ရွှေဝတ္ထု

သံများနှင့် ကျွန်ုပ်

ဆွေဦးမြင့်

01 October 2025
သံများနှင့် ကျွန်ုပ်
Share to

            'ကိုကြီးက တစ်ခုခု မဖြစ်လိုက်နဲ့။ ကိုယ်ပဲ ခံလိုက်ရတာချည့်ပဲ။ ကိုကြီးရဲ့ သူငယ်ချင်းတွေက စားမယ်၊ သောက်မယ်။ ပိုက်ဆံချေးသွားပြီး ပြန်မပေးကြဘူး။ အချိန်မတော်မှ မူးပြီး အတင်းတံခါးဖွင့်ခိုင်းပြီး လာအိပ်ကြမယ်။ အဲဒီလူတွေက နည်းနည်းလေးလည်း ကောင်းစားသွားကြရော။ ကိုကြီးဆီ ယောင်လို့တောင် ခြေဦးမလှည့်ကြဘူး'

            အသက် ၂ဝ နှစ်ကျော်လောက်ကွာတဲ့ တကယ်ဆိုရင် သားလောက်ပဲရှိတဲ့ ညီအငယ်ဆုံးက ကျွန်တော့်ကို ခုလို ပြန်ပြောရဲလာတဲ့အထိ အဖြစ်တွေက နေ့စဉ်လိုလို သူတို့ မျက်မြင် ကိုယ်တွေ့ကြုံနေရတာကိုး။ ကျွန်တော်က အစ်ကိုအကြီးဆုံးလည်း ဖြစ်ပြန်၊ သူငယ်ချင်းမိတ်ဆွေတွေဘက်ကလည်း မခံချင်ဖြစ်ပြန်ဆိုတော့ အကြီးဆုံးဆိုတဲ့ အရှိန်အဝါနဲ့ မှန်တာမှားတာ အပထားလို့ ညီငယ်ကို ငေါက်ငမ်းပစ်မိတယ်။

            တကယ်ဆိုတော့ သူတို့က အစ်ကိုဘက်ကနာပြီး ပြောကြတာမှန်သင့်သလောက် မှန်ပါတယ်။

            လူပျိုကြီး တစ်ကိုယ်တည်းဖြစ်တဲ့ ကျွန်တော့်အိမ်မှာ မိသားစုလိုက်ရော၊ တစ်ယောက်ချင်းစီရော လရှည်နှစ်များ နေထိုင်စားသောက်သွားကြသူတွေ မနည်းပါဘူး။ ဒီကြားထဲ ရက်ပိုင်းလောက် လာတည်းခိုသွားကြသူတွေကလည်း အများသား။ မိန်းမခိုးလာကြတဲ့ အတွဲတွေဆိုရင် ကျွန်တော့်စိတ်ထင် အတွဲနှစ်ဆယ်လောက် ရှိမယ်။ ရိုးရိုးသားသား လာရောက် နေထိုင်တည်းခိုသွားကြတာလောက်ကတော့ ကိစ္စမရှိပါဘူး။ တချို့က အပြစ်အမှားတွေ လုပ်သွားတတ်ကြတယ်။ ဒါတွေကတော့ ညီငယ်အပါအဝင် မိသားစုဝင်တွေက အကြီးဆုံးမို့ ကြောက်ရွံ့လို့သာ မပြောတာ။ သူတို့ မကြည်ဖြူ လက်မခံစေချင်ကြတာ မမှားပါဘူး။

            စာပေဂီတ အနုပညာသမားဆိုတော့ လာရောက်တည်းခို နေထိုင်ကြသူအများစုကလည်း အနုပညာသမားတွေ များပါတယ်။ ဒီတစ်ယောက်နဲ့ ဆက်နွယ်ပြီးတော့ နောက်တစ်ယောက်၊ နောက်တစ်ယောက်နဲ့ ပတ်သက်ပြီးတော့ နောက်တစ်ယောက်နဲ့ များပြားလိုက်တဲ့ ဧည့်သည်တွေက ကျွန်တော် ကိုယ်တိုင်တောင် တချို့ဆိုရင် မမှတ်မိဘူး။ သူက ဘယ်သူဘယ်ဝါပါ၊ ဘယ်သူနဲ့အတူ တစ်ညလာအိပ်ဖူးပါတယ်လို့ သူ့ကိုယ်သူ မိတ်ဆက်ပေးလာမှ ရေးတေးတေးမှတ်မိတယ်။ တချို့ကလည်း နှစ်ပုဒ်သုံးပုဒ်လောက်ပဲ ရေးသားပြီး စာပေသမား အလံထူကာ အချိန်မတော်မူးလာ၊ တောင်ပြော မြောက်ပြောတွေ သည်းခံရ၊ ပြီးတော့ သူတို့က အရှိန်လေးနဲ့ အိပ်မောကျသွား၊ မိမိကတော့ မျက်လုံးကြောင်ပြီး တစ်ညလုံး အိပ်မရဖြစ်ရတဲ့ ညတွေလည်း မနည်းလှပါဘူး။ အဆိုးဆုံးက အဖိုးတန်

စာအုပ်တွေ အခိုးခံရခြင်းပါပဲ။ အကြိမ်ကြိမ် ပြန်ဖတ်ရလို့ အလွယ်တကူ အိပ်ရာဘေးနား ထားအိပ်တဲ့ ဆရာကြီး ဇော်ဂျီ ရဲ့ ရသစာပေအဖွင့်နှင့် နိဒါန်း၊ ပလေးတိုနိဒါန်း၊ ဆရာ မောင်သာနိုးရဲ့ ထင်းရှူးပင်ရိပ်၊ ဂျော့သွမ်ဆန်ရဲ့ ကဗျာ့ သဘောတရား စတဲ့ စာအုပ်တွေ အခိုးခံလိုက်ရတာကတော့ ရင်အနာရဆုံးပါပဲ။

နောက်ပိုင်းကျတော့ ကျွန်တော်လည်း ဧည့်သည် အရေထူလာပြီး အရေးပေး ဧည့်ခံသင့်သူကို အရေးပေး ဧည့်ခံ၊ သာမန်လူကို သာမန်ပဲ ဧည့်ခံ၊ နောက်ဆုံး အရေးမလုပ်သင့်သူကို ဥပေက္ခာပြုနဲ့ ဧည့်ခံအတတ်ပညာကို ဘွဲ့လွန် ဒီဂရီတွေ ရလာခဲ့ပြီ။ ညအိပ်ညနေဆိုရင် ကျွန်တော့်မှာ စောင်၊ ခေါင်းအုံး အပိုရှိပေမယ့် ခြင်ထောင်ကတော့ တစ်ယောက်အိပ် ခြင်ထောင်တစ်လုံးတည်း ရှိတယ်။ ဒီတော့ ဧည့်သည်လေးငါးဦး များလာရင် သာတူညီမျှ ခြင်ထောင်မထောင်ဘဲ အိပ်ကြရတာပေါ့။ နှစ်ရှည်လများ လာအိပ်ကြတဲ့ ဧည့်သည်တွေ အတွက်တော့ စောင်နဲ့ခေါင်းအုံးပဲပေးပြီး ကျွန်တော်က ခြင်ထောင်နဲ့ အိပ်ရတာပေါ့။

နယ်ဝေး ရပ်ဝေးက တစ်ခါတလေမှ လာလည်တတ်တဲ့ ဧည့်သည်မျိုးကျတော့ သူ့ကို ခြင်ထောင်နဲ့ ပေးသိပ်ရတာပေါ့။ အဲဒီမှာ ပြဿနာ စတာပါပဲ။ အမြဲတစေနေထိုင်နေတဲ့ ဧည့်သည်တွေက သူတို့ကိုကျတော့ အလေးမထားဘူး။ ဒီဧည့်သည်ကျတော့ အရေးပေးတယ်။ သူတို့ချည့်ပဲဆိုရင် ကျွန်တော်က ခြင်ထောင်နဲ့အိပ်ပြီး သူတို့ကို ခြင်တောထဲအိပ်ခိုင်းတယ်။ ကျွန်တော်က အတ္တကြီးတယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ ဘက်လိုက်တယ်လို့ ကွယ်ရာမှာ တစ်မျိုး၊ ရှေ့မှာ (အရက်အားကိုး) လေနဲ့တစ်ဖုံ ရှုတ်ချကြ၊ ပေါက်ကွဲကြတယ်။ ဧည့်သည်လာတိုင်းသာ တန်းတူညီမျှဖြစ်အောင် ကျွန်တော် ခြင်ထောင်နဲ့ မအိပ်ရင် တစ်လမှာ ၃၁ ရက်လုံးလုံး ခြင်တွေနဲ့ နပန်းလုံး အိပ်ရေးပျက်နေမှာပါပဲ။  ဒီတော့ ရက်ရှည်လများ သူတို့ကို နေရာထိုင်ခင်းပေး၊ ဧည့်ခံကျွေးမွေးခဲ့တဲ့ မေတ္တာတရားတွေဟာ သဲထဲရေသွန် အချည်းနှီးဖြစ်ကုန်ပြီး ကျွန်တော့်မှာ စိတ်မကောင်း ဖြစ်ရတော့တာပေါ့။ လူတစ်ဖက်သားကို နှိမ့်ချချိုးဖဲ့ခြင်း မဟုတ်ဘဲ အမှန်အတိုင်း ပြောရရင် ကဗျာလေး နှစ်ပုဒ် သုံးပုဒ်လောက် ဖော်ပြခံရပြီး အနီးဝန်းကျင် ဝါသနာပါသူ လူငယ်တွေကို ပြသဝါြကွားပြီး ဆရာကြီးလုပ်ကာလက်ဖက်ရည်ချိန်ဆိုရင် လက်ဖက်ရည်၊ ညနေဆိုရင် သေရည်လေးတမြမြနဲ့ ကြားဖူးနားဝ စကားလုံးတွေ၊ အလွတ်ကျက်မှတ်ထားတဲ့ သြဝါဒတွေပေးပြီး သူ့ကိုယ်သူရော မသိနားမလည်ရှာတဲ့ လူငယ်တွေကိုရော တကယ့် စာပေကဗျာသမားကြီးတွေလို ထင်မှတ်ယစ်မူးကာ ခေါင်းစဉ်မဲ့ ရောက်တတ်ရာရာတွေ ပြောဆိုငြင်းခုံနေကြတော့တာပါပဲ။

            အထင်မှတ်မှား ယုံကြည်မှုထဲမှာ မိမိကိုယ်ကို မှတ်မှားယုံကြည်မှုဟာ အဆိုးရွားဆုံး အဆိပ်အတောက်ပါပဲ။ ကျွန်တော် သိသလောက် ဂျာနယ် မဂ္ဂဇင်းတွေမှာရော၊ တကယ့်စာပေလုံးချင်းစာအုပ်တွေ ထုတ်ဝေရေးသားနေသူတွေမှာ ဒီလိုမူးယစ်ငြင်းခုံကြဖို့ အချိန်မပေးနိုင်ကြပါဘူး။ တစ်နေကုန် တကုပ်ကုပ် စာရေးစာဖတ်ကာ အားလပ်ချိန်လေးတချို့မှာ စာအုပ်ထုတ်ဝေဖြန့်ချိရေး လုပ်ငန်း စကားလေးတွေပြော၊ တစ်နေ့တာ အာရုံညောင်းညာသမျှကို ရယ်မောနောက် ပြောင်စရာလေးတွေနဲ့ အချိန်ကန့်သတ်လမ်းခွဲကြကာ အိမ်မှာ တစ်ကိုယ်ရည် ပြုစုဖန်တီး ရေးသားကြရတာပါပဲ။

            တကယ့် ကဗျာဆရာ၊ စာရေးဆရာ၊ အနုပညာ သမားစစ်စစ်တွေမှာ အားလပ်ချိန်မရှိကြပါဘူး။ အချိန်ပြည့် ဝန်းကျင်ကို လေ့လာသင်ယူ၊ စာပေစာတမ်းတွေ ဖတ်မှတ်လေ့လာကြပြီး မိမိရဲ့ စိတ်ကူးထိုးထွင်းဉာဏ် (Inspiration) ကောင်းသည်ထက် ကောင်းအောင် တရားကျင့်ကြံသလောက်နီးနီး သတိဉာဏ်စဉ် အမြဲမပြတ်ထားကြပြီး ရင့်သန်အောင် အားထုတ်နေကြတော့ သူတို့မှာ စကားအပိုပြောစရာ၊ အပိုလုပ်ကိုင်စရာ အချိန်မရှိကြဘဲ ရေးစရာတွေ၊ တွေးတောဖွဲ့နွဲ့ ဖန်တီးစရာတွေဟာ အများအပြား တန်းစီနေတာပါပဲ။ တစ်ခါတစ်ခါ အခြေအနေ မပေးလို့ ဖြစ်စေ၊ ကျန်းမာရေး မကောင်းလို့ မအားလပ်လို့ဖြစ်စေ မရေးနိုင်ပေမယ့် သူတို့မှာ ရေးစရာတွေးတော ဖန်တီးစရာတွေဟာ အမြဲ အဆင်သင့် ရှိနေကြတာပါပဲ။ အတွေးအခေါ် အဘိဓမ္မာ စာအုပ်တွေကို အကြိမ်ကြိမ် ကျေညက်အောင် ဖတ်ရှုလေ့လာပြီး မိမိရဲ့ စိတ်ကူးထိုး ထွင်းဉာဏ် ရင့်သန်လာအောင် သတိမပြတ်သူမှန်သမျှ ရေးစရာအကြောင်းအရာ မရှားပါဘူး။

            တစ်ခါတစ်ခါ လမ်းသွားရင်း ကားပေါ်မှာ စီးနင်းလိုက်ပါရင်း၊ နောက်ဆုံး ရေချိုးရင်း ဧည့်သည်လာလို့ အာလာပသလ္လာပစကားတွေ ပြောဆိုကြရင်း အတွေးတစ်ချက် ဝင်ကာ မြင်တွေ့ပြော ဆို နေကြတာက အကြောင်းအရာ တစ်မျိုး ဖြစ်ပေမယ့် စာဆိုရဲ့ စိတ်ကူးထိုးထွင်းဉာဏ်ထဲမှာ ဘယ်လိုမှ ထင်မှတ်မထားသော စိတ်ကူးအကြောင်းအရာလေးတွေ လျှပ်တစ်ပြက် ဝင်လာတတ်ပါတယ်။ အဲဒီလိုရရှိလာတဲ့ အနုပညာအလှတရားဟာ ဖန်တီးရတာလည်း မြန်ဆန်ပေါ့ပါးပြီး ကိုယ်တိုင်လည်း အားရကျေနပ်စေတဲ့ အဖိုး ထိုက်ရတနာပါ။ ကိုယ့်ကိုယ်ကိုယ် မာန်နှိမ်ချပြီး ဖွဲ့နွဲ့တင် စားပြောရရင် ဘုရားသခင် (သို့မဟုတ်) အနုပညာနဲ့ဆိုင်သော တန်ခိုးရှင်တစ်ဦး ဦးရဲ့ လက်ဆောင်လို့ ပြောရမလားပဲ။ အမှန်တော့ မိမိ ကိုယ်တိုင် ရင့်သန်အောင် ကျင့်ကြံအားထုတ်ထားတဲ့ စိတ်ကူးထိုးထွင်းဉာဏ်ပါ။

            ကြွားဝါခြင်းလို့ မထင်မှတ်စေချင်ဘဲ အရှိအတိုင်းအမှန်အတိုင်း ဝန်ခံပြောဆိုရရင် ညဘက်အိပ်စက်ရင်း အိပ်မက်ထဲမှာ ကဗျာလှလှလေးတွေ၊ စိတ်ကူးအတွေး လှလှလေးတွေ ဝင်ရောက် လာတတ်ပြီး နံနက်ခင်းကျတော့ အနည်းငယ်စီမံပြုပြင်လိုက်ရုံနဲ့ ကဗျာကောင်း စာကောင်းတွေ ထွက်ပေါ်လာတတ်တာ (တစ်ကြိမ်၊ နှစ်ကြိမ်) တကယ်လက်တွေ့ပါ။

            ဒီတော့ တကယ့် အနုပညာသမား စစ်စစ်မှာ စကားအပိုတွေ ပြောဆိုနေဖို့ အချိန် သိပ်မရှိပါ။ အမြဲတမ်း ရေးဖွဲ့နေနိုင်ဖို့ သူ့ရဲ့ထိုးထွင်းဉာဏ်က သူ့ကို သတိပေးနေတယ်။ မလွှဲမကင်းသာလို့ ဧည့်ခံပြောဆိုနေရင်းနဲ့လည်း အကြောင်းအရာလေး တစ်ခုခုက (တန်ဖိုးအလှတရားသာ ကွာခြားမယ်) သူ့အတွက် ဖန်တီးရေးဖွဲ့စရာတော့ ရရှိနေတတ်စမြဲပဲ။

            ပြောရရင် နေရာတိုင်းမှာ အနုပညာအလှတရားနဲ့ အတွေးအခေါ် အဘိဓမ္မာတွေ ရှိနေတယ်။

            အဲဒီတော့ ကျွန်တော်တို့မှာ အချိန်ပို သိပ်မရှိဘူး။ ဖတ်မယ်၊ လေ့လာစူးစမ်းမယ်၊ အတွေးနယ်ချဲ့မယ်၊ ပြီးရင် ရေးဖွဲ့ဖန်တီးမယ်။

            အမြဲတမ်းလာ နေထိုင်သောက်စား မူးယစ်နေသူတွေ (စာကဗျာကျတော့ တစ်နှစ်နေလို့ တစ်ပုဒ် နှစ်ပုဒ်ကောင်းကောင်း မရေးဖွဲ့သူတွေနဲ့) ကြာကြာထိုင်ပြီး စကားပြောလိုစိတ် မရှိဘူး။ တောရောက် တောင်ရောက် အခြေအမြစ်မရှိ၊ တစ်ယောက် တစ်ပေါက် ငြင်းခုံပြောဆိုနေကြမယ့်အစား ဂစ်တာ လေးတီးပြီး သီချင်းဆိုနေ လိုက်ချင်တယ်။ အရက်လေးတစ်ခွက် ငဲ့သောက်ပြီး ရာသီချိန်ခါအလိုက် သီချင်းလေးတွေ ကက်ဆက်လေးတိုးတိုး ဖွင့်ပြီး ငြိမ့်နေလိုက်ချင်တယ်။

            တချို့ကျတော့ ရှိသေးတယ်။ စာတွေ ကဗျာတွေ အနည်းအကျဉ်းတော့ ရေးဖွဲ့ပါတယ်။ ရေးလက်လေးလည်း ရှိပါတယ်။ ဒါပေမယ့် နည်းနည်းလေး အရှိန်ရလာရင် မီးပေါင်တက်လာရင် လေးငါးခြောက်အိမ်ကြားလောက်အောင် ဝါဒတွေ၊ အယူအဆတွေ ငြင်းခုံမယ်။ အရက်သောက်လေ စကားနည်းလေဖြစ်တဲ့၊ အိမ်ရှင်လည်းဖြစ်တဲ့ မိမိနဲ့တော့ မဟုတ်ဘဲ သူတို့ဧည့်သည်ချင်း အော်ကြီးဟစ်ကျယ် ငြင်းခုံကြတာပါ။ သူတို့ကတော့ ဝသီအတိုင်း မူးလာရင် စာပေအကြောင်း ငြင်းခုံကြ တာပါ။ ဒါပေမယ့် ကာလဒေသ အခြေအနေတွေကို သူတို့မေ့လျော့သွားကုန်ကြပြီ။ ကျွန်တော်နေတာက ဝန်ထမ်း လိုင်းခန်းငယ်လေး။ ထရံတစ်ချပ်ပဲခြားပြီး ကြမ်းတစ်ပြေးတည်း။ အချိန်မတော် မူးတဲ့ အသံကြီးတွေနဲ့ အော်ဟစ်နေကြတော့ အလုပ်မီအောင်ဆင်းဖို့ စောစောအိပ်ကြတဲ့ တစ်ဖက်အခန်းက လူတွေကို အားနာစရာ။ ကျွန်တော်က ကိုယ့်ဘက်က အပြစ်အမှား စတင်ကျူးလွန်မိမှာကို အလွန်စိုးရိမ်ကြောက်ရွံ့တတ်တဲ့သူ။ သူတို့ကို တိုးတိုး ပြောကြဖို့ (သို့မဟုတ်) ရပ်နားကြဖို့ ပူပန်ထိန်းသိမ်းရင်းနဲ့ ကိုယ်က မမူးတော့ဘူး။ ဇိမ်မရှိတော့ဘူး။ ရက်ပေါင်းများစွာ အော်ဟစ်ငြင်းခုံနေ ကြလို့ တစ်ဖက်အခန်းက ရန်ရှာ စိန်ခေါ်လာတဲ့အခါ၊ သည်းမခံနိုင်ကြဘဲ ပေါက်ကွဲလာကြတဲ့အခါ၊ ကျွန်တော်က အောက်ကို ဆင်းပြီး တောင်းပန်ဖြေရှင်းရတာလည်း အခါခါ။ အရက်ကလေး မူးလာရင် ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် မနေကြဘဲ ငါသိ ငါတတ်လုပ်ကာ ရန်ဖြစ်မတတ် ငြင်းခုံနေ ကြသူတွေကို ကျွန်တော် သိပ်စိတ်ပျက်တာပဲ။ သူတို့ဟာ ကမ္ဘာကျော် ရော့ခ်ဂစ်တာသမား ဂျင်မီ ဟင်းဒရစ် လောက်တောင် မရင့်ကျက်၊ မသိမ်မွေ့ကြဘူး။ ဂျင်မီကို ဂစ်တာ အတီးကောင်းရုံနဲ့တင် ကမ္ဘာမက မြန်မာနိုင်ငံက ဂစ်တာ လေ့လာလိုက်စားသူတွေပါ လေးစားနှစ်ခြိုက်ကြပါတယ်။ ဒီလို ခပ်ဟော့ဟော့ ရော့ခ်ဂစ်တာပညာရှင်တစ်ယောက်က အားလုံးဖျားသွားအောင် အဘိဓမ္မာစကား တစ်ခွန်းပြောလိုက်ပါတယ်။ သူတို့ မကြားဖူးသေးရင် ချစ်ခင်လေးစားစွာ စကားလက်ဆောင် မျှဝေလိုက်ချင်ပါရဲ့။

            'ဗဟုသုတက စကားပြောတယ်။ အသိဉာဏ်ပညာကတော့ နားထောင်တဲ့ အလုပ်ပဲလုပ်တယ်'

ဂျင်မီဟင်းဒရစ်

(ကမ္ဘာကျော် ရော့ခ်ဂီတပညာရှင်)

            အိမ်ပေါ်မှာ ငွေတွေ ထောင်နဲ့ချီပြီး သုံးလေးခါ ပျောက်တာလောက်ကိုတော့ စာမဖွဲ့တော့ပါဘူး။ ပြန်ရှာလို့မရနိုင်တဲ့ အဖိုးတန်ရှားပါး စာအုပ်ကောင်းတွေတောင် ပျောက်ရှခဲ့သေးတာပဲ။ ပတ်ဝန်းကျင်က လူတွေက ကျွန်တော့်ကို သူဌေး (သို့မဟုတ်) ငွေပေါများသူလို့ ထင်မှတ်မထား၊ အထင်ကြီး မထားကြပေမယ့် အားနာတတ်သူ၊ သဘောလွယ်သူ၊ အဆိုးဆုံးက စိုးကြောက် ရှောင်ကြဉ်ရမယ့် ခပ်တင်းတင်း ခပ်မာမာ အုပ်ထိန်းသူ (သို့မဟုတ်) ဇနီးမယား အဖော်မွန်မရှိတာကြောင့် အချိန်မရွေး ဝင်ထွက်သွားလာ ချေးငှားလို့ရတဲ့အတွက် အားမနာ မျက်နှာမပူဘဲ ငွေလာလာ ချေးငှားတတ်ကြပါတယ်။ တချို့က ခုနစ်ထောင်၊ ရှစ်ထောင်။ တချို့က တစ်သောင်းအထိ အားနာသနားစဖွယ် ကိုယ်မကူညီရင်ဘဲ ဘဝကြီး ပျက်တော့မယ့်အထိ၊ ထောင်တန်းအချုပ်ကျရတော့မယ့်အထိ နေ့စဉ်ရက်ဆက် အခါခါ ဒူးထောက် မတတ်အထိ တဖွဖွ လာညည်းတွားတောင်းရမ်းနေကြတော့ မျက်နှာနာ၊ မျက်နှာပူပြီး ကိုယ့်မှာရှိသရွေ့ ငွေကြေးလေး ချေးငှားလိုက်ပါတယ်။ ကိုယ်ကလည်း ချင့်ချိန်ပြီး သုံးစွဲနေရတဲ့ လခစားလေးဆိုတော့ ဘယ်နေ့မှာ အတိအကျ ပြန်ပေးပါ။ အဲဒီနေ့မှ မရခဲ့ရင် ကျွန်တော့်မှာ သုံးစရာ မရှိတော့လို့ပါဆိုပြီး အတိုးမဲ့ ငွေလှည့်တဲ့သဘော ချေးငှားလိုက်ပါတယ်။ ရက်စွန်း၊ လစွန်းလို့ နှစ်တွေသာ စွန်းသွားတယ်။ ငွေလည်း ပြန်မရ မျက်နှာပူပြီး မြင်သူရှက်ကာ မိတ်ပါပျက်ရတဲ့အထိ ကိုယ့်ငွေနဲ့ကိုယ်နှစ်ခါ နစ်နာဆုံးရှုံးခဲ့ရတာ အကြိမ်ကြိမ်ပါ။ ဒီလိုငွေရော မိတ်ပါပျက်ရတဲ့အထိ သိန်းချီကုန်ကျလာတော့ အဲဒီလူမှ နောင်တမရရင် အလွန်မိုက်မဲ သူပဲ မဟုတ်ပါလား။

            ငွေမချေးတော့ဘူး။ ဘယ်သူ့ကိုမှ ဘာအကြောင်းကြောင့်ပဲဖြစ်စေ ငါ ငွေမချေးတော့ဘူးလို့ စိတ်ထဲက နာနာကြည်းကြည်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

            'ကိုဆွေ၊ မနက်ရော ညပါ ဆိုင်ထမင်း ဆိုင်ဟင်း စားနေရတော့ ငြီးမှာပေါ့။ အဒေါ် မင်းညီအတွက် နေ့တိုင်း ထမင်းချိုင့်ထည့်နေရတာပဲ။ ဆိုင်မှာဝယ်မစားနဲ့။ ပါဆယ်ဝယ်လာပြီး ညီအစ်ကိုနှစ်ယောက် အတူတူ ပေါင်းစားကြပေါ့။ အိမ်ဟင်း အိမ်ထမင်းလေးနဲ့ဆိုတော့ စားလို့မြိန်တာပေါ့။ အားမနာနဲ့။ အဒေါ် ဟင်းတွေပိုထည့်ခဲ့မယ်'

            ကျွန်တော်တို့ အနားမှာ ဈေးတန်းလေး စည်ကားလှပါတယ်။ ပထမပိုင်း စတင် သိကျွမ်းခဲ့တာက အဲဒီဆိုင် ပိုင်ရှင်ဟာ ကြည်မင်းပါ။ သူနဲ့ ကျွန်တော် ညီအစ်ကိုတမျှ ပေါင်းသင်းခဲ့ကြပြီးအတွင်း ရေးတွေပါ တိုင်ပင်ရင်ဖွင့်ကာ ကျွန်တော်က ဝတ္ထုဇာတ်ညွှန်းခွဲ၊ ဒါရိုက်တာပါ လုပ်ပြီး သွန်သင်ညွှန်ကြားလိုက်တာ အဲဒီဆိုင်တန်းက ရုပ်ရည်ဉာဏ်ပညာ အသင့်အတင့်ရှိတဲ့ မိန်းကလေး တစ်ယောက်နဲ့ မကြာမီ အကြောင်းပါသွားကြပါတယ်။ ဒီတော့ ကြည်မင်းတို့ လင်မယားနှစ်ယောက် တစ်ဆိုင် သပ်သပ် အိုးအိမ်စီးပွားခွဲ ထွက်ကြတော့တာပေါ့။ ကြည်မင်းမိဘရဲ့ဆိုင်ကို သူ့ ညီကြည်ဝင်းက ဆက်ရောင်းပါတယ်။

            ကြည်မင်းတို့ လင်မယားနှစ်ယောက်ဟာ နှစ်ဖက်မိဘဆွေမျိုးတွေနဲ့ ကင်းရှင်းပြီး ကိုယ့်စီးပွားလုပ်ငန်းလေးနဲ့ကိုယ် ရောင်းချနေထိုင် စားသောက်ကြတာ ကြည်နူးစရာပါ။ ဒီတော့ ဒါရိုက်တာကြီး ကျွန်တော်လည်း ချမ်းမြေ့ရတာပေါ့။

            ကြည်မင်း မိဘရဲ့မူလဆိုင်လေးကို သူ့ညီကြည်ဝင်းက ဆက်ရောင်းတော့ တစ်နွယ်ငင် တစ်စင်ပါ ကျွန်တော်လည်း ဝင်ထွက်သွားလာရင်းနှီးပြီး မနက်ထမင်းစားချိန် ချိုင့်လာပို့တဲ့ သူတို့အမေနဲ့ပါ ရင်းနှီးသွားခဲ့တယ်။ အငယ်ကောင်ကြည်ဝင်းက ဈေးရောင်းဈေးဝယ် မဆိုးပေမယ့် တစ်မိသားစုလုံးရဲ့ စီးပွားဥစ္စာတွေကို မကြာမီ ပျက်သုဉ်းစေတော့မယ့် မူးယစ်ဆေးဝါး နံပါတ်ဖိုးကို မသုံးမနေနိုင်အောင် စွဲနေတယ်။ ဒီတော့ တစ်နေကုန် ရောင်းရတဲ့အရင်းနဲ့ အမြတ်အစွန်းတွေဟာ နံပါတ်ဖိုးက သိမ်းဆည်းသွားပြီး ဆိုင်ဟာ တဖြည်းဖြည်း လုံးပါးပါးလာတယ်။ ရောင်းရပေမယ့် အရင်းအနှီး အသစ် ဝယ်မထည့်နိုင်တော့ ဆိုင်မှာ ပစ္စည်းမရှိတော့။ ဒီမှာ ကုန်သည်ဆီက အတိုးနဲ့ဝယ်ထည့်လည်း ရောင်းရပေမယ့် အဖတ်မတင်။ ထပ်မယူရဲ၊ ယူလို့မရတော့ ဆိုင်နီးပါးချင်းတွေ အကုန်လုံးနီးပါးဆီက အတိုးနဲ့ငွေရင်းပြီး ကုန်တွေထပ်ထည့်ပေမယ့် အရင်းလည်း မဆပ်နိုင်၊ အတိုးလည်း မပေးနိုင်တော့ဘဲ အားလုံးနဲ့ မျက်နှာပျက် ဘယ်ဆီမှာမှ ချေးငှားမရတော့မှ နောက်ဆုံး ကျွန်တော့်ဆီ ရောက်လာတာပါ။ ဒီအကြောင်းတွေကို အိမ်တွင်းပုန်း ရာထူးအမြဲယူပြီး ဝန်းကျင်နဲ့ အဆက်ပြတ်နေတဲ့ ကျွန်တော်ကတော့ ဘယ်သိမှာလဲ။

            ကျွန်တော် ကြိုက်တတ်တဲ့ ပဲဟင်း၊ ခရမ်းချဉ်သီး ငါးပိချက်လေး၊ ငါးပဲဖြူလေးတွေ ချက်ပြီး ချိုင့်နဲ့ သယ်ယူကျွေးမွေးလာတဲ့အခါ မိဘဆွေမျိုး ငတ်တဲ့ ကျွန်တော်ကလည်း ဒီအဒေါ်ကြီးကို သံယောဇဉ်တွယ်ငြိ မိတော့တာပေါ့။ ဒါပေမယ့် ကျွန်တော်ဝယ်ခဲ့တဲ့ ဆိုင်ထမင်းဟင်းတွေကလည်း နဂိုတစ်ယောက်တည်း စားတဲ့ ဆန်ဖိုးထက်တောင် ပိုများပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဦးပေါင်း ဟင်းသုံးလေးမျိုးနဲ့ စားရတဲ့အပြင် အိမ်ဟင်း ငါးပိချက်၊ ငါးပိကြော်လေးတွေနဲ့ စားရတဲ့အခါ နဂိုထက် ပိုမြိန်တာပေါ့။

            ဒီလိုနဲ့ သုံးပတ်လောက် ကြာသွားတဲ့အခါ...

            'ကိုဆွေရယ်၊ ကိုယ့်သားသမီးအရင်းလို ခင်မင်လို့ ပြောရဦးမယ်။ အငယ်ကောင်က အပေါင်းအသင်းမှားပြီး နံပါတ်ဖိုးစွဲနေပြီ။ ဆိုင်လည်း ပြောင်သလောက် နီးပါးပဲ။ အဒေါ်မှာ သူ့အဖေကြီး မသိအောင် ဖုံးရဖိရ၊ ဆိုင်ကိုလည်း ဟန်မပျက်လေးဖြစ်အောင် ဝယ်ရထည့်ရ၊ သူ့ကိုလည်း ကြပ်မတ် ချော့မော့ရနဲ့ တစ်နေကုန် ဆိုင်ပိတ်ပြီးမှ အိမ်ပြန်ရတယ်။ မဟုတ်ရင် ထိုးဖော်ထိုးဖက် အဖော်တွေက ရောက်ရောက် လာတတ်ကြပြီး ရောင်းထားသမျှ ပိုက်ဆံတွေကို သူက ပေးလိုက်၊ ဟိုလူတွေက သွားဝယ်ပြီး ထိုးလိုက်ကြနဲ့ ဆိုင်ပြုတ်တော့မှာ။ အဲဒီတော့ သောင်းချစ်ဆိုတဲ့ ကောင်ကို မပေါင်းစေနဲ့။ ကိုဆွေ့လက်ထဲ သူ့ကို အပ်ပါတယ်။ ညီ အရင်းလေးလို ဆုံးမပါ။ သောင်းချစ်တို့နဲ့ မပေါင်းစေဘဲ ညနေကျရင် အရက်ဆိုင်ကို ခေါ်သွားပါ။ ကိုဆွေနဲ့ အတူတူသောက်ပြီး ဆုံးမပဲ့ပြင်ပေးပါ။ နောက်တစ်နေ့ကျရင် အဲဒီကုန်ကျစရိတ်ဖိုး အဒေါ်ပေးပါ့မယ်'

            နံပါတ်ဖိုးသမား ဆိုတာကလည်း ပရိယာယ်မာယာ အများသား မဟုတ်လား။ အငယ်ကောင်က သောင်းချစ် မကောင်းကြောင်း၊ သူ့အပေါ်မှာ ဘယ်လိုဖျံကြတတ်ကြောင်းတွေ ပြောပြီး သောင်းချစ်ကလည်း အငယ်ကောင် တင်စီးပုံတွေ၊ သူ့မှာ ထောင်နှုတ်ခမ်းနင်းပြီး ရှာဖွေရပုံ တွေပြောကာ သူ့အမေအပြင် ကျွန်တော်တို့ကိုပါ အယုံသွင်းတယ်။ ဒါပေမယ့် ခဏပါပဲ။ သူတို့အချိန်းအချက် လုပ်ထားတဲ့နေရာမှာ ဟိုလူတွေ့၊ ဒီလူတွေ့ ပေါ်ကြတော့တာပါပဲ။ အဲဒီအဒေါ် ကြီးရဲ့သောကကို ကျွန်တော့်အမေရင်းတစ်ယောက်လို သနားလိုက်တာ။ သူ တကူးတက ချက်ပြုတ်ထည့်လာပေးတဲ့ ဟင်းတွေကိုလည်း သုံးဖတ်လောက်ပေမယ့် ကျေးဇူးတင် မဆုံး။ နောက် တစ်ပတ် လောက်ကြာတော့..

            'ကိုဆွေရယ်၊ ကိုဆွေ့ဆီမှာ ငါးသောင်းလောက် ရှိတယ်လို့ ကြားတယ်။ ကိုယ့်ကိုယ်ကိုယ် ခံ့ခံ့ညားညား နေစမ်းပါ။ ဘာဖြစ်လို့ အောင်ဘာလေထီကြီး လမ်းပေါ်မှာ လျှောက်ရောင်းနေရတာလဲ။ သည့်ထက်မက အမြတ်စွန်းရလာအောင် အဒေါ် ကြည့်စီစဉ်ပေးမယ်။ အဒေါ်ကို အဲဒီငွေ ငါးသောင်းပေး ထား။ အတိုးသဘောမျိုး မဟုတ်ဘဲ ပုံသေမရှိ အဒေါ် အမြတ်အစွန်းရသလို ကြည့်ပြီး ပိုပေးသင့် ပေးမယ်။ ကိုဆွေ အဲဒီငွေ ငါးသောင်းကို အရေးတကြီး ပြန်လိုချင်ရင် သုံးလေးရက်လောက်ပဲ ကြိုပြော။ အဒေါ်ရအောင် ပြန် ဖန်တီးပေးနိုင်တယ်'

            ကျွန်တော်က...

            'အဒေါ်ရယ်၊ အောင်ဘာလေထီကြီး ရောင်းတယ်ဆိုတာ သိပ်စိတ်ချမ်းမြေ့ဖို့ ကောင်းသလို အမြတ်အစွန်းလည်းရ၊ ကုသိုလ်လည်းရတယ်။ ပထမဆုံး ကိုယ့်အတွက် ကိုယ့်ဆိုင်လေး နာမည်ရဖို့အတွက် ထီဆုကြီးကြီး ပေါက်စေချင်တယ်။ အဲဒီမှာ ကိုယ့်အတ္တအတွက် ရည်ရွယ်ရင်း အလိုလို မသိသာလိုက်ဘဲ သူများကို ရစေချင်တဲ့ မုဒိတာတရားက အလိုလိုကိန်းအောင်းသွားပြီ။ နောက် အဲဒီထီဖွင့်ရက်အတွင်းမှာ ငါးပါးသီလလောက် စောင့်တည်ပြီး အများကို မေတ္တာပို့မိတယ်ဆိုတာ တမင် မကျင့်ကြံရဘဲ မွန်မြတ်တဲ့ လုပ်ငန်းပါ။ လောကီ လောကုတ္တရာ နှစ်ဖြာအကျိုး ထူးပါတယ်။ ရှင်းရှင်းပြောရရင် ပိုက်ဆံအမြတ်အစွန်းလည်း အကြွေးမကျရင် တော်တော်ကျန်ပါတယ်။ ရုံး စာရေးကြီးလုပ်ပြီး လမ်းပေါ်မှာ ထီလျှောက်ရောင်းရတာ ကျွန်တော် မရှက်ပါဘူး။ တချို့ဆိုရင် အဲဒါကို ဂုဏ်ပြုပြီး ပိုတောင်အားပေးလိုက်ပါ သေးတယ်'

            ကျွန်တော်က ရှည်ရှည် ဝေးဝေး ရှင်းပြပေမယ့်လည်း သူက သားအရင်းအချာ တစ်ယောက်လို ပူပန်တားမြစ်၊ ပြီးတော့ လွန်ခဲ့တဲ့ သုံးပတ်ကျော်ကျော် တစ်လခန့်က ဖွယ်ဖွယ်ရာရာ ဟင်းလျာလေးတွေကလည်း မိဘမဲ့ တစ်ဦးတည်းနေထိုင်သူကျွန်တော့်အဖို့ လျှာအရသာထက် နှလုံးသားခံစားမှု မေတ္တာတရားအရသာက ပိုမိုစိတ်ကို ပျော့ပျောင်းနူးညံ့စေ ပါတယ်။

            ဒီလိုနဲ့ပဲ ကျွန်တော့်ချွေး နှဲစာလေး (အနှစ်နှစ်အလလက စုထားတဲ့)ငွေငါးသောင်းဟာ အဲဒီအဒေါ်ကြီးလက်ထဲ လွယ်လင့်တကူ ရောက်ရှိ သွားပါတော့တယ်။ သုံးလလောက်တော့ အတိုးသဘော ဆန်ဆန်လေး မှန်မှန်ပေးပြီး လေးလလောက်မှာ သူတို့ အတွင်းစိတ် စပေါ်တော့တာ ပါပဲ။ လကုန်လို့ ဆိုင်ကို ကျွန်တော် ရောက်သွားရင် အဒေါ်ကြီး မရှိတော့ဘူး။ စောပြီး ပြန်သွားရင်ပြန်သွား၊ ဒါမှမဟုတ် အပြင်ဘက် ထွက်ရှောင်နေတတ်တယ်။ လဆန်းလေးငါးရက်ကြာတော့ နောက်လမှ ပေါင်းပေးမလို၊ ဘာလိုလိုနဲ့ အရင်လို မနွေးထွေးတော့ဘူး။ စကားတွေ မဝေစည်တော့ဘူး။ သည့်ထက် ပိုဆိုးလာတာက ကျွန်တော် ဝင်သွားတာနဲ့ သားအမိနှစ်ဦး ဆူဆူညံညံ ရန်ဖြစ်ပြကြတော့တာပါပဲ။ ကျွန်တော်ကတော့ ဟန်ဆောင် ရန်ဖြစ်ကြတယ်လို့ ထင်တာပါပဲ။

            'အမေတို့ လုပ်ပုံ ကျွန်တော် ရှက်တယ်ဗျာ။ အခြားလူဆီက ဆိုရင်ထားဦး။ ကိုဆွေ့ဆီက ယူပြီး ကတိပျက်တယ်ဆိုတော့ ဘယ်လိုမျက်နှာချင်းဆိုင်တော့မလဲ'

            'ဟဲ့... အဲဒါ နင်တို့ အသုံးမကျလို့။ နံပါတ်ဖိုး ထိုးပြီး ဖြုန်းပစ်နေလို့။ ငါ့မှာ လူတကာကို အောက်ကျ နောက်ကျခံပြီး ချေးငှားနေရတာ။ ဒီအရွယ်ကြီးကျမှ ကိုယ့်တူ ကိုယ့်သားအရွယ်လေးကို တောင်းပန်အောက်ကျို့နေရတာ နင်တို့ကြောင့်ပဲ'

            အဲဒီလိုနဲ့ ကျွန်တော်က သူတို့အတွက် အပူသည်ကြီးလို ဖြစ်ပြီး ဆိုင်ထဲကို မဝင်ရဲတော့ဘူး။ ကိုယ်ရောက်သွားတာနဲ့ သူတို့သားအမိက ရန်ဖြစ်ဆူပူကြတော့တာကိုး။ အဲဒီလိုနဲ့ ငွေငါးသောင်းဟာ နံပါတ်ဖိုးနဲ့ နံပါတ်သဲကိုးဖြာနဲ့ကြား စုန်းစုန်းမြုပ်သွားတော့တာပါပဲ။ ဒီတော့မှ ဆိုင်နီးပါးချင်းတွေက သိရှိကုန်ကြပြီး စုတ်တသပ်သပ်နဲ့ ကိုဆွေ ကျွန်တော်တို့ကို ကြိုမပြောဘူးဗျာ။ နို့မို့ဆိုရင် သတိပေး ရတာပေါ့။ ဒီဆိုင်တန်းအားလုံးမှာ သူ့အကြွေးမကင်းဘူးဗျ။ နောက်ဆုံး ကိုဆွေဆီ ရောက်သွားရတော့တာပေါ့။ မရှိမဲ့ရှိမဲ့ ချွေးနှဲစာလေးနဲ့ စုထားရတဲ့သူကို မလုပ်ကောင်းပါဘူးဗျာ။

            သူတို့လည်း နောက်ကျ မှ သိကုန်ကြပြီး သတိမပေးလိုက်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ကြရုံမှတစ်ပါး ဘာမှမတတ်နိုင်ကြ။

            နောက်ဆုံး အဘွားကြီးလည်း ဆိုင်ပိတ်ပြီး တိမ်းရှောင်ထွက်ပြေးသွားရတာပါပဲ။ အဝယ်တော် သောင်းချစ်က ထောင်အရင်ကျပြီး အငယ်ကောင်က နောက်ကျမှ လိုက်သွားကာ ရဲဘက်စခန်းမှာ ဆေးကုသရင်း ကွယ်လွန်သွားတယ်လို့ သတင်းကြားရတယ်။ အဒေါ်ကြီးလည်း ဒီဈေး တစ်ဝိုက်ကို လုံးဝခြေဦး မလှည့်ရဲတော့။

            'ကိုဆွေ၊ လူအတော်များများဟာ သံနဲ့တူကြပြီး သူတို့စိုက်ဝင်လို့ရတဲ့ ပျဉ်ပြားတွေ၊ သစ်တွေကို စိုက်ဝင်ကြတယ်'

            ကျွန်တော်နဲ့ စိတ်တူကိုယ်တူ ဘာသာဗေဒတူ ပြောဆိုပေါင်းသင်းနေတဲ့ အဲဒီ ဈေးတန်းက ကိုတင်မောင်လတ်က ပြောဆိုလာတယ်။

            'ခင်ဗျား ဆိုလိုချင်တာက ကျွန်တော်က ပျဉ်ပြားပေါ့'

            သူက...

            'ပျဉ်ပြားတောင် ရိုးရိုး ကျွန်းတို့၊ ပျဉ်းကတိုးတို့လို စိုက်ဝင်ရခက်တဲ့ အမာစားမျိုး မဟုတ်ဘဲ ထင်းရှူးသားလို အထပ်သားလို အပျော့စားမျိုးဗျ။ သစ်မာဖြစ်ပြီး မထူထဲတဲ့အပြင် အပျော့စား အပါးစားဗျ။ ဒါကြောင့်မို့ ရက်ရှည်လများ အလုပ်မလုပ်ဘဲ လာအိပ်ရဲကြတယ်။ မူးယစ်ရမ်း ကားရဲကြတယ်။ ပိုက်ဆံအပါအဝင် အဖိုးတန်စာအုပ်တွေ အလစ်သုတ်ရဲကြတယ်။ ပြီးတော့ သူတို့အလိုမပြည့်ဝရင် ခင်ဗျားကို အတ္တကြီးတယ်ဆိုပြီး စော်ကားရဲကြသေးတယ်။ ဘာအကူအညီမှ မပေးဘဲ ခင်ဗျားက လက်သင့်ခံထားလို့ စိုက်ဝင်နေတဲ့ သံတွေပဲဗျ။ အခုဆုံးပါးသွားတဲ့ ငွေငါးသောင်းဆို ဒီအဒေါ်ကြီးက ခြောက်လက်မခွဲလောက် သံချွန်အကြီးစားကြီးပေါ့ဗျာ'

            ပြောပြီး နှစ်ယောက်သား ရယ်မောဖြစ်ကြပါတယ်။ ကိုတင်မောင်လတ်က လေးနက်တည်ငြိမ်စွာ ဆက်ပြောပြန်ပါတယ်။

            'ခင်ဗျားလည်း ဂစ်တာတီးနေတဲ့ ရော့ခ်ကာ တစ်ယောက်ပဲဗျာ။ လူတွေကို ဆက်ဆံရင် တချို့လူတွေကို ကျောက်စိုင်ကျောက်သားကြီးလို ဆက်ဆံဗျ။ အဲဒီ သံလို လူတွေဟာ ကျောက်စိုင် ကျောက်သားတွေနဲ့ကျတော့ စိုက်ဝင်လို့မရဘဲ သံချွန်တွေ တုံးပြီး ကွေးကောက်သွား ကုန်ကြတယ်။ အဲဒီတော့ နောက်တစ်ခါ ကျောက်စိုင်တွေဆီ မစိုက်ဝင်ရဲကြတော့ဘူး။ ပျဉ်ပြား အပျော့စားနဲ့တူတဲ့ ခင်ဗျားဆီပဲ ထပ်ခါ ထပ်ခါ လာစိုက်ဝင်ကြတယ်။ ခင်ဗျားက လက်သင့်ခံနေတာကိုး'

            သူ့စကားရပ်ဟာ ကိုယ်တိုင်အတွေ့အကြုံထဲက ပွင့်ထွက်လာတဲ့ ခံစားမှုလား၊ ဒါမှမဟုတ် အတွေးအခေါ် ပညာရှင်တစ်ဦးဦးရဲ့ အဘိဓမ္မာလား ကျွန်တော် မမေးလိုက်မိပေမယ့် သိပ်ကို သဘောကျသွားတယ်။ ကျွန်တော့်မှာ အတိတ်က စိုက်ဝင်ခဲ့တဲ့ မေ့လျော့နေတဲ့ သံတွေ၊ လတ်တလော နာကျင် ခံစားရဆဲ စိုက်ဝင်နေတဲ့ သံတွေ၊ နောက်စိုက်ဝင်လာဦးမယ့် အရွယ်မျိုးစုံ ပုံသဏ္ဌာန် မျိုးစုံသံတွေ ဝန်းရံတန်းစီနေ ဆဲပါပဲလား။

            အတိအကျ ပြောနိုင်တာကတော့ ကျွန်တော်ဟာ မာကျောတဲ့ ကျောက်စိုင် ကျောက်သား ဘယ်တော့မှ မဖြစ်နိုင်တာ အမှန်ပါပဲ။

ဆွေဦးမြင့်

(အမှတ် ၁၉၄၊ ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်