ဝင်းငြိမ်း
ဂျော်နီ ကဲန်ဒယ်လ်က ကင်းလှည့်ကားပေါ်က ဆင်းလိုက်ပြီး လမ်းကြားထဲကို
ဝင်လိုက်တဲ့အခါမှာတော့ လက်ထဲမှာ သေနတ်က အဆင်သင့်ဖြစ်နေပြီ။ ဒီနေရာမှာလည်း နှင်းတွေက
ကျထားတာဆိုတော့ နှင်းတွေပေါ်မှာ ထင်ကျန်ရစ်တဲ့ခြေရာတွေက အတိုင်းသား မြင်နေရတယ်။ ဒီပတ်ဝန်းကျင်အခြေအနေကို
သူက နောကျေနေအောင် သိပြီးသား။ ဒီလမ်းကြားကလေးက အဆုံးမှာ ဘယ်ကိုမျှ ထွက်ပေါက်မရှိတဲ့
လမ်းသေ။ ဘေးဘက်မှာကလည်း ဆယ်ပေလောက်မြင့်တဲ့ ခြံစည်းရိုးကာထားတာဆိုတော့
ပြေးပေါက်မရှိပါဘူး။ ဒီလမ်းကြားထဲဝင်ပြေးလို့ကတော့ ကိုယ့်သေတွင်း
ကိုယ်တူးပြီးသားပဲ။
‘ဟေ့… မင်းကိုဖမ်းမယ့်ရဲပဲ… မင်းလက်မြှောက်ပြီး ထွက်လာခဲ့’
ဂျော်နီက ရဲတစ်ယောက် ဖြစ်ကြောင်း အသိပေးလိုက်ပြီး ထွက်လာဖို့ အမိန့်ပေးလိုက်ပါတယ်။
ဘာအဖြေမျှ ပြန်မကြားရပါဘူး။ လမ်းကြားလေးထဲကို လေတိုးသံသာ ကြားနေရပါတယ်။
တစ်ချက်တစ်ချက်မှာတော့ လူတစ်ယောက် သက်ပြင်းရှိုက်သံလိုလိုလည်း ကြားနေရပါတယ်။ သူ့နောက်မှာတော့
တပ်ကြပ်ရာစင်က ကပ်လျက်သားပါလာတယ်။ သူလည်း သေနတ် အဆင်သင့် ထုတ်ထားမယ်ဆိုတာ
မပြောပေမဲ့ သိနေတယ်။ သူတို့လိုက်နေတဲ့သူက အဖျော်ယမကာရောင်းတဲ့ ဆိုင်ရဲ့ ပြတင်းပေါက်မှန်ကိုရိုက်ခွဲပြီး
ဂျင်ပုလင်းတွေ လက်တစ်ပွေ့စာလောက် ခိုးယူသွားခဲ့တာပါ။ သူ ဘယ်ရောက်သွားတယ်ဆိုတာ မှန်းဆလို့မရခဲ့ကြပေမဲ့
နှင်းတွေပေါ်က သူ့ခြေရာတွေက သူရှိတဲ့နေရာကို ညွှန်ပြနေပါတယ်။ သူ့ရှေ့ ပေနှစ်ဆယ်လောက်အကွာမှာ
လူတစ်ယောက်ကို ဂျော်နီတွေ့နေရပါပြီ။ အဲဒီလူက သူ့လက်ထဲက တစ်စုံတစ်ရာကိုမြှောက်လိုက်ချိန်မှာ
ဂျော်နီက ခပ်သွက်သွက်ပဲ လက်ထဲက သေနတ်မောင်းကို ညှစ်ထည့်လိုက်ပါတော့တယ်။ သူဘယ်နှချက် ပစ်မိနေသလဲ
မသိတော့ဘူး။ တပ်ကြပ်ရာစင်က သူ့လက်ကို ပုတ်ချလိုက်တော့မှသာ သတိဝင်လာတော့တယ်။
□
ဂျော်နီက ဌာနဆိုင်ရာစစ်ဆေးအရေးယူမှုတွေ ဘာတွေ စောင့်မနေတော့ပါဘူး၊
လေးဆယ့်ရှစ်နာရီအတွင်း ရဲတပ်ဖွဲ့က နုတ်ထွက်လိုက်ပြီး
နောက်တစ်လအကြာမှာ လက်ထပ်ကြမယ်လို့ စီစဉ်ထားတဲ့ သူ့ချစ်သူ စန္ဒီဘရောင်းနဲ့ အနောက်ဘက်ဒေသဆီကို
ထွက်လာခဲ့ကြပါတော့တယ်။ မိုင်သုံးရာလောက်မောင်းလာပြီးမှ သူ့ချစ်သူစန္ဒီကိုလည်း အကျိုးအကြောင်းပြောပြပါတော့တယ်။
‘ကိုယ်ပစ်လိုက်မိတဲ့ကောင်က တကယ့်သူချိုးဂျပိုးကွာ။ အသက်ကလည်းကြီးနေပါပြီ။
အရက်မသောက်ရရင် မနေနိုင်ဖြစ်နေတာပေါ့။ အရက်ပုလင်းတွေရောင်းတဲ့ဆိုင်ရဲ့
ပြတင်းပေါက်ကို ခွဲဝင်ပြီး လမ်းကြားထဲမှာ အေးအေးဆေးဆေးသောက်မယ်လို့ ဝင်သွားတာ။ ကိုယ်မြင်လိုက်တဲ့အချိန်မှာ
သူက အရက်ပုလင်းကိုမြှောက်ပြီး သောက်မလို့လုပ်တာ။ ကိုယ့်စိတ်ထဲမှာ သူ့လက်ထဲက ပုလင်းကို
သေနတ်လား၊ ဓားလားလို့ အောက်မေ့မိလိုက်တာဆိုတော့ ကိုယ်က ဦးအောင်ပစ်တော့တာပေါ့’
ဂျော်နီက တုန်ယင်နေတဲ့လက်နဲ့ စီးကရက်မီးညှိရင်း ပြောပြနေတယ်။
‘တကယ်လို့သူသာ မှတ်တမ်းမှတ်ရာဝင်တဲ့ သူခိုးဂျပိုးမဟုတ်ဘူးဆိုရင်တော့
ကိုယ်ရုံးတော်မှာ အစစ်ဆေးခံရလောက်ပြီပေါ့’
စန္ဒီက စကားနည်းတဲ့ မိန်းကလေးဆိုတော့ သူ့ချစ်သူကိစ္စကို နည်းနည်းလောက်သာ
မေးပါတယ်။ မိန်းကလေးက အရပ်မြင့်မြင့်၊ ခပ်သွယ်သွယ်ကိုယ်လုံးနဲ့ပါ။ အညိုရင့်ရောင် သူ့ဆံပင်တွေကို
ယောက်ျားလေးတစ်ယောက်လို ခပ်တိုတိုညှပ်ထားပါတယ်။ သူရယ်လိုက်ရင် ဘယ်ယောက်ျားမှ ခံနိုင်ရည်မရှိကြလောက်အောင်
လှပါတယ်။ သူရယ်လိုက်ရင် အပြာရောင်နုနု သူ့မျက်ဝန်းတွေမှာ လင်းလက်သွားသလိုရှိပါတယ်။
ဒါပေမဲ့ အိန္ဒြေကြီးတဲ့ စန္ဒီကို အများစုကတော့ ယောက်ျားဆန် တယ်လို့ သုံးသပ်ကြပါတယ်။
ခုတော့ ဂျော်နီ့နံဘေးမှာ ငုတ်တုပ်ကလေး ထိုင်လျက်သား ပါလာခဲ့ပါပြီ။
‘အမှန်တော့ အဲဒီလူက ရှင်မသတ်လည်း သေမှာပဲမဟုတ်လား ဂျော်နီ။ အဲဒီလမ်းကြားထဲက
ထွက်ပေါက်မှမရှိတာ။ အရက်မူးပြီး လဲနေလည်း နှင်းတွေကြောင့် ခဲပြီးသေမှာပဲလေ။ ဘယ်သူမှ
သိလိုက်မှာတောင် မဟုတ်ဘူး’
လို့ စန္ဒီက သုံးသပ်တယ်။
ဂျော်နီက နှင်းတွေပိတ်နေတဲ့ လမ်းမကြီးကို ရှောင်နိုင်ဖို့ လမ်းခွဲကလေးတစ်ခုထဲကို
ခွဲဝင်လိုက်တယ်။ ‘အေးလေ…သေတာတော့သေမှာပဲပေါ့။ ဒါပေမဲ့ ကိုယ်က ကျည်ဆန်သုံးတောင့် ပစ်သွင်းလိုက်
မိတာကိုး။ သူက ဂျင်ပုလင်းတွေ ခိုးခဲ့တာ။ ကိုယ်က အဲဒီအတွက်ပစ်လိုက်တာပေါ့’
‘ရှင်က သူ့လက်ထဲမှာ လက်နက်ရှိတယ်လို့ ထင်လိုက်တာလား’
‘အဲဒီလိုတော့လည်း မထင်ပါဘူး။ တပ်ကြပ်ရာစင်က ပြောပြဖူးတယ်။ သူနဲ့
တွဲအလုပ်လုပ်တဲ့ အရာရှိတစ်ယောက် လူဆိုးက ပစ်လိုက်တဲ့ ကျည်ဆန်ထိသွားလို့ တစ်သက်လုံး
လက်တစ်ဖက် မသန်မစွမ်းဖြစ်သွားရသတဲ့။ အဲဒီလိုဖြစ်မှာတော့ ကိုယ်ကြောက်တယ်’
‘ကျွန်မအမြင်ပြောရရင်တော့ ရှင်က ဌာနဆုံးဖြတ်ချက်ကိုတော့ စောင့်သင့်တယ်ထင်တာပဲ’
‘ကိုယ့်ကိုပြင်းပြင်းထန်ထန် အရေးယူကြမှာပေါ့။ တော်ပါပြီကွာ’
ဂျော်နီက စကားဆက်မပြောတော့ဘဲ ကားမောင်းနေရင်း စီးကရက်ကိုသာ သောက်နေပါတယ်။
ကားမှန်ပြတင်းက နည်းနည်းဟထားတဲ့အတွက် လေအေးများတိုးဝင်နေပြီး သူ့အညိုရောင် ဆံပင်တွေကိုတိုးဝှေ့နေကြပါတယ်။
သူက လူချောတစ်ယောက်။ အသက်က သုံးဆယ် မပြည့်သေး ပါဘူး။ ဒီဖြစ်ရပ်မတိုင်ခင်ကအထိ သူက အလုပ်ကို
စေ့စေ့စပ်စပ်လုပ်တတ်တဲ့သူပါ။
‘တော်ပါပြီကွာ…နောက်လည်း ရဲအလုပ်ကိုတော့မလုပ်ပါရစေနဲ့တော့’
လို့ သူက ထုတ်ဖော် ညည်းလိုက်ပါတယ်။
‘အခု ဘာဆက်လုပ်မလဲ ဂျော်နီ။ ဒီလိုပဲလျှောက်ပြေးနေမှာလား။ ရှင့်နောက်လည်း
ဘယ်သူမျှ လိုက်မနေဘဲနဲ့’
‘ကိုယ်တို့ နားခိုစရာနေရာလေးတစ်ခုမှာ နားကြပြီး
အလုပ်တစ်ခုခုဝင်လုပ်မယ်။ ပြီးတော့ ကိုယ်တို့နှစ်ယောက်လည်း လက်ထပ်ကြမယ်လေ’
‘ရှင်ကလေ……ပြေးဖို့ကလွဲရင် ဘာမှကိုမလုပ်တတ်တော့တာ’
ဂျော်နီက ရှေ့ကိုသာ အာရုံစိုက်မောင်းနေရာက စကားတစ်ခွန်း တိုးတိုးပြောလိုက်ပါတယ်။
‘လုပ်တတ်ပါသေးတယ်ကွာ၊ လူသတ်တတ်တယ်’
□
ရောက်လာတဲ့မြို့နာမည်က ‘ဝက်ဂွန်းလိတ်ခ်’တဲ့။ ဒီနာမည်က မြို့မှာ
အဓိကရတည်ရှိနေတဲ့ ရေကန်ကြီးကို အစွဲပြုပြီးဖြစ်လာခဲ့တာပါ။ နွေရာသီဆိုရင် နိုင်ငံအနှံ့က
လူတော်တော်များများက ဒီကန်ကြီးပတ်လည်မှာ လာနေကြပြီး အပန်းဖြေကြတယ်။ ပိုက်ဆံတတ်နိုင်သူတွေက
ကန်ပတ်လည်မှာ သူတို့လာနေရင်တည်းခိုဖို့ အိမ်တွေဆောက်ထားကြတယ်။ ဆောင်းဆိုရင်တော့ ရေကန်ကြီးကလည်း
အေးခဲသွားတာမို့ မနေကြတော့ပဲ ဇာတိကိုပြန်သွားကြရော။ ဒါကြောင့် ကန်ပတ်လည်မှာ လူမရှိတဲ့အိမ်ပေါင်းများစွာ
ရှိနေပါတယ်။ လမ်းကလေးတွေကလည်း ခေတ်ပေါ် အဝေးပြေးလမ်းမကြီးနဲ့ အပြိုင်ရှိနေကြတယ်။ ပြည်နယ်ရဲ့မြို့တော်နဲ့လည်း
သိပ်မဝေးတဲ့နေရာဖြစ်လို့ ဆောင်းမှာလည်း လူပြတ်တယ်ရယ်လို့ သိပ်မရှိလှပါဘူး။
ဒီနေရာလေးကို ဂျော်နီက သဘောကျတယ်။ ပြေးရတာ ပင်ပန်းနေတာကလည်း တစ်ကြောင်းကြောင့်ပေါ့လေ။
ဓာတ်ဆီဆိုင်မှာ ဆီဝင်ဖြည့်ရင်း ဂျော်နီက…
‘ဒီမှာပဲ နေလိုက်ကြစို့လား’လို့ စန္ဒီ့ကိုပြောကြည့်တယ်။
‘ရေကန်ကြီးက ခဲနေတာ’
စန္ဒီက သံသယရှိတဲ့ လေသံနဲ့ ဆိုတယ်။
‘ကိုယ်တို့က ရေကူးမှာမှ မဟုတ်ဘဲ’
‘ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ရာသီဥတုကသိပ်များအေးမလားလို့’
ဒါပေမဲ့ သူတို့နှစ်ယောက်ညှိလိုက်ကြတော့ နွေရာသီမှာသာ သက်ဝင်လှုပ်ရှား
လူများလေ့ရှိတဲ့ ဒီမြို့ကလေးမှာ နေကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ခေတ္တခဏတော့ သူတို့တွေ့တဲ့ တည်းခိုခန်းမှာ နှစ်ခန်းယူပြီး နေကြမယ်လို့
ဆုံးဖြတ်ကြပါတယ်။ ဂျော်နီက တစ်ခန်းတည်းမှာ နေချင်ပေမဲ့ စန္ဒီက လက်မထပ်ခင် အတူမနေချင်ဘူးဆိုတာကြောင့်
နှစ်ခန်းယူလိုက်ကြပါတယ်။ မနက်မိုးလင်းတော့ ဂျော်နီက စန္ဒီကိုထားခဲ့ပြီး အလုပ်ရှာထွက်ပါတော့
တယ်။ တတိယမြောက်ကြိုးစားကြည့်တဲ့ နေရာရောက်တော့ ဆိုင်ရှင်က ခေါင်းယမ်းပြရင်း…
‘ဆောင်းတွင်းကာလ ဒီမြို့မှာ ဘယ်သူကမှ အလုပ်သမားမခေါ်ဘူး’
လို့ ရှင်းပြတယ်။
‘အေး……ရဲတပ်ဖွဲ့ကတော့ လူလိုချင်လိုလိမ့်မယ်။ မင်းက
ကိုယ်လုံးကိုယ်ပေါက်လည်း တောင့်တောင့်တင်းတင်းဆိုတော့ သွားလျှောက်ကြည့်ပါလား’
လို့ အကြံပေးတယ်။
‘ဟုတ်ကဲ့ ကျွန်တော်ကြိုးစားကြည့်ပါမယ်’
လို့ သူက ကတိပေးခဲ့ပေမဲ့ ရဲအလုပ်ကိုဝင်မလျှောက်ခင်
တခြားအလုပ်နှစ်နေရာ သွားကြိုးစားကြည့်လိုက်ပါသေးတယ်။
နောက်ဆုံးတော့ ရဲဌာနကို သူရောက်ခဲ့ရတယ်။
ရဲမှူးကြီးနာမည်က ‘ကွင်တင်ဒိတ်’တဲ့။ စကားပြောတဲ့အခါ
နှုတ်ခမ်းထောင့်မှာ ခဲထားတဲ့ ဆေးပြင်းလိပ်ကိုမဖြုတ်ဘဲ စကားပြောတတ်တဲ့သူပေါ့။ သူက နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး
သွက်လက်ထက်မြက်ပါတယ်။ ပါးစပ်မှာ ဆေးပြင်းလိပ်ခဲထားလေ့ရှိသူက ချမ်းလည်းချမ်းသာ တာဆိုတော့
ဝက်ဂွန်လိခ် မြို့ကလေးကို အုပ်ချုပ်နေသူဖြစ်လာတာ ဆန်းတော့မဆန်းပါဘူး။
စားပွဲပေါ်မှာစာတွေ၊ အစီရင်ခံစာတွေ၊ ရှုပ်ပွေနေပြီး စားပွဲနောက်မှာ
ထိုင်နေတဲ့ ဒိတ်က…
‘အေး…ရတာပေါ့… ငါကလည်း လူလိုလို့ရှာနေတာ’
လို့ ဆိုတယ်။
‘ငါတို့မှာကလည်း ဒီလိုဆောင်းတွင်းကာလဆိုရင် လူက အမြဲလိုတာ။ အထူးသဖြင့်တော့
ကမ်းခြေမှာ ဆောက်ထားခဲ့ကြတဲ့ လူချမ်းသာတွေရဲ့အိမ်တွေက ဆောင်းတွင်းဆိုရင် ဘယ်သူမျှ မရှိကြတော့ဘဲ
အိမ်တွေ ပိတ်ထားခဲ့ကြတာကိုး။ သူတို့က လူတွေချည်းပြန်သွားကြတာဖြစ်ပြီး
အဖိုးတန်ပစ္စည်း တွေကို ထားပစ်ခဲ့ကြတာ။ ဒီတော့ မပျောက်မပျက်ရအောင် စောင့်ရှောက်ပေးဖို့က
ငါတို့တာဝန် ဖြစ်နေတာကိုး’
‘ခုထက်ထိ ကာကွယ်စောင့်ရှောက်ပေးမယ့်သူ မတွေ့သေးဘူးလား ခင်ဗျာ’
ဂျော်နီက မေးကြည့်လိုက်တယ်။
‘ပြီးခဲ့တဲ့အပတ် မတိုင်ခင်ကအထိတော့ တစ်ယောက်ရှိတယ်’
ရဲမှူးကြီးက ဒါလောက်သာ ပြောပြီး…
‘မင်းက ရဲအလုပ်လုပ်ဖူးလို့လား’
လို့ မေးလာတယ်။
‘ကျွန်တော် အရှေ့ဘက် ကမ်းခြေမှာ နေတုန်းကတော့
တစ်နှစ်လောက်လုပ်ခဲ့ဖူးပါတယ်’
‘ဘာဖြစ်လို့ ထွက်လိုက်တာလဲ’
‘ကျွန်တော်က တစ်နေရာတည်းမှာမနေဘဲ ခရီးသွားနေချင်လို့ပါ’
‘အိမ်ထောင်ရှိလား’
‘ကျွန်တော်အလုပ်ရပြီးရင်တော့ လက်ထပ်ဖို့အစီအစဉ်ရှိပါတယ်’
‘ဒီအလုပ်ကတော့ ရက်သတ္တတစ်ပတ်ကို ၇၅ ဒေါ်လာ လစာပေးမယ်ကွာ။ လုပ်ရတာကတော့
ညပိုင်းပဲဖြစ်မယ်။ မင်းအဆင်ပြေတယ်ဆိုရင် နွေရာသီပါ ဆက်ခန့်ထားပေးမှာပေါ့’
‘ကျွန်တော်က ဘာလုပ်ရမှာလဲ’
‘ကင်းလှည့်ကားကိုမောင်းပြီး တစ်နာရီကို တစ်ကြိမ် ကန်ပတ်လည်က အိမ်တွေကို
စောင့်ရှောက် ပေးရမယ်။ ဒီအိမ်တွေထဲကို အပြင်လူတွေ ဖောက်ထွင်းဝင်ရောက်တာမရှိအောင် စောင့်ရှောက်
ပေးဖို့ပါပဲ’
‘အဲဒီအိမ်တွေနဲ့ ပတ်သက်လို့ ပြဿနာ ကြီးကြီးမားမားရှိခဲ့ဖူးလား’
‘ဘာမှတော့ ကြီးကြီးမားမားရယ်လို့ မဖြစ်ခဲ့ဖူးပါဘူး’
ရဲမှူးက စကားပြောနေပေမဲ့ သူ့မျက်လုံးတွေက အကြည့်လွှဲသွားတယ်။
‘ဘာပြဿနာမှတော့ ဖြစ်လာစရာလည်းရှိမယ်မထင်ပါဘူး။ မင်းက ဗလလည်းကောင်းသားပဲ!’
‘ကျွန်တော်ကိုင်ဖို့ သေနတ်ထုတ်ပေးမှာလား’
‘ထုတ်ပေးမှာပေါ့’
ဂျော်နီက ခဏတော့ စဉ်းစားလိုက်သေးတယ်။ နောက်ဆုံးမှာတော့…
‘အိုကေလေ၊ ကျွန်တော်လုပ်ကြည့်မယ်’
လို့ အလုပ်လက်ခံလိုက်ပါတယ်။
‘အေး… ကောင်းတာပေါ့…ဒီမှာလိုအပ်တဲ့ ပုံစံလေးတွေတော့ မင်းဖြည့်သွားဦး။
ငါက မင်းအရှေ့ပိုင်းက လူတွေနဲ့ဆက်သွယ်ပြီး စုံစမ်းလိုက်ဦးမယ်။ ဒါပေမဲ့ မင်းက အဲဒါ စောင့်နေဖို့မလိုပါဘူး။
သေနတ်တစ်လက်ထုတ်ပေးမယ်။ ကင်းလှည့်ရမယ့်ကားလည်းပြမယ်။ ဒီညပဲ အလုပ်စဆင်းလိုက်တော့’
ဂျော်နီ့လက်ထဲကို ပွိုင့် ၃၈ သေနတ်တစ်လက်ရောက်လာတယ်။ အရှေ့ပိုင်းမှာတုန်းက
ကိုင်ခဲ့တဲ့ သေနတ်နဲ့ နည်းနည်းတော့ ကွာပါတယ်။ ဒါပေမဲ့ များများစားစားကွာတာတော့ မဟုတ်ပါဘူး။ အလေးချိန်စီးတာနဲ့
အေးစက်မာကျောနေတာကတော့ အတူတူပါပဲ။ လက်ထဲမှာ ချိန်ဆကြည့် နေရင်းက လမ်းကြားထဲမှာ ဖြစ်ပျက်ခဲ့တာကို
သတိရမိလိုက်သေးတယ်။
နောက်တော့ သူတည်းခိုခန်းကိုပြန်လာခဲ့ပြီး စန္ဒီကို သူအလုပ်ရခဲ့ပြီဖြစ်ကြောင်း
ပြောပြလိုက်တယ်။ စန္ဒီက ခုတင်ပေါ်မှာ ခြေကလိန်ချိတ်ထိုင်နေရင်းက
သူ့ကိုမော့ကြည့်လိုက်တယ်။
‘ရှင် လူတစ်ယောက်ကို ပစ်သတ်ခဲ့တာ တစ်ပတ်တောင် မပြည့်သေးဘူးနော်
ဂျော်နီ။ အခုရှင် သေနတ်ကိုင်ပြန်ပြီ’
‘မကိုင်ပါဘူးကွာ။ နောက်အိတ်ကပ်ထဲမှာပဲ ထားမှာပါ။ နောက်ကို
ဘယ်တော့မှလည်း မပစ်တော့ပါဘူးလို့ ကိုယ် ကတိပေးပါတယ်’
‘အိမ်တွေထဲ ဖောက်ထွင်းဝင်ရောက်နေတဲ့ သူတွေမြင်ရင် ရှင် ဘယ်လိုလုပ်မလဲ’
‘စန္ဒီရယ်…ဒါကတော့ အလုပ်လေကွာ။ ကိုယ်ဒီတစ်ခါတော့ သေသေချာချာ ဂရုစိုက်ပါ့မယ်။
တစ်ပတ်ကို ၇၅ ဒေါ်လာရမယ်ဆိုတာက မနည်းဘူးလေ။ ကိုယ်တို့ လက်ထပ်လို့ရပြီပေါ့’
‘လက်ထပ်လို့က ရပါတယ်။ ကျွန်မလည်း စူပါမားကက်တစ်ခုမှာ
အလုပ်ရတယ်’
ဂျော်နီက ပြတင်းပေါက်မှတစ်ဆင့် မြင်နေရတဲ့ ရှုခင်းတွေကို ငေးကြည့်နေမိတယ်။
တောင်ကုန်းတွေပေါ်မှာ နှင်းတွေက ဟိုတစ်စသည်တစ။
‘ကိုယ်က အလုပ်ကိုလက်ခံခဲ့ပြီ စန္ဒီ။ မင်းသဘောတူလိမ့်မယ် ထင်ပါတယ်’
‘ကျွန်မ သဘောတူပါတယ်ဂျော်နီ။ ရှင်က လူတစ်ယောက်ကိုပစ်သတ်ခဲ့တာ
ပူပူနွေးနွေးရှိနေသေးလို့ပြောနေတာပါ၊ ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ်
ဒါမျိုးနောက်ထပ် ထပ်မဖြစ်ဖို့တော့လိုတယ်လေ’
‘ထပ်မဖြစ်စေရပါဘူးကွာ’
ဂျော်နီက ခုတင်ပေါ်တက်လိုက်ပြီး စန္ဒီ့ကိုပွေ့ဖက်နမ်းလိုက်တယ်။
နှုတ်ခမ်းချင်းလည်း ဂဟေဆက်ကုန်တယ်။
□
ရဲမှူးကြီး ဒိတ်က သူ့ကို
ကန်တစ်ပတ်မှာရှိတဲ့ အိမ်တွေလိုက်ပြပြီး ဘယ်လိုစစ်ဆေးကြည့်ရမယ် ဆိုတာတွေ ညွှန်ကြားပြသပါတယ်။
ညက တော်တော်အေးတယ်။ လက ထိန်ထိန်သာနေလို့သာ ခဲနေတဲ့ ကန်ရေပြင်မျက်နှာကို အတိုင်းသားမြင်နေရပါတယ်။
ဂျော်နီက သူ့ကိုယ်ပိုင်အနွေးထည်ကို ဝတ်ထားပြီး သေနတ်နဲ့ ရင်ဘတ်ကတံဆိပ်ကောင့်သာ သူ့ကို
ရဲဝန်ထမ်းတစ်ယောက်ဆိုတာ သိသာစေပါတယ်။ ကန်ကိုတစ်ပတ်ပတ်ပြီးကြချိန်မှာတော့ ဒီအလုပ်ကို
သူကောင်းကောင်း လုပ်နိုင်မယ်လို့ သဘောပေါက်လာပါတယ်။ ရဲမှူးကြီးအမိန့်နာခံပြီး ပျင်းတောင်ပျင်းစရာ
ကောင်းလိမ့်ဉီးမယ်လို့လည်း တွေးမိပါရဲ့။
‘မင်း ဒီကန်ကြီးကို
ကားနဲ့တစ်ပတ်ပတ်ဖို့က မိနစ်နှစ်ဆယ်လောက်ကြာလိမ့်မယ်။ ကြားမှာ မသင်္ကာတဲ့နေရာတွေ့ရင်တော့
ရပ်ကြည့်ရမှာပေါ့။ မင်းကိုစောင့်ကြည့်နေမယ့် သူက မင်း ဘယ်အချိန် ဒီတဲတွေ အနား ရောက်လာလိမ့်မယ်ဆိုတာ
မခန့်မှန်းနိုင်အောင်တော့ မင်းက ပညာသုံးရမှာပေါ့။ တဲတွေကိုသာ မဟုတ်ဘူး၊ ဒီနားပတ်လည်မှာရှိတဲ့ ဘားတွေကိုလည်း သတိထားရမယ်။ အထူးသဖြင့်တော့ စနေ၊
တနင်္ဂနွေ ညတွေမှာ ဘားတွေက လူများတတ်တယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေ အရက်လာသောက်တာတွေ့ရင်
တားရမယ်။ အရက်မူးလာပြီဆိုရင် သူတို့က တဲတွေထဲ ချိုးဖောက် တင်ရောက်ကြပြီး ပျော်ပါးတတ်ကြတာကိုး’
‘သူတို့က ဆောင်းတွင်းကြီးလည်း
လာတတ်ကြတာပဲလား’
‘အရင်ကတော့ ဒီမြို့က
နွေရာသီမှာသာ စည်ကားတဲ့မြို့ပေါ့ကွာ။ ခုတော့ နွေရယ် ဆောင်းရယ်ကို မရှိတော့သလောက်ပါပဲ။
တဲပိုင်ရှင်တွေကတော့ နွေမှသာ လာကြတာပါ။ သူတို့မလာခင် တို့ရဲတပ်ဖွဲ့ က ထိန်းသိမ်းထားရတာပေါ့’
နှစ်ယောက်သား စကားမပြောကြတော့ဘဲ
ကန်တစ်ပတ်မောင်းခဲ့ကြပါတယ်။ ဂျော်နီ့ခါးမှာ ချိတ်ထားတဲ့ သေနတ်ကလေးတော့ အတော်လေးသား။
နောက်ဆုံးတော့ ဂျော်နီက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
‘ရဲမှူးကြီး… ကျွန်တော်ဝန်ခံစရာတစ်ခုရှိပါတယ်’
‘ဘာများလဲ’
‘ကျွန်တော့်နောက်ကြောင်းရာဇဝင်စုံစမ်းနေတာဆိုတော့
ကျွန်တော်မပြောလည်း သိမှာပါပဲ။ ကျွန်တော်က တာဝန်ထမ်းဆောင်နေရင်း လူတစ်ယောက်ကို သေနတ်နဲ့
ပစ်သတ်ခဲ့မိပါတယ်။ အဲဒီလူက စတိုးဆိုင်တစ်ခုထဲကို ဖေါက်ထွင်းဝင်ရောက်ပြီး ခိုးယူခဲ့တာပါ။
ကျွန်တော်နဲ့တွေ့တော့ သူ့လက်ထဲမှာ သေနတ်ရှိတယ်ထင်ပြီး ကျွန်တော်က ပစ်လိုက်တာပါ။ ဒါကြောင့်လည်း
ရဲတပ်ဖွဲ့က ကျွန်တော် ထွက်လာခဲ့တာပါ။ မထွက်ရင် ဌာနဆိုင်ရာစစ်ဆေးအရေးယူမှုတွေ လုပ်ကြတော့မယ်
မဟုတ်လား’
ရဲမှူးကြီးက ပြောင်နေတဲ့
သူ့ခေါင်းကိုပွတ်နေတယ်။
‘အဲဒီကိစ္စက ငါနဲ့တော့
မဆိုင်ဘူးပေါ့ကွာ။ မင်းဖွင့်ပြောတာ ကျေးဇူးပါ။ ဒီမှာကတော့ သတိထားရမှာက အရက်မူးနေတဲ့
ဆယ်ကျော်သက်ကလေးတွေပဲ။ သူတို့လက်ထဲမှာတော့ သေနတ်မပါပါဘူးကွာ’
‘ဟုတ်ကဲ့… ကျွန်တော်သိပါတယ်’
‘အေး……ကိုယ့်ကို အိမ်ရှေ့မှာချပေးပြီးရင်
မင်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဆက်လုပ်ပေတော့’
နောက်တစ်နာရီအကြာမှာတော့
ဂျော်နီက သူ့အစီအစဉ်နဲ့သူ ကန်ကိုပတ်နေပါတော့တယ်။ မျက်လုံးကိုလျင်လျင်ထားပြီး လူသူကင်းမဲ့နေတဲ့
တဲတွေထဲကို ထိုးဖောက်ဝင်ရောက်ကြမယ့် သူတွေကိုသာ သတိထားကြည့်နေပါတော့တယ်။ တစ်ကြိမ်မှာတော့
အေးခဲနေတဲ့ ကန်ရေပြင်ပေါ်မှာ လှုပ်လှုပ်ရှားရှားတွေ့လိုက်ရလို့ ရပ်ကြည့်လိုက်ရပါသေးတယ်။
လူငယ်လေးယောက် ကန်ရေမျက်နှာပြင်အေးခဲနေတဲ့အပေါ် စကိတ်စီးနေကြတာပါ။
ကန်အစွန်းထောင့်ဘက်မှာ ဆောက်လုပ်ထားတဲ့ တဲတချို့ကို သူစစ်ကြည့်လိုက်သေးတယ်။
ပြီးတော့မှ…
‘ဘလူး ဇီးဘရား’ လို့
အမည်ပေးထားတဲ့ ဘားနံဘေးမှာ ကားထိုးရပ်လိုက်ပါတယ်။ ဒီဘားမှာရပ်ထားတဲ့ကားတွေက တခြားဘားထက်
ပိုများတယ်။ သောကြာနေ့ ညလည်း ဖြစ်နေတာကိုး။ သူဘားထဲဝင်သွားချိန်မှာ ရင်ဘတ်မှာ တပ်ထားတဲ့
ရဲတံဆိပ်မမြင်ရအောင် ကုတ်အင်္ကျီနဲ့ ဖုံးထားလိုက်ပါတယ်။ ဘားမှာက လူတော်တော်များနေတယ်။
ရှိသမျှ စားပွဲဝိုင်းတွေ လူအပြည့်ပါပဲ။ လူများနေပေမဲ့ အသက်မပြည့်သေးတဲ့ လူငယ်ဝိုင်းရယ်လို့
တစ်ခုမျှ သူမတွေ့ပါဘူး။ လူလတ်ပိုင်းတွေသာရှိကြပြီး တချို့အမျိုးသမီး ကြီးတွေလည်း ရှိနေကြတာ
သတိထားမိပါတယ်။
ဂျော်နီက ဘားပိုင်ရှင်နဲ့
ခဏတဖြုတ်စကားပြောပြီး အပြင်ပြန်ထွက်လာခဲ့ပါတယ်။ သူ မသင်္ကာစရာ ဘာမျှမရှိပါဘူး။ ဘားပိုင်ရှင်က
သူ့ကိုဧည့်ခံတဲ့ ဘီယာကိုတောင် သူငြင်းဆန်လိုက်ပြီး အပြင်ပြန် ထွက်လာခဲ့ပါတယ်။
သူကားပေါ်တက်မယ်အလုပ်မှာ
ဘလူး ဇီးဘရားအပေါက်ဝကနေ တစ်စုံတစ်ယောက်က သူ့ကိုလှမ်းခေါ်သံကြားလိုက်ရပါတယ်။
‘ဦးရဲကြီး…’
‘ဘာပြဿနာများရှိလို့လဲ’
သူ့ကိုလှမ်းခေါ်လိုက်သူက
အရပ်မြင့်မြင့်၊ ခပ်ပိန်ပိန်သွယ်သွယ်ပါ။ အသက်အရွယ်အားဖြင့်လည်း သူ့ထက် သိပ်ကြီးပုံမရပါဘူး။
အဲဒီလူက ဘလူး ဇီးဘရားရဲ့ လှေကားထစ်တွေကိုနင်းပြီး ဆင်းလာပါ တယ်။ သူ့အနားရောက်လာတဲ့အထိ
စကားတစ်ခွန်းမျှ ထပ်မပြောသေးပါဘူး။
‘ကျွန်တော်က မြင်ဖူးတယ်ရှိအောင်
လှမ်းခေါ်လိုက်တာပါ။ အဲဒီအလုပ်ကနေ ပြီးခဲ့တဲ့အပတ်ကမှ ကျွန်တော်ထွက်ခဲ့တာပါ’
‘ဪ…’
ဂျော်နီက ဪတစ်လုံးသာ
ပြောမိတယ်။ နောက်ထပ်လည်း ဘာမျှပြောစရာမှမရှိတာ။
‘ရဲမှူးကြီးက ကျွန်တော့်အကြောင်း
မပြောဘူးလား’
‘မပြောပါဘူး’
‘ပြောသင့်တာပေါ့။ စကားစပ်မိတဲ့အခါ
မေးကြည့်လိုက်ပါ။ ခင်ဗျား ဘာဖြစ်လို့ မီလ်ဝုဒ်မဲန် ဆိုတဲ့ သူကို အလုပ်ထုတ်လိုက်တာလဲလို့’
အဲဒီလူက ရယ်ရယ်မောမောနဲ့
ဘားဘက်ကို ပြန်လှည့်ထွက်သွားပါတယ်။
ဂျော်နီက ပခုံးတစ်ချက်တွန့်လိုက်ပြီး
ကားထဲဝင်လိုက်ပါတယ်။ မီလ်ဝုဒ်မဲန် ဆိုသူက သူအလုပ် ပြုတ်သွားတာကိုများ မခံချိမခံသာဖြစ်နေလေသလား။
သူ ဆက်တွေးမနေတော့ပါဘူး။ သူ့အတွေးတွေက စန္ဒီ့ဆီရောက်သွားတယ်။ တည်းခိုခန်းမှာ မျှော်နေရှာရော့မယ်။
□
တည်းခိုခန်းကိုရောက်သွားချိန်
စန္ဒီက သူ့အခန်းမှာ အိပ်ပျော်နေပြီ။ သူအသံမကြားအောင် တိတ်တိတ်ကလေး အခန်းထဲဝင်လိုက်ပြီး
ခုတင်အစွန်းမှာ ထိုင်လိုက်ပါတယ်။ စန္ဒီနိုးလာတဲ့အချိန်မှာ အပြာရောင် သူ့မျက်လုံးလေးတွေပွင့်လာပြီး…
‘အဆင်ပြေရဲ့လားဂျော်နီ’
လို့မေးလာပါတယ်။
‘အဆင်ပြေပါတယ်။ ကိုယ်
ဒီအလုပ်ကို သဘောကျလိမ့်မယ်ထင်ပါတယ်။ အိပ်ရာက ထတော့။ နေထွက်လာတာကို အတူတူကြည့်ရအောင်’
‘ကျွန်မလည်း စူပါမားကက်မှာ
အလုပ်ဝင်ရမှာလေ’
‘ခက်တာပဲကွာ၊ ဒီပုံနဲ့ဆို
တို့နှစ်ယောက် ဘယ်တော့မှ အတူနေရမှာလဲ’
‘ကျွန်မတို့ ပိုက်ဆံလိုတယ်လေ
ဂျော်နီရယ်။ တည်းခိုခန်းက နှစ်ခန်းစာ ပေးရဦးမယ်မဟုတ်လား။ ကြာရှည်တော့ နှစ်ခန်းမငှားနိုင်တော့ဘူး
ထင်တယ်နော်’
‘ဒါတွေ နောက်မှပြောကြရအောင်ပါကွာ’
အခုမှပင် စန္ဒီနဲ့ ချစ်တင်းမနှောနိုင်ခဲ့သည်မှာ
ကြာပြီဖြစ်သည်ကို သတိရမိလိုက်လို့ စိတ်မကောင်းဖြစ်မိတယ်။ စန္ဒီရယ်နေခြင်းက သူ့ဘဝအမောတွေ
ပြေစေသည်သာ။
ညက အရင်ညတွေလိုပဲ ချောချောမွေ့မွေ့ကုန်ဆုံးသွားခဲ့ပါတယ်။
ကန်ပတ်လည်နေရာ တွေကို လှည့်ပတ်ကြည့်ပြီး ဘားတွေကိုလည်း သူဝင်ကြည့်ဖြစ်ခဲ့ပါတယ်။ မီလ်ဝုဒ်မဲန်
ဆိုသူနဲ့ သူ နောက်တစ်ကြိမ် တွေ့ပြန်ပါတယ်။ ဘဘူး ဇီးဘရားဘားမှာ စီးကရက်သောက်ရင်း မီးခိုးငွေ့
တွေကြားကနေ သူ့ကိုစိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်ဆုံကြရာမှာတော့
စကားလာမပြောပါဘူး။ နောက်တစ်နေ့ ဂျော်နီက ရဲမှူကြီး ဒိတ်နဲ့တွေ့တော့ သူ့အကြောင်းမေးဖို့
သတိရတယ်။
‘သောကြာနေ့ ညက ကျွန်တော်
မီလ်ဝုဒ်မဲန် ဆိုတဲ့ လူတစ်ယောက်နဲ့တွေ့တယ်’
လို့ သူက စကားစလိုက်တယ်။
ရဲမှူးကြီးက မျက်ခုံးနှစ်ဖက်တွန့်သွားတယ်။
‘ဒီကောင် မင်းကို ဒုက္ခပေးသလား’
‘မပေးပါဘူးခင်ဗျ၊ သူက
ရဲမှူးကြီး သူ့ကို ဘာကြောင့် အလုပ်ထုတ်လိုက်တယ်ဆိုတာ မေးကြည့်ပါပြောလို့’
‘ဒီတော့ အခု မင်းက ငါ့ကိုမေးနေတာလား’
‘မဟုတ်ပါဘူး။ ဒီအကြောင်းက
ကျွန်တော်နဲ့ပတ်သက်စရာအကြောင်း မရှိပါဘူး’
ဒိတ်က ခေါင်းညိတ်လိုက်တယ်။
‘မင်းနဲ့မပတ်သက်ပါဘူး။
ဒါပေမဲ့ ဒီကောင် မင်းကို တစ်ခုခုနှောင့်ယှက်တယ်ဆိုရင်တော့ ငါ့ကိုပြော’
‘သူက ကျွန်တော့်ကို ဒုက္ခပေးစရာ ဘာအကြောင်းမျှ
မရှိဘူးထင်ပါတယ်’
‘မရှိပါဘူး။ မင်းသာ
သူနဲ့ကင်းအောင်နေ’
□
နောက်တစ်နေ့က တနင်္လာနေ့ဆိုတော့
ဂျော်နီ အလုပ်နားရက်။ ဒါကြောင့် စန္ဒီ့ကိုခေါ်ပြီး တည်းခိုခန်းနဲ့ မလှမ်းမကမ်းက ကွင်းပြင်ထဲမှာကြည့်ရတဲ့
ရုပ်ရှင်သွားကြည့်မယ်လို့ ဂျော်နီက စိတ်ကူးတယ်။ အဲဒီကွင်းပြင်က အေးပေမဲ့ ကားတစ်စီးတိုင်းအတွက်
အနွေးဓာတ်ပေးတဲ့ ကိရိယာလေးတွေ ပေးပါတယ်။
အင်္ဂါနေ့ ညသန်းခေါင်ကျော်ချိန်မှာတော့
ဂျော်နီက ဘလူး ဇီးဘရားဘားဘေးမှာ ကားထိုးလိုက်ပြီး ဘားထဲဝင်လာခဲ့ပါတယ်။ သီချင်းဖွင့်ထားသံကြားရပေမဲ့
ဘားထဲမှာ ဧည့်သည်တွေ မရှိကြပါဘူး။ ဘားပိုင်ရှင်က သူ့ကို အရက်တစ်ခွက်နဲ့ ဧည့်ခံတာကြောင့်
ဒီတစ်ကြိမ်တော့ ဂျော်နီက သောက်လိုက်ပါတယ်။
‘ဟဲလို… ရဲကြီး’
သူ့ပခုံးပေါ်ကျော်ပြီး
တစ်စုံတစ်ယောက်က ခေါ်လိုက်တဲ့အသံ ထွက်ပေါ်လာပါတယ်။ နောက်လှည့်မကြည့်ပေမဲ့ ဒါ မီလ်ဝုဒ်မဲန်ဖြစ်တယ်ဆိုတာ
ဂျော်နီ သိလိုက်ပါတယ်။
‘ကျွန်တော့်နာမည် ဂျော်နီ
ကဲန်ဒဲလ်ပါ’
ဂျော်နီက မိတ်မပျက်စေဖို့
ရယ်ရယ်မောမောပဲ ပြောလိုက်ပါတယ်။
‘နာမည်က ကောင်းသားပဲ။
ကျွန်တော့်နာမည်တော့ သိပြီးသားပါနော်’
သူက လက်ဖျစ်တစ်ချက်
တီးလိုက်သေးတယ်။
‘ရထားတဲ့ မိန်းမကလည်း
မိန်းမချောကိုး’
မနေ့ညက ခင်ဗျားတို့လင်မယား
ရုပ်ရှင်လာကြည့်ကြတာ တွေ့လိုက်လို့ပါ’
‘ဪ… ဟုတ်လား’ ဂျော်နီက
မသိမသာ နေရာနည်းနည်းရွှေ့လိုက်တယ်။
ဝုဒ်မဲန်ကတော့ ပြုံးပြီး
ကြည့်နေဆဲ။
‘ရဲမှူးကြီးက ကျွန်တော့်ကို
အလုပ်ဘာကြောင့်ထုတ်လိုက်တယ်ဆိုတာ ပြောမပြဘူးလား’
‘ကျွန်တော် မေးမကြည့်ပါဘူး’
ဝုဒ်မဲန်က ဒီတစ်ခါတော့
ဟက်ဟက်ပက်ပက် ရယ်ပါတယ်။
‘လူတော်ပဲဗျ။ ကိုယ့်အလုပ်
ကိုယ်လုပ်တာပဲကောင်းပါတယ်နော့။ တစ်ပတ်ကို ၇၅ ဒေါ်လာ ဆိုတာ မနည်းပါဘူး’
သူက ပြန်မယ့်ပုံစံနဲ့
တံခါးပေါက်ဘက် လှည့်သွားတယ်။
‘နောက်လည်းတွေ့ကြတာပေါ့’
ဂျော်နီက သောက်လက်စအရက်ကို
လက်စသတ်လိုက်ပြီး ကလပ်အပြင် ထွက်လာလိုက်ပါတယ်။ လေထဲမှ နှင်းပွင့်လေးတွေ ကျစပြုနေပြီ။
ဒီညက လမသာပါဘူး။ ရှေ့မှာ သွားနေတဲ့ ဝုဒ်မဲန်ရဲ့ ကား နောက်မီးကို မြင်နေရာကနေ ပျောက်သွားပါတယ်။
ဂျော်နီက သူ့ကားအရှိန်ကိုမြှင့်လိုက်ပြီး ဝုဒ်မဲန်ရဲ့ကားကို ရှာဖို့ကြိုးစားကြည့်ပါတယ်။
ဒါပေမဲ့ ရှာမတွေ့တော့ပါဘူး။ လမ်းချိုးတစ်ခုမှာ ပျောက်သွားပါပြီ။
နောက်ထပ်ရက်သတ္တပတ်တစ်ခုလုံးက
အဆင်ပြေ ငြိမ်သက်နေပါတယ်။ ဒါပေမဲ့ သောကြာနေ့ညမှာ တော့ ပြဿနာက ပေါ်လာတော့တယ်။ ညအလုပ်လုပ်ရတဲ့
ဂျော်နီအတွက် နေ့ဘက်မှာ အိပ်ရတာ အဆင်မပြေလှပါဘူး။ မွန်းလွဲပိုင်းလောက်မှာ လေးငါးနာရီလောက်သာ
အိပ်လို့ရတတ်ပါတယ်။ ဒီနေ့တော့ သူက စန္ဒီကို သူ့လုပ်ငန်းခွင်မှာ သွားတွေ့မယ်လို့ စဉ်စားထားပါတယ်။
နေ့လယ်စာ အတူသွားစားကြမယ်ပေါ့။ စန္ဒီရှိနေတဲ့ စူပါမားကက်ကို သွားလိုက်တဲ့အခါ ကောင်တာမှာ
စန္ဒီက လူတစ်ယောက်နဲ့ စကားလက်ဆုံကျနေတာမြင်လိုက်ရတယ်။ သူ စကားလက်ဆုံကျနေတဲ့သူက ဝုဒ်မဲန်ဖြစ်နေတယ်။
သူတို့နှစ်ယောက် ရယ်ရယ်မောမော စကားလက်ဆုံကျနေလိုက်ကြတာ မိတ်ဟောင်းဆွေဟောင်းတွေကျနေတာပဲ။
ဂျော်နီက သူတို့အနားမသွားဘဲ
စူပါမားကက်ထဲက တခြားကောင်တာတွေ လိုက်ကြည့်နေလိုက်တယ်၊ စန္ဒီရှိတဲ့နေရာ သူရောက်လာချိန်မှာတော့
ဝုဒ်မဲန်က မရှိတော့ပါဘူး။ စန္ဒီကလည်းနေ့လယ်စာစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။
‘မင်းနဲ့ စကားပြောနေတဲ့သူက
မိတ်ဆွေလား စန္ဒီ’
‘ဘယ်သူ့ကိုပြောတာလဲ’
‘ခုနက ကိုယ်ဒီနားကိုရောက်သေးတယ်။
မင်း လူတစ်ယောက်နဲ့စကားပြောနေလို့’
‘ဪ…မသိပါဘူး။ ဈေးဝယ်တစ်ယောက်ပါပဲ။
သူက မကြာမကြာ ဈေးလာဝယ်တတ်တယ်’
ဂျော်နီက နောက်ထပ် ဘာမျှမမေးတော့ပါဘူး။
ဒါပေမဲ့ ရက်သတ္တတစ်ပတ်လုံးတော့ သူ့ရင်ထဲမှာ တအုံနွေးနွေးဖြစ်နေမိတယ်။ အရင်က လက်ထပ်ကြစို့လို့
မကြာခဏပြောတတ်တဲ့ စန္ဒီက အခုတော့ လက်ထပ်ဖို့ကိစ္စ မပြောတာလည်း ထူးခြားနေတယ်။
▀
ဝင်းငြိမ်း (စာရေးဆရာ
Edward D. Hoch ၏ Winter Run ကိုပြန်ဆိုပါသည်။)
ဆက်လက်ဖော်ပြပါမည်။
ကားနောက်ဖုံးထဲမှာပါလာတဲ့ ကိုရာ့အလောင်းကတော့ တောင့်နေရော့မယ်။ အလောင်းနဲ့ ကျွန်တော်တို့က သိပ်ဝေးတာမဟုတ်လို့ ကျောချမ်းမိပါရဲ့။
ကျွန်တော် ပထမဆုံး သတိဝင်လာချိန်မှာတော့ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် ဘာတွေလုပ်ရ မလဲဆိုတာ စဉ်းစားခြင်းပါပဲ။ ဒီအမျိုးသမီးအလောင်းကို ကားထဲက ဆွဲထုတ်ဖို့ လိုပါတယ်။ ပြီးတော့ ဒီနေရာကို ကျွန်တော် လုံးဝမရောက်ဖ...
အတွဲတစ်တွဲက ကားကိုလမ်းဘေးအကွယ်မှာ ထိုးရပ်တာတွေ့လို့ ကြည့် လိုက်တဲ့အချိန်မှာ မမျှော်လင့်ဘဲ ဝုဒ်မဲန်ရဲ့ကား ခြုံအကွယ်မှာရှိနေတာ တွေ့လိုက်ရပါတယ်။ တည်းခိုခန်းမှာလည်း စန္ဒီမရှိဘူး။