အခန်းဆက်ဝတ္ထုရှည်

ရီရီမြ...ရီမြ

မာန် ၊တောင်လုံးပြန်၊

01 September 2025
ရီရီမြ...ရီမြ
Share to

ကျွန်တော် တွက်ကိန်းလွဲမှားခြင်းဖြစ်သည်။ သူမ၏ အရယ်အပြုံးများကိုလည်းကောင်း၊ အငိုအရှိုက်ထက် နက်နဲသော မျက်နှာထား တင်းတင်းပေါ်သို့ မျက်ရည်တွေ စီးဆင်းကျသည့် ကြေကွဲမှုကိုလည်းကောင်း၊ ခုခံတွန်းလှန်နိုင်မည် အထင်ဖြင့် သူမ၏ နယ်မြေအတွင်း ဝင်ရောက်လာခဲ့မိပြီ။

ကန်ရေပြင်၌ ရေက လေ မတို့သဖြင့် ငြိမ်နေ၏။ မိုးက ဖွဲသည်ဆိုရုံ ရွာလျက်။ သူမက ဗိုလ်လုပွဲတွင် ရှုံးနိမ့်လာသူ ချန်ပီယံတစ်ဦးလို နွမ်းလျနေသည်။ ကျွန်တော်က သူမကို နှစ်သိမ့်ရန် ရောက်ရှိလာခြင်း မဟုတ်။ ဆင်ခြေပေးရန် ရောက်ရှိလာခြင်းသာ ဖြစ်သည်။ သူမနှင့် ကျွန်တော်သည် ငယ်ကျွမ်းဆွေများ ဖြစ်ကြသည်။

'စောင့်နေတာ ကြာပြီလား... ရီမြ'

သူမ အမည်မှာ ရီရီမြ။ ကျွန်တော်က နှုတ်ကျိုးနေသဖြင့် ရီမြဟုသာ ခေါ်သည်။

'နင် ဘာလာလုပ်တာလဲ'

ကျကွဲသွားသည့် ဖန်ခွက်၏ အစတစ်စလို ကျွန်တော့်အသားကို ထိုးဝင်ရန် သူမလေသံက မာန်တင်းထားသည်။

'ငါ နင့်ကို လာဖိတ်တာ'

'ဟင်း...ဟင်း၊ နင် အရူးပဲ'

ကျွန်တော် ထုတ်ပေးရန် ရည်ရွယ်သည့် ကျွန်တော့် မင်္ဂလာဆောင် ဖိတ်စာကို အသာလက်ပြန်ရုပ်ရင်း သူမကို စေ့စေ့ကြည့်နေပါတယ်။ အောင်ပွဲခံလိုသည့် သဘောလည်း ပါနေသည်ကို ကျွန်တော် မငြင်းပါ။ သူမက ဆတ်ခနဲ လှည့်ကြည့်သည်။ စူးစမ်းသည့် အကြည့်၊ သရော်သည့် အကြည့်၊ ဖျက်လိုဖျက်ဆီး လုပ်လိုသည့် အကြည့်၊ လုပ်ရဲရင် လုပ်ကြည့်ပေါ့ဟု သဘောဆောင်သော အကြည့်၊ ကျွန်တော်တို့ ကြိမ်ဖန်များစွာ အလျော့ပေးခဲ့ရသော အကြည့်မျိုးဖြစ်  သည်။ 'ဟင်းခနဲ' ကျွန်တော်သက်ပြင်းချရင်း မျက်နှာလွှဲလိုက်သည်။

'ငါ့ကို အဲဒီလို မကြည့်နဲ့ ရီမြ၊ ငါမကြိုက်ဘူး'

'သြော်...၊ ဟွန်း... ဟားဟ၊ ဟားဟားဟား...'

ဤနေရာတွင် သူမရယ်သံကို ကျွန်တော် အနည်းငယ် ရှင်းပြချင်သည်။ ဇာတ်ရည်လည်ရန် ဖြစ်သည်။ သြော်နှင့် ဟွန်းဆိုသည်မှာ ကျွန်တော် သူ့ကို သစ္စာဖျက်တာကျတော့ ကောင်းတယ်ပေါ့ လေဟု ဆိုလိုရင်းဖြစ်ပြီး... ဟားတိုက် ရယ်မောခြင်းမှာ  သူ့လောကဓံနှင့်သာ သက်ဆိုင်ပါသည်။ စွဲမက်စရာ ကောင်းသော မိန်းမတို့၏ ခံရပေါင်းများပြီဟူသော အဓိပ္ပာယ်များနှင့် ယှက်၍ လည်းကောင်း၊ စောမေတို့ နောကျေပါပြီဟုလည်းကောင်း၊ ရှင်တို့ ယောကျ်ားတွေဟာ ဒီလိုချည်းပါပဲဟုလည်းကောင်း... အဓိပ္ပာယ်များစွာ ပါဝင်နေပါသည်။

စောစောက သူကျွန်တော့်ကို ဘာလာလုပ်တာလဲဟု မေးသည်မှာ ကျွန်တော် မင်္ဂလာပွဲကို ဖျက်သိမ်းကြောင်း လာပြောတာလား (တစ်နည်းအားဖြင့်) သူ့ဆီ ကျွန်တော် ပြန်လာတာလားဟု အဓိပ္ပာယ်ဆောင်၏။

ကျွန်တော် ရှောင်ထွက်သောကြောင့် ငြင်းဆန်မှုကို ခံရသော မိန်းမချောသည် ယခုကဲ့သို့ ရယ်မောလိုက်ခြင်းပင်။ လုပ်ရက်လေခြင်းဟု ကြည့်လိုက်ခြင်းပင်။ ကျွန်တော် နောက်မဆုတ်နိုင်တော့ ပါ။ ကြိုးဝိုင်းထဲတွင် ယှဉ်ပြိုင်ထိုးသတ်ရသည့်အခါ တစ်ဖက်ပြိုင်ဘက် ချက်ကောင်းထိသွားလျှင် မိမိက အားစိုက်၍ လိုက်ထိုးသတ်ရသည့် နည်းကိုပင် ကျွန်တော် သုံးရတော့မည်။

'နင့် ငါ့စကားမှ နားမထောင်ပဲဟာ၊ နင်လုပ်ချင်ရာ လုပ်တယ်၊ ယောကျ်ားတကာနဲ့ တွဲတယ်။ သူများတွေကို ဒုက္ခပေးတယ်။ နင့်လုပ်ရပ်တွေကို နင်ပြန်စဉ်းစားကြည့်ဦး၊ နင်သာ မေတို့၊ မီတို့ စတားလက်တို့လောက်'

'တော်တော့ ကိုထိုက်၊ အဲဒါတွေနဲ့ ငါ့လာမနှိုင်းနဲ့၊ ဟွန်း... သူတို့က စကြောက်တွေ... ဒီမှာ'

'စကားကို ဖြတ်မပြောကြေး၊ ရီမြ'

ကျွန်တော်က လက်တားပြီး ပြောလိုက်ပါတယ်။ သူက 'ဟွန်းခနဲ' တစ်ချက် မဲ့တယ်။ ကျွန်တော် ဆက်ပြောမိသည်။

'ငါကတော့ ပြောရမှာပဲ'

'တော်တော့ဟာ'

ကျွန်တော်နဲ့အတူ တဖွဲဖွဲရွာနေတဲ့ မိုးတောင် ရုတ်တရက် တိတ်သွားသလိုပါပဲ။ သူက တောင်းပန်တဲ့ အကြည့်နဲ့ ကြည့်တယ်။ ကျွန်တော်ဖတ်ဖူးတဲ့ စာတစ်ပိုဒ်နဲ့ နှိုင်းရရင် သူ့အကြည့်ဟာ နှလုံးခွဲစိတ်အထူးကု ကိုင်ဆောင်လေ့ရှိတဲ့ နှလုံးခွဲစိတ်တဲ့ ဓားလိုပါပဲ။ ပါးလျလျနဲ့ လှစ်နေအောင် ထက်တယ်။ ဒီအကြည့်ကြောင့် ခံရတဲ့လူတွေ မနည်းလှတော့ဘူး။

ကျွန်တော် သူ့ကို ခဏခဏ တခြားအမျိုးသမီးတွေနဲ့ တင်စား ခိုင်းနှိုင်းမိသည်။ သူက ငြင်းသည်။ မေ (ဒဂုန် တာရာ)၊ မီ (ကြည်အေး)၊ စကားလက်အိုဟာရာ (မြသန်းတင့်၏ လေရူးသုန်သုန် ဘာသာပြန်) တို့ကို သူသ ဘောမကျပေ။ သူရှင်းပြတာက ဒီလို။

'သူတို့က ငါးဆယ်ရာခိုင်နှုန်းပဲ ဘဝကို အားမာန်ထားတဲ့ သူတွေ၊ နောက်ဆုံး ယောကျ်ားတစ်ယောက်ရဲ့ ရင်ခွင်ထဲ တိုးဝင်ပြီး လောကကို ချောင်းကြည့်ကြတာ၊ ငါက ဘယ်တော့မှ မလုပ်ဘူး။ နင်ထင်ချင်သလို ထင်ဟာ...'      

တက္ကသိုလ်၏ အသည်းခွဲ ဘုရင်မဘွဲ့ကိုရပြီးချိန်တွင် သူပြောခဲ့သော စကားများဖြစ်သည်။ ထိုစဉ်က ကျွန်တော်သည် တက္ကသိုလ်၌ နာမည်ကျော် ကဗျာဆရာတစ်ဦး၊ နူးညွှတ်နေသည့် အချစ်ဖွဲ့ ကဗျာများဖြင့် ကျော်ကြားသူ။ စကားပြောကောင်းသူ၊ မိန်းမလှတို့၏ လှပမှုကို ပြောင်မြောက်စွာ တင်စားရေးဖွဲ့နိုင်သူ။ ရီရီမြကို ဆုံးမနိုင်သူတည်း။

အတောင်နှစ်ဆယ်ဝတ် မင်းယောကျ်ားတို့သည် စွဲမက်စရာကောင်းသော မိန်းမလှတစ်ဦးကို ယောကျ်ားမာနနှင့် ချစ်ကြိုက်ခဲ့ပြီးနောက် ထင်သလို အနိုင်မရသည့်အခါ မရှုမလှ ပြစ်တင်ကဲ့ရဲ့သည့် နိယာမကို ကမ္ဘာဆုံးတိုင် ကျင့်ကြပါသည်ဟု အဓိပ္ပာယ်ပါသော ကဗျာတစ်ပုဒ်ကို ရေးဖွဲ့သဖြင့်၊ ရီရီမြက ကျွန်တော့်အား လာရောက်တွေ့ဆုံ မိတ်ဆက်ရာမှ ဆုံစည်းခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်ကတော့ ကျွန်တော်သည်လည်း ထိုယောကျ်ာမျိုးဖြစ်ကြောင်း သူမ မသိနိုင်သေး။ ကျွန်တော်နှင့်သူ ချစ်ကျွမ်းမဝင် သေး။ ကြိုးဝိုင်းထဲ မဝင်ကြသေး။ ရီရီမြသည် မိကောင်းဖခင် သားသမီးအဖြစ် ရှိနေသေးသည်။ လောကဓံနှင့် အတော်ဝေးကွာသော အနေအထားမှာပင် ရှိနေသေးသည်။

တက္ကသိုလ်ကျောင်းတော်ကို ကျောခိုင်းခဲ့ကြပြီးနောက် ရီရီမြတစ်ယောက် သူ့ဘဝကို မွမ်းမံခြယ်သရန်၊ ဗြူတီပါလာ သင်တန်းကို ပြည်ပတွင် သွားရောက် သင်ယူခဲ့သည်။ ကျွန်တော် မမြင်မကြားရသော နယ်ပယ်တွင် ဘယ်ယောကျ်ားများ၏ အသည်းကို ဆုပ်ကိုင်နေသည်ဖြစ်ဖြစ်၊ ကျွန်တော့်အဖို့ အတော်လေး စိတ်သက်သာရာရပါသည်။ ကျွန်တော်လည်း ကဗျာစာဆို မလုပ်တော့။ မိဘ၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ရာထူးလေးယူကာ ငြိမ့်ငြိမ့်ညောင်းညောင်း ပန်းခင်းသောလမ်းကို လျှောက်သည်။ ကိုယ်ပိုင်ကား စီးသည်။ သောက်ချင်လျှင် သောက်၊ ပျော်ချင်လျှင်ပျော်၊ ဘဝဖော်တော့ မရှာသေး။ အတွေးမှာ ရီရီမြ လိမ္မာရေးခြားရှိစွာ ကျွန်တော်၏ သက်ထားဖော်အဖြစ် ပေါ်ပေါက်လာသည်။ သူပြုခဲ့သမျှကို ငယ်ငယ်က သိပ်စွံတဲ့မိန်းမဟုသာ တွေးရင်း ကျွန်တော့်အား သားသမီးတွေ မွေးဖွားပေးနေသည့် မဟေသီ၊ ကျွန်တော်မောင်းသောကားကို နံဘေးမှ လိုက်စီးရင်း လောကကို ချောင်းကြည့်နေသည့် ချစ်ဇနီး... အို ပျော်စရာ ကောင်းလှပါဘိ။

ကျွန်တော်တို့သည် စီးပွားရေးရာ အကြံအစည်များ၊ လူမှုရေး အတွေးအကြံများ ပျက်စီးရသည့်အခါ လောကသဘောသဘာဝကို သဘောပေါက်သဖြင့် သိပ်ကြီးကြီးမားမား မပေါက်ကွဲ မိသော်ငြား မိန်းမတစ်ယောက်ကို တိုင်တည်ထားသည့် နှလုံးသားရေးရာ အကြံအစည်များ၊ ထိုမိန်းမ ကြောင့် ပျက်စီးရသည့်အခါ အလွန်ပင် အော်ကြီးဟစ်ကျယ် လုပ်မိကြသည်။ 'သောက်... စသည်ဖြင့် စကားကြမ်းများ သုံးကာ ထိုမိန်းမအား နာကြည်းပစ်လိုက်သည်။ အသည်းကို သူရာ စိမ်ပစ်လိုက်သည်။ တခြားမိန်းမကို ပြေးယူလိုက်သည်။ ဤသို့သာ ကျွန်တော်လုပ်ခဲ့လျှင် မည်မျှကောင်းမည်နည်း။ ကျွန်တော်က ထိုသို့မလုပ်။ ရီရီမြကို ဒူးထောက်ချလိုက်သည်။ သူ့အပေါ် ကျွန်တော့်လျာထား ချက်များကို လှောင်ရယ်ချေဖျက်ကြောင်း၊ ကျွန်တော်နှင့်သူ ပြန်ဆုံချိန်တွင် သိရချိန်၊ ကျွန်တော် ကောက်ကျစ်စဉ်းလဲစွာ ဆုံးဖြတ်ချလိုက်သည်။ ဒီမိန်းမရဲ့ နှလုံးသားကို ချေမွပစ်ရန်။ သူမ မရိပ်မိ။

'ကြောင်မနေစမ်းပါနဲ့ ကိုထိုက်ရယ်။ နင်နဲ့ငါ ဒီလိုပဲ ကောင်းပါတယ်။ နော်...ဟဲ့ ... ဘာဖြစ်နေတာလဲ၊ ငါ ပြောတာကြားလား၊ လာ... ငါဘီယာလိုက်တိုက်မယ်၊ ဆိုင်ဖွင့်ပွဲကို လာနော်၊ ဟဲ... ဝေဏီမောင်လည်း ငါဖိတ်ထားတယ်။ သူက ငါ့ကို... ဟင်း...ဟင်း...'

နာမည်ကျော် သရုပ်ဆောင်တစ်ယောက်၏ နာမည်ကို ကြားရသဖြင့် ကျွန်တော်ဆုံးဖြတ်ချက် ချလိုက်သည်မှာ ပို၍ နက်ရှိုင်းသွားကြောင်း ကျွန်တော် သတိပြုမိသည်။ သုံးနှစ်နီးပါး ကျွန်တော်တည်ဆောက်ခဲ့သည့် အတွေးရိပ်မြုံကို ရီရီမြ ဖျက်ဆီးခဲ့လေပြီ။ သူ့ နှလုံးသားကို အရှင်မထားရန် ကျွန်တော် ကြံရလေပြီ။ သူက မရိပ်မိ။ ကျွန်တော့် ကမ်းလှမ်းမှုကို ထမင်းကျန် ဟင်းကျန် သဘောထားကာ စွန့်ပစ်ခိုင်းလိုက်ပြီ၊ အရင်တုန်းကလိုပင် သွားသွားလာလာ၊ ပျော်ပျော်ပါးပါး ငယ်ပေါင်းကြီးများလို နေရှာသည်။

'နင် မကြိုက်ရင် ငါ မပြောတော့ပါဘူး၊ ဒါပေမယ့် ငါ့ဘာသာ နင့်ကို ပိုးပန်းနေမယ်၊ နင်မရယ်နဲ့နော်၊ နောက်တော့ ငါ့ဘာသာ နေသွားမှာပါ'

တက္ကသိုလ်၌ ကဗျာ အကျော်အမော်တစ်ဦးဖြစ်ခဲ့သော ကျွန်တော့်အဖို့ လေယူလေသိမ်းနှင့် မျက်နှာထားမှာ ရီရီမြ ကရုဏာဖြစ်ရန် မခက်လှပါ။ သူ ချက်ချင်းပင် ကျွန် တော့်လက်မောင်းကို ကိုင်ယမ်းရင်း...

'ဟဲ့... ငါနင့်ကို အပြတ်ငြင်းတာမှ မဟုတ်တာ၊ နင် အဲဒီလိုပြောလာတာ ငါသိပ်ဝမ်းသာတာပေါ့။ ဒါပေမယ့် ငါ့မှာ လုပ်စရာတွေရှိတယ်။ အိမ်ထောင်ရေးကို ငါ မစဉ်းစားချင်ဘူး၊ နင် ငါ့ကို စိတ်ပျက်မသွားရင် တစ်နေ့နေ့မှာ နင်ဖြစ်ချင်တာ ဖြစ်ရမယ်ဟာ၊ နော်'

'မဟုတ်ဘူး ရီမြ၊ ငါ နင့်ကို လွတ်လပ်ခွင့် ပေးပါတယ်။ ငါ့အတွက် ထည့်မစဉ်းစားနဲ့ဟာ၊ နင်လုပ်ချင်တာ လုပ်ပါ။ ငါစောင့်မယ်လေ'

သူက မျက်စပစ်ပြရင်း ကျွန်တော့်ကို ညုသည်။ ကျွန်တော်က ဧရာမ ခွင့်လွှတ်တတ်သူကြီးလို မချိပြုံးရင်း သူ့ကို မနာမကျင် ရိုက်လိုက်သည်။ ကျွန်တော့်စိတ်မှာတော့ စစ်ဆိုတာ နိုင်မှ ကောင်းသည်ဟု အကြိမ်ကြိမ် တွေးနေမိသည်။

ထိုနောက်ပိုင်း ရီရီမြ၏ အောင်ပွဲများကို သက်သေပြရန်အတွက် အောက်ပါ ပုဂ္ဂိုလ်များကို ထည့်သွင်းဖော်ပြရပါမည်။

ဝေဏီမောင် (သရုပ်ဆောင်)၊ ကိုကျော်ဇေ (မော်ဒယ်လ်အေဂျင်စီ)၊ ဦးသူရ (ကျွန်တော်၏ သူဌေး) နှင့် တခြားတခြားသော ပုရိသများ။

'သည်ညနေခင်းမှာလည်း

ငါဟာ သက်ပြင်းနွဲ့နွဲ့ချ

ပြုဖူးနေကျ အလွမ်းစိတ်နဲ့

မင်းကိုပြုံးပြ နှုတ်ဆက်၊

ပြီး ဆက်လက်ထွက်ခွာ

ခပ်သည်းသည်း

မင်းရယ်သံများ

ချန်ထားလျက် မကျန်ရစ်

ဒီနှလုံးကို သည်းပွတ်နေ..'

ကျွန်တော်ရေးဖွဲ့သည့် တစ်ပိုင်းတစ်စ ကဗျာများကို မရမက တောင်းဖတ်ရင်း၊ သူ့နှလုံးသွေးကို အားဖြည့်နေသည့် ရီရီမြအား တစ်ခါတစ်ရံ အသဲနင့်အောင် ချစ်ခဲ့ဖူးသည့်အတွက် ကျွန်တော် ကိုယ့်လုပ်ရပ်များအပေါ် တွန့်ဆုတ်မိပြန်သည်။ ကျွန်တော့်ရင်မှ ဖောက်ထွက်လာသည့် ချစ်စကားများကို တစ်ခါတစ်ရံ သူကြည်ကြည်နူးနူး နားထောင်လေ့ရှိသည်။ ကျွန်တော်တို့သည် ထိုအချိန်မျိုးတွင် ကမ္ဘာတခြားသို့ သီးသန့်ရောက်နေကြသူ နှစ်ဦးလို မိန်းမောကြည်နူးနေတတ်သည်။ လောက အဖြစ်အပျက်မှန်သမျှ တဒင်္ဂမေ့နေကြသည်။ ကျွန်တော့် ချစ်တေးသီမှုကို သူက သူရသင့် ရထိုက်သော အမွေပစ္စည်းအဖြစ် အားပါးတရ သိမ်းကျုံးယူသည်။ သူ့ ဆံနွယ်များကို ကျွန်တော်က ဖွဖွထိုးဖွရင်း သီချင်းဆိုပြသည်။ ထိုအခါမျိုးတွင် သူ့လောက် ပျော့ပျောင်းနူးညံ့သည့် မိန်းမချောမျိုး မရှိတော့ဟု ကျွန်တော် ထင်မိသည်။ သူက ကျွန်တော် စပ်ဆိုဖူးသည့် တစ်ဖက်သတ် အချစ်ကဗျာ ရွတ်ခိုင်းသည်။ ကျွန်တော် မငြင်း၊ ကဗျာမှာ အနည်းငယ် ရှည်ပါသည်။ ကဗျာအမည်ကို ရီရီမြမုန်တိုင်းဟု ပေးထားသည်။

ရီရီမြ မုန်တိုင်း

 

ရပ်ဝေးမုန်တိုင်းတစ်ခုဟာ

သူမမျက်ဝန်းမှ

အမုန်းအားစကို အခြေပြု၍

ငါ့သဲအိမ်ပဆစ်ဖျက်ရန်

မာန်သံပြင်းပြင်းလာချေပြီ။

သိက္ခာရွက်တိုင်ကို

အသာအယာဖြုတ်ချ

ကြံခိုင်ခြင်းဣန္ဒြေနဲ့

မုန်တိုင်းကိုမျက်ဆိုင်ပြုရင်း

ရင်တွင်းမှာတော့

အားတွေငယ်....

 

စိမ်းစိမ်းမျက်မျက်

ပြတ်ပြတ်သားသား

တုနှိုင်းမဲ့ရက်စက်စကားတွေ

တရစပ်တိုက်ခဲ့ မုန်တိုင်း

ငါ့အသည်းအိမ် တစ်စီကြေမွ

ဟိုတစ်စ သည်တစ်စ

ဘယ်လိုမှ

စုစည်းမရတဲ့အဆုံး

မျက်လုံးကို အသာမှိတ်

နှလုံးသားအဆိပ်ကို ကုနေရဲ့။

 

နွေရွက်ကြွေများ

ငါသို့လားဘဲ

အရှက်ပြေရယ်လျှင်

နာကြည်းသံအက်၊

ခံခက်တဲ့ မျက်နှာထားရှိမှန်း

ငါ ခန့်မှန်းနိုင်ခဲ့ပြီ။

 

ခံခက်ရယ်ရင်း

ဟိုတစ်စ၊ သည်တစ်စ

ကြေမွ နှလုံးသားသီဖို့

အပ်ကြိုးမျှင် တစ်စကိုတော့

ငါရှာဖို့ မကြိုးစားတော့ပါ။

မုန်တိုင်းပြေလေအေး။

ငါ့အသည်းကို မအေးပါ...

ရီရီမြရေ

မင်းစိတ်ပြေပါတော့နော်..။

 

သတိအသိနဲ့

ဆင်ခြင်ဆုံးဖြတ်

မင်းဘာလို့

ငြင်းပယ်တတ်တာလဲ

မင်းဘာလို့

ရက်စက်တတ်တာလဲ

ကွဲကြေနေသော နှလုံးသား

ရွက်ကြွေများကို ခံခက်အပြုံး

ပျော်စရာတွေ ရှုံးနေပေမယ့်

ရီရီမြမင်းကိုငါချစ်တယ်...

 

ပကတိသက်သေအဖြစ်

ချစ်သူဆင်သည့်သည်မုန်တိုင်း

ရင်ဗလောင်ဆူအောင်

ရိုင်းပေမယ့်

အမျက်ပြေရန်အချစ်

သက်သေအဖြစ်မျက်ရည်ကြည်။

 

ကျွန်တော်နှင့်သူသည် ငယ်ရွယ်နုနယ်သူများ မဟုတ်ကြသည့်တိုင် အချစ်ကိုမက်မောရာ၌ ကလေးများလိုပင် အတ္တကြီးကြပါသည်။ ဆင်ခြင်တုံတရားဝင်မလာမီလေးခဏ၌ ကျွန်တော်သည် ဤကမ္ဘာမြေပေါ်တွင် ရီရီမြဟူသော မိန်းမချောအတွက် တစ်ဦးတည်းသော အချစ်သမား၊ သူကလည်း ကျွန်တော့်အတွက် အချစ်ဘုရင်မအဖြစ် ကျွန်တော်ဆက်သွင်းသော နှလုံးသားမှ ထွက်သမျှ အချစ်ကို ပဏ္ဏာရနေသူ။

'သခင် ကဗျာဆိုပြပါဦး

နားထောင်ချင်လို့'

သူလာညုရင်း၊ ကျွန်တော့်ရင်ခွင်တွင်းသို့ ကလေးတစ်ဦးလို တိုးဝင်သည်။ ခွေးလေး၊ ကြောင်လေးများလို တိုးဝှေ့သည်။ ကျွန်တော် ကရုဏာကြီးစွာဖြင့် သန့်စင်သော မေတ္တာကို လှစ်ဟရ ပြန်သည်။ သခင်ကဗျာများက သိပ်မရှည်လှပါ။

မာနမပါသကာအချစ်

အကျွန်ရင်ဖွင့်မယ်

နားဆင်ပါသခင်ရယ်

 

မျက်ဝန်းမှာလေ...

စွဲမြဲစိုးမိုး

အသည်းမှာလေ...

တိုးတိုး တိုးတိုး

သိစိတ်မှာလေ...

ခိုးခိုး ခိုးခိုး

မတွေးဘဲမြင်၊ မမြင်ဘဲသိ

မသိဘဲစွဲ၊ မစွဲဘဲရှိ

အချစ်တစ်ခုပဲ သိတော့တယ်

 

ရှေ့မှာ...

အရှေ့မှာ

သခင်အရှေ့မှာလေ

မြေခလို့နေ

ကြွေကျလိုကြေ

အသက်သေအချစ်ရှုံးနေတဲ့

အကျွန့်မာနတွေအားလုံး၊

ကျဆုံးခွင့်ပေးထားပါတယ်

မာနအားလုံး၊ အပြုံးနဲ့လဲမယ်

ဒါမှသခင်၊ မတန်ဘူးထင်ရင် မျက်ဝန်းမှာကြည့်

ဝိုင်းပြာကြည်လဲ့

ကြွေမယ့်မျက်ရည်

ကျတော့မယ်လေ။

ဒါမှသခင်။

မတန်ဘူးထင်ရင်

မာနကိုချေ၊ မျက်ရည်ကိုနင်း

အသက်မသေလည်း

အချစ်ရှုံးပြီမို့

တစ်သက်လုံးသည်

လူမပျော်ရင်ဖြင့်

တန်ပြီ သခင် ထင်ပါတော့။

 

မာနလဲဆုံး

မျက်ရည်ရှုံးမှ

ရသည့်အပြုံးကို စွဲမြဲမြတ်နိုး

တန်ဖိုးအစဉ်ထား

အိပ်မက်မှာလည်းသုံး

ဘယ်တော့မှ မမုန်းပါသခင်

.....

ရီရီမြသည် ကျွန်တော့်အား ဘဝဖော်အဖြစ် လက်မခံခြင်းမှလွဲ၍ ကျွန်တော့်အချစ်ကိုမူ သူသာ မူပိုင်လုပ်ချင်သည်။ ဝေဏီမောင်ကို တွဲသည်။ ယနေ့ မနက်ဖြန် လက်ထပ်ကြတော့မည့် တူမောင်မယ်နှစ်ဦးလို သွားကြလာကြသည်။ ကျွန်တော် ဆရာစံလမ်းတွင် အဆောက်အအုံတစ်ခု အချောသပ်နေသဖြင့် နေ့လယ်နေ့ခင်းတွင် (Mr.Guiter) ဆိုင်သို့ မကြာခဏ ရောက်သည်။ တစ်နေ့မှာ ရီရီမြတို့နှင့် ဆုံကြသည်။ ကျွန်တော်က အသစ်တပ်ဆင်မည့် လျှပ်စစ်မီးများကိစ္စဖြင့် တာဝန်ရှိသူတစ်ဦးနှင့် စကားလက်ဆုံကျနေခိုက် သူရောက်လာခြင်းပင်။

'ဟဲ့၊ ကိုထိုက် ဘာလာလုပ်တာလဲ၊ မလာစဖူး'

အနက်ရောင်ဝမ်းဆက်ဖြင့် လက်မောင်းသားများ ဖော်ထားသည့် ဘလောက်စ် အင်္ကျီမှာ သူ့ဖွံဖြိုးမှုကို အထင်းသားပေါ်နေစေသည်။ သူ့လက်ထဲမှာ ဖိုင်တွဲတွေ ကိုင်ထားပြီး အပေါ်ရုံ အနွေးထည်ကို လက်ဖျံပေါ် တင်ထားသည်။

'နင်ကရော ဘာလာလုပ်တာလဲ'

'ဟဲ့၊ ဟိုမှာ ဝေဏီမောင်ပါတယ်၊ နင့်ကိုတွေ့တာ အတော်ပဲ၊ ငါနင့်ဆီ လာမလို့၊ ငါနဲ့ ခဏလိုက်ခဲ့နော်'

'ငါဒီမှာ အလုပ်ကိစ္စ'

'လာပါဟာ၊ ခဏလေးပါ၊ အလုပ်ကိစ္စပြောချင်လို့'

ကျွန်တော့်မိတ်ဆွေက ဘုမသိ၊ ဘမသိ၊ လိုက်သွားပါဗျာဟု ဝင်တိုက်တွန်းသည်။ ကျွန်တော်က ဝေဏီမောင်ထိုင်နေသော စားပွဲသို့အရောက် လူယဉ်ကျေးလေးက ထိုင်နေရာမှထ၍ လက်ဆွဲ နှုတ်ဆက်သည်။

'ဝေဏီမောင်ပါ၊ ကိုဝေလို့ပဲ ခေါ်လို့ရပါတယ်'

'ဟုတ်ကဲ့၊ ကျွန်တော် ကိုထိုက်ပါ'

'ကိုဝေ၊ ဒါကျွန်မပြောပြောနေတဲ့ ကိုထိုက်လေ၊ ရှင့်ကို စောစောက ပြောခဲ့တဲ့ ကန်ထရိုက်တိုက်က သူတို့ လက်ရာပေါ့။ အမယ်လေး... ရန်ကုန်တစ်မြို့လုံးလည်း သူတို့နဲ့ မလွတ်ပါဘူး၊ လိုက်မျိုနေတာ ဟင်းဟင်း'

'ပေါက်ကရတွေ ပြောတော့မယ်၊ အခုဘာလာလုပ်တာလဲ'

'ပင့်လေဒီမှာ သူ့ကားလာရိုက်တာ၊ နင်လိုက်ကြည့်ပါလား'

'လိုက်ခဲ့ပါလား အစ်ကိုထိုက်၊ ဗဟုသုတ ရတာပေါ့'

ဝေဏီမောင်က သူ့နယ်မြေကို ဖိတ်ခေါ်ရင်း စီးကရက်တစ်လိပ်ကို ထုတ်တော့၊ သူဟာ လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော့်ရင်ခွင်ထဲမှာ ကဗျာတွေ လာနားထောင်ခဲ့တဲ့ ရီရီမြပါပဲ။ သူ အလုပ်ခွင် ဝင်နေပြီလေ။

'ဒီလို ကိုထိုက်ရဲ့၊ နင်တို့ တိုက်ခန်းတွေ သူက ကြည့်ချင်လို့တဲ့'

'သြော်...'

'ဈေးတော့ လျှော့ပေးပါဗျာ၊ ရီရီ့ကို ဝယ်ထားပေးချင်လို့'

'ဈေးက နောက်မှ ပြောပါလားရှင်၊ အကြွေးရမှာပဲဟာ၊ နော်'

ဤအခြေမျှဆိုလျှင် ရီရီမြတစ်ယောက် ဟိုလူ့နှလုံးသားအပေါ် ခြေတစ်ဖက် နင်းထားပြီဆိုတာ ကျွန်တော် သိလိုက်ပြီ။ ရီရီမြအသံက ခပ်သြသြပေမယ့် လွင်နေသည်။ ရှင်နှင့်ကျွန်မ အသုံးအနှုန်းက သူစိမ်းဆန်သည်ထင်ရသည့်တိုင် အတွင်းလှိုက်စားနေသော နှောင်ဖွဲ့မှုက အထင်းသား၊ ရုတ်တရက်ကြည့်လျှင် ဟိုလူ့နောက်က ရိုကျိုးနာခံ လိုက်ပါနေသည့် တပည့်မလေး၊ ပညာသင်လေးဟု ထင်ရမည်။ တကယ်တော့ ရီရီမြ၏ လုပ်ငန်းခွင်ထဲ ဟိုလူရောက်နေခြင်းသာ။ ဝေဏီမောင်မှာ အတော်ချောမောသည့် လူငယ်တစ်ဦးပါ၊ ပါးကြောများပင် စိမ်းနုနေသဖြင့် ယောကျ်ားချင်းပင် ဂုဏ်ယူ လောက်အောင် ကြည့်ကောင်းသည်။ အမူအရာလည်း သင့်တင့်ပါသည်။ အထူးသဖြင့် ဆယ်ကျော်သက်တွေ သည်းသည်းလှုပ်ရသည့် မင်းသား။ အမြင်အားဖြင့် ရီရီမြက ကောက်ကောက် ပါနေရသည်ဟု ထင်စရာ။

သို့သော် အချိန်လေးရင့်လာသောအခါ ဝေဏီမောင်သာ အလဲထိုးခံလိုက်ရသူလို ဆန့်ဆန့်ကြီး ကျန်ရစ်ခဲ့သည်။

'အလကားပါဟာ၊ တော်တော် ဘဝင်မြင့်တဲ့သူ၊ ငါတစ်စက်မှ ကြည့်မရဘူး၊ ငါ့ကို သူငယ်နှပ်စားလေးများ အောက်မေ့နေသလားမသိဘူး'

ကျွန်တော့် အဖို့မှာတော့ ဒီစကားများ ရီရီမြနှုတ်ဖျားမှ ကြားရပေါင်း များလှပြီ၊ ရီရီမြ နှလုံးသားသည် ကမ္ဘာ့နိုင်ငံရေးသမားများနှင့် တူသည်။ ကိစ္စတစ်ခုကို လက်မခံသည့်အခါ အချက်ကျကျ ပြောတတ်သည်။ လက်ခံသည့်အခါလည်း ထိုကိစ္စကိုပင် အချက်ကျကျ ပြောတတ်သည်။ လက်ခံခြင်းနှင့် လက်မခံခြင်းသည် သူ့နှုတ်ဖျားမှ ထွက်လာတိုင်း သူ့ဟာနှင့်သူ ဟုတ်နေသည်။

ပြောသာပြောရသည်။ ဝေဏီမောင်ကို နှံလွှတ်လိုက်သည့်ကိစ္စ၌ ကျွန်တော်လည်း  စိတ်တူကိုယ်တူ ပါနေသည်။ '' ကိစ္စနှင့် နာမည်ကျော်လှသည့် ဝေဏီမောင်ကို ကျွန်တော်အရင်ကပင် ကြည့်မရ၊ မင်းသမီးတစ်ဦးက မြေတောင်မြှောက်ပေးသဖြင့် စင်ပေါ်ရောက်လာသူ၊ ထိုမင်းသမီးကို ကျေးစွပ်ခဲ့သူ၊ တခြားမချောလေးများကို ဝါးမျိုခဲ့သူ။ သည်အပိုင်း၌ အတော်သတင်းကြီးသူဖြစ်သည်။

'နင် သတိထား ရီမြ၊ သူက ကျားဆိုး'

ဟု ကျွန်တော် ရီရီမြကို ကာကွယ်စကားပြောသည်။ ဝေဏီမောင်၏ ခြေလှမ်းကို ပွင့်ပွင့်လင်းလင်း အတိုင်ပင်ခံသည်။ နှံလွှတ်ရမည့်အချိန်ကို အကွက်ချပေးခဲ့သည်။ ဝေဏီမောင် မိကောင်းဖခင် သားသမီးပီသချင်လာသည်အထိ စောင့်ကြသည်။ တက္ကသိုလ်၌ အသည်းခွဲ ဘုရင်မ ဖြစ်ခဲ့ဖူးသော ရီရီမြ အနေဖြင့် တတ်စွမ်းသမျှ မာယာအပလိန်းကို သုံးသည့်တိုင် တစ်နှစ်လောက် စောင့်ရသေးသည်။ ဝေဏီမောင် ဒူးညွှတ်ချိန်တွင် ချက်ချင်း အလဲမထိုးသေး။

'ကျွန်မကို ယူရင် ရှင်နစ်နာမှာပေါ့၊ ရှင့်ကို ကျွန်မ ပါရမီဖြည့်နိုင်ဖို့ မလွယ်ဘူးရှင်၊ ကျွန်မလေ... ကျွန်မကို ကျွန်မ သတ်ပစ်ချင်လောက်အောင် မုန်းတယ်၊ တကယ်ဆို ရှင့်ကို လက်တွဲပြီး ရှင့်ဇနီး ကောင်းအဖြစ် နေသင့်တာပေါ့နော်၊ ကျွန်မလေ... ကျွန်မ'

'ဒီလိုလည်း မဟုတ်သေးပါဘူး ရီရီမြ၊ ကျွန်တော် အတ္တကြီးတယ်ဆိုတာ မှန်ပါတယ်။ ကိုယ့်ကို ပါရမီဖြည့်မယ့်သူကို ရှာရမယ်ဆိုတာ အရင်က ကျွန်တော်စိတ်ကူးယဉ်တာပါ။ တကယ်ချစ်တဲ့သူကို ရဖို့က အရေးကြီးပါတယ်ဗျာ၊ ရီရီ ကျွန်တော့်ကို လက်သင့်ခံရင်ရပါပြီ'

'ရှင်ကတော့ ဟုတ်တာပေါ့၊ ရှင့်မိဘတွေကျတော့'

'အိုဗျာ၊ ကျွန်တော့်မိန်းမဟာ သူတို့ချွေးမပဲ၊ ဒါတွေ ကျွန်တော် ထည့်မစဉ်းစားချင်ဘူး၊ ရီရီလက်ခံရင် ပြီးပြီ'

'စဉ်းစားပါရစေဦးရှင်ရယ်၊ ကျွန်မ ရှင့်ကို အားနာတယ်'

ဤအခြေအနေကို ကျွန်တော် သိရချိန်မှာပင် ရီရီမြ၏ ခြေစလက်စကို သိထားသူမို့ မကြာခင် ပွဲသိမ်းထိုးကွက်ဖြင့် နှံတော့မည်ကို မြင်နေမိသည်။ နောက်ပိုင်း ဝေဏီမောင် ကျွန်တော့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာပါတော့သည်။

(ကျွန်တော် တကယ်ပြောတာပါ။ ကျွန်တော် တကယ်ပြောတာပါ။ ကျွန်တော် တကယ်ပြောတာပါ။) ဟူသော အစချီစကားများဖြင့် စွန့်ပစ်ခံရသည့် ကလေးတစ်ယောက်လို ဝမ်းနည်းပက်လက် ဖြစ်နေသည်။ ရီရီမြကို ကျွန်တော်က တစ်ဆင့် သူ့အချစ်ကို ရှင်းပြပေးဖို့ အသနားခံသည်။ ကျွန်တော့်ကို ရီရီမြ၏ အထိန်းတော်ဟု ထင်နေပုံရသည်။ ယခင်က ကျွန်တော် သူ့အပေါ် အထင်သေးရွံ့မုန်းသမျှပင် ထိုအသနားခံကာလ၌ ပျောက်လွင့်သွားခဲ့၏။

'ရီရီမြကို အစ်ကိုသွားပြောရင် ရမှာပါဗျာ... နော်'

'မရဘူးညီလေး၊ ဘယ်သူမှပြောလို့ရမှာ မဟုတ်ဘူး'

'ဒါဆို... ဒါဆို၊ ကျွန်တော်... ဟာဗျာ'

ဝေဏီမောင်ကို ကိုင်တွယ်ဖူးသော ဒါရိုက်တာများသာရှိလျှင် ယခုဇာတ်ဝင်ခန်းကို ခေါ်ပြလိုက်ချင်သည်။

'ကိုကျော်ဇေဆိုတာ တကယ့်ကျားဗျ၊ ကျွန်တော်စိတ်ပူတယ် အစ်ကိုရာ၊ ကျွန်တော့် မယူရင်နေပါ၊ အဲဒီလူနဲ့ကင်းအောင်တော့ ပြောပေးပါ အစ်ကို၊ အစ်ကိုပြောရင် ရမှာပါ'

ဝေဏီမောင်၏ မေတ္တာ အတိမ်အနက်ကို ကျွန်တော် တွေ့လိုက်ရသည်။ သူခံရပြီ ဆိုသည့်တိုင် ရီရီမြကို ဒုက္ခမရောက်စေလို။ ဒါကိုတော့ ကျွန်တော် လက်ခံရမည်။ သို့သော် ရီရီမြက လက်မခံ။ သူငယ်နာ နှပ်စားထင်နေသလားဟု ဝေဏီမောင်၏ သတိပေးချက်ကိုပင် ပြန်နှက်သည်။

'ငါထင်တာတော့ ဝေဏီမောင် သတိပေးတာ မမှားဘူးထင်တယ်၊ ကိုကျော်ဇေမှာ နင့်ထက်လှတာတွေ ဝိုင်းနေတယ်၊ နင့်ကိုနင် သိပ်အထင်မကြီးနဲ့ ရီမြ၊ ငါဒါပဲ ပြောချင်တယ်'

'သွားသေလိုက်ဟယ်'

ဒီလိုပါပဲ၊ ရီရီမြက သူ့လုပ်ငန်းခွင်ကို ဝင်စွက်ဖက်လျှင် မကြိုက်ချင်။ ကိုကျော်ဇေနှင့် ဆုံခဲ့ကြသည်မှာ ဝေဏီမောင် မိတ်ဆက်ပေး၍ ဖြစ်သည်။ သရုပ်ဆောင်သမား၊ မော်ဒယ်လ် အေဂျင်စီ နှင့် ဗြူတီပါလာလုပ်ငန်းတို့မှာ မောင်နှမဝမ်းကွဲများလို ဆက်စပ်နေကြသည်။

ရီရီမြ ဗြူတီပါလာအား ကိုကျော်ဇေ၏ မော်ဒယ်လ်များနှင့် ကြော်ငြာရိုက်ရန် ဝေဏီမောင်က ကူညီခဲ့သည်။ ရီရီမြကို မြင်မြင်ချင်း သဘောကျသွားသည်ဟု ကိုကျော်ဇေအကြောင်းတွေ ရီရီမြက ကျွန်တော့်ကို ရှင်းပြသည်။

'သူ့ဟာသူ ဖြစ်သွားတာလေ၊ ငါကတော့ ရှင်းရှင်းပဲ၊ ဒါ ဝေဏီမောင် စခဲ့တာ၊ သူဖြစ်သူခံပေါ့'

'အန္တရာယ်များပါတယ် ရီမြရယ်၊ နင် ဟိုတိုက်ခန်းကိစ္စ ဘယ်လိုလုပ်မလဲ'

'အမယ်လေး၊ ဒါလေးများ၊ နင်ကြည့်လေ'

မှန်သည်။ မကြာခင် ကိုကျော်ဇေ ကျွန်တော့်ဆီ ရောက်လာသည်။ ရီရီမြ နာမည်နှင့် ငွေသွင်းထားသော တိုက်ခန်းအတွက် ကျန်ငွေကို ချက်လက်မှတ်ဖြင့် လာချေသွားသည်။

အသက်လေးဆယ်ဝန်းကျင်ပေမယ့် ကိုကျော်ဇေ နေပုံထိုင်ပုံမှာ လူကြီးလူကောင်း ပီသသည်။ အပြောအဆို ယဉ်ကျေးသည်။ သူ့မျက်နှာထားမှာ မိန်းမတွေကို ဘယ်တော့မှ စမကြိုက်မည့် မျက်နှာ ထားမျိုး။ တည်တံ့၍ လေးနက်သော ဥပဓိရုပ်မျိုး။ သို့သော် သူဝါးမျိုခဲ့သော အချောအလှတွေလည်း လက်ချိုးမရည်နိုင်တော့။

ဘယ်ပုံဘယ်နည်းဖြင့် ရီရီမြ စည်းလုံးလိုက်သည် မသိ။ သူ့နှမတစ်ယောက် အတွက် လက်ဆောင်လာပေးသလိုမျိုး ငွေလာစိုက်ပေးသွားခြင်းဖြစ်သည်။ ဝေဏီမောင် အရင်ငွေသွင်းပေးခဲ့ သည်ကိုပင် သိပုံမပေါ်။ ကျွန်တော် ဖော်ကောင်လုပ်လိုက်ရလျှင် ကောင်းမလားဟုပင် စဉ်းစားမိသည်။ သို့သော် သူ့ အလုပ်ကိစ္စကို ဝင်မစွက်ဖက်လို၍ ယောကျ်ားချင်း နှာနှပ်လွတ်လိုက်မိသည်။ ပေးငွေကို လက်ခံယူပြီး ငွေအကြေချေပြီးကြောင်း စာချုပ်တွင် လက်မှတ်ထိုးပေးကာ ကိုကျော်ဇေလက်ထဲ ထည့်လိုက်၏။

'အို၊ နေပါစေ၊ ရီရီလာမှ ပေးလိုက်ပါ၊ ခွင့်ပြုပါဦး ခင်ဗျာ'ဟု ယဉ်ကျေးစွာပြောရင်း နှုတ်ဆက်ပြန်သွားခဲ့သည်။

မိန်းမချော၊ မိန်းမလှ၊ ခန့်သော၊ ယဉ်သော၊ ကျက်သရေရှိသော မိန်းမများသည် သတ်မှတ်ချက်ရှိပြီးသား ဖြစ်သည်။ မိန်းမချောတို့သည့် သူတို့ချောသည်ကို သူတို့ ဂရုပြုမိပြီး ဖြစ်သဖြင့် ဘဝကို ထိုက်သလောက် ကျေနပ်ကြသည်။ ခန့်သော၊ ယဉ်သော၊ ကျက်သရေရှိသော မိန်းမများမှာလည်း ကိုယ်ပိုင်ဟန် ကိုယ်စီရှိသည်။

စွဲမက်စရာကောင်းသော မိန်းမမျိုးမှာ ဤသတ်မှတ်ချက်များနှင့် အကျုံးမဝင်။ ရီရီမြကို ချောလားလို့ မေးရင် မချော၊ လှလည်း မလှ၊ ခန့်ဖို့ယဉ်ဖို့ ဝေလာဝေး၊ သို့သော် ရီရီမြအရယ်၊ ရီရီမြ အပြုံး၊ ရီရီမြ လေယူလေသိမ်း၊ ရီရီမြ ဟန်ပန်များမှာ သဘာဝဓာတ်တစ်မျိုး ရှိနေသည်။ ထိုအရာကို ပုရိသများသာ သိသည်။ ရီရီမြ မချော၊ မလှ၊ မခန့်၊ မယဉ်၍ပင် ရီရီမြ စွဲမက်စရာ ကောင်းနေသည်ဟု ကျွန်တော်ထင်သည်။ အချော၊ အလှ၊ အယဉ်၊ အခန့်တို့သည် စတိုးဆိုင်မှ တန်ဖိုးသတ်မှတ်ပြီးသော အရုပ်များနှင့်တူ၍ စွဲမက်ဖွယ်ကောင်းသော မိန်းမမှာ ကမ္ဘာကြီးနှင့်အတူ သက်ဝင်လှုပ်ရှားနေသည်ဟု ကျွန်တော်ထင်သည်။ သဘာဝဆွဲအားတစ်ခုခု သူတို့မှာ ရှိနေသည်ကို ကျွန်တော်ယုံသည်။ ပုခက် လွှဲသော မိန်းမများ ကမ္ဘာကို အုပ်စိုးမည်ဆိုသည်မှာ ရီရီမြလို မိန်းမမျိုးများစု၍ ကြေညာလျှင် မှားမည်မထင်။

ရီရီမြကို မည်သူမှ မပိုင်၊ မည်သူမှ မထိန်းချုပ်နိုင်၊ သူ့ သဘာဝကိုက လွတ်လပ်နေမှ ပိုကြည့်ကောင်းသည်၊ မထီမဲ့မြင်ဟန်က ပို၍ လိုက်ဖက်သည်။ ပုရိသတို့ သည်းသည်း လှုပ်ရသည်မှာလည်း ထိုနွဲ့သော မထီမဲ့မြင်ဟန်များကြောင့် ဖြစ်သည်။ ရီရီမြ ရိုးနေ၊ ယဉ်နေ၊ ကျက်သရေ ရှိနေခြင်းမှာ ခဏ အနားယူနေခြင်းသာဖြစ်သည်။ ပြီးလျှင် လွတ်လပ်နေမြဲ၊ ကနွဲ့ကလျ ဟော့ရမ်းနေမြဲ၊ လေပွေလို ထင်ရာစိုင်းနေမြဲ၊ ထိုအခါ သူ့သတင်းမှာ ပို၍ ကျယ်ပြန့်လာတတ်မြဲ။ သို့သော် ရီရီမြ မရိုင်း၊ မကြမ်းတမ်း၊ သူလိုချင်တာကို သူ့ဘာသာရအောင် လုပ်သည်။ ပုရိသတို့၏ နှလုံးသားအပေါ် သူတက်ရပ်ပုံမှာ နူးညံ့သေသပ်လွန်းသဖြင့် ဘယ်အချိန် ရောက်သွားသလဲဆိုတာပင် မသိလိုက်ရ၊ မျက်လှည့်ဆန်သည်။

ကျွန်တော်တို့သည် စွဲမက်ဖွယ်ကောင်းသော မိန်းမမျိုးနှင့် ရင်ဆိုင်ရသည့်အခါ အကြောင်းမကြုံကြိုက်၍ မပတ်သက်ဖြစ်သော်ငြား၊ ထိုမိန်းမအကြောင်း တစ်ခွန်းစ၊ နှစ်ခွန်းစတော့ ပုရိသသဘာဝ ပြောကွက်ရှာကြမြဲဖြစ်သည်။ ပတ်သက်ခဲ့မိလျှင်တော့ ပြောလို့မကုန်တော့။

ဤအကြောင်းနှင့်ပင် ရီရီမြ ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။ ပုရိသများနှင့် သူတင်ကိုယ်တင် ဘဝကို အနိုင်ကျဲကြသော မိန်းမများ၊ မြန်မြန်ရင့်ကျက်လွယ်သည်မို့ ရီရီမြလည်း လောကကြီးကို  ကောင်းကောင်းနားလည်နေပြီ၊ လင်ယူစရာမလိုဘဲ ပုရိသတို့ သဘောသဘာဝကို နောကျေနေသည်။ ထို့ကြောင့်ပင် သူ မကြာခဏ စိတ်ဓာတ်ကျရသည်။ ကျွန်တော်က သူ့ကို ကဗျာများ၊ သီချင်းများ ရွတ်ဆို၍ ခွန်အားတွေ ဖြည့်ပေးသည်။ သူ့စိတ်ဓာတ်တွေကို အားသစ်လောင်းပေးသည်။

တစ်ခါတစ်ရံတွင် ရီရီမြသည် ဥပေက္ခာရှင်မကြီး ဖြစ်နေပြန်၏။ သူအလုပ်ခွင် ဝင်နေသောအခါ (တစ်နည်းအားဖြင့်) နှလုံးသားတစ်ခုအပေါ် တက်ရပ်ဖို့ ဟန်ပြင်လုံးပန်းနေခိုက်၊ ကျွန်တော်ကအစ၊ သူ့အတိတ်ဘဝ တစ်ခုလုံးလို သူမေ့ထားလိုက်သည်။ အလုပ်အပေါ် အာရုံစူးစိုက်သည်။ တာဝန် ကျေသည်။ အတိတ်မေ့နေသူ တစ်ဦးလို ကရုဏာ ထောင်းထောင်းထလောက်ဖွယ် ကောင်းအောင် ငြိမ်သည်။ မုန်တိုင်းမတိုက်မီ ငြိမ်သည့် နည်းမျိုး၊ သားကောင်ကို ဖမ်းယူခါနီး... ကေသရာဇာ၏ ငြိမ်နည်းမျိုးဖြစ်သည်။ ကျွန်တော် လွန်စွာ သဘောကျသော ရီရီမြ၏ ဂုဏ်တစ်မျိုးလည်းဖြစ်သည်။

'ဟက်ခနဲ' ရယ်လိုက်ရုံဖြင့် လည်းကောင်း၊ 'ဒါနဲ့များ ရှင်ရယ်' ဟု ညုတုတု ပြောလိုက်ရုံဖြင့်လည်းကောင်း၊ သူအောင်ပွဲရမှာ သေချာသော နိုင်ပွဲမျိုးဆိုလျှင် ရီရီမြက ကျွန်တော့်ကို တိုင်ပင်သည်၊ ပွင့်လင်းသည်။ သူ့ အရှုပ်အတ္ထုပ္ပတ္တိကို မှတ်သားစေသည်။ သူ့အကြောင်း စာဖွဲ့လျှင် ကျန်ခဲ့မည်စိုး၍ ဖြစ်သည်။ တကယ့်ပွဲကြီးပွဲကောင်းဆိုလျှင် ကျွန်တော့်အား ဂရုမစိုက်၊ သူနှင့် ကျွန်တော့်ဇာတ်လမ်းမှာ ပြီးသွားလေပြီဟုပင် ကျွန်တော် ထင်ယူမိသည်။ တစ်ခါတစ်ရံ နှစ်ဖြင့်ချီ၍ အဆက်ဖြတ် ခံထားရသည်။ ထို့ကြောင့်ပင် ကျွန်တော့် နှလုံးအိမ်တွင် ကျွန်တော် ပုံသွင်းထားသော ရီရီမြ ပေါ်ထွက်လာခြင်းဖြစ်သည်။ ကျွန်တော်၏ ချစ်သမျှကို နှလုံးအိမ်မှ ရီရီမြ ရစေသည်။ တကယ့် ရီရီမြကို ကျွန်တော် မေ့ထားနိုင်သည်။ သို့ဖြင့် ရီရီမြကို အချစ်နိုင်ဆုံးလူမှာ ကျွန်တော် ဖြစ်လာခဲ့ရသည်။

အပြင် ရီရီမြမှာ စီးကရက်မီးနှင့် တူသည်။ ညှိပြီးလျှင် မရှိုက်လည်း သူ့ဘာသာ လောင်ကျွမ်းနိုင်စွမ်းရှိသည်။ အသည်းဗဟိုသို့ 'ဝှေ့ခနဲ' ဝင်သွားပုံမှာ ညင်သာသည်။ မခံနိုင်၍ မှုတ်ထုတ်လိုက်လျှင် လှောင်ရယ်၍ ပျံတက်သွားလိမ့်မည်။ ရီရီမြမှာ အကြည့်တစ်မျိုး ရှိသေးသည်။ ကျွန်တော်က မှော်အကြည့်ဟု နာမည်ပေးထားသည်။ အချော၊ အလှ၊ အခန့်၊ အယဉ်တို့ ထိုအကြည့်မျိုး မကြည့်တတ်။ အထုံပါရမီ မပါ၊ ရီရီမြ၏ ထိုအကြည့်မှာ 'ရှင်တော့ ကျွန်မကို မရရင် ကံဆိုးပြီ' ရှင် ဘယ်မိန်းမမျိုးတွေကို လျှောက်စဉ်းစားနေတာလဲ၊ ဒီမှာ ကြည့်စမ်းပါ။ ကျွန်မကို ချစ်ကြည့်စမ်းပါ။

'သြော်၊ ရှင်တော့ ကျွန်မနဲ့သာ မတွေ့ရင် အချစ်အကြောင်း ဘာမှသိမှာ မဟုတ်ပါလား'... စသော စသော အဓိပ္ပာယ်များ ပါဝင်သည်။ ထိုအကြည့်သာ မရှိလျှင် ရီရီမြမှာ သာမန် မိန်းမသား ဖြစ်လိမ့်မည်။ 'ဟဲ့၊ အဲဒါ ဧကရီတွေမှ ကြည့်တတ်တာ...ဟာ...ဟ' ဟု ကျွန်တော့်ကိုပင် ဂုဏ်ယူဝင့်ကြွား ပြောပြခဲ့သေးသည်။ ဧကရီ အကြည့်ပေါ့လေ။

ကျွန်တော့်အတွက် ကံကောင်းသည်မှာ သူ့ကို ကျွန်တော့်နှလုံးသား ဒူးထောက်ချလိုက်စဉ်က ကျွန်တော့် နှလုံးသားပေါ် သူတက်မရပ်ခဲ့ခြင်းပင်ဖြစ်သည်။ မနင်းရက်သဖြင့် သူရှောင်ထွက်သွားသည်။ သို့သော် ကျွန်တော်သည်လည်း ဧကရီ အကြည့်ထိထားပြီးသူမို့ ကြေကွဲရသည်၊ နာကြည်းရသည်၊ မျက်ရည်ကျရသည်၊ ကတုန်ကယင် ဖြစ်ရသည်၊ ဆုံးရှုံးရပြီဟူသော အသိဖြင့် စိတ်ကူးယဉ်ကမ္ဘာ ဖြိုချခံရသည်။ ဒါတွေကို သူလုံးလုံး မသိလိုက်ခြင်းက ကျွန်တော် ကံကောင်းခြင်းဖြစ်သည်။ ကျွန်တော့် နှလုံးသား ထူထူထောင်ထောင်ပြန်ဖြစ်လာချိန်တွင် ကျွန်တော် သူ့ကို ပြုံးပြီးရင်ဆိုင်နိုင်ပြီ။ သူ့ကို မဆက်ဆံဘဲ မနေနိုင်သည်မို့ ဟန်ဆောင်ကောင်းဖို့ ကြိုးစားရသည်။ ကျွန်တော့် နှလုံးအိမ်တွင် သူ့ကိုယ်ပွား ရှိနေပြီမို့ စိတ်ရှိလက်ရှိ ကျွန်တော် ကျေနပ်နိုင်လေပြီ။ ကျွန်တော် အရက်မူးလာသော တစ်နေ့တွင် သည်အကြောင်းကို ရီရီမြ သိသွားသောအခါ...

'သြော်...၊ အခုမှ ငါနားလည်သွားပြီ၊ ကိုထိုက်၊ ငါလည်း နင့်လိုဖြစ်နေတာကိုး' ဟု တိုးတိုးလေးညည်းသည်။

ကျွန်တော်နှင့် တူရကောင်းလားဟု ကျွန်တော် စက်ဆုပ်မိခဲ့သည်။ သို့သော် ထိုအရာကား ကပျက်ကယက် လုပ်လို့ရသည်လည်း မဟုတ်ဘဲကိုး။

ဆက်လက်ဖော်ပြပါမည်

မာန် ၊တောင်လုံးပြန်၊

(အမှတ် ၁၉၃၊ ဒီဇင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
ပင်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၂)
ဆူးငှက်

'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ
ဆူးငှက်

'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၃)
ဝင်းငြိမ်း

နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။