ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊
အမှတ် ၂
ဒေသ ကောလိပ်၊ လှိုင်နယ်မြေ၊ ရန်ကုန်ဒေသ။ မြစ်ဝကျွန်းပေါ်က စီးဆင်းလာတဲ့ မြစ်တစ်စင်းနဲ့
ရှမ်းရိုးမက ဆင်းလာတဲ့ တောင်တန်းတစ်ခုဟာ အမှတ် ၂ ဒေသကောလိပ်ရဲ့ ပထမနှစ်သင်္ချာ M.7
မှာ ပေါင်းစုံမိကြတော့တယ်။ မြစ်ဝကျွန်းပေါ်သားက အောင်ချမ်းသာ။
တောင်တန်းဒေသသားက
စိုင်းမင်းဒင်။ ဒုတိယနှစ် ရုပ်ရှင်လုပ်ငန်း အတတ်ပညာဌာနရဲ့ စာသင်ခန်းဘေး
အထက်အုတ်ခုံလှေကားမှာ ဒေသသူပန်းတစ်ပွင့်ကို ကြူမလို့ စောင့်နေလေတယ်။
ကန်ဘေး
ကုက္ကိုရိပ်လမ်းအတိုင်း ကျောင်းနယ်ထဲ ဝင်လာတဲ့ကားတွေဆီ အကြည့်ရဲရဲပေးလို့။
'ဟေ့ကောင်၊
မင်းဒင် ခုချိန်မှမလာရင် မင်းဟာက မလာတော့ဘူးနဲ့ တူတယ်။ ကျောင်းတက်တော့မယ်ကွ၊ လစ်မှ'
'နေစမ်းပါဦးဟ။
ဘယ်လိုဖြစ်နေရတာတုန်း။ ပြူးကို ပြူးတယ်'
'ခု
ပထမအချိန်က အက်စ်အက်စ်ရဲ့ ရူပဗေဒအချိန်ကွ'
'ခေါက်ထားစမ်းပါကွာ။
သူ့ကျူရှင် အချိန်မှန် တက်နေတာပဲဟာ။ နောက် ငါးမိနစ်စောင့်။ ဟာ...မီးခဲပဲ'
မင်းဒင်ရဲ့
ဟာ...မီးခဲပဲ ဆိုတဲ့အသံ၊ အထိတ်တလန့် အမူအရာကြောင့် အောင်ချမ်းသာလမ်းမဆီ
ကြည့်လိုက်မိတယ်။ အဖြူရောင် စီးတော်ယာဉ်ပေါ်က မြေပြင်ထက် ဆင်းသက်လာတဲ့
ပန်းနှစ်ပွင့်။ ပြင်ဝတ်၊ ဆွဲဆန့်၊ ခါထုတ်ပြီး အုတ်ခုံလှေကားအတိုင်း အပေါ်ကို
လွင့်မျောတက်လာကြတော့တယ်။
ပန်းနှစ်ပွင့်
လွင့်လာတာများ ရာဇဣန္ဒြေပျက်ရတယ်လို့။ အောင်ချမ်းသာ မင်းဒင်ကို မကြည်မလင် ကြည့်ရင်း
'ဒါက
ဘာဖြစ်ရတာတုန်း'လို့ မေးလိုက်တယ်။
'ရှူး...
ဟေ့ကောင်၊ အသာနေ။ အဲဒါ ငါ့အမျိုးမီးခဲတုံးတွေဟ'
'ဟဲ့...မင်းဒင်၊
ဒီမှာ ဘာထိုင်လုပ်နေတာလဲ။ အတန်းမတက်ဘူးလား'
လှေကားအတိုင်း
ပြေးတက်လာတဲ့ အသံလှိုင်းတစ်ခုဟာ မာရေကျောရေ နိုင်လှချည်ရဲ့လို့ အောင်ချမ်းသာ
တွေးလိုက်မိတယ်။
'အဲ...အဲ...တက်မှာပေါ့ဟ။
ဒီမှာ ဒီကောင်ဟာ ခဏစောင့်ပေးဆိုတာနဲ့'
'ဟေ'
အောင်ချမ်းသာ
ပါးစပ်က ဟေ...တစ်လုံးခုန်ထွက်လာပြီး အကြည့်ရဲရဲတစ်ခု မင်းဒင်ဆီ ပို့လွှတ်လိုက်တယ်။
မင်းဒင်ရဲ့ မျက်နှာပေါ်မှာ အားနာတောင်းပန်တဲ့ အရိပ်တွေ ထင်ဟပ်နေလေရဲ့။
လှေကားအတိုင်း တက်လာတဲ့ ဒေသ ၂၊ ပန်းနှစ်ပွင့် မင်းဒင်ရှေ့မှာ
မီးနီမိသွားလေရော့ထင်။ တုံ့ခနဲ ရပ်သွား တော့တယ်။
'သြော်...
မိတ်ဆက်ပေးရဦးမယ်။ အောင်ချမ်းသာ၊ ဒါ ငါ့အစ်မ ပန်းမြတ်မေ။ သူက ညီမလေး ပန်းပွင့်ငယ်၊
သူကတော့ ငါနဲ့ အတန်းတူဘော်ဒါ အောင်ချမ်းသာတဲ့။ မြစ်ဝကျွန်းပေါ်သား'
'တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်
အောင်ချမ်းသာပါ။ နောက်တွေ့လည်း ခေါ်ပါ။ ကျွန်တော် သွေးမကြီးတတ်ပါဘူး။ ခင်တတ်ပါတယ်'
ပါးစပ်က ပြောချင်ရာ ပြောရင်း အငယ်မ
ပန်းပွင့်ငယ်ကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလိုက်လေရဲ့။
ပန်းမြတ်မေရဲ့ စူးရှတဲ့
မျက်စောင်းတစ်ချက် လက်ခနဲ လွင့်ထွက်လာလေတယ်။ နောက်...
'မင်းဒင်၊ နင်
သူငယ်ချင်းပေါင်းတာ ကြည့်ပေါင်း။ ဘယ်လိုဟာမျိုးတွေနဲ့ ပေါင်းနေတာလဲ'လို့ ပြောပြီး ပန်းပွင့်ငယ် လက်ဆွဲထွက်သွားတော့တယ်။
မျက်စောင်းလာမှန်တာလည်း အောင်ချမ်းသာ
မသိလိုက်။ ချီးမွမ်းသွားတာ လည်းမကြားလိုက်။ မင်းဒင် သူ့လက်ကို ကပျာကယာ ရိုက်ချလိုက်တာလည်း
သတိမထားမိလိုက်။
အဲဒီနေ့ အဲဒီအချိန်ကစပြီး
တောင်တန်းဒေသ ပန်းတစ်ပွင့်ဟာ မြစ်တစ်စင်းရဲ့ လွတ်လပ်စွာ စီးဆင်းမှုကို
ရပ်တန့်သွားစေခဲ့တော့တယ်။
□
ဒုတိယနှစ်မှာ...။
မင်းဒင် ငမိုက်သားက သူ့ကောင်မလေး
ယူတဲ့ဆောက်လုပ်ရေး အတတ်ပညာကို ယူ၊ အောင်ချမ်းသာကို လမ်းခွဲသွားတော့တယ်။
ဒေသနှစ်ရဲ့ နတ်ကောင်း နတ်မြတ်တွေ
အောင်ချမ်းသာကို သနားလေရော့ထင်။ အောင်ချမ်းသာ ယူတဲ့ သတ္တုလုပ်ငန်း အတတ်ပညာ ဌာနဆီ
တောင်တန်းဒေသက ပန်းနှစ်ပွင့်ကို ပို့လွှတ်လိုက် လေရော့တယ်။
သောင်ပြင်မှာ ငေါင်နေတဲ့ မောင်ဟင်္သာ
ရေသူမ နှစ်ယောက်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသလိုပါပဲ။
ဒါပဲလားဆိုတော့ ဟုတ်သေးဘူး။
'ကျန်ပါသေးတယ် ဘုရား'လို့ ပြောရမှာပဲ။
နတ်ကောင်း နတ်မြတ်တွေ အောင်ချမ်းသာကို
စောင့်ရှောက်ပုံများ လွန်ပါရော။ လက်တွေ့ သင်ကြားရမယ့် စက်ရုံတွေနဲ့ ကျောင်းသား၊
ကျောင်းသူတွေကို အုပ်စုခွဲတော့ သမိုင်းနယ်မြေက သတ္တုသွန်းစက်ရုံဆီ
အောင်ချမ်းသာနဲ့အတူ တောင်ပေါ်သူ နှစ်ယောက်ပါ ထည့်လိုက်လေရော့တယ်။
အောင်ချမ်းသာ တစ်ယောက် ချစ်စိတ်၊
ချစ်သွေးတွေ တက်ကြွပြီး အပျော်ထူးနေတာများ 'ငယ်ငယ်ရွယ်ရွယ်နဲ့
ဘယ်လိုဖြစ်သွားရတာပါလိမ့်'လို့ မြင်သူအတွေး
မှားစေခဲ့တော့တယ်။
အေးလေ၊ အောင်ချမ်းသာဘက်က
ကြည့်တော့လည်း သူ့ခမျာ ဇာတ်လမ်းက ခုမှစရမှာကိုး။
ပထမနှစ်တုန်းက မင်းဒင်အားကိုးနဲ့
သူ့ညီမ တစ်ဝမ်းကွဲ ပန်းပွင့်ငယ်ကို အောင်ချမ်းသာ ပိုးမလို့ကြံခဲ့သေးတယ်။
မင်းဒင်ခမျာ သူ့လိုင်းနဲ့သူ ရှုပ်နေတာရယ်၊ သူ့အစ်မ ပန်းမြတ်မေ ပါးစပ်ကို
ကြောက်တာရယ်၊ အဲဒီ အကြောင်းပြချက်နှစ်ခုနဲ့ အောင်ချမ်းသာကို နောက်ကပဲ မီးထိုး၊
မီးခပ်ပေးပြီး ပြေးတော့တယ်။
အောင်ချမ်းသာဆိုတဲ့ ပုဂ္ဂိုလ်လေး
ဆိုတာကလည်း ဆယ်တန်းအထိ အချစ်ဆိုတာကြီးကို သူနဲ့မဆိုင်သလို မသိလိုက်
မသိဘာသာနေခဲ့တာ။ သူငယ်ချင်းတွေနဲ့ ဟေးလား၊ ဝါးလား လုပ်နေခဲ့တာ။
ခု အချစ်ကို တွေ့တော့မှ...။
□
မနက်ပိုင်း ပန်းပွင့်ငယ်
ကျောင်းလာချိန်။
လူတွေ အကွေ့အဝိုက်များတဲ့
ကျောင်းစာသင်ခန်း၊ စင်္ကြံ၊ အဆောက်အဦတွေကြား တစ်နေရာရာက မျက်နှာလေးမြင်ရနိုး၊
အကြည့်ချင်း ဆုံရနိုး စောင့်ခဲ့မိတယ်။ ပန်းပွင့်ငယ်တို့ရဲ့ အတန်း နောက်ဆုံးခုံမှာ
သွားထိုင်ရင်း မျက်နှာလေးကြည့် ဖြေသိမ့်ခဲ့ရလေရဲ့။
ပန်းပွင့်ငယ်နဲ့ အကြည့်ချင်း
ဆုံမိတဲ့ရက်ဟာ ပြဿဒါးရက် ဖြစ်နေဦးတော့ သူ့ အတွက်တော့ ရက်ရာဇာ၊ ရက်တံခွန်။
အကြည့်ချင်း ဆုံချိန်က စခဲ့တဲ့ ရင်ခုန်သံ အိပ်မက်ထဲထိ ပဲ့တင်ရိုက်နေ လေတော့တယ်။
အဲ... ပန်းမြတ်မေရဲ့ မျက်စောင်းစူးစူး
အကြည့်ရဲရဲနဲ့ ခလုတ်ဝင်တိုက်မိတဲ့ရက် ဟာဆိုရင်ဖြင့် ဒေသ ၂ နယ် မြေတစ်ခုလုံးရဲ့
အပျော်တွေ အင်းလျားကန်ထဲ စီးဝင်ပျောက်ဆုံးသွားတယ်လို့ ထင်ခဲ့မိတော့တယ်။
လျှောက်ပြန် အရိပ်ပြ အဝေးက ကြူခဲ့ရင်း
ပထမနှစ်ရဲ့ကျောင်းခေါ်ဘယ်လ်သံတွေ ပြီးဆုံးခဲ့ရလေတော့တယ်။
နတ်ကောင်း နတ်မြတ်တွေ
သူ့အပေါ်ကောင်းပုံများ အားတောင် နာရတယ်ဆို။ သမိုင်းစက်ရုံမှာ လက်တွေ့ ဆင်းရတဲ့
ဆယ်ယောက်ကို အေ၊ ဘီ နှစ်အုပ်စုထပ်ခွဲတော့ အောင်ချမ်းသာရယ်၊ တောင်ပေါ်
ပန်းနှစ်ပွင့်ရယ်၊ မိုးခေါင် ရေရှားရပ်ဝန်းဒေသက ခင်ဇော်ဦးရယ်၊ မန်းမြို့တော် ဒေသသူ
မေပုလဲရယ်က အေ အုပ်စုဆိုတော့...။
ဆိုတော့ကာ...
'အစ်မကြီး ပန်းမြတ်မေရယ်။
စိတ်လျှော့လိုက်ပါတော့။ ကျွန်တော်တို့ ချစ်ခြင်းကို ခွဲဖို့ မကြိုးစားပါနဲ့တော့'
လို့ အောင်ချမ်းသာရင်ထဲက ဟစ်ကြွေးနေလေတော့တယ်။
ပုံဆွဲ ဘာသာရပ်မှာ ပုံဆွဲကောင်းတဲ့
အောင်ချမ်းသာဟာ ပန်းနှစ်ပွင့်ရဲ့ အားကိုးရာ ဖြစ်ခဲ့ရတာက စရခဲ့တဲ့ အမှတ်။
သဲပြင်ပေါ် လက်တွေ့ ပုံစံသွန်းရတဲ့ ရက်တွေမှာ အောင်ချမ်းသာရဲ့ သိတတ်မှု၊
ကူညီတတ်မှုတွေဟာ ပန်းနှစ်ပွင့်ဆီက အသံတိတ်ရခဲ့တဲ့အမှတ်တွေဆိုတာ။
အောင်ချမ်းသာရဲ့ အဖြူရောင်မဆန်တဲ့
ကြိုးပမ်းမှုနဲ့ ပန်းနှစ်ပွင့်ရဲ့ အဖြူရောင် ခင်မင်မှုဟာ တစ်နေ့တခြား
တိုးလို့လာခဲ့လေတော့တယ်။
ဘုရားသွား၊ ကျောင်းတက်၊
စားသောက်ဆိုင်ထိုင်၊ ရုပ်ရှင်ကြည့်ရာက ရခဲ့တဲ့ အေအုပ်စုရဲ့ ရင်းနှီးခင်မင်မှုဟာ
တဖြည်းဖြည်း အရောင်ရင့်လာလေတော့တယ်။ အတူသွား၊ အတူစားရင်း တစ်ခါတလေ အောင်ချမ်းသာနဲ့
ပန်းပွင့်ငယ် တိတ်တခိုး အကြည့်ချင်း ဆုံမိကြရင်ဖြင့် ပန်းပွင့်ငယ် မျက်နှာလေး
ပန်းနုရောင်စဉ်ဖြာ ခေါင်းလေး ငုံ့သွားတတ်သလို ကိုအောင်ချမ်းသာရဲ့ ရင်ထဲမှာတော့ UK အဆိုတော် Enya ရဲ့ သီချင်းထဲက အာဖရိက ဗုံသံတွေ မြည်ဟည်းသွားလေတော့တယ်။
□
တစ်နေ့ ရောက်လာမယ်ဆိုတာ
သိနှင့်နေပေမယ့် အပျော်ရက်တွေကြောင့် မေ့လျော့နေခဲ့မိကြတယ်။ ဒုတိယနှစ်
အရည်အချင်းစစ် ပွဲနွှဲရမယ့်ရက် သတ်မှတ်ချက်ဟာ အပျော်ရက်တွေကို အထိတ်တလန့်
ရပ်တန့်သွားစေတော့တယ်။
အရည်အချင်း စစ်ပွဲပြီး ရင်ဖြင့်
တိတ်တခိုးချစ်ရတဲ့ တောင်ပေါ်ပန်းပွင့်ငယ်နဲ့ ဝေးရတော့မှာပါလားဆိုတဲ့ အတွေးဟာ အောင်ချမ်းသာ
ရင်ကို နင့်ခနဲ ဖြစ်စေခဲ့တော့တယ်။
နောင်နှစ် ပြန်ဆုံဖို့ဆိုတာ...။
နှလုံးသားရဲ့ နာကျင်မှုဟာ
အရောင်ဖျော့သွေးတွေကို နီရဲစေခဲ့လေရဲ့။ နီရဲတဲ့သွေးတွေဟာ ပထမဦးဆုံး အချစ်ကို
ဖွင့်ဟဖို့ စေ့ဆော်လေတော့တယ်။ ပြောမယ်... ပြောမယ်။ ပန်းပွင့်ငယ်ကို ရင်နင့်အောင်
ချစ်ခဲ့ရတာ ဖွင့်ပြောပြလိုက်တော့မယ်။ ခိုင်မာတဲ့ အဓိဋ္ဌာန်ချမှတ်ပြီး သကာလ နေ့ရက်၊
အချိန်၊ နေရာကို အောင်ချမ်းသာ စိတ်ကြိုက်ရွေးပြီး စက်ရုံထဲမှာ
သွားလာလှုပ်ရှားနေတဲ့ အရိပ်တွေကို မသိမသာ လိုက်ချက်နေလေရဲ့။
နေ့လယ် ထမင်းစားပြီးလို့
ထမင်းဘူးဆေးဖို့ အပေါ့အပါး အညောင်းအညာပြေ ဟိုဟာထုတ်၊ ဒီဟာထုတ်၊ ဟိုလျှောက်၊
ဒီလျှောက်နဲ့ လူအုပ် တစ်စစီ ဖြစ်နေချိန်။
အောင်ချမ်းသာ ပန်းမြတ်မေရှေ့
အသာသွားထိုင် လိုက်တယ်။ သဲပြင်အောက်က ပြန်ဖော်ထားတဲ့ သတ္တုသွန်းပြီး
ပုံကြမ်းတစ်ခုကို ကြည့်နေရာက အောင်ချမ်းသာကို အသာမော့ကြည့် လိုက်တယ်။
ပန်းမြတ်မေရှေ့က သဲပြင်ပေါ်
အောင်ချမ်းသာ အသာထိုင်ချလိုက်ရင်း...
'မပန်းမြတ်မေ၊ ကျွန်တော်
စကားတစ်ခွန်းလောက် ပြောချင်လို့။ စိတ်မဆိုးနဲ့နော်'
ပန်းမြတ်မေ အောင်ချမ်းသာကို
အံ့သြထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်တယ်။ ဘာတွေပြောမှာပါလိမ့်လို့ တွေးရင်း...
'ဟဲ့…အောင်ချမ်းသာ၊ နင်က
ဘာပြောမှာမို့ ငါက စိတ်ဆိုးရမှာလဲ။ ပြောဟာ၊ စိတ်မဆိုးဘူးဘဲ ထားလိုက်တော့'လို့ အသာဖွင့်ပေးလိုက်တယ်။
သက်ပြင်းချသံတစ်ခု သဲပြင်ပေါ်
ဒိန်းခနဲကျသွားတယ်။ နောက်အားတင်း အတွင်းအားထုတ် ကီးသွင်းမှုကြောင့်
အောင်ချမ်းသာဘေးက သဲပြင်ဖွာလန်ကြဲလို့ သွားလေရဲ့။
'ကျွန်တော် ပန်းပွင့်ငယ်ကို
ချစ်တယ် မပန်းမြတ်မေ။ အဲဒါ သူ့ကို မပြောရဲလို့' ပန်းမြတ်မေရဲ့
မျက်နှာပြင်ပေါ်မှာ အံ့သြမှုကို ဖော်ဆောင်တဲ့ ပုံရိပ်တွေ ပေါ်လာတယ်။ နောက်
အနီဖျော့ရောင်အရိပ်က ဆင့်လို့ ပါလာလေရဲ့။
ရုတ်တရက် ထထွက်သွားတဲ့ ပန်းမြတ်မေရဲ့
ခြေလှမ်းတစ်ဝိုက်က သဲပွင့်တွေ အလန့်တကြား ထခုန်ရင်း ကျန်ရစ်ခဲ့ကြတယ်။
နောက်ဆုံး သင်တန်းဆင်းပွဲလုပ်ဖို့
ဘဲလ်သံတွေ ထွက်ပေါ်လာတဲ့အချိန်ထိ အောင်ချမ်းသာ သတ္တု အကြမ်းတုံးရှေ့မှာ...။
ဒီလို ဖြစ်လိမ့်မယ်လို့ သူ
မတွေးမိခဲ့တာ အမှန်။ အနားမှာ တိုးတိုးတိတ်တိတ် ကြားခဲ့ရတဲ့ ရင်ခုန်သံလေးတွေ
တိတ်ဆိတ်သွားရလေပြီ။ တိတ်တခိုး ရှူရှိုက်မိခဲ့တဲ့ ပန်းရနံ့လေးတွေ တိတ်ဆိတ်သွား
ရလေပြီ။ တိတ်တခိုး ရှူရှိုက်မိခဲ့တဲ့ ပန်းရနံ့လေးတွေ ပျက်ပြယ်သွားရလေပြီ။ သာယာ
နာပျော်ဖွယ် ပန်းလေးတွေရဲ့ ရယ်မောသံ ပျောက်ကွယ်သွားရလေပြီ။
အနားမှာ ယုံကြည်အားကိုးမှုနဲ့
ပွင့်လန်းလာခဲ့တဲ့ ပန်းနှစ်ပွင့်။ ခုတော့ အောင်ချမ်းသာရဲ့
ခပ်လှမ်းလှမ်းတစ်နေရာမှာ...။
ရယူပိုင်ဆိုင်ခဲ့တဲ့
ခင်မင်ရင်းနှီးမှု အတိုင်းအတာတစ်ခုဟာ
စက်ရုံဆင်းပွဲ နောက်ဆုံးနေ့ရက်မှာ ဆုံးရှုံးခဲ့ရလေပြီ။
အစကတည်းက ခုလို ဆုံးရှုံးရမယ်မှန်း
ကြိုတင်သိခဲ့ ရရင်ဖြင့် ဖွင့်ဆိုမိခဲ့တဲ့ ချစ်စကား သဲပြင်အောက် အနက်တစ်နေရာမှာ
မြှုပ်ထားခဲ့မိမှာ အမှန်ပါ။
စက်ရုံမှူးရဲ့ နှုတ်ဆက်စကားအဆုံး
အားလုံးမတ်တတ်ရပ်လိုက်ချိန် အောင်ချမ်းသာ ရင်ထဲပြိုကွဲသွားသလို ခံစားလိုက်ရလေတယ်။
အကြို စီးတော်ယာဉ် ပေါ်တက်သွားတဲ့အထိ
ပန်းပွင့်ငယ်ဆီက အလင်းတန်းလေးတစ်ခု ပြန်လာနိုးနဲ့ အောင်ချမ်းသာ စက်ရုံတံခါးဝနားက
စောင့်ကြည့်နေမိသေးတယ်။
သမိုင်း နယ်မြေတစ်ခုလုံး
အလင်းမဲ့တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ကျန်ရစ်ခဲ့လေတော့တယ်။
□
နောက်ဆုံးတိုက်၏
နောက်ဆုံးဘာသာရပ်မို့ထင်။
မီးကုန် ယမ်းကုန်နွှဲနေ ကြတဲ့
ဘာသာရပ်တူ အဖော်တွေကို နောက်ဆုံးနှုတ်ဆက် အကြည့်နဲ့ အောင်ချမ်းသာ ကြည့်လိုက်မိတယ်။
အကြည့်အစုံဟာ တစ်နေရာမှာ ခဏတာ ရပ်တန့်သွားလေရဲ့။
သက်ပြင်းတစ်ချက် အသာချရင်း
အောင်ချမ်းသာ အသာမတ်တတ်ရပ်လိုက်လေတယ်။ နောက် အမှတ်တမဲ့ မော့ကြည့်
လှည့်ကြည့်လိုက်ကြတဲ့ သတ္တုလုပ်ငန်း အတတ်ပညာဌာန ကျောင်းတော်သူ၊
ကျောင်းတော်သားတွေကို ကျောခိုင်းပြီး စာမေးပွဲခန်းမထဲက အောင်ချမ်းသာ
ထွက်ခဲ့တော့တယ်။
ရုပ်ရှင်လုပ်ငန်းရဲ့ စာသင်ခန်းဘေး
အုတ်လှေကားအတိုင်း ဆင်းလာရင်း တစ်နေရာအရောက်မှာ ရုတ်တရက် ရပ်လိုက်လေတယ်။
ပန်းပွင့်ငယ်နဲ့ စတင် ဆုံဆည်းခဲ့ရတဲ့
နေရာလေးမို့ လွမ်းလွမ်းတတ ဖြစ်နေလေရော့ထင်။
ကန်ရေပြင်ပေါ်မှာ ပြေးလွှားနေတဲ့
လှိုင်းငယ်လေးတွေကို အဓိပ္ပာယ်မဲ့ ကြည့်နေလေတယ်။ သူ့ရှေ့ ဓားလွယ်ခုတ်၊ လမ်းဘေးမှာ
ရပ်ထားတဲ့ အဖြူရောင်စီးတော်ယာဉ်ဆီလည်း တစ်ချက်တစ်ချက် လှမ်းကြည့်နေလေရဲ့။
အမှတ် ၂ ဒေသက တောင်တန်းဒေသ
ပန်းနှစ်ပွင့်ကို ပြန်လည်ခေါ်ဆောင်သွားဖို့ စောင့်နေတဲ့ စီးတော်ယာဉ်
မာလိန်မှူးကြီး ဆေးလိပ်ဖွာရင်း အချိန်တွေကို စုပ်ယူနေလေရဲ့။
မာလိန်မှူးကြီးကို ကြည့်ပြီး
အောင်ချမ်းသာ စိတ်ထဲက ပြောနေတော့တယ်။ ဦးကြီးရယ်၊ ပန်းပွင့် ငယ်ကို ကျေးဇူးပြု၍
ပြောပြပေးပါလား။ ကျွန်တော် ပန်းပွင့်ငယ်ကို အရမ်းချစ်မြတ်နိုးခဲ့ရတာ အမှန်ပါ။
သူသိအောင် ဖွင့်ပြောဖို့ မဝံ့ခဲ့တာမို့ မပန်းမြတ်မေက တစ်ဆင့် ကြိုးစားခဲ့မိပါတယ်။
မှားသွားတယ်ဆိုတာ သိခဲ့ရပေမယ့်
ဘာမှားတယ်ဆိုတာကိုတော့ ခုထိစဉ်းစားလို့ မရခဲ့ပါဘူး ဦးကြီးရယ်။
ဒီနေ့ဟာ ပန်းပွင့်ငယ်နဲ့ ဘဝမှာ
နောက်ဆုံးတွေ့ရခြင်း ဖြစ်ပေရော့မယ်။ ပန်းပွင့်ငယ်ဟာ ကျွန်တော့်ရဲ့ ပထမဦးဆုံးနဲ့
နောက်ဆုံးချစ်ရသူဆိုတာ ကျွန်တော့်ကိုယ်စား ပြောပြပေးပါလား ဦးကြီးရယ်။
ကြားခဲ့ဖူးတဲ့ ပန်းတစ်ပွင့်ရဲ့
ရယ်သံဟာ အောင်ချမ်းသာရဲ့ အတွေးတွေကို ရပ်တန့်သွားစေလေတယ်။ အောင်ချမ်းသာ အသံလာရာဘက်
အမြန်လှည့်အကြည့် အုတ်လှေကားအတိုင်း ဆင်းလာတဲ့ပန်းပွင့်ငယ်နဲ့ အကြည့်ချင်း
ဆုံမိလိုက်တော့တယ်။ ဒေသ ၂ နယ်မြေတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေရဲ့။
ကျေနပ်လောက်အောင် ဖြေဆိုနိုင်ခဲ့လေရော့ထင်။
အပျော်တွေ တစ်ပွေ့တစ်ပိုက်နဲ့
အိမ်ပြန်ခရီး စတင်ထွက်ခွာလာတဲ့ ပန်းပွင့်ငယ် အောင်ချမ်းသာကို မြင်တော့ ရုတ်တရက်
ခေါင်းငုံ့တိတ်ဆိတ်ငြိမ်သက် သွားလေတော့တယ်။
ပန်းပွင့်ငယ်
အမူအရာပြောင်းလဲမှုကြောင့် အတူပါလာတဲ့ အထိန်းတော်ကြီး ပန်းမြတ်မေ
အကြည့်အလင်းတန်းအစုံဟာ တရားခံ မောင်အောင်ချမ်းသာဘက် ရောက်လာလေတယ်။
အောင်ချမ်းသာ ကောင်ကလေး သူ့မျက်နှာ ကန်ရေပြင်ထက်
အမြန်ပို့လိုက်ရလေတော့တယ်။ မကြည့်ဝံ့လို့ မကြည့်ပေမယ့် ကြားလိုက် သိလိုက်ရတယ်။
စီးတော်ယာဉ် တံခါးပိတ်သံဟာ သာမန်ရှိသင့်သည့် အသံထက် ကျယ်လောင်ပေရော့မယ်။
ဖြတ်မောင်းသွားတဲ့ စီးတော်ယာဉ်ဆီက
နဂါးမျက်စောင်းကို ရင်မဆိုင်ဝံ့လေရော့ ထင်။ အောင်ချမ်းသာ ခေါင်းငုံ့လို့
ကျန်ရစ်ခဲ့လေတော့တယ်။
□
ဒေသ ၂ နယ်မြေတစ်ခုလုံး အလိုက်တသိ
တိတ်ဆိတ်ငြိမ်သက်ပြီး ထပ်တူဝမ်းနည်းမှုကို ပြနေလေရဲ့။
ကန်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့
ညဦးယံ လေပြေအေးတွေဟာ အောင်ချမ်းသာရင်ထဲက အပူတွေကို မသိကျိုးကျွန်ပြုလို့
ထားရစ်ခဲ့လေရဲ့။
အရည်အချင်းစစ်ပွဲ နောက်ဆုံးရက်မို့
ခွဲခွာကြရတော့မယ့် ချစ်သူ၊ ခင်သူတို့ရဲ့ ခွဲခွာချိန်အလွမ်းတွေဟာ အောင်ချမ်းသာ
ရင်ထဲက အလွမ်းရှေ့မှောက် ဒူးထောက် ခဝပ်သွားကြတော့တယ်။
အောင်ချမ်းသာ ရင်ထဲက တိုးတိတ်ညင်သာတဲ့
ပန်းပွင့်ကြွေသံလေးတွေ ထွက်ပေါ်လာခဲ့လေတယ်။
ဝမ်းနည်းစွာ ခွဲခွာရမယ်ဆိုတာ
မထင်မိခဲ့ရိုး အမှန်ပါ။ တကယ်ဆို အလွမ်းနဲ့ဇာတ်သိမ်းရမယ် ဆိုရင်ဖြင့် အစကတည်းက
မတွေ့ခဲ့ကြရင်ကောင်းသား။ ခုတော့...။ ဝမ်းနည်းစွာ ခွဲခွာဖို့ ဖန်ဆင်း ခဲ့လေရော့သလား
ကျောင်းတော်ဒေသရယ်။
အောင်ချမ်းသာ ဖြည်းညင်းညင်သာစွာ
မတ်တတ်ရပ်လိုက်လေတယ်။ နောက် သဘာဝ အလင်းမဲ့နယ်မြေဒေသကို ကျောခိုင်းပြီး မာကျူရီ
အလင်းလမ်းအတိုင်း အိမ်ပြန်ခရီး စခဲ့လေ တော့တယ်။
□
မိုမိုယာမဟိုတယ် အခဘနဲမြို့နယ်
တိုကျိုဒေသ
သူ အလုပ်လုပ်တဲ့ ဟိုတယ်မှာ
ဂျပန်အမျိုးသမီး ခုနစ်ယောက်ရှိတယ်။ မချော ခုနစ်ယောက် ကိုတစ်ယောက် ဆိုပါတော့။
'ဟာ... ပျော်စရာကြီးပဲ'လို့ အလောတကြီးတွေးရင် မှားပေရော့မယ်။ လွန်ခဲ့တဲ့ နှစ်အစိတ် သုံးဆယ်လောက်က
ဆိုရင်တော့ ဂျပန်မ အပျိုချောလေးတွေ ဖြစ်ခဲ့ပေမယ့် ခုတော့ သင်္ခါရတရား သဘောက မနေ။
လွမ်းစရာတွေ ဖြစ်ကုန်တော့တယ်။
မြင်ကွင်း။
သူ အလုပ်ဝင်ဖို့လာတော့
ဟိုတယ်ရှေ့နားမှာ ရပ်ထားတဲ့ ကားအဖြူလေး တစ်စင်းကို တွေ့လိုက်ရတယ်။ အင်ဂျင်ပါဝါသေး ကားရဲ့
သင်္ကေတ၊ အဝါရောင် အောက်ခံပြားပေါ်မှာ အနက်ရောင်နဲ့ ရေးထားတဲ့ ကားနံပါတ် ၂၃.၅၅။
သူ လမ်းဘေးက အပူအအေးစက်ရဲ့
ပါးစပ်ပေါက်ထဲ ယမ်း ၁၂ဝ ထည့်လိုက်တော့ ကော်ဖီဘူးတစ်ဘူး စက်ရဲ့ဗိုက်ထဲက ကျလာတယ်။
ကားနား အသာကပ်သွားပြီး အကြိုထောက်ဖို့
စောင့်နေရှာတဲ့ အဘိုးကြီးကို 'ကောင်းသောနေ့ပါ'လို့
နှုတ်ဆက်စကားဆို ကော်ဖီဘူး ပေးလိုက်လေတယ်။
အံ့သြမှုကို မျက်နှာပေါ်မှာ
စတွေ့လိုက်ရတယ်။ ဝမ်းသာရိပ် အပြုံးက နောက်က ထပ်ချပ်မကွာ လိုက်လာတယ်။ နှုတ်ဆက်စကား၊
အားနာစကား၊ ကျေးဇူးတင်စကားတွေ ပြောတော့ သူ့ရင်မှာ ပီတိလှိုင်းထခဲ့ရတယ်။
ဘာရယ်တော့ မဟုတ်ပါဘူး။ ကြင်နာတတ်တဲ့
အဘိုးကြီးရဲ့ စိတ်ထားကို သဘောကျလို့ ဆိုပါတော့။
သူ ဟိုတယ်ထဲ ဝင်တော့
ပြန်ဖို့ပြင်နေတဲ့ မန်နေဂျာ အမေကြီး အေးမွန်တိုးစံကို တွေ့လိုက်ရတယ်။
အသက် ၃ဝ ကျော်လောက်ကတည်းက
ဒီဟိုတယ်ရိပ်မှာ ခိုခဲ့တာ ခု အသက်ခုနစ်ဆယ်ကျော်ခဲ့လေပြီ။ ဘယ်ချိန်ထိ
ဆက်လျှောက်ရဦးမယ်၊ ဆက်လျှောက်ဦးမယ် ဆိုတာမသိ။
အစိမ်းရောင်သန်းချိန်လောက်က
ယောကျ်ားဖြစ်သူ မူးလာရင် နှိပ်စက်လို့ အကြိမ်ကြိမ်ကွဲဖို့ ကြိုးစားခဲ့ရှာတယ်။
သားသမီး သံယောဇဉ်၊ မိဘရဲ့ ဆိုဆုံးမမှု၊ ဖေးမလက်တွဲ ခေါ်ယူမှုကြောင့် သည်းခံပြီး
ကြိုးစားဖြတ်သန်းလာခဲ့ရတဲ့ အိမ်ထောင်ရေး ခရီးကြမ်း။ ခုတော့...။
ဟိုတယ်ရှေ့က
ညင်သာစွာ ထွက်ခွာသွားတဲ့ ၂၃.၅၅ ကားလေးရဲ့ ရှေ့ခန်းမှာ အေးမွန်တိုးစံ ပါသွားတာ
တွေ့လိုက်ရတယ်။
အေးမြတဲ့ အရိပ်ထင် ခိုလှုံခဲ့ပေမယ့်
နောက်ဆုံး အနီရင့်ရောင် အရွယ်ရောက်ခါမှ အေးမြတဲ့ အရိပ်အောက်
ရောက်ခဲ့ရရှာပေတော့တယ်။
□
မြင်ကွင်း ၂
ဂျပန်နိုင်ငံရဲ့လမ်းတွေပေါ်မှာ
ခြေလေးချောင်း အိမ်တိုင်ပြု သွားနေတဲ့ ခွေးမရှိ။ ခွေးများအားလုံး သခင်နဲ့အတူ
အိမ်ထဲမှာ။ အဲ... ခြေနှစ်ချောင်း အိမ်တိုင်ပြုသွား လာနေတဲ့ လူတွေတော့ ရှိလေရဲ့။
အိမ်ထဲမှာ အညောင်းမိနေတဲ့ ခွေးကို
တစ်နေ့တစ်ခါ လေညင်းခံ လမ်းလျှောက်ထွက်စေတာ ခွေးသခင်တို့ရဲ့ စတိုင်လ်။
ခိုဘိုနော့စံ ဟိုတယ် အလုပ်ပြီးလို့
အိမ်ပြန်ချိန်ဟာ ည ၁၂ နာရီ။ အိမ်ပြန်ရောက်မှ ခွေးနဲ့အတူ လမ်းလျှောက်
ထွက်ရတာထားတော့။ ထားမရတာက မနက်စောစော အလုပ်သွားရမှာမို့ အိပ်နေရှာတဲ့
သူ့ယောကျ်ားရဲ့ အချစ်တော်ကြောင်။ ခွေးလမ်းလျှောက်ရာ ကြောင်ပါ ချီလာရတော့
ရှက်တာပေါ့။ ဂျပန် မှာ သူတစ်ယောက်တည်းပဲ ရှိမယ်ထင်တဲ့ ကြောင်စုတ်က မခေါ်ရင်
အသံပြဲနဲ့အော်။ အိပ်ရာပေါ် သေးပန်းဆိုပဲ။
ယောကျ်ားရဲ့ အချစ်တော်ဆိုတော့
မချစ်သော်လည်း အောင့်ကာချီလာရလေတယ်။ သူ့ယောကျ်ားကိုတော့ အတော်ချစ်ရှာတယ်ထင်။
ယောကျ်ားမွေးနေ့မှာ သူ့လစာ သုံးလစာလောက် တန်ဖိုးရှိတဲ့ ယမ်းသောင်း
ခြောက်ဆယ်ကျော်တန် နာရီဝယ်ပေးဆိုပဲ။
ဘယ်လောက် ချစ်တယ်ဆိုတာတော့ မသိ။
သေချာတာ တစ်ခုကတော့ မမြင်ရတဲ့ ကြိုးလေး တစ်ချောင်းနဲ့ ချည်နှောင်လိုက်တာပဲထင်။
အသက် ၅ဝ ကျော်မှရတဲ့
ဒုတိယအိမ်ဦးနတ်လေ။ ခွေးတစ်ကောင်၊ ကြောင်တစ်ကောင်၊ ဒုတိယ ယောကျ်ားနဲ့ အနီရောင်အရွယ်
ခရီးလေ။
□
မြင်ကွင်း ၃
သမီးချည်းပဲ သုံးယောက် မွေးထားတော့
ဖအေဖြစ်သူက အဝှာပြုတယ်လို့ ပြောကြလေရဲ့။ အငယ် နှစ်ယောက်က သိပ်မစဉ်းစားကြတော့
စောစောစီးစီး အိမ်ထောင်ကျပြီး ကလေးကိုယ်စီနဲ့ အကြီးမက အိမ်ထောင်မပြုဘဲ
လွတ်လွတ်လပ်လပ် နေချင်ကြတဲ့ လူငယ်အများစုရဲ့ စတိုင်လ်။
အိမ်မခွဲ အမေအိုခုတာ မစံနဲ့အတူ။
အငယ်မက ယောကျ်ားနဲ့ ရန်ဖြစ်ပြီး အိမ်ကဆင်းလာတော့ အိုခုတာ မစံအတွက် မြေးနှစ်ယောက်
ပါလာလေရဲ့။ ခု အိုခုတာမစံ သမီးနှစ်ယောက်၊ မြေးနှစ်ယောက်နဲ့ အားဆေးသောက်
ညည်းတွားသံတွေ ပေး၊ ပင်ပင်ပန်းပန်း လျှောက်နေရလေရဲ့။ ယောကျ်ားက ကိုရီးယား၊
သမီးသုံးယောက် ရပြီးမှ ပြည်တော်ပြန်ပြေးသွားတာ ခုထိ ဘာသံမှ မကြားရဘူးတဲ့။
ကြက်မကြီး ကြက်ကလေးတွေနဲ့
ကျန်ခဲ့သလိုပါပဲ။
□
မြင်ကွင်း ၄
အသက် အမှန်ပြော ဆယ်နှစ်လောက်
ပိုပြောတယ် ထင်ရမယ့်ရုပ်။ အရွယ်တင်ချက်က လွန်ပါရော။ ရုပ်ကလည်း ရှေးကဆို မြင်သူ တစ်ခါနဲ့
မကျေနပ်လို့ နောက်တစ်ခေါက် ထပ်ကြည့်ရမယ့် ရုပ်၊ မာရိနဲစံတဲ့။
ပထမဦးဆုံး ယောကျ်ားနဲ့ ကွဲသွားတယ်။
ယောကျ်ားက အမေရိက ထွက်သွားတယ်။ နောက်ရည်းစား တစ်ယောက် ထပ်ရတယ်။ နှစ်နှစ်၊
သုံးနှစ်လောက် သွားလာနေပြီး လက်ထပ်မယ် ဆိုတဲ့ အသံကျယ်ကြီး ထွက်လာတယ်။ ခုတော့
အသံတိတ်သွားတာ ကြာလှမှပေါ့။
ခု နောက်ဆုံးကြားရတာကတော့ သူ့ထက်
အသက်ကြီးတဲ့ အဘိုးကြီး တစ်ယောက်နဲ့ အိုကေနေ ဆိုပဲ။ သူ့အိမ်လခ အဘိုးကြီးက ပေးဆိုပဲ။
အိမ်လခ ပေးနေတာ အတော်ကြာတယ်။
ထုံးစံအတိုင်း ဘာသံမှမကြားရတော့ပြန်ဘူး။ အဘိုးကြီး အိမ်လခ ထောင်းသွားပြီထင်။
ဒါမှမဟုတ် ဂျပန်လူမျိုးတွေရဲ့စတိုင် သွေးအမျိုးအစား အုပ်စုကို အလေးအနက်ထား
တတ်ကြတယ်။
ဘီ သွေးအမျိုးအစားက ကိုယ်မှန်တယ်ထင်
တဇွတ်ထိုး လုပ်တတ်တယ်။ အများနဲ့ ဆန့်ကျင်တဲ့စရိုက်ရှိတယ်တဲ့။ မာရိနဲစံရဲ့
သွေးအုပ်စုက ဘီ။
တခြားကိစ္စတွေမှာတော့ မသိဘူး။
အလုပ်ထဲမှာတော့ 'မှန်လိုက်တာတော်ရေ'လို့ အားရပါးရ ထောက်ခံမိမှာ။
မာရိနဲစံပဲ ဆိုးသလား၊ ယောကျ်ားတွေပဲ
ဆိုးသလား မသိ။
ခုတော့ တစ်ကိုယ်တည်း
အပျိုကြီးဆိုပါတော့။
□
မြင်ကွင်း ၅
ပိန်တာကို ဂုဏ်ယူ၊ ပိန်အောင်
ကြိုးစားနေတဲ့ ဂျပန်အမျိုးသမီးထုကြီးထဲမှာ အိုကူမာစံ မပါ။ မီးကတော့ ဝချင်ဝပလေ့စေ
စားမှာပဲ ဆိုတဲ့ ခံယူချက်နဲ့။ ဟင်းလျာ၊ မုန့်ပဲသရေစာ၊ အစား အသောက်တွေကို
ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားတတ်တာ သူ့ဝါသနာ။
သူ့ယောကျ်ား အလုပ်က
မိတ်ဆွေသူငယ်ချင်းတွေ တစ်လတစ်ခါနှစ်ခါလောက် အိမ်လာ စားကြသောက်ကြ ပျော်ကြတယ်ဆိုပဲ။
ဘီယာနဲ့ မြီးဖို့ အမြီးကအစ ထမင်းပွဲ အဆင့်သင့် လုပ်ပေးရတာ တွေ ပြောပြတာများ
ရွှန်းရွှန်းကို ဝေလို့။
သူကရွှန်းဝေ၊ သူ့စကား ဖြစ်နေပေမယ့်
နားထောင်နေတဲ့ ဂျပန်အမျိုးသမီးတွေကတော့ မောနေ သူ့အစား ဖြစ်နေကြလေရဲ့။
သူတို့မှာ
တက္ကသိုလ်တက်နေတဲ့သမီးတစ်ယောက် ရှိတယ်။ သူ့သမီးအရင်း မဟုတ်ပေမယ့် အိုကူမာစံကတော့
သမီးအရင်းလိုပဲ သဘောထားလေရဲ့။ သူ့ ယောကျ်ား ပထမမိန်းမနဲ့ရတဲ့ သမီး။ 'သူမို့တော်'
ဘာညာ ဆက်ပြောနေရင် အတင်းစကားဖြစ်ပေရော့မယ်။ ရပ် မှ...။
အနွံအတာခံ ပြုစုတတ်၊
သည်းခံတတ်သူဆိုတော့ သူတို့အိမ်ထောင်ရေးက ဘာသံမှ မကြားရဘူးဆို အဆင်ပြေနေတဲ့
ပုံပါပဲ။
□
မြင်ကွင်း ၆
နေမယ်ဆို သုံးလေးနှစ်လောက်တော့
နေလို့ရသေးတဲ့ အစာအိမ်ရောဂါ။ ခွဲလိုက်ရင် ပိုနေရမယ်ဆိုတော့ ခွဲတော့တာပေါ့။
နာမည်ကြီး၊ ဈေးကြီး တက္ကသိုလ်ဆေးရုံကြီးမှာ။ ငွေအကုန်ခံ ရှိတာလေးတွေထုတ်
ကုန်ချင်ကုန်ပလေ့ စေဆိုပြီး ခွဲတာ။ ကြီးသုံးကြီး ယုံကြည်ပြီးခွဲတာ သေပါ လေရော။
ခွဲတဲ့နေရာမှားလို့ နောက်တစ်နေရာမှာ အဆစ်တောင် ခွဲပေးလိုက်သေးဆိုပဲ။
မုဆိုးမ ပူပူနွေးနွေးလေး မိနုကိုစံ
ဆေးရုံပေးရမယ့် အကြွေးတွေနဲ့ ကျန်ခဲ့ရှာတယ်။ သူ့ယောကျ်ား အလုပ်ဝင်ခါစက
အသက်အာမခံလိုဟာမျိုးထားဖို့ ပြောခဲ့သေးတယ်။ လစဉ် သူ့လခထဲက အဖြတ်ခံနေရမှာမို့
မထားခဲ့ဘူး။
ခုတော့ မိနုကိုစံ ဆေးရုံ အကြွေးအတွက်
လစဉ် သူ့ လခထဲက ဖဲ့ဆပ်ရတော့မယ်။ ဒါတောင် ဆေးရုံစရိတ် နိုင်ငံတော်က
ဝင်စိုက်ပေးထားလို့ တော်ရော့တယ်။ အကုန်သာ ဆပ်ရရင် ဘယ်လွယ်ပါ့မလဲ။ သေတဲ့သူကတော့
ပြီးပြီဆိုတော့ အေးအေးဆေးဆေးပဲ။ ကျန်ခဲ့တဲ့သူကတော့ မပြီး သေးလို့ ပူပေဦးတော့။
□
မြင်ကွင်း ၇
နောက်ဆုံးမှ ဝင်လာတဲ့ အမျိုးသမီးက ခရိုးမိဇုစံတဲ့။
ခုနစ်ယောက်မှာ အသက်အငယ်ဆုံး၊ အလယ်တန်း တက်နေတဲ့သမီးတစ်ယောက် ရှိတယ်။ သမီးအဖေက
ကင်ညာနိုင်ငံသား ကပ္ပလီ။ သမီး မူလတန်းကျောင်းသူ အရွယ်လောက်ကတည်းက
ပြည်တော်ပြန်ပြေးဇာတ်က ပြည်ဖုံးကားချသွားတာ ခုထိ ဘာသံမှ မကြားရတော့ဘူးတဲ့။
ကိစ္စမရှိဘူး။ တစ်ယောက်သွား
နောက်တစ်ယောက်လာမယ်လို့ ဖြေသိမ့်လေရော့သလား မသိ။ ခု ခရိုးမိဇုစံ နိုင်ဂျီးရီးယားက
ကပ္ပလီတစ်ယောက်နဲ့ ရည်းစားဖြစ်နေပြန်ပေါ့။ ကပ္ပလီကလည်း သမီး တစ်ယောက်
ကျန်ခဲ့တယ်ဆိုပဲ။ အရောင်းအဝယ်တည့်အောင် ဈေးလျှော့ပေးလေသလား မသိ။
ဟိုတယ်က အမျိုးသမီးတွေ ခရိုးမိဇုစံကို
ဂျပန်ယောကျ်ား မကြိုက်ဘူးလားလို့ မေးကြတာပေါ့။ ဘာမှမဖြေဘူး။ ပြုံးနေတယ်။
ရင်ထဲမှာတော့ ပြောနေမှာပေါ့။
ဟိုတယ်မှာလုပ်၊ အိမ်မှာလည်း
စက်ချုပ်ပေမယ့် တစ်ခါတလေ သမီးကျောင်းစရိတ် မရှိလို့ ဟိုကိုင်းဒိုးမှာ ကျန်ခဲ့တဲ့
အမေ့ဆီက ပိုက်ဆံ လှမ်းတောင်းရတယ်တဲ့။ အားကိုးရမယ့် ယောကျ်ား ရှာတော့ရှာနေတာပဲ။
□
အစုန်အဆန်ပြေး
ကောင်းကင်ယံ အသံလှိုင်းများ နယ်ခြားမဲ့ဒေသ
အေယူကုမ္ပဏီက ထုတ်တဲ့ Win
အမျိုးအစား ဟန်းဖုန်းရဲ့ မျက်နှာပြင်ပေါ်မှာ ရောင်စုံလှိုင်းတွေ ပြေးနေလေရဲ့။
ဂျပန်နိုင်ငံက အသံလှိုင်းတစ်ခုဟာ မိုင်ထောင်ပေါင်းများစွာ အဝေးက ဖုန်းတစ်လုံးထဲက
သောကမြော ပြေးဝင်သွားပြီး GSM ပိုင်ရှင်ကို
လှုပ်နိုးနေလေတော့တယ်။
GSM ပိုင်ရှင်ရဲ့ ဖုန်းစောင့်
အမျိုးသမီးအသံဟာ မိုင်ထောင်ပေါင်းများစွာ အဝေးက Win
ဟန်းဖုန်းထဲ စီးဝင်လာတယ်။
လူကြီးမင်း ခေါ်ဆိုသော GSM
တယ်လီဖုန်းမှာ လိုင်းမအားသေးပါသဖြင့်...။
အောင်ချမ်းသာ
ဖုန်းစောင့်အမျိုးသမီးရဲ့ အသံကို ဆုံးအောင် နားမထောင်ဘဲ ဖုန်းခလုတ်
ပိတ်လိုက်လေတော့တယ်။
မနက်ပိုင်းခေါ်တုန်းက လူကြီးမင်း
ခေါ်ဆိုသော GSM တယ်လီဖုန်းမှာ ခလုတ်ပိတ်ထားပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်'တဲ့။ ခုတစ်ခါ 'လိုင်းမအားသေးဘူး' ပြော ပြန်ပြီ။
'အေးလေ၊ အရင်ကထက် စာရင်တော့
နီးလာပါပြီ'
အောင်ချမ်းသာ တစ်ယောက် မအီမလည်နဲ့
ပွစိပွစိပြောရင်း မိုင်ထောင်ပေါင်းများစွာ အဝေးလှမ်းမျှော်တွေး နေတော့တယ်။
မကျေနပ်ဘူး။ ခဏ အကြာ
ဖုန်းကောက်ကိုင်ပြီး ခလုတ်နှိပ်လိုက်ပြန်တယ်။
'ဟယ်လို... ဟယ်လို'
GSM ဘက်က ပြန်လာတဲ့
ဟယ်လိုသံဟာ အောင်ချမ်းသာမျက်နှာကို ဝင်းလက် သွားစေလေရဲ့။ မင်းဖုန်းထဲက အမျိုးသမီး
ငါ့ကို လူကြီးမင်းဆိုပြီး အမျိုးမျိုးပြောနေတာ ခုမှပဲ ရတော့တယ်'
'အေးကွာ၊ မနက်ကတည်းက
အလုပ်တွေများလို့ပြေးနေရတာ။ ကဲ...ပြော၊ ဘာအရေးတကြီး ကိစ္စရှိလို့လဲ'
'ဟေးဟေး အရေးကြီးတယ်လို့တော့
မဟုတ်ပါဘူး။ မေးစရာရှိလို့ပါ။ ပန်းပွင့်ငယ်တို့နဲ့ တွေ့သေးလားဟေ'
'ဟေ့ကောင် အောင်ချမ်းသာ။ ငါ
ဒီမှာအလုပ်တွေ များနေတယ်။ ရှုပ်ရှုပ် ယှက်ယှက်ကိစ္စတွေ လာမမေးနဲ့၊ မကြားချင်ဘူး'
'ဟေ့ကောင်
စကားကောင်းပြောနေတာ။ မနောက်ပါနဲ့'
'ဟဲ...ဟဲ... သူတို့
ခြံကိစ္စနဲ့ ဆင်းလာတာ တစ်ပတ်ကျော်သွားပြီ။ မနေ့ကပဲ ပြန်တက်သွားကြပြီဟ'
'ဟေ ဟုတ်လား။ မင်းနဲ့
တွေ့လိုက်သေးလား'
'တနင်္ဂနွေနေ့က ငါ့အိမ်လာလို့
အေးအေးဆေးဆေး စကားတွေ ပြောဖြစ်တယ်။ စိုက်ပျိုးရေး စီမံကိန်းနဲ့ ရောက်လာတဲ့ ဂျပန်
တစ်ယောက်နဲ့ ယူတော့မလို့ ဆိုလား'
'ဟာ... သူက လက်ခံလိုက်ပြီလား။
မိဘတွေက အတင်းပေးစားတာလား'
'ဟင်... မင်းက ဒီကိစ္စ
သိနေတယ် ဟုတ်လား'
'အေး ငါ့ဆီ သူ့စာတစ်စောင်
ရောက်လာတယ်။ သူ့မိဘတွေက ဒီဂျပန်နဲ့ သဘောတူလို့တဲ့။ သူကတော့ စဉ်းစားတုန်းတဲ့။ နောက်
ဂျပန်ယောကျ်ားတွေရဲ့ အကြောင်းသိချင်လို့ဆိုပြီး လှမ်းမေးတာပဲ'
'သြော်... လတ်စသတ်တော့ ငါ့ဆီက
မင်းလိပ်စာတောင်းသွားတာ ဒီကိစ္စကိုး။ ဘာလုပ်မလို့လဲ မေးတာ မေးမရဘူး။ ဘာဖြစ်လို့
မင်းဆီ လှမ်းမေးရတယ် မသိပါဘူး။ ခြောက်ပြီးတဲ့လက် ပြန်စိုအောင်လို့ကွာ၊
ရှုပ်ရှုပ်ယှက်ယှက်'
'ဟ... ငါ့မမေးလို့
ဘယ်သူ့မေးရမှာလဲ။ အီသီယိုးပီးယားက မင်းဘကြီး လှမ်းမေးရမှာလား'
'အဲဒါနဲ့ မင်းက
ဂျပန်ယောကျ်ားတွေ မကောင်းကြောင်း ပိုပိုသာသာလေး ထည့်ရေးပေးလိုက်တယ် မဟုတ်လား'
'ဟေ့ကောင် မင်းဒင်။ ဒါက မင်းအထင်ကိုးကွ။
ဂျပန်အိမ်ထောင်ရှင် အမျိုးသမီးတွေရဲ့ဘဝ၊ ဂျပန်လူမျိုးတွေနဲ့ အိမ်ထောင်ကျနေတဲ့
နိုင်ငံခြားသူတွေ၊ မြန်မာ အမျိုးသမီးတွေရဲ့ဘဝ အပြင်မှာ မြင်နေကြားနေရတာတွေ
ပြောမယ်ဆို အများကြီး။ ဒါပေမယ့် ဒါတွေ မြင်ရကြားရတာတွေကို ငါ့ တစ်ဖက်သတ်ရေး
ဘယ်တရားပါ့မလဲ။ ပန်းပွင့်ငယ်ဆီ ရေးလိုက်တဲ့ အကြောင်းအရာတွေက ငါနဲ့အတူအလုပ်လုပ်တဲ့
အမျိုးသမီးတွေရဲ့ ဘဝအရှိကို အရှိအတိုင်း ရေးလိုက်တာပဲ။ ဘာတစ်ခုမှ ပိုမရေးဘူးဆိုတာ
ယုံ'
'ဟဲဟဲ... အလကား နောက်တာပါဟ။
မင်းပေးလိုက်တဲ့စာ သူ့မိဘတွေကို ပြလိုက်တယ်။ စာဖတ်ပြီး သမီးသဘောဖြစ်သွားတယ်လေ။
အဲ... ပြန်ခါနီး ငါ့ကို ဘာမေးသွားလဲ သိလား'
'ဘယ်သိမလဲ။ ပြောမှ သိမှာပေါ့'
'အေး ပြောမယ်။ မင်း ဘယ်တော့
ပြန်လာမယ် ပြောလဲတဲ့။ အဲဒါနဲ့ ငါလည်း မင်း ပြောထားတဲ့အတိုင်းပေါ့ကွာ။ ရုံခါမှ
ပြန်မယ်။ ဂျပန်ကျွန်းကြီး မြုပ်ခါနီးမှ ပြန်မယ်လို့ ပြောလိုက်တယ် မောင်ရေ့။ ဟာ...
ကောင်မလေးမျက်နှာ တစ်မျိုးလေး ဖြစ်သွားတယ်ကွာ။ ဒါပဲဟေ့။ မင်းကို ဒီလောက်ပဲ
တီးပြနိုင်တော့မယ်။ မင်း ဆက်ညံ့နေရင်တော့ ကျွဲလို့ပဲ မှတ်လိုက်တော့မယ်'
'ဟေ...'
တစ်ဖက်က အသံပျောက်သွားပေမယ့်
အောင်ချမ်းသာတစ်ယောက် 'ဟေ' အသံနဲ့ ဖုန်းခလုတ်ပိတ်ဖို့ သတိမရတော့။
အခန်းလေးထဲမှာ တိတ်ဆိတ်ငြိမ်သက်လို့။
လမ်းမပေါ်က ဥသြသံတစ်ခုဟာ အခန်းလေးရဲ့ တိတ်ဆိတ်မှု၊ အောင်ချမ်းသာရဲ့ မပီဝိုးတဝါး
အတွေးတွေကို ဝင်ရောက် ဖြိုခွဲပစ်လိုက်တော့တယ်။
လူနာတင်ကား အရေးပေါ်လမ်းတောင်း
ဥသြသံပေး ပြေးထွက်သွားလေတော့တယ်။ အောင်ချမ်းသာ ရုတ်တရက် ထခုန်လိုက်ပြီး
ဟန်းဖုန်းခလုတ်ကို အမြန်နှိပ်လိုက်လေတယ်။
'ဟေ့ကောင် အောင်ချမ်းသာ ဒါက
ဘာဖြစ်လာရပြန်တာတုန်း'
'မင်းဒင်၊ လူလေး။
ပန်းပွင့်ငယ်ကို ပြောလိုက်စမ်းကွာ။ ကိုကြီးအောင်ချမ်းသာ နှစ်လ သုံးလအတွင်း
ပြန်လာမယ်လို့'
'ဟေ... မင်းပြန်လာတာ
ပန်းပွင့်ငယ်နဲ့ ဘာပတ်သက်လို့လဲ။ ရှုပ်ရှုပ်ယှက်ယှက်ကွာ'
'ဟဲ...ဟဲ... မနောက်ပါနဲ့
ဦးလေးရာ။ ဒီတစ်ခါ ညံ့ရင်ဖြင့် တစ်သက်လုံး ဝေးရချည်ရဲ့'
'ဒါနဲ့ မင်းပြောတော့ ရုံခါမှ
ကျွန်းမြုပ်ခါနီးမှဆို'
'ဟေ့ကောင် မင်းဒင်၊
မြင်းကောင်းမောင်းမယ့်ကိစ္စ ဘာဖြစ်လို့ ကန့်လန့်ဝင်ခံ ရတာတုန်း။ ရုံမခါပေမယ့်
အသည်းနှလုံးက တုန်ခါနေပြီ။ ကျွန်းမမြုပ်နိုင်သေးပေမယ့် အချစ်ဦး စုန်းစုန်းမြုပ်
တော့မယ်ကွ'
'ဟေ့ကောင် အရူး၊
ကြီးကြီးကျယ်ကျယ်တွေ ပြောမနေနဲ့ဟေ့။ နားကလောတယ်။ စိတ်ချ ပြောလိုက်မယ်။
နင့်မင်္ဂလာဆောင်အမီ ကိုကြီးအောင်ချမ်းသာ ပြန်လာမယ်လို့'
'ဝဲစား၊ လဒစုတ်၊ မှင်စာကောင်'
တစ်ဖက် GSM
ဖုန်းထဲက ရယ်သံတွေကို အမြင်ကတ်စွာနဲ့ အောင်ချမ်းသာ Win
ဖုန်းကို အမြန်ပိတ်လိုက်လေတော့တယ်။
ခဏအကြာ...
တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခန်းလေးထဲက
အောင်ချမ်းသာရဲ့ အသံတိုးတိုးလေး ထွက်ပေါ်လာခဲ့တော့တယ်။
ပန်းပွင့်ငယ်ရယ်...
မင်းဟာ တို့ရဲ့ ပထမဦးဆုံးနဲ့
နောက်ဆုံးချစ်ခဲ့ရသူပါ...။
ဤသစ္စာစကား မှန်ကန်ရင်ဖြင့်
ကမ်းလင့်လို့ ကြိုနှင့်ပါစေသား...။
▀
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊
(အမှတ် ၁၉၄၊
ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်