ဝင်းငြိမ်း
တနင်္လာနေရောက်လာခဲ့ပြန်ပါပြီ။
ဂျော်နီ အားလပ်ရက်ဖြစ်လာပြန်ပြီ။ ရဲမှူးကြီး ဒိတ်က သူတို့ နှစ်ယောက်ကို သူ့အိမ်မှာ
ညစာလာစားကြဖို့ ဖိတ်ပါတယ်။ မိတ်ဖြစ်ဆွေဖြစ် ဖိတ်တာဆိုတော့ စန္ဒီက ချက်ချင်းပဲ လက်ခံပါတယ်။
ရဲမှူးကြီးကတော်က တော်တော်ချောပါတယ်။ ရွှေဝါရောင်ဆံပင်နဲ့၊ အသက်ကလည်း သုံးဆယ်တွင်းလောက်သာ
ရှိပါသေးတယ်။ ဧည့်ဝတ်ကျေကျေ ဧည့်ခံတဲ့အပြင် သူ့ကိုကြည့်ရတာ ဝက်ဂွန်းလိတ်ခ်မှာ နေနေရတာကို
အတော်ကျေနပ်နေပုံပါပဲ။
ညစာစားပြီးကြတော့ ဂျော်နီက
ရဲမှူးကြီးရဲ့အိမ်၊ မြေအောက်ခန်းကိုလိုက်သွားပြီး ရဲမှူးကြီး ရဲ့လက်မှုပစ္စည်းတွေလိုက်ကြည့်ရင်း
ကျေနပ်နေမိတယ်။ သူက လျှပ်စစ်နဲ့ သုံးရတဲ့ လွှကိုကိုင်ပြီး တသသဖြစ်နေတာမြင်ရတော့ ရဲမှူးကြီးက…
‘ပစ္စည်းတွေက ဝယ်သာထားတာပါကွာ၊
စိတ်ရှိလက်ရှိသုံးဖို့ အချိန်မရပါဘူး’
လို့ ဆိုတယ်။
‘ဟုတ်တာပေါ့… ရဲမှူးကြီးက
အလုပ်များတာကိုး’
ရဲမှူးကြီးက ခေါင်းညိတ်တယ်။
‘ငါကတော့ မင်းလိုကင်းလှည့်နေရတာကိုတောင်
ပိုသဘောကျပါသေးတယ်ကွာ’
‘ကျေးဇူးပါပဲ ရဲမှူးကြီး’
ဂျော်နီက
စီးကရက်တစ်လိပ်ကို မီးညှိကာ ခုံတန်းလျားတစ်ခုကို မှီထိုင်လိုက်တယ်။
‘ရဲမှူးကြီးကို ကျွန်တော်
တစ်ခုလောက်မေးကြည့်ချင်လို့ပါ’
‘ဘာများလဲ’
‘မိလ်ဝုဒ်မဲန်ကို ဘာကြောင့်များ
အလုပ်ထုတ်ပစ်လိုက်တာလဲလို့ပါ’
‘သူက မင်းကိုဒုက္ခပေးနေသလား’
‘မဟုတ်… မဟုတ်ပါဘူးခင်ဗျ။
ကျွန်တော် သက်သက်စပ်စုကြည့်တာပါ’
‘မပြောပြနိုင်စရာအကြောင်း
ဘာမှမရှိပါဘူးကွာ။ သူက ဘလူးဇီးဘရားဘားနဲ့ တည့်တည့်မှာရှိတဲ့ အစွန်ဆုံးကတဲကို အသုံးချတယ်ကွ။
သူ့ကားကို အနားကခြုံတွေကြား ဝှက်ထားပြီး အဲဒီတဲထဲမှာ မိန်းကလေးတွေနဲ့ ပျော်ပါးတတ်တယ်။
ညဝက်လောက်အထိ သူက အဲဒီတဲထဲမှာ နေတတ်တယ်။ ကိုယ်က ဒါမျိုးကို လက်မခံနိုင်ဘူးလေ။ ကိုယ်တို့တာဝန်က
ဒီတဲတွေကို စောင့်ရှောက်ပေးရမှာ။ အသုံးချဖို့မဟုတ်ဘူး။ ခုတော့ သူ့ကိုယ်ကျိုးအတွက် သူက
သုံးနေတယ်’
‘သူက မိန်းမတွေနဲ့ တော်တော်ကျွမ်းဝင်ပုံရတယ်’
ရဲမှူးကြီးက မျက်နှာမကြည်မလင်နဲ့
ခေါင်းညိတ်တယ်။
‘ဒီကောင်က မိန်းမကျမ်းကျေတယ်ကွ။
ငါ ဒီကောင့်ကို လက်ခံခဲ့မိတာမှားတာပဲ’
သူတို့နှစ်ယောက် အပေါ်ထပ်ပြန်တက်လာကြပြီး
အမျိုးသမီးနှစ်ယောက်နဲ့ စကားဝိုင်းဆက်ကြပြန်ပါတယ်။ ဝုဒ်မဲန်နဲ့ပတ်သက်လို့ကတော့ နောက်ထပ်
ဘာမျှ မပြောဖြစ်ကြ တော့ပါဘူး။ ဒါပေမဲ့ နောက်တစ်နေ့ည ဂျော်နီကင်းလှည့်ချိန်မှာ သူ့ကို
နောက် တစ်ကြိမ် ဘလူး ဇီးဘရားမှာ တွေ့ပြန်ပါရော။ ဂျော်နီက လမ်းပေါ်ကနေ ဝုဒ်မဲန်ထွက်လာမယ့်အချိန်အထိ
စောင့်နေလိုက်ပါတယ်။ ပြီးတော့ သူ့ကားနောက်ကနေ ခြေရာခံလိုက်သွားလိုက်တာ တစ်ဆစ်ချိုး
အကွေ့တစ်ခုရောက်တဲ့အခါမှာတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်ကလိုပဲ ပျောက်သွားပါလေရော။ သူ့ကားက
အစွန်အဖျားမှာရှိတဲ့တဲတွေကြားမှာ ပျောက်သွားတာအမှန်ပဲ။ ဒီနေရာက ဝက်ဂွန်းလိတ်ခ်ကိုလာပြီး
အပန်းဖြေကြတဲ့သူတွေထဲက တော်တော်ချမ်းသာတဲ့ လူတွေ တည်းခိုနားနေကြတဲ့အိမ်တွေရှိတာပါ။
သူစီးကရက်တစ်လိပ်ထုတ်သောက်ပြီး
ဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားပါတော့တယ်။ သူ့တာဝန်က မဆိုင်သူတွေ ဒီတဲအိမ်တွေကို အလွဲသုံးစားမလုပ်ကြဖို့
စောင့်ရှောက်ရမှာလေ။ ဒါပေမဲ့ ခုချိန်ထိ သူ့မှာစိန်ခေါ်မှုတွေကို တာဝန်မကျေနိုင်သေးဘူး။
ဝုဒ်မဲန် ဆိုတဲ့သူက စည်းကမ်းကို သိသိကြီးနဲ့ ဖောက်ဖျက်နေတာပဲ။ ငါ သေနတ်ကို နောက်တစ်ကြိမ်သုံးရဦးမှာလားလို့
တွေးမိလိုက်တယ်။
ဒီညတော့ သူ ဝုဒ်မဲန်နဲ့
ပတ်သက်လို့ ဘာမျှမလုပ်နိုင်ပါဘူး။
□
နောက်တစ်နေ့ကျတော့ ရဲမှူးကြီးက ကန်ပတ်လည်မှာရှိတဲ့ တဲအိမ်တွေစာရင်းကို
ပိုင်ရှင်အမည်၊ တယ်လီဖုန်းနံပါတ်တွေနဲ့တကွ ပြုစုထားတဲ့စာရင်းတစ်ခု သူ့ကိုပေးလာပါတယ်။
‘ဒီစာရင်းထဲမှာက အိမ်ပိုင်ရှည်နာမည်တွေရော တယ်လီဖုန်းနံပါတ်တွေပါ ပါတယ်။
ဘားတွေရဲ့ နံပါတ်တွေလည်း ပါတယ်။ ဒီစာရင်းကို သွားလေရာသယ်မသွားချင်ရင်လည်း မင်းကောင်မလေးဆီ
ထားခဲ့ပေါ့’
ဒိတ်က စကားပြောရင် စန္ဒီကို မင်းကောင်မလေး၊ မင်းဇနီးလို့ အမြဲထည့်ပြောတတ်ပါတယ်။
တစ်ခါတလေတော့…
‘မင်းတို့က အခုထိ တည်းခိုခန်းမှာပဲနေ နေကြတုန်းလား’လို့လည်း မေးတတ်ပါတယ်။
‘ကျွန်တော်တို့ ငွေစုနေကြတုန်းမို့ပါ’လို့ ဂျော်နီက ယောင်ဝါးဝါးဖြေတတ်ပါတယ်။
□
နောက်တစ်နေ့ ည ဂျော်နီဂျူတီဝင်ဖို့ ပြင်ဆင်နေချိန်မှာတော့ စန္ဒီက မျက်နှာမကြည်သာပါဘူး။
‘ဘာဖြစ်နေတာလဲ စန္ဒီ’
ဂျော်နီက မနေသာတော့ဘဲ မေးလိုက်ရတယ်။
‘ပင်ပန်းလို့ပါ။ လူတွေက စနေတနင်္ဂနွေမှာ ဈေးဝယ်ရတာ ကျပ်ကြတော့ ကြာသပတေး၊
သောကြာကတည်းက ဝယ်ကြတာလေ’
‘ဟိုလူ လာသေးလား။ ဟိုတစ်ခါ ကိုယ်မေးတဲ့ မင်းနဲ့စကားပြောနေတဲ့သူလေ’
‘ဪ…ကျွန်မပြောပြီးပြီပဲ။ သူက ခဏခဏ ဈေးလာဝယ်တဲ့သူပဲ။ ဘာဖြစ်လို့လဲ’
‘စန္ဒီ……’
ဂျော်နီက သူ့ချစ်သူကိုနမ်းမယ်လို့ ကြံရွယ်လိုက်ပေမဲ့ စန္ဒီက လှည့်ထွက်သွားပါတယ်။
‘ဂျော်နီ… ရှင်က တော်တော်ပြောင်းလဲနေတယ်။ ရှင် ဟိုလူကို ပစ်သတ်ခဲ့ပြီးကတည်းက
ရှင် ကျွန်မအပေါ်မှာ အေးတိအေးစက်ဖြစ်လာခဲ့တယ်။ ကျွန်မစိတ်ထင်ပြောရရင်တော့ ရှင် အဲဒီလို
ပစ်သတ်ခဲ့မိတဲ့အတွက် နောင်တရနေတာများလားလို့။ ဒါပေမဲ့ ရှင်က အခုတစ်ခါ သေနတ်ကိုင်ပြန်ပြီ’
‘ကိုယ်က ဒီနေ့ထက်ထိ ထုတ်တောင် မကြည့်မိသေးပါဘူး’
‘တကယ်…’
‘အေးပေါ့။ မင်းကိုယ့်အပေါ် တစ်မျိုးမြင်နေတာ စိတ်မကောင်းပါဘူး။ မနက်မှ
တွေ့တော့မယ်နော်’
ဂျော်နီက ပြောပြောဆိုဆို ထွက်လာလိုက်တယ်။
တင်ပါးပေါ်က သေနတ်က အလေးချိန် ခပ်စီးစီး။
□
ညက အေးစိမ့်နေတယ်။ လေထဲမှာ နှင်းကျစပြုနေပြီ။
ကားကို သာမန်မောင်းနေကျထက် ပိုပြီး မြန်မြန်မောင်းနေမိတယ်။ ဒါကြောင့် ကန်တစ်ပတ်ကို
ဆယ့်ငါးမိနစ်သာ မောင်းလိုက်ရပါတယ်။ လမ်းတစ်လျှောက်မှာ လူတွေ စည်ကားနေတဲ့နေရာတွေကိုလည်း
သိပ်သတိမထားမိလိုက်ဘူး။ စန္ဒီနဲ့ စကားပြောရတာ အဆင်မပြေတာက စိတ်ထဲမှာ ခိုးလိုးခုလုဖြစ်နေတယ်။
ကန်ကို ဒုတိယအကြိမ်ပတ်တဲ့အခါမှာတော့ ဝုဒ်မဲန် ကားများ တွေ့လေမလားလို့ သတိထားကြည့်မိတယ်။
ဒါပေမဲ့ ဘယ်နေရာမှ မတွေ့ပါဘူး။ ဒီလူက ကားကို တစ်နေရာရာမှာများ ဝှက်ထားလေသလား။
စိတ်ထဲမှာ စန္ဒီ့ကို ပိုသတိရနေမိတယ်။
သန်းခေါင်ယံအချိန်လောက်မှာတော့ လက တိမ်တွေကြားက ထွက်လာပြီး ကန်ပေါ်ကိုလရောင်
ဖြာကျလာပါတယ်။ ဂျော်နီ မြို့ထဲကို တစ်ပတ်မောင်းလိုက်ပြီး စစ်ဆေးနေကျနေရာတွေကို လှည့်ကြည့်လိုက်ပါတယ်။
အချိန်က တော်တော်ကလေးလင့်လာပြီမို့ တည်းခိုခန်းဘက် မောင်းလာလိုက်ပါတယ်။ စန္ဒီ့အခန်းမှာ
စန္ဒီရှိမနေပါဘူး။ အိပ်ရာကြည့်လိုက်တော့လည်း စန့်စန့်ရန့်ရန့်။
ကန်ဘက်ကို ပြန်မောင်းလာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဝုဒ်မဲန်အသုံးပြုနေကျတဲမှာ
မီးရောင်ရှိလေမလား ကြည့်မိတယ်။ ဒါပေမဲ့ ဘယ်နေရာမှ မီးရောင်မရှိပါဘူး။ ပကတိမည်းမှောင်
တိတ်ဆတ်နေတာပါပဲ။ ဘလူးဇီးဘရားကို ဝင်ကြည့်လိုက်ပြန်တော့လည်း သူနဲ့မျက်မှန်းတန်းမိတဲ့သူ
တစ်ယောက်မျှ မတွေ့မိဘူး။ မန်နေဂျာတည်ခင်းတဲ့ အရက်တစ်ခွက်သောက်လိုက်ပြီး မတ်တတ်ရပ်နေရင်းကပဲ
ဧည့်သည်တွေကိုကြည့်နေမိတယ်။ ကောလိပ်ကျောင်းသားအရွယ် လူငယ်တစ်ယောက်က သူ့ချစ်သူမိန်းကလေးအတွက်
အရက်တစ်ခွက်ဝယ်တိုက်သွားတာ မြင်လိုက်ရတော့ သူ့စိတ်ထဲမှာ မခံချိမခံသာဖြစ်လာတယ်။ အသက်မပြည့်သေးတဲ့
အရွယ်တွေမို့ ဂျော်နီ
သူတို့နောက်က လိုက်ခဲ့တယ်။ ဒါမျိုး သူ တစ်ခါမျှ မလုပ်ဖူးပါဘူး။
နောက်သိပ်မကြာပါဘူး၊ အတွဲတစ်တွဲက ကားကိုလမ်းဘေးအကွယ်မှာ ထိုးရပ်တာတွေ့လို့
ကြည့် လိုက်တဲ့အချိန်မှာ မမျှော်လင့်ဘဲ ဝုဒ်မဲန်ရဲ့ကား ခြုံအကွယ်မှာရှိနေတာ တွေ့လိုက်ရပါတယ်။
တည်းခိုခန်းမှာလည်း စန္ဒီမရှိဘူးဆိုတော့ ဝုဒ်မဲန်နဲ့အတူရှိနေတာက စန္ဒီပဲဖြစ်လိမ့်မယ်လို့
တွက်လိုက်မိတယ်။
□
‘ညက မင်းဘယ်သွားနေတာလဲ’
မနက်မိုးလင်းချိန်မှာ ဂျော်နီက စန္ဒီ့ကိုမေးကြည့်လိုက်ပါတယ်။
သူက သူ့အသံကို သာမန်အနေအထားဖြစ်အောင် ကြိုးစားထားလိုက်တယ်။
‘ကျွန်မ သန်းခေါင်ယံပြတဲ့ ရုပ်ရှင်သွားကြည့်တာ’
‘မင်းနှယ်ကွာ’
စန္ဒီက စီးကရက်တစ်လိပ် မီးညှိလိုက်ပြီး သူ့ကိုကျောပေးသွားတယ်။
‘ကျွန်မ ညစဉ်ညတိုင်း ဒီနေရာမှာ တစ်ယောက်တည်း နေနေရတာ ငြီးငွေ့လာပြီလေ။
ရှင်နားလည်နိုင်မယ် မထင်ပါဘူး’
‘ငါနားလည်ပါတယ်’
သူတို့နှစ်ယောက် စကားက ဒီလောက်နဲ့ အဆုံးသတ်သွားကြတယ်။
အဲဒီညနေ နေဝင်တာစောသလိုရှိပြီး အမှောင်ထုက စောစောစီးစီး ကြီးစိုးလာပါတယ်။
ဂျော်နီက အခန်းကနေ စောစောစီးစီးထွက်လာခဲ့ပြီး ဘလူးဇီးဘရားနားက တဲကလေးတွေနားဆီမှာ နေရာ
ယူထားလိုက်ပါတယ်။ ကားကိုလမ်းဘေးချပြီး ဝုဒ်မဲန် သူ့ကားဝှက်ထားတတ်တဲ့ နေရာအနားမှာ ဂျော်နီက
နေရာယူလိုက်ပါတယ်။ ဒီနားပတ်ဝန်းကျင်မှာတော့ မသင်္ကာစရာ ထူးထူးခြားခြား ဘာမျှမရှိပါဘူး။
ဒါကြောင့် ဂျော်နီက လမ်းတစ်ဖက်က တဲကလေးတွေဆီ အာရုံစိုက်လိုက်ပါတယ်။ ကန်ကိုမျက်နှာပြုထားတဲ့
တဲကလေးတစ်လုံးမှာ ပြတင်းပေါက်ပွင့်နေတာမြင်ရလို့ ဂျော်နီ ကျော်ဝင်လိုက်ပါတယ်။
တဲကလေးက တကယ့်ကို သားသားနားနား အစိုးရဧည့်ဂေဟာတစ်ခုလား ထင်ရလောက်အောင်
ပြင်ဆင်ထားပါတယ်။ အိမ်ထောင်ပရိဘောဂတွေကို ဖုန်မတက်ရအောင် အဝတ်စ အဖြူကြီးတွေနဲ့ အုပ်ထားတယ်။
ဒါလောက်သားနားတဲ့ နွေရာသီအပန်းဖြေအိမ်ကို ဂျော်နီမတွေ့ဖူးပါဘူး။ ဒါပေမဲ့ သူဒီအထဲဝင်လာတာ
ပရိဘောဂတွေကြည့်ဖို့မှ မဟုတ်တာ။ အပေါ်ထပ် အိပ်ခန်းကို ဝင်လိုက်တဲ့ အခါမှာတော့ သူလိုချင်တာကို
တွေ့တော့တာပါပဲ။ စီစီရီရီ တင်ထားတဲ့ ဘီယာပုလင်းတွေထဲက တချို့ ဖရိုဖရဲဖြစ်နေတယ်။ ဒါပေမဲ့
အိပ်ရာပေါ်က ခင်းထားတာတွေကတော့ အနေအထားမပျက်။
ဆေးလိပ်ပြာခွက်ထဲကြည့်လိုက်တဲ့အခါတွေ့ရတဲ့ စီးကရက်တိုက စန္ဒီသောက်နေကျ စီးကရက်တံဆိပ်။ သဲလွန်စတစ်ခုတော့ရပြီပေါ့။
ကြမ်းပြင်ပေါ်မှာ လုံးထွေးချေမွထားတဲ့ စက္ကူကို တွေ့ရတယ်။ ဒါကလည်း စန္ဒီ သူ့နှုတ်ခမ်းနီကို
သုတ်ချင်တဲ့အခါ သုံးတတ်တဲ့ စက္ကူနဲ့ တစ်ထပ် တည်း။ စိတ်ထဲမှာ မဟုတ်ပါစေနဲ့ ဆုတောင်းနေမိပေမဲ့
သဲလွန်စတွေက တွေ့နေရပြီ။ စက္ကူကို ဖြည်းဖြည်းချင်း ဖြန့်ကြည့်လိုက်တဲ့အခါမှာတော့ ရဲမှူးကြီးဒိတ်
သူ့ကိုပေးခဲ့တဲ့ စာရင်းစာရွက် ဖြစ်နေတယ်။ ဒီစာရွက် စန္ဒီ့ကို ပေးလိုက်စဉ်က သူ့ပိုက်ဆံအိတ်ထဲ
ထည့်လိုက်တာပဲ။
ကောင်းပြီလေ။ ခုတော့ ကိုယ်သိပါပြီ။
အားလုံးကိုခြေရာလက်ရာ မပျက်ပြန်ထားခဲ့ပြီး ပြတင်းပေါက်ကနေ ပြန်ထွက်လာလိုက်ပါတယ်။
ဝုဒ်မဲန်က ဒီနေရာကိုသုံးနေကျမို့ ဒီသဲလွန်စတွေ ကျန်ရစ်တာ ဖြစ်မယ်။ ဒီလူပြန်လာလိမ့်ဦးမယ်
ထင်တယ်။ ဒီသဲလွန်စတွေ မရှင်းသေးဘဲနဲ့တော့ နောက်ထပ်မိန်းမတစ်ယောက်ကို ခေါ်လာရဲမယ် မထင်ဘူး။
စန္ဒီနဲ့ပဲ ပြန်လာလိမ့်ဦးမယ်ထင်တယ်။
ဂျော်နီက ဘလူးဇီးဘရားကို ပြန်မောင်းလာလိုက်ပြီး အရက်နှစ်ခွက် မော့ချလိုက်တယ်။
ပြီးတော့မှ သူ့တာဝန်ကို စပြီးထမ်းဆောင်ပါတော့တယ်။ ထာဝန်အရ ကန်ကိုပတ်မောင်းနေချိန်မှာ
ဝုဒ်မဲန်ရဲ့ကားကို စူးစူးစိုက်စိုက် သတိထားရှာကြည့်နေမိတယ်။ သန်းခေါင်ယံအချိန်မှာတော့
ဘလူးဇီးဘရားကို ပြန်ရောက်လာပြီး မန်နေဂျာကို…
‘ဝုဒ်မဲန်များ တွေ့မိသလား’လို့ မေးကြည့်လိုက်ပါတယ်။
‘ဝုဒ်မဲန်လား… စောစောက ဘီယာပုလင်းတွေနဲ့ စီးကရက်ဘူး လာဝယ်သွားသေးတယ်’
‘ကျေးဇူးပဲ’
ဂျော်နီက တယ်လီဖုန်းနဲ့ တည်းခိုခန်းကိုဆက်ကြည့်တော့ စန္ဒီက အခန်းမှာမရှိပါဘူး။
ဂျော်နီ ဘားက ထွက်လာပြီး စောစောကတဲရှိရာကို မောင်းလာလိုက်ပါတယ်။ မှောင်မှောင်မည်းမည်း
ဘာအလင်းရောင်မျှ မရှိပါဘူး။ ဒါပေမဲ့ ဝုဒ်မဲန်ရဲ့ကား ဝှက်ပြီး ရပ်ထားတာ တွေ့လိုက်ရပါတယ်။
ဂျော်နီက ခပ်လှမ်းလှမ်းမှာ ကားကိုရပ်လိုက်ပေမဲ့ ကားထဲကမထွက်သေးဘဲ အချိန်တော်တော်ကြာ
အောင် ငြိမ်နေမိတယ်။ စီးကရက်ကိုသာ တစ်လိပ်ပြီးတစ်လိပ် သောက်နေမိပါတယ်။ သေနတ်ကိုထုတ်လိုက်ပြီး
ကျည်ထိုးထား မထား စစ်ကြည့်လိုက်ပါသေးတယ်။ အဲဒီနောက် ဘလူးဇီးဘရားကို ပြန်လာလိုက်ပြီး
အရက်နှစ်ခွက် ထပ်သောက်လိုက်ပါသေးတယ်။
တဲဆီပြန်လာတော့လည်း ဝုဒ်မဲန်ကားက ရှိနေဆဲပါပဲ။ ဂျော်နီက တဲရှေ့ဘက်ကနေ
ပတ်ပြီး အထဲကိုဝင်လိုက်ပါတယ်။ သူ အပေါ်ထပ်ကိုတက်လာချိန်မှာတော့ လူနှစ်ယောက် လေသံနဲ့
စကားပြောနေကြတာကို စကြားရပါပြီ။
အိပ်ခန်းတံခါးက ပွင့်နေတယ်။ အမှောင်ထဲမှာ မျက်စိကျင့်သားရအောင် ဂျော်နီက
ခဏငြိမ်နေ လိုက်ပါတယ်။ အထဲက နှစ်ယောက်ကတော့ သူ အပေါ်တက်လာတာကို မသိကြပါဘူး။
‘ဝုဒ်မဲန်…’ သူက အသံပြုလိုက်ပါတယ်။
အိပ်ရာပေါ်က
ဝုဒ်မဲန် သူ့နာမည်ခေါ်သံကြားလို့ ကမန်းကတမ်း ထလိုက်တယ်။ ပါးစပ်ကလည်း အယုတ္တ အနတ္တတွေ
ဆဲဆိုလို့ပေါ့။
‘ဘယ်ကောင်လဲကွ’ လို့ အသံထွက်လာချိန်မှာ ဂျော်နီက ပစ်လိုက်တာကြောင့်
ကြောက်လန့်တကြား အော်တဲ့ အမျိုးသမီးသံတစ်ခု ထွက်လာပါတယ်။ နောက်တစ်ချက် ထပ်ပစ်လိုက်တယ်။
ဒီတစ်ကြိမ်မှာ သူ့လက်ထဲက သေနတ်ကို ပုတ်ချပေးမဲ့ တပ်ကြပ်ရာစင်လည်း မရှိဘူးလေ။ ဒါကြောင့်
သူ့သေနတ်ထဲက ကျဉ်ဆန်ကုန်တဲ့အထိ ခြောက်ချက် ဆက်တိုက်ပစ်လိုက်ပါတယ်။
ခုတင်နားကို လျှောက်သွားကြည့်လိုက်တော့ ဝုဒ်မဲန်ကတော့ သွေးအိုင်ထဲမှာ
မှောက်လျက်သား။ အမျိုးသမီးရဲ့ခန္ဓာကိုယ်က အိပ်ရာခင်းနဲ့ ပတ်နေတာကြောင့် သတိနဲ့ ဖြည်းဖြည်းချင်း
ကပ်လာလိုက် ပါတယ်။
စန္ဒီမဟုတ်ပါဘူး။
အမျိုးသမီးက ရဲမှူးကြီးကတော်ပါ။ ဒီတစ်ကြိမ်တော့ သူနောက်တစ်နေရာ ပြေးလို့ရပါဦးမလား။
ပြေးရမှာပဲလေ။ ဆောင်းအပြေးပေါ့။
▀
ဝင်းငြိမ်း
ကားနောက်ဖုံးထဲမှာပါလာတဲ့ ကိုရာ့အလောင်းကတော့ တောင့်နေရော့မယ်။ အလောင်းနဲ့ ကျွန်တော်တို့က သိပ်ဝေးတာမဟုတ်လို့ ကျောချမ်းမိပါရဲ့။
ကျွန်တော် ပထမဆုံး သတိဝင်လာချိန်မှာတော့ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် ဘာတွေလုပ်ရ မလဲဆိုတာ စဉ်းစားခြင်းပါပဲ။ ဒီအမျိုးသမီးအလောင်းကို ကားထဲက ဆွဲထုတ်ဖို့ လိုပါတယ်။ ပြီးတော့ ဒီနေရာကို ကျွန်တော် လုံးဝမရောက်ဖ...
‘ဟေ့… မင်းကိုဖမ်းမယ့်ရဲပဲ… မင်းလက်မြှောက်ပြီး ထွက်လာခဲ့’ ဂျော်နီက ရဲတစ်ယောက် ဖြစ်ကြောင်း အသိပေးလိုက်ပြီး ထွက်လာဖို့ အမိန့်ပေးလိုက်ပါတယ်။ ဘာအဖြေမျှ ပြန်မကြားရပါဘူး။ လမ်းကြားလေးထဲကို လေတိုးသံသာ ကြားနေ...