ရွှေသုတ‌

ရင်မှသွေးချောင်းပင်စီးပါစေ

စည်သူမြသန်း

01 October 2025
ရင်မှသွေးချောင်းပင်စီးပါစေ
Share to

ကျွန်တော်တို့ စာရေးဆရာများ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာနယ်ဇင်း အယ်ဒီတာများကို စာဖတ်သူများက လေးစားတန်ဖိုးထားတတ်ကြပါသည် ကျွန်တော်တို့ကလည်း စာဖတ်သူများအား ပြန်၍ တန်ဖိုးထားလေးစားရမည်မှာ အမှန်ပင်ရင်မှ သွေးချောင်းပင် စီးပါစေ ဖွင့်ထုတ်၊ သွန်အံ၊ ခံစား ရေးသားလိုသော စာတစ်ပုဒ်

 

(နိဒါန်း)

*          ကျွန်မတို့ ရင်၌ဖြစ်သော စာပေကို                  

.....

            အန်ထုတ်ကာ အသိုက်ပြု၍

            လောကလူသားတို့အား....

            ပေးအပ်ပါစေသတည်း။

*          တစ်ခါတစ်ရံ...

            ရင်မှာ သွေးသည်လည်း

            ငှက်သိုက်တွင် လိမ်းကျံလျက် ပါလာခဲ့၏။

*          သို့သော်...စားသုံးသူ လူသားတို့၌

            ခွန်အားဗလ ပြည့်စုံသည်ဆိုငြားအံ့

            ထိုရင်မှာ သွေးချောင်းပင် စီးပါစေ...

            သေသည်အထိ

            မပြတ်အန်ထုတ်သွားကြမည်ဖြစ်၏။

*          ဤစေတနာသည်ပင်...

            ကျွန်မတို့၊ စာရေးဆရာတို့၏              

ကုသိုလ်ပင်တည်း။

ခင်နှင်းယု

[၁၉၆၄ ခုနှစ်၊ ဇွန်လိုင်လထုတ်၊ ရှုမဝ မဂ္ဂဇင်း၊ ဇီဝဇိုး စာပေဆောင်းပါးမှ]

(တစ်)

            စာရေးဆရာတို့၏ ကုသိုလ်... (တစ်နည်းအားဖြင့်) ဇီဝဇိုးငှက်ကဲ့သို့၊ ရင်မှာအသိုက်ပြု၍... ရင်မှာသွေး လိမ်းကျံ သွေးချောင်းစီးပါစေ....

            ဖွင့်အန်ဖော်ထုတ် ရေးသားခံစားပြလိုသော စာရေး ဆရာ၏ စာပေစေတနာ။

            ထိုစာပေစေတနာဖြင့်...

            စာဖတ်သူအား ဆင်ခြင်တွေးတော လေးနက်ထိရှစေသည့် ရသ။ ထိုရသမှတစ်ဆင့် ရရှိသော တန်ဖိုးရှိသည့် အသိတရား။ ထိုအရာများကို ဖော်ကျူးရန်လူမှာ (Spoken Language) အရေးဘာသာစကားများကို ကြားခံကိရိယာအဖြစ် ဖန်တီးခဲ့ကြသည်။

            ထိုကြားခံကိရိယာဖြင့်...ရသများ၊ တုံ့ပြန်နိုင်ရန်၊ ခံစားနိုင်ရန်၊ ကဗျာဆရာ၊ စာရေးဆရာများသည် မိမိတို့၏အနုပညာပစ္စည်းများ၊ စာပေ၊ ဆောင်းပါး၊ ကဗျာတို့ကိုလည်း ဖန်တီးကြသည်။

            ထို့ကြောင့်...

            ထို အနုပညာပစ္စည်းတို့ကို ဖန်တီးရေးသားထုတ်လုပ်သူ စာရေးဆရာများသည် မိမိတို့၏ စာပေရေးသားမှု စာရေးဆရာ ဂုဏ်ပုဒ်ကို... လူဆင်းရဲပင် ဆင်းရဲငြား၊ နွမ်းပါးပင် နွမ်းပါးငြား၊ မည်သည့်ရာထူး ဂုဏ်ရှိန်၊ ငွေကြေးဥစ္စာနှင့်မှ မလဲလှယ် မချိန်စက်နိုင်ဘဲ (မြင့်မြတ်သော၊ မည့်သည့် တန်ခိုးရှင်မှ မဖန်ဆင်းနိုင်သော) အလုပ်တစ်ခုအဖြစ် တန်ဖိုးထားကာ စာဖတ်သူများ၏ စာရေးဆရာများအဖြစ် စာဖတ်သူများအား (စာရေးဆရာမကြီး ဒေါ်ခင်နှင်းယု... ပြောသလို) စာပေ၊ ခွန်အားဗလ၊ ပြည့်စုံစေအပ်သော ပီတိ၊ ကုသိုလ်ကို တလေးတမြတ် ခံယူသူများ ဖြစ်ကြသည်။

            ကျွန်တော်သည်၊ ဤအချက်ကို စာပေမိသားစုမှ ဆင်းသက်သူဖြစ်၍ အဖေ့ စာရေးဆရာဘဝကို ကြည့်ကာ၊ ပို၍ တန်ဖိုးထား သိရှိသည်။

            အဖေအမှူးပြုသော ကျွန်တော်တို့စာပေမိသားစုဘဝသည် မည်သည့်အခါမှ၊ ချမ်းသာြကွယ်ဝမှု မရှိခဲ့ပါ။

            ချမ်းသားကြွယ်ဝမှု မရှိငြား၊ ကျွန်တော်သည်၊ အဖေနှင့် တကွသော၊ အခြားလေးစားအပ်သော၊ စာရေးဆရာများ၏ စာပေဘဝကို အားကျခဲ့ပါသည်။

            ထို့ကြောင့် ကျွန်တော့်ကိုယ် ကျွန်တော် (ကျွန်တော့်မှာ အခြားမိသားစု ကိုယ်ရေးကိုယ်တာ အခက်အခဲများ ရှိပါစေ) စာဖတ်သူ အကျိုးသယ်ပိုးသော စာရေးဆရာတစ်ယောက် ဖြစ်ရန် ကျွန်တော် စာရေးသောလက်၊ အချည်းအနှီးမဲ့ လှုပ်ရှားသက်ဝင်မှု မဖြစ်စေရန်၊ ကျွန်တော့် စာရေးဆရာဘဝ ကျဆုံးမှု လမ်းဝမရောက်ရှိအောင်၊ ကျွန်တော် အားထုတ်ကြိုးပမ်း ပိုင်းဖြတ်၊ ပြဋ္ဌာန်းထားပါသည်။

            ပြီး...ကျွန်တော်သည် မိမိဘဝ အတ္တဥခွံ ကျဉ်းကျဉ်းမှာ...ကျွန်တော့်စာပေလမ်းကြောင်းကို အပျောက်မခံနိုင်ပါ။

            ကျွန်တော့် တစ်ကိုယ်တော် ထွက်ပေါက်အဖြစ် အရက်ကလေး သောက်ပြီး လူသားအကျိုးစီးပွားနှင့် လူ့ဘောင်၏ အဖြစ်မှန်များကို မျက်ကွယ်ပြုကာ...

            မိမိဘဝ၏ အတ္တဥခွံ ကျဉ်းကျဉ်းမှာ အမှန်တရားကို မရှာဖွေနိုင်ပါ။

            အမှန်တရားဆိုသည်မှာ လူအများစုကြားမှာသာ ရှိပါသည်။

            အတ္တဥခွံကျဉ်းကျဉ်းထဲမှာ၊ အမှန်တရား မရှိနိုင်ပါ။

(နှစ်)

            ထိုသို့ အတ္တဥခွံ ကျဉ်းကျဉ်းထဲမှာ... မရှိနိုင်သော အမှန်တရားအတွက် မဟုတ်မူဘဲ၊ လူအများစုကြီး၏ အမှန်တရားကို ရှာဖွေ၍ ကျွန်တော်တို့ စာရေးရာမှာ ကျွန်တော်တို့သည်၊ စာတစ်ပုဒ်အတွက် စကားလုံးများကို အသုံးပြုကြရသည်။

            စင်စစ်၊ စကားလုံးများသည် ကိုင်တွယ်ရ အခက်ဆုံးသော အနုပညာပစ္စည်း ဖြစ်သည်။

            စကားလုံးတစ်လုံးသည် တစ်ချိန်တည်းမှာ အလုပ် (၃) မျိုးကို လုပ်ဆောင်သည်။

၁။        စကားလုံးသည် အသံပြုရသည်။

၂။         စကားလုံးသည် အနက်အဓိပ္ပာယ် ဆောင်ရသည်။

၃။        စကားလုံးသည် သဒ္ဒါဝါကျ၊ ဖွဲ့ထုံး၏ဝန်ကို ထမ်းရသည်...ဟူ၍ ဆရာမြဇင်၏ မြန်မာကဗျာဖွဲ့ပုံ၊ တင်ပြပုံ စာတမ်းမှာ ကျွန်တော်ဖတ်ဖူးသည်။

            ထိုသို့ စကားလုံးများဖြင့် ဖွဲ့သီ၍ စာဖတ်သူအား ကျွန်တော်တို့ ပေးလိုသော စာပေစေတနာကို တင်ပြရာမှာ စာဖတ်သူနှင့် ကျွန်တော်တို့အကြား အားပြုရသော ပေါင်းကူးတံတားသည်... မဂ္ဂဇင်း၊ ဂျာနယ်များ ဖြစ်သည်။

            ယခု မဂ္ဂဇင်း၊ ဂျာနယ်များ၏ အလားအလာ မည်သို့ ရှိသနည်း။ မဂ္ဂဇင်း၊ ဂျာနယ်၊ အယ်ဒီတာများ၏ စာပေအမြင်၊ ၎င်းတို့၏ လုပ်ငန်းသဘော၊ သဘာဝရပ်တည်မှုများနှင့် ဘဝ များသည်ကော မည်သို့ရှိသနည်း။

            ဤနေရာတွင် အလျဉ်းသင့်၍ ၂ဝဝ၄ ခုနှစ်၊ သြဂုတ်လထုတ် မဟေသီမဂ္ဂဇင်း၏ နှစ် (နှစ်ဆယ်)ပြည့် အထူးထုတ်မှ စာရေးဆရာ နေဝင်းမြင့်၏ အယ်ဒီတာ အမည်ရှိ စာစုမှ အချို့အချက်ကို ဖော်ပြလိုသည်။ ယင်းအချက်မှာ...

            စာရေးဆရာနှင့် အယ်ဒီတာသည် ဗိသုကာနှင့် အင်ဂျင်နီယာလို ဖွဲ့စည်းခြင်းနှင့် မွမ်းမံခြင်းကို သူ့အပိုင်းနှင့်သူ တာဝန်ယူကြသူများဖြစ်သည်။

            မဂ္ဂဇင်းတစ်အုပ်၏ ရသ အလေးအပေါ့၊ အရောင်အလေးအပေါ့၊ အကြောင်းအရာ အလေးအပေါ့ကအစ အသံအလေးအပေါ့တွေပါ ချိန်တွယ်ရသူအဖို့ တာဝန်ကြီးလှသည်။ အယ်ဒီတာဆိုတာ ပေတံကိုင်တတ်ရုံ၊ ခဲပစ်တတ်ရုံ၊ ပန်းချီ အပ်တပ်ရုံ၊ စာဖောင် ဖွဲ့တတ်ရုံ၊ စားလုံးအရွယ်အစား၊ ကော်လံ အစိပ်အကျဲ သိရုံထက်မကသော... လေးနက်မှုတစ်ရပ် ကိန်းအောင်းနေသူ  ဖြစ်သည်။

            သူ့အနုပညာ၌ သူ ကျွမ်းကျင်သူ ဖြစ်သည်။ သူသည် သူ့အနုပညာ၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူ ဖြစ်သည်။ ပြီး၊ အယ်ဒီတာနှင့် စပ်လျဉ်း၍...

            ကျွန်တော်တို့ (စာရေးဆရာများကို ဆိုလိုဟန် တူသည်) ကြဲဖြန့်လိုက်သော ပုတီးရောင်စုံစေ့ကို သူက တစ်ကုံးတည်း ဖြစ်အောင် 'သီ' လိုက်သူ ဖြစ်သည်။

            ယင်းမှာ၊ စာရေးဆရာ နေဝင်းမြင့် ရေးသားမှု...။

(သုံး)

            ပြီး...ကျွန်တော်သည် အယ်ဒီတာကောင်းတစ်ယောက် ဖြစ်သော ကွယ်လွန်သူ ဆရာဦးခင်မောင်မြင့်နှင့် စပ်လျဉ်း၍ ကျွန်တော် ဖတ်ဖူးသော ဆရာ့ပြောစကားလေးကို သတိရ ဖြစ်ပြန်သည်။

             ပေဖူးလွှာတုန်းက နုနုရည်အင်းဝရဲ့ ‘ထဘီကလေးတစ်ထည်’ကို ကျွန်တော်ရွေးလိုက်တာ...

            အောက်ကရေးလိုက်တဲ့ မှတ်ချက်တွေက ပယ်စာရင်းမှာ ရှိတယ်။

            နုနုရည်ရဲ့ စာပေသမိုင်းကိုပြောတိုင်း ထဘီကလေး တစ်ထည်ပါတယ်။ အဲဒါ ကြားရတိုင်း ပီတိဖြစ်တယ်၊ ငုပ်ပီတိ။

            သြော်...စာရေးဆရာမှာတင်မက၊ အယ်ဒီတာမှာလည်း မိမိပေးလိုက်သော စာပေစေတနာအတွက် ခံစားရသော ပီတိရှိသည်ပင်။

            ကျွန်တော်တို့ ကြဲဖြန့်ရေးသားလိုက်သော စာပေများကို စာပေရောင် စုံပုတီးအဖြစ် တစ်ကုံးတည်းဖြစ်အောင် သီကုံးပေးသူ၊ မွမ်းမံတင်ဆက်ပေးသူ၊ တစ်နည်းအားဖြင့် အယ်ဒီတာ....

            ပြီး... ယင်းအယ်ဒီတာများ ဖန်တီးနေသော မဂ္ဂဇင်း၊ ဂျာနယ်များ၊ ယင်း မဂ္ဂဇင်း၊ ဂျာနယ်များနှင့် အယ်ဒီတာမှာ ငွေရှင်ဆိုသူလည်း မရှိမဖြစ် လိုအပ်ပါ ရှိနေသည်ပင်။ တစ်နည်းအားဖြင့် ထုတ်လုပ်သူပေါ့။

            ယနေ့ မဂ္ဂဇင်း၊ ဂျာနယ်အများစုကား၊ ဘောလုံး၊ ဂမ္ဘီရ၊ လျှို့ဝှက်ဆန်းကြယ်၊ သည်းထိတ်ရင်ဖိုကဏ္ဍများက အများစု နေရာယူထားသည်ကို အများအသိပင်။

            ဟိုးတစ်ချိန်တုန်းက ရှုမဝ၊ မိုးဝေ၊ သွေးသောက်၊ ငွေတာရီ၊ စန္ဒာ၊ မြဝတီ၊ သဘင် အစရှိ မဂ္ဂဇင်းများလို၊ ရှု့ထောင့်၊ ရွှေတူ၊ သတင်းဂျာနယ်၊ အိုးဝေ၊ ပြည်သူ့ကြယ် (နှင့်) အစောပိုင်း မြန်မာစာပေခေတ်ဦးကာလ၊ လင်းယုန်ဂျာနယ်၊ ပြည်သူ့ဂျာနယ်များလို၊ နိုင်ငံတကာနှင့် သရုပ်မှန် ရသလွှမ်းကဲသော မဂ္ဂဇင်းဂျာနယ်များကား အတိတ်စာပေ သမိုင်းမှာ လွမ်းမောဖွယ်ကျန်ရစ်ခဲ့ပြီ။  

            ကျွန်တော်သည် ရနံ့သစ်မဂ္ဂဇင်းမှာ 'ရသစာပေအဆင့် နေရာ မှုန်သီဝေဝါးသွားပြီလား' အမည်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ဖူးပါသည်။

            ရသလို သုတလည်း အရေးကြီးသည်ကို ကျွန်တော်တို့ နားလည်နိုင်ပါသည်။ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာများသည် စာဖတ်သူအတွက် မပေါ့ပါးသော၊ လေးလံနေသော၊ ရသစာပေများအဖြစ်မူ သဘောမထားသင့်ပါ။

            အလေးအပေါ့၊ မည်သည့်ဘက်မှ မလွှမ်းကဲဘဲ၊ အချိုး ညီညီမျှမျှတတ ထည့်သွင်းဖော်ပြသော မဂ္ဂဇင်းများ မရှိမဟုတ်၊ ရှိပါသည်။ သို့သော် အနည်းစု။

            ယခုဖော်ပြနေသာ ပေါ့ကဏ္ဍများသည် 'အကြောင်းအရာ' တစ်ခုအဖြစ် ထည့်သွင်းဖော်ပြထိုက်သော်လည်း 'အဆင့်တစ်ခု'အနေနှင့်မူ (လွန်ကဲစွာ အသားပေးမှု၊ အတင်းလိုလို၊ သတင်းလိုလိုမူ မဖြစ်သင့်ပါ) ဥပမာ...စူပါမင်းသမီး ကိုယ်ဝန်ပျက်ကျသလို သတင်းမျိုး။

            ယခုဆိုလျှင် မဂ္ဂဇင်းများမှာ ရသစုံ မဂ္ဂဇင်း၊ စာပေ မဂ္ဂဇင်းဟု အမည်တပ်ထားသော်လည်း အနယ်နယ် အရပ်ရပ်မှ လုပ်ငန်းဆိုင်ရာ ကြော်ငြာစုများမှလည်း မဂ္ဂဇင်းများတွင် မာတိကာတစ်ခုအဖြစ်ပင် နေရာယူလာပြီ။

            ရသစာပေကား အားနည်းချည့်နဲ့နေသည်တော့ အမှန်ပင်။

(လေး)

            ဆိုရလျှင်...

            ကျွန်တော်တို့ စာရေးဆရာများ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာနယ်ဇင်း အယ်ဒီတာများကို စာဖတ်သူများက လေးစားတန်ဖိုးထားတတ်ကြပါသည်။

            ကျွန်တော်တို့ကလည်း စာဖတ်သူများအား ပြန်၍တန်ဖိုးထား လေးစားရမည်မှာ အမှန်ပင်။

            မဂ္ဂဇင်း၊ ဂျာနယ်များ၏ စီးပွားရေးသဘော ပိုဆောင်လာမှုနှင့် သာမန် ဖျော်ဖြေရေးဘက် အလေးကဲမှုကို ကျွန်တော်တို့ သတိပြုသင့်သည်။ ရောင်းအား...

            'ဈေးကွက်ဦးစားပေး၊ အတင်းအဖျင်းသတင်းများ နေရာယူမှုများက အချို့သော (အချို့ကိုသာ ဆိုလိုပါသည်) ဂျာနယ်မဂ္ဂဇင်းများသည် မိမိတို့မဂ္ဂဇင်း၊ ဂျာနယ်များ၏ စာပေရပ်တည်မှု 'မူ'ပင် ပျောက်နေသလားဟု ထင်ရသည်။   

            ဂျာနယ်၊ မဂ္ဂဇင်း၏ လေးနက်မှု၊ ယုံကြည်မှုများကို မျက်ခြည်ပြတ်ကာ မူကို သဲသဲကွဲကွဲ မသိရ။ ဦးတည်ရာ (Trend) ကို သဲသဲကွဲကွဲ မသိရ။ မဂ္ဂဇင်း ပေါ်လစီဆိုသည်ကို သဲသဲကွဲကွဲ မသိရ။

            ကျွန်တော်တို့ငယ်စဉ် ဟိုမှာဘက် ကာလပိုင်းများမှာ ကျွန်တော်တို့သည် မဂ္ဂဇင်း၏ မူဝါဒပေါ်လစီကို အလေးပေး၍ အယ်ဒီတာ အာဘော် (Editorial) ကို ဦးစားပေး ဖတ်ဖြစ်ကြသည်။ နေ့စဉ်ထုတ် သတင်းစာများမှာလည်း (Head Line) ခေါင်းကြီးပိုင်းများကို ဦးစားပေးဖတ်ဖြစ်ကြသည်။

            ယခုအခါမှာကား အယ်ဒီတာ အာဘော်ကို ဂျာနယ် မဂ္ဂဇင်းမူအဖြစ် ပီပြင်စွာ ရေးသားမှုများ အတွေ့နည်းလှသည်။ ရှိတော့ရှိသည် ရှားသည်ဆိုသလိုပင်။

            မဂ္ဂဇင်း၊ ဂျာနယ်၏ စာမျက်နှာ တော်တော်များများမှာ...အရေးများသည်မှာ ယခုအခါ (Market Economy) ခေါ် ဈေးကွက်စီးပွားရေး ခေတ်အခါဖြစ်သည်ဆိုကာ စီးပွားရေးလုပ်ငန်းများအတွက် ရေးပေးနေကြသည်များ၊ အဆိုတော်များ၊ ရုပ်ရှင်၊ ဗီဒီယိုလောက၊ မင်းသား၊ မင်းသမီးများအတွက် ပို့ပေး၊ ပို့ရေးနေကြသည်များက များသေးသည်။

            ထိုကဲ့သို့သော မဂ္ဂဇင်း၊ ဂျာနယ်များ ရှိသလို... ကျွန်တော်တို့ မြန်မာစာပေလောကမှာ အလေးအနက်ရှိသည့် မဂ္ဂဇင်း၊ ဂျာနယ်များလည်း ရှိပါသည်။ သို့သော် စောစောက တင်ပြသလို အနည်းစုဖြစ်နေသည်။

            အရှုံးပေါ် ရောင်းတမ်းမလိုက်သော်လည်း... ယင်း ခန့်ထည်လေးနက်သော မဂ္ဂဇင်းများက စိုက်ထုတ်ငွေများဆက်၍ ပုံအောကာ ကိုယ့်မဂ္ဂဇင်းကိုယ် သံယောဇဉ်ရှိစွာ စာပေအသိ၊ စာပေသစ္စာဖြင့် ဆက်လက်ထုတ်ဝေနေကြလေသည်။

            ရင်းနှီးနေရသည်မှာ တန်ဖိုးမဲ့ ဗလာစက္ကူများ မဟုတ်ပါ။ ငွေကြေးများ ဖြစ်ပါသည်။ ထိုမဂ္ဂဇင်းများ တစ်စတစ်စ တိုးတက်အောင်မြင်ပါစေ။

            ထိုမဂ္ဂဇင်းများမှာကား ယင်းတို့ မဂ္ဂဇင်း၏ မူဝါဒရပ်တည်ချက်၊ လေးနက်ယုံကြည်မှု၊ စာပေသစ္စာတရား ထင်ဟပ်သော အယ်ဒီတာအာဘော် (တစ်နည်း) အယ်ဒီတာစကား (တစ်နည်း) ခေါင်းကြီးရေးသားမှုများကိုမူ အနည်းစု ဖတ်ရလေ့ရှိပါသည်။

            ခေါင်းကြီးတစ်ခု ရေးဖို့ဆိုသည်မှာ....

            အယ်ဒီတာ၏ အတွေးအခေါ်၊ ဗဟုသုတ၊ အမြင်စူးရှမှု၊ ပိုင်းခြားစိတ် ဖြာတတ်မှုဖြင့် စာရေးတတ်သည့် အတတ်ပညာများ လိုပါသည်။

            ပြီး... အယ်ဒီတာမှာ ခေါင်းကြီး ရေးပိုင်ခွင့်လည်း ရှိရမည်ဟူသော အယ်ဒီတာသက်တမ်း ရှည်လျားစွာဖြင့် အယ်ဒီတာအဖြစ် ဖြတ်သန်းခဲ့ဖူးသူ၊ စာရေးဆရာ၊ ဆရာ မောင်ပေါ်ထွန်း၏ စကားကို သတိရဖြစ်ပါသည်။

            ပြောကြစတမ်းဆိုလျှင်...

            မိမိ မဂ္ဂဇင်းဂျာနယ်၏ ပုံသဏ္ဌာန် (အရောင်သွေးကြွ၊ လှပဝေဆာမှု) ချည့်ကိုသာ ဦးစားမပေးဘဲ အယ်ဒီတာ ကိုယ်တိုင် မိမိမဂ္ဂဇင်း၊ ဂျာနယ်၏ သွားရာလမ်းကြောင်း 'မူ'ကို မျက်ခြည် မပြတ်သင့်ပါ။

(နိဂုံး)

            နိဂုံးအားဖြင့် ဆိုရလျှင်...

            ကျွန်တော်တို့ ကြံဖန်ရေးသား လိုက်သော 'စာစုပုတီး' ရောင်စုံများကို တစ်ကုံးတည်းဖြင့် စာပန်းအလှ 'သီ' သူ အယ်ဒီတာနှင့်....

            ထိုအယ်ဒီတာတို့ မွမ်းမံဖွဲ့စည်းလိုက်သော ဂျာနယ်၊ မဂ္ဂဇင်းများသည် ကျွန်တော်တို့ စာရေးသူများနှင့် စာဖတ်သူ များအတွက် အရေးကြီးလှသော စာပေပေါင်းကူးတံတား ဖြစ်ပါသည်။

            ပြီး...စာဖတ်သူလူထုအတွက်...

            သုတ၊ ရသ၊ သမမျှတစွာ သတင်းပေး၊ ပညာပေးနိုင်သည့် မဂ္ဂဇင်း၊ ဂျာနယ်များသည် သိက္ခာရှိသည့် မဂ္ဂဇင်းဂျာနယ်များ ဖြစ်ပါသည်။

            ထိုမဂ္ဂဇင်း၊ ဂျာနယ်များ၏ အယ်ဒီတာများသည်လည်း စာဖတ်သူများ၏ ယုံကြည်၊ လေးစား၊ အလေးထားခံရသော စာပန်းပွင့်များ သီကုံးသူ၊ ဥယျာဉ်မှူး၊ ပန်းသီသည့်ကြိုးများ ဖြစ်ပါသည်။

            ကျွန်တော်တို့ စာရေးဆရာများသည်....

            ထိုအယ်ဒီတာများ၊ ထိုမဂ္ဂဇင်း၊ ဂျာနယ်များမှတစ်ဆင့်... စာဖတ်သူများအတွက်....

            ရင်မှာသွေးချောင်းပင် စီးပါစေ..

            မိမိ၏ စာပေအနုပညာကို...

            ဖွင့်ထုတ်သွန်အန် ခံစားရေးသား

            တင်ပြလိုပါသည်။

စည်သူမြသန်း

၂၉-အောက်တိုဘာ ၂ဝဝ၄

(အမှတ် ၁၉၄၊ ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။