ရွှေဝတ္ထုရှည် စ/ဆုံး

ဒုတိယနို့ချို

ဖြိုးထိန်

01 October 2025
ဒုတိယနို့ချို
Share to

            ၁။

အစ်ကိုနှင့်ရန်ပွဲ

            'အား…ကန်းပါပြီဗျား'

            ညာဘက်မျက်လုံးတွင် စူးခနဲ ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပဲ မျက်လုံးထဲမှာ မီးဝင်းဝင်း တောက်သွားသည်။ နာကျင်လွန်းသဖြင့် မျက်လုံးကို လက်ဖြင့်ပိတ်၍ ထိုင်ချလိုက်ရသည်။ ဒေါသဖြင့် တစ်ကိုယ်လုံး ဆတ်ဆတ်တုန်လာသည်။ မျက်ရည်တို့ကလည်း ပိုးပိုးပေါက်ပေါက် ကျလာသည်။ ညနေကတည်းက ဆိုးနေသောစိတ်ကို မထိန်းနိုင်တော့။

            'ခင်ဗျား ခင်ဗျား၊ အစ်ကိုမို့လို့၊ တောက်'

'ဟင်...မင်းက ငါ့ကို တောက်ခေါက်တယ် ဟုတ်လား၊ ကဲကွာ'

နောက်ထပ် ကျွန်တော့်ကျောကုန်းကို တဘုန်းဘုန်းနှင့် ကန်သည်။ ဇက်ပိုးကိုလည်း နှစ်ချက်သုံးချက် ထပ်အုပ်ပြန်သည်။ ကျွန်တော့်မှာမြေကြီးပေါ်တွင် လူးလိမ့်ခံနေရသည်။ ဘေးမှလူများ ဆွဲ၍သာ တော်တော့သည်။ အစ်ကိုကတော့ ဒေါပွနေတုန်း၊ အော်ဟစ်ပြောဆိုနေတုန်း။

            ကျွန်တော့်ကို ဦးစောက အိမ်သို့ တွဲခေါ်သွားသည်။ ကျွန်တော်က ကျန်သည့် မျက်လုံးဖြင့် ကြည့်၍ လိုက်ပါသွားရသည်။ ကျွန်တော့်မှာ ဝမ်းနည်းသွားလို့ ငိုရှိုက်လိုက်ပါသွားရသည်။ အိပ်ရာ ပေါ်တွင် မှိန်းနေရင်း ဝမ်းနည်း ကြေကွဲနေပါသည်။ ညာဘက်မျက်လုံးက ဖွင့်၍ မရတော့သည်လား၊ ကြည့်၍ မမြင်တော့သည်လား မသိ။ အမြင်အာရုံမှာ အပြင်လိုက်ကြီး ဖြစ်နေသည်။ တဖျပ်ဖျပ် ပြိုးပြက်နေသည်။ စိုးရိမ်စိတ်က ဝင်လာသည်။ ကျွန်တော့်မျက်လုံး ထပ်မံ၍ အမြင်ကွယ်သွားခဲ့ပြီလား။

            ကျွန်တော့် ညာဘက်မျက်လုံးမှာ မကြာသေးခင်က ခွဲစိတ်ကုသထားရခြင်း ဖြစ်သည်။ အထဲမှ သူငယ်အိမ်မြင်လွှာလေး ကွာကျသွားသော ရောဂါကြောင့် ဘာကိုမျှ မမြင်ရတော့။ အတိုကောက်အခေါ် ဒီတက်ချ်မင့် မျက်စိရောဂါဟု သိရပါသည်။ မျက်စိဆေးရုံကြီးမှာ တစ်လခန့် တက်ရောက် ကုသခဲ့ရပါသည်။ ပြန်ကောင်းလာတာမှ မကြာသေး။ မျက်မှန်ပင် မလုပ်ရသေး။ လောကတွင် မျက်စိအဆုံး၊ နားအရှုံးဟု ဆိုရိုးရှိသည် မဟုတ်လော။ ယခုတစ်ဖန် ထပ်မံ၍ မျက်စိကို ထိခိုက်မိပြန်ပြီ။

            ကြမ္မာဆိုးသည် အဖော်အပေါင်းနှင့် လာတတ်သည်တဲ့။ ယခုအခါ ကျွန်တော့်ထံသို့ ကံဆိုးမိုးမှောင်ကျမှုများက မခေါ်ဘဲနဲ့ ရောက်လာခဲ့ကြသည်။ ကျွန်တော် မျက်စိကွယ်ပြီး နှစ်လခန့်အကြာမှာ ကြီးကြီးဆုံးခဲ့သည်။ တကယ်က ကြီးကြီးသည် သူ့သက်တမ်း တစ်လျှောက်လုံး ကျန်းမာရေး ကောင်းခဲ့သူ ဖြစ်သည်။ ကြီးကြီး နေမကောင်း ဖြစ်သည်ကို ကျွန်တော် ခဏသာ မြင်ဖူးခဲ့ သည်။ တစ်ရက်မျှ အိပ်ရာထဲ လဲပြီးနောက် အတင်းကုန်းရုန်းထကာ အလုပ်တွေ ကျုံးလုပ်တော့သည်။ ဇွဲနပဲလည်း ကြီးလှသည်။

            ကြီးကြီးမှာ မျက်လုံးနက်နက်၊ မျက်ခုံးကောင်းကောင်း၊ နှာတံပေါ်ပေါ်၊ မျက်နှာသွယ်သွယ်၊ ကိုယ်လုံးသွယ်သွယ်နှင့် ပါးပါးလှပ်လှပ်ဖြစ်သည်။ အရပ်လေးပေကိုးလက်မခန့်ရှိပြီး မိန်းမချောစာရင်း ဝင်ခဲ့သည်။ ကျွန်တော့်အမေ၏အစ်မ အပျိုကြီး ဖြစ်သည်။ ကျွန်တော် နှစ်နှစ်သားအရွယ်တွင် အမေ ဆုံးခဲ့သည်။ ကြီးကြီးသည် သာရဝေါမှ ရောက်လာသည်။ ပထမတွင် အိမ်တစ်အိမ်မှနေပြီး ကျွန်တော့်ကို ပြုစုထိန်းသိမ်းခဲ့သည်။ ယင်းအခြေအနေကို ကြည့်ပြီး ရပ်ရွာလူကြီးများက မနေသာတော့၍ အဖေနှင့်ကြီးကြီးအား ပေးစားဖို့ နားချခဲ့ကြသည်။ ကြီးကြီးမှာလည်း ကျွန်တော့် သံယောဇဉ်နှင့် မငြင်းပယ်နိုင်ခဲ့။ လူမမယ် အရွယ်မျှသာ ရှိသေးသော ကျွန်တော့်ရှေ့ရေးအတွက် လူကြီးများ၏ စကားကို လက်ခံခဲ့ရသည်။ ဒီလိုနှင့်အဖေနှင့်ကြီးကြီးတို့ ညားခဲ့ကြသည်။ ထိုအချိန်မှစပြီး ကျွန်တော့်ကြီးဒေါ် မိထွေးဒေါ်မြရီ၏ ရင်ခွင်ထဲသို့ ကျွန်တော့်ဘဝ အပြည့်အဝ ရောက်ခဲ့ရသည်။ သူမ၏ အေးမြသောရင်ခွင်၊ ကြင်နာသော ပြုစုယုယမှုအောက်တွင် လူလားမြောက်ကြီးပြင်းခဲ့ရသည်။ အမေ၏မေတ္တာရင်နို့မသောက်စို့ခဲ့ရသော ကျွန်တော့်ကို မိခင်မေတ္တာ အပြည့်အဝပေးနိုင်ခဲ့သော ကြီးကြီး၏ မေတ္တာတော် အနန္တကား ကြီးမားလှပါဘိ။

            လောကတွင် ဗုဒ္ဓမြတ်ဘုရား၏ မိထွေးတော် ဂေါတမီမှတစ်ပါး ဘယ်မိထွေးမှ မကောင်းဟု ဆိုရိုး ရှိခဲ့ပါသည်။ ထိုစကားကို ကျွန်တော့်ဘဝနှင့်ယှဉ်၍ ကြုံတွေ့လာရသော ဖြစ်စဉ်များအရ ကျွန်တော် လက်မခံနိုင်ပါ။ ကျွန်တော့်ကြီးကြီးသည်ကား နောက်ထပ်မိထွေးတော် ဂေါတမီပင် ဖြစ်သည်ဟု။

            ထိုစကားနှင့်ပင် ကျွန်တော့်ကြီးကြီး၏ ရုပ်ပုံလွှာပေါ်လွင်လိမ့်မည်ဟု ကျွန်တော် ထင်ပါသည်။ သို့မဟုတ်ပါကလည်း ရှေ့တွင် ကျွန်တော် ဖော်ပြသွားမည်ဖြစ်သော ဒုတိယနို့ချိုသို့ တမ်းချင်းများသည် ကြီးကြီး၏ ပုံကားများပင် ဖြစ်ပေလိမ့်မည်။

            ညနေဘက်က အဖြစ်အပျက်ကား အစ်ကိုနှင့် ကျွန်တော်တို့၏ ရန်ပွဲဖြစ်ပါသည်။ ရန်ပွဲဆိုသော်လည်း ကျွန်တော့်ဘက်က တစ်ဖက်သတ် အထင်လွဲအမြင်လွဲ ခံလိုက်ရသော ရန်ပွဲဖြစ်ပါ သည်။ အစ်ကိုကြီး၏ဇနီးဖြစ်သူအား ကျွန်တော် ပြောမိသော စကားတစ်ခွန်းကြောင့် ဖြစ်ပါသည်။ မရီးမှ အစ်ကိုကြီးအား ပြန်ပြောသောအခါ အစ်ကိုကြီး ဒေါသူပုန်ထတော့သည်။ ဦးစောအိမ်မှ လှမ်းခေါ်သဖြင့် အစ်ကိုကြီးရှိရာသို့ အသွားတွင် ကတောက်ကဆ ဖြစ်ကြခြင်း ဖြစ်ပါသည်။ အစ်ကိုကြီး ကျွန်တော့်အား ခြေထောက်ဖြင့် လှမ်းခတ်လိုက်ရာ မျက်စိကို ထိသွားခြင်း ဖြစ်ပါသည်။

            ကျွန်တော့်စကား တစ်ခွန်းက သူ့ကို သိက္ခာကျစေခဲ့သည်ဟု စွပ်စွဲသည်။ ထိုညနေက ကျွန်တော့်ကြီးကြီး၏ အသုဘသည် မိုးချုပ်လုနီးမှ သင်္ဂြိုဟ်ခဲ့ရသည်။ ဖြစ်ပုံမှာ အစ်ကိုကြီး၏ လူများအလာကို စောင့်ဆိုင်းနေရသောကြောင့်ပင်။ သမ္ဗန်အုပ်စုသည် အတော်ကြီး နောက်ကျပြီးမှ မူးရူးရောက် လာခဲ့ကြသည်။ ကျွန်တော်က အချိန်နှောင်းလာသဖြင့် အသုဘပို့လာသူများကို အားနာသည်က တစ်ကြောင်း၊ အချိန်လင့်ပါက မြေချဖို့ရာ အခက်အခဲဖြစ်မှာ စိုးတာက တစ်ကြောင်း၊ ထို့ကြောင့် မရီးအား သွားပြောမိသည်။ အစ်ကိုလုပ်ပုံ မဟုတ်ဘူးဟု။ ကျွန်တော်က နောက်ထပ် ဆယ်မိနစ်စောင့်လို့မှ ရောက်မလာလျှင် ကိုယ့်ဘာသာကိုယ် ထမ်းချတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ကျွန်တော့် သူငယ်ချင်းများကိုလည်း အဆင်သင့်ဖြစ်စေခဲ့သည်။ တော်သေးသည်။ အချိန်မီ ကြီးကြီးဈာပနကို အဖုအထစ်ပေါင်းများစွာနှင့် သင်္ဂြိုဟ်ဖြစ်ခဲ့ကြတော့သည်။

၂။

ကြီးကြီးဈာပန မြေကျပုံ

            မိုးမှုန်တွေ မှိုင်းဝေနေသော ညနေ။

            မိုးဦးကျစ လေထန်သော ညနေ။

            လူများ တဖွဲဖွဲ အိမ်သို့ ရောက်လာနေကြသည်။ အသုဘလိုက်ပို့ကြရန် ဖြစ်သည်။ ကျွန်တော်နှင့် လူငယ်တစ်စုတို့သည် လာသမျှ ဧည့်သည်များကို ယပ်တောင်ကမ်း၊ အအေးတိုက်နှင့် လုပ်နေကြသည်။

            'ဒူဝေ...ဒူဝေ...ဒူဝေ'

            ဝမ်းနည်းကြေကွဲဖွယ် အသွင်ကို ဆောင်နေသည့် ကြေးစည်ထုသံက မှန်မှန်ကြီး ထွက်ပေါ်လာနေသည်။ မကြာမီ ကျွန်တော် တက်နေသော လုပ်သားများကောလိပ်မှ ကျောင်းသူ၊ ကျောင်းသားများ ရောက်လာကြသည်။ သူတို့နှင့်အတူ ပါလာသော လွမ်းသူ့ပန်းခွေကို ယူ၍ အသုဘခေါင်း၏ ခေါင်းရင်းဘက်ဆီတွင် နေရာတကျ တင်ထားလိုက်ကြသည်။

            ဟိုမှသည်မှ ဧည့်သည်များ တဖွဲဖွဲရောက်လာကြသည်မှာ အိမ်ရှေ့ကွက်လပ်နှင့် အနီးအပါးမှ အိမ်များဆီမှာပါမကျန် လူတွေပြည့်လျှံ ကျလာသည်။ အချိန်က တဖြည်းဖြည်းနှင့် နှောင်းလာသည်။ လူများ လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ တီးတိုး တီးတိုး ပြောလာကြသည်။ တချို့လည်း မအောင့်အည်း နိုင်ကြတော့ဘဲ မသိမသာ ထွက်ခွာသွားကြသည်။ သို့ပေမင့် အသုဘသင်္ဂြိုဟ်ဖို့ရာ အခြေအနေက မပေးသေး။

            စီစဉ်ထားသည်မှာ အစ်ကိုကြီး၏လူများ (သူနေထိုင်ရာ ဘီအိုင်ရပ်ကွက်မှ သမ္ဗန်သမားများ)နှင့် ကျွန်တော်တို့ သမာဓိရပ်ကွက်မှ လူငယ်တစ်စုတို့ ပူးပေါင်း၍ အလောင်းကို ထမ်းချကြရန် ဖြစ်သည်။ ထုံးစံအတိုင်း အသုဘခေါင်းကို ခုတင်ပေါ်တင်၍ ကြိုးနှင့်ချည်ထားသည်။ ရှေ့နောက် ထမ်းချနိုင်ရန် ဝါးလုံးများကိုလည်း တန်းထိုးပြုလုပ်ထားပါသည်။

            စောစောက ခဲကျပ်နေသော လူအုပ်ကြီးမှာ တစ်စတစ်စ ကျဲပါးသွားပါသည်။ အချိန်ကြာလာသည်နှင့်အမျှ အသုဘပို့လာသူများသည် စိတ်ရှည်နိုင်ကြတော့မည် မဟုတ်ပေ။ တတိတိနှင့် တိုက်စားခံရသော ကမ်းပါးများ ပြိုကျလိုက်လာသလို ဧည့်သည်များ တစ်စတစ်စ ပျောက်ကွယ်သွားကြပြီ။ အသုဘ ထမ်းချမည့် အစ်ကိုကြီး၏ လူများက ရောက်မလာကြသေး။ ဒီကြားထဲ မိုးက ရွာယောင်ဆင်ပြီး တစ်ပြင်လုံး မှောင်နေသဖြင့် မိုးချုပ်လုနီးသလို ဖြစ်နေသည်။

            ကျွန်တော်တို့ စောင့်ရင်း စောင့်ရင်းနှင့် စိတ်မရှည်နိုင်တော့။ ကျွန်တော်သည် သက်ပြင်းကို အရှည်ကြီးချလိုက်ပြီး ကိုယ့်လူနှင့်ကိုယ် ဈာပနကို သင်္ဂြိုဟ်ရန် ဆုံးဖြတ်လိုက်သည်။ ချက်ချင်းထသွားပြီး သူငယ်ချင်းများကို စုလိုက်သည်။ သို့သော် ကိုယ့်သဘောနှင့်ကိုယ် လုပ်ဖို့မသင့်။ အဖေ့ကိုရော၊ အစ်ကို ကြီးကိုရော လိုက်ရှာသည်။ သူတို့ကို မတွေ့။ ဘယ်ရောက်နေကြသည် မသိ။

            အတန်ကြာမှ အစ်ကိုကြီးနှင့် သူ့လူများ ပေါက်ချလာသည်။ အဖေလည်း နောက်ကပါလာသည်။ အခုမှပဲ ရင်ထဲက အပူလုံးကျ သွားတော့သည်။ ကျွန်တော်တို့ နေရာအသီးအသီးယူပြီး ကြီးကြီး အလောင်းကို ထမ်းကြသည်။

            ရှေ့မှ ကြေးစည်သံ တဝေဝေနှင့် အသုဘချလာကြသည်။ ကျွန်တော်တို့ လူငယ်များက ရှေ့မှထမ်းကြသည်။ ဘီအိုင်မှ လူများက နောက်မှ ထမ်းကြသည်။ တရွေ့ရွေ့နှင့် လမ်းတစ်ဝက် ကျိုးလာပြီ။ လမ်းကျယ်ကြီးတစ်ခုသို့ ရောက်လာကြပြီ။ ဘေးတစ်ဖက်တစ်ချက်စီတွင် ဘုန်းကြီးကျောင်းများသာ ရှိသည်။ ထိုနေရာအရောက်တွင် ဗွေဖောက်လာကြတော့သည်။ နောက်က ထမ်းသူများသည် သမ္ဗန်သမားများ ဖြစ်ကြသည်။ ခွန်အားဗလ ကောင်းသူများ ဖြစ်ကြသည်။ သူတို့ဆီမှ အရက်စော်တွေကလည်း မွှန်ထူအောင် နံနေသည်။ သူတို့က နောက်ကနေ တအားဆောင့်တွန်းလိုက်ကြ သည်။ ကျွန်တော်တို့ မှောက်ရက်လဲလုမတတ် ဖြစ်သွားကြသည်။ အချိန်မီ ကျွန်တော်တို့ ပြန်တောင့်ထားနိုင်လိုက်သည်။ သူတို့က နောက်မှနေ၍ မရပ်မနား အားနှင့်ဆောင့် တွန်းနေကြသည်။ ဒီတော့ ကျွန်တော်တို့ကလည်း ရှိသမျှအားနှင့် တောင့်ထားလိုက်တော့ ခုတင်က မိုးပေါ် မြောက်တက်သွားသည်။ ခုတင်တိုင်များ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်လာနေသည်။ သူတို့ကား မရပ်။ တရစပ် ဆက်တွန်းနေသည်။ ဝန်နှင့် အားနှင့် မမျှသော်လည်းရှိ သမျှအင်အားနှင့် ပြန်ခံတွန်းရင်း အလောင်းစင်ကြီးမှာ ချာလပတ်လည်နေတော့သည်။ လိုက်ပို့ကြသူတွေလည်း ရုတ်ရုတ်သဲသဲ ပြေးကြ လွှားကြ ထိကြခိုက်ကြနှင့်။

            'ဟေ့ကောင်တွေ ရပ်ကြ၊ မတွန်းနဲ့ ရပ်ကြ။ ငါ... သားတွေ'     

အစ်ကိုကြီး၏ ဒေါသတကြီး ဆဲရေးသံကိုလည်း ကြားလိုက်ရသည်။ လူကြမ်းကြီးများက မကြားသလိုလုပ်ကာ ဆက်ပြီး အလောင်းကို ကစားမြဲ ကစားနေကြတော့သည်။ သူတို့လုပ်သမျှ ကျွန်တော်တို့မှာ ခံနေရသည်။ အလောင်းစင်ကြီး ချာချာလည်နေရာမှ သူတို့က ရုတ်တရက် ရပ်ပစ်လိုက်သည်။ ဟေးဆိုပြီး အပေါ်သို့ မတင်လိုက်ကြသည်။ အားချင်းမမျှသဖြင့် ကျွန်တော်တို့လည်း အလိုက်သင့် လိုက်လုပ်နေရသည်။ ဟေး...ဟေး အော်သံပြုပြီး မ,လိုက်ချလိုက် အတန်ကြာ လုပ်နေကြပြန်သည်။ ထို့နောက် ဆတ်ခနဲ ပြန်ချကာ ရှေ့ကို အားနှင့် ဖိတွန်းလိုက်တော့သည်။ ဝေါခနဲ အလောင်းစင်ကြီးရှေ့ ဝါးနှစ်ရိုက်ခန့်လောက် ပြေးထွက်သွားသည်။ ကျွန်တော်တို့လည်း တောင့်ထားရင်းမှ လဲကျမတတ်ဖြစ်ပြီး ပါသွားသည်။ သူတို့က သူတို့ရပ်ချင်သည့်အခါ တန့်ကနဲနေ အောင် ရပ်လိုက်သည်။ ထိုအခါ သူတို့က နောက်သို့ တအားပြန်ဆွဲပြေးပြန်သည်။ အလောင်းစင်ကြီးမှာ ရှေ့ပြေးလိုက်၊ နောက်ပြန်လိုက်နှင့် အပေါ်မြှောက်လိုက် အောက်ချလိုက်နှင့်။

            ထိုစဉ်တွင် အစ်ကိုကြီးက အလောင်းစင်ပေါ် ရောက်နေပြီ။ လက်ထဲမှာလည်း တုတ်တစ်ချောင်းနှင့် သူ့လူတွေကို အပေါ်စီးကနေ လိုက်ရိုက်ပြီး ပါးစပ်ကလည်း ကြိမ်းမောင်းဆဲဆိုရင်း တားနေသည်။ ဘယ်လိုမှ တားလို့မရ။ သူ့လူများမှာ သူရိုက်လေ ဆဲလေ ပိုကြမ်းလေ။ တစ်ဟီးဟီး တဟဲဟဲနှင့် ပမာမခန့် အသံများပြုရင်း ဝုန်းဒိုင်းကြဲနေတော့သည်။

            အစ်ကိုကြီးလည်း အပေါ်မှာ ယိမ်းထိုးနေသည်။ တစ်ကြိမ်တွင် သူ့လူများကို လှမ်းရိုက်ရင်း ကြိမ်းရင်း မောင်းရင်းနှင့် ကိုယ်ကို မဟန်နိုင်တော့ဘဲ လိမ့်ကျသွားတော့သည်။ ထို့နောက် ကျွန်တော့်အဖေနှင့်အတူ လူတချို့ရောက်လာသည်။ ဝင်ကူပြီး ထိန်းကြလည်း မရ။ အင်အားချင်းတော့ အနည်းငယ်မျှသွားကြပြီ။ ထိုအခါ အလောင်းစင်ကြီးသည် တန့်ခနဲ ရပ်ကာ အပေါ်သို့ ထောင်တက်သွားသည်မှာ အကြာကြီး။ ဝါးလုံးများ၊ ခုတင်တိုင်များ တကျွတ်ကျွတ်နှင့် မြည်လာသည်။ တချို့တွေ ကျိုးထွက်ကုန်ကြပြီ။ တစ်ဖက်သို့ တိမ်းစောင်းသွားသည်။ ဘုတ်ခနဲ အလောင်း ထည့်ထားသော ခေါင်းကြီး ဘေးသို့ ပြုတ်ကျသွားသည်။ ဒီတော့မှ ရပ်သွားတော့သည်။

            အမြန်ဆုံး အဖေလည်း သူ့လူများနှင့် အသုဘခေါင်းကို ပြေးပွေ့ရင်း ခုတင်ပေါ် ပြန်တင်ကြသည်။ ခုတင်မှာ ပျက်စီးသွားပြီ။ ခုတင်ဖြင့် မချ၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်သွားပြီ။ ဒါနှင့် အဖေသည် သူ့လူများကို အလောင်းထည့်ထားသော အခေါင်းကြီးအတိုင်း မချဖို့ အော်ဟစ်ပြောလိုက် သည်။ အသုဘခေါင်းကြီးအတိုင်း သင်္ချိုင်းသို့ မ,ချသွား ကြတော့သည်။

            ဒီလိုနှင့် ကြီးကြီး၏ အလောင်းသည် အရုပ်ဆိုး အကျည်းတန်စွာဖြင့် မြေကျ သွားရပေတော့သည်။

၃။

အဖေ ဒေါသပေါက်ကွဲပုံ။

            ကြီးကြီးကို သင်္ဂြိုဟ်ပြီးကတည်းက အဖေ ပျောက်နေသည်။ ကျွန်တော်နှင့် အစ်ကိုကြီးတို့၏ ညနေခင်းက အဖြစ်အပျက်ကို အဖေ မသိသေး။ ခုထက်ထိလည်း အဝေးမှာ ရောက်နေသည့် မမကြီးနှင့် မမလေးတို့ကလည်း ရောက်ရှိမလာကြသေး။ မမကြီး မခင်မြင့်မှာ ပြည်တွင်နေပြီး မမလေး မခင်တင့်မှာ ပြင်ဦးလွင်တွင် နေထိုင်ကြသည်။

            တစ်စတစ်စ မှောင်လာနေပြီ။ ညချမ်းသည် ခြေလှမ်းကျဲကြီးနှင့် ရောက်ရှိလာပေပြီ။ ရပ်ကွက်အတွင်းမှ နာရေးအဖွဲ့ ခေါင်းဆောင် ကိုကြီးမောင်က အောက်လင်း ဓာတ်မီးများထွန်းဖို့ ပြင်ဆင်နေပါသည်။ တရှဲရှဲနှင့် သူ့လေထိုးသံကို ကြားနေရပါသည်။

            မကြာမီ အိမ်ရှေ့ ကွပ်ပျစ်တစ်လုံး၊ အိမ်ထဲတွင်တစ်လုံး ရှေ့ဆင့်နောက်ဆင့် မီးထွန်းလိုက်ပါသည်။ အောက်လင်း ဓာတ်မီးရောင်ကြောင့် အိမ်တစ်ခုလုံး လင်းချင်းသွားပါသည်။ ထို့နောက် လုပ်ကြကိုင်ကြသူများ ထမင်းပွဲပြင်ကာ စားသောက်ဖို့ စီစဉ်နေကြသည်။ ကျွန်တော့်ကိုလည်း ထမင်းစားခေါ်ပါသည်။ ထိုညအဖို့ ကျွန်တော့်မှာ ထမင်းစားချင်စိတ် မရှိပါ။ ထို့ကြောင့် ငြင်းလိုက်ပြီး အိပ်ရာထဲမှာပင် ဆက်လက်လှဲနေလိုက်ပါသည်။ တစ်ကိုယ်လုံးလည်း ကိုင်ရိုက်ထားသလို နာကျင်နေပါ သည်။ ပို၍ခံရခက်နေသည်မှာ မျက်လုံးကိုက်ခဲနေသော ဝေဒနာပင်။

            ကျွန်တော့်လည်း မှိန်းနေရာမှ မှေးခနဲ အိပ်ပျော်သွားသည်။ နိုးလာတော့ ကိုးမီးဝိုင်းမှ အသံဗလံများ၊ ကက်ဝိုင်းမှ ကက်မွှေသံများက ကျွန်တော့်အခန်းထဲဆီ လွင့်ပျံလာသည်။ ထိုခဏမှာပင် ထိုအသံများကြားမှ အဖေ့အသံကို ရုတ်တရက်ကြား လိုက်ရသည်။

            'လူလေး ဘယ်မှာလဲ'

            ကျွန်တော်က လှဲနေရာမှ အဖေ့ဆီသွားဖို့ ပြင်နေတုန်း အိမ်ခန်းထဲသို့ အဖေ ရောက်လာသည်။ အိမ်ခန်းပေါ်သို့ ကျော်ကျလာသော မီးရောင်ဖြင့် အဖေ၏ စိုးရိမ်ပူပန်နေသော မျက်နှာကို လှမ်းမြင် နေရသည်။

            'မှန်းစမ်း မင်းမျက်လုံး အို...'

            အဖေက ပွေ့ဖက်ပြီး မျက်လုံးကို ကြည့်ရင်း စိတ်ထိခိုက်သွားပါသည်။ နှုတ်မှလည်း 'အို'ဟု ယောင်ရမ်း မြည်တမ်းလိုက်ပါသည်။ ကျွန်တော့်မျက်လုံးက ရောင်ကိုင်းနေပေလိမ့်မည်။ သွေးဝိုင်းနေပေလိမ့်မည်။ မို့အစ် ပိတ်ဆီးနေပေလိမ့်မည်။

            ညနေက အကြောင်းကို အဖေ သိရှိသွားပြီ ဖြစ်လိမ့်မည်။ အဖေ့မျက်နှာပေါ်တွင် စိုးရိမ်စိတ်မှ ဒေါသရိပ်သို့ပြောင်းသွားတာကို သတိပြုလိုက်မိသည်။ တုန်ရီသော အသံဖြင့် အဖေ၏ မေးပြော ပြောလိုက်သံက ထွက်ပေါ်လာပြန်သည်။

            'သား ကြည့်လို့ရသေးလား။ တစ်ခုခု ဖြစ်သွားပြီ ထင်တယ်'

            အဖေက ကန်းသွားပြီလားဆိုသည့် တိုက်ရိုက်စကားကို လှီးလွှဲပြီး သုံးလိုက်ခြင်းဖြစ်ဟန် တူသည်။ တစ်ဆက်တည်းမှာပင် အဖေ့မျက်နှာက တင်းမာသည်ထက် တင်းမာလာတာကို တွေ့လိုက်ရပါသည်။

            'မမြင်ရတော့ဘူး အဖေ။ သား မနက်ဖြန် ဆေးရုံပြန်ပြမလားလို့'

            ကျွန်တော့် အသံကလည်း ထိန်းနေရင်းနှင့် ဝမ်းနည်းတစ်ဆို့သံဖြင့် ဖြေလိုက်မိသည်။ အဖေက အံကို တင်းတင်းကြိတ်ရင်း ခေါင်းကို ရမ်းကာ ဆတ်ခနဲထလိုက်ပြီး ချာခနဲထွက်သွားသည်။ ဒေါနှင့်မောနှင့် အဖေခြေဆောင့်နင်းသံများက အိမ်ကို သိမ့်သိမ့်ခါသွားစေသည်။

            'ဘယ်မလဲ အောင်သိန်း၊ ဟေ့ကောင် လာပါဦးကွ'

            ကျွန်တော်က ကျန်မျက်လုံးတစ်လုံးဖြင့် ထရံပေါက်မှ လှမ်းကြည့်လိုက်သည်။ အစ်ကိုကြီးသည် အိမ်ရှေ့မှ အဖေ့ဆီထလာသည်။ အဖေ့နားသို့ တရွေ့ရွေ့နှင့် ကပ်လာတာကို တွေ့ရသည်။ မီးရောင်အောက်တွင် အဖေ့မျက်လုံးများသည် ဒေါသရောင်ဖြင့် တောက်ပြောင်နေသည်။

            'မင်း တော်တော် မိုက်ရိုင်းတဲ့ကောင် ဟင်၊ မင်း ညီလေးကို ရက်ရက်စက်စက် လုပ်ရသလားကွ'

            အစ်ကိုကြီးက အဖေ့ရှေ့တွင် ငူငူကြီးရပ်နေရာမှ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူ့ကို တစ်ဖက်သတ် အပြစ်တင်သည်ဟု ခံစားရသည့် မျက်နှာနှင့် အဖေ့ကို ကြည့်ပြီး ပါးစပ်မှ တစ်စုံတစ်ရာကို ရေရွတ်လိုက်သည်။

            'အဖေရာ၊ အဖေ့သားက ကလေးလိုမှမနေဘဲ ဟိုပြောဒီပြောနဲ့'

            'ဘာကွ၊ ငါ့သားလေးပြောတာ မဟုတ်လို့လား။ ညနေက အဖြစ်ကို ကြည့်စမ်း။ ဘယ်လောက်အရုပ်ဆိုးသလဲလို့။ အရှက်ကွဲတာ မင်းအသိပဲ။ အဲဒါ မင်းသောက်သုံးမကျလို့ကွ'

            အဖေက ပြောရင်းနှင့် အသံကျယ်လာသည်။ ရှူးရှူးရှဲရှဲ ဖြစ်လာသည်။ အစ်ကိုကြီးကလည်း လူပုံအလယ်မှာ အဖေ၏ အပြစ်တင်သံကို မခံနိုင်သဖြင့် ခွန်းတုံ့ပြန်သည်။

            'ရော့...အဖေ၊ ဒါကြီးကြီးဈာပနအတွက် ငွေတွေ။ ကျွန်တော် ပြန်မယ် အဖေ။ အဖေ ဒီလိုပြောတာ မတရားဘူး။ ကျွန်တော် ပြန်မယ်'

            'ဘာကွ မတရားဘူး၊ ဟုတ်လား။ ဘာလဲ ငါ မကြားဘူးများ အောက်မေ့လို့လား။ မင်းမိန်းမ လျှောက်ပြောနေတာတွေ။ မင်းတို့မျက်နှာနဲ့မို့ လူတွေက လာကြသလေး ဘာလေးနဲ့'

            'ဟာ အဖေ၊ မဆိုင်တာတွေ ပြောနေပြန်ပြီ။ ရော့အဖေ၊ ကျွန်တော် ပြန်မယ်'

            အဖေသည် စိတ်ကို မထိန်းနိုင်တော့။ အစ်ကို လှမ်းချပေးသော ပိုက်ဆံထုပ်ကို ယူ၍ ကိုင်ပေါက်လိုက်သည်။ အစ်ကို့မျက်နှာတည့်တည့်ဆီသို့ ကိုင်ပေါက်လိုက်သည်။ ခွပ်ခနဲ အသံနှင့်အတူ အစ်ကို့နဖူးမှ သွေးများ ပန်းထွက်လာသည်။ အဖေသည် လှမ်းပေါက်လိုက်ရင်းနှင့် အော်ဟစ်နေသည်။

            'ငါ့သား မျက်လုံးကန်းသွားရင် ဘယ်လိုလုပ်မလဲကွ။ မင်း သိပ်လူပါးဝတဲ့ကောင်။ တောက်...မင်းတို့ ပိုက်ဆံနဲ့ ငါ့မိန်းမရက်လည်ကို ဆွမ်းမကျွေးဘူးကွ။ ငါ့ဘာသာ ငါလုပ်မယ်ကွ။ မင်းက ပိုက်ဆံလေး မဖြစ်စလောက် ရှိတာနဲ့ မာန်တက်လို့။ အေးသွား၊ မင်းတို့မျက်နှာ ငါမကြည့်ချင်ဘူး'

            အစ်ကိုကြီး၏ ငွေထုပ်လှမ်းပေးလိုက်ခြင်းက အဖေ့ကို ယမ်းပုံမီးကျဖြစ်စေပြီး အဖေက ဒေါသကို ထိန်းမရတော့။ နောက်ထပ်လည်း အနီးရှိ တစ်လက်မတုတ်ကို ဆွဲပြီး ထပ်မံ၍ ရိုက်ရန်ပြင်သည်။ ဘေးမှ ကစားသမားများလည်း ဝိုင်းမှထကာ အတင်းဆွဲကြလွဲကြနှင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပြီ။

            'အဖေ ရိုက်ပါ အဖေ။ ရိုက်ရုံမဟုတ်ဘူး။ သတ်ပါ အဖေ။ ကျွန်တော့်ညီလေး မျက်စိကွယ်သွားရင် ကျွန်တော့်မျက်လုံး အစားထုတ်ပေးပါ့မယ် အဖေ။ ကျွန်တော့် မျက်လုံး အစားထုတ်ပေးပါ့မယ်'

            ဦးစောတို့ လူသိုက်က အစ်ကိုကြီးကို ဆွဲသွားကြသည်။ ကျန်လူများက ရိုက်မည် တကဲကဲပြင်နေသော အဖေ့ကို ဝိုင်းချုပ်ထားကြသည်။ ဆွဲနေသည့်ကြားကပင် အဖေသည် ကျနေသော ငွေထုပ်ကို ခြေထောက်ဖြင့် လှမ်းခတ်ပစ်လိုက်သေးသည်။ အစ်ကိုကြီးက သွေးသံရဲရဲဖြင့် ငိုကြွေးလျက် ဝမ်းနည်းပက်လက်ဖြစ်ကာ ဆွဲခေါ်ရာသို့ ပါသွားပြီ။

            ကျွန်တော်က မြင်ကွင်းကို ကြည့်ရင်း မခံစားနိုင်တော့။ အိပ်ရာထဲ၌ တအားရှိုက်ဖို ငိုကြွေးလိုက်မိတော့သည်။

၄။

လှလှသီနှင့်နောက်ကြောင်းပြန်

            နောက်နေ့မနက်တွင် သူငယ်ချင်းဖြစ်သူ မြင့်ကြွယ်အား အဖော်ပြု၍ ကန်တော်ကလေးရှိ ပြင်ပမျက်စိလူနာ ပြဌာနတွင် သွားရောက်ပြသပါသည်။ ဆေးရုံတက်စဉ်တုန်းက အသုံးပြုခဲ့သော ဆေးစာအုပ်ကိုပင် ထပ်လိုက်ပါသည်။ ရောက်တာ အနည်းငယ် နောက်ကျသွားသည့်အတွက် ကိုယ့်အလှည့်ကို အတန်ကြာစောင့်ရပေဦးမည်။ ဆရာဝန်များလည်း ရောက်ရှိနေပြီမို့ လူနာတစ်ဦး ချင်းစီကို ခေါ်တွေ့နေပေသည်။

            နာမည် ထွက်ထွက်ခေါ်နေသည့် သူနာပြုဆရာမလေးကို အမှတ်မဲ့ ကြည့်လိုက်မိသည်။ စိတ်ထဲမှာ တော်တော်အံ့သြသွားသည်။ လှလှသီနဲ့ တူလိုက်တာ။

            တစ်ခါတုန်းက ကျွန်တော်တို့ မိုက်ခဲ့ပါသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ရည်းစားထားဖြစ်အောင် အခြေအနေက ဖန်တီးလာပါသည်။ ကျွန်တော်တို့ သမာဓိရပ်ကွက်သို့ လူတချို့ပြောင်းလာပါသည်။ ကျွန်တော်တို့ အိမ်ရဲ့မျက်စောင်းထိုးရှိ ဒေါ်ခင်ညွန့်အိမ်ကို ဝယ်လိုက်ခြင်း ဖြစ်ပါသည်။ ဦးသိန်းတန်နှင့် ဒေါ်ကြည်တို့၏ တစ်ဦးတည်းသော သမီးချောလေး လှလှသီ မိသားစုတစ်စု ပြောင်းလာခြင်း ဖြစ်သည်။

            အကြောင်းဖန်လာပုံမှာ ကောင်မလေးက ငါးတန်းကျောင်းသူ။ ညနေတိုင်း စာမရတာကို အကြောင်းပြု၍ ကျွန်တော့်ဆီ ရောက်လာသည်။ အဲဒီတုန်းက ကျွန်တော်က ရှစ်တန်းကျောင်းသား။ သူမက စာတော်တော်ညံ့ပါသည်။ သင်္ချာနှင့် အင်္ဂလိပ်စာတွင် ဘယ်လိုမှ သင်လို့မရအောင်ကို ညံ့ပါသည်။ ကျွန်တော်က စာပြရင်းနှင့် စိတ်မရှည်နိုင်တော့သည်မို့ သူ့မျက်လုံး တောက်တောက်ကလေးမှ မျက်ရည်တို့ စီးကျလာနေပုံမှာ မကြည့်ရက်နိုင်အောင် ဖြစ်မိပါသည်။ သူ့ကို ရိုက်မိတိုင်း အကြိမ်ကြိမ် ကျွန်တော့်ရင်ကို သနားစိတ်ဖြင့် လှုပ်ခါခဲ့ရသည်။ မချော့ဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရသည်။ သူ့ကျောပြင်လေးကို ပွတ်သပ်၍လည်းကောင်း၊ သူ့မျက်ရည်များကို သုတ်ပေး၍လည်း ကောင်း အကြင်နာ ပိုခဲ့ရပါသည်။ ထိုမှတစ်ဆင့် ရင်နှင့်အမျှ ချစ်ခဲ့ရပါတော့သည်။ ထိုကာလများ၌ စာသင်ရသော ညနေများသည် ရွှေရောင်ပျော်ရွှင်မှုတွေနှင့် ပြည့်နှက်နေသော နေ့ရက်များ ဖြစ်ခဲ့ပါသည်။

            သူမ၏ မျက်လုံးတောက်တောက်ကလေးများကို ချစ်ခဲ့ပါသည်။ သူမ၏ ပါးပြင်ပေါ်မှ လနှစ်စင်းကိုလည်း စွဲလမ်းခဲ့ပါသည်။ ပါးကွက်ကလေး နှစ်ဖက်နှင့် ပါးချိုင့်ပြုံးကလေးသည်လည်း တစ်သက်မမေ့စရာပင်။ အလိုမကျ၍ နှုတ်ခမ်းစူလိုက်လျှင် ဝလုံးလေးဖြစ်သွားသော သူမ၏ စိတ်ကောက်ဟန်ကလေးကိုလည်း မျက်စိထဲက မထွက်နိုင်ခဲ့ပါ။ သူမသည် ကျွန်တော်၏ အချစ်ဦး ဖြစ်ပါသည်။

            ကျောင်းသို့ အတူသွား အတူပြန် တပူးတွဲတွဲ နေခဲ့ကြပါသည်။ ထိုအခါများတွင် နေ့စဉ်လိုလို ပြဿနာများကိုလည်း ရင်ဆိုင်ရပါသည်။ သူမသည် လှလွန်းသဖြင့် ကောင်လေးတွေက စကြနောက်ကြ စာပေးကြနှင့် ဘော်ဒီဂတ် ကျွန်တော့်မှာ လက်ပိုက်ကြည့်မနေနိုင်။ လက်သီးထိုးပွဲများကလည်း အကြိမ်ကြိမ် ဆင်နွှဲခဲ့ရသည်။ သူမက မျက်နှာများလာသည်။ သူ့အလှပေါ်တွင် မာန်ယစ်လာသည်လား မသိ။ ရည်းစားထည်လဲ ဖြစ်လာသည်။ သို့ပေမင့် ကျွန်တော်က ချစ်သူဖြစ်နေဆဲပင်။ သူမက ကျွန်တော့်ကို အချစ်ဆုံးဆိုတာနှင့် ချွေးသိပ်ထားခဲ့သည်။

            သူနှင့် အချစ်သက်တမ်း နှစ်နှစ်ပြည့်သောနေ့တွင် အချစ်သက်တမ်းစေ့သွားမည်ဟု ဆိုရချိမ့်မည့် အဖြစ်နှင့်ကြုံခဲ့ရသည်။ ငါးတန်းက မတက်သော သူမကို ခြေငြိမ်သွားအောင် အိမ်မှနေပြီး သူ့ကို အိမ်ထောင်ချပေးဖို့ စီစဉ်လိုက်ကြတော့သည်။ သူမကလည်း အရောင်ပြောင်းလွယ်သူ ဖြစ်သည်။ စေ့စပ်ထားသော စိုးမြတ်ဆိုသူနှင့် ကျွန်တော့်ရှေ့တွင် တတွဲတွဲ ပျော်မော်မဆုံး ဖြစ်နေပြန်တော့သည်။

            ထိုရောအခါ နုသော ကျွန်တော့်အသည်းကို အစိပ်စိပ် အမြွှာမြွှာကြေကွဲရပြီ။ ထိုနှစ်မှာပင် ကျွန်တော် ဆယ်တန်းကျသည်။ သူ့အတွက်နှင့် ကျွန်တော့်စိတ်တွေ လေသွားခဲ့သည်။ အိမ်က မသိအောင် အရက်တွေ ခိုးသောက်ခဲ့သည်။ အိမ်က မသိအောင် မူးမူးရူးရူးနှင့် ခြင်ထောင်ထဲတွင် ဝင်အိပ်ရသော ညများရှည်ခဲ့ပြီ။

            တစ်ည ကြီးကြီး ခြင်ထောင်ထဲ ရုတ်တရက် ဝင်လာကြည့်သည်။

            'ဟင်... သား အရက်တွေ သောက်ထားတာကိုး။ ခက်တော့တာပဲ။ ငါ့သား ပျက်စီးနေပြီ။ မင်းအဖေသိရင်တော့ အခက်ပဲ'

            ကျွန်တော်က ကြီးကြီးကို လှမ်းဖက်ရင်း အပြင်က မကြားအောင် ပါးစပ်ကို အတင်းပိတ် တားမြစ်လိုက်ရသည်။ ကြီးကြီးကလည်း အလိုက်တသိပင် ငြိမ်နေလိုက်သည်။ တအောင့်ကြာမှ လေသံတိုးတိုးဖြင့် နားချပါသည်။

            'ကြီးကြီး မင်းအကြောင်းတွေ သိပါတယ်ကွယ်။ ဘာလဲ၊ မင်းကောင်မလေးကို ကြီးကြီး ပြောပေးရ မလား။ အို... ခိုးပေးဆို ခိုးပေးမယ်ကွာ။ မင်း ကိုယ့်ကိုယ်ကိုယ်တော့ မဖျက်ဆီးပါနဲ့ သားရယ်'

            ကြီးကြီးက ကျွန်တော့်အပေါ် အပြစ်မတင်သည့်အပြင် လိုက်လျောနေပြန်သည်။ ဒါသည် ကျွန်တော့်ကို ချစ်သော ကြီးကြီး၏ ကောက်ကြောင်းတစ်ခုပင်။

            ထိုညက ကြီးကြီးကို ကျွန်တော် နောက်အရက် မသောက်တော့ပါ၊ ပြင်ပါတော့မည်၊ ကောင်မလေးကိုလည်း မေ့လိုက်ပါတော့မည်ဟု ချွေးသိပ်ခဲ့ပါသည်။ သို့သော်လည်း ကျွန်တော်သည် ပိုးဖလံ ဖြစ်ခဲ့သည်။ အကျိုးနည်းမည့် မီးကိုပဲ ဆက်တိုးမိခဲ့သည်။ အရက်တွေ ဆက်တိုက်မဟုတ်တောင် ရက်ခြားသောက်ဖြစ်ခဲ့သည်။

            ထိုအချိန်က အစ်ကိုကြီးကလည်း အိမ်ထောင်ကျခါစ။ အိမ်မှာပဲ သူတို့ လင်မယားနေကြသည်။ တစ်ညနေ ကျွန်တော် ရေထမ်းလာပြီး ရေကို လောင်းထည့်လိုက်သည့်အခိုက် အစ်ကို့အသံကို ကြားလိုက်ရသည်။

            'ဟေ့ကောင် မောင်ငွေလာဦး၊ မင်း ဘာဖြစ်နေတာလဲ။ အရက်တွေလည်း ညတိုင်း သောက်နေတယ်ဆို'

            ကျွန်တော့် အဖြစ်ကို အစ်ကိုကြီးလည်း သိသွားပြီပဲ။ မရီး ပြောတာပဲ ဖြစ်ရမည်။ ကျွန်တော်က ဘာမျှ ပြန်မပြောနိုင်။ ခေါင်းကြီး ငိုက်စိုက်ချလို့။

            'မင်းဖင် ချေးစင်သေးရဲ့လားကွ။ ဒါကြောင့် ဆယ်တန်းကျတာကိုး။ တစ်ချိန်လုံး ကြောင်နေတဲ့ ကောင်'

            အစ်ကိုကြီး၏ အသံက မြင့်တက်လာနေသည်။ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ဖြစ်လာသည်။ ကျွန်တော် ရှက်လာသည်။ ကျွန်တော် မခံနိုင်တော့။

            'ဒါ ဓမ္မတာပဲဗျ'

            'ဘာကွ'

            ကျားဟိန်းသံလို အော်လိုက်ပြီး အစ်ကိုကြီးသည် အိမ်ပေါ်မှ လွှားခနဲ ခုန်ဆင်းကာ တိုင်ကီပေါ်တွင် တင်ထားသည့် ထမ်းပိုးကို ဆွဲယူ၍ ကျွန်တော့်အား လှမ်းရိုက်လိုက်တော့သည်။ ထိုစဉ် ဘယ်အချိန်က ရောက်လာမှန်း မသိသော ကြီးကြီးက ကြားဝင်ရပ်လိုက်သည်ကို ရိပ်ခနဲ တွေ့လိုက်ရသည်။ ခွပ်ခနဲ အသံနှင့်အတူ ကြီးကြီး၏ 'အမလေး'အော်သံနှင့် လဲကျသွားတာကို ဖျတ်ခနဲ တွေ့လိုက်ရသည်။ ကျွန်တော်က ကြီးကြီးဆီ ပြေးဝင်ထူရင်း အစ်ကိုကြီးကို မကျေမနပ်နှင့် မော့၍ ကြည့်လိုက်မိသည်။ ထိုစဉ် လျှပ်ပြက်သလို ထမ်းပိုးခေါင်းပေါ် ဝဲကျလာတာကို တွေ့လိုက်ရသဖြင့် မျက်စိကို စုံမှိတ်လိုက်မိသည်။

            တော်ပါသေးသည်။ ဘေးအိမ်မှ ကိုအေးက လက်မတင်ကလေး ဝင်ဆွဲလိုက်သဖြင့် နောက်ထပ် ကျွန်တော့်ခေါင်း မကွဲခဲ့ခြင်း ဖြစ်သည်။ မေ့နေသော ကြီးကြီးကို ဆေးခန်းသို့ အမြန်ပို့လိုက်ရသည်။ လေးချက်တောင် ချိုစောင်းတွင် ချုပ်လိုက်ရသည်။ ထိုကိစ္စနှင့်ပင် အစ်ကိုကြီးတို့ လင်မယား အိမ်ခွဲဆင်းသွားကြရတော့သည်။

            'မောင်ငွေ မောင်ငွေ မောင်ငွေ ရှိလား'

            ထိုခေါ်သံကို ကျွန်တော် မကြားတစ်ချက် ကြားတစ်ချက် ဖြစ်နေသည်။ မြင့်မြင့်ကြွယ်က တစ်နေရာမှ ပြေးလာပြီး သတိပေးတော့မှ အတိတ်က တစ်ရေးနိုးခဲ့သည်။ အမြန်ဆုံး ထူးလိုက်ရသည်။ ဆရာဝန်နှင့် မျက်စိပြဖို့ မတွေ့ခင်စပ်ကြား အတိတ်နှင့်တွေ့ဆုံ နေခြင်းပင် ဖြစ်တော့သည်။

၅။

နောက်ထပ် မမေ့နိုင်တဲ့ ဇာတ်ဝင်ခန်း

            အိမ်သို့ ဆေးရုံမှ အပြန်တွင် တောက်လျှောက် ကြီးကြီးကို သတိရနေမိသည်။ ကြီးကြီး၏ ပုံရိပ် တချို့က အာရုံထဲတွင် ရစ်ဝဲလာနေတုန်း။ ကြီးကြီးသည် ကျွန်တော့်အတွက် ခေါင်းကွဲခံခဲ့သလို ခြေထောက်မှာလည်း ဒဏ်ရာရခဲ့ဖူးသည်။ ထိုစဉ်ကလည်း ကြားမှဝင်ခံခဲ့သည်။ ကျွန်တော့်ကို ကာကွယ်ခဲ့သည်ချည်းပင်။ ထိုအရွယ်မတိုင်မီ ကလေးဘဝတုန်းက အကြောင်းကလေးကလည်း ဆွတ်ပျံ့ဖွယ် ကောင်းလှပါသည်။

            အမေ ဆုံးပါးသွားပြီးနောက် အဖေသည် စိတ်ဓာတ် ပျက်ပြားသွားတော့သည်။ အလုပ်အကိုင်ဘက်ကိုလည်း စိတ်မဝင်စားတော့။ အရက်သေစာများ သောက်စားမူးယစ်လာတတ် သည်။ ဖဲကစားကျင့်များလည်း ရလာသည်။ အိမ်ဆောက်အလုပ်သမား အလုပ်ကိုလည်း မလုပ်တစ်ချက် လုပ်တစ်ချက် ဖြစ်လာသည်။ ထိုအခါ ကြီးကြီးသည် တစ်ဖက်တစ်လမ်းမှ အိမ်စရိတ်ကာမိအောင် ဈေးတောင်း ခေါင်းရွက်ရတော့သည်။ ထိုအခါမှစ၍ နောင်နှစ်ပေါင်းများစွာကြာအောင်ပင် ကြီးကြီးသည် မုန့်စိမ်းပေါင်းသည်အဖြစ် ရပ်တည်သွားခဲ့သည်။

            မုန့်စိမ်းပေါင်း ပေါင်းရသည်မှာ မလွယ်ကူလှပါ။ အလွန်ဗာဟီရများပါသည်။ မုန့်လုပ်ရာတွင် ငကျွဲဆန်ကွဲကို အသုံးပြုရပါသည်။ ထိုသို့ ဆန်ချောကို အသုံးပြုမှ မုန့်ကို စားရသောအခါ နူးနူးညံ့ညံ့နှင့် အရသာရှိပါမည်။ ဆန်ကွဲ တစ်ပြည်နှင့် လေးလုံးပေါင်းကို ထန်းလျက် ၇၅ ကျပ်သားခန့် ထည့်ရပါသည်။ အုန်းသီးတစ်လုံးဆို လုံလောက်ပါသည်။ ညကတည်းက ဆန်ကွဲကို ဒန်အိုးထဲတွင် ရေစိမ်ထားရပါသည်။ မနက်ပိုင်း ဈေးရောင်းပြီးမှ မုန့်ကြိတ်ဆုံသို့ သွား၍ မုန့်ကြိတ်ကြရပါသည်။ ကြီးကြီးနှင့် ကျွန်တော် လိုက်ကူပေးရပါသည်။ ကြီးကြီးတစ်လှည့်၊ ကျွန်တော်တစ်လှည့် မုန့်ကြိတ်ရပါသည်။

            ကြိတ်ပြီးသော မုန့်ရည်များကို ဂျုံအိတ်ခွံပါးတွင်ထည့်၍ ကျောက်တုံးကြီးနှင့် ဖိရပါသည်။ အရည်များ စစ်သွားအောင် ဖိရပါမည်။ မကြာမီ မုန့်တုံးကြီး ဖြစ်သွားပါသည်။ ထိုမုန့်တုံးကြီးကို အိတ်မှထုတ်၍ နည်းနည်းစီဖဲ့ကာ အခဲတုံးကလေးများ ပြုလုပ်ရပါသည်။ ထို့နောက် ရလာသော အခဲတုံးကလေးများကို နှီးဗန်းအကြီးကြီးတွင်ထည့်ကာ ခုံခု၍ လှမ်းရပါမည်။ နေလှမ်းရာတွင် မုန့်တုံးကို ကျီးကန်းများ ထိုးသုတ်ကြသဖြင့် မှန်တို့၊ လေးခွတို့နှင့် ချောက်လှန့် ထားရပါသည်။

            မိုးအခါများမှာ ဆိုလျှင် အိမ်ထဲတွင်ပင် သွေ့အောင် အတန်ကြာကြာ လှမ်းရပါသည်။ ထို့နောက် သွေ့နေသော မုန့်ခဲလေးများကို နှီးဗန်းကြီးထဲမှာပင် ပုလင်းဖြင့် ကြိတ်ရပါသည်။ အမှုန့်များကို သံဇကာဖြင့် စစ်ရပါသည်။ စစ်၍ရလာသော မုန့်အမှုန့်များကို ပေါင်းချောင်ထဲသို့ ဖြည်းဖြည်းချင်း တစ်ခါ ထည့်လျှင် လက်နှစ်ဖက်စာ သဲ့ယူ၍ ထည့်ရပါသည်။ အလွန်ညင်သာစွာ ပြုလုပ်ရပါသည်။ ထိုအချိန်၌ မီးဖိုပေါ်တွင် ခံအိုးက တည်ထားပြီး ဖြစ်ရပါမည်။ ခံအိုးပေါ်သို့ ပေါင်းချောင်အိုးကို တင်လိုက်ရုံနှင့် မပြီးသေးပါ။ ပေါင်းချောင်အိုးနှင့် ခံအိုးတို့ ထိတွေ့ရာ စပ်ကြားကို အသင့်ဆုတ်ဖြဲထားသော အဝတ်ဟောင်းစ အရှည်များဖြင့်ပတ်ကာ လုံအောင် ပြုလုပ်ရပါမည်။ ရေနွေးငွေ့များ မထွက်အောင် ဖြစ်ပါသည်။ မုန့်ကို ရေနွေးငွေ့ဖြင့် ပေါင်းခြင်း ဖြစ်ပါသည်။ ဒါကို အဖြူပေါင်းပေါင်းခြင်းဟု ခေါ်ပါသည်။ မုန့်ကျက် မကျက်ကို မုန့်ပေါင်းပေါ်သို့ အငွေ့များ တထောင်းထောင်း ထွက်နေခြင်းက သက်သေပြပါ သည်။ အငွေ့လှိုင်လှိုင် တော်တော်ကြာကြာ ထွက်ပြီးမှ ဖိုပေါ်က ချရပါသည်။

            နှီးဗန်းကြီးပေါ်သို့ ရလာသော အဖြူပေါင်းကို လောင်းချလိုက်ပါက တောင်ပို့အငယ်စားလေးကို ရလာပါမည်။ ထိုအငွေ့တထောင်းထောင်းထနေသော မုန့်ပေါင်းကို ပုလင်းဖြင့် တဖြည်းဖြည်းချင်း ဖဲ့ချေပစ်ရပါသည်။ ထိုဖဲ့ချေထားသော မုန့်ဖြူများကို ဒီအတိုင်းပဲ လေသလှပ် ခံထားရပါသည်။ ထို့နောက်မှ ခဲစသွေ့စ ပြုနေသော တွဲကပ်နေသည့် မုန့်ဖြူစများကို လက်ဖြင့် ကျေညက်သွားအောင် ဆုပ်နယ်ညှစ်ချေပစ်ရပါသည်။ ဒီတစ်ခါ ချေ၍ ရလာသော မုန့်ဖြူစများကို ဆန်ခါဖြင့် တိုက်ချရပါသည်။ ထိုသို့ အကြိမ်ကြိမ်အခါခါ နယ်လိုက်စစ်လိုက် လုပ်ရပါသည်။ ထို့နောက် မုန့်ဖြူနည်းနည်း ချန်ထားပြီးမှ ကျန်စစ်ပြီးသားများကို အမှိုက်မပါအောင် စစ်ထားသော ထန်းလျက်ရေသန့်သန့်လောင်းကာ ဖွဖွသာသာ နှံ့အောင် နယ်ရပါသည်။ ပြီးလျှင် ပေါင်းချောင်အိုးထဲသို့ ဖြည်းဖြည်းချင်း လက်ဖြင့် ခပ်သဲ့၍ ထည့်ရပါသည်။ ထည့်၍ တစ်ဝက်လောက် ရောက်သောအခါ ချန်ထားသော မုန့်ဖြူများကို ထည့်ရပါမည်။ ထို့နောက်မှ ဆက်၍ ထန်းလျက်ရေဖြင့် နယ်ထားသော မုန့်စိမ်းများကို ထပ်ထည့်ပြီးလျှင် မီးဖိုပေါ်မှ ခံအိုးပေါ်သို့ တင်ရပါမည်။ ရှေးနည်းတူ ခံအိုးနှင့်ပေါင်းချောင်တို့ ထိတွေ့ရာ ပတ်ပတ်လည်ကို လက်နှီးများဖြင့် လုံအောင် ပိတ်ရမည်။ မုန့်ပေါင်းနေစဉ်အတွင်း ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားခြင်း မပြုရပါ။ ထို့ကြောင့် သူ့ကို မုန့်မင်းသမီးဟုခေါ်ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ အရည်ဖြစ်အောင် ဆန်ကွဲကို ကြိတ်၍ မုန့်ပြုလုပ်ခြင်းဖြင့် စားရသောအခါ အရသာချိုမြနူးညံ့မှုကြောင့် မြန်မာကိတ်မုန့်ဟု တင်စားကြခြင်းဖြစ်သည်။

            အတန်ကြာလျှင် မုန့်ပေါင်းအိုးထဲမှ အငွေ့များ တထောင်းထောင်း ထွက်လာပြီး အငွေ့စုံအောင် စောင့်ရပါသည်။ အငွေ့စုံလျှင် မုန့်ပေါင်းကို အဝတ်ဖြူသန့်သန့်ခင်း၍ ခံထားသည့် သံလင်ဗန်းထဲသို့ လောင်းထည့်ရပါသည်။ မုန့်ပေါင်းသည် တောင်ပို့ကလေးလို အဖျားရှူး အရင်းကားနှင့် အလယ်တွင် အဖြူကြားလေးဖြင့် လှပစွာ တည်ရှိနေပါသည်။ ထို့နောက် ခံထားသောပိတ်ပါးဖြင့် မုန့်ပေါင်းကို စနစ်တကျ ထုပ်ပိုးပြီးသောအခါ ရောင်းချရန် အဆင်သင့် ဖြစ်သွားပါပြီ။ သို့ရာတွင် ကျန်သေးသည့်အလုပ်များမှာ နှမ်းအနည်းငယ်ကို ဆားအနည်းငယ်ဖြင့် ပေါင်းစပ်၍ လှော်ထားသော နှမ်းထောင်းလုပ် ရပါသည်။ အုန်းသီးကိုလည်း အပေါ်က အမွှေးများမရှိအောင် သင်ထားပြီးမှ ထက်ခြမ်းခွဲထားရပါမည်။ သို့မှသာ မုန့်ရောင်းသောအခါ အဆင်သင့် ဖြစ်နေပါမည်။ နောက်ထပ် ယူဆောင်သွားရမည့် ပစ္စည်းများမှာ အုန်းခြစ်၊ ချိန်ခွင်၊ အလေးချို့နှင့် ထည့်ပေးရန် ဖက်တို့ဖြစ်ပါသည်။ (ယခုခေတ်တွင် ဖက်အစား ပလတ်စတစ်အိတ်များကို အသုံးပြုပါသည်။)

            အလွန် ဗာဟီရများသော မုန့်တစ်မျိုး ဖြစ်ပါသည်။ ကြီးကြီး၏ မုန့်စိမ်းပေါင်းမှာ ထန်းလျက်ကို ခိုသည့်အနေဖြင့် ဆေးသကြားကို လုံးဝထည့်၍မသုံးပါ။ ထို့ကြောင့် ရင်ကျပ်ပန်းနာသမား အများစုသည် ကြီးကြီး၏ မုန့်စိမ်းပေါင်းကိုသာ စောင့်၍ ဝယ်စားကြပါသည်။ မနက် အစောကြီး ဝေလီဝေလင်း ဈေးစထွက်ပြီး ရပ်ကွက်လေးငါးရပ်ကွက် လျှောက်ရောင်းလိုက်ရုံနှင့် မနက် ၇ နာရီမထိုးခင်မှာပင် တစ်ပြည်ခွဲလုပ် မုန့်စိမ်းပေါင်းလည်း ကုန်သွားပါတော့သည်။

            နေ့စဉ်နေ့တိုင်း မုန့်စိမ်းပေါင်းရောင်းရာသို့ ကျွန်တော့်ကို ခေါ်သွားလေ့ ရှိပါသည်။

            'မုန့်စိမ်းပေါင်း ပူပူနွေးနွေး'

            သည်သို့ ကျွန်တော့်ကို အော်ခိုင်းပါသည်။ ကြီးကြီး တစ်လှည့်၊ ကျွန်တော် တစ်လှည့်အော်ရင်း တစ်လမ်းဝင် တစ်လမ်းထွက်နှင့် ကြီးကြီးက ကျွန်တော်၏ကလေးသံလေးဖြင့် အော်သောအသံ သေးသေးကြောင်ကြောင်လေးကို သိပ်သဘောကျပါသည်။ မကြာခဏ ကျွန်တော့်ကို အော်ခိုင်းပါသည်။ ငါ့သားအော်တဲ့ အသံလေးက သိပ်ကောင်းလို့ ရောင်းရတာ သားရဲ့။ အော်စမ်းပါဦးလေ ဆိုလေ ကျွန်တော်ကလည်း မမောတမ်း အော်လေ။ ကျွန်တော့်တို့ သားအမိ၏ မနက်ခင်း ကြည်နူးဖွယ် မြင်ကွင်းကို မျှယူခံစားတတ်သော၊ ကြည့်တတ်မြင်တတ်သော မည်သူမဆို ပီတိပွားကြမည်သာ ဖြစ်ပါသည်။

            တစ်နေ့နံနက် ဆန်စက်နားသို့ ရောက်သွားသည်။ ဒီနေရာကလည်း ကျွန်တော်တို့ နေ့စဉ်သွားရောင်းနေကျ ဈေးကွက်တစ်ခုပင်။ စပါးထမ်းနေသော အလုပ်ကြမ်းသမားများသည် အဆာခံသော ကြီးကြီးမုန့်စိမ်းပေါင်းကို အားပေးနေကျ ဖောက်သည်များပင်။

            ထိုစဉ် ဝုတ်ခနဲ အသံတစ်သံက ဂိုဒေါင်ကြားမှ ထွက်လာသည်။ နောက်ကနေ ကျွန်တော့်ကို လှမ်းဟပ်လိုက်သည်။ လျှပ်တစ်ပြက်အတွင်း ကြီးကြီးသည် ကျွန်တော့်အား ဆွဲဖက်ပြီး ကြားမှဝင်လိုက်သည်။ ခွေးက ကြီးကြီး ညာဘက်ခြေသလုံးကို ကိုက်မိသွားပြီး မလှမ်းမကမ်းမှ လူတချို့ ပြေးလာကြပြီး ခွေးကို ချောက်ကြ၊ မောင်းကြ ပစ်ခတ်ရိုက်ပုတ်လိုက်ကြသဖြင့် ခွေးမှာ တဂိန်ဂိန်အော်၍ ထွက်ပြေးသွားသည်။ ကြီးကြီးလည်း ဈေးတောင်းကို ထိန်းလျက် နာကျင်ခြင်းတစ်ဖက်နှင့်ပင် ထိုင်ချလိုက်သည်။

            ထိုဒဏ်ရာဖြင့် ကြီးကြီးဈေးသုံးရက် မထွက်နိုင်။ ထုံးစံအတိုင်းပင် ရွာဦးကျောင်းမှ ဘုန်းတော်ကြီး၏ ဆေးဝါးဖြင့်ပင် သက်သာသွားခဲ့သည်။ အကယ်၍သာ ခွေးရူးဖြစ်နေပါက ကြီးကြီး၏ အဖြစ်မှာ မတွေးဝံ့စရာ။ သူ့သား ကျွန်တော့်အတွက် ငဲ့ကွက်မှုများ၊ စာနာမှုများ၊ အနစ်နာခံမှုများ၏ ပြယုဂ်ပင် မဟုတ်ပါလား။

            ယင်း အဖြစ်အပျက်သည်ပင် လောက၏ ဇာတ်ဝင်ခန်းတစ်ခန်းပင် မဟုတ်ပါလော။ ကျွန်တော့်အတွက် တစ်သက် မမေ့နိုင်စရာ ကြီးကြီး၏ မေတ္တာတော် အနန္တထဲမှ တုနှိုင်းမဲ့ကောက် ကြောင်းတစ်ခု မဟုတ်ပါလော။

၆။

ကြီးကြီးပေးတဲ့အသက်

            ကြီးကြီးကို သင်္ဂြိဟ်ပြီး နောက်နှစ်ရက်တွင် မမကြီးနှင့် မမလေးတို့ ရောက်လာကြပါသည်။ ကျွန်တော်၏ မျက်စိပေါ်မှ ပတ်တီးစကို ကြည့်၍ သူတို့စိတ်မကောင်း ဖြစ်နေကြသည်။ နောက်ကျ တော့မှ သူတို့လည်း အစ်ကိုကြီးတို့ဇနီးမောင်နှံကို မတွေ့သဖြင့် မေးမြန်းရာမှ အကြောင်းစုံကို သိသွားကြ တော့သည်။

            ကျွန်တော်လည်း မမတို့ ရောက်လာကြသဖြင့် အားရှိသွားပါသည်။ အဖေလည်း တစ်ချိန်လုံး မျက်နှာညှိုးနွမ်းနေရာမှ လန်းလန်းဆန်းဆန်း ဖြစ်သွားပါသည်။ ညရောက်သောအခါ မမတို့နှင့် ထိုင်၍ ကြီးကြီးအကြောင်း ရှေးဟောင်းနှောင်းဖြစ်များကို စမြုံပြန်ကြပါသည်။ များသောအားဖြင့် စကားဝိုင်းတွင် ကျွန်တော်ကချည်းပဲ ကြီးကြီးအကြောင်းကို ဒိုင်ခံ၍ ပြောပြတာများပါသည်။ သူတို့တစ်တွေက အဝေးမှာနေကြတာဖြစ်၍ ကျွန်တော်တို့ အိမ်တွင်းရေးကို သိပ်မသိကြပါ။

            ကျွန်တော် ၁၂ နှစ်သား အရွယ်မှစ၍ အလုပ်မျိုးစုံ လုပ်ရပါသည်။ အဖေက အိမ်ကို လှည့်မကြည့်တာများတော့ ကိုယ့်အားကိုယ်ကိုးရပါသည်။ ကြီးကြီး ဈေးရောင်းတာလေးနှင့် မလောက်ငှ၍ ကျောင်းစရိတ်ဖိုး၊ အဝတ်အစားဖိုး၊ မုန့်ဖိုးတို့အတွက် နွေအခါတွင် ရေထမ်းရောင်းရပါသည်။ ထို့ပြင် နောက်ထပ် မြိုးမြိုးမြက်မြက်ကလေးရသော အလုပ်တစ်ခုကိုလည်း ကျွန်တော့် အနေဖြင့် ပိုင်ပိုင်နိုင်နိုင် လုပ်တတ် ကိုင်တတ်နေပါပြီ။ ယင်းအလုပ်က ပျံကျတံငါ အလုပ်ကလေး တစ်ခုမျှသာ။ ငါးဇင်းရိုင်းပုံးထောင်သော အလုပ်ဖြစ်ပါသည်။ မိုးနှင့် ဆောင်းအခါများတွင် အိမ်ဘေးရှိ ကမာအောင်ချောင်းကလေးမှာ ငါးဇင်ရိုင်းပုံးထောင်ခြင်း ဖြစ်ပါသည်။

            ထိုအလုပ်ကို လုပ်ကိုင်ရာတွင် ကျွန်တော်က ငယ်သေးသဖြင့် မနိုင်မနင်းဖြစ်မှာစိုး၍ ကြီးကြီးပါ လိုက်ပါကူညီလေ့ရှိပါသည်။ ငါးဇင်ရိုင်းပုံးဆိုသည်မှာ ဝါးနှီးဖြင့်ရက်ထားသော လည်ပင်းပါ အိုးတစ်လုံး ပုံသဏ္ဌာန်ရှိသော်လည်း အိုးကဲ့သို့ ဝိုင်းဝိုင်းကြီး မဟုတ်ပါ။ လေးထောင့်ကျကျဖြစ်ပါသည်။ လည်ပင်းက ဟောင်းလောင်းပေါက်နှင့် ဆေးဘက်အလယ်ခေါင်တွင် လေးထောင့် အပေါက်ရှည်လေးကို အောက်ခြေမှနေ၍ အပေါ်ဘက် တစ်ဝက်ခန့် ဖောက်ထားပါသည်။ ထိုအပေါက်တွင် အဆင့်တပ် ထားကာ အစာထည့်ပြီး အပေါ်မှ အဝတ်စဖြင့် ဖုံးအုပ်လျက် လည်ပင်းမှနေ ပုံး၏ပခုံးထက် ပုံကျနေသော အဝတ်စများကို အုန်းဆံကြိုးဖြင့် စည်းနှောင်ထားရပါသည်။ ငါးစာအတွက် ထမင်းဖြင့်နယ်ထားသော ငါးပိစိမ်းစား အညံ့စားများ ဖြစ်ပါသည်။

            ထိုပုံး အလုံးနှစ်ဆယ်ခန့်တို့ကို ထမ်းပိုးရှည်မှာ သိုင်းလျှိုထမ်းနိုင်အောင် လည်ပင်းတွင် ကြိုးတစ်ချောင်းတန်း လန်းဖြစ်အောင် ဆွဲချည်ထားပါသည်။ ယင်းကြိုးတွင် ရွှံ့ထဲတွင် ငုပ်သဖွယ် စိုက်နိုင်အောင် ဝါးချွန်တစ်ခု ချည်ထားပါသည်။ ရေတက်ရေကျ ကြည့်၍လုပ်ရသော လုပ်ငန်း ဖြစ်ပါသည်။

            ရေတက်ခါနီးတွင် ကျွန်တော်သည် ထမ်းပိုးအရှည်ကြီးဖြင့် ပုံးများကို နှစ်လုံးစီ ကြိုးများဖြင့် ဆိုင်း၍ တစ်ဖက်တစ်ချက်တွင် တင်ကာ ချောင်းဆီသို့ ထမ်းသွားရပါသည်။ ချောင်းထဲရောက်တော့ ငါးရနိုင်သည့်နေရာ အကွက်အကွင်းကို ကြည့်၍ထောင်ရပါသည်။ ရေထဆိုလျှင် ရေဝက် လောက်တက်အောင် စောင့်ပြီးမှ ထောင်ရပါသည်။ ရေထတွင် ရေစီးကြမ်းသဖြင့် ရေတက်စမှစ၍ အောက်ခြေကနေ ထောင်လိုက်လျှင် ထည့်ထားသော အစာများကို နုံးများရွှံ့များ ဖုံးလွှမ်းသွားသဖြင့် ငါးများစားဖို့ရာ မဖြစ်နိုင်တော့ပါ။ ရေသေတွင်မူကား ရေမတက်မီ ရေစပ်မှ စ၍ ထောင်ရပါသည်။

            ပုံးထောင်နည်းမှာ အရင်ဦးဆုံး ပုံးချသည့်နေရာကို ကွက်၍ ဖနောင့်ဖြင့် ဆောင့်နင်းကာ ကျင်းလုပ်ရပါသည်။ ရံဖန်ရံခါ လက်ဖြင့်လည်း ကူရပါသည်။ ပုံးဖင် တစ်နေရာစာ ယက်ထားသော ကျင်းတွင်ပုံးရှိ အခင်ပါသော အပေါက်ကို ချောင်းဘက်သို့ လှည့်၍ချပြီး ဘေးတစ်ဖက်တစ်ချက်စီမှ နေ၍ ရွှံ့များဖြင့် ဖိပုံရပါသည်။ ရေက တဖြည်းဖြည်းနှင့် တက်လာမည်ဖြစ်သဖြင့် ပုံးမလှုပ်နိုင်အောင် ပုံးမပေါ်လာနိုင်အောင် လုပ်ခြင်းဖြစ်ပါသည်။ ထို့နောက် အဝင်ပေါက် ရှေ့တစ်ပြင်လုံးကို ငါးဇင်ရိုင်းများ ရှောရှောရှူရှူ ဝင်နိုင်ဖို့ ရာအတွက် ရွှံ့များကို ညီညာအောင် လမ်းချောပေးရပါသည်။ ပြီးလျှင် ပုံးလည်ပင်း ကြိုးတွင် တန်းလန်းပါလာသော ငုပ်ကို ရွှံ့ထဲသို့ ခိုင်အောင် ထိုးစိုက်လိုက်ရပါသည်။ ဤနည်းအားဖြင့် ရေမတက်မီ ပုံးများကို တစ်လုံးပြီးတစ်လုံး လိုက်ထောင်ရပါသည်။

            တစ်ညသား၌ ရေကကျနေပြီဖြစ်သဖြင့် ပုံးဖော်ဖို့ရာ အိပ်ရာမှထရပါသည်။ ညသန်းခေါင်ယံကြီးတွင် မိုးကလည်း သဲသဲမဲမဲ ရွာနေပါသည်။ လေကလည်း တရကြမ်း တိုက်နေပါသည်။ ဒီကြားထဲမှာ ကြောက်မက်ဖွယ် မိုးကြိုးတွေကပစ်၊ လျှပ်စီးက တစ်ဖျပ်ဖျပ်နှင့် လက်နေပါသည်။

            ပုံးဖော်လျှင် လိုက်နေကျဖြစ်သော ကြီးကြီးလည်း ပါလာပါသည်။ ကျွန်တော်သည် ပုံးထောင်ထားရာသို့ ရှေ့မှစိုက်စိုက်စိုက်စိုက်နှင့် သွားနေပါသည်။ ခေါင်းပေါ်မှ ခမောက်ကလည်းလေ တိုက်နေသဖြင့် ခဏခဏ လွင့်ကျနေပါသည်။ ရေအခြေအနေကို ကြည့်လိုက်တော့ ဖော်ရန် အနည်းငယ် လိုနေသေးသည်။ ပုံးတွေကလည်ပင်းတောင်မှ မပေါ်သေးပါ။ သို့သော် စောင့်နေ၍ မဖြစ်။ အိမ်သို့တစ်ခေါက် မပြန်ချင်တော့။ လက်ထဲက ပါလာသည့် ထမ်းပိုးကို ဆွဲ၍ မှန်းကာ ရေထဲသို့ ပိုက်တစ်ဝက် မြှုပ်မျှ ဆင်းလိုက်သည်။ ပြီးတော့ ထမ်းပိုးဖြင့် လိုက်၍ ဆန်ကို ပြည်တောင်းနှင့် ခြင်သောအခါ ဇလုတ်တိုက်သလို ရေအောက်သို့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ထမ်းပိုးနှင့် ဇလုတ်လိုက် တိုက်ပါသည်။ ထိုအခါ ဒုတ်ခနဲ တိုက်မိသံနှင့်အတူ ပုံးတစ်လုံးကို တိုက်မိသည်။ ထမ်းပိုးကို ထိုနေရာတစ်ဝိုက် ထိုးစိုက်လိုက်ပြီး ပုံးကို ငုပ်၍ ဖော်လိုက်သည်။ ဘွမ်းခနဲ ရေစင်သံနှင့်အတူ ပုံးက ပါလာပြီး အထဲမှ ငါးများ၏ တဝုန်းဝုန်းအသံကို ထိတွေ့သိနေရသည်။ လူက စိတ်အား တက်ကြွလာပြီး မျက်စိများပါ ကျယ်လာသည်။ ဒီည ငါးလိုက်သည်ပဲ။ သို့ဖြင့် ဆက်၍ တစ်ပုံးပြီးတစ်ပုံး စမ်း၍ ဖော်နေမိသည်။

            ဖော်လို့ ရသမျှပုံးကို ကြီးကြီးဆီ သွားပို့လိုက်၊ ဖော်လိုက်နှင့် အချိန်က အတော်ညောင်းသွားပြီ။ လူက ငါးရသောညမို့ မောရမှန်းမသိ၊ ချမ်းရစီးရမှန်း မသိ။ ပတ်ဝန်းကျင်တွင်တော့ ဘာမျှမမြင်ရလောက်အောင်ကို မိုးက မှောင်နေသည်။ မိုးက အဆက်မပြတ် သည်းသည်းထန်ထန် ရွာနေသည်။ မုန်တိုင်းက သစ်ပင်တွေ ကျိုးကျေအောင် တိုက်ခတ်နေသည်။ သို့ပေမင့် ကျွန်တော့်မှာ ကြောက်ရမှန်း လန့်ရမှန်း မသိ။ ငါးရသည့် ဇောက ကပ်နေသည်။ သို့ဖြင့် ပုံးဆယ့်ငါးလုံးခန့် ဖော်ပြီးနေပြီ။

            ထိုအခိုက် နောက်ပုံး တစ်ပုံးကို ထမ်းပိုးဖြင့် အတိုက်ချောက်ထဲသို့ ချော်ကျသွားသည်။ အပေါ်သို့ ပြန်တက်ဖို့ ကြိုးစားယက်ကန်ပါသော်လည်း ခြေက မတည်မိတော့။ ချောင်းလယ်သို့ ရေစီးက ဆွဲချသွားသည်။ ကျွန်တော် ရေနစ်နေခြင်းကို တစ်ချက်တစ်ချက် ပြိုးပြက်နေသော လျှပ်ရောင်ကြောင့် ကြီးကြီး ရုတ်တရက် မြင်တွေ့သွားလိမ့်မည်။

            'လူလေးရေ၊ ကူးထားကူးထား၊ ကြီးကြီးလာပြီ'

            ကျွန်တော့်နားထဲတွင် ကြီးကြီးအော်သံကို ကြားသလိုလို၊ မကြားသလိုလို။ တရစပ် ရွာနေသော မိုးကြောင့် ရေစီးက ပိုသန်နေသည်။ ကျွန်တော်က ကြိုးစားကူးခတ်နေရင်း ရေအောက်သို့ တစ်ကြိမ်ရောက် သွားရပြီးပြီ။ ယခုတစ်ခါ ထပ်မံ၍ အားတင်းကူးခပ်နေရသော်လည်း လူက မောဟိုက်နေသည်။ ဒုတိယအကြိမ် ရေအောက်သို့ ပြန်မရောက်အောင် ဇွဲခတ်ရုန်း ကန်ပါသော်လည်း အချည်း အနှီးပင်။ ကျွန်တော်က ခြေကုန်လက်ပန်းကျနေပြီ။ ခြေနှင့်လက်တို့ကို မသယ်ချင်တော့။ ဘယ်လိုပဲ တောင့်ခံ တောင့်ခံ ဒုတိယအကြိမ် နစ်မြုပ်သွားပြန်ပြီ။ ပါးစပ်ထဲသို့ ရေတွေ တရဟောဝင်လာ သည်။ ဗိုက်ထဲမှာ ရေငန်တွေ ပြည့်နေပြီ။ သတိက လစ်ချင်ချင်။ ကံကောင်းထောက်မစွာ ခြေထောက်က တစ်စုံတစ်ခုကို ကန်လိုက်မိ ဟန်တူသည်။ လူက ရေပေါ်သို့ မပေါ်ချင့် ပေါ်ချင် ပြန်ပေါ်လာသည်။ ထိုစဉ် လှမ်းဆွဲလိုက်သလို ခံစားရ ပြီးနောက် မှောင်အတိကျ သွားတော့သည်။

            ကြီးကြီးသည် ကျွန်တော့်ကို အကြိမ်ကြိမ်လိုက်လံပြီး ခက်ခက်ခဲခဲ သယ်ရလိမ့်မည်။ ကြီးကြီး လည်း ခြေကုန်လက်ပန်းကျကာ ကျွန်တော့်ကို ဆွဲမိပါလာရာမှ အားကုန်ညှစ်ပြီး ကမ်းစပ်ဆီ ကူးခတ်ခဲ့ရလိမ့်မည်။ ကုန်းကို ခြေထောက်မိသည်နှင့် ကျွန်တော့်ကို ပွေ့ကာ ကမ်းပါးပေါ် ဆွဲတင် လိမ့်မည်။ ထိုမှနေ၍ ကြီးကြီးသည် ခေတ္တမျှ အသက်ဝအောင်ရှူ အမောဖြေပြီး ကျွန်တော့်ကို ကျောပိုးကာ အိမ်ဆီသို့ သယ်လာသည်။

            ကံကြမ္မာ၏ မျက်နှာသာ ပြန်ပေးမှုဖြင့် ကြီးကြီးပခုံးပေါ်မှာ ဇောက်ထိုးပါလာသော ကျွန်တော့်အနေအထားသည် ပါးစပ်ထဲမှ ရေကို အန်ကျအောင် လုပ်ပေးသလို ဖြစ်သွားသည်။ ကျွန်တော့်ပါးစပ်မှ ရေများ တပွက်ပွက် အန်ကျလာသည်။ ဗိုက်ထဲရေဝင်ပြီး မွန်းနေမှုများ သက်သာလာ သည်။ တစ်စတစ်စ အသက်ရှူလို့ ပြန်ရလာသည်။ အသက်ရှူမဝတဝ ဖြစ်နေရာမှ အဆုတ်များ ပြန်လည် အလုပ်လုပ်လာနိုင်ပြီ။ ကျွန်တော် သတိရလာပြီ။ အိမ်ရှေ့ ကွက်ပျစ်ပေါ်အချ ကျွန်တော့်နှုတ်မှလည်း ကြီးကြီး၊ ကြီးကြီးနှင့် ခပ်ယဲ့ယဲ့ လှမ်းခေါ်လိုက်မိသည်။

            'ဟင်... သား သတိရလာပြီ။ သား သတိရလာပြီ'

            ထိုအခါကျမှ တစ်လမ်းလုံး 'ကယ်ကြပါဦး''လုပ်ကြပါဦး' အော်လာသည့် ကြီးကြီး၏ ငိုသံပါကြီးနှင့် မျက်နှာကြီး လက်ခနဲ ပြုံးမြသွားတာကို လျှပ်ရောင်ဖြင့် ခပ်ဝါးဝါး တွေ့လိုက်ရပါသည်။ တစ်ပြိုင်နက်တည်းပင် 'မသေကောင်း မပျောက်ကောင်း သားရယ်' ဆိုကာ ဖက်ငိုပြန်ပါတော့သည်။ ကျွန်တော့်မှာ အမေမွေးတဲ့ အသက်မရှိတော့။ ကြီးကြီးပေးတဲ့ အသက်ပဲ ရှိတော့သည်။

            ဤသည်မှာ ကျွန်တော့် ဘဝပုံကြမ်းလေးများထဲတွင် ထာဝစဉ် နေရာယူနေတော့မည့် ကြီးကြီး၏ နောက်ထပ် အနှိုင်းမဲ့ ကောက်ကြောင်း တစ်စပင် ဖြစ်ပါတော့သည်။

            ထိုည၌ ကျွန်တော်တို့ မောင်နှမတစ်တွေ အိပ်ရာဝင် နောက်ကျခဲ့သဖြင့် အဖေမှ မနည်းကြီး နှိုးယူခဲ့ရသည်။ ကြီးကြီး၏ ရက်လည်အတွက် ဝယ်ရခြမ်းရမည့် ကိစ္စများကြောင့် ကျွန်တော်တို့လည်း အိပ်ရာမှ လူးလဲ ထလိုက်ကြရပါတော့သည်။

၇။

ကြီးကြီး၏ နောက်ဆုံးနေ့ရက်များ

            ကြီးကြီး၏ ရက်လည် ဆွမ်းသွတ်ကိစ္စများကို ရပ်ကွက် သာရေးနာရေးအဖွဲ့သို့ အပ်ထားပါသော်လည်း ကျွန်တော်တို့ ကာယကံရှင်များဘက်က လိုအပ်သည် များကိုမူ ဝယ်ခြမ်းပေးရပါ သည်။ မုန့်ဟင်းခါး ဆွမ်းသွတ်မည် ဖြစ်သဖြင့် ဘုန်းကြီးငါးပါးကိုလည်း ပင့်ထားပါသည်။

            ညနေစောင်းသောအခါ မမတို့နှင့်အတူ အစ်ကိုကြီးကို သွားခေါ်ကြပါသည်။ ကျွန်တော်တို့ ရပ်ကွက်မှ ဘီအိုင်ရပ်ကွက်သို့ နာရီဝက်ခန့် သွားရပါသည်။ ကျွန်တော့် မျက်စိမှ ပတ်တီးစကို ဖြည်ထားပြီး ဖြစ်ပါသည်။ ဆေးရုံမှ ညွှန်းလိုက်သော မျက်စဉ်းဆေးကို နေ့တိုင်းခတ်ပေးသဖြင့် သက်သာစပြုပြီ ဖြစ်ပါသည်။ အယောင်အကိုင်းများလည်း ကျသွား၍ အတော်အတန်ကြည့်လို့ ကောင်းလာပါပြီ။ မြင်စပြုလာပြီ ဖြစ်ပါသည်။

            ဟိုရောက်တော့ အစ်ကိုကြီးကို အိမ်မှာမတွေ့။ မနက်ဖြန် ဆွမ်းသွတ်လာဖို့ ကျွန်တော်တို့က ပြောကြတော့ မရီးဖြစ်သူက ခပ်စူစူဖြင့် အစ်ကိုကြီးပြန်လာလျှင် ပြောလိုက်မည်ဟု ဆိုပါသည်။ ခုထက်ထိ သူတို့ဘက်က စိတ်ဆိုးပြေသေးပုံ မပေါ်သော်လည်း ကိုယ့်ဘက်က ဝတ္တရားရှိသည်မို့ အလိုက်အထိုက်ပြောပြီး ပြန်လာပါသည်။ ဤကဲ့သို့ပင် ကြီးကြီးကွယ်လွန်ခါနီးအချိန်ကလည်း အစ်ကိုကြီးအား သွားခေါ်ခိုင်းရာတွင် နှောင့်နှေးကြန့်ကြာခဲ့သည်ပဲ။

            ကြီးကြီး အိပ်ရာပေါ်လဲသော နေ့ရက်များ၌ အဖေနှင့် ကျွန်တော်သည် တတ်စွမ်းသမျှ ဆေးဝါးကုသခဲ့ပါသည်။ ပြင်ပဆေးခန်းတွင် ပြသနေရာမှ မသက်သာသဖြင့် ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးသို့ တင်ရပါသည်။ ကြီးကြီးတွင် ရောဂါဟူ၍ မယ်မယ်ရရ မရှိဟု ထင်နေကြပါသည်။ အသက် ၇၂ နှစ်ရှိပြီ ဖြစ်သဖြင့် မီးစာကုန်ဆီခမ်းသဘောမျိုး ဖြစ်ဟန် ယူဆကြပါသည်။

            ဖြစ်စကတည်းက တစ်ကိုယ်လုံး ဖောယောင်နေခဲ့ပါသည်။ အဖောမှာ ဆေးခန်းပြလိုက် ခေတ္တပြန်ကျသွားလိုက် ပြန်ဖြစ်လိုက်နှင့် ရှိနေပါသည်။ ယခုလည်း ဆေးရုံသာ တင်ရသည်။ ရောဂါက မထူးခြား။ အတတ်နိုင်ဆုံး ညွှန်ကြားသမျှ ဆေးဝါးများကို မဖြစ်ဖြစ်တဲ့နည်းနှင့် ဝယ်ယူတိုက် ကျွေးခဲ့ပါသည်။ တစ်နေ့တခြား ကြီးကြီး၏ ပထဝီပျက်ယွင်းမှုမှာ ထူးမခြားနားသာ ဖြစ်ခဲ့သည်။

            နောက်ဆုံး၌ ဆေးရုံမှ အိမ်သို့ ပြန်ဆင်းလာခဲ့ပါသည်။ ကြီးကြီး၏ နောက်ဆုံးနေ့ရက်များက နီးကပ်လာပြီ ဖြစ်သည်။ တစ်ညတွင် ကြီးကြီးသည် သက်ငင်ဇောဖြင့် မျောသွားပါသည်။ သတိမှာ ပြန်လည်မလာဘဲ နှစ်ရက်ခန့် ကြာသွားပါသည်။ နီးစပ်ရာဆေးခန်းမှ ဆရာဝန်ကို ပင့်၍ပြပါသည်။ ဆေးနှစ်လုံး ထိုးပေးပါသည်။ မကြာခင် သတိပြန် ရလာပါသည်။ ကြီးကြီး တစ်ကိုယ်လုံးမှာမူ ဖောရောင် ကိုင်းအစ်လျက် ရှိဆဲပင် ဖြစ်ပါသည်။

            'ဆေး...နှစ်...ပြား ဖိုးလောက် ထိုးပေးပါ။ ဆေး...နှစ်ပြား...ဖိုးလောက် ထိုးပေးပါ'

            သည်သို့ ကြီးကြီးက ညည်းညူရောင်ရမ်းရင်း မျက်စိပွင့်လာပါသည်။

            'သား...သားလေး ဘယ်မှာလဲ'

            'သားရှိတယ်။ အနားမှာ သားရှိတယ်လေ ကြီးကြီး'

            ကျွန်တော်က ကြီးကြီးကို ရင်ခွင်ထဲသို့ ထွေးပွေ့ရင်း ပြန်ထူးလိုက်ပါသည်။ ကြီးကြီး၏ ဆေးနှစ်ပြားဖိုးလောက် ထိုးပေးပါအသံက ကျွန်တော့်ရင်ကို ဓားနဲ့ဆွဲသလို ခံရခက်လှပါသည်။ ကြီးကြီး၏ နောက်ဆုံးတောင့်တသံမှာ ကျွန်တော်တို့ ဘဝအခြေအနေကို အရှိအတိုင်း ဖော်ပြနေသလို ဖြစ်နေပေသည်။ ငွေကြေးချမ်းသာ ကြွယ်ဝသူများလို ကြီးကြီးရောဂါကို အစစအရာရာ ကုသခြင်း ပြုလုပ်ပေးရန် အင်အားမရှိခဲ့။ အမှည့်ကြွေကြွေတော့မှာပဲ လေဟူသော အထင်အမြင်များဖြင့်သာ စိတ်ကို ဖြေသိမ့်နေကြရပေသည်။

            ကြီးကြီးမှာ မိုင်အဝေးကြီးက လာရသလို မောဟိုက်တုန်ရီနေသည်။ ကြီးကြီး ရင်အစုံတို့ ပင်ပန်းကြီးစွာ ဖိုလှိုက်နေကြသည်။ ဖားဖိုကြီး ထိုးလိုက်သလို ရင်ခေါင်းထဲမှ ရှူးရှူးရှဲရှဲအသံများ ထွက်နေ၏။ မျက်လုံးအိမ်မှ ဇီးကင်းခန့်မျက်ရည်ပေါက်ကြီးများက ပါးပြင်ပေါ်သို့ တစ်ပေါက်ချင်း လိမ့်ဆင်းကျလာနေပါသည်။

            အဖေက ဘေးအိမ်မှ သူငယ်ချင်းဖြစ်သူ မြင့်မြင့်ကြွယ်ကို အစ်ကိုကြီးဆီ လွှတ်၍ အခေါ်ခိုင်းလိုက်သည်။ မြင့်မြင့်ကြွယ်စက်ဘီးနှင့် အမောတကောသာ ပြန်လာသည်။ အစ်ကိုကြီး ပါလာတာ မတွေ့ရ။ အစ်ကိုကြီးမှာ ရပ်ကွက် အုပ်ချုပ်ရေးတာဝန်များနှင့် အိမ်မှာမရှိဟု သိရပါသည်။

            'ဂီး...ဂီး...ဂီး'

            ငှက်ဆိုးထိုးသံက ကျွန်တော်တို့ အိမ်တစ်ဝိုက်ကိုသာ ပိုက်စိပ်တိုက်ထိုးနေ၏။ အတိတ်နိမိတ်များကလည်း မကောင်းလှ။ ကြီးကြီးအခြေအနေမှာ ခြေဖျားတို့က စပြီး အေးစက်လိုက်လာသည်။ ဖောင်းကား မို့အစ်နေသော ခြေချောင်းလေးများက စတင်ပြီး မလှုပ်ရှားနိုင်တော့။ တစ်ဖြည်းဖြည်းနှင့် ဆီကုန်ခန်းလိုက်လာသည့် မီးစာလို ဖြစ်လာသည်။ လှိုက်ဖိုနေသော ရင်အစုံတို့ပင် ငြိမ်ကျသွားပြီး ခန္ဓာကိုယ်က တောင့်တောင့်ကြီး ဖြစ်လိုက်လာသည်။ ဦးခေါင်းတစ်ခုတည်းသာ လှုပ်ရုံလှုပ်နိုင်တော့သည်။ နှုတ်ဖျားမှ ခပ်သဲ့သဲ့ ဗလုံးဗထွေး ပြောနေသံက မပီမသ။

            'ဆေး...နှစ်...ပြား ဖိုးလောက်... ထိုး...ပေး... ပါ'

            အဖေက ဘေးမှနေ၍ ဘုရားစာများ ရွတ်ဖတ် သရဇ္ဈာယ်နေသည်။ ရေနံဆီ မီးရောင်အောက်ဝယ် အဖေ့မျက်နှာပြင်ပေါ်တွင် မျက်ရည်များက ဟိုတစ်စ သည်တစ်စ။

            ဟော... ကြည့်နေရင်းနှင့် ဦးခေါင်းလည်း ငြိမ်သွား ပြီ။ ကြီးကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်နေသော အဖေနှင့် ကျွန်တော့် ဆီသို့ ဦးခေါင်းက မလှည့်နိုင်တော့။ လှုပ်ရှား၍မရတော့။ သို့ပေမင့် မျက်လုံးနှစ်လုံးက ထောင့်ကပ်၍ အဖေနှင့် ကျွန်တော့်ကို တစ်လှည့်စီ ကြည့်နိုင်နေသေးသည်။ ထိုအချိန်မှစပြီး ကြီးကြီးနှုတ်မှ စကားသံ လုံးဝထွက်မလာနိုင်တော့။

            အပြင်ဘက်တွင် မိုးက စင်စင်လင်းနေပြီ။ အစ်ကိုကြီးက ရောက်မလာသေး။ ကြီးကြီး၏ အခြေအနေက ဆုတ်ယုတ်သထက် ဆုတ်ယုတ်လာနေပြီ။ အသက်ရှူသံက ပိုပြင်းလာသည်။ ခက်ခက်ခဲခဲ ရှူနေရသည်။ ရင်ခေါင်းထဲမှ ချွဲကျပ်သံများလည်း ရပ်စပြုနေပြီ။ ချက်ချင်းပင် မျက်လုံးနှစ်လုံးလည်း သေသွားပြီ။ ချဲကျပ်သံများလည်း ရပ်သွားပြီ။ အံ့သြစရာ လည်ပင်းမှ အကြောစိမ်းလေး တစ်ခုသာ တလှုပ်လှုပ်နှင့် ကျန်နေသေး ပြန်သည်။ ကြီးကြီးက သူ့ ဇီဝိန်ကို လည်ပင်းကြော၌ တည်စိုက်ထားရင်း အစ်ကိုကြီးအလာကို စောင့်နေဟန် တူသည်။

            'ကြီးကြီး၊ ကျွန်တော်တို့ ရောက်လာပြီလေ။ ကြီးကြီး ကြားလားဟင်'

            အိမ်ပေါ်သို့ အစ်ကိုကြီးနှင့် ဇနီးတို့ အပြေးတက်လာကြပြီး ကြီးကြီးဘေးဝင်ထိုင်ကာ ပြောလိုက်ခြင်း ဖြစ်သည်။ အချိန်က တော်တော် နှောင်းသွားပြီ။ အသက်မီရုံလေးပဲလို့ ပြောရမည်လား မသိ။ ကြီးကြီးက အစ်ကိုကြီးကို သူ၏ နောက်ဆုံးထွက်သက်အထိ သံယောဇဉ်ကြီးမားစွာဖြင့် စောင့်ဆိုင်းနေသည်ဟု ပြောလို့ရမည်လား မသိ။ တအောင့်ကြာတော့မှ လည်ပင်းကြော လှုပ်တာ လေးလည်း ပျောက်သွားသည်။

            တစ်ပြိုင်နက်တည်း ကျွန်တော်တို့အားလုံး မချုပ်တည်းနိုင်ကြတော့ဘဲ အော်ဟစ် ငိုရှိုက်လိုက်ကြသည်။ ကျွန်တော့်အတွက် ဘယ်လိုမှ အစားထိုး၍ မရနိုင်သော မဟာဆုံးရှုံးမှုကြီး တစ်ခုပင်။ လောကအလယ်တွင် ကျွန်တော်သည် ဒုတိယအကြိမ် အမိမဲ့သား ဖြစ်ရပြန်ပါပြီ။

            'ဆေး...နှစ်...ပြား ဖိုး...လောက် ထိုး...ပေး... ပါ'

            ဖြည်မဆည်နိုင်အောင် ကြီးကြီး၏ နောက်ဆုံး တောင့်တသံက လောကဓံကို စိန်ခေါ်သွားသည်တော့ မဟုတ်တန်ရာ။ လူချင်းမတူ၊ သူချင်းမမျှသော ဘဝ၏ ဒဏ်ရာဒဏ်ချက်များမှ ထွက်ပေါ်လာသည့် မချိတင်ကဲ ရင်နင့်သံသာ ဖြစ်ပေလိမ့်မည်။

            ထားပါတော့။

            ကြီးကြီး၏ တုနှိုင်းမဲ့ မေတ္တာတော် အနန္တကို အောက်မေ့ရင်း ကျွန်တော်၏ ဘဝပုံကြမ်းကလေးများထဲမှ ကြီးကြီး၏ ဇာတ်ဝင်ခန်းများကို အဆုံးသတ်ပါရစေတော့။

            ကျွန်တော်၏ ဒုတိယ အမေ၊ ဒုတိယနို့ချို ကျွန်တော်၏ ကြီးကြီးကောင်းရာ သုဂတိလားပါစေ။

ဖြိုးထိန်

(အမှတ် ၁၉၄၊ ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

ရွှေဝတ္ထုရှည် စ/ဆုံး
...
တကယ့်အိပ်မက်ပုံပြင်
မသီတာ ၊စမ်းချောင်း၊

ဟေ့... တွေးမနေနဲ့...မင်း မှန်တယ်။ အဲဒါ တစ်ခါက တကယ်မရှိဘူး။ အိပ်မက်လားလို့ မေးမလို့လား။ စဉ်းစားပေါ့။ အခု တကယ်တွေ့နေရပြီပဲ။ ပုံပြင် မဟုတ်ဘူး။ မြင်တယ် မဟုတ်လား။ အမိုးကို ကြည့်လိုက်စမ်းပါ။ မော့ကြည့်လိုက်စ...

ရွှေဝတ္ထုရှည် စ/ဆုံး
...
ကျွဲပွဲ
နေဝင်းမြင့်

ကျွဲပွဲတဲ့ဘာလဲ ကျွဲပွဲ သူကြီးအိမ်မှာ ဖျတ်ခနဲ ကြားလိုက်ရတဲ့ သတင်း ရွာထဲပြေးပြောချင်ကြလှပြီ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ကျွဲပွဲဆိုတာ ဘာမှန်းမသိတော့ ခက်သားကလား ကလေးတွေမှ မသိတာ မဟုတ်ဘူး ရပ်မိရပ်ဖ လူကြီ...

ရွှေဝတ္ထုရှည် စ/ဆုံး
...
မီးကင်းစောင့်
နေဝင်းမြင့်

ညည်းတို့များတော့အေ နှစ်ပါးသွားထဲ ငုတ်တုတ်ထိုင် လက်ခုပ်တီးရတာလောက် မင်းသမီး နာမည်ခံနေကြတာများ ငါပါးစပ်က မရယ်ချင်ဘူး မြစ်ထဲ ဆားလှေ မှောက်သလို ဂွမ်းတစ်ပိဿာ အကျွမ်းဖုတ်လို့မှ ပြာတစ်ဆုပ်မရချင် ရချင်ဟာတွေ ည...