စိန်မျိုးမြင့်
လီဒိုလမ်းကား တောနက်သည်ထက် နက်လာသည်။ လမ်းဘေးဝဲယာ၌ သစ်ကြီးဝါးကြီးများ၊ ကုန်းတက်ကုန်းဆင်းများ၊ အချို့နေရာများ၌ တောင်စဉ်တောင်တန်း အဆင့်ဆင့်ဖြင့် သာယာလှပသည်။ ကားလမ်းမှာ ပိုကျယ်မလာပေ။ အချို့နေရာများတွင်မူ မူလလမ်းကျယ်ဖြစ်ခဲ့ကြောင်း သက်သေအနေဖြင့် တောထနေသော ကိုင်းပင်များကြားမှ လမ်းမြေပြန့်ပြန့်ကို တွေ့နေရသည်။ ၁၈ မိုင် စခန်းမှ ထွက်ပြီး သုံးမိုင်မှာ များစွာမမောင်းလိုက်ရပေ။ လမ်းကွေ့တစ်ခုကို ကျော်လိုက်သောအခါ မြေပြန့်သွားသည်။ ရှေ့မှလမ်းကလည်း အတော်ဝေးဝေး တစ်ဖြောင့်တည်း ဖြစ်နေသည်ကို လှမ်းမြင်နေရ၏။ ၂၁ မိုင်စခန်း ဖြစ်ပေသည်။ ကားပေါ်တွင် ၁၈ မိုင်မှ လိုက်လာသည့် ရဲဘော်က '၂၁ မိုင်ပဲ' ဟုဆိုကာ ဆင်းရန် ပြင်ဆင်သည်။ ကားရပ်ပေးလိုက်သောအခါ သွက်လက်စွာပင် သူ့သေနတ်၊ သူ့အိတ်များကို ချ၍ ဆင်းသွားသည်။ စခန်းကုန်းကား လက်ယာဘက်၌ ရှိ၏။ ဧည့်ခံတဲလေးတစ်လုံးက ညာဘက်ကုန်း ထိပ်တွင်ရှိသည်။ ဝါးဖြင့်ဆောက်ထားသော တဲတွင်း၌ ဝါးဖြင့်ပြုလုပ်ထားသော စားပွဲ၊ ကုလားထိုင်၊ ခုံတန်းဖြင့် လူရှစ်ယောက်ခန့် ထိုင်၍ စကားဝိုင်းဖွဲ့ အလုပ်လုပ်နိုင်သော အနေအထားဖြင့် တွေ့လိုက်ရ၏။
ရောက်ဖူးသည်ရှိအောင်
ကျွန်တော်တို့လည်း ဆင်းလိုက်ကြပြီး စခန်းကုန်းကို တဲငယ်အားဖြတ်၍ တက်လိုက်ကြသည်။
အပေါ်တွင် မြေပြန့်အကျယ်ကြီး တွေ့လိုက် ကြရ၏။ သေသေချာချာကြည့်သောအခါ ကတ္တရာနှင့်
ကွန်ကရစ်ခင်းထားသော ကွင်းပြင်ဖြစ်နေကြောင်း တွေ့လိုက်ကြရသည်။ တကယ်တော့ ထိုနေရာကား
လေယာဉ်ကွင်းဟောင်းတစ်ခု ဖြစ်ပေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက သုံးခဲ့သော မဟာမိတ် တို့၏
ကွင်းဖြစ်သည်။ ဧည့်ခံတဲနှင့် ကွင်းကြားတွင် တဲကြီးတစ်လုံးရှိရာ ရဲဘော်နှစ်ဆယ်ခန့်
နေနိုင်လောက်သည်။ သို့သော် ထိုစခန်း၌ ရဲဘော်သုံးယောက်သာ ရှိကြောင်း သိရသည်။
မီးဖိုမှ မီးခိုးအူနေသော ထိုတဲကြီးအတွင်း၌ ရေနွေးအိုး တည်ထားပြီး ရဲဘော်တစ်ဦးက
ထမင်းအိုး ချက်ရန် ပြင်ဆင်နေသည်။
တဲကြီးကိုကျော်၍ တဲနောက်မှ
ကွင်းပြင်ပေါ်သို့ ကျွန်တော်တို့ တက်ကြည့်ကြသည်။ တစ်ဖက်က ကုန်းမြင့်ဘက်သို့
တညီတညာတည်း မြေပြန့်ဖြစ်နေအောင် မူလကမြေညှိထားမှန်း သိသာစွာမြင်ရသည်။ ယခုသော်
ထိုမြေညီတန်းမှာ ကိုင်းပင်များဖြင့် တောထနေပေသည်။ လေယာဉ်ပြေးလမ်းတို့
ဖြစ်ပေလိမ့်မည်။ လေယာဉ်ငယ်လေးများ ဆင်းနိုင်သောကွင်း ဖြစ်ပေမည်။ ရဟတ်ယာဉ်လည်း
ကောင်းစွာ ဆင်းနိုင်သည့် အနေအထားဖြစ်၏။ ကွင်းပြင်မှာ အတော်ကျယ်ရာ လေယာဉ် အတော်များများ
ရပ်နိုင်သည့်နေရာ ဖြစ်ပေသည်။
ထိုစခန်းကုန်းနေရာမှာ 'ကွန်ကီဒူ'ဟုခေါ်သောနေရာ ဖြစ်ပေသည်။
နာဂဘာသာအားဖြင့်
ကွန်ကီဒူဆိုသည်မှာ ကိုင်းပင်များပေါက်သော အရပ်ဟု အဓိပ္ပာယ်ပေါက်ကြောင်း ဒေသခံတို့က
ရှင်းပြ၍ သိရသည်။ မဆီမဆိုင် ပူတာအိုဘက် ရောက်ခဲ့စဉ်က 'မိုလာရှီးဒီ'
ဆိုသောရွာအမည်ကို ပြန်လည်အမှတ်ရလာသည်။ ကချင်ဘာ သာစကားဖြင့်
မိုလာရှီးဒီဆိုသည်မှာ 'သက်ငယ်တော' သက်ကယ်ပင်များ
ပေါက်ရောက်ရာအရပ်ဟု အဓိပ္ပာယ်ရကြောင်း သိခဲ့ရဖူးပေသည်။
ယခု ကွန်ကီဒူမှာ
တောကြီးမျက်မည်းထဲ၌ ဘွားခနဲ တွေ့ရသော လေယာဉ်ကွင်းဟောင်း တောင်ပေါ်မြေပြန့်
ဖြစ်တော့သည်။ ကွင်းပြင်ပေါ်မှ တောင်မြောက်ဝဲယာ လှည့်ပတ်ကြည့်ပါက
တောင်တန်းကြီးများကို အထပ်ထပ် တွေ့ရသည်။ သာယာအေးချမ်းလှသော နာဂမြေဖြစ်ပေသည်။
ထိုနေရာသည် တကယ်တော့
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ် ဖြစ်ပြန်သည်။ ရှင်ဘွေယန်သည် ကချင်ပြည်နယ်
နယ်ထဲတွင် ပါဝင်သော်လည်း လီဒိုလမ်းအတိုင်း ရှေ့ဆက်ပါက ၂၅ မိုင်စခန်းကျော်လျှင်
စစ်ကိုင်းတိုင်းနယ်ထဲသို့ ပြန်ဝင်ပေပြီ။ ထိုနေရာတွင်လည်း ဟူးကောင်း ကျားထိန်းသိမ်းရေးနယ်မြေ၏
သားရဲတိရစ္ဆာန်များ ဖြတ်လမ်း (Wildlife Corridor) တစ်နေရာရှိသည်ဟု မြေပုံညွှန်းအရ သိရသည်။ ထိုနေရာများတွင်မူ
ဆိုင်းဘုတ်များ မရှိသေး။
၂၅ မိုင် စခန်းအနီး၌
ခတန်ချောင်းကို ဖြတ်ရသည်။ တံတားမရှိ၊ ရေတိမ်နေရာမှ ကားဖြတ်ရခြင်း ဖြစ်သည်။
နန်းယွန်းအဝင်တွင်လည်း ချောင်းကျယ်တစ်ခု ရှိသည်။ ဆိုင်ကယ်များ ဖြတ်နိုင်သည့်
ကြိုးတံတားတစ်ခု ရှိပေသည်။ မိုးတွင်း၌ ထိုချောင်းသည် အတော်ကျယ်သော ချောင်းဖြစ်မည်။
ချောင်းထိပ်၌ ရွာစုလေးတစ်ခု ရှိ၏။ အိမ်ခြေ ဆယ်အိမ်ပင် မပြည့်ပေ။ ကြိုးတံတားမှာ
ကြိမ်နှင့်ဝါးတို့ဖြင့် ခင်းထားသည်။ စတီးကြိုးများဖြင့် ဆိုင်းရက်၍
ခင်းထားသောတံတားဖြစ်သည်။ ဆိုင်ကယ်တစ်စီး ငါးရာနှုန်းဖြင့် ကောက်ခံ၍ တံတားပြုပြင်
ထိန်းသိမ်းရေး ဆောင်ရွက်သည်။ ရိုးသားသော၊ အေးချမ်းသောဒေသဖြစ်သဖြင့် တံတား
အစောင့်ပင် မရှိ။ တံတားထိပ်တွင် ကင်းတဲလိုခနော်နီခနော်နဲ့ ဝါးတဲလေးတစ်ခု ရှိသည်။
ထိုတဲထဲ၌ ဝါးဖြင့် ပြုလုပ်ထားသည့် ဝါးစားပွဲ၊ ဝါးခုံတန်းလေး ရှိသည်။
ထိုစားပွဲပေါ်၌ ပလိုင်းအသေးလေး တစ်လုံးရှိရာ မှတ်စုစာအုပ်နှင့် ဘောလ်ပင်လေး
ထားထားသည်။ တံတားဖြတ်သူက ကိုယ့်ဘာသာကိုယ် ပိုက်ဆံထည့်၍ မှတ်တမ်းရေးသွင်းသွားရန်
ဖြစ်သည်။ ပလိုင်းလေးကို ကောက်ယူကြည့်သောအခါ ပိုက်ဆံ ငါးရာတန်တစ်ရွက် တွေ့ရသည်။
ထိုတဲအနီးအနား၌ မည်သူမျှမရှိ။ ခပ်လှမ်းလှမ်း တစ်ခေါ်လောက်တွင် အိမ်တစ်လုံးရှိရာ
ထိုအိမ်တွင်မူ အိမ်ဘေးမှ စိုက်ခင်း၌ မြေပြုပြင်နေသူတစ်ဦးသာ သူ့အလုပ်သူ
အေးအေးဆေးဆေး လုပ်နေသည်။ တံတားစောင့်တာဝန်ကိုလည်း ထိုသူပင် ယူထားဟန် တူပေသည်။
ကျွန်တော်တို့အဖွဲ့ လမ်းပေါ်၌
ကားရပ်ထားပြီး တံတားပေါ် ဖြတ်လျှောက် ကြည့်ကြသည်။ ဓာတ်ပုံရိုက်ကြသည်။
မကြာမီ နန်းယွန်းမြို့ဘက်သို့
ခရီးဆက်ခဲ့ကြ၏။
တံတားမှလွန်၍ ကုန်းမြင့်မြင့်ကို
ကျွန်တော်တို့ကား အရှိန်ဖြင့် တက်ခဲ့ကြ၏။ လမ်းဘေးဝဲယာ မြင်ကွင်းက
ပြောင်းလဲသွားသည်။ ကာရံထားသော ခြံဝင်းထရံများ တွေ့လာရ၏။ နန်းယွန်းမြို့
ဧရိယာအတွင်းသို့ ဝင်လာလေပြီ။ မြို့အဝင်တွင် ဌာနဆိုင်ရာ အဆောက်အအုံများ၊
တပ်မြေနှင့် ဘုန်းတော်ကြီးကျောင်းတို့ကို မြင်သည်။ ဘုန်းကြီးကျောင်းလွန်သောအခါ
ချောင်းကူးတံတားလေးတစ်ခုကို ကူးဖြတ်လိုက်ပြီးနောက် နန်းယွန်းမြို့လယ်သို့
ရောက်သွားသည်။ စည်ပင်သာယာဈေး၊ စုပေါင်းရုံး၊ အထက် တန်းကျောင်း၊
မြို့နယ်ခန်းမတို့ကို တစ်စုတည်း မြို့လယ်မြေပြန့်၌ တွေ့လိုက်ရသည်။
အဆောက်အအုံအားလုံးမှာ သစ်လွင်နေ၏။ မကြာမီ နှစ်ပိုင်းအတွင်း ဖွံ့ဖြိုးတိုးတက်လာသော
အဆောက်အအုံများ ဖြစ်ပေမည်။
ဈေးဘေး၌ ကားထိုးရပ်လိုက်ပြီး
ဘာဆိုင်ရှိမည်နည်းဟု မေးကြမြန်းကြသည်။ ထမင်းချိန်ဖြစ်၍ ကျွန်တော်တို့အားလုံး
ဆာနေကြပြီ။ ထမင်းဆိုင် မရှိပေ။ စားစရာဆိုင် ဘာရှိသလဲဟု မေးရာ ကော်ဖီမစ်ရသည်။
တို့ဟူး သုပ်ရမည်။ သေင်္ဘာသီးသုပ် ရမည်ဆိုသည့် ဆိုင်ကလေးကို ဈေးထောင့်ကားလမ်းဘေး၌
တွေ့ရ၏။ ထိုဆိုင်နှင့် မလှမ်းမကမ်း ကိုက် ၁ဝဝ ခန့်အကွာတွင် အိမ်ဆိုင်လေး
တစ်ဆိုင်ရှိသေသည်။ ကော်ဖီမစ်၊ တီးမစ်၊ ရေစိမ် ခေါက်ဆွဲ၊ ဆန်စီးခေါက်ဆွဲ၊ အရည်ဖျော်
(အပြုတ်) အသုပ်ရသည့် အိမ်ဆိုင်လေး တစ်ဆိုင် ရှိသည်။
ကျွန်တော်တို့အဖွဲ့
ထိုဆိုင်နှစ်ဆိုင်တွင်ခွဲ၍ ထိုင်ကြကာ ရသည့် အစားအစာကိုသာ မှာစားလိုက်ကြသည်။ မီးစက်အတွက်
ဓာတ်ဆီဝယ်လို၍ စုံစမ်းရာ ခပ်လှမ်းလှမ်း၌ ဝယ်၍ ရသည်ဆို၍ ယာဉ်နောက်လိုက်
ကိုခင်ထွန်းကို သွားဝယ်ခိုင်းလိုက်သည်။
ကျွန်တော်တို့ကား ဈေးဆိုင်တွင်
ဝင်ရပ်လိုက်ချိန်၌ မထင်မှတ်သော မိတ်ဆွေများ တွေ့လိုက်ကြရ၏။ ကျွန်တော့်
မိတ်ဆွေကတစ်ဦး၊ ကိုမင်းဝေအောင်၏မိတ်ဆွေက တစ်ဦး ဖြစ်သည်။ ကျွန်တော့်မိတ်ဆွေမှာ ကိုအုံးမြင့်
ဖြစ်သည်။ ရန်ကုန်က ဖြစ်၏။ အရောင်းအဝယ်ကိစ္စဖြင့် နန်းယွန်းသို့ ရောက်နေသည်။
ကိုမင်းဝေအောင်၏ မိတ်ဆွေကား သူနှင့် ဇာတိတူ ဓနုဖြူမှ ကိုမြတ်ကျော် ဖြစ်သည်။
နန်းယွန်းတွင် အထွေထွေ ဦးစီးမှူးအဖြစ် တာဝန်ကျနေပြီး နန်းယွန်းရောက်သည်မှာ
ဘာမျှမကြာသေးပေ။ ကားရပ်လာ၍ လာစုံစမ်းကြရင်းမှ တွေ့ကြရခြင်း ဖြစ်သည်။
နန်းယွန်းတွင် အိပ်ပါက တည်းခိုရန်နေရာများ
ထိုပုဂ္ဂိုလ်များက စီစဉ်ပေးကြရန် ပြင်ဆင်နေကြသည်။ ကျွန်တော်နှင့် ကိုမင်းဝေအောင်က
စဉ်းစားဆဲ။ နန်းယွန်းရောက်ချိန်မှာ အတော် စောသေးသည်။ နေ့ခင်း ဆယ့်နှစ်နာရီ ကျော်သာရှိသေး၏။
အကယ်၍ ပန်ဆောင်ကို ဆက်သွားမည်ဆိုပါက မိုင်အားဖြင့် ဘာမျှမဝေးတော့၊ ရှင်ဘွေယန်နှင့်
နန်းယွန်းလောက်သာ ရှိတော့သည်။ ရှင်ဘွေယန်နှင့် နန်းယွန်းကား ၃၃ မိုင်သာရှိသည်။
နန်းယွန်းနှင့် ပန်ဆောင်သည်လည်း ၃၄ မိုင်သာ ဖြစ်၏။
ခရီးဆက်ရန်သာ စိတ်ကူးရှိသည်။
ကားဆရာများနှင့် မဆွေးနွေးရသေးပေ။ တနိုင်းတွင် ကားငှားခဲ့စဉ်က တနိုင်း၊ ရှင်ဘွေယန်နှင့်
နန်းယွန်း အသွားအပြန်ကို သုံးသိန်းခွဲ ဈေးပြောကာ ငှားခဲ့ကြခြင်း ဖြစ်၏။
ပန်ဆောင်အထိ မပါပေ။ နန်းယွန်းရောက်မှ ဆွေးနွေးမည်ဟု ကျွန်တော်နှင့် ကိုမင်းဝေအောင်တို့
တိုင်ပင်ခဲ့ကြ၏။ ယခု နန်းယွန်း ရောက်ပေပြီ။ ပန်ဆောင်ကို ဆက်တက်ချင်သည်။ ကားဆရာ
ကိုပေါက်ကို ခေါ်၍ ပန်ဆောင် ဆက်တက်ချင်ကြောင်း ပြောသည်။ ပြီးတော့ ကားဆရာ
မငြင်းလောက်သည့် ဈေးနောက်ထပ် တစ်သိန်းခွဲ ပေးမည်ဟု ဆွေးနွေးခဲ့ပါသည်။ လမ်းတွင်
နှစ်ညအိပ်အတူ ခရီးသွားပြီးကြပြီး ခင်မင်မှု ပိုလာခဲ့ပြီဖြစ်သော ကားအဖွဲ့နှင့်
ကျွန်တော်တို့အဖွဲ့ အလွယ်တကူပင် ညှိုနှိုင်းပြီးသွားသည်။ ငါးမိနစ်ပင် မကြာလိုက်။
ဆုံးဖြတ်ချက်ချသည်။ နန်းယွန်းတွင် မအိပ်တော့ ပန်ဆောင်ကို သွားကြမည်။
စားသောက်ပြီးသောအခါ ပန်ဆောင်သို့
ခရီးဆက်ရန် ပြင်ဆင်ကြသည်။
ကိုမင်းဝေအောင်၏မိတ်ဆွေ နန်းယွန်းတွင်
အိပ်ကြရန် ပြောသေးသည်။ အပြန်မှဘဲ အိပ်တော့မည်ဟု အလွယ်ပြောကာ ဆက်ထွက်ရန် ပြင်ကြ၏။
နန်းယွန်းမှ ပန်ဆောင်သို့လမ်းကား
ကျွန်တော်တို့ မြို့အဝင်တွင် တွေ့ခဲ့ရသော ဘုန်းတော်ကြီးကျောင်း တစ်ဖက်မှ သွားရမည်
ဖြစ်သည်။ နန်းယွန်းမြို့ကွက်မှာ အတော်ပင် ကျယ်သည်။ လူနေအိမ်ခြေမှာမူ ပူးပူးကပ်ကပ်
မရှိ။ တစ်အိမ်နှင့်တစ်အိမ် အတော်အလှမ်းဝေး၏။ စောစောက ရေးပြခဲ့သော စုပေါင်းရုံး၊
ကျောင်းနှင့် ခန်းမနေရာသာ မြေပြန့်ဖြစ်သည်။ ပတ်ပတ်လည်၌ တောင်ကုန်းများဖြစ်ပြီး
လူနေအိမ်များကား နာဂဒေသပီသစွာ တောင်ကုန်းထိပ်၊ တောင်စောင်းထိပ်များတွင်
ဝင်းခြံများဖြင့် တစ်အိမ်နှင့်တစ်အိမ် ကွာကွာလှမ်းလှမ်း တည်ဆောက်နေထိုင်ကြသည်။
ဝန်ထမ်း အရေအတွက်လည်း များသည်။ တပ်မတော် တပ်ရင်းရုံးဖြစ်၍ တပ်မတော် အမှုထမ်းများလည်း
များပြားသည်။
အစားအသောက်မှာ သာမန်ဈေး ဖြစ်သော်လည်း
အခြားလူသုံးကုန် ပစ္စည်းများ ဈေးမြင့်မားသည်။ ဆန်ဈေးမှာ ရှင်ဘွေယန်နှင့်
သိပ်မကွာလှ။ တစ်ပေါင်ကို ၈ဝဝ ခန့်ရှိသည်။ ထိုဒေသ၌ တစ်ပေါင်ဟူသော အသုံးဖြင့် ဆန်ကို
ချိန်ကြသည်။ တစ်ပေါင်ကို နို့ဆီဘူး ၁ဝ ဘူးရှိသည်ဟု ဆိုပေသည်။ ချောင်းနှင့်လည်း
နီး၍ ငါးကောင်းကောင်းရသည်။ ရေချိုငါးများဖြစ်ပြီး လတ်ဆတ်၍ အရသာကောင်းသော
ငါးများဖြစ်ပေသည်။ အသားလည်း မရှားလှပေ။ တောကောင်သားများလည်း ရှိသည် ဖြစ်၏။
ကျွန်တော်တို့ နန်းယွန်းသို့
ရောက်ချိန်မှာ နေ့လယ် မွန်းလွဲဖြစ်၍ နန်းယွန်းမှ ပွဲတစ်ပွဲဖြင့် ကပ်လွဲသွားခဲ့သည်။
နာဂနှစ်သစ်ကူး အခမ်းအနား ဖြစ်ပေသည်။ မနက်ပိုင်းက ရိုးရာကွင်းတွင် နှစ်သစ်ကူးကပွဲ
ပြုလုပ်ကြကြောင်း သိရ၏။ ထိုပွဲမှ ပြန်လာကြသော နာဂလှပျိုဖြူတချို့ကိုပင် ဈေးထိပ်၌
တွေ့လိုက်ကြရသေး၏။ မြို့ပေါ်မှ နာဂပရိသတ်ဖြင့်သာ ကျင်းပသည်ဖြစ်ရာ အစည်ကားကြီးတော့
မဟုတ်ကြောင်း ဒေသခံတို့က ပြောပြကြပါသည်။ ပွဲမှပြန်လာသော နာဂရိုးရာဝတ်စုံနှင့်
ကလေးမများကိုပင် ကျွန်တော်တို့ ဓာတ်ပုံရိုက် ဖြစ်လိုက်ကြသေးသည်။
လမ်းကြုံလိုက်လာကြသောသူများ နန်းယွန်း၌
ဆင်းရစ်ကြသည်။ လမ်းကြုံခရီးသည် နောက်တစ်ဦး ပါလာ၏။ နန်းယွန်းတွင် တိုဟူးသုပ်
စားသောဆိုင်မှ အမျိုးသားကြီးတစ်ဦး ဖြစ်သည်။ စားရင်းသောက်ရင်း စကားစမြည်ပြောရင်းက
ပန်ဆောင်သွားမည်။ ညအိပ် နှစ်ရက်လောက်နေပြီး ပြန်လာမည်ဆိုသောအခါ သူ့သမီး
ပန်ဆောင်တွင်ရှိကြောင်း ကားကြုံလိုက်ချင်ကြောင်း လမ်းလည်းပြမည်ဖြစ်ကြောင်း ပြောကာ
အကြုံလိုက်လာခဲ့သူ ဖြစ်သည်။ နန်းယွန်းဒေသခံတို့ ပြောပြချက်အရ နှစ်သစ်ကူးပွဲမှာ
မစည်ပါကြောင်း၊ ယခုနှစ်အတွင်း ကြွက်ကျ၍ သီးနှံများပျက်ကြောင်း ပြောပြကြ သည်။ ကြွက်မှာ
ကြွက်ဖလောင်းလေးများ ဖြစ်ပြီး အုပ်လိုက်ဖြတ်လာကြပြီး သီးနှံပင်များ
စားသွားကြကြောင်း ဆိုသည်။
□
နန်းယွန်းမှ
ပန်ဆောင်သို့ ခရီးဆက်ကြသည်။
နေ့လယ် တစ်နာရီခန့် ရှိပေပြီ။
ရှင်ဘွေယန်နှင့် နန်းယွန်းလမ်းနှင့် အနည်းငယ် ခြားနားသည့်လမ်းကို နန်းယွန်းနှင့်
ပန်ဆောင်ကြားတွင် တွေ့ရ၏။ လီဒိုလမ်းမှာ သည်ဘက်တွင် နည်းနည်းပိုကျယ်သည်။
တနိုင်းနှင့် ရှင်ဘွေယန်လမ်းလောက်တော့ မကျယ်ပေ။ ရှင်ဘွေယန် နန်းယွန်းလမ်းထက်
အနည်းငယ် ပိုကျယ်သည်။ လမ်းတွင် ရွာကြီးသုံးရွာကို ဖြတ်ကြရမည်ဖြစ်၏။
လမ်းဘေးဝဲယာတွင် တောတောင်ရှုခင်း
တစ်မျှော်တစ်ခေါ်ဖြင့် သာယာသည်။ စိုက်ကွင်း၊ စိုက်ကွက်များ ပိုတွေ့ရ၏။ စပါးစိုက်သည်ကိုလည်း
တွေ့ရသည်။ နန်းယွန်းမှအထွက် များမကြာမီတွင် နမ္မလစ်ရွာသို့ ရောက်ပေသည်။ နမ္မလစ်သည်
တောင်ပတ်လည် ဝိုင်းနေသော မြေပြန့်တစ်ခုတွင် ရွာတည်ထားခြင်း ဖြစ်သည်။ ရွာက
ရွာကြီးဖြစ်ပြီး မူလတန်းကျောင်း ရှိသည်။ နာဂရွာများ၏ ထုံးစံအတိုင်း အိမ်ကြီးများ
ဖြစ်သော်လည်း တစ်အိမ်နှင့်တစ်အိမ် လှမ်းသည်။ ကျေးလက် ကျန်းမာရေးဌာနခွဲ၏
ဆေးခန်းလေးလည်း ရှိသည်။ အိမ်ခြေ ၆ဝ ခန့် ရှိမည် ထင်ပါသည်။ နမ္မလစ်သည် လီဒိုလမ်း
မရှိမီကတည်းက တည်ရှိခဲ့သောရွာဖြစ်သည်ဟု သိရပေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက
မဟာမိတ်တပ်များ ရှင်ဘွေယန်သို့ မစိုးမိုးနိုင်မီ နမ္မလစ်ကို အခြေချခဲ့ကြသည်ဟု
ဆိုပေသည်။ နမ္မလစ်သို့ နန်းယွန်းမှ ၁၂ မိုင်ကျော်ဝေးပေသည်။
မှတ်တမ်းများအရ ဂျင်နရယ် စတီးဝဲလ်က
လီဒိုလမ်းမ ဖောက်ရာတွင် စစ်လမ်းကျသော ရွာများကို လမ်းမကြီး၏ဘေး ၁ဝ မိုင်ခန့်
ရွေ့ခိုင်းသည်ဟု အဆိုရှိပေသည်။ စစ်ကြီးပြီးသော် အချို့ ရွာများသည် မူလနေရာသို့
ပြန်ရွှေ့ကြသော်လည်း အချို့ရွာများကား ပြန်မရွှေ့တော့ဟု ဆိုသည်။ နမ္မလစ်မှာမူ မူလ
နေရာသို့ ပြန်ရွှေ့ခဲ့ကြသည် ဖြစ်၏။ သို့ရာတွင် စစ်ပြီးခေတ်၌များစွာ မစည်ကားကြောင်း
မှတ်တမ်းများက ဆိုသည်။ တကယ်တော့ နမ္မလစ်သာ မဟုတ် ဟူးကောင်းလွင်ပြင်ဒေသ၌ ရွာများက
အိမ်ခြေနည်းကြသည်။ နန်းယွန်း နှင့် ပန်ဆောင်ကြားရွာများက ပို၍ နည်းကြ၏။
ထိုဒေသမှ ရပ်ရွာများ အခြေအနေကို ၁၉၅၅
ခုနှစ်ဝန်းကျင်က စာရေးဆရာ မောင်မဲက သူ၏ ခရီးသွား ဆောင်းပါးများတွင် အောက်ပါအတိုင်း
မှတ်တမ်းတင်ခဲ့သည်ကို မှတ်သားရ၏။
'ဘမောင်တို့ လူသိုက်
စခန်းချနေသော မြစ်ကြီးနားမှ မိုင် ၂ဝ၅ မိုင်ကွာ 'နမ့်ဒစ်' ရွာမှ အိမ်ခြေ ၉ အိမ်မျှရှိ၍ ဈေးဆိုင်တစ်ဆိုင်လည်းရှိရာ ထိုဒေသအဖို့
ရွာကြီးဟုပင် ခေါ်နိုင်ပေ၏။ (ထိုအထဲက နမ့်ဒစ်မှ နမ္မလစ်ပင်ဖြစ်သည်။ အခေါ်အဝေါ်
အတိမ်းအစောင်း ရှိသော်လည်း အညွှန်းအရ အတူတူပင် ဖြစ်၏။ စာရေးသူ)
(မောင်မဲ ခရီးသွားဆောင်းပါး များ၊
စာ-၂၁)
'မြစ်ကြီးနားမှ ၁၉၂
မိုင် နမ့်မြွန်းရွာသို့ မိုးများသည်းထန်စွာ ရွာနေသော နေ့တစ်နေ့၌ ညနေခင်းတွင်
ရောက်ရှိခဲ့ပေ၏။ ဤနမ့်မြွန်းရွာကား တဂတ်တောင်အုပ်မင်း ရုံးစိုက်သောရွာ ဖြစ်ပေသည်။
တောင်များကပ်ကာ ပတ်လည်ဝိုင်းလျက် ရှိပြီး ရွာ၏ အနောက်ဘက်မှ ရွာကိုပတ်ကာ
အရှေ့ဘက်သို့ စီးဆင်းနေသော နမ့်မြွန်းချောင်းဘေးတွင် တည်ရှိထား၍ အိမ်ခြေ ၁၂
အိမ်မျှ ရှိပေ၏။ ထိုအိမ်များကို စစ်ဆေးကြည့်လျှင် တောင်အုပ် အိမ်၁၊ တောင်ချုပ်
အိမ် ၁၊ ရွာဆော်အိမ် ၁၊ ရဲသားများအိမ် ၈ မျှရှိရာ အအုပ်ချုပ်ခံရသူ ရွာသား၏ အိမ်မှာ
တစ်အိမ်သာ ရှိပါတော့သည်။' (နန်းယွန်းကို ထိုစဉ်က နမ့်မြွန်းဟု
ရေးသားခဲ့ကြသည်။)
(မောင်မဲ၊ ခရီးသွားဆောင်းပါး များ၊
စာ-၁၆ဝ-၁၆၁)
'တနိုင်းမှအလွန် 'ဆင်ဘိုရန်' ရွာ မိုင် ၁၆၂ အထိ တော်သင့်သေးသော်လည်း 'ဆင်ဘိုရန်' မှ တောင်တက် တောင်ဆင်းခရီး နယ်ခြားအထိမူ
ယခင့် ယခင် မိုးကာလအချိန်များက ပြိုကျ၍ လည်းကောင်း၊ ရေစား၍လည်းကောင်း
ပျက်စီးလျက်ရှိရာ ခက်ခက်ခဲခဲ သွားလာရပေမည်။ 'ဆင်ဘိုရန်'
ရွာမှာ အိမ်ခြေ ၂ဝ မျှ ရှိ၍ ရန်ကုန် ကြက်တန်းကဲ့သို့ ကားပစ္စည်း
အမျိုးမျိုး ရနိုင်သော ရွာဖြစ်သည်' (ဆင်ဘိုရန်မှာ ယခုအခါ
ရှင်ဘွေယန်ဟုသာ လူသိများသော အမည်ဖြစ်ပါသည်။)
(မောင်မဲ၊ ခရီးသွားဆောင်းပါး များ၊
စာ-၂၃၁)
ယခုတော့ ထိုရွာများသည်
မြို့ဆင့်ရောက်သည့် ရွာကရောက်၊ ရွာကြီးအဖြစ် ရောက်သည့်ရွာက ရောက်ကြပေပြီ။
နှစ်ပေါင်းကလည်း ငါးဆယ် ကြာမြင့်ခဲ့ပြီပဲ။ နမ္မလစ်မှာ ဒုတိယကမ္ဘာစစ်အတွင်းက
လီဒိုလမ်း ဖောက်လုပ်ရေး၌ ထင်ရှားခဲ့သော ရွာဖြစ်ပေသည်။ နမ္မလစ်လွန်သော် တောတောင်က
ပြန်လည်ထူထပ်လာပြန်သည်။
နောက်ထပ် ၉ မိုင်ခန့် သွားသောအခါ
မူလတန်းကျောင်း၊ တပ်မတော် စခန်း၊ ကျေးရွာဆေးခန်း၊ လက်ဖက်ရည်ဆိုင် စသည်တို့ဖြင့်
အတော်စည်ကားသော ရွာကြီးတစ်ရွာကို တွေ့လိုက်ကြရသည်။ တောင်ကျစမ်းပေါက်လေးကလည်း ရှိ၊
ရွာနှင့်ယှဉ်လျက် ရွာ၏အရှေ့ဘက်ခြမ်းတွင် တရွန်နဲ့ချောင်းကလည်း စီးဆင်းနေသည်။
ပန်ဆောင်သို့ အရောက်သွားလိုဇောဖြင့်
ကားကို ဆက်မောင်းမည်ဟူသော စိတ်ကူးဖြင့် ထွက်ခဲ့ရာ ရွာအထွက်တွင် တပ်မတော်သားတစ်ဦးက
ကားကိုတားသည်။ 'ဘယ်သွားမှာလဲ'ဟုလည်း မေးရာ ပန်ဆောင်သို့
သွားမည်ဖြစ်ကြောင်း ဖြေရာ ခွင့်ပြုချက်လိုကြောင်း ပြောပါသည်။ ဘယ်သူ့ခွင့်ပြုချက်
ယူရမည်လဲဟု ပြန်မေးရာ ရဲဘော်က တပ်စခန်းရှိကြောင်း၊ တပ်ရင်းမှူး စခန်းထိုင်ကြောင်း
ပြောပြပါသည်။ ဘယ်တပ်လဲဟု မေးရာ ခလရ ၁၂၆ ဟု ဆိုပါသည်။ တကယ်တော့ ရှင်ဘွေယန်ဘက်တွင်
တွေ့ခဲ့သော တပ်၏နယ်မြေက လွန်ခဲ့ပြီပဲ။ ယခုနေရာကား စစ်ကိုင်းတိုင်း
ဧရိယာအတွင်းဖြစ်ရာ နောက်ထပ် နယ်မြေခံတပ်ပြောင်းသွားသည်ကို ကျွန်တော် သတိမမူမိ။
ကားပေါ်မှ ဆင်းပြီး ရဲဘော်အား တပ်ရင်းမှူးထံ ပို့ပေးပါရန်ပြောရာ
လိုက်ပို့ရှာပါသည်။
'လောက်လိုင်' ရွာ ဖြစ်ပေသည်။
လောက်လိုင်ရွာ၏ အနောက်ဘက်ခြမ်း
တောင်ကုန်းပေါ်တွင် တပ်ရင်းမှူး ယာယီရုံးထိုင်သော စခန်းရှိပေသည်။ ရုံးသို့သွားရန်
ရဲဘော်အား မေးမြန်းကြည့်ရာ တပ်ရင်းရုံးမှာ နန်းယွန်း၌ဖြစ်ပြီး ယခုလောက်လိုင်မှာ
ရှေ့တန်းရုံးဟု ဆိုပါသည်။ နယ်မြေအခြေအနေမေးရာ အေးချမ်းလှကြောင်း လမ်းပြင်တံတားပြင်
အလုပ်သာရှိကြောင်း နယ်မြေဖွံ့ဖြိုးရေးအလုပ်များသာ လုပ်နေရကြောင်း ပြောပြပါသည်။
တပ်ရင်းမှူး ရုံးထိုင်သည့်နေရာမှာ တဲတောင့်တောင့်လေးတစ်လုံးသာ
ဖြစ်ပါသည်။ ဝါးစားပွဲနှင့် ဝါးတန်းထိုင်ခုံတွင် စာရွက်စာတန်းအချို့
ရှေ့ချထိုင်နေသော ဒုတိယဗိုလ်မှူးကြီးအဆင့် စစ်ဝတ်စုံဖြင့် တပ်ရင်းမှူးကြီးကို
တွေ့လိုက်ရသည်။
ကျွန်တော်တို့အဖွဲ့မှာ ဓာတ်ပုံနှင့်
ပန်းချီအဖွဲ့ဖြစ်ကြောင်း ပန်ဆောင်သို့ သွားလိုကြောင်း ပြောပြရာ အဆင်ပြေပါသည်။
ရန်ကုန်မှ တကူးတက လာကြသူများဖြစ်၍ အကူအညီ ဘာလိုသေးလဲဟု မေးပါသည်။
အစစအဆင်ပြေကြောင်း လောက်လိုင်တွင် စခန်းရှိမှန်းမသိ၍ စောစောက ကားမရပ်ဘဲ
ဆက်မောင်းသွားမည်ပြုခဲ့ကြောင်း၊ တာဝန်ကျရဲဘော်က တား၍ ပြောမှ တပ်ရှိကြောင်း
သိရသဖြင့် တက်ရောက် သတင်းပို့ခြင်းဖြစ်ကြောင်း ပြောပြပါသည်။ ကျွန်တော်တို့အဖွဲ့၌
ပါလာသူများ အမည် စာရင်းလည်း ပေးလိုက်ပါသည်။ လောက်လိုင်တွင် ညအိပ်၍ရကြောင်းလည်း
ပြောပါသည်။ ကျွန်တော်တို့အဖွဲ့ကလည်း ပန်ဆောင်က အပြန်တွင် ဝင်ခဲ့ကြပါဦးမည်ဟု
ပြောပြီး ဆက်ထွက်ခွင့်တောင်းကာ ခရီးဆက်ကြပါသည်။ ကားမထွက်မီ တပ်ရင်းမှူးကြီးအမည်မှာ
ဒုတိယဗိုလ်မှူးကြီး ကောင်းကျော်ဟု သိရပါသည်။ ပန်ဆောင်တွင် စစ်ကြောင်းမှူး
ဗိုလ်ကြီးသန်းမြင့်ရှိကြောင်း လိုအပ်ပါက အကူအညီ တောင်းနိုင်ကြောင်း မှာကြားပါသည်။
လမ်းတစ်လျှောက် ဓာတ်ပုံရိုက် ရပ်ခဲ့ကြသည်က များနေ၍ ပန်ဆောင်သို့ မမှောင်ခင်
အရောက်မောင်းကြရန် လောဆော်၍ ထွက်ခဲ့ပါသည်။
တကယ်တော့ လောက်လိုင်မှာ လှပသော
နာဂရွာလေးဖြစ်ရာ အပြန်တွင် အချိန်ယူ၍ ဓာတ်ပုံရိုက်ကြရန် တစ်ဖွဲ့သားအားလုံး
တိုင်ပင်မိခဲ့ကြပါသည်။
လောက်လိုင်မှ ပန်ဆောင်သို့ ၁၁ မိုင်
မောင်းရမည်ဖြစ်ရာ အသော့နှင်ရပါသည်။ လောက်လိုင်မှ ထွက်ချိန်မှာ ညနေ ၄
နာရီခွဲနေပါပြီ။ တောင်ပေါ်ခရီး ညနေ ၄ နာရီခွဲကား အမှောင်ရိပ်သန်းရန် ဘာမျှ
မလိုတော့ပါ။
လောက်လိုင်မှ ပန်ဆောင်လမ်းမှာ
ရွာစဉ်ပြတ်ပါသည်။ ပန်ဆောင်ဝင်ခါနီးတွင်မှ ညောင်ယန်ရွာကို တွေ့ကြရသည်။
ညောင်ယန်နှင့် ပန်ဆောင်မှာ ဆက်နေသောရွာနှင့် မြို့ဟုလည်း ဆိုနိုင်သည်။
ညောင်ယန်နှင့် ပန်ဆောင်ကြားမှာ စိုက်ခင်းများနှင့် ဆက်နေသည်။
ပန်ဆောင်သို့ မှောင်ရီသန်း၍ ရာသီဥတု
အေးစပြုလာချိန်တွင် ရောက်ရှိသွားကြ သည်။ ပန်ဆောင်မှာ မြို့ကွက်ကျယ်သလောက်
အဆောက်အအုံမှာလည်း တစ်အိမ်နှင့် တစ်အိမ် ကွာလှမ်းသည်။ အိမ်များမှာ
ခြံဝင်းများနှင့် ကျဲကျဲဖြစ်၏။ မြို့လယ်ဟု ဆိုရမည့် ဈေးဆိုင်ခြောက်ဆိုင်ခန့်
တန်းလျက်ရှိသော ပြန်ဆက်ရုံး၊ အထွေထွေအုပ်ချုပ် ရေးဦးစီးရုံးဝန်းကျင် တစ်နေရာသာ
အိမ်စိပ်စိပ်တွေ့ရသည်။ ရဟတ်ယာဉ်ကွင်းကိုလည်း ထိုအနီးအနားမှာပင် တွေ့ရသည်။
ထိုရဟတ်ယာဉ်ကွင်း ကုန်းပေါ်သို့ တက်ကြည့်ပါက ပတ်ဝန်းကျင်တစ်ခုလုံးကို စီးမိုး၍
မြင်ရသည်။ မြို့၏ အနောက်ဘက် ချိုင့်ဝှမ်းအတွင်း၌ ညောင်ယန်အင်းကြီးကို တွေ့ရသည်။
ကန်အကြီးစား အင်းကြီးဟုဆိုသော် မှန်ပေမည်။ ရေများချိန်၌ အင်းကြီး၏အလျားမှာ
သုံးမိုင်ကျော်ကျော် ရှိသည် ဆိုသည်။ အနံကလည်း တစ်မိုင်ကျော်ရှိကြောင်း သိရ၏။
အင်းမှာ နုံးများ များလှကြောင်းနှင့် ရေမှာ မနက်လှကြောင်း သိရသည်။
ပန်ဆောင်မြို့တွင်း ကားဝင်လာပြီးနောက်
အထွေထွေအုပ်ချုပ်ရေး မြို့နယ်ဦးစီးမှူးနှင့် ခလရ ၁၂၆ မှ စစ်ကြောင်းမှူး
ဗိုလ်ကြီးသန်းမြင့်တို့ကို ပြန်ဆက်ရုံး ရှေ့နား၌ ဆုံကြ၏။ သူတို့ကပင် တည်းခိုရေး
စီစဉ်ပေးကြသည်။ နေရေးကား အဆင်ပြေလှပါသည်။ ဧည့်သည်များအတွက် တည်းခိုရန်
အဆောက်အအုံကြီးတစ်ခု ပန်ဆောင်မြို့ မြောက်ဘက်အထွက်အနီးတွင် ရှိသည်။ ထိုနေရာ၌ ရေလည်းပေါသည်။
တောင်ကျရေကို သွယ်ဖောက်ထားသော ရေပိုက်လိုင်းတစ်ခုလည်း ထိုအနီး၌ ရှိသည်။
ပေတစ်ရာလောက် ရှိမည့် သပ်သပ်ရပ်ရပ် ဆေးသုတ်ထားသော အဆောက်အအုံ ရှည်ရှည်ကြီးကို
လီဒိုလမ်းဘေး အနောက်ဘက်ခြမ်းတွင် လမ်းနှင့်ကပ်လျက် ခန့်ခန့်ညားညား တွေ့ရသည်။
အဆောက်အအုံရှေ့၌ ကားရပ်ရန် နေရာကျယ်ကျယ်လည်း ရှိသည်။ အဆောက်အအုံ အနောက်၌
ရေလောင်းအိမ်သာ သန့်သန့်လည်း ရှိသည်။ တစ်ထပ်အဆောက်အအုံဖြစ်သော်လည်း အတော်မြင့်သည့်
အဆောက်အအုံ ဖြစ်၏။ အစည်းအဝေးခန်းမလို တစ်ခန်း၊ ဧည့်ခန်းပုံစံ တစ်ခန်းနှင့်
အိမ်ခန်းကျယ်တစ်ခန်း၊ အိပ်ခန်း သေးသေး နှစ်ခန်းမှာ အဆောက်အဦး၏ သုံးပုံတစ်ပုံခန့်
ဧရိယာအတွင်းမှာ ရှိသည်။ အိပ်ခန်း ကျယ်ကား ကျွန်တော်တို့ ငါးဦးအတွက်
ကျယ်ပင်ကျယ်နေသေးသည်။ ထိုအခန်း၌ တကယ်အိပ်ပါက ရှစ်ယောက်ခန့် ချောင်ချောင်အိပ်၍
ရသည်။ အုတ်ဖြင့် ဆောက်ထားသော အဆောက်အအုံဖြစ်ပြီး ဧည့်စားပွဲ ကုလားထိုင်၊
ထမင်းစားပွဲ (လူဆယ်ဦး၊ ဆယ့်နှစ်ဦးချောင်ချောင် စား၍ရသည်) အိပ်ရန် ခုတင်များ အပြည့်အစုံဖြင့်ရှိရာ
တည်းခိုရေး အဆင်ပြေလှသည်။
ပန်ဆောင်တွင် တည်းခိုရန် အဆောက်အအုံ
အဆင်ပြေသော်လည်း စားရေးကား ဆိုင်မရှိ။ ချက်ခိုင်းချင်လျှင်တော့ ရသည်။
နေဝင်မိုးချုပ်မှ ရောက်လာကြသော ကျွန်တော်တို့သည် အိမ်ရှင်တို့အား ဒုက္ခမပေးတော့ပါ။
အဆောက်အအုံရှေ့ ကွပ်လပ်မှာပင် မီးဖို၍ ကျွန်တော်တို့အတွက် ညစာကို ကိုယ့်ဘာသာကိုယ်
ချက်လိုက်ကြပါသည်။
ရာသီဥတုမှာ အေးလှရာ ထမင်းချက်ရင်း
မီးလှုံရသည်ကပင် အရသာတစ်မျိုး ဖြစ်တော့သည်။ ကျွန်တော်တို့ တည်းခိုရသည့်
အဆောက်အအုံအား အပြင်၌ ထမင်းချက်ရင်း ကြည့်တော့မှ တော်တော်ကြီးကြောင်း
ပိုသိသာလာပါသည်။ ကျွန်တော် ထမင်းချက်နေသော နေရာသို့ အနီးအနားမှ ရဲဘော်များ၊
ဒေသခံများ လာရောက်နှုတ်ဆက်ကြ စကားပြောကြပါသည်။ ကျွန်တော်တို့ အဆောင်၏
မျက်နှာချင်းဆိုင် လမ်းတစ်ဖက် ကုန်းပေါ်တွင် ရဲဘော်များ စခန်းချကြကြောင်း သိရသည်။
တကယ်တော့ ထိုအနီးတစ်ဝိုက်တွင် ကျွန်တော်တို့
တည်းခိုသည့်အဆောက်အအုံမျိုး ၉ လုံးရှိကြောင်း သူတို့နှင့် မီးလှုံရင်း
စကားဝိုင်းဖွဲ့ရင်းမှ သိကြရသည်။ ဤမျှသော အဆောက်အအုံကြီးကြီး (၉) လုံးကို ဘယ်တုန်းက
ဆောက်ခဲ့သလဲဟုမေးရာ ကြာလှပြီဖြစ်ကြောင်း၊ လီဒိုမှတစ်ဆင့် ပန်ဆောင်သို့
လာရောက်ခဲ့ပြီး နယ်မြေဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း
သိရပါသည်။ ကျွန်တော့်အထင် နှစ်ပေါင်း (၄ဝ) ခန့် ရှိခဲ့ပေလိမ့်မည်။
ထိုအဆောက်အအုံ (၉) လုံးမှာ မူလပုံစံ
မပျက်ရန် ပြန်လည်ပြင်ဆင်ထားရကြောင်းလည်း သိရပါသည်။ ငြိမ်းချမ်းရေး မတိုင်မီ
ပြည်တွင်းဆူပူမှု ကာလအတွင်း ထိုအဆောက်အအုံများမှာ လက်နက်ကြီးများ ထိခဲ့၍ အတော်ပျက်စီးခဲ့ရကြောင်း
သိရသည်။ ငြိမ်းချမ်းရေး ရပြီးမှ အကုန်လုံးကို ပြန်လည် ပြုပြင်နိုင်ခဲ့ကြောင်းလည်း
သိရသည်။
'အဆောက်အအုံကို လက်နက်ကြီး
ထိတယ်ဆိုတာ မနက်ကျရင် ဆရာတို့ အဆောင်နဲ့ မျက်နှာချင်းဆိုင်က အဆောက်အအုံကို
ကြည့်ရင် သဘောပေါက်မှာပါ။ ပြန်ပြင်ပြီးပါပြီ။ အလယ်တည့်တည့် ထိထားတော့ ဘေးနှစ်ဖက်ရဲ့အလယ်
ပြန်ပြင်ထားတာ သိသိသာသာကြီး ကွာနေတာ တွေ့ရပါလိမ့်မယ်'ဟု
မီးလှုံနေသော ရဲဘော်တစ်ဦးက လမ်းတစ်ဖက်သို့ ညွှန်ပြရင်း ပြောပါသည်။ သူပြသောဘက်မှာ
မှောင်မည်းနေ၍ ယခုညချင်းတော့ ဘာမျှ မမြင်ရပါ။
ထိုနေ့ညက မီးဖိုဘေး စကားဝိုင်းတွင်
ပန်ဆောင်နယ်မြေအကြောင်းစုံ ကြားရသည်။ အိန္ဒိယ-မြန်မာ နယ်စပ် နှင့် ၆ ဖာလုံလောက်သာ
ဝေးသောနေရာတွင် ကျွန်တော်တို့ တည်းခိုအိပ်နေကြရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မနက်ကျမှ နယ်စပ်သို့ လမ်းလျှောက်ကြမည်ဟု ကျွန်တော်တို့ တိုင်ပင်မိကြ၏။
တစ်ဖက်အိန္ဒိယနယ်သို့ တစ်ပတ်တစ်ရက်
ဈေးဝယ်သွားလည်၍ ရကြောင်းည်း ပြောပြကြသည်။ နယ်စပ်ဖြတ်ကျော်ခွင့် Border
Pass လုပ်ပြီး 'နန်ပေါင်'
သို့သွား၍ရကြောင်းလည်း ပြောပြကြသည်။
'ဆရာတို့လို ရန်ကုန်ကလာတဲ့
ဓာတ်ပုံ၊ ပန်းချီဧည့်သည်တွေဆိုရင် ဘယ်ရက်ဖြစ်ဖြစ် ခွင့်တောင်းပြီး သွားလို့ရပါတယ်။
သွားကြပါလား'ဟု အကြံပေး တိုက်တွန်းသူကလည်း
တိုက်တွန်းကြပါသည်။ ကျွန်တော်တို့ စိတ်မဝင်စားပါ။ တကယ်တော့ နန်ပေါင်သည်
အိန္ဒိယနိုင်ငံအတွင်းမှ ရွာဖြစ်သည်။ ထိုရွာတွင် ဈေးရှိသည်။ ဈေးနေ့လည်း ရှိသည်။
ထိုဈေးနေ့သို့ ပန်ဆောင်မှ ဈေးဝယ်သွားကြလေ့ရှိသည်ဟု ဆိုပါသည်။ ပန်ဆောင်မှသာ
သွားသည်မဟုတ် လီဒို-နန်ပေါင်မှ အိန္ဒိယနယ်သားများကလည်း ပန်ဆောင်သို့ လာကြသည်။
မကြီးလှသော ဈေးတန်းလေးတွင် ဈေးဝယ်ကြသည်။
နန်ပေါင်သည် နယ်စပ်နှင့် ဘာမျှမဝေး
(၉) မိုင်ခန့်တွင်ရှိသည်ဟု ဆိုပါသည်။ လီဒိုကမူ အတော်ဝေးကြောင်း၊ ကားဖြင့် ညအိပ်သွားမှ
ရောက်နိုင်ကြောင်း ပြောပြပါသည်။
ညောင်ယန်အင်းကြီးအကြောင်းလည်း
ထိုစကားဝိုင်း၌ ပါလာသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း အင်းထဲသို့ ကွင်းပြင်နှင့်မှားပြီး
ဆင်းမိသည့် လေယာဉ်အကြောင်းလည်း ပါသည်။ နယ်စပ်မှတ်တိုင်သို့ သွားကြလျှင် လမ်း၌
သစ်လုပ်ငန်း လုပ်နေသည့် စခန်းလေးတစ်ခု တွေ့မည့်အကြောင်း၊ ထိုစခန်းမှ ဆင်မှာ
အင်္ဂလိပ်စကားဖြင့် အမိန့်ပေးရကြောင်းလည်း ပါသည်။ နယ်စပ်မှတ်တိုင်နားတွင်
မျှော်စင်ဟောင်း တစ်ခုရှိကြောင်း၊ တစ်ချိန်ကမူ တက်ကြည့်၍ ရကြောင်း၊ ထိုမျှော်စင်မှ
တက်ကြည့်လျှင် အိန္ဒိယနိုင်ငံမှ ဂင်္ဂါမြစ်ကိုပင် မြင်ရကြောင်း၊ သာယာကြောင်း၊
အခုတော့ မျှော်စင်မှာ တက်၍မလွယ်တော့ကြောင်း၊ ဟောင်းနေပြီဖြစ်ကြောင်း ပြောပြကြပါသည်။
တော်တော် ညနက်သည်အထိ
စကားဝိုင်းဖွဲ့နေကြပြီး အတော်အေးလာသောအခါ အိပ်ရာဝင်ကြသည်။
လီဒိုလမ်း၏ မြန်မာနိုင်ငံအပိုင်း
လမ်းဆုံးသို့မူ ခြောက်ဖာလုံခန့်သာလိုတော့ကြောင်း စဉ်းစားရင်း အိပ်ရာဝင်မိသည်။
မှောင်ရီဖျိုးဖျတွင်မှ ရောက်ခဲ့သဖြင့် ပန်ဆောင် မြင်ကွင်းကို ထင်ထင်ရှားရှား
မမြင်ရသေး၊ မနက်လင်းလင်းချင်းချင်းတွင်မှ ကြည့်ရတော့မည်ဟု စဉ်းစားရင်းက
နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။
▀
ဆက်လက်ဖော်ပြပါမည်။
စိန်မျိုးမြင့်
(အမှတ် ၁၉၃၊
ဒီဇင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။