အတ္ထုပ္ပတ္တိအခန်းဆက်

ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ

လူထုဒေါ်အမာ

01 September 2025
ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ
Share to

ငယ်ငယ်တုန်းက

            ဦးလှနဲ့ ကျွန်မတို့ အသက် (၆၀) ကျော်လာကြတော့ ကျွန်မတို့ စာဖတ်ပရိသတ်တွေက ကျွန်မတို့နှစ်ယောက်စလုံး ကိုယ့်အတ္တုပတ္တိကိုယ်ရေးကြပါတော့ တော်ပါပြီလို့ လူချင်းတွေ့လို့ဖြစ်စေ၊ စာနဲ့ရေးလို့ဖြစ် တိုက်တွန်းကြပါတယ်။ ကျွန်မတို့ကလည်း ဒီလိုတိုက်တွန်းလာကြတော့ တခြားအကြောင်းအရာတွေကို ရေးရင်းနဲ့ ကိုယ့်အကြောင်းကိုလည်း ရေးကြဦးမယ်လို့ အောက်မေ့သတိရပါတယ်။ နို့ပေမယ့် အဲဒါက ဖြည့်ဖြည့်အေးအေး ရေးရမယ့်ကိစ္စ၊ ‌လော‌လောဆယ်တော့ ဒီပြင် အကြောင်းအရာတွေကို ရေးကြမယ်ပေ့ါ။

ဒါကြောင့် ကျွန်မစိတ်ထဲ ရေးချင်စိတ် ပေါက်လာတဲ့အခါ ရေးချင်တဲ့အကြောင်းအရာလေးကို ရေးချထားတယ်။ ပြီးတော့ အဲဒါလေးတွေကို စုထားတယ်။ ဒီကျွန်မအကြောင်းဟာ ဘယ်တော့ရေးလို့ပြီးမလဲ မပြောတတ်သေးဘူး။ သူ့အကြောင်းကိုလည်း ကျွန်မရေးသလိုပဲ သူ့ဘာသာသူရေးနှင်ဖို့ ကျွန်မက တိုက်တွန်းတယ်။ ‌ရေးတော့ ကိုယ့်အကြောင်း၊ မာက ကို့အကြောင်း မရေးတတ်ဘူးနော်။ ကို လုပ်တာ ကိုင်တာတွေလည်း မာပြည့်စုံအောင် သိတာမဟုတ်ဘူး' ဆိုတဲ့စကားကို သူ့အသက် (၇ဝ) ကျော်လာတော့ ကျွန်မ မကြာမကြာ ပြောမိတယ်။ သူက ရေးပါမယ်ဆိုပေမယ့် ရေးမှ မရေးဖြစ်ဘဲကိုး။ သူ့မှာ ဆုံးသာသွားရှာရော၊ သူ့အတ္ထုပ္ပတ္တိကို ရေးမသွား ရရှာပါဘူး။

            ခု သူ့စားပွဲနဲ့ သူ့စာတိုစာစတွေ ထားတဲ့နေရာကို လျှောက်ရှာတော့ ဗလာစာအုပ်ကလေးတစ်အုပ်မှာ '၁၃၃၆ ခု ကဆုန်လပြည့်နေ့ (၅-၅-၇၄) နေ့မှာ အတ္ထုပ္ပတ္တိ စရေးတယ်' လို့ သူရေးထားတာကလေး သွားတွေ့တယ်။ စာအုပ်ထဲမှာတော့ သူရေးမယ့်အကြောင်း အရာကလေးတွေကို အခန်းခွဲထားတာပဲ တွေ့ရပါတယ်။ တကယ် ဆက်မရေးဖြစ်ရှာပါဘူး။

            သူ့အကြောင်းအရာတွေကို သူ ငယ်ငယ်က စရေးတော့မယ်ဆိုတော့ သူ့ဘာသာ ရေးခဲ့တာ ဖြစ်ရင်တော့ စုံစုံလင်လင်ရှိမှာပေါ့။ သူပြောဖူးတာကလေးတွေလောက်ကိုသာ ကျွန်မက ရေးရရင်တော့ ဟိုတစ်ကွက် ဒီတစ်ကွက်ပဲ ရှိတော့မှာပဲ။

            ဦးလှကို ညောင်လေးပင်နဲ့ ၄ မိုင် လောက်ဝေးတဲ့ ညောင်လေးပင် မဒေါက်သွား မီးရထားလမ်းကလေးပေါ်က အိမ်ခြေတစ်ထောင်လောက်ရှိတဲ့ ပုဇွန်မြောင်းဆိုတဲ့ စစ်တောင်းမြစ်ပေါ်က ရွာမှာ မွေးပါတယ်။ သူ့အဖေဦးပုက ရွှေတောင်သား။ ငယ်ငယ်က ပိုးထည် ရောင်းသတဲ့။ ပိုထည်လာရောင်းရင်း ပုဇွန်မြောင်းသူ ဒေါ်ခိုင်နဲ့ အကြောင်းပါတယ်။ အဲဒီမှာပဲ နေတယ်။ ပုဇွန်မြောင်းမှာ အနေကြာတော့ မြေပိုင်ရှင် အငယ်စား ဖြစ်လာတယ်။ ရန်ကုန် မန္တလေး မီးရထားလမ်းကြီး တဖြည်းဖြည်းချင်း ဖောက်လာတာ ၁၈၈၅ ခုနှစ်မှာ ရန်ကုန်က တောင်ငူအထိ ရောက်လာတယ်။ အဲဒီတော့ ပုဇွန်မြောင်းနဲ့ (၄) မိုင်လောက်ဝေးတဲ့ နေရာမှာ ညောင်လေးပင်ဘူတာရယ်လို့ ပေါ်ပေါက်လာတယ်။ မီးရထားလမ်း ဘူတာဖြစ်သွားတော့ ညောင်လေးပင်လည်း တဖြည်းဖြည်းနဲ့ စည်ကားလာ တာပေါ့။ ဒီမှာ ပုဇွန်မြောင်းက ဦးလှတို့ ဆွေမျိုးတွေ အားလုံးနီးပါး ညောင်လေးပင်မှာ အိမ်ရာဝယ်ကြပြီး ပြောင်းရွှေ့ကုန်ကြတယ်။ ဦးလှ မိဘများကလည်း လိုက်ပြောင်းဖို့ အစီအစဉ်ရှိလို့ ညောင်လေးပင်ဘူတာရဲ့ အရှေ့ဘက်နားမှာပဲ မြေတစ်ကွက် ဝယ်ထားတယ်။ နို့ပေမယ့် ဘာမဆို စဉ်းစဉ်းစားစား ချိန်ချိန်ဆဆ အင်မတန်ရှိတဲ့ ဦးလှအဖေ ဦးပုက ရုတ်တရက် ပြောင်းမလိုက်ဘူး၊ ရွာမှာပဲ ဆက်နေသေးတယ်။

            အဲဒီလိုနေရင်းနဲ့ တစ်နေ့တော့ ဦးလှ ၁ဝ နှစ်သားအရွယ်မှာ ဦးလှအမေ ဒေါ်ခိုင်ဟာ ပလိပ်ရောဂါဖြစ်ပြီး ပုဇွန် မြောင်းအိမ်မှာပဲ အနိစ္စရောက်ရှာပါတယ်။ အဲဒါကြောင့် ဦးလှအဖေ ဦးပုက ပုဇွန်မြောင်းရွာက ညောင်လေးပင် ရွာပြောင်းရွှေ့ရေးကို မစဉ်းစားတော့ဘူး။ သူ့ဇနီး ခေါင်းချတဲ့နေရာမှာပဲ ခေါင်းချတော့မယ်လို့ ပိုင်းဖြတ်ဟန်ရှိတယ်။ ညောင်လေးပင်မှာ သူဝယ်ထားတဲ့ မြေကွက်ကို ဆွေမျိုးထဲက ယောက်ဖတော်သူ ဦးလွန်းမောင် A.T.M (၂၁ ဦး အဖွဲ့ဝင် မင်းတိုင်ပင်၊ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ထိန်ဝင်းအဖေ)ကို လွှဲ ပေးလိုက်ပါတော့တယ်။

အမေ

            ဦးလှက သူ့အမေ သူ (၁ဝ) နှစ် သားမှာသေဆုံးတယ် ဆိုပေမယ့် သူ အသက်ကြီးလာတဲ့အခါ သူ့အမေရဲ့ ရုပ်ရည်ကို သူကောင်းကောင်း မမှတ်မိရှာဘူး။ ဒါကြောင့် သူ့အစ်မဝမ်းကွဲ မမငွေဆင်တို့ မမမြိုင်တို့ကို တစ်ခါ တစ်ခါ အမေက ဘယ်သူနဲ့ တူသလဲလို့ မေးကြည့်တတ်သတဲ့။ အစ်မတွေက 'နင့်အမေက အသားဖြူတယ်၊ လှတယ်' လို့ ပြောသတဲ့။ ဓာတ်ပုံရယ်လို့လည်း မရှိရစ်ဘဲကိုး။ အဲဒီတော့ မအေရုပ်ကို မမှတ်မိရှာဘူး။

            သူ့အမေနဲ့ ပတ်သက်လို့ ဘာတွေမှတ်မိသလဲလို့ ကျွန်မက မေးတဲ့အခါ' မေမေက တို့ကို မုန့်တွေအမျိုးမျိုး လုပ်ကျွေးတယ်။ မေမေက မုန့်မျိုးစုံ လုပ်တတ်တယ်' လို့ သူက ပြောပြတတ်ပါတယ်။ ပြီးတော့ သူ့အစ်ကို အကြီးဆုံး ကိုကိုအောင်ဖေက ပထမ ကမ္ဘာစစ်ထဲလိုက်ဖို့ စာရင်းသွင်းခဲ့ပြီလို့ မေမေတို့ကို သတင်းပေးသတဲ့။ အဲဒီအခါ သူ့အမေဟာ စိတ်အလွန်ပူပြီး မအိပ်နိုင် မစားနိုင်ဖြစ်ပြီး တကယ်လို့သာ သူ့သား (မှားယွင်း) စာရင်း ပေးခဲ့မှုကြောင့် စစ်ထဲလိုက်ရမယ်၊ မလိုက်မနေရဘူးလို့ အတင်းခေါ်လာရင် သူ့သားကိုခေါ်ပြီး ယိုးဒယားဘက်ကို သားအမိ ထွက်ပြေးကြမယ်လို့ ပြောပြီး မေမေက လမ်းသောက်သွားဖို့ ဆေးလိပ်တွေ လိပ်တာလည်း သူမှတ်မိသတဲ့။ သူ့အမေအကြောင်း သူခဏခဏ ပြောတတ်တာကတော့ 'မေမေက အင်မတန် သဘောကောင်းတယ်' ဆိုတာပါပဲ။ သူ့ နှာခေါင်းမှာ အနာဖြစ်တော့ ဆင်ချေးတုံး အခြောက်ကို ဆေးလိပ်လိပ်သောက်ရမယ်ဆိုလို့ ဆင်ချေး တုံးခြောက်ကောက်ပြီး သူ့ကို ဆေးလိပ်လိပ်ပေးတာလည်း မှတ်မိသတဲ့။

            သူ့အမေက ညောင်လေးပင်မြို့မှာ ပလိပ်ရောဂါတွေ ဖြစ်ပွားနေတော့ သူ့ မောင်တစ်ယောက် ညောင်လေးပင်မှာ ပလိပ်ဖြစ်လို့ သူက သွားပြီး ပြုစုတယ်။ အဲဒီက သူ့ကို ရောဂါကူးလာပြီး ပုဇွန်မြောင်းပြန်လာတော့ ပုဇွန်မြောင်းမှာ ဖျားတာပဲ။ သူဖျားတဲ့ အချိန်က အိမ်မှာ  သူ့ယောကျ်ားမရှိဘူး။ ညောင်လေးပင်ရုံးမှာ မြေမှုတစ်ခုရှိနေလို့ အမှုဆိုင် သွားနေရတယ်။ လိုက်တော့ ခေါ်တာပဲ။ ဒါပေမယ့် ဒေါ်ခိုင်ခင်ပွန်း အနားမှာ မရှိဘဲ အနိစ္စရောက်ရှာတယ်။ ဆုံးပြီးမှ ဖေဖေ အိမ်ပြန်ရောက်လာတယ်လို့ ဦးလှက ပြောပြဖူးတယ်။ သူ (၁ဝ) နှစ်သားဆိုတော့ ၁၉၂ဝ မှာ သူ့အမေ ဆုံးတာပေါ့။

            'မေမေ ဆုံးသွားတော့ တို့ညီအစ်ကို စိတ်ညစ်နေကြမှာစိုးလို့ ဖေဖေက ဗုံတွေ လင်းကွင်းတွေ ဝယ်ပေးလို့ တို့နှစ်ယောက် တီးခတ်ကစားရတာလည်း မှတ်မိတယ်' တဲ့လေ။

            ဦးလှအဖေကြီးက အသက် (၄ဝ) ကျော်လောက်မှာ သားသုံးယောက်နဲ့ မုဆိုးဖို ဖြစ်ကျန်ရစ်တယ်။ သားလေးတွေ မျက်နှာငဲ့ပြီး သေတစ်ပန်သက်ဆုံး နောက်အိုး နောက်အိမ် မထူရှာပါဘူး။ ၁၉၄၆ ခုနှစ်က အသက် (၇ဝ) လောက် ပုဇွန်မြောင်းရွာမှာပဲ အနိစ္စရောက်ရှာပါတယ်။

            ဦးလှတို့မှာ ညီအစ်ကိုသုံးယောက် ရှိပါတယ်။ အကြီးဆုံးက ကိုအောင်ဖေ၊ အလတ်က ကိုချော၊ အငယ်ဆုံးက ကိုလှပါ။ ကိုချောရဲ့ ငယ်နာမည့်က အချောတဲ့။ ကိုလှရဲ့ ငယ်နာမည်က အလှတဲ့။ သားအကြီးဆုံး ကိုအောင်ဖေ မိန်းမရတော့ ဦးပုက ဒီချွေးမကိုပဲ သူ့အိုးအိမ်ကို ဦးစီးစေပြီး ချွေးမနဲ့ အတူနေတာပဲ။ ဒါကြောင့် ဦးလှတို့ဟာ အမေ မရှိတဲ့နောက် မရီးဒေါ်သင်းလှိုင်ရဲ့ အုပ်ထိန်းမှုနဲ့ ကြီးပြင်းခဲ့ရတယ်။

            ဦးလှ ၅ နှစ် ၆ နှစ်သားလောက်မှာ ပုဇွန်မြောင်းရွာ၊ သူတို့အိမ်နားက ဦးဖေခိုင်ရဲ့ ကျောင်းမှာ စာစသင်ရတယ်။ စတုတ္တတန်းကိုတော့ သူတို့ရွာ ဈေးပိုင်းနားက ဆရာဦးမြတ်စံကျောင်းက အောင်တာတဲ့။ အဲဒီကျောင်း ပျက်သွားတာ ကြာပြီမို့ ကျွန်မကမေးတော့ နေရာလောက်ပဲ ပြောနိုင်တော့တယ်။ ကျောင်းမရှိတော့ဘူး။

            ဦးလှ စရေးထားတဲ့ သူ့အကြောင်းမှာ 'ကျွန်တော် ဘယ်ရောက်ရောက် ကျွန်တော့် ရွာကို သတိရတယ်။ ငယ်သူငယ်ချင်းတွေနဲ့လည်း တွေ့ချင်တယ်။ သူတို့နဲ့ ငယ်ငယ်က ကစားခဲ့တာတွေကိုလည်း ဘယ်တော့မှ မမေ့ဘူး'လို့ ရေးထားပါတယ်။ ဦးလှ ပုဇွန်မြောင်းရွာကို ကျွန်မနဲ့အတူ သွားလည်တဲ့အခါ သူငယ်ချင်းတွေက သူလာတယ်ကြားရင် အားလုံးလာပြီး 'အဘရေ...အလှရေ'နဲ့ နှုတ်ဆက်ကြလာတွေ့ ကြတာပဲ။ သူငယ်ချင်းထဲက ဦးတိုးမောင်၊ ဒေါ်စောရင်နဲ့ ဦးအာဝါတို့က ခုထက်ထိ (ဒီအတ္ထုပ္ပတ္တိ စရေးတဲ့ လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ထိ) ကျန်းကျန်းမာမာ ရှိသေးတယ်။ ဦးလှခေါ်တဲ့ အငိုတို့၊ သိန်းဟန်တို့၊ သန်းဖေတို့ဆိုတဲ့ သူငယ်ချင်းတွေတော့ မရှိကြတော့ဘူး။ ဒီသူငယ်ချင်းတွေနဲ့ ဦးမြတ်စံကျောင်းကတည်းက အတူနေခဲ့ကြ၊ ဦးလှ လေးတန်းအောင်လို့ ညောင်လေးပင် RCM ကျောင်းပြောင်းတော့လည်း ကျောင်းပိတ်လို့ ပုဇွန်မြောင်းအိမ်ပြန်လာရင် အဲဒီသူငယ်ချင်းတွေနဲ့အတူ အိပ်သေးသတဲ့။ သူ့ရွာက ဦးလှကို ကြီးတဲ့အထိ 'အလှ' လို့ပဲ ခေါ်ကြတယ်။

            ဦးလှဆုံးတော့ ပုဇွန်မြောင်းရွာကနေပြီး သူငယ်ချင်း ဦးတိုးမောင်က အသုဘ လာရှာတယ်။ သူ့သူငယ်ချင်း ဦးတိုးမောင်ကို ငယ်ကအကြောင်းတွေ မေးတော့ ဦးတိုးမောင်က တို့ငယ်ငယ်က အလှနဲ့အတူ လှည်းတိုက်တမ်း၊ ထင်းခုတ်သွားတမ်းလည်း ကစားတာပဲ။ အလှက တရားဟောမယ်ဆိုရင် ကျုပ်တို့က သူတို့အိမ်က ရေတွင်းကုန်းပေါ်မှာ ဥယျာဉ်လုပ်ဖို့ ဖုတ်သယ်ပေးကြတယ်။ ဥယျာဉ်လုပ်ပြီးရင် အလှက တရားဟောတယ်။ ကျုပ်တို့က နားထောင်ကြတယ်။ ဝံသာနုတရားဟော  တာမျိုးပေါ့။ အလှကို သူငယ်ချင်းတွေက ချစ်ပါတယ်။ ကုန်းတမ်းစီးတမ်း ကစားတဲ့ အခါ ရှုံးလို့တခြားလူ စီးခံရတာထက် အလှစီးတာခံရရင် ကျုပ်တို့က ကျေနပ်တယ်။ အလှက ကစားရအောင် အိမ်ကိုလာခေါ်ရင်လည်း သူများလို အော်ကြီးဟစ်ကျယ် ခေါ်တာမဟုတ်ဘူး။ တိုးတိုးသက်သာပဲ။ သူ့အိမ်နဲ့ ကျုပ်အိမ်က ၄၊၅၊၁ဝ အိမ်ခြားတာ။ နောက်ပြီး အလှက သူများနဲ့ ရန်မဖြစ်တတ်ဘူး။ တစ်ခါတော့ ကျုပ်တို့ (၃) တန်းအောင်ပြီး ကျောင်းက အပြန်လမ်းမှာ ဘုန်းကြီးကျောင်းသားတွေနဲ့ ကျုပ်တို့ကောင်သုံးယောက်နဲ့ ရန်ဖြစ်ကြရော။ ထိုးကြကြိတ်ကြတော့ အလှက ကျုပ်တို့ဘက်က ဝင်ကူတယ်။ အဲဒီ ရန်ဖြစ်မှုကို မိဘတွေက မကျေနပ်လို့ အမှုဖြစ်ကြတော့ ကျုပ်တို့ထက် အသက်ကြီးတဲ့ ဘုန်းကြီးကျောင်းသားတွေကို ဒဏ်ငွေ ၁ဝိ/-ရုံးက ဒဏ်ရိုက်လိုက်တယ်လို့ ဦးတိုးမောင်က ပြောပြပါတယ်။

            ဦးလှ ငယ်ကတည်းက အကုသိုလ် အလုပ်တို့ မဟုတ်တာတို့ မလုပ်တတ်ဘူးတဲ့။ သူ့စိတ်နဲ့ သူ့အစ်ကိုလတ်နဲ့က တခြားစီ။ အဖေကြီးက 'မင်းတို့ ဖယောင်းတိုင် တစ်တိုင်ကုန်အောင် စာကျက်ရမယ်' လို့ အမိန့်ထုတ်ရင် အစ်ကိုအလတ် ကိုချောက သူ့ဖယောင်းတိုင်ကို ဖင်ဘက်က တစ်လက်မလောက် လှီးပစ်လိုက်ပြီးမှ ထွန်းတယ်၊ မြန်မြန်ကုန်အောင်။ လက်ရေးလှလှ ရေးကြဆိုရင်လည်း ဆော့နေတာ၊ မရေးဘူးတဲ့။ ဦးလှက ဒါမျိုး ဘယ်တော့မှ မလုပ်ဘူးတဲ့။

            ဖေဖေက 'အချော...ဆွမ်းတော် စွန့်လိုက်' လို့ခိုင်းရင် ဖေဖေမမြင်အောင် လေးခွနဲ့ လောက်စာလုံးယူသွားပြီး ဖေဖေ့မျက်ကွယ်မှာ ဆွမ်းတော်စွန့်တယ်။ ကျီးတွေလာစားရင် သစ်ပင်ကွယ်က ချောင်းပြီး ကိုချောက ကျီးတွေကို လေးခွနဲ့ ထုတယ်။ အိမ်မှာကြွက် သောင်းကျန်းလွန်းလို့ ကြွက်လှောင်အိမ် ထောင်ချောက်နဲ့ ကြွက်ဖမ်းခိုင်းပြီး အဖေကြီးက မိထားတဲ့ ကြွက်တွေကို အိမ်နဲ့ဝေးရာ လယ်တော သွားလွှတ်ချေလို့ခိုင်းရင် ကိုချောက အဖေမသိအောင် ခွေးတွေ တိတ်တိတ်ခေါ်သွားပြီး တလင်းမှာ ကြွက်ထောင်ချောက်ဖွင့် လွှတ်ပြီး ကြွက်တွေကို ခွေးလိုက်ကိုက် ခိုင်းတယ်။ 'ငါ ဘယ်တော့မှ ဒါမျိုး မလုပ်ဘူး၊ ကိုချောက ကြီးတော့လည်း ချိုးတည်၊ ခါတည် လုပ်ချင်ရာ လုပ်နေ တာပဲ။ ငါအဖမ်းခံရတော့ ကိုချောက ဒါမျိုး ငါဖြစ်ဖို့ကောင်းတာကွာလို့ ပြောရှာတယ်' လို့ သူ့အစ်ကိုအလတ်ရဲ့ အကြောင်းကို ပြောပြပါတယ်။

            သူတို့ ငယ်ငယ် ရွာမှာနေတုန်းက တောရွာတွေမှာ ဓားပြကြောက်ရပုံ၊ မြွေကြောက်ရပုံတွေလည်း ပြောပြတတ်တယ်။ တစ်ခါတော့ ဦးချောနဲ့ သူနဲ့ ညီအစ်ကိုနှစ်ယောက် အိမ်အောက်ဝိုင်းထဲက အိမ်သာသွားကြတာတဲ့။ မိုးတွင်းမို့ ရေတွေကလည်း အိမ်ဝိုင်းထဲမှာ ဟိုစပ်စပ် ဒီစပ်စပ် ရှိနေတယ်။ အဲဒါ အိမ်သာသွားတဲ့ လူသွားလမ်းကလေး ဘေးက ရေစပ်စပ်ထဲမှာ 'ငါးရံ့ကြီးတွေဟ' ဆိုပြီး ညီအစ်ကိုနှစ်ယောက် ဖမ်းမယ်လုပ်ပြီး သေသေချာချာကြည့်လိုက်တော့ မြွေပွေးကြီး ဖြစ်နေရောတဲ့။  အဲဒါကို သူတို့အမေ သိတဲ့အခါ ရင်ဘတ်စည်တီးနဲ့ ငါ့သားလေး နှစ်ယောက် ကံကြီးလို့ မြွေကိုက်သေမကုန် တာပါကလား' လို့ပြောပြီး စိုးရိမ်လို့ မဆုံးပြောလို့မပြီးဘူးတဲ့။ 'မင်းတို့က မြို့သူမို့ မသိတာ၊ တို့တောမှာ မြွေသိပ်ကြောက်ရတာ' တဲ့။

            ဦးလှတို့ ညီအစ်ကို သုံးယောက် စလုံးကို မိစုံဖစုံရှိတုန်း ဦးလှ (၉) နှစ် သားလောက်က ရှင်ပြုပေးတယ်။ ဦးလှ က ညောင်လေးပင်တောရကြီးမှာ ရက်နည်းနည်းပဲ ကိုရင်ဝတ်နဲ့ နေတယ်။ သူ့ အစ်ကို ကိုချောကတော့ အတော်ကြာ ကြာ ကိုရင်ဝတ်နေသတဲ့။ ညောင်လေးပင်တောရကြီးက ဆရာတော်ကြီး ဦးအရိယ (အဂ္ဂမဟာ ပဏ္ဍိတ) ဟာ ဦးလှအမေ ဒေါ်ခိုင်ရဲ့ အစ်မအရင်း ဒေါ်ခက်က မွေးတာမို့ ဦးလှနဲ့ ညီအစ်ကို တစ်ဝမ်းကွဲပါ။

            ဦးလှအဖေ ဦးပုက ပိုးထည်ရောင်းရင်း ငွေပိုငွေလျှံ ရှိလာတဲ့အခါ လယ်မြေကလေးတွေ ဝယ်ထားတယ်။ ဒါကြောင့် သူတို့လယ်တွေ ပုဇွန်မြောင်းမှာရော၊ ကျူချောင်းရွာဘက်မှာရော ကွင်းဒလတို့ဘက်မှာရော ရှိတယ်။ ဖေဖေ မှာ ဧက (၆ဝဝ) လောက်ရှိတယ်လို့လည်း ပြောဖူးတယ်။ သူ့အဖေ လယ်ထောက်ခ စပါးသိမ်းသွားတဲ့အခါ ဒီရွာတွေကို လိုက်ရသတဲ့။ လိုက်တဲ့အခါ အကောင်အလှောင် ဝါသနာပါတဲ့ သူ့အစ်ကိုကိုချောက အိမ်မှာ ကြက်မွေးထားဖို့ ဖေဖေမသိအောင် လယ်တဲတွေထဲက ကြက်ကလေး တစ်ကောင်နှစ်ကောင် တိတ်တိတ်ယူလာပြီး အိမ်မှာ မွေးထားတာပဲတဲ့။

            တစ်ခါမှာတော့ လယ်သမားတစ်ယောက်က ကြွေးစာရင်း လာရှင်းတယ်။ ရှင်းတော့ လယ်သမားက အတွက်မှားပြီး အဖေ့ကို ပိုပေးတယ်။ ဒါကို ဦးလှက သိပေမယ့် မပြောဘဲ မြုံနေသတဲ့။ ဒီလယ်သမား ပြန်သွားတော့ သူက ဝမ်းသာတဲ့ အသံနဲ့ လယ်သမားကြီးက အဲဒီလိုပဲ မှားတွက်ပြီး ပေးသွားတယ်လို့ အဖေ့ကို ပြောပြတဲ့အခါ သူ့အဖေက သူ့ကို အပြစ်ဆိုလိုက်တာတဲ့။ ပြီးတော့ လိုက်ခေါ်ချေဆိုလို့ အိမ်က ထွက်သွားတဲ့ လယ်သမားနောက် အဝေးကြီးလိုက်ခေါ်ပြီး မှားပြီး ပိုပေးခဲ့တဲ့ အကြောင်းပြန်ပြောရသတဲ့။  'ငါ့တစ်သက်မှာ မတော်တာဆိုလို့ ဒါပဲ လုပ်ဖူးတာပဲ။ ငါက ဖေဖေ ဝမ်းသာမယ် ထင်တာကိုး။ နို့ပေမယ့် ဖေဖေဆိုလို့ ဒီနောက် အဲဒါမျိုး တစ်ခါမှ မဖြစ်စေရတော့ဘူး' လို့ ဦးလှက ပြောဖူးတယ်လေ။

            သူတို့ရွာက စစ်တောင်းမြစ်ကမ်းမှာရှိပြီး အိုးဖုတ်တဲ့လူတွေ အများကြီးရှိပါ တယ်။ ပုဇွန်မြောင်းအိုးဆိုတာ အဲဒီတစ်ရိုးမှာ နာမည်ကြီးပါ။ ရွာလယ်ပိုင်းကို အိုးဖိုပိုင်းလို့ခေါ်တယ်။ မြေထမင်းအိုး၊ ဟင်းအိုးတွေကို အများဆုံးဖုတ်ပြီး မြစ်ရိုးက လှေတွေနဲ့ ရွှေကျင်တို့လိုမြို့တွေ သွားရောင်းတယ်။ ကုန်းလမ်းကလည်း လှည်းတွေနဲ့ အများအပြား သွားရောင်းတာပဲ။ တခြားရွာတွေက အိုးသည်တွေကလည်း လာဝယ်တာပဲ။ ပုဇွန်မြောင်းအိုးဟာ ဆီကြော်လို့ရတယ်လို့ နာမည်ကြီးပါတယ်။ အိုးတွေက ချောလည်းချော၊ မာလည်းမာတယ်။ အိုးပုတ်တောင်မှ ပုဇွန်မြောင်းက ဖုတ်တာဆိုရင် ကလေးကိုင်ပေါက်လို့ တော်တော်နဲ့ မကွဲဘူး။ ကျွန်မ အလည်သွားတဲ့အခါ တစ်ခါက မြေအိုးလိုချင်တယ်။ ငါးပိရည်ကျိုဖို့လို့ ပြောမိလို့ ဦးလှ သူငယ်ချင်း အိုးဖိုပိုင်ရှင်တွေက အိုးများ လိုချင်မှန်းသိရင်ဆိုပြီး အိုးတွေ လက်ဆောင် ပေးကြတာ ဝါးခြင်းကြီး ဧရာမနဲ့ တစ်ခြင်း။ သူတို့ စိတ်ကျေနပ်အောင် သယ်ခဲ့ရတယ်။ မီးရထားက တင်ချင်တိုင်း တင်လို့ရတဲ့ခေတ်တုန်းကမို့ တော်သေးတာပေါ့။

            ဦးလှ ရေကူးကောင်းကောင်းတတ်တယ်။ သူ့ကို ရေကူးသင်ပေးတာ သူတို့ ရွာက မြောင်းဆိပ်မှာ ဘကြီး ကိုဂေါ်ရာက ငှက်ပျောတုံးကြီးတွေနဲ့ သင်ပေးတာတဲ့။ ငှက်ပျောတုံးဖက်ပြီး ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးနေကြတာပဲတဲ့။ ပုဇွန်မြောင်းလို့ခေါ်တာက ပုစွန်တွေ ပေါလွန်းလို့တဲ့။ ဟိုတုန်းက ပုစွန်တွေ ဘယ်လောက်ပေါ သလဲဆိုရင် ရေချိုးသွားရင်း နှုတ်ခမ်းမွေးက ဆွဲဖမ်းတာနဲ့ ပုစွန် ၄၊၅၊၁ဝ ကောင်တော့ ရတာပဲလို့ လူကြီးတွေက ပြောသတဲ့။ ဒါကြောင့် ပုဇွန်မြောင်းခေါ်တာတဲ့လေ။

            ဦးလှက ရေကူးတတ်လို့ ရေနစ်တဲ့လူကို နှစ်ခါကယ်ခဲ့ရဖူးသတဲ့။ တစ်ခါကတော့ သူတို့ သူငယ်ချင်းတစ်တွေ မြစ်ထဲရေချိုးနေကြတုန်း သူငယ်ချင်းတစ်ယောက် ရေနစ်သွားတာတဲ့။ ရေနစ်နေမှန်းသိတော့ သူက အတင်းလိုက်ဆယ်ပြီး ကမ်းပေါ်တင်ပေးတယ်။ အဲဒီသူငယ်ချင်းက သူ့ကိုကယ်လို့ ဦးလှကို ထိုင်ထိုင်ပြီး ရှိခိုးလိုက် တာတဲ့။  တစ်ခါကတော့ ကျွန်မတို့ စစ်ပြေးကြတုန်းကပါ။ မန္တလေးမြောက်ဘက် မတ္တရာရဲ့မြောက်က မြွေရွာမှာ စစ်ပြေးဘဝနဲ့ နေကြတုန်း ကလမက်ချောင်းထဲ ရေဆင်းချိုးကြတာ။ အဲဒီမှာ ကျွန်မညီမနဲ့ အမေနဲ့ ရေနစ်တာ သူက နှစ်ယောက်စလုံးကို ဆယ်တာပါ။ ဒီလို သူများအသက်ကယ်ရတဲ့ ကုသိုလ်တွေကို သူက ခဏခဏ သတိရတတ်တယ်။

            ဦးလှ တိုင်းရင်းသား ပုံပြင်တွေကို တလုံ့တလ စုဆောင်းတာနဲ့ ပတ်သက်လို့ (၁၅-၆-၈၁) နေ့က သူရေးထား တာကလေး ရှိတယ်။ ကျွန်မက အဲဒီ အကြောင်းကလေးကို အတ္ထုပ္ပတ္ထိရေးတဲ့အခါ ထည့်ပါလို့ပြောတော့ အေးကောင်းသားပဲ ဆိုပြီး သူက အဲဒါကလေးကို ချန်ထားလိုက်တယ်။ ဒါကြောင့် လူထုချစ်တဲ့ ပုံပြောဆရာ ဦးလှ သူဘာကြောင့် ဖြစ်လာရတယ်ဆိုတာနဲ့ ပတ်သက်ပြီး သူရေးထားတဲ့အတိုင်း ဖော်ပြပါမယ်။

            ပုံပြင်တွေ ကျွန်တော်ဘာကြောင့် စုသလဲ။ ပုံတွေကို ကျွန်တော်ဘာကြောင့် ရှာနေ၊ ရေးနေတာလဲ၊ ပြောနေတာလဲဆိုတဲ့ မေးခွန်းများနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ဖြေစရာများ ရှိပါတယ်။

            ကျွန်တော် ရှစ်နှစ် ကိုးနှစ်သား အရွယ်တုန်းက ကျွန်တော့်ဖခင်က ညပိုင်းမှာ မကြာမကြာ လက်ဖက်ရည် ကြမ်းဝိုင်း လုပ်လေ့ရှိပါတယ်။ သူ့ မိတ်ဆွေ (၉) ယောက် (၁ဝ) ယောက်လောက် လာကြပြီး လက်ဖက်ရည် ကြမ်းသောက်ရင်း ဟိုအကြောင်း ဒီအကြောင်း ဦးတည်ရာတွေ ပြောကြတာပဲ။ ရပ်ရွာကိစ္စ၊ လယ်အကြောင်း၊ ကိုင်းအကြောင်း၊ စိုက်ပျိုးရေးကိစ္စ၊ စစ်မက်ရေး အကြောင်းများလည်း ပါတတ်ပါသေးတယ်။ သူတို့ မီသလောက်ပေါ့။

            တစ်ခါတလေ တရားအကြောင်း ပြောကြတယ်။ လက်ဖက်ရည်ကြမ်းဝိုင်းမှာ စားစရာကတော့ ပဲလှော်၊ ကုလား ပဲသုပ်၊ အမဲခြောက်၊ ထန်းလျက်၊ ကြံသကာ စသည်များပါပဲ။

            ဒီလက်ဖက်ရည်ဝိုင်းမှာ စကားအပြော အကောင်းဆုံးကတော့ ဘကြီး ဦးဘိုးလှိုင်ဆိုတဲ့ လှေသူကြီးပါ။ သူ့ အလုပ်က စစ်တောင်းမြစ်နဲ့ ကျောက်ကြီးချောင်း တစ်လျှောက်မှာရှိတဲ့ ရွာတွေကို လှေနဲ့သွားပြီး ပုဇွန်မြောင်းရွာက အိုးတွေ ရောင်းတာပဲ။ ရောင်းလည်း ရောင်းတယ်၊ အိုးနဲ့စပါး၊ အိုးနဲ့ဆန်၊ အိုးနဲ့ ငပိငါးခြောက် စတာတွေနဲ့ လဲတယ်။

            ခရီးသွားနေသူဆိုတော့ အတွေ့ အကြုံတွေက များတယ်။ ပြောစရာတွေ သူ့မှာ သိပ်ပေါပါတယ်။ မှတ်ဉာဏ် လည်းကောင်း၊ လေအေးအေးနဲ့ ဆွဲဆောင်သွားနိုင်တဲ့ စကားပြော အတတ်လည်း ကျွမ်းကျင်သူမို့ သူတစ်ခုခု ပြောရင် အားလုံး ဝိုင်းနားထောင်နေရတယ်။ လွမ်းစရာ ဆွေးစရာများလည်းပါရဲ့။ ရယ်စရာ မောစရာများလည်း ပါရဲ့။

            ဒီစကားဝိုင်းမှာ ကျွန်တော်တို့ အဖေဘေးနားက ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ထိုင်နားထောင်လေ့ ရှိပါတယ်။ ညဥ့်နက်သန်းခေါင်အထိ ပြောကြတဲ့ ညများမှာတော့ အဲဒီစကားဝိုင်းမှာ နားထောင်ရင်း ကျွန်တော် အိပ်ပျော်သွားတာပဲ။

            ဘကြီး ဦးဘိုးလှိုင်က ပုံပြင်တွေလည်း ပြောတယ်။ 'ရွှေယုန်ရွှေကျား' စတဲ့ ပုံပြင်တွေကို ငယ်ငယ်က ကြားကြားနေရလို့ ကျွန်တော် ပုံပြင်တွေကို နှစ်သက်တာ သဘောကျတာပဲ။ ဘကြီး ပြောပြတဲ့ ပုံပြင်တွေထဲက တစ်ပုဒ်ဟာ ကျွန်တော့်ကို အထူးနိုးကြား သတိရှိစေခဲ့ပါတယ်။ ဒါကြောင့် ဘကြီးကို ဦးတင်မိပါတယ်။

မောင်တုံးတာ

(မြန်မာပုံပြင်)

            ရှေးတုန်းက ရွာတစ်ရွာမှာ အင်မတန် အတဲ့နတဲ့ လူငယ်တစ်ယောက် ရှိတယ်။ အတယ် နတယ်ဆိုပေမယ့် သူ လူပျိုကလေးဖြစ်လာတော့ တခြား လူပျိုကလေးတွေလိုပဲ နောက်ပိုးတတ်တာပဲ။ သူ့အကြောင်း သိနေကြတော့ သူ့ကို ကြိုက်ချစ်မယ့်သူကတော့ မရှိသလောက်ဘဲ။

            ဒါပေမယ့် အပျိုကလေးတစ်ယောက်ကတော့ သူ့ကို သနားပြီး ပြန်ကြိုက်တယ်။ မိဘတွေကသိလို့ အကျိုးအကြောင်းပြောပြီး ဖျက်ပေမယ့် မိန်းကလေးကတော့ မရဘူး၊ ချစ်မြဲချစ်တာပဲ။ သူ့နာမည်က မယ်အေးတဲ့။

            မိဘတွေက တင်းကျပ်ထားတော့ တစ်ညမှာ သမီးရည်းစားတွေ့ဖို့ ချိန်းကြတယ်။ ညသန်းခေါင်လို့ ပြောထားပေမယ့် ဇောရှေ့ရောက်နေတဲ့ မောင်တုံးတာက (၁ဝ) နာရီလောက်ကတည်းက သူ့ရည်းစားအိမ်က ဘူးစင်အောက်ကို ရောက်သွားတယ်။ လသာသာ ကွပ်ပျစ်ပေါ်မှာ ထိုင်နေသူကိုမြင်တော့ ဧကန္တ သူ့ရည်းစား တဘက်ဖြူကလေး ခြုံပြီး သူ့ကိုစောင့်နေတာလို့ တွက်လိုက်တယ်။ ဝမ်းသာအားရနဲ့ ပြေးဖက်လိုက်တော့ မယ်အေးတို့အိမ်က အင်မတန် သဘောကောင်းတဲ့ ခွေးဖြူမကြီးက အော်တော့ဟောင်တော့တာပေါ့။ ခွေးကိုက်မခံရအောင် မောင်တုံးတာ မနည်းထွက်ပြေးရတယ်။ 'မယ်အေး ဘယ့်နှယ့်လုပ်တာလဲ'လို့ ဆိုပြီး မောင်တုံးတာ စိတ်မကောင်းဘူး။ သူ့ကို လှည့်စားဖို့အကြောင်းတော့လည်း မရှိနိုင်ပါဘူးလို့ စဉ်းစားတယ်။ နောက်တစ်နေ့ တွေ့နိုင်အောင် ကြိုးစားတွေ့ပြီး အဖြစ်အပျက်ကို ပြောပြတော့ မယ်အေးက သန်းခေါင်အချိန် သူအိမ်ပေါ်က ဆင်းလာတော့ မောင်တုံးတာ မရှိတဲ့အကြောင်း ရှင်းပြတယ်။ ဒီတော့မှ မယ်အေးတို့အိမ်သွားတာ စောနေမှန်း မောင်တုံးတာ သိတယ်။

            စိတ်မကျေပွဲ ထပ်ချိန်းကြပြန်တယ်။ 'ရှင် ပဲဝါးလိုက်၊ ဒေါက်ခနဲ မြည်ရင် ကျွန်မ ဆင်းလာခဲ့မယ်' လို့ မယ်အေးက မှာတယ်။ ချိန်းတဲ့ညမှာ မောင်တုံးတာက ပဲပြုတ်တစ်ပိသာလောက် ယူသွားပြီး အိမ်အောက်နားက မယ်အေး ပြထားတဲ့နေရာမှာ ပဲပြုတ်တွေကို ဝါးတယ်။ စားတယ်၊ အသံမမြည်တော့ မယ်အေးကလည်း ဆင်းမလာ ဘူးပေါ့။ ပဲပြုတ်တွေ ကုန်ခါနီးတော့ စုန်းပြူးတစ်လုံးပါလာလို့ ဝါးမိတာနဲ့ 'တောက်' ခနဲ မြည်လို့ မယ်အေး အိမ်ပေါ်က ဆင်းလာတယ်။ မောင်တုံးက ဆီးပြီး...

            'မင်းနှယ့်ကွာ ငါစောင့်နေတာ ကြာလှပြီ။ ပဲတွေ ဝါးနေ စားနေတာလဲ ကုန်တော့မယ်၊ ခုမှ ဆင်းလာတယ်' လို့ ဆီးအပြစ်တင်တယ်။ မယ်အေးက ကျန်တဲ့ပဲကို ကြည့်လိုက်တော့ ပဲပြုတ်တွေဖြစ်နေတာ တွေ့ရလို့ အံ့သြဝမ်းနည်းပြီး 'ပဲလှော် ဝါးရတယ် ကိုတုံးတာရဲ့၊ ပဲပြုတ်ဝါးလို့ ဘယ်အသံမြည်ပါ့မလဲ' လို့ ပြောရတယ်။

            ချစ်သူနှစ်ဦး ချစ်တင်းနှောလို့မှ မကြာသေးဘူး၊ မောင်တုံးတာက ဗိုက်နာတယ်၊ နောက်ဖေးသွားချင်တယ်လို့ လုပ်လာတယ်။ ဧကန္တ ပဲပြုတ်တွေ အများကြီး စားထားလို့ပေါ့။

            အိမ်ကအိမ်သာမှာ နောက်ဖေးသွားရင်လည်း စောစောက အိပ်ရာထပြီး အိမ်သာတက်ကြတဲ့ အမေနဲ့ အဖေက အပြင် လူလာတယ်ဆိုတာ ရိပ်မိမယ်။ ဒါကြောင့် မယ်အေးက-

            'ကျွန်မတို့ ခြံတိုင်အသစ်တွေ စိုက်နေတယ်။ မြေကြီးတော့ မဖို့ရသေးဘူး၊ ဒီတော့ ခြံစည်းရိုးမှာရှိနေတဲ့ ခြံတိုင်တစ်တိုင်ကို အသာမပြီး ဘေးမှချထား၊ တွင်းပေါ်ထိုင်ပြီး နောက်ဖေးသွားလို့ပြီးတော့ ဖြည်းဖြည်းကလေး ပြန်ချပြီး ပြန်လာပါ၊ ကျွန်မ ဒီနေရာက စောင့်နေမယ်' လို့ ပြောတယ်။

            ချစ်သူညွှန်တဲ့အတိုင်း မောင်တုံးတာ ခြံစည်းရိုးကို သွားတယ်။ ခြံတိုင်တစ်တိုင်ကို ဖြည်းဖြည်းမ ချွတ်တယ်။  တွင်းကိုခွထိုင်ပြီး အီအီးယိုတယ်။ ပဲပြုတ်တွေ တရားလွန်စားထားတော့ ဝမ်းဖောဝမ်းရောင် ဖြစ်နေတယ် ထင်ပါရဲ့၊ ရစ်ရစ်ပြီး နာနေတယ်။ သူကတော့ ပြီးချင်လှပြီ။

            တော်တော်ကလေး စိတ်ချရပြီထင်တော့ အနီးမှာရှိတဲ့ ငှက်ပျောပင်က ငှက်ပျော ရွက်ခြောက်နဲ့ အီအီးကုန်းတယ်။ သူ မယ်အေးဆီ ပြန်ရောက်ချင်လှပြီ၊ မယ်အေး မှာတဲ့အတိုင်း နှုတ်ထားတဲ့ ခြံတိုင်ကို အသာမတယ်။ ဒါပေမယ့် အောက်ချတော့ ဖြည်းဖြည်းမချမိဘူး။ မယ်အေးမှာတာမေ့ပြီး ဆောင့်ချလိုက်တယ်။

            မယ်အေးဆီပြန်ရောက်တော့ 'အခုမှ နေကောင်းသွားတယ်ကွာ' စသည်ဖြင့် ပြောရင်း မောင်တုံးတာက လေသင့်လို့ထင်တယ်၊ အီအီးစော်နံလိုက်တာလို့ ပြောတယ်။ မယ်အေးက စိတ်မချဘူး၊ လသာထဲမှာ မောင်တုံးတာကို ကြည့်လိုက်တော့ မစင်တွေ ပေနေတာ တွေ့ရတာပေါ့။

            'ရှင် ခြံတိုင်ကို ဆောင့်ချခဲ့ပြီထင်တယ်' လို့ မေးတော့ ခဏစဉ်းစားပြီး မောင်တုံးတာက ခေါင်းညိတ်တယ်။ 'ခက်တာပဲ' လို့ တစ်ချက်ညည်းပြီး-

            'ဒီလိုဆို ဟိုနားက ရေချိုးခန်းထဲ ကိုသွား၊ အရှေ့ဘက်အိုးက ရေအိုး၊ အနောက်ဘက်အိုးက သစ်စေးအိုး၊ အနောက်ဘက်အိုးပေါ်က ဖလားကိုယူ အရှေ့ဖက်အိုးကိုဖွင့်ပြီး အဲဒီထဲက ရေချိုး ပါ' လို့ မှာတယ်။

            မောင်တုံးတာကတော့ ခေါင်းညိတ်ပြီး မျက်နှာငယ်ကလေးနဲ့ ရေချိုးခန်းရှိရာကို သွားတာပဲ။ မယ်အေး မှာလိုက်တာများကိုလည်း သတိထားတယ်၊ ထပ်စဉ်းစားတယ်။

            ရေချိုးခန်းထဲရောက်တော့ သစ်စေးအိုးပေါ်က ဖလားကို ယူလိုက်ပြီး သစ်စေးအိုးကို ဖွင့်တယ်။ သူ စဉ်းစား သေးတယ်။ အဲဒီအိုးထဲကအရေ (၆) ခွက်၊ (၇) ခွက်လောက်ကို ကိုယ်ပေါ်လောင်းပြီး ပြန်လာခဲ့တယ်။ မယ်အေး ဆီရောက်တော့-

            'မင်းတို့ ရေကလည်းကွာ စေးကပ်ကပ်နဲ့' လို့ဆိုတယ်။ အင်း မောင်မင်းကြီးသား သစ်စေးတွေ ချိုးလာတာကိုး။ မယ်အေး အကြံခက်ပြီ။ ဒါပေမယ့် လုပ်ပေးမှ ဖြစ်မှာပဲ။

            'ကဲ ရှင် သေသေချာချာ နားထောင်၊ အိမ်ပေါ်က အဖေနဲ့ အမေအိပ်နေတဲ့ အိပ်ရာခေါင်းရင်းမှာ ဆီအိုးရှိတယ်။ ဆီအိုးကို ဖြည်းဖြည်းဖွင့်၊ ဆီအိုးထဲမှာ ချိတ်ထားတဲ့ ခပ်စရာမှုတ်နဲ့ ဆီခပ်ပြီး ပေနေတဲ့ နေရာတွေ ပွတ်ပါ' လို့ မှာတယ်။            

            မောင်တုံးတာ ဖြည်းဖြည်းကလေး ခြေဖျားထောက်ပြီး အိမ်ပေါ်ကို တက်သွားတယ်။ မယ်အေးပြောပြလိုက်တဲ့ နေရာမှာ ဆီအိုးကြီးကို တွေ့တယ်။ ဖွင့်ပြီး မှုတ်ကိုယူလိုက်တယ်။ ဒါပေမယ့် ခြင်ထောင်အပြင်ဘက်မှာ မယ်အေးတို့ အဖေကြီးရဲ့ နဖူးပြောင်ကြီးက ထွက်နေတယ်။ မောင်တုံးတာ ဆီအိုးထဲက ဆီကို ခပ်ယူရမယ့်အစား ခြင်ထောင် အပြင်ဘက်ထွက်နေတဲ့ နဖူးပြောင်ကြီးကို ဆီမှုတ်နဲ့ ဆီအိုးထဲ နှိုက်ခပ်သလို ခပ်လိုက်တယ်။ တစ်ခါတည်း-

            'သူခိုး၊ သူခိုး၊ လူ...လူ' နဲ့ မယ်အေးတို့ အဖေက အော်ပြီး ထလိုက်တော့တာပဲ။ နောက်တော့မှ စဉ်းစားမိတယ်။ ဒါ သမီးကိစ္စဖြစ်မှာပဲ၊ မောင်တုံးတာ လာတာနေမှာပဲပေါ့။

            မနက်မိုးလင်းလို့ သမီးကို မေးတော့ သမီးက ဝန်ခံတယ်။ သူကတော့ ကိုတုံးတာကို မခွဲနိုင်တော့ဘူးလို့လည်း ပြောတယ်။ ဒါနဲ့ပေးစားလိုက်ရတာပေါ့။ မောင်တုံးတာက တောင်းကွပ်တယ်။ မယ်အေးက ဈေးရောင်းတယ်။ နှစ်နှစ်လောက်နေတော့ သားကလေး တစ်ယောက်ရကြတယ်။ မယ်အေး ဈေးလျှောက်ရောင်းတဲ့အခါ မောင်တုံး တာက တောင်းကွပ်ရင်း ပုခက်လွှဲတယ်။

            ကလေးကလေး သုံးလသား အရွယ်ရောက်တော့ မယ်အေးက ဝင်ငွေကလေး ကောင်းအောင် ဈေးဂရု စိုက်ရောင်းတယ်။ တစ်နေ့မှာ ခါတိုင်းပြန်ချိန် ပြန်မရောက်ဘူး။ ကလေးက နို့ဆာတော့ ငိုတာပေါ့။ မောင်တုံးတာလည်း အို့အို အိအီ သူ ရသလောက် သီချင်းများဆိုပြီး ပုခက်လွှဲတာပဲ။ ကလေးက အငိုမတိတ်ဘူး။ နာရီဝက်လောက် ငိုနေတော့ မောင်တုံးတာက ပုခက်ထဲက ကလေးကို ယူချီလိုက်ပြီး ဘာဖြစ်လို့လဲ၊ ဘာကောင်ကိုက်လို့ ဒီလောက်ငိုရတာလဲ။ ပုရွတ်ဆိတ်များ ကိုက်ရော့သလားဆိုပြီး ရှာတယ်၊ မတွေ့ပါဘူး။

            ခေါင်းဘက်ကို ကြည့်လိုက်တော့လားလား ငယ်ထိပ်ကလေး လှုပ်နေတာကို ဖခင်မောင်တုံးတာ မြင်တာပေါ့။ ကြည့်စမ်း၊ ကြည့်စမ်း မိုက်လိုက်တဲ့ မိန်းမ၊ ကလေးခေါင်းမှာ ဒီလောက်ကြီးတဲ့ အနာကြီး ဖြစ်နေတာ ပြည်တွေ ရှိနေတာ ငါ့မပြောဘူး။ ဒီလောက် အနာကြီးက နာတော့ ဘယ်အိပ်နိုင်ပါ့မလဲ လို့ဆိုပြီး တောင်းကွပ်တဲ့ စူးကြီးနဲ့ ကလေးငယ်ထိပ်ကို ကောက်ဖောက် လိုက်တော့တယ်လေ။   

            ကလေးက အပြင်းအထန် တစ်ချက်နှစ်ချက် အော်တယ်။ ဒီနောက် ငြိမ်သွားတယ်။ မောင်တုံးတာလည်း ပြည်ပုပ်တွေထုတ်ပြီး ကလေးကို အနှီးနဲ့ထွေးတယ်။ ခုမှ အနာပျောက် ရှာတော့တယ်။ မိုက်လိုက်တဲ့ မိန်းမ ဒီလောက်မှ မသိတတ်ဘူးဆိုပြီး ကလေးကို ပုခက်ထဲ ပြန်ထည့်ပြီး လွှဲနေတယ်။

            'ကိုတုံးတာရေ... ကျွန်မ နောက်ကျသွားတယ်။ ကလေး ငိုသေးသလား၊ နို့ဆာ လှရော့မယ်'လို့ ပြောဝင်လာတဲ့ ဈေးသည်မယ်အေးကို မောင်တုံးတာက မျက်နှာထားနဲ့ ဆီးကြည့်ပြီး-

            'မိုက်လိုက်ပါဘိ မိန်းမရယ်၊ ကလေးခေါင်းမှာ အနာကြီးပေါက်ပြီး ပြည်တွေ မှည့်နေတာများ မင်းမသိဘူးလားကွယ်၊ ငါ့လည်း ဘာမှမပြောဘူး။ ကလေးက အနာပြည်ကိုက်တော့ ငိုလိုက်တာ မပြောပါနဲ့တော့၊ ငါ ပြည်ဖောက်လိုက်တော့မှ ငြိမ်ပြီး အိပ်သွားတယ်' လို့ ပုခွက်လွှဲရင်း ပြောတယ်။

            မယ်အေး ထိတ်ထိတ်ပျာပျာဖြစ်သွားတယ်။ ကိုယ်ကျိုးနည်းကြပြီလို့ တွက်မိတယ်။ ဟုတ်တာပေါ့ ပုခက်ထဲက ကလေးကို ယူချီလိုက်တော့ အသက်မရှိတော့ဘူး။

            'သေပြီရှင့် သေပြီ၊ ရှင့်သား သေပြီ၊ ကျွန်မသား သေပြီ၊ ကလေးသေပြီ' ဆိုပြီး မယ်အေး ချုန်းပွဲချ ငိုတော့တာပေါ့။

            မောင်တုံးတာ မျက်စိပြူးနေတယ်။ ဒီအရွယ်ကလေးငယ်ထိပ်ဟာ ဒီလိုပဲ လှုပ်နေတယ်ဆိုတာ သူမသိဘူးလေ။ အခုတော့ လက်လွန်ကုန်ပြီ။

            အကြောင်းစုံသိရတော့ 'မယ်အေးရယ် မငိုပါနဲ့၊ ငါလည်း သားကလေးကို ချစ်လွန်းလို့ စေတနာနဲ့ လုပ်ပေးတာပဲ။ မှားသွားပြီလေ။ သူများမသိအောင် သင်္ချိုင်းမှာ သွားမြှုပ်လိုက်ကြပါစို့' လို့ ပြောတယ်။

            မယ်အေးကလည်း ဒီအဖြစ်အပျက်ကို မိဘတွေ၊ ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေ သိမှာစိုးတယ်။ ဒါနဲ့ မယ်အေးက ပေါက်တူးထမ်းပြီး ရှေ့က မောင်တုံးတာက ကလေးအလောင်းကို ဖျာလိပ်ကလေးနဲ့လိပ်၊ ချိုင်းကြားညှပ်ပြီး နောက်က လိုက်လာတယ်။ မယ်အေးကတော့ တရှုပ်ရှုပ်နဲ့ ငိုလို့။

            သုသာန်ရောက်တော့ မောင်တုံးတာက ပေါက်တူးနဲ့ပေါက်ပြီး အလောင်းမြုပ်ဖို့ တွင်းတူးတယ်။ တွင်းတော်တော်ကလေးနက်တော့ အလောင်းပတ်ယူလာခဲ့တဲ့ ဖျာလိပ်ကလေးကို မောင်တုံးတာက တွင်းထဲ ချလိုက်တယ်။ ပြီးတော့ လင်မယားနှစ်ယောက် မြေဖို့ကြတယ်။ ယူကြုံးမရဖြစ်ရပ်မို့ မယ်အေးကဖြင့် သွန်ပြီးငိုတော့တာပဲ။

            မောင်တုံးတာက ချော့ပြီးခေါ်တယ်။ အိမ်ပြန်လာလို့ ရွာဦးရောက်တော့ လှည်းလမ်းပေါ်မှာ ကလေးအလောင်းကလေးတစ်လောင်း တွေ့ကြတယ်။ ဒီတော့ မောင်တုံးတာက 'မငိုပါနဲ့ မယ်အေးရယ်၊ တို့ကလေးကမှာ သင်္ချိုင်းမှာ ကောင်းကောင်းမွန်မွန် မြှုပ်နှံတာ ခံရပါသေးတယ်။ သူများကလေးဆို ကြည့်ပါဦး၊ လှည်းလမ်းပေါ်မှာ ဒီလိုပဲ ပစ်ထားကြတယ်'လို့ ပြောတယ်။ မယ်အေးက စိတ်မချဘူး။ ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားတယ်။ 'သေသေချာချာကြည့်ပါဦး၊ ကျွန်မတို့ ကလေးများ ဖြစ်နေမလား'လို့ဆိုတော့ 'တို့နှစ်ယောက်ကိုယ်တိုင် တွင်းတူးပြီး သေသေချာချာ မြှုပ်ခဲ့တာပဲကွယ်၊ မဖြစ်နိုင်ပါဘူး'လို့ မောင်တုံးတာက ဆိုတယ်။

            ဟုတ်ပါပြီ။ ဒီမျက်နှာကလေး၊ ဒီအဝတ်အစားကလေးနဲ့ပါပဲ။ ငယ်ထိပ်မှာလည်း စူးရာကြီးနဲ့။

            မယ်အေး တက်မတတ် ငိုရပြန်ပါပြီ။ မိခင်တစ်ယောက်မို့ လူးလှိမ့်ငိုမိမတတ် ဒုက္ခကြုံရပါတယ်။ မယ်အေးက ပေါက်တူးထမ်းလို့ မောင်တုံးတာက ကလေးအလောင်းကလေးကို ပွေ့လို့သင်္ချိုင်းကို ဒုတိယအခေါက် သွားကြရပြန်ပါတယ်။ တွင်းဟောင်းကို ဖော်ကြည့်ကြတော့ ဖျာလိပ်ပဲ တွေ့တယ်။ ဖျာကလေးနဲ့ ကလေးအလောင်းကို ပြန်ပတ်ပြီး ဒီတစ်ခါတော့ သေသေချာချာ မြှုပ်ခဲ့ကြတယ်။ မယ်အေးကတော့ အူအသည်းတွေ ပြုတ်ကျမတတ် ဒုက္ခကြုံရတယ်။ မောင်တုံးတာကတော့ ဖြစ်မှတော့ မတတ်နိုင်ပါဘူးလို့ နှလုံးသွင်းပုံရတယ်။

            ဘကြီး ဦးဘိုးလှိုင်ပြောပြတဲ့ ဒီမောင်တုံးတာဖြစ်ရပ် ပုံပြင်ကလေးက ကျွန်တော့်စိတ်မှာ တစ်သက်လုံး စွဲနေပြီး ကျွန်တော် စာတတ်အောင်သင်မယ်။ မောင်တုံးတာလို မဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်တွေဝင်လာတာပါပဲတဲ့။

            ဦးလှတို့ ညီအစ်ကိုသုံးယောက်ရှိတဲ့အနက် အစ်ကိုအကြီးဆုံး ဦးအောင်ဖေက ငယ်ငယ်မှာ အမေဆုံးလို့ ထင်ပါရဲ့။ အသက် (၁၉) နှစ်သားမှာ အိမ်ထောင်ပြုပါတယ်။ သူတို့အမျိုးထဲမှာ (၂၁) ဦးအဖွဲ့ဝင် ညောင်လေးပင် ဦးလွန်းမောင်ဆိုတာ သူတို့ဦးလေးမို့ တခြားလူတွေက (၂၁) ဦးဖြစ်ကြပေမယ့် ဦးအောင်ဖေက သခင်ထဲဝင်တယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ သခင်တွေဖမ်းပြီး ထောင်ထဲထည့်တဲ့အခါ သခင်အောင်ဖေလည်း အဖမ်းခံရတယ်။ နောက်စစ်ဆုတ်သလို နိုင်ငံရေး အကျဉ်းသားတွေကိုလည်း မလွှတ်ဘဲ ထောင်ရွှေ့ရွှေ့ပြီး ဆုတ်ခေါ်လာတော့ ရွှေဘိုထောင်ရောက်ပါတယ်။ အင်္ဂလိပ်တွေပြေးရလို့ ရွှေဘိုထောင်ပေါက်တော့မှ သခင်အောင်ဖေတို့ လွတ်ကြတယ်။ ဒီအချိန် ကျွန်မတို့က မတ္တရာရဲ့ မြောက်ဘက်က ပင်းယရွာကို စစ်ပြေးဘဝနဲ့ ရောက်နေကြပြီ။ သခင်အောင်ဖေက ရွှေဘိုကနေပြီး မန္တလေးကိုလာ၊ မန္တလေးကနေပြီး ကျွန်မတို့ သတင်းနားစွင့်ပြီး လိုက်ရှာတော့ ပင်းယမှာတွေ့ပါတယ်။ အဲဒီပင်းယက ညောင်လေးပင် သားမယားများဆီ ပြန်ပြီး သိပ်မကြာခင် သခင်အောင်ဖေ အနိစ္စရောက်ရှာတယ်။ သူက သားသမီး (၅) ယောက်ထားခဲ့တယ်။

            အစ်ကိုအလတ် ဦးချောကတော့ အိမ်ထောင်ကျပြီး သားတစ်ယောက်နဲ့ မုဆိုးဖို ဖြစ်ရစ်တယ်။ အဖေနဲ့ အတူနေ သူမို့ အဖေလိုပဲ သူလည်း နောက်အိမ်ထောင်မပြုဘူး။ အဖေဆုံးတော့ အဖေ့လယ်ကို သူပဲဆက်လုပ်ရင်း ပုဇွန်မြောင်းမှာပဲ နေတယ်။ ကျွန်မတို့က ဦးချောကိုမြို့မှာ ကျွန်မတို့နဲ့အတူ နေဖို့ခေါ်ပေမယ့် မနေဘူး။ ချိုးတည်တယ်၊ ကြက်တိုက်တယ်၊ ငါးဖမ်းတယ်၊ အရက်သောက်တယ် စသဖြင့် ပျော်သလိုနေတာပဲ။ ဦးချောကို သူ့အဖေက ဦးလှလိုပဲ ညောင်လေးပင်မှာ စာသင်ပေးသတဲ့။ စာက ကောင်းကောင်း မတတ်ဘူး။ ဒါကြောင့် ရန်ကုန်ပို့ပြီး အလွတ်ပညာသင်ဖို့ ဆရာဇော်ရဲ့ ကျောင်းမှာ အပ်ပါတယ်။ (၂) နှစ် (၃) နှစ်ကြာပေမယ့် ဆရာဇော်ဆီကလည်း ဘာပညာမှ မရခဲ့ဘူး။ ကွမ်းစားတာပဲ တတ်ပြန်လာတယ်လို့ ပြောပြီး ဆွေမျိုးတွေ ဦးချောလုပ်ပုံကို ရယ်ကြတယ်လေ။ ဒီအစ်ကိုက အသက် (၅ဝ) ကျော်မှ အနိစ္စရောက်ပါတယ်။

            ဦးလှ ပုဇွန်မြောင်းရွာက (၄) တန်းအောင်တော့ ညောင်လေးပင်က အာစီအမ်ကျောင်းမှာ ကျောင်းနေဖို့ ညောင်လေးပင်မြို့ ဘူတာနဲ့ မျက်နှာချင်းဆိုင် ဦးလှအမေရဲ့ အစ်မ ဒေါ်ခက်အိမ်ကနေပြီး ကျောင်းတက်ပါတယ်။ အာစီအမ် ကျောင်းက (၇) တန်းအောင်တော့ ရန်ကုန်ကိုရွှေ့ပြီး ရန်ကုန်အစိုးရ အထက်တန်းကျောင်း (အခု အ.ထ.က ၂ လသာ) မှာ ပညာသင်ပါတယ်။

            ညောင်လေးပင်မှာ ကျောင်းနေတော့ အမေ့အစ်မ ဒေါ်ခက်အိမ်မှာနေရင်း ကျောင်းတက်ရတာ။ ဒေါ်ခက် သမီးတွေဖြစ်တဲ့ ဒေါ်စိန်မြိုင်၊ ဒေါ်ငွေဆင်တို့က ဦးလှကို မောင်လေးအရင်းလို ချစ်ကြ၊ ဂရုစိုက်ကြတယ်။ ဦးလှကလည်း သူ့ကြီးကြီး ဒေါ်ခက်ကိုပဲ အမေအရင်း၊ ဒေါ်စိန်နွယ်တို့၊ ဒေါ်ငွေဆင်တို့ကိုပဲ အစ်မအရင်းတွေလို သဘောထားပါတယ်။ သူ့မှာ အမေလည်းမရှိ၊ အစ်မလည်း မရှိဘဲကိုး။

ကျောင်းဆရာ

            ဦးလှက ငယ်ငယ်က ကျောင်းဆရာလုပ်ချင်တာတဲ့။ သူက ဝါသနာပါသတဲ့။ သူငယ်ငယ်တုန်းကတည်းက သူ့သူငယ်ချင်း မောင်ညွှန့်ဆိုတာနဲ့ 'တို့(၇) တန်း အောင်ရင် ကျောင်းဆရာ လုပ်မယ်ကွာ'လို့ တိုင်ပင်ထားကြတာတဲ့။

            သူ့ရွာက ကလေးတွေ စာမသင်နိုင်တာ၊ ပညာမတတ်ကြတာကို သူ့စိတ်ထဲ ထိထိခိုက်ခိုက် ရှိတယ်ထင်ပါရဲ့။ ဒါကြောင့် သူကျောင်းက ထွက်တဲ့အခါ ကျောင်းဆရာအလုပ်နဲ့ အသက်မမွေးဖြစ်ပေမယ့် လူငယ်များကြီးပွားရေးအသင်းရဲ့ အခမဲ့ညကျောင်းတွေမှာ ဦးလှဟာ စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ယောက် လုပ်ခဲ့တာပေါ့။ သူတို့ အသင်းတိုက်က စကော့ဈေး (ယခု ဗိုလ်ချုပ်အောင်ဆန်းဈေး) အရှေ့ဘက်တန်းက ဆိုင်ခန်း နံပါတ် ၁၇၂ ကို ငှားပြီးဖွင့်ထားတာကိုး။ အဲဒီတော့ အသင်းက ဖွင့်တဲ့ဈေးထဲ လူသွားလမ်းပေါ်က ညကျောင်းကလေးနဲ့ ဆန်ဂိုဒေါင်ထဲက ညကျောင်းကလေးမှာ ဦးလှက ကျောင်းဆရာလေ။

            မရှိဆင်းရဲလို့ ကျောင်းမထားနိုင်၊ မနေနိုင်တဲ့ ကလေးတွေကို ဒီလိုစာသင်ပေးရတာ သူကပျော်တယ်တဲ့။ ဒီက လေးတွေထဲက တစ်ယောက်ဟာ စာပို့သမားဖြစ်လာလို့ ကျွန်မနဲ့ ဦးလှ တစ်နေ့ စာတိုက်ကနေပြီး စာနှစ်စောင် ရေးကြတဲ့ကာလမှာ သူ့စာမှန်ရင် သူ့လက် အစောကြီးရောက်အောင် ဂရုတစိုက် ပို့ပေးဖော်ရတဲ့ စာလုလင် ကလေးပဲတဲ့။

            နောက် အဲဒီက ပြောင်းသွားပြီး ကြီးပွားရေး မဂ္ဂဇင်းကို ထုတ်ဝေနေတော့လည်း တစ်ဘက်က မြူနီစီပယ်မှာ အလုပ်လုပ်ရင်း အားချိန်ကလေးမှာ ခင်မင်တဲ့ မိတ်ဆွေ တစ်ဦးနှစ်ဦးရဲ့ သားသမီးတွေကို အိမ်သွား စာပြပေးတာ တစ်နေ့ (၂) အိမ်လောက် လုပ်သေးတယ်။ အဲဒါကတော့ စေတနာ့ဝန်ထမ်း မဟုတ်ဘူး။ စာပြတာ တစ်အိမ် ၂၅ ကျပ် ၅ဝ လောက် ဝင်ငွေအပိုရသတဲ့။ 

            နောက် မန္တလေးထောင်နဲ့ ရန်ကုန်ထောင်တွေမှာ သူနေခဲ့ရတော့လည်း အကျဉ်းသားတွေကို ရောက်လေရာ ထောင်မှာ သူက စာသင်ပေးပါတယ်။ မြန်မာ၊ အင်္ဂလိပ်စာနဲ့ အတွက်အချက် သင်ပေးတာပါတဲ့။ အဲဒီမှာလည်း သူ့ချည်းမဟုတ်ဘဲ အပေါင်းအသင်းနဲ့ ကြီးပွားရေးညကျောင်းတုန်းကလိုပဲ တာဝန်တွေ ခွဲယူပြီး သင်ကြပုံရတယ်။

ဆက်လက်ဖော်ပြပါမည်။

လူထုဒေါ်အမာ

(အမှတ် ၁၉၃၊ ဒီဇင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၈)
လူထုဒေါ်အမာ

သူ့မိတ်ဆွေသင်္ဂဟ၊ သူနဲ့ဆက်ဆံတဲ့လူ၊ သူ့ တပည့်သားမြေးတွေ၊ အားလုံးအပေါ်မှာကိုပဲ အလွန်ပြေပြစ်အောင် ဆက်ဆံပါတယ်။ သူက ကျွန်မကို တစ်ခါပြော ဖူးတယ်။ သူ ဘယ်သူနဲ့ မိတ်ဆွေဖြစ်ရဖြစ်ရ၊ အဲဒီလူနဲ့ သူ တစ်သက်လုံး မိတ်ဆွ...

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၇)
လူထုဒေါ်အမာ

ဦးလှက ဘယ်သားသမီးကိုမဆို သိပ်ချစ်၊ သိပ်အလိုလိုက်တာပါ။ သူ ဘယ်ကလေးမှ ရိုက်နှက်ဆုံးမတာမျိုး မရှိပါဘူး။ ကလေးတွေကလည်း သူ့ သန္ဓေပါတယ် ထင်ပါရဲ့။ မဆိုးကြပါဘူး။

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျမရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၆)
လူထုဒေါ်အမာ

၁၉၃၉ ခု နိုဝင်ဘာလ ၁၃ ရက်(၁၃၀၁ တန်ဆောင်မုန်းလဆန်း ၃ ရက်) နေ့ ညမှာ ကျွန်မမိဘတိုက်မှာပဲ အရပ်ထဲက လူတွေရယ်၊ ဆွေးမျိုးရယ်၊ အလွန်ရင်းနှီးတဲ့ မိတ်သင်္ဂဟရယ် အားလုံးမှ လူ (၁၅၀) လောက်ဖိတ်စာမပါ ပါးစပ်ဖိတ် ဖိတ်ပြီ...