ဘာသာပြန်

ချိန်းတဲ့ည

ဝင်းငြိမ်း

01 August 2025
ချိန်းတဲ့ည
Share to

            အမျိုးသမီးက ကျွန်တော့်ကားနောက်ဖုံးထဲမှာရှိနေပြီး သူက သေနေပါပြီ။

ကျွန်တော် လမ်းပေါ်မှာရပ်နေတဲ့အချိန် တစ်လမ်းလုံးမှာ ကျွန်တော် တစ်ယောက်တည်း သာရှိနေပြီး မှောင်မှောင်မည်းမည်းထဲမှာ ကျွန်တော်တစ်ယောက်တည်းပါ။ မိုးကလည်း ခပ်သည်းသည်းရွာနေတာ ဆိုတော့ ကျွန်တော့်တစ်ကိုယ်လုံးလည်း စိုရွှဲနေတာ ကြွက်စုတ် တစ်ကောင် လိုဖြစ်နေပါပြီ။ ကျွန်တော် အမျိုးသမီးအလောင်းကို ဖွင့်ကြည့်နေလိုက်တယ်။ လက်ထဲက လက်နှိပ်ဓာတ်မီးအလင်းရောင်က ခပ်မှိန်မှန်ပါပဲ။ လျှပ်စီး တစ်ချက်လက် လိုက်တာကြောင့် မည်းမှောင်နေတဲ့ ပတ်ဝန်းကျင်ကို ခဏတော့မြင်လိုက်ရပါတယ်။ မိုးခြိမ်းသံက ကမ္ဘာမြေကို တုန်သွားစေပါတယ်။ လျှပ်စီးလက်လိုက်တာကြောင့် ပတ်ဝန်းကျင်ကို အပြာရောင်သန်းတဲ့မြင်ကွင်းအဖြစ် ခဏတော့ မြင်လိုက်ရပါရဲ့။ ပတ်ဝန်းကျင်ကို ခဏမြင်လိုက်ရတာက သံဆူးကြိုး ကာရံထားတဲ့ ကွင်းတစ်ခုအနား ကျွန်တော်ရောက်နေတာဖြစ်ပြီး ကွင်းထဲမှာကလည်း ရေအပြည့်ပါပဲ။

            ပတ်ဝန်းကျင်က ဘာပဲဖြစ်နေသည်ဖြစ်စေ၊ ကျွန်တော့်အာရုံက ကားနောက်ဖုံးထဲက အမျိုးသမီးဆီကိုသာ ရောက်နေပါတယ်။ လျှပ်စီးလက်တဲ့အချိန် မြင်လိုက်ရတဲ့ သူ့မျက်နှာက ဖြူဖပ်ဖြူရော်ရှိနေပြီး မျက်လုံးတွေကလည်း ပွင့်နေတယ်။ ဝင်းခနဲ လျှပ်စီးလက်ချိန် မြင်လိုက်ရ တာဖြစ်လို့ သူ့မျက်လုံးတွေပွင့်နေတာက တော်တော် ကြောက်စရာကောင်း ပါတယ်။ ကျွန်တော့်လက်နှိပ်ဓာတ်မီးကည်း အားနည်းနေတာကြောင့် ကောင်းကောင်းမမြင်ရပါဘူး။ အမျိုးသမီးကြည့်ရတာ အသက်သုံးဆယ် လောက်ရှိပြီး ဆွဲဆောင်မှုလည်းရှိပါတယ်။ အဝတ်အစားကတော့ အရောင်ရင့်ရင့်ဝတ်ထားပြီး အပေါ်ပိုင်းက သူ့ကုတ်ကတော့ ဟင်းလင်းပွင့်နေပါတယ်။ သူသေသွားရတဲ့အကြောင်းရင်းက ရှင်းရှင်းလေးပါ။ သူ့နဖူးမှာ ကျည်ဆန်တည့်တည့်ဝင်သွားတာကိုး။
            ထုံကျင်တုန်လှုပ်နေတဲ့ ကျွန်တော့်စိတ်ကို တည်ငြိမ်အောင်ထားပြီး စဉ်းစား နေမိတယ်။ သူ ကျွန်တော့်ကားနောက်ဖုံးထဲမှာ ကင်စ်ဘာရီကတည်းက ပါလာပုံရပါတယ်။ ကျွန်တော်က စထွက်လာကတည်းက ဘယ်နေရာမှ မရပ်ခဲ့ဘဲကိုး။ ယုတ်စွအဆုံး ဓာတ်ဆီတောင် ဝင်မဖြည့်ခဲ့ပါဘူး။ ကျွန်တော်စထွက်လာတာကလည်း နှစ်နာရီပဲရှိသေးတာကိုး။ အဓိက လမ်းမကြီးက ပြင်နေတာကြောင့် သူတို့လမ်းညွှန်ထားတဲ့ လမ်းခွဲအတိုင်း ကျွန်တော်မောင်းလာခဲ့တာပါ။ ညဖြစ်နေတော့ မှောင်နေတဲ့အပြင် မိုးရော လေပါ ကျနေပါတယ်။ ချိုင့်တစ်ခုထဲ ဘီးကျသွားရာက တာယာက ကွဲထွက် သွားတယ်။ ကားအံဖုံးထဲမှာ ခရီးသည်တစ်ယောက်ပါလာတာ ကျွန်တော် မသိလိုက်ပါဘူး။ ကျွန်တော်က နယူးအော်လီးန်ကို သွားနေတာဆိုတော့ လမ်းကြုံလိုက်လာတာထင်ပါရဲ့။
            ကျွန်တော် မိုးရေထဲမှာ အရုပ်တစ်ခုလို တောင့်တောင့်ကြီး ရပ်နေမိတယ်။ ဘယ်ဘက်လက်က ကားနောက်ဖုံးကို ဖွင့်လျက်သားပေါ့။ ကျွန်တော် ပထမဆုံး သတိဝင်လာချိန်မှာတော့ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် ဘာတွေလုပ်ရ မလဲဆိုတာ စဉ်းစားခြင်းပါပဲ။ ဒီအမျိုးသမီးအလောင်းကို ကားထဲက ဆွဲထုတ်ဖို့ လိုပါတယ်။ ပြီးတော့ ဒီနေရာကို ကျွန်တော် လုံးဝမရောက်ဖူးသလို နေရမယ်။ ဒါပေမဲ့ လက်လွတ်စပယ်မလုပ်ဖို့ ကျွန်တော်သတိရလိုက်ပါတယ်။ တကယ်တော့ ဒီအမျိုးသမီးက သူ့သဘောနဲ့သူ ကျွန်တော်ကားနောက်ဖုံးထဲ ရောက်နေတာ မဟုတ်ပါဘူး။ တစ်ယောက်ယောက်က သူ့ကိုလာထည့်ထားတာပါ။ ဒါဆိုတော့ တခြားသူ တွေနဲ့ ပတ်သက်ပြီး ကျွန်တော်မသိတဲ့ ကိစ္စတစ်ခုရှိနေတာ သေချာနေပါပြီ။ ဒီကိစ္စနဲ့ဝေးအောင် ပြေးပြန်ရင်လည်း အနည်းနဲ့အများတော့ ရိုက်ခတ်လာမှာ သေချာပါတယ်။

            ကျွန်တော် ကိုယ်ကိုကိုင်းလိုက်ပြီး ကားနောက်အံဖုံးထဲကို လက်နှိပ်ဓာတ်မီးနဲ့ သေသေချာချာရှာကြည့်လိုက်ပါတယ်။ အမျိုးသမီးသွေးတွေက ကျွန်တော် စပယ်ယာဘီးကို ပေနေပြန်တယ်။ ဘီးဖြုတ်တဲ့ ဂျက်နဲ့ တခြားပစ္စည်း အတိုအထွာ တွေမှာလည်း သွေးတွေပေနေတယ်။ အောက်ခံ ကော်ဇောမှာကလည်း သူ့ခေါင်းက ထွက်တဲ့သွေးတွေ။ ကျွန်တော် ဒီအမျိုး သမီအလောင်းကို သေသေချာချာ လေ့လာမှဖြစ်တော့မယ်။ ကျွန်တော်က  ကင်စ်ဘာရီမှာ ခြောက်လနေခဲ့ဖူးပါတယ်။ ခြောက်လဆိုတဲ့အချိန်ကာလက မြို့ထဲကသူတွေကို အနည်းဆုံး တစ်ကြိမ်စီလောက်တော့ တွေ့ဖူးနိုင်တဲ့ ကာလပါ။ ဒါပေမဲ့ ဒီအမျိုးသမီးကတော့ ကျွန်တော် တစ်ခါမျှ မတွေ့ဖူးတာ သေချာပါတယ်။ အခု တံခါးနောက်ဖုံးကို ဖွင့်လိုက်တော့မှသာ သူ့ကို ပထမဆုံးမြင်ဖူးတာပါ။ သူ့ဘေးနားမှာ ပစ္စည်းတစ်ခုရှိနေတာ သတိထားမိလိုက်ပါတယ်။ သူ့ပိုက်ဆံအိတ်ပါ။
            ပိုက်ဆံအိတ်ကိုလှမ်းယူလိုက်ပြီး ကားနောက်ဖုံးကိုပိတ်ကာ ကားထဲဝင်ထိုင် လိုက်ပါတယ်။ မိုးရွာနေတာကြောင့် ချမ်းနေတဲ့အတွက် ကားထဲက အနွေးပေး စက်ကို ဖွင့်လိုက်ပါတယ်။ ကျွန်တော့်ကားမှာကလည်း ကောင်းတာဆိုလို့ ဒါတစ်ခုပဲရှိတော့တာပါ။ မိုးကြောင့် တုန်နေတဲ့ခန္ဓာကိုယ်က အနွေးဓာတ်ရလာတော့ အချမ်းပျောက်ပြီး ပူနွေးလာပါတယ်။ အမျိုးသမီးရဲ့ လက်ကိုင်အိတ်ထဲက ပါတာတွေ စစ်ဆေးဖို့ ကားထိုင်ခုံပေါ် သွန်ချလိုက်ပါတယ်။ ကျွန်တော် ပထမဆုံးသတိထားမိတာက စာတစ်ထပ်ပါ။ စာခြောက်စောင်လောက် ရှိပါတယ်။ သေသေသပ်သပ် သားရေကွင်းနဲ့ စည်းထားပါတယ်။ စာတွေ အားလုံးက လိပ်စာရှင်တစ်ဦးတည်းဆီကို ရေးထားတာပါ။ ကိုရာမီးလား၊ ၁၂၁၆ မေဘယ်ရီလမ်း၊ အဲန်စီနယ်လ် လို့ လိပ်စာတပ်ထားပါတယ်။ ဪ… ဒါကြောင့် ကျွန်တော် သူ့ကို ကင်းစ် ဘယ်ရီမှာ မမြင်ဖူးတာကိုး။ အဲန်စီနယ်လ်ဆိုတာက ကင်စ်ဘာရီကနေ မိုင်သုံးဆယ် လောက် ဝေးတဲ့ မြို့တစ်မြို့ပါ။ မြို့အရွယ် အစားကတော့ ကင်စ်ဘာရီနဲ့ အတူတူလောက်ပါပဲ။
            စာအိတ်ပေါ်က လိပ်စာတပ်ထားတဲ့လက်ရေးကို ကြည့်လိုက်တော့ ဒီလက်ရေး က မြင်ဖူးသလိုလိုပါပဲ။ ရုတ်တရက် ကျွန်တော်တုန်လှုပ်သွားပါတယ်။ ဒီလက်ရေးက ကျွန်တော့်လက်ရေးဖြစ်နေတာကိုး။ ကျွန်တော် စာအိတ်ထဲ ကစာကို ထုတ်ဖတ်ပြီး လက်မှတ်ထိုးထားတဲ့နေရာ ကြည့်လိုက်တော့လည်း ‘ဖရင့်ခ်’တဲ့။ ဒါ ကျွန်တော့်နာမည်၊ ကျွန်တော့်လက်မှတ်ပဲ။ နားထင်မှာ သွေးတွေတ ဒိတ်ဒိတ်တိုးလာတယ်။ စာကိုဖတ်ကြည့်လိုက်တယ်။ စာတစ်ဝက်လောက်ရောက်တဲ့အချိန်မှာ ကျွန်တော့်တစ်ကိုယ်လုံး တုန်နေပါပြီ။ ဒီတစ်ကြိမ် တုန်တာက ချမ်းလို့မဟုတ်ပါဘူး။ ရေးထားတဲ့စာက ချစ်သူချင်း ရေးတဲ့စာ။ ကိုယ်ရေးကိုယ်တာကိစ္စတွေ ပါပါတယ်။ တရားရုံးတင်လိုက်ရင် တရားသူကြီးတောင် အသံထုတ်မဖတ်ရဲလောက်တဲ့ ကိစ္စတွေ ပါပါတယ်။
စာက ခပ်တိုတိုပါပဲ။ ဒါပေမဲ့ ပြောပလောက်တဲ့အကြောင်းအရာတော့ မပါပါဘူး။ ကျွန်တော့်လက်ရေးနဲ့ ရေးထားတဲ့စာမှာပါတဲ့ အဓိကအကြောင်း အရာကတော့ ကိုရာမီးလားကို ချစ်တယ်ဆိုတဲ့ အကြောင်းအရာလောက်ပါပဲ။ ထူးခြားတာဆိုလို့ ကိုရာရဲ့ခင်ပွန်း သားမဲန်လမီလာ မရှိတဲ့အချိန် တွေ့ကြဖို့ ချိန်းတာပါပါတယ်။ တုန်နေတဲ့ လက်ချောင်းတွေနဲ့ နောက်တစ်စောင် ထုတ်ဖတ်လိုက်ပါတယ်။ စာတိုက်တံဆိပ်တုံးအရဆိုရင် ဒီစာက လွန်ခဲ့တဲ့ နှစ်လက ပို့ထားတာပါ။ စာတွေအားလုံးက ဘကင်စ်ဘာရီကနေ ပို့တာချည်းပါပဲ။ နောက်ဆုံးပို့တဲ့စာက နှစ်ရက်သာရှိပါသေးတယ်။ စာအိတ်ထဲကစာကို ထုတ်ဖတ်လိုက်တော့ ခပ်တိုတိုပါပဲ။

            အချစ်ဆုံးကိုရာ


မကြာခင်ရက်ပိုင်းအတွင်းမှာ မင်းကို ကိုယ်ပိုင်ဆိုင်ရတော့မယ်
ဆိုတာကို သိလိုက်ရတော့ မယုံနိုင်လောက်အောင်ပါပဲ။ ကိုယ်တို့နှစ်
ယောက်တွေ့ကြဖို့အတွက် လိမ်ညာနေစရာတွေလည်း မလိုတော့ဘူး
ပေါ့။ ကိုယ်လည်း ပစ္စည်းတွေသိမ်းဆည်းနေပြီ။ အလုပ်ကလည်း ဒီမနက်ပဲ ထွက်လိုက်ပြီ။ ကိုယ်မင်းကို ဘတ်စ်ကားဂိတ်မှာ သောကြာနေ့၊ ညရှစ်နာရီ လာခေါ်မယ်။ ကိုယ်တို့နှစ်ယောက် နေဖို့အခန်းလည်း နယူးအော်လီးန်မှာ
ဘွတ်ကင်လုပ်ထားပြီးပြီ။

ချစ်တဲ့
ဖရင့်ခ်

…….


            စာကို ကျွန်တော်စူးစိုက်ကြည့်နေမိပေမဲ့ ဒီစာကို ကျွန်တော်မရေးခဲ့တာအမှန်ပါ။ ကားအမိုးပေါ်မှာ မိုးရေစက်တွေက တဗြောင်းဗြောင်းကျနေဆဲ။ မိုးရေတချို့က တံခါးကြားကတစ်ဆင့် ကားထဲဝင်လာနေကြတယ်။ မိုးချိန်းသံတွေ၊ လျှပ်စီးလက်တာတွေက ရှိနေဆဲ။ ကျွန်တော့်စိတ်ကတော့ လက်တွေ့ဘဝကနေ ကင်းကွာပြီး အိပ်မက်ဆိုးထဲ လမ်းလျှောက်နေရသလိုပါပဲ။ ကျွန်တော် အလုပ်ကနေ မနက်ကပဲ ထွက်ခဲ့တယ်ဆိုတာလည်း အမှန်ပါပဲ။ ပြီးတော့ဒီစာကိုရေးပြီး နယူးအော်လီးန်သို့ စာတိုက်က ပို့ခဲ့သတဲ့။ အဲဒါအပြင် တည်းခိုဖို့ ဟိုတယ်ကိုလည်း ဖုန်းဆက်ပြီး ကြိုတင်မှာထားသေးတယ်ဆိုပဲ။ ဟုတ်ပါတယ်။ ဟိုတယ်ကို ကျွန်တော်ဖုန်းဆက်ပြီး အခန်းမှာထားတယ်ဆိုတာက အမှန်ပါဘဲ။ ဒါပေမဲ့ ကျွန်တော်မှာတာက ကျွန်တော်တစ်ယောက်တည်းအတွက်ပါ။ ကျွန်တော် ကိုရာမီးလားနဲ့ ချိန်းထားတာလည်း မရှိပါဘူး။
            သူ့ပိုက်ဆံအိတ်ထဲ မွှေနှောက်ရှာကြည့်လိုက်တော့ နှုတ်ခမ်းနီဆိုးဆေး၊ ဆံညှပ်တချို့၊ သော့၊ မျက်နှာသုတ်တဲ့ စက္ကူ စတဲ့ မိန်းမအသုံးအဆောင်တချို့သာ တွေ့ပါတယ်။ ပြီးတော့ ငွေစက္ကူတချို့တွေ ပါသေးတယ်။ ငွေသားတစ်ရာနီးပါးလောက်ရှိပါရဲ့။ အိတ်ကပ်တစ်ခုထဲ မှာတော့ ယာဉ်မောင်းလိုင်စင်တွေ့တယ်။ အကြွေးဝယ်ခွင့်ကတ်တချို့လည်း ပါပါတယ်။ ကတ်ပေါ်မှာ ဖော်ပြထားတဲ့နာမည်ကတော့ မစ္စစ်သာမဲန် မီလာတဲ့။ ပလပ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ ဓာတ်ပုံတချို့လည်း တွေ့တယ်။ ကိုရာမီလာလို့ နာမည်ထိုးထားတဲ့ မျက်နှာခပ်ပြဲပြဲနဲ့ လူကတော့ သူ့ယောက်ျားဖြစ်မယ်ထင်ပါရဲ့။ တခြားပုံတွေကတော့ မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေရဲ့ ပုံတွေပါပဲ။ အားလုံးက လူကြီးပိုင်းတွေချည်းပါပဲ။ သူတို့ဇနီးမောင်နှံမှာက သားသမီးရှိပုံမရပါဘူး။
            နောက်ဆုံးဓာတ်ပုံတစ်ပုံမြင်လိုက်ချိန်မှာတော့ ကျွန်တော်မျက်လုံးပြူးသွားပါတယ်။ ကျွန်တော့်ပုံဖြစ်နေပါတယ်။ ဓာတ်ပုံထဲကလူက ကျွန်တော်မှ ကျွန်တော်အစစ်။ ဓာတ်ပုံထောင့်မှာ ကျွန်တော့်လက်ရေးနဲ့ ‘ချစ်တယ် ကိုရာ ဒါလင်ရယ်၊ ဖရင့်ခ်’လို့ ရေးထားသေးရဲ့။ လူသားရဲ့စိတ်ခွန်အားက ဒီလောက်ကြောက်စရာကောင်းတဲ့ ကိစ္စကို ခဏချင်းမှာ မျိုသိပ်နိုင်တဲ့စွမ်းအင်ရှိပြီး ကျွန်တော့်စိတ်တွေ ထုံသွားပါတယ်။ ဒါကို ကျွန်တော်နားလည်လိုက်ပါတယ်။ ကျွန်တော် မိနစ်အတော်ကြာအောင် ကားပေါ်မှာပဲ မလှုပ်မယှက် ထိုင်နေမိလိုက်ပါတယ်။ ကားထဲမှာက ဖွင့်ထားတဲ့ အနွေးပေးစက် အသံသာ ကြားနေရပါတယ်။ ကျွန်တော့်ကိုယ်က ပူပြီး ချွေးစက်တောင် နဖူးက စီးကျနေပါပြီ။ ကျွန်တော် ဒီနေရာမှာ ကြာရှည်ရပ်နေလို့ မဖြစ်ဘူးဆိုတဲ့အသိက ဝင်လာပါတယ်။ တစ်ခုခုတော့ လုပ်မှဖြစ်တော့မယ်။ သူ့ပစ္စည်းတွေကို သူ့ပိုက်ဆံအိတ်ထဲ ပြန်ထည့်လိုက်ပြီး ကျွန်တော့်ဘေးက ခုံပေါ်မှာ ကျွန်တော့်အဝတ်သေတ္တာနဲ့ အတူထားလိုက်ပါတယ်။

            ကားအပြင်ထွက်လိုက်ပြီး မိုးရွာနေတဲ့အထဲမှာပဲ ကားဘီးလဲလိုက်ပါတယ်။ ပြီးတော့ ကျွန်တော် ကားဆက်မောင်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော် ကားကို နောက်ပြန် ကွေ့လိုက်ပါတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ အဝေးပြေးလမ်းမကြီးနဲ့ မိုင်အနည်းငယ် အကွာမှာရှိတဲ့ မြို့ငယ်ကလေးတစ်ခုကို ရောက်လာခဲ့ပါတယ်။ ဒီမြို့ကလေးကိုတော့ ကျွန်တော်မှတ်မိပါတယ်။ ဆိုင်တစ်ဆိုင်မှာ ငွေအကြွေစေ့တွေ ဝင်လဲလိုက်တော့ လက်တစ်ဆုပ်စာလောက် ရလာပါတယ်။ လမ်းထောင့်က အများသုံးတယ်လီဖုန်းရုံထဲဝင်ပြီး နယူးအော်လီးန်စ်က ဟိုတယ်ကိုဖုန်းဆက်လိုက်ပါတယ်။ တစ်ဖက်က ဟိုတယ်ဝန်ထမ်း ဖုန်းဖြေတဲ့အချိန်မှာတော့ ‘ကျွန်တော် ဖရန့်ခ် ဂျပ်ဆင် ပါ။ ကျွန်တော် အခန်းတစ်ခန်းမှာ ထားတာ ပြန်စစ်ကြည့်တာပါ’လို့ ပြောလိုက်ပါတယ်။ တစ်ဖက်က ဟိုတယ်ဝန်ထမ်းက ‘ခဏလေး ကိုင်ထားပါခင်ဗျာ’လို့ ဆိုတယ်။
            ခဏအကြာမှာတော့ ‘ဟုတ်ကဲ့… မစ္စတာဂျပ်ဆင်၊ ဖုန်းဆက်မှာထားတာရော ကြေးနန်းစာပါ ရပါတယ်ခင်ဗျ’ တဲ့။
            ‘ကြေးနန်းရိုက်တယ်… ဟုတ်လား’
            ‘ဟုတ်ကဲ့ခင်ဗျ။ တစ်ယောက်ခန်းအစား နှစ်ယောက်ခန်း ဖယ်ထားပေးဖို့ အကြောင်းကြား တာပါ’
တယ်လီဖုန်းရုံလေးက ရေတွေစီးနေတာကိုသာ ကျွန်တော်ကြည့်နေမိပါတော့တယ်။ အခြေအနေက မရှူသာ မရှိုက်သာဖြစ်နေပါပြီ။
            ‘အပြောင်းအလဲများ လုပ်ချင်လို့ပါလား မစ္စတာဂျပ်ဆန်’
နဖူးပေါ်က စီးကျလာတဲ့ ချွေးသီးချွေးပေါက်တွေကို ကျွန်တော် လက်ဖမိုးနဲ့သာ သုတ်လိုက်မိပါတော့တယ်။
            ‘ဖြစ်နိုင်ရင်တော့ ကျွန်တော် အခန်းမှာထားတဲ့ကိစ္စကို ဖျက်လိုက်ချင်တာပါပဲ’
ကျွန်တော်ကားထဲပြန်ဝင်ထိုင်လိုက်ချိန်မှာတော့ တစ်ကိုယ်လုံး အေးစက်နေပါတယ်။ အခြေအနေက ဒီမိန်းမနဲ့ ကျွန်တော် ပတ်သက်နေပါတယ်ဆိုတဲ့ဘက်ကို တွန်းပို့နေပါပြီ။ အကြောင်းတစ်ခုခုကြောင့် ဒီမိန်းမကို သတ်လိုက်တယ်ပေါ့။ ဒါတွေ ကျွန်တော် တစ်ခုမျှ မမှတ်မိပါလား။ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ဆန်းစစ်ကြည့်တော့လည်း ဘာမျှမမှတ်မိ တာ အမှန်ပဲ။ တစ်ယောက်ယောက်ကတော့ ကိုရာကို သတ်လိုက်တာအမှန်ပဲ။ ဒါပေမဲ့ အဲဒီလို သတ်လိုက်တဲ့သူက ကျွန်တော်မဟုတ်ပါဘူး။ တစ်ယောက်ယောက် ပိပိရိရိစီစဉ်ထားတဲ့ အစီအစဉ်အရဆိုရင် ကျွန်တော်က ဒီည ကိုရာကို ခိုးပြေးမယ်ပေါ့။ ဒါပေမဲ့ အကြောင်း တစ်ခုခုကြောင့် တစ်စုံတစ်ယောက်က ကိုရာကိုသတ်လိုက်ပြီး ကျွန်တော့်ကားထဲမှာ လာထည့်ထားလိုက်တာပေါ့။ ဖြစ်နိုင်တာကတော့ ကိုရာက တစ်ခုခုကိုငြင်းဆန်လို့ ပစ်သတ်ခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။
            နယူးအော်လီးန်က ရဲတွေကတော့ ကျွန်တော့်ကားကို စစ်ကြမှာသေချာပါတယ်။ ကျွန်တော်သာ ကားနောက်ဖုံးထဲက အလောင်းကို မတွေ့မိရင်တော့ ပြဿနာပေါ့။ တကယ်တော့ ကျွန်တော်ကလည်း နယူးအော်လီးန်ကို မရောက်မချင်း ကားနောက်ဖုံးကို ဖွင့်စရာအကြောင်းကို မရှိခဲ့တာပါ။ သူတို့ဖွင့်လိုက်တော့မှ ကိုရာကိုတွေ့သွားကြရင် ကျွန်တော် ဘယ်လိုရှင်းလို့ရပါ့မလဲ။ ကျွန်တော် လွန်ခဲ့တဲ့ခြောက်လက အဖြစ်အပျက်တွေကို ပြန်စဉ်းစားပြီး ဒီပြဿနာကို ရှင်းနိုင်ဖို့ ကြိုးစားကြည့်ပါတယ်။ လွန်ခဲ့တဲ့ခြောက်လက ကျွန်တော် အလုပ်အကိုင်မရှိ ဆင်းရဲမွဲတေနေပြီး ကားတစ်စီးနဲ့ ကင်းစ်ဘာရီကို ရောက်လာခဲ့ပါတယ်။ ကံအားလျော်စွာ Record လို့ အမည်ရတဲ့ သတင်းစာတိုက်တစ်ခုမှာ အလုပ်ရပါတယ်။ မြို့ကသေးတဲ့အပြင် လူဦးရေကလည်းနည်းတာဆိုတော့ ကျွန်တော့်အလုပ်က အဆင်မပြေလှပါဘူး။ ဒါကြောင့် ခြောက်လအကြာမှာတော့ ရေကြည်ရာ မြက်နုရာ ရှာချင်စိတ်ပေါ်လာပြန်ပါတယ်။ ကျွန်တော့်အသက်က နှစ်ဆယ့်ခြောက်နှစ် ရှိပြီဆိုပေမဲ့ ဘာအနှောင်အဖွဲ့မျှမရှိသလို ဘာတာဝန်မျှလည်းမရှိပါဘူး။ ခုဆိုရင် တပ်ထဲက ထွက်ခဲ့တာတောင် လေးနှစ်ရှိသွားပါပြီ။ အဲဒီလေးနှစ်တာ ကာလအတွင်းမှာ ကျွန်တော်က နိုင်ငံအနှံ့ လျှောက်သွားနေခဲ့ပါတယ်။ တစ်နေရာရာမှာ ကျွန်တော် အခြေမချခင် နေရာအနှံ့ကို ကျွန်တော်က ကြည့်ချင်တာပါ။
            ကင်းစ်ဘာရီကို ကျွန်တော်အခွာရခက်တာကတော့ အယ်မလီ ဖိလစ်ဆိုတဲ့ မိန်းမချော လေးကြောင့်ပါ။ မြို့တိုင်းမှာ မိန်းမချောလေးတွေ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ကင်စ်ဘာရီက အယ်မလီကို မမီနိုင်ဘူး ထင်ပါတယ်။ သူ့ကို ကျွန်တော် မြင်မြင်ချင်း စွဲလမ်းသွားခဲ့တယ်။ နားထဲမှာ သူနဲ့ လက်ထပ်မင်္ဂလာဆင်နွှဲလို့ မင်္ဂလာခေါင်းလောင်းသံတွေတောင် ကြားနေမိတယ်။ ဒါပေမဲ့ ခြေထောက်မှာ ဗွေပါတဲ့ ကျွန်တော်က နောက်တစ်နေရာ သွားချင်တာကြောင့် အယ်မလီကို ထားခဲ့ရပါတယ်။ ကျွန်တော့်ဘဝထဲကို ကိုရာမီးလားက မခေါ်ဘဲရောက်လာတဲ့ ဧည့်သည်ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမျှ မတွေးမိခဲ့ပါဘူး။
            ကိုရာလောက်ကိုတော့ ကျွန်တော် အလွယ်တကူရှောင်နိုင်မှာပါ။ ကျွန်တော်မောင်းနေတဲ့ အဝေးပြေးလမ်းကလည်း ချိုင့်တွေများတာကြောင့် သတိထားမောင်းနေရပါတယ်။ သူ့အိတ်ထဲမှာရှိနေတဲ့ ကျွန်တော့်လက်ရေးနဲ့ စာတွေ၊ ကျွန်တော့်ဓာတ်ပုံတို့ကို မီးရှို့ဖျက်ဆီး လိုက်ရရင် ကောင်းမလား စဉ်းစားကြည့်တယ်။ ဒါပေမဲ့ သူ့အိမ်မှာ နောက်ထပ်စာတွေနဲ့ ဓတ်ပုံမရှိဘူးလို့ မပြောနိုင်ဘူး။ နယူးအော်လီးန်ဟိုတယ်မှာ နှစ်ယောက်ခန်းယူမယ်လို့ မှာထားတာကရော ဘယ်လိုရှင်းမလဲ။ ကျွန်တော့်ကားနောက်ဖုံးထဲက သွေးတွေ ပေနေတာကလည်း ပြဿနာ။
            ကိုရာဆိုတဲ့ အမျိုးသမီးကို ဘယ်သူကသတ်ပြီး ကျွန်တော့်ကားနောက်ဖုံးထဲ လာထည့်တာလဲ။ ဒီပြဿနာရဲ့ အဖြေက အင်စီနယ်လ်မှာလား၊ ကင်းစ်ဘာရီမှာလား။ နှစ်နာရီကြာတဲ့ အခါမှာတော့ ညနေခပ်စောစောပိုင်းက ကျွန်တော်ထွက်ခွာလာခဲ့တဲ့ ကင်းစ်ဘာရီကို ပြန်ရောက်လာခဲ့ပါပြီ။ အချိန်က ညသန်းခေါင်ယံဖြစ်နေပြီ။ ညလုံးပေါက် ဝန်ဆောင်မှုပေးတဲ့ ဆိုင်တွေကလွဲရင် တစ်မြို့လုံး အိပ်မောကျနေကြပါပြီ။ ကျွန်တော် ကားကို မိတ်ဆွေဖြစ်တဲ့ ဘတ်ဒီဂါဒနာအိမ်သို့ မောင်းလာလိုက်ပါတယ်။ ဘတ်ဒီက ရဲမှူးကြီးရုံးမှာ လက်ထောက် အဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ သူက ကျွန်တော့လိုပဲ ချက်စ်ထိုးတာဝါသနာ ပါပါတယ်။ ကျွန်တော်တို့နှစ်ယောက်က ဘီယာသောက်ရင်း ပေါ့ပ်လာစစ္စတာရဲ့ ဘီယာဆိုင်မှာ နာရီ ပေါင်းများစွာ ချက်စ်ကစားလေ့ရှိကြပါတယ်။ ကျွန်တော့်ကို သားမဲန်နဲ့ ကိုရာမီးလား အကြောင်း သတင်းပေးနိုင်တဲ့သူက ဘတ်ဒီတစ်ယောက်ပဲရှိပါတယ်။ သူက မြို့အစွန်နား ဘက်က အိမ်ကြီးတစ်လုံးမှာ သူ့မိဘတွေနဲ့ နေပါတယ်။ ရွှံ့အလူးလူးဖြစ်နေတဲ့ ကျွန်တော့်ကားကို သူတို့ခြံဝင်းထဲ မောင်းဝင်လိုက်တဲ့အခါ ဘတ်ဒီရဲ့ အခန်းက မီးလင်းနေဆဲ ဖြစ်တာကို သတိထားမိလိုက်ပါတယ်။ သူက ကျွန်တော်နဲ့ရွယ်တူဖြစ်ပြီး အိမ်ထောင်မကျသေးပါဘူး။ သူ့ဝါသနာက အားလပ်တဲ့ညအချိန်တွေမှာ ဝတ္ထုဖတ်တတ်တယ်ဆိုတာကိုလည်း ကျွန်တော်သိထားပါတယ်။ သူ့အခန်းကိုသွားလို့ရတဲ့ သီးသန့်လှေကားတစ်ခုလည်းရှိပါတယ်။ ကျွန်တော် တံခါးခေါက်လိုက်တော့ ပွင့်လာတဲ့ တံခါးဝမှာ ခြောက်ပေမြင့်တဲ့ သူ့အရပ်အမောင်းကြီးနဲ့ ရှုပ်ပွနေတဲ့ သူ့ခေါင်းက မီးရောင် အောက်မှာ အထင်းသားပေါ်လာပါတယ်။ ကျွန်တော့်ကိုမြင်လိုက်တော့ အံ့အားသင့်သွားတယ်။ လွန်ခဲ့တဲ့နာရီအနည်းငယ်ကပဲ ကျွန်တော်တို့နှစ်ယောက် နှုတ်ဆက် ခွဲခွာခဲ့ကြပြီးပြီကိုး။
            ‘ဖရန့်ခ်…မင်းဘာဖြစ်လို့ ပြန်လာတာလဲ။ ငါက မင်းသွားပြီထင်နေတာ’
            ဘတ်ဒီက အံ့ဩနေပေမဲ့ စကားကိုတော့ ဖြည်းဖြည်းပဲပြောပါတယ်။
            ‘အေး ဟုတ်တယ်၊ မင်းပြောသလို ထွက်သွားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ပြန်လာစရာကိစ္စပေါ်လာလို့’
            ‘လာ… အထဲဝင်၊ မင်းတစ်ကိုယ်လုံးလည်း စိုရွှဲနေပါလား’
            ကျွန်တော် သူ့အခန်းထဲဝင်လိုက်တော့ ကျွန်တော့်ကိုယ်ပေါ်က မိုးစက်တွေက သူ့အခန်း ဖယောင်းပုဆိုးပေါ် ကျကုန်ပါတယ်။ သူ့အခန်းက လူပျိုခန်းပီပီသသ ပြင်ဆင်ထားတာပါ။ သမင်ချိုချိတ်ထားတဲ့အပြင် တခြားသေနတ်ပစ်ပြိုင်ပွဲက ဆုတံဆိပ်တွေလည်းရှိပါတယ်။ တောပစ်ရိုင်ဖယ်တွေလည်းချိတ်ထားပါတယ်။ စာအုပ်စင်မှာတော့ ဝတ္ထုစာအုပ်တွေ တပုံတခေါင်းပါပဲ။ စာအုပ်စင်ကိုက မျက်နှာကျက်နဲ့ ထိတော့မယ်။ စားပွဲတစ်လုံးပေါ်မှာတော့ တီဗွီတစ်လုံးရှိတယ်။ သူဖတ်လက်စ ဝတ္ထုစာအုပ်က တွန့်ကြေနေတဲ့ အိပ်ရာပေါ်မှာ မှောက် လျက်သား။ ခုတင်ဘေးမှာတော့ သောက်လက်စ ဘီယာဘူးတစ်ဘူး။
            ‘မင်း ဘာဖြစ်လာတာလဲ’

            သူက ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး မေးလာတယ်။

            ‘ကားက ဒုက္ခပေးလို့လား’
            ‘ထားပါတော့ကွာ။ ငါမင်းဆီက အကူအညီတောင်းချင်လို့ ဘတ်ဒီ’
            ‘ဒါများကွာ။ ဘီယာသောက်မလား။ နေဦး၊ မင်းက ချမ်းနေတာဆိုတော့ အပြင်းတစ်ခွက် လောက်သောက်လိုက်။ မင်းကြည့်ရတာ ရေနစ်နေတဲ့သူကျနေတာပဲ’
            ‘အေးကွာ… အပြင်းတစ်ခွက်လောက်ဆို အဆင်ပြေမယ် ထင်တယ်’

            ကျွန်တော်ခေါင်းညိတ်လိုက်ပါတယ်။ စိုရွှဲနေတဲ့အဝတ်အစားတွေအောက်မှာ ကျွန်တော့် တစ်ကိုယ်လုံးကလည်း တုန်နေပါပြီ။
            ‘မင်းအဝတ်အစားတွေ လဲလိုက်ရင်ကောင်းမယ်ထင်တယ်’

            လို့ ဘတ်ဒီက အံဆွဲတစ်ခုထဲကနေ ဝီစကီပုလင်းထုတ်ရင်း ဆိုပါတယ်။
            ‘ကျေးဇူးပါကွာ၊ မလဲတော့ပါဘူး။ အချိန်မရှိလို့ပါ’
            သူလှမ်းပေးတဲ့ ဝီစကီခွက်ကို လှမ်းယူလိုက်ပြီး ကျွန်တော် တရှိန်ထိုးမော့ချလိုက်ပါတော့တယ်။ ခန္ဓာကိုယ်ထဲကို အရက်ဝင်သွားတော့ မကြာခင် ပူနွေးလာပါတယ်။
            ‘ဘတ်ဒီ… မင်းက ဒီမှာနေလာတာကြာပြီဆိုတော့ လူတော်တော်များများကို သိမယ်ထင်တယ်။ သာမင် မီးလား ဆိုတဲ့သူကို ကြားဖူးလား’
            ဘတ်ဒီက သူ့ခုတင်ပေါ် ပြန်ထိုင်လိုက်ပြီး သောက်လက်စဘီယာဘူးကို ပြန်သောက်နေပါတယ်။ သူက ကျွန်တော့်ကို စူးစမ်းတဲ့အကြည့်နဲ့ သေသေချာချာ ကြည့်နေတယ်။

            ‘သာမဲန် မီးလား… ဟုတ်လား’

            လို့ဆိုရင်း သူ့မျက်ခုံးနှစ်ဖက် ရှုံ့သွားတယ်။

            ‘မင်းဆိုလိုတာက မြို့နယ်စာရင်းစစ်လား။ သူက အင်စီနယ်လ်မှာ နေတယ်လေ’
            ‘ငါထင်တာပဲ… အင်စီနယ်လ်မှာတော့ သာမဲန်မီးလား နှစ်ယောက်မရှိလောက်ဘူး ထင်တာပဲ’
            ‘ထင်တာပါပဲ… မင်းဟာက ဘာတွေလဲကွာ။ ညနေကပဲ နှုတ်ဆက်ပြီး ထွက်သွားတယ်။ အခု ညကြီးသန်းခေါင်ပြန်ရောက်လာပြီး လူတစ်ယောက်အကြောင်း လာမေးနေတယ်။ ဘာဖြစ်နေ တာလဲ။ သတင်းစာထဲမှာ ရေးဖို့အတွက်လား’
            ‘မဟုတ်ပါဘူးကွာ။ သာမဲန်မီးလားအကြောင်းသာ ငါ့ကိုပြောစမ်းပါ’
            ဘတ်ဒီက ပျင်းကြောတစ်ချက်ဆန့်လိုက်ပါတယ်။

            ‘မင်းက ဘာသိချင်တာလဲ’
            ‘ဒီလူက အိမ်ထောင်ရှိလား’
            ဘတ်ဒီက ခေါင်းညိတ်တယ်။

            ‘သူ့မိန်းမအမျိုးတွေက ကင်းစ်ဘာရီကပဲ’
            ကျွန်တော်က ကိုရာရဲ့ပိုက်ဆံအိတ်ထဲက ယူထားတဲ့ စုံတွဲပုံ တစ်ခုထုတ်ပြလိုက်ပါတယ်။

            ‘ဒါ မစ္စတာနဲ့ မစ္စစ်မီးလား လား’
            ဘတ်ဒီက ဓာတ်ပုံကို သေသေချာချာယူကြည့်လိုက်ပါတယ်။

            ‘သူတို့နဲ့တော့ တူတာပဲ’

            လို့ သူက ဖြည်းဖြည်းချင်း ဆိုတယ်။

            ‘အသေအချာတော့ မပြောနိုင်ဘူးကွ။ သာမဲန်ကို ငါက တရားရုံးမှာ တစ်ခါပဲမြင်ဖူးတာ ဆိုတော့ သိပ်တော့မသေချာဘူး’
            ‘မင်းက မသေချာဘူးဆိုတော့၊ ဒီမှာ သူတို့ကို သေသေချာချာ သိနိုင်တဲ့သူရှိလား’
ဘတ်ဒီက ကျွန်တော့်ကို သေသေချာချာစိုက်ကြည့်နေတယ်။

            ‘မင်းကိုကြည့်ရတာ တစ်ခုခု အရေးတကြီးကိစ္စရှိနေပုံရတယ်။ ဘာဖြစ်နေတာလဲ ဖရင့်ခ်’
            ‘နောက်တော့ ငါမင်းကိုပြောပြမှာပါ။ လောလောဆယ်မှာတော့ ငါ တော်တော်ဦးနှောက် ခြောက်နေလို့ ငါ့ကိုကူညီပါကွာ’
            ‘ကူညီမှာပါကွာ။ မင်းကိစ္စက အရမ်းအရေးကြီးနေပုံရတယ်’
            ‘အေးဟုတ်တယ်။ ကင်းစ်ဘာရီမှာ မီးလားစ်ကို ကောင်းကောင်းသိတဲ့သူ မရှိနိုင်ဘူးလား’
            ဘတ်ဒီက သူ့မေးစေ့ကိုပွတ်ရင်း လေးလေးနက်နက် စဉ်းစားနေတယ်။

            ‘ရှိတော့ရှိနိုင်တာပါပဲ။ မြို့ကသေးသေးလေးဥစ္စာ။ ပြီးတော့ သူ့မိန်းမအမျိုးတွေကလည်း ဒီမြို့မှာရှိနေကြတာပဲ’
            ကျွန်တော်က ဖန်ခွက်ထဲက လက်ကျန်အရက်ကိုသောက်လိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ မီးလားစ် ဆိုသူတွေက ဘယ်သူတွေလဲဆိုတာ သိလိုက်ရပြီဖြစ်တဲ့အပြင် ဒီမြို့မှာရှိနေကြတဲ့ သူတွေကလည်း သူတို့ကို သိကြတယ်ဆိုတာ သေချာသွားပါပြီ။
ဒါပေမဲ့ ဘယ်သူကများ ကျွန်တော်နဲ့ ကိုရာမီးလား လွန်ခဲ့တဲ့နှစ်လကစပြီး ချစ်ကြိုက် နေကြဟန် ဖန်တီးတာလဲ။ ကျွန်တော် ဘတ်ဒီရဲ့အခန်းကို မျက်စိကစားကြည့်လိုက်ရင်း တွေးနေမိတယ်။ ကိုရာမီးလားရဲ့အလောင်းကို ကျွန်တော့်ကားနောက်ဖုံးထဲမှာ ဘယ်အချိန်က လာထည့်ထားသလဲဆိုတာ သိနိုင်ရင်တော့ အမှန်တရားကို အနီးစပ်ဆုံး တွေးလို့ရမှာပါ။
            ညနေက ကျွန်တော်ကားကို ရပ်ထားခဲ့တယ်။ အဲဒီအချိန်က ကျွန်တော့်ကားထဲကို အဝတ် သေတ္တာ ထည့်သေးတယ်။ အဲဒီတုန်းက ဒီအလောင်းမရှိသေးပါဘူး။ ပြီးတော့ ကျွန်တော် ဆီဆိုင်သွားပြီး ကားကိုဆီဖြည့်တယ်။ အဲဒီအချိန်ကလည်း ကားနားမှာ ကျွန်တော်ရပ်နေ တာဆိုတော့ မဖြစ်နိုင်ပါဘူး။ နောက်ထပ် ကျွန်တော်ကားရပ်တဲ့နေရာက ပေါ့ပ်လာစစ္စတာ ရဲ့ ဆိုင်။ အဲဒီမှာ သူငယ်ချင်းတွေနဲ့ နှုတ်ဆက်ပွဲသောက်ကြမှာကိုး။ ပြီးတော့ ကျွန်တော် ကားမောင်းထွက်လာခဲ့တာပဲ။ ပုံမှန်မောင်းလာခဲ့ရာကနေ အခုအဖြစ်အပျက်နဲ့ ကြုံရတာပဲ။ ဖြစ်နိုင်ခြေရှိတာကတော့ ပေါ့ပ်ရဲ့ဆိုင်မှာ ကျွန်တော်အရက်သောက်နေတဲ့အချိန်သာ ဖြစ်နိုင်ပါတယ်။ ဒီအတိုင်းဆိုရင်တော့ ပေါ့ပ်လာစစ္စတာက သံသယဖြစ်စရာအကောင်းဆုံး ပါပဲ။ ဒီလူက လူဆိုးလည်းဖြစ်ခဲ့ဖူးပြီး ရဲဝန်ထမ်းဟောင်း တစ်ယောက်လည်း ဖြစ်နေပြန်ပါ တယ်။ ပြီးတော့ သူက ကျွန်တော် အလုပ်ထွက်ပြီး နယူးအော်လီးန်ကိုသွားမယ်ဆိုတာလည်း သိထားပါတယ်။
            ‘ဘတ်ဒီ… မင်း ငါနဲ့ ခဏလိုက်ပေးလို့ရမလား’
            ‘ရတာပေါ့။ ဒါပေမဲ့ ဘာကြောင့် ဘယ်ကိုသွားမယ်ဆိုတာတော့ သိဖို့လိုမယ်’

ဆက်လည်‌ဖော်ပြပါမည်။

ဝင်းငြိမ်း
(Charles Boeckman ရဲ့ Blind Date ကို ပြန်ဆိုပါတယ်။)


Related Articles

ဘာသာပြန်
...
ချိန်းတဲ့ည ဇာတ်သိမ်းပိုင်း
ဝင်းငြိမ်း

ကားနောက်ဖုံးထဲမှာပါလာတဲ့ ကိုရာ့အလောင်းကတော့ တောင့်နေရော့မယ်။ အလောင်းနဲ့ ကျွန်တော်တို့က သိပ်ဝေးတာမဟုတ်လို့ ကျောချမ်းမိပါရဲ့။

ဘာသာပြန်
...
ဆောင်းအပြေး ဇာတ်သိမ်း
ဝင်းငြိမ်း

အတွဲတစ်တွဲက ကားကိုလမ်းဘေးအကွယ်မှာ ထိုးရပ်တာတွေ့လို့ ကြည့် လိုက်တဲ့အချိန်မှာ မမျှော်လင့်ဘဲ ဝုဒ်မဲန်ရဲ့ကား ခြုံအကွယ်မှာရှိနေတာ တွေ့လိုက်ရပါတယ်။ တည်းခိုခန်းမှာလည်း စန္ဒီမရှိဘူး။

ဘာသာပြန်
...
ဆောင်းအပြေး အပိုင်း(၁)
ဝင်းငြိမ်း

‘ဟေ့… မင်းကိုဖမ်းမယ့်ရဲပဲ… မင်းလက်မြှောက်ပြီး ထွက်လာခဲ့’ ဂျော်နီက ရဲတစ်ယောက် ဖြစ်ကြောင်း အသိပေးလိုက်ပြီး ထွက်လာဖို့ အမိန့်ပေးလိုက်ပါတယ်။ ဘာအဖြေမျှ ပြန်မကြားရပါဘူး။ လမ်းကြားလေးထဲကို လေတိုးသံသာ ကြားနေ...