ရွှေသုတ‌

ခင်နှင်းယု၏ မဲဇလီ အပိုင်း (၃)

မြေနီသစ္စာ

01 September 2025
ခင်နှင်းယု၏ မဲဇလီ အပိုင်း (၃)
Share to

ယခင်လမှအဆက် ...

 

ဆီးနှင်းပြိုက်ကျ ဆောင်းတစ်ည

က။

            အသက် ၂၉ နှစ်အရွယ်မှာပင် လဲ့လဲ့သည် မိဘများ တားသည့်ကြားက သူ့အောက် လေးနှစ်ငယ်သော ဝဏ္ဏနောက်သို့ ကောက်ကောက်ပါအောင် ခိုးရာလိုက်သွားတော့သည်။

            လဲ့လဲ့တွင် သားကောင်းမိခင်ဖြစ်နိုင်သော ဆင်းပြင်ချစ်ဖွယ် ရှိသလိုပင် ဝဏ္ဏမှာ ပျိုမျစ်ခြင်းနှင့် ယောကျ်ားသားတို့၏ ဆွဲဆောင်နိုင်ခြင်းတို့ ရှိသည်။

            ဝဏ္ဏနှင့် လဲ့လဲ့တို့၏ အကြင်လင်မယား ဘဝခရီးကား မမျှော်မှန်းနိုင်လောက်အောင် ရုပ်ဝတ္ထုပစ္စည်းတို့ တိုးတက်ဖြစ်ထွန်းလာသည်။ အင်ဂျင်နီယာ ဝဏ္ဏ၏ တည်ဆောက်ရေးလုပ်ငန်းတို့ ပေါက်ရောက် အောင်မြင်သည်။ ကာလတစ်ခုမှာပင် ဝဏ္ဏ၏ လုပ်ငန်းတို့ ကြီးကျယ်မြင့်မားလာသည်။

            ရုပ်ဝတ္ထုများ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ ဝဏ္ဏပတ်ဝန်းကျင် အနေအထားပါ ဖြစ်ပေါ်ပြောင်းလဲလာသည်။ ဝဏ္ဏနှင့်လဲ့လဲ့တို့မှာ သမီးနှစ်ယောက်၊ သားတစ်ယောက် ထွန်းကားသည်။

            ဝဏ္ဏက ရုပ်ရည်သန့်သည်၊ ဖော်ရွေသည်၊ အပြောအဆို ပြေပြစ်သည်၊ ပေါင်းသင်းဆက်ဆံရေး ဝင်ဆံ့သည်၊ ငွေကြေးပေးကမ်းမှု ရက်ရောသည်၊ ယင်းကြောင့် ဇနီးလဲ့လဲ့က 'အနားမှာ လက်ဖျစ်တစ်ချက် တီးရုံနှင့် နတ်သမီး ရောက်လာရသည်' ဟု ပြောရလောက်အောင်ပင် ဝဏ္ဏသည် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လာသည်။

            သမီးကြီး မြမြအေးနှင့် သားကျော်စွာတို့က ကျန်းမာရေး ကောင်းသလောက် သမီးငယ် မြမြထွေးက မွေးကတည်းက ချူချာသည်။ ကလေးထိန်းရှိသည့်တိုင် လဲ့လဲ့ခမျာ ကလေး သုံးယောက်တာဝန်နှင့် ချာချာလည်နေရသည်။

            ကလေးသုံးယောက် လဲ့လဲ့ရပြီးချိန်မှာပင် ကြွေဖြူဆိုသော မိန်းမလှကလေးနှင့် ဝဏ္ဏ တွဲဖြစ်သေးသည်။ ယင်းကိုသိသော လဲ့လဲ့သည် မနာလိုဝန်တိုမှု အဆိပ်တက်၍ ဝဏ္ဏနှင့် ကတောက်ကဆ များရသည်။ လဲ့လဲ့က ရင့်သီးသော စကားလုံးတွေသုံး၍ ဝဏ္ဏကို စကားမုန်တိုင်း စစ်ဆင်ခဲ့သည်။ 

            အားရအောင်ငိုပြီး မှန်ရှေ့မှာ လဲ့လဲ့ သွားရပ်မိရာက ပါးရိုးပေါ်လျက် ဆံစတစ်ချောင်းနှစ်ချောင်း ဖြူနေသော သူ့ရုပ်လွှာကို တအံ့တသြပင် လဲ့လဲ့ မြင်တွေ့သည်။

            နေအိမ်နှင့် သားသမီးတာဝန်၊ သမီးငယ် မြမြထွေးအတွက် ကျန်းမာရေး စောင့်ရှောက်ရမှုတို့သည် မိမိအလှကို လျှော့ပါးစေပါကလားဟု လဲ့လဲ့ တွေးလာမိသည်။ သားမွေးရ၊ အိမ်ထောင်ထိန်းသိမ်းရနှင့် မိန်းမသားတွေ အိုလွယ်ကြသည်ကိုလည်း လဲ့လဲ့ နားလည်လာသည်။ အသက်ကြီးသည့် မိန်းမကို ယူထားသည့် ယောကျ်ားတစ်ယောက်အနေနှင့် အသက်ထက် အိုစာသွားသည့် အိမ်သူသက်ထားအပေါ်မှာ သာယာမှု လျော့ပါးသွားနိုင်သည်ကိုပါ လဲ့လဲ့ သတိပြုမိလာသည်။

            ယင်းကာလမှာပင် နယ်ကဆေးကုရန်လာသည့် ဝဏ္ဏမိခင် ဒေါ်သန်းသည် အိမ်ပေါ်သို့ ရောက်လာသည်။ ပြဿနာအစကတော့ ယောက္ခမ ဒေါ်သန့်ကို ချွေးမ လဲ့လဲ့က ကြည့်မရခြင်းပင်ဖြစ်သည်။

            ယင်းကြောင့် မိမိ သားသမီးတွေနှင့် မအားလပ်ပါဟု အကြောင်းပြလျက် ဝဏ္ဏမေမေ ဒေါ်သန့်ကို လဲ့လဲ့ လျစ်လျူရှုသည်။ ပြုစုကျွေးမွေးမှုကို ထမင်းချက် ကလေးမကလေးအား လဲ့လဲ့ တာဝန်ပေးထားသည်။

            ဝဏ္ဏ မကျေနပ်ပါ။ မိမိ မိခင်အား လဲ့လဲ့ ပြုစုစေချင်သည်ကို ရေနွေးနှင့် ရေချိုးပေးသည်ကအစ ကိုယ်တိုင် ပြုစုပြရုံမက သူ့မေမေကို ခိုင်းတဲ့လူနှင့်ချည်း ပစ်မထားရန် ဝဏ္ဏပြောလာသည့်တိုင် လဲ့လဲ့ကတော့ ယခင်အချိုးအတိုင်းပင်။

            ဖြစ်ချင်တော့ ရေချိုးခန်းထဲမှာ ဝဏ္ဏမေမေခမျာ ရေနွေးပူလောင်တော့သည်။ ဝဏ္ဏပေါက်ကွဲသည်။ လူစိတ်မရှိဘူးဟု လဲ့လဲ့ကို ပက်ပက်စက်စက် ပြောသည်။

            လင်သားက ဒီလိုပြောလာတော့ လဲ့လဲ့ကလည်း ဒေါသအလျောက် သတိနှင့် အသိမဲ့သွားပုံပင်။ ဝဏ္ဏ လက်ဖဝါးက လဲ့လဲ့ပါးပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သည်။

            ထိရှပုံကျ၍ လဲ့လဲ့ မူးဝေသွားခိုက်မှာ ဝဏ္ဏသည် မိခင်ကို ပွေ့ယူပြီးသော် အိမ်ပေါ်က ဆင်းသွားတော့သည်။

            အကုသိုလ်သည် လဲ့လဲ့ဆီသို့ တန်းစီလာသည်။ အငယ်ဆုံး သမီး မြမြထွေး ကျောက်ပေါက်သည်။ သားကျော်စွာပါ အဖျားဝင်လာသည်။ လဲ့လဲ့သည် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ရသည်။ ပိုဆိုးသည်မှာ မြမြထွေး မျက်လုံးနှစ်ဖက်စလုံးတွင် ကျောက်ထွက်လာရာက နောက်ဆုံးတွင် မြမြထွေးခမျာ ခြေတစ် ဖက်သေကာ မျက်စိပါ ကွယ်သွားတော့သည်။

            'သမီးငယ်အတွက် ရူးမတတ် လဲ့လဲ့ခံစားရလျှင် မိခင် ဒေါ်သန့်သည်လည်း တစ်ဦးတည်းသောသား ဝဏ္ဏကို ဘယ်လောက်ချစ်ရှာမည်နည်း။ ထို့အတူ ဝဏ္ဏကလည်း မိခင်ကို သိပ်ချစ်ပေလိမ့်မည်'ဟု ဒေါ်လေးက ဖျောင်းဖျနားချတော့ လဲ့လဲ့ စာနာစိတ်ဝင်သည်။

            ဒေါ်ကြီး၊ ဒေါ်လေးတို့ ကောင်းမှုဖြင့် အိမ်ပေါ်ကို ဝဏ္ဏရောက်လာတော့ သူ့အမှားကို  လဲ့လဲ့ဝန်ခံသည်။ ယောက္ခမကို ကန်တော့လိုကြောင်း ပြောသည်။ နောက်ကျသွားသည်။ ဝဏ္ဏမေမေသည် ရေနွေးပူဒဏ်ရာကနေ အဖျားဝင်၍ ဆုံးပါးသွားခဲ့ပြီ။ မဆုံးနောင်တကို လဲ့လဲ့ရသည်။

            သိပ်မကြာခင်မှာ ဝဏ္ဏတို့ ဆောက်လုပ်ရေး ကုမ္ပဏီသည် အမေရိကသို့ ပြောင်းရသည်။ လဲ့လဲ့ကို ခေါ်သည်။ ကလေးတွေနှင့် စိတ်မချ၍ လဲ့လဲ့နေခဲ့သည်။ ဖလော်ရီဒါ မီယာမီမှာ ဝဏ္ဏတို့ ဆောက်လုပ်ရေးကုမ္ပဏီ အောင်မြင်သည်။ မိသားစု လိုအပ်သမျှကို ဝဏ္ဏ ပို့ပေးသည်။

            သမီးကြီး မြမြအေး ဆယ်တန်းအောင်သည်။ တက္ကသိုလ်ဆက်တက်သည်။ ကျော်စွာ အခြေပျက်လာသည်။ ကျောင်းတက်မမှန်တော့သလို ဘာသာတိုင်း ကျရှုံးသည်။ နောက်ဆုံး ကျော်စွာကို ဆေးထိုးအပ် တန်းလန်းနှင့်ရဲက ဖမ်းမိသည်။ နောက်ဆုံး ဘိန်းဖြူသမား ကျော်စွာသည် လူငယ်စခန်းသို့ ရောက်သွားသည်။

            ဒုက္ခိတသား၊ သမီးတို့နှင့် ပတ်သက်သော အပူသည် လဲ့လဲ့ကို လောင်မြိုက်သည်။ ဝဏ္ဏနှင့် လဲ့လဲ့တို့ ခွဲနေသည်မှာ ဆယ်နှစ်ကျော်ပြီ။ သမီးကြီး မြမြအေး ဘွဲ့ရပြီး လဲ့လဲ့အနားမှာ သမီးကြီး တိုးတိုးဖော် ရှိလာသည်။

            အမေရိကမှာ ဝဏ္ဏနှင့် ချစ်သူဟောင်း ခင်ယွန်းစံတို့ တွေ့ကြသည်။ ယင်းကို လဲ့လဲ့ သိလာသည်။ လဲ့လဲ့ သိအောင် ဥပါယ်တံမျဉ်ဖြင့် ဝဏ္ဏ ကြံဆောင်သည်။ ဝဏ္ဏနှင့် လဲ့လဲ့တို့၏ အိမ်ထောင်သက် ၂၅ နှစ် အထိမ်းအမှတ် ကျင်းပရန် ရန်ကုန်လာမည်ဟု ဝဏ္ဏအကြောင်းကြားသည်။

   အဆုတ်ကင်ဆာအတွက် ဓာတ်ကင်ရ၍ ဆံတစ်ပင်မျှ မရှိတော့သည့် လဲ့လဲ့သည် နောက်သုံးလကြာလျှင် တမလွန်ဘဝသို့ ကူးပြောင်းရတော့မည်ကို ဝဏ္ဏ မသိပါ။

            ယင်းမှာ လဲ့လဲ့ သုံးသပ်ဆုံးဖြတ်ပုံက မိခင်မေတ္တာကို ထင်ဟပ်သည်။

            ယခု လဲ့လဲ့က ၅၄ နှစ်၊ ဝဏ္ဏက အသက် ၅ဝ။ နောက်သုံးလအကြာမှာ လဲ့လဲ့ ကွယ်လွန်သွားလျှင် အသက် ၅ဝ ရှိလာသည့်တိုင် နုပျိုတက်ကြွနေသေးသော ဝဏ္ဏသည် ခင်ယွန်းစံ သို့မဟုတ် တစ်ဦးဦးနှင့် လက်ထပ်ထိမ်းမြားမည်ပင်။

            ယင်းသို့ ဝဏ္ဏ အိမ်ထောင်ပြုလျှင် ဒုက္ခိတ မျက်မမြင် သမီးငယ်ကို မိထွေး လက်ထဲမှာ ဝကွက်မထားခဲ့နိုင်။

            ယင်းကြောင့် သမီးကြီး မြမြအေးကို အိမ်ထောင်ချပေးမည်။ အိမ်ထောင်ရှင် သမီးကြီးက ဒုက္ခိတ ညီမငယ်ကို ထိန်းသိမ်းစောင့်ရှောက်သွားရန်ပင်။

            ယင်းသည်ကား လဲ့လဲ့ မသေမီ မိခင်တစ်ဦး၏ မွန်မြတ်သော အစီအစဉ်ပင်။

ခ။

'ဝတ္ထုရေးဆရာသည် စာပေပညာရှိကြီး မဟုတ်။ လူ့အဖြစ် လူ့စရိုက်ကို စုံစမ်းနေသော ရာသက်ပန် လူ့သဘာဝ သုတေသီမျှသာ ဖြစ်ပါပေသည်' ဟု ဝတ္ထုရေးဆရာလည်းဖြစ်သော၊ မင်းမှု ထမ်းဝတ္ထုဖြင့် ၁၉၅ဝ ခုနှစ်က စာပေ ဗိမာန်ဆုလည်းရသော ကွယ်လွန်သူ စာရေးဆရာကြီး တက်တိုးက မှတ်ချက် ပေးထားဖူးပါသည်။

            ယင်းမှတ်ချက်အတိုင်းဆိုလျှင် 'ဆီးနှင်းပြိုက်ကျ ဆောင်းတစ်ည'ကို ရေးသည့် စာရေးဆရာမကြီး ခင်နှင်းယုကို လူ့သဘာဝ သုတေသီဟု အဆိုပြုပါလျှင် အမှန်နှင့်များစွာ နီးစပ်ပါသည်။

            ဤဝတ္ထုတွင် စာရေးဆရာသည် သူလေ့လာထားသော လူတို့ထဲကနေ၍ လူ့သဘာဝတို့ကို ထုတ်နုတ်ရယူလျက် တကယ့်လူနှင့်တူအောင် ဖန်တီးထားပုံပင်။

            ဖြစ်စဉ်တစ်ခုကို အခြေခံပြီး မှုန်းခြယ်စီရေးထားသည်ဟု ထင်ရလောက်အောင် အဓိက အမျိုးသမီးဇာတ်ဆောင် လဲ့လဲ့ကို သီကုံးဖော်ညွှန်းထားသည်။

            ကာလက အိမ်ထောင်သက် ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ငွေရတု သဘင်ကျင်းပရန် ၃ လ အလိုမှာ။ ယင်းကာလမှာ ချစ်ဇနီးလဲ့လဲ့က အဝေးရောက်ခင်ပွန်းလင်ထံသို့ လိပ်မူထားသော ပေးစာပုံစံဖြင့် ဆီးနှင်းပြိုက်ကျ ဆောင်းတစ်ညကို ပုံဖော်ထားသည်။

            ယင်းပေးစာပုံစံဖြင့် စာဖတ်တို့ကို တွေးချင်စရာတွေ ပွားများလာအောင် အားထုတ်သည်။ အိမ်ထောင်ရေးတွင် အဓိကသည် ဘာလဲ။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် နားလည်မှုလား။ အချစ်လား။ အချစ်မှာကော သူချစ်လား။ ကိုယ်ချစ်လား။ နုပျိုခြင်း သို့မဟုတ် ဇရာသည် အိမ်ထောင်ရေးကို မည်သို့ မည်ပုံ သြဇာသက်ရောက်ပါသနည်း။ အလှ နေဝင်ချိန် ရောက်လာသည့် မိန်းမသားတို့ကို ယောကျ်ားသားတို့က စွန့်ပစ်တတ်သည့် သဘောရှိပါသလား။ လင်သားထက် မယားက အသက်ကြီးလျှင် အနာဂတ် အိမ်ထောင်ရေးတွင် တစ်စုံတရာ ပေါက်ကွဲမှု ဖြစ်လာနိုင်ပါသလား ဟူသော မေးခွန်းပေါင်းများစွာကို မေးထားပေသည်။

            အချစ်သည် ယောကျ်ားသားတို့အတွက် ဘဝအစိတ်အပိုင်း တစ်ခုဖြစ်သည် ဆိုစေဦး။ မိန်းမသားတစ်ဦးဖြစ်သော လဲ့လဲ့အတွက်တော့ ဘဝတစ်ခုလုံးဟု ဆိုပါလျှင် ဆိုနိုင်ကောင်းအံ့ထင်သည်။ လဲ့လဲ့သည် သူ့အောက် လေးနှစ်ငယ်သော ဝဏ္ဏနောက်သို့ မိဘသဘောမတူသည့်ကြားက သတ္တိရှိစွာ ခိုးရာလိုက်ခဲ့သူပင်။

            အချစ်မြင့်မိုရ်တောင်ကို တုံးမှတ်ပြီး ခုန်ခဲ့သော လဲ့လဲ့အား အချိန်ကာလတို့က သင်ခန်းစာ တစ်ခုပြီး တစ်ခု ပေးသွားပုံကို ပြခြင်းဖြင့် စာရေးဆရာသည် ကျစ်လျစ်သိပ်သည်းစွာ သုံးသပ်ဆင်ခြင် စရာတို့ဆီသို့ ဆွဲယူခေါ်ငင်သွားသည်။

            ဖခင်နှင့် ကင်းကွာနေသော သားကို တောင်းတိုင်းပိုက်ဆံပေး၍ သားအလိုကို လိုက်လွန်းသော မိခင်လဲ့လဲ့သည် ဘိန်းဖြူသမား၏ အမေဖြစ်ရပုံမှာ နာကြည်းစရာကောင်းသလို တရားခံ ဘယ်သူလဲဆိုသည်ကိုလည်း ထပ်တလဲလဲ မေးထားပေသည်။

            မျက်မမြင် ဒုက္ခိတ သမီးကလေး မြမြထွေးကို စောင့်ရှောက်သွားနိုင်ရန်အတွက် သမီးကြီး မြမြအေးကို အမြော်အမြင်ကြီးစွာ လက်ထပ်ပေးရရှာသော မိခင်လဲ့လဲ့၏ ဘဝနေဝင်ချိန်သည် သောက၊ ပရိဒေဝနောင်တတို့နှင့် ရစ်ပတ်တွယ်မှီနေ၏။

အဆုတ်ကင်ဆာအတွက် ဓာတ်ကင်ရ၍ ဆံတစ်ပင်မျှ မရှိတော့သည့် လဲ့လဲ့၊ နောက်သုံးလကြာလျှင် တမလွန်ဘဝသို့  ကူးပြောင်းရတော့မည်ဟု ဆရာဝန်က ရက်ချိန်းပေးခြင်း ခံထားရသော လဲ့လဲ့။ ဤလဲ့လဲ့၏ သွေးစိတ်၊ သားစိတ်၊ မိခင်စိတ်ကို လေးစားဖွယ်ရာ တစ်ဖက်တွင် ပြ၍ အခြားတစ်ဖက်တွင် ချစ်လင်၏ မိခင် ယောက္ခမအပေါ်တွင် စေးနည်းသော၊ စာနာမှုမဲ့သော၊ တာဝန်မရှိသလို နေခဲ့မိသော လဲ့လဲ့အဖြစ်ကတော့ နှာခေါင်းရှုံ့စရာပင်။ သက်ရောက်မှုတိုင်းသည် ယင်းနှင့်ညီမျှသော တန်ပြန်သက်ရောက်မှု ရှိသည်ဟူသော နျူတန်၏ နိယာမအတိုင်း ဝဋ်လည်သည်။ ထပ်တူခံစားရသည်ဟု ဆင်ခြင်တွေး သိလာအောင် တစိမ့်စိမ့် ပုံဖော်ခြယ်ရေး ပြထားသည်ကတော့ ...။

ပါရမီဖြည့်စမို့

            ဆယ်တန်းအောင်၍ သူနာပြု သင်တန်းတက်ပြီးနောက် ထဘီနီ သူနာပြုဘဝတွင် မအိပ်မနေကြိုးစားခဲ့ရာက  ပုသိမ်သူ နွယ်သည် ထဘီပြာဝတ် Staff Nurse ဘဝသို့ ရောက်ခဲ့ရသည်။  နွယ်က (ကွယ်လွန်သူ မိခင်၏ သူငယ်ချင်း) ဆရာဝန်ကြီး ဦးကျော်မောင်၏ တပည့် အမှန်ပင်။ ဒေါက်တာ ဦးကျော့မောင်အိမ်သည် နွယ်နားခိုရာ၊ နွယ့်စားအိမ်သောက်အိမ်။ အန်ကယ်ကျော် မောင်က နွယ်ကို ဖခင်လို စောင့်ရှောက်သူ။ နွယ် Special Nurse ဘဝတွင် နွယ် အလုပ်ခွင်တွေကို စီစဉ်ပေးသူ၊ နွယ့် ကျေးဇူးရှင်။

            သူနာပြုဘဝတွင် နွယ်သည် ခါးသီးအထင်သေးမှုကို ရင်စည်းခံခဲ့ရသည်။ ကြေးရတတ် ငွေရှင်မိခင်က သူ့သားလူမမာနှင့် နွယ်တို့ ငြိသွားမှာ စိုး၍ နွယ်ကို အထင်သေးပြီး တာဝန်က ရပ်စဲလိုက်ခြင်းမျိုးကိုလည်း နွယ် ခံခဲ့ရသည်။

            သူနာပြုဆိုသည်မှာ လူနာ အသည်းအသန်ဖြစ်နေလျှင် အညစ်အကြေးတောင် သုတ်သင်ပေးရမြဲဟူသော ခံယူချက်ဖြင့် နွယ် သည်းခံသည်။ ကိုယ်ကျင့်တရားကိုတော့ အထိမခံပါ။

            မောင် သို့မဟုတ် ဒေါက်တာ ထွန်းသော် ခေါ် သော် နှင့် နွယ်တို့ ဆုံခဲ့ရသည်မှာလည်း အန်ကယ်ကျော်မောင့် အစီအစဉ်ပင်။

            တောင်ဥက္ကလာပက နှစ်ထပ်တိုက်မှာ သမီး ဥမ္မာစောနှင့်နေသော အန်ကယ်ကျော်မောင့် ဆွေမျိုး မမညွန့်က အောက်ထပ်ကို 'ပဒုမ္မာ' အမည်ဖြင့် ဆေးခန်းဖွင့်မည်။ အန်ကယ်ကျော်မောင့် တပည့် ဒေါက်တာထွန်းသော် ထိုင်မည်။ အချိန်ပြည့် သူနာပြုအဖြစ် နွယ်ကို အန်ကယ်ကျော်မောင်က ရွေးချယ်လိုက်သည်။

            ဆေးခန်းပိုင်ရှင် ကြီးကြီးညွန့်က ဆေးခန်းနောက်မှာ နွယ်အိပ်ဖို့တစ်ခန်း၊ ဆရာဝန် နားဖို့တစ်ခန်း ပေးထားသည်။ ကြီးကြီးညွန့်က ထမင်းကျွေး၍ သော် နှင့် နွယ်တို့ နေ့လယ်စာကို ဆုံစားဖြစ်သည်။

            ဝိဇ္ဇာဘွဲ့ ရထားသူ (ကြီးကြီးညွန့် သမီး) ဥမ္မာစောက ငွေသိမ်း၊ ဆေးရောင်းတာဝန်၊ ဆေးခန်းဖွင့်ချိန်က နံနက် ၈ နာရီက ၁ဝ နာရီ၊ ညနေ ၃ နာရီက ၈ နာရီ။

            သော်သည် ယောကျ်ားပီသသူ၊ စာနာတတ်သူဖြစ်သည်သာမက စေတနာနှင့် အနစ်နာ ခံတတ်သူလည်းဖြစ်၍ ကြီးကြီးညွန့်၏ 'ပဒုမ္မာ' ဆေးခန်းသည် နာမည်ရလာသည်။

            နွမ်းပါးသူ လူနာတို့ကို သော်သည် ခြေကြွခမယူ၊ ဆေးဖိုးဝါးခ အိပ်စိုက် ဘဝဖြင့် ကွင်းဆင်း ကုသတတ်ရာ ယင်းအခါတွင် နွယ်သည် သော့်အပါးမှာ ဖဝါးခြေထပ်၊ထက်ကြပ်မကွာ အတူပါလျက်။ ယင်းသို့ဖြင့် နေ့ညမဟူ အိမ်ကြိုအိမ်ကြား သွားလာရသော ဘဝမှ သော်နှင့် နွယ်တို့ ချစ်သူများ ဖြစ်လာ ကြသည်။

            သွားအတူ လာအတူ ချစ်သူဘဝမှာ နွယ်နှင့်သော်တို့ ပျော်နေခိုက် မထင်မှတ်ထားသော ပြဿနာတစ်ခုက နွယ့်ဆီသို့ ဦးတည်ရောက်ရှိလာသည်။

            ယခုအခါ ကြီးကြီးညွန့် မောင်ဝမ်းကွဲ မုဆိုးဖို ဦးမြမင်းက ကလောမှာရှိသည်။ ဦးမြမင်းက လူမမာ မဟုတ်။ ပေါင်တစ်ဖက် ပြတ်နေရှာသူ။ ဥယျာဉ်မှူးကြီး ဦးအိုက်ရွက်နှင့် ၁၃ နှစ် သမီး မနန်းပုံတို့၏ မလည်မဝယ်နှင့် ဖြစ်သလို ပြုစုမှုကို ခံယူနေရရှာသူ။

            ယခင်က ရန်ကုန်မှာ ဦးမြမင်းနေသည်။ စီးပွားရှာရင်း မတော်တဆ ယာဉ်တိုက်မှုကြောင့် ပေါင်တစ်ဖက် ပြတ်သွားရာက သူစီးပွား မရှာနိုင်တော့။ ယင်းမှာ ကုက္ကိုင်းက တိုက်ကို ငှားသည်။ စရိတ်ကျဉ်းသော ကလောမှာ ပြောင်းနေသည်။

            ဦးမြမင်းမှာ သားသမီး ၃ ဦးရှိသည်။ သမီး ခင်စိုးမင်းက အင်္ဂလန်မှာ၊ သားငယ် ကျော်မင်းက အမေရိက ရောက်နေသည်။ အိမ်ထောင်သည် သားကြီး ကိုလှမင်းက နမ္မတူမှာ၊ဒုက္ခိတ ယောက္ခမကို (သားကြီး ဇနီး) ချွေးမ အနေနှင့် ပြုစုဖို့မှာ မလွယ်ပါ။

            ယင်းကြောင့် သားသမီးတို့၏ ဂရုစှိုက်မှု မရသော မုဆိုးဖို ပေါင်တစ်ဖက်ပြတ် ဦးမြမင်းကို နွယ်သွားရောက် ပြုစုရမည်။ ဦးမြမင်း၏ ယင်းကလော အိမ်ကိုလည်း နွယ်စောင့်ရှောက်ရမည်။  ယင်းသည် အန်ကယ်ကျော်မောင်၏ အစီအစဉ်။ လွှတ်စေချင်သူက မမညွန့်။ ပြုဖူးသော ကျေးဇူးရှိသူတွေမို့ ဘယ်လိုမှ နွယ်ငြင်းလို့မရ။

            ကလောသို့ နွယ် မသွားမီ ချစ်သူ သော်နှင့် နှစ်ကိုယ်ကြားတွေ့သည်။ မျက်ရည်ဝေနေသော နွယ်ကို အတူနေရအောင် ကြိုးစားပါမည်ဟု သော် ကတိပေးသည်။

            နွယ်အပြုအစု၊ နွယ့်မေတ္တာစေတနာတို့ကြောင့် ကလောသို့ နွယ်ရောက်သည့်နေ့ကစ၍ သားသမီး သုံးဦး၏ စွန့်ပစ်ဖခင် ဦးမြမင်း၏ အားကိုးမှုကို နွယ်ရသည်။ ဦးအိုက်ရွက်နှင့် မနန်းပုံ တို့ကလည်း နွယ့်ပါရမီကို ကူညီဖြည့် ဆည်းပေးကြသည်။ အထူးသဖြင့် နွယ်၏ အစီအမံဖြင့် ဦးမြမင်း၏ မွေးနေ့မှာ သားသားနားနား ဆွမ်းကျွေးဖြစ်သည်။ လူမရောက်လာကြသည့်တိုင် သားသမီး သုံးဦး၏ မွေးနေ့လက်ဆောင်များ ရောက်လာကြသည်။

            မွေးနေ့ ဆွမ်းကျွေးလိုသည့် ပြင်းပြသော သူ့ဆန္ဒကို ဖြည့်ဆည်းပေးသည်။ နွယ်ကို ဦးမြမင်းက စိန်လော့ ကတ်သီးကလေးနှင့် ရွှေဆွဲကြိုးတစ်ကုံး လက်ဆောင်ပေးသည်။

            လေညင်းခံရာက အဆုတ်အအေးမိ၍ ဦးမြမင်း ဖျားသည်။ တစ်ပတ်လောက် အပြင်းအထန် ခံရသည်။ နာလန်ထလာတော့ ဦးမြမင်းက နွယ်ကို လက်ထပ်ခွင့်တောင်းသည်။ အိမ်ခြေယာမဲ့ နွယ့်အတွက် တရားဝင် ခိုနားစရာ (အိမ်) ပေးခဲ့ဖို့ လက်ထပ်ခွင့် သူတောင်းခြင်းကို နွယ်နားလည်သွားသည်။

            ထိုအတောအတွင်း ကလောသို့ ရောက်လာသည့် အန်ကယ်ကျော်မောင်မှတစ်ဆင့် သော်နှင့် ဥမ္မာစောတို့ လက်ထပ်လိုက်သည့် သတင်းကို နွယ်ကြားသိရသည်။ ပဒုမ္မာ ဆေးခန်းပိုင်ရှင် မမညွန့် အကွက်ချ၍ သူ့သမီး ဥမ္မာစောနှင့် သော်ကို အမိဖမ်းလိုက်ခြင်းပင်။ သော်နှင့် နွယ်တို့ ဝေးသွားစေရန် ကလောသို့ နွယ်သွားဖြစ်အောင် တောင်းဆိုသူကလည်း မမညွန့်။ ရင်နာခံစားရသည့်တိုင် တိုက်နှင့် ကားနှင့် ကြွယ်ဝချမ်းသာသွားသည့် ချစ်သူအတွက် နွယ် မုဒိတာ ပွားမိရသည်။

            ဖြစ်စဉ်တွေက ဆက်တိုက်ပင်။ ကလောအိမ်သို့ ကိုလှမင်း ရောက်လာသည်။ ဖခင် ဦးမြမင်းက နွယ်ကို သူလက်ထပ်မည့်အကြောင်း သားကြီး ကိုလှမင်းကို ပြောပြသည်။ နွယ်သည် သူ့ဖခင် ဦးမြမင်း၏ ဓနကို ရယူလိုသည့် ပိုင်းလုံးမဟု ကိုလှမင်း ထင်သည်။ နွယ်ကို အလုပ်လုပ်ဖို့ မလိုတော့ကြောင်း ကိုလှမင်း လာပြောသည်။ ဦးမြမင်းကိုပင် နွယ် တွေ့ခွင့်မရ။ ချက်ချင်း ထွက်ခွာရန် နွယ် ပြင်ဆင်သည်။ လောလောဆယ် ရန်ကုန်ကို နွယ်မပြန်စေဘဲ အင်းပြင်က သူ့နှမ ဒေါ်စော၏ ယာခင်းအိမ်မှာ နေရန် ဦးအိုက်ရွက် စီစဉ်ပေးသည်။

            သိပ်မကြာလိုက်။ (ဦးအိုက်ရွက် သွားခေါ်၍ ရောက်လာသော) အန်ကယ်ကျော်မောင်က နွယ်ကို လာခေါ်သည်။ 'ပြဿနာ အရပ်ရပ် သူဖြေရှင်း ပြီးပြီ။ ကိုလှမင်းနှင့်လည်း ပြေလည်ပြီ' ဟု နွယ်ကို ပြောပြသည်။

            ကလောအိမ်သို့ ရောက်ရောက်ချင်း ဦးမြမင်း အခန်းထဲသို့ နွယ်ပြေးဝင်သည်။ ဦးမြမင်း မလှုပ်မယှက် ကုတင်ပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းလျက်။

            'ကိုယ့်ရဲ့ နောက်ဆုံးအချိန်မှာ ကိုယ့်အနားမှာ မင်းရှိစေချင်တယ်။ ကိုယ့်ကို ပစ်မသွားပါနဲ့နော်။ သေမင်းကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ပါရစေ' ဆိုသော ဦးမြမင်း၏ ပြင်းပြသော တောင်းခံ အဆိုပြုချက်တို့ကို နွယ် ကြားယောင်လာသည်။

            အမှန်ပင် နွယ် မာနကြီးခဲ့သည်။ ကိုလှမင်းက မိမိကို စော်ကားခြင်းဟု ခံပြင်းသော မာနစိတ်ဖြင့် အိမ်ပေါ်က နွယ်ဆင်းခဲ့သည်။

            အကယ်၍ ကိုလှမင်းကို ဦးညွတ်ခယ ရှင်းပြပြီး အိမ်ပေါ်က မဆင်းဘဲ သေမင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်လိုသည့် ဦးမြမင်း၏ ဆန္ဒကို ဖြည့်စွမ်းလိုက်နိုင်ပါက...။

            မိမိ၏ ကိုယ်ရေးကိုယ်တာ ဆန္ဒကို ဦးစားပေးလိုက်မိသည့်အတွက် ယခုတော့ နွယ်သည် ဦးမြမင်း စောစော ဆုံးသွားရခြင်းကို ကြီးစွာ နောင်တရသည်။ ယူကျုံးမရ ဖြစ်မိသည်။

            ကိုလှမင်းက မိမိကို ခွင့်လွှတ်ပါရန် အန်ကယ်ကျော်မောင့်ရှေ့မှာ နွယ်ကို တောင်းပန်သည်။ ဤ ကလောအိမ်ကို သူ့ဖခင်၏ ဆန္ဒအတိုင်း နွယ်အားပေးခြင်းကိုလည်း ကိုလှမင်းက သဘော တူလိုက်သည်။ ဦးမြမင်း မကွယ်လွန် မီ Gift အနေနှင့် မေတ္တာဖြင့်ပေးသော လက်ဆောင်အဖြစ် နွယ်ကိုပေးခဲ့ခြင်း ဖြစ်သည်။

            ယင်းသို့ဆိုလျှင် ဤကလောအိမ်တွင် ဦးအိုက်ရွက်၊ မနန်းပုံတို့နှင့်အတူ နွယ် ဆက်လက်နေထိုင်ရန်မှ တစ်ပါး အခြား မရှိတော့ပြီ။

ခ။

            'ဘဝကို သရုပ်ဖော်ရာ၌ စရိုက်သည် အဓိကဖြစ်၏။ စရိုက်ဟူရာ၌ ကျားမမရွေး၊ ကြီးငယ်မဟူ၊ လူအားလုံးတို့၏ စရိုက်ကို ဆိုလိုပါသည်။ အမျိုးသမီး သဘာဝ၊ လူငယ်သဘာဝ စသည်တို့ကို သရုပ်ဖော်ခြင်းမှာ ဤကဏ္ဍတွင် အကျုံးဝင်ပါသည်။'

(မောင်ထင်၊ ဘဝသရုပ်ဖော် မြန်မာ ဝတ္ထုရှည်၊ စာ-၂၂ဝ။)

            'ပါရမီ ဖြည့်စမို့' သည် သူနာပြု ဘဝသရုပ်ဖော် ဇာတ်ဖြစ်သည်။ သူနာပြု စရိုက်ကို စာရေးဆရာက နွယ်ဇာတ်ရုပ်ဖြင့် သရုပ်ဖော်ထားသည်။

            စာရေးဆရာ ပြောလိုပုံသည် ဤသို့ ဖြစ်သည်။

            ပါရမီသည် သူနာပြုတို့၏ ကျင့်ဝတ်ဖြစ်သည်ဆိုလျှင် ပါရမီဖြည့်ခြင်းသည် သူနာပြုတို့က ကျင့်ဝတ်နှင့် လျော်ညီအောင် လူနာကို ပြုစုစောင့်ရှောက်ခြင်းဟု ဆိုလိုရာရောက်သည်။  ပါရမီဖြည့်သည် ဆိုသည်မှာလည်း အဖန်တလဲလဲ ပြုစုစောင့်ရှောက်ခြင်းကို ရည်ညွှန်းလိုခြင်းပင်။

            'ဝတ္ထု၏ ရည်ရွယ်ချက်မှာ စိတ် ကူးဉာဏ်ဖြင့် စီစဉ်ထားသော အချက်အလက်များဖြင့် လူ့ဘဝအမှန်တရားများ ထင်ရှားပေါ်လွင်စေရန် ဖြစ်သည်' ဟု အမေရိကန် စာရေးဆရာကြီး ကလေတန် ဟယ်မီတန်က ဆိုထားသည်။

            'ပါရမီဖြည့်စမို့' တွင် စာရေးဆရာသည် စာဖတ်တို့ ထိတွေ့ပွေ့ဖက်လာအောင် ဇာတ်လမ်းဖြင့် ခင်းကျင်း ဆွဲဆောင်သည်။ ဇာတ်လမ်းဇာတ်ကွက်တို့ သက်ဝင်လှုပ်ရှားနေအောင်၊ ဇာတ်ဆောင် ဇာတ်ရုပ်တို့ဖြင့် စီးမျောပျော်ဝင်စေသည်။ ဇာတ်ရုပ်တို့ လှုပ်ရှား ရှင်သန်မှု၊ ဇာတ်လမ်းတို့ ဖန်-ဖွဲ့-ဖွင့် ဆိုမှု တို့ထဲတွင် ပဋိပက္ခ၊ ဝိရောဓိကိစ္စ တို့ဖြင့် ချည်တုပ်ဖွဲ့နှောင်သည်။ ယင်းနောက်တွင် ဖျတ်ခနဲ ဖျတ်ခနဲ ထိကာ တို့ကာ၊ သိုကာဝှက်ကာဖြင့် အမှန်တရားကို သတိဖြင့် မြင်ရှုဆင်ခြင်လာအောင်၊ တွေ့သိနားလည်လာအောင် စာရေးဆရာသည် အခိုင်အခန့် ထုဆစ် သွန်းလုပ်ထားသည်။

            ယိုယွင်းလျော့ရဲကျိုးပျက်အားနည်းသူ လူနာတို့အား ရုပ်ပိုင်းကော၊ စိတ်ပိုင်းပါ ပြုစုပျိုးထောင်ပေးရသည့် သူနာပြုတို့အပေါ် စာနာစိတ်တို့ ယိုဖိတ်လာအောင် ပါရမီဖြည့်စမို့ဖြင့် စွမ်းဆောင်နိုင်သည်ကတော့ စာရေးဆရာ၏ အောင်မြင်မှုပင်။

မြေနီသစ္စာ

(အမှတ် ၁၉၃၊ ဒီဇင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။