ရွှေဝတ္ထု

မှုန်ရီနေဆဲ လင်းတစ်ဝက်ပင်လယ်

မိချမ်းဝေ

26 August 2024
မှုန်ရီနေဆဲ လင်းတစ်ဝက်ပင်လယ်
Share to

            အဆီးအတားမဲ့ ပင်လယ်လေက ဝေ့ဝေ့ဝဲဝဲ သုတ်သုတ်ခဲခဲ တိုက်ခတ်နေမှုကြောင့် နော်ဇာ့ ဆံယဉ်တွေ ခပ်ရိုင်းရိုင်း လွင့်ဟာနေသည် ကို 'မောင်'က ငေးကြည့်နေလေသည်။ ဆံရိုင်းတွေကြား မှ မျက်နှာဖူးဖူးကလေးက မောင့် စိတ်အာရုံကို ညွှတ်နူးမှု မပေးနိုင်တာ အမှန်။

            တကယ်ဆို နှစ်လမှ တစ်ကြိမ်ခန့် တွေ့ကြရသည့် ဇနီးမောင်နှံ နှစ်ယောက် ဆက်ဆံရေးက သည်လောက် အေးခဲနေဖို့ မကောင်းပါ။ သူတို့ နှစ်ယောက် ရပ်နေသော ကွန်ကရစ် တံတားဆိပ်ဦး အနီး မည်သည့်လှေငယ် တစ်စင်း တလေမှ ဖြတ်သွားခြင်းမရှိ။ သောင်ပြင်ဖြူဖြူပေါ်တွင် ကလေးငယ်တွေ ဆော့ကစား မြူးရွှင်နေသည်မှအပ ပကတိ ဆိတ်ငြိမ်ဘိ၏။ သည်လို အနေအထား မျိုးကို လို၍ လည်း ကွန်ကရစ်တံတားဘက် ထွက်လာခြင်းဖြစ်သည်။

            'သမီးနဲ့ပတ်သက်ရင် မောင့်သဘောထားကို သိနေလျက်သားနဲ့၊ ဒီလောက် ဝေးလံတဲ့ ခရီးဆီ သမီးကိုခေါ် လာရက်တာ မောင် အံ့သြတယ် နော်ဇာ'

            တကယ့်ရင်ထဲက ဖြစ်ပေါ်နေသော ဒေါသကို သိမ်းကာ စကားလှအောင် ခပ်ထိန်းထိန်း ပြောလိုက်ပေမဲ့ မောင့်မျက်နှာထားကိုတော့ ပြင်လို့မရပါချေ။ မောင်သည် ဟန်မဆောင်တတ်သူ ဖြစ်သည်။

            'ဟုတ်တယ် နော်ဇာ မှားသွားတယ်။ ဒီတစ်ခေါက် လစာထုတ်ပြီး အပြန်မှာ သမီးက နော်ဇာ့ကိုပဲ ကပ်နေတော့ ခွဲထားခဲ့ရမှာ ရက်စက်သလို ခံစားမိပြီး အလိုလိုက် မိတာပါ။ ပြီးတော့...ပြီးတော့... နော်ဇာလည်းသ မီး နဲ့... သမီးနဲ့... မခွဲချင်...'

            'တော်စမ်း နော်ဇာ၊ သမီးနဲ့ မခွဲချင်ရင် ဒီအလုပ်ကို ထွက်ပါလို့ မောင် ဘယ်နှခါ ပြောရမလဲ။ မမကြီးရဲ့ ငါးပိ၊ ငါးခြောက်ဆိုင်မှာ ထိုင်မလား၊ မေမေ့ အထည်ဆိုင်မှာ ထိုင်မလား၊ မိသားစု လုပ်ငန်းတွေ ရှိလျက်နဲ့ ဒီဘာမဟုတ်တဲ့ အလုပ်ကို ဖက်တွယ်နေတာတော့ မဟုတ်သေးဘူး ထင်တယ်'

            'ဘာမဟုတ်တဲ့ အလုပ်လို့တော့ မပြောပါနဲ့ မောင်ရဲ့။ မောင့်အမေတွေ၊ အစ်မတွေရဲ့ ဝင်ငွေနဲ့စာရင် အများကြီး နည်းပါးပေမဲ့ ဒီအလုပ်က နော်ဇာ ဝါသနာပါတဲ့ အလုပ်ပါ။ ဒီလို လူသူမနီးတဲ့ ကျွန်းရွာတွေမှာ ပညာရေး လိုအပ်ချက်တွေ ဘယ်လောက်များနေတယ်ဆိုတာ မောင်လည်း အသိပဲ မဟုတ်လား။ ဒါတွေ ကို နော်ဇာ ကျောခိုင်းပြီး ကိုယ်ပိုင်စီးပွားရေးလောကထဲ မဝင်ချင်ဘူးဆိုတာ မောင့်ကို အကြိမ်ကြိမ် ရှင်းပြခဲ့ပြီးပြီ မဟုတ်လား'

            'ကျွတ်... တော်စမ်း ပါကွာ...မင်းရဲ့ ဒီဝါသနာတွေ အနစ်နာတွေ။ ကဲ... အခုလို သမီးကိစ္စ မျိုးကြုံရတော့ မင်းဝါသနာက လာကုစားပေးမှာလား။ ဦးနှောက်ကလေး ဘာလေးလည်း သုံးပါဦး ဒေါ်နော်ဇာလီနိုင်ရယ်'

            မောင်က ကျောက်စရစ်ခဲ တစ်လုံးကို ဖိနပ်ဦးဖြင့် လွှဲကန်ရင်း နော်ဇာ့မျက်နှာကို မကြည့်ဘဲ ဆက်ပြောနေသည်။ မောင် ရှူးရှူးရှားရှား ဖြစ်လာတော့ နော်ဇာ အသံတိတ်သွားသည်။ အင်းလေ လင်မယားဆိုတော့ တစ်ယောက်က များနေရင် တစ်ယောက်က လျော့ရမှာပေါ့။

         မောင်က စိတ်ဆိုးနေသော်လည်း နော်ဇာ့မျက်စိထဲ ကြည့်ကောင်းနေသည်။ စပို့ ရှပ်နှင့် ဂျင်းဘောင်းဘီကို သပ်သပ်ရပ်ရပ် တွဲဝတ်ထားပြီး အကောင်းစား ကင်းဘတ်ဖိနပ်က ရွာကလေးနှင့် သီးသန့်စီ ဖြစ်နေသည်။ အကောင်းစား လက်ပတ်နာရီက ညနေဆည်းဆာရီ အလင်း မှိန်ဖျောဖျော့ အောက်တွင် တဖျပ်ဖျပ် လက်နေသည်။ ဘယ်တော့ကြည့်ကြည့် လူရည်သန့် ပညာတတ် တစ်ယောက် ဟန်ပန်အပြည့်ဖြင့် သားနားနေသည့် မောင့်ကို နော်ဇာ ဘယ်တော့မှ ချစ်မက် ပြယ်မည် မထင်ပါ။

            မျိုးရိုးအရ ကုန်သည် မျိုးရိုးမှ ဆင်းသက်ပြီး နယ်စပ်မြို့ကလေးမှာ လူလတ်တန်းစား အနေဖြင့် နေထိုင်ကြီး ပြင်းခဲ့သော မောင့်အတွေးအခေါ်တွေက ကုန်သွယ်အရောင်းအဝယ် အလုပ်သာလျှင် အလုပ်ဟု သတ် မှတ်ချင်သည်က မိရိုးဖလာ အစွဲအလမ်းဟောင်းပင်ဖြစ်သည်။ မောင်သည် ခေတ်ကို ဖြတ်သန်းလျက်နှင့် ခေတ်၏ လိုအပ်ချက်ကို မမြင်သည်က ထိုအစွဲအလမ်းဟောင်း တိမ် သလာပင် ဖြစ်ချိမ့်မည်။

            မောင်နှင့်နော်ဇာ ညှိမရသည့်ကိစ္စသည် ဘဝပေး အခြေခံချင်း မတူသည့် အချက်လည်း ပါမည်ထင်သည်။ စိုက်ပျိုးရေးအရာရှိ ဖခင်နှင့် အလယ်တန်း ကျောင်းအုပ် မိခင်တို့မှ မွေးဖွားလာသော နော်ဇာသည် ဝန်ထမ်းတို့၏ သေဝပ်မှု၊ ဝန်ထမ်းတို့၏ ခြိုးခြံချွေတာမှု၊ ဝန်ထမ်းတို့၏ စေ့စပ်စွာ သုံးစွဲနိုင်မှုထဲမှာ အသားကျ ပျော်ဝင်နေခဲ့ပြီဖြစ်သည်။ ဘွဲ့ရလာတော့ ဖခင်၏ဌာန စိုက်ပျိုးရေးထဲ ဝင်မလား၊ မိခင်၏ ဌာန ကျောင်း ဆရာမ လောကထဲ ဝင်မည်လား။

            တကယ်ဆို တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းနယ်သည် ရော်ဘာစိုက်ပျိုး ဖြစ်ထွန်းရာ ဒေသဖြစ်သည်။ နည်းပညာနောက် မလိုက်နိုင်သဖြင့် ရော်ဘာလုပ်ငန်းတွေ နိုင်ငံတကာဈေးကွက် တိုးမပေါက်လာချိန် ဖေဖေတို့ ဆီအုန်းစိုက်ပျိုးရေး ပြောင်းလုပ် ကြရသည်။ မိမိဇာတိ အထက် အညာဒေသကို မပြန်ဘဲ ကော့သောင်းမှာ အခြေချလိုက်ရပေမဲ့ သူ့သမီး နော်ဇာ ကိုတော့ သူ့ဖခင်က စိုက်ပျိုးရေးဌာနထဲ မဝင်စေလိုပေ။

            နော်ဇာကိုယ်တိုင်ကလည်း အမေတူသမီးပေမို့ မေမေ့လမ်းကြောင်းအတိုင်း လိုက်ဖို့ ဝန်မလေးခဲ့။ မူလတန်းပြဆရာဘဝမှာ ကော့သောင်း အစွန်အဖျားရွာများမှာ တာဝန်ကျသော်လည်း အလယ်တန်းပြဆရာ ရာထူးတိုးတော့ ဘုတ်ပြင်းမြို့နယ်ထဲက ဗိုလ်ချိုကျွန်းပေါ်က မကြုံဂလက် ကျေးရွာဆီ ရောက်ရတော့သည်။ ရာထူးတိုး အော်ဒါမထွက်ခင်လေးတွင်ပင် နှစ်ဖက်မိဘလည်း သဘောတူ၊ နှစ်ကိုယ်တူလည်း ချစ်ရည်မျှသော မောင်နှင့် လက်ထပ်ခဲ့ကြသည်။

            ချစ်ခြင်းမေတ္တာနှင့် မဆိုင်သော၊ လက်ထပ်ခြင်း နှင့် မဆိုင်သော နေရေးထိုင်ရေး၊ အလုပ်ထွက်ရေး ကိစ္စများ အတူနေတော့ မည်ဆိုမှ ဗြုန်းစားကြီး ရောက်ချလာတော့သည်။ နော်ဇာ့အိမ်မှာက အစ်ကို မိသားစုနှင့်ပင် လူပြည့်နေပြီဖြစ်ရာ အိမ်ကျယ်ကျယ် မောင့်မိသားစုရှိရာ နော်ဇာ ပါလာရတော့သည်။ မောင်တို့တစ်မိသားစုလုံး ကုန်သည်စိတ်ရှိကြသည်မှ အပ စိတ်ရင်းကောင်းကြသည်။ နော်ဇာကိုလည်း ချစ်ကြသည်။ အပြင်ပန်းကြည့်လျှင် နော်ဇာ ယောက္ခမရ၊ ယောက်မရ ကံကောင်းသည် ဟုပင်ဆိုနိုင်သည်။

            ကံမကောင်းသည်က နော်ဇာ သားဦးကိုယ်ဝန်လွယ်သည်မှ အစပြုခဲ့သည်။ သားဦး ကိုယ်ဝန်မို့ နော်ဇာ့ကျန်းမာရေးက ဖြစ်ရိုးဖြစ်စဉ်ထက် ပိုကာ ချူချာခဲ့သည်။ သည်ကတည်းက မောင်က နော်ဇာ့ကို အလုပ်ထွက်စေချင်သည်။ ကျွန်းရွာသို့ ဆင်းရသည့် ဒုက္ခမှာ မသေးလှ။ ကော့သောင်း မှ အောင်ဘာရွာအထိ ၂နာရီ ခန့် ကားနှင့်၊ အောင်ဘာရွာ ရောက်တော့ ကျွန်းရွာဆီသို့ စက်တပ်လှေကလေးနှင့် နောက်ထပ် ၂နာရီခရီး။ ကိုယ်ဝန်မပေါ့မပါးနှင့် နော်ဇာ တစ်ယောက် ထိုခရီးကြမ်းမှာ ဘယ်လောက် ဒုက္ခရောက် လေမလဲ။

            ကြည့်တော့သာ နုနု နယ်နယ်လေး ထင်ရသော နော်ဇာ၊ ဇွဲကတော့ ကြီးလှ၏။  မြို့နှင့် ကျွန်းရွာဆီ နှစ်လ တစ်ခေါက် တက်ဆင်းနေရင်းနှင့်ပင် ကျန်းမာကြံ့ခိုင် လာသည်။ ကိုယ်ဝန် လရင့် လာသည်။ မီးဖွားခွင့် ဆရာ စား မရသေးသဖြင့် မွေးဖွားဖို့ မြို့သို့ မတက်လာသေးသော နော်ဇာကို မောင်ကိုယ်တိုင် ရွာအထိ ဆင်းခေါ်ခဲ့ရ၏။

            သည်ကတည်းက မောင်သည် နော်ဇာ့ဇွဲကို ကောင်းကောင်းကြီး အလေးပြုခဲ့ရ၏။ လင်နှင့်မယား အငြင်းပွား ရန်ဖြစ်သည်မှာ လည်း အခါခါ။ အလုပ်ထွက်ရေးသည် မောင့် တွန်း အားဖြစ်၍ အလုပ်မထွက် ရေးသည် နော်ဇာ့ ကျားကန်မှုဖြစ်သည်။ အတွန်းနှင့် အကန် ကြားမှာပင် သမီးကို မွေးဖွားလာခဲ့သည်။

            သမီးမွေးခါနီးလေ မောင့်စိတ်တွေ လှုပ်ရှားလေ။ ကျွန်းက ဘာသတင်းတွေများ ထူးလာမလဲ နားစွင့်ရတာ အမောပါ။ ညဘက်ဖုန်းနှင့် စကားပြောရအောင်ကလည်း လိုင်းကမကောင်း၊ မိပြန်သော်လည်း ပင်လယ်မှာ လေတွေ တဝူးဝူး တိုက်နေတော့ သူပြောတာ ကိုယ်မကြား၊ ကိုယ်ပြောတာ သူမကြား။ ဒီလောက် မွေးဖွားရက် နီးနေတာတောင် မြို့က အိမ်ကို ပြန်မလာသေးတာ ဘာသဘောလဲ မောင်မသိနိုင်။

            ရက်နီးလေ မောင့်စိတ်တွေ လှုပ်ရှားလေ၊ ခံစားချက်တွေ ပြင်းထန်နေပါတယ်ဆို မှ အဲဒီညက လိုင်းပေါ်တက် ဟိုဟိုဒီဒီ မွှေကြည့်ရင်း ကဗျာတစ်ပုဒ် သွားဖတ်မိသည်။ တကယ်ဆို မောင်က ကဗျာနဲ့ ဝေးသူပါ။ မောင်က ကဗျာထက် ပေသီးပဲ ခေါက်ချင်သူဆိုတော့ ကဗျာစာအုပ်တွေ ဘာတွေ တစ်ခါမှ ဝယ်မဖတ်ဖူးပါဘူး။ အဲဒီညကတော့ စိတ်လေလေနှင့် ဖုန်းမျက်နှာပြင်ပေါ် ဟိုတွန်းဒီ တွန်းနှင့် ကဗျာက မျက်စိထဲ ဝင်လာသည်။

            ကဗျာခေါင်းစဉ်က မောင်နှင့် တိုက်ရိုက်ပတ် သက်နေတာကိုး။ 'ကျွန်တော် အဖေဖြစ်တော့မယ်လို့ သိနေ' တဲ့။ ရေးတဲ့သူက သည်လူနှောင်းတဲ့။ ခေါင်းစဉ်၏ ဆွဲဆောင်မှုကြောင့် ကဗျာ တစ်ပုဒ်လုံး ဆုံးအောင်ဖတ် ဖြစ်သွားသည်။

     *     ကျွန်တော့် ကြွက်သားတွေ

ပိုသန်မာလာတယ်

            ကျွန်တော့်ခေါင်းတွေ

ပိုသန်မာလာတယ်

            ကျွန်တော့်ပခုံးတွေ

ပိုသန်မာလာတယ်

            ကျွန်တော့်ပခုံးတွေဟာ

            တစ်ခုခုဆို ကောက်မ

            ပစ်မယ်ချည်း

            ကျွန်တော့်ခြေထောက်တွေဟာ

            တစ်ခုခုဆို လျှောက်ပစ်

            မယ်ချည်း

            ကျွန်တော့်လက်မောင်း

            တွေဟာ

            ချစ်စရာမျက်နှာလေး

            တစ်ခုကို ငတ်မွတ်လို့

            သားလေးလား၊ သမီး

            လေးလား မသိရဘူး

            အဲဒီ မသိရဘူး

            ဆိုတာလေးကို                                    

အသေချစ်တယ်။

            *အခုဆိုရင်

            ငါ့သားလေးဟာ

            ငါ့သမီးလေးဟာ

            ကမ္ဘာမြေပေါ်

            ဆင်းလာတော့မယ်

            တီတီတာတာ

            ပြောတော့မယ်

            အဖေလို့ ခေါ်တော့မယ်

            ငါ့သွေးသားလေးဟာ

            လူဖြစ်လာတော့မယ်

            တစ်ခုခုကို တီထွင်

            အောင်မြင်တဲ့ သိပ္ပံ

            ပညာရှင်လို

            ငါဟာ...

            ဟောဒီ ငါလေးဟာ

            နင့်နေအောင်   မြင့်တက်လို့

            ငါရရှိခဲ့တဲ့ မရရှိခြင်းတွေကို

            ငါ့သားလေး ငါ့သမီးလေး

မရှိစေရဘူး

            ငါမရှိခဲ့တဲ့ ရရှိခြင်းတွေ

            ငါ့သားလေး ငါ့သမီး

            လေးဆီမှာ ပုံပါစေ။

            * မိန်းမ ဗိုက်နားကို

            အသားကပ်

            အနာဂတ်လေးရဲ့

            အသက်ရှူသံကို

            နားထောင်လိုက်တယ်

            သူက ဗိုက်ပုတ်ပြတာ

            ကျွန်တော့်မှာ တစ်ဘဝလုံး

            နိုးဖို့ အနှိုးခံရသလို

            ကျွန်တော် အဖေ

ဖြစ်တော့မယ် အဖေ။

            * ငါ့သားလေးဟာ

            ငါ့သမီးဟာ

            ငါမသွင်းနိုင်ခဲ့တဲ့         

ဂိုးတွေကို သွင်းမယ့်

            တိုက်စစ်မှူး

            ငါရှုံးခဲ့တဲ့ တိုက်ပွဲတွေကို

အောင်နိုင်မယ့် စစ်သူကြီး

            ငါ မထွန်းညှိနိုင်ခဲ့တဲ့

            အမှောင်ကို လင်းမယ့်ကြယ်

            ငါ့ရင်ဘတ်ကို တီးပြီး

            အောင်ပွဲခံမယ်။

            *အူဝဲ... အူဝဲ...ဆိုတဲ့

            ဂီတကိုလည်း                          

နားထောင်ရမယ်

            အဖေ...အဖေဆိုတဲ့                 

သံစဉ်လည်းပါမယ်

            များသွားလား...

            ကျွန်တော် ပြည့်စုံမိတာ

            ဆောရီးပါ လောကဓံရယ်။

            ကဗျာလေးက ရိုးရိုး ရှင်းရှင်းလေး။ အဖေဖြစ်တော့မည့် လူတစ်ယောက်၏ ဝမ်းသာပီတိ အနာဂတ်မျှော်စင်။ ရိုးရှင်းသည့် ကဗျာစာသားတွေ မောင့်ကို ကဗျာဖတ်တတ်စေခဲ့ပြီ၊ ခံစားတတ် စေခဲ့ပြီ။

            မောင်က ကောက်ခနဲ ဆိုင်ကယ်စက်နှိုးပြီး ပြေးထွက်လာခဲ့သည်။ အကွေ့အကောက် အတက် အဆင်းပေါပြီး ဝေးလံသော အောင်ဘာရွာခရီးဆီ။ အောင်ဘာရောက်တော့ မကြုံဂလက် လှေကြုံ မရှိသည်နှင့် လှေစင်းလုံးငှားပြီး နော်ဇာဆီ အပြေးလာခဲ့ရသည်။ မောင့်ကိုမြင်တော့ နော်ဇာက အေးအေးဆေးဆေးပင်။

            'ပြန်လာမှာပေါ့ မောင်ရယ်။ ဒီမှာ လူစားထိုးဖို့ ဆရာမ အစားမရောက်သေး လို့ပါ'တဲ့။ ညည်း ဒီလိုသာ ပေါ့တီးပေါ့ဆလုပ်နေ၊ ကလေး ထွက်ကျရင် ဘယ်လိုလုပ်မလဲဆိုတော့ ဒီရွာမှာ သားဖွားဆရာမလောက်တော့ ရှိပါတယ်တဲ့။ တော်တော် နားပန်ကျင်းချင်စရာကောင်းသည့် နော်ဇာ။ တကယ့် လက်တွေ့မှာတော့ မောင့်မှာ နားပန်ကျင်းဖို့မပြောနှင့် သူကလေး၏ ဗိုက်ကိုပဲ အမ, ကြီး မ,နေရတော့သည်။

            ထိုစဉ်က ဆရာကြီးကို ရှိခိုးမတတ် တောင်းပန်၊ နော်ဇာ့ကိုလည်း ရှိသမျှ အာဏာတွေ အကုန်သုံးပြီး အိမ်ပြန်ခေါ်လာရသည့် ခရီးကတော့ စိတ်ရောကိုယ်ပါ ပန်းလှသည့်ခရီးဖြစ်သည်။ ဘာပဲပြောပြော နော်ဇာ သမီးလေးကို ရှောရှောရှူရှူ မွေးဖွားနိုင်တာ ကံကြမ္မာကပေးသည့် ဆုလာဘ်ပါ။

            ကျွန်းရွာမှာ ငါး၊ ပုစွန်၊ ကင်းမွန်လို၊ ကဏန်းလို ပင်လယ်စာတွေ စားရတာရော၊ သန့်ရှင်း လတ်ဆတ်သည့်လေ ရှူရတာရော၊ သောင်ပြင် အပြန့်မှာ နေ့စဉ် လမ်းမှန်မှန် လျှောက်ဖြစ်တာရော နော်ဇာ တစ်ယောက် ကြံ့ခိုင်ခဲ့ပြီ။ ဖွံ့ထွားတုတ်ခိုင်သည့် သမီးကို မွေးဖွားနိုင်ခဲ့ပြီး မွေးစတုန်းက မသိသာလှပေမဲ့ လေး,ငါးလ ကြာသည့်အခါ ထင်ရှားလာသော သမီးလေး၏ အလှတွေ မောင်အံ့သြ ကြီးစွာငေးလို့။ အထူးသဖြင့် မျက်ဝန်းတွေ၊ သမီး၏ မျက်ဝန်းဟာ တောက်ရွှန်းနေပုံက ကြယ်ညီနောင် အလားပါပဲ။ ကော့ရရော့ မျက်တောင်ရှည်ကြီးတွေက အနားသတ် စောင့်ကြပ်ပေးနေပုံက ရတနာမျက်ခြယ်ကို ပိုပြီး တန်ဖိုးတက်စေသည်။

            ဟုတ်သည်။ ရင်နှစ်သည်းခြာ သမီးအလှရတနာ။ မီးဖွားခွင့်ပြည့်တော့ သမီးကို ထားခဲ့မှာလား၊ အလုပ်ခွင်ကို ခေါ်သွားမလား ဆိုသည့် ကိစ္စဟာ အရေးတကြီး ဆွေးနွေးစရာ အကြောင်းတစ်ရပ် ဖြစ်နေပါတော့ သည်။ ထားခဲ့လျှင် သမီးကို နို့ဘူးနှင့် မွေးရမည်။ ခေါ်သွားလျှင် လူပိုတစ်ယောက်ပါမှ ဖြစ်မည်။ နောက်ဆုံးတော့ နှစ်ဖက်မိဘ တွန်းအားဖြင့် သမီးကို မြို့မှာပင် ထားခဲ့ရသည်။

            မောင့်မေမေက ဦးစီးပြီး သမီးကို ထိန်းကျောင်း မွေးမြူဖို့ တာဝန်ယူလိုက်သည်ဆိုတော့ ပွဲပြတ်ပြီပေါ့။ နော်ဇာမှာတော့ သမီးကို ထားခဲ့ရတာ မျက်ရည်နှင့် မျက်ခွက်။ သည်လိုနှင့် သမီး သုံးနှစ်ကျော် တွတ်တီးတွတ်တာ အရွယ်ရောက်ခဲ့ပြီ။ နှစ်လတစ်ကြိမ် မြို့တက်လာသော အမေကို သမီးက မစိမ်း၊ အမေမှန်းသိတာ အံ့သြစရာ။ သမီးက သိတတ်လေ၊ မှတ်မိလေ၊ နော်ဇာ့မှာလည်း မြို့တက်ပြီး ကျွန်း ဆင်းတော့မည်ဆို ငိုလို့ ကောင်းနေဆဲ။

            သည်တစ်လ မောင် ခရီးထွက်သွားတော့ မောင်မရှိတာ အခွင့်ကောင်းယူပြီး နော်ဇာ သမီးကို ခေါ်လာသည်။ အမေနှင့်သမီး ကိစ္စမို့ လူကြီးတွေက မတားချင်။ သမီးလည်း သိတတ်နေပြီမို့ အလိုလိုက် အလျှော့ပေးလိုက် ကြသည်။

            ဖြစ်ချင်တော့...။

            ပင်လယ်ကြီးမြင်တော့ သမီးပျော်တာ ကြည့်ပြီး နော်ဇာလည်း ပျော်သည်ပင်။ ကော့သောင်းမှာနေစဉ် ဘုရင့်နောင်တောင်ကုန်း၊ ဘုရင့်နောင်အငူတို့ဆီ သမီးရောက် ဖူးသော်လည်း ယခု မြင်ကွင်းနှင့် မတူပါ။ ပင်လယ်ထဲ စက်လှေထဲမှာ သွားရသည့် အတွေ့အကြုံအသစ်အဆန်းက သမီးကို ရွှင်မြူးစေခဲ့ပြီ။

            ရွာရောက်တော့လည်း ရွယ်တူကလေးတွေ အများကြီးမို့ သမီးမှာ အတွေ့အကြုံအသစ်တွေ ရပြန်ကာ ပျော်တပြုံးပြုံးပင်။ အနည်းဆုံး သမီး သောင်ပြင်ဖွေးဖွေးမှာ ပြေးလွှားရတာ ပျော်သည်။ လဲကျလည်း မနာသဖြင့် ပူပန်စရာမလို။ နော်ဇာတို့ အဆောင်က ရေပြင်နှင့် နီးသဖြင့် သမီးရေထဲ မဆင်းရန်ဘဲ စောင့်ကြည့်ဖို့လိုသည်။

            ညနေ ကျောင်းလွှတ်လျှင် နဂါးဘုရားဘက်သွားပြီး လေကောင်းလေသန့် သွားရှူနိုင်သေးသည်။ ရေကျသွားသဖြင့် သဲပြင်မွမွမှာ တင်ကျန်ရစ်သော ခရုခွံများကို သမီးမှာ ပြေးကောက်ရတာ အမော။ သမီးမို့ လမ်း လျှောက်ထွက်လျှင် ဆလုံ ကလေးတွေ တကောက် ကောက် လိုက်လာကာ အဖော်လုပ်ကြသည်။ သမီးက ခရုခွံလေးတွေကို ဟိုမှာ တစ်ထု...ဒီမှာတစ်ထု...ဟု အော်ပြီး ပြေးကောက်လျှင် သူတို့ ရယ်ကြသည်။

            ကျောင်းမှာ ဆရာမလေးတွေလည်း ရှိတော့ သမီးဝေယျာဝစ္စကို တစ်ယောက်တစ်လက် လုပ်ပေးကြသည်မှာ နော်ဇာ လုပ်စရာပင် မရှိတော့။ သမီးသည် ကျောင်းခန်း တစ်ခန်းဝင် တစ်ခန်းထွက် ကျောင်းကြမ်းပိုး လုပ်နေတော့သည်။ သမီး ရောက်ပြီး တစ်ပတ်ခန့်ကြာတော့ ဘယ်ကစ ဘယ်လို ဖြစ်သည်မသိ သမီး ငွေ့ငွေ့ ဖျားတော့သည်။ အဖျားက သိပ်မကြီးသော်လည်း အဖျားက မပြတ်။ အထူးသဖြင့် ညနေပိုင်းမှာ ပြန်ပြန်ဖျားသည်။

            နော်ဇာ့မှာတော့ သမီး ဖျားတာ အိမ်ကို အကြောင်း မကြားဝံ့။ ကိုယ့်အတတ်နှင့် ကိုယ်မို့ မောင်သာသိလျှင် အပြစ်တင်လိုက်မည့်ဖြစ်ခြင်း။ ထိုအချိန်မှာပင် ကော့သောင်း မြို့မှာ စာပေဟောပြောပွဲ ဟောပြောပြီးသော စာရေးဆရာတွေ ရွာကို အလည်အပတ် ရောက်လာတော့ သည်။ ရောက်လက်စနှင့် ထိုညမှာ စာပေဆွေးနွေးပွဲလေး လုပ်မည်တဲ့။ ရွာကို ဧည့်သည် ရောက်ပြီဆိုတော့ နော်ဇာတို့ ဆရာမလေးတွေလည်း ဝိုင်းဝန်းဧည့်ခံကြရမည်။ အရေးထဲ သမီးက တအီအီနှင့် အမေကို ပိုကပ်နေသည်။

            နော်ဇာ စိတ်တွေ ရှုပ်ထွေးနေဆဲမှာပင် ကျောင်းအဆောင်ပေါက်ဝတွင် ဗြုန်းခနဲ မောင် ပေါ်လာတော့သည်။ မောင်သည် နော်ဇာ့ကို နှုတ်မဆက်အား၊ သည်ရက်ထဲမှာ ညှိုးနွမ်းသွားသော သမီးကို ပြေးပွေ့တော့ သည်။ သမီးကလည်း ဖေဖေ ဖေဖေ နှင့် အလွမ်းသည်နေပြန်တော့ နော်ဇာ့မှာ အပြစ်ရှိသူလို ငြိမ်နေရတော့သည်။

            ထိုညနေက ကျောင်းပေါ်မှာ ဧည့်သည်များနေတာရော၊ မလွတ်လပ်တာပါ ရောပြီး သမီးကို မိတ်ဆွေတွေနှင့် ခဏအပ်ကာ နှစ်ယောက်သား ကွန်ကရစ်တံတားဘက်သို့ ထွက်လာခဲ့တော့သည်။

            'မောင် ပစ်ပေါက်မယ့် စကားလုံးတွေကို နာခံဖို့ အသင့်ပါ။ ပြောချင်ရာ ပြောပေရော့ မောင်ရယ်'

            ပင်လယ်လေ တဟူးဟူးကြောင့် သမီး လေစိမ်း  မိ ပိုဖျားမှာစိုးသည့်စိတ်က လွန်ကဲကာ ခရီးတစ်ထောက် အောင်ဘာရွာ ရောက်ပါစေတော့ဟု မောင်က စိတ်စောနေမိသည်။ ကွန်ကရစ် တံတားထိပ်မှာတော့ နော်ဇာ့ ပုံရိပ်က တဖြည်းဖြည်း မှုန်ရာကဝါး၊ ဝါးရာက ပျောက် ကွယ်သွားလေပြီ။ နော်ဇာ ငိုနေမလား။ ကလေးတွေ စာမေးပွဲနီးနေ၍ ခွင့်မရသဖြင့် မြို့သို့ ပြန်မလိုက်နိုင်ဘဲ သမီးကိုသာ မောင့်ထံ လက်လွှဲလိုက်ရသော နော်ဇာ့ရင် ဘယ်လိုနေမည်ကို မှန်းကြည့်နိုင်ပါသည်။

            သမီးကလည်း လှေထဲ ဆင်းတော့ မေမေလာ... မေမေလာဟု ခေါ်နေသေးသည်။ အမေပါ မြို့ပြန်လိုက် မည်ထင်နေသည်။ အမေ မပါမှန်းလည်းသိရော သမီး ကော့ပျံလန်အောင် ငိုတော့သည်။ မောင်လည်း ရင်ထဲမှာ မကောင်း။ သမီးကို ဆေးဝါးကုသမှု လုပ်ရဦးမည်။ အဖျားတက်လိုက်ကျလိုက်၊ တငွေ့ငွေ့နွေးလိုက်၊ တတ်သလောက်မှတ်သလောက် ပြုစုနေလို့မဖြစ်၊ အနာနှင့် ဆေးတွေ့မှဖြစ်မည်။

            ရွာမှာရှိသော သားဖွား ဆရာမက ကလေးရောဂါ အားလုံးကို သိနိုင်မည်မဟုတ်။ သိဦးတော့ ဘယ်မှာလဲ ဆေးဝါး။ သည်လိုနှင့် သမီးကို လုံးပါး အပါးမခံနိုင်။ ကြာတော့ သမီးလည်း ငိုရတာ မောပြီး မောင့်ရင်ခွင်မှာ အိပ်ပျော်သွားပြီ။

            ပင်လယ်ကြီးကတော့ လူသားတွေ၏ ဗျာပါရကို ဘာမှမသိ။ ကောင်းကင်တစ်ခုလုံး ပြာလဲ့ကြည်စင် နေသည်။ လှိုင်းလိမ့်မမြူး၊ ရေလွှာသင်ဖျူး ခင်းနေသည်။ မောင်သည် တဖြည်းဖြည်း ဝေးကျန်ရစ်သော ဗိုလ်ချိုကျွန်းပေါ်က မကြုံဂလက်ရွာ ကလေးကို ခပ်ငေးငေးကြည့်ရင်း လူတို့၏ ဘဝဝမ်းစာ ရှာဖွေမှုနှင့် ရပ်တည်ရှင်သန် ရုန်းကန်မှုများဆီ စိတ်ရောက်သွားသည်။ မောင်ကိုယ်တိုင် ရွာကိုရောက်လာတော့ လက်တွေ့ဘဝ ပြက်ပြက်ထင်ထင် မြင်ရင်း နော်ဇာ့ အလုပ်ကို ဘာမဟုတ်သည့် အလုပ်ဟု မထင်လေတော့။ မောင့်ကို ခွင့်လွှတ်ပါလေတော့ နော်ဇာ ဟု မောင် တွေးနေသည်။

            ညက စာပေဆွေးနွေးပွဲ ကလေးမှာ ဒေသလိုအပ်ချက်တွေ ပါဝင်ဆွေးနွေးကြတာ စိတ်ဝင်စားစရာ ကောင်းသည်။ ဒေသခံတွေက ပွင့်လင်းမြင်သာရှိသလို စာပေပညာရှင်တွေကလည်း သူတို့ ဖွဲ့သီထားသော ကဗျာတွေ စာတွေ ရွတ်ကြသည်။ သည်လူနှောင်းဆိုသော ကလောင်ရှင်ကြောင့် ကဗျာအပေါ် ဝင်စားသွားရသော မောင့်အဖို့မူ ထိုညက ရွတ်သွားသော ကဗျာများကို နားစိုက်ပြီးနားထောင်တတ်လာသည်။

            ထိုအထဲကမှ မောင် တစ်ခါမှ မကြုံဖူးသေးသော ပါဖောမန့် အနုပညာဆိုတာနှင့် ကြုံရလေသည်။ မောင်ကား ထိုအရာများနှင့် မနီးစပ်ပါလေ။

            စာရေးဆရာမလေးက ရှေ့မှ ဦးဆောင်ကာ ကဗျာ ရွတ်သည်။ သူ့ကဗျာထဲမှာ ဒွိဟဖြစ်နေသော အကြောက် အကြောင်းတရားတွေပါသည်။ ကြောက်တယ်... ကျောင်းမတက်ရမှာ ကြောက်တယ်။ ကြောက်တယ်...စာမရရင် ဆရာမရိုက်မှာ ကြောက်တယ်။ ဒီလိုမျိုးတွေပါသည်။ ပြီးလျှင် တစ်ယောက်ချင်းစီ ကြောက်သည့်ကိစ္စကို ပြောခိုင်းသည်။

            မောင် တော်တော်စိတ်ဝင်စားသွားသည်။ မော်ကင်း ဆလုံလေးတွေ ဘာကို ကြောက်မှာပါလိမ့်။ ကြောက်တယ်...ငါးမရမှာကို ကြောက်တယ်။ နောက်တစ်ယောက်က ကြောက်တယ်... ကင်းမွန်မရမှာကို ကြောက်တယ်။ နောက်တစ်ယောက်က ကြောက်တယ်...မုန်တိုင်းလာမှာကို ကြောက်တယ်။ ကြောက်တယ်... အာဏာရှင်တွေကို ကြောက်တယ်။ WY ဆေးပြားကိုလည်း ကြောက်တယ်။

            ပင်လယ်ကျွန်းတောင်မှာ မော်ကင်းဆလုံတွေ ကြောက်ရမည့်အရာတွေ အများသားပါလား။ မောင်က ပင်လယ်ပြင်ကြီးကိုကြည့်ကာ ထိုညက ကလေးတွေ မရွတ်ဖြစ်သော ကဗျာကို ဆက်ရွတ်နေမိလေသည်။

            ကြောက်တယ်... ပင်လယ်ထဲမှာ စီးပွားရေးဇုန်တွေ ချပေးလို့ ဆလုံတွေ မဝင်ရနေရာတွေ များလာပြီး အစာရေစာ ရှားပါးလာမှာ ကြောက်တယ်။

            ကြောက်တယ်... ဆရာနဲ့ ကျောင်းသားဦးရေ မမျှတတဲ့အတွက် သင်ကြားရေး ထိခိုက်ပြီး ပညာရေးနိမ့်ပါးလာမှာ ကြောက်တယ်။

            ကြောက်တယ်... လူဦးရေ ထူထပ်တဲ့ရွာဖြစ်ပေမဲ့ ဆေးပေးခန်း၊ ကျေးလက် ကျန်းမာရေးဌာနတောင် မရှိလို့ အရေးပေါ် လူနာတွေ အတွက် အသက်မဆက်နိုင်မှာ ကြောက်တယ်။

            အကြောက်တရား ကင်းဝေးအောင် ဘယ်သူတွေက ကူညီကယ်မ,ကြမှာလဲဟင်။ မောင်သည် စက်ကုန် ခုတ်နေသော လှေကလေးပေါ်မှာ ပျပျရေးရေး မြင်နေရသော အောင်ဘာရွာကို လှမ်းကြည့်ကာ ကိုယ်အပူရှိန် တက်လာသောကြောင့် တအိအိ ငိုသံထွက်နေသော သမီးကို တင်းတင်းပွေ့လျက် အောင်ဘာရောက်လျှင် ဆရာဝန် ရှိကောင်းပါရဲ့ဟု မရဲတရဲ တွေးနေမိလေသည်။

မိချမ်းဝေ

(အမှတ် ၃၅၈၊ စက်တင်ဘာ၊၂၀၁၉ ရွှေအမြုတေမဂ္ဂဇင်း။)

မှတ်ချက်။    ။ကဗျာဆရာ 'သည် နှောင်းလူ'နှင့် ကဗျာဆရာမ စုမီအောင်တို့၏ ကဗျာများကို ခံစားရေးဖွဲ့ပါသည်။



Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်