နိုင်ငံတကာ ရုပ်ရှင်

ရောဘတ်ဒေါင်နီဂျူနီယာရဲ့ မင်္ဂလာပွဲ

ရီတာအောင်(NY)

01 September 2025
ရောဘတ်ဒေါင်နီဂျူနီယာရဲ့ မင်္ဂလာပွဲ
Share to

            ချမ်းသာပြီး ကျော်ကြားပြီးတဲ့ လူတွေများ ပိုလို့ပင် လောဘကြီးသေးလို့ သတ်မှတ်ရတော့မလားပင်။ နာမည်ရ မင်းသားချော Robert Downey Jr.က ချစ်သူ Susan Levin နှင့် လက်ထပ် မင်္ဂလာပွဲ မှတ်တမ်းဓာတ်ပုံများကို သတင်းထောက်များအား အခမဲ့ ဝင်ရိုက် ခွင့်မပြု၊ ဂျာနယ် မဂ္ဂဇင်းများတွင် ဖော်ပြလိုပါက အခကြေးငွေ ပေးရမည်ဟု ကြေငြာသည်။ ဤကဲ့သို့ ဓာတ်ပုံရောင်းမည့် အစီအစဉ်ကို အင်္ဂလန်နိုင်ငံမှ ထုတ်ဝေသော OK မဂ္ဂဇင်းက သဘောတူကာ ဝယ်ယူမည်ဟု ဆို၏။ သို့သော် မင်္ဂလာပွဲ တက်ရောက်လာတဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီး အများစုက သဘောမတူခဲ့ကြပေ။

            မည်သို့ပင်ဆိုစေ မင်းသား ရော ဘတ်ဒေါင်နီဂျူနီယာက ထုတ်လုပ်သူ ဆူစန်လီဗင်းနှင့် သြဂုတ်လ ၂၇ ရက်နေ့က New York မြို့ Hamptons အရပ်၌ လက်ထပ်ဖြစ်ခဲ့သည်။ ဟန်ပတန်စ်မှာ လူချမ်းသာများ နေထိုင်ပြီး သစ်ပင်ကြီးများဖြင့် တန်ဆာဆင်ထားသည့် ခြံဝန်းကျယ်ကြီးများမို့ မင်္ဂလာပွဲကို ကျယ်ကျယ်ဝန်းဝန်း၊ လွတ်လွတ်လပ်လပ် ကျင်းပခွင့် ရခဲ့သည်။ သတို့သားနှင့် သတို့သမီးတို့မှာ ၂ဝဝ၂ ခုနှစ်ကတည်းက တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ပြီး ရောဘတ်ဒေါင်နီဂျူနီယာမှာ အရက်သေစာ သောက်စား၊ မူးရူး၊ ရမ်းကားတတ်သူအဖြစ် အချုပ်ခန်းနှင့် အရက်ဖြတ် ဆေးရုံခန်းသို့ လွန်းထိုးနေသလို သွားလာနေရသူဟု နာမည်ကြီးသည်။ သူ ဆေးရုံတက် အရက်ဖြတ်တော့မလိုတဲ့၊ ရောဘတ်ဒေါင်နီဂျူနီယာ ညကလပ်မှာ သောင်းကျန်းလို့ အချုပ်ခန်းထဲမှာဆိုတဲ့ သတင်းတွေ သတင်းစာ မျက်နှာဖုံးမှာ မကြာခဏ စာရေးသူတို့ တွေ့မြင်နေရသည်။

            သူလိုလူကို စိတ်ရှည်လက်ရှည်ထား ပြုစုယုယတဲ့ ဆူစန်လီဗင်းအား မင်းသားက အမှတ်အပြည့်ပေး ချီးကျူးလေသည်။ မင်္ဂလာပွဲကို ညနေစောင်း၌ ကျင်းပပြီး၊ မင်္ဂလာမဏ္ဍပ်အား မှန်ကြည်အမိုးများဖြင့်သာ မိုးထား၍ သတို့သား၊ သတို့သမီးကော ပရိသတ်ပါ ကြယ်မြင်လမြင် ညချမ်း၌ ကခွင့်ရခဲ့သည်။ ကျော်ကြားချမ်းသာသူတွေ စုမိ၊ ဆုံမိတဲ့ ပွဲပေမို့ လုံခြုံရေးကိုတော့ တင်းတင်းကျပ်ကျပ် စီစဉ်ထားသည်။

            ကမ္ဘာကျော် အဆိုတော် Sting နှင့်ဇနီး ထုတ်လုပ်သူ Trudie Stylerစန္ဒယားတီး၍ သီချင်းဆိုကောင်းသော အဆိုတော် Billy Joel, မင်းသမီး Ellen Barkin,သတို့သား၏ ဖခင် ရုပ်ရှင် ဒါရိုက်တာ Robert Downey Sr စသူတို့ အပါအဝင် ဧည့်ပရိသတ်ပေါင်း ၁၅ဝ ခန့် တက်ရောက်လာသည်။ အဆိုတော် စတင်းနှင့် ဘီလီဂျိုးက တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။ ယင်း ဧည့်ခံပွဲကျင်းပရာ အိမ်နှင့်ခြံမှာ တစ်ခါက အော်စကာဆုရဖူးပြီး James Bond ရုပ်ရှင်မှာ သရုပ်ဆောင်ခွင့်ရခဲ့သူ မင်းသမီးချော Kim Basinger နှင့် ခင်ပွန်းဟောင်း Alec Baldwinတို့ပိုင်ဆိုင်ခဲ့ သည်။

            အဆောက်အအုံအတွင်းခန်း အလှပြင်ဆင် မွန်းမံသူများက မင်္ဂလာအခမ်းအနားအတွက် ရွှေရောင်နှင့်အနီရောင်ကို ဦးစားပေးထားကြသည်။ ဧည့်သည် တစ်ဦးက 'သတို့သား ရောဘတ်မှာ ဒီအခမ်းအနားအတွက် အချိန်တော်တော် ကြာကြာကတည်းက ကြိုစိတ်ပူနေခဲ့တာ။ စိတ်ချမ်းမြေ့စရာပါပဲ။ သူတို့ နှစ်ယောက် ပေါင်းစည်းခွင့်ရလို့ အတော်ပျော်နေပုံရတယ်' လို့ ဆိုလေသည်။ မင်္ဂလာပွဲ မတိုင်ခင်ညကလည်း ညစာစားပွဲတစ်ခုဖြင့် ဧည့်ခံသေးသည်။ ယင်းညစာစားပွဲတွင် ရောဘတ်က ၎င်း၏ ဖခင်နှင့် Sopranos ငွေကြယ်ပွင့် Lorraine Bracco တို့ကို မင်္ဂလာပွဲ၌ အတိတ်ကို မတူးဆွဖို့ သတိပေးသေး၏။ အဲဒီအဆိုးအရွားလေးတွေကို အနောက်မှာ ချန်ထားခဲ့ပြီး ပျော်ကြရအောင်ပါလို့ ၎င်းက ဆိုသည်။

            မင်္ဂလာပွဲမတိုင်ခင် နာရီပိုင်းအလိုမှာတောင် နာမည်ဆိုးရှိခဲ့ဖူးတဲ့ သတို့သားကြီးက အနီးအနားက ကမ်းခြေတစ်ခုကို သားဖြစ်သူ Indio (၁၁ နှစ်) ခေါ်၍ သွားခဲ့သည်။ မူးယစ်ဆေးဝါး ဖြတ်ထားတဲ့ ရောဘတ်မှာ နေ့စဉ် ကျန်းမာရေးအတွက်ရော၊ စိတ်တည်ငြိမ်မှု ရအောင်ပါ မိနစ် ၃ဝ ကြာ Kungfu လေ့ကျင့်ခန်း လုပ်လေ့ရှိသည်။ ထို့နောက် သားဖြစ်သူနှင့် ရေကူးသေးသည်။ ယင်းသားအင်ဒီယိုမှာ ပထမဇနီး Deborah Falconer နှင့် ရရှိခဲ့သည်။ ပထမ အိမ်ထောင်မှာ ၂ဝဝ၄ ဧပြီလကမှ အဆုံးသတ်ခဲ့သည်။

            ရောဘတ် (၄ဝ နှစ်) နှင့် ဆူစန် (၃၁ နှစ်) တို့ ၂ဝဝ၂ ခုနှစ်က Gothika အမည်ရ စိတ္တဇလျှို့ဝှက်သည်းဖို ရုပ်ရှင်ကား၌ ဆုံခဲ့သည်။ ၎င်းရုပ်ရှင်တွင် လူမည်းမင်းသမီးလေး Halle Berry၊ စပိန်သူ မင်းသမီး Penelope Cruzနှင့် အတူ မင်းသား ရောဘတ်ဒေါင်နီ ဂျူနီယာကလည်း စိတ်ရောဂါကု ဆရာဝန်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် ရောဘတ်က စိန်နှင့် အာဖရိကန် နီလာ ပေါင်းစပ်အလှဆင်ထားသော စေ့စပ်လက်စွပ် ပေးအပ်ခဲ့သည်။ ယင်း အာဖရိကန် နီလာကျောက်မှာ အလွန်ရှားပါး အဖိုးတန်သည်ဟု ဆို၏။ ဘယ်၍ဘယ်မျှ ဆိုတာကို ဘယ်စာအုပ်များမှာမှ ဖော်ပြမထား၍ စာရေးသူ မပြနိုင်ပေ။

            ရောဘတ်မှာ ရုပ်ရှင်ကားပေါင်း ၅ဝ ကျော်၌ သရုပ်ဆောင်ခဲ့ပြီး ၎င်းနာမည်ရခဲ့သော ရုပ်ရှင်များမှာ Chaplin နှင့် The Wonder Boys တို့ ဖြစ်သည်။ ၎င်း ရုပ်ရှင်တို့အတွက် အော်စကာ တစ် ကြိုစာရင်းများ၌ပင် တန်းဝင်မင်းသား အဆင့်ဝင်ခဲ့ဖူးသူ ဖြစ်သည်။ သို့သော်  မူးယစ်ဆေးဝါးကြောင့် ဒုက္ခရောက်ကာ လွန်ခဲ့တဲ့ ၁ဝ နှစ်တာ ကာလအတွင်း ဆေးရုံနှင့် အချုပ်ခန်း ကူးချည်သန်းချည် ဖြစ်နေခဲ့ရရှာသည်။ ၁၉၉၆ ခုနှစ်က အဆိုးဆုံးဖြစ်သည်။

            သတ်မှတ်ထားသည့် မိုင်နှုန်းထက် ကျော်မောင်းနှင်နေသော ရောဘတ်၏ ကားကို ပုလိပ်ကားက တားဆီး ရှာဖွေရာ ဘိန်းဖြူ၊ ဆေးခြောက်နှင့် သေနတ်တစ်လက် ရှာတွေ့သည်။ ယင်းပြဿနာများကြောင့် ရုပ်သံရှိုး Ally McBeal မှ အလုပ်ထုတ်ခံခဲ့ရသည်။ ယင်းကိစ္စမှာ ဟောလိဝုဒ်နှင့် ကမ္ဘာ့ရုပ်ရှင် အနုပညာအသိုင်းအဝိုင်းအတွင်း ဟိုးလေးတကြော် အရှက်ကွဲခဲ့ရသည်။ Ally McBeal ရုပ်သံရှိုးမှာ ဟောလိဝုဒ်၌ အတော်အသင့် သြဇာအာဏာရှိ၍ ဤကဲ့သို့ အလုပ်ဖြုတ်ခံရခြင်းမှာ ရောဘတ်အတွက် အလွန်ရာဇဝင်ရိုင်းလှပေသည်။

            ရောဘတ်က သတို့သမီးကို Susie Q ဟု ချစ်စနိုး ခေါ်သည်။ မူးယစ်ဆေးဝါး ပြတ်အောင် ဆူစန်က အထူးကူညီခဲ့သည်။ ၎င်းပါဝင် သရုပ်ဆောင်ထားတဲ့ ဟာသသည်းထိတ်ရင်ဖို 'Kiss, Kiss, Bang, Bang' ရုပ်ရှင်ကို အမေရိကတလွှား၌ အောက်တိုဘာလအတွင်း ရုံတင်ပြသပေးတော့မည်။

ရီတာအောင်(NY)

(အမှတ် ၁၉၃၊ ဒီဇင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
ဘီယွန်းစ်နိုးလ်စ်
ရီတာအောင် (NY)

'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...

နိုင်ငံတကာ ရုပ်ရှင်
...
ချစ်တော့ ချစ်တယ် ဒါပေမယ့်...
ဘို

'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...

နိုင်ငံတကာ ရုပ်ရှင်
...
ဂျပန်မှာလေးကြိမ်မြောက်လက်ထပ်တဲ့ လီဆာမာရီ ပရက်စလေ
ရီတာအောင်(NY)

ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။