အခန်းဆက်ဝတ္ထုရှည်

မင်းမှုထမ်း အပိုင်း (၇)

ဝင်းငြိမ်း

01 September 2025
မင်းမှုထမ်း အပိုင်း (၇)
Share to

ချစ်ကျွမ်းဝင်တဲ့ ရွှေမင်းသမီး

 

မင်္ဂလာဆောင် မတိုင်မီကာလမှာ သူမအနေနဲ့ Tap Dance လို့ခေါ်တဲ့ အကသင်တန်းများနဲ့ ဘဲလေးအက သင်တန်းများကို ရာဇပလ္လင် ခန်းမဆောင်ထဲမှာ လေ့ကျင့်သင်ကြားရပါတယ်။ အဲဒီခန်းမရဲ့ ထိပ်ဆုံးမှာက ရွှေနဲ့စီခြယ်ထားတဲ့ မင်းခန်းမင်းနားသုံး   ကုလားထိုင်များ ဘေးချင်းယှဉ်ပြီး ချထားပါတယ်။ ကုလားထိုင်ရဲ့ နောက်ကျောမီမှာ ရွှေခြည်မျှင်များနဲ့ {EllR}ဆိုတဲ့ စာလုံးများ ရေးထွင်းထားပါတယ်။ အဲဒီအောက်မှာ 'P' အမှတ်အသားပါတဲ့ ကုလားထိုင်က ကြင်ယာတော် ဖိလစ်မင်းသားကြီး ထိုင်ရတဲ့ ကုလားထိုင်ဖြစ်ပြီး ဘုရင်မကြီးထိုင်တဲ့ ကုလားထိုင်ကတော့ မင်းသားကြီးထက် တစ်လက်မလောက် ပိုမြင့်ပါတယ်။ ဒါကလည်း တိုင်းပြည်အုပ်ချုပ်သူ အဖြစ် ပေါ်လွင်ထင်ရှားအောင် ပြသထားတဲ့ နန်းတွင်းဓလေ့ထုံးစံတစ်ခုပါပဲ။

            လေဒီဒိုင်ယာနာအနေနဲ့ အကသင်တန်းများမှာသာမက ရေကူးသင်တန်းကိုလည်း တက်ရောက်ရပါတယ်။ ဒီသင်တန်းမှာတော့ သူမက စိတ်ဝင်တစား ရှိပါတယ်။ ဘုရင်မကြီးရဲ့ညီမ တော်ဖြစ်တဲ့ မာဂရက် မင်းသမီးကလည်း ရေကူးရတာကို ဝါသနာပါပါတယ်။ သူမရဲ့ အိမ်တော်မှာ အဖြူနဲ့ အပြာ ကျောက်ပြားများ စီခြယ်ထားတဲ့ ရေကူးကန်ရှိပြီး ဒိုင်ဗင်ထိုးတဲ့ စင်တစ်ခုလည်း ပါဝင်တဲ့အတွက် နံနက်မိုးလင်းတိုင်းမာဂရက်မင်းသမီးက ဒိုင်ဗင်ဘုတ်ပေါ်ကနေ ဒိုင်ဗင်ထိုးချလေ့ ရှိပါသတဲ့။ ရေကူးကန်ကို သူမရဲ့ ဘယ်လ်ဂျီယံ စံအိမ်ကနေ လှမ်းမြင်နိုင်ပြီး ရေကူးကန်နဲ့ စံအိမ်ကြားမှာတော့ အိမ်တော် အမှုထမ်း မာရီယာ ကော့စ်ဂရုဖ်ရဲ့ အိမ်ရှိပါတယ်။ မာရီယာက ကိုယ်နှုတ်အမူအရာ ရှိသူဖြစ်ပေမယ့် မိန်းမသားရဲ့ သဘာဝအတိုင်း တစ်အိမ်ဝင် တစ်အိမ်ထွက်နဲ့ စကားအသယ်အပို့ လုပ်လေ့ရှိသူလည်း ဖြစ်တာကြောင့် မယ်တော် ဘုရင်မကြီး ကိုယ်တိုင်က မာရီယာနဲ့ ကင်းအောင် နေစေပြီး အပါးတော်မှာ အမြဲရှိနေမယ့် မာ့ခ်ဆင်မဆင်နဲ့သာ အတူတကွ ရှိနေစေခဲ့ပါတယ်။

            ဒိုင်ယာနာဟာ မြို့စားမျိုးရိုးက ဆင်းသက်လာတဲ့ မင်းသမီးတစ်ပါး ဖြစ်တယ်ဆိုပေမယ့် ကိုယ့်အိမ်တော်မှာ တာဝန်ထမ်းဆောင်ရတဲ့ အမှုထမ်းများနဲ့ အမြဲတမ်း အဆင်ပြေအောင် နေလေ့ ရှိသူပါ။ ဒိုင်ယာနာက စံအိမ်အပေါ်ထပ်မှာ တစ်ကိုယ်တည်း စံနေရတဲ့ ဘဝထက် အောက်ထပ်က အိမ်တော်ဝန်ထမ်းများနဲ့ ထွေးရောယှက်တင် နေဖို့ရာလည်း ဝန်မလေးသူ ဖြစ်ပါတယ်။ ဒီလိုနေတတ်အောင် ဖခင်ဖြစ်သူက ဒိုင်ယာနာတို့ မောင်နှမများကို အခြေခံလူတန်းစားများနဲ့ နီးစပ်အောင် အမြဲတစေ ဖန်တီးပေးခဲ့တာပါ။ ဒိုင်ယာနာရဲ့ အဘွားဖြစ်သူ ရုသ်ဟာမယ်တော် ဘုရင်မကြီးရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်ပြီး ဒိုင်ယာနာရဲ့ ဖခင်ဖြစ်သူ စပင်ဆာဟာလည်း ဆဋ္ဌမမြောက် ဂျော့ဘုရင်လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။ တော်ဝင်ဘဝမှာလည်း နေတတ်၊ သာမန် အရပ်သူ ဘဝမှာလည်း နေတတ်ခြင်းကြောင့် ဒိုင်ယာနာဟာ အနာဂတ်မှာ အင်္ဂလန်နိုင်ငံရဲ့ အိမ်ရှေ့မိဖုရား ဖြစ်တော့မှာ ဖြစ်ပေမယ့် လောလောဆယ်မှာတော့ အိမ်တော် ဝန်ထမ်းများနဲ့ လုံးထွေးနေတော့တာပါပဲ။  

            အိမ်တော်ရဲ့ အပေါ်ထပ်မှာ ကော်ရစ်ဒါများကအစ ကော်ဇောနီများ ခင်းထားပြီး အခန်းတိုင်းရဲ့ ပြင်ဆင်မှု ပုံစံများကလည်း တစ်ထေရာတည်း တူနေတာကြောင့် ဒိုင်ယာနာခမျာ အပေါ်ထပ်မှာ မကြာခဏ အခန်းမှားတတ်ပါတယ်။ ကြွေပြားများသာ ခင်းထားတဲ့ အောက်ထပ်မှာတော့ သူဝင်ချင်တဲ့ အခန်းဝင်၊ ထွက်ချင်တဲ့အခန်း ထွက်လို့ ရတာဖြစ်လို့ သူ့ဘဝက လွတ်လပ်နေပါတယ်။ စံအိမ်မှာ ဒိုင်ယာနာ သဘောအကျဆုံး ဝန်ထမ်းတစ်ယောက်ကတော့ ရော့ခ်ရှိုင်းယားပြည်နယ်မှ လာရောက်တာဝန်ထမ်းဆောင်တဲ့ ဗစ်တာဆိုသူပါပဲ။ ဒီလူက ဟန်ပါပါနဲ့ သူ့နှုတ်ခမ်းများမှာ ဖန်ခွက်တစ်ခွက်ကို ကိုက်ပြီး ဆေးတံသောက်သလို သရုပ်ဆောင်ရင်း ဟာသတွေ

ပြောလေ့ရှိပါတယ်။

မစ္စတာ ဗစ်တာ နည်းတူ နောက်ထပ် ဒိုင်ယာနာ အကျွမ်းဝင်တဲ့သူတစ်ဦး ရှိပါသေးတယ်။ အဲဒီပုဂ္ဂိုလ်ကတော့ တော်ဝင်မီးဖိုဆောင်မှ အချက်အပြုတ် အထူးကျွမ်းကျင်သူ စားဖိုမှူးကြီး ရောဘတ်ပိုင်းဆိုသူပါပဲ။ ဒီလူက အရပ်မြင့်မြင့်နဲ့ ရုပ်လည်းချောပါတယ်။ နက်မှောင်သန်စွမ်းတဲ့ ဆံပင်တွေ ရှိတဲ့အပြင် နှုတ်ခမ်းမွှေးလည်း ထားလေ့ရှိပါတယ်။ ရောဘတ်က ဒိုင်ယာနာနဲ့တွေ့ရင် ဟာသတွေ ပြောလွန်းလို့ ဒိုင်ယာနာမှာ ရာဇဣန္ဒြေကို မဆယ်နိုင်ဘဲ တခစ်ခစ် ရယ်ရတော့တာပါပဲ။ စားဖိုမှူးကြီးက သူကြိုက်တတ်တဲ့ ရေခဲမုန့်၊ ပူတင်း စသည်တို့ကိုလည်း ချက်ပြုတ် ကျွေးမွေးတတ်ပါတယ်။ အဲဒီလို စားသောက်မိရင် ဒိုင်ယာနာအပါးမှာ အနီးကပ် စောင့်ရှောက်ဖို့ လိုက်ပါလာတဲ့ အပျိုတော်ကြီး အန်းဂါဒနာက အဆီအဆိမ့်တွေ စားရကောင်းလားလို့ ပြောလို့ မဆုံးတော့ပါဘူး။

            တစ်ခါတလေမှာ ဒိုင်ယာနာက တော်ဝင်မိသားစုများရဲ့ အဝတ်အထည်များကို လျှော်ဖွပ်နေကြတဲ့ မိန်းကလေးတွေနဲ့ ဝင်ပြီး စကားပြောချင်ပြောနေသလို မီးဖိုဆောင်ဝင်ပြီး စားတော်ကဲတွေနဲ့ ပြောချင်ရင်လည်း ပြောနေတတ်တာပါ။ စားတော်ကဲတွေက ဟာသတွေကို ပြောတတ်ကြတယ်လေ။ ဒါကြောင့် စားတော်ကဲတစ်ဦးဖြစ်တဲ့ မာဗင်ဟာ ဒိုင်ယာနာ ရင်းနှီးကျွမ်းဝင်တဲ့ မိတ်ဆွေတစ်ဦး ဖြစ်လာခဲ့ပါတယ်။ မင်းမှုထမ်းများထဲမှာ ဒိုင်ယာနာ ရင်းနှီးတဲ့ နောက်တစ်ဦးကတော့ အပျိုတော်အဖြစ် ခစားရတဲ့ အီဗလင်ဆိုသူပါပဲ။ အီဗလင်က ရှက်တတ်ပြီး သူ့တာဝန်များကို ရိုရို ကျိုးကျိုး ထမ်းဆောင်တတ်သူပါ။

            အောက်ထပ်မှာရှိတဲ့ အိမ်တော် ဝန်ထမ်းများထဲက ဒိုင်ယာနာနဲ့ ရင်းနှီးတဲ့နောက်ထပ် မင်းမှုထမ်းတစ်ဦး ရှိပါသေးတယ်။ အဲဒီသူကတော့ ဆီရယ်လ် ဒစ်ကမင်းလို့ အမည်ရပါတယ်။ ဒီလူက အိမ်တော်မှာ လိုအပ်တဲ့ ပစ္စည်းများကို ဝယ်ခြမ်း စီစစ်ကွပ်ကဲရတဲ့ သူတစ်ဦးပါ။ အသက်အရွယ်အားဖြင့်လည်း ဒိုင်ယာနာရဲ့ ဖခင်အရွယ်လောက် ရှိတာကြောင့် တခြားဝန်ထမ်းများ အနေနဲ့ ဒိုင်ယာနာရဲ့ ဘဝကို နားလည်မပေးနိုင်ပေမယ့် သူကတော့ ဒိုင်ယာနာ ကြုံတွေ့ရတဲ့ အထီးကျန်ဘဝကို နားလည်ပေးနိုင်သူတစ်ဦးဖြစ်ပါတယ်။ အဲဒါအပြင် နန်းဓလေ့ထုံးစံများကိုလည်း ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တာကြောင့် ဓလေ့ထုံးစံတွေနဲ့ မရင်းနှီးသေးတဲ့ ဒိုင်ယာနာကို လမ်းညွှန်မှု ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒိုင်ယာနာက အိမ်ရှေ့မိဘုရား ဖြစ်လာသည့်တိုင်အောင် မင်းသမီးငယ် ဘဝက သူ့ကို ပံ့ပိုးကူညီခဲ့တဲ့ ဆီရယ်လ်ကို ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ အိမ်ရှေ့မိဖုရား ဖြစ်လာချိန် ဘာမိုရယ်လ် စံအိမ်မှာ စံနေရတဲ့အချိန် မစ္စတာ ဆီရယ်လ်က အိမ်တော်မှာ နာမည်ရတဲ့ အကပညာ ရှင်တစ်ဦး ဖြစ်လာခဲ့ပါပြီ။ သူတို့ နှစ်ယောက် ရင်းနှီးမှုက နှစ်ပရိစ္ဆေဒ ကြာလာခဲ့တာနဲ့အမျှ သူဟာ ဒိုင်ယာနာ ရင်ဖွင့်စရာရှိရင် စာနာနားလည်စွာ နားထောင်ပေးတတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

            သာမန် အရပ်သူ ဘဝကနေ ဗြုန်းစားကြီး အိမ်ရှေ့မိဖုရားနေရာကို ရောက်လာရသူ ဖြစ်တဲ့အတွက် ဒိုင်ယာနာက တော်ဝင်စည်းကမ်းတချို့ကို တော်လှန်ပုန်ကန်တတ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ မင်းမှုထမ်းများကြားမှာ နားလည်ပေးနိုင်သူတွေ ရှိသလို ရှေးရိုးနန်း ဓလေ့ကိုသာ ဖက်တွယ်စွဲကိုင်ထားလိုတဲ့ မင်းမှုထမ်းတွေလည်း ရှိတာကြောင့် ဘာကင်ဟမ် နန်းတွင်းက မင်းမှုထမ်း တွေကြားမှာ ဒိုင်ယာနာကို လိုလားသူတွေရှိသလို မလိုလားသူတွေလည်း အများကြီးပါပဲ။ တချို့က ဒိုင်ယာနာကို ကိုယ့်နေရာ ကိုယ်မနေတတ်ဘူးလို့ ပြစ်တင်တတ်ကြပါတယ်။ ရွှေနန်းတော်အတွင်းမှာ နှစ်ပေါင်း လေးဆယ်လောက် အမှုထမ်းလာတဲ့ အပျိုတော်ကြီးတစ်ဦးက ဒိုင်ယာနာလို မင်းသမီးတစ်ပါး အနေနဲ့ ကြောင်အိမ်ကိုဖွင့်ပြီး သူစားချင်တဲ့ ဘီစကစ်ကို ကိုယ်တိုင်ယူစားတာနဲ့ ပတ်သက်ပြီး ရင်တီး လက်ခတ် ရှိခဲ့ဖူးပါတယ်။ မင်းသမီးဆိုတာ ကိုယ်ထင်တိုင်း လုပ်လို့မရဘူးလို့ အဲဒီ အမျိုးသမီးကြီးက ဆိုပါတယ်။ ဒီလိုလုပ်လိုက်တဲ့ အပြုအမူဟာ မင်းသမီးတစ်ပါးအနေနဲ့ အင်မတန် ရိုင်းပါသတဲ့။ တစ်ခါတုန်းကလည်း မီးဖိုဆောင်ထဲကို ဒိုင်ယာနာ ဝင်လာတဲ့အတွက် စားတော်ကဲတစ်ဦးက လက်ညှိုးငေါက်ငေါက်ထိုးပြီး ဒီနေရာဟာ မင်းသမီးလာရမယ့်နေရာမဟုတ်ဘူး၊ အပေါ်ထပ်မှာပဲ စံနေပါလို့ဆိုတဲ့ အတွက် ဒိုင်ယာနာခမျာ မီးဖိုဆောင်ထဲမှာ သူစားချင်တာကို ယူစားခွင့်မရှိဘဲ အပေါ်ထပ် ပြန်တက်ပြေးခဲ့ရဖူးပါတယ်။

            အိမ်တော်မှာရှိတဲ့ အမှုထမ်း အများစုကတော့ နန်းဓလေ့ ထုံးတမ်းစဉ်လာများကို မနှစ်မြို့ကြသူများဖြစ်တဲ့အတွက် ဒိုင်ယာနာကို လိုလားကြပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မင်းသမီး တစ်ပါးက သူလိုက်နာရမယ့် စည်းကမ်းကို ချိုးဖောက်ခြင်းသာ ဖြစ်တဲ့အတွက် ဒိုင်ယာနာကို သူတို့ အချင်းချင်း နာမည်ဝှက် ပေးထားတာ ရှိပါ တယ်။ အဲဒီနာမည်ကတော့ 'အပေါ်ထပ်က လေကောင်းလေသန့်ကလေး' ပါတဲ့။

            သူတို့ နားမလည်တာက ဒိုင်ယာနာဟာ အိမ်ရှေ့မိဖုရား ဖြစ်လာပြီဆိုရင် သီးခြားစံအိမ်များမှာ နေရတော့မှာ ဖြစ်တဲ့အတွက် သူမနဲ့ သင့်တော်မယ့် အမှုထမ်းများကို လေ့လာစူးစမ်းနေတယ်ဆိုတဲ့ အချက်ပါပဲ။ ကျေးလက်စံအိမ်များဖြစ်တဲ့ 'Highgrove, Gloucester shire တို့အပြင် ကင်စတန် နန်းတော်လည်း ရှိနေပါသေးတယ်။ အဲဒါအပြင် ချားလ်စ်မင်းသားက Highgrove မှာ သုံးထပ်စံအိမ်ကြီးတစ်ခုကို ၁၉၈ဝ ပြည့်နှစ်က ဝယ်ခဲ့ပါသေးတယ်။ ဒိုင်ယာနာနဲ့ စေစပ်ကြောင်းလမ်းခြင်း မပြုခင် တစ်နှစ်က ဝယ်ခဲ့တာပါ။ အဲဒီ စံအိမ်က ချားလ်စ်မင်းသားရဲ့ မိတ်ဆွေများ ဖြစ်ကြတဲ့ ဒုတိယ ဗိုလ်မှူးကြီး အင်ဒရူးပါကာနဲ့ ဇနီး ကယ်မီလာတို့ရဲ့ အိမ်နဲ့ မနီးမဝေးမှာ တည်ရှိပါတယ်။

            ဘာကင်ဟမ် နန်းတော်ထဲမှာ လနဲ့ချီပြီး နန်းတွင်းဓလေ့ ထုံးတမ်းစဉ်လာများကို လေ့လာခဲ့ရတဲ့ ဒိုင်ယာနာဟာ ကော်ဇောနီပေါ်မှာ ပီဘိဘဲလေးကချေသည်တစ်ယောက်လို ကနိုင်စွမ်း ရှိတယ်ဆိုတာကို ကျွန်တော့် မျက်စိနဲ့တပ်အပ်မြင်ခဲ့ရဖူးပါတယ်။ အဲဒီနေ့က ၁၉၈၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ပါ။ ဘာကင်ဟမ် နန်းတော်ကြီးရဲ့ လေသာဆောင်ကနေ သတို့သား ချားလ်စ်မင်းသားနဲ့ သတို့သမီး ဒိုင်ယာနာတို့အများပြည်သူနဲ့တကွ ကမ္ဘာတစ်ဝှန်းမှ ပရိသတ်များကို ရှုမြင်နိုင်အောင်

အနမ်းနဲ့ နှုတ်ဆက်ပြတဲ့ ကာလပြီးတဲ့နောက် မိနစ်ပိုင်းသာ ကွာခြားပါတယ်။ ကျွန်တော်က ဘုရင်မကြီးရဲ့ အခန်းရှေ့က ကော်ရစ်ဒါမှာ ဘုရင်မကြီး ပြန်အလာကို စောင့်စားရင်း ငေးမောနေတဲ့အခိုက်မှာ နို့နှစ်ရောင် ပိုးသားဖိနပ်ကလေးကို လက်တစ်ဖက်မှာကိုင်ပြီး တခြားလက်တစ်ဖက်မှာတော့ မင်္ဂလာသတို့သမီးရဲ့ ပဝါရှည်ကြီးကို လုံးထွေးရစ်ပတ်ကိုင်ထားတဲ့ မင်းသမီးကို မမျှော်လင့်ဘဲ တွေ့လိုက်ရခြင်းပါ။ ပါတီပွဲက နန်းတော်ကြီးရဲ့ ဗဟိုခန်းမကြီးမှာ ကျင်းပနေတာပါ။ အဲဒီပါတီပွဲကနေ လစ်ထွက်လာတဲ့ မင်းသမီးကလေးက ဆွေစဉ်မျိုးဆက် တော်ဝင်မိသားစုရဲ့ ဓာတ်ပုံများ ချိတ်ဆွဲထားတဲ့ ခန်းမကြီးထဲမှာ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် စိတ်ထင်တိုင်း ကနေတော့တာပါပဲ။ သူ့ခေါင်းပေါ်က စိန်နဲ့စီခြယ်ထားတဲ့ သရဖူကလေးမှာလည်း မီးရောင်အောက် တဖျပ်ဖျပ် တောက်ပနေပါတယ်။ သူတစ်ယောက်တည်း ရှိတယ်အထင်နဲ့ သူ့ကိုယ်သူ ယုံကြည်စိတ်ချစွာ ဘဲလေးအကကို ကနေတဲ့ မင်းသမီးကလေးကို ကျွန်တော်ခေတ္တခဏဆိုသလို ငေးမောကြည့်နေမိပေမယ့် သူသိသွားရင် အားနာစရာ ဖြစ်မှာမို့ မျက်နှာလွှဲပြီး ကျွန်တော် မြင်သာတဲ့နေရာက ပြတင်းပေါက်ကို ပိတ်ပေးခဲ့ပါတော့တယ်။

            ကျွန်တော်သည်လည်း ကမ္ဘာတစ်ဝှမ်းမှ ရုပ်မြင်သံကြား ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်ပေါင်း သန်း ၇၅ဝ နည်းတူ ဒိုင်ယာနာမင်းသမီးဘဝမှ ဝေလမင်းသမီးဘဝသို့ ကူးပြောင်းသွားတဲ့

အစီအစဉ်ကို ကြည့်ခဲ့ရပါတယ်။ ကျွန်တော်နဲ့အတူ ကြည့်နေကြတဲ့ ပုဂ္ဂိုလ်များကတော့ ဘုရင်မကြီးရဲ့ အချစ်တော် ခွေးကလေး ကိုးကောင်ဖြစ်ပြီး ဘုရင်မကြီးရဲ့ ရုပ်မြင်သံကြားစက်မှာ ကျွန်တော်ကြည့်ခဲ့တာပါ။ တကယ်တော့ ကျွန်တော့်အနေနဲ့ ဒီရုပ်မြင်သံကြားစက်ကို ကိုင်ခွင့်မရှိပါဘူး။ ဒါပေမယ့် ဒီနေ့လို နေ့ထူးနေ့မြတ်မှာတော့ ကျွန်တော် ဖွင့်ကြည့်လို့လည်း ဘုရင်မကြီးက အမျက်တော်ရှမှာ မဟုတ်ဘူးလို့ ယူဆတဲ့အတွက် ဖွင့်ကြည့်ခဲ့ခြင်းပါ။

            တခြား နန်းတွင်းအမှုထမ်းများနည်းတူ ကျွန်တော့် မျက်စိထဲက ဘယ်တော့မှ ထွက်တော့မှာ မဟုတ်တဲ့ မြင်ကွင်းများကတော့ လေဒီဒိုင်ယာနာက ဖခင်ဖြစ်သူ စပင်ဆာမြို့စားကြီးနဲ့ အတူ စိန့်ပေါလ် ဘုရားရှိခိုးကျောင်းကြီးရှိရာကို ဒဏ္ဍာရီဆန်လှတဲ့ မှန်ရထားနဲ့ သွားရင်းလမ်းဘေးဝဲယာမှာ စောင့်ကြည့်နှုတ်ဆက်နေကြတဲ့ အင်္ဂလန်နိုင်ငံသူ နိုင်ငံသားများကို လက်ပြနှုတ်ဆက်ခဲ့တဲ့ မြင်ကွင်း၊ ဘုရားရှိခိုးကျောင်းကြီးထဲက ကော်ဇောနီပေါ်မှာ လျှောက်လှမ်းလာတော့ နောက်မှာ ပေပေါင်းများစွာ ဒရွတ်ဆွဲပါလာတဲ့ ပုဝါရှည်ကြီး၊ ဘုန်းတော်ကြီးရဲ့ ရှေ့မှာ ကတိသစ္စာပြုကြဖို့ လှေကားထစ်များကို တက်လှမ်းသွားတဲ့ မြင်ကွင်းများပါပဲ။ အဲဒီနေ့မှာ ကျွန်တော့် ဂျူတီက ပန်းချီကားများနဲ့ ဓာတ်ပုံများ ချိတ်ဆွဲထားတဲ့ ခန်းမဆောင်နဲ့ ကပ်လျှက်မှာရှိတဲ့ အဆောင်တစ်ခုမှာ တော်ဝင်မိသားစုများ စားသုံးနေစဉ် စောင့်ကြည့် အမှုထမ်းပေးဖို့ပါပဲ။ ကျွန်တော့်တာဝန်က သူတို့ အဲဒီအခန်းထဲကို ရောက်လာမှသာ စတင်ထမ်းဆောင်ရမှာ ဖြစ်တဲ့အတွက် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ အစီအစဉ်ကို ကြည့်ရှုခြင်းက ကျွန်တော့်အတွက် အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်နဲ့ တန်းတူ ဘုရင်မကြီး အနီးမှာ တာဝန်ထမ်းဆောင်ရတဲ့ ပေါလ်ဝှိုင်ဘရူးကတော့ ကံကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။ ဘုရားရှိခိုးကျောင်းကို အမိုးဖွင့်ယာဉ်နဲ့ ကြွရောက်ကြတဲ့ ဘုရင်မကြီးနဲ့ ကြင်ယာတော်တို့ရဲ့ နောက်တော်ပါးကနေ ကပ်လျှက် ခစားခွင့် ရရှိခဲ့ခြင်းပါ။

            မင်္ဂလာမောင်နှံတို့ ဆင်ဝင်ပေါ်ကနေ တိုင်းသူပြည်သားများကို ဝှေ့ယမ်း နှုတ်ဆက်နေချိန်မှာ ထောင်ပေါင်းများစွာသော ပြည်သူများရဲ့ ကောင်းချီးသြဘာ ပေးသံများကို ရုပ်မြင်သံကြားမှသာမက နားနဲ့ဆတ်ဆတ်လည်း ကြားနေရတာဖြစ်လို့ ကျွန်တော် မနေနိုင်တော့ပါဘူး။ ပရိသတ်များထဲက ဓာတ်ပုံ တဖျတ်ဖျတ် ရိုက်ယူနေကြတဲ့သူများနည်းတူ ဓာတ်ပုံရိုက်ချင်စိတ် ပေါက်လာတာကြောင့် အပြေးအလွှားသွားပြီး ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ ပြီးတော့မှ ကျွန်တော် တာဝန်ကျရာနေရာကို ပြန်ပြေးခဲ့တာပါ။

            မင်္ဂလာဆောင်နေ့ မတိုင်ခင် ညတုန်းကလည်း ဒီပရိသတ်တွေပါပဲ။ 'ဝေလမင်းသားကို ဘုရားသခင် ကောင်းချီးပေးပါစေ' 'ဘုရင်မကြီးကို ဘုရားသခင် ကြည့်ရှုစောင့်ရှောက်ပါစေ' ဆိုတဲ့ သီချင်းတွေ လာပြီး ဆိုကြတာကြောင့် ကျွန်တော် အိပ်လို့ မရခဲ့ပါဘူး။ ညလုံးပေါက် ပါတီပွဲတွေ တစ်နိုင်ငံလုံးမှာ ဆင်နွှဲခဲ့ကြပါတယ်။ ဒီအပျော်တွေဟာ အင်္ဂလန်နိုင်ငံမှာ ရက်သတ္တပတ် တစ်ပတ်လောက် အရှိန်မသေနိုင်အောင် ရှိခဲ့တာပေါ့။

            မင်္ဂလာပွဲ မတိုင်ခင် နှစ်ရက်ကလည်း ညစာစားပွဲတစ်ရပ် ကျင်းပခဲ့ပါသေးတယ်။ ဘာကင်ဟမ် နန်းတော်တွင်းမှာ ကျင်းပတဲ့ ဒီညစာစားပွဲမှာ တက်ရောက်ခဲ့တဲ့ ဧည့်သည်ပေါင်းက တစ်ထောင်လောက် ရှိပါလိမ့်မယ်။ ဥရောပနိုင်ငံများမှ ဧကရာဇ်များ၊ သံတမန်များ၊ နိုင်ငံတော် အကြီးအကဲများ၊ ဝန်ကြီးချုပ်များ (အဟောင်းတွေရော အသစ်တွေပါ ပါပါတယ်) တက်ရောက် ခဲ့ကြတဲ့အတွက် ဘာကင်ဟမ် နန်းတော် တွင်းက ဧည့်ခန်းမှန်သမျှ အပြည့်အလျှံပါပဲ။ ကျွန်တော်က ပလ္လင်ခန်းမဆောင် မှာ တာဝန်ထမ်းဆောင်ပြီး ဧည့်သည် ၁ဝ ဦးကို တာဝန်ယူရပါတယ်။ ကျွန်တော် တာဝန်ယူရတဲ့ဝိုင်းမှာ ဝေလမင်းသား၊ အဲဒီတုန်းက ဝေလမင်းသမီး မဖြစ်သေးတဲ့ လေဒီဒိုင်ယာနာ၊ မိုနာကို နိုင်ငံမှ ဂရေ့စ်မင်းသမီးနဲ့ သားတော် အဲလ်ဘတ်မင်းသားတို့ ပါဝင်ပါတယ်။  ဂရေ့စ်မင်းသမီးကို အဲဒီတော့မှ ကျွန်တော် အနီးကပ် မြင်ဖူးတာပါ။ ချောလိုက်တဲ့ မင်းသမီး။ ဒါကြောင့်လည်း ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး ဂရေ့စ်ကယ်လီ ဖြစ်ခဲ့ပြီးမှ မိုနာကို မင်းသားကြီး ရေနီရာက တော်ကောက်ခဲ့တာကို။ အဲဒီညက ဂရေ့စ်ရဲ့ အလှဟာ လေဒီဒိုင်ယာနာရဲ့ အလှကိုတောင် ကျော်လွန်သွားတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဆောင်းထားတဲ့ သရဖူကလည်း ဘုရင်မကြီးရဲ့ သရဖူထက် အဆင့်မနိမ့် ပါဘူး။

            လေဒီဒိုင်ယာနာနဲ့ ဂရေ့စ်မင်းသမီးတို့ကြားမှာ တစ်ယောက်နဲ့တစ်ယောက် ခင်တွယ်မှုဟာ ရုတ်ခြည်း ပေါ်ပေါက်လာတယ်လို့ ယူဆရပါတယ်။ ကပွဲမစခင်မှာတင် သူတို့နှစ်ယောက်ရဲ့ ရင်းနှီးမှုက ခိုင်မာနေပါပြီ။ ဂရေ့စ်ဟာ လေဒီဒိုင်ယာနာလိုပဲ သာမန် အရပ်သူ ဘဝကနေ တော်ဝင် မိဖုရားတစ်ပါး ဖြစ်လာခဲ့တာကြောင့် လေဒီဒိုင်ယာနာအတွက် ဂရေ့စ်ဟာ စံထားရမယ့် မိန်းမသားတစ်ယောက် ဖြစ်ခဲ့ပါ တယ်။ ရုပ်ရှင်မင်းသမီး တစ်ယောက်က တော်ဝင်မိဖုရား ဘဝကို လျောလျောလျှူလျှူ ကူးပြောင်းနိုင်သလို သူလည်း ကူးပြောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပုံ ရပါတယ်။ ဒါကြောင့် ဒိုင်ယာနာက ဂရေ့စ်ကို အဆင်ပြေနိုင်ပါ့မလားလို့ အဲဒီညက မေးခဲ့ဖူးပြီး ဂရေ့စ်ကလည်း  'အစပထမမှာတော့ ဒီလိုပါပဲ၊ ဒါပေမယ့် တဖြည်းဖြည်းချင်းနဲ့ သူ့အလိုလိုတတ်သွားပါလိမ့်မယ်' လို့ ဖြေခဲ့တယ်လို့ နောင်မှာ သိရပါတယ်။

            မင်္ဂလာပွဲနေ့ မနက်မှာတော့ ကျွန်တော့်တာဝန်က နံနက်စာ စားတဲ့နေရာမှာ တာဝန်ကျပါတယ်။ မင်္ဂလာသတို့သမီးက သတို့သမီးဝတ်စုံကို အပြည့်အစုံ ဝတ်ဆင်ထားပြီးဖြစ်လို့ သူ့ဝတ်စုံပေါ် မနင်းမိအောင်နဲ့ ပေရေမသွားအောင် အထူးဂရုစိုက်ရပါတယ်။ ကျွန်တော် တာဝန်ယူရတဲ့ စားပွဲဝိုင်းမှာက သတို့သား၊ သတို့သမီး နှစ်ဖက်မိဘများ၊ အပျိုရံများ၊ အင်ဒရူးမင်းသားနဲ့ အက်ဒဝပ်မင်းသားတို့ ပါဝင်ပါတယ်။ နံနက်စာ စားသုံးနေကြချိန်မှာ အခြားသူတွေက စကားပြောနေကြပေမယ့် ပင်ပမ်းနေပုံရတဲ့ မင်းသမီးကတော့ စကားသိပ်မပြောဘဲ နားထောင်သူသက်သက် ဖြစ်ခဲ့တာကို ကျွန်တော် သတိပြုခဲ့ပါတယ်။ နောင်မှာ မင်းသမီးက ကျွန်တော့်ကို ပြန်ပြောခဲ့တာကတော့ အဲဒီနေ့မနက်က သူ့အရမ်းဆာနေပြီး ဗိုက်ထဲမှာလည်း အသံတွေ မြည်နေပြီဖြစ်လို့ ဘာစကားမှ မပြောနိုင်ဘဲ အစားကိုသာ ဂရုစိုက်စားနေခဲ့တာလို့ ဆိုပါတယ်။ အဲဒီမနက်ကတည်းက မကြာမီ တော်စပ်ရတော့မယ့် သူ့ခင်ပွန်းလောင်း ချားလ်စ်မင်းသားဟာ သူမအပေါ်မှာ ချစ်ကြင်နာပြီး သာယာတဲ့အိမ်ထောင်တစ်ခု ထူထောင်နိုင်ပါရစေလို့ ဆုတောင်းနေခဲ့တာလို့လည်း ဆိုတယ်။ တကယ်တော့ မင်းသမီးဟာ ချားလ်စ်ကို ချစ်ရုံသာ ချစ်တာ မဟုတ်ပါဘူး။ မြတ်နိုးမှုလည်း အပြည့်ရှိခဲ့တာပါ။

            မင်းသမီးရဲ့ ဘဝတစ်လျှောက်မှာ ပြည့်စေချင်ခဲ့တဲ့ဆန္ဒတစ်ခု ရှိခဲ့ပါတယ်။ အဲဒီဆန္ဒကတော့ သူနဲ့ ချားလ်စ်မင်းသားကြားမှာ အချစ်စစ် အချစ်မှန်ဆိုတာ အိမ်ထောင်ဦးကာလများမှာ ရှိခဲ့ဖူးတယ်ဆိုတာကို အများပြည်သူတို့ သိစေချင်တဲ့ ဆန္ဒပါပဲ။ သူတို့ နှစ်ယောက်နဲ့ ပတ်သက်ပြီး ဆောင်းပါးတွေ တစ်ပုဒ်ပြီး တစ်ပုဒ်၊ စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ရေးထုတ်ခဲ့ကြတာတွေက သမိုင်းကြောင်းကို မှားယွင်းစေခဲ့ပါတယ်။ တကယ်တော့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဦးကာလများမှာ တစ်ယောက် ကိုတစ်ယောက် ချစ်မြတ်နိုးမှု ရှိခဲ့ကြပါတယ်။ သူတို့နှစ်ယောက် အဆင်မပြေ ဖြစ်စေခြင်းဟာ ဒိုင်ယာနာကြောင့်လို့ စွပ်စွဲမယ်ဆိုရင်လည်း စွပ်စွဲလို့ ရနိုင်ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒိုင်ယာနာက ၁၉၉၂ ခုနှစ်၊ ဇွန်လမှာ စာရေးဆရာ အင်ဒရူးမော်တန်နဲ့ ပေါင်းပြီး သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိ ဖြစ်တဲ့ Daina, The True Story  ဆိုတဲ့ စာအုပ် ထုတ်ဝေခွင့်ပြုခဲ့ခြင်းကြောင့်ပါပဲ။ ဒီစာအုပ်က သူကွယ်လွန်ပြီးနောက်မှာ ပြန်လည်ပြင်ဆင်ချက်များနဲ့ ဒုတိယအကြိမ် ထွက်ခဲ့ပါသေးတယ်။ ဒီစာအုပ် မှာ အင်ဒရူးမော်တန်က မင်းသမီးနဲ့ အနီးကပ်ဆုံး နေခဲ့သူတစ်ယောက်အနေနဲ့ ရေးသားထားတဲ့ အမှန်ကန်ဆုံး အတ္ထုပ္ပတ္တိလို့ ဆိုခဲ့ပါသေးတယ်။ အဲဒါ လုံးဝမဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မင်းသမီးအနေနဲ့ သူ့ အတ္ထုပတ္တိရေးမယ်လို့ စိတ်ကူးရှိခဲ့ရင် မင်္ဂလာဦးကာလများမှာ သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် အမှန်တကယ် ရှိခဲ့တာကို ဖုံးကွယ်ပြီး အဆင်မပြေသယောင် ဘာကြောင့် ရေးခဲ့မလဲ။ တကယ်လို့ ၁၉၈၂ ခုနှစ်ကတည်းက အဆင်မပြေခဲ့ရင် ဘာကြောင့် ဒိုင်ယာနာက နှစ်ပေါင်းများစွာ ကြာတော့မှ ဒီကိစ္စကို တစ်ကမ္ဘာလုံး သိစေဖို့ ဖန်တီးခဲ့မလဲ။ အချစ်စစ် အချစ်မှန်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေအောင် ညှိနှိုင်းကြရတာပါပဲ။ ချားလ်စ်မင်းသားအနေနဲ့ ပထမပိုင်းမှာ ဒိုင်ယာနာကို လက်သင့်မခံနိုင်ခဲ့ပေမယ့် သူ့ရင်ထဲမှာရှိတဲ့ ချစ်ခြင်းမေတ္တာတရားကြောင့် အစစ အရာရာကို သည်းခံပြီး အဆင်ပြေအောင် ညှိနှိုင်းနေခဲ့တယ်ဆိုတာ အထင်အရှားပါပဲ။ ဥပမာအားဖြင့် မင်းသမီးကသူ့ကိုယ်သူ ပိန်အောင် ထိန်းထားချင်တဲ့အတွက် ပေါ်ပေါက်လာတဲ့ အစား အသောက်မမှန်တဲ့ ရောဂါကို ချားလ်စ် သိပေမယ့် သည်းခံခဲ့တယ်။ ဒါကို နောက်ပိုင်းမှာ မင်းသမီးကလည်း ဝန်ခံခဲ့တာပဲ မဟုတ်လား။ မင်းသမီးဘက်က ချားလ်စ်အပေါ်မှာ ထားရှိတဲ့ ချစ်မေတ္တာတရားဟာလည်း လုံးဝ ကွယ်ပျောက်သွားခဲ့တာ မဟုတ်ပါဘူး။ ၁၉၈၅ ခုနှစ်မှာ တစ်ယောက်နဲ့ တစ်ယောက် မပြေလည်ကြပေမယ့် ညှိနှိုင်းမှုတော့ ပြုခဲ့ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်ချင်း မညီမမျှ ဖြစ်ခဲ့ကြပေမယ့် 'ဝေလ မောင်နှံတို့ရဲ့ စစ်ပွဲ' လို့ ခေါ်တွင်ရလောက်အောင် သူတို့ ဇနီးမောင်နှံကြားမှာ မဖြစ်ပေါ်ခဲ့ကြပါဘူး။ ပေါ်ပေါက်ခဲ့တဲ့

ကတောက်ကဆ ကိစ္စများဟာ အသေးအမွှားသာ ဖြစ်ခဲ့ပါတယ်။ တကယ်လို့ သူတို့နှစ်ယောက်ရဲ့ စကားများ အငြင်းပွားမှုများကို 'ဝေလမောင်နှံတို့ရဲ့ စစ်ပွဲ' လို့ သတ်မှတ်မယ်ဆိုရင် သူတို့ အိမ်တော်အချင်းချင်း၊ သူတို့ ရုံးအချင်းချင်း၊ သူတို့ ဝန်ထမ်းအချင်းချင်း ဖြစ်ပွားကြတဲ့ အငြင်းပွားမှုများသာ ဖြစ်ပါတယ်။ အပြင်လူများနဲ့ မသက်ဆိုင်ပါဘူး။

            ကျွန်တော်တို့ နားလည်ဖို့ ကြိုးစားရမှာက မင်းသမီးကိုပါ။ ဒိုင်ယာနာဟာ မိတ်ဆွေများက တစ်ဆင့် အင်ဒရူးမော်တန်နဲ့ ပူးပေါင်းပြီး သူမရဲ့ အိမ်ထောင်ရေး ပြိုကွဲချိန်၊ စိတ်ရှုပ်ထွေးနေတဲ့ အချိန်၊ ဖခင်ဖြစ်သူ မြို့စားကြီး စပင်ဆာ ကွယ်လွန်သွားချိန်တို့မှာ အင်မတန် ထိခိုက်ခံစားခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ ချားလ်စ်မင်းသားရဲ့အပေါင်းအသင်းများကလည်း ဒိုင်ယာနာကို စွန့်ခွာဖို့ မြှောက်ထိုးပင့်ကော် လုပ်နေကြချိန်ပါပဲ။ ဒီအကြောင်းကို နောင်မှာ ဒိုင်ယာနာက ဖွင့်ဟပြောကြားခဲ့ရာ 'ကျွန်မ ပတ်လည်မှာ ရှိနေတဲ့လူတွေက သာမန်လူများလို မျက်စေ့နှစ်လုံး ရှိကြတာ မဟုတ်ဘဲ တစ်ယောက်မှာ မျက်စေ့ ၆ လုံးလောက် ရှိကြပုံရပါတယ်။ ကျွန်မကိုပဲ ဝိုင်းကြည့်နေကြပြီး ဟိုဟာဖြစ်ပြန်ပြီ၊ ဒီဟာဖြစ်ပြန်ပြီနဲ့ ဝေဖန်သုံးသပ်နေကြတော့တာပဲ'လို့ ဆိုခဲ့တယ်။ အင်ဒရူးမော်တန်နဲ့ အဲဒီစာအုပ်ကို ရေးနေစဉ်ကာလမှာ ဒိုင်ယာနာဟာ ကြိမ်ဖန်များစွာ ဒေါသဖြစ်ခဲ့ရ၊ စိတ်ဆိုးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

            စာအုပ်ထုတ်ဝေလိုက်တဲ့အခါမှာ ရည်မှန်းချက် ပေါက်မြောက်ခဲ့တယ်လို့ ဆိုရပါမယ်။ ဒိုင်ယာနာဘဝမှာ တစ်ယောက်တည်း မဟုတ်တော့ဘဲ သူ့ဘဝကို နားလည်ခွင့်ရသွားတဲ့ အင်္ဂလိပ်ပြည်သူတစ်ရပ်လုံး ပါလာခဲ့ပါတယ်။ သူ မွေးထားတဲ့ သားနှစ်ယောက်ဟာလည်း တော်ဝင်မင်းသားများဆိုတာထက် အရပ်သား ပိုဆန်လာပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒိုင်ယာနာက 'ခုဆိုရင် လူတွေက ကျွန်မကို ပိုပြီးနားလည်လာကြတယ်။ ဒီစာအုပ် ထုတ်လိုက်တာဟာ ချားလ်စ်နဲ့ ကျွန်မ နှစ်ယောက်စလုံးအတွက် ရည်ရွယ်တာပါ။ ကျွန်မတို့အနေနဲ့ ဒီထက်ပိုပြီး ဟန်ဆောင်နေကြဖို့ မလိုဘူးလေ။ သူကတော့ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ကျွန်မကို စိတ်ဆိုးနေလေရဲ့' လို့ ဆိုခဲ့ပါတယ်။

            ဒီစာအုပ်ဟာ အိမ်ထောင်သည် နှစ်ဦးကြားမှာ ပရိယာယ်ကြွကယ်ခဲ့တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ အချိန်ကိုက် ထုတ်ဝေလိုက်တာဖြစ်လို့ အင်္ဂလန်ပြည်သူတွေက ဒိုင်ယာနာအပေါ် စာနာနားလည်သွားကြတယ် ဆိုပေမယ့် ချားလ်စ်အတွက်ကတော့ အနာပေါ် တုတ်ကျသလို ဖြစ်ခဲ့ရတဲ့အတွက် သူမှားသွားတယ်လို့ ဒိုင်ယာနာက ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် အမှားတွေကို ပြင်နိုင်ဖို့အတွက် ဒိုင်ယာနာက သူ့ တစ်သက်တာ ရင်းနှီးပေါင်းသင်းခဲ့တဲ့ မိတ်ဆွေများကတစ်ဆင့် ကျွန်တော့်ကို ဆက်သွယ်လာပြီး ဘယ်တုန်းကမှ ထုတ်ဖော်မပြောကြားခဲ့တဲ့ အမှန်တရားများကို ထုတ်ဖော်ပြောကြားတော့တာပါပဲ။

ဆက်လက်ဖော်ပြပါမည်။

ဝင်းငြိမ်း

(အမှတ် ၁၉၃၊ ဒီဇင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
ပင်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၂)
ဆူးငှက်

'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ
ဆူးငှက်

'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၃)
ဝင်းငြိမ်း

နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။