ရွှေနှလုံးသား

နောက်ထပ်အသည်းကွဲဖို့

သက်ဇော်ဝင်းတင်

01 September 2025
နောက်ထပ်အသည်းကွဲဖို့
Share to

            တကယ်ဆို သံယောဇဉ်တွေကို ဖွဖွဆုပ်ပြီး ဝေးကွာခြင်းရဲ့ ခါးသက်သက်ခံစားမှုကို ရင်းနှီးစွာ မထိတွေ့၊ မပိုင်ဆိုင်ချင်ခဲ့ရိုးအမှန်ပါ။ မိုးရာသီရဲ့ နေရောင်ကျဲကျဲအောက်က ထိုင်ခုံပုလေးတွေမှာ ထိုင်ရင်း သူမကို သတိရနေတယ်ဆိုတာ ဘယ်သူက ရိပ်စားမိမှာလဲ။ သူမနဲ့အတူ သွားခဲ့ဖူးတဲ့ ဟောဒီလမ်းတစ်လျှောက်မှာ ချန်ထားရစ်ခဲ့တဲ့ အလွမ်းစတွေကို သီရင်း မျက်ဝန်းထဲက ဆွေးရိပ်တွေကို

ဘယ်သူက ဘာသာပြန်နိုင်မှာလဲ။ အသက်ရှူသံ ပြင်းပြင်းတစ်ချက်ကို စိတ်ကူးနဲ့ လေလွင့်ရတဲ့ အတွေးတွေဟာ ရင်အစုံကို မောလျစေတယ်။ မိုင်ချီပြီး ဝေးကွာသောအရပ်မှာ ရှိနေပေမယ့် အနားမှာရှိနေတယ်လို့ ထင်ယောင်နေဆဲ ဆန္ဒတစ်စုံရဲ့ အနိုင်ပိုင်းမှုအောက်မှာ ရှုံးနိမ့်ခဲ့ရတဲ့အဖြစ်ကို ဘယ်သူက စာနာနားလည်ပေးနိုင်မှာလဲ။ မျှော်လင့်ခြင်းဆိုတာ ဥက္ကာပျံတစ်စလို ဖျာခနဲလင်းလက်တုန်း၊ ဖြုတ်ခနဲကြွေဆင်းခဲ့ရပေမယ့် လခြမ်းကွေးကွေးလေးကနေပြီး တစ်စထက်တစ်စ ပြည့်ဝန်းလာတဲ့ လမင်းဝိုင်းဝိုင်းစက်စက်ကြီး ဖြစ်လာသည်အထိ ညပေါင်းများစွာ ခူးခြွေပြီး သူမကို မြတ်နိုးခဲ့ရသူပါ။

၁။

ကျောင်းသား၊ ကျောင်းသူတွေက တမာပွင့်ဝေတွေလို လန်းလန်းဆန်းဆန်းနဲ့ ကျောင်းဝန်းအနှံ့စည်ဝေနေဆဲ။ ဖန်ခါးမြေဆိုတဲ့ ကျောင်းတော်ကြီးရဲ့ ရင်ခွင်ကို စတင်ခိုလှုံတဲ့ နှစ်ကစပြီး အထက်တန်းကျောင်းက အတူနေကျောင်းသား ကျောင်းသူ ဆုံစည်းပွဲ အထိမ်းအမှတ်ပွဲ စတင်ကျင်းပခဲ့တာ နှစ်ကြိမ်မြောက် ရှိခဲ့ပြီ။ သူငယ်ချင်းဖြစ်သူ ဖြူဖြူဝင်းသန့်နဲ့အတူ ကောင်မလေးတစ်ယောက် ကျွန်တော့်စားပွဲသို့ လာထိုင်ပြီး ဖြူဖြူဝင်းသန့်က...

'ကိုညီ၊ ငါတို့ဆုံစည်းပွဲကို ကြည့်ချင်တယ်ဆိုလို့ ငါနဲ့အဆောင်မှာ တစ်ခန်းတည်းနေ သူငယ်ချင်း ခေါ်လာတာ၊ မဉ္ဇူတဲ့'

သူ့သူငယ်ချင်းဘက် လှည့်ရင်း...

'မဉ္ဇူ၊ ဒါ ငါနဲ့ အထက်တန်းကျောင်းကတည်းက နေလာတဲ့ ညီနိုင်'

ဖော်ရွေမှုကို အထင်းသား မြင်တွေ့ရတဲ့

သူမအပြုံးကို ငေးကြည့်ပြီး...

'ကျွန်တော့်ကိုလည်း ဖြူဖြူ့လိုပဲ

ခင်နိုင်ပါတယ် မဉ္ဇူ'

'ကိုညီ့အကြောင်းကိုဖြူဖြူ မကြာခဏ ပြောပြလို့ သိနေတာ ကြာပါပြီ။ လူကို ခုမှသာ တွေ့ဖူးတာ'

            စကားပြော ချိုသာတဲ့ မဉ္ဇူဟာ ကျွန်တော်နဲ့ဖြူဖြူတို့ ကြားမှာ ငယ်သူငယ်ချင်း တစ်ယောက်လို ရင်းနှီးစေခဲ့တယ်။ မဉ္ဇူရဲ့ ရှားရှားပါးပါး ယောကျ်ားလေး သူငယ်ချင်း တစ်ယောက် ဖြစ်ခဲ့ရတယ်။

            အဖြူရောင် နှောင်ကြိုးတွေဟာ ကောင်းကင်ပြင်က တိမ်စိုင်တွေလို တဖွားဖွား ပွင့်လာကြတယ်။ ကျွန်တော် ထိုင်နေကျ ကဖီးဆိုင်ကို ဖြူဖြူမပါဘဲ သူမ လိုက်ထိုင်ပေးရင်း Sound Box ဆီမှ ရော့ခ် သီချင်းတွေကိုလည်း နားဆင်တတ်ပြီ။ ဧရာဝတီ မြစ်ကမ်းနံဘေးမှာ ထိုင်ရင်း ရေပြင်ကျယ်ပေါ် ဖြတ်သန်းလာတဲ့ လေပြည်လေညင်း တွေဟာလည်း အကျွမ်းတဝင် ဖြစ်ခဲ့ပြီ။

            'ရော့...'

            'ကဗျာစာအုပ်လား'

            'အင်း... အခန်းထဲက သူငယ်ချင်းတွေစုပြီး ထုတ်တာ။ ကဗျာနှစ်ပုဒ်ပေးပါ ဆိုတာနဲ့ ထည့်ပေးလိုက်တာ။ မဉ္ဇူအတွက် အမှတ်တရ'

            စာအုပ်ထဲမှာပါတဲ့ ကျွန်တော့်ကဗျာကို ဖတ်ကြည့်ရင်း...

            'ကိုညီက အနုပညာ ဝါသနာပါတယ်နော်'

            'ဟုတ်တယ်... မဉ္ဇူ။ ကျွန်တော့်အဖေက ပေးခဲ့တဲ့ အမွေတစ်ခုပေါ့။ ကျွန်တော် ဆယ်နှစ်သားလောက်မှာ စာစပေးဖတ်တယ်။ ဆယ့်နှစ် နှစ်သားလောက်ကျတော့လည်း ဂီတပိုးက ကျွန်တော့်ရင်ထဲ စီးနင်းလာပြန်ရော။ တစ်ခါတစ်ရံကျတော့လည်း မျိုသိပ်ခံစားရသမျှကို အနုပညာနဲ့ ဖွင့်ဟပြလို့ရတဲ့ ခံစားမှုကို ဘာနဲ့မှမလဲချင်ပြန်ဘူး။ ကိုငှက်ကြီး (ထူးအိမ်သင်)ရဲ့ မေမေ သီချင်းကို ဆိုမိတိုင်း မျက်ရည်ဝဲရတယ်။ မိခင်တစ်ယောက်ရဲ့ မေတ္တာကို သိရှိပြီးတဲ့နောက် တင့်တောင့် တင့်တယ်နဲ့ လိုလေသေးမရှိအောင် ထားချင်ပေမယ့် ကျွန်တော်က ထားနိုင်တဲ့ အခြေအနေရှိဦးမှ။ မသေချာတဲ့ စိတ်ကူးယဉ်မှုထက် သေချာတဲ့ မိဘစကားနားထောင်ခြင်းနဲ့ စိတ်ချမ်းသာအောင် ပေးဆပ်ရတာ တကယ့်ပီတိ'

            အစီအရီ တိုးထွက်လာသော စကားစတွေကို ရပ်တန့်ပြီး...

            'ပျင်းနေပြီလား မဉ္ဇူ'

            'ဟင့်အင်း၊ ဆက်ပြောလေ'

            'အငယ်ဆုံး တစ်ယောက်လည်းဖြစ်၊ ပြည့်စုံတဲ့ မိသားစုက ဆင်းသက်လာတဲ့ မဉ္ဇူဘဝရဲ့ ဖြတ်သန်းမှုဟာ ညင်သာပါတယ်။ မိဘစုံစွာနေရတဲ့ ကုသိုလ်ကျတော့လည်း မဉ္ဇူက ကျွန်တော့်ထက် ပိုသွားပြန်ရော'

            ဆည်းဆာရဲ့ ပြောင်းလဲလာသော အရောင်တွေက သူမအပေါ် ခပ်ဖျော့ဖျော့ ဖြာကျနေဆဲ...

            'အိမ်က ပြောတယ်။ အထူးသဖြင့် ကျွန်တော့်ညီနှင့် ညီမတွေကပေါ့။ မွေးချင်းတွေ လာလည်တုန်း ပုပ္ပားတောင် လိုက်မှာလား၊ အိမ်စောင့် ကျန်နေခဲ့မှာလားတဲ့။ ကျွန်တော်က တစ်ခေါက်မှ တော့ မရောက်ဖူးသေးဘူး'

            'တကယ် မရောက်ဖူးသေးဘူးဆိုရင် ကိုညီ လိုက်မသွားနဲ့။ ဘာဖြစ်လို့လဲဆိုရင် မဉ္ဇူက ပထမဆုံးလိုက်ပို့တဲ့ သူ ဖြစ်ချင်လို့'

            အိမ်စောင့်နေတဲ့ ရက်တွေမှာ သူမကို သတိတရ ရှိနေမိတယ်။ ကျောင်းတစ်ရက် ပျက်ကွက်မိတာနဲ့ သူမရှိရာအရပ် ဖြစ်လောက်တဲ့ Main ရှေ့က ခုံတန်းလျားဆီ အရောက်သွားမိတယ်။

            'ကိုညီ မနေ့က မဉ္ဇူ တစ်ယောက်တည်း ထိုင်နေတုန်း ကောင်လေးတစ်ယောက်က ခင်မင်ခွင့်ရချင်လို့ ဆိုပြီး မိတ်ဆက်တယ်။ Second Year ကတဲ့'

            သူမကတော့ ဘာရယ်လို့ ရည်ရွယ်ပြီးပြောတာ မဟုတ်လောက်ပါဘူး။ သူမရဲ့ တစ်နေ့တာဖြစ်စဉ်တွေထဲက အကြောင်းအရာတစ်ခုကို ပြောပြတာ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရင်ကို တွေဝေသွားစေတာ အမှန်ပါ။ စကားဆက်ပြောရင်း လေးလံလာတဲ့စိတ်ကို ထိန်းပြီး ပြန်လာခဲ့ပေမယ့် ကျွန်တော့် အပြန်လမ်းမှာ ခံစားမှုတစ်ခု ပါလာတာက အသေအချာ။ အမှတ်တမဲ့ သူမ ပစ်ချလိုက်သော်လည်း ကျွန်တော် ကျခဲ့တဲ့ ရေပြင်ဟာ အဆုံးကို မမြင်ရသလို။ အဲဒီညမှာပဲ ကြယ်စင်တွေ ကွယ်ပျောက်ပြီး ညဟာ အက်ဆစ်စား ထားသလို မွန်းကျပ်ပိတ်လှောင်တဲ့ ရင်ခွင်ပြင်ကို ဖြန့်ကြက်ရင်း ညအတော်အိုမှ အိပ်မက်မြို့တော်ကို ရောက်သွားခဲ့ရတယ်။

            ၂။

            ပြက္ခဒိန် စာရွက်ပေါ်က ရက်စွဲတွေဟာ အချိန်နာရီတွေရဲ့ စီရင်မှုအောက်မှာ တစ်ရက် ပြီးတစ်ရက် ကုန်ဆုံးလာခဲ့တယ်။ ခေါင်းလောင်းသံ တိတ်ပြီဆိုမှ ခွဲရမယ့်အသိက ပွင့်လွှာတွေ တစ်ချပ်ဆီ ခြွေချခံရတဲ့ ရိုးတံတွေနဲ့အတူတူ။ အခါတစ်ပါးမှာ သူမနဲ့ ပျော်ရွှင်ခဲ့သမျှ ဆိတ်သုဉ်း မသွားခဲ့ရင် အကောင်းသား။ ပညာသင်နှစ်တစ်ခုရဲ့ အဆုံးသတ်နေ့မှာ သူမနဲ့ ကျွန်တော်တို့ ဆုံစည်းခွင့်တွေပါ အဆုံးသတ်ရမယ်လို့ ထင်မထားခဲ့မိချင်ဘူး။

            'မဉ္ဇူ ဘယ်နေ့အိမ်ပြန် ဖြစ်မှာလဲ'

            'ပစ္စည်းတွေ အားလုံး သိမ်းရမှာဆိုတော့ မေမေလာကြိုမယ်။ သန်ဘက်ခါ ပြန်ဖြစ်မယ်'

            'မဉ္ဇူကို သတိရနေမှာ'

            တစ်လုံးချင်း ထွက်ကျလာတဲ့ စကားစတွေဟာ လေးတွဲ့စွာ။ ချောင်ကျနေတဲ့ သူမမျက်နှာနဲ့ ဖျော့တော့တော့ သူမ မျက်ဝန်းတွေဟာ အိပ်ပျက်ညတွေကြောင့်လား။

            'နှစ်ယောက်စလုံးမှာ ဆက်သွယ်ရမယ့် လိပ်စာတွေ ရှိနေသားပဲ'

            ဟုတ်ပါရဲ့၊ ကံကြမ္မာ ဓားချက်တွေ ဘယ်လောက် အသွားထက်ထက် သူမနဲ့ ကျွန်တော့်ရဲ့ သံယောဇဉ်တွေကို ပြတ်တောက်မဖြစ်နိုင်ဘူး။ ကိုယ်စီကိုယ်စီ ဆက်နွယ်နေတဲ့ အကြောင်းအရာတွေကို သူမ မေ့ပစ်နိုင်စွမ်း မရှိပါစေနဲ့ ဆိုတာကလွဲပြီး ထပ်ကိုး မျှော်လင့်ချင်ပေမယ့် လေပွေရိုင်းရိုင်းတွေ ခတဲ့ညတွေ ရင်မဆိုင်ဝံ့ခဲ့ဘူး။

            ၃။

            မိသားစုတစ်ခုရဲ့ ဝင်ငွေကို တစ်ထောင့်တစ်နေရာက နေပြီး ရှာဖွေခဲ့ရတဲ့ ကျွန်တော့် ခန္ဓာကိုယ်ဟာလည်း ချွေးစက်တွေနဲ့အတူ စေးထန်းခဲ့ရပြီ။ သာမန်ဘွဲ့ကလေးတစ်ခု ရရုံနဲ့ ခုခေတ်မှာ ဝင်ငွေကောင်းကောင်း မရပေမယ့် သင့်တော်ရာ အလုပ်တစ်ခုမှာပဲ ကျွန်တော် နေပျော်ခဲ့ပါတယ်။ ဘဝတစ်ခု ရပ်တည်မှုအတွက် ရုန်းကန်ခဲ့ရလို့ ကျွန်တော့်စိတ်တွေဟာ အတော်အသင့် ရင့်ကျက်လာ ခဲ့ပြီ ဆိုပေမယ့် သူမကို မေ့နိုင်လောက်သည်အထိ မရင့်ကျက်နိုင်သေးပါဘူး။ သူမနဲ့ ကွဲကွာနေမှ သူမအပေါ် ထားရှိတဲ့ သံယောဇဉ်တွေရဲ့ နှောင်တွယ်ထုံးဖွဲ့မှုကို အတိုင်းသားသိမြင်ခဲ့ရတယ်။ သူမ ထုဆစ်မယ့် သတိရခြင်းပုံတူဟာ ကျွန်တော်တစ်ယောက်တည်း ဖြစ်ချင်တယ်။ လွမ်းတယ်။ ရင်ဘတ်ထဲရှိနေတာ တားမရသလို ဦးနှောက်ကို မစဉ်းစားပါနဲ့လို့ တွန်းထုတ်နိုင်မှု အစွမ်းအစတွေ လည်း ယိုင်နဲ့ခဲ့ရတယ်။ တစ်မြေဆီ ဝေးကွာနေပေမယ့် အတူရှိခဲ့စဉ်ချိန်က ထဲဝင်ပတ်သက်မှုတွေကို သတိရနေတာ။ ရင်ခွင်တစ်ခုလုံး မဆံ့တော့ဘူးပြောရင် ကျွန်တော့်ဘက်ကို သိပ်လိုက်နေတာများ ဖြစ်နေမလား။ ခပ်သွယ်သွယ် ခန္ဓာကိုယ်နဲ့ ကျောလယ်သာသာ ဆံပင်တွေကို အမြဲချည်နှောင်ထားပြီး တီရှပ်တွေသာ ဝတ်ဆင်လေ့ရှိတဲ့ သူမပုံရိပ်တွေဟာ ကျွန်တော့် မျက်သားနက်နက်တွေထဲထိ စွဲထင်နေဆဲ။ သူမကို ချစ်နေပြီလို့ ကျွန်တော့်ကိုယ်ကျွန်တော်ပဲ တိတ်တိတ်ကလေး ဝန်ခံမိပြီ။ သူမ ဝယ်ပေးတာကို ငြင်းဆန်ခဲ့ပေမယ့် သူမနဲ့အတူဝယ်ခဲ့တဲ့ ဟော်လိုဂစ်တာလေးကို တီးခတ်မိတိုင်း သူမအသံကို ကြားယောင်နေမြဲ။

            'ကိုညီရေ၊ ဖုန်းလာတယ်'

            တစ်ဖက်အိမ်က ကောင်မလေး ခေါ်သံကြောင့် ဘယ်ကများလဲ ဆိုတဲ့အတွေးနဲ့...

            'ဟယ်လို... ညီနိုင်ပါ'

            'ဘယ်သူလဲ သိလား'

            သတ္ထုခွက်မှ ထွက်ပေါ်လာသော အသံက ကျွန်တော့် ရင်ခုန်သံကို ပိုမိုမြန်စေခဲ့တယ်။

            'မဉ္ဇူ'

            'သိပ်တော်တယ်။ ကိုညီ့ကို အကြွေးဆပ်မလို့။ ဘုရားကို လိုက်ပို့မယ်ဆိုတာလေ။ အခု မမက ပုပ္ပားမှာ တာဝန်ကျနေတာ မဉ္ဇူ အလည်ရောက်တုန်း ကိုညီ လာခဲ့နော်'

            'စနေနေ့ လာခဲ့မယ်လေ'

             'စောင့်နေမယ်။ ဒါပဲနော်... ကိုညီ'

            သူမနဲ့ တွေ့ခွင့်ရမယ့်အရေး အတွေးနဲ့တောင် ပျော်ခဲ့တဲ့ ကျွန်တော့်အဖြစ် သူမ သိစေချင်လိုက်တာ။ သူမဆီ သွားဖို့ အဝတ်အစားတွေ ထည့်ပြီး...

            'မေမေ၊ သူငယ်ချင်းကလှမ်းခေါ်လို့ ဘုရားဖူးသွား မလို့'

            'ပိုက်ဆံ ဘယ်လောက် လိုသေးလဲသား'

            မေမေ့ဆီမှ အကြည့်ကို နံရံအက်ကြောင်းတွေဆီ လွှဲပို့ရင်း...

            'သားမှာ ရှိပါသေးတယ်'

            ၄။

            မှတ်မှတ်ရရပေါ့။ အဲဒီနေ့က မိုးရေစက်လက် အကြွင်းအကျန်တွေက ရာသီတစ်ခုကို နှုတ်ဆက်နေ သယောင်။ တောင်တက်လမ်းတစ်လျှောက်မှာ စိမ်းစိမ်းညို့ညို့တောင်တန်းတွေကို ငေးကြည့်ပြီး အေးမြတဲ့ တောင်ပေါ်မြေရဲ့ သဘာဝအလှဟာ လန်းဆန်းသွားခဲ့တယ်။ ကားပေါ်မှ ဆင်းပြီ ဆိုရင်ပဲ သစ်တောရုံးရှေ့မှာ ထိုင်စောင့်နေတဲ့ သူမနဲ့ ကောင်မလေးတစ်ယောက်။ မမြင်ရတာ ကြာပြီဖြစ်ပေမယ့် အသားပိုဖြူလာတာကလွဲပြီး သူမပုံစံက ဟိုအရင်အတိုင်း။

            'ကိုညီ၊ နည်းနည်းပိန်သွားသလိုပဲ'

            'ပင်ပန်းတာကို မဉ္ဇူရဲ့'

            သူမတို့ အခန်းရှေ့မှာ အလှစိုက်ပန်းအိုးတွေက အစီ အရီ။ သူမအစ်မနဲ့ မိတ်ဆက်ပေးပြီး ကျွန်တော့်ကို ဟိုတယ်အထိ လိုက်ပို့ပေးခဲ့တယ်။ ညနေ ရေချိုးအဝတ်အစားလဲပြီး သူမရှိရာ အခန်းကို ထွက်လာခဲ့တယ်။ အပြာရောင်တီရှပ်ကို နက်ပြာရောင်လုံချည်နဲ့ တွဲဝတ်ဆင်ထားတဲ့ သူမဟာ သိပ်မထူးခြားပေမယ့် ကျွန်တော့်အတွက်တော့ ဘယ်တော့မှ ရိုးအီမသွားမယ့် ကဗျာတစ်ပုဒ်ပါ။

            'ကိုညီ ယူခဲ့လေ။ တောင်ပေါ်တက်ရအောင်'

            အရင်အချိန်တွေကတည်းက အပြင်သွားတိုင်း သူမ ပိုက်ဆံအိတ်ကို ကျွန်တော့်ပေးထားနေကျ အပြုအမူဟာ အခုထက်ထိ မပြောင်းလဲသေးဘဲ သစ်ရွက်တွေကြားမှာ ယိမ်းနွဲ့လှုပ်ရှားနေတဲ့ စိတ်တွေဟာ သူမဘဝကို ကြွေသက်စေချင်တာလား။ လှေကားထစ်တွေ နင်းဖြတ်ရင်း စေတီတော်ရဲ့ သမိုင်းကြောင်းတွေကို မမောနိုင်၊ မပန်းနိုင် ရှင်းပြနေတဲ့ သူမကို သူမ အဖော်ကောင်မလေးက...

            'မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူး'

            နောက်ကနေ လှမ်းစတော့ ပန်းနုရောင်သန်းသွားတဲ့ သူမပါးပြင်မှာ အပြုံးနုနုတွေနဲ့ ထွေးရီနေဆဲ။ ဘုရားရင်ပြင်ပေါ် ရောက်ပြီဆိုရင်ပဲ ဘုရားရှင်ကို အာရုံပြု (ထိခြင်းငါးပါးနဲ့) ရှိခိုးဦးချ ခွင့်ရတဲ့အတွက် ကြည်နူးမိတယ်။ ပုပ္ပားတောင်ထိပ်က အဝေးမျှော်ကြည့်တော့ သစ်ပင်အုပ်အုပ်တွေကြားမှာ ရစ်ခွေစီးဆင်းနေတဲ့ ချောင်းငယ်ကလေးရယ်၊ ပွဲတော်ဆီမှ တရွေ့ရွေ့ သွားလာနေဆဲ သေးငယ်ငယ်လူတွေကို မြင်ရတဲ့ မြင်ကွင်းဟာ သဘာဝ ပန်းချီကားတစ်ချပ်အလှကို ပီပြင်စွာ ဆေးခြယ်ထားသလို။

            'ချစ်သူကို သတိရနေပြီလား ကိုညီ'

            အနားသို့ ရောက်လာရင်း မေးလိုက်သော သူမ အသံက ကျွန်တော့်ကို တုန်လှုပ်သွားစေခဲ့တယ်။

            'ရင်ထဲမှာ ချစ်နေရတဲ့ သူကို ချစ်သူလို့ ပြောရမယ်ဆိုရင် ကျွန်တော့်မှာ ချစ်သူရှိတယ်လို့ ဝန်ခံပါတယ်။ ဒါပေမယ့် အချစ်ဆိုတာကို ရင်ဖွင့်ပြမှ ပိုင်ဆိုင်ရမယ်လို့ ခံယူမထားသလို ဖွင့်ဟမပြောဘဲ စွန့်လွှတ်ရမယ်ဆိုရင်လည်း နောင်တရမိမှာ မဟုတ်ဘူး။ ချစ်ခြင်းမေတ္တာကို တိတိပပ သိရှိခံစားရတယ် ဆိုရင်ပဲ ကျေနပ်ပါတယ်'

            'ဒါဖြင့် ကိုညီက ချစ်သူကို စွန့်လွှတ်ရဲတယ်ပေါ့'

            'စွန့်လွှတ်ရဲတယ် ဆိုတာထက် အခြေအနေအကြောင်းကြောင်းကြောင့် စွန့်လွှတ်သင့်တယ် ထင်လို့ပေါ့'

            လောကဓံရဲ့ ကြမ်းတမ်းမှု နက်နက်တွေထဲ သူမကို ဆွဲမနှစ်ချင်ဘူး။ လိုအပ်ချက်တွေ ပြည့်နှက်နေတဲ့ ဘဝမျိုးတွေနဲ့ သူမကို ကြည့်ရဲလောက်အောင် ကျွန်တော် သတ္တိမရှိချင်ဘူး။ အဲဒါ သူမကို နှလုံးသားစစ်စစ်နဲ့ မြတ်နိုးမိလို့။

            'မဉ္ဇူ အမှတ်တရ ဆိုတာ နေရာတိုင်းမှာ မရှိတတ်ပေမယ့် မဉ္ဇူနဲ့ ပတ်သက်ခဲ့သမျှကို မှတ်ဉာဏ်ကောင်းစွာ သတိရနေမယ်ဆိုတာ ယုံပါ'

            ၅။

            ထူထူအမ်းအမ်း အမှောင်စက်တွေ မှိန်ဖျော့ပါးလျလာသည်အထိ လရောင်က ချွန်ထက်အောင်သွေးရင်း အလင်းရထားကို စီးနှင်လာဆဲ။ ကဖေးဆိုင်လေးထဲက လွင့်စဉ်ဖိတ်ကျလာတဲ့ ဂီတသံစဉ်တွေကို ခံစားပြီး သူမကို သတိရနေတာနဲ့ ဖြေသိမ့်တတ်ရုံ၊ လမင်းကြီး ပြုတ်ကျလာပါစေလို့ ဆုမပန်ပါဘဲ ကန်ရေပြင်လို ငြိမ်သက်စွာနဲ့ ရင်ခွင်ပြင်ထဲ ထည့်ပြီးထားရုံနဲ့ ကျေနပ်တတ်ပြီပဲ။ နှလုံးသားတစ်ခုမှာ အချစ်ဆိုတဲ့အရာဟာ တစ်ကြိမ်တစ်ခါပဲ ဖြစ်တည်လာရိုးအမှန်ဆို နောက်ထပ် အသည်းကွဲဖို့ နှလုံးသားအပိုမရှိလောက်အောင် သူမ တစ်ယောက်ကိုပဲ ချစ်ခဲ့မိခြင်းပါ။

သက်ဇော်ဝင်းတင်

(အမှတ် ၁၉၃၊ ဒီဇင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေနှလုံးသား
...
ချစ်၍ယုံကြည် ထာဝရဆီသို့...
အကြင်နာခင်၊ဆေးတက္ကသိုလ်၊

အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...

ရွှေနှလုံးသား
...
ထောင့်ဖြောင့်ဖြည့်ဖက်
မော်မော့်မောင်

ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။

ရွှေနှလုံးသား
...
နံရံတစ်ချပ်ခြား
အဖြူရောင်

လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်