တစ်နေရာဆီသို့ လက်ညှိုးဖြင့် ထောက်ခါထောက်ခါ ပြပါသည်။ သူထောက်ပြသည်များမှာ ပန်းချီကားများပေါ် မိန်းမရုပ်များ၏ 'မှဲ့'ကလေးများ ဖြစ်နေပါသည်။ ကျွန်တော်ကလည်း ချိုင်း(ဂျိုင်း)ကြားမှာ မှဲ့ကလေး တစ်လုံး၊ ဝမ်းဗိုက်သားမှာ မှဲ့ကလေးတစ်လုံး၊ ခြေသလုံးမှာ မှဲ့ကလေး တစ်လုံး ရေးထည့်ထားပါသည်။ သူ ပြောချင်သည်မှာ ဆရာအောင်စိုး၏ မိန်းမရုပ်ပန်းချီကားများတွင် မှဲ့တွေ ပါတတ်နေတာကို ဖြစ်ပုံရပါသည်။ ထူးဆန်းသည်မှာ သူသည် ကျွန်တော်နှင့် စကားလက်စကို ဖြတ်ပြီး အတူပါလာသူ ဒေါ်အမာ(ဆရာ့ဇနီး)ကို လှမ်းခေါ်၍ ရင်ဖုံးအပေါ်ဆုံး ကြယ်သီးကို ဖျတ်ခနဲ ဆွဲဖြုတ်လိုက်ရာ အန်တီမာ၏ ရင်ညွန့်တွင် မှဲ့တစ်လုံးရှိနေတာ တွေ့လိုက်ရခြင်းပင်။ အောင်မယ်လေးလေ ဒီကလေးမ ဘယ်အချိန်က မြင်ထားပါလိမ့်ဟု အံ့သြရပါသည်။ ဒါကြောင့် အောင်စိုးအငွေ့အသက်ကို မှဲ့ဖြင့် သူက အမှတ်သညာပြုထားကြောင်း သဘောပေါက်ရပါတော့သည်။ တော်တော် ကတ်သီးကတ်သတ် မြင်တတ်သော သူငယ်မပါပေဟူ၍လည်း ချီးမွမ်းမိပါသည်။

            'ရှင် ပန်းချီဆွဲနေတဲ့အချိန်နဲ့ ရုပ်ရှင်မင်းသားလုပ်နေတဲ့အချိန် ဘာကွာခြားသလဲ'ဟု မေးပြန်ပါသေးသည်။

            'ငါ ပန်းချီရေးနေတဲ့အချိန်မှာ ငါဟာ ပန်းချီဆရာပဲ။ ဒါပေမယ့် ငါရုပ်ရှင် မင်းသားလုပ်နေတဲ့အခါမှာတော့ ပန်းချီဆေးခွက်ထဲက ဆေးရောင်တွေ ဖြစ်သွားရော'

            'ဒီအဖြေကောင်းတယ်'ဟူ၍ ပန်းချီလေ့လာသူက ပန်းချီဆရာဘက်မှ ဘက်လိုက်လေသည်။ စာပေရေးသားနေချိန်နှင့် နှိုင်းယှဉ်ပြီး မမေးတာ ကံကောင်းသွား၏။

            'အောင်စိုးဟာ လူငယ်တွေနဲ့ပဲ ပေါင်းတယ်။ အရက်သောက်ရင်လည်း လူငယ်တွေနဲ့ပဲ သောက်တယ်ဆို။ ရှင်နဲ့ အတူသောက်ဖူးတဲ့ အတွေ့အကြုံလည်း ပြောပြပါလား'ဟု မေးပြန်ပါသည်။

            'ငါ သူနဲ့တစ်ခါမှ အရက်အတူ မသောက်ဖူးဘူး'

            'ရှင်လည်း သောက်တာပဲ မဟုတ်လား'

            'အေး...ဒါပေမယ့် သူနဲ့ငါနဲ့က အော်လ်တာနိတ်ကွ' သူသောက်ချိန်မှာ ငါ ဖြတ်ထားတယ်။ ငါသောက်ချိန်မှာ သူ ဖြတ်ထားတယ်'

            'သူဆိုးတာ ခံရဖူးမှာပေါ့'

            'ခံရဖူးတာပေါ့။ ဆိုက်ကားနဲ့ တစ်ညလုံး မြို့ထဲပတ်နေတာကို လိုက်ထိန်းရတယ်'

            'ဒါဖြင့် ရှင်ဆိုးတာရော သူခံရဖူးတာမှာပေါ့'

            ထိုတွင် ဆရာ့ဇနီးအန်တီမာက ကြားဖြတ်ပြီး ရယ်ကာမောကာ ဝင်ပြောပါသည်။

            'အောင်မလေး၊ ဗလဆိုးတာ အောင်စိုး မခံရပါဘူး။ ဘာကြောင့်လဲဆိုရင် ဗလ မူးလာပြီဆိုတာနဲ့ 'သရဲ၊ သရဲလာပြီ' ဆိုပြီး အိမ်နောက်ဖေးပေါက်က ထွက်၊ ဘုရားကုန်းတော်ပေါ် တက်ပြေးတော့တာပဲ'

            ဒီတွင်မှ သူက အားရပါးရရယ်ပြီး 'ရပြီ၊ ရပြီ ဒီအကြောင်းမျိုး သိချင်နေတာ။ အောင်စိုးကြောက်တဲ့ အရက်သမားရှိသေးတယ်နော်'ဟု ပြောပါသည်။

            ကလေးမမှာ ကျွန်တော့်သမီးကြီး စိုးအိမ်သူနှင့်မှ မတိမ်းမယိမ်းရှိပါဦးမည်။ သို့သော် တော်တော်လည်ပြီး တော်တော်ထက်သည့် ကောင်မလေးပါပဲ။ သူမို့လို့ ရှာရှာကြံကြံတွေ မေးမြန်းမှတ်တမ်းတင်နေသည်။ မှတ်တမ်းတင်နေ ဆိုလို့ ပြောရဦးမည်။ သူက ဗဂျီအောင်စိုး၏ ဘဝနှင့်ပန်းချီကို စာတမ်းပြုစုနေသူကလေး မဟုတ်လား။ သူ့စာတမ်းတွင် ထိုထိုဤဤ အောင်စိုး၏ ဘဝဖြစ်ထွေ အသေးအမွှားတွေ ပါလာဦးတော့မည်။ ဒါမျိုးလေးတွေ သည်လည်း ကျမ်းစာပေစာဆန်သော အတ္ထုပ္ပတ္တိများတွင် ဟိုထောင့်ကွေး၊ သည်ထောင့်ကွေးမှာ ပါသင့်သည်ပဲဟု ယူပုံရပါသည်။

            ထိုအကြောင်းကလေးများ စကားစပ်မိကြသည်တွင် အတူပါလာသူပင် ဖြစ်သော ပန်းချီဆရာလင်းဝဏ္ဏက ကောင်မလေးကို စကားတောက်လိုက်ပါသည်။

            'ငါ့မှာ ဗဂျီအောင်စိုးရေးထားတဲ့ Sketch ပုံကြမ်းတစ်ပုံ ရှိတယ်။ အဲဒီပုံက ဆရာ အိန္ဒိယ ရှန်တိနိကေတန်မှာ ပညာများသင်တော့ အတူနေချစ်သူ ကုလားမလေးနဲ့ ချစ်ခဲ့ကြတဲ့ အိမ် ကလေးတစ်လုံးရဲ့ ပုံပဲ။ အဲဒီပုံလေး မင်းကို ပြမယ်'

            ထိုအကြောင်းကို လုံးဝမသိသော ကျွန်တော့်မှာ အံ့သြဝမ်းသာသွားသော်လည်း ချာတိတ်မကတော့မူ 'ဟက်' ခနဲ တစ်ချက်သာ ရယ်မောပြီး...

            'ကျွန်မ အိန္ဒိယရောက်ပြီးပြီ။ အဲဒီ အိမ်ကလေးကိုလည်း ကိုယ်တိုင်ကြည့်ခဲ့ပြီးပြီ။ ဒါ့ပြင် အဲဒီကုလားမကြီးနဲ့လည်း စကားတွေ ပြောခဲ့ပြီးပြီ။ ဆရာကြီးက ခု ခုနစ်ဆယ်ကျော်နေပြီ'တဲ့။

            ကျွန်တော် ပြောချင်တာ ဒါပဲ ဖြစ်ပါသည်။ ကျွန်တော်သည် ဦးလေးအောင်စိုးနှင့် သူကွယ်လွန်ချိန်ထိ အနီးကပ်နေခဲ့သည်။ သို့သော် ဦးလေးအပေါ် မြင်ပုံ၊ ကြည့်ပုံထောင့်မစုံခဲ့ပေ။ လူ တစ်ယောက်အကြောင်း သိဖို့ရာမှာ ထောင့်စုံရပေမည်။ ချောင်ကြိုချောင်ကြား ရှာကြည့်တတ်ရပေမည်။ သူတကာ မမြင်သည်ကို မြင်ကြည့်ရတတ်ပေမည်။ ဒါမှလည်း အင်တာဗျူးရကျိုး နပ်ပေလိမ့်မည်။ ကျွန်တော် ပြောပြနေသည်များထက် သူလိုချင်တာကို ဇာဂနာဖြင့် ဆွဲထုတ်သွားပါသည်။

            ခြံဝသို့ လိုက်ပို့သောအခါ တစ်ချက်ခွပ်သွားပါသေးသည်။

            'ရှင့်အိမ်ကလည်း ပန်းချီကားပါပဲ'တဲ့။ အဓိပ္ပာယ်ကိုတော့ သေသေချာချာ မသိပေ။ သို့သော် အိမ်ရှေ့တွင် ရပ်နေကြသော အေးဘုံနှင့်ကလေး တစ်ပြုံကို မြင်ရပါသည်။ တော်သေးတာက အေးဘုံ၏ကျောကုန်းကို လှန်ကြည့်မသွားခြင်း ဖြစ်သည်။ သူ့ကျောကုန်းတွင် မှဲ့အနီလေးတစ်လုံး ရှိသည်။

သုမောင်

(အမှတ် ၁၉၄၊ ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

မှတ်ချက်။ ။ အင်္ဂလိပ်ဘာသာစကား ဖြင့် ပြောဆိုကြသောကြောင့် 'အောင်စိုး' တွေ၊ 'မင်း'တွေ၊ 'ငါ'တွေ ပါသွားခြင်း ဖြစ်သည်ကို ခွင့်လွှတ်ကြပါရန်။

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။