ဝင်းငြိမ်း
‘မင်း ငါ့ကိုယုံပါကွာ’
လို့သာ ကျွန်တော် သူ့ကိုပြောနိုင်ပါတယ်။ ဘတ်ဒီကလည်း မိတ်ဆွေကောင်းတစ်ယောက်ပါ။
ဒါကြောင့် သူ ကျွန်တော့်ကို ကူညီလိမ့်မယ်လို့လည်း အကြွင်းမဲ့ယုံပါတယ်။ ဒါပေမဲ့ သူက
ရဲအရာရှိတစ်ယောက် ဖြစ်နေပြန် တဲ့အတွက် သူ့ကို ကျွန်တော်က ကားနောက်ဖုံးထဲမှာ ကိုရာရဲ့အလောင်း
ရှိနေပါတယ်လို့ ပြောလိုက်ရင် သူ့တာဝန်အရ ကျွန်တော့်ကို ချက်ချင်း ဖမ်းမှာသေချာနေပါတယ်။
ကျွန်တော်ကလည်း လောလောဆယ်မှာ အဖမ်းမခံနိုင်သေးပါဘူး။ ဘတ်ဒီက ကောင်းဘွိုင်တွေစီးလေ့ရှိတဲ့
ရှူးဖိနပ်တစ်ရန်ကိုစီး၊ မိုးကာအင်္ကျီတစ်ထည် ကောက်ဝတ်ခါ လိုက်လာခဲ့ပါတော့တယ်။
ကျွန်တော်က ကားကို ပေါ့ပ်ရဲ့ ဘီယာဆိုင်ရှိရာ မောင်းလာလိုက်ပါတယ်။
‘မင်းက ဒီကိုလာပြီး ဘာလုပ်တာလဲ’
ဘတ်ဒီက မေးလာပါတယ်။
‘ပေါ့ပ်က သန်းခေါင်ဆို ဆိုင်ပိတ်တယ်လေကွာ။ အခုဟာက
သန်းခေါင်ကျော်နေပြီ’
‘ငါ ပေါ့ပ်နဲ့ စကားပြောကြည့်ချင်လို့ပါ’
အဘိုးကြီးက သူ့ဘီယာဆိုင်နောက်က အခန်းမှာတင် အိပ်တာပါ။ ကျွန်တော်
သူအိပ်တဲ့အခန်းနေရာ လျှောက်သွားလိုက်ပြီး တံခါးခေါက်လိုက်ပါတယ်။ ဘတ်ဒီက ကျွန်တော့်နောက်က
လိုက်လာပါတယ်။
တံခါးပွင့်လာပြီး အဘိုးကြီးက အတွင်းခံအဝတ်အစားတွေနဲ့ ရပ်နေပါတယ်။
သူ့ကိုကြည့်ရတာ တော်တော်ဒေါသဖြစ်နေပုံရပါတယ်။
‘ဘာလိုချင်လို့လဲ။ ညသန်းခေါင်ကျော်ရင် ငါဘာမှမရောင်းဘူးဆိုတာ
မသိဘူးလား’
သူက ပြောပြောဆိုဆို တံခါးကိုဆွဲပိတ်တော့မလို လုပ်တာကြောင့်
ကျွန်တော်က ခြေထောက်ထိုးခံထားလိုက်ပါတယ်။
‘ဪ… ခုတော့ ခင်ဗျားက ဥပဒေတွေဘာတွေ လေးစားနေတယ်ပေါ့’
လို့ ပြောရင်း သူ့အခန်းထဲကိုဝင်လိုက်ပါတယ်။
‘ခင်ဗျားက တရားမဝင်အရက်တွေလည်း ချက်ရောင်းတယ်မဟုတ်လား’
ပေါ့ပ်က ကျွန်တော့်မေးခွန်းကြောင့်
တော်တော်တုန်လှုပ်သွားပါတယ်။
‘မင်း ဘာဖြစ်ချင်တာလဲ ဖရင့်ခ်’
ဘတ်ဒီက ကျွန်တော့်နောက်က ဝင်လိုက်လာတာကြောင့် ပေါ့ပ်က သူ့ကိုလှမ်းကြည့်လိုက်ပါတယ်။
‘ဒါ မင်းတို့က ငါ့ဆိုင်ကို ဝင်စီးကြတဲ့သဘောလား။ မင်းတို့မှာ ဝါးရမ်းပါလို့လား’
ဘတ်ဒီက ရယ်လိုက်ပါတယ်။
‘ပေါ့ပ်… ခင်ဗျားလုပ်နေတာတွေ မသိဘူးထင်လို့လား။ ဖရင့်ခ်က သူခင်ဗျားကို
သွားတွေ့ချင်တယ်၊ လိုက်ခဲ့ပါဆိုလို့ ကျုပ်က လိုက်လာတာ။ ရဲတစ်ယောက်အနေနဲ့မဟုတ်ဘဲ
စိတ်ဝင်စားတဲ့ ပြည်သူတစ်ယောက်အနေနဲ့ လိုက်လာတာပါ’
‘ခင်ဗျား ကျွန်တော်မေးတဲ့ တရားမဝင်အရက်ချက်တာကိုမဖြေသေးဘူး’
လို့ ကျွန်တော်က ထပ်ပြောလိုက်တယ်။
ပေါ့ပ်က ပုခုံးနှစ်ဖက်တွန့်လိုက်ပြီး…
‘လုပ်တော့ကော ဘာဖြစ်သလဲကွာ။ အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်က
အရက်ချက်တာကို ကန့်သတ်ထားတဲ့အချိန်ကလုပ်ခဲ့တာပဲ’
‘ခင်ဗျားလွန်ခဲ့တဲ့ နှစ်သုံးဆယ်ကတည်းက လုပ်ခဲ့တာပေါ့။ ပြီးတော့
ဆေးခြောက်လည်း ရောင်းသေးတယ်မဟုတ်လား’
ကျွန်တော့်ကို သူကြည့်နေတဲ့အကြည့်တွေက သတ်ပစ်ချင်တယ်ဆိုတဲ့ အကြည့်တွေပါ။
‘သတင်းစာမှာ မတောက်တခေါက် အလုပ်လုပ်နေရတဲ့ကောင်က… အခု မင်းက ညကြီးသန်းခေါင်
ငါ့ဆီ ဘာလာလုပ်တာလဲ’
‘အကြောင်းရှိတာပေါ့ဗျာ’
ကျွန်တော်က သူ့မျက်နှာနား ကပ်ပြီး ဓာတ်ပုံတစ်ပုံပြလိုက်ပါတယ်။
‘ခင်ဗျား ဒီစုံတွဲကို သိတယ်မဟုတ်လား’
အဘိုးကြီးက တညည်းညည်း တငြူငြူနဲ့ သူ့ရွှေကိုင်းမျက်မှန် ကောက်တပ်လိုက်ပါတယ်။
ဓာတ်ပုံကို သေသေချာချာကြည့်လိုက်ပြီး…
‘ငါသိတယ် အင်စီနယ်လ်က မီးလားတို့ လင်မယားပဲ’
‘ခင်ဗျား သူတို့နဲ့ ကောင်းကောင်းသိသလား’
‘ဘာဖြစ်လို့ မသိရမှာလဲ။ ကိုရာမီးလားက ဒီမြို့ကလေ။ သူက
အက်ဒ်ရှဲလ်ဘီနဲ့လည်း ကြိုက်ခဲ့သေးတာပဲ၊ ငါနဲ့ ရှယ်လ်ဘီမိသားစုတွေဆိုတာက တစ်သက်လုံးခင်လာကြတာ’
ကျွန်တော် သူ့အင်္ကျီလည်ပင်းကနေ စုကိုင်လိုက်တယ်။ သူမျက်လုံး တော်တော်ပြူးသွားတယ်။
‘ကျုပ် ဒီနေ့ နယူးအော်လီးန်စ်ကိုသွားတော့မယ်ဆိုတာ ခင်ဗျား သိတယ်မဟုတ်လား’
‘သိတယ်လေ၊ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက မင်းဆိုင်မှာ လာသောက်ရင်
ပြောနေကျပဲ။ ဒီမြို့မှာ နေရတာငြီးငွေ့လို့ နယူးအော်လီးန်စ်ကို သွားတော့မယ့်အကြောင်း
မင်ပြောနေကျပဲ’
ကျွန်တော် သူ့အင်္ကျီရင်ဘတ်ကနေ နံရံတစ်ခုကိုကပ်ပြီး ဆွဲမြှောက်ထားလိုက်တော့
အဘိုးကြီး ခြေဖျားနဲ့ ကြမ်းပြင်ထိရုံသာ ရှိပါတော့တယ်။
‘ခင်ဗျား ကျွန်တော်နဲ့ ကိုရာမီးလားကြားမှာ ဘာတွေဝင်ရှုပ်ထားသလဲ
ပြောစမ်း’
သူ့ရွှေမျက်မှန်က နားရွက်တစ်ဖက်မှာသာ ချိတ်ပြီး တန်းလန်းဖြစ်နေပါတယ်။
သူ့လည်ဇလုတ်ကလည်း နိမ့်ချီမြင့်ချီဖြစ်နေတယ်။
‘ဘတ်ဒီ’
သူ့အသံက အသံကုန် ကြောက်အားလန့်အားထွက်လာပါတယ်။
‘ဒီကောင် ငါ့ကိုသတ်နေတယ်’
ဘတ်ဒီက သူ့လက်ဖဝါးကြီးကို ကျွန်တော့်ကျောပေါ် တင်လိုက်ပြီး သတိပေးလိုက်ပါတယ်။
‘ဖြည်းဖြည်းသက်သာလုပ်ပါကွာ။ မင်း ဘာကြောင့် ဒေါသကြီးနေရတာလဲဆိုတာ
မပြောနိုင်ဘူးဆိုရင်တော့ ကိုယ် ဘာမှကူညီနိုင်မှာမဟုတ်ဘူး။ မင်းက ပေါ့ပ်ကို
ပြစ်မှုတစ်ခုခုနဲ့ စွဲချက်တင်ချင်ပုံရတယ်’
ကျွန်တော် သူ့ကို စိတ်ပျက်လက်ပျက်ကြည့်လိုက်မိပါတယ်။ ကျွန်တော်
ဒီနေရာကို ပြန်ရောက်အောင် သွေးရူးသွေးတန်းနဲ့ မောင်းခဲ့ရတာပါ။ ဘာလုပ်ရမယ်ဆိုတာလည်း
အစီအစဉ်မရှိခဲ့ပါဘူး။ ကျွန်တော် သူ့ဆီ ညနက်သန်းခေါင်ပြန်ရောက်လာရင် ပေါ့ပ်အနေနဲ့
အံ့ဩတကြီးဖြစ်ပြီး ကျွန်တော့်ကားနောက်ဖုံးထဲမှာ ကိုရာရဲ့အလောင်း ဘာကြောင့် ရောက်နေတယ်ဆိုတာ
သူပြောပြနိုင်မယ်ထင်ခဲ့ပါတယ်။ ပေါ့ပ်ကို တစ်သက် လုံး ဥပဒေကို လက်တစ်လုံးခြားနဲ့
လုပ်စားလာခဲ့သူတစ်ယောက်က လွယ်လွယ်ကူကူတော့ ဖြောင့်ချက်ပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း
ကျွန်တော့်ကို ညကြီးသန်းခေါင် သူ့အခန်းဝမှာ မြင်လိုက်ရတာတောင် အံ့ဩဟန်မရှိပါဘူး။
သူ့မှာ မားမတ်မတ်ကာကွယ်ပေးသူ ရှိနေလို့လား၊ သူကိုယ်တိုင်က
ရာဇဝတ်မှုတွေ ကျူးလွန်နေကျမို့ မတုန်လှုပ်တာလား၊ ဒါမှမဟုတ် သူပါဝင်ပတ်သက်တယ်လို့
ကောက်ချက်ချမိတဲ့ ကျွန်တော့်သုံးသပ်ချက်ကပဲ မှားတာလား။
ကျွန်တော်နဲ့ ဘတ်ဒီ ကားပေါ်ပြန်တက်လိုက်ကြပြီး မြို့အပြင်ကို ခပ်မြန်မြန်မောင်းလာခဲ့ပါတယ်။
ဦးတည်နေတာကတော့ အင်စီနယ်လ်မြို့ပေါ့။ ဒီတစ်ကြိမ်မှာလည်း ကျွန်တော့်ဘက်က သေချာလို့ သွားတာတော့မဟုတ်ပါဘူး။
အခုကိစ္စနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းပြောပြနိုင်တာကတော့ ကိုရာ့ခင်ပွန်း
သားမဲန်တစ်ယောက်သာ ရှိနိုင်ပါတယ်။ သူကလည်း ဘာမျှမသိပါဘူးဆိုရင်တော့ ကျွန်တော့်အနေနဲ့
ဘတ်ဒီကို အကျိုးအကြောင်းဖွင့်ပြောပြီး အဖမ်းခံလိုက်ရုံသာရှိပါတော့တယ်။ ရဲဘက်က
ကျွန်တော်ပြောပြ တာတွေကို ယုံလိမ့်မယ်ထင်ပါတယ်။ ဒါကလည်း အင်မတန်သေးငယ်တဲ့ မျှော်လင့်ချက်ပါ။
ကားနောက်ဖုံးထဲမှာပါလာတဲ့ ကိုရာ့အလောင်းကတော့ တောင့်နေရော့မယ်။
အလောင်းနဲ့ ကျွန်တော်တို့က သိပ်ဝေးတာမဟုတ်လို့ ကျောချမ်းမိပါရဲ့။ ဘတ်ဒီကလည်း
ကျွန်တော့်ဆီက စကားတစ်ခွန်းမျှ ထွက်လာမှာမဟုတ်ဘူးဆိုတာ သိလို့ စီးကရက်ကိုသာ တစ်လိပ်ပြီးတစ်လိပ်
သောက်ရင်း လိုက်လာပါတယ်။
အင်စီနယ်မြို့ကိုရောက်တဲ့အခါမှာတော့ ကျွန်တော်က
မေဘယ်ရီလမ်းကိုရှာလိုက်ပါတယ်။ ပြီးတော့ ကိုရာ့ဆီ လိပ်မူထားတဲ့ အမှတ် ၁၂၁၆ ကို ရှာပါတယ်။
အိမ်ကလေးက တော်တော်သပ်သပ်ယပ်ယပ်ရှိပြီး တန်ဖိုး အားဖြင့် ဒေါ်လာ သုံးသိန်းလောက်တန်ပါတယ်။
ကျွန်တော့်အတွက် ပဟေဠိဖြစ်သွားပါတယ်။ မြို့နယ်စာရင်းစစ်တစ်ယောက်က ဒီလောက်တန်ဖိုးကြီးတဲ့
အိမ်မှာ နေနိုင်ပါသလား။
‘မင်းက မြင်သမျှ သံသယမဖြစ်နဲ့ဦးလေ’
လို့ ဘတ်ဒီက ဆိုတယ်။
‘မင်းစဉ်းစားကြည့်လေ… သာမဲန်လိုလူက ဒီလို အိမ်ကြီးအိမ်ကောင်းမှာ
နေနိုင်သလား’
‘သူ့မိဘတွေက ရေနံအလုပ်လုပ်ကြတော့ ချမ်းသာတယ်။ သူက အမွေဆက်ခံထားတာလေ။
မြို့နယ်စာရင်းစစ်အလုပ်ဆိုတာက သူ့သိက္ခာအတွက်သာလုပ်တာ’
ဒီစကားကိုထောက်ကြည့်ရင် သာမဲန်ကို ဘတ်ဒီအနေနဲ့ အထင်ကြီးပြီးသားဆိုတာ
ထင်ရှားပါတယ်။
‘လာကွာ… သွားမယ်’
ကျွန်တော်တို့ အိမ်ရှေ့ရောက်သွားကြတော့ အိမ်ထဲမှ မီးလင်းနေတာတွေ့တဲ့အတွက်
ကျွန်တော်ပဲ ဘဲလ်ကိုနှိပ်လိုက်ပါတယ်။
သာမဲန်တံခါးလာဖွင့်တော့ ကိုရာ့ပိုက်ဆံအိတ်ထဲက ဓာတ်ပုံတွေ့ဖူးပြီးသားဖြစ်တဲ့အတွက်
ကျွန်တော် မှတ်မိနေပါတယ်။ သံဆန်ခါတံခါးကြားကနေ ကျွန်တော့်ကို စူးစူးစိုက်စိုက်ကြည့်နေလေရဲ့။
မျက်နှာက ဖြဖတ်ဖြူရော်ဖြစ်နေပြီး ကျွန်တော်တို့ကို ထွက်သွားကြဖို့ အော်ဟစ်ရင်း ဆောင့်ဖွင့်လိုက်တဲ့တံခါးကြောင့်
ကျွန်တော်တို့နှစ်ယောက်စလုံး မြေပြင်ပေါ်ကို ကျသွားကြပါတယ်။ သူက ကျွန်တော့်လည်ပင်းကို
မိမိရရ ဆုပ်ကိုင်ထားတယ်။ ကျွန်တော်ကြိုးစားပြီး ထိုင်လိုက်ပါတယ်။ မမျှော်လင့်ထားတဲ့
တိုက်ခိုက်ခံရမှုဖြစ်လို့ တစ်ကိုယ်လုံးလည်း တုန်ယင်နေပါတယ်။
သူ့မျက်လုံးတွေက ကျွန်တော့်ကို ရွံရှာစက်ဆုပ်တဲ့ မျက်လုံးတွေနဲ့
ကြည့်နေပြီး…
’မင်း ကိုရာကို ဘာလုပ်လိုက်သလဲ’
လို့ မေးနေပါတယ်။
‘ဖရင့်ခ်ကို ခင်ဗျား သိသလား မစ္စတာမီးလား’
ဘတ်ဒီက စိတ်ဝင်တစား ဝင်မေးပါတယ်။ မီးလားက ကျွန်တော့်ကို စက်ဆုပ်တဲ့မျက်လုံးတွေနဲ့
စိုက်ကြည့်နေပါတယ်။
‘ငါက ဒီကောင့်ကို ငါ့မိန်းမနဲ့ ဝေးဝေးနေစေချင်ခဲ့တာ။ ဒီည
ငါ့မိန်းမက သူနဲ့လိုက်ပြေးသွားတယ်လေ’
သူက ထိုင်ရာကထလိုက်ပြီး စားပွဲခုံတစ်ခုဆီ လျှောက်သွားပါတယ်။ ပြီးတော့
စားပွဲပေါ်က စာရွက်တစ်ရွက်ကိုယူလိုက်ပြီး ဘတ်ဒီကို လှမ်းပေးလိုက်ပါတယ်။
‘ဒါ ငါ့မိန်းမရေးသွားတဲ့ စာပဲ’
အိပ်မက်ဆိုးကတော့ သံသရာလည်နေပါပြီ။ မျှော်လင့်ချက်ကင်းမဲ့သွားပြီ
ဆိုတဲ့ အသိဝင်လာတာကြောင့် ကျွန်တော့်တစ်ကိုယ်လုံး ထုံကျင်နေပါပြီ။ ဘတ်ဒီက
ကိုရာရေးခဲ့တဲ့ စာကို ဖတ်နေရင်းက မျက်ခုံးရှုံ့သွားပါတယ်။
‘မင်း မစ္စစ်မီးလားနဲ့အတူ ထွက်သွားခဲ့ကြတယ်ဆိုတာ အမှန်ပဲလား
ဖရင့်ခ်’
လို့ မေးလာပါတော့တယ်။
‘မဟုတ်ပါဘူး’
ကျွန်တော်အရှည်ကြီးဖြေလို့မဖြစ်သေးတာကြောင့် ဒီလောက်နဲ့သာ ရပ်ထားလိုက်ပါတယ်။
ကိုရာရဲ့ အိတ်ထဲက ကျွန်တော့်ဓာတ်ပုံကိုလည်း သာမဲန်က မြင်ဖူးတယ်ပေါ့။ ဒါကြောင့်မို့သာ
သူက ကျွန်တော့်ကို မြင်မြင်ချင်း မှတ်မိနေတယ်ပေါ့။ ကျွန်တော့်စိတ်တွေကပဲ ကျွန်တော့်ကို
လှည့်စားနေသလား မပြောတတ် တော့ပါဘူး။
ကျွန်တော် ကိုရာမီးလားနဲ့ထွက်ပြေးကြတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား။
သူ့ကို ကျွန်တော်သတ်လိုက်တယ်ဆိုတာကရော ဟုတ်နိုင်ပါ့မလား။ ဒါတွေကို ကျွန်တော့်အသိစိတ်က
ဘာကြောင့်ပျောက်ကွယ်နေရတာလဲ။
ဦးနှောက်မကောင်းတော့တာလား။ ကျွန်တော့်နားထင်ကို လက်နဲ့ထောက်ကြည့်လိုက်ပါတယ်။
ရူးသွပ်ခြင်းလက္ခဏာက ဘာတွေလဲ။ ရူးသွားတဲ့ သူတစ်ယောက်ကရော သူ့ကိုယ်သူ သိနိုင်သေးရဲ့လား။
တဖြည်းဖြည်းနဲ့ သာမဲန် မီးလားက သူ့မိန်းမ ဘယ်မှာလဲလို့ အကြိမ်ကြိမ်
မေးနေတာကို သတိဝင်လာပါတယ်။ ဘတ်ဒီကလည်း ကျွန်တော့်ကိုစိုက်ကြည့်နေပြီး
အဖြေစောင့်နေတယ်။
ကျွန်တော် ဘာဖြေရမှာလဲ။ အခြေအနေမှန်ကို ကျွန်တော်ကိုယ်တိုင်က
ဘာမျှကို မသိတာပါ။
‘ဘတ်ဒီ… မင်း အပြင်ကို ခဏလောက်လိုက်ခဲ့ပါ’
ကျွန်တော့်အသံက ခြောက်ကပ်ကပ်ဖြစ်နေတာကိုယ့်ကိုယ်ကိုလည်း သိပါရဲ့။
လေးလံတဲ့ ခြေလှမ်းတွေနဲ့ အပြင်ကိုထွက်လာချိန်မှာ မီးလားကလည်း ကျွန်တော်တို့နဲ့အတူ အပြင်လိုက်ဖို့
ထလာပါတယ်။
‘ခင်ဗျားမလိုက်ခဲ့နဲ့’
လို့ လှမ်းတားလိုက်ရပါတယ်။
ဘတ်ဒီက မီးလားကို တစ်ချက်လှမ်းကြည့်လိုက်ချိန် မီးလားကတော့
ကျွန်တော့်ကို ဒေါသတကြီး ကြည့်နေပါတယ်။ ပြီးတော့မှ သူက ဆိုဖာတစ်ခုပေါ် ထိုင်ကျန်ရစ်ပါတယ်။
ကျွန်တော်က ဘတ်ဒီကို မော်တော်ကားဆီ ဦးဆောင်ခေါ်သွားပါတယ်။ ကျွန်တော်က
ဘတ်ဒီ့ကို ကားသော့ပေးလိုက်ပြီး..
‘ကားနောက်ဖုံးကို မင်းဖွင့်ကြည့်လိုက်တော့’
လို့ ပြောလိုက်ပြီး ကျွန်တော်ကတော့ ကားရှေ့ခန်းမှာ သွားထိုင်နေလိုက်ပါတယ်။
ကားခေါင်မိုးပေါ်ကို တဖြောင်းဖြောင်းကျနေတဲ့ မိုးသံကိုသာ နားစွင့်နေမိတယ်။ မျက်စိကလည်း
ဘာကိုမျှ မမြင်တော့ပါဘူး။ ကားနောက်ဖုံး ဖွင့်သံကြားလိုက်ရပါတယ်။ မကြာခင်မှာပဲ ပြန်ပိတ်သွားပြီး
ကျွန်တော့်နံဘေးကို ဘတ်ဒီ လာထိုင်ပါတယ်။ သူ့ကိုကြည့်လိုက်တော့ မြင်ခဲ့ရတဲ့မြင်ကွင်းကြောင့်
ထိတ်လန့်တုန်လှုပ်နေတာ မြင်ရတယ်။
သူပုံမှန်အသက်ရှူနိုင်ပြီဆိုတော့မှ စကားသံထွက်လာတယ်။
‘အခြေအနေတော်တော်ဆိုးတာပဲ။ မင်း ဘာဖြစ်လို့ စောစောကတည်းက ငါ့ကိုမပြောတာလဲ’
‘ပြောလိုက်ရင် မင်းအနေနဲ့ ငါ့ကို မဖြစ်မနေဖမ်းရတော့မှာလေ။ ငါက အမှန်တရားကို
ရအောင် ရှာကြည့်ချင်လို့ မင်းကိုမပြောခဲ့တာပါ။ ငါထင်တာက အဖိုးကြီး ပေါ့ပ်က သတ်ပြီး
ငါ့ကားနောက်ခန်းထဲမှာ လာထည့်ထားတယ်လို့ထင်တာ။ ဘာကြောင့်လဲဆိုတော့ ငါက တခြားမြို့ထွက်သွားတော့မယ်ဆိုတာ
သူသိတယ်။ ပြီးတော့ မိတ်ဆွေတွေကို နှုတ်ဆက်နေတဲ့တစ်ချိန်လုံး သူ့ဆိုင်နားမှာ ကားရပ်ထားတာလေ။
ဒါပေမဲ့ ပေါ့ပ်မဟုတ်ပြန်ဘူး’
‘မင်းက ဘာဖြစ်လို့ ပေါ့ပ်လို့ ထင်ရတာလဲ’
‘မင်းနဲ့ငါ နှုတ်ဆက်ပွဲ ဘီယာသောက်နေကြတဲ့အချိန်
သူလုပ်နိုင်ဖို့ အချိန်အများကြီးရတယ်လေ’
‘ဒါဆို မင်းက ကိုရာမီးလားကို မင်းသတ်ပြီး ကားနောက်ဖုံးထဲမှာ ထည့်ထားတာမဟုတ်ဘူးပေါ့’
‘ဘတ်ဒီ… ငါက နယူးအော်လီးန်စ်ကို သွားနေတုန်း ဘမ်းမှာ ကားဘီးပေါက်သွားလို့
ဘီးလဲမယ်လို့ နောက်ဖုံး ကို ဖွင့်လိုက်တော့မှ သူ့အလောင်းကို ငါတွေ့တာပါ။ သူ့ကို ငါ့တစ်သက်မှာ
ဒီတစ်ကြိမ်သာ ပထမဆုံးမြင်ဖူးတာလို့လည်း ငါကျိန်ပြောရဲပါတယ်။ မင်းမယုံဘူးဆိုရင်လည်း
ငါအပြစ်မတင်ပါဘူး။ ငါတောင် ငါ့ကိုယ်ငါမယုံနိုင်လောက်အောင်ဖြစ်နေတာကိုး’
‘မင်းက ဘာကိုဆိုလိုတာလဲ’
ကျွန်တော်က ဘေးခုံပေါ်မှာတင်ထားတဲ့ ကျွန်တော့်အဝတ်သေတ္တာအောက်က
ကိုရာ့ပိုက်ဆံအိတ်ထဲမှာ တွေ့ခဲ့ရတဲ့ စာတွေကိုထုတ်ပေးလိုက်ပါတယ်။
‘ရော့… ဒီစာတွေသာ မင်းဖတ်ကြည့်တော့’
ဘတ်ဒီက သူယူလာတဲ့ လက်နှိပ်ဓာတ်မီးအလင်းရောင်နဲ့ စာတွေကို သေသေချာချာ
ဖတ်ကြည့်ပါတယ်။ ပြီးတော့ ကိုရာ့ပိုက်ဆံအိတ်ထဲက တွေ့ရတဲ့ ကျွန်တော့်ဓာတ်ပုံကိုလည်း သေသေချာချာကြည့်တယ်။
‘ဘတ်ဒီ… ငါက ကိုရာဆိုတဲ့ အမျိုးသမီးကို ဒီညမှပဲ မြင်ဖူးတာပါ။ ဒီမြို့မှာ
ငါ ပတ်သက်ဖူးတာက အယ်မလီ ဖိလစ် ဆိုတဲ့ အမျိုးသမီးတစ်ယောက်ပဲရှိတယ်။ ဒါကြောင့် ကိုရာ့ပိုက်ဆံအိတ်ထဲကတွေ့တဲ့
စာတွေကလည်း ငါရေးတာမဟုတ်ပါဘူး။ ဒီဖြစ်စဉ်တစ်ခုလုံးက ငါ့ကို သေသေချာချာ အကွက်ချဖမ်းဖို့
ကြိုးစားတယ်ဆိုတာ သေချာတယ်။ ငါတို့ မီးလားရဲ့ အိမ်တံခါးကိုခေါက်လိုက်တော့ သူ င့ါကို
ချက်ချင်း သိတယ်။ သူနဲ့ ငါ တစ်ခါမှ တွေ့ဖူးတာမှ မဟုတ်တာ။ ဒါကြောင့် ငါကတော့ သူ့ကို
သံဿယရှိတယ်’
‘သူက မင်းဓာတ်ပုံမြင်ဖူထားလို့ ဒါမှမဟုတ် မင်းကို တစ်ယောက်ယောက်က
လက်ညှိုးထိုးပြထားလို့လည်း ဖြစ်နိုင်တာပဲလေ’
ကျွန်တော် ဘတ်ဒီကိုကြည့်လိုက်ပါတယ်
‘မင်းက ဒီကိစ္စမှာ သူပါဝင်ပတ်သက်နေတယ်လို့ ယူဆလို့လား’
‘ငါက ဘာမှ ထင်မြင်ချက်မပေးနိုင်သေးပါဘူး။ သူ မင်းကို မြင်မြင်ချင်း
သိနေတယ်ဆိုတဲ့ အချက် တစ်ချက်တည်းနဲ့ ဒီကိစ္စမှာ သူပါဝင်ပတ်သက်နေတယ်လို့ ပြောလို့မရသေးပါဘူး’
ကျွန်တော် နည်းနည်းတော့ စိတ်အေးစပြုလာပါတယ်။ ကိုရာရဲ့အလောင်းကိုမြင်လိုက်ရတုန်းက
စိတ်ချောက်ချားသွားတာမျိုးမဖြစ်တော့ဘဲ စိတ်နည်းနည်းငြိမ်လာပါပြီ။ ဘတ်ဒီက
သူဆေးတံကို မီးပြန်ညှိပြီး စဉ်းစားနေပါတယ်။ ကျွန်တော့်ဓာတ်ပုံကိုလည်း သေသေချာချာ ကြည့်နေပါတယ်။
‘ဓာတ်ပုံက ရှေ့တည့်တည့်က ရိုက်ထားတာဆိုတော့ ဒီပုံရိုက်တာ မင်း
သိကိုသိမယ်’
ကျွန်တော် ခေါင်းယမ်းပြလိုက်ပါတယ်။
‘ငါမသိဘူး။ ကင်စ်ဘာရီကို ရောက်ကတည်းက ဘယ်သူကမှ ငါ့ကို ဓာတ်ပုံမရိုက်ဖူးပါဘူး။
ပြီးတော့ ငါတပ်ထဲကို ရောက်ပြီးတဲ့နောက်ပိုင်းက စပြီး ဘယ်သူကမှ ဓာတ်ပုံမရိုက်ဖူးပါဘူး’
‘အင်း… ဒီပုံကြည့်ရတာကတော့ သိပ်မကြာခင်ကမှ ရိုက်ထားတဲ့ပုံပဲ’
ဘတ်ဒီက ဆေးတံဖွာရင်း သူ့ဘာသာသူ ပြောနေတယ်။ သူက ချက်စ်ထိုးရင်လည်း
ဒီလိုပဲ နက်နက်နဲနဲ တွေးနေတတ်ပါတယ်။
‘ကြည့်ရတာ အတွင်းမှာရိုက်တဲ့ပုံပဲ။ အလင်းရောင်အားနည်းတယ်’
သူက ပြောပြောဆိုဆို ဓာတ်ပုံကို အနီးကပ်ကြည့်နေပြန်ပါတယ်။
‘ဗြုတ်နည်းနည်း ထနေတာထောက်ရင် နဂ္ဂတစ်ကနေ ကူးထားတာပဲ’
သူက ဓာတ်ပုံကို နောက်ထပ် စူးစူးစိုက်စိုက်ကြည့်နေပြန်တယ်။
လက်နှိပ်ဓာတ်မီးနဲ့ထိုးပြီး အပြန်ပြန် အလှန်လှန် ကြည့်ရင်းပါးစပ်ကလည်း ဆေးတံက ိုအဆက်မပြတ်ဖွာနေလေရဲ့။
ပြီးတော့မှ သူက…
‘မီးလားကို သူ့မိန်းမသေပြီ၊ ငါက မင်းကို ကင်စ်ဘာရီပြန်ခေါ်သွားမယ်လို့ပဲ
ပြောထားလိုက်မယ် ဆိုတဲ့သတင်း အသိမပေးချင်သေးဘူး။ သေမှုသေခင်းစုံစမ်းရေးအရာရှိက စစ်ဆေးပြီးတော့မှ
ကိုရာ့အလောင်းကို အသုဘအလုပ်လုပ်တဲ့နေရာတစ်ခုခုပို့မယ်’
ဘတ်ဒီက ကားထဲကထွက်လိုက်ပြီး အပြင်ရောက်တော့မှ
ကားထဲခေါင်းပြန်ဝင်ပြီး…
‘ဖရင့်ခ်…… ငါ မင်းကို တစ်ခုတော့ပြောထားရဦးမယ်။ အခုအချိန်ကစပြီး
မင်းကို ငါ ဖမ်းထားလိုက်ပြီလို့ သဘောထားပေတော့’ တဲ့။
ကျွန်တော် စိတ်မသက်သာစွာနဲ့ ခေါင်းညိတ်ပြလိုက်ပါတယ်။
‘အိုကေ… ငါနားလည်ပါတယ်’
သူအိမ်ထဲပြန်ဝင်သွားပြီး မိနစ်အနည်းငယ်အကြာမှာ ပြန်ထွက်လာပြီး
ကျွန်တော့်ကားကို သူကိုယ်တိုင်ပဲ မောင်းပါတော့တယ်။ ကျွန်တော်ကတော့ စိတ်ပန်းလူနွမ်းဖြစ်နေပါပြီ။
□
ကျွန်တော်တို့ ကင်စ်ဘာရီပြန်ရောက်ရင်တော့ ကျွန်တော့်ကို အချုပ်ခန်းထဲထည့်ပြီး သေမှုသေခင်းစစ်ဆေးတဲ့သူကို
ဖုန်းဆက်ခေါ်လိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘတ်ဒီက ပေါ့ပ်ရဲ့ဘီယာဆိုင်ကို မောင်းသွားတာကြောင့်
ကျွန်တော်အံ့ဩရပါတယ်။
‘ဘာဖြစ်လို့လဲ’
ကျွန်တော် ဘတ်ဒီကိုမေးလိုက်ပါတယ်။
‘ကိစ္စတစ်ခုရှိလို့။ လာ… မင်းပါလိုက်ခဲ့’
ဒီညမှာ ဒုတိယအကြိမ်မြောက်အဖြစ် ပေါ့ပ်ရဲ့ဆိုင်တံခါးကို
ကျွန်တော်တို့
တဘုံးဘုံးထုဖြစ်ကြပါတယ်။ အဘိုးကြီးက အိပ်မှုန်စုံမွှားနဲ့ထလာပြီး…
‘ဘာလာရှုပ်ကြပြန်တာလဲ’
လို့ မကျေမချမ်းမေးလာပါတယ်။
ဒီတစ်ကြိမ်မှာတော့ ပေါ့ပ်က ညဝတ်အဝတ်အစားနဲ့ မဟုတ်တော့ပါဘူး။
ရှပ်အင်္ကျီနဲ့ဘောင်းဘီရှည်နဲ့ဖြစ်နေပါပြီ။ ဒါကြောင့် ဘတ်ဒီက
‘တစ်နေရာရာသွားမလို့လား ပေါ့ပ်’
လို့ မေးလိုက်ပါတယ်။
‘ဘာဖြစ်လို့ မင်းကမေးတာလဲ’
လို့ အဘိုးကြီးက ခွန်းတုံ့ပြန်ပါတယ်။
ဘတ်ဒီက ပုခုံးတွန့်လိုက်ပြီး…
‘ဒီလိုအချိန်ကြီးမှာ
ခင်ဗျားက ဝတ်ကောင်းစားလှဝတ်ထားလို့ပါ’
လို့ ဆိုလိုက်ပြီး တစ်ဆက်တည်းမှာပဲ…
‘ခင်ဗျား ဆိုင်တံခါးဖွင့်လိုက်ပါ’
လို့ ဆိုပါတယ်။ သူ့လေသံက ရဲအရာရှိတစ်ယောက် အမိန့်ပေးသံမျိုးပါ။ ပေါ့ပ်က လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး…
‘သန်းခေါင်ဆိုရင် ဆိုင်ပိတ်ပြီလေကွာ။ မင်းသိသားနဲ့’
လို့ဆိုတယ်။
‘မဖွင့်ချင်ဘူးလား။ ရတယ်လေ။ အခု ကျွန်တော် ရဲမှူးဆီက
ရှာဖွေဝရမ်းသွားယူပြီးမှ
အရှာခံမယ်ဆိုရင် လည်းရတယ်’
စိတ်မသက်မသာဖြစ်သွားပုံရတဲ့
ပေါ့ပ်က အိတ်ထဲက ဆိုင်တံခါးသော့ကိုနှိုက်ပြီး ဆိုင်သော့ကို
ဖွင့်ပေးပါတော့တယ်။ ပြီးတော့ ဆိုင်ခန်းရဲ့မီးတွေ ဖွင့်လိုက်ပါတယ်။
ဆိုင်ခန်းထဲမှာတော့ နွေးနွေးထွေးထွေးရှိနေဆဲပါ။
‘ဖရန့်ခ်… မင်းက ဟိုဘားကောင်တာမှာ သွားထိုင်စမ်းပါ’
ဘတ်ဒီညွှန်ကြားတဲ့အတိုင်း ကျွန်တော်သွားထိုင်လိုက်ပါတယ်။ ဖရန့်က
ကောင်တာဘေးကနေ တခြား အခန်းဘက် ကူးတဲ့တံခါးပေါက်ကနေ နောက်ဘက်ဝင်သွားပါတယ်။ ပြီးတော့…
‘မင်း ငါ့ကို မြင်ရလား’
တဲ့။ ကျွန်တော်မမြင်ရပါဘူး။
‘မင်းဓာတ်ပုံက ဒီအခန်းထဲမှာရိုက်ယူခဲ့တာ’
လို့ဘတ်ဒီက ဆိုတာကြောင့်
ကျွန်တော် သူ့ကို တအံ့တဩကြည့်လိုက်မိတယ်။
‘မင်းက ဘယ်လိုသိတာလဲ’
‘နဂ္ဂတစ်က ဗြုတ်တွေရှိနေတယ်။ ပြီးတော့ မင်းနောက်ခံမှာ
ပါနေသမျှတွေကို ဖျောက်ပြီး
ဘယ်နေရာမှန်းမသိအောင် လုပ်ထားတယ်။ ဒါပေမဲ့ မင်းနောက်ခံမှာ တိုင်ကပ်နာရီပါနေတာကျတော့
သူတို့ဖြတ်လို့မရတော့ဘူး။ ဒီဓာတ်ပုံမြင်လိုက်ရကတည်းက ဒါဟာ ပေါ့ပ်ရဲ့ဆိုင်နံရံပဲလို့
မှတ်မိလိုက်တယ်။ ဒါဟာ မင်းမျက်နှာကို ခိုးရိုက်တယ်ဆိုတာ ထင်ရှားနေတယ်။ ဒါကြောင့်လည်း
မင်းဘာမှမသိလိုက်တာ’
‘ကျွန်တော် တုန်လှုပ်သွားမိပါတယ်’
‘သူတို့က ဖလက်ရှ်မဖွင့်ဘဲ ရိုက်ထားကြတာပေါ့’
‘အေး… ဖလက်ရှ်သုံးမထားဘူး။ အလင်းရောင်က လုံလုံလောက်လောက်ရနေတာကိုး။
ဟုတ်တယ် မဟုတ်လားပေါ့ပ်’
ဘတ်ဒီက ကျွန်တော့်ကိုရှင်းပြနေရင်းက ပေါ့ပ်ကို အငိုက်ဖမ်းမေးလိုက်ပါတယ်။
အဘိုးကြီး မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားပြီး
‘မင်း… မင်းဘာတွေပြောနေတာလဲ ငါမသိဘူး’
လို့ ပြာပြာသလဲ ငြင်းပါတော့တယ်။
ဘတ်ဒီက…
'ဖရင့်ခ်… ဒီည ခပ်စောစောပိုင်းတုန်းက ပေါ့ပ် ဘာလုပ်ခဲ့တယ်ဆိုတာ မင်းပြောခဲ့တယ်နော်။
ဒါပေမဲ့ သူနဲ့ပတ်သက်ပြီး မင်းမသိတဲ့ အချက်တစ်ချက် သူ့မှာရှိသေးတယ်။ ငါကတော့ သိထားတယ်။
အဲဒါကတော့ သူက အတုလုပ်တဲ့နေရာမှာ တကယ်ကျွမ်းကျင်တဲ့သူ။ အတုဝိဇ္ဇာပေါ့ကွာ'
ဘတ်ဒီပြောတာတွေကို နားထောင်နေတဲ့ လာစစ်တာက ဘားကောင်တာကို လက်ဝါးနဲ့
ဗြန်းခနဲ ရိုက်လိုက်ပါတယ်။ နှုတ်ခမ်းကို လျှာသပ်လိုက်ပြီး…
'ခဏနေဦး၊ ငါပြောမယ်'
လို့ ဆိုတယ်။
'ဖရင့်ခ်ရဲ့လက်ရေးကို တုပြီး စာတွေရေးပေးရတာ ခင်ဗျားအတွက်
အင်မတန်လွယ်တာပေါ့၊
ဟုတ်တယ်မဟုတ်လား'
ဘတ်ဒီက သူ့စကားကိုသာ ဆက်ပြောနေပါတယ်။
'ဒီည ဖရင့်ခ်က တခြားမြို့ကိုပြောင်းတော့မှာမို့ ည သူနဲ့ကျွန်တော်
နှုတ်ဆက်ပွဲအနေနဲ့ ချက်စ် ကစားကြမှာဆိုတော့ အချိန်ကြာမယ်ဆိုတာ ခင်ဗျားသိတယ်။ ဒါကို
အခွင့်ကောင်းယူပြီး ကိုရာရဲ့ အလောင်းကို ဖရင့်ခ်ကားနောက်ခန်းမှာ သွားထည့်ထားလိုက်တယ်။
ကျွန်တော်တို့ ဒီည နှုတ်ဆက်ပွဲချက်စ်ကစားကြမယ်လို့ မနေ့ညကပြောကြတာကိုလည်းခင်ဗျားကြားထားတာဆိုတော့
ဒီည အချိန်ရမယ်ဆိုတာ ခင်ဗျားသေချာပေါက်သိထားတယ်။
ဘတ်ဒီက ပြောရင်းဆိုရင်း သူ့အနားကို ကပ်သွားပါတယ်
‘ခင်ဗျား ဘာကြောင့် ကိုရာကိုသတ်တာလဲ'
ရုပ်ရှင်ကားတစ်ကားအနေနဲ့ပြောရရင် ဇာတ်ရှိန်က တက်လာပါပြီ။
ပေါ့ပ်က ခုံတစ်လုံးပေါ်မှာ
ခြေပစ်လက်ပစ် ထိုင်ချလိုက်ပါတယ်။
‘မင်းက ငါ့ကို လူသတ်သမားလို့ စွပ်စွဲနေတာတော့ မဟုတ်သေးပါဘူးနော်'
လို့ ဘတ်ဒီကို လှမ်းမေးလိုက်တယ်။ သူ့အသံက တုန်တုန်ယင်ယင်ဖြစ်နေတယ်။
'အေး… ဟုတ်တယ်။ စာတွေနဲ့ဓာတ်ပုံက ငါလုပ်တာ။ ပြီးတော့ သူ့ကားနောက်ဖုံးကို
ဖွင့်လို့ရတဲ့ သော့တုတစ်ချောင်းလည်း ငါ့မှာရှိတယ်။ ငါနဲ့ပတ်သက်တာကတော့ ဒါပဲ'
'ကိုရာကို ခင်ဗျားသတ်ပြီး ကားနောက်ခန်းထဲထည့်တာ ခင်ဗျားမဟုတ်ဘူးဆိုရင်
ဘယ်သူ လုပ်တာလဲ… ပြော'
အဘိုးကြီးက သူ့အိတ်ထဲက လက်ကိုင်ပဝါတစ်ထည်ထုတ်ပြီး သူ့မျက်နှာပေါ်က
ချွေးတွေ သုတ်လိုက်ပါတယ်။
'သူ့ယောကျ်ား သာမဲန်'
ကျွန်တော် တော်တော်အံ့ဩသွားတယ်။ ကျွန်တော်တို့နှစ်ယောက်လုံး
အဘိုးကြီးကိုသာ ငေးကြည့်နေမိကြပါတယ်။
'ဒါ… ငါအမှန်ပြောတာပဲ။ သူက မိန်းကလေး ခပ်ငယ်ငယ်ချောချောကလေးတစ်ယောက်နဲ့
ချစ်နေလို့ အဲဒီ မိန်းကလေးကို လက်ထပ်ချင်တယ်။ ဒါပေမဲ့ ကိုရာက ကွာမပေးဘူး။ သာမဲန်က လွန်ခဲ့တဲ့
နှစ်လလောက်က ငါ့ဆီရောက်လာပြီး ငွေတွေပေးတယ်။ ကိုရာကို ရှင်းပေးပါတဲ့။ ငါက ဒီလိုဒုက္ခရောက်နိုင်တဲ့
အလုပ်ကိုတော့ မလုပ်ချင်ဘူး။ ဒါပေမဲ့ အလုပ်ဖြစ်နိုင်တဲ့ နည်းတစ်ခုကိုတော့ ငါပြောပြလိုက်တယ်။
ဒီနည်းလုပ်ရင် သူရော ငါပါလွတ်နိုင်တယ်။ ဖရင့်ခ်က မကြာခင် ဒီမြို့ကနေ ပြောင်းတော့မယ်ဆိုတာ
ငါသိတယ်လေ။ သူ့လိုပဲ ဒီမြို့ကို စိတ်ကုန်ပြီး ပြောင်းသွားကြတဲ့သူတွေ ငါတွေ့ဖူးတာကိုး'
ပေါ့လာစစ်တာက သူ့မျက်နှာကို လက်ကိုင်ပဝါနဲ့ ချွေးတွေသုတ်ပြန်ပါတယ်။
‘သာမဲန်က ငါ့ကိုပိုက်ဆံပေးတာကြောင့် ငါက ဖရင့်ခ်လက်ရေးနဲ့ ကိုရာဆီကို
စာတွေရေးတယ်။ ဒီစာတွေက ကိုရာ့ လက်ထဲ မရောက်ခင် သာမဲန်ကပဲ ယူထားတယ်။ ဖရင့်ခ်အလုပ်ထွက်ပြီး
ပြောင်းတော့မယ်ဆိုတဲ့ အချိန် အထိ စောင့်နေခဲ့ကြတယ်။ မနေ့ညက မင်းတို့စကားဝိုင်းမှာ မနက်ဖြန်မင်းသွားတော့မယ်လို့
ပြောသံက ကြားလိုက်တာကြောင့် သာမဲန်ဆီကို ငါဖုန်းဆက်လိုက်တယ်။ သူက ဒီညမှာ ကိုရာကို
ပစ်သတ်လိုက်ပြီး အလောင်းကို ဒီသယ်လာတယ်။ မင်းတို့နှစ်ယောက်
ချက်စ်ကစားနေတဲ့အချိန် ငါ့မှာရှိနေတဲ့ သော့နဲ့ မင်းကား နောက်ဖုံးကိုဖွင့်ပြီး ကိုရာ့အလောင်းကို
ထည့်ခဲ့ကြတာပဲ'
ဘတ်ဒီက အဘိုးကြီးပေါ့ပ်ကို ဖမ်းချုပ်ခိုင်းလိုက်ပြီး သာမဲန်မီးလားကိုဖမ်းဖို့အတွက်
အင်စီနယ်လ်မြို့ကို နောက်တစ်ခေါက် မောင်းခဲ့ပြန်ပါတယ်။
ကျွန်တော့်မှာတော့ ရိုးတွင်းချဉ်ဆီထိအောင် ကြောက်စိတ်ဝင်မိတာကြောင့် တစ်ကိုယ်လုံး
ခိုက်ခိုက်တုန်နေပါတယ်။ ကျွန်တော်နေခဲ့ဖူးတဲ့ အိမ်ဆီ ကားပြန်မောင်းလာခဲ့ပြီး အိမ်ရှင်ကိုနှိုးကာ
ကျွန်တော့်အခန်းဟောင်းမှာပဲ ပြန်နေရပါတယ်။ ရေနွေးခပ်ပူပူနဲ့ ရေချိုး၊ ဝီစကီသောက်ပြီး
အိပ်လိုက်ပါတယ်။ နောက်တစ်နေ့ နေ့လယ်လောက်မှ ကျွန်တော်နိုးလာခဲ့ပါတယ်။
နိုးနိုးချင်းပဲ ဘတ်ဒီရှိနေမယ့် သူ့ရုံးကိုဖုန်းဆက်ပြီး…
‘အခြေအနေကောင်းရဲ့လား’
လို့ မေးကြည့်လိုက်ပါတယ်။
‘ကောင်းပါတယ်ကွ’
သူ့အသံက တက်ကြွနေပါတယ်။
‘သာမဲန်က ဖြောင့်ချက်ပေးတယ်။ မင်းက အလွတ်ကြီးပါ ဖရင့်ခ်။ ဒါပေမဲ့
ရုံးတော်မှာတော့ မင်းက သက်သေခံထွက်ဆိုပေးရလိမ့်မယ်’
'ရပါတယ်ကွာ။ ဒီည ချက်စ်ကစားဦးမလား’
‘ကစားမှာပေါ့ကွ။ ဒီလိုဆို မင်းက နယူးအော်လီန်ကို မသွားတော့ဘူးပေါ့’
ကျွန်တော် သူ့ကိုတော့ မပြောဖြစ်လိုက်ပါဘူး။ နောက်နောင်
ဒီမြို့ကနေ ဘယ်ကိုမျှ
မသွားတော့ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ တစ်မြို့ပြီးတစ်မြို့ အခြေမချဘဲ
လျှောက်ပြောင်းနေမယ်ဆိုရင် ဘတ်ဒီလို မိတ်ဆွေကောင်းရနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်သဘောပေါက်မိလို့ပါပဲ။
ဘတ်ဒီနဲ့စကားပြောပြီးချိန်မှာတော့ ကျွန်တော့်မှာ တခြား အရေးတကြီးလုပ်စရာမရှိတော့ပါဘူး။
ကျွန်တော် အလုပ်ထွက်ခဲ့တဲ့ သတင်းစာတိုက်ကို ဖုန်းပြန်ဆက်ပြီး အလုပ်ပြန်ရနိုင်ဦးမလားဆိုတာတော့
မေးရပါဦးမယ်။ ပြီးရင် ကျွန်တော်ချစ်ခဲ့မိတဲ့ အယ်မလီကလေးကို ဖုန်းဆက်ရပါဦးမယ်။
▀
ဝင်းငြိမ်း
(Charles Boeckman ရဲ့ Blind Date ကို ပြန်ဆိုပါတယ်။)
ကျွန်တော် ပထမဆုံး သတိဝင်လာချိန်မှာတော့ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် ဘာတွေလုပ်ရ မလဲဆိုတာ စဉ်းစားခြင်းပါပဲ။ ဒီအမျိုးသမီးအလောင်းကို ကားထဲက ဆွဲထုတ်ဖို့ လိုပါတယ်။ ပြီးတော့ ဒီနေရာကို ကျွန်တော် လုံးဝမရောက်ဖ...
အတွဲတစ်တွဲက ကားကိုလမ်းဘေးအကွယ်မှာ ထိုးရပ်တာတွေ့လို့ ကြည့် လိုက်တဲ့အချိန်မှာ မမျှော်လင့်ဘဲ ဝုဒ်မဲန်ရဲ့ကား ခြုံအကွယ်မှာရှိနေတာ တွေ့လိုက်ရပါတယ်။ တည်းခိုခန်းမှာလည်း စန္ဒီမရှိဘူး။
‘ဟေ့… မင်းကိုဖမ်းမယ့်ရဲပဲ… မင်းလက်မြှောက်ပြီး ထွက်လာခဲ့’ ဂျော်နီက ရဲတစ်ယောက် ဖြစ်ကြောင်း အသိပေးလိုက်ပြီး ထွက်လာဖို့ အမိန့်ပေးလိုက်ပါတယ်။ ဘာအဖြေမျှ ပြန်မကြားရပါဘူး။ လမ်းကြားလေးထဲကို လေတိုးသံသာ ကြားနေ...