နုနုရည်အင်းဝ
ညနေစောင်းခါမှ မပြောမဆိုနဲ့ မိုးက ဝေါကနဲအော်ပြီး ရွာချလာတယ်။ ထုံးစံအတိုင်းပဲ လန့်တတ်တဲ့ ဂျစ်တူးလေးရဲ့ ဗြဲခနဲ အော်သံကလည်းထွက်လာတယ်။ ရိုးနေပြီဖြစ်တဲ့ ကျွန်တော့်နားထဲမှာတော့ မိဂျစ်တူးရဲ့ ဂျီတိုက်သံနဲ့ မီးဖိုချောင်ပန်းကန်စင်ပေါ်ကို သက်ကယ်ဆွေးကြားထဲက မိုးပေါက်တွေ ကျနေတဲ့အသံဟာ ဆိုင်းသံနဲ့ သီချင်းသံလိုပဲ။
‘မုန့်ပေး...၊ မုန့်ပေး...’
တော်တော် အော်နိုင်တဲ့ဟာမလေး၊
နားကိုအူသွားတာပဲ။ ကြီးလာရင် အမေ့လိုပဲ အဆိုတော် ဖြစ်လိမ့်မယ်နဲ့တူရဲ့...။
‘မအော်ရဘူးလေ မိဂျစ်တူးရဲ့၊
အဖေပြန်လာတော့ ကိုကြီးက ဝယ်ကျွေးမှာပေါ့...နော်’
‘ဟင့်အင်း... မုန့်ပေး’
မိဂျစ်တူးလေးကတော့ မုန့်မရမချင်း အခေါင်ခြစ်ပြီး
အော်နေတော့မှာပဲ။ ကျွန်တော် ဘာတတ်နိုင်မှာလဲ။ သူ့မျက်ရည်တွေ နှာရည်တွေကို
သုတ်ပေးရင်း သူရုန်းကန် ထုရိုက်သမျှကို ခံရုံကလွဲလို့ ကျွန်တော် ဘာတတ်နိုင်မှာလဲ။
‘ဟဲ့... ဘယ်သူလဲ၊
ဒါလောက်အော်ငိုနေတာ... ဟေ၊ ဂျစ်တူးတို့ မျောက်တူးတို့ မောင်နှမတွေ
ဘာဖြစ်နေကြတာလဲ... ဟေ...’
ဟော လူမမြင်ရသေးဘူး၊
အသံကအရင်ရောက်လာတဲ့ ဖွားရွှေဂုန်။ အမေ့ရဲ့ ဆိုးဖော်ဆိုးဖက် ဘော်ဒါကြီး။ ရွှေဂုန်သူ
မြသန်းကြည်။ ဒါကြောင့်မို့လည်း အဆိုတော် ဖြစ်တာပေါ့။ သူ့အသံကျယ်ကြီးကို ကြားတာနဲ့
မိဂျစ်တူးရဲ့ ငိုသံဟာ ခလုပ်နှိပ်လိုက်သလိုပဲ။ တိခနဲ ပြတ်တောက်ပြီး
ငြိမ်သွားလိုက်တာမှ၊ ကောင်းတယ်၊ ကျွန်တော့်မယ် ဝမ်းလည်းသာရသေး၊ သနားလည်း သနားရသေး။
‘ဘာလဲ...အားအားရှိ
ဂျီတိုက်ပြီးငိုနေတာ၊ ဘာမှတ်လဲ၊ ဟဲ့... ဟိုကောင်လေး မျောက်တူး၊ နင်တို့အဖေရော
ဘယ်သွားလဲ၊ ထမင်းကော စားပြီးမလား၊ ချက်ကော ချက်ရသေးရဲ့လား’
ဖွားရွှေဂုန်ရဲ့ အသံကျယ်ကြီးဟာ
ကျွန်တော်တို့ အိမ်ခန်းလေးကို မောင်ပိုင်းစီးလိုက်ပြီ။ သူပြောချင်တာတွေကို အဆက်မပြတ်
ပြောတော့မှာ။
'တစ်ခါတည်း ဘုရားပန်းတွေလည်း
ခြောက်သရောင်းနေတာပဲ၊ နင်တို့ အမေများ မြင်လို့ကတော့...ဟင်း၊ သွားလေသူ မြသူဇာဟာ
နှစ်ခါပြန် သေချင်စိတ် ပေါက်သွားမယ်၊ နင့်အဖေ ငမူးရောလို့ဆို ကောင်လေး'
'အဖေ...ဒိုးဝိုင်းလိုက်သွားတယ်
ဖွားရွှေဂုန်ရ၊ ညောင်တုန်းကို တစ်ညအိပ် သွားတာ၊ ဒီနေ့ ပြန်လာမယ်တဲ့...'
'အော...အလုပ်လုပ် ဖော်တော့
ရသေးသားပဲ၊ ပိုက်ဆံရော ထားခဲ့ရဲ့လား... ကောင်လေး'
'ထားခဲ့ပါတယ်၊ ထမင်းတော့
မစားဘူး၊ မုန့်ဟင်းခါး ဝယ်စားတယ်...'
'စားရရဲ့သားနဲ့များ ဒီဟာမလေးက
ဘာနားပူနားဆာ လုပ်နေရတာတုန်း...ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား...'
'ဖွားရွှေဂုန်ကလည်း
ကလေးဆိုတော့ မုန့်စားချင်တာပေါ့ဗျ...'
'အောင်မယ်၊ ဒါလေးများထိရင်
နာပြီ၊ သူက ဖအေကျနေတာပဲ၊ ရော့... မုန့်ဖိုး ငါးဆယ်၊ ပြီးတော့ကျ သွားဝယ်ကျွေးလိုက်။
ဟင်း... ကျွေးလို့သာ ကျွေးရတာ၊ အဲဒီဟာမလေးကိုများ၊ ငါက သိပ်မျက်နှာကြောတည့်တာများ
မှတ်မနေနဲ့...'
ဖွားရွှေဂုန် အကြောင်းကို
ကျွန်တော်ကတော့ သိပြီးသားပါ။ ဒါပေမယ့် သုံးနှစ်သမီး မိဂျစ်တူးလေးကတော့ ဘာသိရှာမှာတုန်း။
ဒါကိုပဲ ဖွားရွှေဂုန်တစ်ယောက်ကတော့ ဒီသုံးနှစ်သမီးကိုပဲ (အမေ့ကို
ချစ်တဲ့ခင်တဲ့စိတ်နဲ့ အသက်ကြီးမှ သူ့ကိုမွေးရလို့ အမေဆုံးရတယ်ဆိုပြီး) ရန်ရှာလို့
မဆုံး၊ ရန်လုပ်လို့ မဆုံး..။ တဖျစ်တောက်တောက် ပြောလို့ မဆုံး...။
'နင့်အမေက ပြောစကားမှ
နားမထောင်တာ၊ မိသူဇာ...ညည်းလင် ငမူးနဲ့ နောက်ကလေးတစ်ယောက်တော့ မရပေ့စေနဲ့နော်၊
မယူနဲ့တော့နော်နဲ့ ငါအတန်တန် ပြောသားပဲ။ တစ်ခါတည်း ဟုတ်ကဲ့ပါ၊ စိတ်ချပါ၊
ဒေါ်လေးကလည်း မျောက်တူးတောင် ဆယ်နှစ်ကျော်နေပြီ၊ ကျွန်မ ကလေးမရတော့ပါဘူး၊
သေချာပါတယ်နဲ့လေ။ မပြောလိုက်ချင်ဘူး။ ဟဲ့... မျောက်တူး။ နင်အခု အသက်
ဘယ်လောက်ပါလိမ့်'
'အဖေ ပြောတာပဲ၊
ဆယ့်ငါးနှစ်တဲ့'
'ဟဲ့...ဟုတ်ကဲ့လား၊
ဒီငမူးကလည်း တောင်ပြော၊ မြောက်ပြော...'
'ဟုတ်ပါတယ် ဖွားရွှေဂုန်ရဲ့၊
အမေဆုံးတုန်းက ကျွန်တော် ဆယ့်နှစ်နှစ်ဥစ္စာ၊ အမေဆုံးတာ သုံးနှစ်ရှိပြီလေ...'
ဖွားရွှေဂုန်က 'အင်း'
ဆိုပြီး ငိုင်တွေတွေကြီးနဲ့။ ကျွန်တော်က မိဂျစ်တူးလေးကို ချီပြီး
မုန့်ဆိုင်ကို မြန်မြန်ပြေး ချင်လှပြီ။
'ဖွားရွှေဂုန်က မုန့်ဖိုးတွေ
ဘာတွေပေးတော့ နတ်ပွဲရှိလို့လား...ဟုတ်လား'
'အေး...ရှိတယ်၊ မနက်ဖြန်၊
တော်သေးတာပေါ့၊ ဟိုအဆိုတော်ကောင်မလေး တစ်ယောက်က အသံဝင်နေလို့...၊ ငါ့လာခေါ်တာ...'
'ကျွန်တော်တို့
မုန့်ဆိုင်သွားတော့မယ်'
'အေး...အေး...၊ ဟဲ့ ...
ဟဲ့... ခဏနေဦး၊ နင် ဟိုတိုက်ဆောက်တဲ့ဆီမှာ အလုပ်လုပ်နေဆို'
'ဟုတ်တယ်လေ၊ အဲဒီ အလုပ်က
ပြီးသွားပြီ ဖွားရွှေဂုန်ရ၊ ကျွန်တော်က မဆလာပဲ သယ်တတ်တာ ဥစ္စာ'
'အေး...ဒါဆို အတော်ပဲ၊
နင့်ကို အလုပ်ပေးရမယ်'
'ဘာအလုပ်လဲ'
'နက်ဖြန် ငါနဲ့နတ်ပွဲ
လိုက်ခဲ့၊ ဟိုမှာ 'ကျား' လုပ်မယ့်သူ
လိုနေတယ်...'
'ကျား...ဟုတ်လား၊ ဟာ
ကျွန်တော်မှ မလုပ်တတ်တာ'
'ဟဲ့...ဘာမလုပ်တတ်ရမှာလဲ၊
နတ်ပွဲမှာ စီးတော်ကျားလုပ်တဲ့လူကို နင်ငယ်ငယ်တုန်းက မမြင်ဖူးဘူးလား'
'မြင်တော့မြင်ဖူးတာပေါ့'
'အေးလေ...၊ ပုဝါလေးတစ်ထည်
ခေါင်းချည်ပြီး နတ်ကတော်နောက်က လေးဘက်ထောက် လိုက်ရုံပဲ၊ ဒါပဲ၊ ပြီးတော့
ဘေးမှာထိုင်နေတဲ့ လူတွေကို ခေါင်းလေးနဲ့ တိုက်၊ ပိုက်ဆံတောင်း'
'ဟာဗျာ...ရှက်စရာကြီး၊
မလုပ်ချင်ပါဘူး...'
'ဟဲ...ဘာမလုပ်ချင်ရမှာလဲ၊
ပိုက်ဆံရမယ့် အလုပ်ကို၊ လူလေးကဖြင့် လက်တစ်ဆစ်လောက်နဲ့ ရှက်သလေး ဘာလေးနဲ့၊ ခုပွဲက
သူဌေးပွဲဟဲ့၊ သီးသန့်ပွဲ...၊ ပိုက်ဆံရမှာ နားလည်လား'
'ကျွန်တော့်ကို
ဘယ်လောက်ပေးမှာလဲ'
'တစ်ထောင်ပေးမှာ၊ ပြီးတော့
နင်ခေါင်းတိုက်ကြေးလေး ဘာလေးလည်း ပေးဦးမှာလေ'
'လိုက်မယ်ဗျာ ချမယ်'
'ဟဲ့...ကောင်မလေးကို
နင့်အဖေနဲ့ ထားခဲ့နော်၊ မခေါ်ခဲ့နဲ့'
နောက်ဆုံးတော့ ဖွားရွှေဂုန်နဲ့
ကျွန်တော် သဘောတူညီချက် ရသွားခဲ့ပါတယ်။ ဖွားရွှေဂုန်က မနက်ဖြန် မနက် စောစောတဲ့...။
ပိုက်ဆံတော့ လိုချင်တယ်။ ဒါပေမယ့်... ကျွန်တော် ကြောက်လည်း ကြောက်တယ်။
□
'ထထထ သာညွှန်း ထထထ
ငှက်မောင်နှံ ထထထ ပျံ ထထထ ပျံချင်ပြီ ထထထ မှုံရီ ထထထ မှုံရီမှုံဝါး ထထထ
လျှပ်ခိုးတိမ်တောင် ထထထ လွမ်းလေအောင် ထထထ '
နတ်ဆိုင်းသံဟာ ကျွန်တော့်ရင်ကို
တဒိတ်ဒိတ် ခုန်စေပြီး ငိုလည်း ငိုချင်စေပါတယ်။ အမေ့ကို သတိရလို့ပေါ့။ သနပ်ခါးတွေ
ဖွေးနေအောင် လိမ်းပြီး နှုတ်ခမ်းနီရဲရဲလေး ဆိုးထားတဲ့ အမေ့အသံ စူးစူးလေးကို ကျွန်တော် လွမ်းပါတယ်။
ဆိုင်းဝိုင်းကြီး ဘေးနားမှာ ပုံ့ပုံ့လေး ထိုင်ရင်း လည်ချောင်းတွေ ထောင်နေအောင်
တအားအော် ရရှာတာ။ အမေရေ...၊ ဒါ လောက်ကြီးတဲ့၊ ဒါလောက် လှပခမ်းနားတဲ့
တိုက်ကြီးမျိုးကို ကျွန်တော်တစ်ခါမှ မမြင်ဖူးဘူး။ သူတို့ ဧည့်ခန်းကြီးက
နတ်ကန္နားပွဲ မဏ္ဍပ်တစ်ခု စာလောက်ကို ကျယ်တာ အမေရ။ မဏ္ဍပ်မထိုးဘဲ
အိမ်အောက်ထပ်မှာတင် နတ်ပွဲလုပ်လို့ရတယ်။ ကျားလုပ်ရမှာကို ကြောက်ရတဲ့ထဲ
နတ်ကတော်အဖွဲ့ထဲက မိန်းမလျာတွေက ကျားလေး၊ ကျားလေးဆိုပြီး လာဖက်နမ်းလို့
ထွက်ပြေးရသေးတယ်။ စိတ်ညစ်ပြီး ပြန်ကိုပြေးချင်ရော။ 'ဟဲ့...မျောက်တူး...လာဦး...'
အရေးထဲ ဖွားရွှေဂုန်က ပျာယာပျာယာနဲ့
လာပြန်ပြီ။ ဘာမပြော ညာမပြောနဲ့ ခြံထောင့်ဆွဲခေါ်သွားပြန်တယ်။
'နင်...မျောက်လို
ကတတ်လား...ကောင်လေး'
'ဟာ...မကတတ်ပါဘူး၊
ဖွားရွှေဂုန်နော် ကျွန်တော့်ကို ကျားပဲလုပ်ရမယ်လို့ပြော ပြီးတော့၊
မျောက်လုပ်ခိုင်း မလို့လား၊ ကျွန်တော် မလုပ်ဘူးနော်...'
ဖွားရွှေဂုန်က ကျွန်တော့်
ကိုကြည့်ပြီး သွားကျိုးပါးကျိုးနဲ့ ရယ်တယ်။
'နာမည်က မျောက်နာမည်
မှည့်ထားပြီး မျောက်ကကျ မကတတ်ဘူး၊ ဒီမှာကြည့် ငါလုပ်ပြမယ်...'
အဲဗျာ...ဒုက္ခပဲ၊ ဒီဘွားတော်နဲ့တော့...၊
နှုတ်ခမ်းကြီး ထော်၊ ခေါင်းတွေကုပ်ပြီး လူက ပုကွပုကွနဲ့ မျောက်က ကပြနေသေးတယ်။
'တွေ့လား...လွယ်လွယ်လေးကို၊
နင်မလုပ်တတ်ဖူးလား...'
'ဟာ...မလုပ်တတ် ပါဘူးဆို၊
ဖွားရွှေဂုန်နော်၊ ကျွန်တော့်ကို ဇွတ်လုပ်ခိုင်းရင် ကျွန်တော်ပြန်ပြေးမှာဗျ'
'ကဲပါ၊ ကဲပါ ပြန်တော့
မပြေးပါနဲ့ ကျေးဇူးရှင်လေးရယ်၊ ကျားလုပ်တာထက် မျောက်က ကတာက ပိုကောင်းတယ်ဟဲ့၊ နင်
နားမလည်ပါဘူး'
တော်ပါပြီဗျာ၊ ဘာတွေ ပြောနေမှန်းလဲ
မသိဘူး။ ဒီမှာ...အလိုလိုနေရင်း ရင်တွေ ဒိတ်ဒိတ်၊ ဒိတ်ဒိတ် ဖြစ်နေပါတယ်ဆိုမှ။
'ဟဲ့...ကျား...၊ ကျား...
ဘယ်မလဲ'
'ကျားလေးရေ၊ ကျားလေး'
ဟော...ခေါ်ပြီဗျ၊ ခေါ်ကုန်ကြပြီ။
တိုက်ကြီး နောက်ဖေးထဲကို။ ကျွန်တော် ဘယ်လို ပြေးဝင်သွားမိမှန်းလည်း မသိဘူး။
နတ်ဆိုင်းသံတွေ ကြားထဲက လူတွေရှေ့ကို မိန်းမလျာ နတ်ကတော် တစ်ယောက်နဲ့ တူတူ ဘယ်လို
ရောက်သွားမှန်းလည်း မသိလိုက်ပါဘူး။ ကော်ဇောကြီးပေါ်မှာ လေးဘက်ထောက်လေးနဲ့ ဟိုပြေး၊
ဒီပြေးလုပ်လိုက်၊ နတ်ကတော်က စီးတော်ကျား ကျောပေါ်ထိုင်ပြီး စကားပြောချင်ရင်
ငြိမ်နေလိုက်ရနဲ့...။ တချို့မိန်းမကြီးတွေက ကျွန်တော့်ခေါင်းကို ပွေ့ဖက်ပြီး
ဆုတွေအများကြီး တောင်းကြတယ်။ ရေမွှေးတွေနဲ့ ဖြန်းတာကိုတော့ ကျွန်တော်
အကြိုက်ဆုံးပဲ။ ကျွန်တော့် တစ်ခေါင်းလုံး မွှေးကြိုင်နေတာပဲ။ ဖွားရွှေဂုန်
အသံကျယ်ကျယ်တုန်တုန်ကြီးကိုတောင် မကြားတချက် ကြားတစ်ချက်နဲ့ ကျွန်တော့် အခန်း
ဘယ်လိုပြီးပြီး နောက်ဖေးခန်းထဲ ဘယ်လိုပြန် ရောက်သွားမှန်းလည်း မသိဘူး။ ကျွန်တော့်
တစ်ကိုယ်လုံးတုန်ပြီး ချွေးတွေက ရွှဲနစ်နေတယ်။ ခေါင်းပေါင်းပုဝါကို ကျွန်တော်
ဆွဲချွတ်ပစ်လိုက်တယ်။ ဟာ...ပိုက်ဆံတွေ၊ ခေါင်းပေါင်းပုဝါကြားထဲက ထွက်ကျလာတဲ့ ပိုက်ဆံတွေ
အများကြီးပဲ...။
'ဟဲ့...ဟိုကောင်လေး ပုဝါထဲက
အရွက်ကြီး မပါရင် သူ့ပေးလိုက်ပါ'
နတ်ကတော် အကြီးဆုံးရဲ့
လှမ်းပြောသံနဲ့အတူ သူ့တပည့် မိန်းမလျာတစ်ယောက်က ပိုက်ဆံတွေဆီ ဖျတ်ကနဲ
လှမ်းကြည့်ပြီး 'အရွက်ကြီး မပါပါဘူး၊ ယူလိုက်၊ ယူလိုက်' တဲ့။
နှစ်ရာတန်နဲ့ ရာတန် အခေါက်လေးတွေကို ပျာပျာသလဲ ကျွန်တော် စုပြီးကောက်လိုက်တယ်။
တော်တော်များတယ်။ တော်တော်များတယ်။ တုန်တုန်ရီရီနဲ့ ကျွန်တော် ရေကြည့်မယ်လုပ်ရင်း
ဟော...မျောက်၊ မျောက်ကြီး တဲ့...။ နောက်ဖေးခန်းက လူတွေ သည်းကနဲ လှုပ်သွားကြပြီး
ရှေ့ဖက်ခန်းကို ပြေးသွားကြတယ်။ ဘာဖြစ်တာလဲ။ ဟောဗျာ။ မင်းသမီး သုံးယောက်လို
ဆံထုံးတွေ၊ ပန်းတွေ၊ မိတ်ကပ်တွေနဲ့ ပြင်ဆင်ပြီး ထွက်သွားတဲ့ မိန်းမလျာသုံးယောက်ဟာ
ဖွားရွှေဂုန် လုပ်ပြသလို ကုန်းကွ၊ ကုန်းကွနဲ့ မျောက်က 'က'
လို့။ လူတွေက လက်ခုပ်ဝိုင်းတီးကြလို့။ အဲဒီအချိန်မှာ
ဆိုဖာကြီးပေါ်ကနေ ရုတ်တရက် ထရပ်လိုက်တဲ့သူက မိဂျစ်တူးတို့အရွယ် ကလေးလေး
တစ်ယောက်ပေါ့။ သူက အားရပါးရ လက်ခုပ် လေးတီးပြီး တခစ်ခစ်အော် ရယ်တယ်။ ဂါဝန်လှလှလေး
တအိအိလှုပ်သွားအောင်လည်း ခုန်ပေါက်လိုက်တယ်။ ပြီးတော့ သူ့ဘေးနားက ငွေဖလားထဲကနေ
ပိုက်ဆံတစ်ထပ်ကို ဆွဲယူလိုက်ပြီး ငါးရာတန်နဲ့ နှစ်ရာတန်တွေကို မျောက်က 'က' နေတဲ့ မင်းသမီးတွေဆီ လှမ်းပစ်ပေးတော့တာပဲ။
တစ်ရွက်ပြီး တစ်ရွက်။ တစ်ရွက်ပြီး တစ်ရွက်။ အော်...သူက ဒီအိမ်ရှင်ရဲ့ တစ်ဦးတည်းသော
မြေးမလေးတဲ့။ ဖွားရွှေဂုန်ရေ။ ကျွန်တော် သဘောပေါက်ပါပြီ။ ကျွန်တော့်ကို ဘာလို့
မျောက်က 'က'စေချင်တယ် ဆိုတာကို
ကျွန်တော် သိပြီ။
ငေးကြည့်နေတဲ့ ကျွန်တော့်ပခုံးကို
တစ်စုံတစ်ယောက်က အသာအယာတို့တယ်။ ပြန်တော့မလို့နဲ့ တူတယ်၊ စိန်တွေရွှေတွေ
အများကြီးနဲ့ အန်တီတစ်ယောက်က သူထိုင်ခဲ့တဲ့နေရာကို မေးငေါ့ပြတယ်။ သူထိုင်တဲ့
ဘေးနားမှာ နတ်တွေဝင်တုန်းက စွန့်ခဲ့တဲ့ စားစရာတွေ၊ စားတော်စာတွေ
အပုံလိုက်ကြီးရှိတယ်။ 'ယူလိုက်တော့' တဲ့။
ကျွန်တော့်ကို ပေးတာ။
တဟုန်ထိုးပြေးပြီး ကျွန်တော့် ပုဆိုးထဲကို သိမ်းကျုံးထည့်လိုက်တယ်။ မုန့်ထုပ်တွေ၊
ချိုချဉ်တွေ၊ ဘဲဥပြုတ်၊ ပန်းသီး၊ သစ်တော်သီးတွေ။ ပြီးတော့ ပြီးတော့ ဝေဖာ၊ ဝေဖာ
ထုပ်ရှည်ရှည်လေးတွေ၊ နိုင်ငံခြားဖြစ် ဝေဖာထုပ် ရှည်ရှည်လေးတွေ၊ မိဂျစ်တူးလေး
ဘယ်လောက်ငိုပြီး ပူဆာ၊ ပူဆာကျွန်တော်အမြဲ ရှောင်ပြေးခဲ့ရတာလေ...။
ဒီအထုပ်မျိုးလေးတွေကို တစ်ခါမှ မစားဖူးရှာတဲ့ ကျွန်တော့်ရဲ့ ညီမလေး...။ အဖေ
အိမ်ပြန်နောက်ကျတဲ့နေ့တွေမှာ ကျွန်တော်တို့မောင်နှမနှစ်ယောက် ရေကို
မုန့်လိုသောက်ပြီး အိပ်ပျော်ခဲ့ကြရတာလေ။ ကျွန်တော် နောက်ဆို ဖွားရွှေဂုန်ကြီးနဲ့
နတ်ပွဲ အမြဲတမ်းလိုက်မယ်။ ကျားလည်း လုပ်မယ်၊ မျောက်လည်း လုပ်မယ်၊ ဘာပဲခိုင်းခိုင်း
ကျွန်တော် လုပ်ပါ့မယ်။ ခိုင်းသမျှ ကျွန်တော် လုပ်ပါ့မယ်။ကျွန်တော် လုံးဝ
မရှက်တော့ပါဘူး။
▀
နုနုရည်အင်းဝ
(အမှတ် ၁၉၄၊
ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်