ရွှေဝတ္ထု

အိုင်ထဲကခြေရာ

ဝေမာ

01 October 2025
အိုင်ထဲကခြေရာ
Share to

အမေ့ခုတင်ဘေးနားရှိ ခုံတွင်ထိုင်ရင်း နှိပ်နယ်ပေးနေသော မိန်းမရွယ်တစ်ဦးက သစ်သစ်ကို ပြုံးတုံ့တုံ့မျက်နှာပေးနှင့် ကြည့်နေ၏။ မြင်ဖူးသလိုလို ရှိသော်လည်းချက်ချင်း စဉ်းစား၍မရပေ။

'သစ်သစ်၊ သူ့ကို မှတ်မိလား။ စံပယ်မြိုင်တိုက်က မလှပိုလေ'

မလှပို။ အမေပြောမှပင် သစ်သစ် မျက်လုံးထဲ ရေးရေးပြန်မြင်လာ၏။ သစ်သစ်တို့ နေထိုင်ရာရပ်ကွက်တွင် ရှိသော စံပယ်မြိုင်အိမ်ကြီး၏ အရှင်သခင် ဒေါ်ခင်ခင်ကြီး၏ လက်ကသုံး တောင်ဝှေးလေး မလှပို။ အသက်မှာ သစ်သစ်နှင့် မတိမ်းမယိမ်း။ ဒေါ်ခင်ခင်ကြီး၏ သမီးအငယ်ဆုံး ခင်ခင်သာ မွေးနေ့တွင် သစ်သစ်တို့အရွယ် ကလေးတွေအနားမှာ မျက်လုံးပြူးပြူးလေး ပြုံးလျက် လိုအပ်သမျှကို ဖျတ်လတ်သွက်လက်စွာ ဧည့်ဝတ်ပြုတတ်သော မလှပို၊ သစ်သစ်က တခြားအဆင့်တူကလေးတွေထက် သူ့ကိုသာစိတ်ဝင်စားမိသည်။ ဆံပင် ကောက်တိကောက်ကွေးလေး တွေကို လည်ကုပ်ပေါ်အောင် တိုတိုညှပ်ထားပြီး ဖြူစင်သန့်ရှင်းသော လက်ဖောင်းလက်တို အင်္ကျီလေးကို သပ်ရပ်စွာ ဝတ်ဆင်ထားသော မလှပို မျက်နှာမှာ သနပ်ခါး ပါးကွက်လေးက အဝိုင်းသား ထင်းလျက်။ အပြာရင့်ရောင် မာစရိုက် လုံချည်ပြောင်လေးကို ခြေသလုံးပေါ်လုနီးပါး ဝတ်ဆင်ကာ ခိုင်းသမျှ မျက်နှာအပြုံးမပျက်ရှာသော မလှပိုကို သစ်သစ်က ခင်မင်နေမိ၏။ သစ်သစ် ပန်းကန်ထဲက ကိတ်မုန့်ကို ဖဲ့လျက် အနားမှာရှိသော မလှပိုကို ကျွေးမိသောအခါ ခေါင်းခါယမ်းပြီး ငြင်းနေသော မလှပို မျက်လုံးများက သစ်သစ်ကို နှစ်လိုစွာ ကြည့်နေခဲ့သည်များ ပြန်လည် မှတ်မိလာ၏။

            နောက်ပိုင်းတွင် မလှပိုကို အတွေ့ရနည်းလာပြီး လုံးဝ မတွေ့တော့သည့် အခြေအနေသို့ ရောက်ခဲ့ရာမှ ယခု အသက်လေးဆယ် နီးပါးအရွယ်တွင် မလှပိုဆိုသည့် မိန်းမတစ်ဦးကို သစ်သစ်တို့အိမ်တွင် ဘာကြောင့် တွေ့နေရသည်လဲ။ သစ်သစ် မျက်လုံးအကြည့်ကို ကောင်းစွာ မြင်နေသော အမေက...

            'ထွေးထွေးတို့ဆီကို မလှပိုက ရောက်နေတာတဲ့။ အခု ထွေးထွေးတို့ အမေ့ကို လာကန်တော့ရင်း သူ့ကိုပါ ခေါ်လာတာလေ။ ထွေးထွေးကလည်း အစက မလှပိုကို စံပယ်မြိုင်ကမှန်း မသိဘူးတဲ့။ နောက်ပြောမှ သိရတာ။ အခုလည်း သူက အမေ့ကို တွေ့ချင်တယ်ဆိုလို့ ခေါ်လာကြတာ'

            ထွေးထွေးမှာ အမေ့ တူမ။ သစ်သစ်နှင့် ညီအစ်မ တစ်ဝမ်းကွဲတွေ။ သူ့အိမ်ကို မလှပိုက ကလေးထိန်းအဖြစ် ရောက်နေတာဟု သိရသည်။ ဟိုယခင်အချိန်တွေ ဒေါ်ခင်ခင်ကြီးထံမှ ကိစ္စအရေးရှိ လျှင် မလှပိုကို အမေ့ဆီ လွှတ်တတ်၏။ မလှပိုက လူကြီးသူမကို ရိုသေချစ်ခင်တတ်သူ။ လာရင်းကိစ္စပြီး သည်သော်မှ မပြန်သေးဘဲ အမေ့ကို နှိပ်နယ်ပေးသွားတတ်သေး၏။ သစ်သစ်တို့ အမေကလည်း ကိစ္စကြီးငယ်ရှိမှသာ မိတ်ဆွေအပေါင်းအသင်းတွေဆီ သွားလေ့ရှိသည်။ အိမ်လည်ပတ်လေ့ မရှိ။ တစ်လမ်းတည်းနေသော်လည်း သာရေးနာရေး အကြောင်းရင်းရှိမှသာ အိမ်ချင်း အဝင်အထွက်ရှိတတ် သည်။ ဒေါ်ခင်ခင်ကြီးတွင် သားသမီးငါးယောက်ရှိကာ သားယောကျ်ားလေးမှာ တစ်ယောက်သာ ပါ၏။ သစ်သစ် အစ်ကိုလတ်နှင့် ရွယ်တူလောက်ဖြစ်ကာ သူတို့ချင်းလည်း ခင်မင်ပေါင်းဖွဲ့ ကြ၏။ သစ်သစ်တို့မှာ မောင်နှမလေးယောက်ရှိပြီး အကြီးနှစ်ယောက်က ယောကျ်ားလေး။ သစ်သစ် အထက်နို့ညှာမှာ မိန်းကလေးဖြစ်၏။ သစ်သစ်တို့ခြံထဲတွင် ကြက်တောင်ရိုက်သော ကွင်းရှိလေရာ အစ်ကို တစ်တွေ၏ သူငယ်ချင်း မိတ်ဆွေများနှင့် ကျောင်းပိတ်ရက်တွေမှာ စည်ကားတတ်လေ့ရှိသည်။ အစ်ကိုလတ်၏ အပေါင်းအသင်းများထဲတွင် ဒေါ်ခင်ခင်ကြီး၏သား ခင်မောင်ဦးမှာ ထင်ရှား၏။ အပြုံးချိုချိုတွင် အရယ်အနောက်ကလည်း ပြောတတ်သဖြင့် ခင်မင်သူ ပေါများ၏။ အသားညိုညို၊ ထင်ရှားသောမျက်ခုံးနှင့် ပေါ်လွင်သော နှာတံစင်းစင်းတို့ကြောင့် တစ်ခါမြင်ဖူးသည်နှင့် မှတ်မိလွယ်သော ရုပ်ရည်မျိုးဖြစ်သည်။ မျက်ရစ် မထင်ရှားသော်လည်း မျက်လုံးအကြည့်မှာ စူးရှ သွက်လက်၏။ သစ်သစ် အစ်ကိုလတ်နှင့် ရွယ်တူ သက်တူ၊ အတန်းပညာတူ။ သို့သော် ကျောင်းချင်းတော့ မတူပေ။ သစ်သစ်အစ်ကိုတွေမှာ ပြင်ဦးလွင်တွင် ကျောင်းအိပ်ကျောင်းစား နေကြရ၏။ နွေရာသီကျောင်းပိတ်ရက်မှသာ မိဘတွေဆီ ပြန်လာရသည်။

            နောင်တွင် သစ်သစ်တို့ ခြံထဲတွင် ကြက်တောင်ရိုက်ကွင်းနေရာမှာ ပစ္စည်းသိုလှောင်သော အဆောက်အဦတစ်ခုကို ဆောက်လိုက်သဖြင့် ယခင်ကလို ခြံကျယ်ကျယ်မရှိတော့ပေ။ သစ်သစ် တို့တစ်တွေလည်း အရွယ်ရောက်လာ၊ အခြေအနေတွေမှာလည်း အမြဲတည်မြဲခြင်း သဘောမရှိလေရာ ပြောင်းလဲတတ်သည့် သဘာဝတွေလည်း ပြောင်းလဲသွားတော့၏။ သစ်သစ် အစ်ကိုနှစ်ယောက်မှာ အိမ်ထောင်ကျသူ၊ ရပ်ဝေးခရီးမှာ ပညာသင် အလုပ်လုပ်သူ စသည်ဖြင့်...။

            မလှပိုတို့ စံပယ်မြိုင် တိုက်နှင့် သစ်သစ်တို့မိသားစု အချင်းချင်းမှာ ယခင်ကလောက် အသွားအလာ သိပ်မရှိတော့သလို မလှပိုကိုလည်း ထိုအချိန်တွေ မတိုင်ခင်ကပင် မတွေ့ရတော့ပေ။ ဘာကြောင့် ဘာရယ်ဟု သစ်သစ်အဖို့ စူးစမ်းတွေးတောတတ်သော အရွယ်မဟုတ်သည့်အပြင် မလှပို သည် သစ်သစ်အတွက် အထူးတလည် အရေးတယူ ပြုရမည့်သူလည်း မဟုတ်ခဲ့ ပြန်ပေ။ မလှပိုဆိုသော ကလေးမလေးကို အသက်လေးဆယ်နီးပါး အရွယ်တွင် သစ်သစ် ပြန်တွေ့ရသောအခါ ရုပ်ရည်မှာ ငယ်မူငယ်သွေးများ ပပျောက်လျက် ပြူးကျယ်သော မျက်ဝန်းလေးများသာ ငယ်ရုပ်အဖြစ် ကျန်ရှိတော့၏။ ကောက်တိကောက်ကွေး ဆံပင်များကို နဖူးပေါ်အောင် ထုံးနှောင်ထားသော ညစ်နွမ်းနွမ်း အသားအရေနှင့် မိန်းမရွယ်တစ်ဦး ဘဝသို့ ပြောင်းလဲသွားသော မလှပိုကို တွေ့နေရ၏။

            သစ်သစ် အလုပ်မှ ပြန်လာတိုင်း နောက်ပိုင်းရက်များတွင် မလှပိုကို အိမ်မှာ နေ့စဉ်ရက်ဆက် ဆိုသလို တွေ့နေရ၍ အမေ့ကို မေးကြည့်ရာ ထွေးထွေးတို့အိမ်တွင် ကလေးများနှင့် အဆင်မပြေသဖြင့် နေ့လယ်အချိန်များ၌ အမေ့ဆီလာနေကြောင်း သိလိုက်ရ၏။ ကလေးမထိန်းလိုဘဲ အမေ့ကိုသာ ပြုစုလို ကြောင်းတွေပါ ကြားနေရသဖြင့် သည်ကိစ္စကို ထွေးထွေးနှင့် စကားပြောရတော့သည်။ ထွေးထွေးကလည်း မလှပိုမှာ ကလေးထိန်းအလုပ်ကို ကောင်းကောင်းစိတ်မပါ၍ သူကလည်း မခိုင်းလို တော့ကြောင်း ပြောလာလေရာ မလှပိုကို သစ်သစ်တို့အိမ်သို့ ခေါ်ထားလိုက်ရ၏။

            မလှပိုသည် အမေနှင့် တော်တော်အဆင်ပြေနေသည်။ အမေ့အတွက် တောက်တိုမည်ရ ခိုင်းစရာလည်းရ၊ အပျင်းပြေ စကားပြောဖော်လည်းရသဖြင့် သစ်သစ်မှာဝမ်းသာနေရ၏။ အတူနေ အဒေါ် အပျိုကြီးနှင့် သစ်သစ်တို့ ညီအစ်မသာရှိသော အိမ်တွင် မလှပိုတစ်ယောက် တိုးလာသဖြင့် ပိုပြီး စိုပြည်သလို ရှိသည်ကတော့ အမှန်ပင်တည်း။

            မလှပိုမှာ တွေ့စအချိန်တွေကလို ငိုင်တိငိုင်တိုင် မရွှင်မလန်းပုံမျိုး မဟုတ်တော့ဘဲ ရယ်စရာ မောစရာများ ရှာကြံပြောတတ်သော၊ သီချင်း တညည်းညည်းနှင့် နေတတ်သော သူအဖြစ် တွေ့လာရ ၏။ လက်ဖက်ရည် အလွန်ကြိုက်ပြီး ဆေးပေါ့လိပ် မပြတ်သောက်တတ်သူလည်း ဖြစ်နေသေး၏။ ထမင်းကို ဟုတ်တိပတ်တိ မစားဘဲ နေချင်နေမည်။ ဆိုင်ဖျော် လက်ဖက်ရည်ကိုမူ မသောက်ရ သေးပါက မလှပို၏ မျက်နှာ သိပ်မကြည်ချင်ပေ။ သစ်သစ်တို့ မိသားစုမှာ လက်ဖက်ရည် မကြိုက်ကြ။ ကော်ဖီစစ်စစ်ကို နှပ်ပြီး သောက်နေကျမို့ မလှပို တစ်ယောက် မိုးလင်းသည်နှင့် လက်ဖက်ရည်ဆိုင်သို့ ရောက်နေတော့၏။ ချိုင့်ဆွဲ လက်ဖက်ရည်ကို တစ်နေ့ လေးငါးခွက် သောက်တတ်ကြောင်း အဒေါ်ပြောမှ သစ်သစ် သိရသည်။ မလှပို၏စိတ်မှာ တစ်ခါတလေကျရင် သိပ်မူမမှန်ချင်ဘူးဟု အဒေါ် က ပြောသေး၏။ ဘာပဲဖြစ်ဖြစ် အမေ့ကို ဂရုတစိုက် ပြုစုဖော်ရသဖြင့် သစ်သစ်ကတော့ ကျေနပ်ရသည်။ မီးပူ တိုက်ရာတွင်လည်း မလှပိုက သေသပ်ကျနသူ ဖြစ်လေရာ မီးပူတိုက်ဖို့ရန် အလွန်ပျင်းသော သစ်သစ်အတွက် မလှပို ရောက်လာသဖြင့် အစ ပြုခေါ်လာပေးသူ ထွေးထွေးကိုပင် ကြံဖန်ကျေးဇူးတင်နေ မိသေး၏။

            တစ်နေ့တွင် ၁၄၊ ၁၅ နှစ်အရွယ် မိန်းကလေးနှင့် ရွယ်တူနီးပါး ယောကျ်ားတစ်ယောက် သစ်သစ်တို့အိမ်ကို မေးမြန်းပြီး ရောက်လာ၏။ အရွယ်တူ ရုပ်ရည်တူသဖြင့် မောင်နှမမှန်း သိသာ၏။ အသားဖြူဖြူနှင့် မျက်လုံးဝိုင်းလေးများမို့ သစ်သစ်က စူးစမ်းနေမိသည်။ မလှပိုနှင့် တွေ့လိုကြောင်း ပြောလာကတည်းက တစ်စုံတစ်ခုကို ရိပ်မိနေသော သစ်သစ်အတွက် အချိန်များစွာ မကုန်မီမှာပင် သိသင့်သည်ကို သိလိုက်ရ၏။

            'လှပိုကလေးတွေပါ။ အမေရှိတဲ့နေရာကို ရှာပြီး လာကြတာလေ'ဟု ကလေး နှစ်ယောက်၏ ခေါင်းလေးများကို ပွတ်သပ်ရင်း ပြောပြနေသော မလှပိုမျက်နှာမှာ မသာယာပေ။ ကလေးတွေ မျက်နှာလေးတွေကို သေချာကြည့်လိုက်တော့ မလှပို ငယ်ငယ်က ရုပ်ရည်နှင့် တစ်ထေရာတည်း ချွတ်စွပ်တူ။ အမေလို ဖြူဖြူပုပု ဝိုင်းဝိုင်းလေးတွေ။ မလှပို အိမ်ထောင်ကျသွားကြောင်းကို သိုးသိုးသန့်သန့် ကြားဖူးခဲ့ရ၏။ မတွေ့ရသည်မှာလည်း ကြာပြီဖြစ်၍ သစ်သစ်အတွက် အမှတ် ရစရာအဖြစ်လည်း မဟုတ်ခဲ့ပေ။ ယခုအချိန်အထိ သူ့အကြောင်းတွေကို သစ်သစ် မစပ်စုရသေးသလို မလှပိုကလည်း ဘာမျှမပြောသေးဘဲ သူ့ဘာသာ နေတတ်သလို နေနေတာ ဖြစ်၏။ ဘာဖြစ်ခဲ့ လေသနည်း။ ကလေးတွေက မိခင်ကို လိုက်ရှာနေသည်ဆိုတော့ မလှပိုနှင့် သူ့ခင်ပွန်း၊ သစ်သစ် မျက်ဝန်းများ၏ အကြည့်ကို ရင်မဆိုင်လိုဟန်နှင့် မလှပိုက မျက်လွှာချလိုက်၏။ ပြီးတော့မှ ကလေး တွေကို အိမ်အပြင်ခေါ်ထုတ်သွားလိုကြောင်း ခွင့်ပန်ကာ ထွက်သွားသော မလှပို၏ နောက်ကျောကို ကြည့်ရင်း သစ်သစ်တစ်ယောက်မှာ အတွေးတွေကို ဆန့်နေမိတော့၏။

            မလှပို သစ်သစ်တို့ဆီ ရောက်ပြီး တစ်လအတွင်းမှာပင် ကလေးနှစ်ယောက်သာ နှစ်ခါလောက် လာတတ်ကာ ခင်ပွန်းဆိုသူမှာ တစ်ခါမျှမလာပေ။ အိမ်ထောင်ရှိလျက်နှင့် သူတကာအိမ်တွေမှာ ဘာဖြစ်လို့ အလုပ်လုပ်ပြီး နေထိုင်နေရသလဲ။ အိမ်ထောင်များ ကွဲနေသလား။ ဒါမျိုးလည်း ဖြစ်နိုင်သေးသည်။ မလှပိုက အစမဖော်သဖြင့် ဘာမျှ မသိရပေ။

            အချိန်တစ်ခုသို့ ရောက်လာ၏။ ပြောမည့်ပြောတော့လည်း မလှပိုက သူ့အကြောင်းတွေကို ဆေးပေါ့ လိပ်ဖွာရှိုက်လျက်က ဇာတ်စုံခင်းပြနေ၏။ ဘာမျှ အဆန်းတကြယ်မဟုတ်။ နားထောင် နေမိသော သစ်သစ်မှာသာ အိပ်ငိုက်ချင်သလို ဖြစ်လာ၏။ သူက စကားများစွာ ပြောသော်လည်း သစ်သစ်ဘက်က အကျဉ်းချုပ်ပြီး နားလည်လိုက်၏။ တချို့အကြောင်းတွေမှာ သစ်သစ်တို့ ကြားပြီး သိပြီးသားတွေလည်း ပါ၏။ မိဘမဲ့ဘဝမှာ ဒေါ်ခင်ခင်ကြီးက ခေါ်မွေးထားပြီး စောင့်ရှောက်ခဲ့ကာ စာသင်ပေးခဲ့ပုံ၊ သူ့ကို အိမ်နားက ရွယ်တူကောင်လေးတွေက ကြိုက်ကြပြီး စာခဏခဏအပေးခံရပုံ၊ နောက်တော့ သည်လောက် ဒေါ်ခင်ခင်ကြီး အထိန်းအကွပ် ကောင်းသည့်ကြားက သူ ယောကျ်ားနောက် လိုက်သွားသဖြင့် စိတ်ဆိုးပြီး အဆက်ဖြတ်လိုက်၏။ အိမ်ထောင်ကျပြီးကတည်းက စံပယ်မြိုင်သို့ သူ မရောက်တော့ဘဲ ဒေါ်ခင်ခင်ကြီး ဆုံးသွားသည်ကိုပင် လအတော်ကြာမှ သိရ၍ ကျိတ်ကာ မျက်ရည်ကျခဲ့ရကြောင်း စသည်ဖြင့်...။

            မလှပိုက သူ့စကားများကို သစ်သစ် စိတ်ဝင်တစား နားထောင်နေသည် ထင်ပြီး ဆက်ပြောနေ၏။

            'ယောကျ်ားက အသောက်အစား နည်းနည်း ရှိတယ်လေ။ သူနဲ့ရပြီးကတည်းက ယောက္ခမတွေနဲ့ အတူနေရတာ။ ကျွန်မတို့အပြင် တခြားသားသမီး အိမ်ထောင်သည်တွေပါ အတူစုပြီး နေကြရတာ မမသစ်ရဲ့။ အားလုံးနဲ့ ဝိုင်းလုပ်ဝိုင်းစားပေါ့။ မနေတတ်တဲ့ ကျွန်မကတော့ ပိုပင်ပန်းတယ်လေ။ ကိုယ်က အိမ်ကြီးအိမ်ကောင်းမှာ နေခဲ့ဖူးတော့ နေရထိုင်ရတာ သိပ်စိတ်ဆင်းရဲတာပဲ။ ယောကျ်ား ရှာစာကလည်း ကလေးတွေ ကြီးလာတာနဲ့ မလောက်တော့ဘူး။ အိမ်အနီးအနား ပတ်ဝန်းကျင်မှာ အဝတ်လျှော်၊ မီးပူတိုက်တဲ့ အလုပ်တွေ လိုက်လုပ်ရတယ်။ ဒါပဲ ကျွန်မက လုပ်တတ်တာ။ နောက်တော့...'

            သူ့စကားကို မဆက်သေးဘဲ မီးသေသွားနေသော ဆေးပေါ့လိပ်တိုကို မီးထပ်ညှိပြီး ဖွာရှိုက်လိုက်၏။ အိပ်ငိုက်ချင်နေသော သစ်သစ်က...

            'ဆိုစမ်းပါဦး။ ဘယ်ကဘယ်လို နယ်မြို့လေးကနေ ဖိုးစိန်လမ်းက ထွေးထွေးဆီ ရောက်လာရတာလဲ မလှပိုရဲ့'

            ချက်ချင်း ဖြေသံထွက် မလာပေ။ အတန်ကြာ တိတ်ဆိတ်နေပြီးမှ...

            'ကျွန်မက ယောကျ်ားနဲ့ ကွဲနေတာကြာပြီ မမသစ်ရဲ့'

            မှေးစင်းချင်နေသော သစ်သစ်မျက်လုံးများ ဖျတ်ခနဲ ပွင့်သွားတော့၏။

            'ကျွန်မ လုပ်တတ်တဲ့ အလုပ်ကြောင့် တစ်အိမ်ပြီး တစ်အိမ်လျှောက်လုပ်ရင်းနဲ့ နောက်တော့ ရန်ကုန်ရောက်လာပြီး ထွေးထွေးတို့ဆီမှာ အလုပ်ရတာ။ မေမေကြီးနဲ့ အမျိုးတော်မှန်း အစက မသိ ပါဘူး။ ထွေးထွေးဆီမှာက ကျွန်မ အလုပ်နဲ့မကိုက်ဘူး။ ကိုယ်က လူကြီးသူမကို ပြုစုဖူးတော့ လူကြီးတွေဆီမှာပဲ လုပ်ချင်တာ။ ပြီးတော့ မေမေကြီးကိုလည်း အရင်ကတည်းက ချစ်တယ်လေ။ မေမေကြီးနဲ့ ပြန်တွေ့ရတာ ကျွန်မ စိတ်ချမ်းသာတယ်'

            'ကလေးတွေက အခု ဘယ်သူနဲ့ နေသလဲ မလှပို။ ဖအေဆီမှာလား'

            'အငယ်နှစ်ယောက်ကတော့ သူတို့ဖအေဘက်က အဒေါ်တွေနဲ့နေတယ်။ ယောက္ခမတွေလည်း မရှိတော့ပါဘူး။ ယောကျ်ားက နောက်မိန်းမနဲ့လေ။ အခု မြောက်ဒဂုံမှာ ရောက်နေကြတယ်ဆိုပဲ။ အရင်ကလိုပဲ အားလုံးစုနေကြပြန်သတဲ့။ ကလေးတွေအတွက် ကျွန်မ တတ်သလောက် ရှာပေးချင်လို့ အလုပ်လုပ်နေရတာ။ ကျွန်မမှာ သားသမီး သုံးယောက်တောင်ရှိတယ် မမသစ်ရဲ့။ အကြီးဆုံးက မိန်းကလေး၊ အသက်နှစ်ဆယ်ရှိပြီ'

            မလှပို ဇာတ်လမ်းက သစ်သစ်အတွက် တစ်စတစ်စနှင့် နားထောင်လို့ ကောင်းလာ၏။ သစ်သစ် အိပ်မငိုက်တော့ပေ။

            'သမီး အကြီးမက ယုဇနပလာဇာက အထည်ဆိုင်တစ်ခုမှာ အလုပ်လုပ်တယ်။ တစ်လကို တစ်သောင်းခွဲလောက်ရတယ်။ ကျွန်မ အသိတစ်ယောက်ဆီမှာ နေတယ်'

            'အငယ်တွေနဲ့အတူ ဘာလို့ မနေတာလဲ မလှပို'

            မလှပိုက သစ်သစ်ကို မကြည့်ဘဲ အဝေးသို့ လှမ်းမျှော်သလို ငေးနေ၏။ သိပ်စပ်စုရာများ ကျသွားလေ သလားဟု အားနာနေမိ၏။ အတန်ကြာမှ...

            'သူတို့က သမီးကြီးကို မကြည်ဖြူချင်ကြဘူး။ အငယ်နှစ်ယောက်ကို ပိုချစ်တယ်။ သမီးကြီးက ငယ်ငယ်ကတည်းက ကျွန်မနဲ့နေရတဲ့အချိန် နည်းပါတယ်။ ကျွန်မမှာ မိဘဆွေမျိုးကလည်း မရှိလေတော့ ကိုယ့်ကို သနားတဲ့၊ ခင်တဲ့သူတွေဆီမှာ လှည့်ပြီး ထားခဲ့ရတာ။ အဆင်မပြေတဲ့ ကြားကပဲ သမီးကြီးကို ကိုးတန်းအထိ ကျွန်မ ထားနိုင်ခဲ့တယ်'

            မလှပို မျက်နှာကို သစ်သစ် ကြည့်နေမိ၏။ ဘာတွေလဲ။ သူ့စကားများကို နားသာထောင်နေမိ၏။ ဇာတ်က သိပ်မရည်လည်။ မလှပိုက သူ့စကားကို ဆက်ဟန် ပြင်လိုက်၏။ မျက်နှာထားက ပြုံးခနဲ့နဲ့ ဖြစ်လာသည်။ သဘောကျသလို၊ ကျေနပ်သလို မျက်နှာအနေအထား။

            'သမီးကြီးက နေတာစားတာ အငယ်တွေလို မဟုတ်ဘူး။ အသန့်အပြန့်လည်း ကြိုက်၊ အကောင်း လည်း သိပ်ကြိုက်တာ။ ရင်ရင့်ယောက္ခမတွေ အိမ်မှာ အဆင်မပြေတာ အဲဒါလည်းပါတယ်။ သူတို့က လူတွေများ၊ နေတာထိုင်တာတွေကလည်း ဖြစ်ကတတ်ဆန်း ဆိုတော့ သမီးကြီးက ညစ်ပတ်ရင် မနေတတ်ဘူး။ ရုပ်ရည်ကလည်း အငယ်တွေနဲ့ မတူသလို ကျွန်မနဲ့လည်း မတူဘူး။ မမသစ် မတွေ့ဖူးသေးဘူးနော်'

            မလှပို စကားတွေက တဖြည်းဖြည်း ပုံမှန်မဟုတ်တော့။ ဘာကြောင့် သူ့သမီးကြီးကို ယောကျ်ားဘက်က မကြည်ဖြူလေသနည်း။ တစ်ခုခုတော့ မှားနေပြီ။ နားဝေတိမ်တောင်ပုံ ဖြစ်နေသော သစ်သစ်အကြည့်ကို မြင်သွားသော မလှပိုက မပွင့်တပွင့်လေသံနှင့်...

            'သမီးကြီးက သူတို့ သွေးမဟုတ်ဘူး။ ကျွန်မဘက်က ပါလာတာ'

            'ဘယ်လို ညည်းဘက်က ပါလာတာ။ ဒါဆို ညည်းက အိမ်ထောင်နှစ်ခါတောင် ကျဖူးတာပေါ့ ဟုတ်လား' သစ်သစ်အသံက အံ့သြဟန်ပေါက်နေ၏။

            မလှပိုက မျက်နှာကို ဝှက်သလို ခေါင်းငုံ့လိုက်ပြီးမှ...

            'အင်း... ဆိုပါတော့ မမသစ်ရယ်'

            'သည်လိုဆိုတော့ ဒေါ်ခင်ခင်ကြီးအိမ်ကနေ လိုက်သွားတဲ့ ယောကျ်ားက ပထမလူပေါ့နော်။ သူနဲ့ရတဲ့ ကလေးလား'

            'ဟုတ်...ဟုတ်ပါတယ်'

            'သြော်... မလှပို၊ ညည်းကလည်း...'

            မတွေ့ဖြစ်ခဲ့သော ကာလအချိန်အတွင်း အပြောင်းအလဲတွေ များခဲ့သော မလှပိုကို ကြည့်ရင်း ငယ်စဉ်က အမြဲပြုံးရွှင်သွက် လက်နေတတ်သည့် စံပယ်မြိုင်က မလှပို၊ ဒေါ်ခင်ခင်ကြီး၏ လက်ကသုံး တောင် ဝှေးလေး မလှပိုကို သစ်သစ်ကတော့ ပြန်မြင်ယောင်နေမိ၏။

            သီတင်းကျွတ် လပြည့်နေ့ဖြစ်၍ ကောင်းကင်တွင် လဝန်းက ဝိုင်းစက်ပြည့်တင်းနေ၏။ ရောင်စုံမီးသီးများ၏ မှိတ်တုတ်တုတ် အလင်းရောင်က လမင်းအလှကို နှောင့်ယှက်ချင်နေသလို။ အမေ့ကို လာကန်တော့ကြသော ဆွေမျိုးမောင်နှမတွေ၏ အသံတွေနှင့် သစ်သစ်တို့အိမ်မှာ စည်ဝေနေ၏။ တစ်နှစ်တစ်ခါ ကြုံဆုံရခိုက် စကားတွေမှာ ပြောမကုန်နိုင်ကြပေ။ တခြားအချိန်တွေ၌ လူမှုဘဝကိစ္စများနှင့် အချိန်လုနေကြရလေရာ အခုလို နေ့ကြီးရက်ကြီးတွင် တွေ့ဆုံဖြစ်အောင် ကြိုးစားလာကြရသည်။

            ထမင်းစားခန်းတွင် ဧည့်သည်များအတွက် စမူဆာကြော်နှင့် ကော်ဖီကျွေးရန် ပြင်ဆင်နေသော သစ်သစ်အား အမေက ဧည့်ခန်းမှနေ၍ လှမ်းခေါ်လိုက်၏။

            'သစ်သစ်ရေ၊ ဒီမှာ မလှပိုတို့ သားအမိတွေ ရောက်နေတယ်။ လာခဲ့ပါဦး'

            ထမင်းစားခန်း၏ လိုက်ကာ ခန်းစီးစကို အသာလှစ်ပြီး သစ်သစ်ကြည့်လိုက်မိ၏။ ဧည့်ခန်းကြမ်းပြင်တွင် ကျုံ့ရုံ့ရုံ့ ထိုင်နေကြသော မလှပိုတို့ မိသားစု။ သစ်သစ် ဧည့်ခန်းရောက်တော့ အမေတူ ဖြူဖြူပုပုဝိုင်းဝိုင်းလေး နှစ်ယောက်က ပြုံးပြကြ၏။ တွေ့ဖူးနေကျမို့ သစ်သစ်က မှတ်မိဟန် ခေါင်းဆတ်ပြလိုက်ပြီး မလှပို အနားက တခြားတစ်ယောက်ဆီသို့ အကြည့်ရောက်သွားမိ၏။ မလှပို ပြောပြဖူးသော သမီးအကြီးဆိုတာများလား။ မလှပိုထက် ခေါင်းတစ်လုံး ပိုမြင့်ဟန်ရှိသည်။ ခေါင်းငုံ့ပြီး ထိုင်နေသဖြင့် မျက်နှာကို ကောင်းစွာ မမြင်ရပေ။ သစ်သစ်၏ သိလိုဇောဟန် ပေါက်နေသည့် အကြည့်ကို နားလည်သွားသော မလှပိုက...

            'သမီး အကြီးမလေ။ မေမေကြီးကို ကန်တော့ဖို့ ကျွန်မ ခေါ်လာတာ။ သူက အခုမှ ရောက်ဖူးတာ။ သမီး၊ ဒေါ်လေးကို နှုတ်ဆက်လိုက်ပါဦး'      

            ကလေးမလေးက ရိုကျိုးယဉ်ကျေးစွာ ခေါင်းမော့ပြီး နှုတ်ဆက်ကြည့်နှင့် ကြည့်၏။ မြင်ဖူးသော မျက်နှာအနေအထားတစ်ခု။ သစ်သစ် မျက်မှောင်ကျုံ့ကာ ကြည့်နေမိ၏။ အမြန်နှုန်းနှင့် စဉ်းစားမိ၏။ အသားညိုညို မျက်ခုံးထင်းထင်းနှင့် ပေါ်လွင်သော နှာတံစင်းစင်း။ သစ်သစ်ခေါင်းမှ ဆံပင်များ ထောင်ထသွားတာ ခံစားလိုက်ရသည်။ သစ်သစ်၏ အံ့သြ၍ ပြူးကျယ်သွားသော မျက်ဝန်းများကို တွေ့သွား ဟန်တူသော ကလေးမလေး၏ နှုတ်ခမ်းမှ ပြုံးလုလု အရောင်များသည် လမ်းခုလတ်တွင် မှေးမှန်သွားကြကာ မျက်ရစ်မထင်ရှားသော မျက်ဝန်းအစုံဆီက သွက်လက်စူးရှသည့် အကြည့်ကို သစ်သစ် တစ်ယောက်မှာ ရင်ဆိုင်လိုက်ရသည်။

ဝေမာ

(အမှတ် ၁၉၄၊ ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်