ရွှေသုတ‌

ယဉ်ယဉ်နု၏ တိတ်ဆိတ်သော အသံများ

တင့်ခိုင်

01 September 2025
ယဉ်ယဉ်နု၏ တိတ်ဆိတ်သော အသံများ
Share to

 ၂ဝဝ၅ ခုနှစ် ဇွန်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် ဆရာမ ယဉ်ယဉ်နု (မန္တလေး)၏ ခြေထောက်များ ဝတ္ထုတိုကို ဖတ်ရသည်။ ခြေထောက်များသည် အမြင်အာရုံတစ်ဝက်သာ ရတော့သော (လူတွေ၏ မျက်နှာကို မမြင်ရဘဲ ခြေထောက်များသာ မြင်နေရသော) အသက် ၇ဝ မျက်စိဝေဒနာရှင် အဘိုးကြီးတစ်ဦး၏ လက်ဖက်ရည်ဆိုင်နှင့် အပြန်လမ်းတွင် သူမြင်ရ၊ ကြားရသမျှတို့ကို ရေးဖွဲ့ခင်းကျင်း ပြသထားသော သရုပ်မှန် ဝတ္ထုတိုလေးတစ်ပုဒ်ဖြစ်သည်။ ဆရာမ ယဉ်ယဉ်နုသည် ဤဝတ္ထုတွင် လူ့သဘာဝစရိုက်များကို လူတန်းစားအခြေခံပြီး ရေးသားပြခဲ့သည်။ သူ့ဝတ္ထုသည် စာဖတ်သူအား စူးစူးရှရှ ရသပေးနိုင်သော ဝတ္ထု ဖြစ်သည်။

            ဤဝတ္ထု၏ ဇာတ်ကောင်များသည် လူ့လောကထဲတွင် တကယ် သက်ဝင်လှုပ်ရှားနေသော ဇာတ်ကောင်များ ဖြစ်သည်။ ထို့ကြောင့်လည်း ခြေထောက်များတွင် မသိန်းနှင့် တင်ရီမှအပ ကျန်ဇာတ်ကောင်များသည် နာမည် မရှိခဲ့ပါ။ ရှိစရာလည်း မလို။ သူ့ဇာတ်ကောင်များအတွက် နာမည်သည် အရေးမကြီး။ ဇာတ်ကောင်များသည် အတန်းအစားကို ကိုယ်စားပြုနေသဖြင့် အတန်းအစားကသာ နာမည်ထက် ပို၍ အရေးကြီးသည်။ ဝတ္ထုကို ပံ့ပိုးအကျိုး ပြုနိုင်သည်။

            ကျောင်းဆရာမ၊ ကုမ္ပဏီဝန်ထမ်း၊ ရုံးစာရေး စသည့် ဉာဏ်ဏအလုပ်သမားများ၊ ဆိုက်ကားသမား၊ ငါးစိမ်းသည်၊ ပခုံးထမ်းစသည့် ကာယအလုပ်သမားများ။ ထိုထိုသော အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်းမှုများသည်သာ ဤဝတ္ထု၏ ဇာတ်ကောင်များ ဖြစ်သည်။ ဆိုက်ကားသမားကို စိုးအောင်ဟု နာမည်ပေးထားစရာ မလို။ စာရေးသူ လိုချင် သည်က လူမဟုတ်။ အလုပ် သာ ဖြစ်သည်။ ထို့ကြောင့် စာရေးသူ သည် သူ့ဝတ္ထု၌ ဇာတ်ကောင်များကို အမည်မပေးခဲ့ပါ။ ကုန်ကုန်ပြောရလျှင် အရေးအကြီးဆုံး ဝတ္ထုတစ်ပုဒ်လုံး ခင်းကျင်းပြသသွားသော အဓိက ဇာတ် ဆောင်ကိုပင် အမည်မပေးဘဲ အဘိုးကြီး ဟူ၍သာ ကင်ပွန်းတပ်ခဲ့သည်။

            စာရေးသူသည် သူ၏ ဝတ္ထုအဖွင့်ကို လက်ဖက်ရည်ဆိုင်ထိုင်နေသော အဘိုးကြီး၏ အမြင်၊ အကြားနှင့် ဖွင့်သည်။

            ခွေးခြေပေါ်တွင် ထိုင်နေသော မသိန်း၏ အဝတ်အစားနှင့် အသွင်အပြင်ကို...

            'အရိပ်ပန်း စိမ်းပြာရောင် ခပ်နွမ်းနွမ်း။ ခါးအတိ မြန်မာအင်္ကျီလေးကြောင့် သေးသေးကျင်ကျင် ခါးကလေးကို နွဲ့နွဲ့လေး မြင်နေရတယ်။ မာဆရိုက်လုံချည် နွမ်းနွမ်းလေးနဲ့ မှန်းကြည့်ရရင် လေးဆယ်ကျော်လောက် ပိန်ပိန်ပါးပါး မိန်းကလေး' ဟု ရေးပြပြီး လွန်ခဲ့သော ငါးနှစ်ခန့်က မသိန်းအိမ်မှ ပြောင်းရွှေ့သွားသော၊ မသိန်းကပင် အရင်းအနှီး ငွေနှစ်သောင်း ထုတ်ချေးခဲ့ရသော တင်ရီကိုမူ 'ထိုင်ခုံပေါ်မှာ ထိုင်ပြီး ပေါင်ပေါ်မှာ တင်ထားတဲ့ လက်ပွေ့အိတ်ကြီးက ဖောင်းဖောင်းကြီး၊ လက်ပွေ့ အိတ်ကို ပိုက်ထားတဲ့ လက်မည်းမည်းဝဝကြီးမှာ လက်ကောက်ဝတ်မှာ ရွှေလက်ကောက်တွေက ဆင့်ပတ်လို့၊ လက်ခလယ်မှာ ဝတ်ထားတဲ့ စိန်လက်စွပ်ကြီးကလည်း တဖျပ်ဖျပ်နဲ့' ဟု ရေးပြပြန်သည်။ စာရေးသူသည် ဇာတ်ကောင် နှစ်ကောင်၏အဝတ်အစား၊ အသုံးအဆောင် ကွဲပြားမှုကို ရေးပြပြီးမှ သူတို့ နှစ်ယောက်၏ ခြေထောက် ကွဲပြားခြားနားမှုကို ဤသို့ ရေးဖွဲ့ပြသည်။

            ခင်ပွန်းသည် နေမကောင်း၍ ကြွေးလာတောင်းသော မသိန်း၏ ခြေထောက်များကို 'လှလိုက်တာဗျာ၊ ကျုပ် အသက်ရှူတောင် မှားသွားတယ်။ ကတ္တီပါဖိနပ် အနက်ပါးပါးကလေး စီးထားတဲ့ ခြေထောက်ကလေးဟာ ဝင်းနေတာပဲ။ ခြေသည်းကလေးကလည်း ညီညီတိတိကလေးတွေ ပန်းရောင်ပြေးလို့။ ဖနောင့်ကလေးတွေကအစ ဝင်းလို့' ဟု ဖွဲ့ပြပြီး စိန်လက်စွပ် ဝတ်ထားပြီးမှ သူများကြွေးကို မပေးချင်သူ တင်ရီ၏ ခြေထောက်များကိုမူ 'တင်ရီဆိုတဲ့ မိန်းမကို ကြည့်လိုက်ပြန်တော့ ကျုပ် အော်ဂလီဆန် သွားလိုက်တာ။ အနီရဲရဲ ဒေါက်ဖိနပ်စီးထားတဲ့ ခြေထောက်ကြီးဟာ မည်းညစ်ပြီး ခြေသည်းတွေလည်း ရှည်လို့' စာဖတ်သူများ ရွံရှာသွားအောင် ရေးဖွဲ့ပြသည်။

            'မသိန်းဟာ ဘယ်လောက်ပဲ ဆင်းရဲနေနေ အရည်အချင်းက တင်ရီထက် သာတယ်ဆိုတာ သူ့ခြေထောက်ကလေးတွေက ဖော်ပြနေကြတယ်' ဟု ခြေထောက်လောက်သာ မြင်နေရရှာသော အဘိုးကြီး၏ ဆုံးဖြတ်ချက်ဖြင့် သူ့ဝတ္ထုကို ဖွင့်သည်။

            'လူတစ်ယောက်ရဲ့ အရည်အချင်းကို သိချင်ရင် မျက်နှာနဲ့ အဝတ်အစားတွေကို မကြည့်နဲ့။ ခြေထောက်တွေ လက်တွေကိုကြည့်...' ဟူသော ရှေးလူကြီးများ၏ အဆိုအမိန့်ကို သတိရလာပြီး အဘိုးကြီးသည် ခြေထောက် လှပသန့်ပြန့်သူများသည် နှလုံးလှကြသည်ဟု လက်ခံယုံကြည်သွားပုံရသည်။

            စာရေးသူသည် သူ့ဝတ္ထု၏ ဒုတိယ မြင်ကွင်းကို ဤသို့ ပြသည်။

            လူတစ်ယောက်ကို ကားဝင်တိုက်သော အသံကို ကြားရသည်။ ပတ်ဝန်းကျင်မှ လမ်းသွားလမ်းလာ လူအများ ရောက်လာကြသည်။ 'သေချာတာက သူတို့ သူတို့ အားလုံးရဲ့ ခြေထောက်ကလေးတွေဟာ သန့်ရှင်းစင်ကြယ်နေတာကို ကျုပ်တွေ့ရတယ်' ဟု ရောက်လာသူများ၏ အတန်းအစားကို ညွှန်းဆိုပြသည်။ သူတို့၏ စကားပြောသံများကိုလည်း ဤသို့ ဖော်ပြထားသည်။

            'ကားငှား၊ ကားငှား' 'လူနာကို ဆေးရုံပို့သင့်တယ်' 'ကားခ ဘယ်သူပေးမှာလဲ' 'အရေးအကြီးဆုံးက လူနာကို ဆေးရုံအမြန်ပို့ဖို့ပဲ'

            'စောစောက သန့်ပြန့်နေတဲ့ ခြေထောက်ကလေးတွေ လူနာဘေးနားမှာ ဝိုင်းအုံပြီး ကြွက်စီကြွက်စီ ဝေဖန်နေလိုက်ကြတာ။ ဆေးရုံကို ဘယ်သူပို့ကြမှာလဲ ကျုပ်မသိဘူး' ဟု အဘိုးကြီးက ညည်းညူသည်။ ဝမ်းနည်းဟန်ပြ၊ စုတ်သပ်နေကြသော ထိုပညာတတ်များ၏ အလှုပ်၊ အယိမ်းများကို အသံဖြင့် ပြသည်။

            ဤဝတ္ထုတွင် ဆရာမ ယဉ်ယဉ်နုသည် ဇာတ်ကောင်များ၏ တစ်လံ တစ်မိုက်အကွာမှာ လိုက်ပါနေသူမျိုး မဟုတ်။ စာရေးဆရာ ကိုယ်တိုင် ဇာတ်ကောင်၏ ခန္ဓာကိုယ်ထဲတွင် ပူးဝင် အသက်ရှင်နေသည်ကိုက ဤဝတ္ထု၏ ကောင်းကွက် ဖြစ်သည်။

            လူနာကို ဆေးရုံသို့ မပို့နိုင်ဘဲ အမျိုးမျိုး ဝေဖန်သုံးသပ်နေကြစဉ် ဆေးရုံသို့ပို့မည့် ကယ်တင်ရှင် ပေါ်လာသည်။

            'ဘေးဖယ်ကြပါ၊ ဘေးဖယ်ကြပါဆိုတဲ့ အသံနဲ့ ကလင်ကလင် ဘဲလ်တီးပြီး ဆိုက်ကားတစ်စီး အပြင်း ကျုပ်ဘေးနားက ဖြတ်ပြီး နင်းသွားတယ်။ ကျုပ်တောင် ဘေးရှောင်ပေး လိုက်ရတယ်။ စကားပြောနေတဲ့ လူအုပ်လူစု ကွဲသွားတယ်'

            ဘယ်လောက် လှပသည့် အခင်းအကျင်းပါပဲ။

            'ကျုပ်တောင် ဘေးရှောင်ပေးလိုက်ရတယ်' ဟူသည့် ပြကွက်ကလေးသည် ဆိုက်ကားသမား၏ စိတ်နေစိတ်ထားကို ထုတ်ပြလိုက်သော ပြကွက် ဖြစ်သည်။ အဘယ်မျှ အရေးတကြီး နင်းလာပါသည်ဟု ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။ အခကြေးငွေကို တန်ဖိုးမထားဘဲ လူသားတစ်ဦး (မည်သူမှန်း မသိ) ၏ အသက်ကိုသာ တန်ဖိုးထား ကယ်တင်လိုစိတ်သည် ဝိုင်းအုံကြည့်နေသော ခြေထောက်သန့်သူများ၌ မရှိ။ ဆိုက်ကားသမား၌သာ ရှိနေသည်ဟု စာရေးသူက ဝင်မပြောဘဲ ဆန့်ကျင်ဘက် ပြကွက်ကလေးဖြင့် ချပြလိုက်သည်။ ထိုအခါ စာဖတ်သူသည် ခြားနားခြင်းရသကို အလိုလို ခံစားလာရ သည်။ သူ့အမြင်မှာ စေ့စပ်သေချာသည်။ စူးရှနက်နဲသည်။

            သည်လိုအချိန်မှာ စကားဖြင့် ကူညီနေသည်က မထိရောက်နိုင်။ အလုပ်လုပ်ပြနိုင်မှသာ ထိရောက်မည်။ ဒါကို စာရေးသူက '...'ဟု ဆရာကြီး လုပ်ပြီး ဝင်မပြော။ ဆရာမ ယဉ်ယဉ်နုသည် အလွန်နေတတ်သော စာရေးဆရာမ ဖြစ်သည်။ သူ ပြလိုက်ပုံလေးကိုလည်း ကြည့်ပါဦး။

            'စကားပြောနေတဲ့ လူအုပ်စု ကွဲသွားတယ်'

            စာရေးသူသည် သူ့ ဝတ္ထုကို အထူးဂရုစိုက်သည်။ ဝါကျ အထားအသို၊ နေရာချထားမှုကအစ အလေးအနက်ထားသည်။ စကားလုံးကို သိပ်သိပ်သည်းသည်း ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် သတိထားရေးသည်။ ဆရာအောင်သင်း၏ စကားအရ ဆိုရပါမူ ယဉ်ယဉ်နုသည် စကားလုံး သုံးချင်၍ စာရေးခြင်း မဟုတ်ဘဲ ပြကွက်ဖော်ချင်၍ စကားလုံးရှာသူသာ ဖြစ်သည်။

            'အို... ကြည့်စမ်းပါဦး၊ ဆိုက်ကားနင်းသွားတဲ့ ခြေထောက်ကို ဖျတ်ခနဲ ကျုပ် မြင်လိုက်ရတာ။ အကြောပြိုင်းပြိုင်း ထနေတဲ့ ညစ်ပတ်ပေကျံနေတဲ့ ခြေထောက်ပါလား။ ခြေသည်းရှည်ကြီးတွေက မည်းလို့။ တာယာဖိနပ်အရောင် မွဲမွဲကြီးကလည်း ကြမ်းတမ်းစုတ်ပြတ်လို့။ လူစုကွဲသွားတာနဲ့ လဲနေတဲ့လူကို ဝိုးတဝါးမြင်ရတယ်။ ဆိုက်ကားဆရာက လူနာကို ပွေ့ယူလိုက်တယ်။ ဆိုက်ကားပေါ်ကို ရှေ့ခုံမှာ တင်လိုက်တယ်။ လူနာဟာ ဇက်ကျိုးကျသွားတယ်'

            'ကဲ... လုပ်ကြပါဦး၊ လူနာကို ထိန်းကိုင်ဖို့ တစ်ယောက်တော့ လိုက်ခဲ့။ ကျွန်တော် ဆေးရုံကို အမြန်ဆုံး ဆိုက်ကား နင်းပို့မယ်'

            ခြေထောက်မလှမသန့်သော အတန်းအစားက လူသားတစ်ယောက်၏ အသက်ကို မရအရ သူ့အင်အား ရှိသမျှနှင့် ကယ်တင်ရန် ကြိုးပမ်းနေသောအချိန်တွင် ခြေထောက်လှပ သန့်ရှင်းသော အတန်းအစားက ဘယ်လိုများ ပြောလာကြပါသနည်း။ နားထောင်ကြည့်ပါဦး။

            'ကျွန်တော်က လိုက်မရဘူး။ ရုံးချိန်နောက်ကျလိမ့်မယ်။ ကျောင်းမမီဘဲ နေလိမ့်မယ်။ ကုမ္ပဏီက ပျက်ကွက်ရင် လခဖြတ်ခံရမယ်ဆိုတဲ့ အသံတွေ တဝေါဝေါ ပေါ်လာတယ်'

            စာရေးသူက ပညာတတ် လူတန်းစားကိုယ်စားပြု စရိုက်ဖော်လေသံများကို ရေးပြသည်။

            'ကားခ ဘယ်သူပေးမလဲ'ဟု မေးခဲ့သူတွေကကော ကားခမလိုတော့သည့် ယခုလို အခြေအနေတွင် လူနာကို ထိန်းကိုင်ဖို့ လိုက်ခဲ့ကြသလား။ လူလတ်တန်းစားစရိုက်က ဘယ်လိုပါဟု မပြော။ ပြကွက်ကလေးများဖြင့် လှလှပပ ပြသသွားသည်။

            စကားကို ပန်းအိုးထိုးသလို အပြုအပြင်လေးများဖြင့် ပြောတတ်ကြသော ထိုအတန်းအစားများ ခေါင်းရှောင်ထွက် သွားကြစဉ် ဟိုးမလှမ်းမကမ်းတွင် သူ့ဝမ်းစာအတွက် ကုန်ထမ်းနေရရှာသော ပခုံးထမ်းကလေးငယ်ကမူ ငါးစိမ်းသည် မကြီး၏ အထုပ်ကိုပင် ထမ်းမပို့တော့ဘဲ 'ကျွန်တော် လိုက်ခဲ့မယ်' ဟု မဆိုင်းမတွ ပြောလိုက်သည်။

            စာဖတ်သူသည် စာရေးသူ ခေါ်ဆောင်ရာသို့ လိုက်ပါ နေရပြီး သူရဲကောင်း ဘယ်သူများ ပေါ်လာမလဲဟု စောင့်စားနေချိန်တွင် စာရေးဆရာသည် စာဖတ်သူမထင်သော အဝေးမှ ပခုံးထမ်းကလေးငယ်ကို ပွဲထုတ်ပြလိုက်သည်။ သဘာဝယုတ္တိ ပေတံနှင့် တိုင်းကြည့်လျှင်လည်း သည်လိုအချိန်မျိုးတွင် သူ့လို အတန်းအစားများကသာ လိုက်ပို့ကူညီနိုင်ပါ၏။ ခြေထောက်သန့် အတန်းအစားဟူသည် တွေဝေ၏။ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်တတ်ကြ၏။ သံတမန်စကားများဖြင့် အရေးအခင်းထဲမှ ရှောင်ထွက်သွားတတ်ကြ၏။ ကျောက်ခဲကို အပူပေး၍ ကြက်ကလေး မပေါက်နိုင်မှန်း စာရေးသူက သိသည်။

            'ကျွန်တော် လိုက်ခဲ့မယ်' လို့ ခပ်ဝေးဝေးက အော်လိုက်တဲ့အသံ ကြားရပြီး ပြေးလာတဲ့ ခြေထောက်ကလေးကို ကျုပ်မြင်လိုက်ရတယ်။ ဘုရား...ဘုရား...။ ဖိနပ်တောင် မပါပါလား။ အနားဖွာနေတဲ့ ဂျင်းဘောင်းဘီ ဒူးပြတ်ကလေးကို ဝတ်ပြီး ရွှံ့တွေရေတွေနဲ့ မည်းနေတဲ့ ခြေထောက်ပိုင်ရှင်။ ၁၃ နှစ်လောက် ကောင်ကလေးက ဆိုက်ကားနောက်ခုံပေါ်ကို ဖျတ်ခနဲ ခုန်တက်ပြီး လူမမာကို ထိန်းကိုင်လိုက်တယ်။

            တာဝန်သိတတ်သော ပခုံးထမ်းကလေးနှင့် တာဝန်မှ မရအရ ရှောင်ထွက်သွားကြသော ပညာတတ်လူကြီးများကို စာရေးသူက နှိုင်းယှဉ်ပြသည်။

            ဖတ်ရင်း ဖတ်ရင်း ကျွန်တော့်ရင်သည် နင့်ခနဲ ဖြစ်သွား၏။ စာရေးသူက ဘာမှမပြော။ အသံတိတ် ခင်းကျင်းပြသည်။ သို့ရာတွင် သူ မပြောသော စကားကိုမှ ကျွန်တော် ကြားနေရသည်။ ယုံမလား မပြောတတ်။ ဆရာမ ယဉ်ယဉ်နု (မန္တလေး)၏ တိတ်ဆိတ်သော အသံများသည် ကျွန်တော့် နားထဲတွင် သောသောညံနေပါသည်။

            စာရေးသူသည် ပုဂ္ဂလိက ခံစားမှုကို မရေးဖွဲ့။ လူနာကို ခေါ်သွားသောသူကိုပင် နာမည်နာမဖြင့် မဖော်ပြ။ ဖော်ပြရန်လည်း မလို။ မလိုအောင်လည်း ဝတ္ထုကို အဘိုးကြီး၏ အမြင်၊ အကြား ဘောင်ထဲမှ ရေးဖွဲ့ပြထားသည်။

            ဤဝတ္ထုသည် ဦးဘ၊ မောင်ငယ်တို့၏ အဖြစ်အပျက်ကို ဖော်ပြသောဝတ္ထု အမျိုးအစားမဟုတ်။ သူ့ဇာတ်ကောင်များသည် လူတန်းစား ကိုယ်စားပြုဇာတ်ကောင်များ ဖြစ်သည်။ ထို့ကြောင့် ခြေထောက်များသည် လူတန်းစား စရိုက်ဖော်ဝတ္ထုဖြစ်သည်။

            တကယ်တမ်း စဉ်းစားကြည့်ပါလျှင် ဤလောကကြီး ရှင်သန်ဖွံ့ဖြိုးနေခြင်းသည် အတ္တကို သင်းကွပ်ပြီး ပရကို ရှေ့တန်းတင် လုပ်ကိုင်နိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ တာဝန် သိတတ်မှုသည် လူ့အရည်အချင်းတစ်ရပ် ဖြစ်သည်။ မည်မျှပညာတွေ တတ်နေပါစေ၊ မည်မျှဥစ္စာ ပြည့်ဝနေပါစေ၊ တာဝန် မသိတတ်သူသည် လူ့အရည်အချင်း မပြည့်မီသူ စိတ်ယဉ်ကျေးမှု နိမ့်ကျသူသာ ဖြစ်၏။

            ဒါကို စာရေးသူက မပြောဘဲ ပြသည်။ နိဂုံးကို ဤသို့ ရေးထားသည်။

            'အရည်အချင်းဆိုတာ ခြေထောက်ကို ကြည့်ရုံနဲ့ ရတယ်လို့ ဆုံးဖြတ်ထားတဲ့ ကျုပ် ဘာပြောရမှန်း မသိဘဲ ကျန်ခဲ့တယ်။ ခပ်ဝါးဝါး စကားပြောသံတွေ နားထဲကို ဝင်လာပြန်တယ်။ ဒီခဏလေးအတွင်းမှာပဲ ကျုပ်လေ ခြေထောက်ကိုပဲ မြင်ရပြီး မျက်နှာတွေကို မမြင်ရတဲ့ ကျုပ်ရဲ့ မျက်စိရောဂါကို သိပ်ပြီး ကျေးဇူးတင်မိတာပဲ'

            သန့်ပြန့်သော ခြေထောက်ပိုင်ရှင်များ၏ မျက်နှာများတွင် မည်သို့သော အဓိပ္ပာယ် ဖော်ဆောင်မှုများ ရှိနေနိုင်ပါသနည်း။ အမြင်အာရုံချို့တဲ့နေသော အဘိုးကြီးက ထိုလူတန်းစားများ၏ မျက်နှာကို မမြင်ရသော သူ၏ မျက်စိကိုပင် ကျေးဇူးတင်ပါသည်ဟု ခနဲ့သွားသည်။

            စာဖတ်သူများကကော ထိုသူများ၏ မျက်နှာကို ကြည့်လို မြင်လိုကြပါသေးသလား။

            ခြေထောက်ကိုသော်မှ သည်မျှသန့်ပြန့်သပ်ရပ်လှပနေစေရန် အပြုအပြင်များဖြင့် ဖန်တီးထားကြပါလျှင် ထိုအတန်း အစားများသည် လူ့မြင်ကွင်း၏ ဗဟိုချက်မကျသော မျက်နှာများကို မည်သို့ပြုပြင်ထားကြမည်ဆိုသည်ကို လူတိုင်းသိရှိပြီး ဖြစ်ပါလိမ့်မည်။ သူတို့၏မျက်နှာများကို ကြည့်စရာ မလိုတော့မှန်း ကျွန်တော်တို့ သိလိုက်ပါ၏။

            ဆရာမ ယဉ်ယဉ်နု(မန္တလေး)၏ ခြေထောက်များသည် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းတွင် တိတ်ဆိတ်သောအသံများ ထွက်နေသည့် ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည်။ ပညာတတ်လူတန်းစားနှင့် အလုပ်သမား လူတန်းစားများကို အရေးအခင်းတစ်ခုထဲသို့ အတူတူ ချပြလိုက်ပြီး ဇာတ်ကောင်များကို သူတို့ ဘာသာသူတို့ လှုပ်ရှားခိုင်းထားသော အဆင့်မြင့်ဝတ္ထုတို ဖြစ်သည်။ စာရေးသူသည် ဝတ္ထုရေး အတတ်ပညာ ကျွမ်းကျင် လိမ္မာ၍လားမသိ။ သူ ပေးချင်သော Message ကို ကျွန်တော်တို့ ရလိုက်ပါ၏။ ဒါသည်ပင်လျှင် စာရေးဆရာအဖို့ စာဖတ်သူအပေါ် တာဝန်ကျေပွန်မှုဟု ဆိုချင်ပါသည်။

တင့်ခိုင်

(အမှတ် ၁၉၃၊ ဒီဇင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။